Monday, January 28, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၄)

လမ်းခရီး မှာ ဘယ်သူမဆို သတိမမူမိရင် ခလုတ်ကန်သင်း တိုက်မိတတ်တာပါပဲ။ ကိုယ်တိုက်မိတာက သစ်ငုတ်လောက် ဆိုရင်တော့ ခြေမလေး ကွဲရုံ၊ သွေး တစ်စက် နှစ်စက် ထွက် ရုံလောက်ပေါ့နော်။ ကျောက်တုံး ကြီးကြီး ဖြစ်နေရင် မှောက်လျက်လဲလို့ ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲ အန္တရာယ် က မသေး လှပါဘူး။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ် ကြိုတင်မမြင်မိတဲ့ ခလုတ်ကန်သင်းကဲ့သို့ စိတ်ထား မမှန် ရင်ထဲ က အကြံနဲ့ တရားပျက်တတ်သူများ အများအပြား ရှိနေတတ်ပါတယ် ဆိုတာ စာရှုသူ များ ကို ပြောပြချင် ပါရဲ့။ ကို ဆက်ဖတ်ရန် .............

အပိုင်း (၃၆)

ဗုဒ္ဓရှင်တော်ဘုရားက ဟောကြားထားခဲ့တဲ့ တိုတိုရှင်းရှင်းလေးရယ်ပါ။
"ဘယ်အရာမှ အစိုးမရ" တဲ့။
စိတ်ဆိုတာ အလွန်တရာမှ ပြောင်းလဲလွယ်တတ်တယ် ဆိုတာကို သိထားပါလျက်နဲ့ သူတစ်ပါးရဲ့စိတ် ကိုများ ကျွန်မက သွားပြီး အစိုးရချင်နေမိတာ ကိုယ့်အမှား ဆိုတာ အဲဒီနေ့က အိပ်ရာဝင်ချိန်မှာ ပြန် လည် သုံးသပ်ကြည့် မှ မြင်မိတော့တာပါပဲ။
ပုထုဇဉ် လူသားမှန်သမျှ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာစိတ်တွေ အမြဲတမ်း စိုးမိုးနေတတ် တာမို့ သူလည်း လောဘနောက်လိုက်ပြီး အခွင့်သာခိုက် အရယူလိုက်တာကို ကျွန်မကရော ဘာထူးလို့ လဲ။ ဒေါသတွေ လျှံလျှံဝေပြီး မကျေမချမ်း ဖြစ်နေခဲ့တာပဲ မဟုတ်လားနော်။
ဘဝခရီး ကို လျှောက်ကြရသူတိုင်း အတွေ့အကြုံ အမျိုးစုံနဲ့ ခံစားချက် အဖုံဖုံကို ကြုံကြရမှာကတော့ ဓမ္မတာ ပါပဲလေ။ တစ်ခါတလေ ပျော်စရာ၊ ကြည်နူးချမ်းမြေ့စရာ၊ တစ်ခါတစ်လေလည်း ဒေါသဖြစ်စရာ၊ ခံရခက်စရာ။ ဒါပေမဲ့ အဲဒီ ပျော်စရာတွေရော၊ ဒေါသထွက်ခံရခက်စရာတွေကရော တာရှည်ခံတာမှ မဟုတ်တာ။ ပြီးတော့ လည်း ပြီးသွားပြန်တာပါပဲ။ အတွေ့အကြုံတိုင်းမှာ သင်ခန်းစာ ဆိုတာက ပါတတ် တာမို့ အသိတရား တစ်ခု ရလိုက်ခြင်းက အမြတ်လို့ ခံယူရမှာပါပဲ။

ဘယ်အရာမှ အစိုးမရတဲ့အတိုင်း ကိုယ့်လျှောက်မယ်လို့ ပြင်ထားတဲ့လမ်းက မဖြစ်ဘဲ တစ်နည်း တစ်ဖုံ ပြောင်းလဲသွားတဲ့ လမ်းအရ ကြောင်လိမ်လှေကား တက်ရသလို အကွေ့အကောက် အလှည့် အပြောင်း တွေ နဲ့ ခရီးဆက်ရမှာဖြစ်တော့ တခြားအရေးပေါ်ကိစ္စတွေ ကြားထဲမှာ ဒီကိစ္စ က ဖြတ်သန်းခဲ့ရတဲ့ သာမန်အကြောင်းတရားလေးအနေနဲ့ အချိန်ကြာ ရင် မှေးမှိန်ပျောက်ကွယ် သွားရမှာပါပဲ။
ဒါကြောင့် ကျွန်မတို့ ရှေ့ဆက်ရမဲ့ အရေးပေါ်ကိစ္စတွေကိုပဲ အာရုံထား လှုပ်ရှားရပါတေ့တယ်။ အမေရိ ကားရောက်ရင် အလုပ်စပြီး ထူထောင်နိုင်ဖို့အတွက် မြန်မာအနုပညာမှန်သမျှလိုက်ပြီး လေ့လာဆက် သွယ်ရင်း နမူနာတွေလည်း ယူထားပေါ့။ ငွေထည်၊ ယွန်းထည်၊ ပန်းပုနဲ့ ကြိမ်ပစ္စည်းတွေကအစ ကောင်းနိုးရာရာ အကုန် လိုက်ကြည့် မှတ်ထားပြီး လေ့လာနေရသလို လက်ရှိအခြေအနေတွေကိုလည်း တဖြည်းဖြည်း ထုခွဲရောင်းချပြီး စရိတ်စက နဲ့ ကုန်ကျရမဲ့ကိစ္စ မှန်သမျှအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ရပါတယ်။

ကျွန်မ အသက်နဲ့ထပ်တူ မြတ်နိုးတန်ဖိုးထားတဲ့ ဓာတ်ပုံဆိုင်ကိုလည်း စွန့်လွှတ်ရမဲ့ အခြေအနေ ဖြစ်လာ တော့ လက်ရှိအလုပ်တွေ ကို ချုံးနိုင်သမျှ ချုံးပြီးလာမဲ့ ခြောက်လအတွင်း ပိတ်လိုက်နိုင်မှ ပြည်ပကို မထွက်ခင်မှာ အမြတ်တော်ခွန် ကိစ္စတွေက စာရင်းပြတ်နိုင်မှာမို့ အဲဒီအတွက်လည်း ပြင်ရဆင်ရပေါ့။ သမီး ကေသီနဲ့ သား ရွှေစင် မောင်နှမနှစ်ယောက်ကို အတူ အမေရိကားပို့ဖို့ စီစဉ်ရမှာမို့ နိုင်ငံကူးလက် မှတ် လျှောက်ထားဖို့ အတွက် ကေသီကိုလည်း အလုပ်က ထွက်ခိုင်းရပါတယ်။ အဲဒီအချိန်ကာလမှာ ယူဘီအေ မှာကလည်း ပြဿနာတွေက ရှုပ်ထွေးစပြုနေပါပြီ။ အခုခေတ်လို Open Trade မဟုတ်သေး တော့ နယ်စပ်က ဝင်တဲ့ ကုန်တွေကို မှောင်ခိုရောင်းဝယ်ကြရတာကြောင့် တစ်နိုင် သယ်နိုင်ရင် ဝမ်းစာ ဖြစ်နိုင်တဲ့ သဘော မို့ တောက ဦးကြီးတွေကအစ စပါးမစိုက်ကြတော့ဘဲ လွယ်လွယ်ငွေဖြစ်တဲ့ မှောင်ခို သယ်နေကြတာမျိုးလေ။

မော်လမြိုင်၊ မုတ္တမ မီးရထားလမ်းဆိုရင်လည်း မှောင်ခိုကုန်သည်တွေနဲ့ ကြိတ်ခဲနေလို့ သာမန်လူတွေ ခရီးသွားဖို့ မလွယ်ကူ သလို တာချီလိတ်တို့၊ မြိတ်၊ ထားဝယ်တို့ သွားတဲ့ လေယာဉ်တွေမှာလည်း မှောင် ခိုကုန်သည်တွေက အပြည့် လိုက်ကြတာ ဖြစ်လို့ လေယာဉ်လက်မှတ်ကအစ အလွယ်တကူမရဘဲ ဈေး ကြီးပေးပြီး မှောင်ခိုဝယ်ရတဲ့ အခြေအနေ မျိုး ရောက်လာပါတယ်။
အဲလို မှောင်ခိုကုန်သည်တွေကို အစိုးရကလည်း နှိမ်နင်းဖမ်းဆီး အရေးယူနေတာ ပါပဲ။ မှောင်ခိုသူတွေ နဲ့ ပေါင်းပြီး ဖောက်ပြန်တဲ့ ဝန်ထမ်းတွေကိုလည်း အရေးယူပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး) စုံ ထောက် အဖွဲ့ကလည်း အလွန်ကို လက်သံပြောင်ပြောင်နဲ့ အရေးယူတာမို့ စသုံးလုံးဆိုရင် မသမာသူ များ အားလုံး က ဖိမ့်ဖိမ့်တုန် ကြောက်ကြရပါတယ်။ စသုံးလုံးက ဌာနဆိုင်ရာ အားလုံးကို မျက်စိဒေါက် ထောက် ကြည့်နေတာ မို့ ယူဘီအေလည်း အပါအဝင်တစ်ခုဖြစ်မယ် ထင်ပါရဲ့။ မရိုးသားတဲ့ ဝန်ထမ်း တွေ သတင်း ရအောင် တခြားလူတွေဆီက သတင်းနှိုက်သလို ကျွန်မ သမီး ကေသီကို ခေါ်ပြီးလည်း သတင်းနှိုက်လေ့ ရှိတယ်ပေါ့။

မကေသီတို့ အုပ်စုကတော့ ဝန်ထမ်းသာဖြစ်နေကြပေတယ်၊ အများစုက လူကြီး သားသမီးတွေဆို တော့ မိသားစု တာဝန်လည်း မရှိတာကြောင့် တရုန်းရုန်းနဲ့ စားကြ သောက်ကြ၊ ရုပ်ရှင်တွေ အတူချိန်း ပြီး ထွက်ကြည့်ကြနဲ့ အပူအပင် ကင်းကင်းနဲ့ တက္ကသိုလ်ကောင်းသအချိုးက မပြေကြသေးတဲ့ အနေ အထားမှာ ရှိနေကြဆဲလေ။ ဒီအထဲ မှာ မရိုးမသားဝန်ထမ်း ဆိုတာမျိုးလည်း ရှိနိုင်ကောင်းရဲ့ပေါ့။ သမီး ကို ခေါ်စစ်ဆေးမေးမြန်းတိုင်း သူ မသိဘူး ဆိုတာပဲ ဖြေခဲ့တာတဲ့။ နှစ်ခါမက သုံးခါလောက် ခေါ်မေး တော့…
"မာမီရာ၊ သမီးလည်း စိတ်မရှည်တာနဲ့ အဲဒီက အန်ကယ်ကြီးတွေကို ပြောခဲ့တယ်၊ သူများတွေ ဘာလုပ် နေလဲ ဆိုတာ သမီး မသိဘူး။ သိရင်တောင်မှ သူများ ဒုက္ခရောက်အောင် မပြောချင်ပါဘူးလို့ ပြောခဲ့ တယ်၊ ဒါမှ အေးမှာ" တဲ့။

သမီး ပြောခဲ့ပုံလေးတော့ သဘောကျမိပါရဲ့။ ဒါပေမဲ့ ဒီလိုနေရာမှာ တာရှည်မှ လုပ်သင့်ပါ့မလားဆိုတာ ကျွန်မ တွေးပြီး ပူမိပါတယ်။ ခုတော့ နိုင်ငံကူးလက်မှတ် လျှောက်ဖို့အတွက် လက်ရှိအလုပ်ကထွက်ဖို့ လိုအပ် လာတော့ အတော်ပဲ ဖြစ်သွားလေတယ်ပေါ့။ သား ရွှေစင်ကို မသွားခင် ရှင်ပြုပေးရမှာလည်း ရှိ သေးတယ်လေ။ အငယ်ဆုံး သား အိန္ဒာကတော ခေါင်းတုံးတုံးရမဲ့ကိစ္စ ပြဿနာမရှိပါဘူး။
ကျွန်မ ရဲ့မာမီ နှလုံးရောဂါနဲ့ ဆရာဝန် စပြီး ပြရတဲ့အချိမှာ မာ့မီအတွက် စိတ်ပူမိတာနဲ့ ကုသိုလ်ဆက်တဲ့ အနေနဲ့ သားကို အရေးပေါ်ရှင်ပြုဖို့ မာမီကိုယ်တိုင် အလှူလေးတစ်ခု လုပ်ဖို့ တိုက်တွန်းစီစဉ်ရပါတယ်။ မကျန်းမာ ခိုက်ဆိုတော့ အကျဉ်းရုံးပြီး အမြန်ဆုံး အကောင်အထည်ပေါ်အောင် ဖန်တီးရတယ်ပေါ့။ သား က ဆယ်နှစ်သားပဲ ရှိသေးတာပါ။ "အဘွား အသက်ရှည်အောင် သားက သင်္ကန်းဆီး ကိုရင်ဝတ်ပြီး ကုသိုလ် ယူပေးနော်" လို့ ပြောတော့ အလွယ်တကူပဲ ခေါင်းညိတ်လေရဲ့။

သားကြီး ဝင်းတုန်းကလည်း အဖေ ဆုံးခါနီး ရှင်ပြုကိုရင် ဝတ်ပေးတေ့ သူလည်း ဆယ်နှစ်သားပဲ ရှိသေး တာပါ။ ဘုန်းကြီးကျောင်းကို ထည့်လိုက်တော့ အိမ်ပြန်ချင်တယ် ဆိုပြီး တစ်ညလုံး ငိုနေတာနဲ့ ဘုန်းကြီး က စိတ်ကုန်ပြီး အိမ်ပြန်ပို့ပေး လာတယ်။ အိမ်ကျတော့လည်း မာမီနဲ့ အိပ်ချင်တာတဲ့လေ။ ကိုရင်ဆိုတာ ဒကာမနဲ့ မအိပ်ရဘူး။ ဒယ်ဒီ နဲ့ သွားအိပ်ဆိုတော့လည်း မအိပ်ချင်ဘူး ဂျီကျနေလို့ ကျွန်မမှာ အဲဒီညက တစ်ညလုံး မအိပ်ရပါဘူး။ သားငယ် အိန္ဒာ ကတော့ အရေးပေါ်ရှင်ပြုပေးတာ ရှောရှောရှူရှူ၊ ကျေကျေ နပ်နပ်နဲ့ ဝတ်တဲ့အပြင် တစ်ပတ်စေ့ လို့ ကိုရင်က ထွက်ခိုင်းတော့ ငိုပါလေရော။ ကျောင်းပြန်တက်ရမှာမို့ မနည်းချော့ပီး ပြန်ထွက်ခိုင်းရပါတယ်။

အခုတော့ အရင်က အလှူနှစ်ခုလို သောကနဲ့ အရေးပေါ်လုပ်ရတာ မဟုတ်ဘဲ ကြည်နူးပီတိ နဲ့ အေး အေးဆေးဆေး စီစဉ်ရတာဖြစ်လို့ ကျွန်မ ရင်မှာ ပေါ့ပါးပျော်ရွှင်နေမိပါတယ်။ နောက်ပြီး ရှင်ကလည်း "ရွှေစင်"၊ "ဇာနည်"နဲ "အိန္ဒာ" သားသုံးယောက်ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်လားနော်။ ဒါကြောင့် စိတ်တက်ကြွ မှု အပြည့်နဲ့ လှူဖွယ်ပစ္စည်းတွေ ပြေးဝယ်လိုက်၊ ဖိတ်စာတွေရိုက်၊ ဧည့်ခံဖို့ အကျွေးအမွေး တွေ ကိုလည်း စိတ်ကြိုက်ရွေး စီမံခန့်ခွဲလိုက်နဲ့ နေ့မအား၊ ညမအား အလုပ်များနေ တာတောင် မောရ ကောင်းမှန်း မသိ၊ အားအင် အပြည့် ဖြစ်နေလေရဲ့။
ရှင်ပြုအလှူပွဲကို ကျွန်မတို့ ကိုးကွယ်တဲ့ ဆားလင်းဆရာတော်ကြီးနဲ့ ကလေးတွေလည်း ရင်းနှီးပြီး သား ဖြစ်နေတာ က တစ်ကြောင်း၊ အိမ်နဲ့လည်း နီးတာမို့ အဆင်ပြေတာ တစ်ကြောင်းကြောင့် ဆားလင်း ကျောင်းတိုက် မှာပဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံး ရှင်ပြုနားထွင်း အလှူတုန်းကတော့ သားကြီး ခင်မောင်ဝင်းခန့် က ရှင်ဝတ်ပြီး သမီးကေခိုင်ခန့်က နားသတာမို့ ကန်တော်ကြီးဘုတ်ကလပ်မှာ မန္တလေး ပုံစံ အတိုင်း ပုဏ္ဏားတွေ၊ ဘာတွေနဲ့ နားသတဲ့ အခမ်းအနား လုပ်ခဲ့ရတာလေ။ အခုကျ သမီး သုံး ယောက် စလုံးကလည်း အမေတောင် မသိလိုက်ရဘူး။ သူတို့ဟာ သူတို့ သွားပြီး နားသထားကြတာမို့ အခမ်းအနား လုပ်စရာ မလိုတော့ဘူးပေါ့။

အဲဒီအဖြစ်ကလည်း အမှတ်တရပါပဲ။ ကျွန်မမှာ သမီးလက်ကျန် နားမသရသေးတာ သုံးယောက် ရှိနေ ပါသေးတယ်။ အမေရိကား ရောက်နေတဲ့ သမီးကြီး ကေခိုင်က ညီမတွေ ဝတ်ဖို့ဆိုပြီး ပစ္စည်းမျိုးစုံပို့လေ့ ရှိတာ ကိုး။ အဲဒီ အချိန်က ခေတ်စားတဲ့ Pant Suit တွေ ရောက်လာရင်လည်း ညီအစ်မတစ်တွေ ခုခေတ် မော်ဒယ်လ်တွေ လို အမျိုးမျိုး Pose တွေ လုပ်ကြပြီး ဓာတ်ပုံတွေရိုက်ကြ၊ ဓာတ်ပုံဆိုင်ကိုယ်ပိုင် ရှိနေ တော့ ထင်တိုင်းကျဲကြပေါ့။ ခေတ်ပေါ် ကပ်နားကပ်တွေ၊ နားဆွဲတွေ၊ ရောက်လာပြန်တော့ သူတို့မှာ နားပေါက် မရှိတာ နဲ့ အဲဒီနားကပ်တွေ အမြန်ဆုံး ဝယ်ချင်တဲ့အခါ အကြံဉာဏ်ထုတ်ကြလေရဲ့။

အငယ်ဆုံးသမီး သူဇာက အလွန်အေးပါတယ်။ အကြီးတွေ အနိုင်ကျင့်သမျှ သူက ကုန်းခံတဲ့အစားထဲ က။ အမေရိကား က နားဆွဲတွေ၊ နားကပ်တွေ ရောက်လာတော့ အကြီး ကေသီနဲ့ အလတ် ယမင်း ညီ အစ်မနှစ်ယောက် က အတိုင်အဖောက် လုပ်ကြပါတယ်။ ကျွန်မတို့ရဲ့မိသားစုဆရာဝန် သန်းသန်းဋ္ဌေးဆီ မှာ သွားပြီး အမြန်ဆုံး နားထောက်ကြမယ်ပေါ့။
နားဖောက်တာက နာရင် ဘယ့်နှယ့်လုပ်မလဲလို့ ထပ်ပြီး ရွှေဉာဏ်ရှင် ညီအစ်မ နှစ်ယောက်က စဉ်းစား ကြတော့ "ဒီလို လုပ်ရအောင်ဟယ်၊ သူဇာကို တို့ ခေါ်သွားမယ်လေ၊ ဟိုကျရင် သူ့ကို အရင်ဖောက်ခိုင်း လိုက်ပြီး တို့ သူ့ကို ကြည့် တာပေါ့၊ သူ့မျက်နှာ ရှုံမဲ့ပြီး မျက်ရည်တွေ ဘာတွေကျရင် တို့ မဖောက်ဘဲ ပြန် လာမယ်၊ သူ ဘာမှမဖြစ်ဘူး ဆိုတာ မြင်ရရင် တို့ ဖောက်တာပေါ့" ဆိုပြီး အငယ်ညီမလေးကို သူတို့ရဲ့ အစမ်းသပ်ခံ အဖြစ် ခေါ်သွားကြတယ် တဲ့လေ။ ဆေးခန်းရောက်တော့ သူတို့ရဲ့မဟာအကြံအစည် အတိုင်း သူဇာကို အရင်ဖောက်ဖို့ ခုံပေါ် တင်ပေးလိုက် တယ်တဲ့။ ညီအစ်မ နှစ်ယောက် သူဇာ့မျက်နှာကို ဒေါက်ထောက်ကြည့်လေတယ်ပေါ့။

ကျွန်မ အလုပ်က ပြန်ရောက်လို့ ကားပေါ်က ဆင်းမယ် ကြံခါရှိသေးတယ်။ ညီအစ်မသုံးယောက် ဒေါက် တာ သန်းသန်းဋ္ဌေး ဆေးခန်းဘက်က အပြေးအလွှား လမ်းကူးလာကြပြီး "မာမီ့သမီး သူဇာလုပ်တာနဲ့ သမီး တို့နားတွေ သေလုအောင်နာပြီး ပြန်လာခဲ့ရတာ" တဲ့။ ကေသီနဲ့ ယမင်းက အလုအယက် လာတိုင် ပါတယ်။
"ဘယ်လိုဖြစ် ကြတာလဲ" မေးမှ ဇာတ်ရည်လည်တော့တာလေ။ နားဖောက်တဲ့အချိန်မှာ သူဇာ့မျက် နှာက ရှုံ့ရှုံ့မဲ့မဲ့ မတွေ့ရတော့ အိုကေပဲ ဆိုပြီး သူတို့လည်း နားဖောက်ခံကြတယ်ပေါ့။ သူတို့အလှည့်မှာ နာလှချည့်ဖြစ်မှ သူဇာ ကို တရားခံ စစ် စစ်ကြတာတဲ့။
"သူဇာ လည်း နာတာပေါ့ မမယမင်းရဲ့၊ ဒါပေမဲ့ ကျိတ်ခံလိုက်တာ" လို့ ပြန်ဖြေတော့ သူတို့ ညီမကို ကျိတ်ခံရကောင်းလား နဲ့ ဒေါသထွက်ပြီး ကျွန်မကို မကျေမနပ်နဲ့ လာတိုင်ကြတာပါ။ အစမ်းသပ်ခံ အခေါ်မှား သွားတော့လည်း ကိုယ့်အတက် ကိုယ်စူးပြီး သူတို့ ခံလိုက်ရခြင်းပါ။

"အဲဒါ စိတ်ကောင်းမရှိခြင်းရဲ့အကျိုး" လို့ ကျွန်မ ရယ်ရင်းနဲ့ ပြောရပါသေးတယ်။ အဲဒီလို သူတို့ဟာ သူတို့ သွားပြီး နားသ ထားကြပြီးသား ဖြစ်နေတော့ ရှင်ပြုအလှူပွဲမှာ သမီးတွေကို ထည့်စဉ်းစားစရာ မလိုတော့တာကြောင့် ဘုန်းကြီးကျောင်း မှာပဲ လုပ်ဖို့က ပိုအဆင်ပြေသွားလေတယ်ပေါ့။
သားတွေရဲ့ရှင်ပြုပွဲ မှာ ဖခင်ရင်း ဖြစ်တဲ့ ဦးမြလှိုင်လည်း ပါဝင်သင့်တယ် ထင်လို့ ဦးမြလှိုင်ကိုလည်း ဖိတ်လိုက် ပါတယ်။ သားတွေ ဆံချချိန် မှာ ဆံ ခံတဲ့ ပိတ်ဖြူစ ကို ကျွန်မတို့နှစ်ယောက် တစ်ဖက်စီကိုင်ထားတော့ ဦး မြလှိုင် ရဲ့ရင်မှာ ဘယ်လို ခံစားရတယ် မသိပေမဲ့ ကျွန်မရဲ့နှလုံးသားမှာတော့ နာကျင်မှုတွေကြောင့် ဝေ့ဝဲ လာတဲ့ မျက်ရည် ကို ပြိုကျမလာရအောင် မနည်း အားတင်းပြီး ထိန်းထားရပါတယ်။ သူ့အပေါ်မှာ ချစ် ခြင်း မုန်းခြင်း ဆိုတဲ့ စွဲလမ်းတပ်မက်စိတ်၊ အာဃာတစိတ်တွေ မရှိဘဲ လုံးဝရှင်းသန့်နေတာကြောင့် ဦးမြလှိုင်အတွက် ကျရတဲ့ မျက်ရည် မဟုတ်တာတော့ သေချာပါတယ်။

တစ်သက်တာ ခိုင်မြဲလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ထားပြီး နှလုံးသား အုတ်မြစ်နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင် တစ်ခု ပြိုကွဲသွားပြီး ကြားထဲက ရင်သွေးငယ် သားသမီးတွေ ဓားစာခံအဖြစ်နဲ့ မိတကွဲ ဖတ ကွဲ မျက်နှာငယ်ရတဲ့ သူတို့ဘဝ ကို တွေးပြီးတော့ စာနာမိတာကြောင့် ရင်နာစိတ်နဲ့ကျရတဲ့ မျက်ရည်ပါ။ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေ အတွက် ဘယ်လိုကောင်းကျိုးတွေကိုပဲ ဖြည့်ဆည်ပေးနိုင် တယ် ထားဦး။ မိဘနှစ်ပါး အတူမရှိခြင်း ဆိုတဲ့ ကွက်လပ်ကြီးကတော့ ဘယ်လောက်ပဲ စွမ်းအားရှိရှိ ဖြည့်ဆည်းလို့ရမဲ့ကိစ္စ မဟုတ်ပါ ဘူးလေ။ ဒါဟာ ခင်ပွန်းသည်အပေါ် မှာ အဆုံးစွန်အထိ သည်းခံနိုင်ခြင်း မရှိခဲ့တဲ့ ဇနီးကောင်းမဟုတ်သော ကျွန်မရဲ့ အပြစ် လို့ပဲ ခံယူမိပါတယ်။

ဧည့်ခံပွဲပြီး လို့ တရားနာတဲ့အချိန်မှာ ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လား၊ ဒါမှမဟုတ် ဇောကပ်ပြီး လှုပ်ရှား မှုများခဲ့ လို့လား မသိဘူး။ အမျိုးသမီး များ ဓမ္မတာ အတိုင်း ရာသီလာတာ သာမန်ဖြစ်နေရာက အိုးမှောက် လိုက် သလို သွေးတွေ တအားသွန်ချ လိုက်တာကြောင့် ဝတ်ထားတဲ့ လုံချည် ရွှဲရွှဲစိုရုံမကဘဲ ထိုင်တဲ့နေ ရာပါ အိုင်ထွန်း သွားအောင် ဖြစ်သွားတော့တယ်။ လူပုံအလယ်မှာဆိုတော့ အရှက်ကွဲမှာစိုးလို့ ကျွန်မ မလှုပ်ရဲဘူး။ ဘေးမှာ ကပ်ထိုင်နေ သူ အားလုံးတော့ သိကြတာပေါ့။ တရားဟောတာကလည်း မပြတ် သေးတော့ ဟန်မပျက် သာ နေရတယ်။ နည်းနည်းလေးတစ်ချက် နေရာရွှေ့တာနဲ့ ဆင်းတဲ့သွေးက မနိုင်မနင်း ဖြစ်တာအပြင် ရင်ထဲမှာ လည်း ကတုန်ကယင် ဖြစ်နေပါပြီ။ ကိုယ့်ဟာကိုယ် ယိုင်လဲမသွား အောင် စိတ်ကို မနည်းအားတင်းပြီး ထားရပါ တယ်။ တရားပွဲပြီးလို့ ရေစက်ချမယ်လုပ်တော့ ဆရာတော် ကြီးက "အလှူ့အမ ရှေ့လာပြီး ရေစက်ချလေ" တဲ့။

"တပည့်တော် မထနိုင်လို့ ဒီနေရာက ရေစက်ချခွင့်ပြုပါ ဘုရား" လို့ပဲ လျှောက်ရတော့တယ်။ ကျွန်မ စကားကြောင့် ဆရာတော်ကြီးလည်း စဉ်းစားရခက်သွားမယ် ထင်ပါတယ်။ ခပ်လှမ်းလှမ်းက ပရိသတ်တွေ ကတော့ အကြောင်းရင်းကို မသိတာမို့ စူးစမ်းတဲ့အကြည့်နဲ့ အားလုံးက လှည့်ကြည့် နေကြတော့ ကျွန်မလည်း အနေတွေခက်၊ ရှက်လည်း ရှက်ပေါ့။ ချက်ချင်းဆိုသလို ဦးကျော်ဇောက အနားရောက်လာပြီး ကျွန်မဖြစ်ပျက်နေပုံ ကို တွေ့သွားတာ နဲ့ အလောတကြီး...
"မဖြစ်ဘူး ခင်၊ ခုချက်ချင်း ဆေးရုံကို အမြန်သွားမှ"တဲ့။
"ရေစက်မချရသေးဘဲ နဲ့ တစ်ပိုင်းတစ်စ ထားပြီးမသွားချင်ပါဘူး။ ရေစက်ခွက်နဲ့ကရားဘာ ဒီကို ယူလာပေးပါ" လို့ မှလိုက်ရတယ်။ ဟုတ်တယ်လေ။ ကျွန်မ စိတ်ရောလူပါကြိုးစားအားခဲပြီး လုပ်ထားတဲ့ ဒီအလှူပွဲလေး အဆုံးမသတ် ရဘဲ ဒီတိုင်းထားမသွားနိုင်ပါဘူး။ ဆရာတော်ကြီးလည်း အဆင်မပြေတာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို သဘောပေါက်နားလည်သွားတယ် ထင်ပါရဲ့။ ရေစက် ချကိုအတိုချုံးပြီး ရွတ်ဖတ်တိုင်တည်ပေး ပါတယ်။ အားလုံးသောသုံးဆယ်တစ်ဘုံရှိ လူနတ်ဗြဟ္မာ သတ္တ၀ါ ဝေနေယျများနဲ့အတူ ကွယ်လွန်ပြီးသူ မိဘနှစ်ပါးဆွေမျိုး များနဲ့ ဆရာသမား၊ ကျေးဇူးရှင် အပေါင်းများကို အမျှပေးဝေပြီးမှကျွန်မလည်း အထမြောက် သွားတဲ့ ကုသိုလ်ကောင်းမှုအတွက် ၀မ်းသာကြည်နူးစိတ်နွဲှ့တူ ပေါ့ပါးသွားရပါတယ်။

တင်းထားသမျှ စိတ်ကိုလည်း လျှော့်လိုက်ရော လူက ပျော့ခွေသွားတာကြောင့် လာရောက်ချီးမြှင့်ပေးတဲ့ ဧည့်ပရိသတ် ကိုတောင် ကျေးဇူးတင်စကား မဆိုနိုင်တော့ဘဲ ဆရာတော်ကြီးနဲ့တကွ သံဃာတော်များနဲ့ သားကိုရင်လေးတွေ ကိုသာ လက်အုပ်ချီ ကန်တော့ရင်း ပွေ့ချီယူသွားရာနောက် ပက်လက်ပါသွားတော့တာပါပဲ။ ကားနဲ့ ဘုန်းကြီးကျောင်း ကနေ အမျိုးသမီးဆေးရုံ အရေးပေါ်ကို တန်းပြီး ရောက်သွားတဲ့ လူနာ ကျွန်မမှာ ၀တ်ကောင်းစားလှ နဲ့ မျက်နှာက် ခြယ်သထားပေမယ့် ဆုံးရှုံးသွား တဲ့ သွေးတွေ ကြောင့် လျော့ ရဲရဲ ပျော့ခွေနေပါပြီ။ အရေးပေါ်တာဝန်ကျ ဆရာဝန်မလေး က ရောဂါ စစ်ဆေး ပြီးသွေးထိန်း ဖို့ စီနဲ့ကေ ထိုးဆေးထိုးပေးပြီးတာနဲ့ ထရော်လီပေါ်တင်ပြီး ဘီဘလောက်ကို ပို့လိုက်ပါတယ်။

ချက်ချင်းလက်င်း ကျွန်မအိပ်ရာပေါ် ပက်လက်လူနာဖြစ်သွားပါလေရော။ တာဝန်ကျဆရာ များ က သွေးဖောက်သူ က ဖောက်၊ ဆီးစစ်သူက စစ်၊ သွေးပေါင်ချိန်၊ ရှုပ်ယှက်ခတ်လို့ပါပဲ။ ကျွန်မရဲ့ကုသမြဲ ဆရာဝန်ကြီးဒေါက်တာတင်တင်မွှန်း ကိုလည်း အကြောင်းကြား ရတယ်ပေါ့။ နာရီပိုင်းအတွင်း မှာပဲ ဒေါက်တာတင်တင်မွှန်း လည်း ရောက်လာပါတယ်။ လိုအပ်တဲ့ ကုသမှုအတွက် ချက်ချင်း သားအိမ်ခြစ် ရမယ်။ သားအိမ်က တစ်ရှူးတစ်စ လှီးဖြတ်ပြီး ဓာတ်ခွဲခန်း ပို့ရမယ်။ အဲဒီဓာတ်ခွဲခန်းက စစ်ဆေးတွေ့ရှိ ချက်ပေါ်မှာ မူတည်ပြီး ဆက်လက်ကုသမှု ခံယူရမယ်၊ လိုအပ်ရင် ခွဲစိတ်ကုသရမယ် ဆိုတာတွေကို ကျွန်မ သဘောပေါက် နားလည်အောင် အသေးစိတ်ရှင်းပြပါတယ်။

ဖြစ်လာပြီ ဆိုတော့လည်း အားလုံးကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးရတော့တာ ပါပဲ။ ကျွန်မရဲ့ လုပ်အားတွေ တကယ်လိုအပ်နေတဲ့ ခုလိုအချိန်မျိုးမှာ လူနာလာဖြစ်ရတဲ့ အစိုးအရခြင်းအနေကို စိတ်ထဲမှာ မကျေမနပ် ဖြစ်မိပေမဲ့ ဒါဟာ ရှင်တော်ဘုရား ဟောကြား ထားခဲ့တဲ့  အစိုးမရခြင်းကို လက်တွေ့ကြုံရခြင်းပါလားလို့ နှလုံးသွင်း ဆင်ခြင်ပြီး စိတ်ကို လျှော့ရပါတယ်။ သွေးပေါင်ချိန်တွေ တအား ကျနေတာကြောင့် ဆရာဝန်က အိပ်ရာက လုံးဝမထစေဘဲ သွေးတွေ၊ ဆေးတွေ သွင်းထားပါတယ်။ လူရော၊ စိတ်ရော နားရမယ်ဆိုပြီး စာတောင် ဖတ်ခွင့်မပေးပါဘူး။ ဒီတော့လည်း အချိန်တွေကို ကောင်းစွာ အသုံးချတဲ့ အနေနဲ့ တရားမှတ်လိုက်၊ မေတ္တာပို့လိုက်။ ဒါပေမယ့် အချိန်တော်တော်များများက တရားမှာ မမွေ့ လျှော်နိုင် ဘဲ တွေးချင်ရာ တွေးနေမိတယ်ဆိုပါတော့။

လူကသာ ခုတင်ပေါ်မှာ ပတ်လက်ဖြစ်နေတာနော်။ အတွေးတွေက နေရာအနှံ့ကိုရောက် နေလေရဲ့။ ကိုရင်လေးတွေ ဘယ်လိုများနေကြပါလိမ့်။ ကျောင်းမှာအဆင်မှ ပြေပါလေစ။ အိမ်မှာရှိတဲ့ ကျွန်မ အမေရော နေထိုင်မှကောင်းပါလေစ။ စိတ်မှ ကြည်ကြည်လင်လင် ရှိပါလေစ။ မိသားစု စားရေးသောက်ရေးတွေရော၊ အိမ်ဖော်မိန်းကလေးတွေ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးပါလေစ။ အလုပ်တိုက် မှာရော တပည့်တွေ အလုပ်ရက်ချိန်း မှန်အောင် ဂရုစိုက်ကြလေစ။ ပြည်ပရောက်နေကြတဲ့ သားနဲ့သမီးတွေရော အဆင်ပြေပါလေစ စတဲ့စတဲ့ အတွေးတွေနဲ့ ပတ်ချာလည်လို့ပေါ့။
ဒါ့အပြင် သမီးနဲ့သားအတွက်နုင်ငံကူးလက်မှတ်ထုတ်ဖို့ကိစ္စ ပြီးတာနဲ့ ပြည်ဝင်ခွင့်ဗီဇာ လက်မှတ်၊ တစ်ခါ ထွက်ခွင့်လက်မှတ် စတာတွေကလည်း တစ်ဆင့်ပြီး တစ်ဆင့် လုပ်စရာ တွေကအနန္တ။ သမီးက ဘွဲ့ရပြီးသားမို့ ပညာရေးဌာနမှာ လျော်ကြေးသွင်းမယ့်ကိစ္စ၊ အမြတ်တော်ခွန်ရှမ်းတမ်း၊ ဓာတ်မီးခ ကြွေးကျန်မရှိ ရှင်းတမ်း၊ ရဲစခန်းက ရာဇ၀တ်မှု ကင်းရှင်းကြောင်း ရှင်းတမ်းဆိုတာမျိုးတွေအတွက် တစ်ရုံးတက် တစ်ရုံးဆင်း လုပ်ရဦး မှာ တွေကတော့ ရှိသေးတာမို့ ခန္ဓာကိုယ်စက်ကြီး ခေတ္တခဏ Slow Down လုပ်ထားရပေမဲ့ အတွေးတွေကတော့ မိုင်ကုန်ဖွင့်ပြီး မောင်းနေလျက်ပါပဲ။
သမီးကေသီနဲ့ သူဇာတို့က ဦးကျော်ဇောနဲ့အတူ တစ်နေ့နှစ်ခေါက် ဆေးရုံကို မှန်မှန်လာ ကြည့်ကြပါရဲ့။

ပထမနေ့က ကျွန်မကို သွေးသွင်းထားတာကို တွေ့တော့…
''ကိုယ်မေ့သွားတယ်ကွာ၊ ဒေါက်တာဒေါ်တင်တင်မွှန်းကို ခင့်အတွက် H အမျိုးအစား သွေးကို စပါယ်ရှယ် သွင်းပေးပါလို့ မပြောလိုက်မိဘူး'' တဲ့။''ဘာလဲ H ဆိုတာ မကြားဖူးပါဘူး၊ အေတို့၊ ဘီတို့၊ ဘိုတို့ပဲ ကြားဖူးတာ'' လို့ ကျွန်မက ပြန်ပြောတော့…
''ခင်က မြင်းကြီးလို အမြဲဒုန်းစိုင်းနေတဲ့ မိန်းမ မဟုတ်လား၊ အဲတော့ H ဆိုတာ မြင်းသွေးကို ပြောတာလေ၊ ဒါမှ အံကျဖြစ် မှာပေါ့'' တဲ့။ အရေးထဲသူက ကျွန်မကို လာပြီး ဟာသလုပ်နေ လိုက်သေးတယ်။
ဟုတ်ပါရဲ့။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အဖြစ်က လက်တွေ့ကြုံရမှ တော်တော် စိတ်ပင်ပန်းစရာ ကောင်းတယ်ဆိုတာ နားလည်ရပါတော့တယ်။ ခုပဲကြည့်ပါဦးလေ။ ဆေးရုံမှာ သုံးလေးရက်ပဲ ရှိသေးတယ်။ ဧည့်ချိန်မှာ သမီးတို့ ရောက်တာနဲ့ '' ကိုရင်တွေ ရောကျောင်းမှာ အဆင်ပြေကြရဲ့ လား'' မေးကြည့် ပါတယ်။ ကြားရပုံ ဇာတ်လမ်းကိုလည်း နားထောင်ကြပါဦးနော်။ တော်ရုံတန်ရုံ အသက်ထွက်ခါနီး လူနာသာ ဆိုရင် တစ်ခါတညအ်း ခေါက်ခနဲ မျက်ဖြူဆိုက်သွားလောက်ပါရဲ့။

''မာမီ့သားတွေတော့ မပြောချင်ပါဘူး၊ ခုမနက် ကြီးကြီးအုံးတို့ သော်မဆင်လမ်းအိမ်က ယာဉ်မောင်း ဦးလေးကွန်း ကို လွှတ်ပြီး ဆွမ်းပင့်ခိုင်းတယ်တဲ့။ အကြီးကိုရင်ရွှေစင်က တစ်ပါး တည်းပါလာပြီး အငယ်ကိုရင်နှစ်ပါးက ပါမလာဘူး။ မေးကြည့်တော့ ညီအစ်ကို နှစ်ယောက် ကျောင်းမှာ သတ်နေကြလို့ ရွှေစင်က ထားပစ်ခဲ့တာတဲ့၊ ဒါနဲ့ကျောင်း ကို တစ်ခေါက်ပြန်သွား ပင့်တာ လိုက်မလာကြဘူး။ နောက်ဆုံး ကြီးကြီးအုံးကိုယ်တိုင် လိုက်ပင့်ပြီး ချော့ခေါ်တာ လည်း မရဘူး။ သုံးခေါက်ရှိအောင် သွားပင့်တာ မရလို့ ကြီးကြီးအုံးက အိမ်လိုက် လာပြီး. သမီးကို လာတိုင်တာပေါ့။
''ဆရာတော်ကြီး မရှိဘူးလား'' မေးကြည့်တော့…
''ဆရာတော်ကြီး က စာပြန်ပွဲရှိလို့ အဲဒီမှာ နေ့တိုင်းသွားကြီးကြပ်နေရတာ တစ်နေကုန်ပဲ၊ တစ်ပတ်လုံး သွားရမှာ လို့ ပြောတယ်''
''ကောင်းရောဟယ်'' ကျွန်မတော်တော်စိတ်ညစ်သွားရပါတယ်။

ဆရာတော်ကြီးက ဆရာတပည့်ရင်းမို့ ကိုရင်တွေလို တခြားကျောင်းဘက်မှာ မထားဘဲ ဆရာတော်ကြီး သီးသန့်ကျောင်း ခန်းမှာ တင်ထားလေတော့် သူတို့အတွက် ကွပ်ကဲမဲ့သူ မရှိဘဲ ပွဲတော်ကြီး ဖြစ်နေတာပေါ့။ အချိန် နဲ့ တရားထိုင်၊ ဘုရားစာသင် ဆိုတာတွေတော့ ဆရာတော်ကြီးက ဦးပဉ္ဇင်းနဲ့ အပ်ထားခဲ့ လို့ တော်ပါသေးရဲ့။
''ကြီးကြီးအုံး နဲ့ သမီးလိုက်သွားပြီး ကိုရင်ဇာနည်ကို တွေ့လို့ချော့မော့ ကားပေါ်တင်ထား ပြီးမှ အငယ်ကောင် ကိုရင်အိန္ဒာ ကို လိုက်ရှာတော့ ကျောင်းတံတိုင်းက သံတံခါးကို ကိုင်ပြီး ငိုနေတယ်။ ချော့ခေါ်တာမရဘူး။ သံတိုငမ် ကို အတင်းတွယ်ကပ် ဆုပ်ထားတာနဲ့ဥ မနည်း ဆွဲဖြုတ်ခေါ်ချပြီး ကားပေါ်လည်း တင်လိုက်ရော ဇာနည် က အိန္ဒာပါရင် မလိုက်ပါဘူးဆိုပြီး ဟိုဘက်တံခါးပေါက်ကနေ ဆင်းသွားပြန်တာနဲ့ သမီးလည်း စိတ်တိုတာ နဲ့ နှစ်ကောင်စလုံး ကိုခေါင်း နာနာ ခေါက်ပြီး ခေါ်ခဲ့တော့မှ ပါလာကြတာ''
''ဟယ် …ငရဲကြီးပါပြီ သမီးရယ်၊ ကိုရင်တွေကို ခေါင်းခေါက်ခေါ်ရတယ်လို့''
''အို…ငရဲကြီးလည်း မတတ်နိုင်ဘူး၊ မာမီ့သားတွေက ဒီလိုမှမလုပ်ရင် နားထောင်တာမှ မဟုတ်တာ''
ကျွန်မမရှိကတည်းက အိမ်မှာ အကြီးဆုံးအဖြစ်နဲ့ စီမံကွပ်ကဲနေတဲ့ မကေသီရဲ့ လက်သံပြောင်ပုံကို နားထောင်ရင်း ပိုပြီးမောလာရတော့တယ်။

''သူတို့ကို မာမီမမြင်သေးလို့၊ တွေ့ရင် စိတ်မကောင်းဖြစ်ဦးမှာ၊ ညီအစ်ကို နှစ်ယောက် သတ်ကြတာတဲ့လေ၊ ဇာနည့်ခေါင်းက ခေါင်းတုံးပြောင်ပြောင်မှာ အိန္ဒာက ကုတ်ဖဲ့ထားတဲ့ လက်သည်းရာကြီးတွေက အစင်းလိုက်က အစင်းလိုက် ပဲ့ရွဲ့နေတာ မြင်လို့တောင် မကောင်းဘူး''
အိမ်မှာ တစ်ခါမှ အဲလို ကိုယ်ထိလက်ရောက် သတ်ပုတ်တာ မရှိခဲ့ပါဘဲနဲ့ ကိုရင်ဝတ်နဲ့ ဘုန်းကြီးကျောင်း ရောက်ကာမှ ဒဏ်ရာဒဏ်ချက်တွေနဲ့ဆိုတော့ လူကြားလို့မှမကောင်း။ ကျွန်မပြေးသွားပြီး သားတွေ ကြည့်ချင်မိပါရဲ့။
''မာမီ့သားတွေက မနက်ကတော့ ကားတောင် တူတူမစီးနိုင်ပါဘူး ဆိုပြီးသတ်ပုတ်ထားကြ ပြီးနေ့ခင်းကျ ညီအစ်ကိုနှစ်ယောက် ချစ်မြတ်နိုးစွာနဲ့ ကျောချင်းကပ် ဆိုက်ကားကြီး စီးပြီး အိမ်ရောက်လာကြတယ်''
''ဒကာမကြီး ၀တ္ထုကပ်စမ်း'' တဲ့။
''သမီးက မင်းတို့ ကိုရင်ဝတ်နေတာ ဘာသတ္ထု၊ ကာကွန်းမှ မဖတ်ရပါဘူး၊ နောက်လူကြီး မပါဘဲနဲ့ ဘာကိစ္စ ကြွလာကြတာလဲ '' ဆီးဆူတော့…
"ဖတ်ချင် တဲ့ ၀တ္ထုစာအုပ် တောင်းတာမဟုတ်ဘူး၊ ဗိုက်ဆာလို့ အအေးသောက်ချင်လို့ ၀ယ်စရာ ပိုက်ဆံအတွက် ၀တ္ထုကပ်ခိုင်းတာ၊ နားလည်းမလည်ဘဲနဲ့၊ ဆူဖို့ပဲ သိတယ်လို့ ဇာနည်က သမီးကိုပြန်ပြောတယ် မာမီရဲ့"

"ဒါနဲ့ အအေးဝယ် ကပ်ပြီး ကျောင်းကို ပြန်ပို့လိုက်ရတယ်၊ ဆိုက်ကားခသည် ဆီးပြီး ရှင်းပေးလိုက်သေးတယ်၊ ကိုရင်ရွှေစင် တပါးပဲ ၀ါတော်ခြောက်ဆယ်ရ ၀ါတော်ခြောက်ဆယ်ရ ဆရာတော်ကြီး ဟန်ပန် နဲ့ ကျောင်း မှာ အေးအေးဆေးဆေးနေ တယ်၊ အငယ် ကိုရင်နှစ် ပါးကမနိုင်ဘူး"
"ကျောင်း က ဦးပဉ္စင်းကလည်း သမီးကိုဆီးတိုင်လိုက်သေးတယ်၊ ညီအစ်ကိုနှစ်ယောက် နောက်ဘက်က ဘုရား ငုတ်တိုပေါ် တက်ထိုင်နေလို့တဲ့၊ ဘုန်းဘုန်း က အမြင့်ကြီးလိမ့်ကျမှာစိုး လို့ဆင်းခိုင်းရတယ်တဲ့၊ ကိုရင်ဇာနည်က သင်္ကန်း ကို လည်ပင်းမှာ သိုင်းချီပြီး ဆရာတော် ကြီးကျောင်းလှေကားထိပ်ကနေ "ဇောရိုးကွ"ဆိုပြီး ခုန်ခုန်ချလို့ တဲ့"
"ဆရာတော်ကြီး ပြန်ရောက်မှ အားလုံးငြိမ်ကုပ်ပြီး တရားထိုင်၊ ဘုရားစာတွေပြန်ကြတာ၊ သူတို့ ကဲနေတာ ဆရာတော်ကြီး က မသိရှာဘူးလို့ ဦးပဉ္စင်းကပြောပြတယ်။ မာမီ့သား တွေက ဗျက်ဝိ၊ ဗျတ္တလိုကျောင်း ကို မှောက်မထား ရင် ကံကောင်း"

သမီးကေသီက သူ့မောင်တွေ သောင်းကျန်းပုံတွေအကြောင်း အားပါးတရ ပြောပြနေတော့ အားမရှိရတဲ့ ကျွန်မမှာ အသက်တောင်ရှူဖို့ သတိမရဘဲ ရင်မပြီး နားထောင်နေမိပါတယ်။
"သမီးရဲ့ မောင်လေးတွေ က ငယ်ငယ်လေးတွေ ရှိသေးတာသမီးရယ်၊ ယောက်ျားလေး တွေဆိုတာ ရှာကြံပြီးဆော့ကြ တဲ့ ကလေးချည်းပါပဲ၊ စိတ်မတိုပါနဲ့၊ နောက်ပြီး နေ့လွဲညစာ မစားရဘဲ သီလစောင့်ထိန်းနေ ရတော့ ဆာ ရှာကြမှာပေါ့၊ အအေးပုလင်းတွေ ဆရာတော် တို့ရော၊ သူတို့ရော ဘုဉ်းပေးရအောင် ကေ့စ်လိုက် ၀ယ်ပြီး ကျောင်း ကို ပို့ထားလိုက်ပါ"
"အမယ်လေး၊ မာမီ ပြောတာနောက်ကျသေးတယ်။ သူတို့ညီအစ်ကို ဆာတိုင်းဆိုက်ကား စီးပြီးပေါက်ချလာ မှာစိုးလို့ ပြန်ပို့လိုက်တော့ သမီးတစ်ခါတည်း သေတ္တာလိုက်ဝယ်ပြီး ကျောင်းပေါ်မှာ တင်ထားပေးခဲ့ပြီးပါပြီ၊ ကိုရင်ရွှေစင်ကိုလည်း လူကြီးမပါဘဲ သူတို့ထွက်မ လာစေနဲ့ ဆိုတာလည်းမှာထားခဲ့တယ်၊ နေ့ဆွမ်းလည်း ကြီးကြီးအုံတို့က နေ့တိုင်း ကျောင်းကိုပို့ပေးပါတယ်၊ မာမီ ပူမနေနဲ့၊ နေကောင်းအောင်သာနေ"တဲ့။

ဒီလိုဆိုတော့လည်း သမီးကေသီက ကိုရင်တွေကို ခေါင်းခေါက်ဆုံးမတာကလွဲရင် မျက်နှာလွှဲ ရသားလို့ တွေးရင်းကျေနပ်ပီတိဖြစ်ရပါတယ်။ တော်ပါသေးရဲ့။ သောမဆင်း လမ်းမှာနေတဲ့ ဦးမြလှိုင်ရဲ့ အစ်မတွေ က အလှူပွဲ မှာ ကျွန်မဆေးရုံတင်လိုက်ရတာ တွေ့ သွားကတည်းကဆွမ်းကိစ္စသူတို့ တာဝန် ယူကြမယ် ဆိုပြီး နေ့စဉ် အိမ်ကိုပင့်တဲ့ခါပင့်၊ မပင့်တဲ့နေ့ကျရင်လည်း ကျောင်းကသံဃာတွေအတွက် ချက်ပြီး ပို့ပေးနေ တာကြောင့် ကျွန်မဆွမ်းကိစ္စရင်မောသက်သာ သွားရလို့မမတင်နဲ့ မမသန်း တို့ကို ကျေးဇူးတင်ရပါ သေးတယ်။ ဦးမြလှိုင် ကလည်း သားကိုရင်တွေကို သူ့အိမ်မှာ တစ်ရက် ဆွမ်းပင့်ကျွေး တယ် ထင်ပါရဲ့။
"သမီးရဲ့မောင်"ရွှေစင်"ကရော ညစာမစားဘဲ သီလဆောက်တည်ရတာ နေနိုင်ရဲ့လား၊ သူ့ညီတွေလို ဆာတယ်အော် မနေဘူးလား"မေးကြည့်တော့...
"မအော်ပါဘူး၊ သူက ညစာမစားဘဲ နေနိုင်ပါတယ်တဲ့၊ မာမီ့သားကငြိမ်ကုပ်နေလို့ သမီးက သူတရား စာအုပ်တွေဖတ်ပြီး ဟုတ်လှပြီလို့ ထင်နေတာ၊ ဒီနေ့ကျမှာကြည့်လိုက်တော့ သူဖတ်နေတာ ကာတွန်း စာအုပ်တွေဖြစ်နေ တယ်၊ ဘယ်က ရလဲမေးမှ မောင်ကျော်ဝင်းတို့ မောင်မြတ်နိုးတို့က သူပျင်းနေမှာစိုး လို့ ကျောင်းကိုလာပို့သွားကြတာတဲ့လေ၊ ပါရမီဖြည့် တဲ့သူငယ်ချင်းတွေ ဘယ်လောက်တော်လဲနော်"

"မာမီ့သား ဇာနည်ကတော့ အရာနဲ့ ကြောင်းကြောင်းပါပဲ။ ရွှေစင်က ပြောပြလိုက်တယ်၊ သူတို့နေ့ ဆွမ်းဘုဉ်းပေးပြီးလို့ ဘုရားစာတက်ဖို့ သွားကြမယ်ဆိုပြီး ထလည်းထလိုက်ရော ဘယ်အချိန်က အချိုပွဲထဲ က နှိုက်ထားလိုက်လဲမသိဘူး၊ သူ့သင်းပိုင် ခါးပုံစထဲက ထန်းလျက်လုံးတွေ ပြုတ်ကျပြီးထွက်လာတာ၊ ကြမ်းပြင်ပေါ် မှာ တဒေါက်ဒေါက်နဲ့ ဦးပဉ္စင်း တွေ့သွားလို့ ဒီကောင် မျက်နှာစပ်ဖြဲဖြဲနဲ့ ရယ်နေတယ်တဲ့"

သမီးက သူ့မောင်ဖြစ်ပုံကို သဘောကျပြီး ရယ်မောပြနေပေမဲ့ အမေရဲ့ ရင်ထဲမှာတော့ သားငယ်လေးတွေ သီလစောင့် တာ အကျင့်မရှိတာကြောင့် ကလေးပီပီ အခါကြီးရက်ကြီး မှာမှကျွန်မကလည်း တိုက်တိုက်ဆိုင်ဆိုင် လူနာ အဖြစ် ရောက်နေရတော့ စိတ်တိုင်းကျ စောင့်ရှောက်မှု မပေးနိုင်တာအတွက်လည်း အားမလို အားမရဖြစ်ပေါ့။ ဒီလိုနဲ့ လေးငါးရက် ကြာတော့ဓာတ်ခွဲခန်းကို ပို့ထားတဲ့ သားအိမ်က တစ်ရှူးစရဲ့အဖြေလည်း ရလာ ပါတယ်။ ကင်ဆာရောဂါ မဟုတ်မှန်းသိရတဲ့အတွက် တစ်နည်းတော့ ရင်ပေါ့သွားရပါတယ်။ တဖြည်း ဖြည်းအင်အားလည်း ပြည့်လာတာကြောင့် တစ်ပတ်ပြည့်တာနဲ့ ဆေးရုံကဆင်းခွင့်ပြုပါ တယ်။
ကျွန်မ အိမ်ပြန်ရောက်တာ နဲ့ တစ်ရည်တည်း သွားတွေလည်း ကိုရင်ကလူဝတ်လဲပြီး ပြန် ရောက်လာကြလေရဲ့။ ရှင်သာပြု လိုက်တယ် အလှူနေ့က ကိုရင်တွေကို တဒင်္ဂဖူးမြင်လိုက် ရတာကလွဲပြီး ကိုယ်ထိလက်ရောက် ဘာဝေယျဝစ္စကုသိုလ်မှ မပြုလိုက်ရတာမို့ ကိုယ့်အ ဖြစ်ကိုယ် မကျေနပ်စရာ လို့ တွေးပြီး စိတ်မကောင်း ဖြစ်နေမိပါတယ်။ ဘယ်လိုပဲ စိတ်ကူး ယဉ်ပြင်ဆင်ထားပေမဲ့ ကံဇာတ်ဆရာက ဘ၀ဇာတ်စင် မှာ တီးလုံးပြောင်းပေး လိုက်ပြန်ရင် လည်းကိုယ်က မတတ်နိုင်ဘဲ တေးဂီတအလိုက် ကကွက်တွေ ပြောင်း ကရသ လိုပါပဲ။

ဘ၀ ဆိုတာဘာကိုမှ ပုံသေကားချ ဆုပ်ကိုင်ထားလို့ မရပါဘူးလေ။
တကယ်က အသက်ရှင်ခွင့် ရနေသေးရင်ပဲ ကျေးဇူးတင်ပါဦးနော်။ ဒီတစ်နေ့တာအဖို့ ကိုယ့်အကျိုး၊ သူတစ်ပါး အကျိုးစတဲ့ အကျိုးရှိရာရှိကြောင်းလေး လုပ်ဖြစ်ခဲ့ရင်နေရကျိုးနပ် တယ်လို့ပဲ သဘောထားရမှာပါ။ ခုလည်း ကျွန်မ မှာ သွေးတွေသွန်ချတာက ကင်ဆာရောဂါ ကြောင့်မဟုတ်မှန်း ကွဲကွဲပြားပြား သိရတော့ ကိုရင်တွေ အတွက် အပြည့်အ၀ တာဝန်မ ကျေလိုက်ရပေမဲ့ အနာရောဂါကင်းစွာနဲ့ အသက်ရှင်ခွင့်ရတာကိုပဲ မိသားစု အတွက် တန် ဖိုးရှိသတင်းအဖြစ်နဲ့ ကျေးဇူးတင် ၀မ်းသာနေရပါသေးတယ်။
ဆေးရုံ က ဆင်းတာနဲ့ ကျွန်မလည်း လုပ်စရာတွေစတင်ပြီး လှုပ်ရှားရတော့တာပါပဲ။ ဓာတ်ပုံဆိုင်ကိုလည်း အမြတ်တော်ခွန် ကင်းရှင်း ဖို့အတွက် အခုကတည်းက ကြိုတင်ပိတ် ဖို့လိုက်အပ်တာကြောင့် ရပ်နားလိုက် ရပါတယ်။ အခြေအနေ ကို ဖျက်ရတဲ့အထဲမှာ ကျွန်မ ရဲ့ဓာတ်ပုံဆိုင်ကို ဖျက်သိမ်းရထာက ရင်အနာဆုံးပါပဲ။ ကျွန်မ ရဲ့ထပ်တူထပ်မျှ ကိုယ်ပွား လေးတစ်ခုကို မြေမြှုပ် သင်္ဂြိုဟ်လိုက်ရခြင်းဖြစ်လို့ ရင်မှာကြေမွသွားအောင် ခံစားရပါ တယ်။

အထူးသဖြင့် ကျွန်မကို အလုပ်ရှင်တစ်ယောက်လို သဘောမထားဘဲ မိခင်တစ်ယောက်လို၊ အစ်မတစ်ယောက်လို ချစ်ခင်မြတ်နိုး ကိုးစားကြတဲ့ စိတ်ထားနဲ့ အေးအတူပူအမျှ၊ အနိမ့် အမြင့်၊ အတက်အကျရဲ့ ဒဏ်တွေကို ကြံ့ကြံ့ခံပြီး နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြတဲ့ အလုပ် သမားအားလုံးကို ထားခဲ့ပြီး တစ်ကိုယ်ကောင်း ဆန်စွာနဲ့ ကျောခိုင်းရမဲ့အဖြစ်က တရားမျှ တခြင်းမရှိဘူးဆိုတာ ကိုယ့်နှလုံးသားက သိနေတာကြောင့် ပိုပြီးထိခိုက် နာကျင် ရပါတယ်။
ဘ၀မှာ ကိုယ်လုပ်သမျှ အကောင်းချည်း၊ အမှန်ချည်းမဖြစ်နိုင်တဲ့ အခါတွေလည်း ကြုံရ တတ်ပါတယ်။ ကျွန်မမှာ သးသမီးတွေရဲ့ ရှေ့ရေးနဲ့ မိသားစုအတူတကွ စုစည်းမှုဖြစ်စေဖို့ ဦးထားပြီး လုပ်ရတဲ့အခါ တစ်ဖက်မှာ အလုပ်သမားတွေ အတွက် အားထားရာမဲ့လည်း မဖြစ်စေချင်တာကြောင့် လက်ရှိအခြေအနေထဲက အကောင်းဆုံးဖြစ်အောင် စီစဉ်ရတော့ တယ်။ အလုပ်သမားဥပဒေအရ သုံးလစာအပြင် ထိုက်သင့်တဲ့ ဆုငွေ နဲ့အတူ ကျွန်မ ရဲ့ဓာတ် ပုံပစ္စည်းအားလုံး ကို ပေးလိုက်ပါတယ်။ သင့်တင့်တဲ့ တစ်နေရာရှာပြီး ဆိုင်လေး တစ်ဆိုင် ဖွင့် ပြီးရပ်တည်ကြဖို့လည်း အကြံပြုလိုက်တယ်ပေါ့။

အလုပ်သမားဆိုကြပေမဲ့ ကျွန်မနဲ့ လက်ရည်တစ်ပြင်တည်းလုပ်လာကြတာနှစ်ပေါင်းများ စွာကြာကြပြီဖြစ်လို့ အားလုံး က မိသားစုလို ဖြစ်နေတာပါ။ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ လှိုင်းလေထန် ခဲ့တဲ့ ရေစုန် ရေဆန် ဘ၀တွေနဲ့ ခံစားရချက်တွေကိုလည်း အနီးကပ်သိထား ကြတဲ့သူတွေဖြစ်လို့ သူတို့ ရင်ဆိုင်ရမဲ့ အပြောင်းအလဲ အခက် အခဲတွေ ကြားထဲကပဲ ကျွန်မကို ကောင်းစားစေချငတဲ့ စေတနာနဲ့ နားလည်လက်ခံ ၀မ်းသာပေးနေကြ ပါသေး တယ်။
ဆိုင်ကိစ္စရှင်းပြီး တဲ့နောက် နိုင်ငံကူးလက်မှတ် လျှောက်ဖို့ ကိစ္စကစရတော့ မယ်လေ။ လောလောဆယ် အခြေအနေ အရ ကန်ရိပသာလမ်းခြံကလည်း မရောင်းရသေးတဲ့မြေက တစ်ပိုင်း ကျန်နေသေးတဲ့ အပြင် ပြင်ဦးလွင်က တိုက်ကလည်း ရှိနေသေးတာမို့ ဒါတွေအား လုံးကရှင်းလင်းဖို့ အချိန် ယူရဦးမှာကြေင့် ဦးကျော်ဇော ကိုပဲ တာဝန်ပေးပြီး နောက်မှလိုက် လာခဲ့ဖို့ စဉ်းစားဆုံးဖြတ်ရပါတယ်။ သမီးကေသီနဲ့ သားရွှေစင် သွားပြီးတာနဲ့ မရှေးမ နှောင်း ကျွန်မနဲ့အတူမာမီရယ်၊ သမီးသူဇာနဲ့ သားအိန္ဒာတို့က တစ်သုတ် သွားကြမယ်ပေါ့။

အဲဒီမှာပြဿနာက စတော့တာပါပဲ။ နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့အခါမှာ အမျိုးသား မှတ်ပုံတင်ကတ်ပြား ရှိရပါတယ်။ ၁၉၅၄ခုနှစ်လောက်ကတည်းက မြန်မာနိုင်ငံသားတိုင်း အမျိုးသးမှတ်ပုံတင်ကတ် ကိုင်ဆောင် ရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းပြီး အမျိုးသားမှတ်ပုံတင် ဓာတ်ပုံတွေ လူတိုင်းရိုက်ရပါတယ်။ ကျွန်မတောင် ပြင်ဦးလွင်က ဘီတီဘရားသားကော်ဖိ ပိုင်ရှင်ဦးဘတူနဲ့ စပ်တူသူကငွေစိုက်၊ ကျွန်မက လုပ်စားစိုက် မြန်မာတစ်ပြည်လုံး မှတ်ပုံ တင် တင်ဒါရဖို့လျှောက်ဖြစ်ပါသေးတယ်။ ကျွန်မတို့မရလိုက်ဘဲ တခြားတစဦး ရသွားတာ ကြောင့်တွက်ရချက်ရတဲ့လုပ်အားခ အချိန်တွေ ဆုံးရှုံးသွားရတယ် ဆိုပါတော့။
တစ်တိုင်းပြည်လုံး မှတ်ပုံတင်တွေရိုက်ကြတဲ့အချိန်မှာ ကျွန်မအမေက စိတ်ဝေဒနာနဲ့ တံတားလေးဆေးရုံမှာ  တင်ထားပြီးကုသနေရခိုက် ဖြစ်လို့မရိုက်လိုက်ရပါဘူး။ ဆေးရုံက ပြန်ဆင်းလာပြီးတဲ့အခါကျတော့ မှတ်ပုံတင် သွားရိုက်ဖို့ မာမီ့ကိုခေါ်တော့လည်း ရာတန် တွေတုန်းကလို သွားမလဲဘူးဆိုပြီး ကတ်ဖဲ့ တိုက်ခဲ့တဲ့အတိုင်း ခေါ်လို့မရတာနဲ့ မရိုက်ရပါ ဘူး။ မာမီအနေနဲ့ စိတ်ဝေဒနာရှင်ဖြစ်နေတော့လည်း သူ့စိတ်ဆန္ဒ ကို ဆန့်ကျင်ပြီးမလုပ်ရဲ တာလည်းပါတယ်ပေါ့။

နောက်ပြီးအလုပ်ကိစ္စ၊ ရုံးကိစ္စ၊ ငွေကြေးကိစ္စစတဲ့ ပြင်ပဆက်ဆံရေး တာဝန်တွေလည်း မရှိတာမို့ အိမ်ထဲက အိမ်ပြင်မထွက် တဲ့ မာမီ့အတွက်မှတ်ပုံတင် မရှိ လည်းဘာမှပြဿနာမရှိဘူး ဆိုပြီး ပေါ့ပေါ့ တန်တန် သဘောထားပြီး နေလာခဲ့တာ ခုနိုင်ငံ ကူးလတ်မှတ်လျှောက် ဖို့ကျတော့ မှ ပြဿနာတက်တော့တာပဲလေ။
ဒါနဲ့ ကျွန်မ တို့ ရပ်ကွက်ဆိုင်ရာ ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီရုံးကို သွားပြီး ဥက္ကဋ္ဌနဲ့တွေ့၊ အကျိုးအကြောင်းပြောပြ ရပါတယ်။ ဥက္ကဋ္ဌက ဒါဆိုရင်မှတ်ပုံတင်ရိုက်တဲ့ အချိန်ကာလက တံတားလေးဆေးရုံမှာ တက်ရောက်နေတဲ့ အတွက် မရိုက်လိုက်ရကြောင်း ကိုဖော်ပြပြီးလျှောက်လွှာတင်ပါ။ တာဝန်ခံဆေးရုံက ဆရာဝန်ကြီးဆီကလည်း မှန်ကန် ကြောင်းထောက်ခံစာ ယူပြီးပူးတွဲတင်ပြပေးပါလို့ ပြောလိုက်ပါတယ်။

ဒီတော့မှ ကျွန်မစိတ်ထဲပေါ့သွားပါတော့တယ်။ လွယ်လွယ်ကိစ္စပြီးလိမ့်မယ်လို့တွေးပြီး တံတားလေးဆေးရုံကို သွားလိုက်ပါတယ်။ ကျွန်မရဲ့အမေ ဆေးရုံတက်ရစဉ်ကာလက ဆေးရုံအုပ်ကြီးက ဆရာဝနကြီးဦးဘသောင်းပါ။ ဦးဘသောင်း အလုပ်က အနားယူပြီး ကွယ်လွန်တောင် သွားပါပြီ။ လက်ရှိဆရာဝန်ကြိးက ဦးနေ၀င်းပါ။ ဦးနေ၀င်း ရဲ့ဇနီး မမစီက အိုဂျီအဖြစ်နဲ့ ကျွန်မရဲ့ကလေး တော်တော်များများ မွေးပေးခဲ့ဖူးတာမို့ရင်းနှီးခင်မင်နေတာ ကြာပါပြီ။ ဆရာကြီးဦးနေ၀င်းကို ရုံးခန်းမှာ အဆင်သင့်တွေ့တော့ ကျွန်မလည်းဝမ်းသာ အားရ နဲ့လာရင်းကိစ္စ အကျိုးအကြောင်း တွေပြောပြတယ်ပေါ့။
"အဲဒါမှခက်တာပဲ ခင်မကြီးရေ"တဲ့။
"ဘာဖြစ်လို့လဲ ဆရာ"လို့မေးတော့..
"ခင်မကြီးရဲ့အမေ ဒေါ်ခင်ခင်မေဆေးရုံတက်ခဲ့တာက နှစ်ပေါင်းနှစ်ဆယ် ကျော်နေပြီ ဆိုတော့ အဲဒီမှတ်တမ်းတွေ က ဘာမှလက်ခံမရှိတော့ဘူး"
"နောက်ပြီး ကျွန်တော်တာဝန်ယူရတဲ့လက်ထက်မှာ ဆိုရင်လည်း ကျွန်တ်ာထောက်ခံပေး လို့ရသေးတယ်၊ ဆရာကြီး ဦးဘသောင်း ကလည်းဆုံးပြီ၊ ကျွန်တော့်အချိန်မှာ မဟုတ်လို့ ကျွန်တော် ထောက်ခံပေးလို့လည်း မဖြစ်ဘူး"တဲ့။
ဆရာဦးနေ၀င်း စကားကြားတော့ ကျွန်မတော်တော်အားငယ်သွားမိတယ်။

"ဒါဖြင့် တခြားဘယ်လိုနည်းလမ်းများ ရှိသေးလဲ ဆရာရယ်၊ မှတ်ပုံတင်ရဖို့ကလည်း ဒီက ထောက်ခံစာရမှ လုပ်လို့ရမှာမို့ပါ"လို့ ပြောတော့...
"တစ်ခုတော့ ရှိတယ်၊ ဒေါ်ခင်မေမေ ဆေးရုံမှရှိစဉ်က ကုသခဲ့ဖူးတဲ့သူရှိရင် သူတို့ကို ထောက်ခံပေးခိုင်းလို့ရမယ်၊ ရုံးခန်း ကို သွားပြီး စာရေးကြီးကိုမေးကြည့်၊ သူ့ဆီမှာတော့ ဆရာဝန်တွေနဲ့ ပတ်သက်တာ အကုန်သိနိုင်မယ်" တဲ့။
လပြည့် လကွယ်ကိုလိုက်ပြီး ဒီရေအတက် အကျ ဖြစ်ရသလိုပဲ ကျွန်မမှာလည်း ဆရာကြီး ဦးနေ၀င်းရဲ့ စကားအလိုက် ခုပဲ စိတ်ဓာတ်ကျလိုက်၊ ခုပဲစိတ်ဓာတ်တက်လိုက်။ ခုလည်း မျှော်လင့်ချက်ကလေး ရှိလေသေးရဲ့ဆိုတဲ့ အားတက်စိတ် နဲ့ ခြေလှမ်းသွက်သွက်လှမ်းပြီး ရုံးခန်းဘက် ကူးလုက်ပါတယ်။ စာရေးကြီး ဆိုသူကိုလည်း အကျိုးအကြောင်းတစ်ခါရှင်းပြ ရပြန်တယ်ပေါ့။ ပြီးမှ...
"ဆရာဦးသွင် ရှိလားဟင်"ကျွန်မ မှတ်မိတဲ့ တစ်ဦးတည်းသော ဆရာဝန်နာမည်မေးကြည့် တော့ဦးသွင်ဆုံးတာ ကြာပြီတဲ့လေ။

ခုမှ အခက်ကြုံရတော့တာပါ။ ကျန်တဲ့ဆရာဝန်တွေရဲ့နာမည်တွေလည်း နှစ်ပေါင်းကကြာ တော့ကျွန်မ မမှတ်မိတော့ ပါဘူး။
"လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းက လုပ်ခဲ့တဲ့ လုပ်သက်ရင့် ဆရာဝန်ကြီး တွေထဲကရော ဘယ်သူတွေ ရှိသေးလဲရှင်"မေးသာ မေးရတာ။ ကျွန်မအသံက ပျော့နေပါ ပြီ။
"အဲဒါတော့ ကျွန်တော့်လည်း မသိဘူး၊ ဟိုမှာချိတ်ထားတဲ့ ဆရာဝန်ကြီးများရဲ့ အုပ်စုဓာတ် ပုံရှိတယ်။ အစ်မအဲဒီ ပုံသွားကြည့်ပြီး ရှာကြည့်ပါလား၊ အများအားဖြင့်ကတော့ သေကုန် ကြပြီ၊ တချို့လည်း ပင်စင်ယူသွားကြပြီပေါ့၊ အနှစ်နှစ်ဆယ် ဆိုတာကြာ လှပြီပဲ"တဲ့။

သူပြောတာလည်း ဟုတ်ပါရဲ့။ နှစ်ပေါင်းနှစ်ဆယ်ဆိုတာ နည်းတဲ့နှစ်တွေမှ မဟုတ်တာနော်။ ရေနစ်နေတဲ့ အခါ ကောက်ရိုးတစ်ပင်ကို အားပြုဆွဲမိသလို ကျွန်မလည်း နောက်ဆုံးအား ကိုးတစ်ခု အနေနဲ့ ချိတ်ထားတဲ့ ဓာတ်ပုံကို သွားကြည့်ပါတယ်။ အားလုံးရဲ့မျက်နှာတွေက စိတ်ထဲမှာ ယဉ်ပါးနေပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ကွဲကွဲပြားပြား မမှတ်မိတော့ပါဘူး။ အဲဒါကလည်း ကျွန်မရဲ့ ကြီးစွာသော အားနည်းချက် တစ်ခုဆိုတာ ၀န်ခံရမှာပါပဲ။ ကျွန်မရဲ့ မှတ်ဥာဏ်မှာ အကြောင်းအရာတွေမကဘဲ ဂဏန်းနဲ့ဆိုင်ရာ နံပါတ်လိုမျိုးတွေကျတော့ အလွတ်ရအောင် မှတ်မိတတ်ပေမဲ့ လူတွေကိုမမှတ်မိတတ်ပါဘူး။
လုပ်ရတဲ့ အလုပ်ကလည်း မင်္ဂလာဆောင်တွေ၊ အလှူတွေ၊ ဌာနဆိုင်ရာ အုပ်စုပုံတွေ၊ သင်တန်းဆင်းပွဲတွေ ဆိုတော့ လူအများစုနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံရတာမို့ ဘယ် ဟာကကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တဲ့မိတ်ဆွေ၊ ဘယ်ဟာက အလုပ်သဘောအရ ဆက်ဆံရတဲ့ Customer ဆိုတာမကွဲပြားတော့ဘဲ မိတ်ဆွေကို Customer လိုဆက်ဆံ၊ Customerကျတော့ မိတ်ဆွေလို တရင်းတနှီး သွားပြောနဲ့ အလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်လွန်းလို့ ကိုယ့်ရဲ့အားနည်းတဲ့ မှတ်ဥာဏ်ကိုလည်း စိတ်ပျက်မိပါရဲ့။

အခုလည်း ကျွန်မ ဘယ်လိုမှဓာတ်ပုံထဲက ဆရာသမားတွေကို အမည်မဖော်နိုင်တော့ စာရေးကြီးလည်း ကျွန်မကို အကူအညီမပေးနိုင်တာကြောင့် စိတ်ပျက်ပျက်နဲ့ နှုတ်ဆက်ပြီး ရုံးခန်း ကပြန်ထွက် ဖို့ ခြေအလှမ်း လိုက်မှာ အမျိုးသမီးခပ်၀၀တစ်ယောက် ရုံးခန်းထဲ ၀င်လာ တာနဲ့မျက်နှာချင်းဆိုင် ဆုံလိုက်မိတယ်ပေါ့။ အမျိုးသမီး က ကျွန်မကို မြင်မြင်ချင်း...
"ဒေါ်ခင်မကြီး ရှင့်အမေ နေကောင်းရဲ့လား"တဲ့။ ဆီးမေးပါတော့တယ်။ ကျွန်မလည်း စစချင်းကြောင်သွားလေရဲ့။ အမျိုးသမီး ကို မြင်ဖူးသလိုလို ရှိသားလို့ တွေးလိုက်မိပြီး...
"မာမီ နေကောင်းပါတယ်၊ ဆောရီးပဲနော်၊ ကျွန်မ ကောင်းကောင်းမမှတ်မိလို့"နဲ့ ချက်ချင်း တောင်းပန် လိုက်ရပါတယ်။
"ဟုတ်မှာပေါ့၊ ကျွန်မက ပင်စင်ယူပြီးမှ ၀လာတာလေ၊ ဒေါ်ခင်မကြီးကို ဒီမှာတွေ့လိုက် တော့ ရှင့်အမေ နေမကောင်း လို့များ လာပို့သလားထင်လိုက်မိတာ"တဲ့။
ကျွန်မ ခေါင်းလည်း လင်းလက်သွားပြီး "နေပါဦး၊ မာမီနေမကောင်းတုန်းကဒီမှာ ရှိလို့လား ဟင်"နဲ့ ပျာပျာ သလဲ ပြန်မေးလိုက်မိပါတယ်။

"ရှိတာပေါ့၊ ကျွန်မ ၀ါ့ဒ်မှာဒေါ်ခင်ခင်မေ နေသွားတာ အကြာကြီးပဲဟာ၊ ခေါ်ခင်မကြီးက မမှတ်မိတော့ဘူးလား"တဲ့။
စကားပြောရင်းနဲ့မှ သူ့အပြုံးလေးတွေကို ကျွန်မ ကောင်းကောင်းပြန်ကျက်မိသွားပြီး...
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ မမ ဒေါက်တာဒေါ်စောနု မဟုတ်လားဟင်"
"ဟုတ်ပါ့ရှင်၊ အခုမှတ်မိသွားပြီပေါ့"ပြောရင်းနဲ့ သူကရယ်ပါရော။
"ကဲ...ကဲ...လာ၊ ကျွန်မနဲ့ အခုလိုက်ခဲ့စိမ်းပါဦး၊ အရေးတကြီးကိစ္စရှိလို့" ဆိုပြီး ကျွန်မ ဒေါ်စောနုရဲ့ လက်ကို အတင်းဆွဲပြီး ဆရာဦးနေ၀င်းအခန်းကို  အပြေးနီးပါးဝင်သွားဖြစ်တော့ တယ်။
"ဆရာရေ၊ ဟောဒီမှာ ဒေါက်တာဒေါ်စောနု၊ တကယ်ကိုGod Sent ဆိုတဲ့ အတိုင်းပါပဲ"လို့ ပြောရင်း ဆရာ့စားပွဲရှေ့အရောက် မှာ ၀မ်းသာအားရပြောမိတော့ ဒေါ်စောနုက အူလည် လည်နဲ့..
"နေပါဦး၊ ဘာတွေ ဖြစ်နေကြတာလဲ"တဲ့။

ဒီတော့မှ ကျွန်မရဲ့လာက်ရင်းကိစ္စ ပြဿနာကိုဒေါတာဒေါ်စောနု သဘောပေါက်အောင် ရှင်းပြရပြန် ပါတယ်။ ဒေါ်စောနု ကလည်း ပင်စင်သွားတာ ကြာပြီ။ ခုရုံးခန်းကိုပင်စင်လစာ ကိစ္စနဲ့ ရောက်လာတာတဲ့လေ။ တိုက်တိုက် ဆိုင်ဆိုင် ပက်ပင်းဝင်တိုးဖြစ်လို့သာ။ မဟုတ် ရင်ကကျွန်မလည်း နိုင်ငံခြားသွားရေးကိစ္စကို ဒီမှာတင် နိဋ္ဌိတံလိုက်ရမယ့် အဖြစ်ပါပဲ။
ဒေါက်တာဒေါ်စောနုက လိုလိုလားလား အလွယ်တကူနဲ့ ထောက်ခံစာ ရေးပေးပါတယ်။ ဆရာဦးနေ၀င်းက ရုံးတံဆိပ်တွေ ဘာတွေအကျအန နှိပ်ပေးပြီး သေသေချာချာ လုပ်ပေး လိုက်တာကြောင့် ဆရာကြီးဦးနေ၀င်းနဲ့ ဒေါက်တာဒေါ်စောနုကို ကျေးဇူးစကားအထပ်ထပ် ဆိုပြီး ကျေးဇူးတင်မဆုံး ဖြစ်ရပါရဲ့။
ကျွန်မ ရဲ့အကျိုးပေးကလည်း ဒါမျိုးချည်းပါပဲ။ ဘယ်တောမ့ဆို ကြုံလိုက်ရရင် အစွမ်းကုန် ကြိုးစားပေမဲ့ ကံကြမ္မာက နောက်ဆုတ်စရာနေရာမကျန်အောင် နံရံထောင့်အထိတွန်းပို့ ပေးလိုက်ပြီး "ကဲပါ၊ လက်မြှောက်ပါပြီ"လို့ စိတ်ကိုလျှော့ခါမှ ဆုချတဲ့အနေနဲ့ "ရော့...အင့်၊ ယူတော့"ဆိုပြီးလုပ်တတ်တာမျိုးလေ။

မတွေ့ဘူးလား။ ဦးမြလှိုင် အပ်ခဲ့တဲ့ ရာတန်တွေ ပြန်ပေးစဉ်ကာလကလည်း အဲလိုပဲ စိတ် လျှော့ပြီးမရလည်း ထားလိုက် ပါတော့လို့ ခံယူပြီးခါမှ မ စမယ့် ပုဂ္ဂိုလ်နဲ့ မျက်နှာချင်းဆိုင် ၀င်တိုးလို့ အချိန်မီထုတ်ယူခွင့်ရခဲ့တာပါ။ ဘ၀မှာ မမျှောလင့်တဲ့ Miracleဆိုတာတွေက ဖြစ်တတ်ပါတယ်။ တစ်မိနစ်၊ တစ်စက္ကန့်နဲ့ ဘ၀လမ်းကြောင်း အပြောင်း အလဲတွေ ကြုံကြ ရတာမကြာခဏ သတင်းတွေမှာမြင်တွေ့နေရတာပဲ။

အကြောင်းတစ်ခုခုနဲ့ တစ်မိနစ်လေး နောက်ကျသွားတာကြောင့် ကိုယ်စီးရမဲ့လေယာဉ် လွတ်သွားပြီး အဲဒီလေယာဉ် ပျက်ကျ တော့အသက်ဘေးက ချမ်းသာသွားတာမျိုးတွေ၊ သေသေချာချာချိန်းထားလျက်နဲ့ တစ်မိ နစ်လောက် လွဲသွားတာနဲ့ ချစ်တဲ့သူချင်းတစ်သက်စာ ကွေကွင်းသွားရတာမျိုးတွေ။
တစ်မိနစ် ဆိုတဲ့ အချိန်ကာလလေးဟာ ဘာမှမဟုတ်ပေမဲ့ လူတစ်ယောက်အတွက်အ ကောင်းအဆိုးဖြစ်ရပ်တွေ ဦးတည်ပြောင်းလဲ သွားတဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။ အဲဒီနေ့ ကသာဒေါ်စောနုအလာနဲ့ တစ်မိနစ်လောက် လွဲသွားခဲ့ရင် လက်ရှိဘ၀ကိုရောက်မလာဘဲ ကျွန်မဘ၀တစ်မျိုးတစ်ဖုံ ပြောင်းလဲဖွယ်ရာ ဖြစ်နိုင်ပါတယ်။
တကယ်ကတော့ Miracleဆိုတာ မိမိကို စောင့်ရှောက်ကြသော နတ်ကောင်းနတ်မြတ်များ ရဲ့ ကူညီစောင့်ရှောက်ခြင်းဖြစ်ရပ် တစ်ခု ပါပဲလေ။

ဆက်ရန်
.

No comments: