Saturday, January 12, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃၂)

ဗိုလ်လက်ျာ မန္တလေးက ပြန်ရောက်လာသော်လည်း တပ်မတော်နှင့် ပတ်သက်သော ကိစ္စများနှင့် အစည်း အဝေးများ ဆက်တိုက်လုပ်ကိုင်နေရသဖြင့် ကျွန်တော်ကိုပင် လှည့်မကြည့်နိုင်ပေ။ ကျွန်တော် ကမူ တစ်နေ့ ပြောနိုး တစ်နေ့ပြောနိုးဖြင့် လည်ပင်းဆန့်၍ စောင့်နေမိသည်မှာ ဗိုလ်လက်ျာပြန်ရောက်ပြီး သည့်နောက် တစ်ပတ်ခန့်သို့ပင် ရောက်ရှိသည့်တိုင်အောင် မည်သို့မျှ မန္တလေး က ပြန်ရောက်လာသော်လည်း တပ်မတော်နှင့် ပတ်သက်သော ကိစ္စများနှင့် အစည်းအဝေး များ ဆက်တိုက်လုပ်ကိုင်နေရသဖြင့် ကျွန်တော်ကိုပင် လှည့်မကြည့်နိုင်ပေ။ ကို ဆက်ဖတ်ရန် ....

ကျွန်တော်ကမူ တစ်နေ့ပြောနိုး တစ်နေ့ပြောနိုးဖြင့် လည်ပင်းဆန့်၍ စောင့်နေမိသည်မှာ ဗိုလ်လကျာ် ပြန်ရောက်ပြီး သည်နောက် တစ်ပတ်ခန့်သို့ပင် ရောက်ရှိသည့်တိုင်အောင် မည်သို့မျှ အကြောင်းမထူး ဘဲရှိနေသဖြင့် ကျွန်တော်က စတင်မေးမြန်းရန် ဆုံးဖြတ်ခဲ့ရပါတော့သည်။ သို့သော်လည်း အချိန်အားနှင့် အခွင့်အရေး များ မပေးသဖြင့် နောက်တစ်ပတ်ခန့်ကြာသောအခါမှ ဗိုလ်လကျာ်နှင့် မျက်နှာချင်း ဆိုင်ခွင့်ရပါ သည်။
”ကိုကိုလှ”
”အေး မောင်မောင်၊ မင်းရောက်တာ ကြာပြီလား”
”ဟုတ်တယ်၊ တစ်လလောက်တောင် ရှိပြီလားကွ”
”ရော်-တစ်လလောက်တောင် ရှိပြီလားကွ”
”ဟုတ်ကဲ့”
”အေး-မင်းတပ်ထဲ မ၀င်နဲ့တော့”
”ခင်ဗျာ၊ ဘာဖြစ်လို့လဲ”
”မေးခွန်းတွေ ထုတ်မနေနဲ့၊ ငါပြောတာ ဆုံးအောင် နားထောင်ဦး”
”အင်း”
ဗိုလ်လကျာ်သည် သူပြောစကား မဆုံးမီ ကြားဖြတ်မေးခွန်း ထုတ်သည်ကိုမနှစ်သက်နှင့်အလား။ ကျွန်တော့် ကို ငေါက်လိုက်သလို ကျွန်တော့်ကလည်းတပ်ထဲမ၀င်နဲ့ ဟူသော စကားကြောင့် ရင်ထဲတွင် ခံပြင်းနာကြည်းစိတ်များဖြစ်ခဲ့သဖြင့် ယခုကဲ့သို့ နှုတ်လှန်မိခြင်း ဖြစ်ပါသည်။


" မင်းရဲ့ကျန်းမာရေးကြောင့် တစ်ကြောင်း၊ မင်းလုပ်နိုင်မယ်ထင်တာလဲတစ်ကြောင်းပေါ့ကွာ၊ မင်းကို ကိုဗဂျမ်းဆီ ပို့လိုက်မယ်လို့ ငါ စိတ်ကူးမိတယ်"
"ကိုဗဂျမ်း ဆိုတာက ဘာလုပ်တာလဲ "
" အေး - ဒီကို ကိုဗဂျမ်းတို့ လူသိုက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တို့တစ်တွေနဲ့ တိုင်ပင်ပြီး လူငယ်တွေကို စုစည်း ထား နိုင်အောင် အာရှလူငယ်အစည်းအရုံးကို ဖွဲ့နေတယ်ကွ"
"အာရှလူငယ် အစည်းအရုံးက ဘာလုပ်တာလဲ၊ ဂျပန်ကို ပြန်ချဖို့ ဖွဲ့တာလား"
"ဘာကွ ... "
"ဂျပန်ကို ပြန်ချဖို့ ဖွဲ့တာလားလို့ပါ"
"ငမောင် မင်းစကားပြောတာ စည်းကမ်းမရှိပါလား။ ဒါ မင်းအလုပ်မဟုတ်ဘူး။ မင်း ကိုဗဂျမ်းနဲ့ သွားတွေ့။ ဒါပဲ"

"အာရှလူငယ်ကို ၀င်ရင် ဂျပန်ကို ချရမယ်ဆိုမှ ၀င်လုပ်မှာ ဒါပဲ"
ကျွန်တော် သည် ဆရာချစ် (သခင်ချစ်)နှင့် တွေ့ပြီးခဲ့သူဖြစ်သလို ဖျာပုံတွင် ရှိနေစဉ်၌ကလည်း ကိုအုန်းမောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရသဖြင့် ဖက်ဆစ်တော်လှန်ရေးကို မုချမသွေ ဆောင်ရွက်ရမည်ကို သိထားပြီး သူ ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ကျွန်တော်ရင်ထဲ၌ ရှိနေသော အကြောင်းအရာကို ယခုကဲ့သို့ ဗိုလ်လကျာ် အား ဖွင့်ချမေးမြန်းမိ ခြင်းဖြစ်ပါသည်။ သို့သော် ဗိုလ်လက်ျာသည် ဖက်ဆစ်တော်လှန်ရေး အကြောင်း ကို နှုတ်ဆိတ်နေရု့သာမက ကျွန်တော့်အား ငေါက်ငန်း၍ပင် လွှတ်နေပြန်ပါသည်။ ကျွန်တော့် စိတ်ထဲ၌ သို့လော သို့လော တွေးတောလျက် ရှိ မိပါသည်။ ယင်းသို့ ဖြစ်မိခြင်းမှာလည်း ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက် ၍ ဆရာချစ် (သခင်ချစ်)တို့ ဆောင်ရွက်နေခြင်းကို ဗိုလ်အောင်ဆန်းနှင့် တကွ ဗမာ့တပ်မတော်မှ ပုဂ္ဂိုလ်များအားလုံး လုံးဝမသိခြင်းပေလော ဟူသော သံသယသည် ကျွန်တော့် အတွေးနယ်နိမိတ်အတွင်း ချဉ်းနင်းဝင်ရောက်လာခဲ့ချေပြီတကား။ သို့ဖြစ်ရာ ကျွန်တော့်အနေဖြင့် ဤကိစ္စကို အမြန်သိရှိရန် လိုအပ်သည် ဟု ထင်မိပါသည်။ သို့ကြောင့် ဆရာများ(သခင်ချစ်) ရှိရာသို့ ထွက်လာခဲ့မိပါသည်။

"ဟိတ် ... ကိုမြလှိုင် ဘယ်ကလာလဲ "
"ဆရာ့ဆီပဲ ဆရာ"
"ကိစ္စရှိ လို့လားဗျ"
ဆရာချစ် သည် သူ၏ တိုနံ့နံ့ဆံပင်ကို လက်နှင့်ပွတ်၍ ဖြူဖွေးသော သွားများကို အကုန်ဖြဲကာ ရယ်မောမေးမြန်းပါ သည်။ ဆရာချစ်သည် ကျွန်တော့်အား မည်သည့်အခါမဆို ပြုံးပြုံးရယ်ရယ် ဆက်ဆံလေ့ရှိသည်။ ပူလောင်သော ကျွန်တော့်ရင်များကို သူ့အပြုံးများက ထာဝစဉ် အေးမြစေခဲ့ပါသည်။ နယ်ချဲ့တော်လှန်ရေး ကာလတစ်လျှောက် ဆရာချစ် ၏ ပြောဟန်လုပ်ဟန်ကလေးများသည် ကျွန်တော့်အား ဖမ်းစားခဲ့ဖူးပါသည်။ ယခု ဗိုလ်လကျာ်နှင့် ကျွန်တော် စကားပြောအဆင်မပြေခဲ့သည်ကို မည်သည့်နေရာက စ၍ ပြောရမည်ကို ကျွန်တော် မသိဘဲ နှုတ်ဆွံ့နေ မိပါသည်။
"ကိုမြလှိုင် ဘာဖြစ်လာသလဲ"
"ဆရာနဲ့ အေးအေးဆေးဆေး ပြောချင်တာတွေရှိလို့ လာခဲ့တယ် "

"ဒါဖြင့် ပြောလေ "
" ဆရာ အားရဲ့လား "
"ကိစ္စမရှိဘူး၊ ကိုမြလှိုင်ပြောတာ နားထောင်နိုင်အောင် အချိန်ရပါတယ်"
"ဒီလိုဆရာ ... "
ကျွန်တော်သည် ဆရာချစ်အား ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်၍ ဦးအုန်းမောင်ထံမှ "ဗမာ့လွတ်လပ်ရေး စစ်တမ်း"ကို ဖတ်ခဲ့ပြီး ဖျာပုံ၌ပင် ကိုအုန်းမောင်တို့နှင့်အတူ ဆောင်ရွက်ရန် ကိုအုန်းမောင်၏ တိုက်တွန်းမှု၊ ထို့နောက် ဗိုလ်လကျာထံမှ အကြောင်းကြားချက်အရ ရန်ကုန်သို့ ယခုကဲ့သို့ လိုက်လာခဲ့ပုံ၊ ဆရာချစ်နှင့် တွေ့ဆုံ ၍ ဆရာချစ်ထံမှ ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်သော ပြည်သူ့အရေးတော်ပုံပါတီ၏ သဘောထား၊ ဗမာပြည် ကွန်မြူနစ်ပါတီ၏ သဘောထားများကို သိခွင့်ရရှိခဲ့ပုံများကို စိတ်ရှည်လက်ရှည် ပြောပြမိပါတော့သည်။

" ခု ကိုမြလှိုင် ပြောတာတွေ ဟုတ်သားပဲ ... "
" မဟုတ်တော့ဘူး ဆရာ၊ ကိုကိုလှ (ဗိုလ်လကျာ်) ပြောပုံက ကျွန်တော် ပြောမိတဲ့အတွက် စိတ်ဆိုးနေသလိုပဲ ဆရာ... "
" အချိန် နည်းနည်း စောသေးလို့ပါဆရာ။ ကိုမြလှိုင် သူလွှတ်တဲ့ဆီသာ သွားလိုက်ပါ။ ကျွန်တော် နဲ့လည်း တွေ့နေမှ ပဲ။ ဟုတ်ပြီလား ... "
" ဟုတ်ကဲ့ ... "
ဆရာချစ်ထံမှ ပြန်လာခဲ့သောအခါ ကျွန်တော့်စိတ်လက်များ ပေါ့ပါးလာပါသည်။ မည်သို့ပင်ဆိုစေ ဖက်ဆစ်တော် လှန်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ဖွယ်များ၊ ကျွန်တော် ပါဝင်ပတ်သက်ရမည့် အခန်းကဏ္ဍများသည် ဆရာ ချစ်တို့နှင့် ဆက်သွယ်ခြင်းဖြင့် ဆောင်ရွက်တော့မည်သာဖြစ်ပါသည်။

"ဟေ့ကောင်ကြီး...၊ ဘယ်သွားနေလဲကွ"
" ဟ... ကိုသောင်းအိ၊ မပြန်ရသေးဘူးလား"
"ဒီနေ့ ပြန်ရမယ်... "
"ခင်ဗျား စစ်ဝတ်တွေ ထုတ်ပြီးပြီလား ... "
"ထုတ်ပြီးပြီ၊ ခင်ဗျား တော်တော်ဆိုးတဲ့သူပဲ။ ဖျာပုံပြန်လစ်သွားတာတောင် ကျုပ်ကို အသိမပေးဘူးဗျာ"
"ဟေ့ကောင် ... ပြန်လာမှ အပြစ်တင်မနေနဲ့။ ရော့ ... မင်းအဆက်ဆီကစာ။ ဒါက မင်းအိမ်က ငါးပိကြော်။ ဒါ အုန်းမောင် ဆီက စာ ... "
"လွတ်စေဗျား ...၊ တပည့်ကြီး လွတ်စေဗျား... "

အာရှလူငယ်အစည်းရုံးသို့ သင်တန်းတက်ရန် ရောက်ရှိခဲ့သောအခါ အနယ်နယ် အရပ်ရပ်မှ သင်တန်းတက်ရန် လူငယ်များ စုံစုံညီညီ ရောက်ရှိနေသည်ကို တွေ့ရပါသည်။ ထိုအချိန်က အာရှလူငယ်ဌာနချုပ်မှာ ယခုဘောင်ဒရီလမ်း စက်မှုလက်မှုကျောင်း အဆောက်အအုံတွင် ဖွင့်လှစ်ထားပါသည်။ အာရှလူငယ် အစည်းအရုံး တွင် ဖွင့်လှစ်ထားပါသည်။ အာရှလူငယ် အစည်းအရုံးတွင် ဥက္ကဋ္ဌအဖြစ် ဦးဗဂျမ်း ဆောင်ရွက်၍ ဦးကျော်မြင့်လေး၊ တီကေတွန်း၊ ဦးထိန်ဝင်း၊ ဦးဇော်ဝိတ်၊ ဦးဘရှင်၊ ဦးထွန်းလှ(တက္ကသိုလ်နေ၀င်း)၊ ဦးခင်စော၊ ဦးလှမောင်၊ ဦးချစ်သန်း၊ ဦးညီလေးတို့မှာ အလုပ်အမှုဆော်ငများ ဖြစ်ကြပါသည်။

အာရှလူငယ်စည်းရုံးရေးမှူးများအဖြစ် ပထမအပတ်တွင် ဦးသာထိုး ဦးထွန်းမြင့်၊ ဦးကျော်ဦး၊ ဦးတင်ညွန့်၊ ဦးခင်မောင်သက်၊ ဦးကွန်း၊ ဦးရှိန်၊ ဦးဖေရှင် (ဦးရဲညွန့်)၊ ဦးလှမြင့်၊ ဦးခင်မောင်၊ ဦးဆင်ပိုး (ဒေါက်တာဆင်ပိုး)၊ ဦးဘမောင် (ဒေါက်တာ ဘမောင်-ရှမ်း)၊ ဦးသောင်းထွန်း၊ ဦးလေးမြင့်နှင့်ကျွန်တော်တို့ တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်က အာရှလူငယ်သည် ဗလငါးတန်ကို အခြေခံ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူငယ်များကို စည်းရုံးသိမ်းသွင်းခြင်းဖြစ်ပါသည်။ အာရှလူငယ်တွင် ယုံကြည်ချက် အမျိုးမျိုးဖြင့် အလွှာအသီးသီးမှ လူငယ်များ ပါဝင်ကြရာ နယ်ချဲ့တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော မျိုးချစ်ူလူငယ် များ၊ ကျောင်းသား သမဂ္ဂမှတစ်ဆင့် ၀င်ရောက်လာခဲ့ကြသူများ၊ နိုင်ငံကောင်းစားရေးကို လူမှုဝန်ထမ်းစိတ် သက်သက်ဖြင့် ပါဝင်လုပ်ကိုင်သူများဟု အကြမ်းအားဖြင့် မြင်တွေ့နိုင်ပါသည်။

အာရှလူငယ် အစည်းအရုံးသည် ပြန့်ကြံနေသော လူငယ်အင်အားစုကို ဗလငါးတန်ဖြင့် တစ်လုံးတစ်စည်းတည်း ပေါင်းစည်းပေးနိုင်သော ဂျပန်များ အုပ်စိုးနေသည့် လက်ထက်တွင် တရားဝင် ဖွဲ့စည်းနိုင်သော အဖွဲ့အစည်းဖြစ်ပါသည်။ သို့ကြောင့်လည်း နောင် သောအခါ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲသောအချိန်၌ လူငယ်အင်အားစုကို စုစည်းတော်လှန်နိုင်ခဲ့လေသည်။ ကျွန်တော်တို့တစ်တွေကို ရန်ပုံငွေမှ တစ်လလျှင် ဂျပန်ငွေ ဒေါ်လာ တစ်ရာထောက်ပံ့ပါသည်။ ဂျပန်ဒေါ်လာငွေ ၁၀၀ ဆိုသည်မှာ စင်စစ် မည်သို့မျှ ပြောပလောက်သော ထောက်ပံ့ကြေး မဟုတ်သော်လည်း စည်းရုံးရေးမှူးများ သည် နိုင်ငံနှင့် လူမျိုးကို ချစ်သောစိတ်ဖြင့် မိမိအိတ်ထဲမှ စိုက်ထုတ် နေထိုင်လုပ်ကိုင်ကြပါသည်။

ကျွန်တော်သည် အာရှလူငယ် အစည်းအရုံးသို့ ရောက်ရှိခဲ့သော်လည်း စိတ်ထဲတွင်မူ ဗမာ့ကာကွယ်ရေး တပ်မတော်သို့ပင် ၀င်ရောက် လိုမှုက စိုးမိုးလျက်ရှိနေပါသည်။ ကျွန်တော် ရန်ကုန်သို့ ထွက်မလာမီ မိခင်ကြီး သည် ဖခင်ကြီးလူပျိုဘ၀က ၀တ်သော စိန် ၆ လုံးပါသော လက်စွပ်တစ်ကွင်းကို ကျွန်တော့်အားပေးပါသည်။ ထို့ပြင် ဂျပန်ငွေ ၁၀၀ိ/-ကိုလည်းပေးလိုက်ပါသည်။ ကျွန်တော်တို့တစ်တွေ စုပေါင်းချက်၊ စုပေါင်းလုပ်၊ စုပေါင်းစား ရသော ပေါင်းစည်းမှု စိတ်ဓာတ်မွေးနေချိန်တွင် အစည်းအရုံးမှ ဟင်းလျာ တစ်မျိုးကိုသာ ကျွေးမွေးခဲ့ပါသည်။ ထိုအခါ ပါးစပ် အကျင့်ပျက်နေသော ကျွန်တော်သည် မျိုမကျနိုင်ဘဲ ရှိခဲ့ပါသည်။ အချိန်အားရသည်နှင့် တစ်ပြိုင်နက် လင့်ခ် ဟိုတယ်သို့ အဖော်တစ်စုကိုခေါ်၍ သွားရောက်စားသောက်လေ့ရှိပါ သည်။

မစ္စတာ တိုမိုးဒါးသည် တစ်ခါတစ်ခါ သိမ်းဆည်းထားသော ပစ္စည်းများကို သယ်ဆောင်လာလေ့ရှိတတ်ပါသည်။ ယင်းပစ္စည်းများကို စည်းရုံးရေးမှူးများအား ခွဲဝေပေးလေ့ရှိပါသည်။ ကျွန်တော် မှတ်မိသလောက် ၎င်းပစ္စည်းများ မှာ မျက်နှာသုတ်ပ၀ါ၊ ဆပ်ပြာ၊ စီးကရက်များဟုထင်ပါသည်။ စည်းရုံးရေးမှူးများနယ်သို့ မထွက်မီ ဌာနချုပ်တွင် ဘာသာရပ် အမျိုးမျိုးကို သင်ကြားပို့ချပေးပြီးဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စကားရည်လုပွဲများကိုလည်း အခါ အားလျော်စွာ ကျင်းပပေးလေ့ ရှိပါသည်။ အာရှလူငယ် အစည်းအရုံးတွင် နေရသည်မှာ စိတ်ပျော်ရွှင် ဖွယ် ကောင်းလှပါသည်။ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိကြသော မျိုးချစ်လူငယ်များဖြစ်၍ နိုင်ငံတော်ပေါ်တွင် အထူး ချစ်ခင်ကြပြီး စွန့်လွတ်ဝံ့သော စိတ်ထားများ၊ ရဲဘော်စိတ်များ ပြည့်ဝခိုင်မာကြသည်ကို တွေ့ရပါသည်။ သို့သော်လူငယ်များပီပီ လွတ်လပ်သော အချိန်ကလေးများ၌မူ လူငယ်တို့ဘာဝ လူပျိုလှည့်လိုသော စိတ်ကလေးများလည်းရှိကြပါသည်။

ကျွန်တော်တို့တစ်တွေကို ညနေ ၄ နာရီမှ ၆ နာရီအထိ နားနေခွင့်၊ ကိုယ်ပိုင်ချိန်အဖြစ် သတ်မှတ်ပေးရာ ယင်းအချိန် ကလေးသည် ကျွန်တော်တို့ တစ်တွေအတွက် မထင်ပါပေ။ အဘယ်ကြောင့်ဆိုသော် ညနေ ၄ နာရီထိုးသည်နှင့် တစ်ပြိုင်နက်၊ စည်းရုံးရေးမှူးများသည် ရေချိုးခန်းသို့ အလျင် အမြန် ပြေးလွှား ကာ ရေမိုးချိုးခြင်းအမှု ပြုကြပါသည်။ ထို့နောက် ဘိုကေကို သပ်ရပ်စွာဖြီး၊ အ၀တ်အစားကို သန့်ပြန့်စွာ ၀တ်ကာ ဗောဓိကုန်းဘက်သို့ ဟန်ရေးပြထွက်ခဲ့ ကြပါတော့သည်။
"ဟေ့လူ ချောကလက်ကြီး မှိုတြက်နေသလိုပဲ။ မျက်နှာပေါ်က ပေါင်ဒါတွေနဲ့ ခင်ဗျားအသား မဟော်ဂနီရောင်ကြီး နဲ့ မလိုက်ဖက်လိုက်တာဗျာ"
ထိုသို့ပြောသောအခါ ကိုခင်မောင်သက်က တဟဲဟဲ။ ရယ်ကျဲကျဲ။

ကျွန်တော်တို့ လူသိုက်ထဲတွင် ကိုကျော်စိုး (ညွှန်ကြားရေးဝန်၊ ပြန်ကြားရေး၊ ကွယ်လွန်)၊ ကိုခင်မောင်သက်၊ ကိုတင်ညွန့်(၀န်ကြီးဟောင်း)၊ ကိုလေးမြင့်(ကွယ်လွန်)၊ ကိုလှသောင်း(ပါတီသုတေသန)၊ ကျွန်တော်တို့မှာ တစ် ခန်းထဲအတူနေရသူများဖြစ်ပါသည်။ ထိုလူသိုက်တွင် ကိုခင်မောင်သက်သည် အသက်အကြီးဆုံး၊ ရှိုးအထုတ်ဆုံး ဖြစ်သည်။ ယခုလည်း ကိုခင်မောင်သက် မျက်နှာပေါ်မှ ပေါင်ဒါအဖွေးသားကို ကိုကျော်စိုးက အထက်ပါစကားဖြင့် နောာက်ပြောင်ကျီစယ်ခြင်းဖြစ်ပါသည်။
"ဟ-ပေါင်ဒါရိုက်ပါတယ်ဆိုမှပဲ ကိုယ့်လူရယ်၊ မဟုတ်ရင် မညိမ်းကငါ့တပည့်တွေနဲ့ သူလိုငါလို ထင်ပြီး ငါ့ကို ဘယ်မှာလာပြီး ကြိုက်ပါ့မလဲဟွန်း"
မှန်ပါသည်။ ကျန်လူသိုက်မှာ မည်သူမျှ ပေါင်ဒါရိုက်သူများ မဟုတ်သဖြင့် ၄င်းတို့၏ မျက်နှာများ တွင် ပြောင်တင်းတင်းဖြစ်လျက် ရှိပါသည်။ ထိုထက် ကျွန်တော်တို့ လူသိုက်သည် ကိုခင်မောင်သက်၏ လူပျိုရန် များသာဖြစ်ကြပါသည်။ အလျဉ်းသင့်၍ မညိမ်းဆိုသူအကြောင်း ရေး၍ ပြပါဦးမည်။ မငြိမ်းသည် ဗောဓိကုန်းရှိ ကျွန်တော်တို့ ကျက်စားရာ လက်ဖက်ရည်ဆိုင်မှ မိန်းကလေးဖြစ်ပါသည်။

၎င်းမိဘများမှာ ဗောဓိကုန်းတွင် အခြေချနေထိုင်သူများဖြစ်၍ ၎င်းတို့အိမ်နှင့်တွဲလျက် အိမ်ဆိုင်ကလေးကိုဖွင့်လှစ်ထားပါသည်။ အိမ်ဆိုင်ဆိုသော်လည်း အတော်အတန် ပြည့်စုံသော ဆိုင် ကလေးဖြစ်ပါသည်။ ယင်းဗောဓိကုန်းတစ်ဝိုက်မှ လက်လီ ၀ယ်ယူစားသောက်ကြသူများသည် မညိမ်းတို့ဆိုင်ကို အားကိုးအားထားနေ ရသည်။ ဆယ်ဆင့်ဖိုးမှသည် အထက် ၀ယ်ယူရရှိပါသည်။ ရန်ကုန်မြို့လယ် လို နေရာမျိုးသည် ယခုအခါ ကျီးနှင့်ဖုတ်ဖုတ်ရှိရာ ရန်ကုန်ဆင်ခြေဖုံး အရပ်များ အလွန် စည်ကား ရကား ဗောဓိကုန်းလို နေရာ၌လည်းစည်ကားလှပါသည်။ ထိုထက် အပျိုချောရှိသော မညိမ်းတို့ဆိုင်သည် ပို၍ စည်ကားပါသည်။
မညိမ်းသည် အသားညို၍ ကော့သော မျက်တောင်ကြီးများ၊ ရွှန်းလဲ့သောမျက်ဝန်းများ၊ လေးကိုင်းသဏ္ဍာန် မျက်ခုံးသွယ်နှင့် ဖွံ့ဖြိုးသောကိုယ်ကာယတို့ကို ပိုင်ဆိုင်ပါသည်။ ထိုထက် ပြုံးယောင်ယောင် သူ့မျက်နှာသည် အစ်ကို ကာလသားများအား ဆွဲငင်ထားသော သံလိုက်ကဲ့သို့ ရှိဘိသည်။

"ပျိုလေးတို့အိမ်ဦး ဆပ်သွားဖူးတစ်ရုံ၊ နှစ်ရုံ ကျေးတွေက အုံ" ဆိုသည့် နှယ်မညိမ်းကဲ့သို့သော အပျိုချောရှိရာသို့ လူပျိုကာလသားများ စုဝေးကြကုန်သည်။ ကျွန်တော်တို့ လူသိုက် မညိမ်းတို့ဆိုင်သို့ ရောက်တိုင်း ကျွန်တော် တို့ထက် ၀ီရိယကောင်းသူတစ်ယောက်ကို အမြဲလိုလို တွေ့ရပါသည်။ ထိုလူကား ကျွန်တော်တို့ အာရှ လူငယ် အစည်းအရုံးနှင့် မျက်နှာချင်းဆိုင်တိုက်မှ ကိုမ်ြအောင်ဆိုသူဖြစ်ပါသည်။ ကိုမြအောင်သည်လည်း ကျွန်တော် တို့ကဲ့သို့ ဓာတ်လိုက်ပြီး ကိုခင်မောင်သက်ကဲ့သို့ပင် ဘိုကေကို သပ်ယပ်စွာဖြီး၍ ပိုးပျော့အင်္ကျီ ထည်လဲ၊ ဘန်ကောက် ပုဆိုး အရောင်အမျိုးမျိုးကိုဝတ်ကာ ဟန်ပြေလျက်ရှိသည်။ ကျွန်တော်သည် မညိမ်းတည်း ဟူသော သီတာဒေ၀ီ အား မည်သူက လက်ဦးမည်ကို စောင့်မျှော်နေရသည်မှာ စိတ်မရှည်နိုင်သကဲ့သို့ ဖြစ်မိပါသည်။

" ဟော ... အစ်ကို ကိုခင်မောင်သက်တို့ပါလား "
ကိုခင်မောင်သက်သည် မညိမ်း၏ ပျူပျူငှာငှာ သံသာသာကို ဂရုမစိုက်အားသေးဘဲ မညိမ်းအိမ်ကပြင်တွင် အစွေ့သား ထိုင်နေသော ကိုမ်ြအောင်ကို မျက်စောင်းငဲ့၍ ကြည့်လိုက်သည်။ ကျွန်တော်တို့ နောက်တော်ပါးများ သည်လည်း ဇာတ်လိုက်ကြီး ကိုခင်မောင်သက် တမူနာသွားသည့်အတွက် ခံရခက်သလို ရှိမိကြသည်။ ကိုမြအောင်ကမူ "ငါကွ"ဟူသော မျက်နှာပေးဖြင့် စီးကရက်ကို မရသာခံ၍ပင် သောက်နေချေသေးသည်။

ဆက်ရန်
.

No comments: