"မလှဝင်း"
"ရှင်...."
ထိုအခိုက် ဘုရာဝတ်ပြုနေသော ဒေါ်ဒေါ်သည် ကျွန်တော်နောက်ပါးမှ လိုက်လာပါသည်။ ဒေါ်ဒေါ်က ကျွန်တော့် အား စကားမပြောနိုင်သေးဘဲ သူ၏ မဆုံးသော အဝေယျာဟောန္တု.. မေတ္တာပို့ကို ဆက်၍ ရွတ်ဆိုနေ ပါသည်။ ဒေါ်ဒေါ်နှင့် ပက်ပင်းတိုးနေသော ကျွန်တော်သည် လူမိသော ကျီးတစ်ကောင် ကဲ့သို့ ကြောက်ရွံ့ စိုးရိမ်စွာဖြင့် ဆွဲ ထားသော မလှဝင်း၏လက်ကို ရုတ်တရက် လွတ်ချ လိုက်မိပါတော့ သည်။ မလှဝင်းကမူ သူ့လက်ဝယ် မှ မျက်နှာ သုတ်ပဝါကို ကမ်းပေးကာ ချက်ချင်းပျောက်ကွယ် သွားပါတော့သည်။ မလှဝင်း ပျောက်ကွယ် သွားသောအခါ ကျွန်တော် နောင်တကြီး စွာ ရလိုက်မိ ပါသည်။ ကို ဆက်ဖတ်ရန် ....
အဘယ့်ကြောင့် ဆိုသော် ကျွန်တော်မျှောင့်လင့်စောင့်စားနေသော ချစ်သူသန်းသန်းတစ်ယောက် ရှိနေသည် မဟုတ်ပါလား.....
မော်လမြိုင်မြို့သည် အလှမ်းဝေးမှာ ကျန်ရစ်ခဲ့ပါပြီ။
ကိုစံတင်၊ ကိုပြည်စိုး၊ ကိုလေးမြင့်တို့ သုံးယောက် ကျွန်တော့်အား မုတ္တမအထိ လိုက်လံပို့ဆောင် ပေးကြပါသည်။ စစ်အတွင်းကာလဖြစ်၍ ခရီးသွားလာရေးသည် အလွန်ခက်ခဲကြမ်းတမ်းလှပါသည်။ မော်လ မြိုင်-ရန်ကုန်ခရီး ကို နေ့ချင်းပေါက် သွားလာနိုင်ခြင်းမှ ယခုမူ လမ်းခရီးတွင် တစ်ညတာ အိပ်စက်သွား လာရပါသည်။ ကျွန်တော့်စိတ် များသည် ရန်ကုန်သို့ ရောက်လိုစိတ်ဖြင့် ပြင်းပြလျက် ရှိပါသည်။ ကိုလေးမြင့် ရန်ကုန် က ပြန်လာခဲ့ပြီးသည့်နောက် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများမှာ ကျွန်တော်ဘဝ၏ ရှေ့လုပ်ငန်း များကို အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်ပါ သည်။ လမ်းတစ်လျှောက်လုံး အ၀ီစိပွတ်၍လှုပ်ရှား သွားလာနေ ကြကုန်သော ခရီးသွားများ ၏ ကြားတွင် ကျွန်တော် တစ်ယောက် ငိုက်မျဉ်း လိုက်ပါလာရင်း ရန်ကုန် မြေပေါ် သို့ ခြေချမိပါသည်။ ရန်ကုန်မြေကို နင်းမိလျှင် နင်းမိချင်း ရှေးဦးစွာ ဆရာချစ် (သခင်ချစ်) သတိရမိ သည်။ ဆရာချစ် အား ရှာဖွေလျက် ရှေ့လုပ်ငန်းများ၏ အဆုံးအဖြတ်ကို တောင်းခံမည်ဟုလည်း သံန္နိဠာန်ချမိသည်။ သို့သော် လောလောဆယ် မူ ဌာနချုပ်တွင် သတင်းပို့ နာနေရဦးမည် ဖြစ်ပါသည်။ အာရှလူငယ် ဌာနချုပ်ကလည်း ယခု ဘောင်ဘရီ လမ်း စက်မှုလက်မှုကျောင်းတွင် ဖြစ်သည်။
ကျွန်တော်သည် ဦးဘဂျမ်းကို သူ့ရုံးခန်းတွင် သွားရောက် သတင်းပို့ရသည်။ ကျွန်တော် သတင်းပို့ချိန်တွင် ဦးဘ ဂျမ်း ကမူ ပီကေဘွန်း၊ ဦးဘရှင် (ဗိုလ်မှူးကြီးဘရှင်)တို့လည်း ရှိကြသည်။
"ဟော... မောင်မြလှိုင် ဘယ်တုန်းက ရောက်သလဲ"
"ဘာနဲ့လာသလဲ"
"အစုံပဲ"
"အစုံပဲ" ဟူသော စကားကြောင့် တီကေဘွန်းနှင့် ဦးဘရှင်က ကျွန်တော့်အား နားမလည်နိုင်သလို ကြည့်ကြ ပါသည်။ ဦးဘဂျမ်းကမူ မော်လမြိုင် ခရီးကြမ်းကို ကိုလေးမြင့်ထံမှ သိထားဟန်ဖြင့် မော်လမြိုင်ခရီးကြမ်းကို ရှင်းလင်ြးုပန်သည် ကို ကြားရပါသည်။ ထိုအခါတွင် ကျွန်တော့်အား သနားကြင်နာစွာဖြင့် စုတ်သတ် အားပေး စကားများ ဆိုလာပါသည်။
"ဆရာ- ကျွန်တော့်ကို မှာလိုက်တယ်ဆိုလို့ လိုက်လာတာပါ ဆရာ"
"ခုချက်ချင်း လာခဲ့ရမယ် လို့ မဟုတ်ပါဘူး မောင်မြလှိုင်၊ ရန်ကုန်တစ်ခေါက် ထက်လာခဲ့ဦးလို့ မှာလိုက်တာပါ ဒါ ထက် မော်မြိုင် က လူငယ်အစည်းအရုံး အောင်မြင်ရဲ့လားကွဲ့"
"မော်လမြိုင် မှာ အာရှလူငယ်လုပ်ငန်းဟာ ဗုံးကျင်းလိုက်ဖော်ပေးရတဲ့ အလုပ်နဲ့ပဲ အချိန်ကုန်နေပါတယ်"
"ဘာဖြစ်လို့လဲဗျ"
"မော်လမြိုင်မှာ တစ်နေ့ကို အကြိမ် ၃-၄ ဆယ် ဗုံးကြဲခံနေရပါတယ်"
"လူတွေ ရှိသေးရဲ့လား...."
"မရှိတော့ပါဘူး။ ဘီလူးကျွန်းဘက် ပြောင်းကုန်ကြပြီ"
ကျွန်တော် သည် မော်လမြိုင်မြို့၏ အာရှလူငယ်စည်းရုံးရေး အခြေအနေများကို အသေးစိတ် ရှင်းလင်း အစီရင်ခံပါ သည်။ ကျွန်တော်၏ အစီရင်ခံချက်များနှင့် ပတ်သက်၍ ဦးဘဂျမ်သည် နားထောင်ရုံမှတစ်ပါး မည်သို့ မျှ မှတ်ချက် မပေးပါချေ။ ကျွန်တော်သည် မော်လမြိုင်မြို့၏ အခြေအနေနှင့် ဂျပန်စစ်သားများနှင့် ပတ်သက်သော လူထုသဘောထား၊ နိုင်ငံရေးသမားများ၏ အယူအဆများ၊ လူငယ်များ၏ လှုပ်ရှားမှု၊ ချွေးတပ်စခန်း သို့ ရောက်ခဲ့ပုံများကို ပြောသောအခါ၊ တီကေဘွန်းက ကျွန်တော့်အား "ကိုမြလှိုင်" လူငယ်လုပ်ငန်း ထက် နိုင်ငံရေးနယ်ပယ်ထဲ တိုးဝင် နေပါလားဟု ပြောပါသည်။.
"မောင်မြလှိုင်... နားလိုက်ပါဦး ညကျမှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့ မော်လမြိုင်ကို ဘယ်နေ့ ပြန် မှာလဲ"
"မေမေတို့နဲ့ တွေ့ချင်တယ်"
"ဘယ်တော့ သွားမှာလဲ"
"ဆရာနဲ့ ဒီည စကားပြောပြီးရင် မနက်ဖြန်ပဲ ကျွန်တော်သွားလိုက်ချင်တယ်"
"ဘယ်နှစ်ရက်ကြာမှာလဲ"
"တစ်ပတ်လောက် နေချင်တယ် ဆရာ"
ထိုညက ဦးဘဂျမ်းနှင့် သန်းခေါင်ကျော်သည်အထိ စကားပြောခွင့်ရရှိပါသည်။ ဦးဘဂျမ်း၏ သဘောထားမှာ ကျွန်တော် ထင်မှတ် သကဲ့ သို့ပင် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို အာရှလူငယ် အနေဖြင့် မလုပ်သင့် ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြမြန်တစ်ပြည်လုံးရှိ လူငယ်အင်းအားစုများသည် အာရှလူငယ် အစည်း အရုံး သို့ ဗလငါးတန်ကို အခြေခံ၍ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဂျပန်ကင်ပေများသည် အမြဲတစေ စောင့်ကြည့် အပြစ်ရှာဖွေလျက်ရှိကြောင်း၊ မိမိ၏ လုပ်ကိုင်မှုကြောင့် တစ်စွန်းတစ်စ ပေါ်ပေါက်ခဲ့ သော် တစ်ပြည်လုံး လူငယ်များ စွာကို ဂျပန်ကင်ပေလက်ထဲသို့ ရောက်ရှိနိုင်ကြောင်း မိမိတစ်ဦးတည်း အနေဖြင့် ဖက်ဆစ်ဆန့်ကျင်ရေး ကို ထောက်ခံမည်ဖြစ်သော်လည်း အဖွဲ့အစည်းတစ်ရပ်ကိုမူ ထောက်ထား ရမည် ဖြစ်ကြောင်း စသည်တို့ကိုရှည်လျားစွာ နား ဝင်ဖွယ် ရှင်းပြပါသည်။
"ကျွန်တော် အာရှလူငယ် အစည်းအရုံးက ထွက်လိုက်ပါမယ် ဆရာ"
"ဒီလိုလဲ မလုပ်ပါနဲ့ မောင်မြလှိုင်"
"ကျွန်တော့်ကြောင့် အစည်းအရုံးကြီး မထိခိုက်စေချင်ပါဘူး ဆရာ"
ဦးဘဂျမ်း၏ သဘောထား ကို ကျွန်တော်နားလည်သဘောပေါက်ပါတယ် ဦးဘဂျမ်းသည် ပုဂ္ဂိုလ်တစ်ဦးချင်း အနေ ဖြင့် ဖက်ဆစ်တော်လှန်ရေး ကို ထောက်ခံအားပေးမည် ဖြစ်သော်လည်း အဖွဲ့အစည်း၏ ဥက္ကဌအဖြစ် ကြီးမားလှ စွာ သော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်နေရသော အချိန်များတွင် အစည်းအရုံးကြီးအတွင်း အဓိကဖြစ်သော တစ်ပြည်လုံးရှိ လူငယ်ထု တစ်ရပ်လုံး၏ အသက်စည်းစိမ်တို့ကို ကာကွယ်ပေး ရမည်သာ ဖြစ် ပ်ါသည်။ သို့ကြောင့်လည်း အဖွဲ့အစည်းသဘောထားနှင့် ပုဂ္ဂိုလ်ရေး သဘောထာများကို ရှင်းလင်ြးုပခြင်း ဖြစ် ပါသည်။ ထိုနေ့ည က နာယကဂုဏ်ဖြင့် ပြည့်ဝ၍ လူင်ထုပေါ်တွင် စေတနာ သန့်ဇင်သော ဆရာ ဦးဘဂျမ်းကို ဦးသုံးကြိမ်ချ ကန်တော့ခဲ့ မိ ပါသည်။
အာရှလူငယ် အစည်းအရုံးကို ကျောခိုင်းခဲ့ပါသည်။
လေလေဆယ် ဖျာပုံသို့ ပြန်ရန်အစီအစဉ်များကို ဖျက်လိုက် သည်။ တော်လှန်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ဖွယ် များကို ဆောင်ရွက်ရန် ဆရာချစ် (သခင်ချစ်)ကို ရှာဖွေတွေ့ဆုံခဲ့ပါသည်။ ဆရာချစ် သည် လျှို့ဝှက် ဖွဲ့စည်း ထားသော ပြည်သူ့အရေးတော်ပုံ အဖွဲ့၏ ခေါင်းဆောင် တစ်ဦး လည်း ဖြစ်ပါ သည်။
ဆရာချစ်နှင့် တွေ့ရချိန်တွင် ကျွန်တော့်စိတ်များ အားမာန်သစ်များ ပြည့်လျှမ်းလာပါသည်။ ဆရာချစ်သည် ဖက်ဆစ်တော်လှန်ရေး "ယူဂျီ"ခေါ် မြေအောက်လှုပ်ရှားမှုများအကြောင်းကို ပြောပြပါသည်။ ကျွန်တော် ကျွမ်းဝင် ခြင်း မရှိသေးသော ပြည်သူ့အရေးတော်ပုံအဖွဲ့မှ ခေါင်းဆောင်းများ၏ နာမည်များကို ကြားခဲ့ ရပါသည်။
"ကျွန်တော် တပ်ထဲ ပြန်ဝင်မယ် ဆရာ"
"ကောင်းတယ် တပ်ထဲ မှာ ကျွန်တော်တို့ ဆဲလ်တွေရှိတယ်။ခင်ဗျားတပ်ထဲ ရောက်ပြီလျှင် ကိုယ့်နယ် ကိုယ့်ဒေသ မှာ ရှိတဲ့ ယူဂျီဆဲလ်" တွေနဲ့ ဆက်ပြီး ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုကို လုပ်ဖို့လိုလိမ့်မယ်။ ဒါထက် ကိုမြလှိုင် ကိုဘဆွေကို သိလား"
"မသိဘူးဆရာ..."
"ကိုမြလှိုင်တို့ မြစ်ဝကျွန်းပေါ်ကို သူပဲ ဦးဆောင်လိမ့်မယ်။ အချိန်ရရင် ကျွန်တော် ဆက်သွယ်ပေးမယ်"
"လောလောဆယ်တော့ ကျွန်တော် ဖျာပုံပြန်လိုက်ဦးမယ် ဆရာ။ ဖျာပုံက ပြန်လာပြီးရင် ဆရာနဲ့လာတွေ့ပါ တယ်။ နောက်ပြီး တပ်ထဲဝင်မယ်ဆရာ"
ကျွန်တော်သည် ဆရာချစ်နှင့် တွေ့ဆုံပြီး သံယောဇဉ် မကုန်သေးသော အာရှလူငယ် အစည်းအရုံးသို့ သွား ရောက်ခဲ့ပြန် ပါသည်။ ဦးဘဂျမ်းသည် ကျွန်တော်၏ နေရာသို့ ကိုစိန်ထွန်းနှင့် ကိုဥာဏ်ထွန်းတို့ကို စေလွှတ် မည်ဖြစ်ကြောင်း၊ ပြောပြသိရှိခဲ့ပါသည်။ (နောင်သောအခါ သခင်ဖိုးမှဲ့၊ ကိုဥာဏ်ထွန်း အပါအဝင် ရဲဘော် ၂၀ကျော် တို့ကို ဂျပန်ကင်ပေတိုင်မှ မော်လမြိုင်-မုဒုံသွား လမ်းမပေါ်တွင် သတ်ခဲ့ကြပါသည်။)
အာရှလူငယ်တစ်ဖြစ်လဲ ကျွန်တော် ဖျာပုံသို့ ရောက်သောအခါ သူငယ်ချင်း ကိုအုန်းမောင်တို့နှင့် ပျော်ရွှင်စွာ ပြန် လည်ဆုံစည်းရပါသည်။ ကိုအုန်းမောင်သည် ဖျာပုံအာရှလူငယ်တွင် ကိုယ်ထိလက်ရောက် ကူညီလျက် ရှိသည့် ပြင် တို့ဗမာအစည်းအရုံးတွင်လည်း ဟန်ပြလုပ်လျက် ရှိပါသည်။ ကိုအုန်းမောင်အား ကျွန်တော်က ဆရာချစ်နှင့် တွေ့ဆုံ၍ ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော အကြောင်းများ သိခဲ့ရခြင်းနှင့် ကျွန်တော် တပ်မတော် အတွင်း သို့ ပြန်လည်ဝင်ရောက်ပြီး ဖက်ဆစ်တော်လှန်ရေး လုပ်ကိုင်ရမည်ကို ပြောုပပါသည်။
"မင်းက တပ်မတော်ထဲပဲ စိတ်အားထက်သန်နေတာကိုးကွ"
"ဟုတ်တယ်ဗျာ၊ ကျွန်တော် တပ်မတော်ထဲ ဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးပြီ။ ဆရာချစ်ကို ပြောပြတော့လည်း ကောင်း တယ် လို့ ပြောတယ်ဗျ"
"ဒီမှာပဲ... တို့နဲ့အတူတူ လုပ်ပါလားကွာ"
ကျွန်တော်၏ အဆုံးအဖြတ်ကို မပြောင်းလဲသောအခါ ကိုအုန်းမောင်တစ်ယောက် ကျွန်တော့်ကို လက် လျော့လိုက် ပါသည်။
သန်း....သန်း။
ဖျာပုံမြို့သို့ ရောက်လာခဲ့ခြင်း၏ အဓိက အကြောင်းတစ်ရပ်မှာ သန်းသန်းပင် ဖြစ်သည်။ သန်းသန်းနှင့် ခွဲခွာ လာခဲ့ရသော အချိန် များကို အတိုးချ၍ သန်းသန်းနှင့် မကြာခဏတွေ့ရန် ကြိုးစားသော်လည်း အချည်းနှီး ဖြစ်ခဲ့ ရသည်။ အဘယ့်ကြောင့်ဆိုသော် ဖျာပုံသို့ ကျွန်တော် ပြန်ရောက်သည့် အရိပ်အယောင်ကို မြင်တွေ့ ခဲ့ကြ ကုန်သော သန်းသန်း၏ မိဘနှစ်ပါးသည် သန်းသန်းအား အိမ်ထဲမှ အိမ်ပြင်သို့ ထွက်ခွင့်ကို တစ်ချက် လွှတ်အမိန့်ဖြင့် ပိတ်ပင်လိုက် ခြင်းကြောင့်ပင် ဖြစ်ပါချေသည်။
"မြလှိုင်... သန်းသန်းကို တကယ်ချစ်သလား"
"မေးနေရသလားဗျာ၊ တကယ်ချစ်တာပေါ့"
အထက်ပါ စကားကို ကျွန်တော်က ကိုအုန်းမောင်အား ပြောပြပြီးနောက် မော်လမြိုင် ဘုရားကြီးကုန်းရွာတွင် မလှဝင်းနှင့် တွေ့ခဲ့ပုံ၊ မလှဝင်းတစ်ယောက် သန်းသန်းထက် ချောမောလှပသော်လည်း ချစ်သူအပေါ် သစ္စာ ရှိစွာ မလှဝင်းအား ချစ်ရေး မဆိုခဲ့ပုံ၊ ပြန်မည့်ဆဲဆဲ မလှဝင်း၏ လက်ဖဝါးနုနုလေးကို ကိုင်ကာ ဖေဿာဖဿ ဖြစ်ပုံ များကို စီကာပတ်ကုံး ပြောပြလိုက်မိပါသည်။
"ခွေးမသား မင်း အဒေါ် အရောက်မြန်လို့ပေါ့ မဟုတ်ရင် မင်း မလှဝင်းကို တစ်ခုခုတော့ လုပ်မှာပဲ မဟုတ် လား"
"မလုပ်ပါဘူးဗျာ၊ ကျွန်တော် သန်းသန်းကိုပဲ ချစ်တာပါ"
"ခွေးမသား ငါမယုံဘူး မင်းလိုကောင်မျိုးပေါ့ကွ ငါပုံပြောပြမယ် ယောက်ျားဆိုတဲ့ ကောင်စားတွေဟာ လင်မယား မဖြစ်ခင် ကမ္ဘာပေါ် မှာ ကိုယ့်ချစ်သူဟာ အလှဆုံးလို့ပဲ ထင်တတ်ကြတယ်"
"အင်းလေ ဟုတ်သားပဲ"
"ခွေးမသား စကားဆုံးအောင် နားထောင်ဦး အဲဒီချစ်သူဟာ လင်မယားလည်းဖြစ်ရော၊ ကမ္ဘာပေါ်မှာ ကိုယ့်မယား က လွဲရင် ကျန်တဲ့ မိန်းကလေးက အလှဆုံးပဲကွ"
"ဟင်း ဟင်း ကျွန်တော်က အဲလို မဟုတ်ရပါဘူးဗျာ သန်းသန်းပါ သန်းသန်းပါ"
"ခွေးမသား မင်းက သာစိုးဦးမယ်"
ထိုအခိုက် ကျွန်တော်တို့ဝိုင်းသို့ သကောင့်သား ကိုဇော်ကြီး ထုံးစံအတိုင်း ကိုယ်ဝတ်ဗလာ နံငယ်သာသာ အဝတ် ကို ခါးစီး လျက် အရက်နံ့ သင်းပျံ့ပျံ့ဖြင့် ကျွန်တော့်ကျော ကို ပုတ်ကာ စကားဆိုပါသည်။
"မြလှိုင်စံ... နေကောင်းတယ်နော် သောဒေါရှိတယ်နော်"
"ဘာလဲဗျ ခင်ဗျား ဂျပန်စကားတွေ တော်တော်တက်နေပါပကောလား"
"ဟ ကာလံ-ဒေသံ-အဂ္ဂံ-ဓနံ ဆိုတယ် မဟုတ်လား"
"ဟေ့လူ လူပုံပတ္တလားက နတ်စကားပြောနေပြန်ပြီ ဒါနဲ့ နေပါဦး အဝတ်အစားကလေးလဲဝတ်ပါဦး ခင်ဗျားကြည့် ရတာ သူတောင်းစား ကျနေတာပဲ"
"ဟေ့ကောင် နီပွန်ခေတ် မှာ ဒီအဝတ်အစားနဲ့ ဝဲခြောက်ဟာ မိတ်ဖက်ဆိုတာ မင်းမသိဘူးလား ကိုင်း ကြုံတုန်း ဆရာသမား ကို ဝမ်းဘော့တယ် ဆပ္ပလိုင်းခဲ့ပါဦး"
ကျွန်တော်တို့နှစ်ယောက် ကိုဝက်ကြီး၏ ဂျပန်ခေတ်ပြယုဂ် ပြက်လုံးကို သဘောကျစွာ ရယ်မောရပါသည် အဘယ့်ကြောင့်ဆိုသော် ဂျပန်ခေတ်တွင် အဝတ်အထည် ရှားပါးခြင်း၊ စားနပ်ရိက္ခာရှားပါခြင်း၊ ရောဂါဘယ ထူပြောခြင်းကို လူတိုင်း ကြုံတွေ့နေရခြင်းကြောင့်ပင် ဖြစ်ပါသည်။ လက်လုပ်လက်စားနှင့် တောနေ လူတန်းစား များမှာ အဝတ်မဲ့ ခြင်း၊ ဘေးဒုက္ခနှင့်ပင် ရင်ဆိုင်ခဲ့ကြရပါသည်။ အနည်ူးငယ်မျှသာ လူတန်းစား အချို့သာလျှင် အဝတ် အထည်နှင့် နေနိုင်ကြသည်။ ထိုအဝတအထည်များမှာလည်း မြန်မာရက် ချည်ကြမ်း ထည်များ သာ ဖြစ်ပါ သည်။
"လက်ဖက်ရည်ပဲ သောက်ဗျာ၊ အရက်ကို ကျုပ်လည်း မကြိုက်ဘူး လူများလဲ မတိုက်ချင်ဘူး နောက်ပြီး ခင်ဗျား ပါးစပ် က ခုပဲ အရက်နံ့ တထောင်းထောင်းထနေတာ တော်ရော့ပေါ့ဗျ"
"ဟ... ခင်များ ခက်ပါဘိ သူငယ်ချင်းတို့ရာ အရက်သမားကို လက်ဖက်ရည်တိုက်မယ်ဆိုတာ မသင့်တော်ပါဘူး ခုအရက်နံ့ ရတာကလည်း မနက်အိပ်ရာထ မျက်နှာသစ်ကောင်းရုံကလေး အာစွန့် လာခဲ့တာပါ"
ကိုဝက်ကြီးနှင့် အရက်၊ အရက်နှင့် ကိုဝက်ကြီးခွဲခြား၍ မရသည်ကို ကျွန်တော်နားလည်သဘောပေါက်ပြီး ဖြစ်ပါ သည်။ သို့သော် ကိုဝက်ကြီးသည် အရက်သောက်၍ ဟေ့ရမ်းသော့သွမ်းသူ တစ်ယောက်မဟုတ်ပေ။ ကိုဝက်ကြီးသည် ဘဝ၏ အထုအထောင်းကို အရက်ဖြင့် ဆေးကြောနေသူဟု ကျွန်တော်နားလည်ခဲ့ပါသည်။ ထို့ပြင် သာမန်လူတို့ မလုပ်ဝံ့သော နယ်ချဲ့တော်လှန်ရေါ် ကာလက ကူညီမှုများကို ကြည့်လျှင် ကိုဝက်ကြီး၏ သစ္စာတရားကို ကျွန်တော်သိပြီးဖြစ်ပါသည် ယခုတစ်ဖန် ဖက်ဆစ်တော်လှန်ရေး ကာလတွင်လည်း ကိုဝက်ကြီး သည် သူ့အား သူ့မာန်ဖြင့် သစ္စာရှိစွာ လုပ်ကိုင်ပေးမည်ကို ကျွန်တော် သံသယ မဖြစ်မိပါလေ။
"လုပ်ကွာ"
"ဘာလုပ်ရမှာလဲ ထိုင်ပါဦး"
ကိုဝက်ကြီးက ကျွန်တော့်ဘေးတွင် စိတ်ပျက်စွာ ဝင်ရောက်ထိုင်လိုက်ပါသည်။ လက်ကြားထဲမှ ပုလဲလုံများသဖွယ် ပြည်တည်နေသော လက်အစုံဖြင့် သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်ကာ ကျွန်တော့်အား မကျေနပ်သည့်အလား ကြည့်နေပါသည်။ ကျွန်တော်က ကိုဝက်ကြီး၏ ကမ္မဌာန်းရုပ်ကို ကြည့်၍ တစ်ချက်ရယ်လိုက်သည်။
"ဘာရယ်တာလဲကွ"
"ဒေါသကြီပဲဗျာ ကိုဝက်ကြီးဆိုတဲ့ လူချောကြီးကို သဘောကျလို့ပါ ဟင်း..........ဟင်း"
"သဘောကျရင် မင်းတို့ ကြီးဒေါ်ကြီးနဲ့ ပေးစားလိုက်ပါလားကွ"
"ဟေ့လူ မြလှိုင်ကိုပဲပြော ကျုပ်မှာ ကြီးဒေါ်မရှိဘူး ဟီးဟီး"
"ကြီးတော်မရှိ ရှိတာယူမယ်ကွာ"
ကိုဝက်ကြီးအား အရက်ဖြူတစ်ပုလင်းဖိုး ပေးလိုက်သောအခါ ကျွန်တော့်အား နှုတ်ဆက်ရန်ပင် သတိမရ တော့ ဘဲ ဘုံဆိုင် ရှိရာသို့ တချိုးတည်း ခြေသုတ်တင်သွားပါသည်။ သတိမရတော့ဘဲ ကိုအုန်းမောင်သည် အဝတ်မဲ့ ကိုဝက်ကြီး ၏ နေက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိပါတော့သည်။
"မမေအေး"
"ဆိုစမ်းပါ င့ါမောင် ဘယ်က မျက်စိလည်လာတာလဲ"
"မမအေးကို အကူအညီတစ်ခု တောင်းမလို့"
"ဘာလဲ ပြောလေ"
"ကျွန်တော် မိန်းမခိုး လာခဲ့ချင်လို့ပါ"
"ဘုရားရေ... တကယ်... ငါ့မောင် တကယ်ပြောတာလား"
"သြော်... မမေအေးကလဲဗျာ"
"မဟုတ်ဘူး မောင်မြလှိုင်၊ မမအေးတို့အိမ်ကို ခေါ်လာလို့ ရပါတယ် ဒါပေမယ့် သေသေချာချာ စဉ်းစဉ်းစား စား လုပ်ဖို့ပြောတာပါ"
ကျွန်တော်သည် ဖျာပုံသို့ ရောက်ပြီးနောက် ချစ်သူသန်းသန်းအား လုံးဝတွေ့ခွင့်မရခဲ့သဖြင့် ကျွန်တော့် ရင်ထဲတွင် ဝေဒနာတစ်ခုကဲ့သို့ ခံစားရပါတော့သည်။ အထူးသဖြင့် သန်းသန်း၏ မိဘများက ၄င်းတို့၏ သမီး အား ဤမျှကြပ်မထားခြင်းကိုလည်း မခံချင်စိတ်များ ဖြစ်ပေါ်နေမိပါသည်။ အမှန်မှာ သန်းသန်း၏ မိဘများ သည် ကျွန်တော့်မိဘများ၏ ဂုဏ်သိက္ခာပေါ်တွင် ငြင်းပယ်ရန် အကြော်းမရှိသော်လည်း ငယ်စဉ်ကာလက ပင် တာတေလန်အောင် ဆိုးခဲ့ပေခဲ့သော ကျွန်တော့်ကိုမူ သူတို့အမြင်ကတ်ကြသည်။
ကျွန်တော့်တွင် လောလောဆယ် ဆောင်ရွက်ဖွယ်ကိစ္စများ များပြားစွာရှိသည်။ မှန်သော်လည်း သန်းသန်း ကို မတွေ့ရခြင်းက များပြားလှသော ကိစ္စများကို လွှမ်းမိုးလျက် ရှိနေပါသည်။ သန်းသန်းအား ခိုးယူရန် စီစဉ်သောအခါ ကိုအုန်းမောင်သည် ယခု မမေအေးပြောသကဲ့သို့ပင် စဉ်းစဉ်းစားစား လုပ်ရန် ပြောခဲ့ပါ သည်။ သို့သော် ကျွန်တော့်စိတ်ကို ကျွန်တော် ဒုန်းဒုန်းချလျက် ဆုံးဖြတ်ပြီးဖြစ်၍ ကိုအုန်းမောင် တစ်ယောက် နောက်ဆုံ လက်လျှောက် ကာ ကျွန်တော်၏ မိန်းမခိုးယူရေး အစီအစဉ်ကို မျက်စိမှိတ် ထောက် ခဲ့ခြင်း ပြုရပါတော့သည်။
မမအေးသည် ကျွန်တော်ပြောပြသော အကြောင်းအရာများကို စိတ်ပါဝင်စား နားထောင်ပြီးနောက် သန်း သန်းအား ခိုးယူလာခဲ့သောအခါ ကောင်းမွန်စွာ လက်ခံထားရန် သဘောတူပါသည်။ အမှန်မှာ မမအေးတို့ မိသားစုများမှာ ကျွန်တော်နှင့် သွေးမတော် သားမစပ်သော်လည်း ကျွန်တော့်အား မမအေး၏ အဘိုးအဘွား၊ အမေ၊ အဖေများကပင် မြေးအရင်း၊ သားအရင်းကဲ့သို့ ချစ်ရင်းစွဲရှိကြပါသည်။ ကျွန်တော့် မိဘများပေါ်တွင် ဆိုးနွဲ့သကဲ့ သို့ မမအေးတို့အပေါ်၌ ဆိုးနွဲ့နိုင်ခွင့်လည်း ရခဲ့ပါသည်။ ယခု ကျွန်တော်တစ်ယောက် မိန်မခို၍ တင်ထားပေး ဦးမည် ဖြစ်သည်။
"ဘယ်တော့ ခိုးခဲ့မှာလဲ"
"တစ်ရက် နှစ်ရက် အတွင်ပေါ့"
"ကောင်မလေးက ခိုးရာလိုက်မယ်တဲ့လား"
ကျွန်တော်က လက်ဖြောက်တစ်ချက်တီး၍ လက်မထောင်ပြလိုက်သည်။ ဒါကို မမအေးက သဘောကျစွာ ဟက်ဟက် ပက်ပက် ရယ်မောကာ ကျွန်တော့်နဖူးပြင်ကို ချစ်စနိုးဖွယ် နမ်းရှုပ်ပါသည်။ မမအေး တစ်ယောက် ကျွန်တော် အား တကယ့်ကလေးလေး တစ်ယောက်ဟု ထင်မှတ်နေပုံရပါသည်။
"ငါ့မောင်ကို မမက နို့နံမပျောက်သေးတဲ့ ကလေးလို့ မှတ်နေတာ ခုတော့ မိန်းမတောင် ခိုးတော့မယ်တဲ့ ဟင်း ဟင်း"
"မမအေး သဘောမတူဘူးလား"
"မိန်းမယူဖို့ ငယ်ပါသေးတယ်ကွယ်"
"မမအေး တို့လို အပျိုကြီးဖြစ်မှ ဘယ်သူယူမှာလဲဗျ"
"ဟုတ်ပေ့ကွယ် မမတို့ကလည်း စာမလိပ်လိုက်ပေါင်တော်ရေး မိန်းမယူယောက်ျားယူဆိုတာ လွယ်တာ မဟုတ်ဘူး ငါ့မောင်ရေ"
"ဒါတွေ ထားပါလေ ကျွန်တော် မိန်းမခိုးလာရင် ဟင်းကောင်းကောင်း ချက်ကျွေးရမယ် ဒါပဲ"
"ရော... ခုထိ ကလေးစိတ် မပျောက်သေးတဲ့လူက မိန်းမယူမယ်တဲ့ ဟင်းဟင်း"
ကျွန်တော် မမအေးတို့အိမ်တွင်မိန်းမခိုးရေး စည်းဝါးကိုက်ခဲ့ပြီးနောက် ကိုအုန်းမောင်ထံသို့ အသော့နှင့်ခဲ့ပါ သည်။ မမအေး တို့အိမ်သို့ ခိုးယူးသွားမည့်အကြောင်း ပြောပြလိုက်သောအခါ ကျွန်တော်တစ်ယောက်က သန်းသန်း အား မည်သည့်နည်းဖြင့်မဆို ခိုးယူတော့မည့်မှာ အမှန်ဖြစ်ကြောင်း တိတိပပ ယုံကြည် လက်ခံ လိုက်လေသည်။
"ကိုင်း.... ဘယ်နေ့ခိုးမလဲ"
"မနက်ဖြန်ည ခိုးမယ်"
"ဘယ်မှာလဲ ပိုက်ဆံ မင်းမှာ အဆင်သင့် ရှိသလား"
"ဟင့်...အင်း...."
"ဟေ့ကောင် ရူးသလို ပေါသလို မလုပ်နဲ့ ဒါပွဲသွားကြည့်တာ မဟုတ်ဘူး မိန်းမယူမယ်ဆို မင်းအိမ်က ခေါင်း နဲ့ဆင်းရမှာ ဒီတော့ မင်းမှာ လုံလုံလောက်လောက် မရှိဘဲ သူများ အိမ်ဦးခန်းသွားပြီး အမြိုင့်သား စားနေ လို့ ဖြစ်ပါ့မလား"
"ဒါတွေ ထားစမ်းပါ နောက် ဖြစ်လာမှာပါ"
"မဟုတ်သေးဘူး မြလှိုင်... ပိုက်ဆံတော့ ရှာရလိမ့်မယ်"
"ပူရန်ကော ဗျာ ပိုက်ဆံ သူ့ဟာသူ ဖြစ်လာမှာပါ"
"ခွေးမသား မိန်းမတော့ ယူချင်တယ် ခုထိ ဘာမှ ပူပင်ရမှန်း မသိဘူး ခွေးမသား ငါ့ မင်းအစား စိတ်မော လိုက်တာ"
"ဒါတွေ ထားစမ်းပါဗျာ အရေးကြီးတာက ဒီစာကို ဒေါ်ကြူကြူဆီ သွားပေးမယ် ဒီစာ ဒီနေ့ညနေ သန်း လက်ထဲရောက် မနက်ဖြန်တစ်ရက် သဘက်ခါမနက် ၃နာရီ သွားခိုးမယ်"
"မင်းဘက် ကတော့ ရာခိုင်နှုန်း ငါးဆယ် သေချာနေတာပဲ အကယ်လို့ သန်းသန်းက ခိုးရာမလိုက်ရင်ကော ကွာ၊ မင်းဘာလုပ်မလဲ"
"ထပ်သရီး ခင်ဗျား ပါးစပ်ပုပ်ကြီးနဲ့ လုပ်ရော့မယ်။ လိုက်မှာပါဗျ ကျုပ်ကို ဗေဒင်က မိန်းမရမယ်တဲ့။ ကျုပ် မိန်းမ ရမယ် လို့ဗေဒင်ဟောလိုက်လို့ မားသားကြီးက ကြက်မတစ်ကောင် ဝယ်ပြီး ခမဲပေးထားသေးတယ် ဟင်းဟင်း"
"ဒီလိုဆို ကျိန်းကျေသွားပြီပေါ့"
"မကျေပါဘူးဗျာ အဲဒီကြက်၊ ကျုပ်ပဲ အပေါင်းအသင်းတွေနဲ့ ခိုးချက်စားပစ်လိုက်တယ် ဟီးဟီး"
"မြလှိုင်ဆိုတဲ့ ကောင်ကတော့ စံတင်လောက်ပါပေ့ကွာ။ လာဒေါ်ကြူကြီးဆီ သွားစို့"
မမလေးကိုဗျာ ဒီမောင်ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင်.. သီချင်းတစ်ပုဒ်လုံး ဤမျှလောက်သာ ဆို တတ်သည်။ ကျွန်တော် တစ်ယောက် မိန်မခိုးရေးစီမံကိန်းကြီး ဆွဲ၍ ချောမောပြေပြစ်စွာု ဆောင်ရွက်ပြီးသော အခါ စိတ်လက်ရွင်လန်းစွာဖြင့် အိမ်သို့ ပြန်ခဲ့သည်။ သို့သော် အိမ်သို့ ပြန်ရောက်သောအခါ မိခင်ကြီး၏ မျက် နှာသည် ရွာတော့မည့် မိုးပမာ အုံ့ဆိုင်းလျက် ရှိပါသည်။ မိခင်ကြီး မျက်နှာကို မြင်ရသောအခါ အကြောင်း တစ်ခုခု ဆိုက်နေပြီဟု ပင် ကျွန်တော် နားလည်လိုက်မိပါသည်။ မှန်ပါသည်။ မိခင်ကြီးသာမက အိမ်သူ အိမ်သား အားလုံး၏ မျက်နှာများသည် ကျွန်တော့်အား မလိုတမာ အကြည့်များဖြင့်ြုကည့်လျက် ရှိကုန် သည်။ သို့ဖြစ်၍ ကျွန်တာ်၏ မြူးတူးတက်ကြွသော စိတ်အရှိန်ကို လျှော့၍ အိမ်နောက်ဖေးသို့ ဝင်လိုက်မိ သည်။
ဆက်ရန်
.

No comments:
Post a Comment