Wednesday, January 30, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၇)

အခက်အခဲဆိုတာမျိုးက ဘယ်အရပ်၊ ဘယ်နေရာမှာပဲနေနေ ကြုံကြရမှာချည်းပါပဲ။ အခက်အခဲဆိုတာ အချိန် တန်ရင်လည်း ပြီးသွားစမြဲမို့ ရှေ့ကိုချက်ချင်းလက်လင်းခြေတစ် လှမ်းမတိုးနိုင်သေးတဲ့ တိုင်အောင် တစ်လက်မ ချင်း တိုးလို့ရလည်း တိုးရမှာပဲ ဆိုတဲ့ဇွဲနဲ့ ကျွန်မရဲ့ရှေ့လာမဲ့ဘ၀ အခြေချနိုင် ဖို့ ပြင်ဆင် ရပြီဆိုပါတော့လေ။ ကို ဆက်ဖတ်ရန် ...

အပိုင်း (၃၉)

စိတ်ကူးအိပ်မက်ဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်ခြင်းပါပဲ။ Blue Printနဲ့ မြေကြီးပေါ်မှာ အုတ်မြစ်ချနိုင် ဖို့ကျတော့ စိတ်ကူးယဉ်ရုံနဲ့မရဘဲ တကယ်ကိုယ်ထိလက်ရောက်လှုပ်ရှားမှုပြမှပဲ အကောင်အထည် ရုပ်လုံး ပေါ်လာ မှာပေါ့နော်။ ဒါကြောင့် ပညာရှင် GOETHEက ကိုယ့်ရဲ့ ရည်မှန်း ချက်အောင်မြင်ဖို့အတွက် စတင် လှုပ်ရှားဖြစ်ဖို့က အဓိကအရေးကြီးဆုံး ကဏ္ဍတစ်ခုပါတဲ့။ စိတ် ကူးကနေ ကိုယ်တွေ့စတင် လှုပ်ရှားမှုတွေကြောင့် ကမ္ဘာရဲ့ဖြစ်ရပ်အထွေထွေပြောင်းလဲ ရသလိုပဲ ကိုယ့်ဘ၀ရဲ့ အပြောင်းအလဲတစ်ခုအတွက် ကျွန်မစတင် လှုပ်ရှားကြည့်ရပေမယ်ပေါ့။
ဒါကြောင့်ရောက်ရှိနေတဲ့ နေရာအစိမ်းတစ်ခုအကြောင်း သိရအောင် လေ့လာကြည့်မယ်လို့ စိတ်ကူးမိပါတယ်။ ကိုယ်အခြေချမဲ့ အရပ်ဒေသရဲ့ လမ်းတွေလည်း သိထားဦးမှ၊ အရာရာကို သူတစ် ပါးအားကိုးနဲ့ချည်း နေဖို့ အဖြစ်သေး ဘူးလေ။ ခြေတစ်လှမ်းမတိုးနိုင်သေးရင်တောင်တစ်လက်မ လောက်တိုးလို့ရလည်း တိုးကြည့်ရမှာပဲ ဆိုတဲ့ခံယူချက် နဲ့ တစ်ည်နေ သမီးယမင်းအလုပ်က ပြန်လာတော့ "မာမီ့ကို သမီးရဲ့ကား ခဏငှားကွာ"လို့ သွားပြော ရပါတယ်။

ယမင်း မှာ ကျောင်းလည်းတက်ရင်း၊ အလုပ်အချိန်ပိုင်း လုပ်ရင်းသွားရေးလာရေးအတွက် လိုအပ်တာမို့ သူ့ဝင်ငွေလေး နဲ့ သူ့ဟာသူ စုဆောင်းပြီး ၀ယ်ထားတဲ့ တိုယိုတာ Mark II ဆိုတဲ့ ကားလေးတစ်စီး ရှိပါတယ်။ အမေရိကား မှာက ကားဆိုတာ ဇိမ်ခံပစ္စည်းအဖြစ်ထက် ကိုယ့်ခြေထောက်ကဲ့သို့ အားကိုးရာမရှိမဖြစ် လိုအပ်ပစ္စည်း တစ်ခုလို ဖြစ်နေတာပါ။ တစ်နေရာတစ်နေရာက အဝေးကြီးရယ်၊ လမ်းလျှောက် သွားလို့ရ တဲ့ နေရာတွေ မဟုတ်ဘူးလေ။

မြို့တော်ကြီးတွေဖြစ်တဲ့ နယူးယောက်တို့၊ ၀ါရှင်တန်တို့၊ လော့စ်အိမ်ဂျလိစ္စတိုက၊ စန်ဖရန် စစ္စကိုတို့၊ မာယာမီ၊ ရှိကာကို စတဲ့နေရာတွေမှာက ပြည်သူလူထုသုံး ခရီးဆက်သွယ်ရေး တွေကအလွန်ကို လွယ်ကူတာပါ။ Metroခေါ်တဲ့ မြေအောက်မြေပေါ် တစ်မိနစ်တစ်ခါ လောက်ထွက်နေတဲ့ မီးရထား စီးမလား၊ ဘတ်စ်ကား စီးမလား၊ တက္ကစီခေါ်ချင်ရင်လည်း လမ်းပေါ်မှာ မွစိကြဲပြေးနေတဲ့ ကားကိုလက်တားခေါ်စီးလိုက်ရုံပါပဲ။ သားတို့နေ တဲ့ သန္တာ စမ်းကမြို့သစ်တည်ထားတာ သိပ်ကြာသေးတာ မဟုတ်ဘူး။ မြို့သစ်မို့လို့ စနစ်တကျနဲ့ ဆေးရုံကောင်း၊ ကျောင်းကောင်းတွေရှိတာ မှန်ပါရဲ့။ ဒါကြောင့်လည်း သားကဖလော်ရီဒါ ကိုအလုပ်ပြောင်း ရလို့ နေဖို့မြို့ရွေးတဲ့အခါမှာ ကလေးတွေအတွက် အဓိက အရေးကြီး ဆုံး ဖြစ်တဲ့ကျောင်းကောင်းကောင်း ရှိတဲ့နေရာနဲ့ ဆေး၇ုံကောင်းရှိတဲ့နေရာကို ရွေးခဲ့တာပါ။

ဒါပေမဲ့ မာယာမီလို မြို့ကြီးမဟုတ်လို့ အများပြည်သူသုံး ခရီးလမ်းဆက်သွယ်ရေးက မပြည့်စုံပါဘူး။ လူလတ်တန်းစား လူငယ်လူရွယ်တွေ နေတဲ့နေရာ ဆိုတော့လည်း ကိုယ် ပိုင်ကားအားကိုးနဲ့ သွားလာတာ များတာကြောင့် ပြည်သူသုံးဘတ်စ်ကားကို အားကိုးမပြု ကြတာလည်းပါတယ် ထင်ပါရဲ့။ ဘတ်စ်ကားက နာရီဝက်မှ တစ်စီးလာတာမို့ ကိုယ်ပိုင်ကား မရှိတဲ့သူမျိုးလောက်အတွက်ပဲ အသုံးချစရာဖြစ်နေပါတော့တယ်။ ဒီတော့ အားမထား လောက်တဲ့ဘတ်စ်ကားကို စဉ်းစားတဲ့အထဲ မထည့်တော့ဘဲ ကိုယ်ပိုင်ကားနဲ့ သွား လာနိုင် ရေးအတွက်လမ်းတွေ သိဖို့ လိုအပ်တယ်လို့ ဆင်ခြင်ပြီး ပြင်ဆင်မိတာပါ။
ယမင်းအလုပ် က ပြန်ရောက်လာတဲ့အချိန်ဆိုတော့လည်း နေ၀င်မိုးချုပ်ဖြစ်နေပြီပေါ့။ ကျွန်မ နဲ့ဘယ်သူ အဖော်လိုက်ကြမလဲ မေးလိုက်တာနဲ့ အပျော်လိုက်ပြီး ကားစီးကြမဲ့အဖွဲ့က မနည်းမနော်။ သမီးထွေးသူဇာ၊ သားငယ်အိန္ဒာနဲ့ မေးသုံးယောက် အပါအ၀င်ဆိုတော့ တစ်အုပ်ကြီးဖြစ်ပါလေရော။ ကားထွက်တာနဲ့ ဆူညံလို့ ကလေးတွေ တစ်ယောက်တစ် ပေါက်ပြောကြရယ်ကြ၊ ပွဲကိုစည်လိုက။ ကျွန်မလည်းခပ်တည်တည်နဲ့ အမေရိကားမြေပေါ် မှာပထမဦးဆုံးစပြီးမောင်းရတာမို့ နည်းနည်းတော့ရင်အဖိုချင်သား...။

"အံမယ်...ဘာဖြစ်သေးလဲ။ မြန်မာပြည်က လမ်းလည်း လမ်းပဲ၊ အမေရိကားလမ်းကရော ဘာနဲ့ခင်း ထားတာမှတ်လို့၊ ကတ္တရားလမ်းချင်းအတူတူ ဘာမှုရမှာလဲ"နဲ့ ကိုယ့်ဟာကိုယ် အားပေးပြီးမောင်းလေတယ်ပေါ့။ သန္တာစမ်း က မြို့လယ်လမ်းမကြီးဖြစ်တဲ့ Sampleလမ်း ပေါ်မှာတည့်တည့်ကြီး မောင်းသွားရင်း လမ်းဘေး ၀ဲယာက အမှတ်အသားတွေကိုလည်း ဂရုထားကြည့်ပြီး မှတ်ထားရပါသေးတယ်။ သိပ်မကြာဘူး၊ ကျွန်မကား နဲ့နောက်မှာ ရဲကား ကမီးတဖျပ်ဖျပ်လင်းပြီး ပါလာတာကို နောက်ကြည့်မှန်ထဲမှာ မြင်မိသားပဲ။ ရုပ်ရှင်တွေထဲ မှာ ဒါမျိုး မြင်ဖူးထားတာမို့ "သြော်...ဒါရဲကားကိုး"လို့ သဘောပေါက်မိပါရ့။ အဲလို မီးတ ဖျပ်ဖျပ် နဲ့အချက်ပြနေတာဟာ ကျွန်မနဲ့သက်ဆိုင်ပြီး ရပ်ပေးရမယ်ဆိုတာကို နားမလည် တော့ရပ်ရကောင်းမှန်းမသိဘဲ ဆက်ပြီးမောင်းမြဲမောင်းနေ လိုက်တာပေါ့။

ခဏကြာတော့ ရဲကားက ကျွန်မရှေ့ကန့်လန့်ဝင်ထိုးလိုက်ပြီး လက်ပြရပ်ခိုင်းပါတယ်။ ဒီတော့မှ ဘာကိစ္စပါလိမ့် ဆိုတဲ့ အတွေးနဲ့ ကျွန်မကားကိုရပ်လိုက်ရပါတယ်။ ရဲအရာရှိက ကားထဲက ဆင်းလာပြီး ကျွန်မဘေးကို လာရပ်ရင်း...
"ခင်ဗျား ကို ကားရပ်ဖို့အချက်ပြနေတာ ဘာဖြစ်လို့ မရပ်တာလဲ"နဲ့ ယဉ်ယဉ်ကျေးကျေးပဲ မေးပါတယ်။
"ဟင်... ဟုတ်လား၊ မီးတွေလက်နေတာတော့ ကျွန်မမြင်သားပဲ၊ အဲဒါရပ်ရမယ်လို့မှ မသိ ဘဲ၊ ဒါကြောင့် ဆက်ပြီး မောင်းနေမိတာ၊ Sorryပဲရှင်"လို့ ပြောတော့...
ဘယ်ကရောက်နေ တဲ့ တောသူမကို လာတွေ့နေရလဲဆိုတဲ့ ပုံစံမျိုးနဲ့ ခပ်ပြုံးပြုံးကိုဖြစ်လို့..
"ကျေးဇူးပြုပြီး ခင်ဗျား ရဲ့ ကားမောင်းလိုင်စင်ကို ကြည့်ပါရစေ"တဲ့။

"ရပါတယ်၊ ဒီမှာ"လို့ ကျွန်မလည်း ပိုက်ဆံအိတ်ထဲက ထုတ်ပြီးပြလိုက် တာပေါ့။ မြန်မာ ပြည်က ထွက်မလာခင် ကတည်းက အမေရိကားရောက်ရင် ကားမောင်းနိုင်ဖို့ International လိုင်စင်ကို တစ်ခါတည်း အပါယူ လာပြီးသားပါ။ လိုင်စင်ကိုကြည့်ပြီး...
"ခင်ဗျား ဒီကို လာလည်တာလား"တဲ့။
"မဟုတ် ပါဘူး၊ ကျွန်မငါးနှစ်လောက်နေမယ် စိတ်ကူးပြီး လာခဲ့တာပါ"
"ဒါဆိုရင် ဒီလိုင်စင် နဲ့ မောင်းလို့မရဘူး၊ ဖလော်ရီဒါပြည်နယ်လိုင်စင်ကို သွားယူပါ၊ အခု လည်းခင်ဗျားမြို့ထဲမှာ Beam Lightကြီး နဲ့ မောင်းနေတာ၊ ဒါကြောင့်ကျွန်တော်က အချက်ပြရပ်ခိုင်းတာ၊ မြို့ထဲမှာ Beam Lightနဲ့ မောင်းခွင့် မရှိပါဘူး"တဲ့။
"သြော်...ဟုတ်လား၊ ကျွန်မမသိလို့ Sorryပဲ"လို့ ဒုတိယမ္ပီ ဆောရီးလည်း ပြောပြီးရာ..
"ရပါတယ်" တဲ့။ သူ့ကားဆီ ပြန်သွားလေရဲ့။

သူက Beam Lightနဲ့ မမောင်းရဘူးဆိုတော့ အဲဒီ Beam Lightကိုပြောင်းဖို့ ခလုတ်ရှာ ကြည့်တော့ ရှာမရဘူး၊ ကိုယ်မောင်းနေ ကျကားလည်း မဟုတ်တော့ ဘယ်ပစ္စည်းက ဘယ် နေရာဆိုတဲ့ ကားအထာကိုလည်း မသိ ဘူးပေါ့။ ဟိုနှိပ်ဒီနှိပ် လျှောက်နှိပ်ကြည့်ပြီး ရှာမရ တော့လည်းရဲအရာရှိကို လှမ်းကြည့်မိပါတယ်။ သူကလည်း ကားထဲရောက်ပြီး လို့ ဘီး တောင်လိမ့်စပြုနေပါပြီ။ မတတ်နိုင်ဘူး။ သူ့ကိုပဲ ဟွန်းနှစ်ချက်လောက် ဆက်တီးပြီး ခေါ် လိုက် ရတာပဲ။ ကျွန်မရဲ့ဟွန်းသံကို ကြားတော့ ထွက်နေဆဲကားကို ရပ်ပြီး ဆင်းလာပါ တယ်။
Now! What! ဆိုတဲ့ပုံစံ မျက်နှာပေးနဲ့လေ။
"ဒီမှာ ရှင့်ကို ဒုက္ခပေးရတာ Sorry ပဲနော်၊ Beam Lightကိုပြောင်းဖို့ ခလုတ်ရှာမရလို့ ကျွန်မကိုပြစမ်း ပါဦး"ဆိုတော့...
"ဒါ ခင်ဗျားရဲ့ကား မဟုတ်ဘူးလား"တဲ့။

"မဟုတ်ဘူး၊ ကျွန်မသမီးရဲ့ကားကို ငှားလာတာ၊ လမ်းတွေသိအောင် လေ့လာချင်လို့"
"ခင်ဗျားရောက်တာ ဘယ်လောက်ကြာပြီလဲ"
"တစ်ပတ် ရှိပြီ"
ဒီတော့ သူကကျွန်မကိုကြည့်ပြီး ရယ်ရင်း"ကဲ...ဒီမှာ ကျေးဇူးပြုပြီး ခင်ဗျားကို တိုက်တွန်း ပါရစေ၊ ဒီနေရာကနေ အိမ်ကိုပြန်ရင်ကောင်းမယ် ထင်ပါတယ်၊ ခင်ဗျားနေရာကိုလည်း မကျွမ်းဘူး၊ ကားအကြောင်းကိုလည်း ဘာတစ်ခု မှ မသိဘူး၊ အမေရိကားက ယာဉ်မောင်း ဥပဒေတွေကိုလည်း မသိဘူး၊ နောက်ပြီးခင်ဗျားကားနဲ့အပြည့် ကလေးတွေ လည်း ပါလာသေးတယ်၊ အန္တရာယ်များလွန်းပါတယ်ခင်ဗျာ၊ ဖလော်ရီဒါ လိုင်စင်သွားဖြေပြီးမှပဲ ကားမောင်း ဖို့ အကြံပြုပါရစေ။ ကျွန်တော်ပြောတာကို လက်ခံပါ"ဆိုပြီး ကျွန်မကို Beam Lightပြောင်းရမယ့် ခလုတ်ပြပေး ရင်း Good Luckလို့ နှုတ်ဆက်သွားလရဲ့။

ကျွန်မအဖြစ်ကလည်း ကြည့်ပါဦး၊ ရဲအရာရှိကို သုံးခါလောက် "ဆောရီး"လိုက်ရပြီးမှ ဘယ် ခရီးမှမပေါက် ဘဲ ပြန်ရောက်လာခဲ့ရတာမို့ စိတ်ထဲမှာမချင့်မရဲဖြစ်မိပါတယ်။ "အေးလေ၊ ဘယ်တတ်နိုင်မလဲ၊ ကိုယ် လိုချင်တာ ဖြစ်ဖို့ကြိုးစားရသလို အချိန်အခါကိုလည်း စောင့်ရ တတ်တာပဲမဟုတ်လားနော်" ဒီလိုပဲတွေးပြီး စိတ်ကိုဖြေလိုက် ရတယ်ပေါ့။ ရဲအရာရှိပြောသ လိုဖလော်ရီဒါလိုင်စင် ရယူဖို့ အတွက် ချွေးမဘော်ဘီ ကို မေးကြည့်တော့ ပထမဦးဆုံး ရေး ဖြေစာမေးပွဲ ဖြေရမှာတဲ့။ အဲဒီအတွက် ဖလော်ရီဒါ ယာဉ်မောင်း လိုင်စင်ရုံးက ပြဋ္ဌာန်းထား တဲ့ လမ်းညွှန်စာအုပ်ကလေးကို လေ့လာဖို့ယူလာပေးပါတယ်။
စာအုပ်ကလေး ကို ဖတ်ကြည့်တော့ ယာဉ်မောင်းစည်းကမ်း ဥပဒေတွေနဲ့အတူ လမ်းမှာပြ ထားတဲ့ Road Signတွေ ကိုလည်း အသေးစိတ်ဖော်ပြထားတာ မို့ သေသေချာချာ နားလည် အောင်မှတ်သား ရပါတယ်။ ရေးဖြေ အောင်ပြီဆိုကာမှ နောက်တစ်ဆင့် ရဲအရာရှိကိုဘေး ထိုင်ခုံမှာ ထားပြီး လက်တွေ့မောင်းပြ ရပါဦးမယ်။ အဲဒီနှစ်ခုစလုံး စစ်ဆေးတာအောင်မှ လိုင်စင်ထုတ်ပေးတာတဲ့လေ။
လိုင်စင်မဖြေခင် မှာလည်း ပြဿနာတစ်ခုက ရှိပါသေးတယ်။

