Monday, January 28, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၅)

အကြောင်းတစ်ခုခုနဲ့ တစ်မိနစ်လေး နောက်ကျသွားတာကြောင့် ကိုယ်စီးရမဲ့လေယာဉ် လွတ်သွားပြီး အဲဒီလေယာဉ် ပျက်ကျ တော့အသက်ဘေးက ချမ်းသာသွားတာမျိုးတွေ၊ သေသေချာချာ ချိန်းထားလျက်နဲ့ တစ်မိ နစ်လောက် လွဲသွားတာနဲ့ ချစ်တဲ့သူချင်း တစ်သက်စာ ကွေကွင်း သွားရတာ မျိုးတွေ။
တစ်မိနစ် ဆိုတဲ့ အချိန်ကာလလေးဟာ ဘာမှမဟုတ်ပေမဲ့ လူတစ်ယောက် အတွက်အ ကောင်း အဆိုးဖြစ်ရပ်တွေ ဦးတည်ပြောင်းလဲ သွားတဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။ အဲဒီနေ့ ကသာဒေါ်စောနု အလာနဲ့ တစ်မိနစ်လောက် လွဲသွားခဲ့ရင် လက်ရှိဘ၀ကိုရောက်မလာဘဲ ကျွန်မဘ၀တစ်မျိုး တစ်ဖုံ ပြောင်းလဲ ဖွယ်ရာ ဖြစ်နိုင်ပါတယ်။
တကယ်ကတော့ Miracleဆိုတာ မိမိကို စောင့်ရှောက်ကြသော နတ်ကောင်းနတ်မြတ်များ ရဲ့ ကူညီစောင့်ရှောက်ခြင်းဖြစ်ရပ် တစ်ခု ပါပဲလေ။
ကို ဆက်ဖတ်ရန် ..........

အပိုင်း (၃၇)

ကိစ္စတစ်ခုအောင်မြင်မှုအတွက် အချက်(၄)ချက် လိုအပ်တယ်လို့ ဆိုပါတယ်။

(၁)  အခြေခံရည်ရွယ်ချက်ကောင်း ရှိရမယ်။
(၂)  ပြင်ဆင်တဲ့အခါမှာလည်း ရတနာသုံးပါး ဦးထိပ်ထားတဲ့ စိတ်ထားနဲ့ လုပ်ရမယ်။
(၃) ယုံကြည်စိတ်ပြင်းပြင်းနဲ့ လုပ်ရမယ်။
(၄) မဆုတ်မနစ်သော လုံ့လနဲ့ လုပ်ရမယ်တဲ့။

ကျွန်မလည်း ကိုယ်ရည်မှန်ထားတဲ့ ကိစ္စအတွက် အထက်ပါ လေးချက်နဲ့ညီအောင် ကြိုးစားပြီး လှုပ်ရှားပြေးလွှား လိုက်ရတာ စိတ်မောလူမော ပါပဲလေ။ ဒေါက်တာဒေါ်စောနုဆီ ကထောက်ခံချက် ရရှိလာတော့ ဗိုလ်တထောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို ပြေး၊ မာမီအတွက် မှတ်ပုံတင်ရိုက်ခွင့်ရအောင်ယူ၊ ဓာတ်ပုံ အမြန်ရိုက်ပြီး တာနဲ့ နိုင်ငံကူးလတ် မှတ်လျှောက်နဲ့ တစ်မိနစ်၊ တစ်စက္ကန့်မနား လှုပ်ရှားရပါတော့တယ်။ ဒီကြားထဲမှာ လည်း သားနဲ့သမီးတို့သွားဖို့အရေးတွေလည်းလိုက်ပြီး လုံးပန်းရ၊ ဗီဇာကိစ္စ၊ လေယာဉ်လက်မှတ် ကိစ္စ၊ ထွက်ခွာခွင့် လက်မှတ်ကိစ္စစသည် စသည်တွေနဲ့ တစ်ရုံးတက် တစ်ရုံးဆင်းပါပဲ။

ကျွန်မအလုပ်တွေ ရှုပ်နေသလို သားရွှေစင်နဲ့ သမီးကေသီ မောင်နှမနှစ်ယောက်မှာလည်း သူ့တို့ကိစ္စနဲ့သူတို့ အလုပ်တွေရှုပ်ပေါ့။ တစ်နေ့ တစ်နေ့ "ရွှေစင် ရှိလား"၊ "ကေသီ ရှိ လား"နဲ့ နှုတ်ဆက်ဖို့ရောက်လာကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ကို တံခါးဖွင့်ပေး ရတာလည်းအခါပေါင်းများစွာ ၀င်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက် ကို ခတ်လို့၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်က အရင်သွားနှင့်ကြတဲ့ "၀င်း၊ ကေခိုင်နဲ့ ယမင်း"တို့လို တစ်ယောက် တည်း မဟုတ်ဘဲ မောင်နှမ နှစ်ယောက်အတူသွားရမှာမို့ အဖော်ရတာကြောင့် ကျွန်မအနေနဲ့ လည်းခါတိုင်းလောက် စိတ်က မကြောင့်ကြမိသလို သူတို့မောင်နှမလည်း ကိုယ့်အမိမြေနဲ့ သူငယ်ချင်းတွေကို ခွဲခွာရမှာ မို့ စိတ်ထိခိုက်နာကျင်တာက လွဲပြီး မိသားစုအားလုံး မကြာခင် ပြန်လည်စုစည်းမိကြမှာပဲ ဆိုတာ သိထားပြီး သား ဖြစ်တော့လည်း ရင်ပေါ့ကြတယ် ထင်ပါရဲ့။ ခါတိုင်း သားသမီးတွေလို တငိုငိုနဲ့ မျက်ရည်လည်ရွဲ မဖြစ်ကြ ဘဲ အေးအေးဆေးဆေးနဲ့ အမေရိကားကို ထွက်ဖြစ်သွားပါရော။

ကျွန်မလည်းတစ်ကိစ္စ ရှင်းသွားပြန်တော့ ဆက်လက် လှုပ်ရှားစရာတွေ လုပ်နေရင်း မတတ်မဖြစ်တဲ့ မင်္ဂလာပွဲ တစ်ခုက ပေါ်လာတာနဲ့ တက်လိုက်ရသေးတယ်။ မင်္ဂလာဆောင်မဲ့ သတို့သား "အောင်" က ဦးမြလှိုင်ရဲ တူ အရင်းပါ။ သတို့သားရဲ့မိဘများက ဦးမြလှိုင် ရဲ့ ညီအငယ်ဆုံး ဗိုလ်ကြီးသန့်စင်နဲ့ ဒေါ်ခင်မာမာတို့ပေါ့။ ကျွန်မက ဦးမြလှိုင် နဲ့ သာကွဲတာ။ သူတို့ မိသားစုနဲ့တော့ အဆက်ပြတ်တာ မဟုတ်ဘူး။ ဒီစာကို ရေးနေတဲ့ ခုချိန်ထိ သွေးရင်း သားရင်း တစ်ယောက်လို ဆက်ဆံဆဲပါပဲ။
တချို့တွေ ကျတော့ ဒီအိမ်ထောင်နဲ့ကွဲရင် အဲဒီဆွေမျိုး အသိုင်းအ၀ိုင်းအားလုံးနဲ့လည်း ကင်းကင်း ပြတ်ပြတ် နေ တတ်ကြတာတွေ့ဖူးပါတယ်။ ကျွန်မရဲ့ ခံယူချက်ကတော့ ကိုယ်နဲ့ ရေစက်ကုန်ကြလို့ ဆက်လက်ပြီး လက်မတွဲနိုင်ကြ လို့ ကွဲကြရင်လည်း ရန်သူတွေမှမဟုတ်ဘဲ။ ဘာဖြစ်လို့ မပြောနိုင်၊ မဆိုနိုင် မဆက်ဆံနိုင် ရှိရမှာ လဲ။ တွေ့ကြရင်လည်း စိတ်ရှင်းရှင်းနဲ့ လေးလေးစားစား ဆက်ဆံရုံပဲပေါ့နော်။ ဆွေမျိုးအသိုင်းအ၀ိုင်း ကိုလည်း ထားရှိတဲ့မေတ္တာ ကို ပြန်မရုပ်သိမ်းဘဲ ဆက်လက်တည်မြဲ အောင် ထားသင့်တာမို့ ကျွန်မနဲ့ အဆက်အသွယ် မပြတ်ကြ ပါဘူး။

ဒါကြောင့် မင်္ဂလာပွဲကို သွားလိုက်ပါတယ်။ အဲဒီအချိန်မှာ ဦးမြလှိုင်ကလည်းသူ့ ရဲ့ လက်ရှိဇနီး စာပေစိစစ် ရေးက အရာရှိ ဒေါ်ခင်မြင့်(ခိုင်) နဲ့ တွဲလို့ ဟိုဘက် စားပွဲမှာ။ ကျွန်မကလည်း ဦးမြလှိုင်ရဲ့ မောင်နှမတစ်တွေနဲ့ အတူ ဒီဘက်စားပွဲထိပ်မှာ ထိုင်လို့။ ဦးမြလှိုင် လက်ထပ်လိုက်တဲ့ ဒေါ်ခင်မြင့် ဆိုတာကို အဲဒီမင်္ဂလာပွဲမှာမှ ကျွန်မ မြင်ဖူး တာပါ။ ခန့်ခန့်ချောချော၊ ကျက်သရေရှိရှိ မြန်မာဆန်လှတဲ့ အမျိုးသမီးပါပဲ။ ဒေါ်ခင်မြင့် နဲ့ ကျွန်မ လူချင်းသာ တစ်ခါ မှ မမြင်ဖူးကြတာ။ တယ်လီဖုန်းပေါ်မှာတော့ အခါများစွာပြောဖူးပါတယ်။ သားသမီးတွေ နဲ့ ပတ်သက်လို့ ဦးမြလှိုင် ကို ပြောစရာ၊ အသိပေးစရာ ရှိရင် ဦးထားလေးစားမှု ပြုတဲ့အနေနဲ့ ဦးမြလှိုင်ဆီ တိုက်ရိုက် မဆက်ဘဲ ဒေါ်ခင်မြင့် က တစ်ဆင့်ပဲ ဆက်သွယ်ပါတယ်။ တစ်ခါတလေလည်း ဒေါ်ခင်မြင့်နဲ့တင် လိုအပ်တဲ့ ကိစ္စက ပြတ်သွားပြီး တစ်ခါတစ်ရံတော့ ဦးမြလှိုင် နဲ့မှ ပြီးပြတ်မဲ့ ကိစ္စဆိုရင်လည်း ဦးမြလှိုင် က ကျွန်မ ကို ပြန်ဆက် သွယ်ပြီးပြောပါတယ်။ တစ်ဦးကိုတစ်ဦး လေးစားမှုဆိုတာ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ထားရှိအပ် တဲ့ ကိစ္စတစ်ရပ်ပဲ မဟုတ်လားနော်။

အဲဒီမင်္ဂလာပွဲကို ရုပ်ရှင်မင်းသား အဆိုတော်ဝင်းဦးကိုယ်တိုင် မေတ္တာနဲ့လာရောက် သီချင်းဆိုပြီး ချီးမြှင့်ပေး ပါတယ်။ ကိုဝင်းဦး နဲ့ ဗိုလ်ကြီးသန့်စင်တို့က တပ်ထဲမှာကတည်းက စားအိမ်သောက်အိမ် လုပ်ပြီး ချစ်ခင် ရင်းနှီးနေကြ တာလေ။ သူ့အလှည့် သီချင်းဆိုပြီး စင်ပေါ်က ဆင်းတော့ ကျွန်မဆီ ရောက်လာပြီး ...
"မမခင်ကြီး တစ်ယောက်တည်းလား" တဲ့ နှုတ်ဆက်ရင်း အနားလာထိုင်တာနဲ့ ထုံးစံအတိုင်း စာ အကြောင်း ပေးအကြောင်းတွေပဲ ပြောဖြစ်ကြပေါ့။ အဲဒီအချိန်မှာ ကိုဝင်းဦး ထုတ်ဝေတဲ့ စန္ဒာမဂ္ဂဇင်းမှာ လစဉ် နီးပါး ၀တ္ထုတိုလေးတွေ "ပတ္တမြားခင်" အနေနဲ့ ရေးဖြစ်တဲ့ကာလ ဆိုပါတော့။ ကိုဝင်းဦးနဲ့စပြီး သိကျွမ်း ခင်မင်ခဲ့ တာတော့ နှစ်ပေါင်းများစွာ ကြာလှပါပြီ။ သူက စစ်ဗိုလ်ပေါက်စ၊ ကျွန်မကလည်း ရန်ကုန်ရောက်ခါစ၊ လည်လည် ၀ယ်ဝယ် မရှိသေးတဲ့ တောကတက်လာတဲ့ အနေအထားမှာပဲ ရှိနေသေးတဲ့ အချိန်မှာ စစ်တပ်တွေက တပ်ခွဲလိုက်၊ တပ်စုလိုက် စုပေါင်းဓာတ်ပုံ တွေရိုက်ဖို့ ကျွန်မကို အလုပ်အပ်တော့ မှော်ဘီဆိုတဲ့ နေရာထိ ကျွန်မက မသွားတတ်၊ မလာတတ်။

ဒီတော့စစ်ဗိုလ်ပေါက်စလေး ကိုဝင်းဦး က တစ်လှည့်၊ ဗိုလ်ကြီးသန်းမြင့်က တစ်လှည့် ကျွန်မနဲ့တကွ ကင်မရာ အဖွဲ့ တပည့်များကိုပါနေ့စဉ် မှော်ဘီကနေ လာကြို၊ ညနေ ပြန်ပို့ဆိုတဲ့ အလုပ်ကို လေးငါး ရက်ဆက် လုပ် ပေးရပါတယ်။ ကျွန်မတို့နှစ်ဦးစလုံးက စာပေကို မြတ်နိုးသူချင်းဖြစ်တော့ စိတ်ဝင်စား ကြတာချင်းတူပြီး စကားလေပေး ဖြောင့်သွားကြတာ လေးငါးရက်နဲ့ ငယ်ပေါင်းမိတ်ဆွေရင်းလို ရင်းနှီးသွားကြလေရဲ့။ ကျွန်မက ကိုဝင်းဦးထက် ဆယ်နှစ်တိတိ ကြီးပါတယ်။ သူရုပ်ရှင်မင်းသား ဖြစ်သွားတဲ့အချိန်မှာ အနေဝေးသွားပြီး တစ်ခါတလေ ဧည့်ခံပွဲတွေလောက်မှာပဲ ဆုံဖြစ်ကြတဲ့ခါ အတိုးချပြီး စကားပြော ဖြစ်ပါတယ်။
ဒါပေမဲ့ ရန်ကုန်မှာ တစ်မြို့တည်းနေကြတာ ဆိုတော့ တစ်ယောက် သတင်းတစ်ယောက် အမြဲလို ကြားနေကြရတယ်ပေါ့။ အထူးသဖြင့် လောကဓံနဲ့ နပန်းလုံးရင်း ကျွန်မ အလူးအလဲ ကျဆုံးနေပြီဆို တဲ့ သတင်းမျိုး ကြားရတဲ့အခါ သူ့ဆီက အားပေးစကားလေးတွေ ရတတ်လို့ မိတ်ဆွေကောင်း အဖြစ်ကျွန်မရင်ထဲမှာ အသိအမှတ်ပြုထားပါတယ်။ သူရေးတဲ့ ၀တ္ထုလေးတွေ ရင်ထဲမှာစွဲငြိအောင် ခံစားမိတဲ့အခါ၊ သူရိုက်တဲ့ရုပ်ရှင်ကို ကြည့်ပြီး ကြည်နူး ပီတိဖြစ်တဲ့အခါတွေမှာလည်း ကျွန်မက သူ့ကို ဂုဏ်ယူစွာနဲ့ ချီးကျူးမြဲပါပဲ။

ဒီလိုနဲ့ ဆုံဖြတ်တဲ့အခါလည်းရှိ၊ ကိုယ့်ဘ၀နဲ့ကိုယ် တစ်လမ်းစီ သွားနေကြတာမို့ မဆုံဖြစ်ကြတဲ့ အခါလည်း ရှိပေါ့။ စန္ဒာမဂ္ဂဇင်းထုတ်ပြီး အတော်လေး အရှိန်တက်နေတဲ့အတွင်း ကျွန်မတစ်ခါ ဆုံဖြစ်ကြတော့...
"ညကပဲ မမခင် သွေးသောက်မှာ ရေးထားတဲ့" "မွေးနေ့လက်ဆောင် ကြောင်ကလေး"အ ကြောင်းကိုဖတ်ပြီး သဘောကျနေမိသေးတယ်။ စန္ဒာမှာလည်း ရေးပါဦး ဆိုတာနဲ့ စန္ဒာမှာ ရေးရင်း ကိုဝင်းဦး နဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံဖြစ် သွားပြန်ရောလေ။ အခုလည်း ကျွန်မ အမေရိကားသွားဖို့ စီစဉ်နေတဲ့ အကြောင်း ပြောပြတော့ ဘယ်မြို့ ဘယ်နယ်သွားမှာလဲ ဆို တာထိစပ်စုနေပါတော့တယ်။ အမေရိကား ရောက် ရင်လည်း စာဆက်ရေးဖို့ တိုက်တွန်းနေ လေသေးရဲ့။
"အဲဒါတော့ ထားပါဦးဟယ်၊ ကိုယ်တောင် ဟိုမှာ ဘယ်လိုရပ်တည်ရမှန်းမသိသေးဘဲနဲ့" လို့ပြောရပါတယ်။

ကို်ဝင်ဦးတို့များ တော်လိုက်ပုံက ကျွန်မတောင် အမေရိကားမရောက်ရသေးဘူး။ သူရဲ့ စန္ဒာမဂ္ဂဇင်းထဲမှာ "ခရစ္စမတ်လက်ဆောင်" ဆိုနဲ့နာမည်နဲ့ နောက်တစ်လမှာ ၀တ္ထုရှည်တစ် ပုဒ်ပါလာလေရဲ့။ ဇာတ်လမ်း ဆင်ထားပုံ က သူရဲ့ချစ်သူကလည်း သြစတြေးလျက မာယာမီ ကမ်းခြေကိုလာလည်၊ ကျွန်မကလည်း မာယာမီရောက် သွားတော့ အဲဒီမှာဆုံမိကြပြီး ကိုဝင်းဦးအကြောင်းတွ ပြေကြတဲ့ဇာတ်လမ်းပါ။ ဖလော်ရီဒါပြန်နယ်၊ မာယာမီမြို့ ကို သွား မှာလို့ပြောမိတာနဲ့ နေရင်းထိုင်ရင်း ကျွန်မလည်း သူ့ဝတ္ထုမှာ ဇာတ်ကောင် တစ်ကောင် ဖြစ်သွားလေရဲ့။ စကားလေးတစ်ခွန်းကနေ ၀တ္ထုရှည်တစ်ပုဒ်ဖြစ်အောင် ဖန်တီးနိုင်စွမ်း ရှိ တဲ့သူ့အနုပညာကတော့ တကယ့်ကိုချီးကျူးဖွယ်ရာပါပဲ။ ရေးထားလိုက်တာ အကြောင်း သာမသိရင် တကယ်များတွေ့နေကြတဲ့ အတိုင်းလေ။
သူစိတ်ကူးယဉ်လိုက်တာ နဲ့ ၀တ္ထုထဲမှာကျွန်မ မာယာမီကိုစောစောစီစီးရောက်သွားပေမဲ့ လက်တွေ့မှာတော့ မာယာမီရောက် ဖို့အချိန် ဝေးသွားပြန်လေရဲ့။

လူသွားတွေအနနေနဲ့ အချိန်နဲ့အမျှ ကိုယ်အသက်ရှူနေတာကို သတိမမူမိကြသလိုပဲ အစိုးမရခြင်း ဆိုတဲ့တရား တွေကလည်း အချိန်နဲ့အမျှ ဖြစ်ပျက်နေတာကို ကျွန်မတို့ ပုထုဇဉ်တွေမှာ သတိမမူနိုင်ကြ လို့သာတရားမရတာ ဖြစ်မှာပါနော်။ အခုလည်းသွားဖို့ကိစ္စ၊ နိုင်ငံကူးလက်မှတ် ထုပ်ပြီးတဲ့ အဆင့်ရောက်ခါမှ အငယ်ဆုံး သား "အိန္ဒာ"က လက်ကျိုးပါလေရော။ ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာက ကလေးကစား ကွင်းရှိနေတာ မို့ အဆော့သန်တဲ့ ကိုအိန္ဒာတို့အဖို့ ရေကန်အသင့်၊ ကြာအသင့်ဖြစ်ပြီး နေကုန်နေခန်း၊ ဒန်းစီး လိုက်၊ လျှောတိုက်လိုက် လုပ်နေ ကြတာလေ။ တစ်နေ့လျှောပေါ်ကပြုတ်ကျပြီး ညာဘက်လက် သွင်သွင် ကျိုးတော့ ဆေးရုံ ပို့လိုက်ရတာ ဆရာဝန်ကကျောက်ပတ်တီး စည်းပေးလိုက်ပါတယ်။

ဥပဒေအရ အဲဒီလို ကျောက်ပတ်တီး စည်းထားရင်နိုင်ငံက ထွက်ခွင့်မပြုဘူးဆိုတာလည်း အတွေ့အကြုံမရှိလို့ မသိလေဘူးပေါ့။ နောက်မှသိရတာက အဖိုးတန်ကျောက်ရတနာ ပစ္စည်းတွေကို ဒီလိုနည်းနဲ့ ၀ှက်ပြီးပြည်ပကို သယ်ထုတ် သွားနိုင်တာမို့ ခွင့်မပြုတာတဲ့လေ။ ဒီတော့ လည်း ကျောက်ပတ်တီးဖြေရမဲ့နေ့ ထိ နောက်ထပ်နှစ်လနီးပါးစောင့်ဖို့ ဖြစ်သွားပါ တော့တယ်။ ဒီတော့စောစောက ရွေးထားတဲ့ရက်နဲ့ ထွက်ဖို့လုပ်ထား တဲ့ လေယာဉ်လက် မှတ်တွေ ပြန်ပြောင်းရတာနဲ့ အလုပ်တွေထပ်ရှုပ်။
ဒါတင် မကပါဘူး။ အိမ်မှာကိုးကွယ်ထားတဲ့ ရုပ်ပွားတော်ကို ပင့်သွားချင်တာမို့ အဲဒီအတွက် လည်းရှေးဟောင်း ဘုရားမဟုတ်ကြောင်း ထောက်ခံခွင့်ပြုချက်ရဖို့ ဘုရားကိုယ်တော်ကို အစစ်ဆေးခံ ရအောင် ရှေးဟောင်းသုတေသနဌာနထိ ပင့်သွားပြီးပြရ၊ ဒီအထဲမှာ ကျွန်မ စုဆောင်းထားတဲ့ စာအုပ်တွေကလည်း ရှိသေးတယ်။ သိပ္ပံမောင်ဝတို့၊ ဒဂုံခင်ခင်လေးလို မျိုးထိအစားစားသော စာအုပ်တွေ၊ ခွင့်ပြုချက် ရအောင် စာပေစိစစ်ရေးက တံဆိပ်ထုပေးဖို့ တင်ပြရတာကတစ်ဖက်။

အမျိုးစုံအောင်အလုပ်တွေ ရှုပ်တဲ့အထဲမှာပဲ ကိုယ်ပါဝင်လှုပ်၇ှားခဲ့တဲ့ အသင်းအဖွဲ့တွေက လည်းဖိတ်ပြီး ကျွန်မအတွက် နှုတ်ဆက်ပွဲလုပ်ပေးပါတယ်။ မြန်မာပြည်ဓာတ်ပုံအသင်းဆိုရင် ကျွန်မရန်ကုန်ရောက်ခါစ ကတည်းက ပါဝင်ပြီးလှုပ်ရှားခဲ့တဲ့ အသင်းပါ။ ကျွန်မရဲ့ အသင်း ၀င်ကအမှတ် (၉)ပါ။ အခုဆို အသင်းသား ရှစ်ရာတောင်ရှိနေပြီလို့ အသင်းရဲ့နာယကကြီး ဦးမောင်မောင်တင် USIS ကစာရေးပြာပြလို့ သိရတာပါ။ ကျွန်မ တို့ စ၀င်တုန်းက အားလုံး မှလူဆုံးဆယ်တောင် ပြည့်မယ်မထင်ပါဘူး။ ကျွန်မဆီမှာ အမှတ်တရ မြတ်မြတ်နိုးနိုး နဲ့ သိမ်းထား တဲ့ မှတ်ပုံတင်ကတ်ပြားလေးခုထိ ရှိနေပါသေးတယ်။

ဒေါ်ဒဂုံခင်ခင်လေး ဦးစီးတဲ့ ယုဝတီကလောင်အရှင်အသင်းမှာလည်း နှစ်ပေါင်းကြာမြင့်စွာ ကျွန်မဓာတ်ပုံပိုင်း ဆိုင်ရာ တာဝန်ယူပေးခဲ့တာ အသင်းတစ်သက်ပါပဲ။ မမခင်က လူရောငွေ ပါစိုက်ပြီး ခေါင်းဆောင်ကောင်းအနေနဲ့ ရှိခဲ့တာ မို့ ယုဝတီကလောင်ရှင်အဖွဲ့ အလွန် အောင်အောင်မြင်မြင်ရှိခဲ့ပါတယ်။ ပြဇာတ်ခေတ်ကလည်း ရန်ပုံငွေ အတွက် ပြဇာတ်တွေ ကကြ၊ နှစ်သစ်ကူးမှာလည်း ဗမာ့ခေတ်တိုက်ရှေ့မှာ မဏ္ဍပ်ထိုးပြီး သင်္ကြန်အဖွဲ့ရေပက်ကြ နဲ့ပျော်စရာကောင်း လှပါတယ်။ ယုဝတီအဖွဲ့ယူနီဖောင်းတောင် တခမ်းတနား မန္တလေးက ကြိုးကြီးချိတ် အစိမ်းရောင်ကို မမခင်က အော်ဒါလုပ်ပြီး တူညီဝတ်စုံဖြစ်အောင် လုပ်စေခဲ့ တာနော်။
အခုပြန်စဉ်းစားရင် အဲဒီအချိန်တွေဟာ တမ်းတစရာကောင်းတဲ့ဘ၀ရဲ့ ရွှေရောင်ကာလများ လို့ သတ်မှတ်နိုင်မယ်လို့ထင်ပါ၇ဲ့။ အထူးသဖြင့် ကျွန်မစိတ်ရောကိုယ်ပါ အလေးထားခဲ့ တဲ့အသင်းကတော့ မန္တလေးအသင်းပါပဲ။ ရန်ကုန်မှာမန္တလေးအသင်း တည်ထောင်ဖို့ စပြီး မျိုးစေ့ချသူများကတော့ ရန်ကုန်ရောက် မန္တလေးသား ကျောင်းသားဟောင်း မြောက်မြားစွာ ပါပဲ။ အသင်းအကောင်အထည်ဖော်ဖို့ လှုရှားကြတော့မှ ဆရာကြီး ဦးဘလှ၊ ဆရာ ဦးအေးမောင်၊ ဖခင်အုံးဖေနဲက ဦးဘရင်တို့ ကျွန်မဆီ ရောက်လာကြပြီး အကျိုးအကြောင်း ပြောပြရင်းပါဝင်ဖို့ ပြောတာနဲ့ ၁၉၇၂ခုနှစ်ပိုင်းမှာ စတင်လှုပ်ရှားကြတယ်ပေါ့။ အသင်းဖြစ် တည်ရေး အတွက် စတင် မတည်သူ စုစုပေါင်း ၁၅ဦးရှိပါတယ်။ ဆရာကြီးဦးဘလှ အမှူး ထားပြီး ၁၃ဦး၊ အမျိုးသမီး က ကျွန်မနဲ့ ဒေါ်အုံးကြည် နှစ်ဦးပဲ ပါပါတယ်။

ကိုယ်နိုင်သလောက် ငွေကြေးစုထည့်ကြပြီး ကုန်သည်လမ်းမှာ အသင်းတည်နေရာဝယ် ဖြစ်သွားတော့ မန္တလေးသားတွေ ရန်ကုန်လာရင် တည်းခိုစရာနေရာလည်းရ၊ ဘိလိယက်ခုံ နဲ့ဘားနဲ့ မန္တလေးသူ မန္တလေးသား များ စုဝေးရာနေရာလည်းဖြစ်ဆိုတော့ ပျော်စရာကြီးပါ ပဲ။ ကျွန်မတို့ မန္တလေးသူ မန္တလေးသားတွေက ဇာတိစွဲကြီးကြ တယ်လေ။ ဘယ်နေရာ ရောက်နေနေ ကိုယ့်အစား၊ ကိုယ့်ဓလေ့နဲ့ ကိုယ့်အသိုင်းအ၀ိုင်းကို သိပ် မက်မောကြတာပါ။ စီးပွားရေးအရ ရန်ကုန်မှာအခြေချနေပေမဲ့ မန္တလေးလွမ်းနာ မပျောက်နိုင်တဲ့ ကျွန်မ အဖို့ တော့ အသင်းကအလွမ်းဖြေရာနေရာ တစ်ခု Second Homeဖြစ်နေပါတော့တယ်
မန္တလေးဘောလုံး အသင်းကလည်း ရန်ကုန်လာကန်တိုင်းမှာ ဖလားပွဲတွေအနိုင်ရလို့မကြာ မကြာဂုဏ်ပြုပွဲတွေ လုပ်ရ သလို ၀ါဆိုသင်္ကန်းကပ်ပွဲ၊ ကထိန်ပွဲ၊ ထမနဲပွဲ၊ သက်ကြီးပူဇော်ပွဲ စတဲ့ရာသီလိုက်ပွဲတွေ အပြင် ပညာရည်ချွန် ဆုပေးပွဲ၊ အမျိုးသားနေ့ပွဲနဲ့ လစဉ်နီးပါး တစ်ပွဲမဟုတ် တစ်ပွဲကရှိနေတာပါပဲ။ အမှုဆောင်အဖွဲ့နဲ့ အသင်းသူ အသင်းသားအားလုံး ကလည်းစိတ်ရော၊ လူရောငွေပါ စိုက်ပြီးအာတက်သရော လုပ်ခဲ့ကြတာ တက်ညီ လက်ညီ မို့အသင်းက နေ့ချင်းညချင်း ကြီးထွားအောင်မြင်လာပါတယ်။

အားလုံးကမိသားစုနဲ့ လုပ် ကြတာမို့ မိသားစုတစ်ပိုင်းလည်း ဖြစ်နေတယ်ပေါ့။
ကျွန်မ က ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးနယ်ပယ်ထဲ ၀င်လာသူဖြစ်တော့ ရန်ကုန်မှာ ပေါင်းရသူတွေကလည်း ငယ်ပေါင်း မဟုတ်တာကြောင့် တွေ့လိုက်ရင် "ဒေါ်ခန့်ခန့်ကြီး" ခေါ်သူကခပ်များများ။ မန္တလေးအသင်း လို နေရာကိုရောက်သွားမှ "ဟေ့ ခင်မကြီး"လို့ အခေါ်ခံရတာကိုက ရင်းနှီးမှုကိုပြတာမို့ နာဝင်ကိုချိုလို့။ တစ်ဦး နဲ့တစ်ဦး မန္တလေးဟန် ပန်အတိုင်း "ခင်ဗျား"နဲ့ "ကျွန်တော်"လည်း ပြောရတာလည်း အရသာရှိပါဘိခြင်း။ အများစု ကလည်း မိသားစုလို  ရင်းသူတွေဖြစ်တော့ ကျွန်မကိုယ့်ဇာတိမြေက ခွာပြီး အမေရိကား သွားမဲ့ အကြောင်းပြောပြဖို့တောင် နှုတ်ဆွံ့နေမိပါတယ်။
မပြောမဖြစ် လို့ တစ်နေ့မှာ အတွင်းရှေးမှူးဦးညွန့်ရီ အိမ်သွားပြီးအကျိုးအကြောင်း ပြောပြ လိုက်တော့ ကျွန်မစကားကိုလည်း ကြားရောဦးညွန့်ရီနဲ့ဇနီး ဒေါ်တင်တင်လှက ကျွန်မကို ဖက်ပြီးရှိုက်ကြီး တငင် ငိုပါလေရော။ ကျွန်မတို့ ညီအစ်မနှစ်ယောက်ဖက်ပြီး အကြာကြီးကို ငိုဖြစ်ကြပါတယ်။ ခွဲခွာရခြင်းရဲ့ နာကျင်မှု ကိုဘယ်လို နှလုံးသားမျိုးမှ ခံနိုင်ရည်စွမ်းမရှိတာ အမှန်ပါပဲ။ မန္တလေးအသင်းကလည်း ကျွန်မသွားခါနီးမှ ဂုဏ်ပြုတ်နှုတ်ဆက်ပွဲ လုပ်ပေးခဲ့ ပါတယ်။ အဲဒီနေ့က ဆရာကြီးဦဘလှနဲ့တကွ အမှုဆောင်လူကြီးများကို ကျွန်မ မျက်ရည် သွယ်သွယ်ကျရင်း လက်စုံမိုးပြီး ရှိခိုးကန့်တော့ခဲ့ပါတယ်။

အဲဒါဟာ နောက်ဆုံးကန်တော့ခွင့်ကြုံရခြင်းပါပဲ။ ကျွန်မမြန်မာပြည်ကထွက်ခွာလာခဲ့ပြီး ၁၆နှစ်အကြာ ၁၉၉၃ခုနှစ် မှာ ပထမဆုံးအကြိမ်ပြန်သွားတော့ ဒေါ်အုံးကြည်မှအပ အမှု ဆောင်လူကြီးပိုင်းက တစ်ယောက် မှမရှိကြတော့ပါဘူး။ အထူးသဖြင့်ကျွန်မနဲ့ အရင်းအနှီး အချစ်ခင်ဆုံး ဦးညွန့်ရီနဲ့ ဦးဘိုရီတို့လည်း မရှိကြတော့ ဘူးလေ။ မန္တလေးအသင်း ကို ရောက်တဲ့နေ့ကလည်း ဦးညွန့်ရီရဲ့ဇနီး ဒေါ်တင်တင်လှက ကျွန်မ ကို တွေ့တွေ့ချင်းပြေး လာပြီးဖက်ငိုတော့တာပဲ။ လူသားတိုင်း ရင်ဆိုင်အရှုံးပေးရတဲ့ သင်္ခါရတရားရဲ့ နောက်ကို ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံး လိုက်ပါသွားနှင့်ကြရပါပြီ.။
အခုစာရေးနေတဲ့အချိန်မှာ ဒေါ်အုံးကြည်လည်း ကွယ်လွန်သွားခဲ့ပါပြီ။ မန္တလေး အသင်းဖြစ် မြောက်ရေး စတင် မတည်ခဲ့တဲ့ ၁၅ဦးထဲမှာ ကျွန်မတစ်ယောက်ပဲ အသက်ထင်ရှားကျန်နေခဲ့ တာမို့ ခွဲခွာသွားနှင့်ကြ တဲ့ ရောင်းရင်းများကို တမ်းတမိပါတယ်။ ကျွန်မရဲ့အသက်လည်း ၇၆နှစ်ပြည့်ခါနီးဖြစ်လို့ မကြာမတင် သူတို့လိုပဲ ခွဲခွာသွားရ ဖို့ အချိန်ကတော့ နီးကပ်နေပြီ ပဲပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဇာတိဌာနေအတွက် တစ်နိုင်တစ်မလေး လုပ်ဆောင် ခွင့် ကြုံရ တာကိုပဲကျွန်မတစ်သက် ကျေနပ်ကြည်နူးမဆုံးရှိရပါတယ်။

လူဆိုတာ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်မြို့သူမြို့သား၊ ကိုယ့်လူမျိုးအတွက် ဘယ်နေရာမှာ ဘာတွေလိုအပ်နေ သလဲဆိုတာ ရှာပြီးတစ်နိုင်တစ်ထမ်း ဖြည့်ဆည်းပေးရမှာ ပါပဲ။ ကိုယ့်မှာ ရှိသလောက်ပဲ ပေးနိုင်တာမို့ နည်းချင်နည်းမယ်၊ များချည်လည်းများမှာပဲ လေ။ ပေးဖြစ်အောင်ကြိုးစားဖို့ကသာ အဓိက ကျပါတယ်။ စင်ပေါ်တက်ပြီး တရားဟော တတ်မှရွေးကောက်ပွဲနိုင်တဲ့ ခေါင်းဆောင်ကြီးဖြစ်မှ သူတစ်ပါး ကို အကျိုးပြုနိုင်တာ မဟုတ်ပါ ဘူးနော်။ လူသားတိုင်းကိုယ့်မှာ ဘာမှမရှိရင်တောင်မှ ကိုယ်နဲ့ထိတွေ့ဆက်ဆံရ တဲ့သူတွေကို ရင်ထဲက စေတနာနဲ့ အပြုံးလေးတစ်ခုဖြစ်ဖြစ် အကြင်နာစကားလေးဆိုဆို သူတစ်ပါး ကို ဖေးမ အားပေးလို့ ရပါတယ်။

တော်ဖို့ တက်ဖို့လည်းမလို၊ နည်းတာ များတာလည်းအကြောင်းမဟုတ်ပါဘူး။ ဆောင်းပါးတစ်ပုဒ်စာ အစ်အုပ်မှ မရေးတတ်ပေမဲ့လည်း အားငယ်သူကို စားလေးတစ် ကြောင်းတည်းရေးပြီးလည်း အားပေးလို့ရတာပါပဲ။ အရေးကြီး တာကတော့ လူတိုင်းလူ တိုင်းမှာလူမှုရေးစိတ်ဓာတ်ရှိကြဖို့ပဲလို့ ကျွန်မတွေးမိပါတယ်။ ကျွန်မမှာ ဘယ်သောကာလ ကမှချမ်းသာကြွယ်ဝခြင်း မရှိခဲ့တာမို့ သူများတကာတွေလို ဘုရားတည်ကျောင်းဆောက် သိန်းချီ မလှူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်အထွာနဲ့ကိုယ် တစ်နိုင်စာလေး လုပ်ပေးဖို့တော့ ၀န်မလေးတတ်လို့ မန္တလေး မှာလည်း မန္တလေးအလိုက်၊ ရန်ကုန်မှာလည်း ရန်ကုန်အ လျောက်အသင်းအဖွဲ့တွေမှာ လူမှုရေး စိတ်ဓာတ်နဲ့ တက်တက်ကြွကြွ ပါဝင်လုပ်အားပေး ဖြစ်တယ်ဆိုပါတော့။

သီယိုဆိုဖီအသင်းကလည်း နှုတ်ဆက်ပွဲလုပ်ပေးပါသေးတယ်။ အဲဒီမှာ ဥက္ကဋ္ဌကြီး ဦးသန်းလှိုင် ပြောကြားတဲ့ မိန့်ခွန်းကိုနားထောင်ပြီး ကျွန်မပြုံးရပါသေးရဲ့။ ဦးသန်းလှိုင်က ကျွန်မကို ရင်းရင်းနှီးနှီး မသိဖူးပေ မဲ့ မြင်ဖူးတွေ့ဖူးနေ တာတော့ ကြာပါပြီတဲ့။ ရန်ကုန်မြို့ လမ်းတကာမှာ ကားတ၀ီဝီမောင်းသွားနေတဲ့ အလွန်ခေတ်ဆန်သော ကပြားအမျိုးသမီး တစ်ယေက်အနေနဲ့ သူကမြင်ထားတဲ့အပြင် အဲဒီအမျိုးသမီးဟာ ဘာသာရေး ကိုင်းရှိုင်းမယ် လည်းမထင်။ မြန်မာ့ယဉ်ကျေးမှုလည်း နားလည်မဲ့အစားထဲက မဟုတ် လို့တွေးထားခဲ့တာ။ သီယိုဆိုဖီကိုရောက်လာတဲ့အချိန် နီးနီးကပ်ကပ်လေ့လာကြည့်မှ ဘာသာရေး ကိုအထူး လေးစားပြီ မြန်မာဆန်တဲ့ ဂါရ၀တရားနဲ့ သူတစ်ပါးကိုလေးလေးစားစား ဆက်ဆံတတ်တာ သိရလို့ စာအုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ နားလည်ရတော့တယ်လို့ ပြောပါတယ်။

ဟုတ်ပါရဲ့။ ကျွန်မကို လမ်းပေါ်မှာတလွှားလွှားနဲ့ နေရာတကာမှာ မြင်တွေ့နေရတတ် တော့လည်း အမြင်တန်စရာဖြစ်လေမှာပေါ့နော်။အဲဒီအချိန်ကာလက အမျိုးသမီးကား မောင်းသူကလည်း ခပ်ရှားရှား။ ဓာတ်ပုံဆရာမ အနေနဲ့ကလည်း ကျွန်မတစ်ဦးတည်းရှိသေး တာဆိုတော့ လူပုံအလယ် မှာ ယောက်ျားလေးတွေ နဲ့တန်းတူ ကင်မရာတစ်လုံးလွယ်ရင်း ပြေးပြေးလွှားလွှားတွေလုပ်မှ ထမင်းစားရတဲ့ အဖြစ်ကို လူတွေက မသိဘဲ ကားကလေး ကျော့ကျော့မော့မော့ မောင်းသွားလေတယ်ဆိုတာလောက်သာ အပြင်ပန်း မြင်ကြတာကိုး နော်။ အဲဒီကားမောင်းသူရဲ့ ရင်မှာ ကားအင်ဂျင်ရဲ့တုန်ခါမှုအားနဲ့အမျှ ရပ်တည်ရေးအ တွက်သောကဗျာပါဒတွေနဲ့ ဆူဝေနေတယ်ဆိုတာ ဘယ်သူကသိနိုင်ပါ့မလဲလေ။ ကျွန်မ လည်းရင်ထဲမှာဘယ်လောက် ပူလောင်နေပေမဲ့ မျက်နှာ မှာတော့ နွေဦးမှာပန်းတွေပွင့်ဖူး နေသလိုလူတွေ့ရင် အပြုံးတဝေေ၀နဲ့ နေတတ်သူဆိုတော့ အတွင်းနဲ့ အပြင် အသွင်ကွဲ လေတယ်ပေါ့။

ဒီလိုနဲ့ကိုယ့်ကိုနှုတ်ဆက်တဲ့ပွဲတွေကိုလည်း တက်ရင်းကိုယ်က နှုတ်ဆက်ရမဲ့သူတွေကို လည်း လိုက်နှုတ်ဆက် ရင်း ဂါရ၀ပြုရမဲ့ ကျေးဇူးရှင်တွေကိုလည်း လက်အုပ်ချီကန်တော့ရင်း ရောက်လေရာမှာမျက်ရည်ကျတာလည်း အခါခါပဲ။ ကျွန်မရဲ့ကျေးဇူးရှင် မမခင် (ဒေါ်ဒဂုံခင်ခင်လေး)ကို သွားကန်တော့တော့ မမခင်က မျက်ရည်ဖြိုင်ဖြိုင် ကျရင်း ဆုတွေ ပေးပါတယ်။ ပြီးတော့ "မမခင် အသက်ရှင်လျက် ငါ့ညီမနဲ့မှ ပြန်တွေ့ခွင့်ရပါ့မလား မသိ" တဲ့။ တကယ်လည်း တကယ်ပါပဲ။ ကျွန်မ မိခင်ရင်းတမျှ ချစ်ရ၊ အားကိုးရတဲ့ မမခင်ကို အသက်ရှင်လျက် ပြန်တွေ့ခွင့် မကြုံလိုက် ရတော့ပါဘူး။ ကျွန်မပြန်ရောက်မလာနိုင်ခဲ့တဲ့ နှစ်အတွင်းမှာ မမခင်ကွယ်လွန်ခဲ့ပါပြီ။

ရှိန်းကို တကူးတက သွားမနှုတ်ဆက်ဖြစ်ပေမဲ့ မသွားခင်လေးမှာတင် မထင်မှတ်ဘဲ သူ့ကို တွေ့ခွင့်ကြုံလိုက် ရပါသေးတယ်။ အဲဒီနေ့က မန္တလေးက သူငယ်ချင်းမြတ်ရဲ့မောင်ငယ် တစ်ယောက် မင်္ဂလာဒုံ စစ်ဆေးရုံမှာ အသည်းအသန်ဖြစ်နေတယ်လို့ အကြောင်းကြာတာနဲ့ သတင်းမေးဖို့ သွားတော့ လူနာခန်းစင်္ကြံအကွေ့တစ်ခုမှာ စစ်ရုံးမှာငွေစာရင်း ၀န်လုပ်နေ တဲ့ သူငယ်ချင်း "တင့်တင့်"နဲ့ သွားတိုး ပါလေရော။
"ဟေ့...ခင် ဘယ်သူ့ကို လာကြည့်တာလဲ"တဲ့။
"မြတ်ရဲ့မောင်လေး" "အုန်း"ကိုလာကြည့်တာ၊ တင့်ရော သူ့ကိုလာကြည့်တာလားလို့ မေးတော့...
"မဟုတ်ဘူး၊ ဒုတိယဗိုလ်မှူးကြီးရှိန်း ကို လာကြည့်တာ၊ Surgery လုပ်ထားလို့"တဲ့။
"ဘယ်အခန်းမှာလဲ၊ ခု ဘယ်လိုနေသေးလဲ"နဲ့ ကျွန်မ ပျာပျာသလဲ မေးလိုက်မိပါတယ်။

"ခွဲပြီးခါစဆိုတော့ အားနည်းနေသေးတာပေါ့၊ အခြေအနေကောင်းပါတယ်၊ ခင်ဗျားသွား ကြည့်ချင်ရင် ကိုယ် လိုက်ပို့ပေး မယ်လေ၊ အုန်းဘာဖြစ်လို့လဲ၊ ဆေးရုံတတ်တာကိုယ် တောင်မသိဘူး"ဆိုပြီး တင့်က အုန်းရဲ့ သတင်းပြန်မေးနေပါသေးတယ်။ ကျွန်မတို့နှစ် ယောက်ဆုံမိတဲ့ နေရာကအုန်းရဲ့အခန်းမှာဖြစ်လို့ ကိုခင်မောင်အုန်း ကို အရင်ဝင်ပြီး သတင်းမေးလိုက်ပါတယ်။ ကိုခင်မောင်အုန်းရဲ့ အခြေအနေက မကောင်း လှပါဘူး။ အတွင်း မှာ ကင်ဆာဝေဒနာက တော်တော်ကြီးပျံ့နေလို့ မျှော်လင့်ချက်သိပ်မရှိဘူးဆိုတာ သူ့အစ်မ မြတ် နဲ့လတ်တို့က မျက်စိမျက်နှာပျက်ပျက်နဲ့ တိုးတိုးပြောပြလိုက်ကြတာမို့ ကျွန်မနဲ့ တင့်လည်း သူတို့ကို အားသာပေးခဲ့ရတာ ကိုယ်ပါရောပြီး စိတ်မကောင်းဖြစ်မိပါတယ်။

ပြီးတော့မှ ရှိန်းအခန်းဘက် ကူးဖြစ်ကြတော့ ခုတင်ပေါ်မျက်လုံးမှိတ် ငြိမ်သက်နေတဲ့ရှိန်းရဲ့ လက်ကိုဘေးမှာ ထိုင်နေတဲ့ ညိုမီ ကကြင်နာယုယစွာနဲ့ ဆုပ်ကိုင်ထားပြီး သားလေးနှစ် ယောက်ကလည်း ခုတင် ရဲ့တစ်ဖက်ဘေးမှာ ရပ်ရင်းမျက်နှာလေးတွေကငယ်လို့။ ကျွန်မ တို့ဝင်သွားတော့ ညိုမီကအံ့အားတသင့်နဲ့ မတ်တတ် ရပ်ပြီး ကြိုဆိုနှုတ်ဆက်ရင်း "ဟင်.. မမ၊ မတွေ့တာကြာပြီနော်"တဲ့။ "မမတင့်နဲ့ ဆုံမိလို့ လာကြတာ လား"ဆိုပြီး ကျွန်မတို့ နှစ်ယောက်စလုံးကို လှမ်းပြောတော့ သူ့ဇနီးညိုမီအသံကြားလို့ထင်ပါရဲ့။ ရှိန်းရဲ့ မျက်လုံး တွေပွင့်လာပါတယ်။ သူ့ကိုယ်မှာလည်း သွင့်ထားတဲ့ပိုက်တွေ အမျိုးစုံတန်းလန်းနဲ့လေ။

လျော့ရဲရဲအသံနဲ့ "ယူကဘယ်ကကြားပြီး လာကြည့်တာလဲ"တဲ့။ ကျွန်မက သူ့ကိုလာ ကြည့်တာအတွက် အံ့သြနေ တယ် ထင်ပါရဲ့။ ကျွန်မလည်း ရှည်ရှည်ဝေးဝေးတွေ ရှင်းပြမ နေတော့ပါဘူး။ ချော်လဲရောထိုင်ရင်း သူ့ရောဂါ အခြေအနေတွေ ကိုသာ မေးပြီး ညိုမီကို လည်းအားပေးစကား ပြောခဲ့ရတယ်ပေါ့။ ခုလိုအခြေအနေမျိုး မှာလည်း သူ့ကိုနှုတ်ဆက် စကားမဆိုချင်တာနဲ့ မကြာမတင် ကျွန်မ အမေရိကားသွားတော့မယ် ဆိုတာ ကို ပြောပြ မနေ တော့ဘဲ တင့်တင့်နဲ့ အတူ ဧည့်ချိန်ကုန်ခါနီးမှာ ပြန်လာခဲ့ပါတယ်။ အဲဒါ ရှိန်းတို့ မိသားစု ကို နောက်ဆုံး အကြိမ် မြင်တွေ့ဆုံစည်းလိုက်ရခြင်းပါပဲ။ လွန်ခဲ့တဲ့ လေးငါးနှစ်က ကာလီဖိုးနီး ယားကိုသွားလည်ရင်း ရှိန်းနဲ့အတူ တပ်မတော် (ရေ)မှာအမှုထမ်းခဲ့တဲ့ သူ့သူငယ်ချင်း ဗိုလ်မှုးတစ်ဦးနဲ့ ဆုံမိမှ ရှိန်းကွယ်လွန်သွားပြီဆိုတာ သိခဲ့ရပါတယ်။ သူ့မိသားစုကတော့ သြစတြေးလျမှာ ရောက်နေကြတယ်တဲ့။ လူဆိုတာ ကောင်းကင် မှာဖြန့်ကြဲထားတဲ့ ကြယ်ပွင့်လေးတွေလိုပါပဲ။ ကြယ်ပွင့်လေးတွေနီးတဲ့အခါ နီးသွား လိုက်၊ ဝေးတဲ့အခါ ဝေး သွားလိုက်၊ ကြွေချိန်တန်တော့လည်း ကြွေသွားလိုက်၊ ဘယ်အရာ မှမြဲခြင်းမရှိတာ ကတော့ သေချာပါရဲ့။

ဒီလိုနဲ့ ကျွန်မရဲ့သားငယ် "အိန္ဒာ"လည်း လက်ကကျောက်ပတ်တီးဖြေရမဲ့ရက်ကို ရောက် လာပါတယ်။ သွားဖြေ လာခဲ့ပြီးလို့ ရက်ပိုင်းပဲရှိသေးတယ်။ ခွေးကိုက်ခံရပြန်ပါရော။ အကိုက်ခံရတာတောင် နည်းသေးတယ် လို့ ပြောရမလားမသိ။ ကြိုးချည်လျက်သားနဲ့ အစာစားနေတဲ့ခွေးကို အစာခွက်သွားဆွဲတာတဲ့လေ။ အစာမန် နဲ့ခွေးကလှမ်းပြီး ဟပ်လိုက် တာပေါ့။ အိမ်နီးချင်းခွေးမို့ တစ်ဦးနဲ့တစ်ဦး ပြဿနာမရှိကြပေမဲ့ သွားခါနီး လာခါနီမှာ ဆေးရုံကိုပြေးပြီး ဆေးထိုးဖို့တွေလုပ်ရ၊ အဲဒီအချိန်မှာဆေးကလည်း လွယ်လွယ်ဝယ်လို့မ ရ၊ ရှိတဲ့ဆေးတွေ က ရက်လွန်တွေဖြစ်နေတာနဲ့ တူမလေးအထူးကုဆရာဝန်မလေးက "အသားနားခံပြီး ထိုး မနေနဲ့တော့ အန်တီခင်ရေ၊ ဟိုဘက်အိမ်က ခွေးလည်း ကာကွယ် ဆေးထိုးထားပြီးသားပဲ၊ ပူစရာမရှိပါဘူး" ဆိုပေးမဲ့ အဲဒီခွေး ဒီရက်ထဲဘာများဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ အကဲခတ်ကြည့်နေရပါသေးတယ်။ ကျွန်မသား ကလည်း မျောက်မူး လဲလို့ ဆိုရလောက်အောင် အငြိမ်မနေတာမျိုးလေ။

သွားရမဲ့ရက်ကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ သွားခါနီးမှာ ပြဿာနာကတော့ ကျွန်မ အမေပါပဲ။ စစ်ကြီးအတွင်း က ရှိရှိသမျှ ပိုင်ဆိုင်သမျှတွေ မီးလောင်ဗုံးထဲပါသွားပြီး လူလုံးချည်းကျန်ခဲ့ရကတည်းက မာမီ လည်း ဘာပစ္စည်းမှ ပစ်တယ်ဆိုတာမရှိတော့ဘူး။ အရေးကြုံရင် ဆွဲပြီးပြေးဖို့ အသင့်ရှိအောင် အထုပ်တွေဆိုတာ ထုပ်ထားလိုက်တာ အခန်းနဲ့ အပြည့်ပါပဲ။ အခုကျွန်မတို့အဖို့ အ၀တ်အစား၊ အသုံးအဆောင် အနေနဲ့ တစ်ဦး ကိုလေးဆယ့်လေးပေါင်ပဲ သယ်ယူခွင့်ရှိတဲ့အပြင် ငွေကြေးအရကလည်း တစ်ဦး ကို နိုင်ငံ တော်အစိုးရက ၇ဒေါ်လာပဲ ယူခွင့်ပြုပါတယ်။ သွားမဲ့သူက ကျွန်မနဲ့အတူ မာမီရယ်၊ သမီး သူဇာ နဲ့သားငယ် အိန္ဒာလေးယောက်ဖြစ်ပေမဲ့ သူဇာနဲ့အိန္ဒာက ၁၈နှစ်အောက် ကလေး တွေဖြစ်တာမို့ ၇ဒေါ်လာအပြည့်မရပါဘူး။ သူတို့မောင်နှမနှစ်ယောက်က သုံးဒေါ်လာခွဲစီ ရကြတာကြောင့် လေးယောက် စုစုပေါင်း မှာ ၂၁ဒေါ်လာယူခွင့်ရပါတယ်။

ယူရမဲ့ပစ္စည် ၄၄ပေါင်ဆိုတာ ဘာမှရှိတာမဟုတ်လို့ သေတ္တာတစ်လုံး အပြည့်အသိပ်ထည့် လိုက်တာနဲ့ပဲ ၄၄ပေါင်က ပြည့်သွားပါပြီ။ ဒီတော့အခန်းနဲ့အပြည့်အထုပ်တွေ ထုပ်ပြီး သိမ်းထားတဲ့ ကျွန်မအမေအဖို့ ဒီပစ္စည်း လည်း မပစ်နိုင်၊ ဟိုပစ္စည်းလည်း မထားရက်နဲ့ အထုပ်တစ်ထုပ်ဖြေလိုက်တိုင်း ကြီးစွာသော ပြဿနာနဲ့ ကြုံရတော့ တာပါပဲ။ ထွက်လာတဲ့ ပစ္စည်းတွေကလည်း ကြည့်ပါဦး။ ကျွန်မရဲ့သားကြီး ၀င်းငယ်ငယ်က ၀တ်ဖို့မာမီ ကိုယ်တိုင် နှစ်ချောင်းထိုးနဲ့ ထိုးပေးခဲ့တဲ့ သိုးမွှေး Bootie လေးတွေ၊ ကေခိုင်တိုက၊ ကေသီတို့၊ ယမင်း တို့ ကစားခဲ့တဲ့ ဗိုလ်မ ရုပ်လေးတွေ၊ ဘယ်သောကာလက ကျွန်မကိုင်ပြီး ငြီးငွေ့လို့ ပစ်ထား ခဲ့တဲ့ ပုတီးစေ့ ပိုက်ဆံအိတ်တွေ၊ ကျွန်မနဲ့ သူ့မြေး ရှစ်ယောက်စလုံးရဲ့ ပစ္စည်းတွေက ရှေး ဟောင်းပြတိုက်တစ်ခု ဖွင့်ရင်တောင် လုံလောက်အောင် ရနိုင်မယ် ထင်ပါရဲ့။

နောက်ပြီး အထုပ်လိုက် အထုပ်လိုက် တန်းစီထားတဲ့ ဂျပန်ငွေစက္ကူတွေ၊ စစ်ပြီးစ သုံးခဲ့တဲ့ အင်္ဂလိပ်ငွေစက္ကူတွေ၊ ရာတန်တွေလဲဖို့ ကြေညာခဲ့စဉ်က မလဲဘဲ ပစ်ထားခဲ့တဲ့ လွတ်လပ် ရေးနောက်ပိုင်း ထုတ်တဲ့ ရာတန် စက္ကူပုံစံအမျိုးစုံတွေ၊ ဘယ်လောက်ပဲ အစိုးရတွေ ပြောင်း ပြောင်းထုတ်ဝေတဲ့ ငွေစက္ကူတွေ ရောင်စုံပုံစံ အမျိုးမျိုး နဲ့ဖြစ်နေနေ၊ မာမီ့ရဲ့စိတ်ထဲမှာတော့ ဒါတွေဟာ တန်ဖိုးရှိစာရင်းဝင် ဖြစ်နေဆဲပဲဆိုတော့ သူပိုင်ငွေကြေးတွေ မထားခဲ့နိုင်ပါ ဘူး ဖြစ်ပါလေရော။

အမေရိကားသွားဖို့ စဉ်းစားပြင်ဆင်ခဲ့တုန်းက ဒီလောက် ခေါင်းခဲရမဲ့ကိစ္စကို ရင်ဆိုင်ရလိမ့် မယ်လို့ ထည့် မထွက်ခဲ့မိတာတော့ ကျွန်မရဲ့ မဟာအမှားပါပဲ။ တစ်နေ့ တစ်နေ့ အထုပ် ဖြေရတာနဲ့ပဲ သားအမိချင်း အချေအတင်ပြောရ ဆိုရ၊ အမေ စိတ်ဆင်းရဲမှာစိုးလို့ အဆင် မပြေပေမဲ့ ကိုယ့်ဘက်က အလျော့ပေးပြီး လိုက်လိုက်လျောလျော လုပ်ပေးရ၊ ပြဿနာက တော့စုံလေတယ်ဆိုတဲ့ အထဲကပါပဲ။ ယူခွင့်ပြုတဲ့ ၄၄ပေါင်က ပိုနေလို့ ကျွန်မတို့နဲ့အတူ မငယ်နိုင်တာတွေကို ကျန်ခဲ့ရစ်ဦးမဲ့ ဦးကျော်ဇောရဲ့လက်ကို အပ်ခဲ့ပြီး တဖြည်းဖြည်း အချိန် ယူရင်းစာတိုက်က ပို့လို့ရသလောက်ပို့ဖို့လည်း စီစဉ်ခဲ့ရတယ်ပေါ့။ အခြေတစ်ခုဖြစ်ဖို့ ခဲယဉ်သလိုပဲ အခြေတစ်ခု ဖျက်ရတာကလည်း စိတ်ရောလူပါ ပင်ပန်းစရာကောင်းလှပါ တယ်။

ကျွန်မ တို့ နေခဲ့တဲ့ ၄၉လမ်းထောင့်က အကွက်အကွင်းလည်းကျတာမို့ သွားတော့မဲ့သ တင်းဖြစ်နေကတည်းက အခန်းကို လက်လွှဲရောင်းခဲ့ပါဆိုပြီး လိုချင်သူမိတ်ဆွေတွေထဲက ဈေးကောင်းလာပေးကြပါတယ်။ မက်မောလောက် တဲ့ ငွေဖြစ်ပေမဲ့ အားလုံးကို ငြင်းဆို လိုက်ပါတယ်။ ၁၃နှစ်တာ အိမ်ရှင်များရဲ့ အဆောက်အအုံ အရိပ်အာဝါသ ကို ခံယူခဲ့ရတဲ့ ကျေးဇူးတရားဆိုတာ နည်းလေတာမှ မဟုတ်ဘဲ။ သစ်ပင်အရိပ်ကို ခဏလေး ခိုမိရင် တောင် အဲဒီသစ်ပင်ရဲ့ ကျေးဇူးတရားကိုသိပြီး သစ်ကိုင်းတစ်ကိုင်းမှ မချိုးဖဲ့ကောင်းဘူးလို့ ဆိုထားတာ ပဲနော်။ အထူးသဖြင့် ကျွန်မမှာ ကလေးတစ်ပြုံတစ်မနဲ့ ဒုက္ခရောက်စဉ်ကာလ က ကရုဏာ နဲ့ စပေါ်တစ်ပြားမှ မယူဘဲ အိမ်လခ ကိုလျှော့ပေးပြီး ငှားခဲ့တဲ့ ကျေးဇူးတရားတွေ ကတစ်သက်တာ မေ့နိုင်စရာ မရှိပါဘူး။

ကျေးဇူးဆိုတာ မဆပ်နိုင်ရင်သာရှိရမယ်။ ကျေးဇူးကို မသိသူအဖြစ်နဲ့ ကျေးဇူးတော့မကန်း သင့်ပေဘူးပေါ့။ ဒါကြောင့် အိမ်ရှင် ဒေါ်ခင်မေတင့် တို့ကို ပြန်အပ်ချိန်မှာ ကျွန်မတို့အခန်း တွေဖွဲ့ပြုပြင်ထားတဲ့ ကုန်ကျခဲ့ တဲ့ ငွေကြေးတွေ ကိုတောင် စာရင်းမတင်ဘဲ စီးပွားရေးလုပ် ငန်းအတွက် ရထားတဲ့ ပါဝါမီတာ ကအစ ပေးခဲ့တာ မို့ သူတို့ကလည်း တစ်ပြန် ကျွန်မကို ကျေးဇူးတွေတင်လို့။ မေတ္တာဆိုတာ ကိုယ်က ခံယူခွင့်ရခဲ့သလို၊ အတုံ့အလှည့် ပြန်ပြီးပေး နိုင်မှလည်း ပြည့်စုံတယ်လို့ ဆိုရမယ်ထင်ပါရဲ့။
အဲဒီလို အပြောင်းအလဲများစွာတွေကို ပြင်ဆင်နေတဲ့အချိန်မှာ မန္တလေးမှာ နေစဉ်စစ်အ တွင်းကတည်းက ရင်းနှီးခင်မင် တဲ့ မိတ်ဆွေရင်း အမျိုးသမီးတစ်ဦးက သူလည်းအမေရိကား သွားချင်တယ်လို့ အကူအညီတောင်း လာတာနဲ့ လုပ်ရတဲ့အစဉ်အလာတွေ ပြောပြ၊ ကိုယ် တိုင်လည်းသံရုံးခေါ်သွားပြီး တာဝန်ရှိပုဂ္ဂိုလ်များ နဲ့ တွေ့ပေးပြီး လိုအပ်တာတွေ ကူညီပေး လိုက်တယ်ပေါ့။ အဲဒီအချိန်မှာ အမေရိကားသွားတာလည်း သိပ်ခက်ခက်ခဲခဲကိစ္စကြီး မဟုတ်ပါဘူး။ သတ်မှတ်ထားချက်တွေနဲ့ ဘောင်ဝင်ရင် သွားခွင့် အလွယ်တကူ ရတာပါပဲ။ သူကျွန်မထက်အသက်ဆယ်နှစ်လောက် ကြီးပါတယ်။ ဟိုမှာလည်း လူခံတစ်ယောက်မှ ရှိတာမဟုတ် လို့ အကယ်၍တခြားမှာ အလုပ်မရရင်တောင် ကျွန်မတို့နဲ့ အတူနေရင် လည်းဖြစ်တာမို့ မာမီ အတွက်စောင့်ရှောက်ပေးနိုင်မယ့် အဖော်ကောင်းတစ်ယောက် ဖြစ်လေမယ် ဆိုတဲ့ အားကိုးစိတ် လည်း သူ့အပေါ်မှာ ထားရှိခဲ့တာ အမှန်ပါ။

သူ့အတွက် စာရွက်စာတမ်းတင်တာလည်း ကြာဦးမှာအပြင် ကျွန်မအမေရိကားရောက်ပြီး မှအာမခံတဲ့ စပွန်ဆာ ပို့ရမှာ ဖြစ်တော့ဦးကျော်ဇောထွက်လာနိုင်မဲ့အချိန်နဲ့ အံကိုက်ကျရင် လည်းအဖော်ရ၊ အဆင်ပြေမယ် လို့လည်း တွေးမိတယ်ပေါ့။ ဒါကြောင့် တစ်ယောက်တည်း ကျန်ခဲ့မယ်ဦးကျော်ဇောရဲ့ စားရေးသောက်ရေး အဆင်ပြေအောင် သုံးလေးရက်တစ်ခါ စားစရာဟင်းလေး ချက်ပြီး စောင့်ရှောက်ပေးဖို့လည်း မှာထားခဲ့ရသေး တယ်။ နှစ်ဦးနှစ် ဖက်အတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ စေတနာနဲ့ သူ့ကိုစားရေး သောက်ရေးအကူ အညီပေး ဖို့ မှာရသလို ဦးကျော်ဇောကိုလည်း ကျွန်မရဲ့ မိတ်ဆွေ ဗီဇာရပြီးရင် လေယာဉ် လက်မှတ်က အစ ငွေကြေးလိုအပ်ခဲ့ရင်လည်း ထုတ်ပြီး ကူညီပေးဖို့ ပြောရမှာရ။

ရှေ့ခြေတစ်လှမ်း မချခင်မှာ နောက်တစ်လှမ်းအတွက်လည်း စဉ်းစားရပါသေးတယ်။ အရာ ခပ်သိမ်းက ကိုယ်လို သလိုဖြစ်ချင်မှ ဖြစ်လာနိုင်တာမို့ ရာခိုင်နှုန်းပြည့် ယုံကြည်ထားပြီး တံတားမချိုး၊ ဖေင်မဖျက်ရဲပါဘူး။ ဒါကြောင့် ကုန်ဈေးတန်းက အခန်းကိုဓာတ်ပုံဆိုင် ပိတ်ပြီးတာနဲ့ ကျွန်မတို့ မိတ်ဆွေရင်းလက်ဖက်ခြောက်လုပ်ငန်း ပိုင်ရှင်တစ်ဦးနဲ့စပ်တူ အရောင်းဆိုင်ဖွင့်ထားပါတယ်။ ရရှိတဲ့ အကျိုးအမြတ်ကိုလည်း ထိန်းသိမ်းထားစေပြီး ပြန် လာမှ စာရင်းရှင်လက်ခံယူကြမယ်ပေါ့။ နေရာလေးတစ်ခုတော့ ဆယ်ရေးတစ်ရေးအဖြစ် ချန်ထားခဲ့ဥိးမယ်ဆိုတဲ့ သဘောပါပဲ။
မသွားခင်မှာ လုပ်ရမဲ့ကိစ္စတွေကလည်း တန်းစီနေတော့ မဆုံးနိုင်အောင်ပါပဲ။ ရင်ထဲမှာ တစ်တန်လောက် ရှိတဲ့ ကျောက်တုံးကြီးတစ်ခု ဆွဲထားသလို လေးလံနေတဲ့ ခံစားမှုတစ်ခု ကတော့သားလေး ကိုဇာနည် ကို မောင်နှမအားလုံးနဲ့ ခွဲပြီးတစ်ယောက်တည်း ထားခဲ့ရမဲ့အ ဖြစ်ပါပဲ။ ရင်သွေးအားလုံး ကို ဖခင်ဖြစ်သူ ဦးမြလှိုင် ရဲ့ ရင်ခွင်ထဲက ဆွဲထုတ်ခေါ်ယူသွားရတာ အတွက်လည်း ကိုယ့်ရဲ့လုပ်ဆောင်မှုက မမျှတ သလိုဖြစ်နေပြန် ပါတယ်။ မျှတချင်လို့ ထားခဲ့ပြန်တော့လည်း မျက်နှာငယ်လေးနဲ့ ကျန်ခဲ့မဲ့သားကို သနားလို့မဆုံး၊ ရင်နာလို့ မဆုံး ခံစားရပြန်ရော။

ကျွန်မတို့ ထွက်မဲအချိန်မှာ သားကရှစ်တန်းစာမေးပွဲ ဖြေရခါနီးဆဲဆဲမို့ နောက်ထပ်နှစ် နှစ်တော့ကြိုးစားပြီး ဆယ်တန်းအောင်အောင်ဖြေပါ။ ဆယ်တန်းဖြေပြီးတာနဲ့ ဖေဖေ့ကိုခွင့် တောင်းပြီးလိုက်ခဲ့ဖို့ မာမီစီစဉ်မယ် ဆိုတာ ကိုလည်း သား အားမငယ်ရအောင် အခါခါပြောရ ပါတယ်။ သားတင်မဟုတ်သေးပါဘူး။ ဒေါ်အေးမြင့်ကလည်း သားအရင်း တစ်ယောက်လို ကိုဇာနည်ကိုချစ်တာမို့ သားနဲ့ခွဲပြီး သူ့ကိုလည်းမထားခဲ့ရက်လို့ သား လာတဲ့ခါ ဒေါ်အေး မြင့်ပါ တစ်ခါတည်း ဆန္ဒရှိရင်အတူလိုက်လာလို့ရအောင် ဗီဇာရနိုင်ဖို့အတွက် ကျွန်မထက် မလာခင် မှာ အပြီးစီစဉ်ပြီး ထားခဲ့ရပါသေးတယ်။
သွားရခါနီးပြီ ဆိုတော့ ရပ်ဝေးကလာနှုတ်ဆက်သူတွေနဲ့ ကျွန်မရဲ့အိမ်မှာလည်း ဧည့်သည် ကအပြည့်။ မန္တလေး က သူငယ်ချင်းလှလှမြင့်အပြင် လှလှမြင့်နွဲှ့တူ ဆင်းလာတဲ့ကျွန်မရဲ့ မွေးစားသမီး အေးကြည်မနဲ့ သမီးလွင်လွင်၊ လားရှိုးကုန်သွယ်ရေး က ညီမငယ်တစ် ယောက်လို ချစ်ရတဲ့လှလှ၊ တောင်တွင်းကြီးက ရောက်လာတဲ့ အန်တီလေး ခင်ခင်လှ အားလုံးက ရောက်လာတယ်ဆိုတာနဲ့ ကျွန်မကိုဖက်ပြီးငိုကြယိုကြ။ ဒီအထဲမှာ အဆိုးဆုံး ကတော့ကျွန်မ ရဲ့တပည့်ဟောင်းမြင့်မြင့် (အမျိုးသမီး ရုပ်၇ှင်လူရွှင်တော် မရွှေလုံး)ပါပဲ။ ဖြစ်ပျက်နေပုံက အသုဘအိမ် အတိုင်း "အံမယ်လေး မမရဲ့၊ မြင့်မြင့်တို့ကို ထားသွားတော့ မှာလား"နဲ့ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြားအော်အော်ပြီး ငိုရင်း ကလည်း အဲဒီလို အဖွဲ့အနွဲ့ တွေနဲ့လုပ်နေတာလေ။

ဒီဟာမလေး ကလည်း ယုံရတာမဟုတ်လို့ ရှပ်ရှင်ထဲမှာလို အကယ်ဒမီရှော့တွေများလား ဆိုပြီးသူ့ကို အကဲခတ်ကြည့်တော့ လည်း မဟုတ်ရှာပါဘူး။ တကယ်ကို မစားနိုင်မသောက် နိုင်မျက်နှာကြီးတစ်ခုလုံး နီရဲရောင်အမ်းနေအောင် ကို ရှိုက်ကြီးတငင်နဲ့တစ်နေ့လုံး ထိုင်ငို နေရှာတာပါ။ ရုပ်ရှင်ထဲမှာ သူတကာ အူနှိပ်ရယ်မောအောင် သရုပ်ဆောင်နိုင်စွမ်းတဲ့ လူရွှင် တော်ဖြစ်ပေမယ့် သူ့ဘ၀မလှရှာပါဘူး။ မိမရှိ၊ ဖမရှိ၊ အဒေါ် တစ်ယောက်အားကိုးနဲ့ လူဖြစ် လာရပြီး ကျွန်မဆီ ဆယ်ကျော်သက် အရွယ်လောက်ကတည်းက နားဆွဲကလေး တခါခါ နဲ့ရောက်လာခဲ့တာမို့ လက်သင်တပည့်ရင်း ဆိုပေမဲ့ သားသမီးတစ်ပိုင်းဖြစ်နေတာပါပဲ။

အိမ်ထောင်ကျတော့လည်း အင်အတန့် အင်မတန်ကို ရိုးသားအေးဆေးတဲ့ သူငယ်လေးနဲ့ ကျတာပါ။ ဒါပေမယ့် ကံအကြောင်း က မလှတော့ သူငယ်လေး က နောက်မိန်းမယူ၊ အဲဒီ မိန်းကလေးက မွေးတဲ့သားလေးကို သူက သားရင်း တမျှ ချစ်ပြီး သွားလေရာကျောတပိုးပိုး နဲ့ခေါ်သွားပြီး ထိန်းကျောင်းတောင် ပေးသေးတာပါ။ ဒါပေမဲ့ ဝေမျှရတဲ့ အချစ်ကိုတော့ ဘယ်မိန်းမသားရဲ့ နှလုံးသားမျိုးမှ ခံနိုင်ရည်မရှိနိုင်တာကြောင့် "ရွှေလုံး"ဆိုတဲ့ နာမည်ဟိုး ဟိုးကျော် လျှမ်းလျှမ်းတောက် အောင်မြင်လို့ သူ့ကိုတွေ့တဲ့လူတိုင်းက ရယ်မောကြပေမဲ့ သူ့ခမျာ ကျွန်မရင်ခွင် မှာလာပြီး ရိင်ကြီးတငင် ငိုယိုရင်းရင်ဖွင့်ရတာက ခါများစွာရှိပါတယ်။ လူသားတိုင်းမှာ ဇာတ်လမ်း ကိုယ်စီ ရှိကြတာပါပဲ။ လူအများအမြင်မှာ ကရတဲ့ဇာတ်ရုပ်က တစ်မျိုး၊ တကယ့်လက်တွေ့မှာ ကရတာက တစ်ဖုံ၊ တစ်ခါတစ်လေ မယုံနိုင်စရာဖြစ်အောင် ကွဲပြားခြားနားတာတွေရှိတတ်ပါတယ်။ အထူးသဖြင့် ကျွန်မ တို့ မြန်မာလူမျိုးများက ဂုဏ်သိက္ခာကို အလေးထားသူများဖြစ်လို့ အိမ်တွင်းငရဲခန်းတွေ ကို ပြည်ဖုံးကားချထား လို့ မသိနိုင်တာတွေ အများကြီးပါပဲ။

ကျွန်မအနေနဲ့ သူ့ရဲ့ငရဲခန်းတွေကို သိထားပြီးသားဖြစ်တော့ ထားခဲ့ရမှာကို စိတ်မဖြောင့် နိုင်ဘဲ ရင်မှာထပ်တူ ခံစားမှုနဲ့ ပူလောင်ဆင်းရဲခြင်းကို ခံရပါတယ်။ သူ့ခင်ပွန်းကို သီးခြား ခေါ်ယူပြီး စိတ်ချမ်းသာအောင် ထားခဲ့ဖို့လည်း မှာခဲ့ရသေးတယ်။ ပစ်တိုင်းထောာင် ကြိုး ရှုပ်တယ်ဆိုတဲ့စကားအတိုင်းပါပဲ။ တစ်ဦးတည်း သမီး၊ တစ်ကိုယ်တည်းမွေးထားပါလျက်နဲ့ ကျွန်မက ချစ်တတ် ခင်တတ်၊ လူတကာကိုတွယ်တာတတ်တော့ သံယောဇဉ်ကြိုးတွေနဲ့ ရစ်ထွေးပြီးကိုယ်လျှောက်ရမဲ့ခရီးကို ခြေလှမ်းဖို့တောင် အတော်ခက်ခဲနေပါတော့တယ်။ သူငယ်ချင်း လှလှမြင့်ဆိုရင်လည်း ငယ်ကတည်းက တတွဲတွဲနေလာခဲ့တာ တစ်ယောက် အကြောင်း၇ှိရင် တစ်ယောက် ကပြေးကူကြမြဲဖြစ်လို့ အခုလိုခွဲခွာသွားမှာအတွက် သူအား ငယ်သလို ကျွန်မလည်းအားငယ်မိတာ အမှန်ပါ။ ဖက်ငိုကြရင်း"စာရေးနော်"ဆိုတာလည်း မြင့်ကအခါတစ်ရာမက မှာကြားနေပါတယ်။

လှလှဆိုတာလည်း ကျွန်မကို အစ်မရင်းတစ်ယောက်လို ချစ်တဲ့သူဖြစ်လို့လည်း သူလည်း မျက်ရည်လည်ရွဲပါပဲ။ ကျွန်မရဲ့ အဒေါ် ခင်ခင်လှက လာမဲ့သာလာရတာ မျက်စိမမြင်ရှာပါ ဘူး။ အဲဒီအကြောင်းကို စဉ်းစားမိတိုင်း ကျွန်မရင်မှာ နာကျင်ရမြဲပါပဲ။ အန်တီလေးက ကျွန် မလိုပဲသွက်သွက်လက်လက် ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်း လှုပ်လှုပ်ရှားရှား နေတတ်သူဖြစ် လို့အပေါင်းအသင်း လူချစ်လူခင်လည်း များပြီးမိသားစုကိုလည်း ဦးဆောင်နိုင်သူဖြစ်ပါ တယ်။ အသက်ငယ်ငယ်ရွယ်ရွယ် လေးဆယ်ဝန်းကျင်လောက်မှာ မျက်စိတစ်ဖက် ကွယ် သွားပါလေရော။ သူ့မှာ ရေတိမ်၇ှိတယ်ဆိုတာ မသိလိုက်ခင်မှာပဲ မမြင်ရတော့ တာပါ။ ရေတိမ် လို့လက္ခဏာပြတဲ့ခါမှပြတာ။ တချို့ကံကောင်းသူများတော့ အပြင်းအထန်ခေါင်း ကိုက်တာတွေ ဘာတွေဖြစ်လာ လို့ အချိန်မီ ကုသခွင့်ရရင်တော့ အဆင်ပြေသွားနိုင်တယ် ပေါ့။ အများအားဖြင့်က လက္ခဏာကမမြဘဲ ကွယ်သွားတတ်တာ ဖြစ်တော့ကြိုတင်ကာ ကွယ်မှုမရလိုက်ဘဲ မျက်စိဆုံးရှုံးလိုက်ရသူတွေ များပါတယ်။

နောက်ပြီး ကျွန်မတို့ မြန်မာလူမျိုးကလည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိတရား နည်းပါ တယ်။ နှစ်စဉ် ကျမ်းမာရေး ဆေးစစ်တယ်ဆိုတာလည်း လုပ်လေ့လုပ်ထမရှိကြဘူး လေ။ တစခုခုဖြစ်ပြီဆိုခါမှ ဆ၇ာဝန် သွားပြဖြစ်တာမျိုးပါ။ ဒီတော့ တချို့ရောဂါတွေကလွန် နေပြီးအပ်နဲ့ ပေါက်ရမဲ့ကိစ္စ ပုဆိန်နဲ့မှရတဲ့ အထိ ဖြစ်တော့ တာပေါ့။ ပုဆိန်နဲ့ပေါက်မရ အောင်အချန်မှောင်းတော့လည်း ဘ၀ပျက်ရတဲ့ထိ ဆုံးရှုံးမှုတွေ ရင်ဆိုင် ရတော့တာပဲ။ ကျွန်မရဲ့အဒေါ်အဖြစ်ကတော့ အသိတရားမဲ့စွာနဲ့ အယူသီးမှုကြောင့် ရေတိမ်မှာနစ်ရခြင်း ပါ။
အန်တီလေး မျက်စိတစ်ဖက် ကွယ်သွားတယ်လို့ကြားကြားချင်း ကျွန်မစိတ်ပူစွာနဲ့ ရန်ကုန် ဆင်းခဲ့ဖို့ မှာလိုက်တာ ချက်ချင်းဆိုသလိုပဲ ရောက်လာပါရဲ့။ ကျွန်မတို့နဲ့ ရင်းနှီးခင်မင်တဲ့ မျက်စိသမားတော်ကြီး ဦးကိုကိုကြီး နဲ့ သွားပြပါတယ်။ ဆရာကရေတိမ်ကြောင့်ဖြစ်တာ၊ တစ်ဖက်ကျန်တဲ့ မျက်လုံးကို ကူးမှာစိုးရလို့ ခွဲ ရမယ် တဲ့။ ဆေးရုံတက်ဖို့ ရင်ချိန်းတောင် တစ်ခါတည်းပေးလိုက်ပါတယ်။ အိမ်ပြန်ရောက်တာ နဲ့ ဆေးရုံမတက်ခင် တောင်တွင်းကြီး ကိုခဏပြန်လိုက်ဦးမယ်၊ စီးပွားရေးတွေ စီစဉ်စရာ ရှိသေးတယ် ဆိုပြီး ပြန်သွား ပါလေရော။

ဆေးရုံတက်ရမဲ့ရက်မှာ လူက မရောက်လာဘဲစာပဲ ရောက်လာပါတယ်။ ဗေဒင်မေး ကြည့်တော့ နဂါးလှည့် မသင့်သေးတာကြောင့် မသွားသင့်ဘူးဆိုလို့ နဂါးလှည့်ရက်လွန်မှ ပဲလာခဲ့မယ်တဲ့လေ။ သူစိုးထိတ်တဲ့ နဂါးကြီး ဟိုဘက်လှည့်ပြီးမှ ရောက်လာတော့ ရက်တွေ လွန်၊ ရောဂါကကျွမ်းပြီး ခွဲစိတ်ကုသလို့မရတော့ဘဲ မျက်စိနှစ်လုံး စလုံး ကွယ်ပါလေရော။ ဆရာဦးကိုကိုကြီးဆိုတာ ရင်းနှီးလည်းနေတာနဲ့ အပြစ်တင်လို့မဆုံးဘူး။ ပညာတတ်တွေ ဖြစ် ပါရဲ့ ဒီလောက်အယူသီးရသလားဆိုပြီး ဆူတော့တာပေါ့။ ကျွန်မအတွက်တော့ ရင်နာ စွာနဲ့ရလိုက် တဲ့ သင်ခန်းစာတစ်ခုပါပဲ။ ဒါကြောင့်ထိတွေ့ဆက်ဆံမိတဲ့ ရင်းနှီးချစ်ခင်သူမှန် သမျှကိုအယူမသီးဖို့ ကျန်းမာရေး အတွက် မှန်မှန်နှစ်စဉ် စစ်ဆေးဖို့ သတိပေးမိပါတယ်။

အခုလည်း အစ်မနဲ့တူမကို ခွဲခွာရတော့မှာကြောင့် မျက်စိမမြင်ဘဲနဲ့ ကြိုးစားပြီးရောက်လာ ရရှာတာပါ။ ရပ်ဝေး က လူရောက်လာသလို ရပ်နီးက ဆွေမျိုးမိတ်ဆွေတွေ အားလုံးလည်း လာပြီးနှုတ်ဆက်စကားဆိုကြ၊ လက်ဆောင် ပစ္စည်းတွေ ပေးကြနဲ့ ကျွန်မက မျက်ရည် လွယ်သူခံစားထိရှလွယ်သူ ဖြစ်တော့ တစ်ယောက်လာ တစ်ခါငိုနဲ့ မျက်လုံးတွေလည်း အစ်ပြီး ဖူးရောင်နေတဲ့ထိ အမြင်ရဆိုးလို့ပေါ့။ မအိပ်နိုင်တဲ့ ရက်ပေါင်းလည်းကြာ၊ ရင်မှာ ထိခိုက်ဒဏ်ရာတွေကများလို့ ခန္ဓာကိုယ်ပါ အားအင်မရှိ ပျော့်ခွေလာပါတော့တယ်။

ဒီလိုနဲ့ တကယ်ထွက်ခွာလာရတော့မဲ့ ၁၉၇၇ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကို ရောက် လာပါရော။ အမှန်က ၂၄ရက်နေ့မှာ ထွက်ဖို့သေချာပြီးမှ လေယာဉ်မ၀င်တာနဲ့ ၂၅ရက် နေ့ကိုပြောင်းလိုက်ရတာမို့ ဦးကျော်ဇောလည်း ကျွန်မတို့မိသားစု လေးယောက်စာ ဒီလေ ယာဉ်မှာ နေရာရဖို့ ပြေးလွှားပြီး စီစဉ်နေရ တာပေါ့။ လေဆိပ်မှာလိုက်ပို့တဲ့သူတွေအားလုံး လည်းမျက်နှာတွေညိုလို့။ ကျွန်မရဲ့အစ်ကို ဦးခင်မောင်မောင် တို့ မိသားစုနဲ့ ဆွေမျိုးတွေ ရော၊ အိမ်က ဘယ်မှဝေးဝေးလံလံ မထွက်တဲ့ ဦးမြလှိုင်ရဲ့ အဒေါ် ဒေါ်ဒေါ်လေးနဲ့ မမတင်၊ မမသန်းတို့လည်းပါရဲ့။ ဒေါ်ဒေါ်လေးကပါ မျက်ရည်တွေ သွယ်သွယ်ကျ လို့ သွားခါနီး သားလေးဇာနည်ကို ကျွန်မရဲ့ကိုယ်စားစောင့်ရှောက်ပေးဖို့ ရင်နာစွာနဲ့အပ်ခဲ့ရပါတယ်။ မျက်နှာလေးငယ်နေတဲ့ သားကိုကျွန်မမကြည့်ရက်နိုင်ပါဘူး။ ကိုယ့်ကို တကယ်ချစ်သူ၊ ကိုယ်ကလည်း တကယ်ထပ်တူထပ်မျှ ချစ်ရတဲ့သူချင်းမိတ်ဆွေ၊ ဆွေမျိုးတစ်စုနဲ့ ရင်မှဖြစ် ရသောသားငယ်လေးကို ကျောခိုင်းပြီး ထွက်ခွာသွးခဲ့ရတဲ့ ကျွန်မရဲ့ရင်မှာ ပြင်းထန်တဲ့ မီးတောင်တစ်ခု ပေါက်ကွဲမှုကြီးအတိုင်း တစ်စစီ အရည်ပျော်သွားရပါတယ်။

ဒီခရီးဟာ တစ်ဖက်မှာ စောင့်မျှော်နေကြတဲ့ သားသမီးတွေအတွက် ၀မ်းသာအားတက်စရာ ဖြစ်ပေမဲ့ အဖေ့ လက်မှာ ကျန်ခဲ့ရစ်ရတဲ့ သားလေးအတွက် ၀မ်းနည်းအားငယ်စရာအဖြစ်ပါ ပဲ။ ကျွန်မဘ၀က ဆုပ်ကိုင်ရခြင်း နဲ့ စွန့်လွှတ်ရခြင်းတွေနဲ့မို့ ဆူးနဲ့နှင်းဆီလို အမြဲတမ်း ဒဏ်ရာတွေနဲ့ ချည်းပါပဲလေ။

ဆက်ရန်
.

1 comment:

Thu said...

Farewel makes interaction of a person and associates, etch to the whole life.