Saturday, January 19, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၂၇)

'သူတစ်ပါးက တန်ဖိုးမထားတာနဲ့ ကိုယ့်ဘဝကို လွှင့်ပစ်ရတော့မှာတဲ့လား' လို့ 'မာန'က ခါးထောက်ပြီး မေး လာပြန်တယ်လေ။ ငယ်ရွယ်သေးသူပီပီ ကျွန်မ 'မာန' ကို ကိုးကွယ်ပြီး မှားတာ မှန် တာတွေ မစဉ်းစားတော့ဘဲ ဘဝမှာ ထိုက်သင့်တဲ့ မာန တစ်ခုတော့ ရှိရဦးမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားပေး လိုက်ပါတယ်။ 'ဟုတ်တယ်၊ သူတစ်ပါးက တန်ဖိုးမထားလည်း ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထား ရဦးမယ်လေ' 'နှစ်ယောက် တစ်ယောက်ရွေး' လို့ ကျွန်မ ဒေါသနဲ့ မခံမရပ်နိုင်လို့ မေးခဲ့စဉ် ကာလ ကတည်းက ဦးမြလှိုင် က ပြတ်သားတဲ့အဖြေကို ရွေးပြီးသားပဲဟာ။ ဆက်လက်မျှော်လင့်နေ မိခြင်း ကိုက ကျွန်မကိုယ် ကျွန်မ တန်ဖိုး မထားခဲ့ခြင်းဆိုတဲ့ မဟာအမှားဆိုတာ တွေးမိပါတယ်။ အခုတော့ မိမိရဲ့ ရပ်တည်နေမှု နေရာမှန်ကို တိတိကျကျ သိမြင်သွားပြီမို့ ခိုင်မာတဲ့ အဆုံးအဖြတ်တစ်ခု ကို နာကြည်းမှုအပြည့်နဲ့ ဆုံးဖြတ်လိုက်နိုင်ပါပြီ။ အဲဒါ ကတော့ ဦးမြလှိုင် ပြန်ရောက်လာတဲ့အချိန်မှာ ထာဝရလမ်းခွဲကြဖို့ပဲ ဆိုပါတော့လေ။ ကို ဆက်ဖတ်ရန် ....

အပိုင်း (၃၀)

စွန့်လွှတ်ရခြင်းမှန်သမျှက နာကျင်ရခြင်းပါပဲ။
ကိုယ်က စွန့်လွှတ်လို ၍ စွန့်လွှတ်ရသည်ပဲဖြစ်စေ၊ သူတစ်ပါးက ကိုယ့်ကို စွန့်လွှတ်လိုက်တာကို ခံရ သည်ပဲဖြစ်စေ ရင်မှာ နာကျင်ရခြင်း ကတော့ ထပ်တူထပ်မျှပါပဲလေ။ ခံစားရတဲ့ နာကျင်မှုတွေကြောင့် အားပျက်ပြီး ဘဝကို အရှုံးပေးလို့ကလည်း မဖြစ်သေးဘူး။ ဒါကြောင့် ပန်းဝင်မလှတဲ့ ကိုယ့်ဘဝကို မေ့ ထားနိုင်အောင် ကြိုးစားပြီး လျှောက်ရမဲ့ ဘဝခရီးကိုပဲ စိတ်ဝင်စားဖို့ ကျွန်မ အားထုတ်ပါတယ်။
ဦးမြလှိုင် နဲ့ တရားဝင် စာအဆက်အသွယ်အပြင် ဆေးဝါး အသုံးအဆောင်နဲ့ အဝတ်အစားများ ပေးခွင့်ရ လာတဲ့အချိန် မှာ ထိန်းသိမ်းစဉ်ကာလက အတူပါသွားတဲ့ကားကို ပြန်ရဖို့ ကျွန်မ လျှောက်ထားပေမဲ့ ပြန် မရခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် မာကြောင်း သာကြောင်း အကျိုးအကြောင်း သိရတာ ကိုပဲ တော်လှပြီ လို့ အောက်မေ့ရပါတယ်။

ဒီအတွင်းမှာ ဝမ်းသာဂုဏ်ယူစရာ သတင်းကောင်းတစ်ခုကတော့ ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့် ကျောင်းပြီး လို့ အမေရိကား MIT တက္ကသိုလ်က '' လျှပ်စစ်အင်ဂျင်နီယာ''ဘွဲ့ကို ဆွတ်ခူး သွားနိုင်ခဲ့ခြင်း ပါပဲ။ သူ့ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်တာ အတွက်သားနဲ့ ထပ်တူထပ်မျှ ကျွန်မလည်း ၀မ်းသာကြည်နူး ကြရပါတယ်။ သားက အတွေ့အကြုံရအောင် အမေရိကားမှာ အလုပ်ဝင်လုပ်ရင်း ကျောင်းတက်ဖို့၊ ယူထား တဲ့ ကြွေး ကိုလည်း ကျေအောင်ဆပ်ရဦးမယ် လို့ဆိုပါတယ်။ သူ့ခမျာ လိုချင် တဲ့ ပညာရေး အတွက်ကြွေးတင် ခံပြီး သင်ခဲ့ရတာမို့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားအားထုတ်တဲ့ သား ကို သနားလည်း သနားမိပါရဲ့။

အခြေအနေက တစ်ဖက်မှာဝမ်းနည်း ကြေကွဲရတာ ရှိသလို တစ်ဖက်မှာလည်း ကြည်နူးဝမ်းသာစရာ ကလေးတွေ က ရှိနေတာကြောင့် နေသာထိုင်သာ ရှိလာပါတယ်။ စီးပွားရေးအရကတော့ လုံးချာလိုက် ဆဲပဲ ဆိုပါတော့။ ဝင်ငွေ က ထိုက်သင့်သလောက် ရှိပေမဲ့ မိသားစုကများတော့ ကုန်ကျစရိတ်နဲ့ ကာမိရုံ လောက်ပဲ ရှိပါတယ်။ အပို ဘာမှ မသုံးနိုင် ပါဘူး။
တစ်ခါတစ်ခါ အဖြစ်အပျက်တွေက ပုံပြင်ဆန်လွန်းလှပါတယ်။ ကံတရားရဲ့လှည့်ကွက်တွေကလည်း ယုံ နိုင်ဖွယ်ရာ မရှိအောင် ထူးခြားဆန်းပြားလှပါရဲ့။ တစ်နေ့ ကျွန်မရဲ့ အလုပ်စားပွဲမှာ ထိုင်ပြီး အရေးကြီး တဲ့ စားရင်းဇယားတွေ နဲ့ အလုပ်ရှုတ်နေဆဲမှာ စာပို့လုလင်က စာတွေ လာပို့သွားပါတယ်။ မဖတ် အား သေးတာနဲ့ ဘေးမှာဖယ်ပြီး ထားလိုက်မိတယ်ပေါ့။ လုပ်လက်စ အလုပ်တွေပြီးမှပဲ စာအိတ်တွေ ကောက်ဖောက်ပြီး ဖတ်ကြည့်တော့ ထူးထူးခြားခြား ဖြစ်နေပါတယ်။ စာအိတ်ကလည်း ညစ်ပတ်ပေပွ လို့။ စာအိတ်ပေါ်က Dead Letter Office ဆိုတဲ့ တံဆိတ်တုံးကြီးနဲ့။

လိပ်စာက '' ဦးမြလှိုင်၊ အမှတ်(၁)၊ ပြည်တော်အေးရိတ်သာ၊ ကမ္ဘာအေးဘုရားလမ်း''လို့ တပ်ထားပေ မဲ့ အောက်ဘက် မှာ လက်ညိုးထိုးထားတဲ့ တံဆိပ်ကလေးကို ထုပြီးထပ်ဆင့် ညွှန်ကြားထားတာက ''ခန့် ခန့်ကြီး အမျိုးသမီးဓာတ်ပုံတိုက်၊ (၂၁၃)၊ မဟာဗန္ဓလလမ်း''တဲ့။ စာအိတ်ကလေး ကိုင်ကြီးပြီး ဘယ်က မှန်း လည်း မသိဆိုတဲ့ ခပ်ပေါ့ပေါ့စိတ်နဲ့ ဖွင့်ဖတ်လိုက်တော့ ကျွန်မ မျက်လုံး လင်းကွင်းလောက် ပြူး သွားလေရဲ့။
စာပါအကြောင်းအရာ က ဦးမြလှိုင်အပ်ထားခဲ့တဲ့ ရာတန်တွေက တစ်သိန်း တစ်သောင်း အတွက် ပြန်ပြီး ရသင့်ငွေ သုံးသောင်းကို လာရေက်ထုတ်ယူဖို့ ဆိုတဲ့ အကြောင်းကြားစာ ဖြစ်နေပါရော။ ထုတ်ယူရ မဲ့ နောက်ဆုံးရက် ကို ကြည့်လိုက်တော့ ဒီနေ့ပဲ ဖြစ်နေပါတယ်။ ထုတ်ယူရမဲ့ ငွေရှင် ဦးမြလှိုင်ကလည်း အင်းစိန်ထောင် ထဲမှာလေ။ နာရီပိုင်းအတွင်း ဦးမြလှိုင်ဆီ ဒီစာကို ရောက်အောင်ပို့ဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စမို့ သက်ဆိုင်ရာ ဘဏ်တိုက်ကို အကျိုးအကြောင်း သွားပြောပြပြီး ရက်ချိန်းထပ်တောင်းရင်တော့ ရနိုင်ကောင်း ရဲ့ ဆိုတဲ့ အတွေးနဲ့ ကျွန်မ အပြေးအလွှား ဘဏ်တိုက်ကို သွားလိုက်ပါတယ်။
ရာတန်တွေ သိမ်းပြီးတဲ့နောက်ပိုင်း အစိုးရက အချိုးကျငွေတွေ ပြန်ပေးနေတယ် ဆိုတာ ကျွန်မလည်း ကြား မိပါရဲ့။

ကျွန်မတို့ဆီကို ဘာအကြောင်းကြားစားမှ ရောက်မလာတော့ ထိမ်းသိမ်းခံလိုက်ရသူတွေအဖို့ မပေးတာဖြစ်မှာ ဘဲ ဆိုပြီး ဒီအကြောင်းကို စဉ်းတောင်မစဉ်းစားတော့ပါဘူး။ ငွေအပ်ခဲ့စဉ် လိပ်စာ ကနေပြီး ပြောင်း လာခဲ့ တာလည်း လနဲ့ချီ ကြာခဲ့ပြီ မဟုတ်လားနော်။ ဒါကြောင့်လည်း အကြောင်းကြားတဲ့ ဒီစာဟာ Dead Letter Office ကို ရောက်သွားရတာ ဖြစ်မှာပါ။ လမ်းဆုံဖြစ်တဲ့ Dead Letter Office ကို ရောက်သွားပြီးခါမှ ဘယ် မည်သော ပုဂ္ဂိုက  စေတနာထားပြီး ခန့်ခန့်ကြီး ဓာတ်ပုံတိုက်ကို လက်ညှိးထိုး ညွှန်လိုက်လေတယ် မသိ။ တွေး ကြည့်ရင် အံ့ဖွယ်တစ်ပါး အဖြစ်ပါပဲနော်။
ရောက်လာတဲ့ အချိန်ကိုလည်း ကြည့်ပါဦး။ နာရီပိုင်းလေးပဲ ကျန်ပါတော့တယ်။ ဘဏ်အရာ ရှိနဲ့တွေ့ဆိုပြီး ကျွန်မ အကျိုးအကြောင်းစုံ ရှင်းပြပြီး ရက်ချိန်းရဖို့ တောင်းပန်ပေမဲ့ သူ့အနေနဲ့ ဘယ်လိုမှ ရက်ချိန်းမပေးနိုင်ဘူးဆိုတာ သိရ ပါရော။ ဒါပေမဲ့ သူလုပ်ပေးနိုင်တာ တစ်ခုက ကျွန်မဟာ ဦးမြလှိုင်ရဲ့ တရားဝင်ဇနီးဖြစ်တာကြောင့် ဦးမြလှိုင် ရဲ့ ကိုယ်စား ထုတ်ယူခွင့် ပေးလို့ရတယ်လို့ ဆိုပါတယ်။

အရာရှိရဲ့စကားကို ကြားတော့ ကျွန်မအရမ်းဝမ်းသာသွား မိတယ်ပေါ့။ ကျပ်ကျပ်တည်းတည်း ဖြစ်နေတဲ့ အချိန် မှာ ခုလို တစ်လုံးတစ်ခဲတည်း ငွေရမယ်ဆိုရင် အသက်ရှူချောင်သွားမယ် မဟုတ်လားနော်။
အဲဒီဝမ်းသာမှု ကို နောက်ဆက်တွဲကြားရတဲ့ အရာရှိရဲ့ စကားက ချေမှုန်းလိုက်ပါတော့ တယ်။ ကျွန်မဟာ ဦးမြလှိုင် ရဲ့ ဇနီးမှန်ကန်ပါကြောင်း ရပ်ကွက်က ငါးဦးကော်မတီရဲ့ ထောက်ခံစာပါမှ ထုတ်ယူခွင့်မှာပါ။ ၀င်ရိုးပေါ် မှာ လည်ပတ်နေတဲ့ ကမ္ဘာကြီးကို တဒင်္ဂ လောက်ရပ်တန့်သွားအောင် လုပ်ရတာကမှ လွယ်ပါဦးမယ်။ နာရီပိုင်း အတွင်း ငါးဦးကော်မတီ ရဲ့ ထောက်ခံစာ ရဖို့က ပိုပြီးတောင် ခက်ပါသေးရဲ့။ ငါးဦးကော်မတီဝင်များ အားလုံးက အလုပ် ကိုယ်စီ ရှိထားကြသူများ ဖြစ်လို့ အရေးပေါ် ထောက်ခံစာ လိုချင်ရင် အလုပ်ပြန်ချန် ညနေဘက်ကျမှ သွားစောင့်တောင်း ယူရမှာဆိုတော့ မဖြစ်နိုင်ပြန်ဘူးလေ။

ဒါနဲ့ ခေါင်းထဲမှာ ဘာလုပ်ရမလဲ မိုင်ငါးဆယ်နှုန်းလောက်နဲ့ အဖြ အမြန်ဆုံးထွက်လာ နိုင်အောင်တွေးရတယ်ပေါ့။ ကျွန်မတို့ လက်ထပ်စာချုပ် ဆိုတာလည်း နှစ်ပေါင်းများ စွာ ကြာလို့ဘယ်ရောက်နေမှန်းတောင် မသိတော့ပါဘူး။ ကလေးတွေ ရဲ့ မွေးစားရင်းမှာတော့ ဦးမြလှိုင်ရဲ့နာမည်ရှိထားတယ်လေ။ ဒါ့အပြင် အိမ်ထောင်စုစာအုပ်မှာလည်း ဦးမြလှိုင်ရဲ့ နာမည်က ထိပ်ဆုံးကနေပြီး အိမ်ထောင်ဦးစိးအဖြစ် ရှိထားတာကြောင့် အထောက် အထားအဖြစ် ယူလာပြီး ပြလို့ ရမလားနဲ့ အားကိုးတကြီး မေးကြည့်တော့လည်း မရဘူးတဲ့။ ငါးဦးကော်မတီ ရဲ့ ထောက်ခံစာ ရမှာသာ တရားဝင် ထုတ်ယူလို့ရမယ် ဆိုတာပြော ပြပါတယ်။
''ကဲ....မရထိုက်လို့'' မရလည်းပြီးတာပဲ လို့ကိုယ့်စိတ်ကိုလျှော့ပြီး ခေါင်းငိုက်စိုက်နဲ့ ဘဏ်တိုက်ထဲကို မျက်နှာချင်း ဆိုင် ၀င်လာသူက ဦးမြလှိုင်ရဲ့ အစ်ကို ကိုကိုလှရဲ့ မိတ်ဆွေ ရင်း ''ဗိုလ်ချုပ်စောကြာဒိုး'' ဖြစ်နေပါရော။ ဘာ လာလုပ်တာလဲ မေးတာနဲ့ ကျွန်မလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါတယ်။

''လာ...လာ.. ညည်းငါနဲ့လိုက်ခဲ့၊ ငါက ဒီဘဏ်တိုက်မှာ အဖွဲ့ဝင်ဒါရိုက်တာပဲ၊ ညည်းကို မြလှိုင်ရဲ့ဇနီး မှန်ကန်ကြောင်း ငါထောက်ခံပေးလိုက်မယ်'' တဲ့။
ကူညီမစ မယ့်သူနဲ့အချိန်မီ လက်မတင်အလိုလေးမှာ တွေ့လိုက်တော့လည်း ကိစ္စအ၀၀ ချော ခနဲ ပြီးဆုံးသွားပါလေရော။ အဖြစ်အပျက် လှည့်ကွက်ကလေးတွေက မြန်ဆန်လွန်း လို့ကိုယ့်ကိုကို အိပ်မက် မက် နေသလား လို့တောင် ထင်မှားစရာ ဖြစ်နေပါတယ်။ ကိုသိုလ်၊ အကုသိုလ်ဆိုတဲ့ အကြောင်း တရားတွေ ဟာ လူသားတိုင်း မှာ မွေးဖွားစဉ်ကတည်းက ဘ၀နဲ့ အတူဖြစ်တည်လာခဲ့ကြတာပါ။ ကျွန်မမှာ အကုသိုလ် အကျိုးတရားတွေ ဆက်တိုက်ကြုံပြီး အလူးအလဲခံရပြီးတဲ့နောက် အခု ကုသိုလ် အကြောင်း တရားတွေ ခံစားဖို့ အချိန်အခါ သင့် လာတဲ့အတွက် ကူညီမစမယ့် ပုဂ္ဂိုလ်နဲ့ ပက်ပင်းတိုးရတဲ့ အဖြစ်ဆိုတာ တွေးမိပါတယ်။

ဒါကြောင့်လည်း ယောဆရာတော်ဘုရားက '' ကုသိုလ်ဆိုတာ ဆွေရင်းမျိုးရင်းတွေက မဆောင်ရွက်ပေးနိုင် တာတွေကိုတောင် ဆောင်ရွက်ပေးနိုင်တယ်၊ မိဘတွေက မပေးနိုင် တာကိုလည်းပေးတတ်တယ်၊ ပစ္စည်းဥစ္စာနဲ့ ရှင်း မပေးနိုင်တဲ့ အရာမျိုးကိုလည်း ရှင်းပေးနိုင်ပါတယ်။ မင်းအမိန့်အာဏာနဲ့ တားမပေးနိုင်တဲ့ အရာမျိုးကိုလည်း တားဆီးပေး နိုင်ပါတယ်'' လို့ ဟောကြားတော်မူပါတယ်။
ကျွန်မ အတွက်လည်း မရနိုင်တော့ဘူးလို့ စိတ်အားလျှော့ထားလိုက်တဲ့ အခွင့်အလမ်း တစ်ခုကို ကုသိုလ်ကံ တရားက ရနိုင်အောင် ဖန်တီးပေးလိုက်ခြင်းဖြစ်တာမို့ ကံ၏အကျိုးကို ပိုပြီးယုံကြည်အားထားမိပါတော့တယ်။ လက်ထဲ မှာ ငွေသုံးသောင်း ရောက်လာတော့ ဦးမြလှိုင်ကို အကျိုးအကြောင်း စာရေးပြီး ပြောပြရပါတယ်။ အဲဒီငွေ ကို ကျွန်မ ခေတ္တလှည့် ယူသုံးစွဲပြီး ဦးမြလှိုင် ပြန်ရောက်လာတဲ့ အချိန်မှာ စာရင်းနဲ့ ပေးအပ်ပါမယ် ဆိုတာ လည်း ရေးလိုက်ပါတယ်။ လူတစ်ယောက်ကို ခွဲခွါဖို့ဆုံးဖြတ်ပြီးတဲ့နောက် အားလုံးကို ရှင်းရှင်းလင်း လင်း ရှိထားတာ အကောင်းဆုံးပဲ မဟုတ်လားနော်။

ကျွန်မ တို့မှာ အရေးတကြီး လိုအပ်နေတာက သွားရေးလာရေး လွယ်ကူဖို့နဲ့ အလုပ်တွေ အတွက် အထောက် အကူပြုဖို့ မော်တော်ကား ပါပဲ။ ဒါကြောင့် သင့်တော်တဲ့ ကားတစ်စီးကို ရှာတဲ့အခါ ဘောက်စ်ဟောလ်ကား ခပ်လတ်လတ်တစ်စီး ကို တစ်သောင်း ကျော်ကျော်နဲ့ ရလို့ဝယ်လိုက်ပါတယ်။ ဒါ့အပြင် ပေးရ မဲ့ ကြွေးတွေ ကိုလည်း စာရင်းချုပ်ပြီး ဆပ်ရသေးတယ်လေ။ ခင်မြကြူ တို့ရဲ့ ကြွေးကိုလည်း ပြန်ဆပ်ပါဆယ်။ သူတို့က ပြန် မယူ ဘူးလို့ အတန်တန် ငြင်းကြပါရဲ့။ ဒါပေမဲ့ သူငယ်ချင်းချင်း ဘယ်လောက်ပဲချစ်ချစ် အတိုင်း အတာ ဆိုတာ ကတော့ ရှိထားရမယ် မဟုတ်လားနော်။ ဒါမှလည်း သက်ဆုံးတိုင် ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်နိုင်မယ်ပေါ့။ ဘ၀မှာ သူတစ်ပါး ရဲ့ အကူအညီကို လိုအပ်တဲ့ အချိန်အခါတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်သားရဲ့ ထားရှိတဲ့စေတနာ ကို အခွင့်ကောင်းတစ်ခုအနေနဲ့တော့ အသုံးမချသင့်ပေဘူးပေါ့။

ဒီလိုနဲ့ ဦးမြလှိုင်ပြန်ရောက်မဲ့ရက်ကို မျှော်ရင်း တစ်နှစ်၊တစ်နှစ် ကုန်လွန်သွားလိုက်တာ သုံးနှစ်နီးပါး ရှိတဲ့အထိ ပြန်ရောက်မလာခဲ့သေးပါဘူး။ ရောက်ရှိရာ အရပ်မှာ ကျန်းကျန်း မာမာ ရှိနေသေး တာပဲ တော်လေသေးရဲ့လို့ အောက်မေ့ရပါတယ်။ ဦးမြလှိုင်ကို ထိန်းသိမ်း စဉ်ကာလက နှစ်လသားအရွယ်နဲ့ ကျန်ခဲ့ တဲ့ အငယ်ဆုံးသားလေး အိန္ဒာတောင် စကားတွေ ကြွယ်တဲ့အရွယ်ကို ရောက်နေပါပြီ။

အိန္ဒာရဲ့အထက်က ဇာနည်တို့လည်း အစ်ကို၊ အစ်မတွေနဲ့အတူ ကျောင်းလိုက်နေကြ ပြီလေ။ ကျွန်မ ရဲ့သား ဇာနည်က စကားတတ်စ အရွယ်ကတည်းက ဘယ်သူ့ကို ဖြစ်ဖြစ် ''ငါ'' ဆိုတဲ့ နာမ်စားနဲ့ စကားပြောပါတယ်။ ဘယ်လိုမှပြင်ပေး လို့ မရဘူး၊ သင်ပေးလို့လည်း မရဘူး။ ''ငါ'' ဆိုတာ မသုံးရဘူး၊ ရိုင်းတယ်လို့ ဆုံးမလည်း မရဘူး။ အိမ်မှာလည်း အတုယူ စရာ ''ငါ'' လို့ ဘယ်သူမှ မသုံးကြပါဘူး။ ကျွန်မရဲ့ သားတွေ သမီးတွေအားလုံး စကားပြော ရင် ''သား'' က ''သမီး'' က၊ ဒါမှမဟုတ်ရင် နာမည်ထာ့်သုံးပြီး ပြောကြတာပါပဲ။ သူကျမှ ဘယ်လိုဖြစ်ပြီး ငါဖြစ်နေရလေတယ်မသိပါဘူး။
ကျွန်မ ကို ပြောရင်လည်း ခေါ်တော့ ''မာမီ''၊ ပြောတော့ ''ငါ''၊ နားထဲမှာ ကန့်လန့်ကြီးဝင် သွားတော့ တာပဲ။ ကျောင်းရောက်တော့လည်း ဆရာမကို ငါပဲ ပြောနေလို့ ပြဿနာဖြစ်ရ ပါသေးတယ်။ ဆရာ၊ ဆရာမတွေ အားလုံး နဲ့ သိကျွမ်းခင်မင်နေလို့ တော်ပါသေးရဲ့။ ကျောင်းနေလို့အတော်ကြီးကြာသွားမှ ''ငါ'' ဆိုတာပျောက် သွားတော့တာပါ။

ကလေးတွေနဲ့ ပတ်သက်ပြီး မောရတာတွေ ရှိသလို ရယ်ရတာတွေလည်း ရှိပါရဲ့။ တစ်နေ့မှာ သားရွှေစင် က ကျောင်းက ပြန်လာပြီး မေးခွန်းတစ်ခု လာမေးပါတယ်။
'မာမီ သားရဲ့ဆရာမက မင်းက ခန့်ခန့်ကြီးရဲ့သားလား၊ မင်းအမေက နာမည်ကြီးပဲ' လို့ပြော တယ်။ အဲဒါ သားတို့ အိမ်ရှေ့က ဆိုင်းဘုတ်မှာ စာလုံးကြီးကြီးနဲ့ ရေးထားလို့ မာမီက နာမည်ကြီးတာလားဟင်' တဲ့။
ရှစ်နှစ်သားလေး ရဲ့ အတွေးအခေါ်ကို သဘောကျလို့ ကျွန်မမှာ ရယ်လိုက်ရတာ၊ သားကို လည်း နားလည်အောင် ရှင်းပြရသေးတယ်။ တကယ်ကတော့ အဲဒီခေတ်အခါက ရှားရှား ပါးပါးအမျိုးသမီးဓာတ်ပုံဆရာမ အနေနဲ့ ကျွန်မ တစ်ယောက်တည်း ရှိသေးတာမို့ အခြောက်တိုက် နာမည်ကြီးနေရခြင်းပါပဲ။ 'နာမည်ကြီး ထမင်းငတ်' ဆိုတဲ့ စာရင်းထဲမှာ ကျွန်မလည်း ပါဝင်သေးတယ် ဆိုပါတော့နော်။
သားရွှေစင် ငယ်ငယ်က အဖြစ်က ပြန်စဉ်းစားရင် တော်တော်လည်း ရယ်ရပါတယ်။ ဇွဲကြီးသလားတော့ မမေးလေနဲ့။ ကျွန်မက အားလုံးသော သားသမီးများကို မိခင်ရဲ့ နို့ချို တိုက်ကျွေးသူပါ။ ဆယ်လကျော်လာရင် တခြားအစာတွေလည်း စားတတ်ပြီဖြစ်လို့ နို့ဖြတ်တဲ့အခါ ပရဆေးဆိုင်မှာ ရောင်းတဲ့ မုတ်ခါးကို လိမ်းထား လိုက်တာနဲ့ ပြီးရောလေ။ ငုံလိုက်တာနဲ့ သွက်သွက်လည်အောင် ခါးသွားတဲ့ပစ္စည်း ဖြစ်တာမို့ နို့ကို ပါးစပ်က ထွေးထုတ်ပြီး လှည့်လို့တောင် မကြည့်ကြတော့ဘူး။ တစ်ခါတည်း မှတ်သွားပြီ နို့ပြတ် သွား တော့တာမျိုးပါ။

သားရွှေစင်နဲ့ကျ ဘယ်ရလေလိမ့်မလဲ။ အခါးခံပြီး မရရအောင်စို့ပါတယ်။ ကြာကြာအခါးမခံ နိုင်လို့ ထွေးထုတ်ရင်း ငိုလိက်၊ သုတ်ထားတဲ့ မုတ်ခါးတွေကို သူ့လက်ကလေးနဲ့ ပွတ်ပြီး ဖျက်လိုက်၊ ပြန်ပြီးစို့လိုက်နဲ့ လုံးဝ အလျှော့မပေးဘဲ ဖြစ်နေတော့ သနားသွားပြီး မဖြတ်ရက် တော့တာနဲ့ ကျွန်မ ဆက်တိုက်နေလိုက်တာ အခါလည်ကျော် တဲ့အထိပါပဲ။ ဆရာဝန်က ကလေးရဲ့သွားတွေ ပျက်စီး ကုန်လိမ့် မယ်။ ဖြတ်လိုက် ဖြတ်သင့်ပြီ ဆိုတော့မှ ဇွတ်အတင်း ဖြတ်တော့လည်း အငတ်ခံပြီး ဒီအရွယ်လေးနဲ့ ဆန္ဒပြနေသေးတာလေ။ ကျွန်မမှာ ဘာမှ အစားထိုး ကျွေး မရလို့ သားကို သနားပြီး ငိုလိုက်ရတာ မျက်ရည်လည်ရွဲပါပဲ။ ဒီလိုဇွဲမျိုးကို ကျွန်မ မွေးထားသမျှ ကလေး ကိုးယောက်ထဲမှာ သူတစ်ယောက်ပဲ ပါပါတယ်။

မျောက်ခြောက်သလို ခုန်ပေါက်ပြီး ဆော့တဲ့နေရာမှာလည်း နံပါတ် (၁) ပါပဲ။ အခု အမေရိကားမှာ နာမည်ကြီးနေ တဲ့ ရော့ခ်စတား "မက်ဂျက်ဂါ" တို့ စင်ပေါ်မှာ ခုန်ပေါက် ပြေးလွှား မျောက်ခြောက်ပြတာမျိုးတော့ ကိုရွှေစင် ငယ်ငယ်က ဖန်တစ်ရာ တေအောင်လုပ် ခဲ့ပြီးလို့ ကျွန်မအဖု့ ရိုးနေပြီ ဆိုနိုင်လောက်ပါရဲက။ သူ့ကို ကြီးလာရင် ကွက်စိပ်ဆရာ ဖြစ် လိမ့်မယ်လို့တောင် ကျွန်မက အောက်မေ့ထားတာပါ။ မိသားစုတွေ ရုပ်ရှင်ကြည့် ပြီး ပြန်လာရင် သူ က အဲဒီရုပ်ရှင်တစ်ခုလုံးကို အိမ်ရောက်တာနဲ့ လုပ်ပြပါလေရော။

လူဆိုးလုပ်ပြီး သေနတ်နဲ့ ပစ်တော့လည်း သူ၊ အပစ်ခံရလို့ လဲကျသေတော့လည်း သူ၊ အလောင်း ကို ပွေ့ဖက်ငိုတော့လည်း သူ၊ ဇာတ်လမ်းတစ်ခုလုံးက ဒိုင်ယာလော့တွေလည်း သူ အကုန်မှန်မိတာ အံ့သြ စရာပါပဲ။ တကယ့်ကို ကွက်စိပ်ကြည့်နေရတဲ့အတိုင်း အမူအရာ ကအစ အကုန်လုပ်ပြနိုင်လို့ ကျွန်မတို့မှာ ရုပ်ရှင်ကား တကယ်ကြည့်ရတာထက်တောင် သူ လုပ်ပြတာက ပိုရယ်ရပါသေးတယ်။
ဒီအထဲ အမေ ကို တွယ်တာတဲ့နေရာမှာလည်း သူ အသည်းဆုံးပါပဲ။ ဒဂုံအမှတ် (၁)ကျောင်း ကိုပို့တော့ မူကြို ကတည်းကစပြီး တွဲလာကြတဲ့ သူငယ်ချင်းတွေက အများကြီး။ မောင်ကျော်ဝင်း တို့၊ မောင်မြတ်နိုး တို့၊ မောင်မွန် တို့၊ မောင်မျိုးညွန့် တို့တစ်တွေပေါ့။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆိုရင် အဖော်မင်တဲ့ မောင်ကျော်ဝင်းက သူ့အိမ်မှာ သူငယ်ချင်း တွေ ခေါ်ပြီး ကစားတတ်ပါတယ်။ အထွေးဆုံးသားမို့ သူ့အမေ Caroline ကလည်း သား ကို အလိုလိုက် ဖူးဖူးမှုတ်ထားတာ ဆိုတော့ မောင်ကျော်ဝင်းရဲ့ သူငယ်ချင်းကလေးတွေ အားလုံးကိုလည်း သားတွေ လို ချစ်ပြီး အိမ်ပေါ်မှာတင် အလိုလိုက်ထားလေတယ်ပေါ့။

ရွှေစင် နဲ့ မောင်ကျော်ဝင်းက အရင်းနှီးဆုံး သူငယ်ချင်းမို့ စနေနေ့ ရောက်တာနဲ့ လာခေါ် တော့တာပဲ။ သားကလည်း ၀မ်းသာအားရလိုက်သွားလေရဲ့။ ဒါပေမဲ့ ညဆယ့်တစ်နာရီထိုး ပြီဆိုရင် တယ်လီဖုန်းက လာပါလေရော။ "ဒီမှာ ရွှေစင် ရယ်၊ မာမီနဲ့မှ အိပ်ချင်တယ်၊ အိမ်ပြန်ချင်တယ်ဆိုပြီး ငိုနေတယ်" နဲ့ Carline က ပြောပြရင်း ရယ်လေရဲ့။ ညကြီး သန်ခေါင်ယာဉ်မောင်းအဘိုးကြီးကို နှိုးပြီး တကူးတက ပြန်ပို့ရပါတယ်။ အဲဘို လုပ်တာ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်းမဟုတ် အခါပေါင်း များစွာပါပဲ။ မောင်ကျော်ဝင်းကလည်း ဒုက္ခပေးမှန်း သိလိက်နဲ့ မခေါ်ဘဲ မနေနိုင်ဘူး။ လာခေါ်တိုင်းလည်း ပြန်မလာပါဘူး၊ အိပ်ပါမယ် ကတိတွေခံပြီး လိုက်သွားမြဲပါ။ ပြီးတော့ ညသန်းခေါင်တိုင်ရင် မနေနိုင်ဘဲ အမေ့ရင်ခွင်ခဲ ပြန်လာပါလေရော။

အဆိုးဆုံး တစ်ခါကတော့ အရေးအခင်း ညကြီးမှာ ရွှေစင်က အိမ်ပြန်ပို့ခိုင်းလို့ မောင်ကျော် ၀င်းရဲ့ အစ်ကို ကိုအရှုပ် ကိုယ်တိုင် ကာင်းမောင်း လိုက်ပို့ရတာကို မှတ်မိပါတယ်။ တခြား တခြားလာအိပ်ကြတဲ့ ကလေးတွေ က ပြဿနာမရှိဘဲ ရွှေစင်ကျမှ ပြန်ပြန်ပို့ရလို့ မောင်ကျော်ဝင်းရဲ့အမေ Caroline ကရွှေစင် ကို တွေ့တိုင်း မာ့မီကို လွမ်းလို့ ပြန်ဦးမှာလား နဲ့စစနေတာ ခု အသက်အရွယ်ရောက်တဲ့ထိပါပဲ။
သားသမီး ဆိုတာ ဒီအမေတစ်ယောက်တည်းက မွေးထားပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် တစ်ပုံစံတည်း ထွက်ကြတာ မဟုတ်ဘူးနော်။ ကိုယ့်အထာနဲ့ကိုယ်၊ အလေ့ အထစိတ်နေစိတ်ထားက အစ တစ်ယောက် တစ်မျိုးစီပါပဲ။ အဲလို တစ်ဦးနဲ့တစ်ဦး ကွာခြား တာတွေရှိပေမဲ့... ယောက်ျားလေးတွေ အားလုံးကတော့ ငယ်ရွယ်စဉ် ကာလမှာ အဆော့သန်ကြတာ တစ်ချိုးတည်းရယ်လို့ ဆိုရမယ် ထင်ပါရဲ့။ ရွှေစင်တို့၊ ဇာနည်တို့ ဆော့တာကမှ တော်ပါသေးတယ်။ သားကြီး ၀င်းခန့် ငယ်စဉ်တုန်းကဆိုရင် ကစားဖော် ယောက်ျားလေး မရှိတာကြောင့် အိမ်နံရံနဲ့ အဖော်လုပ်ပြီး တစ်ဖက်စီ ဘောလုံးကန်တာ တဒိုင်းဒိုင်းပါပဲ။ အိမ်ထောင် ပြိုကျမလားအောက်မေ့ရပါတယ်။

နေတာကလည်း ရိုးကုမ္ပဏီနဲ့ မျက်နှာချင်းဆိုင်ဆိုတော့ လမ်းကူးလိုက်တာနဲ့ ရောက်တာမို့ ၀ယ်စရာ တစ်ခုခုရှိလို့ သွားတိုင်း နောက်က ပါလာတတ်ပြီး အရုပ်ရောင်းတဲ့ Section အရောက် အမေကို တရွတ်ဆွဲ ခေါ်သွားရင်း လက်ညှိုးထိုး ပူဆာပါလေရော။ သူလိုချင်တာ မရရင် ဈေးဝယ်သူတွေ ဘယ်လောက်ရှိရှိ ကြမ်းပြင်မှာ လူးငိုတတ် လို့ အရုပ်ရောင်းတဲ့ ကောက်တာက အန်တီမေရီပါ ၀ိုင်းပြီးချော့ရတာ အမော။
သူတို့နဲ့ ပတ်သက်ပြီး အလုပ်တစ်ဖက်နဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ရတာတွေကလည်း ရှိသေး တယ်။ ကျွန်မက စီးပွားရေးသာ လုပ်နေတာ။ လုပ်ငန်းရှင်မဆန်တဲ့ အပိုင်းတွေကလည်း ရှိသေးတယ်။ အလုပ်က သီးသန့်၊ မိသားစု က သီးသန့်၊ အဲဒီလို စည်းကမ်းတကျ လုပ်သင့်တာ မှန်ပေမဲ့ အမြဲတမ်း ရောထွေးနေပြီး ကလေးတွေရဲ့ ဆန္ဒကို ဦးစားပေးတတ် တော့ အလုပ်နဲ့သွားမဲ့လမ်းကို ကလေးတွေက "လိုက်ချင်တယ် " ပူဆာရင် ခေါ် သွားလိုက် တာပဲ။

တစ်ခါတုန်းက ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဓာတ်ပုံရိုက်ဖို့ ကန်ထရိုက်ရတာနဲ့ သွားရတော့ သားကြီးဝင်းခန့်က လိုက်ချင်တယ် ပူဆာတာနဲ့ ခေါ်သွားမိ ပါတယ်။ အဲဒီတုန်းက ၇ နှစ်သားလောက်ပဲ ရှိဦးမယ်ထင်ပါရဲ့။ ကျွန်မက ဧည့်ခန်းထဲမှာ တာဝန်ရှိ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေနဲ့ အစီအစဉ်တွေ၊ လိုအပ်ချက်တွေ ဆွေးနွေးလို့ ကောင်းနေတုန်း ရှိသေးတယ်။ ကိုရွှေဝင်းက အေးအေးမနေဘဲ လူသွား လမ်း ခြားထားတဲ့ ကုလားထိုင်နှစ်ခုမှာ လက်တစ်ဖက်စီ ထောက်ပြီး မျောက်လွှဲကျော်လို သူ့ကိုယ်ကို လွှဲပြီး ဆော့နေတာ။ တစ်ချိန်မှာ ဟန်ချက်ပျက်ပြီး မှောက်လျက်ကျတော့ အုတ်သမံတလင်း နဲ့ ဆောင့်မိပြီး မေးကွဲပါလေရော။ သွေးတွေ ရဲခနဲ ထွက်တာမြင်ရမှ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီး တွေလည်း မနေသာ ဘဲ သူ့ကို ပြေးပွေ့၊ ဆေးခန်းခေါ်သွားကြပီး သုံးလေးချက် ချုပ်ယူရ ပါတယ်။
အဲဒီအဖြစ်ကမှ တော်သေးတယ်။ ရန်ကုန်က ဝိုင်အမ်စီအေခန်းမ မင်္ဂလာဆောင်တစ်ခု ဓာတ်ပုံ သွား ရိုက်တော့ ရွှေစင်နဲ့ ဇာနည်က လိုက်ချင်တယ် ပူဆာလို့ ကျွန်မနဲ့အတူ ပါလာကြရော။ သူတို့ ညီအစ်ကို ကလည်း သားကြီးဝင်းနဲ့ တူစွာ အေးအေးဆေးဆေး ထိုင်မနေဘဲ ဘယ်အချိန်က အိမ်သာထဲ အတူဝင်သွားကြလေ တယ် မသိပါဘူး။

ကျွန်မက ပွဲထိုင် ကို ရိုက်လို့ကောင်းနေတုန်း မင်္ဂလာရွှေရတုတေးသံနဲ့အတူ သတို့သမီး၊ သတို့သား ခန်းမထဲ ဝင်မဲ့ ဆဲဆဲ အထိတ်တလန့်နဲ့ ဟစ်အော်လိုက်ကြတဲ့ အသံက စူးစူးရှရှ ဆူညံသွားတော့တာပဲ။ အားလုံးလည်း အသံကြားရာ ဆီ လှည့်ကြည့်ကြတာပေါ့။ အော်သံ ကြားရာဆီ ပြေးတဲ့လူက ပြေးကြည့်။
ကျွန်မ ရင်ထဲမှာ စိုးထိတ်သွားတာ နှလုံးသွေးရပ်မတတ်ပါပဲ။ ကလေးတွေတော့ တိုက်ပေါ်က ပြုတ်ကျ ပြီး သေကုန် ကျပြီလားလို့တောင် တွေးလိုက်မိတာပါ။ နောက်မှ ညီအစ်ကိုနှစ်ယောက် အိမ်သာတံခါး ချက်ချ ထားပြီး ပြန်ဖွင့်လို့ မတတ်တာနဲ့ ထိတ်လန့်ပြီး သံကုန်ဟစ်အော်လိုက်ကြတယ်ဆိုတာ သိရပါတယ်။ ဝိုင်အမ်ဘီအေ က လူကြီးလုပ်တဲ့ ဗိုလ်မှူးဖိုးကျော်တို့ ရောက်လာပြီးတော့ သော့ဖျက် ဖွင့်ထုတ်ယူရတဲ့ထိ ဖြစ်လို့ ကျွန်မ လည်း မင်္ဂလာပွဲရှင်တွေကို အားနာပြီး တောင်းပန်လိုက်ရတာ။ ဒီအတွေ့အကြုံတွေရမှ မှတ်သွားပြီး နောက်ကလေးတွေကို အလုပ်သွားရာ မခေါ်တော့ ပါဘူး။ ယောက်ျားလေးတွေ ကတော့ ယောက်ျား ပီသစွာ သည်းထိတ်ရင်ဖိုဖြစ်အောင် လုပ်တတ်တာ ဓမ္မတာ ပါပဲလေ။ မိန်းကလေးတွေ ကျတော့လည်း တစ်မျိုး။

ကျွန်မရဲ့ သမီးကြီးကေခိုင်က မပွင့်တပွင့်၊ မလှုပ်တလှုပ်။ သူ ငယ်ငယ်ကကျောင်း က ပြန် လာတိုင်း ခေါင်းကိုက် တယ်ဆိုပြီး သွားခွေနေပါလေရော။ ကျွန်မက စာကျက်ရမှာပျင်းလို့ ခေါင်းကိုက်တာ အကြောင်းပြ တယ် ထင်ပြီး အတင်အိပ်ရာက ထခိုင်း စာကျက်ခိုင်းပါတယ်။ အဲလို သူ့ကို ဇွတ်ခိုင်းနေ တာ အတော်ကြာတော့ တစ်နေ့ မျက်နှာတစ်ခုလုံး မြင်မကောင်းအောင် ရောင်အမ်းနေမှ လန့်ဖျပ်ပြီး ENT က ဒေါက်တာသိန်းမောင် ဆီ ခေါ်သွားပြတော့ Synus ထိပ်ကပ်နာစွဲနေတာ တော်တော်ကြီး တောင် ကြာနေပြီပဲ။ Synus ကြောင့် ပါးနှစ်ဖက်အောက်မှာ ပြည်တွေ အောင်းနေတာ နှာခေါင်းက ဖောက်ထုတ်ရတော့ ပလပ်စတစ်တစ်ပုံးလေးနဲ့ တစ်လုံးနီးပါး ထွက်လာပါတယ်။ ဆရာဦးသိန်းမောင်က ဒါလောက်ထိ ဝေဒနာခံရတာ ခုမှလာပြရလားနဲ့ ကျွန်မကို အပြစ်တင်စကား ဆိုပါတယ်။ ဒီတော့မှ ကျွန်မလည်း သေသေချာချာ မစောကြောမိဘဲ သမီးကို အထင်အမြင် မှားမိတာအတွက် နောင်တ လည်းရ၊ သနားလည်းသနား၊ ရင်ထဲမှာခံစားလိုက်ရတာ မကေခိုင်က အဲလို မဖြေရှင်းတတ်လို့ အမေက အစ သူတစ်ပါးလုပ်သမျှ ငုံ့ခံတတ်တဲ့ အစားမျိုး။.

ဒုတိယသမီး ကေသီကတော့ တစ်အိမ်လုံး ဘာကြီးဖြစ်နေနေ ဘယ်အရေးအခင်းမှ ဝင်အပါဘဲ ကြည့်လိုက်တိုင်း အိပ်ရာပေါ် ပက်လက်လှန်ပြီး စာအုပ်တစ်အုပ်နဲ့ နှပ်ရင်နှပ်နေမယ်။ ဒါမှမဟုတ် သူ မွေးထား တဲ့ ရွှေကျား ဆိုတဲ့ ကြောင်တစ်ကောင်နဲ့ စာရင်းရှုပ်ပြီး ကျွန်မကို ဒုက္ခပေးနေမယ်။ သူရဲ့ ရွှေကျားက အိပ်ပေါ်ထပ်က အိမ်ရှင်တင့်တင့် ကို မွေးထာတဲ့ ဖင်ကြီးကြီးနဲ့ မိထွားဆိုတဲ့ ကြောင်မကို သွားပတ်နေရင်လည်း...
'မာမီ ရွှေကျား က မိထွား ကို သွားပတ်နေတယ် ရွှေကျား မိန်းမယူရင် သူက အိမ်ခေါ်လာမှာလားး၊ အိမ် ကနေ ဆင်းပြီး သူ့မိန်းမဆီ လိုက်သွားမှာလားဟင်' နဲ့ လာမေးလို့မေး။

ရွှေကျားက သူထင်သလို မိထွားနဲ့မရဘဲ ဘေးအိမ်က မွေးထားတဲ့ ကြောင်မိတိုးကို ခေါ်လာပြီး သူ့အစာ ခွက်ထဲက အစာတွေ ဝင်စားတာကို ဘေးကနေ ကျေနပ်ကြည်ဖြူစွာနဲ့ ကြည့်နေတာ မြင်တော့ မကေသီ ကျွန်မဆီ ပြေးလာပြီး...
"မာမီ ဟိုမှာ ရွှေကျားရယ် သူ့မိန်းမခေါ်လာပြီး အစာတွေ ကျွေးနေတယ်။ သမီးသဘောမတူပါဘူး။ သူ ယူလာတဲ့ မိန်းမက သားနားတာလည်း မဟုတ်ဘူ၊ အစုတ်ကြီး'တဲ့။
'ဟဲ့... တိရိစ္ဆာန်ပဲ သမီးရယ်၊ အတန်းအစား ခွဲနေရသလား ဘယ်သူ့ယူယူပေါ့' လို့ ပြောရတယ်။ ဒါနဲ့ တင်မပြီးသေးဘူး။ ရွှေကျားမိန်းမရတော့ ညည အိမ်ပြန်မအိပ်တဲ့ရက်တွေ ရှိလာရင် သန်းခေါင်ကျော် လင်းအားကြီးမှာ ကျွန်မကို လာနှိုးပြီး...
'မာမီ ရွှေကျား ပြန်မလာဘူး သူ့မိန်းမအိမ်မှာ အိပ်နေတယ် ထင်တယ်နော်' ရွှေကျားကို သူ့မိန်းမက ''
မောင်ရယ်၊ ဒီညတော့ မပြန်ပါနဲ့ ဒီမှာပဲ အိပ်လိုက်ပါလို့ ပြောထားလား မသိဘူးနော် နဲ့ လာမေးပြန်ပါ ရော။

ဒီတစ်ယောက်က စာတွေဖတ်ပြီး ဝတ္ထုတွေထဲကလို စိတ်ကူးယဉ်တတ်ပြီး ပေါက်ကရတွေ လာမေး တတ်ပေမဲ့ သမီးကြီး မကေခိုင်ကတော့ စိတ်ကူးလည်း မယဉ်တတ်၊ စာလည်းမဖတ်၊ ကဗျာအဖွဲ့အနွဲ့ တွေဆို ဝေလာဝေး။ စာဖတ်ပြီ ကဗျာကြိုက်တတ်တဲ့ ညီအစ်မနှစ်ယောက်က ကဗျာတစ်ပုဒ်ကောင်းလှ ချည်ရဲ့ဆိုပြီး သူတို့အစ်မကို ဖတ်ပြတော့ ကဗျာထဲမှာ ချစ်သူကို 'သခင်ရဲ့'နဲ့ တင်စားပြီး ဖွဲ့နွဲ့ထားတာ နားထောင်ပြီး 'ဟင် .. နိုင်ငံရေးတွေ ဖတ်ပြနေတာလား ပျင်းစရာကြီး'တဲ့ မခံစားတတ်တဲ့သူကို သွား ဖတ်ပြတော့လည်း ခံလိုက်ရလေတယ်ပေါ့။
တတိယသမီး ယမင်းကတော့ မပိုလို့ မောင်နှမတွေက နာမည်ပေးထားပါတ်။ ဘာလေးဖြစ်ဖြစ် သူက ပိုရမှ။ တစ်ခါတုန်းက ကောင်းညင်းနဲ့ လုပ်ထားတဲ့မုန့်ကို သူ့ကြီးတောတွေက ကျွေးလို့ စားနေတာ ဟုတ်လို့။ 'အဲဒါ မုန့်ငါးလေးလို့ ခေါ်တယ်'လို့ ပြောလိုက်တာနဲ့ သူ့လည်ပင်း ငါးရိုးစူးတယ် ဖြစ်ပါလေ ရော။

အဖြစ်သည်းတဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါပဲ။ တစ်နေ့အိမ်က ကားအဆင်မပြေတာနဲ့ ကျောင်းကို သုံးဘီးကားနဲ့ သွားကြိုခဲ့တာ ကသောကမျောနဲ့ ကလေးတွေ တန်းစီဆင်းလို့လည်းပြီးရော ကားက မောင်း သွားတာတော့ သူ့ကျောင်းလွယ်အိတ် သုံးဘီးကားပေါ် ပါသွားပါလေရဲ့။ လိုက်လို့လည်း မမီ တော့ဘူး အဲဒါ ငိုလိုက်တာ လူသေတဲ့အတိုင်းပါပဲ။ ဘယ်လိုမှ ချော့လို့မရဘူး။ စာအုပ်တွေ ပြန်ဝယ်ပေး ပါ့မယ် ပြောလည်းမရ၊ အစ်မတွေက မှတ်စုတွေ သူငယ်ချစ်ဆီက လိုက်ကူးပေးပါ့မယ်ဆိုလည်း မတိတ်၊ ထမင်းလည်းမစား အိပ်ရာပေါ်မှာ လူးငိုနေတာ နောက်မှ သိရတာက စာအုပ်တွေ မှတ်စုတွေကြောင့် မဟုတ်ဘဲ သူ့မုန့်ဖိုးထဲက စုဆောင်းပြီး ဝယ်သိမ်းထားတဲ့ ရုပ်ရှင်မင်းသား ကိုဝင်းဦးရဲ့ ဓာတ်ပုံတွေ တစ်ထပ်ကြီး လွယ်အိတ်ထဲမှာ ပါသွား လို့တဲ့လေ။ အဲလို အဖြစ်သည်းပုံကလည်း တစ်မျိုး။
အငယ်ဆုံးသမီးထွေး သူဇာကတော့ အေးသလားမပြောနဲ့။ မွေးကတည်က လက်မကြီး စုပ်နေတာ၊ နို့ဆာလို့ ငိုရကောင်းမှန်းလည်း မသိ၊ သူ မငိုတတ်တာနဲ့ နို့ချိန်လွန်သွားတာလည်း အခါများစွာပါပဲ။ သူ နှစ်နှစ်သမီး အရွယ်လောက်မှာ ကျွန်မတို့ ပြည်တော်အေးရိပ်သာမှာ နေကြတုန်းကပေါ့။ မြို့ထဲကို ကလေးတွေရော၊ ဦးမြလှိုင်ပါ ရေခဲမုန့်စားဆိုပြီး ထွက်သွားလိုက်ကြတာ။ ကျွန်မက မာမီ့ကို အဖော်လုပ် ပြီး ကျန်ခဲ့ပါတယ်။ ပြန်လာကြတော့လည်း ကလေးတွေက များတော့ အမှတ်တမဲ့ပေါ့။

အိပ်ရာဝင်ချိန်ရောက်မှ သမီးသူဇာ ပျောက်နေတာကို သိကြတော့တယ်။ တစ်အိမ်လုံး ဘယ်မှာမှ ရှာမတွေ့ပါဘူး။ ဒါနဲ့ မြို့ထဲက ဦးမြလှိုင်ရဲ့ အစ်မအိမ်မှာ ကျန်ခဲ့သလားဆိုပြိး ပြန်ရှာဖို့ ကားတံခါးသွား ဖွင့်မှ ကားနောက်ခုံပေါ်မှာ လက်စုပ်လျက် မျက်လုံးအပြူးသားနဲ့ ချွေးတွေလည်း ရွှဲနစ်လို့ ခြင်တွေ ကိုက်ထားလိုက်တာလည်း တစ်ကိုယ်လုံး အဖုအပိမ့်ပိမ့် ထနေလေရဲ့။ သူ့ကို ဖက်ပြီးမကြည့်ရက်လို့ ကျွန်မငိုလိုက်တာ။ ကြည့်ပါဦး။ ကားထဲမှာ ကလေးတစ်ယောက်လုံး မေ့ထားခဲ့တာတဲ့။
အိပ်ပျော်နေလို့ ကျန်ခဲ့တာဆိုရင်လည်း ခုနိုးနေပြီပဲဟာ အော်ပြီးများ ငိုပါတော့လားနော်။ မှောင်ကြီး မည်းကြီးထဲမှာ သူတစ်ယောက်တည်း ခြင်တွေသီးနေအောင် ကိုက်ခံထားရတာလည်း မငို။ ချွေးတွေ ရွှဲနစ်နေအောင် စိုနေတာကလည်း မဖြုံ။ လက်စုပ်မပျက် သူပဲ ခံနိုင်ရည်ရှိစွာနဲ့ နေနိုင်လေရဲ့။ အကယ် ၍ အော်ငို ခဲ့ရင် ကပ်လျက်အခန်းမှာ ယာဉ်မောင်း ဦးမောင်ကြီးတို့ လင်မယားနေကြတာမို့ ကြားကြမှာပါ ပဲ။ သူဇာကတော့ အဲလောက် အေးနိုင်လွန်းတဲ့ သမီးမို့ အသနားပိုရပါတယ်။

ဒီလိုပဲံကျွန်မတို့အိမ်က မိသားစုကလည်း များတော့ အမြဲတမ်း ရှု့ပ်ထွေးနေတတ်လို့ ဘွားလေး၊ မန္တလေး က လာလည်တဲ့အခါဆိုရင် 'ခင်မကြီးရယ် ငါ့မြေးအိမ် လာနေရတာ တစ်ခါတစ်ခါ တရုတ်မျက်လှည့် ကြည့်နေရသလိုပဲ ကလေးတွေက တစ်ယောက်တစ်မျိုး အမေကလည်း တစ်မျိုါ်တဲ့ ဟုတ်လည်း ဟုတ်ပါရဲ့။ ကျွန်မ အမေကလည်း သူ စိတ်ဝေဒနာမရခင်ကာလ ဗြိတိသျှအင်ပါယာခေတ်ကြီးထဲမှာပဲ မရွှေ့မလျား နေနေ ဆဲလေ။ အပြင်မှာ ခေတ်ကာလတွေ ဘယ်လောက်ပြောင်းသွားနေတာကို လုံးဝ လက်ခံခြင်းလည်း မရှိ။ နားလည်း မလည် သိလည်းမသိပဲ။

လက်ရှိအချိန်အားလုံူးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းထားတာမို့ ပုဂ္ဂလိကပိုင်ဆိုင်တွေက မရှိတော့ဘူး မုန့်ဝယ်ရင်တောင် ပြည်သူ့မုန့်တိုက်က သွားဝယ်ရတာပါ။ ကျွန်မအမေက ကျွန်မလို မြန်မာဆန်တာ မဟုတ်ဘူး။ ကျွန်မကို ဘိုးလေးက ငယ်ငယ်ကတည်းက ပုံသွင်းပေးထားခဲ့တာမို့ ငါးပိလည်းစား ငံပြာ ရည်လည်းစား၊ဈ ချည်ပေါင်လည်းစား ဘာမှပြဿနာမရှိခဲ့ပေမဲ့ မာမီကကျတော့ ငယ်စဉ်ကတည်းက ပေါင်မုန့်နဲ့ ကြီးပြင်းလာသူဖြစ်လို့ ပေါင်မုန့်က အဓိကဖြစ်နေတာကြောင့် ပြည်သူ့မုန့်တိုက်မှာ မိုးလင်း တာနဲ့ ပေါင်မုန့်ရဖို့ သွားတန်းစီဝယ်ရတဲ့ ဒုက္ခရှိသလို ကော်ဖီကိုလည်း မာမီက ရေလိုသောက်သူ ဖြစ် လို့ ကော်ဖီမှုန့်ရဖို့လည်း ဒီလိုပဲ အချိန်ကုန် ခံ ဒုက္ခခံပြီး ရှားရှားပါးပါး မရရအောင် ဝယ်ပေးရပါတယ်'

ဒီအမေတစ်ယောက်တည်း ရှိတာမို့ မာမီ့စိတ်ကြိုက် ဖြစ်အောင် လုပ်ပေးရတာကို ကျွန်မ ကျေနပ်ကြည် ဖြူစွာ လုပ်ပေးခဲ့ပေမဲ့ အခါများစွာ စေတနာကနေ အကုသိုလ်ဖြစ်ရတာတွေလည်း ရှိပါသေးတယ်။ မာမီ က တိရစ္ဆာန်မှန် သမျှကို အလွန်ချစ်တတ်သူပါ။ ကျွန်မ အမေက စိတ်ကြည်လင်ပါစေဆိုတဲု့စေတနာနဲ့ အဖော်ရ ဖို့ မွေးပေးထားတဲ့ ခွေးဆိုပြီး လေးစားသမှုနဲ့ စားဦးစားဖျာူး မာမီအတွက် ဦးချပေးထားတဲ့ ကြက်မြစ်ကြက်သည်း တို့၊ ကြက်ရင်အုပ်တို့က စားဦးစားဖျား မာမီဝမ်းထဲမရောက်ပဲ ခွေးစားတွေ ဖြစ် ကုန်တော့တာပဲလေ။ ဒါတင် မကသေးဘူး။ ဘေးအိမ်မွေးထားတဲံ စယ်လီဆိုတဲ့ ခွေးစုတ်ဖွား ဧည့်သည် ကလည်း မာမီဆီ လာတတ်သေး တယ်။ စယ်လီလာရင် ပေါင်မုန့်ထောပတ်သုတ်နဲ့ မာမီက ဧည့်ဝတ်ပြု ပါလေရော။

မာမီရဲ့ ဧည့်သည်တော်တွေ က စယ်လီတစ်ဦးတည်း ဆိုရင်လည်း ထားပါဦးတော့။ ဘယ်ကလာမှန်း မသိတဲ့ ဆိတ်ကြီး တစ်ကောင်လည်း ရှိလေသေးတယ်။ အဲဒီဆိတ်ကြီးနဲ့ မာမီဘယ်အချိန်ဘယ်ကာလ အသိ အကျွမ်း ဖြစ်သွားကြတယ်ဆိုတာ ကျွန်မ မသိလိုက်ပါဘူး။ ဆိတ်ကြီးက မာမီရဲ့ အိပ်ခန်တံခါးဝ လာရပ်ပြီဆိုရင် မာမီ က တံခါးဖွင့် အထဲသွင်းပြီး ပေါင်မုန့်ထောပတ်သုန်နဲ့ အဲဒီဆိတ်ကြီးကိုလည်း ဧည့် ခံပါတယ် ဆိတ်ဆိုတာ ဘာကျွေးကျွေး စားတဲ့ အကောင်စားပဲနော်။ ပေါပေါရတဲံ ကုလားပဲတို့၊ ဘာတို့ ကျွေးလိုက်လည်း ပြီးတဲ့ဟာ ကို။ ပေါင်မုနု့်ထောပတ်သုတ်ပြီး တစ်ချပ်ပြီးတ်ချပ် ကျွေးတော့ တစ်နေ့စာ ဝယ်ထားတဲ့ ပေါင်မုန့်က ကုန်ပါလေရော။ ဒီအချိန်မှာ ပေါင်မုန့်တစ်လုံူး ရဖို့ ဘယ်လောက် အချိန်ပေးရ တယ်ဆိုတာ မာမီက မသိလေတော့ ပြောပြ လည်း နားလည်မှာ မဟုတ်လို့ ဘေးကကြည့်ရင်း ကျွန်မမှာ ကုသိုလ် မရဘဲ ဒေါမနဿတွေ ဖြစ်ပေါ့။

ကော်ဖီမှုန့် ဘယ်လောက်ပဲ ရှားနေနေ မာမီကနေ့စဉ် ကရားနဲ့ တည်ပြီးသောက်တတ်သူဖြစ်တော့ လာသမျှ လူကိုလည်း သူ့လိုပဲ ကော်ဖီကြိုက်လိမ့်မယ် အထင်နဲ့ ရိပ်ခနဲ လူရိပ်မြင်တာ နဲ့ ကော်ဖီ ပန်းကန် ရှေ့မှောက်အရောက် ဧည့်ဝတ်ပြုပြီး ဖြစ်နေပြီလေ။ ကြိုက်တဲု့သူကို တိုက်ရတာ နှစ်ဦးနှစ်ဖက် အကျိုး ရှိပြီး ကြည်နူးစရာဖြစ်ပေ မဲ့ မကြိုက်တဲ့သူမျိုးကျတော့ တစ်ငုံလောက်ပဲ ဧည့်ဝတ်ကျေသောက်ပြီး ထားခဲ့ ပါလေရော။ အဲဒီအခါမျိုးမှာ သွန်ပစ်ရပြီဆိုရင် သမာဝါယမက မျက်နှာထားတင်းတင်းနဲ့ စာရေးမ ဆီမှာ အောက်ကျခံ တန်းစီပြီ သွားဝယ်ထားရတဲ့ နို့ဆီဘူးနဲ့ ဖျောရတဲ့ ကော်ဖီဖြစ်ကြောင်း မာမီကို သိစေ ချင် ပေမဲ့ ပြောပြလည်း ခေတ်ကာလနဲ့ ကတ္တားခြားပြီးနေသူ ဖြစ်လို့ သဘောပေါက်မှာ မဟုတ်တာကြောင့် ပြောချင်တဲ့ စကား မျိုမျိုချတာလည်း အခါများစွာပါပဲ။

ဘာပဲဖြစ်ဖြစ် ကျွန်မတို့အိမ်က စိတ်ဝင်စားစရာ အကြောင်းပေါင်းများစွာနဲ့ အမြဲဝေသစည်နေတတ်လို့ အပေါ်ထပ် က အိမ်ရှင် တင့်တင့်က သားအမိ သားအဖ လေးယောက်တည်းရှိတာမို့ တစ်သိုက်တစ် ဝန်း ရှိတဲ့ ကျွန်မတို့ မိသားစု ကို ကြည့်ပြီး အားကျ၊ ကျွန်မကလည်း တင့်တင့်နှင့်မောင်မောင်ရဲ့ နဲ့ လက်တွဲ ပြီး အမြဲတမ်း တစ်ယောက် ကိုတစ်ယောက် ဂရုတစိုက် တယုတယ ရှိတတ်ကြတဲံ သူတို့ဇနီးမောင်နှံ ရဲ့ ချစ်ကြင်နာမှုကို အားကျ လောကကြီး မှာ ဘယ်သူမှ ပြည့်စုံခြင်း၊ မရှိဆိုတဲ့ စကားဟာ အမှန်ပါပဲလေ။ လူဆိုတာ ကိုယ့်မှာ မရှိတာ မြင်တွေ့ရရင် အားကျချင်တတ်တာ ဓမ္မတာပါပဲမဟုတ်လားနော်။
ဒီလိုနဲ့ ကျွန်မရဲ့ဘဝ ပုံမှန်လည်ပတ်နေဆဲပေါ့။ သစ်ပင်က ရွက်သစ်ကလေးတွေ ထွက်သလို တစ်ခုပြီး တစ်ခုတော့ ပြေလည်စပြုလာပါပြီ မန္တလေးမှာ ပြည်သူပိုင်သိမ်းလို့ ပါသွားတဲ့ တိုက်ကိုလည်း ကျွန်မ ကိုယ်တိုင် တက်သွားပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကို ရှင်းပြနိုင်ခဲ့လို့ လုပ်ငန်းရှင်ပိုင် မဟုတ်တာ ကြောင့် ပြန်ပေးပါတယ်။ နှစ်ပေါင်းကြာမြင့်စွာ တိုက်လခတွေတော့ နစ်နာသွားလေရဲ့ပေါ့။
တစ်နေ့ မှာ သားဆီက ဖုန်းဝင်လာပါရော။

'မာမီရေ မာမီ့ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ် နောက်ပြီး ခွင့်တောင်းဖို့လည်း ရှိတာမို့ ဆက် တာ'တဲ့
'ဘာလဲ ခွေးကောင်လေး ရည်စားရနေပြီလား'လို့ ကျွန်မကမေးတော့ တဟဲဟဲရယ်ရင်းနဲ့ 'ရည်းစားတင် မကဘူး အဲဒီရည်းစား ကို လက်ထပ်ယူချင်လို့ ဆက်တာမာမီရ'တဲ့။
သားရဲ့စကားကြားရတော့ ကျွန်မ ဝမ်းသာလိုက်တာ ရေခြားမြေခြားမှာ တစ်ယောက်တည်း နေရတဲ့ သား အတွက် ကျွန်မ ရင်တွေ အေးသွားနိုင်ပြီပေါ့။ ဘယ်သူ့ကိုပဲ ယူယူ သူချစ်မြတ်နိုးလို့ စိတ်ချမ်းသာ မယ်ဆိုရင် ပြီးတာပဲလေ။ သားလည်း ငယ်တော့မာမှ မဟုတ်တာ။ အသက်အရွယ်အရလည်း (၂၄)နှစ် ရှိပါပြီ။ အိမ်ထောင်တစ်ခု ကို ထိန်းသိမ်းနိုင်ဖို့ ထိုက်တန်တဲ့ အလုပ်လည်း ရှိထားပြီးဖြစ်တော့ သူ့ဘဝ သူ့ဟာသူ ဖန်တီး ရပ်တည်ဖို့ အချိန်တန်လေပြီပဲ.။

ဒါကြောင့် ကျွန်မက ဝမ်းသားအားရနဲ့ ကြားရတဲံသတင်းအတွက် 'ကွန်ဂရက်ကျူလေးရှင်း' လုပ်လိုက်ပါ တယ်။ သား နဲ့ ဘဝကြင်ဖော်အဖြစ် လက်တွဲလိုသူ ကလေးမရဲ့ အမည်က 'ဘာဘရာ'တဲ့ ကျွန်မနဲ့ ဖုန်းပေါ်မှာတင် မိတ်ဆက်ပေးတာနဲ့ မမြင်ရဖူးသေးတဲ့ ချွေးမလောင်းနဲ့ စကားပြောရပါတယ်။ သူတို့ နှစ်ယောက် ၀တ္တရားအရ နှစ်ဖက်မိဘကို ခွင့်တောင်းပြီးတာနဲ့ အကျဉ်းရုံးပြီး လက်ထပ်ဖို့ စီစဉ်ချင်တယ် လို့ ဆိုပါတယ်။ ဖြူသလား မည်းသလား မသိရတဲ့ ချွေးမလောင်းနဲ့ ဖုန်ူးပေါ်မှာတင် အဆင်ချောစွာ ပြေလိုက်ရလို့ ကျွန်မမှာ ကြည်နူးစွာနဲ့ ဘဝင်ကျပြီး ကျန်ခဲ့လေရဲ့။
၁၉၆၇ခုနှစ် မေလ ၆ ရက်နေ့မှာ သားကြီး ခင်မောင်ဝင်းခန့်နဲ့ ဘာဘရာဘရောင်းတို့ လက်ထက်ပွဲ ကျင်းပ ပါတယ်။ သားရဲ့မင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ မတက်ရောက်နိုင်တာကြောင့် ရင်ထဲမှာ မကောင်းဖြစ်ရပေမဲ့ အခြေတကျ ဖြစ်သွားတဲုံ သားဘဝကို တွေးပြီးပဲ စိတ်ကို ဖြေရတယ်ပေါ့။ ဘဝခရီး မှာ အဖော်ကောင်းက တကယ် ကို လိုအပ်တာပါနော်။ သားကိုလည်း ဘဝရဲ့ ကောင်းဆိုးမှန်သမျှကို ကြံ့ကြံ့ခံပြီး သက်ဆုံး တိုင်ပျော်ရွှင်စွာ လက်တွဲနိုင်မဲံ့ အဖော်ကောင်းဇနီုးကို ရစေချင်တာပါ။ ဒါဟာ မိခင်တိုင်းရဲ့ ရင်မှာရှိတဲ့ တူညီသော တစ်ခု တည်းသော ဆန္ဒ ဖြစ်မယ်လို့ ထင်ပါရဲ့။

သားကြီးခင်မောင်ဝင်းခန့်အတွက် ရင်အေးရလို့ လေးငါး ခြောက်လ ကြာတဲံတစ်နေ့မှာ မန္တလေးက သူငယ်ချင်း လှလှမြင့် က အကြောင်းကြားလာပါတယ်။ သူ့သား နှစ်ယောက်ကို ရှင်ပြုမှာမို့ ကျွန်မတို့ တစ်အိမ်လုံး လာခဲ့ကြပါတဲ့။ အလှူ လုပ်မယ့် ရက်ကလည်း သီတင်းကျွတ်လမို့ ကျောင်းပိတ်ရက်နဲ့ ကြုံတာကြောင့် ကျွန်မရဲ့ မောင်ဝမ်းကွဲလေး တစ်ယောက်နဲ့ အိမ်မှာ အတူနေ မအေးမြင့်ကို မာမီ့ စောင့် ရှောက်ပေးဖို့ အပ်ခဲ့ပြီး ကျွန်မတို့ သားအမိ တစ်တွေ မန္တလေးတက်သွားကြပါတယ်။
ကလေးတွေလည်း မီးရထားစီးရတာမို့ ပျော်လို့။ သူတို့လေးတွေပျော်တာမြင်ရင် ကျွန်မလည်း အလိုလို သူတို့နဲ့လိုက်ပြီး ပျော်ရပါတယ်။ မန္တလေးကို အေးအေးဆေးဆေး မရောက်တာလည်း ကြာပြီလေ။ ကိုယ့်မြို့၊ ကိုယ့်ရွာပြန်ရတာ ငယ်ပေါင်းသူငယ်ချင်းတွေနဲ့ ဆုံရတဲ့အခါတိုင်း ဟန်တွေပန်တွေ လုပ်စရာ မလုဘဲ နင်တစ်လုံး ငါတစ်လုံး ပြောရတာကိုက လျှာအရသာ ရှိပါဘိခြင်း၊ နောက်ပြီး လှလှမြင့်နဲ့ဆို တာ က ညီအစ်မအရင်းလို ချစ်ကြတာမို့ သူ့အိမ်ကလည်း ကိုယ့်အိမ်လို အားမနာရတဲ့အပြင် သူ့မိသားစုက လည်း ကိုယ့်မိသားစု တစ်ပိုင်း ဖြစ်နေတော့ ကလေးတွေ ကလည်း စိတ်ရှိလက်ရှိ ဆော့ကြပေါ့ မာလကာ ပင်တက်တဲ့သူနဲ့ စက်ဘီး တက်စီးပြီး အိမ်ကို မူးချာလိုက်အောင် အခါတစ်ရာ ပတ်သူနဲ့ နောက်ဖေးက ခွေးကို တရွတ်ဆွဲပြီး မြင်းလို တက်ခွစီးသူ နဲ့ ကျွန်မကလေးတွေလည်း  ခြံထဲမှာမို့ ကျယ်ကျယ်ဝန်းဝန်း ရှိလို့ လွတ်လပ် ခွင့်ရပြီး သောင်းကျန်းနေကြလေ ရဲ့။

နောက်တစ်နေ့ အလှူမတိုင်ခင် တ်စရက်တည်းမှာ ကိုရင်လောင်းတွေ ဆံချနေဆဲပဲ ရှိသေးတယ်။ ရန်ကုန်က တယ်လီဖုန်း ဝင်လာပါရော။ ဦးမြလှိုင် ထိန်သိမ်းရာက လွတ်လာပြီတဲ့။ ရက်ကို တွက်ကြည့် လိုက်တော့ သုံးနှစ် နဲ့ လေးလ စုစုပေါင်း လပေါင်း လေးဆယ် ကြာပါတယ်။ ကျွန်မတို့ အားလုံး လည်း ကောင်းသော မင်္ဂလာ သတင်းကြောင့် ဝမ်းတွေသာလို့ မီရာညနေရထားနဲ့ ရန်ကုန်ကို အမြန်ပြန်ဖို့ စီစဉ် ရတော့တာပဲ။ လှလှမြင့် ကတော့ အလှူပြီးအောင် တစ်ရက်ကလေးမှ မစောင့်နိုင်ဘဲ ပြန်ရကောင်းလား နဲ့ ကျွန်မ ကို ဒေါသမျက်စောင်း ထိုးရင်း ကျန်ခဲ့ပါတော့တယ်။

ဦးမြလှိုင်ကို ပြန်တွေ့ရတဲ့အချိန်မှာ လပေါင်းများစွာ ကိုယ်စိတ်နှစ်ပါး တင်းရဲစွာနေလာခဲ့ရတဲ့ အဖြစ်ကို စာနာပြီး ကျွန်မ မျက်ရည်ကျမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆင်းရဲခြင်းဝဋ်ဒုက္ခက ကျွတ်လွတ်လာခဲ့ရပြီ ဖြစ်လို့လည်း တစ်ဖက် က ဝမ်းသာရပြန်တယ်ပေါ့။. ဒါပေမယ့် ဒီအချိန်မှာ နှစ်ဦးနှစ်ဖက်စလုံး အခု ပြန်လည်ဆုံစည်းကြတာဟာ တစ်ခဏ ပဲ။ မကြာခင် ကိုယ့်လမ်းကိုယ်သွားရတော့မယ် ဆိုတာ သိထားကြပြီမို့ ကျွန်မခံစားရသလို ဦးမြလှိုင် လည်း ခံစားရမှာ မလွဲပါဘူး။ ဘယ်လိုအကြောင်းနဲ့ပဲ ဖြစ် ဖြစ် ခွဲခွာရခြင်းမှန်သမျှဟာ ပြင်းပြစူးရှစွာ နာကျင်လှ တဲ့ ဝေဒနာတစ်ခုဖြစ်ကြောင်း ခံစားဖူးသူတိုင်း သိ ကြမှာပါနော်။
အမှန် ကတော့ လူတစ်ဦးနဲ့တစ်ဦး သားနဲ့အမိ၊ လင်နဲ့မယား။ ဆရာနဲ့တပည့်၊ ညီအစ်ကို မောင်နှမ၊ ဆွေ မျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်း သူသူကိုယ်ကိုယ် ဘယ်လိုပဲ ချစ်ချစ် ဘယ်လောက်ပဲ တွယ်တာ တွယ်တာ ရေစက် ရှိသလောက် အခိုက်အတန့် ကာလကလေးမှာပဲ အတူတကွ နေထိုင်ခွင့် ရကြတာပါ။
ရေစက်ကုန်ကြပြီ ဆိုတော့လည်း ဝေး၍ ဝေး၍ သွားတော့တာပါပဲလေ။

ဆက်ရန်
.

1 comment:

ma yu said...

ဒီလိုလူမျိုးကို ဒီလိုစိတ်မျိုးထားနိုင်လိုက်တာအကောင်းဆုံးပါပဲအန်တီရေ။