Wednesday, January 9, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၇)

တစ်နေ့မှာ ကိုကြီးနဲ့ ကျွန်မ မာမီရဲ့ စိတ်မမှန်မှု ကိစ္စတစ်ခုကို အကြောင်းပြုပြီး စကားများကြ ပါလေရော။ စပြီး ကိုကြီးကို လက်ထပ်ကတည်းက မာမီစိတ်မမှန်လို့ အားကိုးပြုပြီး ယူခဲ့တာပဲ ဟာ။ ခုတော့ လည်းဆက်လက်ပြီး သည်းခံသင့်တယ်လို့ ကျွန်မအနေနဲ့ မြင်မိတယ်ပေါ့။ ကို ဆက်ဖတ်ရန် ...


လူဆိုတာ ကိုယ့်ဘက်က အမြင်နဲ့ ကိုယ့်ရှု့ထောင့်ကနေပြီး ကြည့်မြင်တတ်တကြတာ ဓမ္မတာဆိုတော့ ကျွန်မ အမြင်နဲ့ ကျွန်မမှန်တယ်ထင်ပေမဲ့ သူ့ဘက်ကလည်း သူ့အမြင်နဲ့ ကြည့်ပြီး မမှန်ဘူး၊ တရားလွန်တယ်ဆိုတဲ့ အထင်နဲ့ ဒေါသတွေကြီး။ ကျွန်မမှာ မာမီကို လည်းစိတ်မမှန်သူမို့ ထိန်းသိမ်းနိုင်စွမ်းမရှိ။ ကိုကြီးရဲ့ ဒေသနဲ့ ရိုင်းပျ တဲ့ စကားလုံးတွေကို လည်းခံနိုင်ရည်စွမ်းမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် လူအဖြစ်က အခိုးအငွေ့တွေလို အရည် ပျော်ပြီး ပျောက်ကွယ်သွားချင်တဲ့အထိကို စိတ်ဆင်းရဲမိတာပါ။


ဆက်ပြီး နားထောင်နေရင် ပေါက်ကွဲမိတော့မဲ့ အခြေအနေရောက်မိမှာစိုးတာနဲ့ စက်ဘီးကို ဆွဲထုတ်ပြီး စီးထွက်လာ ခဲ့တာ ရည်မှန်းချက်မရှိဘဲ ၈၄လမ်းမကြီးအတိုင်း နင်းလာလိုက် တာ၊ မဟာမြတ်မုနိ ဘုရားကြီးကိုလွန်၊ ကျောက်ဆစ်တန်းကိုဖြတ်၊ ဗားကရာကွေ့ ကိုကျော်၊ ရွှေကြက်ယက် ဆိပ်ကမ်း ကို ရောက်တဲ့အထိပါပဲ။ တစ်လမ်းလုံးလည်း မျက်ရည်တွေအရွှဲ သားနဲ့ငို လာလိုက်သေးတာနော်။
ဆိုင်မဖွင့်ခင် မနက်စောစောမှ ထပြီးဖြစ်ခဲ့တဲ့ ရန်ပွဲမို့ ၀တ်ထားတာကလည်း အိမ်မှာနေတဲ့ ဘလောက်စ် အင်္ကျီလက်ပြတ်နဲ့။ ထွက်ခါနီး အံဆွဲထဲက နှိုက်ယူလာတဲ့ ငွေသုံးဆယ်တော့ ပါလာ ပါရဲ့။ ရွှေကြက်ယက် ဆိပ်ကမ်းမှာ စက်ဘီးကိုဒေါက်ထောက်ပြီး သဲပြင်ပေါ် ဖင်ချထိုင် အမောဖြေရင်း ဘာလုပ်ရမလဲ နဲ့ စဉ်းစား လိုက်တာ၊ အိမ်လည်းမပြန်ချင်၊ ဘယ်ကိုသွားရ မှန်းလည်းမသိ။
စဉ်းစားရင်း နဲ့ ကျောင်းမှာတုန်းက တွဲခဲ့တဲ့(မေဘိုကြီး)ကို သတိရမိတော့ "ကောင်းတယ်၊ မှတ်ထား၊ ကိုကြီးနဲ့ အဝေးကြီး ကို သွားပစ်လိုက်မယ်"ဆိုပြီး ဆိပ်ခံဗောနဲ့ စစ်ကိုင်းဘက် ကမ်းကိုကူး။ စစ်ကိုင်းရောက်တော့ ဘတ်စ်ကားဂိတ် မှာ ၀တ်လက်ကို ထွက်မဲ့ကား ရှိသလား သွားမေးရတာပေါ့။ ၀က်လက်ဆိုတာလည်း တစ်ခါ မှ ရောက်ဖူးတာမဟုတ်။ ရမ်းသန်းပြီး ဘတ်စ်ကားကြီးပေါ် စက်ဘီးလည်းတင်၊ လူပါတက်လိုက်ပြီး စီးသွားလိုက် တာ။မူးချောင်း က ကားဂိတ်ကိုရောက်တော့ နေတော်တော် စောင်းနေပါပြီ။

အဲဒီကနေ မေဘိုကြီး နေခဲ့တဲ့ ဆန်စက်ကို ရောက်တယ်လို့ ကားဂိတ်က ဆရာကပြောတာ နဲ့မူးချောင်းဘေးက ကမူလမ်းအတိုင်း စက်ဘီးကို စီးရပြန်ပါရော။ မြေကျစ်လုံးတွေနဲ့လမ်း ကမညီညာလို့ လယ်ကွင်းထဲပြုတ်ကျပြီး လဲ ရတာလည်း အခါခါနော်။ ဒေါသက ဦးဆောင်း နေတာမို့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေးမရှိဘဲ စိတ်ထင်ရာ စွပ်လုပ်မိတဲ့ သဘောပါ ပဲ။ တွေ့သမျှလူတွေမေးရင်း တစ်နာရီလောက် ကြာတော့မှ မေဘိုကြီးတို့ ဆန်စက်ရှေ့ ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါတော့တယ်။
သရဲခြောက် သလို အိမ်ရှေ့မှာ စက်ဘီးတစ်စီးနဲ့ ရောက်လာတဲ့ ကျွန်မကိုမြင်တော့ မေက ယုံတောင်မယုံနိုင်ဘူး။ အကြီးအကျယ် အံ့သြနေလေရဲ့။ ကျွန်မက ဖြစ်ကြောင်းကုန်စင် ပြောပြရင်း မေ့ကိုဖက်ပြီး ငိုတော့ သူပါရောပြီး နှစ်ယောက်သား အားရှိပါးရှိ ငိုဖြစ်တော့တာ ပဲ။ သူငယ်ချင်းဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတာကို ဖုံးကွယ်ထားစရာ မလိုဘဲ အကုန်ဖွင့်ဟာ ပြောနိုင်တဲ့သူ။ ကိုယ့်ကိုနားလည်ခွင့်လွှတ်မှုနဲ့ ကြည့်မြင်နိုင် တဲ့သူ ဖြစ်လို့ အကောင်းအ ဆိုးတွေရင်မှာပြည့်သိပ် ကြိတ်မှိတ်ခံစားထားရတာတွေ ဖွင့်အန်လိုက်ရတော့ ကျွန်မ လည်း ရင်ပေါ့သွားလေရဲ့။ ဒါ့အပြင် ကျွန်မက ကြာကြာစိတ်ညစ်တတ်တဲ့သူ မဟုတ် ပါဘူး။ ပြောစရာတွေ ပြောလိုက်ရတာ ရင်ပေါ့သွားတော့လည်း သူငယ်ချင်းနှစ်ယောက် မတွေ့ ကြရဘဲ စစ်ကာလ တစ်လျှောက်လု့းက အကြောင်းတွေ ပြောပြရင်း စိတ်လက်ကြည်လင် သွားပါတော့တယ်။

ဒီအချိန်မှာ မြန်မာပြည် လွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြို့နယ် အနှံ့လိုက်ပြီး စည်းရုံးရေး တရားဟောပွဲတွေ လုပ်နေတာမို့ အားလုံးက တက်တက်ကြွကြွ နဲ့ဗိုလ်ချုပ် ကို ထောက်ခံ အားပေးနေကြတဲ့ ကာလပါ။ ကျွန်မရဲ့ သူငယ်ချင်းမေကလည်း ရဲရဲတောက် အမျိုးသမီးခေါင်းဆောင်ဖြစ် လို့၊ မနက်ဖြန်ရွှေဘိုမြို့ကို ရာက်လာမဲ့ ဗိုလ်ချုပ် အောင်ဆန်းကို ကြိုဆိုဖို့ သွားရမှာ တဲ့လေ။
"ငါ ရွှေဘိုသွားတုန်း နင်အိမ်မှာ စာအုပ်တွေ ဖတ်ရင်း အေးအေးဆေးဆေး နေခဲ့ပေါ့။ ဘဘကို ငါပြောထားပြီးပြီ။ ဘာမှအားမနာနဲ့၊ နင့်အဘိုးကြီးကို မှတ်လောက်အောင် ပစ်ထားလိုက်ဦး"
မေက မိခင်မရှိတဲ့ တစ်ဦးတည်းသောသမီးမို့ ဘဘကမေ့ကို ဖူးဖူးမှုတ်ထားတာပါ။ ကျွန်မ ကိုလည်း မေ့ သူသယ်ချင်းမို့ ကျောင်းမှာတုန်းကတည်းက သမီးတစ်ယောက်လို ချစ်တာ ဆိုတော့ ကျွန်မ လည်း မေ့အိမ် မှာ နေရတာ မရွံ့မရဲ မရှိပါဘူး။ စိတ်လွတ်လွတ်လပ်လပ်နေ လို့ရတယ်ပေါ့။
မြန်မာပြည် လွတ်လပ်ရေးရဖို့ သက်စွန့်ကြိုးပမ်းလုပ်ကြတဲ့ ရဲဘော်သုံးကျိပ်အကြောင်းကို ကြားသိရပြီး ကတည်းက အဲဒီကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းတို့အဖွဲ့ကို ကျွန်မတို့ သူငယ်ချင်းတစ်ခု က လေးစားကြည်ညိုနေကြတာ ဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်း လာမယ်ဆိုတာလည်း ကြားရော ကျွန်မက ဗိုလ်ချုပ်အောင်ဆန်းကို မြင်ဖူး တွေ့ဖူးချင်တာ နဲ့မေနဲ့ရွှေဘိုကို အတူလိုက်ခဲ့မယ်လို့ စီစဉ်ဖြစ်ပါရော။

ဝတ်စရာ အ၀တ်ပိုကလည်း ပါလာတာမဟုတ်လို့ မနက်အစောကြီးထကြပြီး ကျွန်မက မေရဲ့ အ၀တ်တွေ ယူဝတ်ပြီး ရှိုးအပြည့်နဲ့ ဘတ်စ်ကားတစ်စီးတိုက် အမျိုးသမီးအဖွဲ့နဲ့အတူ ရွှေဘိုကို ချီတက်လိုက်ပါ သွားသေးတာလေ။ အိမ်ကထွက်ပြေးလာတဲ့သူ ဆိုတာ လူသူ လေးပါး မတွေ့နိုင်တဲ့ နေရာ မှာသာ အေးအေးဆေးဆေး နေဖို့ကောင်းတာ မဟုတ်လား နော်။ အခုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကြိုဆိုရေး မဏ္ဍပ် ရဲ့ မျက်နှာစာ ရှေ့ဆုံးခုံမှာ အမျိုး သမီးခေါင်းဆောင် မေဘိုကြီးဘေးမှာ ကျွန်မက အခံ့သားထိုင်လို့ပေါ့။
ဗိုလ်ချုပ်အောင်ဆန်း တို့အဖွဲ့လည်း ရောက်လာပါပြီ။ ရှေ့ဆုံးက ပိုင်းလော့ လုပ်ပြီးအလံ တလူလူ နဲ့ မော်တော် ဆိုင်ကယ် စီးလာတဲ့သူကမဏ္ဍပ်ရှေ့လည်း ရောက်ရော....
"ဟော....မမခင်ကြီးက ဒီမှာရောက်နေတယ်၊ ဟိုမှာရဲတွေတိုင်ပြီး တစ်မြို့ လုံးဒေါင်း တောက်အောင် လိုက်ရှာနေကြ တယ်ဗျ"လို့ လူတွေထဲမှာ ပြောချလိုက်တော့ ပရိသတ်အား လုံးရဲ့မျက်လုံးတွေက ကျွန်မ ဆီ ရောက်လာကြတာမို့ မျက်နှာတစ်ခုလုံး ပူရှိန်းသွားအောင် ရှက်သွားမိတော့တာပဲ။ ပိုင်းလော့အဖြစ် ပါလာတဲ့သူ ကလည်း ကြည့်ပါဦး။ စစ်ကိုင်းမှာနေ တဲ့ကျွန်မရဲ့မောင်ဝမ်းကွဲ "မောင်မောင်မြင့်"လေ။

ကိုရွှေမောင်မောင်မြင့် က ဖော်ကောင်လုပ်ပြီး ချက်ချင်းသတင်းအပိုင်းကောင်းလိုက်တာ။ မိုးစုံးစုံးချုပ် လို့ ရွှေဘို က ဘတ်စ်ကား နဲ့ ပြန်ရောက်လာကြတော့ ကိုကြီးနဲ့ မခင်စမ်းကြည် (စိန်ကြောင်နီလာခင်)ရဲ့အဖေ ဦးအောင်လှ တို့ နှစ်ယောက်က ဘဘနဲ့စကားပြောရင်း ကျွန်မတို့ ပြန်အလာကို ထိုင်စောင့်နေကြလေရဲ့။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ တရားတွေနာ၊ အနီးကပ်တွေ့ရရုံမကဘဲ မေဘိုကြီးရဲ့ မျက်နှာနဲ့ လက်တောင် ဆွဲပြီး နှုတ်ဆက် ခဲ့ရလို့ ကျေနပ်ပျော်ရွှင်လာခဲ့တာတွေ ကိုကြီးရဲ့ မျက်နှာကိုလည်း မြင်ရရော အားလုံး လွင့်စဉ် ပျောက်ပြယ် သွားလိုက်တာ နေထွက်လာလို့ မြူခိုးတွေ ရုတ်ခြည်းလွင့်စဉ်ပျောက်ကွယ် သွားတဲ့အတိုင်း ပါပဲ။

ကိုကြီက သူဒေါသကြီးပြီး ပြောမိမှားတာတွေကို တောင်းပန်ပြီး ပြန်လိုက်ခဲ့ဖို့ ချော့ခေါ်ပါ တယ်။ ဦးလေးလှတို့၊ ဘဘတို့ ကပါ ၀ိုင်းပြီး နားချကြတယ်ပေါ့။ တကယ်ကတော့ မခံမရပ် နိုင်လွန်းလို့သာ ဒီအခြေအနေတွေ အားလုံး ကို ကျောခိုင်းပြီး ခေတ္တခဏမေ့ပျောက်ထား ချင်တဲ့စိတ်တေဇာနဲ့ လုပ်မိလုပ်ရာ မဆင်မခြင် လုပ်မိခြင်း ပါပဲ။ စိတ်ဝေဒနာရှင် မိခင်ကြီးကို တစ်ယောက်တည်း ပစ်ထားခဲ့လို့ မရတာလည်း အမှန်ပါ။ နောက်ပြီး အခက်အခဲ များစွာနဲ့ ကြိုးစားအားထုတ်ထားလို့ ရှင်သန်ခါစရှိသေးတဲ့ ကိုယ်မြတ်နိုးကိုးကွယ်ရာ လုပ်ငန်းကြီးကို လည်း ဆက်လက် ရှင်သန်ဖို့ ကြိုးပမ်းရဦမယ်ဆိုတာလည်း အသိ။ ဒါကြောင့် တာဝန်တွေ ရှိနေတဲ့ ကိုယ့်ဘ၀ ကို ပြန်ဆင်ခြင်မိပါတယ်။

ဘ၀ရဲ့အခက်အခဲတွေကို သတ္တိရှိရှိနဲ့ ရင်မဆိုင်ဘဲ ထွက်ပြေးချင်တဲ့ သူရဲဘောကြောင်စိတ် အမှား ကိုလည်း ပြန်မြင်ယောင်မိပါတယ်။ ပြဿနာဆိုတာ ထွက်ပြေးလို့ လွတ်မြောက်တာ မျိုးမှမဟုတ်တာ။ ရင်ဆိုင်ဖြေရှင်းနိုင် မှသာ ရင့်ကျက်မှုကို ရနိုင်တာဖြစ်လို့ သတ္တိရှိရှိနဲ့ ဖြစ်လာရင် ရင်ဆိုင်နိုင်အောင် စိတ်ဓာတ်ကြံ့ခိုင်မှု အားမွေးပြီး တတ်နိုင်သမျှ နပန်းလုံးရင်း နဲ့အနိုင်ယူကြဖို့ အရေးကြးတာပါပဲ မဟုတ် လားနော်။
ဒီအသိ နဲ့ ကျွန်မမန္တလေးမြေကို ပြန်ပြီးခြေချမိတယ် ဆိုပါတော့လေ။

အပိုင်း (၂၀)

လူ့ဘဝဆိုတာ အကောင်းအဆိုး ဒွန်တွဲနေတဲ့ နှင်းဆီပန်းရုံတစ်ခုလိုပါပဲ။ ရိုးတံမှာ ချွန်မြတဲ့ဆူးတွေ ရှိ တတ်သလို ထိပ်ဖျားမှာ ကျတော့ လှပမွေးကြိုင် ရနံ့တွေလှိုင်နေတဲ့ ပန်းပွင့်လေးနဲ့ တွဲဖက်တန်ဆာဆင် ထားတာ မို့ နှစ်လိုဖွယ်ရာ ဖြစ်နေပြန်ရောနော်။
ကျွန်မရဲ့ဘဝ မှာ တစ်ဖက်က အရှိန်တက်နေတဲ့ ဝါသနာပါရာ စီးပွားရေးလုပ်ငန်းကြောင့် ဂုဏ်ယူ တက် ကြွ ပျော်ရွှင်နေသလို စိတ်ဝေဒနာရှင် မိခင်ကြီးကြောင့် ရောက်ရတဲ့ သောကကတစ်ဖက်၊ မတိုက်ဆိုင် မပျော်ပိုက် တဲ့ အိမ်ထောင်ရေးက တစ်သွယ်၊ နှင်းဆီနဲ့ ဆူးတွေ ရောယှက်နေတဲ့ ဘဝလို့ပဲ ဆိုရမယ် ထင်ပါရဲ့။
ထူးချွန်တဲ့ အားကစားသမားတွေဟာ ကိုယ်လိုရာ ပန်းတိုင်ရောက်အောင် ဇွဲကို လက်ကိုင်ထား ကြိုးစား ရင်း လုပ်ချင်တာတွေကို စွန့်လွှတ်နိုင်တဲ့ Self Control ကိုယ့်စိတ်ကိုယ် နိုင်အောင်လည်း ကျင့်သုံးတတ် ဖိုပ လိုပါသေးတယ်။

ကျွန်မလည်း ကိုယ် ဝါသနာပါတဲ့လုပ်ငန်းကို အထွတ်အထိပ်ရောက်တဲ့ထိ အောင် မြင်ချင်တာမို့ ကြိုးစားအားထုတ်နေဆဲကာလမှာ ဇွဲမရှိဘဲ ပစ်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါ့အပြင် မိခင် ကြီးရဲ့ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေး ရမဲ့ တာဝန်ကလည်း အဓိကဖြစ်နေတော့ နေ့စဉ်နီးပါး ကြုံတွေ့နေရတဲ့ အိမ်တွင်း ပဋိပက္ခတွေကြောင့် ရောက်ရတဲ့ စိတ်ဆင်းရဲမှုက ဝေးကွာရာကို ထွက်ပြေး ချင်တာ မှန်ပါရဲ့။ လက်တွေ့ စဉ်းစားကြည့်တော့ တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ် လုပ်ချင်တာကိုလုပ် တာထက် လက်ရှိ အခြေအနေကို ရင်ဆိုင်ပြီး စိတ်ကိုထိန်းနိုင်ဖို့ ကြိုးစားရမယ်ဆိုတာကို သဘောပေါက် နားလည်လာပါတယ်။

ဝဋ်ဆိုတာ မခံချင်လို့ ထွက်ပြေးတာနဲ့ လွတ်မြောက်တာ မဟုတ်ဘူးနော်။ ဝဋ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်ကိုက ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးနဲ့ ဘဝသံသရာက ကျူးလွန်ခဲ့ဖူးတဲ့ မိမိရဲ့မကောင်းမှုအကုသိုလ်ကံ ရဲ့ အကျိုးပေးခြင်းဖြစ်လို့ အကြွေးကို ပေးဆပ်စရာရှိရင် တိမ်းရှောင်နေလို့က ကြွေးကျေမှာမှ မဟုတ် တာ။ တစ်နေ့နေ့ တစ်ချိန်ချိန် ပေးဆပ်ရမဲ့အလှည့် ပြန်ဆုံတိုင်း မဆပ်မဖြစ် ဆပ်ကြရမှာမို့ ပေးဆပ်စရာ ရှိရင် လည်း စောစောစီးစီး ပေးဆပ်ခွင့်ကြုံတဲ့အခါမှာ ကျေကျေနပ်နပ်နဲ့ ပေးဆပ်လိုက်တာပဲ အကောင်း ဆုံး လို့ နှလုံးသွင်းလိုက်ပါတယ်။
ဒါကြောင့် အိမ်ပြန်ရောက်ပြီး နောက်ပိုင်းမျာ ပြဿနာဖြစ်တဲ့အခါတိုင်း အံကြိတ်ခံပြီး မျက်ရည်သုတ် လိုက်၊ ရှေ့ပိုင်း အလုပ်ခွင့်ဝင်တဲ့အခါကျတော့ ဘာမှမဖြစ်သလို ပုံစံနဲ့ ကိုယ့်ရဲ့ထမင်းရှင်တွေအတွက် ရွှင်နေတဲ့ အပြုံးကို ဆင်ရင်း ကျုံးပြီး အလုပ်တွေ လုပ်နဲ့ ခုနစ်ထွေမင်းသမီးအကကို အံဝင်အောင် ကနိုင် တဲ့ အလေ့အကျင့် ကို ရသွားတော့တာပါပဲ။

ကျွန်မလည်း ဓာတ်ပုံဆိုင် စပြီးဖွင့်တဲ့အချိန်က စစ်ပြီးခါစ ကာလမို့ ဓာတ်ပုံဆိုင်တွေကလည်း များများ စားစားရှိသေးတာ မဟုတ်လို့ စီးပွားရေးပြိုင်ဘက်ကလည်း နည်းသေးတယ်လေ။ ကိုယ်က ဦးဦးဖျား ဖျား စလိုက်တာ ဆိုတော့ အချိန်ကိုက် အခါကိုက်ဖြစ်ပြီး မန္တလေးမြို့နယ်တစ်ခုလုံးက အလုပ်တွေကို ကိုယ့်ဆီ အလိုလိုရောက် လာကုန်တော့တာပေါ့။ အင်္ဂလိပ်စစ်တပ်တွေက တပ်စုလိုက် တပ်ခွဲလိုက်၊ ဌာနဆိုင်ရာ အမျိုးစုံ ကလည်း အဆက်အသွယ်ရ၊ မန္တလေး တက္ကသိုလ်၊ ရဲသိပ္ပံ စတဲ့ ကျောင်းတွေနဲ့ လည်း ဖောက်သည်ဖြစ်။
မီးရထားရုံး၊ ဧရာဝတီ ဖလိုတီလာကုမ္ပဏီ၊ မြစ်ငယ်မီးရထားစက်ရုံ၊ မီးခြစ်စက်၊ ဘီယာစက်ရုံ စတဲ့ လုပ် ငန်းတွေ နဲ့လည်း ကန်ထရိုက်တွေရ။ နောက်ဆုံး ရသေ့ကြီး ဦးခန္တီကြီးမှူးတဲ့ မန္တလေးတောင် အုပ်ချုပ် ရေးအဖွဲ့ကအစ ကျွန်မ တာဝန်ယူရတဲ့ ဓာတ်ပုံဆရာအဖြစ် ကန်ထရိုက်ပေးထားတာမို့ အလုပ်က မနိုင် မနင်း ဖြစ်လာပါတော့ တယ်။

ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မြင်ဖူး တွေ့ဖူးချင်လို့ ရွှေဘိုအထိ လိုက်ကြည့်ရတဲ့ ကျွန်မ။ ခု ကျတော့ မန္တလေးတောင် ရသေ့ကြီး ဦးခန္တီကို လာတွေ့တဲ့အချိန်မှာ ကိုယ်စိတ်တိုင်းကျ အစအဆုံး ဓာတ်ပုံရိုက် ရတော့ ကျေနပ်လိုက်တဲ့ ဖြစ်ခြင်းလေ။ ဒီလိုပဲ နောက်ပိုင်းမှာ နိုင်ငံတော် ခေါင်းဆောင်ကြီး များ၊ အနုပညာရှင် များ၊ အဓိကရ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးများကို အလုပ်သဘောနဲ့ နီးနီးကပ်ကပ် တွေ့ ကြုံသိကျွမ်းရပြီး ဓာတ်ပုံ ရိုက်ခွင့်တွေ ရတာမို့ ဓာတ်ပုံဆရာမဘဝကို ကိုယ့်ဟာကိုယ် ကျေနပ်ဂုဏ်ယူမိ တဲ့အခါတွေလည်း ရှိပါရဲ့။
အလုပ်က ပိတော့ အလုပ်သမားတွေလည်း တိုးချဲ့ခန့်ထားရ၊ အချိန်ပို အိုဗာတိုင်တွေလည်း ဆင်းခိုင်းရ တဲ့ထိ အပင်ပန်းခံ လုပ်ရပါတယ်။ အဲဒီလို အပြင်အလုပ်တွေက များလာတော့ စက်ဘီးလေးနဲ့ချည်း ပြေးနေလို့ မရတော့ဘူးလေ။ အောက်ဒိုး ထွက်ရိုက်ရတိုင်း ဌာနဆိုင်ရာတွေက လာကြို၊ လိုက်ပြန်ပို့ဖို့ ပြောနေရတာလည်း အလုပ်အတွက် သိက္ခာကျတယ်ပေါ့။
အဲဒီအချိန်က စစ်ပြီးခါစမို့ ၁၉၄၇ ခုနှစ်ဝန်းကျင်မို့ မန္တလေးမှာ ဆလွန်းကားတွေကလည်း များများစား စား ရှိသေးတာ မဟုတ်ဘူး။ အငှားကား ရှာရတာကလည်း ဒုက္ခတစ်ခုပါ။ အပြင်ထွက်ရိုက်တယ်ဆိုရင်ပဲ ကိုယ်တစ်ယောက်တည်းနဲ့ ပြီးတာမဟုတ်လို့ Field Camera ကြီးကို ထမ်းပေးမဲ့ တပည့်တစ်ယောက် အပြင် မီးလိုရင် ထိုးပေးဖို့ မီးသမားကလည်း ပါရသေးတာပါ။ လျှပ်စစ်မီးကလည်း နေ့ခင်းမှာ မရသေး တဲ့အချိန်မို့ လျှပ်တစ်ပြက် မီးအဖြစ် ယမ်းမှုန့်တွေကို သုံးရတာဆိုတော့ အန္တရာယ်ကလည်း ကြီးပါဘိ။

အလုပ်ဖြစ်လာပြန်တော့လည်း နောက်ပိုင်းက လိုက်ရမဲ့ လိုအပ်ချက်တွေကလည်း တန်းစီပြီးပါလာပြန် ပါရော။ ဆိုင်က စဖွင့်ကတည်းက မပြည့်မစုံနဲ့ ကြွေးပတ်လည် ဝိုင်းရင်းဖွင့်ခဲ့ရတာမို့ ရတဲ့ အမြတ်ငွေထဲ ကဖဲ့ပြီး ကြွေးဆပ်ရတာကတစ်မျိုး၊ ဆိုင်ကို တိုးချဲ့ဖို့ ငွေဖြည့်ရတာက တစ်လီ၊ ဖလင်တို့၊ ပုံကူးစက္ကူတို့ စတဲ့ ကုန်ကြမ်းပစ္စည်းတွေကလည်း တစ်ချီ တစ်ချီပြတ်သွားတတ်တာမို့ အလျဉ်မီအောင်ဝယ်ပြီး စု ဆောင်းရတာက တစ်သွယ်မို့ ကားက မရှိမဖြစ် လိုအပ်နေမှန်းသိပေမယ့် ကားဝယ်ဖို့ ငွေ  ကျွန်မမှာ မရှိ ပါဘူး။
ဒီတော့ ကိုကြီးကိုပဲပူဆာရတာပေါ့။ ကိုကြီးက ဘယ်တော့မဆို ကျွန်မကို ဆိုဆုံးမမယ်ဆိုရင် ပုံပြင်လေး တွေနဲ့ ပြောတတ်တဲ့အလေ့ရှိပါတယ်။ ကျောင်းကထွက်ပြီး အသက် ၁၈ နှစ်နဲ့ လက်ထပ်ခဲ့ရတာမို့ အိမ် ရှင်မဖြစ်ပေ မဲ့ ငွေရဲ့တန်ဖိုးကို နားလည်တာမဟုတ်ဘူး။ ငယ်တုန်းကလည်း ဘိုးလေး ဘွားလေးတို့က အလိုလိုက် ထားတော့ လက်ထဲမှာ မုန့်ဖိုးက မပြတ်တဲ့အပြင် တောင်တွင်းကြီးက အန်ကယ်အေးတို့၊ အန်တီလေး တို့ ရောက်လာရင်လည်း ရိုးကုမ္ပဏီ ခေါ်သွားပြီး လက်ညှိုးထိုးသမျှ ဝယ်ပေးတာဖြစ်လို့ လိုတရနေတာ မဟုတ်လားနော်။

ကိုကြီး နဲ့ အိမ်ထောင်ကျပြီဆိုခါမှ ရေရေလည်လည် ခံရတော့တာပါ။ ကိုကြီးတို့မိသားစုအားလုံးက အသုံးအစွဲ ကျစ်လျစ်ကြပါတယ်။ ငွေကို တန်ဖိုးထားပြီး လိုအပ်တဲ့ပစ္စည်းမဟုတ်ရင် ဘာတစ်ခုမှ မဝယ် ရဘူး။ ကျွန်မက ပစ္စည်း ဆိုရင် ကောင်းတာမှ ကြိုက်ပြီး အလျှံပယ်လုပ်တတ်တာက အကျင့်ပါလာပြီး လက်ကလည်း ခပ်ဖွာဖွာ ရယ် ဆိုတော့ ကိုကြီးနဲ့က စရိုက်ချင်းက တခြားစီပါ။
ဇနီးမယား တစ်ယောက် ဖြစ်လာပေမဲ့ ကျွန်မက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတော့ ကလေးတစ် ယောက် လို သဘောထားပြီး သုံးဖို့ စွဲဖို့ မုန့်ဖိုးပဲ ပေးတာ။ သူများတကာတွေလို ငွေကိုင်ခွင့်ရတာ မဟုတ်ဘူး။ အဲဒါ ကိုလည်း ကိုယ့်အခွင့်အရေးတစ်ခု အနေနဲ့ တောင်းဆိုရကောင်းမှန်းလည်း မသိ။ ဒီတော့ ပစ္စည်းတစ်ခုခု လိုချင်ပြီ ဆိုမှ သွားပူဆာရတာမျိုးလေ
စစချင်း  ပူဆာမိတဲ့အချိန်မှာ ကိုကြီးက ပုံပြင်တစ်ခုနဲ့ လက်ချာရိုက်တော့တာပဲ။

ကုန်သည်ကြီး တစ်ဦးမှာ သားလေးတစ်ယောက် ရှိတယ်တဲ့။ သားအဖနှစ်ယောက် လက်ဆွဲပြီး တစ်နေ့ မှာ ဈေးတန်း ကို လျှောက်ကြတယ်ပေါ့။ သားလေးက ကိုးနှစ်၊ ဆယ်နှစ်သားလေးဆိုတော့ အရုပ်လေး တစ်ခု ကို မြင်တာနဲ့ အဖေ ကို ဝယ်ပေးဖို့ ပူဆာပါလေရော။
ဈေးကို မေးတဲ့အခါ ဆိုင်ရှင် က (ငါးမတ်)လို့ ဖြေတယ်တဲ့။
"သားရယ် ငါးမတ်ကြီးတောင် ဈေးကြီးပါတယ်။ ဖေဖေ နောက်မှ သားကိုဝယ်ပေးမယ်နော်" နဲ့ သား ကို ချော့ပြီး ဈေး က ပြန်လာကြတယ်တဲ့။
နောက်တစ်ပတ်လောက်ကြာတော့ သားအဖနှစ်ယောက် အရင်ကလိုပဲ ဈေးတန်း ကို လျှောက်ကြပြန် ရော တဲ့လေ။ သားလေး ကလည်း အရုပ်ကိုတွေ့တော့ လိုချင်တယ် ပူဆာပြန်တာပေါ့။ အဖေက ဆိုင်ရှင် ကို ဘယ်လောက် လဲ မေးတော့ (နှစ်ကျပ်ခွဲ) လို့ ဖြေတယ်တဲ့။

"ရော့... သား ယူ၊ ကြိုက်တဲ့ အရုပ်ကိုရွေး" ဆိုပြီး လွယ်လွယ်ဝယ်ပေးတာနဲ့ သားလေးလည်း ပျော်လို့၊ အရုပ် ကိုပိုက်ပြီး ပြန်လာကြတာ။ လမ်းရောက်မှ သားလေးက မေးတယ်။
"ပြီးခဲ့တဲ့အပတ် က သား ပူဆာတဲ့အရုပ်က ငါးမတ်ကို ဖေဖေက ဈေးကြီးတယ်ဆိုပြီး ဝယ်မပေးဘူး။ ခု ဒီအရုပ်ကျ နှစ်ကျပ်ခွဲတောင် ပေးရတာကျတော့ ဖေဖေက ဝယ်ပေးတာ ဈေးမကြီးဘူးလား" ပေါ့။
ဒီတော့ သား နားလည်အောင် အဖေက ရှင်းပြတယ်။
"ဟုတ်တယ် သား၊ ငါးမတ် ဆိုတဲ့အချိန်တုန်းက အဖေ့မှာ ကုန်တွေရှုံးနေလို့ လက်ထဲမှာ ငွေမရှိဘူး။ ဒီတော့ ငါးမတ် ကလည်း ဖေဖေ့အတွက် ရှားတာပဲ၊ ဈေးကြီးတာပဲ။ အခု နှစ်ကျပ်ခွဲဆိုပေမဲ့ ဖေဖေ ကုန် တွေ က မြတ် လို့ ငွေရှိတယ်၊ ဝယ်ဖို့ တတ်နိုင်တယ်၊ ဒါကြောင့် သား လိုချင်တာကို ဝယ်ပေးနိုင်တာပေါ့" တဲ့။
ရှည်ရှည်ဝေးဝေး ပြောပြတဲ့ ပုံပြင်ရဲ့သဘောက ဈေးက အဓိကမဟုတ်ဘူး။ ကိုယ့်မှာ တတ်နိုင်တဲ့ အင်အား ငွေ ရှိတာ၊ မရှိတာက ပဓာနလို့ ဆိုချင်တာပါပဲ။

ဒီတော့ ကျွန်မလည်း သဘောပေါက်သွားပြီး နောက်တစ်ခါ ပူဆာဖို့ ကြုံလာတိုင်း...
"ကိုကြီးရေ ငါးမတ် လား၊ နှစ်ကျပ်ခွဲလား" လို့ လိုတိုရှင်းပဲ မေးဖြစ်ပါတော့တယ်။
အောက်ဒိုးတွေ လိုက်ရိုက်ဖို့အတွက် ကားက တကယ်လိုအပ်နေပါပြီ။ စစ်ပြီးခါစအချိန်ဆိုတော့ စစ် အတွင်းမှာ အသုံးပြုခဲ့ တဲ့ ဂျစ်ကားတွေက ပေါ်ပြူလာဖြစ်ပါတယ်။ လမ်းပေါ်မှာ ဂျစ်ကား တစ်စီး ဖြတ် မောင်း သွားတာ တွေ့ရတိုင်း ကျွန်မမှာ တငေးတမော လိုက်ကြည့်ပြီး လိုချင်နေတာမို့ ဈေးကို စုံစမ်း ကြည့်တော့ သုံး လေးထောင် ဖြစ်နေပါရော။
ကိုကြီး ကလည်း ရသမျှငွေတွေ ဓာတ်ပုံဆိုင်ထဲ ပြန်ထည့်ပြီး တိုးချဲ့နေတာကို ကြိုက်တာမဟုတ်ဘူး။ သူက စီးပွားရေးသမား မို့ ငွေကို ငွေနဲ့၊ ဦးနှောက်နဲ့ရင်းတာမျိုးကို လုပ်စေချင်တယ်။ ဓာတ်ပုံလုပ်ငန်းရဲ့ သဘာဝကို ကျွန်မ ကျွမ်းကျင်နေပါပြီ။ ဘယ်ပစ္စည်း အသုံးများတယ်၊ ဘယ်ဖလင်၊ ဘယ်စက္ကူအမျိုး အစားက အရောင်း သွက်တယ် ဆိုတာမျိုး သိထားပြီးရင် ဒါလောက်တောင် ဝါသနာပါလို့ ဓာတ်ပုံလုပ် ငန်းပဲ လုပ်ချင်ရင်လည်း ဓာတ်ပုံဆိုင် ဖွင့်မနေနဲ့၊ ဓာတ်ပုံပစ္စည်း ရောင်းတဲ့ဆိုင် ဖွင့်ပေါ့လို့ တိုက်တွန်းပါတယ်။

အဲလို ကိုယ်ပိုင်အရောင်းဆိုင် ရှိထားရင် ကိုယ်လည်း သက်သောင့်သက်သာဆိုင်မှာ ထိုင်ပြီး ရောင်း ဝယ်ရုံပဲ၊ ဓာတ်ပုံတွေ ရိုက်ချင်သေးတယ်ဆိုရင်လည်း ပစ္စည်းပေါပေါ ရှိနေတော့ ကြိုက်သလောက် ရိုက် ချင်တဲ့အခါ ထွက်ရိုက် လည်း ပြီးနေတာပဲလို့ ဆိုပါတယ်။
"အခုတော့ တစ်နေကုန် တစ်နေခန်း စားချိန်မရှိ၊ အိပ်ချိန်မရှိ၊ မိသားစုအတွက်လည်း အချိန်မရှိတဲ့အ ပြင် တစ်နေ ကုန် ခြေသလုံးတောင့်အောင်ရပ်၊ ချွေးဒီးဒီးကျတဲ့အထိ ပင်ပင်ပန်းပန်း လုပ်နေတာ နင် လုပ်ပုံက ရွာသစ်ကြီး က လှေထိုးသား မောင်ထယ် ကျနေတာပဲ" တဲ့။
ဒါနဲ့ ကျွန်မ က နားမလည်လို့ ရွာသစ်ကြီးက လှေထိုးသားအကြောင်း မေးရပါတယ်။ ရွာသစ်ကြီးမှာ လှေ ထိုးသား မောင်ထယ် ဆိုတာ ရှိတယ်တဲ့။ တစ်နေကုန် လှေထိုးလိုက်ရတော့ ပင်ပန်းတာပေါ့။ လှေထိုးရ လွန်း လို့လည်း ပခုံးတွေပါ နာ ပေါက်ကုန်တော့ တစ်နေ့မှာ သူက ညည်းတယ်တတဲ့။

"တောက်... ထီလေးများ ပေါက်ချင်ပါ့ကွာ၊ ထီများပေါက်ရင်တော့ ငါ့ပခုံးအနာသက်သာအောင် ကတ္တီပါ ခေါင်းအုံးလေး ချုပ် ခံပြီး လှေထိုး လိုက်ရ ဇိမ်ပဲ" တဲ့။
"ထီပေါက် လို့ ငွေရရင် ကြီးပွားရာအလုပ် ဖြစ်တဲ့အရောင်းအဝယ်နဲ့ ရင်းနှီးမယ် မစဉ်းစားဘူး။ လှေထိုးဖို့ ပဲ တွေးတာ ဘယ်လောက်မိုက်လဲ" တဲ့။ အင်း... ကျွန်မလည်း မောင်ထယ့်အစ်မ "မမယ်" ပဲ ဆိုချင်ပါ တော့။ အခုလို ဓာတ်ပုံဆိုင် ဖွင့်ထားပြီး တစ်နေ့ တစ်နေ့ ဓာတ်ပုံတွေ ရိုက်၊ ကိုယ်ရိုက်ထားတဲ့ ပုံတွေက လှလှပပ ထွက်တာ တွေ့မြင်ရရင်ကို ကျေနပ်ပီတိတွေ ဖြစ်လို့။ ကာယကံရှင်တွေက ဓာတ်ပုံလာရွေးလို့ သူတို့ ပုံ လှလှလေးတွေ ကြည့်ပြီး သဘောကျနှစ်သက်တာတွေ့ရင် အဲဒီကျေနပ်ပီတိက နှစ်ဆ တိုး သွားအောင် ကို ပျော်သွားတာမျိုးပါ။

နောက်ပြီး ဒီအလုပ်က ကိုယ်ပညာနဲ့ အားထုတ်ရတာဖြစ်လို့ သမ္မာအာဇီဝကျတာ မကသေး ဘူး၊ စေတနာထားတဲ့နေရာမှာလည်း မိန်းကလေးတွေ ဓာတ်ပုံရိုက်ဖို့ ရောက်လာတာနဲ့ သူတို့လေးတွေကို ဘယ်လို လှအောင် ဆင်ပေးမလဲဆိုတဲ့ ရှေးဦးစေတနာက အရင်ထားပြီးသား ဖြစ်နေရပြီနော်။ ရိုက်တဲ့ အချိန် မှာလည်း အလှဆုံးဖြစ်ဖို့ အားထုတ်တဲ့ စေတနာနဲ့ လုပ်မှ ပုံကောင်းပုံလှက ထွက်တာပါ။ ဟော... တကယ် ပုံလေးတွေပြီးလို့ အချောသတ်တဲ့အချိန်ကျ လှပတဲ့ ပုံလေးတွေကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်ရ တာမို့ စေတနာ သုံးတန် မြောက်တာလည်း ပါလို့ ကုသိုလ်ရတယ်ဆိုပြီး ကိုယ့်အလုပ်ကို မြတ်နိုးစွာနဲ့ အထင်တွေ ကြီးထားတာလည်း ရှိသေးတယ်လေ။

ငွေကို ငွေနဲ့ရင်းမှ ကြီးပွားတာ။ ကိုယ်လည်း သက်သောင့်သက်သာ ရှိတာပါ။ ဓာတ်ပုံရိုက်တာတို့၊ ဆံပင်ညှပ်တာတို့၊ အင်္ကျီချုပ်တာတို့ ဆိုတဲ့အတတ်ပညာ Service နဲ့ရင်းရတာက ပင်ပန်းတယ်။ လူတန်းစေ့ နေနိုင်ရုံလောက်ပဲ ပြည့်စုံပြီး ချမ်းသာကြွယ်ဝဖို့ မလွယ်ဘူးဆိုတာ ကျွန်မလည်း နားလည် သဘောပေါက် တာ မှန်ပါရဲ့။ ကိုယ်က ကိုကြီး ပြောသလို မိုက်မဲစွာနဲ့ ဒါပဲ လုပ်ချင်တာဖြစ်နေတော့ လည်း မတတ်နိုင် ဘူးပေါ့နော်။
အခုလည်း ကိုယ့်မှာ ငွေမရှိတော့ ကိုကြီးဆီက အပူကပ်ရပြန်ရော။ ဒီတစ်ခါအခြေအနေကလည်း ငါးမတ်လည်း မဟုတ်၊ နှစ်ကျပ်ခွဲလည်းမဟုတ်ပြန်ဘူး။ ကိုကြီးတို့ မောင်နှမတစ်တွေ ပိုင်ခဲ့တဲ့ အောင် မင်္ဂလာ ဆီစက်ကလည်း အစ်မကြီး ဒေါ်ဒေါ်ခင် ဆုံးပြီးကတည်းက သူ့ခင်ပွန်းနဲ့ အမွေမှုတွေဖြစ်လို့ စာရင်းရှင်းဖို့ ရောင်းလိုက်ရပြီ။ မမသန်း တစ်ဦးတည်းပိုင် လမင်းဆီစက်ပဲ ကျန်ပါတော့တယ်။
ဒီတော့ ကိုကြီးက နှမ်းလှောင်၊  ပဲလှောင်၊ ဆန်လှောင်ရင်း ဆန်အိတ်တွေကို ရှမ်းပြည်နယ်ဘက် မီးရ ထားတွဲနဲ့ တင်ပို့ပြီး ရောင်းတာမျိုး အဆင်ပြေသလို လုပ်နေတယ်ပေါ့။ အဲဒါကလည်း မကြာခဏ ရထား တွဲမှောက်တာနဲ့ ထင်သလောက် အကျိုးအမြတ် မရှိလှပါဘူး။

အဲဒီလို အရေးအခင်းထဲ ကျွန်မကသွားပြီး  ပူဆာတော့ ကိုကြီးက ဒီတစ်ခေါက်က ရတဲ့အမြတ်ကို  ကား ဝယ်ဖို့ ပေးမယ်။ နည်းချင်လည်း နည်းမယ်။ များချင်လည်း များမယ်။ ကျွန်မရဲ့ကံတရားအတိုင်းပဲ၊ သူ တော့ ဒါပဲ ပေးနိုင်မယ်လို့ ဆိုပါတယ်။ အမြတ်က လက်ထဲ ရောက်လာတဲ့အချိန်မှာ ကားတစ်စီးဖို့ မပြောနဲ့၊ တစ်ဝက် ဖိုးတောင် မပြည့်မီပါဘူး။
ဘာမဆို ဖြစ်ချင်ပြီဆိုရင် ဇွဲနဲ့ မရမနေ လုပ်တတ်တဲ့အကျင့်က ကျွန်မမှာ ရှိပြီးသားလေ။ ဓာတ်ပုံဆိုင် ဖွင့်ချိန်တုန်း ကလည်း ပိုက်ဆံ တစ်ပဲနဲ့ ငါးကြင်းခေါင်း တက်ကိုင်ခဲ့တာပဲ မဟုတ်လား။ ဒီအသက်အရွယ် ထိ ကျွန်မ ဘာလုပ်ချင်လုပ်ချင် အခက်အခဲနဲ့ချည်း ရင်းခဲ့ရတာချည်းပါပဲ။ အဲဒါ ဗေဒင်တွေ ဟောကြ တိုင်းလည်း ကျွန်မဇာတာ မှာ ဒီအချက်က ပါပြီးသားဆိုတော့ ရိုးနေပါပြီ။
အခုလည်း ဂျစ်ကားတစ်စီးဖိုးစာ ငွေမပြည့်မီပေမဲ့ စက်မပါတဲ့ ဂျစ်ကား ဖရိန်ဖိုးတော့  ရှိသေးတာမို့ ရ တာက စဖို့ ဆုံးဖြတ်လိုက်ရတာပါပဲ။ အမြဲတမ်း အခက်အခဲ ကြုံရသလို ကျွန်မကို ကူညီမစမဲ့ သူတွေက လည်း လိုအပ်တဲ့ အချိန် တိုင်း တွေ့ရတတ်တာကလည်း ကံကောင်းခြင်းတစ်ခုလို့ပဲ ဆိုရမှာပေါ့နော်။ ဒီ အချိန်မှာ စစ်ကိုင်း မှာ နေတဲ့ ကျွန်မရဲ့မောင်ဝမ်းကွဲ ရွှေဘိုကို ဗိုလ်ချုပ်အောင်ဆန်း လာလည်တုန်းက ပိုင်းလော့လုပ် လိုက်ပို့ တဲ့ မောင်မောင်မြင့်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါရော။

မောင်မောင်က စက်နဲ့ပတ်သက်ရင် ဘယ်လိုပါရမီပါလာလဲ မသိဘူး။ အလွန်ကျွမ်းပါတယ်။ ကျွန်မရဲ့ အခက်အခဲကို ပြောပြတော့...
"မမခင် ဘာမှပူမနေနဲ့၊ CKK ဝင်းထဲမှာ War Surplus ကားပစ္စည်းတွေရှိတယ်။ သွားကြည့်ရအောင်၊ ဖရိန်ရရင် ဝယ်ထားပြီး ကားဖြစ်လာအောင် မောင် ဆင်ပေးမယ်" တဲ့။
မောင်နှမနှစ်ယောက် သံတိုသံစတွေနဲ့အတူ ပြန့်ကျဲနေတဲ့ စစ်အတွင်းသုံး ဂျစ်ကားကိုယ်ထည်ဖရိန်တွေ သွားကြည့်ပြီး ရွေးဝယ်လာခဲ့ပါရော။ အဲလိုကနေ မောင်မောင်မြင့်က တစ်စစီ ဟိုပစ္စည်းဝယ်၊ ဒီပစ္စည်း ရှာထည့်နဲ့ အင်ဂျင်ပါ ထိုင်နိုင်တဲ့အထိ ရောက်လာတော့တာပဲလေ။ သူလည်း ပစ္စည်းရှာရတာ အချိန်ယူ ရသလို ကျွန်မ လည်း တစ်ဖက်က ငွေစုဖို့ အချိန်ယူပြီး လုပ်ရတာမို့ ကားတစ်စီးဖြစ်လာဖို့ အချိန်တော် တော်ကုန်သွားတယ် ဆိုပါတော့။

စက်နှိုးလို့ရတဲ့နေ့က မောင်မောင်မြင့်က ကားယူလာပြီး...
"ကားစမ်းရအောင်၊ ဘယ်သွားမလဲ" တဲ့။ လာခေါ်ပါတယ်။ ကျွန်မကလည်း ဆင်ဆင်ခြင်ခြင် မစဉ်းစား ဘဲ မိုက်မဲစွာ နဲ့ "ပြင်ဦးလွင် သွားရအောင်" ဆိုပြီး လမ်းပေါ်ခုမှစပြီး ပြေးနိုင်တဲ့ကားလေးကို မညှမတာ တောင်တက်မောင်း ဖို့ ယူသွားမိပါရော။
ပြင်ဦးလွင် ထိတောင် မရောက်ပါဘူး။ လမ်းမှာတင် ကားက စက်ရပ်သွားလို့ မောင်နှမနှစ်ယောက် ကံ ကောင်းထောက်မ လို့ ချောက်ထဲမကျတောပါ။ မောင်မောင်မြင့်လည်း ချွေးဒီးဒီးကျအောင် ဟိုနှိုက် ဒီနှိုက် ပြင်ပေ မယ့် ဘယ်လိုမှနှိုးမရတော့လို့ တောင်ပေါ်က ဆင်းလာတဲ့ စစ်ကားတစ်စီးကိုတားပြီး အကူအညီတောင်း မှ သူတို့ကားနောက်မှာ ကြိုးနဲ့ဆွဲခေါ်လာလို့ မန္တလေးကို မိုးစုပ်စုပ်ချုပ် မှ ပြန်ရောက် တော့တာပဲ။

အိမ်က မာမီတို့၊ ဒေါ်ဒေါ်ကျင်တို့၊ မမသန်းတို့ အကုန်လုံးက စိတ်ပူကြလို့ ရောက်တာနဲ့ ကိုကြီးရဲ့အဆူ အဆဲကို ကောင်းကောင်းခံလိုက်ရပါသေးတယ်။ ငယ်ရွယ်စဉ် ကာလက ဆင်ဆင်ခြင်ခြင် မတွေးခေါ် တတ်ခဲ့တာတွေ ကို ခု အတိတ်လမ်းကို ပြန်လျှောက်ရင် မြင်မိတော့မှ ကိုယ့်ရဲ့ညံ့ကွက်တွေကို အထင် အရှား သတိထား မိတာနော်။
ဒီလိုနဲ့ ကိုယ် မက်မောခဲ့တဲ့ ဂျစ်ကားလေးက ကိုကြီးနဲ့ မောင်မောင်မြင့်ရဲ့ကျေးဇူးနဲ့ လက်ထဲရောက်လာ တော့ ဝမ်းသာကျေနပ် ပျော်ရွှင်သွားရပါတယ်။ ကားရတော့မယ်ဆိုတော့လည်း ကိုကြီးကိုပဲ ကားမောင်း သင်ခိုင်း ရတာပါ။ ကိုကြီးက သင်တော့သင်ပါရဲ့။ စိတ်ကတိုတတ်တာမို့ ကျွန်မ မောင်းတာ အသုံးမကျ တိုင်း ဘေး က အော်ငေါက်ဆဲဆိုနေတာကြောင့် ပိုအားငယ်ပြီး အမှားမှားတွေဖြစ်ပေါ့။
တစ်ခါက ဆို ၈၂ လမ်းမှာ မောင်းလာရင်း မျက်နှာချင်းဆိုင်က သုံးတန်ကားကြီးဝင်လာတာတွေ့တော့ လန့်ပြီး ညာဘက်ကို ဆွဲကွေ့လိုက်တာ လမ်းဘေးက တဲအိမ်တစ်ခုဝင်တိုက်ပြီး တဲကပြိုကျပါရော။ တော်ပါသေးရဲ့။ တဲရှင် အဘွားအိုက အနောက်ဘက်မှာ အဝတ်ထွက်လှန်းနေလို့ သူ့ခမျာ အသက်ဘေး က လွတ်သွားရှာတာပါ။ ကိုကြီး လည်း ကျွန်မကို ဆဲဆဲဆိုဆိုနဲ့ ဆင်းသွားကာ အဘွားအိုကို တောင်းပန် ကာ တဲဖိုး အလျော်ပေး လိုက်ရပါတယ်။

ကျွန်မကိုလည်း မကျွမ်းသေးဘဲနဲ့ မမောင်းရဘူး အမိန့်ထုတ်ပြီး ဦးလေးငွေ ဆိုတဲ့ ကားမောင်းဆရာတစ် ဦး ငှားပေးထား တယ်။ ကျွန်မက ဘယ်နေပါ့မလဲ။ အိမ်က အထွက်တော့ ဦးလေးငွေပေါ့။ အိမ်က နှစ်ပြ သုံးပြလည်း ကျော်ရော ဦးလေးငွေကို ဘေးဖယ်ခိုင်းပြီး စတီယာရင် ကိုင်တော့ တာပဲ။ မြင်တဲ့ သူတွေက ပြန်ပြောတော့  ကိုကြီး သိသွားတာနဲ့ တစ်ထစ်လျှော့ပြီး ကားရှုပ်တဲ့ ဘီလမ်းနဲ့ ၈၄ လမ်းကို မမောင်းရ ဘူး။ ကားရှင်း တဲ့ အေလမ်းနဲ့ ၈၂၊ ၈၃ လမ်းမောင်းနဲ့ ပြောလည်း နားမထောင် ပါဘူး။ ကြောက်ရလို့သာ ရှေ့မှာ "အင်း" လိုက်ပြီး ကွယ်တာနဲ့ ရှုပ်တဲ့လမ်းပေါ်ကို အကျင့်ရအောင်လို့ မောင်းပြန်တာပေါ့။
အဲလို မောင်းလို့လည်း ကားမောင်း ကျွမ်းကျင်သွားတာပါပဲ။ အဲဒီအချိန်က အမျိုးသမီး ကားမောင်း သူ တွေ တော်တော်ရှားပါသေးတယ်။ မန္တလေးမှာ ကျွန်မအပါအဝင် သုံးဦး၊ တစ်ဦးက မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဂီရမ်းဆင်ရဲ့ဇနီး အိန္ဒိယအမျိုးသမီးပါ။ နောက်တစ်ယောက်က ကျွန်မရဲ့အချစ်ဆုံးသူငယ် ချင်း ဘီကြင်ဟိုတယ် ပိုင်ရှင် (လှလှမြင့်)၊ သူနဲ့ ကျွန်မက ဂျစ်ကားကိုယ်စီနဲ့ ဆရာဝန်ကြီးကတော်က စတေးရှင်း ဝက်ဂွန်ကား အညိုကြီး မောင်းပါတယ်။

စစ်ကိုင်းက ရဲဝန်ထောက် ဦးမောင်မောင်ရဲ့ဇနီး ဒေါ်တင့်တင့်၊ နောက်ပိုင်း လက်ထောက်ငွေ စာရင်းဝန် ဖြစ်လာတဲ့သူပါ။ နောက်တစ်ဦးက ကျောက်ဆည်မြို့က ဝန်ထောက်ကတော် ဒေါ်ခင်အုံးကြည် ဆိုတာ ပါပဲ။ ကျွန်မတို့ အားလုံး ခေတ်ပေါ် ဂျစ်ကားတွေနဲ့ပေါ့။
အရွယ်ကလည်း ဆရာဝန်ကတော်ကအပ နှစ်ဆယ်ကျော် ငယ်ငယ်ရွယ်ရွယ်လေးတွေ။ ဒေါ်ခင်အုံး ကြည်တို့၊ ဒေါ်တင့်တင့်တို့ကလည်း အချောအလှစာရင်းဝင်တွေဖြစ်တော့ သူတို့ကားမောင်းသွားတာ မြင်ရရင် အများ က ငေးကြည့်ရတဲ့အဖြစ်ပါပဲ။
ငယ်ရွယ်သူတွေ ဆိုတော့ မာန်တက်တဲ့စိတ်ကလည်း  ပါကြသေးတာနော်။ ကင်မရာကိုင်ခဲ့ရတဲ့ ကျွန်မ ဘဝဆောင်းပါး ကို မဟေသီမှာ ကျွန်မ ရေးဖြစ်တော့ ဒေါ်တင့်တင့်က ဆုံးသွားပါပြီ။ ဆောင်းပါးကို ဖတ် ဖြစ်တဲ့ ဒေါ်ခင်အုံးကြည်ဆီက စာရောက်လာပါတယ်။

"ခင်ရေ... တို့တစ်တွေ တော်တော်ရယ်ရတယ်နော်" တဲ့။ "ကားတွေ အရမ်းမောင်းလို့ ယာဉ်ထိန်းရဲတွေ နဲ့ ပြဿနာဖြစ် ရင် အန်ကယ်ဦးဘခက်ကြီးကို သွားပြီး ဂျီကျကြတဲ့အခါ အန်ကယ်က "အေးပါ၊ သူတို့ တွေကို အန်ကယ် ဆုံးမပေးမယ်၊ မင်းတို့ကလည်း ဥပဒေကို ရိုသေကြ။ မိုင်ပို မမောင်းနဲ့" လို့ ပခုံးပုတ် ချော့ပြောလိုက်တာကို အဟုတ်ကြီးထင်ပြီး "ငါ တိုင်ခဲ့ပြီ၊ မှတ်ဟဲ့" ဆို ကျေနပ်လို့နော်။ တကယ်က ကိုယ့် ကို ပြန်ဆုံးမလိုက်တာဆိုတာ သတိမထားမိဘူး။ ခု ပြန်တွေးကြည့်မှ တို့တွေ တော်တော်ကလေး ဆန်ခဲ့ကြတာ ပါလား ဆိုတာ မြင်မိတာ၊ ခင့် ဆောင်းပါးကိုဖတ်ရတာ တို့အသက် ငါးဆယ်လောက် ပြန် ငယ်သွား သလို ခံဏားရပါတယ်" တဲ့။

စာနဲ့အတူ အသက် ၇၀ အရွယ်အထိ လှပဆဲ၊ နုပျိုဆဲ၊ ဖျတ်လတ်ဆဲ ဓာတ်ပုံကိုပါ မြင်ရလို့ ကျွန်မလည်း ကိုယ်ကိုယ် တိုင် အသက် ၅၀ လောက် ပြန်ငယ်သွားသလို သူ့စာကို ဖတ်ရင်း ခံစားရပါတယ်။
အန်ကယ်ဦးဘခက် က အဲဒီအချိန်က ယာဉ်ထိန်းရဲဝန်ထောက်လေ။ ကျွန်မတို့တစ်တွေ ခဏခဏ သူ့ကို ဒုက္ခ သွားပြီး ပေးတတ်ကြတာ မှတ်မိပါတယ်။ ဒီလိုနဲ့ အင်္ဂလိပ်အစိုးရရဲ့လက်အောက်မှာ အုပ်ချုပ်ရေးက လည်း ပုံမှန်ပြန်ဖြစ်တဲ့ အပြင် စီးပွားရေးတွေကလည်း တဖြည်းဖြည်းနဲ့ စည်စည်ပင်ပင် ဖြစ်လာတော့ မြို့ ရွာကလည်း စစ်ဒဏ်ခံ ခဲ့ရာက ပြန်လည်ထူထောင်မှုတွေ လုပ်လို့ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြိုးပမ်း နေတဲ့ မြန်မာပြည် လွတ်လပ်ရေးကြီးကလည်း ရခါနီးပြီဆိုတဲ့ မျှော်လင့်ချက်နဲ့ လူတိုင်းရဲ့စိတ်ဓာတ်တွေ တက်ကြွပျော်ရွင်နေတဲ့ အချိန်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ မမျှော်လင့်တဲ့ သတင်းဆိုးကြီးတစ်ခုကြောင့် တစ်တိုင်းပြည်လုံး ယူကျုံးမရ ငိုကြွေးရတဲ့အဖြစ်ကို ရောက်တော့တာပါပဲ။ အဲဒီနေ့က မသမာသူများလက်ချက်နဲ့ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ အတွင်းဝန်ရုံးမှာ အစည်းအဝေးလုပ်နေဆဲ စနေနေ့မနက် (၁၀း၄၅) မိနစ် မှာ ကျဆုံးသွားကြရတဲ့အဖြစ်ပါပဲ။
မယုံနိုင်စရာ အဖြစ်တစ်ခုမို့ ပြည်သူလူထုတွေလည်း တော်တော်ပဲ ချောက်ချားသွားကြပါတယ်။ အဲဒီ သတင်းကို ဖဆပလရုံးချုပ်က အတွင်းရေးမှူးကိုမျိုးမြင့်က ရန်ကုန်က သတင်းရရချင်း ကျွန်မတို့ဆိုင်ကို ပြေးလာပြီး သူနဲ့ ရင်းနှီးခင်မင်နေတဲ့ ကျွန်မရဲ့သူငယ်ချင်း မခင်စမ်း (Kathleen) ကို ပြောပြတော့ စိတ် ထိခိုက်လွယ်တဲ့သူပီပီ ကျွန်မကိုဖက်ရင်း ငိုချလိုက်ပါရော့။ သူ့ကို ချော့ရင်း ကျွန်မပါ ရောငိုမိတော့တာ ပါပဲ။

နေ့ကြီးရက်ကြီးတွေက ကျွန်မရဲ့သူငယ်ချင်း မခင်စမ်းနဲ့ပတ်သက်ပြီး အမှတ်တရအဖြစ် ကျန်ရစ်ခဲ့ပါ တယ်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ ကျွန်မ ဆိုင်စဖွင့်ပြီးကလည်းက လုပ်အားပေး သူငယ်ချင်း သုံး ယောက်နဲ့စခဲ့တာ။ Pearl ခင်ခင်လင်းကလည်း တက္ကသိုလ်တွေ ပြန်ဖွင့်တော့ ရန်ကုန်တက္ကသိုလ် ရောက်၊ ခင်စမ်းကြည် (Pauline) က အိမ်ထောင်ကျဖြစ်ကုန်တော့ မခင်စမ်း (Kathleen) တစ်ယောက် ပဲ ကျွန်မနဲ့ မြဲနေခဲ့တာ ပါ။ နောက်ပိုင်း နေ့စဉ်သွားချည်ပြန်ချည် လုပ်ရတာ အလုပ်ရှုပ်တယ်ဆိုပြီး ကျွန်မ နဲ့အတူ လာနေပါတယ်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မြန်မာပြည် လွတ်လပ်ရေးရတဲ့အတွက် အကြီးအကျယ်ပွဲတွေ ကျင်းပကြတာ တစ်နိုင်ငံလုံး ခြိမ့်ခြိမ့်သဲပါပဲ။ အဲဒီနေ့က မန္တလေးမြို့ ကျုံးထောင့်မှာ ရှိတဲ့ အစိုးရ အိမ် တော်ရဲ့မြက်ခင်းပြင်ပေါ်မှာ ကျင်းပတော့ ကျွန်မနဲ့အတူ မခင်စမ်းရယ်၊ ကိုကြီးရယ်၊ သုံးယောက် သွား ဖြစ်ပါတယ်။ ကုန်သည် မြို့မိမြို့ဖများနဲ့ အရာရှိများအပါအဝင် ဧည့်သည်များကို ညစာ စားပွဲ တည်ခင်း ကျွေးပြီး အငြိမ့်နဲ့ ဖျော်ဖြေဧည့်ခံတာပါ။

မြက်ခင်းပြင်မှာလည်းဖြစ်၊ ဇန်နဝါရီလည်းဖြစ်တော့ လေအေးက တိုက်တာနဲ့ ခပ်စိမ့်စိမ့် ချမ်းတယ်ပေါ့။ အငြိမ့်ကြည့် လို့ ကောင်းနေတုန်းမှာပဲ မခင်စမ်းရဲ့ "အောင်မလေး" နဲ့ အထိတ်တလန့် အော်သံကို ကြား လိုက်တော့ ဘာများလဲဆိုပြီး ကြည့်မိပါတယ်။ ကျွန်မရဲ့ဘေးမှာ ပျော့ခွေပြီး သတိမေ့သွားပါရော။ သတိ မေ့လောက်အောင် ထိတ်လန့်သွားရတဲ့အဖြစ်ကလည်း ကြည့်ပါဦး။ မန်းကျည်းပင်ပေါ်က ခူကြီး တစ် ကောင် သူ့လက်မောင်းပေါ် ကျလာတာကိုး။ အသည်းငယ်တတ်တဲ့သူပီပီ အကြောက်လွန်ရင်း မေ့သွား တာမို့ ကျွန်မ တို့လည်း သူ သတိပြန်ရတာနဲ့ထပြီး ပြန်ခဲ့ကြပါတယ်။
အဲဒီနေ့ကစပြီး ဖျားလိုက်တာ။ သုံး လေးရက်နဲ့မကျတော့ ဆရာဝန်ကြီးကိုပင့်ပြီး ပြပါတယ်။ ကုရင်းနဲ့ မသက်သာလို့ စမ်းသပ်မှုတွေ အမျိုးစုံလုပ်ကြည့်ပြီး သိရတဲ့အဖြေကတော့ မခင်စမ်းမှာ အဆုတ်ရောဂါ စွဲကပ်နေပြီဆိုတာပါပဲ။ ဒီတော့ လိုအပ်တဲ့ အာဟာရတွေ ကျွေး၊ ဆေးတွေပေးနဲ့ ကျွန်မက တာဝန်ယူပြီး ပြုစုပေမဲ့ မခင်စမ်းရဲ့မိခင်နဲ့ ကျန်တဲ့မိသားစုက နဂိုကတည်းက ဓမ္မတာကလည်း မမှန်တတ်လို့ အဆုတ် ရောဂါဆိုတာ မဖြစ်နိုင်ဘူး၊ မိန်းကလေးများရဲ့ သဘာဝ မီးယပ်ရောဂါပဲဖြစ်ရမယ်။ ဒါကြောင့် မြန်မာဆေး နဲ့ ကုချင်တယ် ဆိုပြီး ပြန်ခေါ်သွားပါရော။

မခင်စမ်းရဲ့မာမီကလည်း ကျွန်မရဲ့အမေလို ဖြစ်နေတာမို့ အတန်တန်ရှင်းပြပါတယ်။ မာမီက လက်ခံချင် သလိုလို ရှိလာပေမဲ့ ကြီးတော်တွေအားလုံးက မြန်မာဆေးပဲ ကုချင်တယ်ဆိုတော့ ကျွန်မလည်း လက် လျှော့လိုက်ရရောလေ။ ဒါပေမယ့် နေ့စဉ် အလုပ်ပြီးတာနဲ့ မခင်စမ်း အိမ် အရောက်ပြေးကြည့်ရ။ လိုတာ တွေ ဝယ်ခြမ်းပေးရ။ ဂရုစိုက်နေရဆဲပေါ့။ ရောဂါက သက်သာလာသလို ရှိပေမဲ့ အဖျားက မကျပါဘူး။
ကိုကြီးနဲ့ ကျွန်မ ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တကျက်ကျက်၊ ကိုကြီးက သူငယ်ချင်းကိုချစ်ရင် လိုအပ် တာတွေ ဝယ်ပေး၊ ဆေးဝါးကုသပပေး တော်ပြီပေါ့။ ကျွန်မ နေ့စဉ်နီးပါး သွားကြည့်နေတာ။ ကျွန်မမှာ လည်း သားငယ်လေး နဲ့ အဆုတ်ရောဂါကူးလာရင် ဒုက္ခရောက်မယ်နဲ့ ဆူပါတယ်။
ကိုယ့်အလှည့် တုန်းက တစ်နှစ်လုံးလုံး ခေါ်ထားပြီး သူငယ်ချင်းရဲ့အကူအညီတွေကို ယူထားခဲ့တာ သူ နေမကောင်းဖြစ် ခါမှ ကျေးဇူးတရားကို မထောက်ထားဘဲ ကျွန်မက သားကိုရောဂါကူးမှာစိုးလို့ သွားမ ကြည့်ဘူး ဆိုတာတော့ ဘယ်လိုမှမလုပ်နိုင်ပါဘူး။ ဒါကြောင့် ကိုကြီးရဲ့အဆူအဆဲကို ခံပြီး သွားမြဲသွား၊ ဂရုစိုက်မြဲ စိုက်ပါ တယ်။ မာမီက အားနည်းလို့ သူ့သမီးကို အားဆေးထိုးပေးချင်တယ်။ ဆေးသွင်းချင် တယ်ဆိုရင်လည်း ဆရာဝန် ကျွန်မက ပင့်ပြီး လုပ်ပေး၊ ကြီးတော်တွေက မြန်မာဆေးကျွေးချင်ရင်လည်း ကျွေး။

ဆရာများ သားသေဆိုတဲ့ စကားအတိုင်းပါပဲ။ ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်း အသက် (၂၄) နှစ်မှာ နလန်မထူတော့ဘဲ ကွယ်လွန်သွားရှာပါတယ်။ အဲဒီအချိန်အခါက အဆုတ်ရောဂါက အဖြစ်များပြီး ကုမ ရဘဲ သေဆုံး ကုန်ကြတာ ကျွန်မရဲ့ဘိုးလေး ဆရာကြီး ဦးအောင်ညွှန့် အပါအဝင်ပါပဲ။
ကွန်ဗင့်ကျောင်း ကို ပြောင်းလာကတည်းက နေ့စဉ် အတူစား၊ အတူသွား၊ အတူအိပ်နေလာခဲ့တဲ့ ငယ် သူငယ်ချင်း မို့ မခင်စမ်း ကွယ်လွန်သွားခြင်းက ကျွန်မအတွက် ခန္ဓာကိုယ်က အစိတ်အပိုင်းတစ်ခုကို စွန့် လွှတ်လိုက် ရသလို နာကျင်လှပါတယ်။ အသက်လေးနှစ်အရွယ်မှာ ဖခင် ဆုံးပါးသွားစဉ်က ကလေးဘဝ မို့ မသိ နားမလည်လိုက်ပါဘူး။ အသက် (၁၇) နှစ်မှာ ဘွားမေ ဆုံးတော့ သေကွဲကွဲရခြင်းရဲ့ပရိဒေဝကို စတင် နားလည် လာခဲ့တာ ခု အသက် (၂၄) နှစ်ရောက်ပြီဖြစ်လို့ ၇ နှစ်အတွင်း အဘွားဆုံး၊ အဘိုး ဆုံး၊ ရင်မှ ဖြစ်ရတဲ့ သားငယ် (လင်း) လေးဆုံး၊ အချစ်ဆုံး သူငယ်ချင်း ဆုံး၊ ဒီလိုဖြစ်ရပ်တွေဟာ အဘိဏှ သုတ်တော်မှာ ပါလာသလို လူ့ဘဝကို ရကြတဲ့လူတိုင်း ရင်ဆိုင်ရမဲ့ အဖြစ်လို့ တရားကို မသိသေးတာ မို့ ပြင်ဆင် ထားခြင်းမရှိတဲ့အတွက် သေကွဲကွဲရခြင်းဆိုတဲ့ လောကဓံနဲ့ ကြုံတဲ့အခါ မရပ်တည်နိုင်အောင် ခံစားရတော့ တာပါပဲ။

ရင်မှာ ထိခိုက်နာကျင်မှုတစ်ခုခုကို ကြီးစွာ ခံစားရတဲ့သူတိုင်း ဘယ်သူနဲ့မှ မတွေ့လိုမမြင်လို စကားမ ပြောလိုကြဘဲ တစ်ယောက်တည်း လူသူလေးပါး ကွယ်ရာမှာ ငြိမ်ငြိမ်လေး ခံစားနေချင်ကြတာ ဓမ္မတာ ဖြစ်ပေမဲ့ ကျွန်မဘဝအဖို့ အဲဒီအခွင့်အရေးက မရှိလေတော့ အလုပ်ခွင် ဝင်တဲ့အချိန်မှာ အတူတပျော် တစ်ပါး လက်တွဲလုပ်ခဲ့ကြတာတွေ ထင်ယောင်မြင်ယောင်ဖြစ်ပြီး သတိရတိုင်း မျက်ရည်ကျ၊ ရင်ထဲမှာ စူးစူးရှရှ ခံစားရ တာတွေ ဖုံးဖိရင်း ဓာတ်ပုံလာရိုက်ကြတဲ့ မိန်းကလေးတွေ မသိမမြင်ရအောင် ဟန် ဆောင်ပြုံးပြနဲ့ ဖုံးကွယ်ဟန်ဆောင်ရာတွေ များလွန်းလို့ တစ်ခါတစ်ခါ ကိုယ် မက်မောစွာနဲ့ တည် ဆောက်ထားတဲ့ လုပ်ငန်းကြီးတစ်ခုလုံးကို "သွားစမ်းဟယ်" ဆိုပြီး ပစ်ထားလိုက်ချင်တဲ့စိတ်တောင် ဖြစ်မိတဲ့ထိပါပဲ။

ကျွန်မက အောက်ဒိုးတွေ ဖိလုပ်နေချိန် မခင်စမ်းက In Door Studio မှာ လာရိုက်တဲ့သူတွေကို ကောင်းစွာ ထိန်းထားနိုင်တာမို့ မခင်စမ်း မရှိတော့တာ ကျွန်မမှာ လက်တစ်ဖက် ပြုတ်သွားသလိုပါပဲ။ ဒါကြောင့် အမျိုးသမီး ထဲက တာဝန်ယူမဲ့ လူစားရှာရပါတော့တယ်။ ဖြစ်ချင်တော့ ကျွန်မရဲ့ဆိုင်မှာ လုပ် နေတဲ့ ပုံဆေးပုံကူး တာဝန်ခံ Paul က သူ့ညီမ Stella ဆိုတာကို ခေါ်လာပါတယ်။ သူတို့ဖခင် ရှိစဉ်က ဓာတ်ပုံဆိုင် လုပ်ခဲ့ဖူးတာမို့ Pual က ဓာတ်ပုံ လုပ်ငန်း ကျွမ်းသလို သူ့ညီမ Stella လို့ခေါ်တဲ့ မအေးမြင့် ကလည်း ဓာတ်ပုံနဲ့ မစိမ်းလေဘူးပေါ့။ ဒါနဲ့ သူ့ရဲ့ပညာအရည်အချင်း နဲ့ ဓာတ်ပုံပညာပါ သဘောကျတာ နဲ့ အလုပ်ခန့်ပြီး လိုအပ်တဲ့ အဆင့်မီ လုပ်နိုင်တဲ့ အထိ အနီးကပ် သင်ပြပေးရတာပေါ့။

ထပ်ဖြည့်ထားတဲ့ အလုပ်သမားတွေနဲ့ တက်ညီလက်ညီ လုပ်ကြရလို့ အရင်ကထက် အလျင်မီအောင် ရက်ချိန်းကိုက် ပေးနိုင်လာတာလည်း မှန်ပါရဲ့။ ကားလေး ရှိလာတော့ ရိုက်ကွင်းကို အချိန်မလင့် ဘဲ ရောက်နိုင် တာမို့ အလုပ်ပိုတွင်လာတာလည်း ဟုတ်ပါရဲ့။ အဲဒီလို အဘက်ဘက်က အဆင်ချော လာပြန် တော့လည်း နောက်အခက်အခဲ တစ်ခုနဲ့ ရင်ဆိုင်ရပြန်လေရော။
လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ယုံကြည်ချက် မတူညီကြဘဲ ကွဲကြပြဲကြဖြစ် လို့ တောခိုတဲ့သူတွေက တောခို၊ သူပုန်ဆိုတာကလည်း တစ်မျိုးတည်း တောင် မဟုတ်ဘူး။ ရဲဘော်ဖြူ၊ တပ်နီ၊ ကွန်မြူနစ်၊ ကရင်နဲ့ ရောင်စုံသူပုန်လို့တောင် နာမည်ပေးထား တဲ့အဖြစ် ကို ရောက်တော့တာနော်။

သူပုန်တွေက မြို့တွေဝင်စီး၊ မီးတွေရှို့၊ မိုင်းဗုံးတွေထောင်၊ မီးရထားလမ်းဖျက်၊ တံတားတွေချိုး၊ ရန်ကုန် မြို့ကြီးတောင် သူပုန် လက် ကျအံ့ဆဲဆဲ ဖြစ်တဲ့ထိ အခြေအနေတွေ ဆိုးခဲ့တာမို့ တိုင်းပြည်က မငြိမ် မသက် ဖြစ်လာ၊ လမ်းပန်းအဆက်အသွယ်တွေက ပြတ်၊ လွတ်လပ်ရေးရလို့ ပျော်ကြရတာ ကြာကြာ တောင် မခံစား လိုက် ရပါဘူး။ ရင်တမမနဲ့ ဖြစ်ကြရပြန်ပါရော။
ကုန်ကြမ်း ရဖို့ ရန်ကုန်မြို့ကြီးကို အားကိုးနေရတဲ့ လုပ်ငန်းမှန်သမျှလည်း ထိခိုက်နစ်နာကြတာ။ ကျွန်မ တို့ အပါ အဝင်ပေါ့။ လမ်းပန်းအဆက်အသွယ်တွေ မကောင်းလို့ ကုန်က ပြတ်တော့ ဈေးကြီးပေးဝယ်ရ တာကြောင့် ကိုယ့် တွက် အကျန်နည်းတာမှန်ပေမဲ့ အလုပ်ရပ်ဆိုင်းမသွားအောင်ပဲ အားခဲပြီး ကျားကန် ထားရပါတယ်။

ဒီအချိန်မှာ အိန္ဒိယပြည်နယ်စပ်နဲ့ နီးကပ်တဲ့ တမူးဘက်ကို လူတွေက ကုန်ကူးထွက်ကြတယ်။ တချို့ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ က တမူးကတစ်ဆင့် သွင်းကြပြန်တာပေါ့။ ရန်ကုန်နဲ့က လေကြောင်းကလွဲ ပြီး ဆက်သွယ် မှုပြတ်ဆဲ ဖြစ်နေတာကိုး။ သူများ မိုးခါးရေသောက်တော့ ကိုကြီးလည်း လိုက်သောက်ဖို့ တမူးကို သူ့မိတ်ဆွေ ဆတ္တားမုခီး နဲ့အတူသွားကြလေရဲ့။ ကုသိုလ်ကံ မပေးတဲ့အခါကျတော့ လုပ်တိုင်း အံချော်နေတာပဲပေါ့။ ရှမ်းပြည်တင် တဲ့ ဆန်အိတ်တွေက မကြာခဏ တွဲမှောက်လို့ရှုံး၊ တမူးကို ကုန်ကူး ဖို့ သွားကြတာ၊ လမ်းမှာ ဓားပြတိုက်ခံ ရတာနဲ့ ပါသွားသမျှ အကုန်ပေးခဲ့ရပြီး ကံကောင်းထောက်မလို့ အသက်မသေ ပြန်ရောက် လာကြပါတယ်။

အဲလို လမ်းပန်းအဆက်အသွယ် မကောင်းလို့ ဖြစ်နေတဲ့ အခက်အခဲတွေကြားကပဲ ကူညီဖေးမကြတဲ့ မိတ်ဆွေကောင်းတွေ ရဲ့ ကျေးဇူးတွေကြောင့်ရော၊ လေယာဉ်ပေါ်က ရိုက်တဲ့ ဖလင်မျိုးကအစ ဆွဲပြီး ဖြစ်အောင် သုံးကြည့်ရင်း မဖြစ်မနေ ကြိုးစားတဲ့ ဝီရိယနဲ့ဇွဲအကျိုးကြောင့် ကျွန်မရဲ့ဓာတ်ပုံဆိုင်လေးက သူများတကာ တချို့ဆိုင်တွေ ရပ်နားကြရတာမျိုးဖြစ်ပေမဲ့ အခက်အခဲကြားကပဲ ဆက်လက်ရှင်သန်နေ လို့ တစ်ဖက်က စီးပွားရေး ကျဆုံးတာကို ခံသာသလို ဖြစ်နေပါတယ်။
မာမီ့ရဲ့ရောဂါအခြေအနေက ထူးမခြားနားဘဲ ကောင်းချင်တဲ့အခါ ကောင်းလိုက်၊ ဆိုးချင်တဲ့အခါ ဆိုး လိုက်၊ ဘယ်လောက်ပဲ ကောင်းနေနေ ရဲရဲတောက်နေတဲ့ မီးတောက် မီးညွှန့်ကြီးတွေကိုကြည့်ပြီး သွေး ပျက်ခဲ့ရ လို့ပဲလား မသိဘူး။ မာမီ အနီရောင်ကို လုံးဝကြည့်လို့မရအောင် မုန်းနေပါတော့တယ်။ ဓာတ်ပုံ ရိုက်ဖို့လာတဲ့သူ တစ်ဦးဦး အနီရောင် ဝတ်စုံ ဝတ်လာတာ မမြင်လိုက်နဲ့ အခန်းဝမှာ လာရပ်ပြီး ခါးထောက်ကြည့်ရင်း ရန်တွေ လုပ်တော့တာပါပဲ။ ကျွန်မမှာ မာမီ့ကိုလည်း ဆွဲရလွဲရ ထိန်းသိမ်းရ၊ ဓာတ်ပုံရိုက်သူကိုလည်း စိတ်မဆိုးအောင် ရှိခိုးမတတ် တိုးလျှိုးတောင်းပန်ရနဲ့ ဗျာများရပါတယ်။

ကိုယ်က ကြိုမြင်ထားမိရင် အဲဒီဓာတ်ပုံရိုက်တဲ့သူ မပြန်မချင်း မာမီ မမြင်ရအောင် နည်းမျိုးစုံနဲ့ ကာကွယ် ရတာ လည်း ဒုက္ခတစ်ခုပါပဲ။ တစ်နေ့တစ်နေ့ ဓာတ်ပုံရိုက်တွေ ဆက်တိုက်ကျနေလို့ ကျွန်မ မအားရ၊ မနားရတာ တွေ့ရင်လ ည်း လာတဲ့သူတွေကို ထမင်းရှင်လို့ မမြင်နိုင်ဘဲ သူ့သမီးကို ပင်ပန်း အောင် လာပြီး နှိပ်စက်နေကြတယ်ဆိုတဲ့အထင်နဲ့ ရန်တွေလုပ်ပြန်ပါရော။
အဲဒီအခါကျ မာမီ့ကို စောင့်ရှောက်ဖို့ တာဝန်ယူပေးတဲ့ အေးကြည်မက ညကျမှ တိုက်ရမဲ့ စိတ်ငြိမ်ဆေး ကို ကော်ဖီ ပူပူထဲထည့်ပြီး မာမီ မသိအောင် တိုက်လိုက်နဲ့ ကြံဖန်ပြီး ထိန်းရတော့တာပဲ။
အဲလို စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ မိခင်ရဲ့ဝေဒနာကိုလည်း မျက်ခြေမပြတ် ဂရုစိုက်ရ၊ အလုပ်တာဝန် လည်း မလစ်ဟင်းရအောင် စွမ်းဆောင်ရနဲ့ မအားတဲ့ကြားထဲမှာ ကိုယ်ဝန်က ရှိလာပြန်ပါရော။ တတိယ အကြိမ်မြောက် ကိုယ်ဝန်ဆိုတော့ ရိုးသွားပြီလေ။ ဗိုက်ကြီးတပြဲပြဲနဲ့ မွေးခါနီးဖြစ်နေတာတောင် အနား ယူဖို့ သတိမရနိုင်ပါဘူး။ စတူဒီယို ထဲမှာ ဓာတ်ပုံရိုက်နေရင်းက ဗွမ်းခနဲ ရေမြွှာပေါက်ကျမှ ဆေးရုံမှာ အပြေးအလွှားသွားပြီး မွေးလိုက်၊ ဆေးရုံက ဆင်းလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် မီးနေသည်လုပ်ဖို့လည်း အချိန်မပေးအားဘဲ ဓာတ်ပုံရိုက်မြဲ ရိုက်လိုက်။

ဒီတစ်ခါ မွေးတာက သမီးလေးဖြစ်လို့  ကျွန်မနဲ့တူ မိသားစုအာလုံးကလည်း ဝမ်းသာကျေနပ်လို့ပေါ့။ ဒါပေမဲ့ အဲဒီ ဝမ်းသာမှုက ကြာကြာမခံလိုက်ပါဘူး။ ဆရာဝန်က မီးဖွားပြီး စမ်းသပ်ချိန်မျာ ကျွန်မရဲ့ရင် သားမှာ အကျိတ်တွေ့ လို့ ကင်ဆာဖြစ်နိုင်ဖို့ အလားအလာရှိတယ်ဆိုပြီး အထူးကုဆရာဝန်ကြီးကို ပြဖို့ ညွှန်းပါလေရော။ အဲဒီအချိန်က ခွဲစိတ်တာ နာမည်ကြီးတဲ့ ပြင်ဦးလွင်က ဆရာဝန်ကြီး ဒေါက်တာနန်ဒီ ကို ပြပါတယ်။
အကျိတ်က ရင်သားရဲ့အပေါ်နဲ့ အောက်ဘက်မှာ နှစ်ခုရှိနေတာကြောင့် တစ်ခုလုံးလှီးဖြတ်ထုတ်ပစ်မှ စိတ်ချရမယ်လို့ ဆိုပါလေရော။ ကျွန်မကလည်း အင်မတန်မှ အလှအပကို ကိုးကွယ်ချင်တတ်တဲ့ (မလှ ချင်)လေ။ ရင်းသားတစ်ခုလုံးကို လှီးဖြတ်ရမယ်ဆိုတော့ ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်တာပေါ့။

ကိုကြီးကတော့ အားပေးပါတယ်။ "ဘာဖြစ်လဲ၊ လုပ်ဖို့လိုအပ်ရင် လှီးဖြတ်ထုတ်လိုက် ပြီးတာပဲ၊ ဒါမှ သူပုန်ဗိုလ် "နို့တစ်လုံးစိန်" နဲ့ အပြိုင် "နို့တစ်လုံးခင်" ဖြစ်ပြီး နာမည်ကြီးတာပေါ့" တဲ့။
အဲဒီအချိန်တုန်းက တောခိုနေတဲ့ သူပုန်တွေထဲမှာ အမျိုးသမီးသူပုန်ဗိုလ် "နို့တစ်လုံးစိန်" ဆိုတာ သတ္တိ ရှိတယ် ဆိုပြီး နာမည်ကြီးပါတယ်။ ကိုကြီက "ရယ်ရင် ပေါ့" ဆိုတဲ့သဘောနဲ့ ကျွန်မ ခံစားချက်ပေါ့ အောင် တမင်နောက်ပြောင်ပြီး ပြောတာ ဖြစ်ပေမဲ့ အဲဒီစကားလုံးကြီးကို သည်းမခံနိုင်ဖြစ်ပြီး ကျွန်မ ထပ်ပိုတော့တာပဲ။
မတတ်နိုင် လို့ ဖြတ်ခါမှ ဖြတ်ရရော။ အစအဆုံးတော့ ကျွန်မ ကြိုးစားကြည့်ချင်သေးတာမို့ ညကျ အစ်ကိုဝမ်းကွဲ ဦးတင်မောင်မောင် ရှိရာ ရန်ကုန်ကို ဖုန်းဆက်ပြီး ဖုန်းထဲမှာလည်း ပြောရင်း ငိုယိုပေါ့။
ကိုကိုကြီး က "အလကားနေရင်း အားငယ်ပြီး နင် ထိုင်ငိုမနေနဲ့။ ရန်ကုန်ကို ခုချက်ချင်း ဆင်းလာခဲ့။ ဒီမှာ ခွဲစိတ် တာ အလွန်တော်တဲ့ သမားတော်ကြီး ဦးဘသန်း ရှိတယ်။ ကိုကိုကြီးကိုယ်တိုင် လိုက်အပ်ပေး မယ်" ဆိုကာမှ ကျွန်မ လည်း အငိုတိတ်ပြီး ကိုကြီးနဲ့အတူ ရန်ကုန်ကို အမြန်ဆင်းဖို့ ပြင်ဆင်ရတာပေါ့။

သမီးကလည်း ရက်သားလေးပဲ ရှိသေးတယ်။ သမီးကိုထိန်းဖို့ နာနီကလည်း အချိန်မီ ရှာလို့မရ။ မမ သန်း ကလည်း အရေးထဲ မှာ တုပ်ကွေးဖြစ်ပြီး အိပ်ရာထဲ လဲနေတာမို့ ဆရာဝန်ကြီးကိုပြောပြီး သမီးကို ဆေးရုံမှာ ခဏကြည့်ထားပေးဖို့ ပြန်အပ်ထားခဲ့ရပါတယ်။
သမားတော်ကြီး ဦးဘသန်းနဲ့ ပြကြည့်တော့ သေသေချာချာ စစ်ဆေးကြည့်ပြီးတာနဲ့ ဒေါက်တာနန်ဒီ ပြောသလို တစ်ခုလုံး လှီးဖြတ်စရာမလိုဘဲ ဘေးကဝိုက်ပြီး ခွဲထုတ်ယူရင် ရနိုင်တယ်ဆိုမှ ကျွန်မ သက် ပြင်း ချနိုင်ပါတော့ တယ်။ ကျောင်းသားဘဝ ၁၇ နှစ်အရွယ်က ခွဲထုတ်ထားရတဲ့  ကျွန်မရဲ့ညာဘက်ရင် သားမှာ ထပ်ဖြစ်တာ မို့ အခါခါခွဲရတဲ့ ဓားရဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့် အမာရွတ်အဖြစ် ကျန်ခဲ့ရစ်ပေ မဲ့ ပုံပန်းမပျက် ရှိနေတာ ကို ကျေးဇူးတင်ရပါသေးတယ်။

ဒါကြောင့် ရောဂါတစ်ခုခုဖြစ်လာရင် ကုသမှု ခံယူတဲ့ ဆရာဝန်ကြီးတွေက ဘယ်လောက်ပဲ ပညာတွေ တော်နေနေ ကိုယ်ပိုင်အယူအဆတွေမှာ ကွဲ ပြားခြားနားတတ်တာကြောင့် ဆရာဝန်တစ်ဦးရဲ့အဆုံးအဖြတ် တစ်ခုတည်းနဲ့ မပြီးဘဲ နောက်ထပ် ဆရာဝန်ပြပြီး ဆုံးဖြတ်မှုကို ချင့်ချိန်ယူ စဉ်းစားသင့်တယ်ဆိုတာ ကျွန်မရဲ့ကိုယ်တွေ့အရ အဲဒီအချိန်က တည်းက သင်ခန်းစာရပြီး နားလည်သဘောပေါက်မိပါတယ်။
ဘဝ ရဲ့သင်ခန်းစာတွေ ဆိုတာကလည်း နေ့စဉ် အခါမလပ် ကြုံတွေ့နေရတာမို့ မြားမြောင်လှချည်ရဲ့ လို့ပဲ ညည်းလိုက်ချင်ပါရဲ့။

ဆက်ရန်
.

No comments: