ကျွန်မလည်း စိတ်ကူးယဉ်ခြင်းကို အခြေခံပြုပြီး ကြိုးစားအားထုတ်လိုက်တာ ကုသိုလ်ကံက လည်း အထောက်အကူပြု တာလည်း တစ်ကြောင်း၊ မိတ်ကောင်းဆွေကောင်တွေရဲ့ ကျေး ဇူးတရားနဲ့ အကူအညီ ကိုလည်း ထူးထူးခြားခြားရတာမို့ ကံကောင်းခြင်းလို့ ဆိုရမှာပါပဲ။ အဲဒီနေ့ဟာ ကင်မရာ ကိုင်ရတော့ မယ် "ခန့်ခန့်ကြီး"ဆိုတဲ့ အမျိုးသမီး ဓာတ်ပုံဆရာမ ဘ၀ကိုရောက်ဖို့ လမ်းမပေါ် ကို ခြေတစ်လှမ်း စပြီး ချရခြင်းလို့လည်း ပြောရမယ်ထင်ပါရဲ့။ ကို ဆက်ဖတ်ရန် ...
အပိုင်း(၁၉)
ဘယ်အရာမဆို ဖြစ်လာဖို့က အချိန်အတိုင်းအတာနဲ့ ရင်းကြစမြဲပါ။ ကလေးတစ်ယောက် မွေးဖို့ မိခင်ခမျာ ကိုးလကြီး များတောင် ၀မ်းနဲ့လွယ်ထားကြရတာနော်။ လူကြီးတစ် ယောက်ဖြစ်ဖို့လည်း ကလေးဘ၀ ကနေ နှစ်ပေါင်းနှစ်ဆယ် စောင့်ကြရတာ မဟုတ်လား။ အဲဒီလိုပဲ ဂီတပညာရှင်ဖြစ်ဖို့၊ ပန်းပုဆရာဖြစ်ဖို့ ပညာနဲ့ ပတ်သက်ပြီး အလေ့အကျင့် ရဖို့ အချိန်များစွာ ပေးကြရပါတယ်။ လိုအပ်တဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်း တက်ပြီးမှ အောင်မြင်မှု အထွက်အထိပ်ကို ရောက်ကြတာပါပဲ။
ကျွန်မအဖြစ် ကတော့ သူများတကာလို လှေကားကိုတစ်ထစ်ချင်း တက်တာ မဟုတ်ဘဲ ခြေကျိုးနေ ပါလျက် နဲ့ တောင်ပေါ်ကို ရောက်ချင်တဲ့ ဇောကပ်ပြီး ချိုင်းထောက်နဲ့ အပြေး တက်တာမျိုးဆိုတော့ စိတ်လည်းမော၊ လူလည်းမောပေါ့။
ဓာတ်ပုံပညာ အနေနဲ့ ဆိုင်ကြီးတစ်ဆိုင်လုံး တက်ဖွင့်နိုင်လောက်အောင် အရည်အချင်း ပြည့်မီတာလည်း မဟုတ်။ ဒါဖြင့် စီးပွားရေးတစ်ခု မတည်ဖို့ငွေကြေးကရော ပြည့်စုံရဲ့လား မေးပါဦး။ ပိုက်ဆံတစ်ပဲနဲ့ ငါးကြင်းခေါင်း တက်ကိုင်ရုံမကဘဲ အပိုင်ဈေးခြင်းထဲ ထည့်တာ မျိုးလေး။
"ယုံကြည်မှု ပြင်း ထန်ရင် ကြေက်စိတ် ပျောက်စေတယ်"ဆိုတဲ့ စကားဟာအမှန်ပါပဲ။ ငယ်ရွယ်တုန်းက ဆိုတော့ လည်း ကျိုးကြောင်းဆက်စပ်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခက် အခဲတွေကို မတွေးတက်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်ခုတည်းနဲ့ သတ္တိကလည်း ရှိလေတယ်ပေါ့။
"မဟေသီ" မဂ္ဂဇင်းမှာ "ကင်မရာကိုင်ခဲ့ရသော ကျွန်မဘ၀"အခန်းဆက် ဆောင်းပါးရေးစဉ် က အသေးစိတ် ဖော်ပြခဲ့ပြီးဖြစ်လို့ အတိုချုံးပြီးပဲ ပြောပါရစေတော့။ အဲဒီမဖြစ်စလောက် ငွေနဲ့ပဲ ဓာတ်ပုံဆိုင်ဖြစ်ဖို့ ကျွန်မ အကြီးအကျယ် လုံးပန်းရတော့တာပဲ။ ကင်မရာတွေ၊ အင်လာဂျာတွေစတဲ့ လိုအပ်တဲ့ပစ္စည်းတွေ ရှာဖို့ဝယ် ဖို့ "ကျော်"ဓာတ်ပုံဆိုင်ပိုင်ရှင် ကိုကျော်က အစစ ကူညီပေးပါတယ်။
တချို့လည်း ငွေကြေးပေး၊ တချို့လည်း စရန်ပေးပြီး အရစ်ကျဆပ်စနစ်နဲ့ အကြွေးဝယ်၊ တစ်သက်နဲ့တစ်ကိုယ် တစ်ခါ မှ အကြွေးမတင်ဖူး တဲ့ ကျွန်မ ကြွေးပတ်လည်ဝိုင်းနေပါလေ ရော။ စစ်ကြီးပြီးခါစပဲ ရှိသေးတာမို့ အဲဒီအချိန် က မန္တလေးမှာ နေ့ခင်းအချိန် လျှပ်စစ်မီး မရပါဘူး။ ဓာတ်ပုံဆိုတာက အလင်းရောင်နဲ့မှ ရိုက်လို့ဖြစ်တာ ဆိုတော့ နေရောင်ရအောင်၊ အိမ်ခေါင်မိုးက မိုးထားတဲ့ သွပ်ပြားတချို့ကို ခွာပြီး မှန်တွေ တပ် ရပါတယ်။
ဒါမျိုးတွေလည်း ကျွန်မဘယ်နားလည်လိမ့်မလဲ။ အားလုံးကို ကိုကျော်က စီမံခန့်ခွဲပြီး ဒါတွေ ဒါတွေလုပ်ဆိုပြီး ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ရတာပေါ့။ ဒီလိုနဲ့ ဓာတ်ပုံဆိုင်တစ် ခုရုပ်လုံးပေါ်လာပါတယ်။ အပေါ်ထပ်မှာ စတူဒီယို နဲ့ အလှပြုပြင်ခန်းက တစ်ခု၊ အောက် ထပ်မှာ ရုံးခန်း၊ ဧည့်ခန်း နဲ့ နောက်ဘက် မှာ မှောင်ခန်းကတစ်ခု၊ မှောင်ခန်းကလည်း လျှပ်စစ်မီးက မရှိတော့ဓာတ်ပုံကူးဖို့ အပြင်က နေရောင် ကိုယူပြီး ရောင်ပြန်ဟပ်ဖို့ မှန်တွေကို ထောင်ရသေးတာနော်။ ဓာတ်ပုံအရောင်တင်တဲ့စက် ဆိုတာလည်း ဘယ်ရှိ ပါ့ မလဲ။ မှန်တစ်ချပ်ကို ပြောင်စင်နေအောင် ရေဆေးပြီးမှ အရောင်တင်ဆေးမှာ ဓာတ်ပုံကို စိမ်၊ မှန်ချပ်ပေါ်မှာ လက်နဲ့ လိုက်စီပြီးကပ်၊ တလိမ့်တုံးနဲ့ ရေစင်အောင် အပေါ်ကဖိလှိမ့်ပြီး မှနေပူပူမှာ သွားထောင် ထား၊ ခြောက်တဲ့အခါ ကျအလိုလို တဖတ်ဖတ်နဲ့ ကွာကျလာတဲ့ပုံ တွေ သွားကောက်ယူရတာမျိုး။
သူ့အချိန်သူ့အခါ သူ့နည်းသူ့ဟန်နဲ့တော့ ဟုတ်လို့ပါ။ ဓာတ်ပုံဆိုင် ရုပ်လုံးပေါ်လာတဲ့ အချိန်ထိ ဆိုင်နာမည် ကို စဉ်းစားထားတဲ့အထဲက ဘယ်ဟာကို ရွေးရမယ်ဆိုတာ မတွေး တတ်အောင် စိတ်ပန်းလူပန်းဖြစ်နေပါတယ်။ ကိုကြီး ကတော့ သူပေးလိုက်တဲ့ငွေနဲ့ ကျွန်မ ဓာတ်ပုံဆိုင်ဖွင့်တမ်း ကစားနေတယ်လို့ ပေါ့ပေါ့မြင်တယ် ထင်ပါ ရဲ့။ စိတ်ဝင်စား ပုံ မပြပါ ဘူး။
တစ်နေ့မှာ ကိုကြီးရဲ့သူငယ်ချင်း စက်ရှင်မင်းကြီး ဦးစံဒွန်းက အလည်ရောက်လာပါရော။ အန်ကယ်ဦးစံဒွန်း က ပျော် တတ်ပါတယ်။ အမြဲတမ်း အရွှတ်အနောက်တွေ ပြောပြီး ကျွန်မ ကိုလည်းလာတိုင်း ကလေး တစ်ယောက် လို စတတ် နောက်တတ်တာမို့...
"ဟေ့.....ခင်မကြီး ဓာတ်ပုံဆိုင်ဖွင့်ပွဲ ဘယ်တော့ လုပ်မှာလဲ၊ ဘာကျွေးမှာလဲ"နဲ့ မေးပါ တယ်။ သူများတကာ လို ငွေရေင်းငွေနှီးတောင့်တောင့်တင်းတင်း နဲ့ စလုပ်ရတဲ့ စီးပွားရေး မျိုးမှမဟုတ်တာ။ ဖွင့်ပွဲလုပ်ဖို့ ဝေးလို့ အလုပ်သမား ငှားဖို့ လက်ထဲမှာ ငွေပိုတစ်ပြားမှ မရှိ ပါဘူး။ မရှိမဖြစ်တဲ့ ပုံဆေး၊ ပုံကူး၊ မှောင်ခန်း အလုပ်သမား တစ်ဦးက လွဲပြီး ကျန်တဲ့အလုပ် သမားအားလုံးက ကိုယ့်စရိတ်နဲ့ကိုယ် လာပြီး လုပ်အားပေးကြမဲ့ သူငယ်ချင်းတွေလေ။
ကျွန်မရဲ့ အခြေအနေကိုပြောပြတော့ အန်ကယ်ဦးစံဒွန်း တော်တော်မျက်လုံးပြူးသွားပါ တယ်။
"ဟေ့... ကိုအောင်ခန့်၊ မင်းမိန်းမ လုပ်အားပေးတွေနဲ့ ဓာတ်ပုံဆိုင်ဖွင့်မှာတဲ့၊ ဖြစ်ပါ့မလား၊ ကြည့်လည်း လုပ်ပါဦးနော်" တဲ့။
ကိုကြီး ကို လှမ်းတိုင်ရင်း ပူပူပင်ပင်နဲ့ ပြောရာက.....
"ဓာတ်ပုံဆိုင်နာမည်က ဘာတဲ့လဲ"နဲ့ စပ်စုပြန်ပါရော။
"အဲဒါလည်း စဉ်းစားထားတာ မဆုံးဖြတ်ရသေးဘူး၊ ဒါပေမဲ့ ကြေညာတဲ့အခါကျတော့" "အမျိုးသမီးဓာတ်ပုံတိုက်" ဆိုတာကို "၀ိသေသ"ပြုပြီး ကြေညာမှာ အန်ကယ်ရ၊ ရိုက်ပေးမဲ့ သူကလည်း အမျိုးသမီး၊ အလုပ်လက်ခံပြီး ဧည့်ခံပေး မဲ့ သူကလည်း အမျိုးသမီး၊ လူငယ် အချောအလှတွေချည်းပဲ၊ အားလုံး ခင့်သူငယ်ချင်းတွေ စုပြီး လုပ်အားပေးကြမှာ
ကျွန်မ က လက်မထောင်ပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်တော့ အန်ကယ်ဦးစံဒွန်းက သဘော တွေကျပြီး တဟားဟား နဲ့ရယ်ရင်း...
"ဒါဆို အန်ကယ်က ဈေးဦးအရင်လာဖောက်မှာဗျ၊ အမျိုးသမီးတွေက ပုဆိုးစကိုရော လာကိုင်ပြီး ပြုပြင်ပေး ဦးမှာလား" တဲ့။ စပါတယ်။
"အလုပ်သဘောအရ စင်ကြယ်တဲ့စိတ်နဲ့ လုပ်မှာပဲ၊ ပုဆိုးစ ကိုင်ပြင်ဖို့ လိုလည်းပြင်မှပေါ့၊ ဘာဖြစ်လဲ"နဲ့ ကျွန်မ ကလည်း ပြန်စွာပစ်တာပေါ့။
"အေး...အေး...ကောင်းတယ်။ တိုးတက်တဲ့ စိတ်ဓာတ်နဲ့လုပ်တာ အန်ကယ်ကအားပေး တယ်၊ ဓာတ်ပုံဆိုင် နာမည်လည်း ရွေးပေးမယ်။ ယူမလား"တဲ့။
"ပြောပါဦး"ဆိုတော့. "ခန့်ခန့်ကြီး၊ ခန့်ခန့်ကြီး"ဆိုတာ ခင်မကြီးရဲ့ ရုပ်ရည်ပုံပန်းသဏ္ဌာန်နဲ့လည်း လိုက်ဖက် တယ်၊ နောက်ပြီး ကိုအောင်ခန့် နဲ့ ခင်မကြီး ဆိုတဲ့ နာမည်နှစ်ခုလည်း ပေါင်းပြီးသားဖြစ် တယ်ကြိုက်လားတဲ့။
"ခန့်ခန့်ကြီး" အမျိုးသမီးဓာတ်ပုံတိုက်
ထူးထူးခြားခြား နာမည်မို့ ကျွန်မအသံထွက် ရေရွတ်ကြည့်ပြီး သဘောကျသွားပါတယ်။ ဒီလိုနဲ့ ဓာတ်ပုံဆိုင် ဖွင့်ဖို့နေရာ အလွယ်တကူ ရလိုက်သလိုပဲ။ ဓာတ်ပုံဆိုင်နာမည်လည်း တစ်ထိုင်တည်း နဲ့ ရွေးပြီး သား ဖြစ်သွားပြန်ပါလေရော။ ကံကြမ္မာက ပေးလာပြီဆိုရင် အရာ ရာဟာချောမွေ့ပြီး ကူညီဖေးမမဲ့ သူတွေနဲ့ချည်း ကြုံရတတ်တာ ဓမ္မတာပါပဲ။
ကျွန်မ ကို ညီမငယ်တစ်ယောက်သဖွယ် စောင့်ရှောက်ဆုံးမခဲ့တဲ့ လက္ခဏာဆရာကြီး ဆရာ စန္ဒြကပြောဖူး ပါတယ်။ "ကိုယ်ကံကောင်းနေလား၊ ကံဇာတာညံ့နေလား"ဆိုတာ ငွေကုန်ခံ ပြီးဗေဒင်မေးနေစရာမလိုဘူး။
ကိုယ်ဖြစ်ချင်တာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပြီး ကူညီဖေးမ မစတဲ့သူတွေ တွေ့နေတဲ့အချိန်ဟာ ကံကောင်းထောက်မနေချိန် ပဲဆိုတာ သိထား။ ကိုယ် ဖြစ်ချင်တာတွေ ဘယ်လောက် ကြိုးစားကြိုးစား အခက်အခဲ အနှောင့်အယှက်တွေ တွေ့ပြီး ကြန့်ကြာနေတာတို့၊ လွဲချော်နေတာတို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ ကံဇာတာမှေးမှိန်နေပြီ ဆိုတာသိပြီး သတိထားပေတော့။ ကုသိုလ်ကောင်းမှုကို ပိုပြီးပြု၊ အရာရာကို ဆင်ဆင်ခြင် ခြင်လုပ်၊ အလောတကြီးဘာကိုမှ ဆုံးဖြတ်ပြီး မလုပ်လေနဲ့တဲ့။
ဆရာ့စကား မို့ မှတ်ထားပြီ ဒီဖော်မြူလာနဲ့ ဘ၀ခရီးကို လျှောက်ခဲ့တာ ခုချိန်ထိပဲဆိုပါ တော့။ ရှင်တော် ဘုရားဟောကြားခဲ့သလို လူသားတိုင်းဟာ လောကဓံရှစ်ပါးနဲ့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။ ကောင်းခြင်း၊ ဆိုးခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်းဆိုတဲ့ ဆန့်ကျင် ဘက်တရားတွေက ကိုယ့်ဘ၀ ထဲ ရောက်လာ လိုက်၊ ပြန်ထွက်သွားလိုက်၊ အကောင်းတွေ မမြဲသလို အဆိုးတွေလည်း ထာဝရမဟုတ်တာ လက်တွေ့ ပဲ မဟုတ်လားနော်။
ကျွန်မရဲ့ငယ်ဘ၀မှာ ဖခင်မရှိတာက လွဲပြီး အစစပြေပြစ်ချောမောပြီး သိုင်းသိုင်းဝိုင်းဝိုင်းရှိ ခဲ့ရာက ဘွားမေ ဆုံးပါးသွားတဲ့အချိန်က စလိုက်တဲ့ အကိုသိုလ်တွေဟာ ကုန်းကောက်စရာ မရှိအောင်ပိုင်ဆိုင်သမျှ ကုန်ဆုံး သွားပြီး အားထားရာ မိခင်လည်း စိတ်ဝေဒနာရှင်ဖြစ်ရတဲ့ အထိဒုက္ခတွေက ပုံစံမျိုးစုံနဲ့ ရောက်လာလိုက်တာ အသက်မသေ ကျန်ခဲ့တာကိုပဲ ကျေးဇူး တင်နေရပါသေးတယ်။
ခြောက်နှစ် လုံးလုံး စိတ်ချမ်းသာ ပျော်ရွှင်ရတယ်ဆိုတဲ့ ရက်တွေက ရှားရှားပါးပါးပဲ။ ကိုကြီး နဲ့အိမ်ထောင်ကျခါစ ပထမဦးဆုံးနှစ်တွေ ကဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ ထိအောင်ကို စိတ်ဆင်းရဲခဲ့ရတပါ။ မာမီ့ရဲ့ စိတ်ဝေဒနာကလည်း ဆိုးဝါးနေတဲ့အချိန်၊ တစ်ဦး အကြောင်းတစ်ဦး ဘာမှမသိဘဲ လက်တွဲလိုက်တဲ့ အိမ်ထောင် ကလည်း လက်တွေ့အတူ တကွနေရပြီဆိုတော့ဘယ်လောက် ခက်ခဲတယ်ဆိုတာ နားလည် သဘောပေါက်ပြီး နေ့စဉ် မျက်ရည်မကျရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။
တဖြည်းဖြည်းနဲ့ မှ အလိုက်အထိုက် နေတတ်သွားပြီး ခံနိုင်ရည်အင်အားတွေလည်း ရလာ တာပါ။ ဟော....အဆိုတွေ အမျိုးစုံကြုံပြီးမှ ခုကျတော့လည်း ကိုယ်ဖြစ်ချင်တာလေးတွေက ဆက်တိုက် ဆိုသလို ဖြစ်လာပြန်ပါရော။ "ကံကောင်းခြင်း"ဆိုတာကလည်း ကိုယ့်ဆီရောက် အောင်အိမ်မှာ ထိုင်ရင်း ဒူးနှန့်ပြီး စောင့်နေလို့ကတော့ ရောက်ချင်မှ ရောက်မှာနော်။ ကိုယ့်ဘက်ကလည်း အားထုတ်ရတဲ့ ကြိုးစားမှုလေးတွေ လည်း လိုအပ်မယ် ထင်ပါရဲ့။
ပညာလည်း မပြည့်စုံ၊ ငွေကြေးလည်း မပြည့်စုံပါပဲ ဓာတ်ပုံဆိုင်ကြီးကတော့ ကျွန်မရဲ့အား ထုတ်မှုနဲ့အတူ အများတကာ အကူအညီတွေနဲ့ ဖြစ်ဖြေစ်မြောက်မြောက် အကောင်အ ထည်ပေါ်လာပါပြီ။ ကျွန်မရဲ့ ရဲဘော်ရဲဘက် သူငယ်ချင်းတွေကလည်း လုပ်အားပေးကြဖို့ အဆင်သင့်ပါပဲ။ ခင်ခင်လင်း (Pearl) ကစားပွဲထိုင်၊ ဘောက်ချာရေး အလုပ်လက်ခံပေးမယ်။ ခင်စမ်းကြည် (Pauline) က သွက်လက်သူမို့ ဧည့်ကြို လုပ်ပြီး ဓာတ်ပုံစာအုပ်တွေ ထုတ်ပြ ပြီး ဧည့်ခံမှု အကုန်တာဝန်ယူပြီး အေးအေးဆေးဆေးနေတတ်တဲ့ မခင်စမ်း(Kathleen) က အမျိုးသမီးတွေကို အလှအပပြုပြင်ပေးမယ်ပေါ့။ ကျွန်မကကင်မရာကိုင်ပြီး ဓာတ်ပုံ ကိုကိုယ် တိုင်စိတ်တိုင်းကျ ဖြစ်အောင်ရိုက်ပေးမယ် ဆိုပါတော့။
ရှေ့ပိုင်းမှာတင် အမျိုးသမီးကချည်း လေးယောက်မို့ မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ အမြင်အားဖြင့် ကတော့ အားလုံး ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ လှလှပပ သားသားနားနားလေးတွေ ဖြစ်နေတော့ ဆိုင်အဆင်အပြင်နဲ့ ပနံရပြီး အထင်ကြီး ချင်စရာကြီး ဖြစ်နေတာပေါ့။ တကယ်သာ လခပေး ငှားရမယ်ဆိုရင်တော့ ဆိုင်မဖွင့်ခင်ကတည်းက ပိုင်ရှင် ကျွန်မ ဒေ၀ါလီခံရမဲ့ အဖြစ်ပါပဲ။
ဒီအထဲမှာ ရှေ့နောက် ဘာမှမစဉ်းစားဘဲ "ခန့်ခန့်ကြီး"အမျိုးသမီးဓာတ်ပုံတိုက်ဆိုတဲ့ ဆိုင်း ဘုတ်အကြီးကြီး ကိုတင်၊ သတင်းစာ မှာလည်း မျက်နှာပြည့် ဧရာမကြော်ငြာကြီးနဲ့ အမျိုးသ မီးကိုယ်တိုင် ကြီးကြပ် အုပ်ချုပ် ပြင်ဆင်ပြီး ရိုက်ကူးပေး မဲ့ "ခန့်ခန့်ကြီး"အမျိုးသမီး ဓာတ်ပုံ တိုက်ဆိုပြီး လူအထင်ကြီးအောင် ကြီးကြီး ကျယ်ကျယ်တွေရေးပြီး ကြော်ငြာလိုက်ပါရေား။
အဲဒီကြော်ငြာ ကို ကြည့်ပြီး အမျိုးသမီးတွေ တကယ်ဓာတ်ပုံလာရိုက် ကြမယ်ဆိုရင်ကိုယ်က မလုပ်တတ် မကိုင်တတ် နဲ့ စစချင်း အိုးနင်းခွက်နင်းတွေဖြစ်ပြီး အရှက်ကွဲရမှာကလည်း ကြောက်ရသေးတာမို့ ကိုကျော့်ကို "ဆိုင်ဖွင့်တဲ့နေ့ကျ ကျွန်တော့ဆိုင်မှာ လာကူပြီး ဘာလုပ်ရမယ် ဆိုတာ ပြပေးပါဦး"နဲ့ ရှိခိုးဦးတင် ပြောပြီး အဖော် သွားခေါ်ထား ရသေးတာ ပါ။ ကိုကျော်ကလည်း စိတ်ကောင်းရှိစွာနဲ့ သူ့ဆိုင်ကို တပည့်နဲ့လွှဲထားခဲ့ပြီး လာကူပြပေး ပါ တယ်။
ဓာတ်ပုံ ဆိုတာ အမျိုးသမီးတွေပဲ ၀ါသနာပါကြတာ ဖြစ်တော့ အမျိုးသမီးကိုယ်တိုင်ပြုပြင် ရိုက်ကူးပေမယ် ဆိုတဲ့အချက်တစ်ခုတည်းနဲ့ကို စိတ်ဝင်စားစရာ ဖြစ်သွားတာမို့ မျှော်မှန်း ထားတာထက်ပိုပြီး ဓာတ်ပုံရိုက်မဲ့ သူတွေက အဆက်မပြတ် ရောက်လာပါလေရော။ ဒီတော့ မှကျွန်မလည်း မျက်လုံးပြူးရတော့တာပေါ့။ ကိုယ် တွေးထင် ထားသလို ပေါ့ပေါ့တန်တန် လုပ်လို့မရတော့ဘူးဆိုတာ သဘောပေါက်သွားပြီး အထူးကို ဂရုစိုက် လေ့လာကြိုးစားရပါ တော့တယ်။
အလုပ်တွေ စုပြုံကျလာပြန်တော့လည်း ငွေရင်းက များများစားစားရှိတာမဟုတ်လို့ လိုအပ် တဲ့ကုန်ကြမ်း ဖလင်တွေ၊ ပုံကူးစက္ကူတွေ၊ ဆေးဝါးတွေကို ပြည့်စုံအောင် ၀ယ်မထားနိုင်လို့ ညနေ အလုပ်ပိတ်ပြီဆိုကာမှ ရတဲ့ငွေ ထဲက ဖဲ့ပြီးတချို့ကို ကြွေးဆပ်၊ တချို့ကိုကုန်ကြမ်း ၀ယ်ဖို့ စက်ဘီးလေးနဲ့ ပြေးပြီး ဓာတ်ပုံ ပစ္စည်းရောင်းတဲ့ ဆိုင် အနှံ့သွားရှာပြီး တစ်နေ့စာ ၀ယ်ရပါတယ်။ စစ်ပြီးခါစမို့ ကုန်ပစ္စည်း ကလည်း ပြည့်ပြည့်စုံစုံရှိသေးတာမဟုတ်ဘူး။
အဲဒီ တုန်းက ပစ္စည်းရောင်းတဲ့ ဆိုင်ကလည်း ဘီလမ်းက ဘားမားအတ်ရယ်၊ ကျောက်သွေး တန်းကကို လစ္စပရန် ရယ်၊ ဒါပဲရှိတာပါ။
လျှပ်စစ်မီး က နေ့မှာမရှိလို့ ဖလင်ဆေးရင်လည်း ပူပြီး အရည်ပျော်ကုန်မှာစိုးရလို့ မနက် အရုဏ်တက် လေးနာရီလောက် မှာ ထပြီးဆေးရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ အဲဒါတွေ လုပ်ဖို့ လိုအပ်တာကြောင့် ကျွန်မ နဲ့ မာမီ ဓာတ်ပုံဆိုင်မှာပြောင်းပြီး နေကြရတာပေါ့။ တိုက်အပေါ်ထပ်မှာ အိပ်ခန်း က နှစ်ခု ပါလို့ နေရေးအိပ်ရေးလည်း အဆင်ပြေပါတယ်။ စားတော့ ယွန်းတန်းတိုက်မှာ ပြန်စား၊ တစ်ခါတလေ လည်း ကိုကြီးပါ လာအိပ်လိုက်၊ ကျွန်မ က တစ်လှည့်လိုက်အိပ်လိုက် အဆင်ပြေသလို ကူးလိုက် သန်းလိုက် ဖြစ်နေတာပါ။
မာမီနဲ့ က ကျွန်မရဲ့မွေးစားသမီး "အေးကြည်မ"ကို အဖော်ခေါ်ထားလို့ အေးကြည်မက သမီး တစ်ယောက် လို ပြုစုပေးပါတယ်။ ဆိုင်စဖွင့်ဖွင့်ချင်း လိုအပ်တဲ့ ပစ္စည်းကိရိယာတွေက လည်းမပြည့်စုံ။ ဆိုင်ရှင် ကျွန်မကလည်း ပညာ မပြည့်မစုံ။ ငွေကြေးကလည်း မပြည့်မစုံ၊ လှေကားဆိုတာ တစ်ထစ်ချင်းတက်မှသာ အမောပြေတာမျိုးပါ။ တဖြည်းဖြည်းချင်း အလုပ် ကအရှိန်လေးနဲ့ တက်တာမျိုး ဆိုရင်တော့ အသက်ရှူသာသေးတာပေါ့။ အရာအရာ အ တွက်ရင့်ကျက်မှု ရဖို့က အချိန်နဲ့ရင်းရတာ မဟုတ်လားနော်။
အခုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မရဲ့ အကျိုးပေးကလည်း ဖြစ်ချင်လာပြီဆိုတော့ ဆိုး ချိန်ကြုံတုန်းက အတိုင်း ပါပဲ။ ၀ုန်းဒိုင်းကြဲပုံစံနဲ့ လာတော့တာပါ။ ဓာတ်ပုံရိုက်မဲ့ အမျိုးသမီး တွေအုပ်လိုက် ဆက်တိုက်ကျတော့ တစ်နေ့ လုံး ခြေသလုံးတောင့်အောင်၊ လက်မလည် အောင်၊ ထမင်းစားချိန်မရအောင် ရိုက်ရလို့ ကိုယ်ခန္ဓာပင်ပန်းတာက တစ်မျိုး၊ ပညာမရင့် ကျက်သေးလို့ အမှားအယွင်းမရှိအောင် သတိထား ကြိုးစားရတာကြောင့် စိတ်ပင်ပန်းရ တာက တစ်ဖုံ။ ရတဲ့ငွေကိုကြွေးဆပ်ရ၊ တိုးချဲ့ပစ္စည်းဝယ်ထည့်ရ၊ ကုန်ကြမ်းရှာရစတဲ့ စိတ် ရှုပ်ရတာတွေက တစ်လီ နဲ့ အောင်မြင်မှု ရပြန်တော့လည်း မကာမိအောင် လူရောစိတ်ပါ မောရတဲ့အဖြစ် ရောက်ပြန်ရောလေ။
ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲဝါသနာနဲ့ ရည်မှန်းချက် အောင်မြင်လာတာအတွက်တော့ တစ်ဖက် ကကျေနပ် အားတတ်မိတာလည်း အမှန်ပါပဲ။ အိမ်လခကို ဆတ္တာဘိုင်ပြောသလို ခြောက် လအထိအောင်တောင် မစောင့် လိုက် ရပါဘူး။ တစ်လ၊ နှစ်လနဲ့ပဲ ကျွန်မရဲ့ ဓာတ်ပုံဆိုင် အောင်မြင်လာပြီဆိုတာ အကဲခတ်လို့ရတာမို့ သူပြောထား တဲ့အတိုင်း တစ်လ တစ်ရာ့ငါး ဆယ်ကျပ်ကို မှန်မှန်ပေးသွင်းသွားနိုင်ပါတယ်။ အလုပ်မှာလည်း ကိုကျော် ကူညီစောင့် ရှောက်ရိုင်းပင်းနေတဲ့ကြားက ကျွန်မကိုယ်တိုင်လည်း ကြိုးစားအားထုတ်ပြီး မမှားမယွင်း ရ အောင်သတိထားလုပ်နေတဲ့ကြားက ပစ္စည်းမပြည့်စုံ၊ ပညာရည် မပြည့်စုံမှုတွေကြောင့် အိုး နင်းခွက်နင်းတွေ လည်း အခါများစွာ ကြုံရပါရဲ့။
ဓာတ်ပုံဆိုင်က နာမည်ရလာတော့ In Door စတူဒီယိုလုပ်ငန်းတင်မကဘဲ Out Door အပြင် ရိုက်တဲ့ အလုပ်တွေပါ လာပြီးအပ်ကြတော့ မငြင်းသာဘဲ လက်ခံလုပ်ရတာတွေ ရှိလာတာပေါ့။ မင်္ဂလာဆောင်တို့၊ အလှူအတန်းတွေ ကလည်း စနေ၊ တနင်္ဂနွေတို့၊ ရက်ကြီးရက်မြတ်တွေမှာ လိုက်ရိက်ရလို့ အားရက် နားရက် မရှိသလောက်ပါပဲ။
ဒါတွေက အချိန်ကုန် လူပင်ပန်းပေမဲ့ စတူဒီယိုမှာရိုက်ရတာထက် ထိုက်ထိုက်တန်တန်ရတဲ့ ၀ငငွေဖြစ်တော့ အားတက်ရ ပါတယ်။ နောက်ပြီး ဓာတ်ပုံအရိုက်ခံသူတွေကလည်း ကိုယ်လို သူတွေပဲမို့ ဘာပြဿနာမှ မရှိဘူးပေါ့။ "ရိုက်ပါတော့မယ်၊ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးပါ"ဆိုလိုက်ရင် အသက်တောင်ရှူကြရဲ့လား မသိပါဘူး။ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သွားကြတာပါပဲ။ သူသူကိုယ်ကိုယ် ဓာတ်ပုံထဲမှာ လှလှပပ ပါသွားချင်ကြသူချည်း ပဲ မဟုတ်လားနော်။
ဒုက္ခရောက်ချင်တော့ မန္တလေးတောင်ခြေမှာ ရှိတဲ့ရိက္ခာပို့ဆောင်ရေးတပ်က ပုံကြီးတွေရိုက် ဖို့အော်ဒါရ ပါလေရော။ တပ်စု လိုက် ခွဲခွဲပြီး ရိုက်ပေးရမှာ ဆိုတော့ အလားအလာကောင်း မယ့် ၀င်ငွေဖြစ်မှာမို့ ၀မ်းသာကျေနပ်ပြီး စိတ်စောနေမိတယ်ပေါ့။
ရောက်သွားတဲ့အချိန်မှာ ကျွန်မထင်မှတ်ထားသလို စစ်သားတွေချည်း စုစည်းပြီးရိုက်ရမှာ မဟုတ် ဘဲ မြင်းကြီးတွေ ပါ တန်းစီတဲ့အထဲ ပါလာပါလေရော။ ကျွန်မမှာ ရှိထားတဲ့ သုံး ချောင်းထောက် Field Camera ကြီးကလည်း အဟောင်းအဟုတ်၊ ဘဲလိုးတွေပေါက်နေလို့ တောင်နေရာအနှံ့မှာ စက္ကူအနက်တွေနဲ့ ထပ်ကပ်ပြီး ဖာထေးထားရတာ။ ဒါတောင် ရှား ရှားပါးပါး ရထားတဲ့ကင်မရာပါ။ မှန်ဘီလူးမှာလည်း Shutter Speed ဘော်လုံးပါလာတာ မဟုတ်။ ကိုယ့်ဘာသာကိုယ် အလင်းအမှောင်ကိုတွက်၊ မှန်ဘီလူး အကျဉ်းအကျယ် ကို စိတ်မှန်းနဲ့ လျာထား။ အဖုံးကို လက်နဲ့ကိုင်ပြီး ၀မ်း၊ တူး၊ သရီးပုံစံနဲ့ စပြီးပိတ်ဖွင့်လုပ်ရ တာဖြစ်တော့ တန်းစီးနေကြ တဲ့ မြင်းတွေကလည်း အငြိမ်မနေတာကြောင့် ရိုက်သမျှပုံတွေ တစ်ပုံမှ မကောင်းဘဲ ပျက် ပါလေရော။
ပထမတစ်ခါ ပျက်တော့ တောင်းပန်ပြီး ဒုတိယတစ်ခါ ထပ်သွားရိုက်ရပြန်ပါတယ်။ ထုံးစံ အတိုင်း ခုံးတန်းတွေ ရှေ့နောက်ဆင့် လူတွေလည်း တန်းစီ၊ မြင်းတွေလည်း တန်းစီ၊ သူတို့ လ ည်းအလုပ်ရှုပ်၊ ကိုယ် လည်း ဇောချွေးတွေဘာတွေ ပြန်အောင် မောနဲ့၊ ရိုက်ပြီး ဆေး ကြည့်လိုက်တော့ ဒုတိယတစ်ခါလည်း ပျက်။ မနက်ကျ ကျွန်မရဲ့ တစ်ဦးတည်းသော အလုပ်သမားပျောက်ချင်းမလှ ပျောက်သွားလေရဲ့။
သူ့မိန်းမ ဆီ လိုက်သွားပြီး မနည်း မေးမြန်းယူမှ တစ်ခါတည်း အလုပ်က ထွက်သွားပြီး ဆို တာသိရတော့တာပါ။ သူ့ကိုလည်း အပြစ်မဆိုသာပါဘူး။ မြင်းတွေကို ခဏခဏ ထုတ်လာ ပြီးတန်းစီးပေးရတဲ့ ဂေါ်ရခါးစစ်သားက သူ့ခါက ဓားကောက်ကြီးကို ပြပြီး "နောက်တစ်ခါ ဓာတ်ပုံပျက်ရင် ဟောဒီဓားနဲ့ မင်းရဲ့လည်ပင်းကို လှီးမယ်"လို့ ကြိမ်းဝါးလွှတ်လိုက်တာ ကိုး။
သူ့ခမျာ ဂေါ်ရခါးစစ်သားကို ကြောက်လန့်ပြီး တစ်ချိုးတည်း လစ်တော့တာပဲ။ စရန်က ယူထားပြီး သား ဖြစ်တော့ ကျွန်မလည်း မတတ်နိုင်ဘူး။ စစ်ဗိုလ်တင်မကဘူး။ အဲဒီဂေါ်ရခါး စစ်သားကိုပါ လေးလေးစားစား သွားတောင်းပန်ပြီး ကိုယ်တိုင် ကြဲရတော့တာပဲပေါ့။ Field Camera နဲ့လည်းရိုက်၊ Speed ကိုထိန်းနိုင်တဲ့ ကိုယ့် ရဲ့ ကင်မရာ အသေးလေးနဲ့ပါ ပုံပိုတွေ ဆွဲလာမှပဲ ချောချောမောမော ဖြစ်ပြီး ဓားကောက်ကြီး ရန်က လွတ်ကင်း ပါတော့တယ်။
လက်ရှိတစ်ဦးတည်း အလုပ်သမားကလည်းထွက်၊ လုပ်အားပေးတွေလည်း မပုလဲက ဆယ်တန်း စာမေးပွဲ ဖြေပြီး အောင် သွားတော့ တက္ကသိုလ်ကို တက်ဖို့ သွားရတော့မယ် လေ။ ဧည့်ကြို လုပ် တဲ့ မခင်စမ်းကြည် (Pauline) ကလည်း အိမ်ကပေးစားမယ့် ယောက်ျား ကိုသိန်းမောင်နဲ့ လက်ထပ် ရတော့မယ် ဖြစ်ပြန်တော့ရှင်နည်းရတဲ့အထဲ "အဂ္ဂ"တင်မကဘူး ဖိုးသူတော်ပါ လိုက်ပြီး လူထွက်မဲ့အဖြစ်လေ။
သူငယ်ချင်းတွေ တစုတစည်းနဲ့ လုပ်ငန်းစတည်းခဲ့တဲ့ အချိန်လေးကတော့ ကျွန်မဘ၀မှာ မှတ်မှတ်ရရ ဖြစ်စေတဲ့ အပျော်ရက် များပါပဲ။ ကိုယ်ပိုင်တဲ့ ဓာတ်ပုံဆိုင်မို့ တွက်စရာမလိုဘဲ ဖလင်ကွက် ကျန်တိုင်း ဓာတ်ပုံတွေရိုက်ကြ၊ အားလုံးက စာပေ၀ါသနာရှင်တွေလည်း ဖြစ်တော့ကိုယ် ရေးထားတဲ့ စာတိုစာစတွေကို တစ်လှည့်စီ ပေးဖတ်ရင်း မကောင်းရင် ကဲ့ရဲ့ ဝေဖန်ကြ၊ ကောင်းရင်လည်း ချီးကျူးထောမနာပြုကြ။
ကိုယ်ရေးထားတဲ့ စားတွေက ဘယ်စာစောင်ကိုမှ ပို့လောကအောင် အဆင့်မမီးလို့ မပို့ ကြပေမဲ့ ကလောင် အမည်တွေကို ကြီးကြီးကျယ်ကျယ် ရွေးထားပြီး ကိုယ်စီလည်း ယူထား ကြသေးတာပါ။ ဒီနေရာမှ အခါအခွင့်ကြုံလို့ ပြင်ဆင်ချက်ကလေး ရေးပြပါရစေနော်။ ၁၉၉၈ ခုနှစ်၊...လထု မဂ္ဂဇင်းမှာ "ပတ္တမြားခင် နဲ့တွေ့ဆုံခြင်း"ဆောင်းပါးကို ဦးကျော်သန်းမြင့် (ဗန်းမော်)က တင်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ဦးကျော်သန်းမြင့် အမှတ် မှားယွင်းတာထင်ပါရဲ့။ "ပတ္တမြားခင်"ကလောင်အမည်ကို မြန်မာပြည် ဓာတ်ပုံအ သင်းတိုက် က "ပတ္တမြားသရဖူ"ဆု ချီးမြှင့်တာကြောင့် "ပတ္တမြားခင်"ကလောင်အမည် ယူတယ်လို့ ဆိုထား ပါတယ်။
အမှန်က "ပတ္တမြားသရဖူ"ရခဲ့တာ မြန်မာပြည်ဓာတ်ပုံအသင်းက ချီးမြှင့်တဲ့ဆု မဟုတ်ပါဘူး။ အလှ မယ်ရွေးပွဲ တွေ ခေတ်စားတဲ့အချိန်တုန်းက ငွေစာရင်းမင်းကြီးရုံက Sponsorလုပ်ပြီး ကျင်းပခဲ့တဲ့ Beauty Queenအလှမယ်ရွေးပွဲမှာ ကျွန်မက ဓာတ်ပုံရိုက်ဖို့ တာဝန်နဲ့ သွားခဲ့ တာကို အများက ၀ိုင်းမြှောက်ပေးပြိး စာရင်းသွင်းစင်ပေးကို တွန်းတင်ပေးလိုက်ကြတာနဲ့ စွတ်ရွတ်ပြီး ရသွားခဲ့တဲ့ဆုပါ။ အဲဒါလည်း ရန်ကုန်မြို့ ကိုပြောင်းပြီးမှ ရတာဆိုတော့ ကလောင်အမည် ရွေးခဲ့တဲ့ နှစ်နဲ့ အများကြီး ကွာခြားပါသေးတယ်။
ကလောင် အမည်ကလည်း သေသချာချာ တွေးတော စဉ်းစားပြီးမှ လေးလေးစားစား နဲ့ ရွေး ဖြစ်တာမျိုး မဟုတ်ဘူး။ သူငယ်ချင်းတစ်တွေ ဟိုရောက်ဒီရောက် ပေါက်တတ်ကရစကား တွေဖောင်ဖွဲ့ပြောနေတဲ့အထဲမှမှ မပုလဲ က စလိုက်တဲ့အဖြစ်ပါ။
"ဟေ့...တို့တွေ စာရေးချင်တယ်ဆိုပြီး စိတ်ကူးယဉ်နေကြတာနော်။ ကလောင်အမည် လည်း မရွေးရသေးဘူး၊ တို့နာမည်က (Pearl) ပုလဲဆိုတော့" "ပုလဲခင်"လို့ ပေးမယ်၊ မကောင်းဘူးလားတဲ့။
"အေး...ကောင်းတယ်၊ ပုလဲခင်ဆိုတာ လှတယ်၊ ဒါဆိုတို့က "နီလာခင်"လုပ်မယ်လေ"
မခင်စမ်း က ခင်ခင်လင်း(မပုလဲ)ကို ထောက်ခံရင်း "နီလာခင်"ဖြစ်သွားပါလေရော။
ပြောရင်း ဆိုရင်း ကိုယ့်သူငယ်ချင်းတွေက "ပုလဲ"တွေ၊ "နီလာ"တွေ၊ ဖြစ်ကုန်ကြတော့ ကျွန်မကလည်း အားကျ မခံပုံစံနဲ့...
"ဒါဖြင့် တို့က "ပတ္တမြားခင်"ပေါ့၊ ပတ္တမြားဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ ရတနာနော်"လို့ ကြီးကျယ်ပြ လိုက်တာ နဲ့...
အနားရောက်လာ တဲ့ မခင်စမ်းကြည်က ခါးထောက်လိုက်ပြီး "အံမယ်၊ ပုလဲတွေ၊ နီလာတွေ၊ ပတ္တမြားတွေနဲ့ ကြီးကျယ်နေ လိုက်တာ၊ ငါက နင်တို့ အားလုံးထက် သာအောင် "စိန်ကြောင်နီလာခင်"လို့ ပေးမယ်၊ သိလား"
စာတစ်လုံးတောင် ပုံနှိပ်ခံရအောင် ဖြစ်ဖြစ်မြောက်မြောက် မရေးနိုင်ကြသေးဘဲနဲ့ ပေးထား လိုက်တဲ့ နာမည်တွေ ကတော့ ထိတ်ထိတ်ကြဲပါပဲ။ အခုနှစ်ပေါင်းငါးဆယ် ကြာလာလို့ အတိတ်လမ်းကို ပြန်လျှောက်ရင်း ဇာတ်ပေါင်းကြည့် လိုက်တဲ့အခါမှာ "ပုလဲခင်"အမည်ခံ (ခင်ခင်လင်း)က မဟာဝိဇ္ဇာဘွဲ့ရပြီး တက္ကသိုလ်မှာ ကထိက အဖြစ် အမှုထမ်းရင်းက ကျောင်းသုံးစာအုပ် ဘာသာပြန်တွေ ရေးတဲ့ စာရေးဆရာမ ပုလဲခင်ဖြစ် လာပါတယ်။ အခု တော့အလုပ်က အနားယူပြီး ဒေါ်ဥာဏစာရီ သီလရှင်ကျောင်းမှာ သာသနာ့ဘောင်ကို ၀င်ရောက်ပြီး ဘုရှားရင်ရဲ့ သမီးတော်အဖြစ် ခံယူထားပါပြီ။
"နီလာခင်" အမည်ခံ မခင်စမ်းက ကျွန်မဆိုင်မှာ လုပ်အားပေးရင်း အသက် ၂၄နှစ်အရွယ် မှာ အဆုတ်ရောဂါနဲ့ ကွယ်လွန် သွားခဲ့ပါတယ်။
ကျွန်မ တို့အားလုံးထက် သာတဲ့နာမည်ကို ရွေးခဲ့တဲ့"စိန်ကြောင်နီလာခင်"ကတော့ စာတစ် လုံးမှမရေးဖြစ်ဘဲ အိမ်က သဘောတူ ထိမ်းမြားပေးတဲ့ ကိုသိန်းမောင်နဲ့ လက်ထပ်ပြီး မန္တလေးမှာ သူဌေးကတော်ကြီး လုပ်နေလေ ရဲ့။
ကျွန်မ "ပတ္တမြားခင်"ကတော့ စာပေလောကကို ဖက်တွယ်ထားရင်း ငုပ်ချည်ပေါ်ချည်နဲ့ ရုန်းကန် လှုပ်ရှားနေရဆဲ ပါပဲ။ အမှတ်မထင်နဲ့ ကောက်ပြီးရွေးလိုက်တဲ့ ဒီနာမည်လေး ပျောက်ဆုံးမသွားသေးတာကိုပဲ ကျေးဇူးတင် ၀မ်းသာကျေနပ်နေရပါသေးတယ်။
အဲဒီအချိန် မှာ အချိန်ပြည့် စိတ်အား လူအား သွင်းထားရတာဖြစ်လို့ စာရေးချင်တာက စိတ်ကူးယဉ်အဖြစ်ပဲ ရှိပါသေး တယ်။ တစ်ဦးတည်းသော အလုပ်သမားကလည်း ထွက်ခွာ၊ လုပ်အားပေးတွေ က လည်း နှစ်ဦးတောင် လျော့ သွားတာဖြစ်တော့ ကျွန်မမှာ ရေရေလည် လည် ဒုက္ခတွေ့တော့တာပဲလေ။ တစ်နေ့ လုံး ရိုက်ထားတဲ့ ဖလင်တွေကို မနက်မိုးမလင်း ခင်မှာထဆေးပြီး ခြောက်တာနဲ့ နံပါတပ်၊ မှတ်ပုံတင်သွင်းပြီး ကိုကျော်ရဲ့ဆိုင်ကို ပို့ပြီးခဲထိုး ပုံကူး၊ အချောကိုင်၊ ပုတ်ပြတ်ဈေးနဲ့ အပ်ရပါတယ်။ အဲဒီပုံတွေ့တော့ ကိုကျော်လည်း စိတ်အားလျော့သွားတယ် ထင်ပါရဲ့။
ပုံတွေကို ကြည့်ပြီး "ဟာ....ငါ့ဖောက်သည် မိန်းကလေးတွေက မင်းဆိုင် ရောက်ကုန်ကြ တာကိုး"တဲ့။ ကျွန်မ စိတ်မကောင်းလည်းဖြစ်၊ အားနာတာလည်းပါ၊ ရင်ထဲမှာ ထိခိုက်ခံစား သွားမိပါတယ်။ ကိုကျော်က ကျွနမကို အလုပ်ပြိုင်ဘက် လို သဘောမထားဘဲ ဖြစ်ထွန်းစေ ချင်တဲ့စေတနာကောင်းနဲ့ ဆိုင်စနိုင်အောင် တွန်းအားပေးပြီး ကူညီမ စနည်းလမ်းတွေ ပြခဲ့တာ မဟုတ်လားနော်။
ကိုယ့်ရဲ့ကျေးဇူးရှင် ထိခိုက်နစ်နာတယ် ဆိုတော့လည်း ဘယ်ကောင်းပါ့မလဲ။ ကျွန်မစိတ် မကောင်းဖြစ်သွားတာ ကို တွေ့တော့ပြန်ပြီး အားပေးပါတယ်။ "အေးကွာ၊ ဓာတ်ပုံရိုက်တာ မိန်းကလေးချင်းဆိုတော့ ပို အဆင်ပြေ တာပေါ့၊ ငါနားလည်ပါတယ်၊ မင်းစိတ်မကောင်မဖြစ် ပါနဲ့"တဲ့။ ကိုကျော်က စိတ်စေတနာကောင်းရုံတမင်မကဘဲ နာလည်းမှုလည်းရှိတတ်လို့ သူတော်ကောင်းနဲ့ ကြုံတွေ့ရတော့ ကျွန်မ ကံကောင်းထက်မခြင်း တစ်ပါးပါပဲ။
အလုပ်တွေ မနိုင်မနင်း ဖြစ်လာတိုင်းလည်း တက်နိုင်သမျှ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကိုကျော်ကို ခွဲဝေပေးလိုက်ပါတယ်။ နောက်ပိုင်းတော့ ကိုကျော်က စီးပွားရေးထက် နိုင်ငံ ရေးကိုစိတ်ဝင်စားလာပြီး အခု အငြိမ်းစား သံအမတ်ကြီးဖြစ်တဲ့ သခင်ချန်ထွန်းတို့နဲ့တွဲပြီး ဆိုင်ကိုတပည့်တွေနဲ့ ပစ်ထားပါတော့တယ်။
ဒီနေရာ မှာ အမှားပြင်ဆင်ချက်ကလေးကို ရေးပြီးချစ်စွာသော စာဖတ်သူများကို တောင်းပန် ပါရစေနော်။ "မဟေသီမဂ္ဂဇင်း" မှာ အခန်းဆက်ဖော်ပြခဲ့တဲ့ "ကင်မရာကိုင်ခဲ့ရသော ကျွန်မ ဘ၀"ဆောင်းပါးမှာ သခင်ချန်ထွန်း အစား "သခင်ကျော်ဒွန်း"လို့နာမည် အမှတ်မှားပြီး ရေးမိသွားပါတယ်။
၁၉၉၇ခုနှစ် နိုဝင်ဘာလထဲမှာ ကျွန်မမြန်မာပြည်မှာ အလည်ပြန်ရောက်တော့ မန္တလေးအ သင်းကကျင်းပတဲ့ "အမျိုးသားနေ့ပွဲ" မှာ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းလည်း တက်ရောက်ပါတယ်။ ကျွန်မကိုတော့...
"ဟေ့...ခင်မကြီး၊ မင်းရဲ့ဆောင်းပါးထဲမှာ တလွဲတွေ ရေးထားတယ်။ ကိုကျော်နဲ့တွဲတာ သခင်ကျော်ဒွန်း မဟုတ်ပါဘူး၊ တို့ပါကွာ၊ သခင်ကျော်ဒွန်းက အဲဒီအချိန်က မရှိသေးပါဘူး" တဲ့။
ကျွန်မလည်း ပျာပျာသလဲ တောင်းပန်ရတာပေါ့။ "နာမည် အမှတ်မှားသွားလို့ပါ"ပြင်ဆင် ချက်ရေးပြီး ပြန် ထည့်ပေးပါ့မယ်လို့။ အဲလိုပွင့်ပွင့်လင်းလင်း အမှားကိုထောက်ပြပေးတဲ့အ တွက်ပဲပြင်ဆင် ခွင့်ရလို့ ကျေးဇူးတင် ရပါသေးတယ်။ သံအမတ်ကြီး သခင်ချန်ထွန်းကို ပြန်တွေ့တော့ ကိုကျော်ကိုလည်း သတိရအောက်မေ့ လိုက်တာ။ ခုချိန်ထိ ကိုကျော်များ အသက်ထင်ရှားရှိခဲ့ရင် ဦးသုံးကြိမ်ချပီး ရှိခိုးကန်တော့ မိပါရဲ့။
နိုင်ငံရေးအကြောင်း စပ်မိလို့ ရယ်စရာကောင်းတဲ့ ကျွန်မရဲ့ ကလေးဆန်မှုလေးတစ်ခုကို လည်း အတိတ်လမ်း မှာ ဖြတ်သန်း ခဲ့ရင်း မြင်ယောင်မိပါသေးတယ်။ တစ်နေ့မှာ ကိုကြီးနဲ့ ကျွန်မ မာမီရဲ့ စိတ်မမှန်မှု ကိစ္စတစ်ခုကို အကြောင်းပြုပြီး စကားများကြပါလေရော။ စပြီး ကိုကြီးကို လက်ထပ်ကတည်းက မာမီစိတ်မမှန်လို့ အားကိုးပြုပြီး ယူခဲ့တာပဲဟာ။ ခုတော့ လည်းဆက်လက်ပြီး သည်းခံသင့်တယ်လို့ ကျွန်မအနေနဲ့ မြင်မိတယ်ပေါ့။
လူဆိုတာ ကိုယ့်ဘက်က အမြင်နဲ့ ကိုယ့်ရှု့ထောင့်ကနေပြီး ကြည့်မြင်တတ်တကြတာ ဓမ္မတာဆိုတော့ ကျွန်မအမြင်နဲ့ ကျွန်မမှန်တယ်ထင်ပေမဲ့ သူ့ဘက်ကလည်း သူ့အမြင်နဲ့ ကြည့်ပြီး မမှန်ဘူး၊ တရားလွန်တယ် ဆိုတဲ့ အထင်နဲ့ ဒေါသတွေကြီး။ ကျွန်မမှာ မာမီကို လည်းစိတ်မမှန်သူမို့ ထိန်းသိမ်းနိုင်စွမ်းမရှိ။ ကိုကြီး ရဲ့ ဒေသနဲ့ ရိုင်းပျတဲ့ စကားလုံးတွေကို လည်းခံနိုင်ရည်စွမ်းမရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် လူအဖြစ်က အခိုးအငွေ့တွေ လို အရည် ပျော်ပြီး ပျောက်ကွယ်သွားချင်တဲ့အထိကို စိတ်ဆင်းရဲမိတာပါ။
ဆက်ရန်
.

No comments:
Post a Comment