“အေး ... ဂွတ်တယ်ထင် ဒူးသာဒူး။ ဗိုလ်ဝင်း ဟင်းခွက်ရှိသလောက် မှာပေတော့။ ဒီငချွတ်က တရုတ်ပြေး မင်းသေ လို့ ၀င်စားတာဗျ။ ဟင်းခွက် ၃၀၀ ပြည့်မှ စားတာ”
ကျွန်တော် တို့ အချီအချပြောနေသော စကားများကို ကြားရသော ဆိုင်ရှင်နှင့် ထမင်းစားနေသူ များသည် ပျဉ်းမနား တွင် ငတ်မွတ်လာသမျှ အတိုးချ၍ စားသောက်ရသဖြင့် ဗိုလ်ဘတင်နှင့် ဗိုလ်ဝင်း တို့ပင် လူမမာမှ ဟုတ်ရဲ့လား ဟု လက်ဖျားခါ အံ့သြခြင်းဖြစ်ခဲ့ကြရပါတော့သည်။ ကို ဆက်ဖတ်ရန် ....
ကိုကြီးချစ်တို့ အိမ်ရောက်သောအခါ မည်သူ့ကိုမျှ မတွေ့ရဘဲ အိမ်စောင့်အဖြစ် ကိုကြီးချစ်၏ ယောက်ဖဖြစ် သူ ကိုသိန်းဖေနှင့်သာ တွေ့ရပါသည်။ ကိုသိန်းဖေ၏ ပြောကြားချက်အရ ကိုကြီးချစ်တို့ မိသားစုသည် လက်ပံတန်း သို့ စစ်ပြေးလျက်ရှိကြောင်း သိရပါသည်။ သို့ဖြစ်၍ ကျွန်တော် ရန်ကုန်တွင် ဆေးဝါးကုသရန် နေထိုင်၍ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ကာ ဖျာပုံသို့ပင် မီရာသဘောဖြင့် ပြန်လာခဲ့ပါသည်။ ဖျာပုံ သင်္ဘောဆိပ် သို့ ဗိုလ်ဘတင်ကိုယ်တိုင် လိုက်လံပို့ပေးသဖြင့် သောကကင်းဝေးစွာ ဖျာပုံမြေသို့ ခြေချနိုင်ပါသည်။
ကျွန်တော် ဖျာပုံသို့ ပြန်ရောက်သည့် သတင်းသည် နောက်တစ်နေ့တွင် တောမီးပမာ ပျံ့နှံ့သွားသဖြ့် လုပ်ဖော် ကိုင်ဘက် ရဲဘော်ဟောင်းများ လာရောက်စုဝေးကြပါသည်။ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိသော အခါ အခြေအနေ မပေး၍ တပ်ခေါက် ပြန်လာခဲ့ရသော မိမိဘ၀ကို မေ့ခဲ့ပြန်ပါသည်။ ထိုထက် ဖျာပုံမြို့ သို့ ပြန်ရောက်သည့် အချိန်တွင် အစ်ကိုဖြစ်သူ ဒေါက်တာ လှရွှေသည် ကျွန်တော့် အား ကောင်းပေ့ ဆိုသည့် ဆေးများဖြင့် စတင်ကုသပေးခဲ့ပါသည်။
ပျဉ်းမနား၌ ကွီနိုင်ကိုသာ စားသုံးမှီဝဲခဲ့ရာမှ ယခု အားဆေးအမျိုးမျိုး၊ ထိုးဆေးအမျိုးမျိုး၊ ကောင်းပေ့ဆိုသည့် အာဟာရ များ မှီဝဲရသဖြင့် မမျှော်လင့်သော အချိန်တွင် ကျန်းမာ ၀ဖြိုးလာခဲ့လေသည်။
တစ်နေ့ ...။
ကျွန်တော်သည် အိမ်တွင် မသွေားမလာ နေရသည်ကို ငြီးငွေ့လွန်းသဖြင့် ကိုအုန်းမောင် အလုပ်လုပ်လျက် ရှိသော တို့မြန်မာ ဆင်းရဲသား အစည်းအရုံးရှိရာသို့ ထွက်လာခဲ့ပါသည်။ ကိုအုန်းမောင်နှင့်အတူ နယ်မှ ရဲဘော်များ ကိုပါ တွေ့ဆုံရပါသည်။
“မြလှိုင် ... မင်းမပြန်နဲ့ဦးကွာ။ ပြီးရင် ငါနဲ့ အိမ်လိုက်ခဲ့ပါလား”
“ကောင်းသားပဲ လိုက်ခဲ့မယ်”
“ဒါနဲ့ မင်းအဆက် သန်းသန်းနဲ့ တွေ့ပြီးပြီလား”
“ဟင့်အင်း ...၊ ဒီကမ္မဋ္ဌာန်းရုပ်နဲ့ မတွေ့ချင်ဘူးလေ။ ခုနေတွေ့ရင် ဘယ်သချိုင်းကထလာတဲ့ တစ္ဆေလဲဆိုပြီး ဣတိပိသော ရွတ်နေမှာဗျာ”
အလုပ်တာဝန် များ ပြီးသောအခါ ကိုအုန်းမောင်နှင့် ကျွန်တော်တို့နှစ်ယောက် ၎င်းတ၏အိမ်ရှိရာ ၈ လမ်းသို့ လမ်းလျှောက်ပြန် လာခဲ့ကြသည်။ ကိုအုန်းမောင်သည် ကျွန်တော်၏ အားအင်ချည့်နဲ့လျက်ရှိသော အဖြစ်ကို စိတ် မကောင်းစွာဖြင့် တတွတ်တွတ်ပြောဆုလာသည်။
“မင်းက စစ်သားလုပ်မှပဲ လွတ်လပ်ရေးရတာ ကျနေတာပဲ။ မင်းလို ရုပ်နဲ့ စစ်သား မဖြစ်ချင်စမ်းပါနဲ့ကွာ။ တို့မှ လုပ် စရာတွေ အများကြီး ရှိပါသေးတယ်”
“ကျုပ်က သေနတ်ကိုင်ပြီး တိုက်ချင်တာဗျ ...”
“အေး ... သေနတ်ကိုင်တဲ့ လူလဲကိုင်၊ နိုင်ငံရေး လုပ်သူလဲ လုပ်ရမှာပဲ၊ မင်း နိုင်ငံရေး လုပ်စေချင်တယ်၊ ဒါပဲ ...”
ကျွန်တော်တို့ နှစ်ယောက် စကားတပြောပြောနှင့် လျှောက်လာခဲ့ကြသည်မှာ မောရမှန်းပင် မသိဘဲ ကိုအုန်း မောင်တို့ နေအိမ်သို့ ရောက်ခဲ့သည်။ အိမ်ဝတွင် ကိုအုန်းမောင်၏ ဖခင်ကြီးသည် ငါးများ တသီကြီး ဖမ်း၍ ပြန်လာသည်ကို တွေ့ရပါသည်။ ကိုအုန်းမောင်၏ ဖခင်ကြီးသည် ပျော်ပျော်ရွှင်ရွှင်နေတတ်၍ သားသမီး များ ကိုလည်း အလွန်အလိုလိုက်သည်။ ကိုအုန်းမောင်နှင့်ပတ်သက်၍ ကျွန်တော့်အား သားသမီး အရင်းအချာ ကဲ့သို့ ချစ်ခင်လှပါသည်။
“ဟိတ် လူလေး ...၊ မင်းတော်တော် နေမကောင်းဘူးဆို ...”
“ဟုတ်ပါတယ် ...။ ခု နာလန်ထစဘဲ ဦးလေး ...”
“အတော်ပဲ။ ညနေစာ အိမ်မှာ ထမင်းစားသွားပါလား။ ငါးဟင်းလတ်လတ်ဆတ်ဆတ်နဲ့ ကျွေးလိုက်မယ်”
ထိုနေ့ညစာ ကို ကျွန်တော် ကိုအုန်းမောင်၏ အိမ်၌ပင် စားဖြစ်ခဲ့သည်။
ကိုအုန်းမောင်သည် သူ့ဖခင် မွေးမြူထားသော ဆိတ်မကလေးထံမှ နို့ကို ညှစ်ယူပြီး ကျွန်တော့်ကို တိုက်ကျွေးခဲ့ ပါသည်။ ထမင်းဝိုင်းတွင် အိမ်သားများအားလုံး ၀ိုင်းဖွဲ့စားသောက်ကြသဖြင့် လူစေ့တက်စေ့ တစ်ဇွန်းတစ်ဖတ် ကျွန်တော့် ပန်းကန်ထဲသို့ ထည့်ပေးကြသဖြင့် ဟင်းများ မို့မောက်လျက်ရှိပါသည်။ ကျွန်တော် တစ်ယောက် ထမင်း ကိုပင် မည်မည်ရရ မစားလိုက်ရဘဲ ဟင်းများကို စားရင်း ၀မ်းပြည့်သွားပါ တော့သည်။
“ဒီမယ် ... မြလှိုင်”
“ဆို ... ဘာလဲ”
“မင်း နေကောင်းသွားရင် ဘာလုပ်မလဲ၊ တပ်ထဲ ပြန်ဝင်မှာလား”
“၀င်မယ် စိတ်ကူးတယ်။ ဒါပေမယ့် ရန်ကုန်တက်ပြီး ကိုကိုလှ(ဗိုလ်လကျာ်)နဲ့ တွေ့ပြီး ဘာလုပ်ရမယ် ဆိုတာ မေးချင်တယ်...”
“ဖြစ်နိုင်မယ် ဆိုရင်တော့ တပ်ထဲ ပြန်မ၀င်ပါနဲ့လား မြလှိုင် ...”
“ရော် ... ဘာဖြစ်လို့လဲ”
“တို့ ဂျပန် ကို ပြန်ချမလို့ကွ ...”
“ဗျာ ... ဘာပြောတယ်။ ဂျပန်ကို ပြန်ချမယ် ဟုတ်လား ...”
“အေးပေါ့ ...။ နေဦး ငါမင်းကို ပြစရာရှိတယ်”
ကိုအုန်းမောင်သည် ကျွန်တော့်အနားမှ ထ၍ နောက်ဖေး မီးဖိုထဲသို့ ၀င်ရောက်၍ ပျောက်ကွယ်သွားပါ သည်။ ကျွန်တော် သည် ကိုအုန်းမောင်၏ အိပ်ရာပေါ်တွင် ပက်လက်လှန်၍ သူပြောသွားသော “ဂျပန် ကို ပြန်ချမယ်” ဆိုသည့် စကားရပ်ကို အနုလုံ-ပဋိလုံ စဉ်းစားကြည့်မိပါသည်။ ကျွန်တော်သည် မူလကပင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ထဲသို့ ၀င်ရောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့တပ်မတော် ထဲသို့ ၀င်ရောက်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် ဖြစ်ပါ သည်။ ကျွန်တော်တို့ တစ်တွေသည် နယ်ချဲ့တော်လှန်ရေးကို အပတ်တကုတ် စွန့်စားဆောင်ရွက်ခဲ့ကြသည့် အတွက် အသက်ပေါင်း များစွာကို စတေးခဲ့ကြရလေသည်။ ထိုမှ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ရဲဘော် သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် မဟာမိတ် ဂျပန်တို့သည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ မဟာမိတ် ဂျပန်တို့အနေဖြင့် မြန်မာမျိုးချစ်တို့၏ တစ်ခုတည်းသော လိုလားချက် မှာ မြန်မာ နိုင်ငံအား နယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေးပင်ဖြစ်ချေသည်တကား။ ကျွန်တော်၏ အတွေး များမဆုံးမီ ကိုအုန်းမောင်သည် လက်ထဲတွင် စက္ကူထုပ်တစ်ထုပ်ကို ကိုင်၍ ကျွန်တော့်အနီး သို့ ရောက်ရှိလာ သည်။
“ရော့ ဒီစာတမ်းကို ဖတ်ကြည့်စမ်း”
ကိုအုန်းမောင် ကမ်းပေးသော စက္ကူထုပ်ကို ကျွန်တော် လက်လှမ်း၍ ယူလိုက်သည်။ ထို့နောက် ကျွန်တော်တုန် ယင်သော လက်အစုံဖြင့် ဖြန့်ထုတ်လိုက်မိသည်။ ထိုအခါ “ဗမာ့လွတ်လပ်ရေး စာတမ်း” ဟူသော စာကူး စက်ဖြင့် လှည့်ထားသော စာတမ်းခေါင်းစီးကို တွေ့လိုက်ရသည်။ ကျွန်တော်သည် ထိုစာတမ်းကို အစမှ အဆုံးသို့တိုင် တစ်ခေါက်နှစ်ခေါက် အပြန်ပြန် အလှန်လှန် ဖတ်လိုက်မိသည်။ ထို့နောက် ကျွန်တော်၏ ဆုံးဖြတ်ချက်ကို ကိုအုန်းမောင် အား ပေးလိုက်ပါတော့သည်။
“ကျွန်တော် ခင်ဗျားတို့န့ လက်တွဲမယ်”
ညနေခြည်သည် တောက်ပလျက်ရှိသည်။
ကိုအုန်းမောင် အိမ်မှ ပြန်လာသောအခါ ကျွန်တော့် စိတ်များသည် ထိုင်းမှိုင်းလေးလံခြင်း လုံးဝမရှိတော့ဘဲ ပကတိ ပေါ့ပါးဖျလတ်လတ်လျက်ရှိသည်။ မိခင်ကြီးသည် ခဏဟု ပြော၍ ထွက်သွားသော သားဖြစ်သူ အား နေ၀င်သည့်အထိ ပေါ်မလာသဖြင့် တိုက်ဝမှ ဆီးကြိုမျှော်လျက်ရှိပါသည်။
“သား -နောက်ကျ လှချည်လားကွယ်။ ဘယ်တွေ လျှောက်သွားနေတာလဲ။ ခုမှ နာလန်ထစ ရှိသေးတယ်”
“ကိုအုန်းမောင် အိမ်မှာ ကြာသွားပါတယ် မေမေ”
“ထမင်းစားပြီးခဲ့ပြီလား”
“ဟင်းကြိုက် လို့ ၀င်စားလာခဲ့တယ်”
ကျွန်တော် ဖျာပုံမြို့သို့ ပြန်ရောက်ခဲ့ပြီးသည့်နောက်၊ အိမ်တွင်းအောင်း၍ ဆေးဝါး ကုသနေခဲ့သည်မှာ ၂ လ ခန့်ကြာမြင့် ခဲ့ပါသည်။ ယင်းကာလတလျှောက် ကျွန်တော်သည် ချစ်သူသန်းသန်းကို အဆက်အသွယ် မလုပ်ဲ နေခဲ့လေ သည်။ အမှန်က ကျွန်တော်သည် မမာမကျန်းဖြစ်၍ ပိန်လှီဖျော့တော့လျက်ရှိသော ရုပ်ရည်နှင့် သန်းသန်း အား မမြင်တွေ့လိုသောကြောင့် ဖြစ်သည်။ သို့သော် သန်းသန်းအနေဖြင့်မူ ဖျာပုံသို့ ပြန်ရောက်ပါ လျက် ၎င်းအား အဆက်အသွယ်မလုပ်ဘဲ ဖြတ်တောက်ထားခြင်းအတွက် ကြီးစွာ စိတ်မကောင်းဖြစ်လျက် ရှိ နေပါ သည်။ ဤအကြောင်းကိုလည်း ကျွန်တော် မြို့ထဲသို့ ထွက်လာသည့်အခါတွင်မူ ကြားသိခဲ့ရခြင်းဖြစ်ပါ သည်။
“မောင်မင်းကြီး သား ပေါ်တော်မူလေး ဘယ်က ကြွလာသလဲတော်ရေ့”
“လုပ်ပြီ အမေကြူကလည်း လူဖြင့် ငှက်ဖျားမိလို့ သေတော့မယ်။ မကောင်းတာဖြင့် လာမမေးဘဲနဲ့ အရမ်း ကာရော ရှိနေတာ ပဲဗျာ”
“အလို-မြတ်စွာဘုရား၊ ရှင် မနေမကောင်းတာ ဘယ်သူက လာပြောလို့လဲ၊ ကျုပ်တို့ကို များ တော့် အမေ့ ဒေါ်ကြင်မြိုင် က ဖိနပ်ချွတ်တောင်အတက်ခံပါ့မလားရှင်”
“ကိုင်းဗျာ၊ ဒါတွေ ထားစမ်းပါ၊ ရော့ဒီစာ သန်းသန်းကို သွားပေးပါ။ နောက်ပြီး အမြန် စာပြန်ပါ လို့ပြော။ ရော့ ခေါင်းကိုက်ဆေးဖိုး တစ်ကျပ်”
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
ချစ်သူသန်းသန်း ထံမှ စာပြန်မလာပါ။ ကျွန်တော့်ရင်များ ဆူစပူစ ပြုခဲ့ပါပြီ။ သို့ကြောင့် အိမ်မှ အကြောင်း ရှာ၍ ဒေါ်ဒေါ်ကြူရှိရာ ရွာလယ်ကျောင်းဇရပ်ထဲသို့ လာခဲ့ပါသည်။ အခန့်သင့်ပင် ဒေါ်ဒေါ်ကြူ တစ်ယောက် ဆေးရိုးလှော်နေ သည်နှင့် တွေ့လိုက်ရပါသည်။
“ဘယ်လိုလဲ အမေကြူ၊ ပြန်စာမပေးလိုက်ဘူးလား”
“နိုး”
“ဘာနိုးလဲဗျ”
“ယက်စ်”
“ဘာ-ယက်စ်လဲဗျ။ နောက်မနေနဲ့ဗျာ။ သန်းဘာကြောင့် စာမပြန်တာလဲ။ ကျွန်တော့်ကို အဆက်ဖြတ်တာလား၊ ဒါပဲ သိချင်တယ်”
“ဟင်း-ဟင်း၊ ဒီမယ် မောင်ရင်၊ ဓနရှင်လေသံနဲ့ လာပြီး မခြိမ်းခြောက်နဲ့။ သခင်မ မငွေကြူတဲ့။ သခင် မြလှိုင် တို့ အဖွဲ့က ဟင်း-ဟင်း”
“လုပ်ပြီဗျာ။ အရေးထဲ အမေကြူကြီးက တမှောင့်”
“ကိုင်း ... ရွှေနားတော် ဆင်တော်မူပါဘုရာ့။ တော့် မဟေသီဒေ၀ီ လက်ဖျားမှာ ခူနာစွဲနေသဖြင့် စာလွှာများ မပါးနိုင်ကြောင်းပါဘုရာ့”
“ဒါဖြင့် ပါးစပ်က ဘာပြောလဲ”
“ဟင့်-ရှက်စရာကြီး၊ ဟီး-ဟီး”
“အိုဗျာ၊ အမေကြူ မြန်မြန်ပြောဗျာ”
“မောင်တော် နေကောင်းလားတဲ့၊ အဟွန့်”
“မနောက်နဲ့ဗျာ”
အမေကြူနှင့် စကားကောင်း ပြောခွင့်မရခဲ့ပေ။ ကျွန်တော့်ကို စကားကောင်းနေခိုက် သန်းသန်း၏ ဖခင်ဖြစ်သူ ဦးစစ်ရှိန် လာနေသည်ကို မြင်လိုက်ရသဖြင့် အမေကြူနှင့် စကားဆက်မပြောတော့ဘဲ တချိုးတည်း လစ်ခဲ့ ရလေသည်။
“ဟေ့ - မပြေးနဲ့၊ ဘယ်အိမ်က ထဘီသုတ်လာတာလဲ ဟိတ်”
ကျွန်တော်သည် အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ကေဘိုထိုင်လက်ပတ်ကိုပတ်၍ ခါးထောက် ရပ်နေ သော သကောင့်သား ကိုဝက်ကြီးကို တွေ့လိုက်ရပါတော့သည်။ ကျွန်တော်သည် ဦးစစ်ရှိန် ကို တွေ့လိုက်ရသဖြင့် ဇရပ်ဘေးပေါက်မှ ကျော်ထွက်လာခဲ့ပြီး နောက်ဖေးလမ်းကြားမှ တစ်ဆင့် လမ်းပေါ်သို့ တက်လာ ခဲ့ခြင်းဖြစ်ပါသည်။
“ဟာ-ကိုဝက်ကြီး၊ ဂျပန်လက်ပတ်ကြီးနဲ့ပါလား၊ ဟီး”
“ဒီမယ်-မြလှိုင်လေး၊ ဂျပန်လက်ပတ်တွေ ဘာတွေ လုပ်မနေနဲ့။ ဒီလက်ပတ်နဲ့ စားသာနေတာ ဘယ်လောက် ကြာပြီ မှတ်သလဲ၊ ဟင်း ဟင်း”
“ခင်ဗျား ဂျပန်အလိုတော်ရိပေါ့”
“ထပ်သရီး-အလိုတော်ရိ မဟုတ်ဘူးကွ၊ စားသာလို့ ၀င်ညာနေတာ ဟင်း ဟင်း၊ မင်းတို့က ငါ့ကို ဆေးဖော် ကြောဖက် မလုပ်တော့ လုပ်တဲ့ ဆီမှာ ၀င်ရောနေရတာပေါ့ကွာ။ ကိုင်း လာ ဒီတစ်ခါ မင်းကို ငါ လက်ဖက်ရည် တိုက်မယ်”
ကျွန်တော်သည် ကိုဝက်ကြီးနှင့်အတူ အမိုး လက်ဖက်ရည်ဆိုင်သို့ လာခဲ့သည်။ အမိုးမိန်းမ မသိန်းခင်သည် ကျွန်တော့်အား ယခင်ကကဲ့သို့ နင်ပဲငဆ မဆက်ဆံတော့ဘဲ ဖော်ရွေပျူငှာစွာ ဆက်ဆံသည်ကို တွေ့ရပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်သည် ယခင်က ကဲ့သို့ မျောက်ရှုံးအောင် ဆော့သော မောင်မောင် မဟုတ်တော့ ဘဲ မြို့ရွာအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စစ်ဘက်တို့တွင် လူကြီးတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည် မဟုတ် ပါလား။ ထို့ပြင် ကိုဝက်ကြီးသည်ပင်လျှင် ကေဘိုထိုင် လက်ပတ်ဖြင့် အာဏာပြပိုင်ခွင့်များ ရရှိနေသည် မဟုတ် ပါလော။ အခြေအနေများ ပြောင်းလဲခဲ့လေပြီတကား။
“ကိုင်း အမိုး... သကြားနဲ့ လက်ဖက်ရည် ၂ ခွက် မုန့်လည်း အစုံထည့်ခဲ့ကွသာ“
ကျွန်တော်သည် အပြောင်လည်းကြီး ပြောင်းလဲလျက်ရှိသော ကိုဝက်ကြီးကို ကြည့်၍ အံ့သြခြင်း မဖြစ်မိသော် လည်း ကိုအုန်းမောင်နှင့် ပြောဆိုလာခဲ့သော ဂျပန်တော်လှန်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ကိုဝက်ကြီးလို လူတစ်ယောက် ကို စည်းရုံးအသုံးချရန် စိတ်ထဲတွင် ဆုံးဖြတ်မိပါသည်။ အမှန်မှာ ကိုဝက်ကြီးသည် လူသော့ လူသွမ်း တစ်ယောက်ဟု လူအများက ထင်မှတ်ခဲ့ကြသော်လည်း တကယ်တမ်း အတွင်းသိ ဆက်ဆံကြည့်သော အခါ သူ၏ မူလဗီဇသည် နိုင်ငံနှင့် လူမျိုးကို ချစ်သောစိတ်နှင့် သစ္စာတော်သိသော စိတ်ထားရှိသူ တစ်ယောက်ဖြစ်ကြောင်း နယ်ချဲ့တော်လှန်ရေး ကာလက ကျွန်တော်သိခဲ့ပြီး ဖြစ်ပါသည်။
“ဒါနဲ့ ခင်ဗျား ကေဘိုထိုင် ဖြစ်လာခဲ့ပုံကလေး လင်းတော်မူပါဦးဗျ“
“အိမ်လိုက်ခဲ့။ မင်း ငါနဲ့ လန့်ခ်ျ ဟုတ်လား“
“ဘာဗျ.... လန်ခ်ျ ဟုတ်လား“
“အေးလေ နံနက်စာကို ဘရိတ်ဖတ်စ်၊ နေ့လယ်စာကို လန့်ခ်ျ၊ ညနေစာကို ဒင်နာ၊ ညစာကို ဆာပါ၊ မင်း ဘိုကျောင်းနေပြီး ဒါလောက်တော့ သိရမှာပေါ့ကွ။ ဟုတ်ဘူးလား“
“တော်စမ်းပါ၊ ဒါနဲ့ မခွေးမ တစ်ယေက် နောက်ထပ် တိုးလာသေးလား“
“အိပ်စပက်တင်းမင်“
“ဒီမယ် ခင်ဗျား ကျုပ်ကို ဘိုလိုကြီး မှုတ်နေပါလား၊ ဘယ်လိုဖြစ်နေတာလဲ၊ လုပ်စမ်းပါဦး၊ ဂျပန်လက်ထက် ဂျပန် လို ပြောမှပေါ့ဗျ“
ကျွန်တော်သည် အမိုးလာချပေးသော လက်ဖက်ရည်ကို သောက်ရင်း ကိုဝက်ကြီးကို အကဲခက်နေမိသည်။ ကိုဝက်ကြီး ၏ ပြောင်လည်းမှုကိုလည်း သိလိုလှပါသည်။ ကျွန်တော် ဘီအိုင်အေတပ်သို့ ဝင်ရောက်ခဲ့ပြီးသည့် ကာလ နောက်ပိုင်း မှစ၍ ကိုဝက်ကြီးနှင့် ကျွန်တော်တို့ ကွဲကွာခဲ့ရသည်။ ထိုစဉ်က ကိုဝက်ကြီး တစ်ယောက စစ်ထဲ သို့ ဝင်ရောက်လိုကြောင်း ကျွန်တော်အား အပူကပ်ဖူးပါသည်။ သို့သော် တစ်ကိုယ်လုံး ဝဲများဖြင့် ဖုံးလွှမ်း ၍ အရိုးပေါ် အရေတင်နေသော ကိုဝက်ကြီးတစ်ယောက် ဗမာ့လွတ်လပ်ရေး တပ်မတော်တို့ ဝင်ရောက်ခွင့် မရရှာခဲ့ ပါပေ။
“ဟ .... ကောင်ကြီး ဘာငိုင်နေတာလဲ၊ စောစောက မင်းနောက်ဖေးလမ်းကြားက ထွက်လာတာကို ကိုစစ်ရှိန် သမီး မင်း ငနဲလေး ရေချိုးတာ သွားချောင်းလာတာကွ၊ ဟတ်ဟတ်“
“မဟုတ်ဘူးဗျ။ ဒေါ်ဒေါ် ကြူကြီးဆီသွားပြီး ချိန်းခိုင်းတာ၊ အဘိုကြီးလာတာ တွေ့တာနဲ့ လစ်လာခဲ့တာ“
“ယောက်ခမုတ်ကြီးကို ကြောက်နေပြီလား။ အရင်ကတော့ မင်းကြောက်ရမဲ့လူ မမွေးသေးဘူးဆိုကွ။ ဟတ် ဟတ်“
“ကြောက်လို့တော့ မဟုတ်ဘူးဗျ၊ ကျွန်တော်နဲ့ ဒေါ်ဒေါ်ကြူ အဆက်အသွယ်ရှိတာ သိရင် အဘွားကြီးကို အိမ်အလာခံ မှာ မဟုတ်ဘူး။ ခု ဒေါ်ကြူကြူ အဆက်အသွယ် လုပ်ပေးနေလို့ ချိန်းလို့ရနေတာ။ မဟုတ်ရင် ဒုက္ခပေါ့“
“အင်း... မြလှိုင် တစ်ယောက် သနားစရာပါပဲလားနော်.... “
ကိုဝက်ကြီး၏ အိမ်သည် ယခင်အတိုင်း ပြောင်းလဲခြင်း မရှိသော်လည်း၎င်း၏ မိသားစုအနေဖြင့်မူ ယခင်ကကဲ့သို့ ငတ်ငတ်ပြတ်ပြတ် မဟုတ်ဘဲ ထမင်းနပ်မှန်၍ အ၀တ်အစားကလေးများပင် သင့်တင့်စွာ ၀တ်စားနိုင်သည် ကို တွေ့ရပါသည်။ ကိုဝက်ကြီး၏ ပြောပြချက်များအရ ကျွန်တော်တို့ တပ်မတော်ထဲသို့ ၀င်ရောက်ပြီး သည့်နောက် ဂျပန်စစ်သားများ ဘိလိယက်ခုံပေါ်သို့ တက်လာပြီး ဘိလိယက်ထိုးသူများနှင့်တကွ ရှိရှိသမျှ အားလုံးကို ဖမ်းဆီးခဲပြီး ဟေးဟိုးတပ်ထဲသို့ထည့်ခဲ့ကြောင်း၊ ဟေးဟိုးတပ်ဆိုသည်မှာ အလုပ်ကြမ်း လုပ်ကြရသော ကူလီတပ်ဖြစ်ကြောင်း။ ၎င်းတို့အား ဖမ်းဆီးပြီး ဖျာပုံမှ သင်္ဘောဖြင့်တင်၍ ရန်ကုန်သို့ပို့ရာ သလိပ်ကြီး ရွာနားသို့ အရောက်တွင် ဂျပန်များအလစ် ရေထဲသို့ ခုန်ချ ထွက်ပြေးခဲ့ရာ အချို့ဂပန်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးကြပြီး ကိုဝက်ကြီး တစ်ယောက်သာ လျှင် လွတ်မြောက် ခဲ့လေသည်။ ထိုအချိန်မှစ၍ ဖျာပုံမြို့တွင် ဂျပန်များနှင့် ရင်းနှီး ပူးပေါင်း ဆောင်ရွက်လျက်ရှိ သော ကေဘိုထိုင် ခေါင်းဆောင် ဦးမြရီတိုပထံ ချဉ်းကပ်လျက် ကေဘိုထိုင် စစ်သား အဖြစ် ၀င်ရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
“ကိုမြလှိုင်ကြီး ပိန်လှချည်လား”
“ငှက်ဖျား ဖျားနေတာ မသေရုံတမယ်ပဲ မခွေးမရေ ...”
“ဟိတ် ခွေးမ၊ မင်းလက်ရာ ဟင်းခါးပူပူလေးနဲ့ ရှောက်သီးသုပ်ကလေးသုပ်ကွာ၊ ငါ့ကောင် တော်တော် ချည့်ချည့် နဲ့နဲ့ ဖြစ်နေတယ်”
“တော်ပါပြီဗျာ၊ ရှိတာနဲ့ စားပါမယ်”
“ဟ-ဘယ်ဟုတ်မလဲ၊ မင်းကျွေးခဲ့တဲ့ ထမင်းတွေ တို့လင်မယားနှစ်ယောက် လည်ပင်းမှာ ခုထိ အတောင့် သား မဟုတ်လားကွ။ ဟေ့ ခွေးမ ရှောက်သီးသုပ်ကွာ”
ထိုနေ့က ကိုဝက်ကြီး၏ ထမင်းပွဲကလေးမှာ စိုပြည်ဖွယ်ရာ ရှိလှပါသည်။ ကျွန်တော်တို့သည် ငယ်ရွယ်၍ အတွေ့ အကြုံနည်းပါးသူ ဖြစ်ခြင်းတို့ကြောင့် လောက၏ နိမ့်တုံမြင့်တုံ သဘောကို ကောင်းစွာ မငုံမိပါချေ။ ယခု ကိုဝက်ကြိး ၏ အလှည့်အပြောင်းကလေးကို ကျွန်တော် မြင်တွေ့ရသောအခါ လူတစ်ဦး၏ ဘ၀ဆိုသည်မှာ တသမတ် တည်း ရပ်တည်မနေဘဲ အစဉ်သဖြင့် တိုးတက်ပြောင်းလဲလျက် ရှိနေကြောင်း သဘောပေါက် မိပါတော့သည်။
“ကိုဝက်ကြီး ... ဂျပန်စစ်သားတွေ၊ သိပ်ဆိုးတယ် ဆိုတာ ဟုတ်လားဗျ”
“အမေ မွေးထဲ က ခုလောက် ရက်စက်ရိုင်းစိုင်းတာ ငါမတွေ့သေးဘူးကွ”
“ကျွန်တော် ရန်ကုန် ရွှေတိဂုံ ခြေရင်းမှာတုန်းက တစ်ခါ၊ ရန်ကုန်ဘူတာကြီးမှာ တစ်ခါ၊ ဒီကောင်တွေ နဲ့ ဆော်ခဲ့ရသေးတယ်ဗျ။ ကျွန်တော်တို့ဘက်ကလည်း တော်တော်အီသွားတယ်။ ကိုသောင်းအိဆိုရင် ဆေး အတော် ကုယူရတယ်”
“ငါကတော့ အစားရချောင်လို့ ၀င်လုပ်နေတာပါ မြလှိုင်ရာ”
“တစ်ခုတော့ ရှိတယ်ဗျ၊ အခွင့်အာဏာ ရတာကို အကာအကွယ်ယူပြီး တောသူတောင်သား ဆင်းရဲသားတွေ ကိုတော့ မနှိပ်စက်ပါနဲ့ဗျာ၊ သူတို့တွေက အနှိပ်စက် အညှင်းဆခံဘ၀ သက်သက် ဖြစ်နေကြတာဆိုတော့ ကျုပ်တို့ လက်ထက် မှာ ဒါမျိုးတွေ ရှောင်ရမယ်ဗျ”
ကိုဝက်ကြီး၏ မျက်နှာသည် ရုတ်ချည်း ပြောင်းလဲသွားခ့ပါသည်။ ကျွန်တော်သည် ဂျပန်စစ်တပ်များနှင့် ကပ်၍ လက်ညှိုးထိုးနေ သူများ ဖြစ်သော ပုဆိန်ရိုးများကို တွေ့ဖူးကြုံဖူးခဲ့သူဖြစ်ပါသည်။ ကြက်တူရွေးက တော်တော် မယ်တော် က ကဲကဲ”ဆိုသည့် စကားပုံကဲ့သို့ မသိနားမလည်သော ဂျပန်စစ်သားများကို ၎င်း ကပ်ပါးမြန်မာ ပုဆိန်ရိုးများကပင် ရှေ့ဆောင်လမ်း၍ အနိုင်ကျင့်စေခြင်းများဖြစ်ပါသည်။ ယခု ကိုဝက်ကြီး သည် ကေဘိုထိုင် တည်း ဟူသော ဂျပန်စစ်တပ်မှ ကာကွယ်ရေး တပ်ဖွဲ့သို့ဝင်၍ မြို့ရွာလုံခြုရေးအတွက် ကင်းစောင့်ခြင်း၊ ရှာဖွေခြင်းစသည့် အလုပ်များကို လုပ်ကိုင်ရလေသည်။ ထိုအခါ ၎င်းတို့၏လုပ်ပိုင်ခွင့် ကလေးများ နောက်ကွယ်မှ မသိ နားမလည်သူများ အပေါ် အာဏာပြနိုင်ခြင်း၊ ငွေညှစ်နိုင်ခြင်း၊ အဓမ္မပြုနိုင် ခြင်းတည်းဟူသော မကောင်းမှု တို့သည် ကပ်၍ ပါလာပါတော့သည်။ အမှန်က ကိုဝက်ကြီးသည် ၎င်း၏ ဘ၀မလုံခြုံမှုကို အခြေခံ၍ အနေရ အစားရ ချောင်သော ယင်းအလုပ်ကို ၀င်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါ သည်။
ကျွန်တော် သည် လက်ရှိအခြေအနေမျးကို ငုံ၍ ကောက်ချက်ချနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်နှင့် ကိုဝက်ကြီး တို့နှစ်ဦးမှာ ငယ်ပေါင်းများဖြစ်ကြသည်။
ထို့အတူ ဖျာပုံမြို့သူမြို့သားများကလည်း ကိုဝက်ကြီး၏ ဘ၀အစမှသည် ယနေ့အထိတိုင်အောင် အစင်းသိ အတွင်းသိ များ ဖြစ်ပါသည်။ သို့သော် ကိုဝက်ကြီးကို အပြစ်မဆိုသာပါ။ လူသားတစ်ဦးဆိုသည်မှာ မိမိဘ၀ ရပ်တည်ရေးအတွက် လှုပ်ရှားရုန်းကန် နေရသော သတ္တ၀ါပင် မဟုတ်ပါလား။
“မြလှိုင်၊ ငါ့စိတ်ရင်း မင်းအသိပဲလေ။ ဒါပေမယ့် ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံရှိတယ် မဟုတ်လား။ ငါ့ဘ၀ မှာ လူရယ်လို့ ဖြစ်လာထဲက ဆန်တစ်ပြည်ပြည့်အောင် အိုးထဲမှာ ၀ယ်ပြီး ထည့် မထား နိုင်ဘူး။ တစ်နေ့တာ အလုပ်ကို လုပ်ပြန်တော့လည်း ငါးမူးလောက် ရဖို့အတွက် တစ်နေ့လုံး ဘိလိယက် ခုံပေါ်မှာ ကျူတံကို ကိုင်ပြီး ခြေထောက်က သွေးကျတဲ့အထိ ရပ်နေရတယ်”
“ကျုပ်ပြောတာ ခင်ဗျား ချမ်းသာတာ မကြည့်နိုင်လို့ မဟုတ်ဘူး။ ဂျပန်စစ်သားဘေးကနေပြီး ကျုပ်တို့ရဲ့ ဆင်းရဲသားတွေ ကို မနှိပ်စက်ဖို့ပြောတာပါ။ ခင်ဗျားဟာ ခင်ဗျား သူဌေးသူကြွယ်ဖြစ်တာကို မဆိုလိုပါဘူးဗျာ။ တကယ်က ဂျပန်စစ်သားတွေ ကို ဖျက်တာ ကျုပ်တို့ရဲ့ မြန်မာလူမျိုး တစ်ကိုယ်ကောင်းသမားတွေပဲမဟုတ် လား။ “ဘုရားလိုဏ်ခေါင်းအောင်း ၍ မာန်သွေးဟောင်သည့်ခွေး” ဆိုတာကို ပြောတာပါ”
“ငါပြောတာ ဆုံးအောင် နားထောင်ပါဦး မြလှိုင်ရာ၊ ငါ့ဘ၀ဟာ မြေကြီးနဲ့ကပ်နေတဲ့ အနိမ်ဆုံးအလွှာပါ။ ငါကိုယ်တိုင် အဖိနှိပ်အညှင်းဆဲ ခံရသူပါ။ ဒါပေမယ့် ငါ အသက်ရှင်နေနိုင်ဖို့၊ ထမင်းနပ်မှန်အောင် ရှာဖွေစားဖို့ ကြိုးစားရာ မှာတော့ မအောင်မြင်ခဲ့ဘူး၊ ဒါကြောင့် ငါဟာ ဒီကေဘိုထိုင်ဆိုတဲ့ အထဲဝင်တယ်။ ၀င် ခ့ပြန်တော့ လည်း ဒီပုဆိုးဝတ်၊ ဒီချေးပါ ဆိုသလို လုပ်မိတော့တာပဲကွာ။ ဒီတော့ မင်း ငါ့ကို ဘာလုပ်စေချင် သလဲ”
“နေဦးဗျာ ... ကျွန်တော် စဉ်းစားပြီး ပြောမယ်”
“ဒီမယ် မြလှိုင်၊ မင်းကို ငါ ကတိတစ်ခုပေးမယ်၊ မင်းခိုင်းတာ ငါလုပ်မယ်၊ ဒါပဲ”
“တကယ်လား”
“ရော ခက်ပါရောလား။ နှစ်ကယ်၊ ဒီမှာ မင်းအပေါ်မှာ သစ္စာအရှိဆုံးတပည့် ၀က်ကြီးဆိုတာ မှတ်ထား”
“ဒီလိုဆို ကျွန်တော်သွားမယ်”
“နေဦး မင်းကို သတင်းပေးရဦးမယ်”
“ပြော ... ဘာလဲ”
“မင်း အနံ့ခံ သက်သက်၊ မစပ်တစပ် လက်ပတ်စော်နံတဲ့ သန်းကြည်၊ ဂျပန်ကတော် ဖြစ်သွားပြီကွ”
“နောက်ကြောင်းလဲ ပြောပါဦး”
“ခွေးမသား၊ ဒါမျိုးဆို ထမင်းမေ့ ဟင်းမေ့ပါလား။ ငါနဲ့ တူလိုက်တာ ဟားဟား”
သန်းကြည် သည် ရုပ်ချောသည်။ ကိုယ်လုံးကိုယ်ထည် တောင့်သည်။ အသားဖြူသည်။ ဆံပင်ကလေးများ လှိုင်း ထကောက် ကွေးကွေးနေသည်။ ခြေသလုံးကြီးသည်။ အစ်ကို ကာလသားတို့ မျက်စိကျသည်။ သန်းကြည် အပျိုပေါက် ဖြစ်လာသောအခါ ပျိုလေးတို့အိမ်ဦး ဆပ်သွားဖူးတစ်ရုံကို ကျေးတွေအုံတော့သည်။ ၎င်းကျေး များထဲတွင် ၀က်ကြီးဆိုသော ၀ဲစားတစ်ကောင်လည်းပါသည်။ ထိုကျေးတစ်သိုက် အလယ်တွင် ဘိုကေကို ပိအောင်ဖြီး ၍ ပိုလိုစီးကရက်ကို ပါးစပ်တွင် ခဲနိုင်သော လှအောင်ဆိုသူ လူတစ်ယောက်က ၀က်ကြီးလက်မှ သန်းကြည်ကို စွေ့ကနဲနေအောင် သုတ်၍ ပြေးလေသည်။
လှအောင်လက်ထဲတွင် သန်းကြည် လောကငရဲရောက်တော့သည်။ ထိုရောအါ သန်းကြည်တစ်ယောက် တစ်ခုလပ်ဘ၀ဖြင့် မိခင် ထံပြန်၍ အလုပ်ဟောင်းဖြစ်သော လက်သုပ်စုံကို ပြန်၍ရောင်းပါလေသည်။ တစ်ုလပ် ပန်တော်ကျဖြစ်ခဲ့သော သန်းကြည်ကိုအတည်ယူမည့်သူ မပေါ်ခဲ့ဘဲ၊ အငယ်အနှောင်းအဖြစ် သဘောထား၍ ရွှေကြိုများအောင်သွယ်များနှင့် တရုတ်ကုလားတို့က ဆွယ်ကြသည်။ သို့သော် သန်ားကည်ကြံ့ကြံ့ခံနိုင်ခဲ့ သည်။ ယခုမူ သန်းကြည်အား ဖျာပုံမြို့၏ အာဏာရှင်တစ်ဦးဖြစ်သော ကေဘိုထိုင် အကြီးအကဲဖြစ်သူ မော်နီတာ ဆိုသူက ကောက်ယူသိမ်းပိုက်၍ ဂျပန်ကတော်အဖြစ် မြှောက်ခဲ့လေသည်။
“ဒါ ဘာဆန်းသလဲဗျာ။ လောကမှာ အာဏာ၊ ငွေ ရှိပြီဆိုမှပဲ လုပ်လို့ရပြီပေါ့။ သန်းကြည်ကို အပြစ်မဆိုသာ ပါဘူး”
“မင်း ဖီလော်ဆော်ဖေ ဘယ်မှာ ဆိုးလို့လဲ။ ဒါပေမယ့် ... ”
“ပြောပါဦး ... ဘာလဲ၊ ဒါပေမယ့် ဆိုတာက”
“သန်းကြည်က မင်းကို ညွှတ်တယ်ကွ”
“စကားကောင်း ပြောစမ်းပါ ကိုဝက်ကြီးရာ၊ သူတစ်ခုလပ် ဘ၀တုန်းကမှ ကျွန်တော် ရှောင်နိုင်ခဲ့သေးတာ။ ခုလို ဂျပန် ကတော်ဖြစ်မှ သာလို့ဝေးသေးတယ် ကာမေသုမိစ္ဆာကို ကြောက်တယ်ဗျ”
“ရွတ် ...၊ မင်းတို့ ဂျပန်တွေ သတင်းကို သန်းကြည်ကသာ တကယ်ပေးနိုင်မှာကွ”
ကျွန်တော့် ရင်ထဲတွင် လက်ခနဲ မီးပွားလေးတစ်ခု ပွားသွားပါသည်။ ကိုဝက်ကြီး အစဖော်ပေးလိုက်ခြင်းနှင့် ဆက်၍ ကိုအုန်းမောင် ပြောသော ဂျပန်တော်လှန်ရေးကိစ္စကို သန်းကြည်အား အသုံးချရလျှင် အကောင်း ဆုံးဖြစ်ပေလိမ့်မည်ဟု ကျွန်တော် သဘောပေါက်ခဲ့ပါသည်။ နိုင်ငံရေးကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်အနေ ဖြင့် ကိုဝက်ကြီးကို တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိငြားသော်လည်း ကျွန်တော်တို့ လူသိုက်သည် ဂျပန်များ အပေါ် လိုလားမှု မရှိကြောင်း အကင်းပါးလှသော ကိုဝက်ကြီးက သိနေခြင်းဖြစ်ပါသည်။
“သန်းကြည်နဲ့ တွေ့ချင်တယ်ဗျာ”
“ဒီမယ် ကိုဝက်ကြီး၊ ရှင် ကိုမြလှိုင်ကို မြှောက်ပေးမနေနဲ့နော်။ တော်တော်ကြာ ဂျပန်စစ်ဗိုလ်နဲ့ ကိစ္စများနေဦးမယ်”
“ရှင်မ ... အေးအေးနေစမ်း”
“ဘာအေးအေးနေလဲ။ ရှင် မကြီးမငယ်နဲ့ ကလေးကလား...”
“အလကား ပြောတာပါ မခွေးမရာ၊ ကိုင်း ... ကျွန်တော်သွားမယ်”
ချစ်သူ၏ ရင်ခွင်၌ နားနေရခြင်း၏ သုခ။
ဒေါ်ဒေါ်ကြူ၏ စီစဉ်ပေးချက်အရ ကျွန်တော်နှင့် ချစ်သူသန်းသန်းတို့နှစ်ယောက် သန်းသန်း၏ အဒေါ်အိမ် တွင်ချိန်း၍တွေ့ကြပါသည်။ ကောင်းမွန်သော ဆေးဝါးနှင့် အာဟာရတို့ကို အချိန်မီ မှီဝဲရခြင်းကြောင့် ပြန် လည်ဖွံ့ဖြိုးလာသော ကျွန်တော်သည် လူနုလူပျော့ကလေး ဘ၀သို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ ချစ် သူနှင့် မျက်နှာခြင်းဆိုင်ရသောအခါ နှစ်ဦးသား ပြောစရာစကားကို အစရှာမရခဲ့။
“နေကောင်းသွားပြီလား ...”
“အင်း ...”
“အင်း ... ဟင့်အင်း...”
သန်းသန်းက ရယ်သည်။ အင်းနှင့် ဟင့်အင်းသည် မည်သည်က အမှန်ဖြစ်ကြောင်း သူ့မျက်လုံး များ က မေးခွန်းများဖြင့် မေးလေသည်။ စင်စစ်ကျွန်တော် ကိုယ်တိုင်လည်း အင်း ဟူသော စကားလော၊ ဟင့်အင်း ဟူသောစကားလော ... ဆိုသည်၏ အဖြေကို မသဲကွဲလှပါ။
“စစ်ထဲကို ပြန်ဝင်မယ်ပေါ့နော်”
“အင်း ... ၀င်ချင်တယ်၊ ဒါပေမယ့် အခြေအနေက မပေးရင် ၀င်ချင်ပေမယ့် ၀င်လို့ မရပါဘူး ...”
“မ၀င်ပါနဲ့လား ...”
“သန်းက မ၀င်စေချင်ဘူးလား ...”
သန်းသန်းက စကားပြန်မပေးဘဲ ခေါင်းညိတ်၍ အဖြေပေးပါသည်။ ကျွန်တော် ပျဉ်းမနား မှ ပြန်၍ လာခဲ့ရပြီး နောက် ကျန်းမာရေးကြောင့် ဗမာ့ကာကွယ်ရေး တပ်မတော်သို့ မ၀င်ခဲ့ရခြင်းအတွက် တနုံ့နုံ့ ခံစားခဲ့ ရပါသည်။ ကျွန်တော်သည် ရန်သူကို လက်နက်စွဲကိုင် တိုက်ခိုက်လိုသော စိတ်က ပြင်းထန်သည်နှင့်အမျှ အခြေအနေ မပေးသော မိမိဘ၀အတွက် ရင်နာခဲ့ရပါသည်။ ကြိတ်၍ ငိုခဲ့ရပါသည်။ ကျွန်တော် ဤကဲ့သို့ အလိုမကျ ၍ ငိုသည့်အခါတိုင်း မိခင်ကြီးက ကျွန်တော် တစ်ယောက် ငှက်ဖျားဝေဒနာကို အလူးအလဲ ခံစားရသည် ဟု ထင်မှတ်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရပါသည်။ ကျွန်တော့်အား အရိပ်ကြည့်၍ ပိုးမွေး သလို ကျွေးမွေး ပြုစုခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်ယခုကဲ့သို့ နာလန်ပြန်၍ ထူထောင်လာနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော်စစ်ထဲသို့ ပြန်လည် ၀င်ရောက်ခြင်းအတွက် မိခင်ကြီးကလည်း သဘောမတူ။ ယခု ချစ်သူ သန်းသန်း ကလည်း တားမြစ်လာပြန်ပါသည်။ ကျွန်တော်၏ စိတ်ဒွိဟသည် လမ်းစုံသို့ ရောက်သည့်နှယ် ရှိဘိသည်။ ထို့ပြင် ... ကိုအုန်းမောင်က စစ်ထဲပြန်မ၀င်ဘဲ ဖက်စစ်တော်လှန်ရေး ဆင်နွှဲရန် ကျွန်တော့်အား တစ်ဖက်မှ သိမ်းသွင်း လျက်ရှိပါသည်။
“မ၀င်ရင် ... သန်း ကိုယ်နဲ့ အတူနေမလား”
“အတူနေဖို့ အစီအစဉ်ရှိသလား ...”
သန်းသန်း၏ အမေးကို ကျွန်တော် မဖြေနိုင်တော့ပေ။ အမှန်ကို ၀န်ခံရပါမူ ကျွန်တော့်တွင် အတူနေထိုင်ရန် နှင့် အိမ်ထောင်တစ်အိမ်ထောင်အဖြစ် တည်ဆောက်ရန် မည်သည့်အစီအစဉ်မျှမရှိပေ။ သို့တစေ၊ ငယ်ရွယ် သူပီပီ နောင်ခါလာ နောင်ခါဈေး၊ မိမိအပေါ်တွင် ချစ်ခင်ရင်းစွဲရှိသော မိခင် အနေဖြင့် သန်းသန်းကို ဇွတ်နှစ်၍ ယူလိုက်သည့်တိုင်အောင် ပစ်ပယ်ထားလိမ့်မည် မဟုတ်ဟု ယုံကြည်ရင်းစွဲကလည်း ရှိထားပါ သည်။ သို့ကြောင့်လည်း နောင်ရေးကိုမစဉ်းစားဘဲ ယခုကဲ့သို့ အတူနေမလာုး မေးခြင်းဖြစ်ပါသည်။ အကယ်၍ သန်းသန်း ကိုယ်တိုင်က ကျွန်တော်၏ စိတ်ဆန္ဒကို လိုက်လျော၍ အတူနေပါတော့မည်”ဟု ဆိုလာသည် တိုင်အောင် ကျွန်တော်တို့ အတူနေရေးအတွက် အစီအစဉ်လုပ်ရပေဦးမည်သာဖြစ်ပါသည်။
“အတူနေပြီးမှ စီစဉ်တာပေါ့”
“အို ... မောင်ကလည်း အိမ်ထောင်ပြုတယ်ဆိုတာ စဉ်းစားဦးမှပေါ့”
“ဒါဖြင့် ...”
“မောင် စီစဉ်ပါ၊ အဆင်သင့်ဖြစ်ရင်ပြောပါ၊ မောင်နဲ့ လိုက်ခဲ့မယ်ပေါ့”
“တကယ် ... သန်း ကတိပေးသလား ...”
သန်းသန်း က ထပ်၍ မဖြေ။ ရွှန်းလဲ့သော မျက်လုံးရွှဲရွဲကို ဝေ့၀ိုက်၍ ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော် သည် သန်းသန်း ၏ လက်ကို ဆုပ်နယ်လိုက်သည်။ နဖူးပြင်ပေါ်သို့ အနမ်းမိုးများ သွန်းလောင်းလိုက်ပါသည်။
ရှုမ၀၊ တွဲ ၃၅၊ မှတ် ၄၁၅ သြဂုတ် ၁၉၈၁။
.

No comments:
Post a Comment