Monday, January 28, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၆)

“ဘယ်သူ့ဆီက သတင်းရတာလဲ”
“ကျွန်တော်ကိုယ်တိုင် မိခဲ့တာပါ။ ကျွန်တော် သေချာအောင် ရဲဘော်တွေ အလောင်းမြှုပ်တဲ့ဆီ ကျွန်တော် ပဲ လိုက်သွားပါတယ်”
ကိုသိန်းနိုင် ၏ နောက်ဆုံးစကားများအရ ကင်ပေတိုင်များသည် ရဲဘော် ၃ ယောက်ကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မှုများ ပြုရာတွင် လူ့လောက၌ ထည့်၍ပင် စဉ်းစားဝံ့စရာမရှိသော နည်းများဖြင့် ညှဉ်းပန်းမှု ပြုခဲ့ကြ သည်ကို ကြားရလေသည်။
ကောင်းကင်ပြင် သည် မည်းမည်းမှောင်နေသည်။ လမိုက်ရက်ဖြစ်၍ ကြယ်များသည် ထွန်းပလျက် ရှိသည်။ မိုးမျက်နှာပြင်ပေါ် မှ ကြယ်များ တစ်ခါတစ်ခါ ကြွေလျက်ရှိသည်။
မိုးမျက်နှာ ၏ မျက်ရည်ပေါက်များလော ...။
ကို ဆက်ဖတ်ရန် ........

ရဲဘော်သုံးယောက် ကျဆုံးသွားရခြင်းအတွက် ကျွန်တော့်ရင်ထဲတွင် တနုံ့နုံ့ ခံစားလျက်ရှိနေပါသည်။ ၎င်းတို့ အထဲ မှ သိုက်ထွန်းသည် ကျွန်တော်၏ ငယ်မွေးခြံပေါက် သားတပည့်ဖြစ်ပါသည်။ ၎င်း၏မိဘများက သိုက်ထွန်း အား လယ်ထွန်းလယ်လုပ် လယ်သမားအဖြစ် မြင်လိုကြသည်။ ကျွန်တော်နှင့်တွေ့သောအခါ သိုက်ထွန်းအား တပ်မတော်ထဲ သို့ဝင်ရန် ဇွတ်ခေါ်ယူသိမ်းသွင်းခဲ့သည်။ ယခုတိုက်ထွန်းတစ်ယောက် ကင်ပေတိုင် ညှဉ်းပန်းမှုဖြင့် ရေတိမ် နစ်ခဲ့လေပြီ။ သိုက်ထွန်း၏မိဘ၊ သိုက်ထွန်း၏ ရွာသို့ ကျွန်တော်မည်သို့ မျက်နှာပြရ မည်နည်း။ ကျွန်တော့် မျက်စိထဲတွင် သွက်လက်ချက်ချာ၍ ခိုင်းစေရာတွင် ပေါ့ပါးဖျက်လတ်သော သိုက်ထွန်း ၏ လှုပ်ရှားမှုကို မြင်ယောင်နေမိပါသည်။ အလားတူပင် ကျန်ရဘော်များမှာ သိုက်ထွန်းကဲ့သို့ လယ်သမား သားသမီးများဖြစ်ကြပါသည်။

“သခင်မြလှိုင်”
“လာလေ၊ သခင်သာဖန်၊ ထိုင်”
“ဖျာပုံက ဆတ်သား လာတယ်”
“ဟုတ်လား ...၊ လာပြီ”
ကျွန်တော် သခင်သာဖန်နောက်မှ လိုက်လာခဲ့ပါသည်။ သခင်သာဖန်သည် ကျွန်တော်နေထိုင်ရာ နွားတင်းကုပ် အတွင်း သို့ မည်သူ့ကိုမျှ လာရောက်စေခြင်းမပြုဘဲ အကြောင်းကိစ္စရှိလျှင် ၎င်း ကိုယ်တိုင် လာ ရောက်လေ့ ရှိပါသည်။ စားမှုသောက်မှု ဗာဟီရကိစ္စများကိုပင် ၎င်းကိုယ်တိုင် ဆောင်ရွက်ပေးလေ့ရှိပါသည်။ သခင်သာဖန် သည် တို့ဗမာအစည်းအရုံးဝင် ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ဂျပန်ခေတ်တွင် ကျွန်တော်တို့ တင်မြှောက် ထားသော သူကြီးလည်းဖြစ်ပါသည်။ သခင်သူကြီး ဖြစ်သောကြောင့် ဆင်းရဲနွမ်းပါးသည်။ လက်လှုပ်မှ ပါးစပ် လှုပ်ရသူဖြစ်သည်။ ယခု ကျွန်တော်တို့ ရဲဘော်များသည် သခင်သာဖန်၏ လက်ယာလုပ်ငန်း၌ နွားကျောင်း၊ ထင်းခွေ၊ ရေခပ်၊ မြက်ရိတ်ကအစ ၀ိုင်းဝန်းကူညီကြပါသည်။ ကျိုက္ကဘာ ရွာသူရွာသားများမှာ ရဲဘော်များအား လက်ခံ ထားရခြင်းအတွက် အသက်အန္တရာယ်များပြားသည်ကို သိသော်ငြားလည်း နိုင်ငံနှင့် လူမျိုးအတွက် ယခုကဲ့သို့ ဆောင်ရွက်နေရခြင်းကိုပင် ဂုဏ်ယူလျက်ရှိကြပါသည်။

“ဟ ... မလှရှင်ကြီး။ သတင်းထူးလား”
“စာလာပေးတာ”
“ဟာ ... စာမရေးကြနဲ့လို့ မှာထားတာ။ လုပ်ပြီ။ စားမိသွားရင် အကုန်သေကုန်မှာဗျ”
ကျွန်တော်က ခရီးရောက်မဆိုက် ဆူပူလိုက်ခြင်းကြောင့် မလှရှင်သည် ပို၍မောသွားဟန်တူပါသည်။ စကားပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုးင် ရှိရာသိုပင်ဆက်၍ မပြောနိုင်တော့ဘဲ သောက်ရေအိုး စင်ရှိရာသို့ သွားရောက်ကာ ရေမှုတ်ဖြင့် တစ်ခွက်ပြီး တစ်ခွက် ဆင့်၍ သောက်နေသည်ကို တွေ့ရပါသည်။ အမှန်က မလှရှင်သည် စာလည်းမတတ်။ တော်လှန်ရေးဆိုသည်ကိုလည်း နားလည်ခြင်းမရှိ။ ကျွန်တော်၏ ဇနီးအိမ်ဘေး ထင်းပွဲရုံမှ လင်မယားနှစ်ယောက် ထင်းလှည်းဖြင့် ထင်းရောင်းစားခြင်းဖြင့်သာ အသက်မွေးကြ သူများဖြစ်ပါသည်။ ယခု တစ်နွယ်ငင်တစ်စင်ပါ ဆိုသကဲ့သို့ ထင်းပွဲစားကိုဘမောင်နှင့် ပတ်သက်၍ ကျွန်တော် သည် မလှရှင်နှင့် ၎င်း၏ ယောက်ျားကိုချစ်မောင်တို့အား လျှို့ဝှက်ကိစ္စများအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။

“လာ ... မလှရှင်။ စာပေးလိုက်တယ်ဆို။ ဘယ်သူ့ဆီကလဲ”
“တော့် မိန်းမက ပေးခိုင်းလိုက်တာ”
ပြောပြောဆိုဆို ဆံပင်ထဲ၌ ၀ှက်၍ယူလာသော သန်းသန်းထံမှ စာကိုထုတ်၍ ပေးပါသည်။ သန်းသန်းရေး လိုက်သော စာမှာ များများစားစားမဟုတ်လှဘဲ ရန်ကုန်မှ ဧည့်သည်ရောက်နေကြောင်း၊ လူလွှတ်ခေါ်ယူရန် တို့ဖြစ်ပါ သည်။ ကျွန်တော်သည် ရန်ကုန်က ဧည့်သည်ဆိုခြင်းကြောင့် အရေးကြီးကြောင်း ချက်ချင်း လွှတ်၍ ခေါ်ယူရန် လိုကြောင်း သဘောပေါက်ပါသည်။ သိုကြောင့် ကိုသိန်းဖေကိုပင် စေလွှတ်ရန် တာဝန်ပေးလိုက်ရပါသည်။
“ကိုင်း ... သွားဆို၊ ခုပဲ သွားမယ်။ ဘာမှာဦးမလဲ”
“နေကောင်းတယ် ပြောလိုက်ပါဗျာ”
“ခေါ်ခဲ့ရမလား၊ ဟား ... ဟား”
ကိုသိန်းဖေသည် စကားမဆုံးမီပင် လှော်တက်ကို ဆွဲလျက် ဘောက်တူဆီသို့ လှမ်းလျက်ရှိနေပါသည်။ လျင်မြန်ဖျတ်လတ်၍ ဇွဲကြီးသော ကိုသိန်းဖေကို ကြည့်ရင်း အားရကျေနပ်မိပါသည်။ ကိုသိန်းဖေ ဘောက်တူပေါ် သို့ တက်သောအခါ ကျွန်တော်နှင့် မလှရှင်တို့ စကားပြောရင်း ကမ်းနားသို့ လိုက်ခဲ့ကြသည်။

“သွားမယ် ... ညပြန်ရောက်အောင် ပြန်ခဲ့မယ်”
“ကောင်းပြီ ... ဒီမယ် ကိုသိန်းဖေ”
“ဆိုစမ်း ... တရုတ်ခေါက်ဆွဲစားမလား၊ ၀ယ်ခဲ့မယ်”
“တော်ပါပြီ၊ ဧည့်သည်ကို ဒီကိုမခေါ်ခဲ့နဲ့ ကျွန်တော် ခဏနေရင် တူးမြောင်းရွာကို သွားစောင့်နေနှင့်မယ်”
ကိုသိန်းဖေ ၏ ဘောက်တူကလေးသည် တရိပ်ရိပ် ပြေးထွက်သွားသည်။ ကိုသိန်းဖေ ၏ ဘောက်တူ ကလေး ပျောက်ကွယ်သွားသောအခါ ကမ်းပေါ်သို့ ပြန်တက်လာခဲ့ပြီး ကျွန်တော်၏ ပစ္စည်းကလေးများကို သယ်ယူကာ တူးမြောင်းရွာသို့ ခရီးဆက်ရန် ပြင်ဆင်ရပါသည်။

“သခင်မြလှိုင်၊ တူးမြောင်းကို လှေနဲ့သွားပါလား”
“နေပေစေ ... ကွင်းထဲကပဲ ဖြတ်လျှောက်သွားတော့မယ်”
“နည်းနည်းဝေးတယ်ဗျ ... နောက်ပြီး မြွေကင်းရန်က ရှိတယ်”
သခင်သာဖန်က ဇွတ်တားမြစ်ပြီး ကျွန်တော်နှင့်အဖွဲ့အား တူးမြောင်းရွာသို့ လိုက်ပါပို့ဆောင်ပေးပါသည်။ တူးမြောင်းရွာ သည် ကိုသိန်းဖေ၏ ဆွေမျိုးသားချင်းများ၏ ရွာဖြစ်ပါသည်။ တူးမြောင်းရွာ ဘုန်းတော်ကြီး ကိုယ်တိုင် ပင်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် ရဲဘော်များစွာအား ကျွေးမွေးလက်ခံထားသော ပုဂ္ဂိုလ်ဖြစ် ပါသည်။
“ဒီကနေကြည့်ရင် ဟိုပျပျက မည်းမည်းတောတန်းကလေးဟာ ဖျာပုံနောက်ဖေးက အပြောင်ရွာပေါ့။ ဟိုဘက်က တောအုပ်စုစုက ကျုံကူ။ မိးခိုးကလေး ရေးရေးထွက်နေတာက အကြီးဝ ဆန်စက်”
အိမ်ရှင်၏ သမီးကြီး မစောမြင့်က ကျွန်တော့်အား အိမ်အပေါ်ထပ် ပြတင်းပေါက်မှနေ၍ ဖျာပုံမြို့၏ အနေ အထား ကို ပြညွှန်းနေ ပါသည်။ ၎င်း၏ ပြောကြားချက်အရ ရွာထိပ်မှ လက်ပံပင်ပေါ်တွင် ကင်းချထားကြောင်း၊ ၎င်းကင်းမှ အမြဲစောင့်ကြည့်ပြီး ဂျပန်စစ်တပ်များ ကုန်းလမ်းမှ လာသည်ဖြစ်စေ၊ ရေလမ်းမှလာသည်ဖြစ်စေ ကြိုတင် သိနိုင်ကောင်းတို့ကို ပြောပြပါသည်။

“ဒီဘက်ကို ခဏလာကြည့်ပါဦးရှင်”
“ဟုတ်ကဲ့”
“ဒီပြတင်းပေါက် သံတိုင်တွေဟာ ဖြုတ်လို့ရပါတယ်။ ဒီမယ် ...”
“ဟုတ်ကဲ့”
“အကယ်၍ အရေးအကြောင်း တစ်စုံတစ်ရာနဲ့ကြုံရင် ဒီသံတိုင်ကို ဖြုတ်၊ နောက်ဖေးခေါင်တိုင်ပေါ်က တက်ပြီး ဆင်းသွားရင် တောစပ်ထဲကို တစ်ခါတည်းရောက်သွားနိုင်တယ်”
မစောမြင့် တို့မိဘများသည် တူးမြောင်းရွာတွင် ကြေးရတတ်များ ဖြစ်ကြသည်။ ၎င်းတို့၏ စီမံဆောင်ရွက်မှုမှာ ဖက်ဆစ်တော်လှန်ရေး ကာလနှင့် လာရောက်ဆုံစည်းနေ ပါသည်။ ရှေးယခင် က တောလက်ကျေးရွာ များမှ ကြေးရတတ်များသည် သူခိုးသူဝှက်၊ ဓားပြတို့၏ ဘေးရန်မှ ကာကွယ်ရန် ယင်းသို့ စီမံဖန်တီးထားလေ့ရှိကြ ဟန်တူပါသည်။ ကျွန်တော်သည် မစောမြင့်ပြောသော စကားများကို စဉ်းစားလိုက်သကဲ့သို့ တအင်းအင်း လိုက်နေမိသည်။ ထို့နောက် မစောမြင့် ဆင်းသွားသောအခါ မိမိအတွက် ပြင်ပေးထားသော အိပ်ရာပေါ်သို့ လှဲရင်း၊ အတွေးနယ်ချဲ့မိပါတော့သည်။

သန်းသန်း။ သူ့မိဘများသည် ကျွန်တော့်အား ငြိုငြင်နေပလိမ့်မည်။ ကျွန်တော်သည် သန်းသန်းအား ဇနီးအဖြစ် ပေါင်းသင်းသည့်နေ့မှစ၍ ယခုအချိန်အထိ ခင်ပွန်းသည်တစ်ယောက်အဖြစ် တာဝန်မကျေခဲ့ သည်မှာ အမှန်ပင်ဖြစ် ပါသည်။ ယခု ကျွန်တော်သည် အသက်ဖြင့် ရင်းနှီးရသော အလုပ်ကို လုပ်လျက် ရှိ ပြန်ပါသည်။ ဂျပန်ခေတ်တွင် ၎င်းတို့နှင့်ဆန့်ကျင်သော လုပ်ရပ်တစ်ခုကို လုပ်ငြားအံ့။ ထိုလုပ်ရပ်ပေါ်ပေါက် သည်နှင့် တစ်ပြိုင်နက် ပတ်သက်ရာ ပတ်သက်ကြောင်း မှန်သမျှအားလုံးတို့အား ဒုက္ခပေးတော့သည်။ သို့ကြောင့် လည်း ဖက်ဆစ်စနစ်ဆိုးအောက် တွင် လူထုတစ်ရပ်လုံးသည် တုတ်တုတ်မျှ မလှုပ်ဝံ့သည့် ဘ၀သို့ ရောက်ခဲ့ကြလေသည်။

ယခု သန်းသန်း၏ အသက်သည် ၂၀ မျှသာ ရှိသေးသည်။ အိမ်ထောင်သက် နုနယ်လှသေးသည်။ အိမ် ထောင် သည် ဘ၀၏ ချမ်းမြေ့သာယာမှုကို မခံစားရသေးမီ ကျွန်တော် ဖက်ဆစ်တော်လှန်ရေး ကို ဆောင်ရွက် ရန်မြေလျှိုးသွားခဲ့သည်။ သန်းသန်းကို သနားမိသည်။ တမ်းတမိသည်။ စာနာမိသည်။ ယခုတော့ မတတ်သာပြီ။ အကယ်၍ မသေမပျောက် ပြန်လညတွေ့ဆုံရမည်ဆိုလျှင် မိမိဘ၀ကလေး အေးချမ်းမှု အတွက် သန်းသန်းကို ကတိပြုလိုက်မည်။ ထိုအခိုက် ..
“ဗျို့ ဆရာကြီး၊ ဘာတွေ အတွေးနယ်ချဲ့နေရတာလဲဗျ။ ကျုပ်တက်လာတောင် မသိလိုက်ဘူး ဟင်း ... ဟင်း”
“ဟာ ... ကိုသိန်းဖေကြီး၊ ခြေသံတောင်မကြားပါလား။ ဟော ... ကိုကျော်မင်း (ဗိုလ်ကြီးကျော်မင်း၊ ကွယ်လွန်) ရန်ကုန်ကလာတာ၊ ခင်ဗျားလား”
“ဟုတ်တယ် ...။ ကျုပ် မနက်ဖြန်ပဲ ပြန်ချင်တယ်။ ဗိုလ်ချုပ်က မြလှိုင်နဲ့ တွေ့ပြီးရင် ချက်ချင်းပြန်လာခဲ့တဲ့ဗျ”

“ကိစ္စအထူးရှိလား”
“ရှိတာပေါ့။ ဗိုလ်ချုပ်မှာလိုက်တဲ့ကိစ္စတွေ အားလုံး အဆင်ပြေရဲ့လား။ နောက်ပြီး မကြာခင် ရန်ကုန်မှာရှိတဲ့ တပ်တွေ ဖျောက်တော့မှာဆိုတော့ ဖျာပုံနယ်ထဲမှာ နေထိုင်ဖို့ကိစ္စ ဘာတွေလုပ်ထားသလဲတဲ့ဗျ”
ကျွန်တော်က ကိုကျော်မင်း (ဗိုလ်မှူးကြီးကျော်မင်း၊ ကွယ်လွန်) မေးမြန်းချက်များကို ရန်ကုန်မှ စတင်ထွက်ခွာ လာခဲ့သည့်အချိန်မှစ၍ ဗိုလ်လျက်ာမျာလိုက်သော အဆက်အသွယ်များနှင့် ဆက်သွယ် မှု ပြတ်တောက် သွားခဲ့ပုံ၊ ဒေးဒရဲနယ်အတွင်းတွင်ရှိသော အချို့ပွိုင့်များမှ အဆက်အသွယ် များနှင့် တွေ့ဆုံ ခဲ့ သော်လည်း ၎င်းတိုကို နောက်ထပ် ဆက်သွယ်မှု မရဘဲ ရှိခဲ့ပုံ၊ သခင်စိုးတို့လူသိုက် ဒေးဒရဲ တပ်အတွင်း ၌ ရှိနေပုံ၊ ဗိုလ်လက်ျာနှင့်အဖွဲ့ နေထိုင်ရန် အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း တို့ကို ပြောကြား လိုက် ပါသည်။

အခြေအနေများသည် တရိပ်ရိပ် ပြောင်းလဲခဲ့လေပြီ။ မူလစီစဉ်ထားသော အစီအစဉ်များလည်း ပြောင်းလဲ သွားပါသည်။ ကျွန်တော်သည် ကိုတင်အေးအား ဖျာပုံမြို့နယ်သို့ တိတ်တဆိတ် ပြန်လည် ပို့ဆောင်ပေး ခဲ့ပြီး နောက် စုစည်းထားသော တပ်များရှိရာသို့ အမြန်သွားခဲ့ပါသည်။ ထိုအချိန်တွင် အပြောင်ရွာတွင်ရှိသော တပ်ထွက်တင်ဦးနှင့် ရဲဘော်ဟု ထင်ရသူများအားလုံးကို ကင်ပေတိုင်မှ သိမ်းကျုံးဖမ်းဆီးလေသည်။
“ဒီမယ် မြလှိုင် ... ရှမ်းကွင်းကြီးက ကိုတင်ကြိုင်တို့လူသိုက် ဖျာပုံက စခန်း ၂ မှာ ရောက်နေတယ်။ မင်းကိုယ်တိုင် သွားတွေ့လိုက်ရင် ကောင်းမယ်”
“ဘာဖြစ်လို့လဲ”
“တပ်တချို့ ခုရက်ပိုင်းက ရောက်လာတယ်။ ရှမ်းကွင်းကြီး၊ ပလိပ်ဖရဲမှာ ဖျောက်ထားတယ်ပြောတယ်”
“ဘယ်ကရတဲ့ သတင်းလဲ”
“ဂျိဝါနဲ့ ကျုံတာက ရဲဘော်တိုးကြီးနဲ့ ရဲဘော်မှင်တို့ဆီက သတင်းလာပို့သွားတယ်”

ကျုံကူသူကြီး ကိုကျော်သန်း၏ ပြောပြချက်အရ ဖျာပုံမြို့ပေါ်တွင် လျှို့ဝှက်စခန်းအဖြစ် ထားရှိသော ဦးဖေသန်း၊ ဦးကျော်တို့၏ အိမ်သို့ သွားရောက်ရန်ကိစ္စ ပေါ်ပေါက်လာပါသည်။ ရှမ်းကွင်းကြီးသူကြီး ဦးထွန်းတင်၊ ၎င်း၏ညီ ကိုတင်ကြိုင်တို့သည် ဦးဖေသန်း၊ ဦးကျော်တို့နှင့် သားချင်းများ ဖြစ်ကြသည့်ပြင် မျိုးချစ်စိတ်ထက်သန်သော ပုဂ္ဂိုလ်များ လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်နှင့် ရဲဘော်စံယျတို့နှစ်ယောက် ညဥ့်မိုးချုပ်သည့်အထိ ကျုံကူရွာ ၌ ပုန်းအောင်းနေကြပြီး မိုးချုပ်သည်နှင့် တစ်ပြိုင်နက် စခန်း ၂ သို့ သွား ရောက်ကြရန် စီစဉ်ခဲ့ကြပါသည်။ သို့သော် ကျွန်တော်၏ ကြိုးစားချက်သည် အချည်းနှီးဖြစ်ခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်မြို့လုံး ဖြန့်ကျက်ချထားသော ကေဘိုထိုင်ကင်းများကို ဖြတ်ကျော်ခွင့် မရရှိခဲ့ပါ။ သို့ဖြစ်၍ ထိုနေ့ည စခန်း ၂ သို့ သွားရောက်ပြီး ရဲဘော်တင်ကြိုင်တို့လူသိုက်နှင့် တွေ့ဆုံရန် အစီအစဉ်များကို စွန့်လွှတ်လိုက်ရပါသည်။

“မြလှိုင် မင်း အစားငါသွားမယ်”
“ကောင်းသားပဲ။ ကိုတင်ကြိုင်နဲ့တွေ့ရင် ပြည့်ပြည့်စုံစုံ မေးခဲ့ဗျာ”
ကိုသောင်းအိအား စခန်း ၂ သို့စေလွှတ်လိုက်ရပါတော့သည်။ စခန်း ၂ သို့ ကိုသောင်းအိ ရောက်လာသော အခါ ကိုတင်ကြိုင်ကို မတွေ့လိုက်ရတော့ပေ။ ထိုအခါ ဦးဖေသန်း၏ ပြောပြချက်အရ သခင်စိုးတို့လူသိုက် သည် ဒေးဒရဲဂွကလေးတွင် ဌာနချုပ်ဖွင့်ထားကြောင်း၊ ဖျာပုံမြို့ပေါ်မှ ကိုထွန်းစိန်တို့ လူသိုက်အားလုံး ဂွ ကလေးရွာသို့ ရောက်ရှိနေကြကြောင်း အခိုင်အမာ သိလာရပါသည်။ ကျွန်တော်သည် ထိုသတင်းကိုကြားရ သည့်အတွက် မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူသိုက် ရန်ကုန်မှ ဆင်းလာခဲ့စဉ် မှပင် မြေတိုင်း စာရေး မောင်တင်တို့လူသိုက်၏ အခြေအနေကို ကြည့်ရခြင်းဖြင့် သခင်စိုးမဟုတ်သည့်တိုင်အောင် ဖက်ဆစ်တော်လှန်ရေး ၏ စခန်းတစ်ခုအဖြစ် ရှိနေကြောင်း ကောင်းစွာရိပ်မိခဲ့ပါသည်။

ဆက်ရန်
.

No comments: