Tuesday, February 26, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၉)

ခရီးသွားခြင်းဆိုတာ အမြင်သစ်တံခါးတစ်ချပ် ပွင့်ခြင်း၊ အတွေ့အကြုံသစ်ရခြင်း၊ နေရာဒေသ ယဉ်ကျေးမှုနဲ့ အလေ့အထကအစ ကွားခြားမှုတွေကို လေ့လာနိုင်ခြင်း၊ ဗဟုသုတနဲ့ အသိတရား ကျယ်ဝန်းခြင်း၊ စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကြံ့ခိုင်ခြင်းအပြင် နှလုံးသားကို ရွှင်လန်းနုပျိုစေခြင်း ကလည်းအဓိကအချက်မို့ ကျွန်မတို့သားအမိ တက်ကြွစွာနဲ့ ခရီးအတွက် ကြိုတင်ပြင်ဆင်နေကြ ဆဲဆိုပါတော့။ ကို ဆက်ဖတ်ရန် ...

အပိုင်း (၅၁)

"လူမျိုးပေါင်းစုံ၊ ဓလေ့ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စုစည်းထားတဲ့ လူ့လောက ကမ္ဘာကြီး က လေ့လာမှတ်သား စရာတွေ အပြည့်ပါတဲ့ စာအုပ်ကောင်းတစ်ခုနဲ့ တူတယ်။ အပြင်ကို ထွက်မကြည့်ဘဲ ကိုယ့်အိမ်က တစ်ဖဝါးမှ မခွာတဲ့ သူက စာတစ်မျက်နှာကိုသာ ဖတ်ရသူမျိုး ဖြစ်မယ်ပေါ့" လို့ စိန့်သြဂတ် စတင်က ရေးသားခဲ့ပါခဲ့ပါတယ် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သမားရိုးကျ ဖြတ်သန်းလိုသူတွေအတွက် တော့ စွန့်စားမှုပါတဲ့ ခရီးသွားခြင်းကိစ္စကို စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ အရာရာကို မျက်စိဖွင့်၊ နား ကိုစွန့်ပြီး သတိထားနေရတော့တယ်။ ဘဝရဲ့ စာမျက်နှာသစ်တွေ တိုးချင်ရင်တော့ စွန့်စားမှုနဲ့ ရင်ရမှာပါ ပဲ။

နေရာသစ်၊ အမြင်သစ်၊ အတွေ့အကြုံသစ်မှန်သမျှက စိတ်ဓာတ် လှုံဆော်ပေးတတ်တာမို့ ရွှင်လန်းတက် ကြွစေတဲ့အပြင် ပတ်ဝန်းကျင်ကို ရှုမြင်ရတာက အသက်ဝင်လှုပ်ရှားလာသလိုပါပဲ။ အလှပ ကိုလည်း နေရာတိုင်း မှာ ရှာလို့ တွေ့မြင်တတ်လာတယ်။ အရာရာဟာ အရေးပါ အရာရောက်တဲ့အထိ သတိပြုမိ တယ်ပေါ့။ ကျွန်မအဖို့ စိတ်ပေါ့ပါး လွတ်လပ်စွာ ပထမဆုံး သွားရတဲ့ခရီး ဖြစ်လို့ တွေ့မြင်သမျှက စိတ် ဝင်စားစရာ၊ လေ့လာစရာ ချည်း ဖြစ်နေတော့တာပဲ။
ကျွန်မတို့အုပ်စု ငါးယောက် မီယာမီလေဆိပ်က ညနေ ခုနစ်နာရီမှာထွက်ပြီး ပျံသန်းချိန် ဆယ်နာရီကြာ အောင် စီးရပါတယ်။ ဂျာမနီက Düsseldorf မြို့ကို ရောက်တော့ နံနက် ဆယ်နာရီကျော်နေပါပြီ။ လေဆိပ်က ထွက်လိုက်တာနဲ့ တက္ကစီကားမှန်သမျှက မာစီးဒီးကားတွေချည်း ဖြစ်နေတာ တွေ့ရတော့
"ဟာ...တယ်ဟုတ်ပါ လား" လို့ သမီး ကေသီနဲ့ မှတ်ချက်ချရပါသေးတယ်။

တည်းခိုရာ ဟိုတယ် ရောက်တော့ ကိုယ်လက်သန့်စင်ကြပြီး မြို့ထဲ လျှောက်လည် ကြည့်ကြပါတယ်။ ဥရောပနဲ့ အမေရိကား ကွာခြားချက်က ဥရောပမှာ ရာဇဝင်အဆောက်အအုံကြီးတွေ အမြောက်အမြား ရှိပြီး အမေရိကား ကတော့ နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသေးတာ မို့ ခေတ်မီအဆောက်အအုံ တွေ ပဲ တွေ့နိုင် ပါတယ်။ နှစ်မျိုးစလုံးသူ့နည်းသူ့ဟန်နဲ့တော့ စိတ်ဝင်စားစရားတွေက ရှိတာပါပဲ။
နောက်တစ်နေ့မှာ ကျွန်မတို့ ကားငှာပြီး Dusseldorf က Cologne ကို မောင်းသွားပါတယ်။ ကျွန်မ တို့နဲ့ အတူ ပါလာတဲ့ Jim က ဂျာမန်လူမျိုးမို့ ကားလည်းကျွမ်း၊ နယ်မြေလည်းကျွမ်းတာကြောင့် သွားရတာ အဆင်ပြေတယ်ဆိုပါတော့။ Cologne မှာလည်း Dusseldorf မှာလိုပဲ ရှေးဟောင်းဘုရားကျောင်းကြီး များစွာ ရှိပါတယ်။ မြန်မာပြည်မှာ ခရီးထွက်ရင် ဘုရားဖူးများစွာ ဖူကြရသလိုပဲ ဥရောပမှာ လေ့လာ စရာ၊ ကြည့်စရာ ရှေးဟောင်းဘုရားကျောင်းကြီးများစွာကို အံ့မခန်း ကြီးကျယ်ခမ်းနားတာကို မြင်တွေ့နိုင်ပါ တယ်။

ဘုရားကျောင်းအတွင်းမှာ ထုဆစ်ထားတဲ့ ကျောက်ဖြူသား ပန်းပုရုပ်များကလည်း ပနုပညာမြောက် ပါဘိခြင်း။ ခေါင်းမိုး မျက်နှာကြက် အထိ ရုပ်ထုများစွာနဲ့ သရုပ်ဖော်ထားတာတွေကို ကျွန်မတို့ တအံ့တ သြဖြစ် ရပါတယ်။ ပြတင်းမှန်တွေအားလုံးကလည်း ပန်းရောင်စုံတွေနဲ့ ခရစ်တော် မွေးဖွားပုံ၊ ဗျာဒိတ်ပေးပုံမျိုးကအစ ကျွန်မတို့ ဘုရားပုထိုး စောင်းတန်းတွေမှာ ဇာတ်နိပါတ်တော်တွေ၊ ပန်းချီနဲ့ သရုပ်ဖော်ထားသလိုပဲ သူတို့က မှန်သားရောင်စုံကွက်တွေ နဲ့ ပန်းချိသရုပ်ဖော်ထားတာတွေကလည်း အပြင်က အလင်းရောင်နဲ့ ဟပ်ပြီး လှမှလှ။ လက်ရာမြောက် လှတဲ့ ရှေးဟောင်းဗိသုကာများရဲ့ ပညာ ကို ချီးကျူးမဆုံးဖြစ်ရပါတယ်။

ကလုံး ဆိုတာ ရေမွှေးထုတ်လုပ်တဲ့ မြို့တော်လေ။ ကျွန်မတို့ ကလေးဘဝက နာမည်ကြီးခဲ့တဲ့ 7411 ရေ မွှေးထုပ်လုပ် တဲ့ နေရာကိုလည်း သွားကြည့်ဖြစ်ပါသေးတယ်။ 4711 ကလုံးက ခုထက်ထိ နာမည်ရှိနေ ဆဲပါပဲ။ တကယ်က 4711 ဆိုတာ ကလုံးထုပ်လုပ်တဲ့ အဆောက်အအုံရဲ့ နံပါတ်ကို အစွဲပြုပြီး ပေးထား တဲ့နာမည် ပါ။ အဲဒီရှေ့မှာ ကျွန်မတို့သားအမိ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ကျွန်မအမေ သုံး နေကြရေမျွှေး မို့ မာမီကိုလည်း သတိရလိုက်တာ ရင်ထဲမှာ လှိုက်လာတဲ့အထိပါပဲ။
ကလုံး မှာ လည်ပတ်ပြီးတော့ မြို့တော်ဖြစ်တဲ့ Bonn ကို ကားမောင်းသွားကြပြန်ပါတယ်။ Bonn မှာ တစ် ဝကြည့်စရာတွေ ကြည့်ပြီးတော့ Frankfurt ကို ခရီးဆက်ကြပြန်ပါရော။ တခြားနိုင်ငံတွေကိုလည်း သွားရဦးမှာမို့ တစ်မြို့တစ်မြို့ကို တစ်ရက် နှစ်ရက်ပဲ အချိန်ပေးပြီးလည်နိုင်ပါတယ်။ Frankfurt မှာ ကြည့်စရာ လည်စရာတွေ မကုန်နိုင်ရှိသေးပေမဲ့ အချိန်မရ တော့တာနဲ့ Munich ကို အရောက်သွား ကြရပါတယ်။

ရောက်ခဲ့တဲ့မြို့တွေမှာ တည်းခိုဖို့ အဆင်ပြေတဲ့ ဟိုတယ် အလွယ်တကူ ရပေမဲ့ Munich ကို ရောက်တဲ့ ရက်က အောက်တိုဘာလဆန်း တစ်ရက်နဲ့ ဖြစ်နေတာနဲ့ တည်းစရာဟိုတယ်ရှာလို့ မရတော့ဘူး။ ဂျာမနီ မြူနစ်မြို့ မှာ October Fest ဆိုတဲ့ ပွဲတော်က အကြီးအကျယ် ပျော်ပွဲရွှင်ပွဲတွေ နဲ့ နွှဲပျော်ကြ တဲ့ ပျော်ပွဲကြီး ဖြစ်နေတာကိုး။ အနယ်နယ် အရပ်ရပ်က ပွဲတော်လာ ပရိသတ်တွေကြောင့် ဟိုတယ်တိုင်း မှာ အခန်းပြည့်ဖြစ်နေ တာလေ။
ကံကောင်းထောက်မလို့ မြူနစ်မြို့မှာ Jim ရဲ့အဒေါ်အိမ် ရှိနေတာကြောင့် အဲဒီအိမ်ကို Jim က ကျွန်မတို့ ကို ခေါ်သွား ပါတယ်။ Jim မိသားစုနဲ့ ကျွန်မ ရင်းနှီးကျွမ်းဝင်နေတာ နှစ်ပေါင်းကြာလို့ သူ့အဒေါ် အမေရိကား လာလည်တုန်း က ဆုံဖူးထားတာမို့ ကျွန်မနဲ့လည်းမစိမ်းကြဘူး ဆိုပါတော့။ ကျွန်မတို့ ရောက်သွားတော့ သူ့အဒေါ် ဟက်ဂါ က ဝမ်းသာအယ်လဲ ကြိုဆိုပါတယ်။ သူ့အိမ်မှာ တည်းဖို့ အထပ်ထပ် ဖိတ်ခေါ်တာနဲ့ ကျွန်မ တို့လည်း ရွေးချယ်စရာ မရှိတော့တာကြောင့် အားနာနာနဲ့ပဲ လက်ခံ လိုက်ရတယ် ဆိုပါတော့။

ဂျာမနီမှာ ကောင်းတဲ့စနစ် တစ်ခုက စုပေါင်းအိမ်ရာတွေမှာ ကိုယ့်အိမ်ခန်းနဲ့ ကပ်လျက်တစ်ဆက်တည်း မှာ အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်း၊ မီးဖို ထမင်းစားခန်းနဲ့ တစ်ယောက် နေထိုင်ဖို့ အခန်းသီးသန့် တစ်ခု တွဲလျက်ပါတဲ့ ယူနစ်တွေ ရှိပါတယ်။ မိအိုဖအိုတွေရိတဲ့ မိသားစုတွေအတွက် အဲဒီတွဲလျက် အခန်းမှာ အိုမင်းမစွမ်းတဲ့ မိဘများကို ထားပြီး အနီးကပ် စောင့်ရှောက်လို့ရအောင် လုပ်ပေးထားတဲ့ စနစ်တစ်ခု ပါပဲ။ မိဘများကလည်း မျက်စိအောက်မှာ ထားပြီး စောင့်ရှောက်ပေးနိုင်တာမို့ နှစ်ဦးနှစ်ဖက် အဆင်ပြေလေတယ်ပေါ့။

အခုလည်း ဟက်ဂါတို့မှာ သူတို့အိမ်ခန်းနဲ့တွဲလျက် တစ်ဆက်တည်း အခန်းတစ်ခန်းရှိပါတယ်။ အသက်ကိုးဆယ်ကျော် ဖခင်ကြီးနေ တဲ့ အခန်းပါ။ ကျွန်မတို့အုပ်စု လေးယောက်ကို အဲဒီအခန်းမှာ ပေးနေပြီး Jim ကတော့ သူ့အဒေါ် နဲ့အတူ သွားနေမယ် ဆိုတော့ နေရေးထိုင်ရေး အဆင်ပြေသွားပါရော။ အဲဒီလို စီစဉ်ပြီး ပြောဆိုနေကြ ဆဲ အသက်ကိုးဆယ်ကျော် အဖေကြီးအတွက် အခက်အခဲဖြစ်မှာ ကျွန်မက စိတ်ပူမိတာ နဲ... 'နေပါဦး ဟက်ဂါရေ၊ တို့တွေ နေရာ ရတော့ ဟုတ်ပါပြီ။ အဖေကြီးအတွက် ဟက်ဂါတို့ဘက်မှာ နေဖို့ ကျဉ်းကျပ်မနေ ဘူးလား' လို့ မေးတော့ ဟက်ဂါက လက်တကာကာနဲ့...
'အံမယ်လေး... အဖေ့အတွက် မပူနဲ့ ခင်မကြီးရေ။ အဖေက အိမ်ကပ်တာ မဟုတ်ဘူး။ သူ့ Girlfriend နဲ့ တ တွဲတွဲနေ တာ။ အခု အဲဒီမှာပဲ နေလိုက်ဦးလို့ ပြောထားလို့ ရတယ်’ တဲ့။
ကျွန်မတို့အားလုံး ပြုံးကြရပါတယ်။ အနောက်တိုင်းမှာတော့ အဘိုးကြီး အဘွားကြီး တွေကလည်း ဘာမှ မလုပ်နိုင်တောင် Companionship ဆိုပြီး အဖော်နဲ့ တတွဲတွဲ ရှိကြတာမျိုးနော်။ ခရီးအတူတူ သွားကြ၊ ဝါသနာ တူရာ အတူတူလုပ်ကြ၊ သူ့ဓလေ့ သူ့ယဉ်ကျေးမှုနဲ့တော့ ဟုတ်လို့ပဲ ဆိုပါတော့။

ကျွန်မတို့လည်း အိမ်ရှင်ဘိုးဘိုးက သူ့မိန်းကလေးမိတ်ဆွေဆီမှာ ပြန်မလာဘဲ ဆက်နေပေးတာကြောင့် သက်သောင့် သက်သာ နေရာလေးတစ်ခု ရလိုက်တာမို့ ကျေးဇူးတင်ရပါသေးတယ်။ ညကျတော့ Jim က ကြုံကြိုက်ခဲ မျှ လာကြုံရတဲ့ October Fest ကို သွားကြည့်သင့်တယ် ဆိုတာနဲ့ သွားကြပါတယ်။ စည်ကားလိုက် တာလည်း ကြိတ်ကြိတ်တိုးပါပဲ။
စားသောက်ဆိုင်တွေ ကလည်း အမျိုးကို စုံလို့၊ ဘ်ီယာတွေဆိုရင် စည်ကြီးတွေလိုက် ချရောင်းနေတာပါ။ ဘီယာခွက်ကြီးတွေ ကလည်း ဧရာမကြီးတွေနဲ ထည့်ပေးတာနော်။ အဲဒီခွက်ဧရာမကြီးတွေကို လူတိုင်း ကိုင်သောက်နေ ကြတာ ကြည့်ပြီး ကျွန်မမှာ အံ့သြနေရတာ။ ကပွဲတွေကလည်း အမျိုးစုံ ပါဘိ။ ရွှေပွဲလာပရိသတ်တွေလည်း ဘီယာမူးမူးနဲ့  ဝင်ကကြ။ သူတို့တစ်တွေအားလုံး သည်းသည်း လှုပ် ပျော်ရွှင်နေကြ တာ မြင်ရပေမဲ့ ကိုယ်ဓလေ့ယဉ်ကျေးမှု မဟုတ်တာကြောင့် ရော မပျော်နိုင် ပါဘူး။

 ရာသီဥတုကလည်း တော်တော်ကို အေးပါတယ်။ ပွဲတော်က ကွင်းပြင်ကြီးထဲမှာ ရုံထိုးပြီး ကျင်းပတာမို့ လေတိုက်တဲ့ဒဏ်ကြောင့် ပိုအေးတာနဲ့ ညဥ့်နက်အောင်မနေဘဲ စားသောက်ပြီးတာ နဲ့ ပြန်ခဲ့ကြပါတယ်။ တာမည်ကြီးလှတဲ့ အောင်တိုဘာဖတ်(စ) ကို မြင်ဖူး ကြည့်ဖူးရုံလောက်ပဲ ဆိုပါတော့။ နောက်နေ့တွေ မှာ မြူနစ်မြို့မှာ ကြည့်စရာ၊ လည်စရာတွေ သွားကြပါတယ်။ Jim ကတော့ သူဝတ်ထား တဲ့ B&W ကားအသစ် ကုမ္ပဏီက သွားထိုတရမဲ့ကိစ္စနဲ့အလုပ်ရှုပ်နေလေရဲ့။

ကားကို ဂျာမနီမှာ တိုက်ရိုက်ဝယ်တဲ့အတွက် အမေရိကားအရောက် တင်သွင်းတဲ့စရိတ် အပါအဝင် တွက်လိုက် ရင် သူ့အနေနဲ့ အမေရိကန် ဒေါ်လာလေးထောင်လောက် သက်သာတယ်လို့ ပြောပါတယ်။ သူ့ကား ထိတ်ခဲ့ပြီး ရင် ကျွန်မတို့ သွားလိုက်ကြတဲ့ တိုင်းပြည်တွေကို ကားမောင်းပြီး လိုက်ပို့ပေးမယ် ဆိုတော့ ပိုအဆင်ပြေသွားတာပေါ့။
ဥရောပမှာ နိုင်ငံတွေက တစ်ခုနဲ့တစ်ခု ဆက်နေတာမို့ ကားမောင်းသွားသွား၊ ရထားစီးသွားသွား လွယ်ကူပါတယ်။ Jim ရဲ့ ကားရတဲ့နောက်တစ်နေ့မှာပဲ ယူထားတဲ့ အငှားကားကို ပြန်အပ်လိုက်ကြပြီး ကားအသစ်စက်စက် ကလေးနဲ့ ခရီးဆက်ကြ ပြန်ပါရာ။ မြူးနစ်ကနေ Austria နိုင်ငံ Salzburg မြို့ကို ဦးတည်သွားရတဲ့ ခရီးလမ်းတစ်လျှောက်ကာ ကားလမ်းရဲ့ ဝဲယာကို ကြည့်လိုက်ရင် သက်ရှိပန်းချီကား တစ်ချပ်ပါပဲ။

အဝေး မှာ ဆီနှင်းဖြူတွေ ဆောင်းနေတဲ့ တောင်တန်းပြာပြာတွေ၊ တောင်ခြေတစ်လျှောက်မှာတော့ ပန်းကော်ဇော ခင်းထားတဲ့ အတိုင်း ရောင်စုံပွင့်ဖူးနေတဲ့ သဘာဝပန်းခင်းတွေကို မြင်တွေ့ရပါတယ်။ ဒီနေ့ရှုမြင်ရတဲ့ ငြိမ်းချမ်းတဲ့ သဘာဝအလှ နဲ့ မနေက ရောက်ခဲ့ရတဲ့ အာဏာရှင်ဟစ်တလာ လက်ထက်မှာ ဂျူးလူမျိုးပေါင်း ခြောက် သန်းကျော် အကျဉ်းချပြီး ဓာတ်ငွေ့နဲ့သတ်ခဲ့တဲ့ မြူးနစ်မြို့က Concentration Camp ရဲ့ အကျည်းတန်ခြင်း ကို ပြန်ယှဉ်တွေးကြည့်ရင်း ရင်ထဲမှာ ကြေကြေကွဲကွဲ ခံစားရပါသေးတယ်။ လူသားချင်း မေတ္တာတရား မထားနိုင်သမျှဒီလို အကျည်းတန်မှုတွေက ရှိနေဦးမှာပါပဲလေ။

Salzburg မြို့လေးက ချစ်စဖွယ် အလွန်သာယာ အေးချမ်းလှပလွန်းတဲ့ တောင်ပေါ်မြို့လေးပါပဲ။ ပြတိုက်တွေ၊ ဘုရားကျောင်းတွေ၊ ပန်းခြံတွေ၊ ဥယျာဉ်တွေအပြင် ခမ်းနားကြီးကျယ်လှတဲ့ ရဲတိုက်ကြီးတွေလည်း အများအပြား ရှိပါတယ်။ ကဖေးလို့ ခေါ်တဲ့ လမ်းဘေး လက်ဖက်ရည် ဆိုင်တွေမှာ အဆိုအတီးတွေနဲ့ စည်ကားလို့။
Salzburg မြို့လေးက ချစ်စဖွယ်အလွန်သာယာ အေးချမ်းလှပလွန်းတဲ့ တောင်ပေါ်မြို့လေးပါပဲ။ ပြတိုက်တွေ၊ ဘုရားကျောင်းတွေ၊ ပန်းခြံတွေ၊ ဥယျာဉ်တွေအပြင် ခမ်းနားကြီးကျယ်လှတဲ့ ရဲတိုက်ကြီး တွေလည်း အများအပြား ရှိပါတယ်။ ကဖေးလို့ ခေါ်တဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ အဆိုအတီးတွေနဲ့ စည်ကားလို့။

Salzburg မှာစလင်းစက်ရုံကြီးလည်း ရှိတာမို့ ကျွန်မတို့ သွားကြည့်ဖြစ်ပါသေးတယ်။ စလင်းနဲ့လုပ်တဲ့ မီးပန်းဆိုင်းတွေက လက်ရာမြောက်သလို ဈေးကလည်း ခေါင်ခိုက်အောင် ကြီးပါတယ်။ စလင်းနဲ့ လုပ် တဲ့ အိမ်သုံးပစ္စည်းမျိုးစုံကလည်း ထိရက်စရာ မရှိအောင် အနုပညာမြောက်လှလွန်းတာမို့ သမီးကေသီ တို့ သူငယ်ချင်းနှစ်ယောက် မခြိုးခြံနိုင်ဘဲ တစ်ပွေ့တစ်ပိုက် ဝယ်ကြလေရဲ့။
Salzburg မှာ နှစ်ရက်ကြာ လည်ကြပြီးနောက်တစ်နေ့ အီတလီကို ထွက်ကြပါတယ်။ အီတလီဘက် လမ်းခရီးက တစ်မူထူးခြားလေရဲ့။ တောင်ကြီးတွေကို ဖောက်ပြီး ဥမင်လှိုင်ခေါင်းတူပြီး ကားလမ်းကို ဖောက်ထားတာပါ။ ကျွန်မတို့ ဖလော်ရီဒါမှာလည်း ရေအောက်မှာ လိုဏ်ခေါင်းလုပ်ပြီး ကားလမ်း ဖောက်ထားတာ ရှိလို့ ဖြတ်သွားနေကြပါပဲ။ ဒါလောက်ရှည်တာမျိုးမဟုတ်ပါဘူး။ အီတလီ သွားတဲ့လမ်း က ဥမင်လှိုင်ခေါင်းတွေ ကတော့ ရှည်လျားလိုက်တဲ့ဖြစ်ခြင်း။ တော်တော်နဲ့ အပြင်မရောက်နိုင်ဘဲ တစ် မျှော်တစ်ခေါ် မောင်းကြရပါတယ်။

အဲဒီလို ဥမင်လိုဏ်ခေါင်းတွေကလည်း တစ်ခုမဟုတ်ဘူး။ ဆယ်ခုထက်မနည်း ဖြစ်ကြရတာမို့ ကြာတော့ရိုးသွားပါလေရော။ ခရီးတစ်လျှောက် ရှုမျှောခင်းတွေကလည်း Ausria ဘက်မှာလို တောပန်း ရောင်စုံ ပွင့်ဖူးနေ တာ ပန်းချီကားချပ်အတိုင်းပါပဲ။ ညနေအတော်စောင်းမှ "ဗင်နီစီးယား" ဆိုတဲ့ဆိုင်း ဘုတ်နဲ့ မြို့ ကို ရောက်ပါတယ်။ Jim က ကားအပ်ပြီးရင် ဟိုတယ်ကိုသွာကြမယ် ဆိုတော့..
"ဟဲ့..Jim ရဲ့ တို့က ဗင်းနစ်မြို့ကို သွားမဲ့ဟာ ဘာကိစ္စ ဒီဗင်နီးစီးယားမြို့ကိုဝင်ရမှာလဲ။ အချိန်ကုန် လိုက်တာ" နဲ့ ကျွန်မက ပူညံ ပူညံလုပ်တော့ ကျွန်မကို လှည့်ကြည့်ပြီး ဟားတိုက်ရယ်ပါလေရော။
"အခု ရောက်တာက ဗင်နစ်မြို့ပဲ ခင်ကြီးရဲ့။ အီတလျှံလို ဗင်းနီးစီးယားလို့ ခေါ်တယ်" လို့ရှင်းပြမှ တောသူကျွန်မ ပါးစပ်ပိတ် ရတော့တယ်။ ဗင်းနစ်(စ)မြို့က တစ်မြို့လုံး တူးမြောင်းတွေ ဖောက်ထား တာမို့ ကားမောင်း လို့မရပါဘူး။ ကားတွေကို မြို့အဝက်က ဧရာမကားဂိုထောင်ကြီးမှာ အပ်ထားခဲ့ပြီးမှ တည်းခိုရာ ဟိုတယ်က လာကြိုပေး တဲ့ သင်္ဘောလေးကို စီးသွားရတာပါ။
ကမ္ဘာအရပ်ရပ် က တိုးရစ်တွေ အလာများတာကြောင့် အထပ်ပေါင်းများစွာ ရှိတဲ့ကားဂိုထောက်ကြီး တစ် ခုလုံး ကလည်း အပြည့်။ ကိုယ့်ကားတစ်ကားစာ ရပ်စရာ ရဖို့တော့ အတော်ခက်ခဲပါတယ်။ တစ်ထပ်ပြီးတစ်ထပ် တက်ရှာပေ မဲ့ ဂိတ်စောင့်က သူ့အထပ်မှာ နေရာကုန်ပြီးလို့ပြောတိုင်း ပြန်လှည့်ထွက် ခဲ့ရတာနဲ့ ထိပ်ဆုံး သာ ရောက်ရာ၊ ကားရပ်စရာ မရှိဘူး ဖြစ်နေတာနဲ့ ကျွန်မတို့အုပ်စု စိတ်ဓာတ်ကျချင်ချင် ဖြစ်လာပါတယ်။

အဆင်းက အထပ်တစ်ခုမှာ Jim ကဂိတ်စောင့်ကို "ကဲ..မင်းကို ဒေါ်လာတစ်ဆယ် လက်ဖကိရည်ဖိုး ပေးမယ်။ ကားရပ်စရာ ရမလား" မေးကြည့်တော့ တစ်ချီတည်းနဲ့ "ရက်ဆား" ဖြစ်သွားတော့တာပဲ။ ကျွန်မတောင် အမေရိကား မှာ အနေကြာလို့ ခပ်မေ့မေ့ ဖြစ်နေတဲ့ လက်ရည်ဖိုးကို ခုမှ သတိရပြီး ပြုံးရ ပါသေးတယ်။ ဟိုတယ် က လာကြိုတဲ့ မော်တော်ဘုတ်ကလေးနဲ့ မြို့ထဲကို ရောက်ကြပါတယ်။
ကျောင်မှာတုန်း က သင်ခဲ့ရတဲ့ Merchant of Venice အရှိန်လေးက မကုန်သေးလို့ Venice မြို့ကိုစိတ် ဝင်စားမှု ပိုခဲ့တာကြောင့်ကိုယ်တိုင်ကိုယ်ကျသမီးကေသီရဲ့ကျေးဇူးနဲ့ရောက်ရတော့ ကြည်နူးတက်ကြွနေမိ ပါတယ်။ အီတလီရောက်မှ ကျွန်မတို့တတွေလည်း နေ့ချင် ညချင်း မီလျှံနာတွေ ဖြစ်ကုန်ကြတာပဲ။ အီတလီသုံငွေ လီရာ က အမေရိကန် တစ်ဒေါ်လာကို နှစ်ထောင်နီးပါး ရှိတာကြောင့် ငွေလဲလိုက်တာနဲ့ လက်ထဲမှာ သန်းချီပြီး ကိုင်သုံးနေရပါတယ်။

အီတလီမှာ သားရေနဲ့လုပ်တဲ့ ပစ္စည်းမှန်သမျှ ပေါပါဘိခြင်း။ သားရေအင်္ကျီ၊ သားရေဘောင်ဘီတွေ ဆို တာလည်း အရောင်သွေးစုံ ပျော့ပျောင်းနူးညံ့နေတာမျိုးပါ။ သားရေအစစ်နဲ့ လုပ်ထားတဲ့ ဖိနပ်တွေက လည်း လှမှလှ။ အမေရိကားမှာ ဒေါ်လာ ငါးဆယ်လောက် ပေးရတဲ့ ဖိနပ်တွေ ဗင်းနစ်မှာ တစ်ရန်ကို ငါးဒေါ်လာနဲ့ ဝယ်လို့ရတော့ ကျွန်မတို့အုပ်စု ဖိနပ်အရန်ပေါင်းများစွာလည်း ဝယ်ဖြစ်ကြရဲ့။
ဗီးနစ်(စ)မှာ ကြည့်စရာ၊ လေ့လာစရာတွေ အများမပြားပါပဲ။ အနုပညာနဲ့ ပတ်သက်တဲ့ ပြခန်းများစွာ လည်းရှိပါတယ်။ အထူသဖြင့် ကမ္ဘာကျော်ပန်းချီဆရာကြီးများရဲ့ လက်ရာတွေဆိုပါတော့။ မြို့လယ် က မျှော်စင်ကြီးရဲ့ ထိပ်ကို တက်ကြည့်ရင် တစ်မြို့လုံးရဲ့ ရှုခင်းကို အပေါ်က စီးမြင်ရတာလည်း ရှုမောဖွယ်ရာ ပါပဲ။ မြို့လယ်က ရင်ပြင်မှာလည်း လူစည်ကားလှပါတယ်။ ခိုငှက်ပေါင်း ရာထောင်ကို အစာဝယ်ကျွေးသူတွေနဲ့၊ အပျော်တမ်း တီးဝိုင်းမှာ စုပြီး တေးဂီတမှာယစ်မူးနေကြသူတွေနဲ့၊ ကဖေးတွေ မှာ အေးအေးဆေးဆေး ကော်ဖီ ထိုင်သောက်သူတွေနဲ့ ကိုယ်စိတ်ဝင်စားရာနဲ့ အားလုံး တစုစီတေဝေးစီ လှုပ်ရှားနေကြ တဲ့ လူအုပ်ကြီးကလည်း မနည်းမနောပါပဲ။

ဗင်းနစ်(စ)မှာနှစ်ရက်ကြာ နေပြီးကျွန်မတို့ ဖလော်ရင့်(စ)ကို ခရီးဆက်ပြန်ပါတယ်။ ဖလော်ရင့်(စ)မှာ တစ်လမ်းလုံး ပန်းချီကားတွေ ရောင်းတဲ့ ဆိုင်ကြီးများစွာ ရှိသလို လမ်းဘေးပန်းချီ ဆရာ တွေလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့ပုံတူကို တစ်ထိုင်တည်း ဆွဲပေးလိုက်တာမျိုးပါ။ တချို့ကလည်း ပုံတူပန်းချီ၊ တချို့ကျ ကာတွန်းပုံဖြစ်အောင် ပုံတူဆွဲပေးတာမျိုးလည်း ရှိရဲ့။ အားလုံးကလာတဲ့ တိုးရစ် တွေနဲ့ အလုပ်ဖြစ်နေပုံရပါတယ်။

ဖလော်ရင့်(စ)မှာ ရွှေဆိုင်ကလည်း တန်းစီပြီး ရောင်းနေတာတွေ့ရပါတယ်။ တစ်ဆိုင်တစ်ဆိုင်မှာ ခင်းပြထား တဲ့ ရွှေတွေများပြားလွန်းလို့ တအံ့တသြငေးမောရပါရဲ့။ ဖလော်ရင့်(စ)မှာ ကျွန်မတို့ တစ်ရက်ပဲ လည်ကြပြီးမိုနာ့ကိုနိုင်ငံ ကို ကူးကြပါတယ်။ တောင်ပတ်လမ်းတွေကိုဖြတ်သွားရတာ တစ်ဖက်က တောင်ကမ်းပါး၊ တစ်ဖက်က ချောက်ကြီးတွေနဲ့မို့ရှမ်းပြည်တောင်ကြီးဘက် သွားရတဲ့ လမ်းနဲ့တူပါတယ်။ မနော့ကို မရောက်ခင် တောင်စောင်းတစ်ခုမှာ မင်းသမီးဂရေးစ်ကယ်လီ ကား မှောက်တဲ့နေရာ ကို ပြထားတာလည်းတွေ့ ခဲ့ရလို့ မင်းသမီး အတွက် အမျှပေးဝေခဲ့ပါသေးတယ်။
မနော့ကိုနိုင်ငံ က တကယ့်သေးသေးလေးပါ။ မြေပြန့်မှာတည်ထားတဲ့မြို့မဟုတ်ဘူး။ တောင်ပတ် လည်ဝိုင်းရံပြီး တောင်ခါးပန်းတွေမှာ လမ်းဖောက် အိမ်ဆောက်ထားတာမို့ အပေါ်ဘက်က အောက်လမ်းကို လှမ်းမြင် လို့ရပါတယ်။ တော်ရိပ်တောင်ရိပ်နဲ့မို့ လှပသာယာနေချင်စဖွယ် နိုင်ငံ လေးပါပဲ။ မြို့အလယ်မှာ ဧရာမ ကာစီနို ကစားဝိုင်းအဆောက်အအုံကြီးရှိပါတယ်။ Parking Lotမှာ လာကစားကြသူတွေရ့ ကားတွေကလည်း အပြည့်။

နန်းတော်ဘက်ကိုရောက်တော့ အချိန်မရှိတာနဲ့ အထဲဝင်မကြည့်နိုင်တော့ဘဲ အပြင်ကပဲ ဓာတ်ပုံ ရိုက်ခဲ့ ရပါတယ်။ ထူးခြားတာတစ်ခုက ကျွန်မတို့ ဖလော်ရီဒါမှာ ရှိတဲ့နာမည်ကြီး စူပါမားကတ် Publixကို မနော့ကိုမှာ အမေရိကား က ပုံစံအတိုင်းတွေ့ခဲ့ရလို့ အံ့သြရပါသေးတယ်။ မနော့ကိုက တစ်နေ့တာ ကားပတ်မောင်း လိုက်တာနဲ့ တော်တော်ပြည့်စုံအောင် ကြည့်လိုက်ရတာမို့ ပြင်သစ် နိုင်ငံကိုကူးဖို့ Niceကို ကားမောင်း သွားရပြန်ပါရော။

Nice မြို့အ၀င်မှာ ကျွန်မက လူတတ်လုပ်ပြီးဆိုင်းဘုတ်ကြီးကို ဖတ်လိုက်ပါတယ်။ "ဟော...နိုက်(စ) ကို ရောက်ပြီ"လို့။
ဒီတော့ Jimက "အဲဒါ နိုက်(စ)လို့ အသံမထွက်ဘူး။ နိစ်(စ)လို့ အသံထွက်ရတယ်"လို့ ကျွန်မ ကို ပြင်ပေးပါတယ်။ "အင်း...ဗင်းနစ်(စ)က ဗင်နီစီးယားဖြစ်၊ နိုက်(စ)က နိစ်(စ)ဖြစ်၊ ဒါတွေဟာ ခရီး သွား အတွေ့အကြုံတွေပေါ့လေ"လို့ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တွေးပြီးပြုံးရပါသေး တယ်။
နိစ်(စ)ကနေပြီး ပါရီကို ညရထားစီးကြဖို့ စီစဉ်ထားပါတယ်။ Jimရဲ့ကားကိုလည်း ရထားမှာတင်ပြီး ပို့လိုက်မယ်ဆိုတော့ Jimကလည်း သူ့ကားတင်ဖို့ကိစ္စလုပ်၊ ကျွန်မတို့တစ်တွေကလည်း ရထား လက်မှတ် လုပ်နဲ့ ကိုယ်စီအလုပ်တွေရှုပ်လို့ပေါ့။

အခန်းရပြီးမှ Jimကသူ့ကိစ္စပြီးလို့ ရောက်လာလေရဲ့။ ကျွန်မတို့ လက်ဆွဲအိတ်တွေရောလို့ မေးကြည့်တော့ "ကားထဲ မှာ အားလုံးပါသွားပြီ"တဲ့လေ။ ကျွန်မက ပစ္စည်းတွေ ပျောက်ကုန်မှာ စိတ်ပူလို့ "ကားလို့ သော့ခတ်လိုက်ရဲ့လား"ဆိုတော့ ကားသော့ပါ ပေးထားခဲ့ရတာတဲ့။ တင်လိုက် တဲ့ကားက အမြန်ရထား နဲ့ ပါသွားမှာမို့ ကျွန်မတို့အရင် ပါရီကိုရောက်နေမှာပါ။ ကားကို ဘူတာက Parking Lotမှာ အဆင်သင့် ရပ်ထားပေးလိမ့်မယ်။ ရောက်တာနဲ့သွားယူမောင်းသွားရုံပဲလို့ အေးအေးဆေးဆေး ပြန်ဖြေပါတယ်။
"ပစ္စည်းတွေပျောက် ကုန်ရင် ဒုက္ခ"လို့ကျွန်မက စိတ်ပူမဆုံးဖြစ်နေတော့ Jimက နားမလည်သလို လိုပုံစံနဲ့ "ဘယ်သူက ယူ မှာလဲ"လို့ ပြန်မေးနေတာကြောင့် "ကဲ..ထားလိုက်ပါတော့"ဆိုပြီး စိတ် ကို လျှော့်လိုက်ရပါတယ်။ ရင်ထဲမှာတော့ ဘ၀င်မကျတကျနဲ့ဆိုပါတော့။ ပြင်သစ်က မီးရထားတွေက ကျွန်မ တို့ မြန်မာပြည်ပုံစံအတိုင်းပါပဲ။ တစ်ခန်းမှာ ၀ဲယာအထက်အောက် အိပ်စင်လေးခု ပါပါတယ်။ သမီးကေသီက အပေါ်ထပ်စင်မှာ အိပ်တော့ အဆင်ပြေလို့ပါပဲ။   

မြန်မာပြည်မှာတုန်းက မန္တလေး-ရန်ကုန် ညရထားနဲ့ ကူးနေကြမို့ ပြန်သတိရပြီး အိမ်လွမ်းနာက လည်းခံစားရပါသေးတယ်။ နံနက်လင်းတာနဲ့ ပါရီမြို့ကို ရောက်ပါရေ။ ကျွန်မစိတ်ထဲမှာတော့ တထင့်ထင့်နဲ့ပေါ့။ ဂျာမနီ၊ သြစတြေးလျားနဲ့ အီတလီနိုင်ငံတစ်လျှောက် ၀ယ်လာခဲ့တဲ့ သမီးနဲ့ သူ့သူငယ်ချင်းပစ္စည်းတွေက မနည်း မနော။ စလင်းကျောက်နဲ့လုပ်တဲ့ ပစ္စည်းမျိုးစုံတွေ ဈေးကြီး ပေးပြီါ်ဝယ်လာကြတာ ကျွန်မျက်စိ နဲ့အမြင်ဆိုတော့ သော့မခတ်ဘဲ ရပ်ထားတဲ့ ကားထဲမှာ ရှိမှရှိပါ့ ဦးမလား ဆိုတာစိတ်စောနေမိပါတယ်။
ကျွန်သောကရောက်နေပုံမျိုးကို ကြုံဖူးကြုံစမရှိတဲ့ Jimကနားမလည်နိုင်ပေဘူးပေါ့။ ကိုယ့်ဟာကိုယ် ပဲကျိတ်စိတ်ပူရင်း ကားဆီးလှမ်းတဲ့ခြေလှမ်းတွေက သွက်နေလေရဲ့။ ကားကိုအဆင်သင့်မောင်းယူ သွားဖို့ကားထဲမှာ သော့တန်းလန်းနဲ့ ရပ်ထားတာပါ။ သူတို့ဆီများတော့ လွယ်ကူအောင် လုပ် ထားပုံများ အံ့မခန်းပါပဲ။

Truck ထဲက ပစ္စည်းတွေလည်းစေ့ငှရဲ့လား၊ စစ်ပါဦးလို့ မနေနိုင်တဲ့ ကျွန်မကပြောကာမှ သမီးတို့ ကအပြေးသွား ဖွင့်ကြည့်တော့ ထည့်ထားခဲ့တဲ့အတိုင်း ခြေရာလက်ရာမပျက်တွေ့ရပါတယ်။ ဒီတော့ မှကျွန်မ ရင်ထဲ မှာ မအောင့်နိုင်တော့ဘဲ ကျေးဇူးတင်စိတ်နဲ့ သာဓု၊ သာဓု၊ သာဓုလို့ အသံထွက် သာဓုခေါ်ရ ပါတယ်။
သမီးကေသီ က မာမီက ဘာတွေ သာဓုခေါ်နေတာလဲ တဲ့။ သြော်... သူတစ်ပါးပစ္စည်းကိုမပြစ်မှား တဲ့ဝန်ထမ်းများ ရဲ့ စိတ်ဓာတ် ကို သာဓုခေါ်တာပါသမီးရယ်လို့ ရောင်ခြည်ပျိုးစ ပါရီရဲ့အရုဏ်ဦးအ လှကိုငေးရင်းဖြေ လိုက်ပါတယ်။

ဦးမြလှိုင်နဲ့ညီအစ်ကိုအရင်းလို ခင်တဲ့စာရေးဆရာ "ကိုကိုမောင်"ရဲ့ ပါရီရောက်ဆောင်းပါးတွေကို စွဲစွဲ မက်မက် ဖတ်ခဲ့ဖူတဲ့ ကျွန်မအတွက် ပါရီကိုကိုယ်တိုင်ကိုယ်ကျရောက်ရတော့ ကြည်နူးမဆုံးဖြစ် ရတယ်ပေါ့။ မြန်မာပြည်လို့ ဆိုလိုက်တာနဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကအဓိကရ ဖြစ်သလို ပါရီ မှာလည်း Effel Tower အက်ဖယ်(လ)မျှော်စင်ကြီးက အထင်ကရပူးတွဲပြီး လူတကာသိတဲ့ ပါရီရဲ့ ပုံရိတ်တစ်ခုပါပဲ။ ပါရီ မှာကြည့်စရာ၊ လေ့လာစရာ၊ လည်စရာတွေက များပြားလှပါတယ်။
အက်ဖက်(လ)မျှော်စင်ပေါ် ကနေ ကြည့်ရတဲ့ ပါရီတစ်မြို့လုံးရဲ့ မြင်ကွင်းကလည်း လှပါဘိ။ စိမ့်မြစ် ကပါရီမြို့ အလယ် ကို ဖြတ်ပြီး စီးဆင်းတာမို့ တစ်ပိုင်းစီ ခွဲခြားထားသလိုပါပဲ။ အက်ဖယ်(လ)မျှော် စင်မှာ ကမ္ဘာအရပ်ရပ် မှာရှိတဲ့ တိုင်းပြည်တွေရဲ့ မြို့တော်နဲ့ အက်ဖယ်(လ)မျှော်စင် အကွာအဝေး လယ်လောက် ရှိတယ်ဆိုတဲ့အတိုင်းအတာကို ရေးပြီကပ်ထားတာရီပါတယ်။ သမီးကေသီက...
"မာမီရေ... သမီးတို့ ရန်ကုန်ပါလား။ ကြည့်ရအောင်"နဲ့ လူအုပ်ထဲမှာ တကြော်ကြော် လှမ်းအော် ပြောရင်း ရှာနေလေရဲ့။

ရန်ကုန် ဆိုတာလည်းတွေ့ရော ဆွေ့ဆွေဲ့ခုန်ဝမ်းသာလို့ ကျွန်မတို့မှာကျေနက်ကြည်နူးမဆုံးပါပဲ။ ကိုယ့်မွေးရပ်မြေ ဆိုတာ နှလုံးသားထဲမှာ အမြဲတန်ဖိုးထား သိမ်းဆည်းရာမဟုတ်လားနော်။ ပါရီမှာ ကြည့်စရာတွေများ လို့ ငါးရက်ကြာနေဖြစ်ကြပါတယ်။ လူဝီဘုရင်ရဲ့ နန်းတော်တို့၊ Notre Dame ဘုရားရှိခိုးကျောင်း တို့၊ နာမည်ကြီး Louvre ပြတိုက်တို့စသည်စသည်တွေလည်း စုံအောင်ရောက် ကြပါတယ်။
ပါရီမှာ ကျွန်မနဲ့ ခင်မင်ရင်းနှီးတဲ့ အမြတ်တော်ခွန်မင်းကြီး(ငြိမ်း) ဦးတင်မောင် နဲ့ လေ့လာရေး ရောက်နေ တဲ့ မြန်မာပြည်က ပန်းချီးကျောင်းအုပ်ကြီး ဦးသန့်စင်(ပန်းချီလှတင်ထွန်း)တို့ ရှိနေကြ တာနဲ့ ဖုန်းလှမ်းဆက် လိုက်တော့ ဟိုတယ်မှာ လာတွေ့ကြပါတယ်။ အဲဒီအချိန်က ပညာရေးဝန်ကြီး ဟောင်း ဦးခင်မောင်ဝင်း က မြန်မာသံအမတ်ကြီး ပါ။ ကျွန်မတို့ကို မန္တလေးသားချင်းမို့ ဦးတင်မောင် က အားလုံးနဲ့တွေ့ရအောင် ဆိုပြီး မြန်မာသံရုံးကို လိုက်ပို့ပါတယ်။

ရတဲ့အချိန်လေးကို လုပြီး သွားရတာကြောင့် ကြိုတင်လည်းချိန်းဆိုမထားမိဘူးပေါ့။ ဒါကြောင့်သံရုံး ကိုရောက် သွားတော့ ဦးခင်မောင်ဝင်း အစည်းအဝေးတစ်ခုသွားတက်နေတာနဲ့ လွဲသွားပါရော။ သူ့ဇနီး ဒေါ်စိန်စိန်ကို တယ်လီဖုန်းနဲ့ပဲ လှမ်းနှုတ်ဆက်ခဲ့ရပါတယ်။ Jimက ကျွန်မတို့နဲ့ အပေါင်းအသင်းဖြစ်ပြီး ကတည်းက မြန်မာအသိုင်းအ၀ိုင်း နဲ့ပါ ယဉ်ပါးပြီး မြန်မာပြည်ကိုစိတ်ဝင်စား အထင်ကြီးနေတာမို့ သံရုံးက မြန်မာအလံတော် နဲ့ ဓာတ်ပုံရိုက်ချငလို့ ဆိုပြီး ပါလာလိုက်သေး တယ်လေ။ သူ့ဆန္ဒပြည့်အောင် ဓာတ်ပုံလည်း ရိုက်ပေးလိုက်ရပါသေးတယ်။
နောက်တစ်နေ့ မှာ ပါရီကနေ ဘယ်(လ)ဂျီယမ်နိုင်ငံကို ကျွန်မတို့လေးယာက် မီးရထားနဲ့ သွား လည်ကြဖို့ စီစဉ်ထား ပါတယ်။ Jim သူ့ကားကိုပါရီကနေပြီး အမေရိကားကို တင်ပို့ဖို့ အစီအစဉ် တွေလုပ်ရဦးမှာကြောင့် ပါရီမှာ ဆက်နေခဲ့ပါတယ်။ Brusselsကိုရောက်တော့ မိုးကြီးသည်းထန်းစွာ ရွာနေတာနဲ့ ဘူတာရုံမှာရှိတဲ့ဆိုင်က မိုးကာ အင်္ကျီတွေရော၊ ထီးတွေပါကိုယ်စီ ၀ယ်ကြပြီးမိုးရွာကြီး ထဲမှာလျှောက်ကြ ရတာ ပျော်စရာ လည်းကောင်း ပါရဲ့။

ကျွန်မ တို့အားလုံး မိုးစိုပြီး ကြွက်စုတ်ရုပ်ထွက်နေကြတော့တယ်။ မိုးကလည်း တစ်နေကုန်မတိတ် ဘူး။ City Tour ယူပြီးမြို့တစ်ပတ်ကားနဲ့ လျှောက်ကြည့်ခဲ့ရတာနဲ့ပဲ ကျေနပ်ခဲ့ရတော့တယ်။ ဘယ်(လ)ဂျီယမ်မှာ ပန်းတွေ က တကယ် လှပါပဲ။ ပန်းခင်းရောင်စုံတွေ နေရာတိုင်းမှာ တွေ့ရတာ စိတ်ကြည်နူးစရာမို့ မိုးသည်းပေမဲ့ အလှကိုရှာကြည့်ပြီး စိတ်ဖြေရတော့တယ်။ နောက်တစ်နေ့ ပါရီ ကိုပြန်လာကြပြီး ပြည်တော်ပြန် ခရီးအတွက် ပြင်ဆင် ရတာအမောတကောပါပဲ။

ဥရောပတစ်ခွင်မှာ သုံးပတ်ဆိုတဲ့အချိန်ဘယ်လိုကုန်ဆုံးသွားလိုက်မှန်း မသိရအောင် မြန်ဆန်လွန်း တာပြန်တွေးကြည့်နေမိပါတယ်။ ကျွန်မရဲ့သားသမီးတွေတော့ သူတို့ဝမ်းရေးကို Eggroll House နဲ့ဖြေရှင်းနေကြလေသလား မသိဘ။ ကျွန်မတို့ အိမ်နဲ့မဝေးလှတဲ့ Mall ထဲမှာ Eggroll House ဆိုတဲ့ တရုတ်စားသောက်ဆိုင်တစ်ခု ရှိပါတယ်။ ကျွန်မ ခရီးထွက်ပြီး ဆိုတာနဲ့ ဟုတ်တိပတ်တို မချက်တတ်ကြတဲ့ သားတွေက အဲဒီဆိုင်မှာ ညနေတိုင်းလို Take out ယူစားနေကျလေ။

သားငယ်တစ်လှည့်၊ သားကြီးတစ်လှည့် ညနေအချိန်မှန် လာမှာပြီးယူယူသွားကြတာ ကြာတော့ ဆိုင်ရှင်က သူတို့ကို သိနေပြီး "မင်းတို့ မာမီခရီးသွားပြန်ပြီလား"လို့မေးတယ်တဲ့လေ။ ဘယ် လောက်ပဲခရီးသွားရတာ အသစ်အဆန်းအတွေ့အကြုံတွေနဲ့ စိတ်ဝင်စားစရာကောင်းတယ် ပြောပြော ကိုယ့်အိမ်ကိုယ်ပြန်ရတာက စိတ်ချမ်းမြေ့ ပျော်ရွှင်စရာ အကောင်းဆုံးမဟုတ်လားနော်။
ဘ၀ဆိုတာ ခရီးရှည်ကြီးကို မပြီးမဆုံးသော သွားရခြင်းမျိုးနဲ့ သွားနေရတာ။ အိမ်ဆိုတာက ကိုယ့် အတွက် နားခိုရာ၊ အပန်းဖြေနေရာ၊ မိုးလေလုံခြုံရာနေရာတင်မကဘူး။ စိတ်ရောကိုယ်ပါ တွယ်တာ မှုသံယောဇဉ်တွေ ရစ်ပတ်နှောင်ဖွဲ့ရာ၊ မတ္တောကရုဏာတွေဝေတဲ့နေရာ၊ တန်ဖိုးထားရဆုံး ကိုယ့် မိသားစုရှိတဲ့နေရာ။

အိမ်ပြန်ခရီးဟာ ပျော်ရွှင်မှုအတိပဲဆိုပါတော့။ သုံးပတ်တာ ခွဲခွာခဲ့ရတဲ့ သားသမီးတွေရဲ့ဝင်းပတဲ့ မျက်နှာလေးတွေကို အတွေးနဲ့စိတ်ကူးကြည့်ပြီး ရောက်ချင်ဇောကပ်နေတော့တယ်။ အိမ်တံခါး လည်းဖွင့်လိုက်ရော သားတွေ သမီးတွေ ၀မ်းသာအယ်လဲနဲ့ ဆီးကြိုကြတဲ့ အသံကဝေစည်ညံ သွား တော့တာပဲလေ။ တစ်ယောက်နဲ့ တစ်ယောက်အလုအယက်အဖြစ်အပျက်မျိုးစုံကိုလည်း ပြောမကုန် ရှိနေကြလေ ရဲ့၊ ကျွန်မအပြင် က ပြန်လာတိုင်း ၀မ်းသာအားရ နဲ့ ခုန်ပေါက်ကြိုနေကျ ပါရှာတစ်ယောက်က သူ့ကို သွားခေါ်တာတောင် ခပ်ရှောင်ရှောင်လုပ်နေလိုက်သေးတယ်။ သူ့ကိုအကြာကြီး ပစ်ထားသွား ရ ကောင်းလားနဲ့ စိတ်ကောက်နေလေတယ်မသိ။ ကျွန်မလည်း ကိုယ့်သားသမီးတွေ နဲ့ ပြောမကုန် ဖြစ်နေ တာကြောင့် သူ့ကိုလွှတ်ထားလိုက်တော့တယ်။ သုံးလေးရက်နေမှာ စိတ်ကောက်ပြေပြီး ကျွန်မနား လာကပ်ပါ တယ်။ တိရိစ္ဆာန်ဖြစ်ပေမဲ့ သူကလည်း အထာကလေးနဲ့လေ။

ဒီလိုနဲ့ ခွင့်ရက်စေ့တော့ အလုပ်ပြန်ဝင်ပြီး ပုံမှန်လှုပ်ရှားရတယ်ပေါ့။ ဘာလိုလိုနဲ့ သားလေးကို ဇာနည် ဆုံးတာဟာ လည်း အခုလာမဲ့ ၁၉၈၅ခု၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ နှစ်နှစ်တင်းတင်းပြည့် တော့မှာပါ။ သားလေး ကို ရင်ထဲမှာ တစ်နေ့မှ မေ့ပျောက်လို့မရပါဘူး။ သွားလာလှုပ်ရှားခဲ့ တဲ့ နေရာလေးတွေ မြင်တိုင်း တွေ့တိုင်းလည်း အသစ်ပြန်ဖြစ်ပြီး မျက်ရည်ကျရတဲ့အခါလည်း ရှိရဲ့။
သူ့အသက် နှစ်ဆယ့်တစ်နှစ်ပြည့်ရင် မာမီအတွက် တောင်ပုလုဆရာတော်ကြီးနဲ့ ကျောင်းမှာ ရဟန်းခံပေးမယ် ဆိုတဲ့ စကားလေးကလည်း နားထဲက မထွက်နိုင်ဘူး။ ဒါကြောင့်သားလေး မွေးနေ့ ကျရင် ဆရာတော်ဘုရား ကျောင်းကိုသွားပြီး တရားဝင်ရင်းအဲဒီကုသိုလ်ကို သားလေးအတွက် အမျှ ပေးဝေမယ်လို့ စိတ်ကူးနေ ဆဲ ရှိသေးတယ်။ ဆရာတော်ကြီးဆီက တစ်ညမှာ တယ်လီဖုန်းဝင်လာ ပါရော။
ဆရာတော်ကြီးနဲ့ အတူ ကမ္ဘာအေးဆရာတော်ဘုရားနဲ့ ဆရာတော်ဦးပဏ္ဍိအပါအ၀င် ရဟန်းသုံး ပါးရယ်၊ ကပ္ပိယတစ်ဦး ရယ် စုစုပေါင်းလေးဦး ကျွန်မဆီ ကြွကြမယ်တဲ့။ အို... ကျွန်မဘယ်လို ၀မ်းသာသွားမှန်းမသိဘူး။ တိုက်ဆိုင် လိုက်ပုံကလည်း သားရဲ့မွေးရက်ဝန်းကျင်မှာ ရောက်လာကြ မှာပါ။ ကျွန်မအပျော်လွန်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ထိုင်ရမလို၊ ထရမလို ရပ်တည်ရာမရ၊ ဟို ပြေးဒီလျှောက် ဖြစ်နေတာ ရယ်စရာလည်း ကောင်းပါရဲ့။

အလုပ်မှာ ကြိုတင်ပြီး ခွင့်ရက်တင်၊ လိုအပ်မဲ့ပစ္စည်းတွေဝယ်၊ အိမ်ရှင်းနဲ့ ပတ်ချာကိုလည်လို့။ ကျွန်မ ဒါလောက် စိတ်လှုပ်ရှားရတာကို မြန်မာပြည်က စာရှုသူများနားလည်နိုင်မယ်မထင်ပါဘူး။ မြန်မာပြည်မှာတော့ အိမ်မှာ ဆွမ်းပင့်ပြီး ကပ်လှူချင်သပဆိုရင် ဘာမှခက်တာ မဟုတ်ဘူး။ ကိုယ် ကိုးကွယ်ဆည်းကပ်ရာ ကျောင်းက ဘုန်ြး်ကီးသွားပင့် လိုက်ရုံပါပဲ။ တတ်နိုင်လို့ ဘုန်းကြီးအပါးတစ် ရာကပ်ချင်ရင်လည်း ဘယ်ကျောင်းတိုက် သွားပင့်ပင့် ပင့်လို့ရတာမဟုတ်လားနော်။

ကျွန်မ တို့ နေတဲ့ဖလော်ရီဒါမှာက ကျောင်းလည်းမရှိ၊ ရဟန်းတော်များလည်းမရှိ။ ဆွမ်းပင့်ချင်လို့မှ ပင့်စရာသံဃာတော် မရှိ။ ကိုဇာနည်အတွက် တစ်နှစ်ပြည့်လို့ နှစ်ပတ်လည်ဆွမ်းကပ်အလှူ လုပ်ချင်တာ ဖလော်ရီဒါ မှာ သံဃာတော်များမရှိတာနဲ့ ကျွန်မရဲ့ သူငယ်ချင်းမန္တလေးက ဒေါ်လှလှမြင့်ကို သံဃာတော် ဆယ်ပါး ဆွမ်းကပ်လှူပေးဖို့ ငွေပို့ပြီးလှူခိုင်းရပါတယ်။ ဒေါ်လှလှမြင့် နဲ့အတူ သူငယ်ချင်းဒေါ်စိန်စိန်ရီ တို့ ဆောင်ရွက်ပေးကြ လို့သာ ကျွန်မရဲ့ဆန္ဒပြည့်ပြီး အလှူဒါန ထမြောက်တာပါ။

ဒီနှစ်တော့ ဆရာတော်ကြီးများ ကြွလာကြမဲ့ ရက်ကလည်း ကျွန်မရဲ့မိခင်ကွယ်လွန်တာ နှစ်ပတ်လည်နဲ့ ကိုဇာနည် အတွက် မွေးနေ့ပါတိုက်နေတာကြောင့် ရှားရှားပါပါးဆွမ်းကပ်ခွင့်ကြုံရ မှာမို့ ၀မ်းသာကြည်နူး မဆုံးဖြစ်ရတယ်ပေါ့။ အထူးသဖြင့် တောင်ပုလုဆရာတော်ကြီးလို၊ ကမ္ဘာအေး ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးက ဖူးမျှော်ခွင့်ကြုံရခဲမျှပါ။
တောင်ပုလု ဆရာတော်ကြီး ကြွလာမယ်ဆိုတဲ့သတင်းကြားကြတော့ ဖူးမြော်လိုသူတွေကလည်း မနည်းပါဘူး။ ကနေဒါ တို့၊အင်္ဂလန်တို့ကတောင် တကူးတက ရောက်လာကြသူများရှိတာမို့ သူတို့ရဲ့ သဒ္ဓါစိတ်ကို သာဓုခေါ်ရ ပါတယ်။ ဆရာတော်ကြီးများရောက်လာကြတော့ အမေရိကန် လူငယ်တစ်ဦးလည်း အတူပါလာ ပါတယ်။ ဆရာတော်ဦးပဏ္ဍိက...
"ဒကာမကြီး ဒါဘုန်းကြီးတို့ရဲ့ ကပ္ပိယ ဒေးဗစ်"ဆိုပြီး မိတ်ဆက်ပေးပါတယ်။ သမီးကေသီက ကျွန်မ ကို နောက်ကွယ်မှာလက်တို့ပြီး "ကပ္ပိယကလည်း အမေရိကန်ကြီးလား"တဲ့။ ဟဲ့... ကပ္ပိယ ဘာလူမျိုးဖြစ်ရမယ် လို့ ဘုရားကဟောခဲ့လို့လားလို့ သမီးကိုလူမကြားအောင် ကျိတ်ဆူရပါသေး တယ်။ ဒေးဗစ်က တကယ်ကိုတော် တဲ့ လူငယ်လေးပါပဲ။ ဆရာတော်များအားလုံး လိုတာပြည့်စုံဖို့ ပျာနေအောင် လုပ်ကိုင်ဆောင်ရွက်ပေး တာပါ။ အလွန်ကိုလေးစားရိုကျိုးတဲ့ အမူအရာလည်း ပေါ်လွင်နေတာမို့ ရင်ထဲက ချီးကျူး သာဓုခေါ်မိပါတယ်။

ဆရာတော်ကြီးများအတွက် နေရာထိုင်ခင်းစီစဉ်ပြီးတာနဲ့ တောင်ပုလုဆရာတော်ကြီးက ကျွန်မ ကိုခေါ်ပြီး "ဒကာမကြီး ဒီည ဘယ်မှာအိပ်မှလဲ"တဲ့။
"သံဃာတော်များ နဲ့ တစ်မိုးအောက်မှာမအိပ်ရဘူးဆိုတာ သိတယ်မဟုတ်လား"တဲ့။
"တင်ပါ့ဘုရား"လို့ သာ လျှောက်လိုက်ရတယ်။ အဲလောက်ထိ ကြိုတင်တွေးတော မထားမိတာနဲ့ ဘယ်မှာ အိပ်ရမယ်ဆိုတာ စီစဉ်မထားမိပါဘူး။ သမီးကေသီက သူ့အိမ်သူပြန်အိပ်မှာမို့ပြဿနာ မရှိဘူးပေါ့။ သမီးငယ်သူဇာ လိုက်အိပ်ဖို့က ဝေးတာကြောင့် မျက်နှာချင်းဆိုင်က သူ့သူငယ်ချင်း အိမ်မှာ သွားအိပ်ခိုင်း လိုက်ရပါတယ်။

ကျွန်မအတွက်ကျ အခက်ဖြစ်နေပါရော။ မနက်ဆွမ်းကပ်ဖို့ကလည်း ချက်ရမယ်။ လာသမျှဧည့် သည်တွေ ကိုလည်း မနက်စာ၊ ညစာကျွေးချင်သေးတာမို့ အိမ်ကခွာလို့မရသေးဘူး။ ဒါ့အပြင် မနက်လေးနာရီမှာ ဆရာတော်ကြီး တစ်ပါးတည်း ဆေးနဲ့ကပ်ဖို့ နွားနို့ပူပူတစ်ခွက်ကပ်ရမယ်လို့ ကပ္ပိယဒေးဗစ်က မှာထားတာ ကလည်းရှိနေသေး တယ်။ တခြားဘာတွေလုပ်ပေးဖို့ လိုသေးလဲဆို တာလည်းဒေးဗစ်ကိုမေးရတာပေါ့။ ကျန်တဲ့ သံဃာတွေက တစ်ထပ်တည်းသော နေ့ဆွမ်းကိုသာ ဧကသပိဏ္ဍပတ် ဘုဉ်းပေးတယ်လို့ပြောပါတယ်။
ဆရာတော်ကြီးက သက်တော ၈၉နှစ်ရှိနေတာကြောင့် ဆေးနဲ့ ဘုဉ်းပေးဖို့လိုအပ်ဖို့ နို့တစ်ခွက် ကပ်ရထာ တက် ကျွန်မက သဒ္ဓါလွန်ပြီး ကော်ဖီလေးတစ်ခွက်၊ ဆန်ပြုတ်ကလေး တစ်ခွက်လောက် ရော အရုဏ်မှာ အဆာပြေကပ် လို့ မရဘူးလားမေးတော့ မရဘူးဆိုတာနဲ့ လက်လျှော့လိုက်ရပါ တယ်။ ဧည့်သည်တွေပြန်သွားပြီး ညပိုင်း လူရှင်းတော့ ကပ္ပိယဒေးဗစ်က ပုဆိုးကြီးတကားကားနဲ့ ဖြစ်နေလေရဲ့။

သားရွှေစင် က ဒေးဗစ်ကို "ခင်ဗျား ပုဆိုးဝတ်ထားတာ တယ်အချိုး ကျပါလား"နဲ့ ချီးကျူးတော့အစ တုန်းကတော့ မ၀တ်တတ်ဘူးတဲ့။ ရာသီဥတု ပူတဲ့အချိန်မှာ ဘောင်းဘီတိုဝတ်တော့ ဆရာတော် ကြီးများနဲ့ သွားတဲ့အခါ မလျော်ဘူးလို့ အမိန့်ရှိတာနဲ့ ပူဆိုးဝတ်ကျင့်ယူရတာ။ ပုဆိုးဝတ် ရတာ ပေါ့ပေါ့ ပါးပါးအေးအေးလူလူ ရှိ လို့ကြိုက်ပါတယ် လို့ ပြန်ဖြေပါတယ်။
ဧည့်သည်တွေပြန်ပြီး မှာ သိမ်းရဆည်းရ ဆေးကြောရနဲ့ သန်းခေါင်ကျော်နေပါပြီ။ ဒီအချိန်ကျမှ အိမ်နီးချင်းအိမ် သွားအိပ် ရမှာကလည်း မိုးချုပ်နေတဲ့အပြင် မနက်လေးနာရီမှာ ထပြီးနွားနို့ကပ်ရ မှာကလည်းရှိသေးတော့ သူတစ်ပါး ကို အနှောင့်အယှက်ပေးရာလည်း ရောက်ဦးမှာလေ။ ဒါနဲ့ ဆရာတော်ဦးပဏ္ဍိကို "တပည့်တော် ချက်စရာတွေလည်း ၇ှိနေသေးတယ်။ မအိပ်ဘဲ မီးဖိုထဲမှာ ချက်နေရင်ရော ဖြစ်မလားဘုရား"လို့ သွားလျှောက် ရပါတယ်။

"မီးဖိုက အခန်းသီးခြား ဆိုရင် ရပါတယ်"ဆိုတာနဲ့ အဲဒီညက တစ်ညလုံးနောက်နေ့အတွက်ကပ်ရမဲ့ ဆွမ်းရော၊ ဧည့်သည်တွေ အတွက်ပါ ညလုံးပေါက်ချက်လိုက်တာ အိပ်ငိုက်ချိန်တောင် မရလိုက်ပါ ဘူး။ "ပီတိစား ၀၏"ဆိုတဲ့ စကားက အမှန်ပါပဲ။ ကြုံကြိုက်ရခဲမျှ ကုသိုလ်ယူခွင့်ရတာမို့ ပျော်လို့ မဆုံး၊ ကြည်နူးလို့မဆုံးပါပဲ။ သဒ္ဓါစိတ် နဲ့ အရပ်ရပ့် ဆရာတော်ကိုလာဖူးကြသူအားလုံးကိုလည်း ဧည့်ခံကျွေးမွေးခွင့်ရလို့ ကျေနပ်လိုက်တာ။ အနေရိကား ကိုရောက်တဲ့ ရှစ်နှစ်အတွင်းမှာ ဒီရက်တွေ ကအပျော်ဆုံးရက်တွေလို့ ပြောလို့ရပါတယ်။

ဆရာတော်ဘုရား ရှိနေခိုက်မှာ တရားပွဲတွေလုပ်ရင်း တရားနာကြားရ၊ တရားထိုင်ရ၊ ပရိတ်တရား တော်များချီးမြှင့်တာမို့ ပရိတ်နာရနဲ့ကုသိုလ်စိတ်နဲ့ တစ်နေ့လုံးအချိန်ကုန်ရတာမို့ ကျွန်မတို့အ တွက်တန်ဖိုးရှိနေ့ရကများလည်း ဖြစ်ပါသေးတယ်။ လာသမျှပရိသတ်ကိုလည်း တစ်ပွဲပြီးတစ်ပွဲ ကျွေးရတာ လက်မလည်နိုင်အောင်ပါပဲ။ ကျွန်မရဲ့ သားသမီးများအားလုံးလည်း တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကြပါတယ်။ သားရွှေစင် နဲ့ အိန္ဒာက ဒိုင်ခံရှိင်း၊ သမီးကေသီနဲ့ သူဇာက မီးဖိုထဲမှာဆေးစရာ ကူစရာမှန်သမျှလုပ်ကြ၊ လာတဲ့ မိတ်ဆွေ တချို့လည်းဝင်လုပ်ပေးကြနဲ့ တပျော်တပါးပါပဲ။
ကျွန်မလည်းလေးရက် ဆက်တိုက်လူသုံးလေးဆယ်စာ ချက်ရတာတောင် ပီတိစိတ်ကြောင့်လားမသိ ဘူး။ တစ်ချက်ကလေး မှ မောရမှန်းမသိလိုက်ပါဘူး။ အခုလိုရှားရှားပါးပါး လှူဒါန်းခွင့်ရတာကို ပဲ ကျေနပ်ကြည်နူး စိတ်တွေ လျှံဝေနေပါတော့တယ်။ စိတ်က ဇောကပ်နေလို့ညညလည်း အိပ်ချင် စိတ်မရှိဘူး။ တစ်ခါတစ်ရံ ခန္ဓာကိုယ် က လေးလံလာတဲ့အခါမျိုးကျမှ ဂိုထောင်ထဲက ကားပေါ်မှာ ခေတ္တခဏသွားလှဲရင်း အပန်းဖြေ ရပါတယ်။

မြန်မာပြည် မှာ မဏ္ဍပ်ကြီးထိုးပြီး သံဃာတော်များစွာ သံဃာစင်မှာအပြည့်တင်လို့ လူပေါင်းလည်း ရာထောင်ချီ ဖိတ်ပြီးကျွေးမွေးလှူဒါန်းခွင့်ကို လွယ်လွယ်ရနေကြတာ ဘယ်လောက်အကျိုးပေး ကောင်းကြလဲဆိုတာ ကျွန်မလက်ရှိအခြေအနေနဲ့ယှဉ်ပြီးစဉ်းစားနေမိပါတယ်။
ကျွန်မ မိခင် ကွယ်လွန်တာ ၇နှစ်မြောက်အနေ နဲ့ သားလေးကိုဇာနည်ရဲ့ ၂၃နှစ်မွေးနေ့မှာ မှတ်မှတ်ရ ရ ထူးထူးခြားခြားတောင်ပုလု ဆရာတော်ဘုရားကြီးကိုဖူးမြော်ခွင့်၊ ဆွမ်းကပ်ခွင့်နဲ့အတူ သဒ္ဓါတရား နဲ့လာရောက်ကြသူ အားလုံးကိုပါ ဒါနပြုခွင့်ရတာ ကျွန်မတို့ မိသားစုအားလုံးအတွက် ဆုလာဘ တစ်ပါးပါပဲ။ သားလေး သာ အသက်ထင်ရှားရှိနေဦးမယ်ဆိုရင် ကျန်တဲ့ မောင်နှမတွေနဲ့အတူ သူ လည်းလှုပ်ရှားပြီးဝေယျ ၀စ္စကုသိုလ်တွေ ယူနေမှာဆိုတာတွေးရင်း သားရဲ့ပုံရိပ်ကို မြင်ယောင်နေမိ ပါတယ်။

ဆရာတော်ကြီးအဖွဲ့က ကျွန်မတို့ ဖလော်ရီဒါကနေ တက္ကဆက်ပြည်နယ်ကိုကြွပါမယ်။ အဲဒီကနေ ၀ါရှင်တန်နဲ့ ရှီကာဂိုမြို့တွေ အထိကြွပြီး ဆန်ဖရစ်စစ္စကိုကိုပြန်ကြွမှာပါ။ သက်တော်၈၉နှစ်ရှိပြီမို့ ဆရာတော်ကြီး ကို နောက်တစ်ခါ ဖူးမြော်ခွင့်မှ ကြုံပါဦးမလားဆိုတဲ့အတွေးနဲ့ ပြန်ကြွမယ့်နေ့မှာ ခြေတော်စုံကို ဦးခိုက်ကန်တော့တဲ့ အချိန်မှာ ကျွန်မမျက်ရည်ကျမိပါတယ်။
တကယ်လည်း အဲဒါနောက်ဆုံး ဖူးမြော်ကန်တော့ခွင့်ကြုံလိုက်ရခြင်းပါပဲ။ ဒါကြောင့်ဘယ်သူနဲ့မဆို ဆုံစည်းရခိုက် ဟာ တန်ဖိုးအရှိဆုံးအချိန်အဖြစ်နှလုံးသွင်းပြီး မိမိရဲ့အကောင်းဆုံးကိုပေးနိုငအောင် ကြိုးစားရမှာပဲ ထင်ပါရဲ့နော်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 25, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၈)

ရုပ်မြင်သံကြားမြင်ကွင်းလည်းမဟုတ်၊ သတင်းစာဖတ်ရင်း သိရတဲ့ သတင်းလည်းမဟုတ်။ ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်နေရ တဲ့ အဖြစ်တစ်ခုပါပဲ။ မိုးကြိုးပစ်ချသလို တိုက်ရိုက်လာထိတဲ့ ပြင်းထန် တဲ့ဒဏ်ချက်ပါပဲ။ ကျွန်မ သားလေးကို ထားခဲ့ရတော့မှာ ထာဝရခွဲခွာရတော့မှာဆိုတဲ့ အသိက ဘ၀ တစ်ခုလုံး မှောင်ကျသွားခြင်း ပါပဲ။
အမှောင်ထဲက ထွက်နိုင်မဲ့ တစ်ခုတည်းသော အလင်းရောင်က ရှင်တော်ဘုရား ရဲ့ တရားဓမ္မပဲ ဖြစ်ပါ တယ်။
ကို ဆက်ဖတ်ရန် ..... 

အပိုင်း(၅၀)
နှလုံးသားမှာ ပရိဒေဝမီးတောက်လောင်ပြီး ပူဆွေးကြေကွဲ ရခြင်းက မီးလောင်ပြင် အမှောင်ရိပ်မှာ တစ်ကိုယ် တည်း အားငယ်စွာ လမ်းလျှောက်နေရသလိုပါပဲ။
အချိန်ကာလက နှလုံးသားဒဏ်ရာကို ကုစားပေးနိုင်တယ် ဆိုတာ မှန်ပါရဲ့။ ချက်ချင်းလက်ငင်း သက်သာရာ ရစေတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့နော်။ သစ်ပင်တစ်ပင်ကို ပျိုးပြီး ရေလောင်း၊ ပေါင်းသင် တဖြည်းဖြည်း သန်စွမ်းကြီးထွား လာတာလိုပဲ စိတ်ရဲ့ ခံနိုင်ရည်အားအင် ပြန်လည်စုစည်းပြီး ခိုင်မာလာဖို့ က တရာဓမ္မအကူနဲ့ အချိန်ယူ ဆောက်တည် ရဦးမှာပါ။ ရက်လည်ပြီးတာနဲ့ အဝေးရောက် သားသမီး တွေလည်း အလုပ် ခွင့်ရက် စေ့တော့မှာမို့ ပြန်ကြဖို့ ပြင်ဆင်နေပါပြီ။ လှုပ်ရှားနေကြတဲ့ သူတို့အားလုံးကို ကျွန်မ တငေးကြည့်နေ မိပါတယ်။ တစ်ဦးကတော့ အပြီးအပိုင် ခွဲခွာသွားလေပြီ။ အခုရှိနေကြတဲ့ ဒီသားသမီးတွေလည်း ယာယီ ခွဲသွားကြဦး မယ်။ ဘယ်တော့ဘယ်ခါ ကိုယ်က စွန့်လေမလား၊ သူတို့က စွန့်လေမလား မသိ။ ဘဝဆိုတာ ရှင်ကွဲ ကွဲရခြင်းတွေ၊ သေကွဲကွဲရခြင်းတွေနဲ့ ဆင်းရဲလှပါလား လို့ ငေးရင်း တွေးနေမိပါတယ်။

ခုချိန်မှာတော့ တွေးလေသမျှက နာကျင်စရာ၊ ဆင်းရဲစရာတွေချည်းပါပဲလား။ သားသမီးတွေ ပြန်သွား ကြတော့ ကျွန်မ ရင်မှာ ဟာကျန်ခဲ့သလို တစ်အိမ်လုံးကလည်း တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့သွား လေရဲ့။ ဦးကျော်ဇော နဲ့ သားရွှေဇင်တို့လည်း တာဝန်ကိုယ်စီနဲ့ အလုပ်ပြန်ဝင်နေရပြီး သမီးသူဇာနဲ့ သားအိန္ဒာ တို့လည်း ကျောင်းပြန်တက်ကြ။ ခွင့်တစ်လ ယူထားတဲ့ ကျွန်မတော့ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တယ်ပေါ့။
သားဆုံးပြီး ကတည်းက သားအခန်းက သားရဲ့ခုတင်ပေါ်မှာ ခွေပြီး သားအကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစားနေမိ ပါတယ်။ သေမင်းက သားကိုသာ ကွယ်ပျောက်သွားအောင် စွမ်းအောင် ဖန်တီးနိုင်တာပါ။ ``သားနဲ့အမိ `` ဆို တဲ့ ဆက်နွယ်ခြင်း မေတ္တာနှောင်ကြိုးကိုတော့ ဘယ်လိုမှ ထိပါးလို့ မရပါဘူးနော်။ ကျွန်မ ရင်ထဲမှာ သားက ရှင်သန်နေဆဲပါပဲ။ အမြဲ ကိုယ်နဲ့ အတူရှိနေဆဲပဲ။ ဒါကြောင့် တစ်ယောက် တည်း နေခွင့်ရတဲ့ အချိန်တွေ ကို ပိုနှစ်သက်မိပါတယ်။ တစ်ယောက်တည်း ၇ှိနေတဲ့အခါတိုင်း အတွေးနယ်မြေထဲမှာ သားကို တွေနိုင် တယ်။ စကားတွေ ပြောနိုင်တယ်။ ပြတင်းကနေ ကြယ်ရောင်လက်တဲ့ ညကို မျှော်ကြည့်ရင်း သားရဲ့ ရယ်မောသံ ကို ကြားနိုင်ပါတယ်။

အတွေးထဲ မှာ သားကို အဖော်လုပ်ပြီး ကျွန်မ သီးခြားနေနေခဲ့တာ ကြာပါပြီ။ ဝတ္တရားမပျက် ချက်စရာရှိရင် ထပြီးချက်၊ ရှင်းစရာရှိရင်၊ အိမ်ရဲ့ဝေယျာဝစ္စတွေ ပြီးတာနဲ့ တစ်ခါတည်း သားအိပ်ရာပေါ် မှာ ခွေမြဲပဲ။ ဘယ်သူ့နဲ့ မှလည်း စကားမပြောချင်။ ဘယ်သူ့ကိုမှလည်း မျက်နှာချင်းမဆိုင်ချင်။ သားကို အောက်မေ့လွန်းတဲ့အခါ မျက်ရည်တွေ က တစိမ့်စိမ့်ကျ။ စိတ်ကို မထိန်းနိုင်အောင် ဖြစ်လာရင်လည်း တစ်ယောက်တည်း ရှိုက်ကြီး တငင် ငိုပေါ့ အလုပ်ကို ပြန်သွားချင်စိတ် မရှိတာနဲ့ ခွင့်တွေလည်း ထပ်ယူ။
ဦးကျော်ဇော က ကျွန်မ စိတ်သက်သာရာရအောင် အားပေးနှစ်သိမ့်ပါရဲ့။ လက်ရှိအခြေအ နေမှာ တရားဓမ္မ ကိုလည်း မဆင်ခြင်နိုင်၊ နှစ်သိမ့်အားပေးမှုတွေကလည်း အရာမရောက်။ တွယ်တာခြင်း အနှောင်အဖွဲ့ ကြီးမား သလောက် ဖြေလျော့မှု ပြုနိုင်ဖို့က အတော်ကို ခက်ခဲနေပါတော့တယ်။ နာကျင်ဆင်းရဲခြင်းက ရုန်းထွက်လိုပေမဲ့ Quicksand  ရဲ့ အလယ်မှာ ရပ်နေမိတဲ့အတိုင်း တဖြည်းဖြည်း ပိုပြီးနစ်လာတာကို ခံစားမိပါတယ်။

သားသမီးတွေရဲ့ ရယ်မောသံတွေနဲ့ ဝေဝေစည်နေတတ်တဲ့ ကျွန်မတို့ အိမ်လေး လည်း သွေ့ ခြောက် တိတ်ဆိတ် လို့။ ဒါဟာ ကျွန်မ တည်ဆောက်ချင်တဲ့ အိမ်ပုံစံမျိုး မဟုတ်ဘူး။ ပြောဆိုဆက်ဆံ ရယ်မောသံတွေ ညံနေမှ သာယာချမ်းမြေ့ တဲ့အိမ်လေး ဖြစ်မှာပေါ့နော်။ တိတ်ဆိတ် ငြိမ်သက်ပြီး တစ် ဦးနဲ့တစ်ဦး ဆက်ဆံမှုမ၇ှိဘူး ဆိုကတည်းက အိမ်ရဲ့  ပြဒါးတိုင်က အပူဒီဂရီ စိုးရိမ် မှတ်ကို ရောက်နေပြီ ဆိုတာ သိနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ဖြစ်ရပ်ကို ပြန်လည်သုံသပ်ကြည့်မိပါတယ်။ မိခင်တစ်ဦးအဖို့ ရင်မှ ဖြစ်ရသောသား ဆုံး ပါး ကွယ်လွန်သွားခြင်း ဟာ နှလုံးသားထဲမှာ ဖြည့်လို့မရနိုင်တော့တဲ့ ဧရာမ ကွက်လပ်အနေနဲ့ ထာဝဖြစ် တည်ကျန်ခဲ့ မှာ အမှန်ပါပဲ။ ပူဆွေးရခြင်း ဆင်းရဲရခြင်းကြောင့် ပြင်ပလောကနဲ့ ဆက်ဆံမှု တံတားတွေ ဖျက်ပြီး ကိုယ့်တစ်ယောက် တည်း တံတိုင်းကြီးတွေ လေးဖက်လေးတန် ကာရံပြီးနေတာ ကျွန်မအတွက် လည်း မကောင်း၊ မိသားစု အတွက်လည်း မကောင်း၊ မိသားစုအတွက်လည်း အထောက်အကူ မဖြစ် ဘူးဆိုတာ မြင် လာပါတယ်။

ပူဆွေးခြင်းကြောင့် ကိုယ်ဘဝ လည်ပတ်မှုကို ရပ်ပစ်လိုက်တာဟာ ကိုယ့်တစ်ယောက်တည်း ရှိနေတာ ဆိုရင်တော့ ပြဿနာမဟုတ်လေးဘူပေါ့။ မိသားစုဆိုတာ တစ်ဦးပေါ်တစ်ဦး မှီတင်း ဆက်နွယ်နေတာ် မို့ ``အိမ်ရှေ့ပူ၊ အိမ်နောက် မချမ်းသာ`` သားသမီးတွေပါ မျက်နှာလေးတွေညှိုးငယ်နေတာ မမြင်ရက် စရာ ဖြစ်လေတော့ ကျွန်မ အားတင်းရင်ဆိုင်ရပါတော့မယ်။
သားလေး ကို နှမြောတသ ယူကျုံမရတဲ့ စိတ်ကတော့ ဘယ်တော့မှ ပျောက်မှာ မဟုတ်ပါဘူး။ ကျန်ရှိတဲ့ သားသမီးတွေ အတွက် မိခင်တစ်ယောက်အနေနဲ့ ဦးဆောင် စောင့်ရှောက် ရပ်တည် ပေးမှုပြဖို့ တာဝန် ကလည်း ရှိသေးတယ်လေ။ ဒါတွေကို လျစ်လျူရှုပြီး ပူဆွေးသောက ထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်ထား ရင်းလည်း လက်ရှိလူမမည် သားသမီးတွေ အတွက် မမျှတရာ၊ တာဝန်မဲ့ရာ ရောက်ပါဦးမယ်။ စိတ်ဓာတ်ကျတဲ့အတိုင်း လွှတ်ထား လိုက်ရင် ဘာမှာမလုပ်ချင် တော့ဘဲ အရာရာကို စွန့်လွှတ် အလျှော့ ပေးချင်တဲ့စိတ်တွေ ဝင်လာဦး မှာပါ။ ဘဝကို မျှော်လင့်ချက်ထားမှ လူက လှုပ်ရှားလို့ရတာ မဟုတ်လား နော်။

ကိုယ့်ဘဝကို ကိုယ်ဟာကိုယ် တာဝန်ယူနိုင်ရမှာပါပဲ။ လေကဓံတရားနဲ့ အဆိုးရွားဆုံး ထိုးနှက်ချက် ကိုခံ လိုက် ရပြီးပြီ။ ပုံကျသွားတဲ့အတိုင်း မထဘဲနေလို့ မဖြစ်သေးဘူး။ ရှောင်လွှဲလို့ မရတဲ့ ကိစ္စကို လက်ခံ နိုင်အောင်ကြိုးစား ရမှာပါပဲ။ လက်မခဲဘဲ ပြန်တွေး ပြန်နွှေးနေရင်း ခံစားချက်က ပိုပြီးကြီးထွားလာမှာမို့ အကျိုး မရှိဘူး ဆိုတာကိုပဲ ကိုယ့်ကိုယ်ကိုယ် ဆုံးမပြီး နှလုံးသွင်း ဆင်ခြင်ရပါတယ်။
ကိုယ်ချစ်ရသောသူတွေ ကို အကျိုးပြုနိုင်ဖို့ ဆိုတာကလည်း ကိုယ့်ကိုယ်ကို အားမာန်အပြည့်နဲ့ လှုပ်ရှား နိုင်မဲ့ တရားဓမ္မ စာပေများဖတ်ရင်း အားတင်း ရင်ဆိုင်နိုင်အောင် ကြိုးစားရပါတယ်။
ကျွန်မလိုပဲ ပူဆွေးသောက မပြေပျောက်နိုင်သေးသူက ကိုဇာနည်ရဲ့ ချစ်သူ KIM  ပါပဲ။ ကိုဇာနည် ကို အောကင်မေ့ တသတိုင်း ကျွန်မဆီ ဖုန်းဆက်ပြီး ဖုန်းပေါ်မှာ တရှိုက်ရှိုက်ငို၊ တခါတလေလည်း လူကိုယ် တိုင် ရောက် လာတတ်ပါသေးတယ်။  ရုံးချုပ်က ကိုဇာနည် ထိတွေ့ခဲ့တဲ့ ပစ္စည်း အသုံးအဆောင်တွေကို ကြည့်ပြီး စိတ်မထိန်းနိုင် လို့ ရှိုက်ကြီးတငင် ငိုခဲ့ရပါသေးတယ်။

သူရဲ့ အဝတ်အစားတွေ နဲ့အတူ အဖေ၊ အမေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဓာတ်ပုံတွေ၊ စားပွဲ တင် ဘောင်သွင်းထားတာရော၊ သူ့ချစ်သူ KIM ရဲ့ စာတွေကလည်း သေတ္တာဘူးတစ်ဘူးနဲ့ သတ်သတ် မြတ် မြတ်နိုးနိုး သိမ်းဆည်း ထားသမျှတွေကို မျက်ကွယ်ပြုထားခဲ့ပြီး သွားရတဲ့ သားအတွက် ယူကျုံး မရနိုင်ဘဲ မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ အဲဒီပစ္စည်းတွေထဲ မှာ ကျွန်မ နှလုံးသားကို တစ်စစီဖြစ်အောင် ကိုင်လှုပ်လိုက်တာ ကတော့ ကျွန်မဆီ ရေးထားတဲ့ အဆုံးမသတ်ရသေးတဲ့ စားလေးတစ်စောင်ပါပဲ။

စာထဲမှာတက်ကြွမှုနဲ့ မျှော်မှန်းချက်တွေက အပြည့်။ မကြာခင် တစ်နေ့မှာ သူ့ဘဝကြွေလွင့်ရတော့မယ် ဆိုတာ မသိရှာလေ ဘူး။ ကျွန်မ စာဖတ်ရင်း နာရတဲ့ရင်ဟာ ပါက်ကွဲ မတတ်ပါဘဲ စာတွေနဲ့အတူ သူ့ ခံစားချက်တွေ ရေးထားတဲ့ ကဗျာစာအုပ်ကလေး တစ်အုပ်လည်း တွေ့ပါတယ်။ ကဗျာက တိုတိုလေးတွေ။ သူကိုယ်တိုင် သရုပ်ဖော်ဆွဲထားတဲ့ ကာတွန်းရုပ်ကလေးတွေလည်း ပါရဲ့။ တချို့ကျ ကဗျာရဲ့ ထိက်စီးမှာ ပန်းချီနဲ့ ဓာတ်ပုံ လှလှလေးတွေ ကပ်ပြီး ကျကျနန သပ်သပ်ရပ်ရပ် လုပ်ထားတာ ပါး။
    ကျွန်တော်
    အလှဘုရားရှေ့
    အခစားတွေ့စဉ်
    ဘဝများပင် မေ့တတ်သူ...တဲ့။
    နောက်တစ်ပုဒ်က တကယ်သူ့သရုပ်ဖော်ပါပဲ။
    ပျော်စရာကို
    ရှာချင်ပါတယ်။
    တော်ရာမှာ မနေချင်လို့ပါ..တဲ့။
မျက်ရည်တွေထဲကပဲ တဟားဟား ရယ်ပြီး ပျော်ပျော်နေတတ်တဲ့ သူ့ပုံရိပ်ကို မြင်ယောင်မိပါတယ်။ KIM က သူရေးထား တဲ့ ကဗျာတွေကို ဘာသာပြန်ခိုင်းတာနဲ့ တချို့ တိုတို လွယ်လွယ် ကဗျာတွေကို ဘာသာ ပြန် ရပါသေးတယ်။

``မာမီရယ်...ဇာနည်ကို ဆုံးရှုံးရတာအတွက် ကျွန်မတစ်သက်လုံး ခံစားရမှာ မှန်ပါတယ်။ တစ်ဖက်မှာ လည်း အချိန်ကာလ တိုပေမဲ့ ဇာနည်နဲ့ ချစ်ခွင့်ကြုံရပြီး လှပတဲ့ မေတ္တာပုံရိပ်တွေ နှလုံးသားမှာ စွဲထင်ကျန်ခဲ့ရတာအတွက် ဘုရားသခင် ကို ကျေးဇူးတင်မိတယ်။ ကျွန်မတို့ နှစ်ယောက် ထားရှိတဲ့ မေတ္တာဟာ သဲပေါ်မှာ စာတင်တာမျိုး မဟုတ်ဘူး။ ကျောက်ဆောင်ကျောက်သားမှာ ထွင်းခဲ့တာမျိုး အသက်ရှင်နေသမျှ နှလုံးသားမှာ ထာဝရ တည်ရှိနေမှာပါ``တဲ့။
ချစ် ကံမကောင်းရှာတဲ့ ကလေးမလေးကို စာနာ သနားမိပါရဲ့။ ကိုယ်ကိုယ်တိုင် မဖြေသိမ့်နိုင်တဲ့အထဲ ကပဲ တတ်နိုင် သမျှ တရားချ နှစ်သိမ့်ရပါတယ်။ ကိုယ်က အသည်းခိုက်အောင် ခံစားထားရတော့ သူ တစ်ပါးရဲ့ ခံစားချက် ကို ပိုပြီးစာနာနိုင်တယ်။ ကူညီဖေးမနိုင်တယ်ပေါ့။ ကြုံဖူးမှ နားလည်တာမို့ အဆိုးထဲ မှာလည်းရှာတတ် ရင် အကောင်းက ရယူနိုင်တာပါပဲလေ။

ဒီလိုနဲ့ ကျွန်မတစ်ယောက်တည်း အိမ်မှာနေရင်း စိတ်က အားတင်းနိုင်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြေ ဖျောက် မရနိုင်တာမို့ အလုပ်ပြန်သွားရင်း ကောင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်ု။ အလုပ်ထဲမှာ စိတ်ရောက်နေခိုက် မှာတော့ သက်သာရာရပါရဲ့။ ဒါပေမဲ့ စိတ်အစဉ်ကလည်း အခက်သားနော်။ ဖိနှိပ်ပြောင်းလွှဲထားတဲ့အထဲက ရုတ်တရက် ပေါက်ကွဲ ထွက်တာမျိုးလည်း ရှိပါသေးတယ်။ တစ်ခါက အလုပ်လုပ်နေရင်း အလိုလို ရင်ထဲမှာ လှိုက်ခါ လာပြီး မျက်ရည်တွေ မထိန်းနိုင်ဘဲ ကျလာတော့ အားလုံးက ``ဘာဖြစ်လဲ``၊ `` ဘာဖြစ်လဲ``နဲ့ ပျာသွားကြ ပါတယ်။ လူပုံအလယ်မှာမို့ ရှက်လည်း ရှက်၊ ကိုယ်စိတ်ကိုလည်း ထိန်းမရ။ တစ်ခါတလေ ကျတော့လည်း ကိုယ်တစ်ယောက်လည်း ရေပန်းအောက်မှာ ရေချိုးရင်း၊ တစ်ခါတလေ ကားမောင်းရင်း အဲလို ရင်ထဲက လှိုက်ပြီး ငိုချင်လာပြီဆို ရင် အားပါးတရ ငိုချလိုက်ပြီးမှ ရင်ရှင်း သက်သာသွားတဲ့အခါလည်း ရှိရဲ့။ ကိုယ့်ကိုယ် ကိုယ် ယုံကြည် မှုနဲ့ အားတင်းထားတဲ့ စိတ်ကလည်း တစ်ခါတစ်ရံ ပျောက်ကွယ် သွားတတ်သေး တာပါပဲ။
 
ကိုယ်စိတ်ကိုယ် နိုင်အောင်ထိန်းလိုက် လွတ်ထွက်သွားတဲ့ အခါများစွာလည်း လွှတ်လိုက်နဲ့ ခါတိုင်းလို ရယ်မောသံတွေ ဝေဝေစည်ညံ တဲ့ အိမ်ကလေး ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားပေမဲ့ ဖြစ်မလာတော့ပါဘူး။ ဦးကျော်ဇော နဲ့ ကျွန်မလည်း တစ်ဦးနဲ့တစ်ဦး စကားမများ၊ ရန်မဖြစ်ကြဘဲနဲ့ အနေ ဝေးလာပါတယ်။ ဒီလိုနဲ့ သားဆုံးပြီး ကိုးလလောက်ရှိတဲ့ တစ်နေ့မှာ ဦးကျော်ဇောဆီက ထူးထူးဆန်း ဆန်း စကားတစ်ခွန်းကြားရလေရဲ့။
``ကိုယ် အမေရိကားမှာ မနေချင်တော့ဘူး ခင်။ အမေရိကား က မြေကြမ်းတယ်`` တဲ့။
``ဘာလဲ.. မြေကြမ်းတယ် ဆိုတာ`` လို့ ကျွန်မက သဘောမပေါက်လို့ မြန်မေးနေတော့..
``မြေကြမ်းတယ် ဆိုတာ အမေရိကားရောက်ရက် လူတွေရဲ့ စိတ်ဓာတ်က ပြောင်းလဲကြတယ်။ တစ်ဦးပေါ် တစ်ဦး ထားရှိတဲ့ မေတ္တာတွေ ခန်းကုန်ကြတယ်။ စိတ်ဝမ်းကွဲကုန်တယ်။ ညီအစ်ကိုချင်း၊ သားအမိချင်း၊ လင်မယား ချင်း၊ မိတ်ဆွေ ချင်း ဆက်ဆံမှုတွေ ပြောင်းကုန်တယ်။ အဲဒါကို ပြောတာ
ကျွန်မ သူ့ ကို ပြန်ငေးကြည့်မိပါတယ်။ ခါတိုင်းလို ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ မဟုတ်ဘဲ အချိန်များစွာ ကျွန်မ ငြိမ်သက် တိတ်ဆိတ်နေခြင်း အတွက် သူ့အပေါ်မှာ ထားရှိတဲ့ မေတ္တာ ခန်းခြောက် ပြောင်းလဲသွားပြီလို့ ယူဆလေ သလား မသိ။ ဖြေရှင်းလိုစိတ်လည်း မရှိတာနဲ့သူ ပြောသမျှ ဆက်နား ထောင်နေလိုက်ပါတယ်။

``ကိုယ်... ဗန်ကောက်မှာ သွားနေမလားလို့ စိတ်ကူးတယ်``တဲ့။
ဒါဟာ အရင်တစ်ခေါက်က လို လိမ္မာယာဉ်ကျေးစွာနဲ့ လမ်းခွဲဖို့ စကားဆိုလေခြင်းပဲလို ကျွန်မ နားလည် လိုက် ရပါတယ်။
အသေအချာ စဉ်းစားပြီး ဆုံးဖြတ်တာလား၊ ပြန်မလာဘဲ အပြီးသွားနေမှာလား ပြတ်ပြတ်သားသား သိရအောင် ကျွန်မ က မေးတော့...
"ဟုတ်တယ် ခင်။ အမေရိကားက ကိုယ့်အတွက် နေရာမဟုတ်ဘူ။ ကိုယ် မပျော်ဘူး"တဲ့။
ကျွန်မ က စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ခေါင်းညိတ် သဘောတူလိုက်ပါတယ်။ ကိုယ့်အိမ်နံရံက အက် ကြောင်းတွေ့  ရင် အုတ်မြစ်ရဲ့ နှလုံးသားမှာ မေတ္တာခန်းသွားပြီဆိုရင် ဘာနဲ့မှ ရှင်သန်လာအောင် ပြုပြင် လို့ မရ၊ ကျားကန် လို့ လည်း မရနိုင်ပါဘူးလေ။
ကျွန်မ တို့ ရဲ့ အဆုံးသတ်နိဂုံး က ရန်စကား မပါ။ အခြေအတင် ပြောဆိုရခြင်းမရှိဘဲ အေးဆေးငြိမ်သက် စွာနဲ့ပါပဲ။

တစ်ခုတော့ ရှိပါရဲ့။ ဒီတစ်ခါ ပြန်မလာဘဲ အပြီးအပိုင် သွားတော့မယ် ဆိုတာကြောင့် တရားဝင်ကွာ ရှင်းပြတ်ဆဲကြောင်း စာချုပ်တစ်ခု ပေးထားခဲ့ ဖို့ ကျွန်မ တောင်းဆိုပြီး မျှတမှုရှိရအောင် အိမ်ထောင် သက် အတွင်း နှစ်ဦးပိုင် လက်ထက်က ရှာဖွေခဲ့တဲ့ ငွေကြေကိုလည်း ညီမျှစွာ ခွဲဝေပေးလိုက်ပြီးတဲ့နောက် ကျွန်မဘဝ စာမျက်နှာသစ် တစ်ခု ပြန်စ ဖို့ ပြင်ဆင်ရတယ် ဆို့တော့။
ကလေး တစ်ပြုံတစ်မကြီး နဲ့ သူတစ်ပါးနိုင်ငံမှာ အခြေချဖို့ စရကတည်းက ခြေက်နှစ်တာကာလပတ်လုံး ရုန်းရ ကန်ရ လှုပ်ရှားရတာတွေက ထားပါတော့။ ဒီကြားထဲမှာ လောကဓံ လှိုင်းလုံးကြီးတွေရဲ့ ဒဏ်ကလည်း ရှိပါသေး ရဲ့။ အိုးအိမ်အခြေတကျ မဖြစ်ခင်မှာ မိခင်က ဆုံး၊ အိမ်ထောင်ရေးးက ကစဥ့်ကရဲဖြစ်။ ဒီနှစ်ထဲမှာ ကြုံရတဲ့ ကံကြမ္မာမုန်တိုင်း ရဲ့ ဒဏ်ကတော့ ကျွန်မ အတွက် အပြင်အထန်ဆုံးပါ။
အားကိုးရ တဲ့ သားကြီးက ရပ်ဝေးကို ပြောင်းသွား။ ရင်ခွင်ထဲ မကြာခင်ကမှ ရောက်လာတဲ့ သားငယ်က ဆုံး။ ခင်ပွန်း က စွန့်စွာ။ အဆက်မပြတ်ခံရတဲ့ အထိုးအနှက်တွေက ရတဲ့ ဒဏ်ချက်တွေ ဖြစ်ပေမဲ့ စိတ်ဓာတ် ကြံ့ခိုင် လာတယ်။ ပြောင်းလဲ လာတယ်။ ခံယူချက်၊ သင်ယူမှု၊ နာခံမှု အစစအရာရာ ခံနိုင်ရည် ရှိစွာနဲ့ ယောနိသောနိုင် လာတယ် ဆိုပါတော့။

နာကျင်ခြင်းရဲ့နောက်မှာ ဘ၀သင်ခန်းစာတွေ အများကြီးပါပါတယ်။ ဘ၀မှာမထင်မှတ်တာတွေ၊ လုပ်မရ တာတွေ၊ ဖြစ်မလာတာတွေက အများကြီး။ အစိုးမရနိုင်တဲ့ အနတ္တတရားကို ရှုမြင်သုံးသပ်နိုင်မှ၊ တစ်ကြိမ်တစ်ခါ က ပြည့်စုံလိုက်တာ။ မေတ္တာရိပ်ပေးတဲ့ အမေနဲ့၊ အားကိုးရာ ခင်ပွန်းနဲ့၊ ချစ်စဖွယ် သားလေးယောက်၊ သမီးလေးယောက်နဲ့ မိသားစု ၁၁ယောက်စည်းလုံးသလိုက်မြိုက်စွာ နေခဲ့ရာက ဘ၀ခရီးကို ဖြတ်သန်းရင်း အစိုးမရခြင်း အကြောင်းမျိုးစုံတွေနဲ့ ရှင်ကွဲကွဲ၊ သေကွဲကွဲပြီး လျော့ပါး သွားလိုက်တာ အခုဆိုရင် ကျွန်မနဲ့အတူ သမီးလေးတစ်ယောက်နဲ့ သားငယ်လေး နှစ်ယောက် စုစု ပေါင်းမိသားစုလေးယောက်ပဲ ကျန်ရှိပါတော့တယ်။
ဆုံးရှုံးမှုမှန်သမျှက အပြောင်းအလဲတစ်ခုကို အမြဲယူဆောင်လာတတ်တာပါပဲ။ အရာခပ်သိမ်း က ပြောင်းလဲခြင်း သဘောရှိ တဲ့ သဘာဝ ရဲ့ နိယာမမို့ အပြောင်းအလဲကို လက်ခံနိုင်စွမ်းရှိရမှာပါ။

အဖေဆိုတာ မိသားစုရဲ့ ဦးဆောင်သူ။
အမေက မိသားစုရဲ့ နှလုံးသား။
အဖေနဲ့ ဝေးကွာလွန်းနေတဲ့ သားသမီးလေးတွေအတွက် ကျွန်မပဲ ဦးဆောင်သူ၊ ကျွန်မပဲ သူတို့ရဲ့နှ လုံးသား အဖြစ် နေရာယူပြီး ဆက်လက်ရှင်သန်နိုင်အောင် ကြိုးစားအားထုတ်ရပါတယ်။ ပထမဆုံး စတင်ရ တဲ့ ခြေလှမ်း ကတော့ အချိန်ပိုင်း အလုပ်ကနေ အချိန်ပြည့်ပြောင်းလိုက်ခြင်းပါပဲ။ အမှန်က ကျွန်မနဲ့ သားရွှေစင်က ၀င်ငွေနှစ်ခု တည်း နဲ့ မိသားစု ရပ်တည်မှုကောင်းစွာ လုံလောက်ပါတယ်။
ကျန်တဲ့ သားသမီးတွေကလည်း အမေ အားငယ်မှာစိုးလို့ ၀ိုင်းဝန်းကြပါတယ် ။ သမီး ကေသီက သတင်းကြားတော့ အပြေးရောက်လာပြီး "မာမီ အားမငယ်နဲ့နော်"။ သမီး အခုဘွဲ့လွန်ကျောင်းပြန် တက်မလို့ ။ ဘွဲ့လွန်ရပြီး ရင် ဒီထက် လခပိုကောင်းလာမှာ။ မာမီ့ကို ပိုပေးနိုင်မှာ။ မာမီ မပူနဲ့တဲ့။

သားရွှေစင် ကလည်း ကျွန်မ အချိန်ပြည့် အလုပ်ပြောင်းလိုက်တာကို သိသွားတော့ "သူတာဝန်ယူနိုင် ရဲ့သားနဲ့ ဘာဖြစ် လို့ ပြောင်းရတာလဲ"နဲ့ ဆူလေရဲ့။ ငွေကြေးထက် ကျွန်မအလုပ်ထဲမှာ အချိန်ပြည့် စိတ် ကို နှစ်ထားနိုင်မှ သက်သာရာ ရှာနိုင်မှာမို့ ဆိုတာရှင်းပြမှလက်ခံကျေနပ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ဟာကိုယ် တရားဓမ္မ နဲ့ ဖြေသိမ့်နိုင်အောင် ကြိုးစားရင်း သားလေးအတွက် ကုသိုလ်ကောင်းမှု တွေပြုပေး၊ အမျှဝေးရင်း အချိန်တွေ ကို ဖြတ်သန်းလာလိုက်တာ ကျွန်မရဲ့ အသက် ၆၀ပြည့်မွေးနေ့ကို ရောက်လာပါရော။

ဒီရက်တွေမှာ အလုပ်နဲ့ အိမ်ကလွဲပြီး ဘယ်ပွဲဘယ်လမ်း၊ ဘယ်ပါတီမှ မသွားဘဲ နေလာတာ။ မိသားစု လိုခင်မင်ရင်းနှီး တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင်နဲ့ ဇနီးဂျင်းဒါလွင်တို့က ရှိရှိသမျှ မြန်မာ မိသားစု အားလုံး ကိုဖိတ်ပြီး သူတို့အိမ်မှာ ကျွန်မရဲ့ ၆၀ပြည့်မွေးနေ့ပွဲ ကျင်းပမယ်ဆိုပြီး စီစဉ်ကြ တော့ သူတို့ရဲ့ စေတနာ ကို လေးစားအားနာတာနဲ့ လက်ခံလိုက်ရပါတယ်။
မတွေ့ဆုံတာကြာပြီဖြစ် တဲ့ မြန်မာမိသားစုအားလုံးနဲ့ ဆုံရတွေ့ရ၊ မြန်မာစကားတွေ အားပါးတရ ပြောရ၊ မြန်မာ စားသောက်ဖွယ်တွေ စုံအောင်စားရ နဲ့မို့ မြန်မာပြည် ကို ခေတ္တခဏ ပြန်ရောက်သွားရတဲ့ အတိုင်းရင် မှာ နှစ်သိမ့်ကြည်နူးရပါတယ်။ မိတ်ဆွေတွေ တစ်ယောက်ဆီကကျွန်မတွက် ဆုတောင်း ဂုဏ်ပြုစကား ဆိုကြတာတွေကိုလည်း ဗီဒီယိုနဲ့ မှတ်တမ်းတင်ရိုက်လို့။ အားလုံးရဲ့ ချစ်ခင်မှုအပြည့်နဲ့ နွေးထွေးတဲ့ မေတ္တာတွေ ထိတွေ့ခံစားရတော့ ရေထိပန်းလို လန်းဆန်းပြီး စိတ်အားတွေ တက်လာရပါ တယ်။

မိတ်ဆွေဆိုတာ ကြီးမားသော အားအင်လို့ ဆိုတားတဲ့ စကားကအမှန်ပါပဲ။ မိတ်ဆွေကောင်းရှိခြင်းဟာ ဘ၀ရဲ့ ပြည့်စုံခြင်း ပါပဲ။ ကျွန်မ ကို စိတ်အားတွေ ပြည်လည်ရရှိအောင် ဖန်တီးပေးတဲ့ အိမ်ရှင် ဒေါက်တာ ဦးညွန့်လွင် ဇနီးမောင်နှံနဲ့ အတူ မြန်မာမိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါ တယ်။
မွေးနေ့ပွဲပြီးလို့ မကြာမတင်မှာပဲ မြန်မာပြည်က ကျွန်မရဲ့တူလေး အောင်ဇော်မောင်ဆီက မြန်မာသီ ချင်းတွေ သွင်းထားတဲ့ ဗီဒီယိုအခွေတစ်ခု လက်ဆောင် ရောက်လာပါတယ်။ ကိုယ့်ဇာတိဌာနက ဝေးကွာ လှစွာ ခွဲခွာနေခဲ့သူတိုင်း အိမ်လွမ်းနာကျစမြဲမို့ မြန်မာပြည်က ရောက်လာတဲ့ သီးချင်းခွေရ တော့ကျွန်မတို့ မိသားစု အားလုံး အလွမ်းပြေကြည့်ရတော့မှာ ဆိုပြီး စိတ်ဆွေလှုပ်ရှားလို့ သမီးကေသီ ကိုပါဖုန်းဆက်ခေါ်ပြီး အတူ ထိုင်ကြည့်ကြပါတယ်။

သားသမီးတွေက သူတို့ကြိုက်တဲ့ အိုတော်တွေ ပါလို့ သဘောကျပြီး ကြည့်ရင်းနဲ့ ချီးကျူးကြ၊ ဝေဖန်ကြနဲ့ ဆူညံလို့။ တစ်ဝက်လောက်ရှိတော့ ရုပ်၇ှင်မင်းသား ကိုဝင်းဦးတေဘုမ္မာ သီချင်းဆိုတာ တွေ့လိုက် ရပါတယ်။ကျွန်မ တအား လွမ်းသွားတာပဲ။ ကိုဝင်းဦးနဲ့ရော စန္ဓာမဂ္ဂဇင်းနဲ့ပါ ဝေးခဲ့တာခုနစ် နှစ်တာတောင် ကြာရှိ သွားပြီလေ။ မလာခင် သူတို့တွေ နှုတ်ဆက်တော့စန္ဒာမဂ္ဂဇင်မှာ ဆောင်းပါးတွေ ဆက်ပို့ဖို့ မှာလိုက်တာကြောင့် ရောက် စနှစ်ဦးက "ကျေးတို့ပျော်ရာ"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ပို့လိုက် ပြီးတဲ့နောက် အကြောင်းအမျိုးမျိုးနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။
စားမရေးဖြစ်တော့လည်း စန္ဒာနဲ့ရော ကိုဝင်းဦးနဲ့ပါ အဆက်အသွယ်ပြတ်သွားတယ် ဆိုပါတော့။ အခု ဗီဒီယိုအခွေ မှာ တွေ့လိုက်တာနဲ့ တအားလွမ်းသွားတဲ့ အရှိန်ကြောင့် ကိုဝင်းဦး ဆီ စာတစ်စောင် ကောက်ပြီး ရေး ပို့လိုက်ပါတယ်။ ကျွန်မရင်ထဲမှာ ကိုဝင်းဦးကိုတင် လွမ်းတာမဟုတ်သေးဘူး။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ဌာနကိုပါ လှိုက်လှိုက်လှဲလှဲ လွမ်းလာတာပါ။

အသက်ငါးဆယ်ကျော်ခါမှ သူတစ်ပါးတိုင်းပြည်ကို ရောက်ရတာမို့ ကျွန်မမှာ လွမ်းစရာတွေ အနှစ် ငါးဆယ်စာရင်း နဲ့အပြည့် ရှိနေခဲ့တာပါ။ ချစ်ခင်သူ ဆွေမျိုးမောင်နှမ၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေ တင် မကဘူး။ ကိုယ်ကြီးပြင်းရာ ဒေသက ရေမြေတောတောင်နဲ့ ပန်းကလေးတွေက အစ လွမ်းရတာ ခုထက်ထိပါပဲ။
ဧရာဝတီမြစ် နဲ့ ဂေါဝိန်ဆိပ်။ အရှေကဘက်ကမှိုင်းညှို့နေတဲ့ ရှမ်းရိုးမတောင်တန်းကြီး။ ကျောင်းသွားရာ လမ်း တစ်လျှောက် ငေးခဲ့ရတဲ့ နန်းမြို့ရိုးနဲ့ကျုံး၊ ဘွားမေနဲ့အတူ အရုဏ်တက် မျက်နှာသစ်ရေ ဆက်ခဲ့၇တဲ့ မဟာမြတ်မုနိ ဘုရားကြီး။ ဘိုးလေး နဲ့လေတံခွန် လွှင့်ခဲ့တဲ့ ကျီဝင်း။ သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရတဲ့ ကွန်ဗင့်ကျောင်း ရဲ့ ဘော်ဒါဆောင်။

သမင်လေးတွေနဲ့အတူ လမ်းလျှောက်ခဲ့၇တဲ့ ကန့်ဗလူက ကျွန်းတောကြီး။ ခါးသီးတဲ့အတွေ့အကြုံ တွေရခဲ့တဲ့ စစ်ပြေးစဉ် က စစ်ကိုင်းတောရိုးနဲ့ မနော်ယမံ။ အောင်မြင်မှုသရဖူဆောင်းခဲ့စဉ် ဈေးချို နာရီစင်အနီး ဘီလမ်းပေါ် က ဓာတ်ပုံဆိုင်။ မမသန်းရင်ခွင် မှာ ဖြေသိမ့်မှုရှာခဲ့ရတဲ့ ယွန်းတန်းက တိုက်။ ငယ်စိတ်ကုန်ဆုံးခဲ့တဲ့ ဘီကြင် ဟိုတယ် နဲ့ မျက်စိတစ်မှိတ်နဲ့ စိတ်အာရုံမှာ ပြန်ပေါ်လာတဲ့ နေရာတွေပါပဲ။

ရန်ကုန်မြို့မှာလည်း စိတ်အာရုံနဲ့ မှန်ဆပြီး လွမ်းတစရာ နေရာတွေအများကြီးရှိပါသေးတယ်။ အဲဒီလို အလွမ်းနာ ထပြီး ကျွန်မရေးလိုက်တဲ့စာကိုရတော့ ကိုဝင်းဦးက "မောင်လေးမပြန်နိုင်တယ်" ဆိုတဲ့ဆောင်းပါး နဲ့ကျွန်မရဲ့စာ ကို စန္ဒာမဂ္ဂဇင်းစာမျက်နှာပေါ်ကနေ အခန်းဆက်ပြန်ကြားစာ ရေးခဲ့ တာကိုဖတ်ရတော့ ကျွန်မစာရေးချင် စိတ်ဆွေ ပြန်ပေါ်လာပါရော။ မြန်မာပြည်က ထွက်လာက တည်းက ကလောင်ကို ချထားခဲ့တာ လည်း ခုနစ်နှစ်နီးပါး ရှိနေပြီလေ။

ကိုဝင်းဦးက ကျွန်မရဲ့ပ်ြပအတွေ့အကြုံတွေကို စန္ဒာမဂ္ဂဇင်းအတွက် ပင်တိုင်လစဉ်ရေးပေးပါ ဆိုလာ တော့ အိမ်လွမ်းနာကို စာရေးတာနဲ့ ကုစားရင်း သက်တာတန်ကောင်းရဲ့လို့ တွေးကြည့်ပါတယ်။ စာရေးနေရင် ကျွန်မရဲ့အာရုံ က မြန်မာပြည်ကို ပြန်ရောက်နေမှာ သေချာပါတယ်။ကျွန်မရဲ့ စာဖတ်သူများလည်း ဗဟုသုတရ၊ ကျွန်မလည်းအလွမ်းပြေ။ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှာမို့ လစဉ်ရေးဖို့ သဘောတူလက်ခံလိုက်ပါတယ်။
ကျွန်မအခြေချနေ တဲ့မြို့က Coral Springs ဖြစ်လို့ "သန္တာစမ်းက အလွမ်းစာ"ဆိုပြီး ကိုဝင်းဦးက ကျွန်မရဲ့ ဆောင်းပါးခေါင်းစဉ်ကို လှလှလေးနာမည်ရွေးပေးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မ ကလောင်ပြန်ကိုင်ဖြစ်တာ ခုချိန်ထိ ဆိုပါတော့။
ကိုယ် နှစ်သက်မြတ်နိုး ရာ စာပေနဲ့ မွေ့လျော်နေရတော့ စိတ်ရဲ့ပူလောင်ဆင်းရဲခြင်းက သက်သာ ရာရပါတယ်။ အမြဲတမ်းတော့ မဟုတ်လေဘူးပေါ့။ သားရဲ့ လက်ရာ ခြေရာလေးတွေနဲ့ တိုက်ဆိုင် တဲ့နေရာလေးတွေ မြင် ရတိုင်း ရင်ထဲမှာ နာကျင်သွားရတာတွေလည်း အခါများစွာပါပဲ။ ခြံထဲဆင်း ပြီးသစ်ပင်တွေရေလောင်းတာကအစ၊ သား ကိုယ်တိုင် စိုက်ခဲ့တဲ့ဖီးကြမ်း ငှက်ပျော်ရုံကြီးရှေ့ ရောက် ရက်မျက်ရည်ကျရ ပါပြီ။

တလောလေးကတင်ပဲ ကလေးမလေးနှစ်ယောက် တံခါးလာခေါက်တာနဲ့ ဖွင့်လိုက်တော့ အကြီးမ လေးက "ဇာနည်" ရှိလားတဲ့။
ကျွန်မ ဘာပြန်ဖြေရမှန်း မသိဘူး။ နောက်မှ ဘာကိစ္စရှိလို့လဲ မေးတော့ဒီတစ်ခေါက်ခရီးကပြန်လာ ရင် သူတို့ညီအစ်မ အတွက် ငှက်ကလေးတွေ ဖမ်းယူလာခဲ့ပေးမယ် ပြောသွားလို့တဲ့။ အငယ်မလေး က"အိမ်ထဲမှာ ငှက်ကလေးတွေ ရှိလားဟင်"တဲ့။ အကြီးမလေးက "ဇာနည်ဘယ်တော့ပြန်လာမှာလဲ" တဲ့။
ကျွန်မ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလာတော့တယ်။ သားက ကလေးဆို ကလေးအကြိုက်၊ လူကြီးဆို လူကြီး အကြိုက် ပြောတတ်လုပ်ပေးတတ်လို့ သူ့မှာအပေါင်းအသင်းချစ်သူခင်သူတွေ များပါဘိ။ သူ့ချစ်သူ KIMလည်း ကျွန်မ လိုပါပဲ။ ခုထက်ထိ မျက်ရည်မစဲသေးပါဘူး။ သူတက်နေတဲ့ မာယာမီ တက္ကသိုလ်မှာဆံပင်အမည်းနဲ့ ကိုဇာနည့် ပုံစံအတိုင်းလူငယ်တစ်ယောက် ကျောင်းအဆင်းမှာ တွေ့ လိုက်တော့ အမီးပြေးလိုက်သွားပြီး လက်မောင်း သွားဆွဲလိုက်တယ်တဲ့။ ရှေ့ကကြည့်မှဇာနည် မဟုတ်မှန်းသိတော့ ဘာပြန်ပြောရမှန်းမသိဘဲ မျက်ရည်တွေ ကျလာတာ နဲ့ ကျောင်းသားကလည်း လန့်လို့ "ကျွန်တော်ဘာလုပ်မိလို့လဲ"နဲ့ ပျာပျာသလဲမေး မှ အနားပြီး မနည်းတောင်းပန်ခဲ့ရ တယ်တဲ့လေ။

ဒီလိုပဲ အကြောင်းတိုက်ဆိုင်မှုကြုံတိုင်း ကျွန်မတို့ ခံစားနေရဦးမှာပါပဲ။ တရားဓမ္မ အထောက်အကူ နဲ့တဖြည်းဖြည်းတော့ ရင်ထဲမှာ အနာကျက်သွားနိုင်ကောင်းပါရဲ့လို့ အားတင်းရင်း တစ်နေ့တာ တစ်နေ့ တာကြိုးစားဖြတ်သန်း ရပါတယ်။ သမီးကေသီလည်း သူမျှော်မှန်းထားတဲ့ ဘွဲ့လွန်ရဖို့ ကျောင်းပြန်တက်နေပါပြီ။ သွားရေး လာရေး လွယ်ကူအောင် အလုပ်နဲ့ နီးရာက စုပေါင်းအိမ်ရာမှာ အိမ်ခန်းတစ်ခန်း ၀ယ်ပြီး ပြောင်းနေ တာဖြစ်တော့ ကျန်တာတွေ အဆင်ပြေပေမဲ့ ပြဿနာတစ်ခုက တက်ပါလေရော။

သူဝယ်လိုက်တဲ့ အိမ်ခန်း၇ှိရာ စုပေါင်းအိမ်ရာက စည်းကမ်းတွေဥပဒေတွေက အများသား။ "အိမ်မွေး တိရစ္ဆာန်မထားရ" တဲ့။ ဒီမှာ အဲဒလိုကန့်သတ်ချက်ထားတတ်တဲ့ အိမ်ရာတွေ ရှိပါတယ်။ တချို့ဆို PETမမွေးရ တင် မကဘူး။ ကလေးမရှိရ နေရာတွေလည်း ရှိတတ်ပါသေးတယ်။ ဘိုးဘွား တွေနေရာမှာ နားအေးပါးအေး နေချင်ကြဖို့ ကလေးမရှိရ စည်းကမ်းလုပ်ထားပါတယ်။ တစ်ခါက အဲလိုရပ်ကွ့်မှာ အိမ်ဝယ်ထားတဲ့ ဇနီးမောင်နှံလေးငါးနှစ်ရှိတော့ မိန်းမက ကိုယ်ဝန်ရှိလာပါရော။ အိမ်ရာက ကန့်ကွက်လို့ တရားရုံးရောက် ငြင်းကြ ခုံကြ ထုချေကြနဲ့ နောက်ဆုံး တရားရှုံးလို့ ထွက်သွားရပါတယ်။
အခုလည်း မကေသီမှာ ခရစ္စမတ်တုန်းက သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထား တဲ့ ခွေးတစ်ကောင် ရှိထားတော့ ပြဿနာပေါ့။ သူ့စုပေါင်းအိမ်ရာမှာ ထားခွင့်မရှိတာနဲ့ ကျွန်မဆီ လာပို့လေရဲ့။ သားသမီးတွေ အားလုံးကလည်း ခွေးချစ်တတ်တာမို့ ၀မ်းသာအားရ လက်ခံထား လိုက်ပါတယ်။ ခွေးကဂျာမနီ စနောင်ဇာ (Schnauzer) အမျိုးအစား။ နာမည်က ပါရှာ (Pasha) တဲ့။

ပုံစံက မျက်ခုံးမွေးထူထူ၊ မုတ်ဆိတ်မွေးဖွားဖွားနဲ့ အပုစားကောင်မျိုးပါ။ ခွေးပေမဲ့ သူ့ကိုယ်သူ ခွေးလို့ သဘောမထားဘူး ထင်ပါရဲ့။ ညကျွန်မနဲ့အတူ လာအိပ်တော့ ခြေရင်းဘက်မှာ သူ့အ တွက်ခေါင်းအုံးလေး ချထားပေးတာ မအိပ်တောမူဘူး။ လူလိုသူလို ကျွန်မရဲ့ခေါင်းအုံးမှာ အတူလာ အုံးအိပ်ပါတယ်။
အမေရိကားမှာ ခွေးမွေးရတာက ပိုက်ဆံလည်းကုန်၊ တာဝန်လည်းကြီးပါတယ်။ လမ်းပေါ် မှာ ခွေးလေခွေးလွင့် တစ်ကောင်မှ မရှိပါဘူး။ ကိုယ်မွေးထားတဲ့ခွေး ကိုယ့်ဝင်းခြံကိုယ်ဝိုင်းထဲမှာပဲ ထိန်းသိမ်းထားရတာပါ။ အပြင်လမ်းလျှောက် ထွက်ရင် ကြိုးပါရပါတယ်။ ခွေးရဲ့လည်ပတ်မှာလည်း ခွေးရဲ့နာမည်၊ သူကလည်း မိသားစုစာရင်းဝင်ဖြစ်တာမို့ သူ့နာမည်ရဲ့နောက်မှာ မိသားစုနာမည် ပါရပါတယ်။ လိပ်စာနေရပ်နဲ့ ဖုန်းနံပါတ်ပါ ထည့်ထား ရတာပါ။ ဒါ့အပြင် နှစ်စဉ်ကာကွယ်ဆေးထိုး ပြီးကြောင်းအထောက်အထားကတ်ပြားလေးလည်း ထည့်ဆွဲထားပေးရသေးတယ်။

အိမ်က စားကြွင်းစားကျန်မျိုးလည်း ကျွေးလေ့မရှိပါဘူး။ စူပါမားကတ်မှာ ရောင်းတဲ့ခွေးစာသီးသန့် ၀ယ်ကျွေး ရတာနော်။ ခွေးပေါက်စ ပါပီအတွက် အစာကတစ်မျိုး၊ ခွေးလားမြောက်ပြီးသား အစာက တစ်ဖုံနဲ့ အမျိုးစုံ ရှိသေးတာပါ။ နှစ်ရက်သုံးရက် တစ်ခါ ခွေးရှန်ပူနဲ့ ရေချိုးပေးရပါတယ်။ ခွေးလှေး မရှိရအောင် ဆေးထည့်ထားတဲ့ ရှန်ပူမွှေးမွှေးလေးက ကိုယ်သုံးနေကျ ရှန်ပူထက်တောင် ဈေးပိုကြီး တာမို့ ခွေးစရိတ်က မသက်သာပါဘူး။
တစ်ခါတစ်ခါလည်း Groomလို့ ခေါ်တဲ့ဆံပင်ညှပ်ဆိုင်ကို ပို့ရပါတယ်။ ခွေးကို ရေချိုးပေး၊ အမွေး ညှပ်ပေး Flea Dip၊ ခွေးသန်းမရှိရအောင် ဆေးစိမ်ပေး၊ ခြေသည်း လက်သည် ညှပ်ပေး၊ နားရွက်ထဲက အညစ်အကြေးတွေ သန့်စင်ပေး နဲ့တစ်ခေါက်ပို့ရင် ဒေါ်လာနှစ်ဆယ်ကျော်ကျပါ တယ်။ ပြန်ရောက်လာရင် အမွေးတွေက ဖွာပြီး လှလို့ ပလို့။ ရေမွှေးပါ ဆွတ်ပေးလိုက်တာမို့ မွှေးလို့ကြိုင်လို့။ ပူဒယ်(လ)လို ခွေးစုတ်ဖွားလေးတွေဆိုရင် ဆယ်ကျော်သက်တွေ အတိုင်း ခေါင်းမှာ ဘူးပွင့်စီးပြီး ဖဲပြားရောင်စုံနဲ့ တစ်ခါ တည်း ပြင်ပေး လိုက်တာ။ ဖြုတ်ပစ်မယ် မထင်နဲ့ သူ တို့ကိုယ်သူတို့ "လှပါတယ်"ဆိုတဲ့ပုံစံနဲ့ ဂိုက်ပေးနေလိုက်သေးတာနော်။

ပါရှာ က ခွေးပေမဲ့ ခွေးအိုင်ကျူ (I.Q)က အမြင့်။ ကျွန်မက သူ့ကိုချစ်မှန်း အလိုလိုက်မှန်းသိလို့ သူဗိုလ်ကျ ရနိုင်တာပါ။
ညညကျရင်လည်း သူဘယ်လောက်အိပ်ချင်နေ၊ ကျွန်မအိပ်ရာမ၀င်မချင်း သူလည်းမအိပ်ဘဲ ထိုင် စောင့် တတ်ပါတယ်။ သည်းမခံနိုင်လောက်တဲ့ အချိန်ရောက်ရင်တော့ "တော်ပြီအိပ်တော့"ဆိုတဲ့ ပုံစ့နဲ့ ကျွန်မနေရာက မထမချင်း လာဟောင်တော့ တာပဲ။ တစ်ခါတလေလည်း သမီးတွေနဲ့ ဖုန်းအ ကြာပြီးပြောနေရင် သူမကြိုက်ပြန် ပါဘူ့း။ ရှေ့တည့်တည့်ကနေ ကျွန်မကိုစိုက်ကြည့်ပြီး ဟောင်လို့ မဆုံးတော့ဘူး။ သမီးတွေက စိတ်မရှည်ဘူး။ "ကဲ... မာမီ သွားတော့၊ မာမီအကောင်က ဟောင်နေ တာနာငြီးလာပြီ။ ခွေးကတောင် မာမီကို ဗိုလ်ကျလို့ ရတယ်ဆိုတာ သိတယ်"တဲ့လေ။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကျွန်မက ဘယ်သူ့ကိုမဆို အလျှော့ပေး ဆက်ဆံတတ် တာကိုး။ ဒါကလည်း ကိုယ့်ခံ ယူချက်နဲ့ကိုယ်ဆိုပါတော့။ ကျွန်မရဲ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ မမြဲသောသင်္ခါရတွေ က များပြားလှပါတယ်။ ကိုယ့်နဲ့ ထိတွေ့ဆက်ဆံရတဲ့ လူသားတင်မကဘူး။ ခွေး၊ ကြောင် တိရစ္ဆာန် အဆုံး သက်ရှိသတ္တ၀ါအားလုံးနဲ့ ရေစက်ရှိကြသလောက်အခိုက်အတန့် ကာလအပိုင်း အခြားလေး အတွင်း မှာသာ အတူရှိခွင့်ရတာပါ။

အကြောင်းအမျိုးမျိုးနဲ့ ကွေကွင်းရမြဲပါပဲ။ ဒါကြောင့် အတူတကွ ရှိရတဲ့အချိန်ကာလ ကလေးတွေ ကိုကျွန်မတန်ဖိုး ထားတတ်ပါတယ်။ ကိုယ့်နဲ့အတူ ရှိနေစဉ်အတွင် အားလုံးကိုကိုယ်စိတ်နှစ်ပါး ချမ်းသာစေချင် ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သည်းခံလိုက်လျောမှုနဲ့ ကျွန်မမှာရှိတဲ့ အကောင်း ဆုံးကိုပေးနိုင်အောင် ကြိုးစားခြင်း ပါပဲ။
အမြဲတမ်းချောမွေ့လိုက်လျောအောင် စိတ်ကောင်းထားနိုင်တယ်တော့ မဟုတ်ဘူးပေါ့။ လူဆိုတာ ပုံစံညီစက်ရုံက ထုတ်လုပ်လိုက် တဲ့ အရုပ်တွေမှ မဟုတ်တာနော်။ သဘောထားကွဲပြားခြားနားမှု ကတော့ရှိနေမှာပါပဲ။ ကိုယ့်ဘက် က အားနည်းချက်တွေလည်း အနန္တရှိပါတယ်။ ဒါပေမဲ့ အတတ်နိုင် ဆုံးတော့ သာယာချမ်းမြေ့မှုရအောင် လိုက်လျောနိုင်သမျှ ကြိုးစားပြီး လိုက်လျောခြင်းမို့ ကျွန်မတို့ အိမ်ထောင်စုလေးက ရိုးရှင်းအေးချမ်းစွာ ရပ်တည်လျက်ဆိုပါတော့။

ဒီလိုနဲ့ ပုံမှန်ဆုံဖြစ်ကြတဲ့ မိသားစုစနေနေ့လေးမှာ သမီးကေသီက နေ့လယ်စာဝိုင်းမစခင် "မာမီ မျက်စိ မှိတ်ထား" တဲ့။
"ဘာလုပ်ဖို့လဲ"မေးတော့
"မာမီ့အတွက် Surprise" ဆိုတာနဲ့ ဘာမှန်းမသိမျက်စိ မှိတ်ထားလိုက်မှ လက်ထဲစာအိတ်တစ်အိတ် လာထည့် ပါတယ်။ ဖွင့်ကြည့်လိုက်တော့ လေယာဉ်လက်မှတ် ဖြစ်နေပါရော။ ကျန်တဲ့သားသမီးတွေ မှစိတ်လှုပ်ရှားစွာနဲ့ "ဘာလဲ" "ဘာလဲ"နဲ့ သိချင်နေကြပြီလေ။ ကျွန်မလည်း မအူမလည်နဲ့ သေသေချာချာ ဖတ်ကြည့်မှ "ဥရောပ ခရီးစဉ်"တစ်ခုအတွက် လက်မှတ်ပါ။
"သမီးရယ်...ငွေကုန်များလိုက်တာ"နဲ့ ပြောရင်း စိတ်စောနေတဲ့ သားသမီးတွေကို လှမ်းပေးလိုက် တော့ "ဝေး" ခနဲ ပြိုင်တူအော်ကြပြီး "ပျော်စရာကြီး မာမီ"တဲ့။ ကျွန်မထက် သူတို့ကပိုပြီးတောင် ပျော်နေကြသေး တယ်။ မျှော်လင့် မထားတဲ့ ကိစ္စမို့ သမီးပြောတဲ့အတိုင်း ကျွန်မက အံ့အားသင့် မပြေသေးဘူး။

"သမီးကလည်းကွာ၊ မာမီ့ကို ဘာမှလည်း ကြိုမပြောထားဘဲနဲ့။ နောက်ပြီး စရိတ်တွေ ကလည်း မနည်းဘူး"
"ထားလိုက်စမ်းပါ၊ ကုန်ကျမှာတွေ စဉ်းစားမနေနဲ့။ ကျန်မာရေး ကောင်းတုန်း ခရီးသွားရတာ။ အခုအကုန်အဆင်ပြေတယ်။ သမီးသူငယ်ချင်းနဲ့ သူ့အမေလည်း ပါမယ်။ သူ့အမေပါတော့ မာမီလည်း အဖော်ရတာပေါ့။ နောက်တစ်ခု Surprise ကမာမီတို့ မနေဂျာ JIMလည်းပါမယ်"
"ဟင်... JIM က ဘယ်လိုလုပ် ပါရပြန်တာလဲ"ကျွန်မ အံသြပြီးရင်း အံ့သြနေရပါတယ်။
"သမီးက မာမီကို Surprise လုပ်ချင်တာနဲ့ မာမိတို့ရုံးကို အရင်ဖုန်းခေါ်ပြီး ဒီရက်တွေ ခွင့်ယူလို့ရ မလားမေးကြည့်ရတာပေါ့။ JIMကလည်း ဒီရက်ထဲ ဂျာမနီကိုပြန်မှာတဲ့။ တူတူသွားကြရအောင်လို့ သူကပြောတာ။ သူကဟိုမှာ B & W ကားတစ်စီး ၀ယ်ထားတာ သွားယူမလို့။ သမီးတို့နဲ့ ရက် တိုက်လို့ တူတူသွားဖြစ်ရင် သူ့ကားနဲ့ ဥရောပကနိုင်ငံတွေကို ကားမောင်းပြီး လိုက်ပို့ပေးမယ် လို့ပြောတယ်။ ဒါဆို ပိုအဆင်ပြေသွားတာပေါ့"နဲ့ သမီးကေသီက အားပါးတရ ရှင်းပြနေလေရဲ့။

ကျွန်မအလုပ်က မန်နေဂျာ JIMက လူငယ်လေးပါ။ သားရွှေစင်နဲ့ အသက်အရွယ် မတိမ်းမယိမ်းမို့  ကျွန်မ ကိုလည်း မိခင်တစ်ယောက်လို လေးစားချစ်ခင်ပါတယ်။ ကျွန်မလုပ်သက်ကြာလာတာနဲ့အမျှ သူတို့မိသားစု အားလုံး နဲ့လည်း ရင်းနှီးခင်မင်နေတာမို့ မိသားစုတစ်ပိုင်းပါပဲ။ သူတို့က ဂျာမန်လူ မျိုးတွေမို့ ကျွန်မ တို့ မြန်မာလူမျိုးတွေ လိုပဲ မိသားစု စည်းလုံးချစ်ခင်မှု ၇ှိကြပါတယ်။
ကျွန်မအနေနဲ့  အမေရိကားကို ထွက်လာတာကလွဲလို့ ပြည်ပကို တစ်ခါမှမထွက်ဖူးသေးတာကြောင့် ဥရောပခရီး ကို စိတ်ဝင်စားပေမဲ့ မရွံ့မရဲဖြစ်နေပါတယ်။ သမီးကေသီက အစစအရာရာ ဦးဆောင် လုပ်ပေး လို့ တော်လေသေးရဲ့။. JIMလည်း အတူပါမယ် ဆိုတော့ အားရှိစရာပါပဲ။ ကျန်တဲ့ ခရီး ဖော်လေးယောက် စလုံးက အမေရိကန်နိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားသူတွေမို့ ဥရောပသွား ဖို့အတွက် ပြည်ဝင် ခွင့်ဗီဇာလျှောက် ဖို့ မလိုပေမဲ့ ကျွန်မက သားကြီး ခင်မောင်ဝင်းခန့် အကြောင်း ပြုပြီး Green Card ပဲကိုင်ဆောင်ထားရသေးတာကြောင့် သွားရောက်မဲ့နိုင်ငံငါးခုစလုံးအတွက် ပြင်ဝင်ခွင့်ဗီဇာတေါကို တစ်ခုစီသီးခြား လျှောက်ထားရတာမို့ အလုပ်ရှုပ်။

အခုမှ ခရီးသွားအတွေ့အကြုံတွေနဲ့ ရင်းနှီးရပါတယ်။ သမီးကေသီကတော့ ဘယ်လိုကုသိုလ်ကံပါ လာလည်းမသိဘူး။ ခရီးသွားတာကို ၀ါသနာပါတဲ့ အတိုင်း မကြာခဏလည်း ခရီးသွာဖို့ ကံပေးပါ တယ်။ ငယ်ရွယ်စဉ် ကတည်းကစပြီး ခုချိန်ထိ ခရီးသွားခွင့်သာခဲ့တဲ့အတိုင်း မြန်မာပြည်မှာ ဆိုရင် လည်းဟိုးအထက် မချမ်းဘော ကနေပြီး ရေး၊ မြိတ်၊ ထားဝယ်ထိ တစ်နံတစ်လျား နေရာအနှံ့ ရောက်ဖူးပါတယ်။
ကျွန်မ ကတော့ ခရီးသွားဖို့ ၀ါသနာပါပေမဲ့ စိတ်ဝေဒနာရှင် မိခင်ကြီးကို ထားသွားဖို့ စိတ် မဖြောင့် နိုင်တာကြောင့် ဘယ်ခရီးမှ မထွက်နိုင်ခဲ့ပါဘူး။ သွားဖြစ်ရင်တောင် အူယားဖားယား အပြေးအလွှား သွားရတဲ့ သုံးလေးငါးရက် ခရီးမျိုးပဲရှိတာပါ။ အခုအချိန်မှာတော့ နောက်ဆံတင်းစရာ ဝေဒနာရှင် မိခင်ကြီး လည်းမရှိ။ ခင်ပွင်းကိုလည်း ခွင့်ပန်စရာမလို၊ သားသမီးတွေအားလုံးကလည်း စိတ်ချလက် ချထားလို့ ရတဲ့ အသက်အရွယ်တွေ ဖြစ်ကုန်ပြီမို့ စိတ်အေးလက်အေးထွက်နိုင်မဲ့ခရီး ဆိုပါတော့။

ခရီးသွားခြင်းဆိုတာ အမြင်သစ်တံခါးတစ်ချပ် ပွင့်ခြင်း၊ အတွေ့အကြုံသစ်ရခြင်း၊ နေရာဒေသ ယဉ်ကျေးမှုနဲ့ အလေ့အထကအစ ကွားခြားမှုတွေကို လေ့လာနိုင်ခြင်း၊ ဗဟုသုတနဲ့ အသိတရား ကျယ်ဝန်းခြင်း၊ စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါ ကြံ့ခိုင်ခြင်းအပြင် နှလုံးသားကို ရွှင်လန်းနုပျိုစေခြင်း ကလည်းအဓိကအချက်မို့ ကျွန်မတို့သားအမိ တက်ကြွစွာနဲ့ ခရီးအတွက် ကြိုတင်ပြင်ဆင်နေကြ ဆဲဆိုပါတော့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 24, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၇)

အိမ်ပြန်ရောက်တော့ ဦးကျော်ဇောရော၊ သားအိန္ဒာရော နဲ့ သမီးသူဇာပါ မိသားစုအခန်းထဲက ရုပ် မြင်သံကြားက ဇာတ်လမ်း တစ်ခု ကို ကြည့်နေကြတာ တွေ့တာနဲ့ သူတို့အနားမှာ ၀င်ထိုင်ရင်း ကျွန်မလည်း ကြည့်နေမိ ပါတယ်။ တစ်အောင့်လောက်ကြာတော့ တယ်လီဖုန်းမြည်လာပါရော။ ဇာတ်လမ်းထဲမှာ ဇောကပ်နေကြလို့ ဘယ်သူ မှ ထ မကိုင်ကြပါဘူး။ ကျွန်မ က ထိုင်သာနေတာ စိတ်ပါ ၀င်စားစွာကြည့်နေတာ မဟုတ်လို့ မီးဖိုထဲက အနီးဆုံး တယ်လီဖုန်း ကို သွားကိုင်ထူးလိုက် ပါတယ်။
တစ်ဖက် က ရှိုက်ကြီးတငင် ငိုယိုနေတဲ့ သမီးကေသီရဲ့အသံ ဗလုံးဗထွေးနဲ့မို့ ဘာများလဲပေါ့။
"မာမီ အခုပဲ သမီး ရဲ့မောင်လေး ဇာနည်ဆုံးသွားပြီတဲ့" ရုတ်တရက် မီုးကြိုးပစ် ချတာ ခံလိုက်ရတဲ့ အတိုင်း ကျွန်မလိပ်ပြာလွင့်စဉ်သွားသလို ခံစားလိုက်ရ ပြီး တယ်လီဖုန်း ကိုင်ရက် ကြမ်းပြင်ပေါ် ပုံကျ သွားပါလေ ရဲ့။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၄၉)

ကျွန်မ ခေါင်းထဲမိုက်ခနဲ အမှောင်ကျသွားရာက ဝေေ၀၀ါးဝါး ဖြစ်နချိန်မျာ ခန္ဓာကိုယ်က ဘယ်လို ဓာတ် သဘာဝတွေ ပြောင်းလဲဖောက်ပြန်သွား လဲ မသိပါဘူး။ ချမ်းလိုက်တာမေးတွေပါ ခိုက်ခိုက်တုန် လာ ပါတယ်။ တစ်စုံတစ်ဦး က ကျွန်မကို ပွေ့ဖက်ထားရင်း လက်ထဲက ဖုန်းကိုဖြုတ်ယူလိုက်တာ သိလိုက်တာနဲ့ အတူ စကားပြောနေသံ သဲ့သဲ့ကိုလည်း ကြားမိပါတယ်။
နားထဲမှာ "မောင်လေး ဇာနည်ဆုံးပြီတဲ့"ဆိုတဲ့ အသံက ပဲ့တင်ထပ်နေဆဲပါပဲ။
"မဟုတ်ပါစေနဲ့၊ မဟုတ်ပါစေနဲက၊ ဘုရားရှင် ကယ်တော်မူပါ။ ဘုရားရင်ကယ်တော်မူပါ"ဆိုတာ ရင်ထဲမှာ အသံတိတ် ထပ်တလဲလဲ ရေရွတ်ဆုတောင်းနေမိပါတယ်။ ကျွန်မသားလေး ပြန် လာရင်း လေယာဉ်ပျက် ကျသွားတာ လား။ ငိုလို့လည်းမရ၊ ရင်ထဲမှာ ဆို့ကျပ်လာတာလည်ချောင်းဝ အထိ ပါပဲ။ လူကလည်း တဆတ်ဆတ်တုန်နေ တာနဲ့ ဦးကျော်ဇောက့ ကျွန်မကို ပွေ့ထူပြီး ဧည့်ခန်းက ဆိုဖာပေါ်မှာ လှဲနေစေ ပါတယ်။ စောင်တွေ အထပ်ထပ် ခြုံထားပေမဲ့ ခိုက်ခိုက်တုန် ချမ်းတာက မပြေ နိုင်ဘူး။ ဟိုးကျောရိုးခြင်ဆီ ထဲကနေ စိမ့်အေးပြီး အဲလို ချမ်းပုံမျိုး မကြုံဖူးပါဘူး။

အံ့သြစရာ ကောင်းလိုက်တာ။ ရင်ထဲမှာ နှလုံးသား က အပူဒီဂရီကုန်နဲ့ မီးတောင်လိုတစ်စစီ ပေါက် ကွဲတာ ခံစားနေ ရပြီး ခန္ဓာကိုယ် သွေးသားတွေက ပြောင်းပြန်ခိုက်ခိုက်တုန် ချမ်းနေတာမို့ စောင် အထပ်ထပ်ခြုံ ထားပေမဲ့ မထိရောက် ပါဘူး။ သမီးသူဇာနဲ့ သားအိန္ဒာတို့ နှစ်ယောက်သား ရှိုက်ကြီး တငင်ငိုနေကြသံကို ကြားနေ ရတယ်။ ကျွန်မ မထူနိုင် မထနိုင်ဘူး။ စောင်ခြုံအောက်မှာ ဓာတ်လိုက် ခံရသလို ဆတ်ဆတ်ခါ တုန်နေဆဲ ပါပဲ။ သိပ်မကြာဘူး။ သမီးကေသီနဲ့ သားရွှေစင်တို့ ရောက်လာကြလေရဲ့။ သားနဲ့သမီး မျက်နှာ မြင်တော့ မှ ကျွန်မရှိုက်ကြီးတငင်နဲ့ ငိုဖြစ်တော့တယ်။ ဒီတော့မှ မျက်ရည်တွေကတာကျိုးသလို ကျလာ တာပါ။ သူတို့လည်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကျွန်မကို တင်းတင်းဖက်ထားရင်း အမေနဲ့ အတူရော ငိုကြတော့ တယ်။

"သားညီလေး ဆုံးသွားပြီတဲ့။ ဟုတ်လို့လား သားရယ်"လို့  မယုံနိုင်လို့ ကျွန်မက မေးတော့ သားက ခွန်းတုံ့မပြန်ဘဲ မျက်ရည်လုံးကြီးတွေ ပါးပေါ် လိမ့်ဆင်းကျလာပါတယ်။ ဒါဆိုဟုတ်လို့ပဲ ပေါ့။ ကျွန်မသားလေး ဘာဖြစ် သွားတာလဲ။ နှုတ်က မေးမထွက်ဘဲ ခေါင်းထဲမှာပဲ မေးခွန်းတွေက ပတ်ချာလည်နေပါတယ်။ တကယ်ပဲ သားလေး ဆုံးပါး သွားတယ်ဆိုတာ ဖြေလိုက်မှာကို ကျွန်မ မကြားရဲဘူး။ သိလည်းသိချင်၊ ကြားလည်းမကြားရဲနဲ့ ကျွန်မနှလုံးသားရော ဦးနှောက် ပါ ဆူဝေနေပါ တော့တယ်။
ဦးကျော်ဇော အကြောင်းကြားလိုက်တယ် ထင်ပါရဲ့။ ကျွန်မတို့မိသားစု ဆရာဝန်ဒေါက်တာနိုင်ဝင်း ရောက် လာပါတယ်။ "ဒေါ်ခင်မကြီး စိတ်ကိုကြိုးစားပြီး ထိန်းထားနော်။ အချမ်းသက်သာသွား အောင် ဒီဆေးပြားလေး ကို သောက်လိုက်ပါ"ပြောရင်း နို့တစ်ခွက်နဲ့အတူ ကျွန်မကိုဆေးတိုက်ပါ တယ်။ ကျွန်မစက်ရုပ် တစ်ခုလို ပေးလာတဲ့ဆေး ကို မြိုချ လိုက်တယ်။ စကားပြောလိုစိတ် လည်း မရှိပါ ဘူး။ ဦးကျော်ဇောနဲ့ အတူ ဒေါက်တာနိုင်ဝင်း တို့ တစ်ဖက်ခန်းမှာ သွားထိုင်ကြရင်း အကျိုးအ ကြောင်းစုံ ပြောနေကြပုံရပါတယ်။

ဒီတော့မှ သေချာပြီ ဆိုတာ လက်ခံရတော့တယ်။ စိတ်ကို မနည်းထိန်းထားပြီးကာမှ "ပြောပါဦး သမီးရယ်၊ မာမီ့သားလေး တကယ်သေသွား တာလား၊ သမီးဘယ်လို သိတာလဲ"နဲ့ သမီး ရဲ့လက် မောင်းကို လှုပ်ခါပြီး မေးကြည့် ရပါတယ်။
သမီးက မျက်ရည်အပြည့် မျက်လုံးနဲ့ ကျွန်မကို မပြောရက်သလို ပြန်ကြည့်နေပါရော။
"ပြောပါ သမီးရယ်၊ လေယာဉ်ပျက်ကျတာလား၊ သင်္ဘောမှောက်တာလား၊ လူသတ်ခံရတာလား"နဲ့ တဖွဖွေမေး မှ.. "မဟုတ်ပါဘူး၊ ဘာဖြစ်တာမှန်း မသိရသေးပါဘူး။ ရုံးချုပ်က ကေခိုင့်ကို ဖုန်းနဲ့ အကြောင်းကြား တာတဲ့။ မာမီ့ ကို သူကမပြောရက်လို့ သမီးကတစ်ဆင့်ပြောခိုင်းတာ။ သူလည်းဟိုဘက် မှာ ဖုန်းပြောရင်း ငိုနေတယ်။ ကိုကိုနဲ့ ယမင်း တို့ကိုလည်း အကြောင်းကြားပြီးပြီ။ သူတို့လည်း မီရာ လေယာဉ်နဲ့ လာကြလိမ့်မယ်"
ကျွန်မ တို့ မိသားစုအတွက် ကမ္ဘာပျက်ခြင်းပါပဲ။

ရင်ထဲမှာ ခံစားရတဲ့နာကျင်မှုက ကြီးမားလွန်းတော့ ဘယ်လိုရင်ဆိုင် ကျော်လွှားရမလဲ မသိနိုင်တော့ပါဘူး။ တစ်ဘ၀ စာ မပြောနဲ့၊ အခု ခဏလေးအတွက်တောင် စဉ်းစားလို့မရနိုင် အောင်ပါပဲ။
လူ့ဘ၀ မှာ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ အလုတ်ပြုတ်တာ၊ အိမ်ထောင်ပျက်တာ၊ နေစရာအိမ် မရှိတာ၊ ထိခိုက်ဒဏ်ရာ ရတာ၊ နာမကျန်းဖြစ်ပြီး အိပ်ရာပေါ် ဗုန်းဗုန်းလဲရတာ စသဖြင့် မမျှော်လင့် ဘဲသတင်းဆိုး အမျိုးစုံ ရှိတဲ့အထဲ မှာ ချစ်ရသူ ကွယ်လွန်ဆုံးပါးရခြင်းပါပဲ။
အခုလည်း ဒီသတင်းကြောင့် ဘယ်လိုရပ်တည်ရမှန်းမသိ၊ ဘယ်သူ့ကိုကိုးစားရမှန်းမသိ၊ ဘယ်သူ့ ဆီမှာ သက်သာရာ ရှာရမှန်း မသိ၊ ဆောက်တည်ရာလည်း ရှာလို့မရနိုင်။ ခင်မကြီးဆိုတဲ့ ပညတ်နဲ့ ရုပ်ခန္ဓာက ကျန်ရစ်ခဲ့ပြီး စိတ်နဲ့ နာမ်က သားနဲ့အတူ ကွယ်လွန်ဆုံးပါးသွားလေသလား မသိ။ အသက်ရှူနေတာကလွဲရင် လူသေ တစ်ယောက် လို မလှုပ်မယှက်ချင်လောက်အောင် လေးလံပျော့ ခွေသွားတော့တာပဲလေ။

သားရွှေစင် က ရုံးချုပ်ကို ဖုန်းဆက်ပြီး အခြေအနေကိုမေးနေသံ ကြားနေရပါတယ်။ ဒါဟာသတင်း မှားတာပါလို့ များ ပြန်ပြောသံ ကြားရမလားလို့ ရင်ထဲမှာမ၀ံ့မရဲနဲ့ မျှော်လင့်နေမိသေးတယ်။ ရုံးချိန် မဟုတ်တဲ့ ညဘက်ကြီးဖြစ်နေတော့ လည်း ဆက်သွယ်ရတာ ခက်ခဲနေပြန်ပါရော။ ပြည်တွင်းမှာ ဖြစ်တာဆိုရင် မီရာလေယာဉ် နဲ့လိုက်သွား လို့ ရနိုင်သေးရဲ့။ အခုဖြစ်တာက ပင်လယ်ထဲက သင်္ဘောပေါ်မှာမို့ အခက်ဖြစ်နေ တာကြောင့် မသေမချာ မချင့်မရဲပါပဲ။

ဒေါက်တာနိုင်ဝင်းလည်း မပြန်သေးဘဲ ကျွန်မကို မကြာမကြာ သွေးပေါင်ချိန် တိုင်းကြည့်နဲ့အနီး ကပ်စောင့်ရှောက်ပေးနေ ပါတယ်။ သူကိုယ်တိုင်လည်း သားဇာနည်ဆုံးတယ်ဆိုတာ မယုံနိုင်ဘူး။ ကျွန်မရဲ့ သားသမီးတွေ ထဲမှာ ကိုဇာနည်က အရပ်အမြင့်ဆုံး၊ ဗလအတောင့်ဆုံး၊ တော်ရုံတန်ရုံ ဖြစ်လို့များတော့ ဇာနည် ဆိုတဲ့နာမည် အတိုင်း ဘာမထီ ဆိုတဲ့အထဲကပါပဲ။ ခုနောက်ဆုံးတစ်ခေါက် ပြန်လာတုန်းကတောင် မတော်တဆ လက်မှာထိသွား လို့ ဒေါက်တာနိုင်ဝင်းရဲ့ ဆေးခန်းမှာ သွားချုပ်လာခဲ့ရသေးတာ။ ချုပ်ရိုးဖြုတ် ရ မဲ့နေ့ ဒေါက်တာနိုင်ဝင်း က ဖုန်းဆက်ခေါ်တော့ သူ့ဟာသူ ချုပ်ရိုးဖြုတ်ထားလိုက်ပြီတဲ့။ အဲလို ပေပေတေတေ ကောင်စား မျိုးလေးပါ။

ကျွန်မနဲ့ ဇန်န၀ါရီလ ၃၁ရက်နေ့က ဖုန်းအကြာကြီးသားနဲ့ ပြောဖြစ်သေးတာပဲ။ အဲဒီတုန်းက ရွှင် လို့မြူးလို့။ ရက်သုံးပတ် အတွင်း ဒီအခြေအနေဖြစ်သွားရအောင် ကျွန်မသားလေးဘယ်လို အန္တ ရာယ်များ ကြုံရရှာပါလိမ့် ဆိုတဲ့ သိချင်စိတ်ကလည်း စောနေမိပြန်ပါရော။ အဖြစ်အပျက်မှန်ကို သိဖို့ စောင့်ရတဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းက ပူလောင်လှ တဲ့ ငရဲတစ်ပိုင်းပါပဲ။
တစ်အိမ်သားလုံး အိပ်နိုင်ဖို့ ဝေးလို့တစ်မှေးတောင်မမှေးဖြစ်ကြဘူး။ တယ်လီဖုန်းမြည်သံကြား တိုင်းခေါင်းထောင်ပြီး နာစွင့်နေ ကြရတယ်။ ဖုန်းကလည်း တစ်ညလုံးမစဲမြည်နေတော့တယ်။ ရှီကာဂိုက သားကြီးက ဆက်လိုက်၊ သမီး ယမင်းနဲ့ ကေခိုင်က ဆက်လိုက်၊ ကျွန်မရဲ့အခြေအနေကို စိတ်ပူပြီး နာရီဝက် တစ်ခါလောက် ဆက်မေးနေကြတာပါ။ ကေခိုင်က ရုံးချုပ်နဲ့ တစ်မြို့တည်းမို့ အထက်အရာရှိ အိမ်အထိ ဆက်ပြီး အခြေအနေ ကို အမြန်ဆုံးသိနိုင်ဖို့ သူလည်းကြိုးစားဆက် သွယ်နေရှာတယ်။ ရုတ်တရက် ဘာမှအတိအကျ မသိရသေးတာ မို့ ကျွန်မတို့အားလုံး ဘ၀င် မကျ နိုင်ကြဘူးပေါ့။

ကျွန်မ အတွေးအာရုံထဲမှာ သားရဲ့ ပုံရိပ်က ရင်သန်လှုပ်ရှားနေဆဲပါပဲ။ အမြဲတမ်းရွှင်လန်းတက်ကြွ ရယ်မောနေတတ် တဲ့ မျက်နှာလေးနဲ့ပါ။ ပြီးခဲ့တဲ့အခေါက် ပြန်လာတုန်းက "သား မာမီ့အတွက် အသက် ၂၁နှစ်ပြည့် ရင် ရဟန်း ခံမယ်။ မာမီလည်း ရဟန်းအမဖြစ်ရရော၊ သားအမိနှစ်ယောက် ကုသိုလ်အတူတူ ယူကြမယ်လေ" တဲ့။
ပီတိဖြစ်ခဲ့ရ တဲ့ ဒီစကားလေးနားထဲက မထွကအောင်စွဲနေမိတာပါ။ ဟော...အခု အသက်ကို တွက် ကြည့်တော့ သားက နှစ်ဆယ်ပြည့်ပြီး လို့ ခြောက်လနဲ့ ဆယ်ရက်စွန်းခါစပဲ ရှိရှာသေးတယ်။ နောက်ထပ်ငါးလနဲ့ ရက်နှစ်ဆယ် ဆိုရင် သားကိုရဟန်းအဖြစ် မြင်ရတော့မှာနော်။ ကျွန်မဆက်မ တွေးနိုင်ဘဲ မျက်ရည်တွေ သာ ဖြိုင်ဖြိုင်ကျ လာ ပါတော့တယ်။

ကျွန်မဘ၀ မှာ သိတတ်တဲ့အရွယ်က စပြီးမိသားစုအတွင်းမှာ သေခြင်းတရားတွေအခါခါ ရင်ဆိုင် ခဲ့ဖူးပါတယ်။ ဘွား သေးဖူး တယ်၊ ဘိုးသေဖူးတယ်၊ အချစ်ဆုံး သူငယ်ချင်း သေးဖူးတယ်၊ ခင်ပွန်း သေဖူးတယ်၊ အမေလို ချစ်ရ၊ အားကိုးရ တဲ့ ယောက်မ သေဖူးတယ်၊ ဦးလေးတွေ၊ အဒေါ်တွေ၊ ဘွားလေးတွေ၊ သေဖူးတယ်။ ကျွန်မရဲ့ ရင်မှ ဖြစ်ရတဲ့ ခြောက်လသားငယ်လေး (လင်း)သေဖူး တယ်။ တစ်သက်လုံး မကွဲမကွာနေခဲ့တဲ့ မိခင်သေဖူး တယ်။ မိခင်ဆုံးခဲ့စဉ်က အပြင်းထန်ဆုံး ခံစားရ ချက်လို့ ကျွန်မထင်မှတ်ခဲ့မိတာ။ အခုကြုံရတဲ့ အရွယ်ကောင်း သားလေး ဆုံးပါးရ လို့ ခံစားရတဲ့ နာကျင်ဆင်းရဲ ပူလောင်ခြင်းက အဆများ စွာ ပြင်းထန်လွန်းလေ တာ ပြောပြနိုင် စွမ်း မရှိအောင်ပါပဲ။

မိုးကြိုးရှစ်စိတ် ခွဲခံရတာကမှ တဒင်္ဂနဲ့ ပြာဖြစ်သွားနိုင်တာမို့ သက်သာမှုရှိနိုင်ပါသေးရဲ့။ လက်ရှိ ခံစားရတဲ့ အဖြစ်ကတော့ တစ်သက်တာလုံး တမြည့်မြည့်နဲ့ နှလုံးကျွမ်းရင်းတသသ လွမ်းမောတမ်း တနေရ မှာ နောက်ဆုံး ထွက်သက်ထိ ဖြစ်မှာပါပဲ။
မိသာစု တစ်ညတာလုံး စိတ်ပင်ပန်းဆင်းရဲခြင်းနဲ့ ရောက်လာမဲ့သတင်းကို စောင့်နေကြရတာ။ မနက် လေးနာရီလောက် ကျမှ ဖုန်းဝင်လာပါတယ်။ ကိုဇာနည် နေ့လယ်စာစားပြီး ရုတ်တရက် လဲကျသွား တာတဲ့။ လဲကျ လို့ စားပွဲဇောင်းနဲ့ ခိုက်မိပြီး နဖူးကွဲသွားတဲ့ဒဏ်ရာ ရှိတယ်။ သင်္ဘောနဲ့ အနီးဆုံးဆိပ်ကမ်းက ဆရာဝန် ကို လာစစ်ဆေးကြည့်ပေး ဖို့ အကြောင်းကြားထားပြီးပြီ။ ဆရာဝန် ဆီကတိတိကျကျ သိရတဲ့ မှတ်ချက် ရမှ ထပ်ပြီး ဖုန်းဆက်ပါမယ် ဆိုတာ သင်္ဘောသတင်းပို့ပါ တယ်။ ဒီတော့လည်း ဘာမှမတတ်နိုင် ဘဲ နောက်လာမဲ့ သတင်းကိုမျှေရပြန်ပါရော။

ဒါလောက်သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းကြီးက ဘာဖြစ်လို့ ရုတ်တရက်လဲကျရတာပါလိမ့်။ နဖူးကွဲတဲ့ ဒဏ်ရာ က သွေးအထွက်လွန်ပြီး ဆုံးသွားတာများလား။ ဒါမှမဟုတ် ဦးနှောက်ကို ထိသွား တာလားစသည် စသည် ကို နားမလည် တဲ့ ဆေးပညာဆိုင်ရာတွေကို စဉ်းစားရင်း ဒေါက်တာနိုင်ဝင်း ကို လည်းဖြစ်နိုင်ခြေ အကြောင်း ကို အားကိုးတကြီးနဲ့ မေးကြည့်ရပါတယ်။
ဒေါက်တာနိုင်ဝင်း က နဖူးထိလို့ သေလောက်အောင် မဖြစ်နိုင်ပါဘူး။ လဲကျရတဲ့အခြား အကြောင်း တစ်ခုခု ရှိလိမ့်မယ် ဆိုတာပဲ ပြောပြပါတယ်။ သူလည်း ဒါလောက်ကျန်းကျန်းမာမာ သန်သန်စွမ်း စွမ်းလူငယ် တစ်ယောက် ဒီလို ဖြစ်ရတယ်ဆိုတာ နားမလည်နိုင်အောင်ပါပဲ။

ကျွန်မတို့အားလုံး အဖြေရှာမရ၊ ဘ၀င်မကျ နဲ့စိတ်ပင်ပန်းဆင်းရဲကြီး စွာ စောင့်စားရတဲ့အချိန်တွေ ကို ဖြတ်သန်း ရပါ တယ်။
နောက်တစ်နေ့ မနက်မှာ သားကြီးခင်မောင်ဝင်းခန့်၊ သမီးကြီးကေခိုင်နဲ့ သမီးလတ်ယမင်းတို့ မိသားစုတွေ တစ်သုတ်ပြီး တစ်သုတ် ရောက် လာကြတာမို့ အိမ်သားတွေအားလုံးလည်း တစ်နေ့ တည်းတစ်ချိန် စီ လေဆိပ်မှာ သွားကြိုနေကြ ရတာနဲ့ အလုပ်တွေရှုပ်ပေါ့။ သားသမီးတွေ ရောက်လာ လို့ပိုအားရှိရမဲ့အစား သူတို့ ရဲ့ ကြေကွဲနေ တဲ့ မျက်နှာလေးတွေ ကြည့်ပြီး ကျွန်မစိတ်ထိခိုက် ၀မ်းနည်းလာတာ တစ်ယောက် လာတိုင်းတစ်ခါငို နဲ့ မျက်ရည်မိုးတွေ ရွာတော့တာပဲ။

တယ်လီဖုန်းသံ က မပြတ် မြည်နေတော့တယ်။ ဦးကျော်ဇောလည်း သတင်းမေးကြတဲ့ မိတ်ဆွေ တွေကိုဖြေကြား ရတာက တစ်မျိုး။ လိုအပ်တဲ့ကိစ္စတွေ စီမံဆောင်ရွက်ရတာတစ်ဖက်နဲ့ ရှုပ်လို့၊ ရုံးချုပ်နဲ့ အဆက်အသွယ် လုပ်ရတဲ့ကိစ္စတွေကိုတော့ သားကြီး(၀င်း)နဲ့ သမီး(ကေခိုင်)တို့ မောင်နှမ က တစ်ယောက်တစ်လှည့်စီ ကြိုးစား ဆက်သွယ်မေးမြန်းနေကြပါတယ်။
ကြန့်ကြာနေရတဲ့အကြောင်းရင်းက သားကိုဇာနည် က မြန်မာနိုင်ငံသား။
သေဆုံးတာက ရေနံ ရှာတဲ့ အမေရိကန်သင်္ဘောပေါ်မှာ
လက်ရှိတည်နေရာက ကရေးဘီးယန်းပင်လယ်ထဲမှာ။

ဒီတော့ ရေနံကုမ္ပဏီက သက်ဆိုင်ရာ ဆိပ်ကမ်းတာဝန်ကျ အစောင့်အရှောက်အဖွဲ့ကို အကြောင်း ကြားရပါ တယ်။ အဲဒီအဖွဲ့က သင်္ဘောပေါ်မှာ လာပြီစစ်ဆေးမယ်။ ရိုးရိုးတန်းတန်း ရောဂါနဲ့ သေ ဆုံးတာဆိုရင် ပြဿနာ မရှိဘူး။ နီးရာဆိပ်ကမ်းမြို့ကို ရုပ်ကလ်ာပ် သယ်သွားမယ်။ အဲဒီကတစ်ဆင့် မာယာမီလေဆိပ်ကို ပို့ပေးမယ်ပေါ့။
တစ်စုံတစ်ခု မှုခင်းကြောင့် ဖြစ်တဲ့ ကိစ္စဆိုရင်တော့ FBI စုံထောက်အဖွဲ့ကို အကြောင်းကြားရမယ်။ စစ်ဆေးရေးတွေ လုပ် မယ်။ ရုပ်ကလာပ်ပြန်ရို့ ကြာမယ်။ သင်္ဘေက ရေဒီယိုနဲ့ ပို့တဲ့သတင်းက ရုံးချုပ်က တစ်ဆင့်ပြီး တစ်ဆင့် ရောက်လာပါတယ်။ ကိုဇာနည်က မြန်မာနိုင်ငံသား ဖြစ်နေတဲ့အ တွက်လိုအပ်တဲ့ စာရွက် စာတမ်းတွေ ဖြည့်ဖို့ ရုံးချုပ်က အရာရှိတစ်ဦး လိုက်သွားပြီး ဆောင်ရွက်နေ ဆဲတဲ့။
သေပြီး မှ ကျရတဲ့ ငရဲ က ဘယ်လောက်ဆင်းရဲမယ် ဆိုတာကျွန်မမသိဘူး။

ရှင်လျက်ရောက်ရတဲ့ ငရဲရဲ့ ပူလောင်ခြင်းဒဏ်ကတော့ ပြင်းထန်စွာရှိလှပါရဲ့။ သတင်းစကြားတဲ့ အချိန်ကစပြီး ဒေါက်တာ နိုင်ဝင်း က စိတ်ငြိမ်းဆေးတွေ တိုက်ထားပေမဲ့ တစ်မှေးမှ အိပ်ချင်စိတ်လည်း မရှိ၊ စားလည်း မစား ချင်၊ ရင်ထဲက အပူဒဏ် နဲ့ ပေါင်းလိုက်တော့ လူက အရုပ်ကြိုးပြတ်လို အိပ်ရာပေါ်မှာ ပုံလျက် သား ပါပဲ။ အကျိုးအကြောင်း လည်း ၂၄နာရီကြာတဲ့ထိ ရေရေရာရာမသိ၊ မျက်စိနဲ့လည်း တပ်အပ်မမြင်ရ၊ စိတ်ကိုသာ မထိန်းနိုင်ရင် အရူးတစ်ပိုင်း ဖြစ်လောက်ပါတယ်။
ဒီလိုနဲ့ စောင့်ရင်း တစ်ရက် ကုန်သွားပြန်ပါရော။ မိသားစုတစ်စုလုံး စိတ်ရော ကိုယ်ပါ နွမ်းနေကြ ပါ ပြီ။ နောက်တစ်နေ့မနက် အစောကြီးမှာ သားကိုအလုပ်သွင်းပေးခဲ့တဲ့ အရာရှိ ကိုသက်ထွန်း သင်္ဘောပေါ် ကနေ ရေဒီယိုဖုန်း နဲ့ ဆက်သွယ်လာပါတယ်။ သူတို့လည်း ဒီသတင်းကြားတော့ လုံးဝ မယုံနိုင်ကြဘူးတဲ့။ ဇာနည် ဒီလို မဖြစ်ခင် နှစ်နာရီလောက်က သူတို့ ကုမ္ပဏီပိုင် တခြားသင်္ဘော တစ်စီးနဲ့ ပင်လယ်ထဲမှာ ဆုံမိ ကြတော့ ဇာနည် က ပျော်လို့ ရွှင်လို့၊ တစ်ဦးနဲ့တစ်ဦး ပြောင်ကြ နောက်ကြ စကြသေးတာမို့ သူ့ကိုတွေဲ့ခဲ့တဲ့ သင်္ဘောသားတွေ အားလုံးက ယူကျုံးမရဖြစ်နေကြ တယ်လို့ ပြောပြပါတယ်။

ကိုဇာနည် အတွက် နောက်ဆုံးအချိန်မှာ ကံကောင်းချက်တစ်ခုကတော့ သူ့ကိုအလွန်ချစ်တဲ့အရာရှိ က တာဝန် နဲ့ရောက်နေတာ မို့ ဖြစ်တဲ့ အခိုက် အနီးကပ်ဂရုစိုက်စောင့်ရှောက်မှု အားလုံးရသွားတယ် ဆိုတာ သိရလို့ နည်းနည်းတော့ ဖြေသာသေး ရဲ့ပေါ့။ ကိုသက်ထွန်းနဲ့ပြောပြီး မရှေးမနှောင်းမှာပဲ ရုံးချုပ်က သတင်းဝင် လာပါတယ်။ ဆရာဝန် ရဲ့ ဆေးစစ်ချက်ရပြီ။
"ဦးနှောက်သွေးကြောပေါက်တဲ့ ရောဂါ" တဲ့။ ကျွန်မ ချုံးပွဲချငိုမိပါတယ်။

အနားမှာရှိတဲ့ ဒေါက်တာနိုင်ဝင်း က "စိတ်ကိုဖြေနိုင်အောင် ကြိုးစားပါ ဒေါ်ခင်မကြီးရယ်။ ဒီရောဂါ ဖြစ်လာရင် အသက်ရှုည် ဖို့ မလွယ်ပါဘူး။ ဒါက ကြိုပြီးသိရတာ နည်းတယ်။ ကြိုသိရင် ခွဲစိတ်ကုသ လို့ရသေးတယ်။ တစ်ခါတလေ ခေါင်းကိုက်တာ မျိုး ဖြစ်တတ်တယ်။ ဒီကောင်ကြီး က ပေပေတေ တေနဲ့တော်ရုံဖြစ်လည်း မှုမှာ မဟုတ်ဘူး။ ဒါကမွေးရာပါ ဦးနှောက်ထဲ မှာ သွေးကြောကပါးပြီး ပူစီဖောင်းလို တဖြည်းဖြည်းဖောင်း တက်လာတာ နောက်ဆုံးဗြုန်းခနဲ ပေါက်သွားတဲ့ အချိန်မှာ သတိလစ်ပြီး လဲကျသွားတာ ဖြစ်မယ်။ ပေါက်တာနဲ့ သတိလစ် သွားတာ ဆိုတော့ သူ့ဟာသူ တောင်ဘာဖြစ်လို့ဖြစ်မှန်း သိမှာ မဟုတ်ဘူး။ ဝေဒနာ မခံစားလိုက် ရတာကိုပဲ ကျေနပ်ပါ လို့ ကျွန်မကို စိတ်ဖြေနိုင်အောင် အကျိုးအကြောင်းရှင်းပြပါတယ်။"

ဝေဒနာခံစားရသည်ပဲဖြစ်စေ၊ မခံစားရသည်ပဲစ်ြစေ သားတစ်ယောက်လုံး ဆုံးပါးလိုက်ရတာမို့ ဖြေပါဆိုပေမဲ့ ခုချက်ချင်းတော့ ဖြေလို့ မပြေနိုင်ပါဘူး။ သားအကြောင်းတွေးမိတိုင်း ရင်ထဲက နှလုံးသားက တစ်စစီ ကြွေကျနေ သလို နာကျင်ခံခက်လှပါတယ်။
သားကြီး ခင်မောင်ဝင်းခန့်က ကျွန်မအိပ်ရာဘေး လာထိုင်ပြီး ကျွန်မလက်ကို သူ့လက်နှစ်ဖက်နဲ့ ဆုပ်ကိုင် ထားရင်း "အခုအကျိုးအကြောင်း သိရပြီးပြီ။ စိတ်ကို တင်းပါ မာမီရယ်။ ဒါပေမဲ့ ဖြစ်လာ တော့ ရင်ဆိုင်ကြရမှာပဲ။ ခုလုပ်ရမဲ့ အသုဘ ကိစ္စအတွက် အားလုံးမာမီ့ရဲ့ စိတ်တိုင်းကျဖြစ်ဖို့ သားတို့မောင်နှမတစ်တွေ တာဝန်ယူပြီး စီစဉ်ပေး မယ်။ ကုမ္ပဏီ ကလည်း သိပ်ပြီး စိတ်မကောင်း ဖြစ်နေကြတယ်။ မာမီ့ဆန္ဒအတိုင်း ဖြစ်ရအောင် သူတို့ ကလည်း ကူညီပါ့မယ်လို့ အကြောင်းကြား တယ်"။

ဦးကျော်ဇောရော၊ သားသမီးတွေအားလုံးပါ ကျွန်မအနား ၀ိုင်းနေကြတယ်။ သူတို့ကိုယ်တိုင် ပရိဒေ ၀မီး ခံစားနေရရုံ မကဘူး။ ကျွန်မအတွက်ပါ စိုးရိမ်သောကရောက်နေကြပုံ ရပါတယ်။
"အင်းလေ၊ ကျွန်မ အားတင်းရပေမှာပေါ့။ သေခြင်းတရား ဆိုတာ ကြီးငယ်ရွယ်လတ် ဘယ်သူမှ လွတ်နိုင်စရာ ရှိတာမှ မဟုတ်ဘဲ။ လက်မခံချင်ပေမဲ့ အဖြစ်မှန်ကို လက်ခံရတော့မယ်။ လောကဓံဆို တာထွက်ပြေး လို့ရတာမဟုတ်ဘူး။ ရင်ဆိုင်နိုင်မှ၊ လက်ခံနိုင်မှ"
ဦးနှောက်နဲ့ တွေးပြီး ကြိုးစားအားတင်းချိန်မှာ နှလုံးသားက မနာခံနိုင်ဘဲ မျက်ရည်တွေ သွန်ချ၊ ဆန္ဒပြနေဆဲပါ။ ဦးနှောက် နဲ့ နှလုံးသားတိုက်ပွဲဝင်ရတယ် ဆိုပါတော့။ နေ့ခင်းဘက်မှာ ကုမ္ပဏီက ဖုန်းထပ်ဝင်လာပြန်ပါရော။ သားရဲ့ရုပ်ကလာပ် ကို အနီးဆုံး ဆိပ်ကမ်းကနေပြီး မာယာမီလေဆိပ် အရောက်ကုမ္ပဏီက တာဝန်ယူ ပို့ပေးမယ်ဆိုတဲ့ အကြောင်းကြားခြင်းပါ။ ရောက်ရှိမယ့် အချိန်၊ လေကြောင်းကုမ္ပဏီနဲ့ လေယာဉ်အမှတ် ကိုလည်း ပေး ပါတယ်။

မာယာမီ ကို ရောက်ရင်လည်း ဥပဒေအရ အမေရိကားက ဆရာဝန်နဲ့ ဆေးစစ်ချက်ထပ်ပြီးယူ အတည်ပြုရဦး မှာတဲ့။ အဲဒီကိစ္စတွေပြီးမှ အသုဘဂေဟာကို ပို့ရမှာပါ။ အစီအစဉ်အတွက် ကျွန်မရဲ့ ဆန္ဒကိုမေးကြတာနဲ့ ပထမဦးဆုံး ကျွန်မတို့ကိုးကွယ်ဆည်းကပ်တဲ့ ဆန်ဖရန်စစ္စကိုက ဆရာတော် ဦးသီလနန္ဒကို ပင့်ပေး ဖို့ ပြောရပါတယ်။ အသုဘအစီအစဉ်ကိုတော့ မာမီ့တုန်းကလုပ်ခဲ့တဲ့အတိုင်း သန္တာစမ်းက အသုဘဂေဟာမှာ ရုပ်ကလာပ် ကို ထားမယ်။ ဖေဖော်ဝါရီ ၂၅ရက်နေ့ မှာ အသုဘရှု ပြီးဆရာတော် ဦးလီလနန္ဒက တရားဟောမယ်၊ သရဏဂုံ တင်ပေးမယ်၊ မီးသင်္ဂြိုဟ်ပြီး ပြာကို နောက် တစ်နေ့မှာ အတ္တလန္တိတ်သမုဒ္ဒရာမှာ ရေမျှောမယ်ဆိုတော့ သမီးယမင်း က အဲဒီအစီအစဉ်အတိုင်း ကောင်းတယ်မာမီ။ သူ့ပြာကို ရေထဲမျှောလိုက်တာ သူမှာဝဋ်ရှိခဲ့ရင် လည်း ဒီဘ၀နဲ့ ကျေတာပေါ့ တဲ့။
"ယမင်းကလည်းဟယ်၊ ဘာလို့ ၀ဋ်ရှိရမှာလဲ" နဲ့ အနားမှာရှိတဲ့ ကေသီက နားမလည်တဲ့ ပုံစံနဲ့ ၀င်မေးတော့...
ဟုတ်တယ် ကေသီ ရဲ့၊ ကာလီဖိုးနီးယား တို့ဆီ လာလာတုန်းက ပြောသွားတယ်။ အမေရိကား လာခါ နီးကြီးကြီးအုံး တို့ ဖေဖေတို့ ကိုးကွယ်တဲ့ ဖျာပုံဆရာတော်ကြီး က သွားကန်တော့ တော့ သူ့ကို "ရေနဲ့ အန္တရာယ် ရှိတယ် သတိထား"လို့ အမိန့်ရှိလိုက်တာတဲ့။

ဒါနဲ့တို့က "ဘာဖြစ်လို့ ရေနဲကပတ်သက်တဲ့ သဘောင်္ အလုပ် လုပ်ရတာလဲ"နဲ့ ဆူရသေးတယ်။ ဒီအလုပ်မှာ သူပျော် လို့ လုပ်တာတဲ့။ ဆရာတော်ကြီး အမိန့် ရှိထားတာ မာမီ့ကို သွားပြောမနေနဲ့ ဦး။ မာမီသိရင် စိတ်ပူပြီး အတင်းအလုပ် က ထွက်ခိုင်းနေလိမ့်မယ်ဆိုပြီး တို့ကိုပိတ်ထားခိုင်းခဲ့ သေးတာ။
"ဟင်...ဒါဆို မှန်နေတာပေါ့နော်။ ရေနစ်တာ မဟုတ်ပေမဲ့ ရေတွေပတ်လည်ဝိုင်းနေတဲ့ ပင်လယ်ထဲ မှာဖြစ်တာ။ ရေ နဲ့တော့ ပတ်သက်နေသေးတာပဲ" ကေသီက စိတ်မကောင်းစွာနဲ့ ထောက်ခံနေ လေရဲ့။
"သြော်... အမေစိတ်ပူမှာ မဖြစ်စေချင်တဲ့သား၊ အခု အမေရင်ကျိုးနေတာကို မြင်နိုင်စွမ်းရင် ဘယ်လို နေလေမယ် မသိ။ မျက်ရည်တွေ ဝေ့၀ဲကျလာတာနဲ့ အတွေးစကို ဇွတ်ဖြတ်ရပါတယ်။"
ညနေဘက်မှာ ရုပ်ကလာပ်ရောက်လာမယ် ဆိုတော့ ကျွန်မသားလေးကို ပြေးကြိုပြီး ကြည့်ချင်လိုက် တာ။ ခါတိုင်း အိမ်ပြန်လာတိုင်း လေဆိပ်မှာ ကျွန်မပြေးကြိုနေကျလေ။ လေယာဉ်ပေါ်လာ ဆင်းလာ ရင် ဟိုးအဝေးကြီး ထဲက အမေကိုမြင်တာနဲ့ လှမ်းပြီးလက်တပြပြနဲ့ အနားရောက်လာမှ ကလေး တစ်ယောက်လို သိုင်းဖက် တတ်သေးတာပါ။ အခုလည်း ကျွန်မလိုက်ကြိုမယ်ပြောတော့ မလိုက်ပါ နဲ့လို့ ဇွတ်တားတာနဲ့ ကျန်ရစ်ခဲ့ပေမဲ့ စိတ်က သားဆီရောက်နေလေရဲ့။

မာယာမီ ကို သွားတဲ့အုပ်စု မိုးကြီးချုပ်မှ ပြန်ရောက်လာပါတယ်။ ကိစ္စတွေပြီးပြတ်တဲ့ထိ စီစဉ်ဆောင် ရွက်နေရလို့ တဲ့။ အမေရိကားပြည်အ၀င်ဝမှာ သက်ဆိုင်ရာ ဆရာဝန်ရဲ့မှတ်ချက်ကိုလည်း ထပ်ပြီး ယူဖို့ လိုအပ်ပါတယ်။ အမေရိကား ဆရာဝန်ရဲ့ ဆေးစစ်ချက်ကလည်း "ဦးနှောက်သွေးကြော ပေါက်ခြင်း"ဆိုတာ ထပ်တူ အတည်ပြုလိုက်တာ မို့ သားကွယ်လွန်ရခြင်းရဲ့ အကြောင်းကို အသေ အချာသိရတော့တာပေါ့။
ဒီဘ၀မှာ သီလနည်း လို့ သက်တမ်းစေ့ မနေရတဲ့ သားလေးအတွက် ရင်နာရတာကလွဲပြီး ကျွန်မ တို့ ရှင်သေမင်း ကို အန်မတုနိုင်ခဲ့ကြဘူးလေ။
သားရဲ့ ဈာပနအတွက် စီစဉ်ရတော့မယ် ဆိုတော့ မြန်မာပြည်မှာရှိတဲ့ ဖခင်ဦးမြလှိုင်ဆီလည်း လှမ်း အကြောင်းကြား ဖို့ တိုင်ပင်ရပါတယ်။ ဦးမြလှိုင်မှာ သွေးတိုးနဲ့ နှလုံးရောဂါရှိတာကြောင့် တိုက်ရိုက် အသိ မပေးရဲ ပါဘူး။ ရုတ်တရက် ဒီသတင်းကြားလိုက်ရင် စိတ်ထိခိုက်ပြီး တစ်စုံတစ်ရာဖြစ်သွားမှာ လည်းစိတ်ရိမ် ရပါသေးတယ်။ ဒါကြောင့်ဦးမြလှိုင် ရဲ့ အစ်ကိုအကြီးဆုံး ဦးဘသန်းနဲ့ အစ်မအကြီးဆုံး မမတင်တို့အိမ်ကိုပဲ လှမ်း အကြောင်းကြားပြီး ဦးမြလှိုင် ကို အဆင်ပြေအောင် ကြည့်ပြီး အသိပေးဖို့ ပြောရတယ်ပေါ့။

ကိုကိုကြီး ဦးဘသန်းတို့ကလည်း ကျွန်မတို့နည်းတူ ဦးမြလှိုင်ရဲ့ ကျန်မာရေးအတွက် စိုးရိမ်တာကြောင့် တစ်စုံ တစ်ခု ဖြစ်ခဲ့ရင် အဆင်သင့်စောင့်ရှောက်မှု ပေးနိုင် ဖို့ တူတော်သူ သမား တော်ကြီး ဒေါက်တာလှရွှေကို အပါခေါ်ပြီး ပြောပြ ရတယ်တဲ့။ ဦးမြလှိုင် ကတည်း ကျွန်မထက်မက စိတိထိခိုက်ရှာမှာ မလွဲပါဘူး။ကျွန်မကမှ ကျန်တဲ့ သားသမီးတွေ အနားမှာပတ်လည်ဝိုင်းနေသေး တယ်။ သူ့မှာအဲဒီအချိန်မှာ ဇနီးဒေါ်ခင်မြင့်(ခိုင်)နဲ့ သားစိုးမြလှိုင်နှစ်ယောက် ပဲ အနားမှာရှိတာပါ။ သားရဲ့ရုပ်ကလာပ်ကလေးတောင် မြင်တွေ့ခွင့် မရတာ မို့ ဖြေနိုင် ဖွယ် မရှိတာသေချာ လှပါတယ်။

ဦးမြလှိုင် ကို အသိပေးအကြောင်းကြားပြီးတဲ့နောက် သူ့ရဲ့ချစ်သူ KIM ကိုလည်း အသိပေးရဦးမဲ့ တာဝန် ကျွန်မ တို့မှာ ရှိတာကြောင့် ဘယ်လိုပြောရမလဲ ဆိုတာ မောင်နှမတစ်တွေ စုပြီးတိုင်ပင်ကြ လေရဲ့။ သူတို့ တိုက်ရိုက်ပြောမဲ့ အစား သူ့မိဘနှစ်ပါးကတစ်ဆင့် ပြောပြရင်စိတ်ထိခိုက်ပြီး အလူးအလဲဖြစ်သွားခဲ့သော် ထိန်းသိမ်နှစ်သိမ့်ဖျောင်းဖျပေးနိုင် မှာ မို့ သူ့ဖခင်ကိုပဲ ဖုန်းဆက်ပြီး သားကြီးက သတင်းပါးလိုက်ရပါတယ်။ ကျွန်မ တို့ ထင်ထားတဲ့အတိုင်း ကလေးမလေး လည်း ချစ်ဦးသူ ဆုံးရတာ မို့ ဆောက်တည်ရမရ ဖြစ်တော့ တာပဲ။
ဘ၀မှာ လူတိုင်းအတွက် လောကဓံတရာူးရဲ့ ရိုက်ချက်ဒဏ်တွေ ပြင်းထန်အောင် ခံစားကြရတာ ဓမ္မတာ ပါပဲ။ သေခြင်း တရားက ပြေးမလွတ်သလို လောကဓံရှစ်ပါး ရဲ့ဒဏ်ကပြေးလွတ်နိုင်သူရယ် လို့တစ်ယောက်မှ မရှိပါ ဘူးလေ။ တစ်ဦးနဲ့တစ်ဦး အချိန်အခါနဲ့ အတိုင်းအတာသာ ကွားခြားကြ တာပါ။ တစ်သက်တာလုံး ဒုက္ခဆင်းရဲခြင်း ကင်းသူက ရှားမှရှားပါပဲ။ အခုလည်း KIM ခမျာ ငယ်ငယ် ရွယ်ရွယ်နဲ့ ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲရဲ့ဒဏ် ကို အလူးအလဲ ခံစားနေရရှာပြီပေါ့။

ကိုဇာနည် ကို ၀မ်းက မလွယ်ခဲ့ရပေမဲ့ သားငယ်တစ်ယောက်လို ချစ်ခဲ့တဲ့ ဒေါ်အေးမြင့်လည်း ယမင်း တို့မိသားစု နဲ့အတူ ရောက်ရှိလာခဲ့တာ မို့ သားဇာနည်အတွက် သူလည်း ကျွန်မကဲ့ သို့ ရင်ကွဲနာ ကျလျက်ပါပဲ။ ချစ်သောသူများ နဲ့ ရှင်ကွဲကွဲရခြင်းသော်လည်းကောင်း၊ သေကွဲကွဲရခြင်းသော် လည်းကောင်း ကြုံဖူးသူတိုင်း ခံစားရ တဲ့ ပြင်းထန်သော ဆင်းရဲခြင်းဝေဒနာကတော့ ထပ်တူထပ်မျှ ဖြစ်ကြမှာ မလွဲပါဘူး။
ဒီလိုနဲ့ ကျွန်မ တို့အိမ်မှာ ရပ်ဝေးရပ်နီး ဧည့်သည်တွေနဲ့ ပြည့်ကျပ်နေလေရဲ့။ ကျွန်မကတော့ ဘယ်သူမှ ဧည့်ခံ စကားပြောနိုင်စွမ်း မရှိတာကြောင့် အိပ်ရာပေါ် မှာ လဲရက်ပါပဲ။ ဦးကျော်ဇော နဲ့ သားသမီးတွေပဲ စီမံ လှုပ်ရှားနေကြ ပါတယ်။

ဆရာတော် ဦးသီလနန္ဒကိုလျှောက်ထားလိုက်တော့ အသုဘ အမီ မီရာလေယာဉ်နဲ့ ကြွလာမယ်လို့ အမိန့်ရှိပါ တယ်။ ယမင်းရဲ့သမီး ကပ်ပွန်းတပ်ပွဲမှာ ဆရာတော်နဲ့ ပထမဦးဆုံး ဆုံခဲ့ရပြီးနောက် မာယာမီမြို့မှာရှိတဲ့ အမေရိကန် ရိပ်သာတစ်ခုက ဆယ်ရက်စခန်း တရားပြဖို့ဆရာတော်ကို နှစ်စဉ် ပင့်ဖိတ်ပါတယ်။ အဲဒီ အစီအစဉ် ပြီးတာနဲ့ ကျွန်မအိမ်မှာ တစ်ပတ်ဆယ်ရက် ပင့်ဖြစ်ပါတယ်။ ရှိတဲ့ မြန်မာမိသားစုတွေနဲ့အတူ ဗုဒ္ဓဘာသာ ကို စိတ်ဝင်စားတဲ့ အမေရိကန်တွေပါ ဆရာတော်နဲ့လာပြီး တရားဆွေးနွေးဖြစ်တာမို့ ဆရာတော် တစ်ခေါက်ကြွ တိုင်း အကျိုးများလှပါတယ်။ ကျွန်မရဲ့ သားသမီးတွေ အားလုံးကလည်း ဆရာတော်ကို ဆရာရင်း လို ရင်းနှီးပြီး လေးစားချစ်ခင် ကြည်ညို ကြပါတယ်။ ဒါကြောင့် ဆရာတော်ဘုရားကြွလာမယ်ဆိုတာ ကျွန်မတို့ မိသားစု အတွက် တအား ပါပဲ။

ကိုဇာနည်ရဲ့ ကုမ္ပဏီကလည်း ဘယ်လောက်ထိ သူ့အပေါ်မှာ ကောင်းကြလဲဆိုရင် အသုဘအ တွက်ကျွန်မတို့ စိတ်တိုင်းကျ ကြိုက်သလို စီစဉ်ပါ။ ကျသင့်ငွေအားလုံးကို သူတို့ကုမ္ပဏီက တာဝန် ယူပေးပါမယ်လို့ အကြောင်းကြား လာပါတယ်။ အသုဘတစ်ခုဆိုရင်ဒီအမေရိကားမှာက ကျွန်မ ဆောင်းပါး အမှတ် -၄၀ မှာ ရေးပြခဲ့တဲ့အတိုင်း ဒေါ်လာသောင်း နဲ့ချီပြီး ကုန်ကျရတာမျိုးပါ။ ဒါကြောင့်သူတို့ရဲ့ ထားရှိတဲ့စေတနာ ကို လေးစားစွာနဲ့ ကျေးဇူးတင် ရှိရပါတယ်။ လိုအပ်တာမှန် သမျှအစွမ်းကုန် လုပ်ပေးတာမို့ သားဇာနည်အပေါ် မှာ လုပ်သားကောင်း တစ်ယောက်အဖြစ် တန်ဖိုးထားတာ သိသာထင်ရှားလှပါတယ်။

သားဇာနည်က အပေါင်းအသင်းလည်းများ ချစ်သူခင်သူလည်း ပေါတာမို့ သတင်းစာထဲ နာရေး ကြော်ငြာပါပြီး တဲ့နောက် သတင်းမေးသူတွေ၊ ဖုန်းဆက်သူတွေကို ဖြေရှင်းပြောပြလို့ မဆုံးနိုင် အောင်ပါပဲ။ အသုဘရှုဖို့ အတွက် ဂေဟာ ကို ထွက်ခါနီးဆဲဆဲမှာ တစ်ခါမှ မမြင်ဖူး၊ မသိဖူးတဲ့ အဘွားအိုကြီးတစ်ယောက် ပန်းစည်းကို ကိုင်ပြီးရောက် လာလေရဲ့။ သတင်းစာမှာ ဇာနည်ရဲ့ နာရေးကြောငြာတွေ့လို့ပန်းလာပို့တာပါတဲ့။ ဇာနည်က သူ့ကို ကူညီစောင့်ရှောက်ခဲ့ပေးဖူး တဲ့ ကျေးဇူးတရားရှိကြောင်းနဲ့ သူ စိတ်မကောင်းဖြစ်ရကြောင်း ပါ ပြောပြသွား ပါသေးတယ်။ ဘယ်သော ကာလက ဘာတွေကူညီခဲ့လေတယ်ဆိုတာ ကျွန်မတို့ မသိပါဘူး။ အသုဘဂေဟာ မှာလည်း တစ် ခါမှ မသိဖူး၊ မမြင်ဖူးတဲ့ မျက်နှာစိမ်းများစွာ လာကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ ရောက်တော့ ဈာပနခန်းမထဲမှာ ပရိသတ်အပြည့်ပါပဲ။ သားရဲ့ရုပ်ကလာပ်တင်ထားရာ ပတ်ပတ်လည် မှာ ပန်းတွေ ပန်းတွေ ရောင်စုံးဖူးပွင့်နေလေရဲ့။ အလယ်တည့်တည့်မှာ ထားတဲ့ ဧရာမပန်းအိုးကြီးက သူရဲ့ရေနံ ကုမ္ပဏီ က ပို့ပေးတာတဲ့။ ကျွန်မသားလေး နဖူးမှာ နည်းနည်းထိထား တဲ့ဒဏရာကလွဲလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ပျော်နေ သလိုပါပဲ။ ပစ်ရက်စရာ လုံးဝမရှိပါဘူး။ ရင်ဘတ်ပေါ်မှာ ယှက်တင်ထားတဲ့ သားရဲ့ လက်ကလေး နှစ်ဖက် ကို ဆုပ်ကိုင်ရင်း "သားရယ်"လို့ တစ်ခွန်းသာ ခေါ်နိုင်ပါတယ်။
နှလုံးသားတွေ ကြွေကျ ကုန်သလို ရင်ထဲမှာ နာကျင်မှုက အတိုင်းအဆမရှိ ပြင်းထန်လွန်တာနဲ့ ယိုင်လဲ ကျမသွားရအောင် ကိုယ့်ကိုယ်ကိုယ် မနည်ပြန်ထိန်းရပါတယ်။ မျက်ရည်လည်း မဆည်နိုင် တော့ပါဘူး။ မိခင် တစ်ယောက်အနေနဲ့ မကြည့်ရက်၊ မမြင်ရက်နိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ ပရိသတ် အလယ်မှာမို့ ရုပ်ပျက် ဆင်းပျက် မဖြစ်စေရအောင် ကြိုးစားအားတင်းနေဆဲမှာပဲ "မာမီခဏလေး ထိုင်လိုက်ဦးနော်"လို့ ကျွန်မကို တွဲထား တဲ့ သားသမီးတွေက ရှေ့တန်းခုံတစ်ခုံမှာ ထိုင်ခိုင်းပါတယ်။

သားရဲ့ချစ်သူ KIMက ကျွန်မကို လာဖက်ပြီး ရှိုက်ကြီးတငင်ငိုလေရဲ့၊ ဖက်ထားတဲ့ ကျွန်မ တို့ နှစ် ယောက် ရဲ့မျက်ရည်တွေ ပေါင်းစည်းကုန်တော့တာပါပဲ။ အသုဘရှုလာတဲ့သူတိုင်း ရုပ်ကလာပ်ကို ကြည့်ပြီး မျက်ရည် မကျသူ မရှိသလောက်ပါပဲ။ ဆရာတော်ဦးသီလနန္ဒကိုယ်တော်တိုင်တောင် ကိုဇာနည် ကို သရဏဂုံတင်ပြီး အမျှပေးဝေ ရင်း မျက်ရည်ကျတာ တွေ့ရပါတယ်။
ဈာပန ကို လာကြတဲ့ ပရိသတ်တွေထဲမှာ အစ်ကို၊ အစ်မတွေရဲ့ လုပ်ငန်းဆိုင်ရာ ဌာနက မိတ်ဆွေ တွေရော၊ ကိုဇာနည် ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေပါ လူမျိုးခြားတွေ အများအပြားပါဝင် ကြတာမို့ ပထမဦးဆုံး ကျွန်မတို့ ရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင်က ကြွရောက်လာတဲ့ ပရိသတ် ကို ကျွန်မတို့ မိသားစုရဲ့ကိုယ်စား အစီအစဉ် များကိုကြေညာပြီး ကျေးဇူးတင် စကား ပြောကြားပေး ပါတယ်။

ဆရာတော်ကြီး ဦးသီလနန္ဒက နိုင်ငံခြားသားများပါ နားလည်ရအောင် အင်္ဂလိပ်ဘာသာနဲ့ တရား ဟောပါတယ်။ ဘုရားရှင် လက်ထက်တော်တုန်းက သားသေသွားတဲ့ မိခင်ငယ်တစ်ဦးဟာ သားကို ပွေ့ပြီး "ဘုရားရှင် ကယ်တော် မူပါ။ ဘုရားရှင်ရဲ့ တန်ခိုးတော်နဲ့ သားကို အသက်ရှင်အောင် ပြန် လုပ်ပေးပါ"လို့ ငိုကာယိုကာ နဲ့ တောင်းပန်ပါတယ်တဲ့။ ဘုရားရှင်က "ကောင်းပြီး သမီးငယ်၊ လူမ သေဖူးတဲ့အိမ်က မုန့်ညင်းစေ့ရအောင် ရှာပြီး ယူလာခဲ့ပါ" လို့ အမိန့်ရှိလိုက်တော့ သားကိုရှင်စေ ချင်တဲ့ဇောနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် မုန့်ညင်းစေ့ လိုက်တောင်း ရှာပါတယ်။

ဒီအိမ်ကလည်း အဖေ သေဖူးတာနဲ့၊ ဟိုအိမ်ကလည်း အမေသေဖူးတာနဲ့၊ နောက်အိမ်တွေ ဆက် သွားပြန်တော့ လည်း လင်သေဖူးတာ၊ သားသေဖူးတာ၊ မယား သေဖူးတာ၊ သမီးသေဖူးတာ၊ အဘိုး သေဖူးတာ၊ အဘွား သေဖူးတာ၊ ဒွေးတော၊ မိကြီး၊ ဦးလေးကြီး စသဖြင့်သေဖူးတဲ့အိမ်တွေချည်း ဖြစ်နေပါတော့တယ်။ ရွာရိုး တစ်လျှောက် အိမ်ပေါက်စေ့ရှာပေမဲ့ မုန်ညင်းစေ့ရဖို့ အခက်အခဲဖြစ်နေ ပါရော။
ဒီတော့မှ ကိုယ်တစ်ယောက်တည်း သားသေတဲ့ ပရိဒေ၀ခံစားရတာ မဟုတ်ပါလား။ လူသားမှန် သမျှ မိသားစု တိုင်း သေခြင်းတရားကို ကြုံရစမြဲဆိုတဲ့ အသိတရားရပြီး ဘုရားရှင်ထံ ပြန်လာ လျှောက်တဲ့အခါကျမှ ဘုရားရှင် က တရားဟောကြားတော်မူပါတယ်။ မိမိလက်တွေ့အဖြစ်နဲ့ ဘုရားရှင်ရဲ့ တရားတော်ကို ယှဉ်ပြီး နှလုံးသွင်း လိုက်နိုင်တော့မှ မိခင်ငယ်လေးဟာ အကျွတ် တရားရသွားပါတယ်ဆိုတဲ့ ပုံပြင်လေးနဲ့ မိသားစုတိုင်း ကြုံတွေရမြဲ အနိစ္စတရား ကို ဟောကြား တရားပြပါတယ်။

သားလေး ကို ဆရာတော်ဘုရားက သရဏဂုံတင်ပေးပြီးတဲ့နော်က သားရဲ့အလုပ်က ရေနံကုမ္ပဏီ ကအမြန်ချော နဲ့ အချိန်မီ ပို့ပေးလိုက် တဲ့ အမိန့်ပြန်တမ်းစာကို ဒေါက်တာညွန့်လွင်က ဖတ်ပေး ပါတယ်။
"အခု အချိန်ကစပြီး သားမှာ အလုပ်တာဝန် မရှိတော့ဘူး။ ကောင်းရာမွန်ရာ ဘုံဘ၀မှာ လွတ်လပ် စွာ သွားနိုင်ပါပြီ" တဲ့။
ပရိသတ်အာလုံး မျက်ရည်ဖြိုင်ဖြိုင်ကျကြပါတယ်။
အသုဘရှု အချိန်စေ့တာ နဲ့ သားရဲ့ရုပ်ကလာပ်ကိုသိမ်းဖို့ တာဝန်ရှိပုဂ္ဂိုလ်များက စောင့်နေကြပါ ပြီ။
သားလေး ရဲ့ နဖူးစ အေးအေးစက်စက်ကလေး ကို ကျွန်မ နောက်ဆုံးအကြိမ်နမ်းလိုက်စဉ်မှာ မျက်ရည်ပေါက်တွေ သား မျက်နှာလေးပေါ် ကျကုန်တော့တယ်။ ဒေါ်အေးမြင့်နဲ့ မောင်နှမတစ်တွေ ရော၊ သားရဲ့ ချစ်သူ KIMလေး ပါ ရှိုက်ကြီးတငင် ငိုကြလေရဲ့။

သားရဲ့ရင်ဘတ်ပေါ်မှာ မိသားစုက တင်ပေးထားတဲ့ နှင်းဆီဖူးအဖြူ ဆွတ်ဆွတ် ပန်းစည်းကြီး ကို တွေ့မိပါတ်။ နှင်ဆီဖူး လို သားမျက်နှာငယ်ငယ်နုနုထွေးထွေးလေးက အပြစ်ကင်းစင် ကြည်လင် အေးချမ်း လို့။
ကျွန်မ သားလေး ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်ရှိပါစေ။
ဖြစ်တည်ရာ ဘ၀မှာချမ်းသာပါစေလို့ အမျှပေးဝေရင်း ဆုတောင်းမိပါတယ်။
ဒါဟာ တကယ့်အဖြစ်အပျက် ပါလား ဆိုတာ ကျွန်မယုံနိုင်သလိုပါပဲ။

ရုပ်မြင်သံကြားမြင်ကွင်းလည်းမဟုတ်၊ သတင်းစာဖတ်ရင်း သိရတဲ့ သတင်းလည်းမဟုတ်။ ကျွန်မ မျက်စိနဲ့ တပ်အပ်မြင်နေရ တဲ့ အဖြစ်တစ်ခုပါပဲ။ မိုးကြိုးပစ်ချသလို တိုက်ရိုက်လာထိတဲ့ ပြင်းထန် တဲ့ဒဏ်ချက်ပါပ။
ကျွန်မ သားလေးကို ထားခဲ့ရတော့မှာ ထာဝရခွဲခွာရတော့မှာဆိုတဲ့ အသိက ဘ၀တစ်ခု လုံး မှောင်ကျသွားခြင်း ပါပဲ။
အမှောင်ထဲက ထွက်နိုင်မဲ့ တစ်ခုတည်းသော အလင်းရောင်က ရှင်တော်ဘုရား ရဲ့ တရားဓမ္မပဲ ဖြစ်ပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 23, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၆)

ကျွန်မရင်ထဲ မှာ သားရဲ့စကား ကြားရတော့ ကြည်နူးချမ်းမြေ့လိုက်တဲ့ ဖြစ်ခြင်းပါပဲ။ တစ်ခါတစ်လေ ကျွန်မတို့ တစ်တွေဟာ ကိုယ့်မှာရှိထားတဲ့ လက်ဆောင်ကောင်းတွေကို မေ့ထားတတ်ကြပါတယ်။ သူများက ပေးမှ ရရှိမဲ့ မေတ္တာကို ထိုင်မျှော်ပြီး စိတ်ပင်ပန်းနေတတ်ကြတယ်။ ကိုယ့်ကို ချစ်ကြတဲ့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းအသိုင်းအဝိုင်းအပြင် သူလိုကိုယ်လို လှုပ်ရှားသွားလာ ကျန်းမာစွာ နေနိုင်ခြင်း၊ ကိုယ်လက်အင်္ဂါ နဲ့ အာရုံငါးပါး မချို့တဲ့ခြင်း စတဲ့ ပြည့်စုံမှုတွေရဲ့ တန်ဖိုးကို သိကြမယ်ဆို ရင် ဘဝမှာ နေရကျိုးနပ်တယ်လို့ ခံယူရမယ် ထင်ပါရဲ့နော်။ ကို ဆက်ဖတ်ရန် ...

အပိုင်း (၄၈)

"ကျွန်မတို့ မြန်မာများက တစ်ဦးနဲ့တစ်ဦးဘ၀ကြင်ဖော်ဖြစ်ကြဖို့ ဘယ်သူဘယ်ဝါနဲ့ဆိုတာ နဖူးမှာ စာရေးထားပြီးသား လို့ ယုံတမ်းစကားဆိုကြပါတယ်။ Victor Hugo ကတော့ လူသားတစ်ယောက် ဘုရားသခင် က ဖန်ဆင်းတဲ့အခါ Hope ဆိုတဲ့မျှော်လင့်ချက်ကို နဖူးမှာ တစ်ခါတည်း စာတန်း ထိုးပေးလိုက်ပြီးသားတဲ့။"
ဒါကြောင့် လူတိုင်းက မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါလို့ မိန့်ဆိုပါတယ်။ မျှော်လင့်ချက် နဲ့ ဘ၀ လက်တွဲပြီး ရှင်သန်နေကြတာကတော့ တကယ်အမှန်ပါပဲ။ မျှော်လင့်ချက်နဲ့ ကြီးမားတဲ့ သူကနောက်ဆုတ် တဲ့ ခြေလှမ်းမရှိဘူး။ ဒါကြောင့် ခရစ္စတိုဖာကိုလံဘတ်(စ) အမေရိကားကို ရှာဖွေ တွေ့ရှိသွားတာပေါ့နော်။
ကျွန်မကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ သားသမီးများရဲ့ ထား၇ှိကြတဲ့ မေတ္တာများအပြင် ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို အထူးပြု ယုံကြည်ကိုးစားပြီး ဘ၀ကိုမျှော်လင့်ချက်တွေနဲ့ အားမာန် သွင်းထားမိပါတယ်။

အခုဆို မွေးထား တဲ့ သားသမီးရှစ်ယောက်ထဲက ခြောက်ယောက်က အလုပ်ကိုယ်စီနဲ့ ကိုယ့်ခြေ ထောက်ပေါ် ကိုယ် ရပ်တည်နိုင်ကြပြီ မို့ သူတို့အတွက် မပူရတော့တဲ့အပြင် အထောက်အကူ ပြုတာတောင် ခံစားနေရပါသေး တယ်။ ကျန်တဲ့သမီး "သူဇာ"နဲ့ သား "အိန္ဒာ"တို့သည် နောက်သုံး လေးနှစ်ဆိုရင် ကျောင်းပြီးလို့ ဘွဲတွေ့အသီးသီး ရတော့မှာမို့ သူတို့အတွက်လည်း ပူစရာနှစ် သိပ်မကျန်တော့ပါဘူး။
သားကိုဇာနည် က သူ့အသက် နှစ်ဆယ့်တစ်နှစ်ပြည့်တဲ့နေကျရင် ပဉ္စင်းခံပေးဦးမယ်ဆိုတော့ ရဟန်းအမ လုပ်ရင်း တရားလေး ၀င်လို့ ကျွန်မဘ၀အေးအေးချမ်းချမ်း နေရတော့မှာဆိုတဲ့ မျှော်လင့် ချက်အတွေးနဲ့ ကြည်နူးချမ်းမြေ့ လို့ပါပဲ။ သမီးကေခိုင်က တက္ကဆက်ပြည်နယ်၊ သမီးယမင်းက ကာ လီဖိုးနီးယားမှာမို့ တစ်နှစ် မှာ အနည်းဆုံး တစ်ခေါက်တော့ သမီးတွေဆီလည်း အလည်ရောက်ဖြစ်ပါ ရဲ့။ သူတို့အလုပ်က ရက်အားရပြီ ဆိုရင်လည်း အမေ့ဆီရောက်ရောက် လာတတ်ကြတာမို့ အနေ မဝေးကြဘဲ အားလုံးစည်းလုံးလျက် မို့ ပြည်ပမှာနေပေ မဲ့ သိုင်းသိုင်းဝိုင်းဝိုင်း ရှိလျက်ပါပဲ။

ဒေါ်အေးမြင့် ကာလီဖိုးနီးယား ကို ရောက်လာပြီး ဆိုတော့ သားကိုဇာနည် လည်း သူတို့ဒုတိယမိခင် လိုဖြစ် တဲ့ ဒေါ်အေးမြင့် ကို သွားတွေ့တဲ့အခါ တွေ့ပါတယ်။ သင်္ဘောက ပြန်လာတဲ့သုံးပတ်က သူ့ အတွက် မလောက်နိုင်အောင် ပါပဲ။ ရပ်ကွက်ထဲ က ကလေးငယ်တွေကို စုစည်းပြီးသူက ဘောလုံး ၀ယ်ပေး။ အဲဒီကလေးတွေ နဲ့ ကစားကွင်းမှာ ဘောလုံးသွား ကန်လိုကန်။ ဒါမှမဟုတ်ရင်လည်း အပေါင်းအသင်း မှန်သမျှ ကို သူက ဒကာခံပြီးရုပ်၇ှင်သွားကြည့်၊ စားသောက်ဆိုက်တကာ တက်စား ကြပေါ့။

ဈေးဝယ်ကြိုက်တဲ့ အစ်မကေသီနဲ့ ပေါင်းပြီး မာယာမီက ဘဲလ်ဟာဘာသွား၊ တန်၏မတန်၏ မတွက်ဘဲ ဒီဇိုင်နာ အ၀တ်တွေ ဆွဲချပြီး တနင့်တပိုး ၀ယ်လိုဝယ်။ သူ့အတွက်ရော၊ အမေ့အတွက် ရော၊ အိမ်အတွက်ရော အစုံပါပဲ။ ပိုက်ဆံဖြုန်း တဲ့နေရာ၊ သဒ္ဓါတရားကောင်းတဲ့နေရာ မှာ အဖေ့ထက် သာတာကြောင့် ကျွန်မက သူ့ကို (ဖေသာမြလှိုင်)လို့ နာမည်ပေးထား ပါတယ်။
တစ်ခေါက်ပြန်လာ ရင် ၀ယ်သွားတဲ့ဒီဇိုင်နာအင်္ကျီ၊ ဘောင်းဘီတွေက ပြန်ပါမလာတော့ပါဘူး။ ပန်းတွေ တစ်ထည် လုံး ထိုးထားတဲ့ ကြောင်ကြောင် ကျားကျား ဟာဝိုင်ယီရှပ်ပုံစံမျိုး အင်္ကျီတွေ တစ် ထပ်ကြီးတွေ့မိတော့ ကျွန်မ က သေတ္တာကို ဖွရင်း "ဟဲ့...ဒါတွေက အဘိုးကြီးဝတ်တဲ့ အင်္ကျီမျိုး တွေဘယ်ကရလာတာလဲ။ ဆိုက်တွေ ကလည်း အကြီးကြီး"လို့ နားမလည်နိုင်တာနဲ့ မေးကြည့်ရပါ တယ်။
"အဲဒါ ဖိလစ်ပိုင် သင်္ဘောသားတွေ သူတို့နိုင်ငံက ယူလာတာ။ ၀ယ်စမ်းပါဆိုတာနဲ့ အားနာလို့ ၀ယ်လာတာ မာမီရ" တဲ့။

အားနာလို့ ၀ယ်တယ်ဆိုရင်လည်း တစ်ထည်နှစ်ထည်ပေါ့နော်။ ခုဟာက ဈေးထဲ မှာဖောက်သည် ပေးလို့ ရအောင် ဒါဇင်လိုက် ၀ယ်ချလာတာမျိုးလေ။ "ဒါတွေ ဘာသွားလုပ်မှာလဲ ဆိုတော့..."
"မာမီ လက်ဆောင်ပေးချင် တဲ့ သူတွေ ပေးလိုက်ပေါ့"တဲ့။ လွယ်လွယ်ဖြေလေရဲ့။ သင်္ဘောသားတွေ က သူ့ကိုအမဲ လို့ သဘောထားနေမှာ သေချာပါတယ်။ ကျွန်မလည်းလက်ဆောင် ပေးစရာ မရှာ တတ် လို့သူပြန်သွားတာ နဲ့ အင်္ကျီတစ်ထုပ်ကြီးနဲ့ ကျန်ရစ်ခဲ့ပါရော။
သူပြန်လာ တိုင်း သားကိုအလွမ်းပြေ ပြန်တွေ့ရလို့ ပျော်ရတာတစ်ပိုင်း၊ သူ့ကိုဆူရပူရ၊ ပိုက်ဆံမဖြုန်း ဖို့ ဆိုဆုံးမရတာက တစ်ပိုင်း နဲ့ ပွဲစည်မြဲပါပဲ။ ပွဲစည်တဲ့အထဲမှာ သားတွေတင်မကဘဲ မြေးတွေပါ ပါလိုက်သေး တယ်။ ကျွန်မ တို့ ၀ယ်လိုက်တဲ့ အိမ်က သားကြီးနေတဲ့ အိမ်နဲ့ ငါးမိုင် လောက်ဝေးပါတယ်။ သတ်မှတ်ထားတဲ့ မိသားစုနေ့ စနေနေ့ မှာသားတွေ၊ သမီးတွေ၊ မြေးတွေး စုံညီစွာနဲ့ မြန်မာအစားအသောက်တွေ ချက်ပြုတ် စားသောက်ကြ၊ ဆုံမိကြတာ တင် မဟုတ်သေး ဘူး။ မြေးခန့်ကိုကိုနဲ့ ခန့်ညီညီ ညီအစ်ကိုနှစ်ယောက်က တနင်္ဂနွေနေ့ ကျရင်လည်း စက်ဘီးစီးပြီိး အဘွားအိမ် ရောက်လာကြပြန်ရော။

ဒီမှာကားလမ်းရဲ့ဘေးမှာ စက်ဘီးစီးဖို့ လမ်းသတ်သတ်သတ်မှတ်ထားတာမို့ စိတ်ချရတယ်ဆိုပေ မဲ့ စိတ်ပူတတ်တဲ့ ကျွန်မက သူတို့ရောက်လာတိုင်း ရင်မပြီးစိတ်မောနေမိတယ်ပေါ့။ လာတိုင်းလည်း သတိထားစီး ဖို့လည်းပြောရတာ အခါတစ်ရာမကပါပဲ။ တစ်ခါတော့ မြို့တော်ဝန် က အဲဒီလမ်းမကြီး ကို ပြင်နေတာ တော်တော် နဲ့ မပြီးနိုင်ဘူး။ လမ်းတွေ တူးဆွပြုပြင်နေတာ စက်ဘီးလမ်းလည်းပျောက်။ ဒါကို ဘသားချောလေး နှစ်ယောက် က စက်ဘီးစီးပြီးရောက်ဖြစ်အောင် ရောက်လာကြပါသေး တယ်။
ကျွန်မ က ဆီးဆူရတော့တာပဲ။ မတော်တဆ ကားတိုက်မိရင် မခက်ပါလားနော်။ ဒါကြောင့် "လမ်းပြင်တာ မပြီးမချင်း ဘွားဘွားအိမ် ကို စက်ဘီးစီးပြီး မလာရ"လို့ အမိန့်ထုတ်ရပါတယ်။ တစ်နေ့ တစ်နေ့စောင့်ရင်း လမ်း ကလည်း မပြီးနိုင် ဖြစ်နေတာကိုး။ အကြီးခန့်ကိုကို က ဆယ်နှစ်၊ ဆယ့်တစ်နှစ်သားလောက်ပဲ ရှိပါဦးမယ်။ အဘွားအိမ် ကို စက်ဘီးစီး မလာရတာကြာတော့ မ အောင့်နိုင်တော့ဘူးပေါ့။ သူ့အမေကို မြို့တော်ဝန်ရဲ့ ဖုန်းနံပါတ် ကို မေးလေတယ်တဲ့။

 အမေ့ဆီက ဖုန်းနံပါတ် ရတာနဲ့ မြို့တော်ဝန်ရုံးကို ဖုန်းဆက်ပြီး တွေ့ဆုံခွင့်တောင်းပါတယ်။ ဘယ်နေ့ ဘယ်ရက် ချိန်း ဆိုတဲ့နေ့ မှာ မြို့တော်ဝန်ရဲ့ အခန်းမှာ သွားတွေ့ပြီး သူ့ပြဿနာတွေ တင်ပြတော့တာပဲ။ "စက်ဘီးလမ်း မရှိလို့ အဘွားအိမ် မသွားရတဲ့အကြောင်း"တွေ ပြောပြတော့ မြို့တော်ဝန်မင်းက အဲဒီ ဆယ်နှစ်သား ခန့်ကိုကို ကို အကျိုးအကြောင်း အခက်အခဲတွေရှင်းပြပြီး ဘယ်တော့ပြီးပါမယ်။ သည်းခံစောင့် ဖို့ တောင်းပန်လိုက်တယ်တဲ့လေ။

အိမ်ပြန်ရောက်လို့ သူ့အမေကို ပြန်ပြောပြတာနဲ့ အမေက ကျွန်မဆီဖုန်းဆက်ပြီး လူတတ်လုပ် လာပုံကို ရယ်ပွဲဖွဲ့ပြောပြလေရဲ့။ ဒီက ကလေးတွေက ငယ်ငယ်ကတည်းက ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး တတ်ကြပါတယ်။ အဲဒီလို စိတ်ဓာတ် ဖြစ်အောင်လည်း ငယ်စဉ်ကတည်းက မိဘတွေက လေ့ကျင့်ပေး ခဲ့ကြတာနော်။ ခန့်အောင်အောင် ငယ်ငယ် က ကျွန်မတို့ကလည်း ရောက်ခါစမို့ သားအိမ်မှာ မှီခိုရဆဲကာလပါ။ ကလေး က တစ်ခါလည်ကျော် နှစ်ခါလည် နီးပါး တောက်တောက်ပြေစ အရွယ်ပေါ့။
တစ်နေ့မှာ သံချောင်းတစ်ချောင်းနဲ့ တူကြီးဘယ်က ရလာလဲ မသိဘူး။ မနိုင့်တနိုင်နဲ့ ခုံပေါ်မှာ သံချောင်းကို စိုက်ပြီး တူနဲ့ထုဖို့ ကြံစည်နေလေရဲ့။ ကျွန်မက ခိုက်မိတော့မှာပဲလို့ ပြေးဆွဲမယ် လုပ်တော့ အနားမှာရှိတဲ့ အမေ က "နေပါစေ မာမီ။ လုပ်ပါစေ"တဲ့။

အမေက ခွင့်ပြုတော့လည်း ရင်ထဲက ပူပေမဲ့ မပြောသာဘူးပေါ့။ ကျွန်မ တွေးပူတဲ့အတိုင်းပဲ။ ထုလိုက်တာ က ချော်ပြီး လက် ကို ထိပါလေရော။ ကလေးဆိုတော့ နာတာနဲ့ ဗြဲခနဲ ငိုချလေတော့ တာပဲ။ ကျွန်မ တို့အရှေ့တိုင်း အမေတွေ ဆိုရင် ဖွဟဲ့တွေ နဲ့ ပျာပျာသလဲ ဖြစ်ကြမှာနော်။ အနောက် တိုင်းအမေကတော့ အပြုံး မပျက်ပါဘူး။ "ဒါမှ သူတို့နားလည်သွားမှာ"တဲ့။
မကြာပါဘူး။ ခဏနေတော့ အငိုတိတ်သွားပြီး အဲဒီတူနဲ့ သံချောင်းသွားကိုင်ပြီး ထုပြန်ပါတယ်။ ကျွန်မသာဆိုရင် "ဟဲ့....မမှတ်သေးဘူးလား" နဲ့ သွားဆွဲမိဦးမှာပါ။ အမေက အသာကြည့်နေတော့ ကိုယ်လည်းကိုယ်ရှိန်သတ်ပြီး ကြည့်သာနေ ရတယ်။ မချင့်မရဲနဲ့ပါပဲ။ ဒီတစ်ခါကျ ကလေးပေမဲ့ အလည်သား၊ သံချောင်းကို ချိန်ချိန်ဆဆနဲ့ ထု လိုက်တော့ ဖြောင့်ဖြောင့် တန်းတန်း စိုက်သွားလေ ရဲ့။ အံမယ်...အမေက လက်ခုပ်လက်ဝါးတီးပြီး Good Job နဲ့ သူ့သားကို အားပေးချီးကျူးပါတယ်။

အရှေ့တိုင်း အမေတွေကတော့ ကိုယ့်သားသမီးကို အကာအကွယ်ပေးလိုတဲ့စိတ်ဆန္ဒတွေက များ ပြီး ဘာကလေး လုပ် ဖို့ မကြံစည်နဲ့ တဟဲ့တည်း ဟဲ့ပြီး တားဆီးနေမိတာနော်။ အရှေ့နဲ့ အနောက် ရဲ့ခံယူမှု မတူညီခြင်းတွေ ပါပဲ။ ဘယ်လူမျိုးမဆို အကောင်းအဆိုးက ဒွန်တွဲရှိနေမြဲမို့ တစ်ဦးရဲ့ ကောင်းတာကလေးတွေ တစ်ဦးက အတုယူနိုင်မယ် ဆိုရင် အကျိုးများတာ ပါပဲလေ။
ကျွန်မ လည်း အမေရိကားကိုလာခဲ့တုန်းကိ ငါးနှစ်လောက်အလုပ်ကို ကြိုးစားလုပ်ငွေစု။ သားသမီး တွေ ပညာရေး ပြီးမြောက်လို့ သူတို့အခြေတကျရှိရင် မြန်မာပြည်မှာ ပြန်နေမယ်စိတ်ကူးပေမဲ့ လက်တွေ့မှာ ကျတော့ သားသမီးတွေကို ခွဲခွာပြီးပြန်ဖို့ဆိုတာ မလွယ်တာကို နားလည်သဘော ပေါက် လာ ရပါတယ်။ အထူးသဖြင့်သူတို့မှာ အမေ့တစ်မျက်နှာပဲရှိကြတာမို့ အမေကိုအားကိုးတွယ် တာမြတ်နိုးစွာ ချစ်ခင်ကြတာ လည်း ကိုယ်ကသိထားတော့ မထားခဲ့ရက်နိုင်တာလည်း ပါတယ်။ တကယ်တမ်းကျတော့ ကျွန်မဘ၀ဟာ ဒီသား ဒီသမီးလေးတွေ ပဲ ၇ှိတာမို့ ခြေချမိရာ အရပ်မှာ အဆင်ပြေစွာနေနိုင်ဖို့ စိတ်ကို တုံးတုံးချလိုက်ပါတော့တယ်။

သားသမီးတွေလည်း သူတို့အလုပ်ကလေးတွေနဲ့ သူတို့ကြိုးစားအားထုတ်ကြတာကြောင့် အထိုက်အလျောက် တိုးတက် ကြီးပွားစ ပြုနေကြပါပြီ။ စိတ်မောစရာ ကိစ္စတွေ တဖြည်းဖြည်း လျော့ပါး လာတာ မို့ အေးအေးချမ်းချမ်းလေး ရှိနေတယ် ဆိုပါတော့။ ဒီလိုနဲ့ ဇူလိုင်လ ဆယ်ရက် သားကိုဇာနည်ရဲ့ ၁၉နှစ်မြောက်မွေးနေ့ ရောက်လာတဲ့မနက်မှာ အဝေးရောက်နေတဲ့ သားအ တွက်ဘုရားမှာပန်း၊ ဆီမီး၊ ရေချမ်းနဲ့ အတူ သူ့နေ့နံအလိုက် သစ်သီးဆွမ်းကပ်လှူပြီး ဘေးရန် ခပ်သိမ်းမေတ္တာပို့ပြီးခါပဲ ရှိသေးတယ်။ တယ်လီဖုန်း သံ မြည်လာပါရော။
ကောက်ကိုင်လိုက်တော့ သားကိုဇာနည့်အသံဖြစ်နေလေရဲ့။ ကျွန်မလည်း သားရဲ့အသံကို ကြားလိုက်ရတော့ အရမ်း ၀မ်းသာသွားတာပေါ့။
"ဟေ့...သား Happy Birthday ခုပဲ သားအတွက် မာမီ ဆုတောင်းပေးပြီးခါလေးရှိသေးတယ်"နဲ့ ရွှန်းရွှန်းဝေ ပြန်ပြောမိ ပါတယ်။

"သား ဘော့စ္စတွန်က ခေါ်နေတာ မာမီ ဆုတောင်းပေးတာ အတော်ပဲ။ သားရဲ့ မွေးနေ့ပွဲကို သူနာပြု ဆရာမလေးတွေနဲ့ ကျင်းပနေတာလေ။ ဟဲ...ဟဲ..."တဲ့။ ဖုန်းပေါ်မှာ တဟဲဟဲရယ်ပြီး ပြောပြနေတာနဲ့...
"နေပါဦး၊ မိုးမလင်းသေးဘူး။ ဘယ်က သူနာပြုဆရာမတွေနဲ့ မွေးနေ့ပွဲ ကျင်းပနေရတာလဲ"လို့ အနောက် အပြောင်သန်လှတဲ့ သားရဲ့စကားကို မယုံနိုင်တာနဲ့ မေးကြည့်မိပါတယ်။
"ဆေးရုံက သူနာပြုဆရာမလေးတွေပေါ့ မာမီရဲ့၊ သားဆေးရုံရောက်နေတာ တစ်ပတ်ရှိပြီတဲ့"တဲ့။
ကျွန်မ ရင်ထဲ မှာ ဒိုင်းခနဲ ဆောင့်သွားတော့တာပဲ။ "ဟင်...ဘာဖြစ်လို့လဲ။ ဘယ်ဆေးရုံမှာလဲ။ ဘာဖြစ်လို့ မာမီ့ကို အကြောင်းမကြားရတာလဲ" နဲ့ တရစပ်မေးခွန်းတွေ မေးမိတော့တယ်။ သားအ သံ ကအေးအေးဆေးဆေး ပါပဲ။

"အဲလို စိတ်ပူမှာစိုးလို့ သားက မာမီ့ကို မပြောတာပေါ့။ သားအလုပ်မှာ မတော်တဆနဲ့ ကျောရိုး ကိုထိသွားလို့ လမ်း မလျှောက်နိုင်ဘူး။ ခု Wheel Chair နဲ့ သွားနေတရတာ။ စိတ်ပူမနေနဲ့ဦး။ နောက် သူံးလေးရက်ဆို လမ်းလျှောက်နိုင်တော့ မှာပါ။ ဆေးရုံကလည်း ဆင်းရတော့မှာ။ မာမီ လိုက်လာဖို့ မလိုပါဘူး။ ဒီနေ့ သား မွေးနေ့ မို့ မာမီ့ကို ဆက်လိုက်တာ"
သားက ရယ်ရယ်မောမော ပြောနေပေမဲ့ "သား လမ်းမလျှောက်နိုင်ဘူး။ အခု Wheel Chair နဲ့ သွားနေရတာ" ဆိုကတည်းက ဘယ်လောက်ရင်ပူစရာကောင်းနေပြီလဲနော်။ ကျွန်မတစ်ကိုယ်လုံး နတ်ပူးသလို တုန်တုန် ယင်ယင်ဖြစ်လာတော့တာပဲ။ "ငါ့သားလေး လူစဉ်မှ မီပါတော့မလား။ အသက်အန္တရာယ်အထိ စိုးရိမ် ရမလား။"စတဲ့ သောကတွေဝေပြီး မျက်ရည်တွေ တာကျိုးသလို ကျလာပါတယ်။
မနည်းစိတ် ကို ထိန်းပြီးတော့မှ သားက သူ့ဖြစ်ပုံတွေကို ဖုံးကွယ်ပြီးအမှန်အတိုင်း မပြောမှာစိုးတာ နဲ့"သား မာမီ လိုက်ခဲ့မယ်။

သားကို ကူပေးတဲ့ ဆရာဝန် က ဘယ်သူလဲ။ ဆရာဝန်နဲ့ မာမီစကား ပြောချင်တယ်။ ဆရာဝန်ရဲ့ ဖုန်းနံပါတ် မာမီ့ ကို ပေးပါ။ အကျိုးအကြောင်း သေသေချာချာမသိရရင် မာမီ ပိုစိတ်ဆင်းရဲမှာပေါ့" နဲ့ ချော့ချော့မော့မော့ မေးတော့...
"လုပ်ပြီ မာမီ က။ သားနေကောင်းနေပါပြီ ဆိုတာ မယုံဘူး ဟုတ်လား။ ဒါကြောင့် သားကို ဆေးရုံပို့မယ် လုပ်ကြတော့ ကုမ္ပဏီ က အရာရှိတွေကို အိမ်ကို အကြောင်းမကြားပါနဲ့လို့ မှာခဲ့တာ" တဲ့။
အမေ စိတ်ပူမှာစိုးလို့ ညာတာဖြစ်ပေမဲ့ ဖြစ်ရပ်မှန်ကို ကျွန်မ သိဖို့ လိုအပ်တာမို့ "အေး... သားမပြောရင်လည်း မာမီက ခုချက်ချင်း ကုမ္ပဏီကို ဖုန်းဆက်ပြီး မေးမှာနော်။ သားတကယ်နေ ကောင်းတာဟုတ်မဟုတ် မာမီ့ မျက်စိနဲ့ မြင်ရမှ ကျေနပ်မှာ" လို့ ပြောမှ ဆေးရုံနာမည်နဲ့ သူ့ကိုကု ပေးတဲ့ ဆရာဝန်နာမည်ရော၊ ဖုန်းနံပါတ် ကိုပါ ပေးပါတယ်။

ဆရာဝန်ဆီ ဖုန်းလှမ်းဆက်တဲ့ လက်တွေက တုန်လို့။ ရင်ထဲမှာလည်း စိုးရိမ်စိတ်နဲ့ တဒိတ်ဒိတ် ခုန်လို့။ ကျွန်မ သားလေး လမ်းမှ ပြန်လျှောက်နိုင် ပါ့မလား ဆိုတဲ့ အတွေးနဲ့ သားကိုချိုးထောက် ကြီးနဲ့ မြင်ကြည့်လိုက်၊ Wheel Chair ပေါ် ထိုင်နေတဲ့ ပုံရိပ်ကို စိတ်ကူးကြည့်လိုက်နဲ့ စိတ်တွေ လှုပ်၇ှားနေမိပါတယ်။
ဆရာဝန်က စိုးရိမ်စရာမရှိတော့ပါဘူး။ ဖြစ်ခါစတုန်းက ကျောရိုးမှာ ဒဏ်ဖြစ်တာကြောင့် လမ်း မ လျှောက်နိုင် တာပါ။ နောက် သုံးလေးရက် ကြာရင် လျှောက်နိုင်ပါလိမ့်မယ်။ စိတ်မပူပါနဲ့ လိုက်လာ ဖို့မလိုပါဘူး။ ဆေးရုံက ဒီအပတ်ထဲ မှာပဲ ဆင်းခွင့်ပေးတော့မှာပါနဲ့ သေသေချာချာရှင်းပြမှ ကျွန်မ သက်ပြင်းချနိုင်ပါတော့တယ်။ သားကို ဖုန်းပြန် ဆက်တော့ ဖုန်းပေါ်မှာ တဟဲဟဲရယ်ရင်း...
"ကဲ... အခုသားပြောတာ ယုံပြီမဟုတ်လား"တဲ့။

Wheel Chair ကြီးနဲ့ ဖြစ်နေတာတောင် အရယ်အမောမပျက်ပါဘူ။ ညက သူ့လိုပဲ လမ်းမလျှောက် နိုင်ကြတဲ့ Wheel Chair သမား လူနာချင်း စုပြီး ဆေးရုံက စင်္ကြံမှာ Wheel Chair နဲ့အပြေးပြိုင်ပွဲ ကျင်းပကြတာ။ ညစောင့် ဆရာမတွေ တွေ့သွားလို့ သူတို့အဆူခံရတဲ့အကြောင်းတောင် ပြောပြ နေလိုက်သေးတယ်။ သားကတော့ ဘယ်လို အခြေအနေ ရောက်နေနေ အမြဲပျော်ပျော်ပါပဲ။ ကျွန်မကသာ သူအဖြစ်ကို မကြားရက်ကို မျက်ရည် ကျရတာပါ။
ဆေးရုံးက ဆင်းပြီး သူပြန်ရောက်လာတော့ "မတော်တဆ ထိခိုက်မှုတွေ ရှိနေရင်လည်း ဒီအလုပ်က ထွက် လိုက်ပါ လား သားရယ်"ပြောတော့..
မာမီကလည်း သား ဒီအလုပ်ပျော်တယ်။ အခုတောင် ရာထူးတိုးဖို့ သားရဲ့အရာရှိ က ထောက်ခံစာ တောင် တင်ထားပြီ၊ မထွက်ချင်ပါဘူး။ သားဖြတ်သွားတုန်း မတော်တဆ နဲ့ ပြုတ်ကျလာလို့ ထိ သွားတာပါ။ မတော်တဆ ဆိုတာ နေရာတကာ ဖြစ်နိုင်တာပဲ။ လူတွေ အိပ်နေရင်တောင် သေကြ သေးတယ်တဲ့။

ဒီတော့လည်း ကျွန်မပြောတော့ဘဲ စိတ်လျှော့ထားလိုက်ပါတယ်။ သက်မွေးဝမ်းကျောင်း လုပ်ကြ သူတိုင်း ကိုယ်ပျော်ရာ အလုပ်နဲ့ ကြုံရသူက ခပ်ရှားရှားရယ် မဟုတ်လားနော်။ ဒီလိုပဲ ဘ၀ခရီးဆို တာပန်းခင်းသောလမ်း မဟုတ်တာ မို့ စိတ်ပင်ပန်းစရာလေးတွေလည်း မကြာခဏ ဆိုသလို တွေ့ရ ကြုံရတတ်တာပါပဲလေလို့ စိတ်ကိုဖြေ ရပါတယ်။ မကြာပါဘူး သားပြောခဲ့တဲ့အတိုင်း သူ့ကို လူ သုံးလေးဆယ်လောက် အုပ်ချုပ်ရတဲ့ စူပါဗိုင်ဇာ ရာထူးတိုးပေးကြောင်း ကြားသိရတော့ ကျွန်မ လည်းဝမ်းသာဂုဏ်ယူလို့ပေါ့။
အရာခပ်သိမ်း ဟာ လည်ပတ်ခြင်း သဘောတရားအတိုင်းဖြစ်ပြီးပျက်၊ ကောင်းပြီးဆိုး၊ ဆိုးပြီးကောင်း သံသရာ လည်နေတာ ဓမ္မတာပဲထင်ပါရဲ့။ တစ်ခါတစ်ရံ မထင်မှတ်တာတွေက ဖြစ်လာတတ်ပါ သေးတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ကျွန်မ ရဲ့ မွေးနေ့မှာပါ။ တံခါးခေါက်သံကြားလို့ အိမ်ရှေ့တံ ခါးသွားဖွင့်လိုက်တော့ အပေါက်ဝမှာ မားမား ရပ်နေသူက ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်မွေး ကျင်စွယ် တွေနဲ့ တောပုန်းကြီးစံဖဲရုပ် ပေါက်နေတဲ့ မသပ်မရပ် ပုံသဏ္ဌာန်နဲ့ ဦးကျော်ဇောရယ်ပါ။

"ခင့် မွေးနေ့အမီ ကိုယ်ပြန်လာတာ"တဲ့။
ကျွန်မ အံအားကြီးသင့်လို့ ဘာပြန်ပြောရမှန်းမသိ ကြောင်နေလေရဲ့။ သူ့ရဲ့ညီ ကိုေ၇ွှလင်းရဲ့ ဆိုင်ကိုဝယ်ပြီး စီးပွားရေးကောင်းနေတယ် သတင်းကြားရလို့ ၀မ်းသာစိတ်အေး ဖြစ်နေတာပါ။ ဟော... အခုတော့ အဲဒီဆိုင်ကို ရောင်း ခဲ့ပြီး ပြန်လာတာတဲ့လေ။
ကျွန်မဘ၀ စာမျက်နှာသစ်တစ်ခု စရပြန်ပါရော။ အနေဝေးသွားပြီးမှ ပြန်တွေ့ကြရတာမို့ အစပိုင်း တော့ ခပ်စိမ်းစိမ်း နဲ့ အထာတကျ မဖြစ်ချင်သလိုပါပဲ။ နောက်တော့လည်း ပုံမှန်အနေအထား ဖြစ်လာပါတယ်။ အဲဒီအချိန် ကျွန်မ တို့ နေထိုင်တဲ့ ၀န်းကျင်မှာ အရှေ့တိုင်း အစားအသောက် ကုန်စုံဆိုင်တစ်ခုမှ မရှိသေးပါဘူး။ ငါးပိ တို့၊ ငံပြာရည် တို့၊ ပုစွန်ခြောက် တို့စတဲ့ မြန်မာဟင်းချက်စ ရာကုန်ခြောက်တွေဝယ်ချင်ရင် ကိုယ်မြန်မာ မိတ်ဆွေတွေ စုပြီး တစ်နာ့ရီ ခရီး ရှိတဲ့ မာယာမီမြို့မှာ သွားဝယ်ကြရပါတယ်။

ဦးကျော်ဇော က သူ့မှာ အတွေ့အကြုံရှိလာပြီ ဖြစ်လို့ အဲဒီလိုအရှေ့တိုင်းကုန် ပစ္စည်းဆိုင်လေး တစ်ခု ကျွန်မ တို့နေတဲ့ သန္တာစမ်း မှာ ဖွင့်ချင်တယ် လို့ အကြုံပြုပါတယ်။ ကျွန်မကတော့ လက်ရှိ အလုပ်မှာ အဆင်ပြေနေ တာမို့ သူ့ဆန္ဒရှိရင်လည်း ကြိုက်တာ လုပ်လို့ သဘောတူလိုက်တာပေါ့။ တကယ်တွက်ကြည့်တော့ ဥပဒေ စည်းကမ်း နဲ့အညီ ဆိုင်တစ်ခုတည်ထောင်ဖို့ ငွေရင်းရှိတယ် ထားဦး၊ လစဉ်ကုန်ကျမဲ့ စရိတ်စကက သိပ်ကြီး လှပါတယ်။ အရှေ့တိုင်းသား အနေနဲ့လည်း သိပ်များများစားစားမရှိတာမို့ စားသုံးသူ အင်အားကလည်း အားမကိုးလောက် တာကြောင့် နောက်ဆုံးတော့ သူလည်းစိတ်ကိုလျော့လိုက်တယ် ထင်ပါရဲ့။ သူမလုပ်ချင်ဘူး ဆိုတဲ့ လခစား အလုပ် ကိုပဲ ၀င်ဖြစ်သွားပါတော့တယ်။

နာမည်ကောင်းလေး ၇ှိခဲ့တဲ့ အရင်လုပ်ခဲ့ဖူးတဲ့ ဘဏ်တိုက်မှာပဲ အလုပ်ပြန်ရတာမို့ အဆင်ပြေသွား တယ် ဆိုပါတော့။ ပြန်ရောက်လာပြီး လေးလပဲရှိပါသေးတယ်။ တစ်နေ့မှာ အလူးအလဲ ဗိုက်နာပါ လေရော။ အစတော့ အစားမှားပြီး လေထိုးတာ ပဲ အထင်နဲ့ အစာကြေဆေးသောက်နဲ့ အိမ်မှာတင် ဒေါက်တာရမ်းကု လုပ်နေမိတာ ပါ။ ဘယ်လိုမှ မသက်သာတော့မှ ဆရာဝန်သွားပြတော့ အူအတက် ပေါက်သွားတာ မို့ ဆေးရုံတန်းတင် လိုက်ရပါတယ်။
အရေးပေါ်ခွဲစိတ်ပြီး ဗိုက်ထဲမှာ ပွစိတတ်နေတာတွေဆေးကြော သုတ်သင်ပြီး ပြန်ချုပ် ရလေ တယ် ပေါ့။ ဆေးရုံ မှာ လေးငါးရက်၊ အိမ်မှာလည်း နှစ်ပတ်လောက် လုံးဝအနားယူလိုက်ရပါတယ်။ ကျွန်မ ကခွင့်ယူပြီး ဆေးရုံမှာ သွားစောင့်၊ အိမ်ရောက်တော့ လည်း ဂရုစိုက်ပြုစုပေးတော့ တစ်နေ့မှာ ကျွန်မရဲ့လက်ကို တယုတယ ဆုပ်ကိုင်ရင်း "ကိုယ် ကံကောင်းလို့ ခင့်ဆီအချိန်မီ ပြန်ရောက်လာ တာနော်"တဲ့။
ကျွန်မ ရင်ထဲမှာ "ဘယ်တော့များ ကံဆိုးတယ် ထင်လေဦးမလဲ" ဆိုတဲ့အတွေးနဲ့ ဘ၀ရဲ့များပြားလှ တဲ့ အလှည့်အပြောင်းတွေ ကို စဉ်းစားရင်း မယုံမရဲရှိနေမိပါတယ်။ အခါခါခဲမှန်ဖူးတဲ့ စာသူငယ်ရဲ့ အဖြစ်မျိုး ဟုတ်နိုင်ကောင်း ပါရဲ့။

နေထိုင်ကောင်းသွားတော့ နေ့စဉ် တာဝန်ရှိလှုပ်ရှားမှုတွေနဲ့ ရက်ကိုလစားအချိန်တွေ ကုန်လာ လိုက်တာ ဘာလိုလိုနဲ့ ကျွန်မရဲ့သား အိန္ဒာတောင် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီလေ။ သမီးယမင်းမှာလည်း ဒုတိယသားလေး တစ်ယောက် မိသားစုမှာ ထပ်တိုးလာတာမို့ ကျွန်မက မြေး ခြောက်ယောက်ရဲ့ အဘွားရာထူး ရထားတဲ့ အတွက် ကျေနပ်ကြည်နူးလို့ပေါ့။
ဒီလိုနဲ့ အမှတ်မထင် အပြောင်းအလဲတစ်ခု ကြုံစရာအကြောင်းတစ်ခု ဖန်လာပါတယ်။ သားကြီး ခင်မောင်ဝင်းခန့် ကို စာသင်ဖို့ အမေရိကားပို့လိုက်တုန်းက အသိအကျွမ်းလည်း တစ်ယောက်မှ မရှိ။ လူခံ လည်း တစ်ယောက်မှမရှိပါဘူး။ ဘွဲ့ရပြီး အလုပ်ရှာတဲ့အခါကျတော့ ရှီကာဂိုမြို့က ကုမ္ပဏီ တစ်ခုမှာ ရတာကြောင့် ရှီကာဂိုမြို့ ကို ပြောင်းလာရတယ် ဆိုပါတော့။ ကံကောင်းထောက်မစွာပဲ အလုပ်ရှင် Mr. Glen ကသား ကို နိုင်ငံရပ်ခြားက စွန့်စွန့်စားစားပညာလာသင်ရရှာတဲ့ ကလေးတစ် ယောက်အနေနဲ့ ဂရုဏာဖြစ်ပြီး သားတစ်ယောက် လိုလည်း ချင်စခင်ဂရုစိုက်ပါတယ်။

အလုပ်ခန့်ပေးတဲ့အပြင် တခြားမှာသွားမနေစေဘဲ သူ့အိမ်မှာခေါ်တင်ထားပြီး စောင့်ရှောက်ခဲ့ဖူး သူပါ။ အနေကြာမှာ သားက အားနာတာနဲ့ သူပိုင်အိမ်ကလေးတစ်လုံး ၀ယ်ပြီး သီးခြားပြောင်းနေ ပေမဲ့ မိသားစုလိုပဲ ရင်းနှီးခင်မင်မှု က မပျက်ပါဘူး။ ဒီလိုနဲ့ သားလည်း ဘော်ဘီနဲ့ အိမ်ထောင်ကျ ပြီးတက္ကဆက်ပြည်နယ်ပြောင်း၊ အဲဒီ ကနေ ဖလော်ရီဒါပြောင်းနဲ့ ရှီကာဂိုမြို့နဲ့ အလှမ်းကွာသွားပေမဲ့ သူ့အလုပ်ရှင် Mr.Glen နဲ့ အဆက်အသွယ် မပြတ် ရှိနေဆဲပပါပဲ။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း သားဆီကို Mr.Glen က ဖုန်းဆက်ပါတယ်။ သူ့နဲ့စပ်တူ ကုမ္ပဏီပိုင်ရှင် သူဌေးမှာ ကင်ဆာရောဂါဖြစ်ပြီး အလုပ်က လုံးဝအနားယူလိုက်ရတော့မှာကြောင့် သားကို သူတို့ ကုမ္ပဏီ မှာ ပြန်လာ လုပ်ပေးဖို့ အကူအညီတောင်းတယ်တဲ့။ အဲဒီအချိန်မှာ သားကလည်း လက်ရှိ ကုမ္ပဏီမှာ ရာထူး တော်တော်ကြီးမြင့်နေပြီ ဖြစ်တဲ့အပြင် ဘရာဇီးလ်နိုင်ငံ တာဝန်ခံအဖြစ်လည်း ပူးတွဲ ဆောင်ရွက်နေ ရတာကြောင့် အလားအလာ ကောင်းနေတာ အမှန်ပါ။

ဒါပေမဲ့ ကိုယ့်မှာ ဘယ်သူမှမရှိခင်က ကိုယ့်ကို စောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးတရားရှိခဲ့ဖူးသူ ဖြစ်နေ တာကြောင်း သူကသူ့ရဲ့ အလားအလာကောင်းတဲ့ ရှေ့ရေး ကို အနစ်နာခံပြီး Mr. Glen တောင်း တဲ့အကူအညီ ကိုပေးတဲ့ အနေနဲ့ ရှီကာဂို က အလုပ်ကို လက်ခံလိုက်ရရင် ကောင်းမယ်ထင်တယ်လို့ ကျွန်မကို လာပြောပါတယ်။
"မာမီနဲ့ မိသားစု မောင်နှမတွေကို ခွဲပြီး ထားသွားရမှာကိုလည်း သားစိတ်မကောင်းဘူး။ သားအနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ကျေးဇူးတရားကိုလည်း တုံ့ပြန်သင့်တယ်လို့ ထင်လို့ပါ"နဲ့ မျက်နှာမသာမယာနဲ့ ရှင်းပြတော့ ကျွန်မလည်း နာလည်မှုရှိစွာနဲ့ သားဆုံးဖြတ်တာ မှန်ကန် ကြောင်းကျွန်မတို့ကို ထားရမှာ အတွက် နောက်ဆံ မတင်းဖို့လည်း ပြောပြအားပေးရတယ်ပေါ့။ တကယ်တမ်းတော့ ဒီနိုင်ငံကို ရောက်လာတာ သားကြီးကို အားကိုးပြုလာခဲ့တာမို့ တခြားပြည်နယ် ကိုပြောင်းသွားမှာကို ၀မ်းနည်းအားငယ်မိတာတော့ အမှန်ပါပဲ။

ဒါပေမဲ့ ဘ၀မှာ လုပ်ချင်တာထက် လုပ်သင့်တဲ့ကိစ္စကို ဦးထားပြီး စဉ်းစားဆုံးဖြတ်ရမှာပါ။ ရှင်တော် ဘုရား က လောကမှာ ရှားပါးသော လူသုံးမျိုးရှိတယ်လို့ ဟောကြားထားပါတယ်။ သူတစ်ပါး၏ ကျေးဇူးကို ထုတ်ဖော်ပြော ကြားသူ နဲ့ ကျေးဇူး ကို တုံ့ပြန်ဆပ်သူပါတဲ့။ သူအဖြစ်သာ မြင်ချင်တာ ကြောင့်သားရဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံအာူးပေးလိုက်ပါတယ်။
ကျွန်မတို့ အမေရိကားရောက်နေတာလည်း ခြောက်နှစ်ကာလရှိလာပြီမို့ ကိုယ့်ဟာကိုယ် ရပ်တည် နိုင်စွမ်း လည်း ရှိနေပါပြီ။ ခွဲခွာခါစမှာတော့ သားနဲ့ချွေးမထက် ကိုယ့်လက်ပေါ်မှာကြီးခဲ့တဲ့ မြေးတွေ ကိုတအား လွမ်းမိပါတယ်။ တစ်နေ့မှာ သမီးကေခိုင် ဖုန်းပေါ်မှာ စကားပြောရင်း...
"မာမီ့မြေးတွေကို လွမ်းလိုက်တာဟယ်" လို့ ညည်းမိတော့...
"ဒါဆို စိတ်ပြေလက်ပျောက် သမီးတို့ ဆီကို လာခဲ့ပါလား။ သမီးလေယာဉ်လက်မှတ် ပိုကလိုက် မယ်"တဲ့။

ဦးကျော်ဇော ပြန်ရောက်လာပြီး သားကိုဇာနည် လည်း ရာထူးတွေ တက်လာတော့ အမေကို ပိုပြီး ထောက်ပံ့ကြည့်ရှုနိုင် လာတာအပြင် သားလတ်ကိုရွှေစင်ကလည်း အိမ်ရဲ့တာဝန် တစ်ပိုင်းယူထား တာမို့ ကျွန်မ ကို အားလုံးက၀ိုင်းပြီး အရင်လို အချိန်ပြည့်အလုပ် မလုပ်တော့ဘဲ အေးအေးဆေးဆေး သက်သက် သာသာနေ ရအောင် အချိန်ပိုင်းလောက်ပဲ အပျင်းပြေလုပ်ဖို့လည်း တိုက်တွန်းကြတာနဲ့ အချိန်ပိုင်းပြောင်း လုပ်နေ တာကြောင့် ခရီးသွားဖို့လည်း နောက်ဆံတင်းစရာ သိပ်မရှိလေဘူးပေါ့။
ဒါနဲ့ သားတို့ ရှီကာဂို ပြောင်းသွားပြီးတစ်လလောက်အကြာမှာ သမီးကေခိုင်ဆီ စိတ်ပြေ လက် ပျောက် ထွက်ခဲ့ပါတယ်။ ခရီးထွက်ဖို့ ပြင်ဆင်နေဆဲမှာပဲ သားကိုဇာနည် ကနေဒါပြည်ကနေ ကျွန်မကို လှမ်းဖုန်းဆက်တာ နဲ့ ဘယ်နေ့ ဘယ်ရက် တက္ကဆက်ပြည်နယ် သွားမယ်။

ဘယ်နေ့ ပြန်မယ် ဆိုတာတွေကို သားကိုပြောပြထားလိုက်ပါတယ်။ သမီးဆီမှာ နှစ်ပတ်လောက်နေလိုက် ပြီး မပြန်ခင် တစ်ရက် မှာ ဖုန်းမြည်လာလေရဲ့။ ကေခိုင်က...
"မာမီ ဖုန်းမြန်မြန် ကိုင်လိုက်၊ မာမီ့သား သင်္ဘောပေါ်ကနေ ရေဒီယိုဖုန်းနဲ့ ခေါ်နေတာ။ ဈေးကကြီး နဲ့ တစ်မိနစ် ဒေါ်လာတစ်ဆယ်တောင် ပေးရတာ။ မြန်မြန်ပြောပြီး ချလိုက်။ ဒီကောင်လေး ပိုက်ဆံ တွေကုန်နေမယ်"တဲ့။ မိးဖိုးထဲက ဖုန်းကိုကိုင်ရင်း ကျွန်မအိပ်ခန်းဘက်ကို လှမ်းအော်လေရဲ့။ ဒီတော့ကျွန်မ လည်း သူမိဝေးဝေး သွားပြီးရှားထားရတဲ့ငွေကို အလဟဿမကုန်စေချင်တာနဲ့..
"သားရဲ့ ဘာကိစ္စရေဒီယိုဖုန်ူးနဲ့ ခေါ်ရတာလဲ။ ဆိပ်ကမ်းဆိုက်တဲ့အခါကျ ခေါ်ရင်လည်း ဖြစ်သား နဲ့"လို ဆီး ဆူလိုက်တော့...
"မာမီကလည်း စကားမပြောရသေးဘူး ဆူဖို့ကြံစည်နေပြီ။ မာမီ မနက်ဖြန် ပြန်တော့မှာ မို့ သား က နှုတ်ဆက်ဖို့ ခေါ်တာပါ"တဲ့။

သားပိုက်ဆံကုန်မှာစိုးလို့ မာမီက ပြောတာပါကွာ။ မလိုအပ်ဘဲ မကုန်စေချင်လို့ပေါ့။ နောက်ပြီး သားသင်္ဘောက ဆင်းဖို့ သုံးပတ် ပဲ လိုတော့တာ မဟုတ်လား "မေးတော့..."
"ဟုတ်တယ်။ ဒါပေမဲ့ ရုံးချုပ် က သားကိုချစ်တဲ့အရာရှိက သင်္ဘောကို လာစရာရှိတယ်။ သူနဲ့တွေ့ ရအောင် သားနှစ်ရက်လောက် စောင့်လိုက်ဦးမယ်။ သူ အပြန်မှာသူလာတဲ့ ရဟတ်ယာဉ် အကြုံနဲ့ လိုက်ခဲ့မယ် စိတ်ကူးထားတယ်" တဲ့။
သားက ချစ်မွှေးပါတယ်လို့ ပြောရမလားမသိဘူး။ သွားလေရာအရပ်မှာ လူကြီးလူငယ်မရွေး သူက ပေါင်းသင်း တတ်တာမို့ ချစ်သူခင်သူ ပေါများလှပါတယ်။ သူရာထူးတက်ပြီး တခြားသင်္ဘောတစ်ခု ကိုပြောင်းလာရတော့ အရင် စ အလုပ်ဝင်တုန်းက တာဝန်ကျခဲ့တဲ့သင်္ဘောကို စစ်ဆေးရေး ၀ယ်တယ် တဲ့။ ချစ်သူရည်စားနဲ့ ခွဲခါစမို့ လွမ်းလေ တယ် ထင်ပါရဲ့။ သင်္ဘောရဲ့ ထိပ်စီးမှာ KIM ဆိုတဲ့ သူ့ချစ် သူနာမည် အကြီးကြီးထွင်း ထားတာကို စစ်ဆေးရေး က တွေ့တော့ ဒါဘယ်သူ လုပ်ထားတာလဲ လို့ စစ်ဆေးတော့တာပဲ။

ကိုဇာနည် ရဲ့လက်ချက်ဆိုတာ လူတိုင်းက သိပေမဲ့ တစ်ယောက်ကမှ ဖော်ကောင်မလုပ်လေဘူးတဲ့။ ဇာနည်ကို သင်္ဘောသား တိုင်းကချစ်ကြတယ်ဆိုတာ ကိုသက်ထွန်းက ပြန်ပြောပြလို့ သိရပါတယ်။ ဒါကြောင့်လည်း သင်္ဘော်ပေါ် မှာ သူပျော်နေတာဖြစ်မှာပါပဲ။ အခုလည်း သူ့ကိုချစ်တဲ့အရာရှိ လာမှာ မို့ အိမ်ပြန်မလာသေး ဘဲ စောင့်ဦးမှာတဲ့လေ။
ရေဒီယိုဖုန်း နဲ့ ပြောတာက ဈေးကြီးလို့ ကျွန်မကစကားစကို ဖြတ်ပေမဲ့ မရပါဘူး။ ညီအစ်ကို မောင်နှမတွေ အကြောင်း အပြင် မြန်မာပြည် က ဘာသတင်းထူးသေးလဲထိ အသေးစိတ်မေးနေတာ နဲ့စကာူးရှည်နေတာ တစ်နာရီနီးပါး ရှိမှ မနည်းဆူဆဲပြီး ဖုန်းချခိုင်းမှပဲ ချသွားပါတော့တယ်။ နောက် နေ့မှာ ဖလော်ရီဒါ ပြန်လာပြီး ပုံမှန် အလုပ် တစ်ဖက်၊ မိသားစု ဝေယျာဝစ္စတစ်ဖက်၊ လူမှုရေးတစ် ဖက်နဲ့အချိန်ကုန်ဖြစ်နေတာပါပဲ။

ဒီလိုနဲ့ သိပ်မကြာ ဘူး။ အိမ်မှာ ထူးခြားတာလေး တစ်ခုသတိထားမိပါတယ်။ ဧည့်ခန်းထဲမှာ အလှ စိုက်ထားတဲ့ ဂမုန်းပင်လေးတွေ ကို မှန်မှန်ဂရုစိုက်ရေလောင်းနေကျပါ။ အထူးသဖြင့် ဒေါင်းဂမုန်း ပင် လေးက အရွက်တွေ ဝေစည် လို့ ဒေါင်းမြီးလို အကွက်ကလေးတွေကလည်း အရောင်အသွေး စိုနေတာပဲ။ ညနေရောက်ပြီဆိုရင် အရွက်ကလေးတွေ အလိုလိုပူးယှက်သွားပြီး အိပ်ကြပါရော။
မနက် ဘုရားသောက်တော်ရေကျကို ဂမုန်းပင်လေးတွေ လာလောင်းတဲ့အခါကျ အရွက်ကလေး တွေက ပွင့်ကျလာပြီး နိုးနေကြပြီလေ။ ဒါကို ကျွန်မက သဘောကျပြီး စိတ်ဝင်တစားကြည့်နေမိ တတ်ပါတယ်။ ညဘက်အိမ်တံခါးတွေကလေးတွေ ပိတ်မပိတ်သေချာအောင် စစ်ဆေးပြီးမှာမှ အိပ်ရာဝင်မြဲဖြစ် လို့ နေ့စဥင်ဝတ္တရားအတိုင်း အဲဒီလို စစ်ဆေးပြီးရင် ဂမုန်းပင်လေး အိပ်နေတာ ကိုလည်း အမှတ်ထားပြီး သွားကြည့်မြဲ ပါ။

ခုတစ်လော ထူးထူးဆန်းဆန်း ဂမုန်းပင်လေးက မအိမ်ဘူး။ တစ်ရက် နှစ်ရက်တော့ အိပ်တာ နောက်ကျတာ ထင်ပါရဲ့ လို့တွေးပြီး ပေါ့ပေါ့ပဲ ထားလိုက်မိတာပါ။ သုံးရက်မြောက်တဲ့နေ့မှာလည်း ဂမုန်းပင်လေး မအိမ်သေး ဘူး။ ဒါနဲ့သေချာအောင် ညတစ်ရေးနိုး တိုင်း ကျွန်မတကူးတက ထကြည့် ပါတယ်။ ဒီအတိုင်ဲး့ လုံးဝအိပ်တာ မတွေ့ ရဘူး။ ကျွန်မ စိတ်ထဲ တစ်မျိုးကြီးခံစားရပါတယ်။ ဘယ်လို အကြောင်းများ ရှိလို့ မအိပ်တာလဲ ဆိုတာပဲ တွေးပူ မိပြန်ရော။ ဒါနဲ့ မနေနိုင်လို့ အနားမှာရှိတဲ့ ဦးကျော်ဇောကို...
"ဒေါင်းဂမုန်းပင်လေး ခါးတိုင်း လို မအိပ်ဘူး။ ခင် စောင့်ကြည့်နေတာ တစ်ပတ်လောက်ရှိပြီ။ ဘာဖြစ်လို့လဲ မသိဘူး။ စိတ်ပူလိုက်တာ" လို့ ပြောတော့...
သူက တဟားဟားရယ် ပါလေရော။ "သစ်ပင်ဆရာဝန် ရှာပြီး ခင်က သွားပြချင်သေးလို့လား"တဲ့။ ကျွန်မ အလေးအနက် ပြောတာကို သူ ကလှောင်နေသေးတော့ ဒီကိစ္စဆက်မဆွေးနွေးဖြစ်တော့ဘူး ပေါ့။ ရင်ထဲမှာ လည်း မကျေမလည်ဖြစ်ဆဲပါပဲ။

ဒီလိုနဲ့ တစ်ညနေမှာ မြန်မာအသင်း အစည်းအဝေးအတွက် ပြင်ဆင်စရာကိစ္စတွေ ရှိတာနဲ့ အဲဒီ အချိန်က အသင်းအတွင်းရေးမှုးတာဝန်ထမ်းဆောင်နေတဲ့ Patrick Tan ရဲ့အိမ်ကို ရောက်သွား ပါတယ်။ အသင်းကိစ္စတွေ လည်း တိုင်ပင်ဆွေးနွေးကြရင်း သူ့ဇနီး Ann နဲ့လည်း ထွေရောလေးပါး တွေပြောကြရင်းပါပဲ။
Ann က ကိုဇာနည်အကြောင်းတွေ စပ်မိစပ်ရာမေးလို့ သူ့အကြောင်းတွေလည်း ပြောဖြစ်ကြတာ စုံလို့။ သင်္ဘောဆင်းမဲ့ ရက်တောင် ရောက်နေပြီ။ သူ့ကို ချစ်တဲ့အရာရှိကို တွေ့ဖို့နှစ်ရက်တောင် ထပ်စောင့်ပြီး အဲဒီအရာရှိ အပြန် ရဟတ်ယာဉ်ကြုံနဲ့ လိုက်လာမှာမို့ နက်ဖြန်သန်ဘက် ပြန်ရောက် တော့မှ ဆို တာတောင် ပြောဖြစ် ပါသေးတယ်။
Annကလည်း သူ့အပေါင်းအသင်းသူငယ်ချင်းများက ချစ်တတ် ခင်တတ်တယ်ဆိုတာ သိထားပြီး သားပါ။ ဒီမှ ခုမှတွေ့ရ ပေါင်း ရတဲ့သူတွေတောင် သူဒါလောက်တောင် သံယောဇဉ်ရှိတာ။ မြန်မာ ပြည်က သူငယ်ချင်းတွေ ကို လည်း သံယောဇဉ်ဖြစ်မှာပဲ ထင်တယ်နော် တဲ့။

"ဟုတ်တယ်... Ann ရေ။ ဒီက Hall Mark ကရောင်းတဲ့ ကတ်ပြားတွေ တစ်ချိန်လုံးဝယ်ပို့နေတာ "အကောင်းဆုံးဈေးဝယ် သူဆု"တောင် ပေးဖို့ကောင်းတယ်။ သူငယ်ချင်းကလည်း များသလားမမေး နဲ့။ သူ ဒီကို ထွက်လာတော့ လေဆိပ် ကို လိုက်ပို့ကြတာ ကားမဆံ့လို့ ဘတ်(စ)ကား စီးလုံးငှားရ တာတဲ့။ ဘယ် သူငယ်ချင်း က နောက်နောက်ပြောင်ပြောင် လုပ်လိုက်လဲမသိဘူး။ ကားမှာ "ကိုဇာနည်ဈာပန" လို့ စာကပ်ထားသေး တာတဲ့လေ။ အန်တီဖြင့် သူပြောပြတာ နားထောင်ပြီး နိမိတ်မရှိလို့ စိတ် မချမ်းသာ လိုက်တာကွာ" လို့ Ann ကိုပြောပြမိပါသေးတယ်။
သားကတော့ ငယ်ရွယ်သူမို့ ဒါမျိုးတွေ အလေးထားဟန် မတူပါဘူး။ ကျွန်မ ကို ပြောပြတုန်း က တောင် သဘောတွေ ကျပြီး တဟားဟားရယ်နေလိုက်တာ။ ခုလည်း သူချစ်တဲ့အရာရှိနဲ့ တဟား ဟား ရယ်ရင်းဘာတွေ အလွမ်းသယ်နေ ဦးမယ် မသိနဲ့ ပြန်လမ်းမှာ တစ်ယောက်တည်း ကားမောင်း လာရင်းသားအကြောင်း ကိုပဲ တွေးလာမိပါတယ်။

အိမ်ပြန်ရောက်တော့ ဦးကျော်ဇောရော၊ သားအိန္ဒာရော နဲ့ သမီးသူဇာပါ မိသားစုအခန်းထဲက ရုပ် မြင်သံကြားက ဇာတ်လမ်း တစ်ခု ကို ကြည့်နေကြတာ တွေ့တာနဲ့ သူတို့အနားမှာ ၀င်ထိုင်ရင်း ကျွန်မလည်း ကြည့်နေမိ ပါတယ်။ တစ်အောင့်လောက်ကြာတော့ တယ်လီဖုန်းမြည်လာပါရော။ ဇာတ်လမ်းထဲမှာ ဇောကပ်နေကြလို့ ဘယ်သူ မှ ထမကိုင်ကြပါဘူး။ ကျွန်မ က ထိုင်သာနေတာ စိတ်ပါ ၀င်စားစွာကြည့်နေတာ မဟုတ်လို့ မီးဖိုထဲက အနီးဆုံး တယ်လီဖုန်း ကို သွားကိုင်ထူးလိုက် ပါတယ်။
တစ်ဖက် က ရှိုက်ကြီးတငင် ငိုယိုနေတဲ့ သမီးကေသီရဲ့အသံ ဗလုံးဗထွေးနဲ့မို့ ဘာများလဲပေါ့။
"မာမီ အခုပဲ သမီး ရဲ့မောင်လေး ဇာနည်ဆုံးသွားပြီတဲ့"
ရုတ်တရက် မီုးကြိုးပစ် ချတာ ခံလိုက်ရတဲ့အတိုင်း ကျွန်မလိပ်ပြာလွင့်စဉ်သွားသလို ခံစားလိုက်ရ ပြီး တယ်လီဖုန်း ကိုင်ရက် ကြမ်းပြင်ပေါ် ပုံကျသွားပါလေရဲ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>