Monday, January 7, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၅)

တကယ်လက်တွေ့ဘ၀က ဒါမျိုးတွေဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်မဘ၀ကိုပဲကြည့်၊ ဘ၀ဇာတ်စင်မှာ ပဏာမစတာ နဲ့ အပျိုတော်ကနဲ့လည်း ထွက်ရောဘီလူးဆိုင်းတီးတာ လည်းကရ၊ ငိုချင်းချနဲ့လည်း ရင်ထုငိုရ တဲ့ အဖြစ်ကိုစပြီး ကြုံရတော့ပါပဲလေ။ ကို ဆက်ဖတ်ရန် ....

အပိုင်း (၁၈)

ဆုံးရှုံးမှုတွေအတွက် ရင်မှာဖြစ်ရတဲ့ နာကျင်ခြင်းဝေဒနာကို အချိန်နဲ့ကုစားရတယ်လို့ဆိုရိုး စကားရှိတဲ့ အတိုင်း နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတယ်လို့ ထင်ရ လောက်အောင် သားလေး ကို ဝေဒနာဆိုးနဲ့ စွန့်ပစ်လိုက်ရလို့ အလူးအလဲခံစားရတဲ့ ဝေဒနာက ရက်တွေလတွေနဲ့အတူ သက်သာရာ ရ လာတာတော့ မှန်ပါရဲ့။
ဒါပေမဲ့ "နောင်တ"ဆိုတဲ့ အရာကျတော့ အချိန်က ဘယ်လိုမှကုစားလို့မရပါဘူး။ "နောင်တ" စိတ်ဟာ လူတစ်ယောက် ကို သေရာပါတဲ့အထိ နှိပ်စက်သွားနိုင်တာမို့ "ကြီးစွာ သောနောင်တ"ကို ရကြဖူးသူတိုင်း တစ်သက်စာ ခံစားရမဲ့ ဝေဒနာတစ်ခု ဖြစ်မယ် ထင်ပါ တယ်။
မလုပ်မိတာ ကို နောင်တရတာကမှ ပြုပြင်လို့ ရနိုင်ပါသေးတယ်။ လုပ်မိပြီးသားအတွက် ရတဲ့နောင်တကျတော့ အချိန်နှောင်းပြီ မို့ ဘယ်လိုမှ ပြုပြင်ယူလို့ မရတော့ဘူးလေ။ တွေးမိ တိုင်း "ယူကျုံးမရ" တဲ့စိတ် က နှိပ်စက်တာကို ခံပေရော့ပဲ။

ထန်းလျက်ရည်တွေကို မတန်တဆကျိုပြီး တိုက်လိုက်မိလို့ သားလေးဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားရလေခြင်း၊ မမသန်းပြောတဲ့ စကားတစ်ခွန်းကို အလေးထားပြီး ကိုယ်မသိနားမလည် ရင်လည်းသေသေချာချာ တိတိ ကျကျမေးမေးမြန်းမြန်းမရှိဘဲ ရမ်းပြီး မဆင်မခြင်လုပ်မိလို့ ဖြစ်ရလေခြင်း၊ သားကိုသေအောင် သတ်မိသလို မိုက်မဲ တဲ့ မိခင်တစ်ယောက်ဖြစ်ရလေခြင်း ဆိုတဲ့ ကိုယ့်အမှားတွေကို ပြန်ဆင်ခြင်ရင်းပြုပြင်လို့မရတဲ့ နောင်တ တရားတွေ နဲ့ ယူကျုံး မရခြင်းကို မနက် ည ဘုရားဝတ်ပြုပြီးတိုင်း သားလေး "လင်း"ကို အမျှပေးဝေရင်း အခုချိန် ထိခံစားနေရ ဆဲပါ။
အဲဒီခံစားမှုဟာ ကျွန်မရဲ့ နောက်ဆုံးနေ့ရက်ထိ ပါသွားမယ် ဆိုတာလည်း သေချာပါတယ်။ လူ့ဘ၀မှာ အမှားပေါင်း များစွာ လုပ်မိတတ်ကြတာ ဓမ္မတာဖြစ်ပေမဲ့ သားတစ်ယောက်လုံး သေတဲ့ထိ ဖြစ်အောင်တော ဘယ်သူ မှ ကျွန်မလောက်မိုက်မဲကြမယ် မထင်ပါဘူးနော်။ ဒီအတွေ့အကြုံကနေပြီး အစိုးရိမ် လွန်ကဲခြင်းကလည်း အခါခပ်သိမ်း ကောင်းသောအရာ မဟုတ်ဘူးဆိုတဲ့ သင်ခန်းစာတော့ ရလိုက်မိ ပါတယ်။

"Life goes on" ဆိုတဲ့စကားအတိုင်း "နောင်တ"ကို ရင်မှာပိုက်ရင်း ဘ၀ခရီးကို ဆက်ပြီး လျှောက် ရပြန်တယ်ပေါ့။ စစ်ရေးစစ်ရာအခြေအနေတွေကလည်း ပြောင်းသွားပြီ။ ၁၉၄၄ ခုနှစ် ကတည်းက စစ်ရေးနိမ့်ခဲ့တဲ့ ဂျပန်တပ်စုတွေလည်း အိန္ဒိယပြည်နဲ့ မြန်မာနယ်စပ် (အင်ဖာ)မြို့အထိပဲ တက်နိုင် ခဲ့ပြီး ရှုံးနိမ့် လို့ ပြန်ဆုတ်တဲ့အခါ အလူးအလဲ ခံကြရပါတော့ တယ်။ မန္တလေးတိုင်းက ဗိုလ်မှုးကြီးဗထူး ခေါင်းဆောင် တဲ့ တပ်မတော်သားတွေက ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ ချမှတ်တဲ့ အစီအစဉ် အရ တော်လှန်ရေးကို ၁၉၄၇ခု၊ မတ်လ ၈ရက်နေ့မှာစပြီး တိုက်ခိုက်ဆင်နွှဲကြတယ်လို့ သိရပါတယ်။
ဂျပန်တပ်တွေဆုတ်၊ အင်္ဂလိပ်အုပ်ချုပ်မှုရဲ့ အောက်ကိုပြန်ရောက်လာတော့ စစ်ကြီးမပြီး သေးပေမဲ့ ဗုံးသံ၊ သေနတ်သံ၊ လေယာဉ်ပျံသံတွေ မကြားရတော့တာမို့ လူတွေလည်း အထိုက်အလျောက် စိတ်လက်ပေါ့ပါး သွားကြရတာပေါ့။

စစ်ပြေးနေကြတဲ့သူတွေလည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ပြောင်းလာကြပါပြီ။ မိသားစုစုံစုံ ညီညီတော့ မဟုတ်ကြလေ ဘူးပေါ့။ ဗုံးထဲ ပါသွားတဲ့သူနဲ့၊ ဖျားနေပြီးဆေးဝါးကုသစရာမရှိ လို့သေဆုံး သွားကြသူနဲ့ ခြေပြတ်လက်ပြတ် ဖြစ်အောင်ဒဏ်ရာရသူနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သူနဲ့ ဒုက္ခမျိုးစုံစစ်အတွင်းမှာ ကြုံကြရ သူတွေလည်း အများအပြားပါပဲ။
အဆိုး ကို ကြုံလို့ဒုက္ခရောက်ကြရတဲ့သူတွေ ရှိသလို စစ်အတွင်းမှာ စီးပွားရေးအကွက်မြင် သူတွေ နဲ့လုပ်ရဲ ကိုင်ရဲရှိသူတွေ တချို့ကျတော့လည်း ကုသိုလ်ကံပေးပြီး သူဌေးတွေဖြစ်ပြီး ချမ်းသာကြွယ်ဝ ဘ၀ပြောင်း သွားကြသူများလည်း ရှိတာပါပဲ။ စစ်ကာလအတွင်းမှာ ဘ၀ အထွေထွေကြုံတွေ့ကြရတဲ့ သဘောပဲ ထင်ပါရဲ့။
ကျွန်မ လည်း ကွန်ဗင့်ကျောင်းက စစ္စတာဖိလစ်ကိုထားခဲ့တဲ့ကတိအတိုင်း မမြသောင်းနဲ့ မဒေါင်းယဉ်တို့ ညီအစ်မ ကို ကွန်ဗင့်ကျောင်းပြန်ပို့ပေးပြီး စစ္စတာရဲ့လက် ပြန်အပ်ရတာ ပေါ့။

ကိုယ့်ညီမငယ်လေးတွေကို လက်ပွန်းတတီးအတူတကွ နေခဲ့ရာက ခွဲခွာရပြန်တော့ သံယောဇဉ်တွယ်ပြီး မျက်ရည် ကျရပါသေးတယ်။ သူတို့ညီမအစ်လည်း ကျွန်မကို အစ်မ အရင်းချာလို ခင်တွယ်နေကြတာမို့ မျက်ရည် စက်လက်နဲ့ပေါ့။ ခွဲခွာရခြင်းဆိုတာ ရင်နာ ခြင်းကိုဖြစ်စေတာအမှန်ပါပဲနော်။
"လင်း" ကို ထိန်းပေးတဲ့ မမြိုင် ကလည်း "လင်း"ဆုံးပြီးတော့ သူလည်း စိတ်ထိခိုက်ကာ မျက်ရည်လည်ရွဲနဲ့ ရွာကို ပြန်ဦးမယ် ဆိုပြီး ချောင်းဦးကို ပြန်သွားပါတယ်။ ခင်ပွန်းသည်မရှိ တော့ဘဲ မမသန်းမှာလည်း အထီးကျန်ဖြစ်နေ ရှာတော့ ရှိရှိသမျှ အချစ်တွေကို ကျွန်မရဲ့ သားအကြီး "၀င်း"ပေါ်မှာ ပုံပြီးချစ်တော့တာမို့ ကျွန်မ ရဲ့သားလို့ ပြောရင်တောင် မကြိုက် ချင်ဘဲ သူ့သားမှ သူ့သားဆိုပြီး အဖြစ်သည်းနေလေရဲ့။

စဥ့်ကိုင်းမှာ စစ်ပြေးနေတဲ့ ကိုကြီးရဲ့အစ်မ ဒေါ်ဒေါ်ကြင်တို့ မိသားစုကတည်း ယွန်းတန်း တိုက် ကိုပြန်ရောက် လာကြပြီး ကိုကြီးရဲ့တူမအငယ် (မမလေး)က ဂျပန်ခေတ်မှာအိမ် ထောင်ကျလို့ မမသန်းက အတူနေကြ ဖို့ ပြန်ခေါ် ထားပါတယ်။ အားလုံးစုစုဝေးဝေး အရင် ကလိုပြန်ဖြစ်သွားကြတယ်ပေါ့။
လမ်းပန်း ဆက်အသွယ် ကောင်းလာလို့ တောင်တွင်းကြီးက အန်ကယ်အေးနဲ့ အန်တီ လေး တို့လည်း ပြန်လာလည်ကြတာနဲ့ ကျွန်မရဲ့ခင်ပွန်း ဦးအောင်ခန့် ကိုလည်း မြင်လိုက် ရော အန်တီလေးက ဟန်တောင် မဆောင်နိုင်ဘဲ မျက်ရည်တွေကျပြီး ရှိုက်ကြီးတငင်ငိုတော့ တာပါပဲ။ ဦးအောင်ခန့်က ရိပ်မိတော့ ထရှောင် သွားပါတယ်။

အန်ကယ်အေးက "ငါ့တူမလေ နှမြောလိုက်တာကွာ"နဲ့ တောက်တခေါက်ခေါက်ဖြစ်နေ လေရဲ့။ ကျွန်မလည်း အန်တီလေးတို့ စိတ်ထိခိုက်တာ ပိုစိတ်မကောင်းဖြစ်ပြီး အန်တီလေး နဲ့အတူရောပြီး ငိုမိပါတယ်။ အဲဒီအချိန်က ကိုယ့်ဘ၀ရပ်တည်နိုင်ရေးအတွက် ဒီထက် ကောင်းတဲ့အခြေအနေကို မရှာဖွေနိုင်ခဲ့တာ ကိုယ်ပဲညံ့ဖျင်းလေသလား ဆိုတဲ့အတွေးဝင်ပြီး သိမ်ငယ်မိတာလည်း ပါရဲ့ပေါ့။
မာစီ စိတ်ကြည်လင်နေခိုက်နဲ့ကြုံလို့ အန်တီလေးကို မာမီကဖက်ပြီး "တို့များရဲ့ ကံတ ရားပဲပေါ့၊ အသက်မသေ ပြန်တွေ့ရတာကိုပဲ ၀မ်းသာပါညီမရယ်"နဲ့ နှစ်သိမ့်အားပေးပြီး ချော့နေပါတယ်။ အန်တီလေးတို့တင် ကိုကြီးကို ကြည့်မရတာ မဟုတ်သေးဘူး။

စစ်ပြေး ရာကပြန်ရောက်လာကြတဲ့ ကျွန်မသူငယ်ချင်းတွေက "ဦးအောင်ခန့်"ဆိုတဲ့ နာမည်လေးက လှလို့ မဟာဆွေရဲ့ဝတ္ထုထဲက ဇာတ်လိုက်လို အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနဲ့ လူချောလူခန့်လို့ တွက်ထားပြီး လာကြည့်ကြတော့ အရပ်ပုပု၊ ဗိုက်ပူပူနဲ့ကိုကြီးကိုလည်း မြင်ရော "ဟင် ဟာ"နဲ့ ဖြစ်ကုန်ကြပြီး ကွယ်ရာကို လက်ကုတ်ခေါ်သွားပြီး...
"နင် ဒီလူကြီးနဲ့ ညကျ ဘယ်လိုများလုပ် အိပ်လဲဟင်"နဲ့ မကျေမနပ် ပုံစံနဲ့ စပ်စုကြပါ တယ်။ ဘယ်လိုလုပ်ရမလဲ၊ ယူထားပြီးမှတော့ မတတ်နိုင်ဘူးပေါ့။ ညကျကျောပေးပြီး အိပ် လို့မပျော်မချင်း သူ့မျက်နှာ မမြင်ရအောင် မျက်စိကို အတင်းမှိတ်ထားရတာပေါ့ဟဲနဲ့ အမှန်အတိုင်း ပြန်ဖြေတော့ ကျွန်မကို ၀ိုင်းသနားနေကြလေရဲ့။

ဘ၀ဆိုတာ ဒီလိုပဲပေါ့။ တစ်ဦး အကျိုးပေးနဲ့ တစ်ဦး တူကြတာမှ မဟုတ်တာနော်။ ကောင်း ကင်ကကြယ်ပွင့်လေးတွေကိုပဲ ကြည့်ပါဦး။ တစ်ခုနဲ့တစ်ခု မတူကြဘဲ မှိန်တဲ့ကြယ်ကလေး တွေကမှိန်လို့၊ တောက်ပတဲ့ ကြယ်လေးတွေက တလက်လက်နဲ့တောက်ပ တင့်တယ်လို့။ အကျိုးပေးမကောင်းဘူး ဆိုတာလည်း သူတစ်ပါးက လာပြီးအပြစ်ဒဏ်ခတ်ပေးတာမျိုးမှ မဟုတ်တာ။ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးနဲ့ မိမိပြုခဲ့ဖူးတဲ့ အတိတ်ကမကောင်းတဲ့ စိတ်များရဲ့ ဒဏ်ပြန်ဟပ်ခြင်းပဲ ဖြစ်လို့အများက ၀ိုင်းသနားကြတိုင်း လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိုင် သနားနေလို့မှမဖြစ်တာ။ ကိုယရွေးချယ်ခဲ့တဲ့ လမ်းပဲ။ ကိုယ့်ဟာကိုယ် အားမာန်တင်းပြီး ဘ၀ကို ရင်ဆိုင်ရင်းလျှောက်လှမ်းရမှာပဲပေါ့။

ဒီလိုနဲ့ ကျွန်မတို့ လူသားအားလုံး ပျော်ရွှင်ပြုံးနိုင်တဲ့ တစ်နေ့ကို ရောက်လာပါတော့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ၁၉၄၅ခု၊ သြဂုတ်လ ၁၄ရက်ပါပဲ။ ဂျပန်တွေ လက်နက်ချလိုက်ပြီ လို့ရေဒီယိုက ကြေညာတာ ကြားတာနဲ့ အော်ဟစ်ဆူညံသွားအောင်ကို လူတိုင်းပျော်သွား ကြတာ။ စကားဝိုင်းမှန်သမျှ ဒီအကြောင်းကိုပဲ ၀မ်းသာအားရ ပြောကြဆိုကြနဲ့ မပြီးနိုင် တော့ပါဘူး။ စက်တင်ဘာလ ၂ရက်နေ့မှာတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတာတရားဝင် လက်မှတ်ထိုး ကြေညာတာ ကြားသိရပါတယ်။ ဒီခါကျမှပဲ လူတိုင်းလည်း စိတ်နှလုံး တုံးတုံး ချပြီးစိတ်အေးရတော့တာပေါ့။
စစ်ကြီးပြီးပြီလည်း ဆိုရော ကျွန်မတို့ သူငယ်ချင်းတစ်စု ရောဂါထလာပါတယ်။ အဲဒါက စာမေးပွဲဖြေကြဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးကို အကောင်အထည်ဖော်ကြဖို့ ရင်မှာထက်သန် အားတက်လာကြတာ အပြုံးကိုယ်စီနဲ့ပေါ့။ စစ်အတွင်းမှာ အိမ်ထောင်ကျဖြစ်သွားတာ ကျွန်မနဲ့ လှလှမြင့်(Cherry)နှစ်ယောက်ပဲ ရှိပါတယ်။ ကျန်တဲ့သူတွေက အပျိုစင်တွေပဲ။ တစ်ဦး တစ်ယောက်မှ ကျွန်မတို့နှစ်ယောက်လောက် ဒုက္ခမရောက်ကြပါဘူး။

လှလှမြင့်ရဲ့ မိဘများက ၈၄လမ်းနဲ့ ရုံတော်ကြီးထောင့်က သုံးထပ်ရှိတဲ့ ဘီကြင်ဟိုတယ် ကြီးကိုပိုင်ပါတယ်။ ဂျပန်အပြေးအင်္ဂလိပ်အ၀င်မှာ ကျွန်မတို့လိုပဲ စစ်ပြေးရှောင်ကြတော့ လှလှမြင့်နဲ့ သူ့မိခင်က ကပိုင်ရွာမှာ ရောက်နေကြပြီး လှလှမြင့်ရဲ့တယ်တယ် ဘီကြင် ဆရာကြီးပဲ တပည့်တွေနဲ့အတူ ဆိုင်မှာစောင့်နေခဲ့တာပါ။ ကျွန်မတို့နဲ့ တရုတ်နှစ်သစ်ကူး ထမင်းစားပွဲမှာ အတူစားခဲ့ကြတာ နောက်ဆုံးဖြစ်မယ်လို့ အဲဒီအချိန်တုန်းက မသိခဲ့ဘူး ပေါ့။
ထမင်းစားပွဲတန်းလန်းနဲ့ မန္တလေးတောင်ဘက်က အမြောက်သံတွေလည်း ကြားရော တစ်ပိုင်းတစ်စနဲ့ ထပြီးပြေးခဲ့ကြရတာ။ ဆရာကြီးက မပြေးဘဲ ဆိုင်မှာပဲနေရင်း နာမကျန်း ဖြစ်တော့တပည့်လေးတွေ ဗုံးတွေ၊ သေနတ်သံတွေကြားထဲက ကပိုင်ရောက်အောင်သွား ပြီးလှလှမြင့်တို့ကို အကြောင်းကြားတာပေါ့။

ကျွန်မ သူငယ်ချင်းကလည်း သတ္တိခဲပါပဲ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားထဲမှာ ယောက်ျား လေးလိုဝတ်ပြီး စက်ဘီးတစ်စီးနဲ့ လာပြီးအကြောင်းကြားတဲ့ တပည့်လေးနဲ့အတူ မန္တလေး မြို့ထဲကို လိုက်လာခဲ့တာတဲ့။ မန္တလေးအ၀င်ဂိတ်ကျတော့ ကုလားစစ်သားက လုံခြုံရေးအ တွက်ဆိုပြီး ရှာတော့ ခါးမှာပတ်လာတဲ့ အင်္ဂလိပ်ငွေစက္ကူ ငါးရာလည်း တွေ့ရော ပြန်မပေး ဘဲယူထားလိုက်တယ်တဲ့။ လှလှမြင့်က မခံဘဲ အကြီးအကဲ စစ်ဗိုလ်ရှိရာကို တန်းတန်းမတ် မတ်သွားတိုင်ပြောမှ စစ်ဗိုလ်က ကုလားစစ်သားကို စစ်မေးပြီး ငွေငါးရာ ပြန်ပေးလိုက်တာ တဲ့လေ။ အဲဒီအချိန်မှာ လှလှမြင့်လည်း ကျွန်မလို အသက်နှစ်ဆယ်ဝန်းကျင်မှာပဲ ရှိပါသေး တယ်။

အမောတကော လိုက်လာခဲ့ပေမဲ့ သူ့ခမျာ အဖေရဲ့အသက်ကို မမီလိုက်ရှာပါဘူး။ ရုတ်ရုတ် သဲသဲထဲမှာဘဲ အသုဘချပြီး တစ်ဆက်တည်း ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းကြီးကို အုပ်ချုပ်တဲ့ ဖခင်နေရာမှာ အစားဝင်တာဝန်ယူဦးစီးခဲ့ရတာ ခုချိန်ထိပဲ ဆိုပါတော့။
ယွန်းတန်းတိုက်ကို ပြန်ရောက်တော့ ယောက်မတွေ၊ တူမတွေအလယ်မှာ ကျွန်မက အသက်အငယ်ဆုံးမို့ ကလေးလို သဘောထားဆက်ဆံကြပါတယ်။ သားတစ်ယောက် အမေလို့သာ ဆိုတာ သားရဲ့တာဝန်ကို မမသန်းက အပြီအပိုင် ယူထားတာကြောင့် ကျွန်မ ဘာမှမလုပ်ရပါဘူး။ အချက်အပြုတ် မီးဖိုချောင်ကိစ္စကျတော့လည်း ကျွန်မက အဖြစ်ရှိတာ မဟုတ်ဘူး။
ယွန်းတန်းတိုက်ကနေ ထမင်းတစ်အိုးတောင် ဖြစ်မြောက်အောင် မချက်တတ်လို့ကိုကြီးရဲ့ အဆူအဆဲကိုခံရတာ အခါခါပါပဲ။ ဧည့်သည်ထမင်း ကျွေးဖို့ကြုံရင် ကြိုးကြိုးပမ်းပမ်း ဘယ် လောက်လုပ်လုပ် ပျော့တစ်လှည့်၊ မာတစ်ခါဖြစ်ကုန်တာမို့ ဘီကြင်ဟိုတယ်က ပြေးဝယ်ပြီး အစားထိုးရတာလည်း အကြိမ်ပေါင်းများစွာပေါ့။

တစ်ခါကျတော့ ကိုကြီးရဲ့သူငယ်ချင်း စက်ရှင်မင်းကြီး ဦးစံဒွန်းက လာလည်ပါတယ်။ ဦးစံဒွန်းက ရုပ်ရှင်မင်းသားအောင်လွင်ရဲ့ ဦးလေးပါ။ အန်ကယ်ဦးစံဒွန်းက မီးဖိုထဲမှာ ထမင်းအိုးတစ်လုံးနဲ့ ကျွန်မ ယက်ကလယ်လိုက်နေတာ တွေ့တော့....
"ခင်မကြီးရယ် ထမင်းချက်တာများ ခက်လွန်းလို့၊ မှတ်ထား အန်ကယ်သင်ပေးမယ်၊ ထမင်းအိုးဆူပြီဆိုရင် ယောက်မနဲက ကော်ကြည့်၊ ဆန်လုံးမှာ အက်ကြောင်းလေးတွေ ငါးခုဖြစ်လာပြီဆိုရင် အတော်ပဲ၊ ချပြီးငှဲ့လိုက်တော့"တဲ့။
ထမင်းချက်နည်းကို စနစ်တကျနဲ့ သင်ပေးပါတယ်။ သူပြောတဲ့အတိုင်း ထမင်းအိုးဆူတာနဲ့ ယောက်မနဲ့ကော်ပြီး အလင်းရောင်ရှိရာ ပြတင်းပေါက်မှာ သွားကြည့်ရင်းအက်ကြောင်း တွေငါးခုရှိ၊ မရှိရေတွက်ကြည့်နေရတာက အချိန်တွေကြာလို့ ငှဲ့လိုက်တော့လည်း ပျော့ပြဲ ပြဲထမင်းပဲ ထွက်လာတာပါပဲ။

"ထမင်းချက်နည်းဆိုတာ စက်ရှင်မင်းကြီးဆီက သင်ရတာမဟုတ်ဘူးဟဲ"နဲ့ နောက်ထပ် ကိုကြီးရဲ့အဆူအဆဲခံရတာပဲ အဖတ်တင်ပါတယ်။ ကော့လန်နေတဲ့ ထမင်းမျိုးတော့ ဘယ်တော့မှ ထွက်မလာပါဘူး။ အဲလို အသုံးမကျရတဲ့အထဲ ကျွန်မက လက်ကြီးတာက ပါပါသေးတယ်။ မမသန်းတို့က ဆီစက်ကြီးတစ်လုံးလုံး ပိုင်ပေမဲ့ စည်းနဲ့ကမ်းနဲ့ သုံးတာ။ ကျွန်မကဘေးက ၀ိုင်းကူရင်း ဆီတွေကို သူတို့ကို မှုတ်ခြင်နဲ့ မထည့်ဘဲ ဝေါခနဲနေအောင် လောင်းချတတ်တော့...
"မမ လာမကူနဲ့၊ အိမ်ရှေ့ကို ကြွပေတော့ ဒီပုံစံနဲ့ ချက်ရရင် ကျုပ်တို့ ဆီစက်ကြီးပြုတ် သွားလိမ့်မယ်"လို့ မမသန်းက ချစ်စနိုးနဲ့ဆူရင်း မီးဖိုထဲက မောင်းထုတ်တော့ အချုပ်အ ပြုတ်ဝါသနာမပါတဲ့ ကျွန်မလည်း အံကိုက် ဇိမ်ကျလို့ပေါ့။

ကလေးရဲ့တာဝန်လည်း မယူရ၊ မိးဖိုချောင်လည်း မ၀င်ရဆိုတော့ ကျွန်မမှာအလုပ်မရှိ၊ တစ်ရာ့ကိုးဖြစ်နေပါတော့တယ်။ ဘ၀ဟောင်းတုန်းက မျောက်ဖြစ်လာခဲ့သလား မသိပါဘူး။ တစ်စက်ကလေးမှ အငြိမ်မနေနိုင်တဲ့ စိတ်ကြောင့် အဲလိုကြီးအချိန်တွေ ကုန်ရတာကို စိတ် ညစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ငါဟာ အိမ်ထောင်နဲ့ အိမ်ရှင်မဆိုတဲ့ စိတ်လည်း မ၀င်မိ။ စစ်ကြီးပြီးပြီ ဆိုရင်စားမေးပွဲပြန်ဖြေ၊ တက္ကသိုလ်တွေဖွင့်ရင် ကျောင်းပြန်တက်မယ် လို့တောင် စိတ်ကူးတွေယဉ်နေမိသေးတယ်။
အဲဒီအချိန်မှာ သူငယ်ချင်းတွေကလည်း ပြန်စုမိနေကြပြီ။ အလုပ်မရှိတော့ စက်ဘီး ကိုယ်စီ နဲ့တစ်မြို့လုံး လျှောက်ပတ်ပြီးစီးကြ၊ စားမေးပွဲဖြေကြမယ်ဆိုပြီး စာတွေပြန်နွှေးပြီး ကျက်ကြနဲ့ ကိုယ့်ဟာကိုယ်ရှာကြံ အလုပ်များနေကြပါတယ်။ စစ်အတွင်းက ဂျပန်စစ်သား သိမ်းသွားလို့ ကျွန်မမှာ ရိုက်စရာ ကင်မရာမရှိတော့ဘူးလေ။ စစ်အတွင်းခံရတဲ့ အနှောင် အဖွဲ့ရန်က လွတ်လပ်သွားပြီမို့ ဓာတ်ပုံရိုက်ချင်တဲ့ ရောဂါကလည်း သည်းလာတာနဲ့ ကင်မရာတစ်လုံးဝယ်ဖို့ လိုက်ရှာတော့ အဟောင်းတစ်လုံး ရလာခဲ့လို့အဆင်ပြေသွားပြန် ပါရော။

စစ်ပြီးခါစဆိုတော့ ဖလင်ကလည်းရှားလိုက်တဲ့ဖြစ်ခြင်း။ ဖလင်တစ်လိပ်ကို အင်္ဂလိပ်ငွေ တစ်ဆယ်ပေးပြီး ၀ယ်ရပါတယ်။ ကိုယ်က၀ါသနာပါတော့ နောက်ပြီး ကိုယ်ရှာရတဲ့ပိုက်ဆံ လည်းမဟုတ်တော့ နှမြောရကောင်းမှန်းလည်း မသိပါဘူး။ တန်တာ၊ မတန်တာတွေ စဉ်းစားမနေဘဲ ၀ယ်ချလိုက်တာပဲ။ ကျောင်းတုန်းက ပုံစံအတိုင်း သူငယ်ချင်းတွေ ဓာတ်ပုံ စုပြီးရိုက်ကြ၊ ပြီးရင်ဆိုင်မှာသွားကူးလိုက်၊ ဆေးလိုက်နဲ့ ပိုက်ဆံလည်းဖြုန်း၊ အချန်လည်း ဖြန်ုန်း။
တစ်နေ့ခင်းကျတော့ ကျွန်မရဲ့သူငယ်ချင်း ခင်ခင်လင်း(Pearl)က စက်ဘီးတစ်စီးနဲ့ နောက်ထိုင်ခုံမှာ Kathleenကိုတင်ပြီး ရောက်လာပါတယ်။ စီဗွီလိုင်းမှာ ရှိတဲ့ ပညာရေးရုံး မှာဆယ်တန်းစာမေးပွဲဖြေဖို့ Roll No.တွေ ထုတ်ပေးနေပြီ၊ သွားယူကြရအောင်တဲ့။

ကျွန်မလည်း ၀မ်းသာအားရနဲ့ စက်ဘီးဆွဲထုတ်ပြီး နေပူကြီးထဲမှာ စီဗွီလိုင်းအထိ ခင်ခင်လေးနဲ့ အတူသွားယူကြတာပေါ့။ အဲဒီနေ့က ကျောက်ခဲလမ်းပေါ်မှာ စက်ဘီး နှစ် ယောက်စီးတာ ယိုင်ထိုးယိုင်ထိုးနဲ့ တစ်စီးနဲ့ တစ်စီးတိုးမိပြီး လဲကျလို့ ဒူးတွေ ဘာတွေကွဲ ပြဲခဲ့တာတောင် မမှုပါဘူး။ စာမေးပွဲ ဖြေရတော့မယ်ဆိုပြီး အူမြူးပြန်လာကြတာပါ။
အိမ်လည်း ပြန်ရောက်ရော ကိုကြီး အဆူခံရတော့တာပဲ၊ "စာမေးပွဲတွေဘာတွေသွားဖြေ မနေနဲ့၊ အောင်တော့ရော ဘာလုပ်မှာလဲ၊ လခစားသွားလုပ်ဖို့လည်း စဉ်းစားမနေနဲ့၊ စီးပွားရေးကို တက်အောင်သင်"တဲ့။
အရှိန်မြင့်နေတဲ့ ရည်မှန်းချက်ကြီး ပြိုကျသွားတော့ ကျွန်မရင်ထဲမှာ ထိခိုက်နာကျင်လိုက် တာမပြောပါနဲ့တော့။ မျက်ရည်တွေပေါက်ပေါက်ကျလာတဲ့ထိပါပဲ။ ကိုယ့်ဘ၀ကိုယ်မပိုင် တော့လည်းငိုရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။

အိမ်မှာခုလို အလကားထိုင်ပြီး အချိန်ဖြုန်းနေရတာကို ကျွန်မမပျော်ဘူး။ ဒါကြောင့်စားမေးပွဲ ဖြေ၊ ကျောင်းပြန်တက်ပြီး တိုးတက်ရာ ရှာချင်လို့ပါ ဆိုတာကို စောဒကတက်ပေမဲ့ ကိုကြီး ကလက်မခံပါဘူး၊ အလကားမနေချင်ရင် စိန်ရွှေအရောင်းအ၀ယ် သင်တဲ့လေ။
သူတကာ အိမ်ရှင်မလို ယောက်ျားက ထားရာနေ၊ စေရာသွား၊ ဆင်တာ ၀တ်ပြီး အေးအေး နေရင်လည်း ကိစ္စက ပြီးနေမှာပါ။ ကျွန်မဘ၀ မပူမပင်မကြောင့်မကြ နေနေရသားပဲဟာ။ ခုတော့မဟုတ်ဘူးလေ။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး တရုန်းရုန်းလုပ်။ စက်ဘီးကိုယ်စီးနဲ့ တလွှားလွှားသွားကြ၊ ဓာတ်ပုံတွေနေရာအနှံ့ လည်ပြီးရိုက်၊ ကူးလိုက်ဆေးလိုက်နဲ့ပိုက်ဆံ တွေဖြုန်း၊ စိတ်လိုတဲ့အခါကျတော့ စာတွေကုန်းပြီးကျက်နေ။

ကျွန်မလုပ်နေပုံက ကိုကြီးတို့ မိသားစုအဖို့ မျက်စိနောက်ချင်စရာကြီးဖြစ်နေတာ မဟုတ် လားနော်။ ဓာတ်ပုံရိုက်တယ်ဆိုတာကလည်း အရည်မရ၊ အဖတ်မရ၊ စားရတာလည်း မဟုတ်၊ ၀တ်ရတာလည်းမဟုတ်။ သက်သက်ပိုကဆံ ထိုင်ဖြုန်းနေသလို ဖြစ်နေတော့ ကျွန်မကိုအသုံးအစွဲ ကြပ်မတ်၊ တင်းကျပ်လာပါတယ်။
လိုချင်တာ ၀ယ်ပေးမယ်။ ဒါပေမဲ့ လိုအပ်တာမျိုးပဲ ပူဆာ။ ဓာတ်ပုံရိုက်တာလို ဖြုန်းတာမျိုး အတွက်လာမတောင်းနဲ့ဆိုတော့လည်း ကျွန်မက မာနတစ်ခွဲသားနဲ့ လက်ဝါးမဖြန့်ဘဲ နေလိုက်တာပေါ့။ သူတို့ကွယ်ရာ ကိုကျော်ရဲ့ ဓာတ်ပုံဆိုင်ကျမှ မျက်ရည်အ၀ဲသားနဲ့ ဆိုင် ရှင်ကိုကျော်ကို ဒါနောက်ဆုံးလာအပ်တဲ့ အလိပ်ပဲဆိုတာ ပြောပြတော့ ကိုကျော်ကလည်း စိတ်မကောင်းရှာဘူး။
"မင်း ဒါလောက် ၀ါသနာပါတဲ့ဟာကို မစွန့်လွှတ်သင့်ဘူးကွာ၊ ငါအလုပ်မရမှာကြောင့် ပြောတာမဟုတ်ဘူး၊ မင်းရုက်ထားတဲ့ ပုံထွက်ကလေးတွေက ကောင်းတယ်၊ အယူအဆ လေးတွေလည်း မဆိုးဘူး၊ မင်းမှာ အလားအလာရှိလို့ နှမြောပြီး ပြောတာပါ"တဲ့။

သူက ဒီလိုချီးကျူးလိုက်ခါမှ ကျွန်မပိုပြီးငိုချင်သွားမိသေးတယ်။ ကိုယ့်အခြေအနေကိုယ် အသိဆုံးဆိုတော့လည်း အံကိုကြိတ်ထားရတာပါပဲ။ စားမေးပွဲလည်း မဖြေရ၊ ဓာတ်ပုံလည်း မရိုက်ရဆိုတော့ ကျွန်မစိတ်ဓာတ်ကျပြီး အိမ်မှာတငိုင်ငိုင်ဖြစ်နေတာ မြင်တော့ ကိုကြီးက သူ့မိတ်ဆွေ စိန်အရောင်းအ၀ယ်လုပ်တဲ့ ဦးလေးအေးဆီမှာ အရောင်းအ၀ယ် သင်ဖို့အပ် ပေးပါတယ်။
ဦးလေးအေးမှာ အော်စတင်ကားနက်ကလေးတစ်စီး ရှိတယ်။ အသက်သာကြီးတာ၊ လူက တော့ကြော့်နေအောင် ၀တ်ထားတာနော်။ စကားပြောကလည်း ချိုပါဘိနဲ့။ ဦးလေးအေးနဲ့ အတူလိုက်ပြီး သူဝယ်တာရောင်းတာတွေကို လေ့လာရပါတယ်။ မမသန်းတို့ကလည် ဈေးတော်တာရှိရင် ၀ယ်ထားပြီး ဈေးကောင်းရတဲ့အခါမျိုးကျ ပြန်ထုတ်နဲ့ ဦးလေးအေးနဲ့ အလုပ်ကိုဖြစ်လို့။
ကိုကြီးတို့ မိဘများ လက်ထက်ကလည်း စိန်ရွှေရတနာဆိုင် ရှိခဲ့ဖူးတာမို့ ကိုကြီးက ကျွန်မကို ဖြစ်ဖြစ်မြောက်မြောက် ရတနာအလုပ်ကို တတ်ကျွမ်းစေချင်တယ်။ ကျွန်မ နားလည်လို့ ကျွမ်းသွားပြီဆိုရင် ဆိုင်ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ထားတယ်ပေါ့။

"စိန်ရွှေအလုပ်ဆိုတာ ကိုယ်လို မိန်းမသားတွေနဲ့ ဆက်ဆံရတာ ဘယ်လောက်ကောင်းလဲ နောက်ပြီးလူချမ်းသာအသိုင်းအ၀ိုင်းမှာလ်း ၀င်ဆံ့သွားတာပေါ့၊ ကိုယ်လည်းရောင်းရင်း ၀ယ်ရင်း ရွှေမရှား၊ စိနမရှားအလဲအလှယ်အမျိုးမျိုး ၀တ်ရသေးတယ်၊ အရောင်အ၀ယ် ဖြစ်တော့လည်း သက်သက်သာသာနဲ့ ၀င်ငွေရတာနော်၊ အပြောလေးစိုက်ရတာ တစ်ခုပဲ" နဲ့ကျွန်မကို အားတက်သရော လုပ်စေချင်တဲ့ သဘောနဲ့ ကိုကြီးက တွန်းအားပေးပေမဲ့ ဒီအလုပ်ကို လုံး၀၀ါသနာမပါတဲ့အခါကျတော့ ကိုကြီးပြောသလို ပျော်စရာအနေနဲ့မမြင်နိုင် ဘဲစိတ်ပျက်နေမိတာ အမှန်ပါပဲ။ အရောင်းအ၀ယ်အလုပ်ဆိုတာ လွယ်တာမှမဟုတ်တာ။ ပစ္စည်းကို နားလည်ဖို့ လိုတာအပြင် ၀ယ်ချင်တဲ့အခါကျတော့ အနာအဆာ အကျိုးအပြစ် တွေကို ရှာကြံပြောပြီး ဈေးနည်းနည်းနဲ့ရအောင် ဖျစ်ညှစ်ပြီးဆစ်၊ ရောင်းချင်ပြီ ဆိုပြန်တော့ ရှိနေတဲ့ အနာအဆာတွေကို ဖာထေးပြီး ကိုယ့်ပစ္စည်းလောကကောင်းတာ တခြားမှ မရှိ တော့တဲ့အတိုင်း အပိုအဆာတွေနဲ့ လှိုင်းပြီး ဈေးကြီးရအောင်တင်ပြီးဆို။

ကျွန်မက ဘာမဆို တဲ့တိုးပွင့်ပွင့်လင်းလင်း ပြောချတတ်တဲ့သူမျိုးဆိုတော့ အလုပ်တစ်ခု ဖြစ်အောင်အလိမ္မာနဲ့ စကားကိုချိုချိုသာသာလေး ပြောပြီးရောင်းချင်သူကိုလည်း ရောင် ဖြစ်အောင်၊ ၀ယ်ချင်တဲ့သူလည်း ၀ယ်ဖြစ်အောင် ဆွဲဆောင်တတ်ဖို့ အတော်ကိုခက်ခဲနေပါ တော့တယ်။ စကားပြောကောင်းကောင်းနဲ့ ရောင်းတတ်ဝယ်တတ်ဖို့ ဆိုတာကလည်း ဧရာမ မဟာပညာရပ်ကြီး တစ်ခုပါနော်။
ကျွန်မတို့များ ဘယ်လောက်တော်လဲဆိုရင် စစ်အတွင်းမှာတုန်းက ကိုကြီးရဲ့မိတ်ဆွေတစ် ဦးရောက်လာပြီး သူထီထွင်ဖော်စပ်ထားတဲ့ဆေးရဲ့ အာနိသင်တွေကို ရွှန်းရွှန်းဝေအောင် ပြောပြီး အဲဒီဆေးတွေကို ထုတ်လုပ်ရောင်းချဖို့ ကိုကြီးက ငွေစိုက်၊ သူကဆေးနည်းတွေ စိုက်ပြီး စပ်တူလုပ်ကြမယ်ပေါ့။ ဒီလုပ်ငန်းကို ကိုကြီးက စိတ်ဝင်စားပါတယ်။ ဆေးဆိုတာ အမြတ်ကြီးတာမို့ အောင်မြင်ရင် သူထေးဖြစ်နိုင်တယ်ပေါ့။

အလုပ်ကိစ္စကို ဆွေးနွေးဖို့ ဆိုပြီး ညနေတိုင်းလို ကျွန်မတို့ကို ဖွယ်ဖွယ်ရာရာတွေ သူ့မိန်း မကချက်ပြီး ဖိတ်ကျွေးနေတာ လေး ငါးရက်ရှိတော့ တခြားမိတ်ဆွေတစ်ဦးရဲ့အကြောင်း စပ်မိစပ်ရာ ပြောကြရင်းအဲလူက "ဟုတ်တယ်၊ လူဆိုတာအလားအလာရှိမှ အပေါင်းအ သင်းလုပ်တာ၊ ရှေ့အလားအလာကို ကြည့်ပြီး ပေးပေါင်းကြတာပေါ့၊ ကြက်ကလေးတွေ ဆန်ကျွေးသလိုပေါ့ဗျာ၊ ကြက်ကလေး ၀ဖြီးလာတော့မှ ရိုက်သတ်စားကြတာမျိုး"တဲ့။ အဲဒီမိတ်ဆွေ ကွယ်ရာမှ ဝေဖန်စကားပြောပါတယ်။ သူ့စကားကိုနားထောင်ပြီး ရင်ထဲမှာ မကျေလည်တာနဲ့ "လူတိုင်းတော့ အဲလို စိတ်ထားမျိုးထားပြီး ပေါင်းကြတာ ဟုတ်မယ် မထင်ပါဘူး၊ ဒါဆို ဦးလေးကရော ကိုကြီးကို နေ့တိုင်းထမင်းဖိတ်ကျွေးနေတာ ကြက်က လေးကိုဆန်ကျွေးနေတာမျိုးလား"လို့ ကျွန်မက ကောက်ကာငင်ကာ ၀င်မေးလိုက်တော့ အဲဒီလူမျက်နှာကို အကြီးအကျယ်ပျက်သွားတော့တာပဲ။ နောက်ထပ်လည်း အိမ်ကို မလာ တော့ဘူး၊ ထမင်းစားလည်း မဖိတ်တော့ဘူးလေ။

ကိုကြီးက "ကိုယ့်မိန်းမတို့များ သိပ်တော်တာပဲ၊ သူများတကာက မပေးချင် ပေးချင် အောင်၊ မကျွေးချင် ကျွေးချင်အောင် ပြောတတ်ကြတယ်၊ ကိုယ့်မိန်းမကတော့ ကျွေးနေ တဲ့ထမင်းတောင် မကျွေးချင်အောင် ပြောနိုင်စွမ်းတာ"တဲ့။ ချီးကျူးယူရတဲ့ထိပါပဲ။
ဟုတ်လည်း ဟုတ်ပါရဲ့၊ ကျွန်မစကားက ပိဿာလေးနဲ့တင် မကဘူး။ တစ်တန်လောက် လေးတာကြီးနဲ့ ပစ်ပေါက်လိုက်သလို ဖြစ်သွားတာကိုး။ အဲလို အပြောအဆိုအချိုးမကျတဲ့ ကိုယ့်မိန်းမရဲ့အကြောင်း သိရက်နဲ့များ စိန်ရွှေအရောင်းအ၀ယ်ဖြစ်စေချင်တယ် ဆိုတာ ဘုန်းကြီးနဲ့ ဘီးလို မအပ်မစပ်ဖြစ်နေတာကို သိသင့်တာပေါ့နော်။

ဦးလေးအေးနဲ့ လိုက်လိုက်သွားရတဲ့ နေ့တွေက ကျွန်မအတွက် စိတ်ပင်ပန်းစေရတဲ့နေ့ တွေပါပဲ။ သူများပေးအပ်လိုက်တဲ့ အဖိုးတန်ပစ္စည်းတွေကို ထိန်းသိမ်းရတာကလည်း တာဝန်တစ်ခု။ သူတစ်ပါးကို မ၀ယ်ချင် ၀ယ်ချင်အောင် တွန်းပြောရတာကလည်း ဒုက္ခတစ် ခု။ လူဆိုတာ ၀မ်းစာရေးပဲဖြစ်ဖြစ်၊ နေ့စဉ်လှုပ်ရှား လုပ်ကိုင်ဆက်ဆံနေရတဲ့ လူမှုရေးပဲ ဖြစ်ဖြစ်၊ ကိုယ်လုပ်တာကို ကိုယ်ကျေနပ်မှသာ ပျော်ရွှင်မှုကို ရတာပါ။
ကျွန်မအဖို့ အားကိုးအားထားရာ အရေးတကြိး လိုအပ်နေလို့ ဆွဲယူထားလိုက်ရတဲ့ ခင်ပွန်းကလည်း ကိုယ့်ချစ်သူမဟုတ်၊ သက်တူရွယ်တူ၊ စရိုက်တူ၊ စိတ်တူကိုယ်တူ မဟုတ်၊ ဘ၀နဲ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးတရားကိုရောပြီး ကိုယ့်အပေါ်မှာ သွန်သင်ဆုံးမနည်း လမ်းပြပြီး စောင့်ရှောက်ခဲ့တာတွေအတွက်ပါ အစစထောက်ထားပြီး အလေးထားရိုသေ လေးစားဆက်ဆံနေရတာဖြစ်တော့ လုပ်သင့်လုပ်ထိုက်တဲ့ ၀တ္တရားတစ်ခုကို ကျေပွန်ခြင်း ကလွဲပြီး ကိုယ်လှုပ်ရှားနေရတဲ့ ဘ၀ကိုရာခိုင်နှုန်းပြည့် ကျေနပ်နေတာ မဟုတ်ဘူးပေါ့။

တစ်ခါ အသက်မွေးဝမ်းကျောင်းအဖြစ် "ဒါကိုလုပ်"ဆိုပြီး ရွေချယ်ခိုင်းလို့သာ နာခံပြီး လုပ် နေရတာ။ ကိုယ် ၀ါသနာပါတာ မဟုတ်တဲ့အပြင် ကိုယ်မကျွမ်းကျင်တဲ့ စကားပြောခြင်းတွေ နဲ့လုပ်ရတာဖြစ်တော့ လုပ်ရတဲ့အလုပ်ကိုလည်း မနှစ်သက်၊ သူများတကာလို အစွမ်းအစ မရှိရကောင်းလားနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မကျေမနပ် အားမရတွေဖြစ်နဲ့ စိတ်ညစ်သံသ ရာလည်နေပါတော့တယ်။
အဲလို စိတ်ညစ်နေတာကို ကိုကြီးနဲ့ မာမီရဲ့ရှေ့မှာ မပြရဲဘူး။ မာမီက ကျွန်မရဲ့မျက်နှာရိပ် ကိုအမြဲကြည့်နေတဲ့သူ ဆိုတော့ မာမီ စိတ်ဆင်းရဲမှာစိုးပြီး ရှေ့မှာတော့ ပြုံးကာ ရယ်ကာ ပေါ့။ ကွယ်ရာကျပြီဆိုမှ မမသန်းရဲ့ရင်ခွင်မှာ မျက်ရည်ကျရတာ အခါခါပါပဲ။ အဆိုးတွေ ကြားထဲက ကျွန်မမှာ ကံကောင်းတဲ့ အချက်ကလေးလည်း ရှိပါသေးတယ်။

မမသန်းက ယောက်မဆိုပေမယ့် အမေအရွယ်မို့ ကျွန်မကို သမီးငယ်တစ်ယောက်လို ချစ် မြတ်နိုးပါတယ်။ ကျွန်မရဲ့ရင်ထဲမှာ ခံစားရသမျှ ကောင်းကောင်းဆိုးဆိုး ပွင့်ပွင့်လင်းလင်း ပြောပြလို့ရအောင်လည်း မမသန်းက နားလည်မှုအပြည့်၊ အကြင်နာမေတ္တာအပြည့်နဲ့ နားထောင်အားပေးတတ်တာမို့ မမသန်းတစ်ယောက် အနားမှာ မားမားမတ်မတ် ရှိနေတာ တအားပဲပေါ့။
ကျွန်မ ဖလင်လိပ် နောက်ဆုံး သွားရွေးခဲ့တဲ့ နေ့တုန်းက ဆိုင်ပိုင်ရှင် ကိုကျော်က ကျွန်မ မျက်နှာညှိုးညှိုးငယ်ငယ်ဖြစ်နေတာ တွေ့ရတော့ ကျွန်မကို အားပေးပါတယ်။ "မင်းဓာတ်ပုံ ဒါလောက်တောင် ရိုက်ချင်နေရင် ကိုယ်ပိုင်ဓာတ်ပုံဆိုင်ဖွင့်ပေါ့ကွ"တဲ့။

အဲဒီစကားတစ်လုံးက ကျွန်မခေါင်းထဲမှာ စွဲလာတာကလည်း ဖျောက်ဖျက်လို့ မရပါဘူး။ ကျွန်မရင်ဖွင့်လို့ရတဲ့ မမသန်းကိုပဲ ဓာတ်ပုံဆိုင်ဖွင့်ချင်တာ ပြောပြလွန်းလို့ မမသန်းတောင် နားတွေငြီးနေလောက်ပါပြီ။ ကိုကျော်ပြောသလို ဓာတ်ပုံရိုက်ချင်လို့သာ ဆိုင်ဖွင့်ချင်တာ။ တကယ်က စီးပွားရေးတစ်ခု စဖို့ ဘာတစ်ခုမှလည်း အတွေ့အကြုံမရှိ၊ နားလည်းမလည်၊ သိလည်းမသိဆိုတော့ ဘဲဥကို အစရှာမရသလိုမျိုး ဖြစ်နေတာပေါ့။
တစ်နေ့ ဦးလေးအေးနဲ့ အရောင်းအ၀ယ်ကိစ္စပြီးတော့ ကျွန်မ ကိုကျော့်ဆိုင်မှာ ဆင်းပြီး ကျန်ခဲ့ရစ်ပါတယ်။ ကျွန်မကို တွေ့တော့ကိုကျော်လည်း ၀မ်းတွေသာလို့ "ဟ...ပျောက်လှ ချည်လား"တဲ့။
"အေးဗျာ....ဓာတ်ပုံမှ မရိုက်ရတော့တာ"လို့ ကျွန်မက ၀မ်းနည်းသံနဲ့ ပြောရင်း "နေပါဦး၊ ဓာတ်ပုံဆိုင်အတွက် ကင်မရာတွေ၊ ပစ္စည်းတွေဝယ်ရင် ဘယ်လောက်ကုန်မှာလဲ"ဆိုပြီး စုံးစမ်းကြည့်တော့
"နှစ်ထောင်လောက်ဆို ရပါတယ်၊ အသစ်တော့မဟုတ်ဘူး၊ အဟောင်းပဲ ရှာဝယ်ရမှာ"တဲ့။

ဟုတ်တာပေါ့။ စစ်ပြီးခါစပဲရှိသေးတာ၊ ဘယ်ကအသစ်ရှယ်ဝယ်လို့ ရပါ့မလဲ။ အဟောင်း တောင်စစ်အတွင်းက ပျက်စီးကုန်တာတွေနဲ့ မနည်းရှာမှရမှာမျိုးပါ။ ကိုကျော်ပြောပြလိုက် တဲ့နှစ်ထောင်ဆိုတဲ့ ကိန်းဂဏန်းကြီး ကျွန်မရဲ့ခေါင်းထဲ ထပ်ဆင့်ရောက်လာပြန်ပါရော။ အဲ ဒီအချိန်က နှစ်ထောင်မပြောနဲ့။ ကျွန်မ လက်ထဲမှာ နှစ်ရာပြည့်အောင်တောင် ရှိတာမ ဟုတ်ဘူး။ ကလေးကိုမုန့်ဖိုးပေးသလို ပေးထားတဲ့ နှစ်ဆယ်မျိုး၊ သုံးဆယ်မျိုး ငွေစလေး တွေပဲကျွန်မမှာ ကိုင်ခွင့်ရှိတာပါ။
ငွေမကိုင်ရပေမယ့ စိန်ရွှေရတနာတော့ အများနဲ့ တန်းတူအောင်ပြည့်ပြည့်စုံစုံ ဆင်ထားပါ ရဲ့။ ဒါလည်း ကျွန်မက မက်မက်မောမော ပူဆာတတ်တဲ့သူ မဟုတ်တော့ မမသန်းက ပစ္စည်းကောင်းကောင်း၊ ဈေးသက်သက်သာသာလေး တွေ့တဲ့အခါ "ကိုကို ဒါကောင်မ လေးအတွက် ဈေးတော်တို့ ကျွန်မယူထားလိုက်တာ"ဆိုမှ ၀ယ်ပေးထားတာမျိုးလေ။

ဆင်ပေးထားလည်း သိပ်ကြာကြာတော့ခံတာမဟုတ်ဘူး။ နှမ်းလှောင်ဖို့၊ ပဲလှောင်ဖို့နဲ့ ငွေရင်းလိုပြီဆိုရင် ၀တ်ထားတဲ့ စိန်နားကပ်က ငွေရင်းထဲ ပြန်ပါသွားပြန်ပါရော။ ကိုကြီးလာပြောရင် ကျွန်မမငြင်းဘဲ လွယ်လွယ်ကူကူ ချွတ်ပေးလိုက်တာ မဟုတ်လား။ အဲလို ပေးလိုက်တာ သိတာနဲ့ မမသန်းက ကွယ်ရာမှာ ကျွန်မကို ဆူတော့တာပဲ။
"ငါကတော့ အဖတ်တင်အောင်ဆိုပြီး တမင် ကိုကို့ကို ၀ယ်ခိုင်းပေးတာ။ လာတောင်းတိုင်း ချွတ်ပေးရတာ မဟုတ်ဘူး။ ယောက်ျားကို နားဝင်အောင်ပြောတတ်ရတယ်။ မိန်းမဆိုတာ ကိုယ့်အတွက် လက်ဝတ်ရတနာ စုရတာမျိုးဟဲ့။ ဘာမှလည်း အသုံးမကျဘူး"နဲ ဆူဆူဆဲဆဲ လုပ်ပြီး သင်ပေးပါတယ်။

လူဆိုတာ ကိုယ်တန်ဖိုးထားရာကိုသာ မက်မောတတ်ကြတာ ဖြစ်တော့ မမသန်းက ပြော တဲ့စိန်ရွှေရတနာတွေထက် ကင်မရာကိုသာ မျက်စိထဲ မြင်ယောင်နေတဲ့ ကျွန်မအဖို့ ဘယ်လောက်သွန်သင်လည်း နားဝင်တာမဟုတ်ပါဘူး။ ဒီလိုနဲ့ တစ်ညနေမှာ ကိုကြီးက ဦးလေးအေးနဲ့ သင်နေတဲ့အရောင်းအ၀ယ် အခြေအနေ ဘယ်လိုလဲ မေးတော့ကိုယ်က ဘာမှတိုးတက်မှုလည်း မပြနိုင်၊ စိတ်မပါဘဲ လိုက်လုပ်နေရတဲ့ ဟန်ဆောင်မှုကြီးကိုလည်း ဆက်မထိန်းနိုင်ဖြစ်ပြီး ရှိုက်ကြီးတငင်နဲ့ ထိုင်ပြီးငိုချလိုကမိပါတယ်။ ငိုရင်းရှိုက်ရင်းက..
"ခင် ဒီအလုပ်ကြီးကို မလုပ်ချင်ဘူး၊ သင်လည်း မသင်ချင်ဘူး"ပြောတော့...
"ဒါဖြင့် ဘာလုပ်ချင်တာလဲ"တဲ့။
ဓာတ်ပုံဆိုင် ဖွင့်ချင်တာ ဆိုတော့ အားလုံးက ပြက်လုံးကောင်းတစ်ခုကို ကြားရသလို ၀ိုင်းရယ်ကြပါလေရော။

မမသန်းက ကျွန်မဘက်က ရပ်တည်ပေးပါတယ်။ ကျွန်မ ၀ါသနာမပါရင်လည်း ဦးလေးအေးနဲ့ ဆက်မသင်ပါစေနဲ့တော့။ ကျွန်မလုပ်ချင်တဲ့ ဓာတ်ပုံဆိုင်ဖြစ်အောင်ပဲ လုပ် ပေးလိုက်ပါနဲ့ ကိုကြီးကို ၀င်ပြောပေးတာနဲ့ ကျွန်မ တောင်းခံလိုက်တဲ့ ငွေနှစ်ထောင် လက်ထဲရောက်လာရော ဆိုပါတော့။
လွယ်လွယ်ကူကူ ရှောရှောရှူရှူပေးလိုက်တာတော့ မဟုတ်ပါဘူး။ "ဒါလောက်တောင် လုပ်ချင်နေရင် ဒီငွေနှစ်ထောင်နဲ့စ၊ ရှုံးရှုံးမြတ်မြတ် နောက်ထပ်ဘာမှ လာမတောင်းနဲ့၊ မရဘူး"ဆိုတဲ့ စကားစာချုပ်ပြီးမှ ရခဲ့တဲ့ငွေပါ။

ကိုကျော်က "မင်း ဒါလောက် ဓာတ်ပုံရိုက်ချင်တာကို စွဲစွဲလမ်းလမ်း ဖြစ်နေရင် ကိုယ်ပိုင် ဓာတ်ပုံဆိုင် ဖွင့်ပါလား"လို့ ပြက်ပြက်ရယ်ရယ်နဲ့ ပြောလိုကတဲ့ စကားတစ်ခွန်းက ကျွန်မ ရဲ့ဦးနှောက်ထဲမှာ သန္ဓေတည်သွားပြီးကတည်းက စိတ်ကူးထဲမှာ တည်ထားလိုက်တဲ့ ဓာတ်ပုံဆိုင်ကြီးက ဟိန်းလို့ပဲပေါ့။ အခုလက်ထဲမှာ ပူပူနွေးနွေး ငွေနှစ်ထောင် ရလာပြီဆို တော့မစောင့်နိုင် မအောင့်နိုင်ဘဲ ကိုကျော်ကို ပြေးပြောဖို့ စက်ဘီးကို ရှာတော့ ဆီစက်က စာရေးကိုကြည်က ယူစီးသွားတာနဲ့ မရှိပြန်ပါဘူး။
ကျွန်မက အလွန်စိတ်မြန်လက်မြန် ဘာမဆို ချက်ချင်းလက်ငင်း လုပ်တတ်တဲ့အကျင့်က ရှိနေတာမို့ ကိုကြည်ပြန်လာတဲ့အထိ စောင့်မနေတော့ဘဲ ကိုင်းတန်းမှာ ရှိတဲ့ ကိုကျော်ရဲ့ ဓာတ်ပုံဆိုင်ကို ခြေကျင်ပဲလျှောက်သွားလိုက်ပါတယ်။ စိတ်ဓာတ်က တက်ကြွနေတော့ ဘယ်ကဘယ်က အားအငတွေ ရလာလည်း မသိပါဘူး။ မမောမပန်းနဲ့ ရောက်သွားလေ ရဲ့။

ကိုကျော်ကို ငွေနှစ်ထောင် ရလာပြီဆိုတာ ၀မ်းသာအားရနဲ့ ပြောပြတော့ ကိုကျော်က လည်း ၀မ်းပန်းတသာနဲ့ "အေး ဟုတ်ပြီ၊ မင်း ဆိုင်ဘယ်နေရာမှာ ဖွင့်မှာလဲ"တဲ့။
အဲဒီမေးခွန်းက ကျွန်မကို နောက်ကောက်ကျသွားစေခြင်းပါပဲ။ စိတ်ကူးထဲက ဓာတ်ပုံဆိုင် ကြီးက ဟိန်းနေတာ ဟုတ်ပါရဲ့။ လေထဲမှာ တည်ထားမိတာလေ။ တကယ်ဓာတ်ပုံဆိုင်ကြီး မြေကြီးပေါ်မှာ ချတည်ဖို့ကျတော့ နေရာဘယ်လို ရှာရမယ်မှန်းတောင် မတွေးခဲ့မိပါဘူး။ ဒါနဲ့များ ကြီးကြီးကျယ်ကျယ် လုပ်ငန်းတစ်ခုစဖို့ စိတ်ကူးတာ ရယ်ချင်စရာ ကောင်းနေပါ သေးရဲ့။
"မသိဘူးလေ"လို့ ကျွန်မကဖြေတော့ ကိုကျော် တော်တော်စိတ်ကုန်သွားပုံရပါတယ်။ ဒီဟာမကိုတော့ ငါသေသေချာချာ ရှင်းပြမှ ဖြစ်တော့မှာပဲလို့ တွေးမိသလား မသိပါဘူး။ ဆိုင်တစ်ခု စဖို့ နေရာရွေးပုံရွေးနည်းက အစ ဘယ်လောက်အကျယ်အ၀န်း ရှိသင့်တာ အဆုံး အသေးစိတ်ရှင်းပြပါတယ်။ အဲဒီအတွက် တင်ရမယ့်စပေါ်ငွေ အိမ်လခ စသည်စည် တို့တွေ အပြင် ဓာတ်ပုံဆိုင်ဖြစအောင် ပြန်ပြုပြင်မွန်းမံရမဲ့ ကိစ္စတွေပါ ထည့်ပေါင်းလိုက် တော့နောက်ထပ် ထောင်ဂဏန်းများစွာ တိုးလာပြန်ပါရော။ ဒီတော့ ကျွန်မက မကျေမနပ် နဲ့...
"ခင်ဗျားပဲ ပြောတာ၊ နှစ်ထောင်နဲ့ လောက်တယ်ဆို"

"အေး...မင်းက ကင်မရာနဲ့ အင်လာဂျာပစ္စည်းဝယ်ရင် ဘယ်လောက်ကျမလဲမေးလို့ တို့က နှစ်ထောင်လို့ပြောတာ ခင်မကြီးရ၊ ဓာတ်ပုံဆိုင်တစ်ခုလုံးကို နှစ်ထောင်တည်းနဲ့ ဘယ်လိုဖွင့်ရနိုင်ပါ့မလဲ၊ မင်းအဘိုးကြီးကို ပြန်သာပေးလိုက်၊ အေးအေးပဲနေ"တဲ့။
ကိုကျော်က စိတ်မရှည်သံနဲ့ ပြန်ဖြေတော့ ကျွန်မတော်တော် စိတ်ဓာတ်ကျသွားပါတယ်။ အလာတုန်းက မျှော်လင့်ချက်တစ်ခွဲသားနဲ့ ခေါင်းထဲမှာ တဖျပ်ဖျပ်လင်းလက်လာတဲ့ ကြယ် ပွင့်တွေလည်း ပျောက်ပြီး မှောင်အတိကျသွားသလို ခံစားလိုက်ရပါတော့တယ်။

အပြန်ခရီးကို ကျွန်မ ခေါင်းငိုင်စိုက်နဲ့ လျှောက်လာလိုက်တာ ရုံးတော်ကြီးထိပ်ရောက်မှ ဘ၀ဂမ်ဒတ်စ်ရဲ့ တိုက်ရှေ့မှာ ကျောင်းနေဖက်သူငယ်ချင်း မစိန်ရီရဲ့ နှုတ်ဆက်သံကြားမှပဲ သတိပြန်ဝင်ပါတော့တယ်။ အမြဲတမ်း တက်တက်ကြွကြွနဲ့ ပြုံးပြုံးရယ်ရယ်နေတတ်တဲ့ ကျွန်မ ပုံစံက ခုအချိုးပြောင်းနေတာမို့ သူငယ်ချင်းကလည်း ချက်ချင်းရိပ်မိပြီး "ဘာဖြစ် လာတာလဲဟဲ့"နဲ့ စစ်ဆေးတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကျွန်မက ဇာတ်စုံခင်းပြ လိုက်တာပေါ့။ တိုက်ဆိုင်ချင်တော့ မစိန်ရင်တို့က တိုက်အသစ်ဆောက်ပြီးခါစပဲ ရှိသေး တယ်။ နေရာကလည်း နေရာကောင်း။ မန္တလေးမြို့ ၈၄လမ်းမကြီးပေါ်မှာ၊ ရပ်ကွက်က လက်ဆည်ကန်တဲ့၊ နာမည်ကြီး "၀င်းလိုက်"ရုပ်ရှင်ရုံနဲ့ တစ်ပြပဲ ဝေးပါတယ်။

အဲဒီတိုက်ကို လူငှားတင်ဖို့ စဉ်းစားနေတာမို့ ကျွန်မရဲ့ဓာတ်ပုံဆိုင် အဲဒီတိုက်မှာ ဖွင့်ချင် တယ်ဆိုရင် သူ့ရဲ့ခင်ပွန်း Mr. Satta Mukiကို လိုက်ပြောကြည့်ဆိုပြီး အတင်းလက်ဆွဲပြီး ခေါ်သွားပါလေရော။ ကျွန်မအဖြစ်ကလည်း ရိုလာကိုစတာ (Roller Coaster)စီးနေရတဲ့ အတိုင်းပါပဲ။ အခုပဲ မျှော်လင့်ချက်ကြီးတစ်ခွဲသားနဲ့ စိတ်တွေ တက်ကြွကြွဖြစ်လိုက်၊ ချက် ချင်းဝုန်းခနဲ အဲဒီတက်နေတဲ့စိတ်က ဟိုးအောက်ဆုံး အ၀ီစိအထိ ပြုတ်ကျသွားလိုက်။
ဟော..ခုတစ်ခါ စိတ်ဓာတ်ပြန်တက်လာစရာ အခြေအနေက ပေးလာပြန်ပါရော။ မစိန်ရင်နဲ့ ကျွန်မက ကျောင်းနေဖက် တစ်တန်းတည်းသူငယ်ချင်း။ ဂျပန်ခေတ်ကျတော့လည်း မျက်နှာချင်းဆိုင်နေခဲ့တဲ့ အိမ်နီးချင်း။ ကိုကြီးနဲ့ သူ့ခင်ပွန်း ဆတ္တာဘိုင်ကလည်း အလုပ်တူ လုပ်ဖက်။ ရင်းနှီးတဲ့ မိတ်ဆွေချင်းဆိုတော့ တစ်ယောက်အကြောင်းကို တစ်ယောက်သိပြီး သားလေ။

သူတို့ကလည်း သူတို့တိုက်သစ်ကို လူငှားတင်ဖို့ အဆင်သင့်ဖြစ်နေတာတဲ့။ ကျွန်မက အမှန်အတိုင်းရှင်းပြရတာပါ့။ ဓာတ်ပုံဆိုင်ဖွင့်ဖို့ ကိုကြီးက ငွေနှစ်ထောင်ပဲ ပေးထားတာ။ အဲဒီငွေနဲ့ ကင်မရာတွေ၊ အင်လာဂျာတွေ ၀ယ်လိုက်ပြီဆိုတာနဲ့ ကုန်သွားမှာမို့ အိမ်ငှားဖို့ စပေါ်တင်စရာငွေလည်း မရှိဘူး။ အိမ်လခပေးစရာလည်း မရှိဘူးဆိုတော့ ဒီလိုအိမ်ငှားမျိုး ကိုစကားလက်ခံပြောဖို့ နေနေသာသာ ရိုက်ချဖို့ပဲ ကောင်းနေတာ မဟုတ်လားနော်။
ကံကောင်းထောက်မတဲ့အခါကျတော့ မိတ်ကောင်းဆွေကောင်း၊ ကူညီလိုတဲ့ သူတော် ကောင်းနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့ရခြင်းပါပဲ။ ဆတ္တာဘိုင်က ကျွန်မကိုကြည့်ပြီး ရယ်ပါတယ်။ "ပိုက်ဆံမရှိရင်လည်း အခုမပေးနဲ့တဲ့၊ အိမ်လခက တစ်လကို တစ်ရာ့ငါး ဆယ်၊ ဘာစပေါ်မှလည်း မယူဘူး၊ စာချုပ်စာတမ်းလည်း မလုပ်ဘူး၊ နေရာကိုသွားကြည့် ကြိုက်ရင်ယူ၊ ခြောက်လထားပေးမယ်၊ အဆင်ပြေတယ်ဆိုရင် အိမ်လခပေး၊ မပြေဘူးဆို ရင်ခြောက်လပြည့်တော့ ဆင်းပေး၊ အဲဒီအတွက် ကျသင့်တဲ့ အိမ်လခကိုပြန်ပြီး ပေးရမယ်" လို့ဆိုပါတယ်။

ဒီလို အိမ်ရှင်မျိုး ထမင်းထုပ်နဲ့ လိုက်ရှာဖို့ မပြောနဲ့။ တစ်ကမ္ဘာလုံးကို ဂျက်လေယာဉ်ပျံစီး ပြီးလှည့်ရှာရင်တောင် ရနိုင်ဖို့ ခဲယဉ်းပါသေးတယ်နော်။ ဒါကြောင့် ကျွန်မလည်း အချိန်ကုန် မခံဘဲ ချက်ချင်းပဲ မစိန်ရီရဲ့တိုက်ကို လိုက်ကြည့်ပါတယ်။ တိုက်က နှစ်ထပ်ဆိုတော့ ပိုပြီး အဆင်ပြေလေတယ်ပေါ့။ စတူဒီယိုကို အပေါ်ထပ်မှာထား၊ အောက်ထပ်မှာ အလုပ်လက်ခံ ဖို့ရုံးခန်းနဲ့ ဧည့်ခန်းတွဲပြီး နောက်ဘက်မှာ မှောင်ခန်းထည့်နဲ့ စိတ်ကူးနဲ့ နေရာတွေချထား ကြည့်လိုက်ပါတယ်။ နေရာကလည်း အသွားအလာ စည်ကားတဲ့ (၈၄ လမ်း) ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်ဆိုတော့ မဆိုးလေဘူးပေါ့။ နေရာအနေအထား၊ တိုက် အနေအထား၊ အစစအဆင်ပြေတဲ့အပြင် တစ်ပြားမှ မကုန်ရဘဲ အိမ်ငှားပြီးသား ဖြစ်သွား တာကိုလည်း တွက်ကြည့်ပါဦးနော်။

ကိုယ့်အဖြစ်ကို ကိုယ့်ဟာကိုယ်တောင် မယုံကြည်နိုင်အောင် ဖြစ်မိပါတယ်။ စိတ်ကူးယဉ် အိမ်မက်တစ်ခုက ဖြစ်ချင်တော့ ချက်ချင်းလက်ငင်း အကောင်အထည်ပေါ်လာတော့မှာ လေ။ အခုနှစ်ပေါင်းများစွာကြာမှ အတိတ်လမ်းကို ပြန်လျှောက်ရင်း ကြည့်မိတဲ့အခါ "စိတ် ကူးယဉ်ခြင်း"ဆိုတာ လူတိုင်းရှိသင့်တဲ့ လိုအပ်သောအရာတစ်ခုပါပဲ။
စိတ်ကူးယဉ်ခြင်းဟာ ရည်မှန်းချက်တစ်ခုရဲ့ လမ်းစို့ဆိုရမလား မသိ။ မိုးပေါ်ကကြယ်ပွင့် လေးတွေကိုကြည့်ပြီး လိုချင်လှချည့်ရဲ့လို့ တွေးပြီး စိတ်ကူးယဉ်နေလို့ကတော့ ဘာမှဖြစ် လာမှာမဟုတ်ဘူးနော်။ ဒီကြယ်ပွင့်လေးတွေကို ဘယ်တော့မှ ဆွတ်ခူးလို့ရမှာမဟုတ်ပါဘူး လေဆိုပြီး အားငယ်အားလျော့နေလို့လည်း မဖြစ်ဘူး။

လှိုင်းလေထန်နေတဲ့ ပင်လယ်ထဲမှာ ကမ်းမမြင် လမ်းမမြင်သွားနေရတဲ့ သင်္ဘောဟာ ကောင်းကင်မှာ မြင်နေရတဲ့ ကြယ်တာရာတွေကို အခြေခံပြုပြီး လမ်းရှာသွားရသလိုပဲ ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက် စိတ်ကူးယဉ်တွေကိုလည်း ကောင်းကင်မှာ လင်းလက်နေတဲ့ ကြယ်တာရာတွေလို သတောထားပြီး အခြေခံပြု လမ်းရှာရင်း ဘ၀ခရီးကို လျှောက်ဖို့ ကြိုးစားအားထုတ် အသုံးချမှသာ အောင်မြင်မှုရပြီး အားသစ်မာန်သစ် ဖြစ်ပေးနိုင်မှာပါပဲ။
ကျွန်မလည်း စိတ်ကူးယဉ်ခြင်းကို အခြေခံပြုပြီး ကြိုးစားအားထုတ်လိုက်တာ ကုသိုလ်ကံက လည်းအထောက်အကူပြုတာလည်း တစ်ကြောင်း၊ မိတ်ကောင်းဆွေကောင်တွေရဲ့ ကျေး ဇူးတရားနဲ့ အကူအညီကိုလည်း ထူးထူးခြားခြားရတာမို့ ကံကောင်းခြင်းလို့ ဆိုရမှာပါပဲ။
အဲဒီနေ့ဟာ ကင်မရာ ကိုင်ရတော့မယ် "ခန့်ခန့်ကြီး"ဆိုတဲ့ အမျိုးသမီး ဓာတ်ပုံဆရာမ ဘ၀ကိုရောက်ဖို့ လမ်းမပေါ်ကို ခြေတစ်လှမ်းစပြီး ချရခြင်းလို့လည်း ပြောရမယ်ထင်ပါရဲ့။

ဆက်ရန်
.

No comments: