Wednesday, February 20, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၃)

တကယ် ကတော့ ပြဿနာတစ်ခုခု ရင်ဆိုင်တဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေဘဲ ဖြစ်လာသမျှ ကို ခေါင်းအေးအေး နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အကောင်း အဆိုးတွေ ဟာ ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ သူ့သဘောသူ ဆောင်ပြီး ဖြစ်နေခြင်းပေပဲ။ ဖြစ်တာက ကိုယ့်နဲ့ မဆိုင်ဘဲ ဘယ်လို အကောင်းဆုံး ပုံစံနဲ့ ကြိုးစားရင်ဆိုင်ရမလဲ ဆိုတာက ကိုယ့်တာဝန် လို့ ယောနိသောရင်း ကျွန်မ လည်းလျှောက် ရ မဲ့ ခရီးအတွက် အားမာန် တင်းပြီး ပြင်ဆင်ရ ပါဦးမယ်လေ။ ကို ဆက်ဖတ်ရန် ........

အပိုင်း(၄၅)

ငယ်ရွယ်စဉ် ကာလကတည်းက ကျွန်မ အလွန်နှစ်သက်တဲ့ စာရေးဆရာမကြီး (ပါးလ်အက်စ်ဘတ်) အသက် ၈၀ ပြည့် တဲ့ မွေးနေ့မှာ အင်တာဗျူးလုပ်သူက "အခုချိန် အသက် ၁၈ နှစ်အရွယ် နုငယ်ပျိုမျစ်တဲ့ မိန်းကလေး အဖြစ် ပြန်မရောက်ချင်ဘူးလား" လို့ မေးပါတယ်။
ဆရာမကြီး က "၁၈ နှစ် မိန်းကလေးအနေနဲ့ နုနယ်ပျိုမျစ် ချစ်ချင်စရာ အရွယ်ကလေး မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မ အဖို့ နေစဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ ဘ၀သင်ခန်းစာတွေကြောင့် တစ်နေ့ထက် တစ်နေ့ ရင်ကျက်မှု ရလာပြီး နှလုံးသား မှာ အသိတရားတွေ နှစ်ပေါင်း ၈၀ စာ အများကြီး စုဆောင်ထားပြီးဖြစ်လို့ အတွေ့အကြုံ နည်းပါးသေး တဲ့ အသက်၁၈ နှစ်အရွယ်နဲ့ မလဲလိုပါဘူး " ဖြေကြားတာကို သတိရမိပါတယ်။

ဟုတ်ပါရဲ့။ ဘ၀သင်ခန်းစာတွေကလည်း ပြီးကို မပြီးနိုင်အောင် များပြားလှပါလားနော်။ အခု  အသက်အရွယ် အထိ နေ့စဉ် သင်အံကျက်မှတ်နေရပေမဲ့ ကျောင်းက ပြီးတယ်လည်း မရှိ။ ဘွဲ့လည်း မရ။ လူသားမှန်သမျှ ဘ၀ ဆိုတဲ့ ကျောင်းကို မသေမချင်း တက်ကြပေရော့လို့ မိခင်ဝမ်းက ကျွတ်ကတည်းက လူ့အဖြစ်နဲ့ အတူ ကျောင်းဝင်ခွင့် လက်မှတ်ပါ တစ်ခါတည်း ပိုက်ပြီး ရောက်လာကြသလား မသိပါဘူး။ သင်ကြားရတဲ့ ဘာသာရပ် ကလည်း စုပေါ့။
"အိမ်ထောင်ရေး" ဆိုတဲ့ ဘာသာရပ်မှာ ကျွန်မ စာမေးပွဲတွေ အခါခါ ရှုံးပြီးရင်ရှုံး နေတာ တကယ် ညံ့ဖျင်းလွန်း လို့လဲ ဖြစ်မယ် ထင်ပါရဲ့။ အဖြေမှားက ဘာဖြစ်လို့ ဖြစ်ရလဲ ဆိုတာ သေသေချာချာ လေ့လာဖို့ လိုအပ်နေပါပြီ။ အမှား ကို အမှားမှန်း မမြင်တတ်သေးသမျှ သင်ခန်းစာလည်း ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အမှား ဆိုတာကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ကြည့်မိပါတယ်။
အမှားဆိုတာ နာကျင်မှုနဲ့ သိမ်ငယ်စိတ်ကို ယူဆောင်လာစမြဲ မဟုတ်လားနော်။

အမှားကြီးကြီး ဖြစ်ဖြစ်၊ အသေးလေးဖြစ်ဖြစ် သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပဲလေ။ အမှားပြုမိသူတိုင်း တန်ရာတန်ကြေး နာကျင်မှု ကတော့ ဖြစ်ရမှာပါ။ နှလုံးသားမှာ နာကျင်ရတဲ့ ဒဏ်ရာတွေနဲ့ မခြားပါဘူး။ အချိန်တန်ရင် အနာကျက် ရမှာပါပဲ။ ရင်ထဲက အနာတွေကျက်ပြီ ဆိုရင်တော့ စိတ်အားတွေ ရင့်ကျက်လာမယ်။ အရာရာကို သတိရှိ လာမယ်။ အမှား အမှန်ကိုလည်း အလေးအနက် ဆင်ခြင်တတ်လာမှာပါ။
ကိုယ် လုပ်သမျှ အမြဲတမ်း အမှန်ချည်း၊ အကောင်းချည်း မဖြစ်နိုင်ပေမဲ လက်ရှိ အခြေအနေတွေထဲက အကောင်းဆုံး ရ ရှိအောင် လုပ်ရုံပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း၊ ဆုံးမရင်း စီမံကိန်းတွေ ချရတယ်ပေါ့၊ ကျွန်မ လက်ထဲမှာ စာသင်ဆဲ ကျောင်းသားအရွယ် ကလေးက သုံးယောက် အပြင် မြန်မာပြည် က ရောက်လာတော့မဲ့ သားငယ် ကိုဇာနည်ပါ ပေါင်းလိုက်ရင် ကလေး လေးယောက်ရဲ့ တာဝန်က ရှိနေပါသေး တယ်။

အိမ်က လည်း ဝယ်ပြီးခါစဆိုတော့ လိုအပ်တဲ့ ခန်းဆီးတွေ၊ ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်း စသဲ့ အသုံးအဆောင်တွေ ပါ အရာရာ ပြည့်စုံအောင် ဖြည့်ဆည်းနေရတဲ့ ကာလ။
အမေရိကား မှာ လူနေမှုအဆင့်အတန်း မြင့်မားသလောက် စရိတ်စက ကလည်း ကြီးပါတယ်။ ဘဏ်တိုက်ကို လစဉ် သွင်းရတဲ့ ငွေ က အိမ်ဖိုးဆပ်ငွေတင်မကဘူး။ အိမ်အတွက် ထားရတဲ့ အာမခံကြေးနဲ့အတူ အတိုးငွေပါ တနင့်တပိုး ပေးရတာ အပြင် မီးဖိုး၊ ရေဖိုး၊ တယ်လီဖုန်းဖိုး၊ အမှိုက်သိမ်းကားကြေးက အစ စီးတဲ့ကားအထိ လစဉ်စရိတ် ကလည်း မသေးပါဘူး။ ကားဖိုးအရစ်ကျဆပ်ငွေနဲ့အတူ ကားအာမခံကြေးက မပေးမဖြစ် ပေးရ ပါတယ်။ လဆန်းတယ် ဆိုတာနဲ့ ရောက်လာတဲ့ ဘီလ်တွေက တန်းစီးနေတာမျိုးပါ။ စားတာဝတ်တာ က ခြိုးခြံလို့ရပေ မဲ့ ဘီလ်တွေက နောက်ကျလို့ ဖြစ်တာ မဟုတ်တာကြောင့် ကျွန်မတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်ရမှာ ကို တွေးပြီး ရင်လေးမိတယ်ပေါ.။

တစ်ရပ်တစ်ကျေးမှာ ကိုယ့်ဘဝ စမယ် ကြံကာရှိသေး။ အတိမ်းအစောင်း ဖြစ်ရတော့ ကိုယ့်အရိပ်ထဲမှာ ကိုယ် ပျောက်ကွယ် သွားရသလို အားငယ်ဆဲ။ ညတိုင်ကျ သားတွေ၊ သမီးတွေ အမေ့ခုတင်ပေါ် ဝိုင်းဝိုင်းလည် လာထိုင်ကြ ရင်း "မာမီ" ချင်းထပ်အောင် အလုအယက်ခေါ်ပြီး တစ်နေ့တာ အကြောင်း အရာတွေ ပြောကြဆိုကြတဲ့အခါ ကိုယ့်ရင်ထဲက သိမ်ငယ်စိတ်တွေ ပျောက်ကွယ်သွားတဲ့အပြင် အားသစ် မာန်သစ်တွေ တစ်ကိုယ်လုံး ပြည့်ဖြိုးလျှံဝေသွားလေရဲ့။
ကျွန်မ မှာ အားကိုးရာ လက်တွဲရုန်းကန်းခဲ့တဲ့ ဘဝအဖော်မဲ့သွားပေမဲ့ မာမီဆိုတဲ့ ခေါ်သံလေးနဲ့ အားမာန် ကို ပေးကြတဲ့ ချစ်မြတ်နိုး စရာ သားသမီးလေးတွေ ရှိနေသေးတာပဲလေ။ လူဆိုတာ တစ်ခုခုကို ချစ်မြတ်နိုးရင် တန်ဖိုးထား တက်ကြတာပဲ။ တန်ဖိုးထားရင် အချိန်ပေးပြီး ပြုစု စောင့်ရှောက်ကြတာ ဓမ္မတာဖြစ်ရပ်ပါ။ အားထုတ် လုပ်ဆောင်ကြမှု အားလုံးထဲမှာ မိခင်အဖြစ် ရယူခြင်းကုဘာနဲ့မှ နှိုင်းယှဉ်မရတဲ့ ဆုလာဘ်တစ်ခု၊ ချမ်းမြေ့ပျော်ရွှင် မှု တစ်ခုပါပဲ။ နှလုံးသားချင်း ဆက်သွယ်နေတဲ့ သားသမီးဆိုတဲ့ အားနဲ့ ကျွန်မဘဝ ခြေလှမ်းသစ် စနိုင်ခဲ့တယ်လို့ ဆိုရင် မမှား ပါဘူး။

အလုပ်က တာဝန်ရှိပုဂ္ဂိုလ်ကို အကျိုးအကြောင်း ပြောပြပြီး ကျွန်မ အချိန်ပို လုပ်လိုကြောင်း တောင်ခံတော့ လွယ်လွယ် ကူကူနဲ့ပဲ အချိန်ပိုတွေ တိုးပေးတာကြောင့် လတ်တလော အခြေအနေကို ထိန်းထားနိုင်ပါရော။ ဘာလိုလို နဲ့ နှစ်ဆန်းကနေ နှစ်ဝက်ကျိုးလို့ နွေကျောင်းပိတ် ရက်တောင် ရောက်ရှိလာပါပြီ။ သမီးထွေး သူဇာ လည်း အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ် ဝင်ရတော့မယ်လေ။ အမေရိကားမှာ ဟိုက်စကူး အထက်တန်းကျောင်း က ဆယ့်နှစ်တန်းအထိ ရှိပါတယ်။ ကျောင်းပြီးရင် တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် ကျင်းပတဲ့ အတိုင်း ဝတ်ရုံတွေ၊ ဦးထုပ်တွေနဲ့ တစ်ဦးစီကို အောင်လက်မှတ် ပေးအပ်တဲ့ပွဲ တခမ်းတနား ကျင်းပလေ့ ရှိပါတယ်။ မိဘတွေလည်း သားသမီးတွေနဲ့ ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ယူ ဝမ်းသာစွာ အခမ်းအနားကို တက်ပြီး ချီးမြှင့်ကြတာ ခန်းလုံးပြည့်ပါပဲ။ အခမ်းအနား ပြီးတယ် ဆိုတာ နဲ့ မောင်မယ် သစ်လွင် လောင်းတွေက ဆောင်းထားတဲ့ ဦးထုပ်တွေ ချွတ်ပြီး မိုးပေါ် လွှင့်ပစ်ကြ၊ ပျော်ရွင်ခြင်းအတိနဲ့ လွတ်လပ် စွာ လှုပ်ရှားနေတဲ့ ကလေးတွေ ကြည့်ပြီး ကိုယ်ပါ ရောပျော်မိတဲ့အထိပါပဲ။

သမီးသူဇာ တက္ကသိုလ် တက်ရတော့မယ် ဆိုတော့ ကျွန်မလည်း လက်ရှိ အလုပ်ထက် ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု ကို ရှာဖို့လိုအပ်လာပြီ ဖြစ်လို့ တနင်္ဂနွေနေ့ထုတ် သတင်းစာမှာ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ လိုက်ရှာ ရတယ်ပေါ့။
ကုသိုလ်ကံ ထောက်မစွာနဲ့ First Bankers က ငွေစာရင်းဌာနမှာ ကျွန်မ အလုပ်ရပါတယ်။ တစ်ချိန်တည်း ဆိုသလို သားငယ် ကိုဇာနည် လည်း အမေရိကားကို ရောက်လာလေရဲ့။
"မာမီ သားရောက်ပြီ" သူ့အစ်မ ယမင်းရဲ့ အိမ်ကနေ ဖုန်းဆက်လိုက်တဲ့ သားရဲ့ အသံကို ကြားရတော့ ရင်မှာ ဝမ်းသာပီတိ နဲ့ မျက်ရည်ကျရပြန်ပါရော။ အလုပ်က ဝင်ခါစမို့ ခွင့်ရက် မရှိတာနဲ့ သားကို ကာလီဖိုးနီးယားမှာ ကိုယ်တိုင် သွားမကြိုနိုင် ခဲ့ပါဘူး။ သမီး"ယမင်း"က သူ့မောင်ကလေးကို လေဆိပ်မှာ သွားကြိုးပေးပါတယ်။
"မာမီ့ သား ကံကောင်းလို့ ရောက်လာတာ သိလား" တဲ့။

"ဟဲ့ ....ဘာဖြစ်လို့လဲ"နဲ့ ထိတ်ထိတ်ပျာပျာ ပြန်းမေးရပါတယ်။
ဗန်ကောက်လေဆိပ် ရောက်တော့ ထိုင်းလေယာဉ် ကို ပြောင်းစီးရဖို့ စောင့်နေရတဲ့ အခိုက်မှာ လေဆိပ်ထဲက အကောက်ခွန် မဲ့ ဆိုင်တွေကို လျှေက်မော့တာတဲ့လေ။ အဲဒီိဆိုင်မှာ ချော့ကလက်ပြားတွေ မြင်တာနဲ့ ပါလာတဲ့ ခုနှစ်ဒေါ်လာ စလုံး အကုန်ဝယ်ပြီး အားရပါးရ စားပစ်လိုက်တာတဲ့။
ကျွန်မ တို့ ထွက်လာခါစ ၁၉၉၇ ခုနှစ်ဝန်းကျင် အချိန်တုန်းက နိုင်ငံတော်က ပြည်ပ သွားရောက်သူများ တစ်ယောက် ကို ခုနှစ်ဒေါ်လာပဲ ခွင့်ပြုငွေအဖြစ် လဲလှယ်ယူခွင့် ရရှိတာပါ။ ကျွန်မလို ချော့ကလက်ကို အသေကြိုက် တဲ့ သားရဲ့အဖြစ်ကို နားထောင်းရင်း ပြုံးရပါသေးတယ်။

"ဇာတ်လမ်းက မပြီးသေးပါဘူး မာမီရဲ့။ အဲဒါ ဟောင်ကောင်လေဆိပ် ဝင်တော့ တစ်ညအိပ်နားပြီးမှ ခရီးဆက် ရမှာ။ မာမီိ့သားက ယောင်နနနဲ့ လေဆိပ်ကနေ ညအိပ်ရမဲ့ ဟိုတယ်ကို တာဝန်ယူပို့ပေးတဲ့ ဘတ်(စ) ကားက လွတ်သွား ပါလေရော။ လေဆိပ်က အရာရှိက သူ့ကို ဟိုတယ်လိပ်စာ ပေးပြီး တက္ကဆီနဲ့သွားဖို့ မှာတယ်တဲ့။ ဟိုတယ် ရောက်တော့ ကားသမား တောင်းတဲ့ တက္ကဆီခက ပေးစရာ မရှိတော့ဘူးလေ။ ချော့ကလက်ဖိုးနဲ့ ကုန်ခဲ့ပြီ မဟုတ်လား။ ကားသမားက သူ့ကို နားရင်းအုပ်မထားခဲ့တာ ကံကောင်း"
"ယမင်း" က သူမောင့် ရဲ့အဖြစ်ကို ရာဇဝင်းခင်းပြနေပါတယ်။ သူ့စကား နားထောင်ပြီး ကျွန်မ ရင်ထဲမှာ ခံစား လိုက် ရတာ နင့်နေတာပါပဲ။ ကလေးတစ်ယောက်တည်း မအူမလည်နဲ့ လာရတဲ့ခရီး ဆိုတော့ အတွေ့အကြုံ ကလည်း မရှိတာမို့ ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့။

တကယ်က လိုအပ်ရင် လေကြောင်းကုမ္ပဏီကို ခရီးအဆုံးထိ ရောက်အောင် စောင့်ရှောက်ပေးဖို့ အကူ အညီ တောင်းခံ လို့ ရပါတယ်။ ဒါတွေကို လေယာဉ်လက်မှတ် ပို့ခဲ့စဉ်က ကျွန်မ ကြိုတင် မစဉ်းစားခဲ့မိ တဲ့အတွက် ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ရင်း စိတ်မကောင်း ဖြစ်မိပါသေးတယ်။
ကာလီဖိုးနီးယား မှာ အလုပ်အကိုင်နဲ့ အခြေတကျ ရှိနေပြီဖြစ်လို့ သမီး" ယမင်း" က ရောက်လာတဲ့ သူ့မောင်လေး " ကိုဇာနည်" ကို သူ တာဝန်ယူမယ်။ သူ့ဆီမှာ ထားပါလို့ ဆိုလာ ပေမဲ့ သားနဲ့ ခွဲခွာနေတာ ကြာပြီ ဖြစ် တာကြောင့် ဘယ်လို အခက်အခဲရှိရှိ မိသားစု အတူတကွ ရှိနေချင်တာမို့ မောင်နှမနှစ်ယောက် တစ်ဝနေပြီး ရင် ကျောင်းဖွင့်ရက်အမီ ကျွန်မဆီ ပို့လိုက်ဖို့ မှာထားရပါတယ်။
သား ကို လေယာဉ်ကွင်းမှာ သွားကြိုရတဲ့နေ့ကများကျွန်မရင်ထဲမှာ လိပ်ပြာ အကောင်တစ်ရာလောက် ပျံသန်းနေတဲ့ အတိုင်း လှုပ်ခါလှိုက်ဖိုပြီး ခြေဖျား  လက်ဖျားများတောင် အေးစက်နေတဲ့အထိ စိတ်လှုပ်ရှား မိပါတယ်။ နှစ်နှစ်ကြာမျှ ခွဲခွဲာနေခဲ့ရတဲ့ သားလေး ကျွန်မရင်ကို ပြန်ရောက်ရှိ လာပြီ်း ကျေနပ်ပီတီစိတ်က တစ်ကိုယ်လုံး ကို ပျံ့နှံနေလေရဲ့။

ကျန်ခဲ့စဉ်က ကျွန်မပခုံးတောင် မမီတတ်သေးတဲ့ သားက အခု ပြန်တွေ့ရတော့ ကျွန်မ အရပ် ကို ကျော်ပြီ်းမိုးလို့ ထောင်နေအောင် ထွားကျိုင်းနေတာကြောင့် သားကို မော်ကြည့်ရတဲ့ အဖြစ် ကြုံရတော ချောမော ထွားကျိုင်း လာတဲ့ သားကို ကြည့်ပြီး ရင်မှာ ပီတီနဲ့ ကြည်နူးလိုက်ရ တဲ့ ဖြစ်ခြင်း ပါပဲ။ မောင်နှမတစ်တွေကလည်း ဝိုင်းဝိုင်းလည် တစ်ယောက်တစ်မျိုး နဲ့ နှုတ်ဆက် လိုက်ကြတာ လေဆိပ် အဝမှာ ဆူညံပွဲစည်သွားတော့တာပဲ။ ပြန်လည်ဆုံစည်းရခြင်းဟာ ပျော်ရွှင်မှုရဲ့ အထွက်အထိပ်ကို ရောက်စေတာ အမှန် ပါပဲနော်။
အိမ်ရောက်တော့ ကျောပိုးအိတ်ထဲက ကျွန်းသားနဲ့ ထုထားတဲ့ ပန်းပုရုပ်တစ်ခု ထုတ်လာပြီး..
"ဒီမှာ မာမီ့ အတွက် သား ယူလာတဲ့ လက်ဆောင်" တဲ့
"ဒါ မာမီ့ ဘဝ သရုပ်ဖော်ပုံလေ။ ဆင်မကြီ်းက သားသုံးကောင် ကို ထိန်းကျောင်းရင်းနဲ့ သစ်တုံးကြီး ဆွဲနေတာ မာမီ နဲ့ မတူဘူးလား" နဲ့ ပန်းပုရုပ်ကို စားပွဲပေါ်တင်ရင်း နောက်လိုက် သေးတယ်လေ။
"မာမီ့ မှာ သားက လေးယောက်ပါကွယ်။ မင်းဟာက သုံးကောင်တည်းရယ်" ဆိုတော...
"သားက မာမီ့အနားမှာ မှ မနေရတာ" တဲ့။

ကျွန်မ ရင်ထဲမှာ စူးနင့်သွားအောင် နာကျင်လှိုက်ခါသွားတော့ တာပဲ။ ဟုတ်ပါရဲ့။ ဒီသားလေးကို ခွဲပြီး ကျွန်မ ထား ခဲ့မိတာ သားရင်ထဲမှာ ဘယ်လောက်များ ကြေကွဲနာကျင်စွာ ခံစားရရှာလေမလဲ။ ဒီအဖြစ်ဟာ သူ့ဘဝမှာ အကျည်းတန် တဲ့ အမှတ်တရလေး အနေနဲ့ စိတ်အစဉ်မှာ စွဲမြဲသွားပေတော့မယ်။ မိခင်ကောင်း မပီိသတဲ့ ကျွန်မ လုပ်ခဲ့ပုံ ကို တွေးပြီး ရှက်လည်းရှက်၊ နောင်တလည်း ကြီးစွာရမိပါတယ်။ ဒါကြောင့် ခွဲခွာခဲ့ရတဲ့ နေ့ရက်တွေ အတိုးနဲ့ ပိုပြီး မေတ္တာ၊ အကြင်နာ ပေးနိုင်ဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။
သား ရောက်လာတော့ မှ အိမ်ကပိုပြီး ပွဲစည်လာတော့တပဲ။ ခါတိုင်း အိမ်မှာရှိတဲ့ သားနှစ်ယောက်က ကိုယ့် စိတ်ဝင်စားမှု နဲ့ ကိုယ်လေ။ အကြီးသား "ရွှေစင်" က အားနေရင် သူ့အခန်းထဲမှာ ဂီတာကို တဒေါင်ဒေါင် ခေါက်ရင်း သီချင်းဆိုရင်း ကက်ဆက်ခွေမှာ အသံသွင်းလိုက်၊ ပြန်ဖျက်လိုက် လုပ်ရင်လုပ်၊ ဒါမှမဟုတ် အိပ်ရာပေါ်မှာ စာအုပ်တစ်အုပ်နဲ့ နှပ်ရင်နှပ်၊ ပန်းချီး ဆွဲရင်ဆွဲ၊ သူ့ဟာ သူ အေးအေးဆေးဆေး နေ တတ်သူပါ။

အငယ်ဆုံးသား 'အိန္ဒာ' ကျောင်းအားရင် အင်္ဂလိပ် သီချင်းတွေ အကျယ်ကြီးဖွင့်ပြီးဖင်လှုပ် ခေါင်းလှုပ်နဲ့ တစ်ယောက် တည်း ကလိုက၊ အပေါင်းအသင်း သူငယ်ချင်းများစွာနဲ့ ၀င်လိုက် ထွက်လိုက် လုပ်ရင်လုပ်၊ သူ့ဟာသူ အမြဲစာရင်းရှုပ်နေတတ်ပြီး မအားနိုင်သူပါ။
တစ်ည ကျွန်မ အိပ်လို့ ကောင်းနေတုန်း...
ဝုန်း...၀ုန်ုး...ဒိုင်းနဲ့ အသံတွေ ကြားပြီး လန့်နိုးလာပါတယ်။ နားစွင့်လိုက်တော့ အသံလာရာက အိမ်ရှေ့ မိသားစုခန်း ဘက်က ဖြစ်နေပါရော။ အိပ်ရာဘေးက စားပွဲတင်နာရီကို အပြေးအလွှား လှမ်းကြည့်လိုက် တော့ ညဥ့်နာရီပြန် တစ်ချက်ခွဲ။
    ဒီအချိန်ကြီး ဘာသံဖြစ်ပါ့မလဲနဲ့ သည်ထိပ်ရင်ဖိုဖြစ်ပြီး အိမ်ရှေ့ခန်းကို အပြေးအလွှား သွား ကြည့်တော့ ညီအစ်ကို သုံးယောက်သား ခေါင်းအုံးတိုက်ပွဲ ကစားနေကြတာလေ။
    'ဟဲ့.... အိမ်နီးချင်းတွေကို အားနာကြပါဦး။ အချိန်မတော်ကြီး ထပြီးဆော့စရာလား ဟယ်' နဲ့ ပြောမှ ညီအစ်ကို သုံးယောက် လက်ထဲမှာ ခေါင်းအုံးကိုယ်စီနဲ့ တိုက်ပွဲရပ်သွားပါတော့တယ်။
    ပေါက်ပြဲနေတဲ့ ခေါင်းအုံးထဲက မှို့စတွေလည်း ကြမ်းခင်းပေါ်မှာ ပွစိကြဲလို့။ ခေါင်းအုံးမရှိရထဲမှာ တိုက်ပွဲ ဝင်ကောင်းလိုက်ကြပုံကို ကြည့်ပြီး ကျွန်မ စိတ်မောရပါသေးတယ်။ ခေါင်းအုံး မရှိပုံအကြောင်းအ ရင်းကိုလည်း ကြည့်ပါဦး။ အိမ်အသစ် ကို ပြောင်းတယ်ဆိုတော့ အချုပ်အလုပ် ဝါသနာပါတဲ့ သမီး 'ယမင်း' က ဧည့်ခန်းမှာ ထားဖို့ ဆိုပြီး မြန်မာပြည်က ကြိုးကြီးချိတ်နဲ့ ဧရာမကူရှင်နှစ်လုံး သူကိုင်တိုင်ချုပ် ပြီး ကျွန်မဆီ ပို့ပေးလာပါတယ်။ ကြိုးကြီးချိတ် နဲ့ ချုပ်ထားတဲ့ ကူရှင်ဆိုတော့လည်း သားနားနေတယ်ပေါ့။

    အိမ်အလှအပ အပြင်အဆင် ကို အလွန်ဝါသနာပါတဲ့ အငယ်ဆုံးသားက 'အိန္ဒာ' က ကူရှင် ရောက်ကတည်း က မှို့သွားဝယ်ထည့် ဖို့ ပူဆာနေလေရဲ့။ ကျွန်မက အရာရာခြိုးခြံချွေတာနေရခိုက် ဖြစ်တော့လည်း ဒါတွေကို ဦးစားပေး မစဉ်းစားနိုင်သေးဘူး။ တစ်နေ့မှာ ကျွန်မ အလုပ်က ပြန်လာတော့ သား 'ရွှေစင်'က ....
    'မာမီ သားခေါင်းအုံး ယူလား။ သားမှာတစ်လုံးပဲ ရှိတော့တယ်။ တစ်လုံးက ဘယ်ရောက်သွား မှန်းမသိဘူး' ဆိုပြီး လာမေး ပါတယ်။
    သမီး 'သူဇာ' က အစ်ကို မေးသံကြားတော့ 'ဟုတ်တယ် မာမီ၊ သမီးတို့ ခုတင်မှာလည်း ခေါင်းအုံး တစ်လုံးစီပဲ ရှိတော့တယ်။ သမီး လိုက်ရှာတာလည်း မတွေ့ဘူး' တဲ့။
    ထူးထူးဆန်းဆန်း ခုတင်စေ့ ခေါင်းအုံးတစ်လုံးစီ ပျောက်ဆုံးသွားပုံကို ကြားရတော ကျွန်မလည်း နား မလည်နိုင် ဖြစ်သွားရပါတယ်။ ရယ်ကြဲကြဲ မျက်နှာနဲ့ သားငယ် "အိန္ဒာ" က သူ့အခန်းထဲက ထွက်လာပြီး...
"ဟုတ်တယ်။ သား အဲဒီခေါင်းအုံးတွေအားလုံး ဖောက်ပြီး ကူရှင်ထဲ ထည့်လိုက်တာ မာမီ" တဲ့။

အိမ်ရှေ့ဧည့်ခန်း ထဲက ကူရှင်ကြီးကတော့ ခေါင်းအုံး လေးလုံးစာ မှို့တွေနဲ့ ဖောင်းအိပြီး တင့်တယ်လှပ နေပါရဲ့။ ကျွန်မ တို့မှာသာ ခေါင်းအုံးတစ်လုံးစီ ဆုံးရှုံးလိုက်ရတာ အဖတ်တင်သွား ပါတော့တယ်။ ဒီအထဲ ခေါင်းအုံး တိုက်ပွဲကြောင့် ပေါက်ပြဲကုန်တော့ မခြိုးခြံနိုင်တော့ ဘဲ ခေါင်းအုံးအသစ်တွေ ပြေးဝယ်ရပြန် ပါရော။
ခေါင်းအုံးဖိုး ကုန်ရတာကမှ ဆေးရုံးခ ဒေါ်လာ ထောင် သောင်း ကုန်ရမှထက်စာရင် အများကြီး သက်သာပါသေးတယ်။ တစ်ခါက ညီအစ်ကိုနှစ်ယောက် တရုတ်မင်းသား ဘရုစ္စလီ ကားတွေ ကြည့်ပြီး အားကျလေ သလား မသိပါဘူး။ မြန်မာပြည်က တကူးတက  ရှာဖွေဝယ်လာပြီး ထမင်းစားခန်းမှာ အလှချိတ် ထားတဲ့ ငှက်ကြီးတောင်ဓားကြီး နှစ်ချောင်းကို ယူပြီး ဓားချင်း ခတ်သံတွေ ကြားလို့ ဘာများလဲ ပြေးကြည့်မိမှာ ဓားမင်းသား နှစ်ပါး ကို မြင်တွေ့ရတာပါ။

ဘုရား....ဘုရားနဲ့ ကိုယ့်ရင်ဘတ် ကိုယ်ဖိပြီး သိုင်းပွဲကို ရပ်ခိုင်းရပါတယ်။ တော်ပါသေးရဲ့။ ကိုရွှေစင်ရော၊ ကိုဇာနည် ပါ ခြေပြတ် လက်ပြတ် မဖြစ်ခင် ကျွန်မ ရောက်သွားပေလို့ပါပဲ။ ဓားရိုးက ယွန်းနဲ့လုပ်ထားတဲ့ မှန်စီရွှေ ချတွေတော့ အဖတ်လိုက် ကွာကျပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လို့။ သူတို့တွေ ထိခိုက်အနာအတရ မဖြစ်ကြတာတွေ အတွက်ပဲ ဝမ်းသာကျေးဇူးတင်ရပါသေး တယ်။ အဲဒီကတည်းက နံရံက ဓားတွေ ဖြုတ်ပြီး သူတို့ မမြင်ကွယ်ရာ ကားဂိုဒေါင် ထဲက မျက်နှာကြက်ပေါ်မှာ သွားဝှက်ထားရပါတယ်။ သူတို့ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေက မရိုးနိုင်အောင် အမျိုးစုံ ရှိပါတယ်။ တစ်ညနေ ကျွန်မ အလုပ်ကအပြန် မောမောနဲ့ အိပ်ခန်းထဲမှာ အဝတ်လဲနေ ဆဲပဲ ရှိသေးတယ်။ အိမ်ရှေ့က ....
"ကိုကိုဇာနည် ကို ကြောက်ပါပြီ"
"ကိုကိုဇာနည် ကို ကြောက်ပါပြီ" အငယ်ဆုံးသား "အိန္ဒ" ရဲ့အသံ စူးစူးက ထွက်လာတော့ အထိတ်အလန့်နဲ့ ဘာများဖြစ်လဲ ဆိုပြီး အဝတ်ပြီးအောင် မလဲနိုင်ဘဲ ထဘီရင်ရှားနဲ့ ပြေးထွက်လာကြည့် တော့လည်း အိမ်ထဲမှာ လူရိပ်လူခြည် က တစ်ယောက်မှ မရှိဘူး။ လူမတော့ ကျွန်မ ပိုလန့်သွားတာပေါ့။

"ကိုကိုဇာနည်ကို ကြောက်ပါပြီ"
"ပြောဦး နောက်ထပ် ဆယ်ခါပြည့်အောင်"
ဒီိအသံက ကိုဇာနည်ရဲ့အသံ  ဖြစ်နေတာမို့ ဘယ်အချိန်က ညီငယ်ကို နှိပ်စက်ကလူပြုပြီး အသံသွင်း ထားလေတယ် မသိ။ အခုလည်း အမေ အထိတ်အလန့်ဖြစ်အောင် တမင် စချင် နောက်ချင်တာနဲ့ ကက်ဆတ်ကို တကူး တက ဖွင့်ထားခဲ့ပြီး ဘယ်ချော င်မှာ သွားပုန်းနေလေတယ် မပြောတတ်ဘူး။
"သားတွေ အဆော့သန်တာ ကို မာမီ ကြောက်ပါပြီ" လို့ပဲ ဆက်ပြီး အသံသွင်းထား လိုက်ရ ကောင်းမလား လို့တောင် ကျွန်မ တွေးလိုက်မိပါသေးတယ်။ အဲဒီိလို ကျွန်မတို့ အိမ်က အမြဲစိုပြည်နေတာမို့ လာလည်တဲ့ သူတွေကလည်း ပျော်ကြပါတယ်။ သား"ရွှေစင်" ရဲ့ ကျောင်းနေဖက် သူငယ်ချင်း " မင်းရှင်မော်နိုင်" တို့ သူငယ်ချင်း အုပ်စု နယူးယောက်က လာလည်ကြတာ ပျော်လို့တဲ့ "မင်းရှင်း" က ကျွန်မတို့အိမ်ကို အပြီးပြောင်း လာပါတယ်။ အဲတော့ လူငယ်တွေ တိုးလာတာမို့ ပိုပြီး ပွဲစည်လေတယ်ပေါ့။

ကျွန်မလည်း အမေရိကားရောက်မှာ ကူးပေမဲ့ အိမ်ဖော် မိအေးလည်း မရှိ။ မိခွေလည်း မရှိ ဆိုတာ အရာရာ ကိုယ်ထူ ကိုယ်ထ လုပ်ရတာကြောင့် မြန်မာစာနဲ့ မြန်မာ ထမင်း ဟင်းတွေ ကို ကောင်းကောင်း ချက်တတ် သွားပါပြီ။ စနေနေ့ တိုင်း မိသားစုနေ့အဖြစ် သတ်မှတ်လိုက်ပြီး မြန်မာအစား အုန်းနို့ခေါက်ဆွဲ၊ ကြာဆံဟင်း၊ မြီးရှည် စတာတွေ မထပ် ရအောင် အကျအန ချက်ထားပြီး မိသားစုတွေ စုံပြီး စားကြပါတယ်။
သီခြားနေ တဲ့ သမီး "ကေသီ" ရော၊ သားကြီး"ဝင်းခန့်" တို့ မိသားစုအားလုံး မြေးတွေပါ မကျန် ရောက်လာကြပြီ စားကြ သောက်ကြ မောင်နှစ်မတစ်တွေ တွေ့တုန်းဆုံခိုက် ပြောကြဆိုကြ၊ နောက်ကြပြောင်ကြ၊ စကားနိုင်လုကြ။ တသိုင်းတဝိုင်း နဲ့ နေကုန်မှ လူစုခွဲဖြစ်တော့တာပဲ။ ဒီိလိုပဲ သူတစ်ပါး တိုင်းပြည်မှာ စည်းလုံးတဲ့ ကိုယ့်မိသားစုလေး နဲ့ကိုယ် နေပျော်အောင် ကြိုစားနေရင်း အခြေတကျလေး ဖြစ်လာပါတယ်။

ဦးကျော်ဇော်ဆီကလည်း မကြာမကြာ ဖုန်းဆက်လာပါတယ်။ သူ ဘယ်ပြည်နယ်မှာ ရောက်ရှိနေကြောင်း၊ ယူသွား တဲ့ မြန်မာပြည်က နမူနာ ငွေထည်ပစ္စည်းတွေလည်း ရောင်းရလို့ ငွေပေါ်လာကြောင်း၊ စီးပွားရေး တစ်ခုခုလုပ် ဖို့ လေ့လာနေဆဲ ဖြစ်ကြောင်း စသည်လောက်ပါပဲ။ ကျွန်မ ဘယ်လို ရုန်ကန်းပြီး ဘာတွေ ဖြစ်ပျက်နေ တယ် ဆိုတာတော့ ပြောမပြဘဲ သူ ပြောတဲ့ စကားကိုသာ နားထောင်နေမိလိုက်ပါတယ်။
ကျွန်မရဲ့ မိတ်ဆွေ မမလည်း သမီး မြန်မာပြည်က ရောက်လာတာနဲ့ ဦးကျော်ဇော်နဲ့ မတိမ်းမယိမ်း အချိန်အတွင်း မှာပဲ တခြားပြည်နယ် တစ်ခုကို ပြောင်းသွားကြောင်း သတင်းစကား ကြားထားရတာမို့ နှစ်နဲ့ နှစ်နဲ့ ပေါင်းတဲ့ အဖြေ ကို အချိန်ကုန်ခံပြီး မရှာချင်တော့ဘဲ အပြောင်းအလဲ ဖြစ်သွားတဲ့ ဘဝရဲ့ စာမျက်နှာသစ်အတွက်သာ အလေးထားနိုင် ဖို့ စိတ်ကို သွင်းထားလိုက်ပါတယ်။

ဒီိအချိန်မှာ ဝမ်းသားစရာသတင်းတစ်ခုက ကျွန်မရဲ့သားကြီး "ဝင်းခန့်"ရဲ့ဇနီး "ဘော်ဘီ" က သားလေး တစ်ယောက် ထပ်ပြီး ဖွားသန့်စင်လိုက်တာ မို့ ကျွန်မမိသားစုမှာ တစ်ဦး တိုးလာလေရဲ့။ "ခန့်ကိုကို"၊" ခန့်ညီညီိ" "ခန့်အောင်အောင် ညီိအစ်ကို သုံးယောက်အတွက် ညီလေး "ခန့်မောင်မောင်" ရလာတာကြောင့် သူတို့ကလေး တစ်တွေလည်း ပျော်မဆုံးပေါ့။
အဲဒီလို မိသားစု မှာ ပျော်စရာ အဖြစ်ကလေးနဲ့ အားလုံး ကြည်ကြည်နူးနူး ရှိရဆဲမှာ တစ်နေ့ ကျွန်မကိုယ်တိုင် အရေးပေါ်လူနာ အဖြစ်နဲ့ ဆေးရုံးကို တန်းတင်လိုက်ရပါလေရာ။ အရင်တစ်ခါ အမေရိကား ထွက်လာခါနီး သားတွေ ရဲ့ ရှင်ပြုပွဲမှာ ရုတ်တရက် သွေးတွေ သွန်တာနဲ့ ကြံရပြန်ပါတယ်။ ဘယ်သူ့မှ အကြောင်းကြားချိန် မရလို့ ခွဲစိတ်ခန်းဝင်တော့ ကျွန်မ တစ်ယောက်တည်းရယ်။ ခွဲစိတ်ခန်းက ထွက်လာမှ သတင်းကြားပြီး ရောက်နေကြတဲ့ သားသမီးတွေရဲ့ မျက်နှာငယ်လေးတွေကို မေ့ဆေး မပြယ့်တပြယ် အချိန် မှာ မြင်လိုက်ရတော့ အားအင်ရှိသွားတော့တာပဲ။ ဆေးရုံးမှာ သိပ်ကြာကြာ မနေလိုက်ရပါဘူး။ ကျွန်မက ကျွန်းမားရေး ကိုယ်ခံကောင်းသူ ဖြစ်လို့ သုံး လေးရက်နဲ့ အခြေအနေ ကောင်းတာကြောင့် အိမ်ပြန်ခွင့်ရပါတယ်။ အိမ်မှာ တစ်ပတ်လောက် နားပြီး မှ အလုပ် ပြန်ဆင်းရတယ်ပေါ့။

နေကောင်းသွားပြီ ဆိုတော့လည်း စက်ရုပ်တစ်ခုလို လုပ်စရာတွေနဲ့ ပုံမှန်လည်ပတ်ရ တော့တာပဲ။ သား ကိုဇာနည်က ကျောင်းရောက်တာ မကြားသေးပါဘူး။ ဘောလုံး အကန်ကောင်းလို့ ဆိုပြီး လက်ရွေးစင် ရွေးခံ ရပါတယ်။ သူ ဒီလို အရွေးခံရတော့ ကွန်မမှာ ဝမ်းသာကြည်နူးလိုက် ရတာ။ ဒီိတိုင်းပြည်မှာ အားကစား ထူးချွန်ရင် လည်း ကျောင်းသား စကောလားရှစ်ပေးပြီး တက္ကသိုလ်က ဘွဲရတဲ့ထိ ခံစားခွင့်ရတမျိုး ရှိတော့ သားရဲ့ ရှေ့ရေးအတွက် အားတက်မိတယ်ပေါ့။
သား ကိုလည်း အခါအခွင့်ကြုံတုန်း အထူးပြုကြိုးစားဖို့ တိုက်တွန်းအားပေးရပါတယ်။ သား တက်ရတဲ့ကျောင်းက ဖို့ဒ်လော်ဒါဒေးလ်မြို့ မှာမို့  ကျွန်မနေတဲ့ သန္တာစမ်းနဲ့ တစ်နာရီခရီး ရှိပါတယ်။ ဝေပေမဲ့ ကျောင်းကား အကြိုအပို့ ရတာမို့ ကျွန်မ တာဝန်မရှိပါဘူး။ အခု ဘောလုံး လက်ရွေးစင် ရွေးခံရတော့ ကျောင်းဆင်းရင် ခါတိုင်းလို ကျောင်းကားနဲ့ ပြန်လို့ မရတော့ဘူး။ သူရဲ့ ဘောလုံးနည်းပြဆရာက လေ့ကျင့်ဖို့ ကျောင်းမှာ ဆက်နေခိုင်းပါတယ်။ ကျောင်းကို ဘယ်နှစ်ခေါက်လဲ မသိဘူး ပတ်ပြီး တစ်နေ့ ငါးမိုင် ပြေးခိုင်းပါတယ်။ တခြား လေ့ကျင့်ခန်းတွေ လည်း ယူရသေးတယ် အာဟာရ ဖြစ်စေမဲ့ အစားသောက်တွေလည်း ဘယ်ပုံ စားရ မယ် ဆိုတာ စနစ်တကျ ညွှန်ကြားပါတယ်။

ကျောင်းကား မရှိတော့ အလုပ်က ပြီးတာနဲ့ သားကို ကျောင်းမှာ သွားကြို၊ ချွေးသံ တရွှဲရွှဲနဲ့ ကားပေါ်တက်လာတဲ့ သားရဲ့ ပုံစံကို ကြည့်ပြီး ကျွန်မမှာ အားတွေကို တက်လို့။ အထက်တန်းကျောင်းချင်း ယှဉ်ပြိုင် လို့ နိုင်လာတဲ့ နေ့မျိုးဆို အမေအနေနဲ့ ပီိတီတွေ ဝေဝေပေါ့။ တစ်နာရီကြာ ပြန်မောင်းရတာမို့ အိမ်ပြန်ရောက်ပေ မဲ့ မျှော်မှန်းချက်တွေနဲ့မို့ မောရမှန်း မသိပါဘူး။
အဲလို လက်ရွေးစင် ရွေးခံရတဲ့ထဲမှာ သားရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်တန်းတည်း သား"ပါပလို" ဆိုတာလည်း ပါသေး တယ်။ ပါပလိုကတောင် အမေရိကားတိုက် အာဂျင်တီးနားပြည်သား Spanish လူမျိုးပါ။ မြန်မာတွေလို ဆံပင် က အမည်း။ သူတို့နှစ်ယောက်ကို မသိသူက ဆိုရင် ညီအစ်ကိုလို့တောင် ထင်ရလောက်အောင် ရုပ်ချင်း ကလည်း ဆင်ပါတယ်။ အားကစား ဝါသနာ ပါတာလည်း တူ။ ဂီတကို ဝါသနာပါတာလည်း တူကြတော့ သူတို့ နှစ်ယောက် တွဲမိတာ လည်း သိပ်မဆန်းတော့ပါဘူး။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆို ပါပလိုက အိမ်မှာ လာအိပ်တတ်ပါတယ်။တစ်ယောက်စီိ ဂီတာတစ်လုံးစီနဲ့ တဒေါင်ဒေါင် နေကြတာပဲ။ ပါပလိုက ကိုဇာနည်ကို သူတတ်တဲ့ Spanish သီချင်းတွေသင်ပေး၊။ ကိုဇာနည်ကလည်း တစ်ပြန် မြန်မာသီချင်းတွေ သင်ပြနဲ့။ တစ်နေ့ ပါပလိုက "ငွေသော်တာရောင်ခြည်၊ ထိန်လင်းတော့သည်၊ ဘုံကျိုးပြတ်တဲ့ မိုးနတ်မဒီ သဒ္ဒါ က ပိုသည် ဆရာမကိုပဲ အသည်းစွဲချစ်တော့မည် " ကို အသံအနေအထား နဲ့ ဆိုရင် ဂီတာ လိုက်နေတာ ကျွန်မတို့ ကြားတော့ သဘောတွေကျပြီး ဝိုင်းသြဘာပေး ရပါသေးတယ်။
သူတို့ သူငယ်ချင်းနှစ်ယောက် ချစ်မြတ်နိုးစွာနဲ့ စိတ်ကူးယှဉ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ သားအမိ အချီိအချ စကားများ ရတာကလည်း ရှိသေးတယ်။ တစ်ခါက ပါပလို လာအိပ်လို့ မနက်စာအတူ စားနေကြဆဲမှာ...
"မကေသီ၊ ကျွန်တော် နဲ့ ဇာနည် ကတိတွေထားတာရှိတယ် သိလား"တဲ့။
"ဘာလဲ" လို့ ကေသီက မေးတော့။

"ကျွန်တော်တို့ အရွယ်ရောက်လို့ လက်ထပ်ပြီးတဲ့အခါ သားသမီးတွေ ရလာရင် ကျွန်တော် မွေးတဲ့သားကို "ဇာနည်" လို့ မှည့်ပြီး သူ မွေးတဲ့သားကျ ကျွန်တော်နာမည် "ပါပလို" လို့ မှည့်မှာဆိုပြီး ရွှန်းရွှန်းဝေ ကျေနပ်စွာ နဲ့ ပြောပြတာ နားထောင်ရင်း သမီင်္း "ကေသီ" က ကျွန်မဘက် တစ်ချက်ကြည့်ပြီး မျက်စချီပြပါတယ်။ ပါပလို ထသွားမှ...
"မာမီ့သား ကတိထားတယ် ဆိုတာ ကြားလား။ သမီးရဲ့တူကို "ပါပလို" ဆိုတဲ့ နာမည်ကြီး မခေါ်နိုင် ပါဘူး။ မြန်မာ နာမည်လည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် နာမည်လှလှလေး ပေးမှာပေါ့။ မာမီ့သား ကို ခေါ်ပြောထား ဦး" တဲ့ မကျေမနပ်ပုံစံနဲ့ ကျွန်မကို လာမဲနေလေရဲ့။ 
"သမီးရဲ့ နေစမ်းပါဦး။ သူတို့မှာ မိန်းမ ထားလို့ ရည်းစားတောင် မရှိသေးဘူး။ ကဲ..... မိန်းမ ရပါပြီိတဲ့။ ဘယ်သူက သားလေး ရမယ်လို့ အာမခံနိုင်လို့လဲ။ ဘယ်နေမှန်း မသိသေးတဲ့ တူအတွက် နာမည်ကို လိုက်ပြီး ပူပင်ကြောင့်ကြနေတာ မောလိုက်တာဟယ်။

ကျွန်မ ဆူလိုက်တော့ မကျေနပ်တဲ့ ပုံစံနဲ့ အနားက ဆောင်ခနဲ့ ထသွားပါလေရော။ သူတို့မောင်နှမတွေ အဖြစ်သည်းကြပုံလည်း ကြည့်ပါဦးနော်။ နာမည်ကအစ လိုက်ပါနေကြတာ တွေးပြီး သူတို့ ကွယ်ရာမှာ  ရယ်ရပါသေးတယ်။
ကျွန်မဘဝ ပတ်ဝန်းကျင်က ရင်မောချင်စရာတွေချည်း ပါပဲ။ ဘယ်လောက် ရင်မောမော သူတို့လေးတွေရဲ့ ကလေးဆန် တဲ့ အပြုအမူ အပြောအဆိုလေးတွေက ဟသအနေနဲ့ဘဝရဲ့ ခြောက်သွေ့မှုထဲက စိုပြည်စေတဲ့ အိုအေစစ် ဖြစ်စေတာ အမှန်ပါပဲ။ လူတကာတွေလိုပဲ အမြဲတော့ ရယ်မောနိုင်တာ မဟုတ်ပါဘူးပေါ့။ အသည်းကွဲရတာတွေ၊ အရှုံးတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးကျခဲ့ရတာတွေက ကိုယ့်ရဲ့ ရယ်မောတတ်လေ့ရှိတဲ့ အရာကို ပွန်းပဲ့စေတဲ့အခါတော့ ရှိတာပါပဲ။ တကယ်က ဘဝဆိုတာ ပျော်လို့ရယ်ရတာ မဟုတ်ဘူး၊ ရယ်လို့ပျော်ရတာ ဖြစ်ကောင်းပါရဲ့နော်။

ဒီိနှစ်အစမှာ ကျွန်မအတွက် အရှုံးနဲ့ ကြုံရပေမဲ့ ခွဲခွာနေရတဲ့ သားလေး ပြန်ရောက်ရှိလာတာအပြင် အလွန် ချစ်စရာကောင်း တဲ့ မြေးလေးတစ်ဦး ထပ်တိုးလာတာကြောင့် အလုပ်အားချိန်ဆိုရင် မြေးလေး "ခန့်မောင်မောင်" ကို ချီရပိုးရ နဲ့ ကိုယ့်ဘဝ ရင်မောစရာတွေကို မေ့ထား နိုင်ခဲ့ပါတယ်။ လူမှုရေးအနေနဲ့လည်း မအားလပ်တဲ့ကြား ထဲက မြန်မာမိတ်ဆွေတွေ ဖြစ်တဲ့ ဒေါက်တာညွန့်လွင်တို့၊ ဒေါက်တာနိုင်ဝင်းတို့၊ ဦးခင်မောင်သန်း တို့ကို စည်းရုံပြီး ဖလော်ဒါရီ ပြည်နယ်၊ မြန်မာအသင်းအဖြစ် တည်ထောင်ဖြစ်ပါသေးတယ်။ အသင်းတည်ရာဌာနက ကျွန်မ အိမ်အပြင် အတွင်းရေးမှုးတာဝန်ပါ ယူထားမိတော့ ကိုယ့်ကိစ္စတင်မကဘူး။ အသင်းကိစ္စတွေနဲ့ စာရင်းရှုပ်ပေါ့။ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲ၊ တန်ဆောင်တိုင်ပွဲနဲ့ အသင်းရန်ပုံငွေ ဈေးရောင်းပွဲ တွေလည်း ကျင်းပဖြစ်ပါတယ်။
နောက်ပိုင်း မြန်မာအသင်းက တရုတ်၊ကိုရီးယား၊ဂျပန်၊ အိန္ဒယ၊ ထိုင်း၊လာအို၊ကမ္ဘောဒီယား၊ ဖိလစ်ပိုင် စတဲ့ အရှေ့တိုင်းနိုင်ငံ ပေါင်းစုံပါဝင်တဲ့ "အေးရှားဖယ်ဒရေးရှင်း"နဲ့ ပါဝင်ဆက်သွယ်ထားဖြစ်တဲ့ အထိ အောင်မြင်ကြီပွား တိုးတက်လာပါတယ်။ "Miss Asia" အလှမယ်ရွေးပွဲတောင် ပါဝင်ယှဉ်ပြိုင်ခွင့် ရလို့ ဒေါက်တာဦးခင်နဲ့ ဒေါက်တာလေးညိုခင်တို့ သမီ်း "မီးမီးခင်" က"Miss Asia" အလှမယ် အဖြစ်ရော၊ နောက်တစ်နှစ် မှာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဖေသန်းမောင်နဲ့ ဒေါ်စောမြတ်နွယ်တိုရဲ့ သမီး "မြနန္ဒီသန်း" ပါ အလှမယ် အရွေးခံရလို့ နှစ်နှစ်ဆက်တိုက် ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ အလှကို အမေရိကားမှာ တင်ပြဂုဏ်ယူနိုင် တာမို့ မြန်မာအသင်း ကိုယ်စား ဝမ်းသာကြည်နူးရပါတယ်။

အလုပ်တဖက်၊ မိသားစု ဝေယျာဝစ္စ တစ်ဖက်၊ လူမူရေးတစ်ဖက်နဲ့ လှုပ်ရှားရင်း သားအတွက် မျှော်မှန်းချက်နဲ့ အားမာန်တွေ တတ်နေရာက အရှိန်နဲ့ ပြုတ်ကျလိုက်သလို စိတ်ဓာတ် ကျစရာ အဖြစ်တစ်ခု ကြုံရပြန်ရော။ နေ့စဉ် လေ့ကျင့်ပေးလို့ လက်ရွေးစင် ဘောလုံးပွဲ တစ်ခုမှာ တစ်ဖက်က ဘောလုံးသမား တစ်ယောက် က ရန်စလို့ ဆိုပြီး ကိုဇာနည် နဲ့ ထိုးကြ ကြိတ်ကြတဲ့ထိ ရန်ဖြစ်ကြတယ်တဲ့။ အဲဒီရန်ပွဲမှာ သူ့ သူငယ်ချင်း ပါပလို ကလည်း ကိုဇာနည့်ဘက်က ဝင်ကူလို့ သူတို့နှစ်ယောက်စလုံး ပွဲခင်းမှာ ရန်ဖြစ်မှုနဲ့ ဒဏ် ခတ်ပြီ်း ခြောက်လတိတိ ကစားကွင်း က ပယ်ခံထိတယ်တဲ့လေ။
ဒေါသ ကို မထိန်နိုင်းခြင်းက ကိုယ်ရောက်ရမဲ့ ပန်းတိုင်ကို သွားရာ ခြေလှမ်းပျက်စေ တာမို့ ကျွန်မမှာ သားအတွက် နှမြောလို့ မဆုံးဘူး။ ဘယ်အရာက တန်ဖိုးဆိုတာ နားလည်ထားခဲ့ရင် ဒေါသကို ထိန်းနိုင်ကောင်းလေမယ်ပေါ့။ ငယ်ရွယ်သူ ဖြစ်တော့လည်း စိတ်ကို မထိန်နိုင် ဘူး  ဆိုတာ ကျွန်မ စာနာ ခံစားနိုင်တာမို့ သား ကိုလည်း အပြင်မတင်ရက်ပါဘူး။ သားက ငယ်ငယ်ကတည်းက မဟုတ်မခံ စိတ်ဓာတ် ရှိတဲ့သူလေ။

ရန်ကုန်၊ဒဂုံ (၁) ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းက "ဒေါ်ခင်မကြီး ရုံခန်း ခဏကြွပါ" လို့ တယ်လီဖုန်း လာရင် ကိုဇာနည် ကျောင်းမှာ ပြသာနာတက်ပြီဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။ တစ်ကျောင်း နဲ့ တစ်ကျောင်း ကျောင်းဝိုင်းအပြင်မှာ ချိန်းရိုက်ကြတဲ့အခါ ကိုဇာနည်က အုပ်စုခေါင်းဆောင်လေ။ နှစ်ယောက်နဲ့ တစ်ယောက် ချတာမျိုးလည်းရှိရဲ့။ ကျောင်းဆေးခန်းမှာ အကွဲတွေ၊ အပြဲတွေ ဆေး သိပ်ရုံတင်မကဘူး။ တစ်ခါတလေ ဒဏ်ရာပြင်းလို့ ဆေးရုံမှာလေးငါး ဆယ်ချက် ချုပ်ခဲ့ရတာ လည်း အကြိမ်များစွာပါပဲ။
အခုလည်း သားရဲ့စိတ်ကူးအိမ်မက်တွေပျက်ပြယ်ပြီး အားငယ်သွားမှာစိုးလို့ အကြင်နာနှစ်သိမ်အားပေး ရင်းအရာရာ ကိုစိတ်မြန်လက်မြန် မလုပ်ဖို့၊ သည်းခံစိတ်ရှည်ပြီး ဒေါသ ရှေ့မထားဖို့ကို နားဝင်အောင် ပြောဆို ဆုံးမရပါတယ်။ ကိုယ်က နားလည်မှုရှိစွာနဲ့ ဝေမျှခံ စားပြီးအားပေးပါမှ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်နဲ့ ဘ၀ခရီးရဲရဲခြေချလျှောက်လမ်းတတ်မှာပါ။

ကျောင်းဆင်းပြီးချိန်မှာ ကိုဇာနည်အတွက် လေ့ကျင့်စရာမလိုတော့တာကြောင့် တကူးတက ကျောင်းသွားကြိုရ တဲ့ တာဝန်က ပေါ့သွားလေ ရဲ့။ ဒီအချိန်မှာ သမီးငယ်သူဇာနဲ့ ကျွန်မက ကားတစ် စီးတည်း ကို မျှပြီးသုံးနေရတာပါ။ သူဇာက ကျွန်မကို အလုပ်မှာချထားခဲ့ပြီး ရင် ကျောင်း သွားတက်။ ကျောင်းချိန်တွေက တစ်ရက် နဲ့တစ်ရက် တူတာမဟုတ်ပါဘူး။ အတန်းမရှိတဲ့နေ့ဆို စောဆင်းရ တာမို့ အလုပ်မှာ လာစောင့်နေတဲ့ အခါလည်း စောင့်ရ။ သိပ်စောနေတဲ့ နေ့မျိုးဆိုရင်လည်း အိမ် တစ်ခေါက်ပြန်ပြီး အလုပ်ဆင်းချိန်နီး မှ လာကြိုရနဲ့ ဆိုတော့ သူအတွက်အချိန်တွေ ပုပ်သလို အသွားအပြန် လုပ်ရတာကြောင့် ဓာတ်ဆီဖိုးလည်း ပိုကုန်ပါတယ်။

အမေရိကား မှာ ကားဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာသွားဖို့လာဖို့ ခြေနှစ်ချောင်း ရှိဖို့ လိုအပ်သလို ကားကလည်း သွားရေးလာရေးအတွက် မရှိမဖြစ် လိုအပ်ပစ္စည်းတစ်ခုပါပဲ။ တစ်နေရာ တစ်နေရာ က အဝေးကြီးပါ။ ရန်ကုန်ကနေ ပဲခူးလိုနေရာမျိုးထိ နေ့စဉ်အသွားအပြန် လုပ်ရသူတွေ အများအပြားရှိပါတယ်။ တစ်ခါ က အင်္ဂလန်က လာလည်တဲ့ကျွန်မမိတ်ဆွေ ဒေါ်စောရှင်က...
"ဟဲ့....ခင်ရဲ့၊ မင်းတို့အမေရိကားက လူတွေချမ်းသာလှချည်းလား။ အိမ်တိုင်းမှာ ကားတွေရပ် ထားလိုက်တာ သုံးလေးစီး ရှိတယ်"လို့ ပြောပါတယ်။
"အဲဒါ ချမ်းသာလို့"စီးနေကြတာ မဟုတ်ဘူး ရင်ရင်ရေ။ အိမ်ရှိလူကုန်အလုပ်လုပ်မှ ရပ်တည်နိုင်ကြ တဲ့လူနေမှုစနစ် ရဲ့ သရုပ်ပြလို့ နားလည်းထားရမှာ။ ဒီမှာ ကားကဘ၀ရပ်တည်ရေးအတွက် မရှိမ ဖြစ် အစိတ်အပိုင်း တစ်ခုပဲ။ ကားရှိမှ လှုပ်ရှားနိုင်တာနော်လို့ ရှင်းပြရပါတယ်။

အခုလည်း သမီးသူဇာက ကျောင်းချိန်ပြီးလို့ ပိုနေတဲ့အချိန်ကို ဖြုန်းပစ်မဲ့အစား အချိန်ပိုင်း အလုပ် တစ်ခု လုပ်ပြီး ငွေစုချင်တယ်။ ကိုယ်ပိုင်ကားလေးတစ်စီးကို အဲဒီငွေနဲ့ ၀ယ်ချင်တယ်လို့ ပြောတာနဲ့ ကျွန်မလုပ်တဲ့ ဘဏ်တိုက် က ဌာနခွဲတစ်ခု မှာ အလုပ်သွင်းထားပေးလိုက်ပါတယ်။ အမေရိကားမှာ အသက် ၁၅နှစ်ဆိုရင် ကားမောင်း လိုင်စင် လျှောက်လို့ရပါပြီ။ ဒါပေမဲ့တစ်ယောက်တည်း မောင်း ခွင့်ရှိတာတော့ မဟုတ်ပါဘူး။ အနား မှာ လိုင်စင်ရပြီးသား လူကြီးတစ်ယောက်တော့ ပါဖို့လိုအပ် တယ်ပေါ့။ ၁၆နှစ်ပြည့်မှ တစ်ဦးတည်းမောင်းခွင့် ရတာပါ။
ကိုဇာနည်ရော၊ အိန္ဒာရောက ကားမောင်းချင်လို့ တရွရွဖြစ်နေကြပါပြီ။ ယောက်ျားလေးတွေဆိုတာ ကားကို အရုပ်တစ်ခု လို ငယ်ကတည်းက စိတ်ဝင်စားလေ့ရှိတာမို့ တကူးတကသင်ဖို့မလိုဘဲ သူများမောင်းတာကြည့် ထားရုံ နဲ့ လုပ်တတ်ကိုင်တတ် ရှိနေကြပြီလေ။ အသက် ၁၅နှစ်ပြည့်ရင် ကျောင်းမှလည်း ဘာသာရပ်တစ်ခုအဖြစ် အာမခံကြေး ၀ယ် ယူတဲ့အခါမှာလည်း ဈေးသက်သာတာ မို့သူဇာကအစ ကိုဇာနည်နဲ့ အိန္ဒာပါမောင်နှမအားလုံး ကားမောင်း သင်တန်း တက်ဖြစ်ကြ တယ်ပေါ့။

သူတို့အစ်မ သူဇာလို ကားဝယ်ချင်လို့ အချိန်ပိုင်းအလုပ်ရှာကြမယ် တကဲကဲဖြစ်နေကြတဲ့ ညီအစ် ကိုကို ကျွန်မ မနည်း ဟန့်တားရပါတယ်။ ဆယ်ကျော်သက်ကလေးတွေမို့ စိတ်မချတာလည်း ပါတယ်ဆိုပါတော့။ သားလတ်ရွှေစင် ကတော့ သူကျောင်းနဲ့၊ သူ့အချိန်ပိုင်းအလုပ်နဲ့၊ သူ့ကားနဲ့ တည်တည်ငြိမ်ငြိမ် နေတတ်သူမို့ သူ့အတွက် မကြောင့်ကြရပါဘူး။
ဒီလိုနဲ့ ကျွန်မတို့မိသားစုဘ၀လေး ကျိကျိတတ် မချမ်းသာပေမဲ့ အေးအေးချမ်းချမ်းတင့်တင့် တယ်တယ်နဲ့ လူတန်းစေ့ နေနိုင်ကြတာမို့ ငြိမ်းချမ်းတယ်လို့ ဆိုရပါမယ်။ ဦးကျော်ဇောနဲ့လည်း အဆက်အသွယ်မပြတ် ရှိနေပါ တယ်။ ဘယ်လိုဘယ်လို ပြဿနာတွေ ပေါ်လေတယ်မသိဘူး။ မမ တို့ သားအမိနဲ့ တစ်မြို့တည်း ရှိရာက အခု သူ့ရဲ့ညီ "ရွှေလ၀င်း"ရှိတဲ့ အခြားပြည်နယ်ကို ပြောင်းပြီးနေတော့မယ်လို့ တစ်နေ့မှာ ဖုန်းဆက် အကြောင်းကြားလာပါတယ်။

"ရွှေလ၀င်း" က အရှေ့တိုင်း စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ဆိုင် ပိုင်တာမို့ သူ့ဆီက အလုပ်အကိုင် စီးပွားရေး ကိစ္စတွေ ကို လေ့လာချင်လို့ ပြောင်းလာတဲ့ အကြော်ငးလည်း ပြောပြတာနဲ့ ကျွန်မလည်း "အင်း" လိုက် ရင်း သူပြောသမျှကို နားထောင်နေလိုက်တယ်ပေါ့။
တစ်ဦး နဲ့တစ်ဦး ဝေးကွာသွားပြီး ဆိုတော့လည်း သူ့ပြဿနာ၊ သူ့ရည်မှန်းချက်တွေက ကိုယ်နဲ့ မဆိုင်လေတော့ ဘူး မဟုတ်လားနော်။ ထားရှိခဲ့ဖူးတဲ့ မေတ္တာနဲ့ ကျေးဇူးတရားကို ထောက်ထားတဲ့ အနေနဲ့သာ အကောင်း ဆုံးစေတနာ ထားချက်တွေကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်တာ ကျွန်မ နားလည် လက်ခံထားမိ ပါတယ်။
ပြောင်းလဲ တဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လူ့စိတ်ဆိုတာလည်း ပြောင်းလဲ စေတတ်တယ် တဲ့။
တရားဝင် ကွာရှင်းပြတ်စဲခြင်းလည်း မရှိ။ အတူနေထိုင်ခြင်းလည်း မရှိပါဘဲနဲ့ တယ်လီဖုန်းနဲ့ အမြဲ တမ်း ဆက်သွယ်နေ တတ် တဲ့ သူတစ်ဦးကို ကျွန်မဘယ်လို တံဆိပ်ကပ်ပြီး အသိအမှတ်ပြုရမလဲ ဆိုတာ တွေးရ ခက်နေ ပါ တော့ တယ်။

ဆက်ရန်
.

No comments: