“အို ... မောင်ကလည်း အိမ်ထောင်ပြုတယ်ဆိုတာ စဉ်းစားဦးမှပေါ့”
“ဒါဖြင့် ...”
“မောင် စီစဉ်ပါ၊ အဆင်သင့်ဖြစ်ရင်ပြောပါ၊ မောင်နဲ့ လိုက်ခဲ့မယ်ပေါ့”
“တကယ် ... သန်း ကတိပေးသလား ...”
သန်းသန်း က ထပ်၍ မဖြေ။ ရွှန်းလဲ့သော မျက်လုံးရွှဲရွဲကို ဝေ့၀ိုက်၍ ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော် သည် သန်းသန်း ၏ လက်ကို ဆုပ်နယ်လိုက်သည်။ နဖူးပြင်ပေါ်သို့ အနမ်းမိုးများ သွန်းလောင်း လိုက်ပါသည်။ ကို ဆက်ဖတ်ရန် .....

“ဟော ... အစ်ကို မြလှိုင်ကြီးပါလား၊ ဘယ်တုန်းက ပြန်ရောက်နေသလဲ”
“ကြာပြီ၊ နှစ်လလောက် ရှိရော့မယ်၊ ငှက်ဖျားမိပြီး ပြန်လာခဲ့ရတယ်။ ဒါနဲ့ လျလို့ဝလို့ပါလား၊ စည်းစိမ်တွေ တိုးနေမှတ် တယ် ...”
“သြော် ... အစ်ကိုမြလှိုင်က လုပ်ရော့မယ်”
ကိုဝက်ကြီး၏ ခြေမြန်သတင်းပေးချက်အရ ဂျပန်ကတော် ဖြစ်နေသော သန်းကြည်တစ်ယောက် သူ့ အမေ ဒေါ်စိန်ပု ထံလာစဉ် ချိန်ကိုက် ကျွန်တော်ရောက်ရှိလာခြင်းဖြစ်ပါသည်။ နဂိုရှိသော သန်းကြည် တစ်ယောက် စားဝတ်နေရေး ပြည့်စုံသောအခါ သူ့အလှသည် ပို၍ ပေါ်လာသည်။
“ဂျပန် စစ်ဗိုလ်ကြီးနဲ့ ယူလိုက်တယ်ဆို”
“ဟင်း ... ဟင်း ... ဟင်း”
“ပြောပါဦး။ အိမ်ထောင်ကျတာ ကြာပြီလား”
“အိမ်ပေါ် တက်ထိုင်ဦးလေ ...”
“ဟင့်အင်း ... တော်ကြာ မာစတာကြီးနဲ့ တိုးနေရင် ခက်မယ်”
“လာပါ အစ်ကိုရယ်၊ သူမလာပါဘူး၊ သန်းကြည် အစ်ကိုမြလှိုင်ကို ဇာတ်စုံ ရှင်းပြပါမယ်”
မူလဂျီ လုပ်နေသော ကျွန်တော်သည် သန်းကြည်နောက်မှ လိုက်၍ အိမ်ပေါ်သို့ တက်လာခဲ့ပါသည်။ ဤအိမ်၊ ဤနေရာ၊ ဤအခန်းကလေးသို့ ကျွန်တော် ယခင်က ရောက်ခဲ့ဖူးသော်လည်း ယခုမူ သန်းကြည် ဂျပန် ကတော်ဖြစ်ခြင် သင်္ကေတအဖြစ် ပြောင်းလဲနေသည်ကို တွေ့ရပါသည်။ ကျွန်တော်ရောက်ဖူးသော ထိုင်ဖူးသော နေရာ တွင် ဖျာကြမ်း မဟုတ်တော့ဘဲ ကြိမ်ကုလားထိုင်များ နေရာယူထားကြသလို အခြား အခြားသော လူအသုံးပစ္စည်း ကလေးများသည်ပင်လျှင် ထည်ဝါခန့်ညားစွာဖြင့် တွေ့ရပါသည်။ ကျွန်တော်သည် လမ်းမဘက် သို့ မျက်နှာမူသော ကုလားထိုင်တွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် သန်း ကြည်အား စူးစိုက်စွာ ကြည့်လိုက်မိသည်။
“အစ်ကို လက်ဖက်ရည်သောက်မလား”
“ကောင်းသားပဲ”
“ခဏနော် ...”
ကျွန်တော်သည် လက်ဖက်ရည် သောက်မည်ဟု လွယ်လွယ်ပြောခြင်းမှာ သန်းကြည်တို့နေထိုင်ရာ တစ်ဝိုက် သည် အောင်မင်္ဂလာရုပ်ရှင်ရုံ အနီးတ၀ိုက်တွင်ဖြစ်၍ သားရေစာများ မှာယူစားသောက်ရ လွယ် ကူခြင်းကြောင့် ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်သည် ကိုဗလဖျော်သော လက်ဖက်ရည်ကို မသောက် ရသည်မှာ ကြာမြင့်လှပြီ မဟုတ်ပါလော။ သို့သော် ဂျပန်ကတော် သန်းကြည်က ကျွန်တော့်အား သူ ကိုယ်တိုင်ဖျော်သော လက်ဖက်ရည်ဖြင့် ဧည့်ခံရန် ရေနွေးအိုးပင်တည်၍ ရေပါချေသည်။
“သန်းကြည် ရယ် ... ဆိုင်က မှာလိုက်လဲ ပြီးတာပဲကွာ၊ အပင်ပန်းခံလို့ တကူးတက ရေနွေးတည်နေရသေး လားဟင်”
“သြော် ... အစ်ကိုကလည်း၊ ခဏလေးပါဆိုနေ ... ဟွန့် ...”
“ခုမှတော့ စောင့်ရတော့မှာပေါ့ဟာ”
“အစ်ကိုမြလှိုင်ကြီးအတွက် နို့များများ၊ ချိုချိုဆိမ့်ဆိမ့် ပြစ်ပြစ် ...။ ဟင်း ... ဟင်း ... ဟင်း။ သန်းကြည် လက်ဖက်ရည်သောက် ပြီး တစ်ခါတည်း ... ဟီး ... ဟီး ... ဟီး”
သန်းကြည် ၏ ဟင်း-ဟင်း-ဟင်း။ ဟီး-ဟီး-ဟီး ဆိုသာ အောက်ကလာသံများသည် ကျွန်တော့်အား ကလိ ထိုး သည့်နှယ် ရှိဘိသည်။ ကျွန်တော်သည် သန်းကြည်၏ လှုပ်ရှားမှုကို နောက်ကျောမှနေ၍ ကသိုင်ဏ်းရှုနေ မိသည်။ ဖြူဝင်းသော အသားအရေ၊ ကားစွင့်သော တင်သားများသည် ဂျပန်စစ်ဗိုလ် မော်နီတာသာမဟုတ်။ အစ်ကို ကာလသားတို့ တပ်မက်ဖွယ် ဆွဲဆောင်သံလိုက်များပင်ဖြစ်ချေသည်။ သန်းကြည် လက်ဖက်ရည် ဖျော်နေ ခိုက်၊ ကျွန်တော့်အတွေးတိမ်တိုက်များသည် ဟိုမှသည်မှ လှုပ်ရှားတိုက်ခတ် လျက်ရှိ သည်။ ကျွန်တော်၏ အတွေးတိမ်တိုက်များသည် နှောင်းကာလ၏အဖြစ်ဟောင်းများဆီသို့ ရွေ့လျားနေပါသည်။
ဖူးစပွင့်စ သွေးသားဆူဖြိုးစ အရွယ်တွင် သန်းကြည်တစ်ယောက် လူဘော်ကြော့် လှအောင်နှင့် တွေ့ရသည်။ ဘ၀နုနုတွင် လှအောင်၏ ဖျက်ဆီးခြင်း ခံလိုက်ရသည်။ သန်းကြည် ဘ၀ပျက်သောအခါ အငယ်အနှောင်း ထားလိုသူများက ငွေဖြင့်ပစ်ပေါက်၍ ဆွယ်ခြင်းခံရသည်။ သို့သော် ခဲမှန်ဖူးသော ထားလို သူများ က ငွေဖြင့်ပစ်ပေါက်၍ ဆွယ်ခြင်းခံရသည်။ သို့သော် ခဲမှန်ဖူးသော သန်းကြည်တစ်ယောက် အငယ် အနှောင်းအဖြစ် မခံတော့ဘဲ မိခင် ဒေါ်စိန်ပုနှင့်အတူ ဈေးဗန်းကို ခေါင်းပေါ်တင်၍ ခယောင်းလမ်းကို နင်းခဲ့ လေ သည်။ ယင်းသို့သော အခိုက်အတန့်ကာလ၌ ကျွန်တော်နှင့် သန်းကြည်တို့ အမှတ်မထင် ပြန်လည် တွေ့ဆုံ ခဲ့ရလေသည်။ ထိုအချိန်က သန်းကြည်တစ်ယောက် ကျွန်တော့်အား မိန်းမတို့ မာယာဖြင့် ကျော့ ငင်ခဲ့ဖူးပါသည်။ သို့တစေ ကျွန်တော် သန်းကြည်အပါးမှ ခွာထွက်ရာတွင် သန်းကြည်က အမှတ်မထင် စကားဆိုခဲ့ဖူး၏။
“အစ်ကို သန်းကြည်ကို ယူမလား”တဲ့။ ထိုအခါ ကျွန်တော်က ဆိတ်ဆိတ်နေ၍ အဖြေမပေးခဲ့။ ကျွန်တော့်ထဲမှ အဖြေ မထွက်လာသောအခါ သန်းကြည်က ဆက်၍ ပြောပြန်သည်။
“သန်းကြည် လို တစ်ခုလပ်၊ ပန်တော်ကျကို ဘယ်ယောက်ျားက အတည်ယူမှာလဲတဲ့ အစ်ကိုရယ်”တဲ့။ ကျွန်တော့် အတွေး မပျက်မီ သန်းကြည်သည် လက်ဖက်ရည်၊ မုန့်တို့ဖြင့် ကျွန်တော့် အပါးကို ရောက်လာခဲ့ သည်။
“အစ်ကို သန်းကြည် အကြောင်းတွေ တွေးနေတာ မဟုတ်လား”
“ဟင်း ... ဟင်း ... ဟင်း ...။ မင်း ဘယ်လိုလုပ်သိလဲ”
“သိတာပေါ့ အစ်ကိုရယ်။ သန်းကြည် ဂျပန်မယား ဖြစ်နေတာကို အစ်ကို ရင်နာနေတယ် မဟုတ်လား”
ကျွန်တော် မည်သို့မျှ အဖြေမပေးမိဘဲ သန်းကြည်တည်သော ဂျပန်စီးကရက် “ကူးဝါး” တစ်လိပ်ကို ထုတ်လျက် မီးညှိ ဖွာရှိုက်လိုက်သည်။ ဆေးလိပ်မှ မီးခိုးများကို အထွေးလိုက် အပြုံလိုက် မှုတ်ထုတ်လိုက် သည်။ ထိုအခါ သန်းကြည် ၏ မျက်နှာသည် မှုန်ရေးရေး ဖြစ်လာသည်။
“သန်းကြည် မေးတာကို ပြောပါဦး၊ ဟုတ်တယ် မဟုတ်လား ...”
“အင်း ...”
“အစ်ကို့ကို သန်းကြည် ပြောပြမယ်...။ အချိန်ရသလား...”
“ပြောလေ...၊ ဒါပေမယ့် လင်တော်မောင် ဂျပန်ကြီးလာလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်”
သန်းကြည် သည် သူ့ဘ၀ပျက်ကလေးကို အဖတ်ဆယ်ရန် စဉ်းစားကြည့်သောအခါ သူ့အား ဂရုစိုက် အရေး ပေးသော ကျောင်းဆရာကလေး ကိုသန်းဖေဆိုသူကို တွေ့ရသည်။ ကိုသန်းဖေသည် မြန်မာစာ ကျောင်း ဆာတစ်ဦးဖြစ် ၍ တစ်ကိုယ်ရေ လူလွတ်တစ်ဦးဖြစ်သည်။ သန်းကြည်တို့သားအမိ ဆရာကို သန်းဖေ တို့ ကျောင်းရှေ့တွင် လက်သုပ်စုံရောင်းခွင့်ရရှိခဲ့ရာမှ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးခွင့်ရခဲ့သည်။ ဆရာ ကိုသန်းဖေ အား သန်းကြည် ကျော့ငင်ရန် ဆုံးဖြတ်ခဲ့သည်။ အမှန်ကလည်း သူ့ဘ၀တွင် မှီခိုရာ လဲလျောင်းရာ အိမ်ဦးနတ် အဖြစ် တည်တည်တံ့တံ့ လင်သားတစ်ဦး လိုအပ်နေသည်မဟုတ်ပါလား။ ဤသို့ ဖြင့် လူရိုးလူကောင်း ဆရာကိုသန်းဖေ တစ်ယောက် ပထမသော် သန်းကြည်တို့အိမ်တွင် ထမင်းလခစား အဖြစ် ရောက် ရှိခဲ့သည်။ ထို့နောက် အတွေ့အကြုံရှိပြီးသော သန်းကြည်၏ ဆင်ဖဲရိုက်မှုဖြင့် ကျောင်းဆရာ ကလေး သည် မရှောင်သာသည့်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။
“အင်း ... တို့များ မင်းလက်က လွတ်လာခဲ့တာ ဘာဖြစ်လို့လဲ ...”
“သိပ် အထင်ကြီးမနေနဲ့အစ်ကို မြလှိုင်ရယ်။ မှန်တာပြောရရင် အစ်ကို့လိုလူကို သန်းကြည် လက်ဖျောက် တစ်ချက် တီးရုံပါလေ...”
“ဒါဖြင့် ကံကောင်းထောက်မလို့ အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်ပေါ့ ...”
“ဟွန့် ...ဟွန့်၊ သနားလို့ ရှင်ရေ...။ သူဌေးသား ထွတ်ထွတ်ကလေးကို သနားလို့ ချမ်းသာပေးလိုက်တာ သိလား...။ ဟင်း ...”
“ကိုင်း ...ဆက်ပြောပါဦး”
ဆရာ ကိုသန်းဖေ သည် သန်းကြည်လို တစ်ခုလပ်၊ တစ်လင်ကွာ လင်သားသညာရပြီးသူ တစ်ဦး၏ ကွန်ယက်ကို ရုန်းထွက်ခြင်း ငှာ မတတ်နိုင်စွမ်းပေ။ ရဟန္တာမှ ရှောင်နိုင်ခဲသော အတွေ့တွင် ကိုသန်းဖေ လဲတော့သည်။ သန်းကြည် ကို အစွဲလမ်းကြီး စွဲလမ်းလျက် ရှိနေချိန်၊ သန်းကြည်ကလည်း သူ့ဘ၀၏ ကွန်းခိုနားနေရာ အရိပ် အာဝါသသဖွယ် ထင်မှတ်၍ စိတ်ဒုန်းဒုန်းချ၍ နေချိန်တွင် မော်နီတာတည်းဟူသော မာရ်နတ်ငရဲသားသည် ဘွားခနဲ ပေါ်လာလေတော့သည်။
“ဒီလိုဆို ... ဆရာ ကိုသန်းဖေန့ မပေါင်းလိုက်ရဘူးပေါ့ ...”
“ဟင့်အင်း ... အင်း ... ဒီလိုလဲ မဟုတ်သေးဘူး၊ မယူဖြစ်ခဲ့ဘူးဆိုရင် ပိုမှန်မယ်...”
“တို့ ...နားရှုပ်ရန်ကော သန်းကြည်ရယ် ...”
“ဒီလိုလေ အစ်ကိုရယ်...။ ယူမယ်လို့ ဆုံးဖြတ်ပြီး လူသိရှင်ကြားမဟုတ်ဘဲ အတူတော့နေ ...နေကြတာပေါ့ အစ်ကိုမြလှိုင်...”
သန်းကြည် သည် ပြောရင်း သက်ပြင်းတစ်ချက်ကို ရှိုက်ထုတ်လိုက်သည်။ သူ့မျက်ဝန်းတွင်လည်း မျက်ရည် စကလေး များ ရစ်သီလျက် ရှိနေပါသည်။ ကျွန်တော့်အတွေးတွင်လည်း သန်းကြည်၏ ဒုတိယချစ်သူ ဆရာ လေး ကိုသန်းဖေ၏ ပုံသဏ္ဍာန်သည်ပေါ်လာသည်။
ဆရာ ကိုသန်းဖေသည် ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင် သူမဟုတ်သော်လည်း ဆရာ ဦးပါစိန်နှင့် ပတ်သက်၍ သိကျွမ်းခဲ့ရသည်။ ဆရာ ဦးပါစိန်နှင့် ကျွန်တော်တို့ ဗမာ့လွတ်လပ်ရေး တပ်မတော်အတွင်းသို့ ၀င်ရောက်ကြသော အချိန် ဆရာကိုသန်းဖေသည် မိခင်မုဆိုးမကြီး ကိုငဲ့ညှာ၍ တပ်မတော်ထဲသို့ မ၀င်နိုင်ဘဲ ကျန်ရစ်ခဲ့ သူဖြစ်သည်။
“ဒီလိုဆို ... ဆရာလေး ကိုသန်းဖေလက်က မော်နီတာက တို့များသန်းကြည်ကို လုတာပေါ့ ဟုတ်လား။ တောက်...”
“လုရုံလောက်ဆို တော်သေးတာပေါ့ အစ်ကိုမြလှိုင်...”
“ဟင် ...ကိုသန်းဖေကို သတ်ပစ်လိုက်သလား”
ဂျပန် များ တက်လာသောအခါ မြန်မာပုဆိန်ရိုးများသည် မိမိတို့အနေချောင်မှု၊ လူပေါ်လူဇော်လုပ်နိုင်မှုတို့ကို အကြောင်းပြု လျက် အိမ်ကြက်ချင်းအိုးမဲသုတ်ကြလေကုန်သည်။ ယခုလည်း ဂျပန်ကင်ပေ မော်နီတာနား တွင် ကပ်၍ မျက်နှာအားရ တစ်ခုလပ်မကလေး သန်းကြည်အား လက်ညှိုးထိုးပြလိုက်သောအခါ ချဉ်ချဉ် တူးတူး မူးလျှင်ပြီးရော ဆိုသည့် ဂျပန်မော်နီတာသည် သူ့အခွင့်အာဏာတို့ကို သုံး၍ ဆရာလေး ကိုသန်းဖေ ကိုချွေးတပ် ထဲသို့ ဖမ်ီးးထည့်လိုက်လေသည်။
“သြော် ... ဖြစ်မှဖြစ်ရပလေ သန်းကြည်ရယ်...။ ဒီလိုဆို ဆရာလေး ကိုသန်းဖေ တစ်ယောက် ခုထိ ပြန် မလာတော့ဘူးပေါ့...”
သန်းကြည် စကားပြန်မပေး။ မျက်ရည်များက သူ့ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။ ထို့နောက် ခေါင်းညိတ် လိုက်သည်။ ကျွန်တော့် ရင်ထဲတွင် နာကျင်သော ဝေဒနာမျိုး တစ်ခုကို ခံစားလိုက်မိပါသည်။ သန်းကြည် ကဲ့သို့သော မိန်းကလေးပေါင်း မည်၍မည်မျှတို့သည် ယခုအခါ ဂျပန်တို့၏ အသိမ်းအပိုက်ကို ခံနေရပါသနည်းဟု မိမိကိုယ် မိမိ မေးခွန်းထုတ်လိုက်မိသည်။ ထို့နောက် ...
“သန်းကြည်...”
“ရှင် ...အစ်ကို ...”
“တို့ ...သန်းကြည်ကို ချစ်တယ်”
“အို ... အစ်ကိုရယ်...”
“တို့ တကယ်ပြောတာ”
“သန်းကြည် အစ်ကို့ကို မချစ်ရက်ဘူးအစ်ကို...။ အစ်ကို တကယ်တော့ ကလဲ့စားချေချင်တာပဲ မဟုတ်လား...”
အကင်းပါးသော အခြေအနေကို နားလည်သော သန်းကြည်သည် ကျွန်တော့်ရင်ထဲမှ အူ အခွေလိုက် ကို မြင်ခဲ့လေပြီတကား...။
ဗိုလ်လကျာစာအရ ကျွန်တော် ရန်ကုန်သို့ ပြန်ရပါလိမ့်ဦးမည်။ ကျွန်တော် ပျဉ်းမနားမှ ပြန်လာခဲ့ပြီး ဖျာပုံ တွင် ဆေးဝါးလာကုနေသောအချိန် ဗိုလ်လကျာသည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပါသည်။ ထိုအချိန်က ဗမာ့တပ်မတော်မှ ထိပ်တန်း စစ်ဘက် အရာရှိကြီးများ၊ နိုင်ငံရေး ခေါင်းဆောင်များသည် ရွှေတောင်ကြား လမ်းတွင် နေထိုင်ကြသည်။ ကျွန်တော်သည် ဆရာချစ် (သခင်ချစ်) ရွှေတောင်ကြားလမ်းတွင် ရှိနေသည်ဟု သိရသဖြင့် ရန်ကုန်သို့ သွားရောက်လိုစိတ် ပြင်းပြနေချိန်တွင် ဗိုလ်လကျာထံမှ ယခုကဲ့သို့ အခေါ်လွှတ် လိုက်သော စာရသဖြင့် အလွန်ပင် ၀မ်းသာမိပါသည်။
“မြလှိုင် ...မင်း တပ်ထဲ ပြန်ဝင်မလို့လား ...”
“မသိသေးဘူး ကိုအုန်းမောင်...”
“မ၀င်နဲ့ကွာ၊ ဒီမှာ တို့ လုပ်စရာတွေ အများကြီးရှိနေတယ်ကွ...”
“ကတိတော့ မပေးနိုင်သေးဘူး ကိုအုန်းမောင်။ ကိုကိုလှ (ဗိုလ်လကျာ) အဆုံးအဖြတ်ပေါ်မှာ ကျွန်တော် လုပ်ရမှာဆိုတော့ ခက်တယ်...”
“အေး တို့ဒီမှာ ဂျပန် ဆန့်ကျင်ရေးအတွက် လုပ်ရမယ်ဆိုတာ ဗိုလ်လကျာ သိပါတယ်ကွာ၊ မင်း ဖျာပုံကို ပြန် လာဖို့သာဆုံးဖြတ်ပါ”
ကျွန်တော့် ရင်ထဲတွင် ဝေခွဲမသော အချက်များ များပြားလာပါသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖျက်သိမ်း လိုက်စဉ်က ကျွန်တော်၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ၀င်ရောက်ခြင်း တစ်ခုသာလျှင် ဖြစ်ပါချေသည်။ သို့သော် ပျဉ်းမနားသို့ ရောက်ရှိခဲ့ညပီးနောက် ဖျာပုံမြို့မှ အတူတကွ ထွက်လာခဲ့ကြသော သူငယ်ချင်း တစ်စုအနက် ကျွန်တော်တစ်ယောက်တည်းသာလျှင် ငှက်ဖျား ရောဂါဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော်သို့ မ၀င်ရောက်နိုင်ဘဲ တပ်လန်၍ ပြန်လာခဲ့ရခြင်းဖြစ်ပါသည်။ ကျွန်တော် သည် လက်နက်ကိုင်၍ စစ်တိုက်ရသော တပ်မတော်သားဘ၀ကို မက်မောတွယ်တာလှသူဖြစ် သည်။
ဖျာပုံသို့ ပြန်လာခဲ့ခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာလည်း ငှက်ဖျားရောဂါ ပျောက်ကင်းသည့် တိုင်အောင် ဆေးဝါးမှီဝဲနားနေအားဖြည့်ပြီး ကျန်းမာလာသောအခါ တပ်သို့ ပြန်လည် ၀င်ရောက်ရန်ပင်ဖြစ်ပါသည်။ ဖျာပုံသို့ ပြန်လည်ရောက်ရှိသောအခါ မူလက သံယောဇဉ် အမျှင်တန်းခဲ့သော ချစ်သူ ၏ မျက်နှာသည် လည်းကောင်း။ ငယ်စဉ်တောင်ကျေး ကလေးဘ၀မျသည် အတူတကွနေထိုင်လာခဲ့ ကြသော ကျောင်းနေဘက်၊ နိုင်ငံရေးလုပ်ဘက် သူငယ်ချင်းများသည် လည်းကောင်း၊ ထို့ပြင် ဖက်ဆစ်တော်လှန်ရေး ၏ ဆွဲဆောင်မှုသည်လည်းကောင်း ကျွန်တော့်စိတ်အာရုံတွင် နှောင့်နှေးဖင်နွှဲ့စေသော အချက် များဖြစ်လာစေပါသည်။
“မင်း ရန်ကုန်ကို ဘယ်နေ့သွားမလဲ မြလှိုင်...”
“တစ်-သန်းနဲ့ တွေ့ဦးမယ်။ နှစ်-သန်းကြည်နဲ့ တွေ့ဦးမယ်။ သုံး-ခင်ဗျားကြီးနဲ့ တွေ့ဦးမယ်။ အဲဒီကိစ္စတွေ ပြီးတော့မှ ရန်ကုန်ကို လစ်မယ်...”
“အော် ...သန်းသန်းနဲ့ တွေ့တာတော့ ငါထောက်ခံတယ်။ သန်းကြည်ဆီ သွားတာတော့ ငါသဘောမတူဘူး က။ တော်ကြာ သန်းကြည် ထဘီနားခတ်မိပြီး ကိန်ကိန်နဲ့ အော်နေရမှာ စိုးတယ်...”
“ဒီလောက်တောင်ပဲလားဗျာ”
“မင်း ...မိန်းမအကြောင်း မသိသေးပါဘူးကွာ”
“ခင်ဗျားကရော သိလို့လား”
“ဟင့်အင်း ...ဒါပေမယ့် ငါက မိန်းမအကြောင်း မသိသလို၊ မိန်းမနဲ့လည်း ကင်းအောင် နေတယ်။ မင်းက မိန်းမ အကြောင်း မသိဘူး။ မိန်းမနဲ့ ရှုပ်ဖို့တော့ နံပါတ်ဝမ်းတစ်ပဲ။ ဒါကြောင့် မင်း ခြေခေါက်လဲနေမှာ ငါစိုးတယ်”
“သန်းကြည် ကို စည်းရုံးရမယ်ဆိုဗျ”
“ဟ ... စည်းရုံးတာနဲ့ မင်းကြာကူလီဇာတ်လမ်းနဲ့ ဘာဆိုင်လို့တုန်းကွ”
“ဟီး ...ဟီး”
“ဒါပဲကွာ ...ရန်ကုန်သွားတာတော့သွားပါ။ ဒါပေမယ့် မင်းနောင်တော်ကိုတော့ ဖျာပုံမှာ တို့တစ်တွေနဲ့တွဲပြီး ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်တော့မယ်လို့ ပြောပြီး ပြန်လာခဲ့ပေါ့ကွာ ဟုတ်လား”
“ပြောကြည့်မယ်...။ ကျွန်တော် တပ်ထဲပြန်ဝင်ချင်တဲ့စိတ်က များနေတယ်ဗျ”
“ဟေ့ကောင်-မြလှိုင်၊ တစ်ခုခုကို ပြတ်အောင် လုပ်ပါကွာ။ မင်းကမိန်းမကိစ္စ ဆိုလည်း ဟိုလိုလို ဒီလိုလို၊ နိုင်ငံရေး ဆိုလဲ ဟိုလိုလို ဒီလိုလို။ အဲဒါ မကောင်းဘူးကွ။
“အေးလေ...၊ ဒါကြောင့် တပ်ထဲပဲ ၀င်ချင်တယ် ပြောနေတာပေါ့ဗျ”
ကျွန်တော်သည် သန်းသန်းကို အသိမပေးတော့ဘဲ ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ ရန်ကုန် သို့ ရောက်လာသော အခါ ဗိုလ်လကျာ မန္တလေးသို့ တက်သွားကြောင့် သိရသဖြင့် စိတ်မောရပြန်ပါသည်။ ကျွန်တော် ဗိုလ်လကျာအိမ် သို့ ရောက်သောအခါ ၎င်း၏အိမ်တွင် ဗိုလ်ဘနီ၊ ဗိုလ်မြသန်း၊ ကိုထွန်း၊ ကိုမြမောင်တို့ လူသိုက်ကို တွေ့ရပါသည်။ ဗိုလ်ဘနီ၊ ဗိုလ်သိန်းဟံ၊ ဗိုလ်မြသန်းတို့က အခန်းတစ်ခန်း၊ ကိုထွန်း၊ ကိုမြမောင်နှင့် ကျွန်တော်တို့က အခန်းတစ်ခန်း။ ဗိုလ်လကျာတို့ ဇနီးမောင်နှံက အခန်းတစ်ခန်း နေထိုင်ကြပါသည်။
“ကိုမြလှိုင် ...နေကောင်းသွားပြီလား”
“ဟုတ်တယ် ... ၊ ကိုကိုလှ ဆီက စာရလို့ လာခဲ့တာ”
“ဗိုလ်မှူးကြီး လကျာက မန္တလေး မှာ ကြာဦးမှာဗျ။ ဒါပေမယ့် ရောက်တဲ့အတူတူ ဒီမှာပဲနေပေါ့ဗျာ”
ကျွန်တော်သည် ကိုဘနီတို့ လူသိုက်နှင့်အတူ နေထိုင်ရန် ဆုံးဖြတ်လိုက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်လက်ျာ၏အိမ်၌ ကျွန်တော်တို့ ဖျာပုံမှရဲဘော်များ နေ့စဉ်လိုလို စုရုံးရောက်ရှိကြသည့်ပြင် တပ်မတော်နှင့် ပတ်သင်သော တိုက်ပွဲသတင်းစုံများကို ကြားသိနေရခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။
ဆက်ရန်
.

No comments:
Post a Comment