ကျွန်မတို့ မြန်မာပြည်မှာ ကျွမ်းဝင်ပြီး မောင်းလာခဲ့တဲ့ ကားတွေက Shiftဂီယာတွေနဲ့ မဟုတ်လားနော်။ ဒီက အမေရိကန်လုပ် ကားတော်တော်များမျာက Automatic ဂီယာတွေနဲ့မို့ အဲဒီကားမျိုး ကို မောင်းတတ်ဖို့ ချွေးမဘော်ဘီကိုပဲ သင်ပြလေ့ကျင့်ခိုင်းရပါတယ်။ ဒီလိုနဲ့ Automatic ဂီယာကို ကျွမ်းဝင် ကျင်လည် သွားတော့မှ ဘော်ဘီက လိုင်စင်ရုံးကို လိုက်ပို့ပေးတယ်ပေါ့။
ရေးဖြေမှာက ကားမောင်းဆိုင်ရာ ဥပဒေမေးခွန်းနှစ်ဆယ်နဲ့ လမ်းညွှန်စည်းကမ်း ဆိုင်းဘုတ် ငါးခု အပါအ၀င်မေးခွန်း နှစ်ဆယ့် ငါးခု ရှိပါတယ်။ အဲဒီအထဲက တစ်ဆယ့်ငါးခု မှန်အောင်ဖြေနိုင်ရင် စားမေးပွဲအောင် တာပါပဲ။ ရေးဖြေဆိုပေမဲ့ Yes, Noဆိုတာ ကွက်လပ် ဖြေရတဲ့ Multiple Choice ဆိုတော့ မခဲယဉ်းလှဘူးပေါ့။  ဒါပေမဲ့ မေးခွန်းတွေ က လွယ်မ ယောင်နဲ့ အနီးစပ်လှည့်ကွက်ကလေးတွေ မျက်စိလည်အောင် ထည့်ပေးထားတာ မို့ ယာဉ်မောင်းစည်းကမ်း ဥပဒေကိုတကယ်နားမလည်ရင်တော့ အောင်ဖို့ မလွယ်ပါဘူး။ တချို့တွေ တစ်ခါ မက သုံးလေးခါ ဖြေရတဲ့သူတွေတောင် ရှိတယ်တဲ့။ ဘယ်နှခါသွားဖြေ ဖြေဖြေလို့ရပါတယ်။ တစ်ခါဖြေ ရင် ဟိုအချိန်တုန်းကတော့ သုံးဒေါ်လာ ပေးရတာမို့ မများ လှပါဘူး။

အများအားဖြင့်တော့ ရေးဖြေကို တစ်ခါတည်းအောင်တတ်ကြပြီး လက်တွေ့မောင်းပြရတဲ့ အခါကျမှ စားမေးပွဲအကျများကြတာတဲ့။ ကိုယ်ဘေးမှာ ရဲအရာရှိကထိုင်ပြီး သူလမ်းညွှန်တဲ့ အတိုင်းကိုယ်က လိုက်ပြီးမောင်းပြ ရတာလေ။ ဘယ်ချိုး ညာချိုးဆိုရင်လည်း မီးအချက်ပြ ခလုတ်ကိုနှိပ်ပါမှ။ နောက်ပြီး ဒီမှာက ကားလမ်းတွေ က အကျယ်ကြီးတွေရယ်။ မီးအချက် ပြခလုတ်ကိုနှိပ်ပါမှ။ နောက်ပြီး ဒီမှာက ကားလမ်းတွေက အကျယ်ကြီးတွေ ရယ်။ အသွား သုံးလိုင်း၊ အပြန်သုံးလိုင်း ခြောက်လိုင်းရှိတာက ခပ်များများ။ တချို့နေရာတွေမှာ တစ်ဖက် လေးလိုင်း စီတာင်ရှိသေးတာမို့ လိုင်းကူးမယ်ဆိုရင်လည်း မီးအချက်ပြထားဖို့ မမေ့ပါဦးမှ ဖြစ်တာ။

ယာဉ်ထိန်းမီးမရှိတဲ့ နေရာတွေမှာ Stop Sign ဆိုတဲ့ "ရပ်ပါ"ဆိုင်းဘုတ်တွေကလည်း မြန်မာပြည်က ကွမ်းယာဆိုင်တွေထက် မျာသေးတယ်။ အဲဒီမှာ ဘရိတ်ကလေး တို့ရုံတို့ ပြီးလုပ်လို့ရတာမဟုတ်ဘူး။ တကယ့် ကို လေးဘီးစလုံး Complete Stopလုံးဝရပ်ရတာ၊ စိတ်ထဲကနေ တစ်က တစ်ဆယ်အထိ ရွတ်ပြီးမှ ထွက်ရမှာ တဲ့။ ယာဉ်ထိန်းအချက်ပြ မီးနီး မီးစိမ်းတွေကလည်း မြန်မာပြည်မှာလို နိမ့်နိမ့်လေးမဟုတ်ဘဲ တာဝတိံသာမှာ တက်ချိန် ထားတာမျိုးဆိုတော့ အဲဒါကိုလည်း သတိထားကြည့်ရပါသေးတယ်။ ကျွန်မ တို့ မြန်မာ ပြည်မှာ မီးဝါ ကိုဖြတ်ခွင့်မပြုပေမဲ့ ဒီမှာဖြတ်ခွင့်ရှိပါတယ်။
အမေရိကားမှာ ကားမောင်းရင် ခါးပတ်ပတ်ကြရတယ်။ ခါးပတ်မတ်ရင် ဒဏ်ငွေ ဆောင်ရ တာမို့လူတိုင်း ကားပေါ်ရောက်တာနဲ့ ခါးပတ်ပတ်ဖြစ်ဖို့လည်း သတိထားရပါသေးတယ်။ တစ်ခါက မြန်မာမိတ်ဆွေ တစ်ဦးက သူ့ အတွေ့အကြုံကို ပြောပြလို့ ရယ်ရပါရဲ့။ မြန်မာ ပြည်မှာ ခါးပတ်ပတ်မောင်းလေ့မရှိတာ သူလည်း မသိဘူးပေါ့။ ကားလိုင်စင်သွးဖြေတော့ ဘေးကရဲအရာရှိက ခါးပတ်ပတ်ခိုင်းတော့ ခါးပတ်ကို ဘယ်မှာချိတ်ရမလဲ စဉ်းစား ရတာ၊ ခလုတ်နေရာ ရှာမတွေ့လို့ ပခုံးကနေရင်မှာသိုင်းပြီး ခါးဘေးမှာချိတ်ရမဲ့အစား အနီးဆုံး လည်ပင်း မှာ သွားပတ်လိုက်တာ တစ်ချီတည်း စာမေးပွဲကျရောတဲ့။ ကျွန်တော်လည်း ကံကောင်းလို့ ကြိုးဆွဲချပြီး သား မသာမဖြစ်တာ တဲ့လေ။

ပြည်ပက လာသူတွေအဖို့ ကိုယ့်နဲ့မယဉ်ပါးတဲ့ ကိစ္စတွေက အများသားမဟုတ်လားနော်။ တစ်ခါက တက္ကစီကို က လာတဲ့သူတစ်ယောက် မီးပွိုင့်က မျဉ်းကြားမှာ ကားတွေလာတုန်း အတင်းဖြတ်ပြေး တာ တွေ့တော့ရဲကဖမ်းပြီး "ဟောဟိုမှာ Don't Walk ဆိုတဲ့ ဆိုင်းဘုတ် ပြထားတယ်၊ မမြင်ဘူးလား၊ ခင်ဗျားဘာဖြစ် လို့ ဖြတ်ရတာလဲ"လို့ မေးတဲ့အခါ...
"ဟုတ်ကဲ့ ကျွန်တော်မြင်ပါတယ်၊ Don't Walkလမ်းမလျှောက်နဲ့ ဆိုထားတာမို့ လမ်းမ လျှောက် ဘဲ ပြေးဖြတ်တာပါ"လို့ ပြန်ရှင်းပြတယ်တဲ့။ သူ့ခမျာ အပြေးကောင်းလို့သာ ကားအောက်ရောက်ပြီး ပွဲချင်းမပြီး ရှာတာ။ အဲဒီလိုနားလည်မှု လွဲမှားတာမျိုးက ရှိပါသေး တယ်။
 ကျွန်မအနေ နဲ့ လမ်းပေါ်မှာမောင်းပြရတာက ပြဿနာမဟုတ်ပါဘူး။ မြန်မာပြည်မှာက တည်းကကျင့်သားရနေပြီးသားပဲဟာ။ ဒီမှာဒီကားတွေက များပြားလွန်းပြီး ရေစီးသလို အဆက်မပြတ်သွားနေတဲ့ ယာဉ်ကြောထဲမှာ မောင်းရမှာ မ၀ံ့မရဲဖြစ်စရာကြီးလို့ အစက ထင်ထားမိတာပါ။ လက်တွေ့မောင်းကြည့်တော့ ကားတွေများပေမဲ့ သူ့လမ်းနဲ့သူ ယာဉ် စည်းကမ်းအတိုင်းလိုက်နာပြီး မန္တလေးမြို့  မှာ မောင်းထား ဖူးရင်တော့ တော်ရုံအနေအ ထားလောက်များ အားငယ်စိတ်ဝင်စရာမရှိပါဘူး။ မန္တလေးမှာက လမ်းကကျဉ်း ရတဲ့အထဲ မြင်းလှည်း ကိုရှောင်ရ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ ရှောင်ရတဲ့အပြင် လမ်းမပေါ် တက် အိပ်နေ တဲ့ ခွေးလေခွေးလွင့်တွေကအစ ရှောင်ရတာမျိုးပါ။

ဒီမှာတော့ သူ့လမ်းနဲ့သူ၊ စက်ဘီးသမားကလည်း စက်ဘီးလမ်းပေးမှာ စီးရတာ။ ကားလမ်းပေါ် တက်စီးရင် ကားတွေကရေစီး သလို ဆက်တိုက်လာနေကြတာမို့ ပွဲချင်းပြီး သေနိုင်သလို မသေလို့ရဲနဲတိုးရင်လည်း ဖမ်းပြီး ဒဏ်ငွေဆောင်ရ၊ ရုံးတတ်ရ ပြဿနာများ တာမို့စက်ဘီးသမားကလည်း စည်းကမ်းကိုရိုသေလိုက်နာပြီး သူ့လမ်းပေး မှာပဲ သူနေတာ ပါ။ခွေးလေခွေးလင့်ဆိုတာလည်း လုံးဝမရှိပါဘူး။ ခွေးမွေါ်ရင် မှတ်ပုံတင် ရပါတယ်။ ခွေးရဲ့ လည်ပင်းကော်လာမှာ မှတ်ပုံတင်နံပါတ်၊ ခွေးရှင်ရဲ့အမည်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်က အစ အကုန်ပြည့်စုံအောင်ရေးပြီး ချိတ်ထားရတာပါ။ ခွေးကိုအိမ်ပြင်ထုတ် လမ်းလျှောက်ရင် လည်းခွေးရှင် ပါရုံမကသေးဘူး။ ကြိုးချည်ထားရတာမို့ ခွေးလေခွေးလွင့်လည်း ရှောင်ရှားစ ရာမလိုဘူးပေါ့။
ယာဉ်မောင်းစည်းကမ်းကို လိုက်နာပြီးမောင်းလို့ကတော့ တိုက်ခိုက်မှုဖြစ်ခဲပါတယ်။ အခန့် မသင့်လို့တစ်ဖက်မှာ စည်းကမ်းမရိုသေသူမျိုးနဲ့ ကံဆိုးမိုးမှောင်ကျပြီး တိုးမိရင်တော့ လည်းကြမ္မာဆိုးရဲ့ဒဏ်ကိုခံရမှာပါပဲ။ ကံကောင်းထောက်မနေ သမျှ ကိုယ့်ဘက်ကလည်း စည်းကမ်းရိုသေ လိုက်နာနေသမျှမှာတော့ မိုင် ၆၀၊ ၇၀ပေးထား တဲ့ အဝေးပြေးလမ်းပေါ်မှာ ကားပေါင်းရာထောင်ချီ မောင်းနေလို့လည်း အန္တရာယ်ကင်းနိုင်ပါတယ်။

ဒါကြောင့်မြို့ထဲ မှာ မောင်းပြရတာအတွက် ရှောရှောရှူရှူဖြစ်သွားပေမဲ့ နောက်ဆုံးထား လုပ်ပြရတဲ့ Parallel parking မျဉ်းပြိုင်ရပ်ပြရတာကျတော့ ဇောချွေးကိုပြန်သွားတော့တာပါ ပဲ။ ကျွန်မကကားမောင်းလိုင်စင်ကို စနစ်တကျမောင်းပြပြီး ရလာခဲ့ တာမဟုတ်ဘူး။ အခါသ မယကလည်း ဒုတိယစစ်ကြီးပြီးခါစ အုပ်ချုပ်မှုတွေစခါစ အချိန် ဆိုတော့ သိပ်ပြီးတိတိကျ ကျမရှိသေးဘူးလေ။
ရဲဝန်ထောက် အန်ကယ်ဦးဘခက်ဆီ သွားပြီး "ကိုကြီးက ကားမောင်းသင်ပေးမှာတဲ့ အန် ကယ်၊ အဲဒါ ခင်မကြီးကို ကားမောင်းလိုင်စင် လုပ်ပေးပါဦး"လို့ ပြောလိုက်တာနဲ့ လိုင်စင် တစ်ခါတည်းရလာတာမို့ ကိုကြီး သင်ပေးတဲ့အတိုင်း လမ်းပေးမှာတော့ ဖြောင့်အောင် မောင်းတတ်ပါရဲ့။ ဒါပေမဲ့ အခုလိုကားတစ်စီးစာလေး ၀င်သာရုံနေရာလေး မှာ ထောင့်လေး ထောင့်ကတိုင်လေးတိုင် စိုက်ထားပြီး အချိုးကျကျဝင်နိုင်အောင် သွင်းပြဖို့ ကျတော့ ကျွန်မ မှာဇောချွေးတွေပြန်အောင် ဖြစ်ရတော့တာပေါ့။ နှလုံးတုန် ရင်ခုန်၊ ခြေဖျား လက်ဖျားတွေ အေးတဲ့ထိ ထိတ်လန့်ပြီး မနည်းကြိုးစားပမ်းစားနဲ့ ကားကိုတစ်လိမ့်ချင်း သွင်းပါမှအချိုးမ ကျတကျ နဲ့ တိုင်လေးတိုင်ကြားထဲ ၀င်သွားပေတော့တယ်။ အဝေးက ရပ်ကြည့်နေတဲ့ ချွေး မဘော်ဘီက သြဘာပေးတဲ့ အနေနဲ့ သူ့လက်မနဲ့ လက်ညှိုးလေးနဲ့ ၀လုံးပုံ လုပ်ပြီးကျွန်မ ကိုထောင်ပြနေ လို့ နှလုံးတုန်းရင်ခုန်ကြားထဲက ပြုံးရပါသေးတယ်။

ဒီလိုနဲ့ စာမေးပွဲတော့ အောင်သွားလေရဲ့။ ရေးဖြေစာမေးပွဲအပြီး ကိုယ်တိုင်မောင်းမပြရ ခင်မှာမျက်စိကောင်း၊ မကောင်း လည်း စစ်ဆေးပါသေးတယ်။ ဒီသုံးခုစလုံးကို အောင်ပြီဆို တော့မှကျသင့်ငွေ ဆယ်ဒေါ်လာ သွင်းပြီး ကားလိုင်စင်ကတ်ပြားရဖို့ ဓာတ်ပုံရိုက်ရပါတယ်။ ဓာတ်ပုံမရိုက်ခင်မှာလည်း ကိုယ်ရေးမှတ်တမ်းအစုံပါတဲ့ ပုံစံစာရွက် ကိုဖြည့်ရသေးတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ဒီမှာကာင်းမောင်း လိုင်စင်ကတ်ပြား က မြန်မာပြည်မှာကိုင်ရတဲ့ မှတ်ပုံ တင်ကတ်ပြားကဲ့သို့ လိုအပ်ရင်ပြရတဲ့ အဓိကအထောက်အထားအဖြစ် သုံးကြ လို့ပါပဲ။
ဓာတ်ပုံမရိုက် ခင် ဖြည့်ရတဲ့ပုံစံစာရွက်ထဲမှာ ကိုယ့်ရဲ့ကိုယ်ရေးမှတ်တမ်းအပြင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ကို လှူ လိုပါက တစ်ခါတည်းပုံစံတစ်ခုပါ ဖြည့်ရသေးတယ်။ အဲဒါပြီးမှ ဓာတ်ပုံရိုက်ဖို့ သတ်မှတ်ထားတဲ့ခုံမှာ သွားထိုင် လိုက်ရုံပါပဲ။

တာဝန်ကျသူကကင်မရာ ခလုတ်ကလေး တစ်ချက်နှိပ်လိုက်တာနဲ့ ကိစ္စိကပြီးရော။ ငါးမိနစ်လောက်ကြာတော့ ကိုယ့် လက်ထဲမှာအနံနှစ်လက်မ၊ အလျားသုံးလက်မပဲ ရှိတဲ့ပလတ်စတစ်လောင်းထားတဲ့ ကားလိုင်စင် ကတ်ပြားလေး အပ်လိုက်တာပါပဲ။ မှတ်ပု့တင်ကတ်ပြားအဖြစ် အထောက်အ ထားစုံအောင်လည်း အဲဒီပိစီကွေး ကတ်ပြားလေး ထဲမှာ အကုန်အစုံပါအောင်ထည့်ထားပြီး သားနော်။ ဖလော်ရီဒါမြေပုံနဲ့ ပြည်နယ်တံဆိပ်၊ ကျွန်မရဲ့ဓာတ်ပုံ၊ အဲဒီဘေးမှာ နာမည်အ ပြည့်အစုံအပြင်နေရပ်လိပ်စာ၊ မွေးနှစ်နဲ့ မွေးလ၊ မွေးတဲ့ရက်၊ အရပ် ဘယ်နှပေ ဘယ်နှ လက်မှ၊ ဘာလူမျိုး လိုင်စင်အမျိုးအစား၊ လိုင်စင်နံပါတ်၊ ထုတ်ပေးတဲ့နေ့၊ ကုန်ဆုံးတဲ့နေ့၊ ကျွန်မ ရဲ့ထိုးမြဲလက်မှတ်နဲ့တကွ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူထားသူဖြစ်ရင်လည်း Organ Dona r ဆိုတဲ့ စာတန်းလေးတောင် ပါလိုက်သေးတယ်။ ကားလိုင်စင်က မြန်မာပြည်မှာလို နှစ်စဉ်လဲရတာမဟုတ်ဘူး။ ၆နှစ်မှ တစ်ခါပဲ လဲရတာပါ။ အဲဒီလိုင်စင်သက်တမ်းအတွင်းမှာ ဘာဖြစ်မှုမှမရှိခဲ့ရင် စိတ်ချရသူအဖြစ်နဲ့ Safe Driveဆိုတဲ့ စာတန်းလေးတောင် ပါလိုက် သေးရဲ့။

ကားမောင်းလိုင်စင်တို့၊ ကားမှတ်တင်တို့ကျတော့ကိုယ့်မွေးနေ့နဲ့ သတ်မျတ်ထားတာမို့ အထူးပြုပြီး မှတ်သားထား စရာမလိုတော့ဘူးပေါ့။ ကိုယ့်မွေးနေ့ရောက်ခါနီးကျရင် ကားမှတ်ပုံတင် လဲဖို့ တစ်လ အလိုလောက်မှာ မှတ်ပုံတင်ရုံးကသတိပေးစာလွှာလေး စာတိုက်ကပို့လာပါတယ်။ အဲဒီစာအိတ်ထဲမှာ အကယ်၍ ကိုယ်တိုင်ရုံးကို မသွားလိုရင် လွယ်လွယ်နဲ့ ကိစ္စပြီးဖို့ ပုံစံစာရွက်ကလေးနဲ့အတူ လိပ်စာတပ်ပြီးသား စာအိတ် တစ်ခုပါ ထည့်ပေးလိုက်သေးတာနော်။ အချိန်မကုန်၊ အလုပ်မရှုပ်လိုသူအတွက် အဆင်ပြေတဲ့ နည်းလေး တစ်ခုပါပဲ။ ပေးလိုက်တဲ့ပုံစံကိုဖြည့်၊ ကျသင့်ငွေကို ချက်လက်မှတ်မှာရေး၊ အဲဒါ တွေနဲ့ အတူ မော်တော်ကားအာမခံထားတဲ့ စာရွက်ကလေးပါအတူ စာအိတ်ထဲပြန့်ထည့် ပို့ပေးလိုက်ရုံနဲက ကိစ္စပြီးပါတယ်။

အချိန်တန်တော့မှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရွက်အသစ်နဲ့အတူ ကားရဲ့နောက်က နံပါတ်ပြားပေးမှာ ကပ်ဖို့ တစ်လက်မအရွယ်လောက်ရှိတဲ့ ပလတ်စတစ်ပြားလေး နှစ်ခုကို ပါစာတိုက်ကနေပြန်ပို့ပေးလိုက်တာပါပဲ။ ကတ်ပြားလေးနှစ်ခု မှာ တစ်ခုကကိုယ့်ရဲ့မွေးလ၊ နောက်တစ်ုက လိုင်စင်အသစ်လဲရမယ့်နှစ်၊ အဲဒီ ပလတ်စတစ်ပြားလေးကို ကားရဲ့နောက် ကလိုင်စင်ပလိပ်မှာလိုင်စင်ကုန်ဆုံးမဲ့လက ဘယ်ဘက်ထောင့်မှာကပ်၊ ညာဘက် အထက် ထောင့်မှာတော့ ကုန်ဆုံးမဲ့နှစ်ပါကပ်ပေါ့။ သူလည်းတစ်နှစ် တစ်နှစ်အသွေးအရောင် မတူ အောင်ခွဲ ထားပါသေးတယ်။ ဒီနှစ်အနီဆို၊ နောက်နှစ်ကျတော့အစိမ်းလေး၊ နောက်ကနေ လိုင်စင် ပလိပ်ကြည့်လိုက်ရုံနဲ့ လိုင်စင်လဲပြီးသားလား၊ မလဲသေးဘဲရှိနေသေးလားဆိုတာ အဝေးကပင်မြင်နိုင်ပါ၏ ဆိုတဲ့အထဲကမို့ အရောင်နဲ့ခွဲခြားထားတာကောင်ေးသာ စနစ် တစ်ခုပါပဲ။

အမေရိကားမှာ မစွမ်းမသန်သူတွေလည်း ကားမောင်းကြတာပဲ။ သူတို့ကိုယ်သူတို့ ဒုက္ခိတ လို့လည်း သဘောမထားဘူး။ လူတန်းမစေ့ဘူးလို့လည်း အားငယ်စိတ်မ၀င်ကြပါဘူး။ သူတစ်ပါးရဲ့ အကူအညီ ကိုရမှာအလွန်ဝင်လေးတတ်ကြတယ်။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပြီးရပ်တည်ကြပါတယ်။ အဲဒီခြွင်းချက်ရှိသူ များအတွက်အစစအရာရာ လွယ်ကူစေအောင်လည်း ဖန်တီးပေးထားတဲ့ စနစ်ကလေးတွေ ရှိထားတော့အဆင်ပြေလေတယ်ပေါ့။ လူထုသုံး ကားနေရာမှန်သမျှ အ၀င်ဝ နဲ့ အနီးကပ် ဆုံးနေရာမှ ဘီးတပ်လှည်းပုံစံနဲ့ ဆိုင်းဘုတ်ပြထားတဲ့ ကားရပ်စရာနေရာတွေ လုပ်ပေးထာ ပါတယ်။ မော်တော်ကား လိုင်စင်ပလိပ်မှာလည်း မစွမ်းမသန်သူများအတွက် ဘီးတပ် လှည်းပုံလေးဖော်ပြ ထားတာ မို့ အရေးအကြောင်းဆိုရင် လိုအပ်တဲ့အကူအညီချက်ချင်း ရစေနိုင်တယ် ဆိုပါတော့။

ကျွန်မမှာ ကိုယ်တိုင်ကားမောင်ရတော့မှာမို့ အစစအရာရာသိအောင် လိုက်ပြီးကြည့်၊ လိုက်ပြီးလေ့လာနေ ရဆဲလေ။ ကိုယ်ရောက်ရှိနေတဲ့ နေရာကလည်း လူမျိုးမတူ၊ ဘာသာ မတူ၊ ယဉ်ကျေးမှုမတူ၊ ဘာသာစကားမတူ၊ အလေ့အထ မတူ၊ အရှေ့နဲ့အနောက်ဆိုတဲ့ အတိုင်းမတူကြတာတွေက ခပ်များများမို့ မျက်စိလည်းဖွင့်၊ နားကိုလည်း စွင့်။ နားစွင့်ရတာ တော့ပြောမနေနဲ့။ ကျွန်မတို့ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်က အင်္ဂလိပ် လက်အောက် မှာဖြစ်ခဲ့တော့ အစစအရာရာက အင်္ဂလိပ်ပုံစံတွေပဲ လွှမ်းမိုးလာခဲ့တာပါ။ အင်္ဂလိပ်ကျောင်း နေခဲ့ ရတော့ အင်္ဂလိပ်အသံထွက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတာ မဟုတ်လားနော်။ ဒီကျမှ အမေရိကန် အသံထွက်တွေ ကို ကြားဖူးရတာ။

သူတို့ အသံထွက်က ကွဲပြားရတဲ့အထဲ စကားပြောရင်လည်းလျှာဖျားနဲ့ မြန်မြန်ပြောလိုက် ပြီဆိုရင် လိုက်မမီတော့ပါဘူး။ မနည်းကိုနားစွင့်ပြီးနားလည်အောင် ကြိုးစားရပါတယ်။ အသံထွက်မကဘူး။ အခေါ်အဝေါ်တွေ ကလည်း ကွဲပြားနေသေးတာပါ။ ကျွန်မတို့က လူတွေ့ရင် "ဟယ်လို"လို့ နှုတ်ဆက်ပေမဲ့ အမေရိကန်နှုတ်ဆက်နည်းက "ဟိုင်း"တဲ့။ အနေကြာတော့ ကျွန်မတို့လည်း သူတို့နည်းတူ "ဟိုင်း" တက်သွားပါပြီ။ ရောက်ခါစမှာ အခေါ်အဝေါ်မတူလို့ ဒုက္ခရောက်ရတာတွေ အများကြီးပါပဲ။ တစ်နေ့မှာ ကိစ္စတစ်ခု ရှိတာ နဲ့ဘဏ်တိုက်ကိုသွားတော့ကျွန်မတွေ့လိုသူက အထပ်ငါးလွှာက ရုံးခန်းမှာတဲ့။ ဒါနဲ့အဲဒီ ငါးလွှာကိုတက် ဖို့ ဓာတ်လှေကားဘယ်နားမှာရှိမှန်း မသိဘူး။
"စုံစမ်းရေး"ဆိုတဲ့ နေရာမှာထိုင်တဲ့မိန်းကလေးကို ကျွန်မက Liftဘယ်မှာရှိလဲလို့ မေးတော့ ဒီမှာ Lift မရှိပါဘူး တဲ့။ ဟင်...ဒီလောက်ဆယ်ထပ်ဆယ့်နှစ်ထပ် မြင့်တဲ့တိုက်ကြီးမှာ အပေါ် တက်စရာဓာတ်လှေကား မရှိဘူးဆိုတာ မဟုတ်နိုင်သေးပါဘူး လို့ ကိုယ့်ဟာကိုယ်တွေးပြီး ...
"ကျွန်မ ငါးထပ် က ရုံးခန်းကိုသွားချင်တာ၊ Lift မရှိရင်လှေကားကရော ဘယ်နားမှာလဲ"လို့ ထပ်မေးတော့...
"သြော်... Elevator ရှိတယ်လေ၊ ဒီစင်္ကြံလွန်ပြီး ညာချိုးလိုက်ပါ၊ အဲဒီမှာ"တဲ့။

သေပါရော။ ကျွန်မတို့က ဓာတ်လှေကားကို ဟိုမှာ Liftလို့ တစ်သက်လုံးခေါ်လာခဲ့တာ မဟုတ်လားနော်။ အိမ်သာ ကိုလည်း Toilet လို့ နှုတ်ကျိုးနော ဒီမှာကျတော့ Rest Room တဲ့။ ရုပ်ရှင်ကို Pictureလို့ သွား မပြောလေနဲ့။ သူတို့က Movie လို့ခေါ်တာမို့ နားလည် မှာမဟုတ်ဘူး။ စာပို့လုလင်ကို Postman လို့ခေါ်နေကျ။ ဒီမှာက Mail-man,အာလူးကြော် ကိုFrench Fries, ဆေးထိုးခံရတာကို Injection လို့ကျွန်မ တို့ ပြောသလို သူတို့ကျတော့ Shot တဲ့။ ကလေးတွန်းလှည်းလေးကို Parmလို့မခေါ်ဘဲ Stroller လို့ ခေါ်ပြန်ရော။ ကလေးခုတင် Cotကို Crib, တန်းစီတဲ့ Queue ကိုတော့ ဒီမှာတော့ Line, Holidayကို သူတို့က Vacation, အနာကပ်တဲ့ Plasterကို Band Aid, ဆေးဆိုင်ကျတော့ Drug Store, ချစ်စရာလေး မြင်ရင် ကျွန်မတို့က So Sweetလို့ပြောရင် သူတို့က So Cuteတဲ့။
မော်တော်ကား နဲ့ ပတ်သက်တဲ့အခေါ်အဝေါ်တွေကလည်း မတူတာ ရှိသေးတယ်။ ဓာတ်ဆီက Petrol မဟုတ်ဘူး။ Gasတဲ့။

ကားရှေ့အဖုံးကို ကျွန်မတို့က ဘောနတ်လို့ ခေါ်တာနော်။ ဒီမှာက Hoodဟုဒ်။ အိတ်ဇောပိုက်ကျတော့ မာဖလာ တဲ့။ လမ်းဘေးက ပလက်ဖောင်းကို Side Walkလို့ခေါ်ပြန်ရော။ ကျွန်မတို့ဆီမှာ ခြေထောက်နဲ့ကန်ပြီး ကစားတဲ့ဘောလုံးပွဲ ကို Football ခေါ်ပေမဲ့ ဒီမှာက Soccer (စော်ကာ)။ အဲ..သူတို့ Football ခေါ်တဲ့ စကားနည်းက ခြေထောက်နဲ့ကန်တာမဟုတ်ဘဲ ဘောလုံးကိုလက်နဲ့ ဖမ်းတဲ့ဟာ။ ဘာဖြစ်လို့ အခေါ်အဝေါ်တွေ ခြေရင်းခေါင်းရင်း လွဲမှားနေသလဲတော့ မသိပါ ဘူး။
ကျွန်မ တို့က Purseလို့ခေါ်တဲ့ လက်ကိုင်အိတ်သေးသေးလေးကို သူတို့က Pocker Book တဲ့။ တစ်ခါက ကျွန်မနဲ့ တာဝန်လွှဲရတဲ့ မန်နေဂျာအမျိုးသမီးက ဖုန်းဆက်လာတယ်။ အံဆွဲထဲမှာ သူ့ရဲ့ Pocket Book ကျန်ခဲ့လား မသိဘူး။ ကြည့်ပေးစမ်းပါတဲ့။ Pocket Book ဆိုတော့ ကျွန်မက အိတ်ဆောင် စာအုပ်သေးသေးလေးမျိုး ထင်ပြီးစာပွဲတစ်ခုလုံး ရှိရှိသမျှ နေရာအကုန်လိုက်ရှာတာ မတွေ့ဘူးပေါ့။
"မတွေ့ပါ ဘူး၊ စာပွဲတစ်ခုလုံးအနှံ့ရှာပြီး အံဆွဲထဲမှာ ပိုက်ဆံအိတ်တစ်လုံးတွေ့လို့တောင် အဲဒီအထဲမှာများ ရှိမလား လို့ဖင့်ကြည့်တာ မတွေ့ပါဘူး"ဆိုတော့..
"ပိုက်ဆံအိတ်က ဘာအရောင်လဲ"တဲ့။

"အနီရောင်လေ"
"အဲဒီပိုက်ဆံအိတ်ကို တို့မေးနေတာပေါ့။ မင်းကဘာတွေ သွားရှာနေတာလေ"
"မင်းပဲ Pocket Book ဆို၊ အဲတော့ စာအုပ်ရှာတာပေါ့၊ ပိုက်ဆံအိတ်ဆိုရင်လည်း Purseလို့  ပြောပါလား"လို့ ကျွန်မကပြန်ပြောတော့ မရွှေချော က ဖုန်းပေါ်မှာ တအားရယ်နေလေရဲ့။
အခေါ်အဝေါ်မတူတာတင် မဟုတ်သေးဘူး။ အသံထွက်မတူတာတွေက ရှိသေးတယ်။ ခရမ်းချဉ်သီး တိုမားတိုးစ်ကို ဒီမှာ တိုမေးတိုးစ်၊ Fastဖတ်စ်ကို အမေရိကန်အသံထွက်က ဖက်စ်။ Lastလပ်စ်ကိုလက်စ်။ မြန်မာပြည်မှာ တစ်သက်လုံး Nikonနိကွန်လို့ ခေါ်လာခဲ့တဲ့ ကင်မရာက ဒီကျတော့ သူတို့ အတိုင်း "နိုက်ကွန်"လို့ပြေားပြီး ခေါ်လိုခေါ်ရ၊ လမ်လျှောက် ဖိနပ် Nikeကို နိုက်ကီ၊ အင်္ဂလိပ် စာလုံး နောက်ဆုံးအက္ခရာ Z(ဇက်)က ဒီမှာကျတော့ (ဇီ)။

ဒါတင်မဟုတ်သေးဘူး။ စာလုံးပေါင်းတွေ မတူတာလည်းရှိသေးတယ်။ ဘယ်အရာကိုမဆို အလွယ်ဖြစ်အောင် လုပ်တဲ့နေရာမှာ သူတို့လူမျိုးရှေ့ဆုံးကပဲထင်ပါရဲ့။ ဘဏ်တိုက်က ငွေထုတ်တဲ့ချက်လက်မှတ်ကို Cheque လို့ပေါင်းတာနော်။ ဒီမှာတော့ အသံထွက်အတိုင်း Checkရုံနဲ့ ကိစ္စပြီးတယ်။ Colour တို့ Labour တို့၊ Favour တို့လည်း ဒီမှအလွယ် color, Labor, Favor နဲ့ချလိုက်တာပဲ။ အရာရာလွယ်ကူဖို့ အချိန်မကုန်ဖို့လည်း ဦးစားပေးကြ တာ ထင်ပါရဲ့။

ကျွန်မတို့က တစ်ခုခုပြောလို့ Yesကို တွင်တွင်သုံးသလို သူတို့ကSure ကိုသုံးလေ့ရှိတာ သတိထားမိပါတယ်။ ကျွန်မတို့မြန်မာတွေ ဆုံမိကြတဲ့အခါ ရောက်ခါစကြုံရတဲ့ ပုံပြင်တွေ ကိုယ်စီရှိနေကြတာမို့ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေကို ဖလှယ်ကြရင်းရယ်ပွဲ ဖွဲ့ရတာ လည်းဟဒယရွှင်ဆေးတစ်ခုပါပဲ။ မိန်းကလေး ငယ်တစ်ဦးက ရောက်ခါစတုန်းက ကားမ မောင်းနိုင်သေးတာမို့ အိမ်နဲ့နီးတဲ့လမ်းလျှောက်သွားလို့ရတဲ့ စားသောက်ဆိုင်တစ်ခု မှာ သွားပြီး အလုပ်လုပ်တာတဲ့။ ကော်ဖီဝယ်တဲ့အမျိုးသမီးတစ်ဦးက သူ့ကို Sugar Free လို့ ပြောတော့သကြား အလကားတောင်းတာ ဖြစ်မှာပဲလို့ တွေးပြီးစေတနာဗရပွနဲ့ သကြား ထုပ်တွေ ထည့်ပေးလိုက်တယ်ပေါ့။ အမျိုးသမီးက သကြားထုပ်တွေကို ပြန်ထုတ်ပြီး သူ့ ရှေ့ မှာ ဆောင့်အောင့်ပြီး ပြန်ချ သွားလို့တဲ့လေ။ Freeဆိုတာ ဒီမှာကိုယ်အလေးချိန် မပို အောင်ဂရုစိုက်သူများက သကြားကို အထူးပြု ရှောင်တာမို့ သကြားမပါတဲ့ ကော်ဖီကိုဆိုလို တာပါ။

Freeဆိုတာနဲ့ မြန်မာပီပီ သဒ္ဓါတရားတွေ ပိုလိုက်မိတဲ့ အဖြစ်ပါပဲ။
နောက်ပြီး တချို့ကျတော့ စားသောက်ဆိုင်မှာ လာဝယ်ပြီးအပြင်ယူသွားတာမျိုးကလည်း ရှိသေးတယ်လေ။ ထိုင်စားတဲ့ သူတွေလည်း စားကြတယ်ပေါ့။ အပြင်ကိုယူသွားမှာဆိုရင် To Goလို့ပြောပါတယ်။ အဲဒီမိန်းကလေး အလုပ်စပြီး ၀င်တဲ့နေ့မှာပဲ နေ့လယ်စာဝယ်ပြီး အပြင်ယူသွားလို့တဲ့ အမျိုးသားတစ်ဦးက ရောက်လာပြီး To Go လို့ပြောလိုက်တော့ ကလေးမက "ဟောတော့်၊ ငါ့ကို ဘာများထင်လို့လဲ မသိ၊ သူနဲ့လိုက်ဖို့ ခေါ်တာ၊ ဘုရား... ဘုရား... ဘာလုပ်ရပါ့" နဲ့နှလုံးတုန်ရင်ခုန်တွေ ဖြစ်လို့တစ်ချီတည်း နောက်ခန်းဘက် ပြေး ၀င်ပြီးပုန်းနေ လိုက်မိတာတဲ့။ တော်သေးရဲ့။ တခြားအလုပ်သမားတွေက ၀ယ်သူကိုတာဝန် ယူဖြေရှင်းလိုက်ပေလို့ပေါ့။ To Goအဓိပ္ပာယ် ကို နောက်သိရတဲ့အခါကျမှ သူ့အဖြစ်ကို အလုပ်သမားတွေက ၀ိုင်းရယ်ကြတာတဲ့လေ။
အတွေ့အကြုံ က ရေးမကုန်နိုင်အောင် များပြားလှပါရဲ့။ ကိုယ့်မြန်မာပြည်မှာတောင် တစ် ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုတဲ့ စကားရှိသေးတာပဲ။ တစ်နေရာနဲ့ တစ်နေ ရာဒေသအလိုက် အခေါ်အဝေါ် အသုံးအနှုန်းတွေက ကွဲပြားခြားနားတတ်တာပါပဲနော်။

ဒါကြောင့်ရောက်ခါစမှာ ပြဿနာတွေက တစ်မျိုးပြီး တစ်မျိုးဆိုပါတော့။ ရောက်ပြီးသုံးလေး ရက်အမောဖြေပြီးတာနဲ့ ပါလာတဲ့လူကြုံပါပစ္စည်းတွေကို ပို့ဖို့ စီစဉ်ရပါတယ်။ ခွင့်ပြုတဲ့ ပေါင်ချိန်က တစ်ဦးမှ ၄၄ပေါင်ပဲ ရှိရတဲ့အထဲမှာ လူကြုံပါးလိုသူတွေကလည်း ရှိပါသေး တယ်။ ငြင်းမကောင်းတဲ့သူတွေ ဖြစ်နေလို့ ကိုယ့် ပစ္စည်းတွေပြန်ချ၊ သူ့ပစ္စည်းတွေပါ အောင်ထည့်ပေါ့။ ပေးလိုက်တဲ့ ပစ္စည်းတွေကိုလည်း ကြည့်ပါဦး။ ကြက်သွန်ဖြူ တစ်ပဿာ လောက်ပေးတဲ့သူနဲ့ ငါးပုတ်ခြောက်၊ ငါးရံ့ခြောက်ကအစ နနွင်းမှုန့်နဲ့မဆလာ ဆိုတာ မျိုး အထိအစုံပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းအစိတ်လောက်တုန်းက အမေရိကားနဲ့ မြန်မာပြည်ကလည်း ဆက် သွယ်မှု နည်းပါးသေးတာ မို့ ကျွန်မကိုယ်တိုင် အဲလိုပဲ မြန်မာ့အစားအသောက် ကုန်ပစ္စည်း တွေဒီမှာဝယ်လို့ရလိမ့်မယ် မထင်မိတာကြောင့် ဟင်းချက်စရာ ပစ္စည်းမျိုးစုံ အလေးခံပြီး သယ်လာမိတာပါ။ လူကြုံပေးကြသူတွေလည်း ကျွန်မလို အလားတူတွေးထင် မိလို့သာ သူတို့လည်း တကူးတကထည့်ပေးကြတာ ဖြစ်မှာပါပဲ။ ကျွန်မတို့တင် ဒါမျိုး တွေးထင်ခဲ့တာ မဟုတ်သေးဘူး။ စာရေးဆရာသော်တာဆွေ က "ဟေး...ခင်တို့တစ်တွေ အမေရိကားမှာ ထမင်းစား ရရဲ့လား၊ နေ့တိုင်းပေါင်မုန့်ပဲ စားနေရသလား"နဲ့ ကျွန်မဆီပူပူပင်ပင်နဲ့ စာရေး မေးဖူးပါတယ်။

ဒီမှာအရှေ့တိုင်း စားသောက်ကုန်တွေ ရောင်းတဲ့တရုတ်ဆိုင်တွေမှ ဟိန်းလို့ပါ။ Jasmine Rice ဆိုတဲ့ ပေါ်ဆန်းမွှေးဆန်တွေ ဆိုတာ ကောင်းမှကောင်း။ တို့စရာအညာက တမာရွက်၊ ကတက်ချဉ်လိုမျိုးကအစ ငါးပိရည်မွှေးမွှေး အထိ ဖန်ဘူး၊ ဖန်ပုလင်းတွေနဲ့သားသားနားနား ထည့်ပြီးထိုင်းနိုင်ငံကပို့တဲ့ အစားအသောက် အမျိုးမယ်စုံအောင် ဒီမှာလွယ်လွယ်ရနိုင်ပါ တယ်။ ကျွန်မ အလေးခံပြီးသယ်ယူလာခဲ့ရတဲ့ ကြက်သွန်ဖြူ ဆိုတာ များ တရုတ်ဆိုင်မှာမ ပြောနဲ့။ အမေရိကန်စူပါမားကတ်တွေမှာတောင် အတွဲလိုက် ချိတ်ဆွဲပြီး ရောင်းနေတာ ပေါမှပေါ။ ကိုယ်ကဒါတွေ မသိတော့လည်း လာပေးသူကို ရှင်းမပြနိုင်ဘဲ ယူလာ ခဲ့ရတာပေါ့ နော်။

အဲဒီကတည်းက ဆောင်းပါးရေးပြီး သိသင့်သိထိုက်တဲ့ အဖြစ်တွေကို ခွဲဝေခံစားရင်း ဗဟုသုတ မျှဝေပေးချင် တာပါ။ ကိုယ့်ဘ၀အခြေချနိုင်ရေးအတွက် ရုန်းကန်ရဆဲကာလဖြစ် တော့ကလောင်ကို အခိုကအတန့်ဘေးချ ထားခဲ့ရတယ် ဆိုပါတော့။ ရောက်ပြီးစမှာ သယ်လာခဲ့ရတဲ့ ပစ္စည်းတွေကိုလည်း စာတိုက်ကနေတစ်ဆင့် လိပ်စာရှင်တွေ ဆီ ပို့ရပါ သေးတယ်။
ပါဆယ် ထုပ်ပေးမှာ လိပ်စာရေးတော့ မြန်မာပြည်က အထာအတိုင်းလိပ်စာရှင်ရဲ့ နာမည်နဲ့ နေရပ်ကအပေါ်က။ ပို့ပေးသူ ကျွန်မရဲ့လိပ်စာကအောက်က ကျကျကနနရေးထည့်လိုက် ပါတယ်။ လေးငါးရက်ကြာတော့ အဲဒီပါဆယ် ထုပ်တွေကျွန်မအိမ်ဝမှာ အပုံလိုက်ပြန်ရောက် လာလေရဲ့။ ဒီကစာပို့စနစ်က အိမ်တိုင်းရဲ့ အရှေ့မှာကိုယ်ပိုင်စာတိုက်ပုံးလေးတွေရှိကြပါ တယ်။ စာတိုက်ပုံရဲ့ဘေးမှာ အလံလေး တစ်ခုထည့်ထားသေးတယ်။ နေ့စဉ်စာပို့လုလင် ကစာတိုက်ကားနဲ့ ရောက်လာပြီးပုံးတွေထဲမှာ ထည့်သွား လိုက်တာလေ။ သူတို့စာတိုက် သုံးကားတွေက ဂျစ်ကားပုံစံမျိုးအဖြူပေါ်မှာ အပြာလိုင်းနဲ့ တံဆိပ်က သိန်းငှက်နဲ့ခေါင်း တစ်ပိုင်းပုံပါပါတယ်။ အများအားဖြင့် စာပို့လုလင်က ကားပေးကနေပြီး အောက်ဆင်းစရာ တာင်မလိုဘဲ လှမ်းထည့်သွားကြတာပဲ။ ကိုယ့်မှာစာထည့်စရာရှိရင် ကိုယ့်စာတိုက်ပုံထဲမှာပဲ ထည့်ထား လိုက်ပြီး ဘေးကအလံလေးထောင်ထားလိုက်ရပါတယ်။

ကိုယ့်စာကိုယူ၊ သူပေးရမဲ့စာကို ပြန်ထည့်ထားပြီးရင် ဘေးကအလံလေးပြန်ချထားလိုက် တာမို့ စာလာသွားပြီးလားဆိုတာ စာတိုက်ပုံးရဲ့အလံလေးကို လှမ်းကြည့်တာနဲ့သိနိုင် တယ်ပေါ့။ ပါဆယ်ထုပ် ခပ်သေးသေးမျိုး ဆိုရင်လည်းစာတိုက်ပုံထဲမှာ ထည့်ထားခဲ့တာပါပဲ။ ခုလို အများအပြားလည်း ဖြစ်မယ်၊ ဒါမှမဟုတ် ပါဆယ်ထုပ်က ကြီးမားတယ်ဆိုရင်တော့ အိမ်ပေါက်ဝမှာလာချထားခဲ့ပါရော။ ကျွန်မက တစ်နေ့တစ်နေ့ စာတိုက်ပုံကအလံကိုပဲ ကြည့်နေတာလေ။ "ချစ်သူတွေ ဝေးကြတဲ့အခါ စာလေးတွေက အလည် လာကြတယ်တဲ့"
ကျွန်မမှာ မြန်မာပြည်က ကျန်ခဲ့တဲ့ချစ်သူတွေက အများအပြားမို့ အလည်လာမဲ့ စာလေး တွေကို အမောတကာနေ့စဉ်မျှောရတာ ခုချိန်ထိပါပဲ။ အဲဒီနေ့ကလည်း အလံလေးလဲနေ တာတွေ့လို့ စာကောက် ဖို့ အပြေးထွက်လိုက်ခါမှ အပေါက်ဝမှာ တန်းစီနေတဲ့ပါဆယ်တွေ ကိုတွေ့ပြီး တအံ့တသြဖြစ်ရသေးတယ်။ ဘာဖြစ်လို့ ကျွန်မဆီပြန်ရောက်လာတယ်ဆိုတာ လည်းမတွေးတတ်အောင်ပါပဲ။ ဒါနဲ့နောက်တစ်နေ့မှာ သမီးကေသီကို အဖော်ခေါ်ပြီးပါ ဆယ်ထုပ်တွေအားလုံး ကားထဲထည့်၊ စာတိုက်ကိုတစ်ခေါက်ပြန်သွားရတာပေါ့။ စာတိုက် က၀န်ထမ်းကိုအကျိုးအကြောင်း ပြောပြမေးတော့လည်း သူက ဘာမှပြဿနာရှာမတွေ့ တဲ့ပုံစံနဲ့ "ရှင့်လိပ်စာအတိုင်း ရောက်လာတာမဟုတ်ဘူးလား"တဲ့။

"ဟုတ်တယ်လေ၊ အခုကျွန်မ လိပ်စာအတိုင်းပြန်ရောက်လာတာပဲ။ ကျွန်မပို့တာက နယူး ယောက်၊ ၀ါရှင်တန်၊ အိုဟိုင်းအိုးနဲ့ ကာလီဖိုးနီးယားကို ပို့တာအဲဒီမရောက်ဘဲ ကျွန်မဆီ ပြန်ရောက်လာတာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာ လာမေးတာပါ"လို့ ရှင်းပြမှသူလည်း သဘောပေါက်သွားပြီး ပါဆယ်ထုပ် ကို သေသေ ချာချာကြည့်တော့...
"သြော် ...ဒီမှာ ရှင်က ပို့ရမဲ့လိပ်စာကို အောက်မှာမရေးဘဲ ရှင့်လိပ်စာကိုရေးထားတာကိုး၊ ဒါကြောင့်အားလုံး ရှင့်ဆီပြန်ရောက် လာတာဖြစ်မှာပေါ့"ဆိုပြီး ရယ်ပါလေရော။
ဒီက စာတိုက်လိပ်စာရေးတဲ့ ပုံစံက ကိုယ့်ရဲ့နာမည်နဲ့ လိပ်စာကစာအိတ်ရဲ့ဘယ်ဘက်ထိပ် မှာတက်ရေးထားပြီး ပို့ရမဲ့လိပ်စာကျတော့ အောက်ဘက်အလယ်မှာ ရေးကြတာကိုး။ ကျွန်မတို့ မြန်မာပြည်မှာတော့ ကိုယ့်ရဲ့လိပ်စာက စာအိတ်ရဲ့ ဘယ်ဘက်အောက်က ထောင့်မှာရေးနေကျ မဟုတ်လားနော်။ ဒါကြောင့် သူတို့သတ်မှတ်ထားတဲ့ ပုံစံအရအောက် ဘက်မှာရှိတဲ့ လိပ်စာအတိုင်း ကျွန်မဆီပြန်ရောက်လာတယ်ပေါ့။

ဒါက စနစ်မတူတာအတွက် ကြုံတွေ့ရတဲ့ နမူနာလေးတစ်ခုပဲ ရှိပါသေးတယ်။ ယဉ်ကျေးမှု မတူ၊ ဓလေ့စရိုက်မတူ၊ အလေ့အထမတူတာတွေကြောင့် ရှေ့မှာ ပြဿနာများစွာလည်း ရှိနေဦးမှာပါပဲ။ ကိုယ်ရွေးချယ်ခဲ့တဲ့ အပြောင်းအလဲတစ်ခုဆိုတော့လည်း ရင်ဆိုင်ရမဲ့ အခက် အခဲပြဿနာတွေကို စိတ်ရှည်ရှည်ထားပြီး လက်ခံဖြေရှင်း ရမှာပါ။ သူတစ်ပါးတိုင်းပြည်မှာ လတ်တဖျစ် အချိန်ကာလအတွင်း အရာရာ အံဝင် ခွင်ကျ ဖြစ်သွား ဖို့ဆိုတာတော့ ဘယ်ဖြစ် နိုင်ပါ့မလဲလေ။ အရာခပ်သိမ်းကို အချိန်ယူပြီး သည်းခံစိတ် နဲ့ လေ့လာ သင်ကြားမှတ်သား ရမှာပါ။

ပါရှင်ပုံပြင်ထဲက ခါးကုန်းမင်းသားလေးလိုပေါ့။ သူများတကာတွေနဲ့တန်းတူရည်တူ ဖြစ်ချင် လို့သူရဲ့ပုံတူကို ခံ့ခံ့ညားညား မားမားမတ်မတ် ရပ်နေတဲ့ရုပ်ထုအဖြစ်ထုထားစေတယ်တဲ့။ တကယ် လက်တွေ့ကျကျ လည်း နေ့စဉ်အဲဒီရုပ်တုရှေ့မှာ ရပ်ပြီးမားမားမတ်မတ် ရပ်နိုင် အောင်လေ့ကျင့်ခဲ့တာ နေ့ပေါင်းများစွာ၊ လပေါင်း များစွာ၊ နှစ်ပေါင်းများစွာကြာတဲ့အခါ ခါး ကုန်းပျောက်ပြီး တကယ်ပဲရုပ်တုကဲ့သို့ မားမားရပ်သွားနိုင်တယ်တဲ့။
စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ အားထုတ်ခြင်းတွေတော့ လိုအပ်ပေတယ်ပေါ့။ ကျွန်မကလည်း ကိုယ့်ဒေသ မဟုတ်တဲ့ သူတစ်ပါးနိုင်ငံမှာ အများနည်းတူ ပခုံးချင်းယှဉ်ပြီး မားမားရပ်နိုင်ဖို့ အချိန်ယူ ကြိုးစားရဦးမယ်လေ။

ဆက်ရန်
.

No comments: