"ပညာရှိဆိုတာ ဘယ်တံတား ချိုးခဲ့ရတယ်။ ဘယ်တံတား ဖြတ်ကူးသင့်တယ် ဆိုတာ ဝေဖန်ပိုင်းခြားနိုင် တယ်" တဲ့။
ကျွန်မအဖို့ ကတော့ မချိုးချင်တဲ့ တံတားကိုလည်း ချိုးခဲ့ရ၊ မကူးချင်တဲ့ တံတားလည်း ကူးခဲ့ရ၊ ဘဝဇာတ် ဆရာ ကံကြမ္မာ ရဲ့စေစားရာအတိုင်း လိုက်ပြီး ကရတဲ့ ခုနစ်ထွေ ကချေသည်ဘဝနဲ့ ခရီး ဆက်နေရ ဆဲပါ ပဲလေ။ ကို ဆက်ဖတ်ရန် ..........

အပိုင်း (၂၂)
ရန်ကုန်ကို ပြောင်းရတဲ့အဖြစ်ကို အခု ပြန်တွေးကြည့်မိတော့ ဘဝရဲ့တစ်ဆစ်ချိုးလမ်းကို လျှောက်ဖြစ် အောင် တွန်းပို့လိုက်တဲ့ ကံကြမ္မာကို ကျေးဇူးတင်ရမယ် ထင်ပါရဲ့။ တစ်ဆစ်ချိုးလမ်းဆိုတာ ဖြောင့်ဖြူး နေတာမဟုတ်လို့ လှမ်းမျှော်ကြည့်ပြီး မှန်းဆလို့မှ မရတာနော်။ အဲဒီလမ်းဟာ အပေါ်လည်း ရောက်နိုင် သလို ဆင်ခြေလျှော နဲ့တွေ့ပြီး အောက်ကိုလည်း နိမ့်ကျသွားနိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆုံးဖြတ် ချက်ပေါ်မှာ မူတည် တာပါပဲ။ အကျပ်အတည်း ကြုံရခြင်းဟာ လွတ်မြောက်စရာ လမ်းစရှာဖို့ ကိုယ့်ရဲ့ အရည်အသွေးကို စိန်ခေါ်ခြင်း ပါပဲ။
မန္တလေးမှာ အလုပ်စတဲ့တုန်းက အရင်းအနှီးငွေကြေးလည်း ပြည့်စုံအောင် မရှိ၊ အလုပ်ရဲ့သဘော သဘာဝ အခြေခံကျွမ်းကျင်မှုလည်း ဘာတစ်ခုမှမရိဘဲနဲ့တောင် အောင်မြင်အောင် ကြိုးပမ်းနိုင်ခဲ့သေး တာပဲ။ အခု ရန်ကုန်ပြောင်းရချိန်မှာ ထိုက်သင်တဲ့ အရင်းအနှီး ရှိနေရုံမကဘဲ အတွေ့အကြုံတွေကြောင့် လုပ်ငန်းကိုလည်း ကိုယ်က ကျွမ်းကျင်စပြုနေပြီဆိုတော့ အားငယ်တဲ့စိတ်၊ စိုးထိတ်တဲ့စိတ် ဝင်လာတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည် ကိုးစားမှု လျော့မသွားအောင် ပြန်ပြန်အားပေးရင်း ကျားကန်ထားရတာပေါ့။
ရန်ကုန်မှာ ဓာတ်ပုံဘုရင်များဖြစ်ကြတဲ့ ဦးခင်လေးမောင်တို့၊ ဦးမောင်မောင်ကြီး၊ ဦးသန်းမောင်တို့ ဦးစီး လှုပ်ရှားတဲ့ မြန်မာပြည်ဓာတ်ပုံအသင်းကြီး ရှိနေပါတယ်။ ကိုယ်က ဝါသနာအရ ကြိုးစားလုပ်တဲ့ အတွေ့ အကြုံတွေမျိုးသာ ရှိတာ၊ တကယ့် ဓာတ်ပုံပညာကို စနစ်တကျ တတ်မြောက်ထားတာ မဟုတ်လို့ ပညာ ရှာဖို့ ဓာတ်ပုံအသင်း က အားထားရာတစ်ခုအဖြစ် မြင်မိတာနဲ့ ကျွန်မ ရာသက်ပန်အသင်းဝင် လုပ်လိုက် ပါတယ်။
ကိုယ်ရော စိတ်ပါ အားတက်သရော လုပ်တတ်တဲ့ အကျင့်က ရှိထားတာမို့ အသင်းဝင်တယ် ဆိုတာနဲ့ အသင်း တာဝန်တွေ ခွဲဝေယူရတဲ့ အမှုဆောင်ဘဝနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပါတယ်။ စေတနာ ထား၊ ဆောင်ရွက်ရင်းနဲ့လည်း ပညာတွေ တိုးခဲ့ရတာမို့ "မြန်မာပြည် ဓာတ်ပုံအသင်း" ရဲ့ ကျေးဇူးတရား ကို လည်း ဖော်ပြရပါမယ်။
ကျွန်မမှာ သူတစ်ပါးကို ကိုယ်တိုင်ဓာတ်ပုံရိုက်ချင်တာ ဝါသနာပါသလို ဓာတ်ပုံအရိုက်ခံရဖို့လည်း ဝါသနာက ပါသေးတာဆိုတော့ အသင်းက Excursion ထွက်ကြတိုင်း မော်ဒယ်လ်လုပ်ရတာလည်း အခါခါပဲ။ အဲ… ကိုယ်ဝန်ဆောင် ချိန်မှအပဆိုတဲ့ ခြွင်းချက်တော့ ရှိပါသေးတယ်။ ရန်ကုန်ပြောင်းလာပြီး နေ့မအား ညမ အား နှစ်ဆတိုး ကြိုးစားပြီး အလုပ်တွေ လုပ်နေတဲ့ကြားမှာပဲ တတိယမြောက် သမီးလေး မွေးတော့ ဝမ်းတွေသာ လို့ပေါ့။
မမသန်း က မန္တလေးက တကူးတကလာပြီး ဗိုက်စောင့်ပေးပါတယ်။ ကျွန်မမှာ အမေ အရင်းခေါက် ခေါက်ရှိပေမဲ့ အားကိုး လို့မှ မရတာ။ ဒုတိယသမီး ကေခိုင်ကို မီးဖွားတုန်းက မာမီက အဖော်လိုက် စောင့် ပေးပါတယ်။ ကလေးက ဝမ်းက ကျွတ်လို့ ဆွဲထုတ်ပြီး ပါးစပ်ထဲက ချွဲတွေထုတ်ဖို့ ခြေနှစ်ချောင်းက ဇောက်ထိုးလည်း ကိုင်လိုက် ရာ မာမီ က ပုံရက်လဲကျ သတိလစ်သွားလို့ မွေးလူနာတစ်ဖက်၊ ကလေး တစ်ဖက်ထဲက ဆရာမတွေ မာမီ့ ကို ဝိုင်းပြုစုရလို့ တော်တော်ကသီလင်တ ဖြစ်သွားရပါတယ်။ အဲဒီက တည်းက မာမီက ဘယ်တော့ မှ ဆေးရုံမလိုက်ဘူးလို့ ကျွန်မတို့ကို ကြေညာထားလိုက်တယ်လေ။
"သွေးက စကားပြောတယ်" ဆိုတဲ့ စကားကလည်း အမှန်ပါပဲနော်။ "ဝမ်းနဲ့မလွယ် သားမမည်" ဆိုတဲ့ စကား အတိုင်းပါပဲ။ ကျွန်မရဲ့သားကြီး (ခင်မောင်ဝင်းခန့်) ကို မမသန်းက သူ့သားအဖြစ် ယူမွေးထားတာ ကိုးနှစ်သားရောက်တဲ့ အထိ။ ကျွန်မကလည်း အလုပ်ဇောကပ်နေတော့ မမသန်း ယူမွေးထားတာ စိတ်ချပြီး အေးလို့ပေါ့။ ညအိပ်ရုံပဲ ခွဲနေရတာ။ ကျောင်းက ပြန်တာနဲ့ ကျွန်မဆိုင်ကို ရောက်လာပြီး အမေနဲ့ အတူနေ၊ ဆိုင်က ပြန်ပြီဆိုမှ မမသန်း အိမ်မှာ ချထား။ တစ်ခါတစ်လေ ကျွန်မပါ မမသန်းအိမ် မှာ ညစာစားပြီး မှ ပြန်တာဆိုတော့ သားနဲ့ ကျွန်မကလည်း အနေဝေးတာ မဟုတ်ဘူးပေါ့။
ရန်ကုန် ကိုပြောင်းဖို့ အကြောင်းပေါ်လာတော့ သားကို မမသန်းက မေးပါတယ်။
"မာမီနဲ့ လိုက်မလား၊ မေမေနဲ့ နေမလား" ဆိုတော့…
မမသန်း မျှော်လင့်ထားသလို အဖြေ ဖြစ်မလာဘဲ သားက "မာမီနဲ့ လိုက်မယ်" ဖြေလိုက်တော့ မမသန်း ရင်ကျိုးရှာပါရော။ မမသန်း စိတ်ထိခိုက်သွားတာ မြင်ရတာ ကျွန်မ ရင်ကိုလည်း နာကျင်မှု ရောင်ပြန် ဟပ်စေ ပါတယ်။ မမသန်းက ယောက်မဖြစ်ပေမဲ့ အမေလို ချစ်ရသူ မဟုတ်လားနော်။ ဒီတော့ တောက် တောက်ပြေး အရွယ်ရောက်နေတဲ့ သမီးလေ (ကေခိုင်) ကို မမသန်းဆီမှာ ထားခဲ့မယ်ဆိုပြီး ကလေး ချင်း လဲရတော့တယ်။
ဟိုတုန်းက သားကို ပေးထားရတာက ပုံစံတစ်မျိုးလေ။ ကျွန်မနဲ့သား အမြဲလို ထိတွေ့နေရတာမို့ ဘာမှ မထူးခြားပေမဲ့ ခု သမီးလေးကို နေ့စဉ် မမြင်မတွေ့ရဘဲ မန္တလေးကို ခွဲထားခဲ့ရတော့ ကျွန်မရင်မှာ ထိခိုက် ခံစားရပါတယ်။ မမသန်းကလည်း စာနာစိတ်နဲ့ တစ်ကြောင်း၊ သူ့သား ဝင်းကိုလည်း လွမ်းတာ က တစ်ကြောင်းကြောင့် ရန်ကုန်နဲ့ မန္တလေး အိမ်ဦးနဲ့ကြမ်းပြင်လို ကူးနေလို့သာ သမီးလေးကို မကြာ ခဏ ပြန်တွေ့ရလို့ တော်သေးရဲ့ပေါ့။
ခု သမီးလေး (ကေသီ) ကို ထပ်ရလိုက်တော့ ကျွန်မတို့ သမီးစားရလို့ ဝမ်းသာမဆုံးပေါ့။ မမသန်းနဲ့ ကျွန်မ ကလေးလဲလှယ် လုပ်နေတာကို မာမီ လုံးဝ မကျေမနပ်ဖြစ်နေတယ်ဆိုတာလည်း သတိမထားမိ ဘူး။ ဆေးရုံက ဆင်းတဲ့နေ့ မှာ မမသန်းက သမီးလေး ကေသီကိုပိုက်ပြီး အိမ်ထဲလည်း ဝင်ရော မာမီက အပေါက်က ခါးထောက်ပြီး မျက်နှာထားတင်းတင်းနဲ့…
"မာမီ တို့ ကလေး သားဖောက်ပြီး ငှားနေတာ မဟုတ်ဘူး။ ဒီကလေးကို ခေါ်သွားဖို့ စိတ်မကူးနဲ့။ မပေးနိုင်ဘူး" ဆိုပြီး ချဲ ပါလေရော။
အဲဒီတော့မှ ကျွန်မလည်း မာမီ စိတ်မချမ်းသာအောင် လုပ်မိတဲ့အတွက် နောင်တတွေရ၊ စိတ် မကောင်း ဖြစ်ပြီး ဆေးရုံကရောက်မဆိုက် မျက်ရည်ကျမိပါတယ်။ နောက်တစ်ချက် စိတ်ထိခိုက်မိတာလည်း ရှိပါ သေး တယ်။ သမီးလေးနှစ်ယောက် ရတော့ ညီအစ်မနှစ်ယောက် အဖော်ရမှာကိုတွေးပြီး ဝမ်းသာမိရာ က ဆုံးပါးသွား တဲ့ သားလေး (လင်း) ကိုလည်း တမ်းတမိပြန်ရော။ (လင်း) လေးသာရှိရင် (ဝင်း)နဲ့ ညီ အစ်ကိုနှစ်ယောက် အဖော်ရရှာပေမယ်ပေါ့။
ဘဝဆိုတာကလည်း ကိုယ်ဖြစ်စေချင်တိုင်းမှ မဖြစ်တာနော်။ "အမှည့်တဝင်းဝင်း အကင်းတပြိုက်ပြိုက်" ဆိုတဲ့ စကား လို သေခြင်းတရားက အသက်အရွယ်မရွေး ခေါ်ဆောင်သွားနိုင်ပါလားဆိုတဲ့ သံဝေဂတရား နဲ့ ယှဉ် စဉ်းစားပြီး ကိုယ့်ရဲ့အတွေးစကို ကြိုးစားပြီး ဖြတ်ရတော့တာပါပဲ။
စီးပွားရေး အနေနဲ့ကတော့ ကျွန်မရော၊ ကိုကြီးပါ အဆင်မြေတိုးတက်မှုတွေ ရလာတာမို့ အားတက် စရာ တော့ ကောင်းပါရဲ့။ ဒါပေမယ့် ရန်ကုန်မြို့ကြီးမှာ အပြိုင်အဆိုင်တွေက များလွန်းတော့ မန္တလေးမှာ လုပ်ရကိုင်ရ တာထက် နှစ်ဆတိုးကြိုးစားရတာ စိတ်မောလူမောပါပဲ။ အပေါင်းအသင်းနယ်ပယ်ကလည်း တဖြည်းဖြည်း နဲ့ ပိုကျယ်ပြန့်လာတယ်ပေါ့။ ဒေါ်ဒဂုန်ခင်ခင်လေးက ကြီးမှူးတဲ့ "ယုဝတီကလောင်ရှင်" အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာလည်း ကျွန်မတို့ ပါဝင်လှုပ်ရှားဖြစ်တော့ စာပေနယ်က သူတွေနဲ့ ပိုပြီးနီးစပ်မှုရ သွားပြန်ပါရော။
ကျွန်မနဲ့စပြီး ရင်းနှီးကျွမ်းဝင် ဖြစ်သွားသူက သွေးသောက်မဂ္ဂဇင်းပိုင်ရှင် ဦးပြည့်စုံရဲ့ဇနီး စာရေးဆရာမ မခင်လတ်ပါ။ ကျွန်မက ဆိုင်မှာလာရိုက်ကြတဲ့ ထူးချွန်ထင်ရှားကျော်ကြားတဲ့ မိန်းကလေးတွေကို တိုင်းရင်းမေ မဂ္ဂဇင်းမှာ မျက်နှာဖုံး အသုံးပြုပြီး သူတို့ရဲ့ အားကျအတုယူစရာကောင်းတဲ့ အတ္တုပ္ပတ္တိ တွေ ကို ဆောင်းပါးရေးနေ တာမို့ မခင်လတ်က သူရဲ့သွေးသောက်မဂ္ဂဇင်းအတွက်လည်း မျက်နှာဖုံး ဓာတ်ပုံတောင်းပါတယ်။
ဒါတင်မကဘူး။ ကျွန်မ စာပေဝါသနာအရင်းခံ ရှိနေတာပဲ။ ဝတ္ထုလေးဘာလေးရေးပါလားလို့ တိုက်တွန်း ပြန်တော့ ကျွန်မကလည်း နှစ်ခါမြှောက်ပေးဖို့ မလိုဘဲ ရေးလေတယ်ပေါ့။ စစချင်းရေးတဲ့ဝတ္ထုဆိုတော့ အစ၊ အလယ်ကတော့ ဟုတ်လို့ပါပဲ။ မန္တလေးမှာ ကြုံခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံရေးထား တာမို့ ဘာပြသာနာ မှမရှိဘဲ ချောလို့။ ဟော…အဆုံးသတ်ဖို့ ကျတော့ ပတ်ချာလည်နေပါရော။
မန္တလေးမှာတုန်းက ကိုယ်လို စာရူးပေရူးနဲ့ စိတ်ကူကိုယ်တူ ပေါင်းခဲ့ကြတဲ့ ရောင်းရင်းနှစ်ယောက်စလုံး ကလည်း ကျွန်မ နဲ့ ရှေ့ဆင့်နောက်ဆင့် ရန်ကုန်ကို ပြောင်းလာကြတာမို့ ပြန်တွဲမိကြတယ်ပေါ့။ တစ် ယောက် က ထောင်မှူးမောင်မောင် (ရန်အောင်မိမိထွေး)နဲ့ ကလောင်သွေးနေသူ ရန်အောင်မောင် မောင် (နောင်အခါ ကျော်ကြားသော စာရေးဆရာ ဖြစ်လာသူ)နဲ့ နောက်တစ်ယောက်က ထောင်မှူးကို ညွန့်ဝေ (အခု ဘာသာရေး စာပေတွေနဲ့ အောင်မြင်နေတဲ့ စာရေးဆရာ မင်းသူရိန်) ပါ။
သူတို့တစ်တွေ က ကျွန်မ ဆိုင်ကို မကြာခဏ ရောက်ရောက်လာတတ်ကြပါတယ်။ အဲဒီနေ့က ကျွန်မ ဝတ္ထု အဆုံးသတ်မရဖြစ်နေချိန်မှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့…
"မောင်မောင်ရေ… တို့ ဝတ္ထုတစ်ပုဒ် စရေးတာ ဖတ်ကြည့်စမ်းပါဦး၊ အဆုံးသတ်ပတ်ချာလည်နေ လို့ဟ" လို့ ပြောပြတော့…
သူက ယူဖတ်ကြည့်ပြီး တစ်ခါတည်း ကောက်ကာငင်ကာနဲ့ အဆုံးသတ်ရေးချလိုက်ပါရော။ "ဟယ်… တော်လိုက်တာ၊ တို့ အဲလို ဘာလို့များ မစဉ်းစားမိလဲ မသိဘူးနော်" လို့ သူ့ကို ချီးကျူးရပါသေးတယ်။ ရန်အောင်မောင်မောင် အဆုံးသတ်ပေးလိုက်တဲ့ "အသည်းပန်းတစ်ခက်" ဝတ္ထုသွေးသောက်မဂ္ဂဇင်းမှာစပြီး ပါလာချိန် က ၁၉၅၂ ခုနှစ်၊ ဘယ်လလဲ ဆိုတာတော့ မမှတ်မိ တော့ပါဘူး။
"ပတ္တမြားခင်"ဆိုတဲ့ ကလောင်အမည် စတင်မွေးဖွားခြင်းလို့ ပြောရမယ်ထင်ပါရဲ့။ အဲဒီနောက်ပိုင်း သွေးသောက် မဂ္ဂဇင်းမှာ ၀တ္ထုတိုလေးတွေ ကြိုးကြားမကြာခဏ ရေးဖြစ်သွားတာမို့ "ပတ္တမြားခင်" ကို ပထမဆုံး စင်တင်ပေးလိုက် တဲ့ သွေးသောက်မဂ္ဂဇင်းပိုင်ရှင် ဦးပြည့်စုံ နဲ့ ဒေါ်ခင်လတ်ကို လည်း ကျေးဇူး တင်ရှိကြောင်း ဖော်ပြလိုပါတယ်နော်။
ရန်ကုန်မှာ အခြေချလို့ ဖြစ်မှဖြစ်ပါ့မလားနဲ့ စိုးထိတ်စိတ်နဲ့ရောက်လာတဲ့ ကျွန်မအောင်မြင်စ ပြုလာတော့ စိတ်အားတွေ တက်လာပြီး ပျော်ရမယ်မှ မကြုံရသေးဘူး။ စိတ်ပင်ပန်းစရာတစ်ခုက ပေါ်လာပြန်ပါရော။ ၁၉၅၃ခုနှစ်၊ အောက်တိုဘာလမှာ ကိုကြီး မထင်မှတ်ဘဲ လေဖြတ်သွားပါတယ်။ ချက်ချင်း ဆေးရုံတင်ပြီး ကုသမှု ခံယူဖို့ စီစဉ်ရတာပေါ့။ ကိုကြီးမှာ ကျွန်မနဲ့ အိမ်ထောင်မကျခင်က တည်းက သွေးတိုးရောဂါက ရှိပြီးသား။ မကြာခဏ ခေါင်းမှုးတာတို့၊ ဇက်ထိုးတာတို့က ရိုးနေပြီ လေ။ အတူနေတုန်းကတော့ ဆရာဝန်ကြီး ဒေါက်တာဝီရမ်းဆင်နဲ့ အမြဲပြသပြီး အစားအသောက် ဆင်ခြင်ဖို့ ဂရုစိုက်နဲ့ ကျွန်မက လုပ်ပေးနေကျ ပါပဲ။
ရန်ကုန်ကို ပြောင်းလာပြီး ၃၂လမ်း ရုံးခန်းမှာ တစ်ယော်ကတည်း နေတော့ မဟာဗန္ဓုလ ပန်းခြံ ထောင့် မှာ ရောင်းတဲ့ လမ်းဘေးဈေးသည်တွေဆီက သူ့စိတ်ကြိုက် ၀က်ခြေထောက်တို့၊ ၀က်ခေါင်းသုတ် တို့ အချိန်မရွေး ၀ယ်စားနေတာပေါ့။ ကျွန်မ ရန်ကုန်ကို ဆင်းလာတဲ့အခါတိုင်း တပည့်လေးတွေက ပြန်တိုင်လို့ အစား အသောက် ဆင်ခြင်ဖို့ ပြောပြလည်း နားမ၀င်ပါဘူး။ အစား အသောက်မက်မောသူ ဆိုတော့ ရန်ကုန်ကို ကျွန်မ အပြီးပြောင်းလာလို့ ဂရုစိုက်လုပ်ပေးတဲ့တိုင် အောင်ကျွန်မတို့ မသိအောင် အလုပ်တိုက်မှာ စိတ်ကြိုက် ၀ယ်စားနေဆဲလေ။ ဒီတော့ သွေးတွေ တအားတိုးပြီး သတိလက်လွတ်ဖြစ်တဲ့အထိ အခြေအနေ ဆိုးသွားတော့ တာပါ။
ရန်ကုန်ဆေးရုံကြီးက သမားတော်ကြီး ဦးလှမြင့် လက်အပ်ပြီး ကုသမှုခံတော့မှ သတိပြန်ရပြီး သက်သာ လာပါ တယ်။ ဒါပေမဲ့ ဆေးရုံပေါ်မှာ လနဲ့ချီပြီး တင်းထားရတာမို့ ဆေးရုံက ကျွန်မအိမ် တစ်ပိုင်းလို ဖြစ်နေတော့တာပဲ။ အချိန် လုပြီး မကြာခဏ ဆေးရုံကို ပြေးကြည့်ပြုစုနဲ့ အလုပ်တစ် ဖက်၊ လူနာတစ်ဖက်၊ ကျွန်မဘ၀ပတ်ချာ လည်ရတဲ့အဖြစ် ရောက်ပြန်ရောလေ။ ကိုကြီးက ခြေတွေ လက်တွေ ကောင်းကောင်းမလုပ်ရှားနိုင်တော့ စပျစ်သီး ဆိုရင်လည်း အခွံလေးနွှာ၊ နှစ်ခြမ်းခွာပြီး ပါးစပ်ထဲထိ ခွံပေးရတာမျိုး၊ ဆန်ပြုတ်တို့ စွပ်ပြုတ်တို့လည်း တစ်ဇွန်းချင်း၊ စိတ်ရှည်လက်ရှည် နဲ့ မဖိတ်မစဉ်အောင် ခွံ့ရတာပေါ့။
ကျွန်မ အဲလို တယုတယ ပြုစုပေးနေတာကို ဆေးကျောင်းသားတွေက အခန်းထဲကို ပြူတစ်ပြူတစ် လုပ် လာကြည့်ကြပြီး Beauty and The Bestတို့၊ ပပ၀တီနဲ့ မင်းကုသတို့ မကြားတကြား နဲ့ ပြောသွား တတ်ကြသေး လို့ စိတ်ရှုပ်ရတာလည်း ရှိပါသေးတယ်။
ကိုကြီးရဲ့ အခြေအနေသက်သာလာပြီး လမ်းလျှောက်နိုင်တဲ့ထိ ပြန်ကောင်းလာတော့ ဆေးရုံက ဆင်းခွင့်ပြုတာ နဲ့ အိမ်ပြန်ခေါ်လာလို့ မကြာခင်အတွင်းမှာပဲ သားကြီး ခင်မောင်ဝင်းခန့်ကို ရှင်ပြု ဖို့ကျွနမချက်ချင်းဆိုသလို စီစဉ်လိုက် ပါတယ်။ ကုသိုလ်ကောင်းမှုနဲ့ ကံဆက်တဲ့သဘောလည်း ဖြစ်အောင်ပေါ့။
သားကြီး ခင်မောင်ဝင်းခန်းက ဆယ်နှစ်၊ သမီးကြီး ကေခိုင်ခန့်က လေးနှစ်သမီးမို့ ရှင်ပြုနားထွင်း မင်္ဂလာကို အဲဒီအချိန် တုန်းက နာမည်ကြီးတဲ့ ကန်တော်ကြီး ယူနီယံကလပ်မှာ ကျင်းပပါတယ်။ သမီးငယ် ကေသီခန့် က တောက်တော်ပြေး အရွယ်ပဲရှိသေးလို့ နားထွင်းထဲမထည့်နိုင်သေးလို့ ချန်ခဲ့ရတာပေါ့။
ဧည့်ခံပွဲကို ယုဝတီကလောင်အဖွဲ့ကလည်း တက်ရောက်ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေး (မမခင်) ကိုကျွန်မက နှုတ်ဆက်ဧည့်ခံတော့...
"ခင်မကြီး ညည်း ဦးအောင်ခန့်အနား ကပ်မထိုင်စမ်းပါနဲ့ဟယ်။ ငါကြည့်ရင်းနဲ့ ရင်တွေနာလာ လွန်းလို့ပါ။ ကြည်ကြည်ဌေး ကိုလည်း အဲလိုပဲ သူ့ယောက်ျား ကိုအောင်သိမ်းကြီးနားကပ်နေရင် ငါပြောထားတယ်။ ညည်း တို့နှစ်ယောက်ကို ငါကြည့်လို့မရဘူး။ နှမြောလွန်းလို့"တဲ့။
မမခင်က အဲလိုပြောတော့ အတူထိုင်နေတဲ့ ဒေါ်စောမုံညင်းနဲ့ ရုပ်ရှင်မင်းသမီး မေရီမြင့်တို့က ၀ိုင်းရယ်ကြပါလေရော။ သြော်...ကျွန်မကို ချစ်သောသူများ နှမြောတယ်ဆိုသံ ကြားရပြန်တော့ ကျွန်မလည်း ထပ်တူ ရင်နာရတာပါပဲလေ။ အဲဒီအချိန်က ကျွန်မမှာ ရွေးချယ်ပိုင်ခွင့်မှ မရှိပေပဲ။ ကိုယ့်ဘ၀ထိုက်ရာ ကံအတိုင်း လို့ပဲ သဘောထားရမှာပေါ့နော်။
ဒီလိုနဲ့ ကိုကြီးရောဂါက ကောင်းလိုက် ဆိုးလို့၊ ဆေးရုံတက်လိုက်၊ ဆင်းလိုက်။ တစ်နေ့မှာ ဆရာဝန်ကြီး ဦးလှမြင့်က သူ့ရုံးခန်းမှာ ခေါ်ပြီး ပြောပြပါတယ်။ သွေးတိုးရောဂါက ဆက်နွှယ်ပြီး နှလုံးလည်း အားနည်း လာတယ်။ ကျောက်ကပ် ကလည်း ထိခိုက်ပျက်စီးနေပြီတဲ့။ မျှော်လင့်ချက် မရှိတော့တာကြောင့် သက်သောင့် သက်သာ အိမ်မှာပဲ ထားရင်ကောင်းမယ်လို့ ပြောပါတယ်။ ခံလှရင် လပိုင်းပဲတဲ့။
စိတ်ထဲ မှာ အားမရနေတာ မှန်ပေမဲ့ ဒါလောက်မြန်မြန်ဖြစ်လိမ့်မယ်လို့ မထင်မှတ်မိဘူး။ ဆရာဝန် ကြီးကိုယ်တိုင် က အခြေအနေမှန်ကို ပြောပြလိုက်တော့ ကျွန်မ တကယ်ပဲ အားငယ်စိုးထိတ်သွားပါ တယ်။ ဘာပဲပြောပြော ကိုကြီး ကို ခင်ပွန်းတစ်ယောက်လို မချစ်ပေမဲ့ အမြဲတမ်းအားကိုးအားထားအ ဖြစ်နဲ့ကိုးစားနိုင်တဲ့ ဖခင်လို၊ ဦးလေး လို ချစ်ခင်တွယ်တာ သံယောဇဉ်ရှိသူမို့ ရင်ထဲမှာ နာကျင်ကြေ ကွဲမှုနဲ့အတူ မျက်ရည်တွေ လိမ့်ဆင်း လာတော့တာပဲ။ တစ်ဆက်တည်း ကျွန်မရဲ့ရင်သွေးငယ်တွေ လည်းကျွန်မလို ဖခင်မဲ့ကြတော့မယ် ဆိုတဲ့အတွေး ပါ ၀င်လာတဲ့အခါ ရှိုက်ကြီးတငင်နဲ့ ထိုင်ငိုဖြစ် ပြန်လေရော။
အခြေအနေ ကို ထိုင်ပြီးတွေဝေနေလို့ မဖြစ်ပြန်တာနဲ့ မန္တလေးက မမသန်းကို လှမ်း အကြောင်းကြား တော့မမသန်း က မန္တလေးကို ပြန်ခေါ်လာခဲ့ဖို့ မှာတာနဲ့ ချက်ချင်းဆိုသလိုမန္တလေးပြန်ဖို့ စီစဉ် ရ ပြန်ရော။ သေရေးရှင်ရေး ဖြစ်လာတော့ အလုပ်ကိုလည်း သံယောဇဉ်တွယ်မနေနိုင်တော့ဘူး။ မန်နေဂျာ မအေးမြင့် ကို လွှဲထားခဲ့ပြီး ကျွန်မနဲ့အတူ သမီးငယ်ကေသီကိုခေါ်ပြီး ကိုကြီးကို မန္တလေး မှာခေတ္တသွားပြီး အနားယူ ရအောင်လို့ အားရှိအောင်ပြောရတာပေါ့။
တော်ပါသေး ရဲ့။ အဲဒီအချိန်မှာ မာမီကကျန်းမာရေး အခြေအနေကောင်းနေပေလို့ပဲ။ မဟုတ်ရင် ဒီလူနာနှစ်ယောက် ကြားကျွန်မ ဘယ်လောက်ဗျာများပြီး အရူးမီးဝိုင်းဖြစ်နေမယ်ဆိုတာ တွေးကြည့် တာနဲ့ရင်မောမိ ပါသေးရဲ့။ မာမီပူညံပူညံလုပ်ပြီးကတည်းက သမီးကြီး ကေခိုင် ကိုပါရန်ကုန် မှာ ပြန် ခေါ် ထားပြီး ကျောင်းစထားလိုက်ပါတယ်။ မာမီ့ကိုလည်း မြေးနှစ်ယောက်အနားမှာ ထား ခဲ့ပြီး ကျေနပ်နှစ်သိမ့် ဖြစ်အောင် လုပ်ခဲ့ရသေးတယ်လေ။
ရန်ကုန်နဲ့ မန္တလေးရဲ့ လူနေမှုစနစ်က ကွာခြားပါတယ်။ ရန်ကုန်က မြို့ကြီးပြကြီးတွေရဲ့ထုံးစံအ တိုင်းတစ်ဦး နဲ့တစ်ဦး အနေမနီးစပ်ကြဘူး။ တစ်လည်းတည်း နေကြပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ သိကြတာမဟုတ်ဘူးနော်။ ကိုယ့်မိတ်ဆွေ ကိုယ့်အသိုင်းအ၀ိုင်းလေးနဲ့ ကိုယ်ပဲ။ ဒါကြောင့် ကျွန်မ တို့ရန်ကုန်ပြောင်းကြမယ် ဆိုတော့ အားလုံးက ၀ိုင်းဖျက်ကြတာပေါ့။
ရန်ကုန်ဆိုတာ ကြောက်စရာကြီး။ တစ်ခုခုဖြစ်လို့တောင် အိမ်နီးချင်းကို အကူအညီခေါ်လို့ရတာ မဟုတ်ဘူး၊ ဘာညာ နဲ့ သူတို့ဖြဲခြောက်ကြသလောက် မဆိုးဝါးပေမဲ့ အသိုင်းအ၀ိုင်းချင်း မတူညီ တာကတော့ အမှန်ပါပဲ။ ကိုကြီးမန္တလေး ကို ပြန်ရောက်တော့ ထူထူထောင်ထောင်နဲ့ လန်းလန်း ဆန်းဆန်းဖြစ်လာပါတယ်။
မန္တလေးမှာ ဆွေမျိုးအင်အားကလည်းတောင့်၊ မိတ်ဆွေ အသိုင်းအ၀ိုင်းကလည်းများတာမို့ တစ်ယောက်ဝင်၊ တစ်ယောက်ထွက်နဲ့ ဧည့်သည်ကလည်းမပြတ်၊ တပည့်တပန်းတွေကလည်း "ဦးလေး နေမကောင်းဘူးဆို" "ဆရာ ဘယ်လိုနေသေးလဲ"နဲ့ လာပြီး သတင်းမေးကြရင်း ခြေဆုပ် လက်နယ်လုပ်ပြီး ပြုစုပေးကြ၊ ဆေးရုံက ဆရာဝန်ကြီး ဒေါက်တာဂီရမ်းဆင်ကလည်း မိသားစုလို ခင်မင်နေတော့ ရက်ခြား လာကြည့်စစ်ဆေးပေးတာမို့ အဘက်ဘက် က အားတက်စရာဖြစ်နေတာ ကိုး။
ကိုကြီးနေသာ ထိုင်သာရှိနေတာနဲ့ ကျွန်မလည်း နှစ်ပတ်တစ်ခါ ရန်ကုန်ကိုပြန်ပြီး မာမီနဲ့ ကလေး တွေကိုရော၊ အလုပ်ကိုရော ပြန်ကြည့်နေရတာပေါ့။ ဒီအချိန်မှာ မြ၀တီမဂ္ဂဇင်းကထွက်နေပါပြီ။ မြ၀တီမဂ္ဂဇင်းထွက်ဖို့ စီစဉ်နေဆဲအချိန်မှာ တာဝန်ခံများက ကျွန်မကိုခေါ်ပြီး မဂ္ဂဇင်းအတွက် မျက် နှာဖုံးတာဝန်ယူဖို့ ပြောပါတယ်။ အဲဒီကာလက မဂ္ဂဇင်းဦးရေက သိပ်များများရှိသေးတာမဟုတ်ဘူး။ ရှုမ၀၊ သွေးသောက်၊ မိုးဝေ၊ ပဒေသာ၊ သောကြောနဲ့ လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်အ တွင်းမှာရှိတာပါပဲ။
အများအားဖြင့် ဦးကိုလေးတို့၊ ဦးသောင်းဟန်တို့ ပန်းချီလက်ရာတွေနဲ့ မျက်နှာဖုံးလှလှလေးတွေ နဲ့ထွက်တာများပါတယ်။ နောက်ပိုင်းကျမှ အမျိုးသမီး ချောချောလှလှပုံလေးတွေ သုံးလာတာမို့ ကျွန်မတို့ ဓာတ်ပုံပညာ သည်တွေ ဈေးကွက်ရလာတယ် ဆိုပါတော့။ မြ၀တီမဂ္ဂဇင်းမှ ပန်းချီဆရာ ကအမ်တင်အေးတို့၊ ဦးခင်လေးမောင် တို့ ပါဝင်တဲ့အဖွဲ့ကလည်း ဓာတ်ပုံပညာသည်ကြီးများ လက်စွမ်းပြဆိုတဲ့အနေနဲ့ အတတ်ပညာရှင် များ ဓာတ်ပုံပြိုင်ပွဲအပြင် ဓာတ်ပုံဝါသနာရှင်များအတွက် ပြိုင်ပွဲကဏ္ဍတစ်ခုလည်း ထည့်သွင်းထားပါသေးတယ်။
မြ၀တီမဂ္ဂဇင်းရဲ့ စာတည်းချုပ်က စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ ခင်ပွန်းဗိုလ်မှုးကျော်သောင်း ပါ။ ဗိုလ်မှုးကျော်သောင်းတို့ ပြင်ဦးလွင် စစ်တက္ကသိုလ်က ကျောင်းဆင်းတော့ အဲဒီကျောင်းဆင်း ပွဲကိုကျွန်မ ဓာတ်ပုံရိုက်ခဲ့ရတဲ့အပြင် မန္တလေးတပ်ရင်း (၈)မှာ တာဝန်ကျတော့လည်း ဗိုလ်ကြီးစိန်ဝင်းတို့၊ ဗိုလ်မှုးတင်အောင်ကိုတို့နဲ့ အတွဲဖြစ်လို့ ကျွန်မနဲ့လည်း ခင်မင်ရင်းနှီးပါတယ်။
မြ၀တီမဂ္ဂဇင်း စာတည်းချုပ်အဖြစ် ရောက်လာတော့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး တစ်ခါတလေ ပြောရ ဆိုရတာတွေ ရှိပေမဲ့ အလုပ်ကိစ္စကိုအများအားဖြင့် တယ်လီဖုန်းပေါ်မှာပဲ ပြောရင်းဆိုရင်းကိစ္စပြတ် သွားတတ်တာမို့ လူချင်း မဆုံဖြစ်ပါဘူး။ ပေးစရာ၊ ယူစရာရှိတဲ့အခါကျတော့လည်း တပည့်တွေပဲ လွှ့တ်ပြီး ပေးလိုက် ယူလိုက်နဲ့ အဆင် ကချောလို့ပေါ့။
ဓာတ်ပုံအလုပ်ဆိုတာကလည်း Serviceဖြစ်တာမို့ ဆံပင်ညှပ်တဲ့သူတွေလို၊ အင်္ကျီချုပ်တဲ့သူတွေလို ပုဂ္ဂိုလ်စွဲ ရှိပါတယ်။ ဆံပင်သွားညှပ်ရင် ဒီလူနဲ့မှ အထာကျတယ်ဆိုပြီး သူညှပ်ပေးမှပဲ ကောင်းတယ် ထင်သလို အင်္ကျီချုပ် ရင်လည်း ဒီလိုပါပဲ။ သူချုပ်ပေးမှ ပုံကျတယ်လို့အထင်ရှိတယ်နော်။ ဓာတ်ပုံ လည်းဒီအတိုင်းပါပဲ။ ကျွန်မ ရိုက်ပေးမှ ကောင်းတယ်ထင်သူက ထင်တတ်တော့ ကျွန်မ မရှိတာ အထိုက်အလျောက်တော့ ထိခိုက်ကျဆင်း ပါတယ်။
အခြေအနေအရ ကိုယ်က အချိန်ပြည့်မနေနိုင်တော့ စီမံစရာရှိတာ စီမံပြီး ကျန်တဲ့ကိစ္စတွေအတွက် စိတ်ကိုလျှော့ထား ရတယ်ပေါ့။ လူ့ဘ၀ဆိုတာက တစ်ပြေးညီတစ်ဆက်တည်း ချောမောနေတာမျိုး မှမဟုတ် တာနော်။ အမြဲတမ်း အပြောင်းအလဲတွေက ရှိနေစမြဲပါပဲ။ ရှင်တော်ဘုရား ဟောကြားခဲ့တဲ့ လောကဓံတရား ၈ပါးအတိုင်း ခုပဲ ပျော်စရာ အားတက်စရာတွေကြုံလိုက်၊ ခဏနေတော့ အားငယ်စ ရာ၊ အဆင်မပြေစရာတွေ တွေ့လိုက်၊ အတားအဆီးအကွေ့အကောက်တွေကို ကြုံတွေ့တဲ့အခါ ကားမောင်းသလိုပေါ့။ ဘယ်နေရာမှာ ဘရိတ်ကိုနင်းမယ်၊ လီဗာကိုလျှော့ရမယ်ဆိုတာ သိထားဖို့ လိုတာပါပဲ။ ခုကျွန်မလည်း လိဗာကို လျှော့ထားရတဲ့ အခြေအနေကို ဆိုကြပါစို့။
မန္တလေးနဲ့ ရန်ကုန်ကို အခေါက်ခေါက် သွားချည်ပြန်ချည် လုပ်နေရင်းသုံးလလောက် ကြာသွားပါ တယ်။ ကိုကြီးရဲ့ ကျန်းမာရေးက ပြန်ကောင်းနေတော့လည်း အားလုံးညီအစ်ကိုမောင်နှမတွေကပါ အားတက်လို့ပေါ့။ ဒါပေမဲ့ အမြဲတမ်းစစ်ဆေးနေတဲ့ ဆရာဝန်ကြီးကတော့ စိတ်ကြောင့် အခိုက်အတန့် လန်းလန်းဆန်းဆန်း ဖြစ်နေတာ။ တစ်ချိန်ချိန်မှာ ဦးနှောက်သွေးကြောပေါက်သွား နိုင်တယ်။ ဂရုစိုက်စောင့်ကြည့်ပါလို့ မှာတာနဲ့ ကျွန်မလည်း ရန်ကုန်ကို ခါတိုင်းလို မဆင်းနိုင်တော့ဘဲ မပြတ်စောင့်ကြည့်နေရတာပေါ့။
တစ်နေ့မှာ နေရင်းထိုင်ရင်းက ကိုကြီးကြို့ထိုးပါလေရော။ အစတော့ သူတကာတွ အခန့်မသင့်လို့ ဖြတ်တတ်သလို ခဏနေကောင်းသွားမယ် ထင်ပြီး ခပ်ပေါ့ပေါ့ပါပဲ။ ဘယ်လိုမှမရပ်တော့ ဆရာဝန် ကြီးကိုဖုန်းဆက် အကြောင်းကြားရတာပေါ့။ ဗိုက်ကြီးကလည်း ရောင်ကိုင်းလာတာ တင်းကျပ်နေ တာပဲ။ ဆီးသွားဖို့လည်း ခက်ခဲလာတော့ ခန္ဓာကိုယ်တွင်း ပစ္စည်းတွေချို့ယွင်းလာပြီဆိုတာ မှန်ကန် နိုင်တော့တာမို့ မမသန်းတို့၊ ဒေါ်ဒေါ်ကျင်တို့ မောင်နှမတစ်တွေလည်း ပျာယာခတ်ကုန်ပါတယ်။
အစားအသောက်ကတော့ မပျက်ဘဲ မှန်မှန်စားလျက်ပဲ။ တစ်ညနေ ကျွန်မ ကိုကြီးကို သတင်းစာ ဖတ်ပြနေတုန်း ဗြုန်းခနဲ အန်ချင်တယ်ဆိုတာနဲ့ အနားက ထွေးခံဆွဲပေးလိုက်တော့ အန်ချပါတယ်။ ထွေးခံကို သေသေချာချာ စစ်ဆေးကြည့်တော့ သွေးစလေးတွေကို တွေ့မိတာနဲ့ မမသန်းကို ခေါ်ပြတာ....
မဟုတ်ပါဘူး၊ အန်တီလေးက စိတ်အပူလွန်လို့ ထင်နေတာပါ၊ စောစောက၀မ်းသွားအောင် Prunes တွေကျွေးထားတယ်လေ၊ အဲဒီက အဖတ်တွေဖြစ်မှာပါ တဲ့။
ကျွန်မ စိတ်ထဲမှာ သွေးစလေးတွေလို့ပဲ စွဲမှတ်နေဆဲမို့ ငြင်းခုံမနေတော့ဘဲ ချက်ချင်းဆရာဝန်ကြီး ကိုဖုန်းဆက် အကြောင်းကြားလိုက်တယ်ပေါ့။ ဆရာဝန်ကြီးတောင် ရောက်မလာသေးပါဘူး။ နောက်တစ်ခါ ထပ်အန်တော့ ထွေးခံဆွဲဖို့တောင် အချိန်မရလိုက်တာနဲ့ ကျွန်မလက်ခုပ်နဲ့ ထိုးခံ လိုက်တာရဲခနဲ သွေးတွေချည်း ထွက်လာပြီး တစ်ခါတည်း သတိလစ်သွားတာ ကွယ်လွန်တဲ့အချိန် ထိသတိလည်မလာတော့ပါဘူး။
ဦးအောင်ခန့် ကွယ်လွန်ချိန်မှာ အသက် (၆၀)ရှိပါပြီ။ ကျွန်မက အသက် (၃၀)ပြည့်လို့ ၁၂ရက်ပဲ စွန်းပါသေးတယ်။ ပေါင်းသင်းခဲ့တဲ့ ကာလက (၁၂)နှစ်ကျော်ကျော်မှာ သားသမီးသုံးယောက် ကျန် ရစ်ခဲ့တယ်ပေါ့။ မမသန်းက ကျွန်မအသက်က ငယ်ရွယ်သေးတဲ့အပြင် ရန်ကုန်မှာ တစ်ယောက် တည်းသွားပြီး စီးပွားရှာနေရတာဖြစ်လို့ ဦးအောင်ခန့် ကွယ်လွန်တာကို လူသိရှင်ကြား မဖြစ်စေတာ ပိုပြီးကောင်းတယ်။ ဒါကြောင့် သတင်းစာထဲ မထည့်ဖို့ ပြောတာနဲ့ သတင်းစာထဲ မထည့်ဖြစ်ပါဘူး။
မန္တလေးမှာကတော့ တစ်ဦးနဲ့တစ်ဦး နီးစပ်ကြတာဖြစ်လို့ သတင်းစာထဲ မထည့်ပေမဲ့လည်း ပါးစပ် သတင်းနှင့်ပဲ အားလုံးက သိသွားကြပြီး အသုဘက စည်စည်ကားကား ဖြစ်ပါတယ်။ ရန်ကုန်အိမ်ကို လည်းဒီသတင်းကြားရင် မာမိစိတ်အနှောင့်အယှက် ဖြစ်ပြီး ရောဂါဟောင်းပြန်ပေါ်လာမှာစိုးတာနဲ့ အကြောင်းမကြားဘဲ ထားလိုက်ပါတယ်။ ရက်လည်ပြီးတာနဲ့ အချိန်မဆွဲတော့ဘဲ ရန်ကုန်ကို ပြန်လာဖို့ စီစဉ်ရတော့တာပေါ့။
မန္တလေးမှာ နှစ်နှစ်ကျော်ကျော် သုံးနှစ်နီးပါး ကိုကြီးနဲ့ခွဲခွာနေပြီး စီးပွားရေး လုပ်လာခဲ့တာမို့ အဲဒီ အတွေ့အကြုံတွေက အထောက်အကူပြုပြီး ဘ၀ကို တစ်ယောက်တည်း ရင်ဆိုင်ရမှာအတွက် အားငယ်စိတ် မ၀င်ဘဲ လေ့ကျင့်ပြီးသားဖြစ်နေသလို နေသားတကျနဲ့ ကိုယ့်စိတ်ကို တင်းထားနိုင် ပေလို့တောပါသေးရဲ့။
ဖြစ်များဖြစ်ချင်တော့ ရန်ကုန်ကိုအပြန် လေယာဉ်ပေါ်မှာ ကျွန်မသမီးငယ်လေး(ကေသီ)ကိုရင်ခွင် မှာပိုက်လို့ ထိုင်နေတုန်း ဘေးကခုံမှာ ၀င်လာထိုင်သူက လေးလေးရယ်လေ။ ကျွန်မကိုမထင်မှတ် ဘဲတွေ့လိုက်တော့မှ သူ့မှာသရဲခြောက်ခံရတဲ့အတိုင်းပါပဲ။
ဒီအချိန်မှာ ဟိုတုန်းက သူ့ရှေ့မှာ ဒူးလေးတုပ်ပြီး "ခင်မကြီးကို လက်ထပ်ပါနော်"လို့ ပြောခဲ့တဲ့ ခင်မကြီးဆိုတဲ့ အူကြောင်ကြောင် ကောင်မလေး မဟုတ်တော့ဘူးဆိုတာ ပြချင်တာနဲ့ ကျွန်မက လည်းရင့်ကျက်စွာနဲ့ "ဟယ်...လေးလေးပါလား၊ နေကောင်းရဲ့လား"နဲ့ အပြုံးမပျက်စပြီး နှုတ်ဆက်လိုက်ပါတယ်။
သူကတော့ ကျွန်မကို ပြူးပြဲကြည့်ပြီး ဆွံ့အစွာနဲ့ စကားတစ်လုံးမှ ထွက်မလာဘူးလေ။ အတော်ကြီး ကြာကာမှ "ဦးအောင်ခန့် နေကောင်းလား"တဲ့။
"သြော်...ကိုကြီးလား၊ နေကောင်းတယ်၊ အခုတောင် အလုပ်တွေ သိပ်များနေလို့ လိုက်မလာနိုင် တာ"ဘာညာဆိုတဲ့ အဖွဲ့အနွဲ့တွေနဲ့ ပိုပိုသာသာပြောပြလိုက်တာပေါ့။
သူက ကလေးဝမှာ တာဝန်ကျနေတာတဲ့။ ခု ရန်ကုန်ကို ကွန့်ဖရင့်တစ်ခုတက်ဖို့လာတယ်ဆိုတာ ရော၊ သူ့မှာ အိမ်ထောင်မရှိသေးပါဘူး ဆိုတာပါ ပြောပြလို့ ကျွန်မပြုံးလိုက်မိပါသေးရဲ့။
တစ်လမ်းလုံး လေယာဉ်မူးပြီး အန်လာလို့ ကလေးတစ်ဖက်နဲ့ ကျွန်မက သူ့ကိုတစ်ပြန်ကူညီစောင့် ရှောက်ပေးလိုက်ရသေးတယ်လေ။ အင်း... ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်ကအားကိုးစရာရှာ တာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့ဘ၀ ရထားဖို့က ပိုပြီးကျေနပ်စရာကောင်းပါလးဆိုတဲ့ အတွေးတစ်စ ခေါင်းထဲ ဖျတ်ခနဲ လင်းလက်သွားလေသေးရဲ့။
မန္တလေးမှာတုန်းက ဆွေမျိုးအသိုင်းအ၀ိုင်း၊ မိတ်ဆွေသင်္ဂဟ အသိုင်းအ၀ိုင်းနဲ့မို့ ရင်ထဲမှာ ထိထိ ခိုက်ခိုက်ဖြစ်ပေမဲ့ ခံသာသလို ရှိနေသေးတယ်။ ရန်ကုန်အိမ်ကို ပြန်ရောက်လာတော့မှ အခြေအနေ မှန်က ပြန်ပေါ်လာတာဖြစ်လို့ ကိုယ့်ဘ၀ထဲက လူတစ်ယောက်လျော့သွားတာအတွက် သိသိသာ သာခံစားရပါတယ်။ အထူးသဖြင့် သားငယ်၊ သမီးငယ်လေးတွေ အိမ်မောကျ နေတဲ့ အချိန်မျိုးမှာ သူတို့ကိုကြည့်ပြီး မိစုံ ဖစုံမနေရပါလားဆိုတဲ့ အတွေးက ပိုပြီးထိခိုက်စေတယ်ပေါ့။
ဒါပေမဲ့ အလုပ်တွေပိပြီး အလုပ်ခွင်ကို စိတ်ရော ကိုယ်ပါဝင်လိုက်တဲ့အချိန်ကျတော့လည်း ပူပူဆွေး ဆွေးမရှိတော့ဘဲ ဖြေသာနေသာဖြစ်သွားပြန်ပါရောလေ။ မမသန်းက ကျွန်မတစ်ယောက်တည်း ရန်ကုန်မှာ ထားရတာ စိတ်မချလို့ဆိုပြီး ယောက်မအကြီးဒေါ်ဒေါ်ကျင်ကို အဖော်အဖြစ် စောင့်ရှောက်ဖို့ ပို့ထားပါတယ်။
ဒေါ်ဒေါ်ကျင် မန္တလေးပြန်ချင်ပြီဆိုပြန်တော့ ကျွန်မရဲ့ ဘွားလေးနဲ့ ဂျူတီလဲကြတယ်လေ။ ဒီကြား ထဲမမသန်းကလည်း ကူးချည်သန်းချည်နဲ့ မကြာခဏ ရောက်လာပြီး ကျွန်မကို စောင့်ရှောက်ပေး တယ်ပေါ့။ ကိုကြီးရဲ့ သွင်းကုန်ထုတ်ကုန်ကုမ္ပဏီကို ကျွန်မ မစီမံတတ်တာနဲ့ ရောင်းလိုက်ပါတယ်။ အလုပ်ကလည်း အရှိန်တက်ဆဲဆိုတော့ ကျွန်မမှာ အချိန်ပိုမရှိအောင်ကို စိတ်အားလူအား သွင်း လုပ်ရဆဲကာလပါ။
မန္တလေးကို ကိုကြီးဆုံးလို့ ပြန်ရောက်လာပြီး မကြာခင်မှာ မန်နေဂျာလုပ်တဲ့ မအေးမြင့်က ဆိုလာပါ တယ်။
"မမခင် မြ၀တီမှာ ဗိုလ်မှုးကျော်သောင်း မရှိတော့ဘူး။ ပြောင်းသွားပြီ၊ အခု စာတည်းချုပ်က ဦးမြလှိုင်"တဲ့။
"သြော်....အင်း...ဟုတ်လား" ပေါ့။
မြ၀တီစာတည်းချုပ် ပြောင်းတာ ကျွန်မဘ၀နဲ့ မဆိုင်လေဘူး၊ မဟုတ်လားနော်။ ဒီတော့လည်း ဦးမြလှိုင် ဆိုတာ ခေါင်းထဲဝင်မလာမိပါဘူး။ ကိုယ်အပ်စရာရှိတဲ့ ဓာတ်ပုံတွေ မှန်မှန်ပေးအပ်နေနိုင် ဖို့ကသာ အဓိကလို့ တွေးထင်မိတာပါ။
ဒါပေမဲ့ ကျွန်မ တွေးထင်သလို ဓာတ်ပုံကိစ္စက ပြီးမသွားဘူး။ ဓာတ်ပုံကို Proof ပြပါဦးတို့၊ ဒီလိုပြင် ရိုက်ပေးပါ၊ ဟိုလို ကူးပေးပါနဲ့ တစ်မျိုးပြီးတစ်မျိုး ကြေးများတာတွေက ဖြစ်လာပါရော။ Customer is always right ဆိုတဲ့ ခံယူချက်နဲ့ ကျွန်မ စိတ်ရှည်စွာ လုပ်ပေးပါတယ်။
ဗိုလ်မှုးကျော်သောင်း လက်ထက်က ဖုန်းနဲ့တင် ပြီးတဲ့ကိစ္စက ဦးမြလှိုင်လက်ထက်ကျတော့ လူကိုယ်တိုင် ရောက်လာပြီး သူခိုင်းသမျှ လုပ်ပေးနေရတာလေ။ ဦးမြလှိုင်က ဓာတ်ပုံပညာလည်း ကျွန်မထက် ပိုပြီးတော်၊ ပိုပြီးကျွမ်းပါတယ်။ သူ့မှာ အနုပညာအခြေခံရှိတာမို့ စိတ်ကူးကလည်းယဉ် စွာနဲ့ ထူးထူးဆန်းဆန်း ထွင်ချင်တာလေးတွေကို ကိုယ်တိုင်မှောင်ခန်းထဲ ၀င်ကူးနဲ့အ၀င်အထွက် များလာတော့လည်း ကျွန်မတို့အားလုံးနဲ့ ရင်းနှီးခင်မင်သွားတယ်ပေါ့။
အဲဒီအချိန်သူ့မှာ "သက်"လို့ ချစ်စနိုး နာမည်ပေးထားတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက် ရှိပါတယ်။ သူရဲ့ "သက်"ကို ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကလည်းတစ်ထပ်ကြီးနော်။ တစ်ခါတလေလည်း ဆိုမှာဆေးဖို့ ကူးဖို့ သူ့တပည့်ကျော် ကာတွန်းကြွယ်လေးနဲ့ပို့ပြီး အပ်သလို တစ်ခါတစ်ရံကျတော့လည်း ကျွန်မတို့ရက်ချိန်းတဲ့အထိ မစောင့်နိုင် မအောင့်နိုင်ကြည့်ချင်လို့ မှောင်ခန်းသုံးခွင့်ပြုပါနဲ့ တောင်းပန်ပြီး သူ့ဟာသူ ၀င်ကူးတဲ့အခါလည်း ရှိရဲ့။
သူအ၀င်အထွက်များပေမယ့် ကျွန်မကို ရောရောဝင်ဝင် နေတာမျိုးတော့ မဟုတ်ပါဘူး။ ရောက်လာ ရင်လည်း လူကြီးတွေနဲ့ပဲ တရင်းတနှီး စကားပြောဆိုပြီး ပြန်တာများပါတယ်။ ကျွန်မရဲ့သားကြီး "၀င်းခန့်"နဲ့လည်း သူကအဖွဲ့ကျတယ်။ သူ့ရုံးခန်းကို လိုက်ခဲ့ဆိုပြီး ခေါ်သွား၊ အပြန်ကျရင် ထွက် သမျှကာတွန်းစာအုပ်တွေ တစ်ပွေ့တစ်ပိုက်ကြီး ပေးလွှတ်လိုက်တော့ သားကြီးကလည်း ဦးမြလှိုင် လာတယ်ဆိုရင် ပျော်လို့၊ ကျေနပ်လို့။
ဒီတော့ ကျွန်မကို ၀ဲလာတဲ့ ရွှေစွန်ညိုစာရင်းမှာ ဦးမြလှိုင်ကို ယောင်လို့မှ မစဉ်းစားမိဘူးပေါ့။ ဒါ့အပြင် သူ့မှာလည်း စိတ်ဝင်စားနေတဲ့ "သက်"ဆိုတဲ့ မိန်းကလေးက ရှိထားတယ် မဟုတ်လား နော်။ ကျွန်မလည်း ကျွန်မအလုပ်ကြိုးစားပြီး လုပ်နေဆဲပဲ။ မြ၀တီမှာ လစဉ် အမှတ်ပေးစနစ်နဲ့ ဓာတ်ပုံပညာသည်ကြီးများ လက်စွမ်းပြပြိုင်ပွဲ တစ်နှစ်ပြည့်လို့ စာရင်းချုပ်တော့ ကျွန်မရဲ့ "ခန့်ခန့်ကြီး အမျိုးသမီးဓာတ်ပုံတိုက်"က ပထမဆုချိတ်ပါတယ်။ ဗိုလ်မှုးချုပ် ဦးမောင်မောင်ကျော်ဝင်း ကိုယ်တိုင်ချီးမြှင့်တဲ့ ရာစီငွေဖလားဆုကို တက်ယူရတော့ ကိုယ့်ရဲ့ အောင်မြင်မှုအတွက် ကျေနပ်မဆုံး ပျော်မဆုံးပေါ့။
ကျွန်မရဲ့ ကိုသိုလ်ကလည်း တစ်မျိုး၊ အမြဲတမ်း ပျော်စရာနဲ့ စိတ်ညစ်စရာ ဒွန်တွဲလာတတ်ပါတယ်။ အလုပ်က အောင်မြင်နေချိန်မို့ ဒီထက်ပိုကြိုးစားချင်တဲ့စိတ်က ပြင်းထန်တက်ကြွနေတုန်း ကျွန်မရဲ့ ဓာတ်ပုံဆိုင်ကို ဘယ်သူမှ မလုပ်သေးတဲ့ အအေးစက်တပ် စတူဒီယိုလုပ်ဖို့ အစ်ကိုတစ်ယောက်လို ခင်မင်တဲ့ ပြင်ဦးလွင် ဘီတီဘရားသား ကော်ဖီလုပ်ငန်းပိုင်ရှင် ဦးဘတူက အကြံပေးလာတော့ ကျွန်မလည်း အားတက်သရော စတူဒီယိုပြင်ဖို့ တစ်ပတ်ဆိုင်ကိုပိတ်ပြီး အအေးစက်တပ်ဖို့ စီစဉ် အလုပ်များနေတယ်ပေါ့။
ဒီအချိန်မှာ မာမီက ရောဂါဖောက်ပါလေရော။ လာလုပ်ကြတဲ့ တရုတ်လက်သမားတွေနဲ့ ဆူဆူညံ ညံရုန်းရင်းဆန်ခတ် ဖြစ်တော့ထိန်းမနိုင်တော့တာနဲ့ တံတားလေးဆေးရုံကို ပို့ရပြန်ပါတယ်။ ခါတိုင်းကတော့ တစ်ပတ်ဆယ်ရယ် နေရင်ပြန်ကောင်းပြီး ဆင်းရနေကျ။ ဒီတစ်ခေါက်ကတော့ ဆရာဝန်ကြီးက ကြာကြာထားပြီး ကုသဖို့ လိုတယ်ဆိုတာနဲ့ ကျွန်မလည်း မာမီ့အတွက် သောကပို ရပြန်တယ်ပေါ့။
မာမီမရှိတော့ မမသန်းက ကျွန်မကို စိတ်မချလို့ ရန်ကုန်ကိုမကြာခဏ ဆင်းလာပြီး ကြာကြာနေတဲ့ အခါနေရ၊ သူ့မှာလည်း ဆီစက် လုပ်ငန်းက တစ်ဖက်နဲ့လေ။ ဘွားလေးတို့၊ ဒေါ်ဒေါ်ကျင်တို့ လည်း အလှည့်ကျ လာနေပေး ပေမဲ့ ကိုယ့်အိုးကိုယ့်အိမ်၊ ကိုယ့်မိသားစုနဲ့ဆိုတော့ အမြဲတမ်းမနေ နိုင်ကြဘူး။ နောက်ပြီး မန္တလေး နဲ့ရန်ကုန် နီးတဲ့ခရီး မဟုတ်တော့ ကြာလေ အခက်အခဲဖြစ်လေ။
ကျွန်မအလုပ်ကလည်း နေ့နေ့ညည အချိန်မရွေး သွားနေရတာ။ ကိုကြီး ရှိတုန်းကတော့ တစ်မျိုး ပေါ့။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တော့ လူမလေးတာလည်းပါ၊ လုပ်ရတဲ့အလုပ်က လည်းလူမျိုးတစ်ရာ့တစ်ပါးနဲ့ ဆက်ဆံရတာမို့ တစ်ခါတစ်လေ ကိုယ့်ကွယ်ရာမှာ မစာမနာ အမနာ ပပြောတာ ဆိုတာတွေ ပြန်ကြားရတော့ မမသန်း စိတ်ပူတာလည်း ပူစရာဖြစ်နေတာပေါ့။
မမသန်းက မန္တလေး ပြန်ပြောင်းဖို့ တိုက်တွန်းပါတယ်။ မန္တလေးဆိုင်ခွဲကလည်း မရှိတော့ဘူးလေ။ အန်ကယ်ကျော်နဲ့ အန်တီလေးကို ရောင်းခဲ့ပြီး နှစ်နှစ်ပြည့်အောင်တောင် မခံလိုက်ပါဘူး။ လုပ်ငန်း မကျွမ်းကျင်တော့ အရှုံးပေါ်လို့ သူတို့လည်း ပြန်ရောင်းလိုက်ကြပါတယ်။ တစ်ချိန်တုန်းက မန္တလေးကမခွာချင်လို့ အိပ်ရာထဲ ဗုန်းဗုန်းလဲအောင် ငိုခဲ့တဲ့ ကျွန်မခု မန္တလေးကို ပြန်ပြောင်းဖို့ အကြောင်းပေါ်လာတော့ တွေဝေနေမိပါတယ်။
"အရာခပ်သိမ်းဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲတယ်"ဆိုတဲ့ စကားဟာ အမှန်ပါပဲနော်။ လူတွေ လည်းပြောင်း၊ စိတ်လည်းပြောင်း၊ အခု ကျွန်မ စိတပြောင်းသွားပုံကိုလည်း ကြည့်ပါဦး။ ကိုယ့်ဇာတိ မြေမန္တလေးကို ချစ်ပါရဲ့။ မန္တလေးမှာ နေခဲ့ရတဲ့ အချိန်ပိုင်းမှာ အပျော်ဆုံးအချိန်တွေရှိခဲ့တယ်ဆိုတာ လည်းမှန်ပါရဲ့။ ဒါပေမဲ့ အခါများစွာ ပြန်ပြန်စရတဲ့အလုပ်ကို မလုပ်ချင်တော့ဘူး။ အရှိန်မြင့်နေတဲ့ ကိုယ့်အလုပ်ကလေးကို ဖက်တွယ်ပြီး နေရတာ ကိုယ့်ရဲ့ချမ်းမြေ့စရာကောင်းတဲ့ ဘ၀ကလေးတစ် ခုလို့ ခံယူမိတာကြောင့် မန္တလေးကို ပြန်မပြောင်းတော့ဘဲ ရန်ကုန်မှာပဲ အခြေချဖို့ ကျွန်မဆုံးဖြတ် လိုက်ပါတယ်။
ရန်ကုန်မြို့မှာ တစ်ခုတည်းသော အအေးခန်းနဲ့ စတူဒီယို ဖြစ်လာတော့ လာရိုက်ကြတဲ့ သူတွေ လည်းမီအားရာထောင်ကြားမှာ သက်သောင့်သက်သာ ရှိတာမို့ ပိုပြီး အလုပ်ဖြစ်တယ်ပေါ့။ တစ်နှစ် တစ်နှစ် တက္ကသိုလ်ဘွဲ့နှင်းသဘင် ရာသီချိန်ဆိုရင်လည်း ကျွန်မကိုယ်တိုင် တပည့်များစွာနဲ့ ဘွဲ့နှင်းခန်းမမှာ လိုက်ရိုက်တာ ငွေကို သဲ့ယူသလို ရပါတယ်။ ရဲတပ်ဖွဲ့တို့၊ အိုင်ဒဗလျူတီ ဧရာဝတီ ကုမ္ပဏီတို့စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ကန်ထရိုက်ရ၊ မင်္ဂလာဒုံ၊ မှော်ဘီစတဲ့ တပ်မတော် တပ်ရင်းတွေနဲ့ ကျောင်းဆင်းပွဲတွေလည်း လက်ခံနဲ့ ကုသိုလ်ကံက အကျိုးပေးတဲ့အချိန် ဖြစ်တော့ လည်းလက်မလည်နိုင်အောင် ဖြစ်နေတာပေါ့။
ဒါနဲ့တင် မပြီးသေးဘူး။ ခရစ္စမတ် နှစ်သစ်ကူးပွဲတော် ရောက်ခါနီး အောက်တိုဘာလဆိုရင် ခရစ္စ မတ်ကတ်ပြားတွေ ရောင်းတဲ့သူ မရှိသေးတာနဲ့ ကျွန်မအကြံရပြီး မြန်မာဘာသာနဲ့ရော အင်္ဂလိပ် စာနဲ့ပါ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကတ်၊ လွတ်လပ်ရေးနေ့ကတ်တွေ လုပ်ပြီးလည်း မြန်မာတစ်ပြည် လုံးကို ဖြန့်ချိပါတယ်။ ကတ်ပြားပေါ်မှာ ကျွန်မရိုက်ထားတဲ့ ရှုမျှော်ခင်းပုံလှလှလေးတွေကပ်ပြီး ရောင်းတာမို့ လူကြိုက်များပါတယ်။ ဦးမြလှိုင်နဲ့ သိကျွမ်းခင်မင်လာတဲ့အခါကျတော့ ဦးမြလှိုင်က ကတ်ပြားမှာ အသုံးပြုဖို့ သူ့မိတ်ဆွေ ပန်းချီဆရာကို ဒီဇိုင်းလှလှလေးတွေ ဆွဲခိုင်းပြီး စားသား ကောင်းကောင်းနဲ့ ကဗျာတိုတိုလေးတွေကိုလည်း ပုံနှိပ်ဖို့ ရေးပေးပါတယ်။
အဲလို အကူအညီတွေ ပေးတော့လည်း မိတ်ကောင်းဆွေကောင်း တစ်ယောက်ရယ်ဆိုပြီး လေးစား ကြည်ညိုစိတ်နဲ့ ကျေးဇူးတင်မိတယ်ပေါ့။ မမသန်းတို့၊ ဘွားလေးတို့၊ ဒေါ်ဒေါ်ကျင်တို့ ရောက်နေ တဲ့အခါဆိုရင်လည်း သူရဲ့ကားနဲ့ ကာတွန်းကြွယ်လေးကို အဖော်ထည့်ပြီး ဘုရားဖူးလိုက်ပို့တာမျိုး ကလည်းရှိသေးတယ်။ ကျွန်မက အချိန်ပြည့် အလုပ်ကို ဖက်တွယ်ထားသူဆိုတော့ ဘွားလေးတို့၊ ဒေါ်ဒေါ်ကျင်တို့၊ မမသန်းတို့အပေါ် ၀တ္တရား မကျေနိုင်ဘူးလေ။
သူတစ်ပါးက အဲလိုအလိုက်တသိ ဂရုတစိုက်နဲ့ လုပ်ပေးဖော်ရတော့လည်း ကျေနပ်ဝမ်းသာပြီး ကျေးဇူးတွေတင်လို့ မဆုံးပါပဲ။
ဦးမြလှိုင်က စကားပြောတဲ့ နေရာမှာလည်း ချိုသာယဉ်ကျေး၊ လူ့အလိုက်လည်း သိတတ်တဲ့သူ ဖြစ်တော့ မမသန်းတို့တစ်တွေက ဦးမြလှိုင်မှ ဦးမြလှိုင်ဖြစ်နေကြလေရဲ့။ အဲဒီအချိန်မှာ ကျွန်မက အတွဲရနေပြီ။ ကျွန်မအရေးပေးပြီး တွဲနေတဲ့သူကို မမသန်းက လုံးဝကြည့်မရဘူး။ ကျွန်မထက် လည်းအသက်က ငယ်သူဖြစ်တော့ တစ်နေ့နေ့ အိမ်ထောင်ပြုဖို့အထိ စဉ်းစားမယ်ဆိုရင် ကိုယ့်မှာ သမီးလေးတွေနဲ့ မတင့်တယ်ဘူးဆိုပြီး ဖျက်ပါတယ်။
ကိုယ့်ရဲ့လွတ်လပ်တဲ့ ဘ၀လေးကို ကျေနပ်နေမိလို့ အိမ်ထောင်ပြုဖို့လည်း အဲဒီအချိန်က လေးလေးနက်နက် မစဉ်းစားမိပါဘူး။ အလုပ်တစ်ဖက်၊ မာမီ့ဆီ ဆေးရုံကိုပြေးပြီး ကြည့်ရတာတစ် ဖက်၊ ကလေးသုံးယောက်ရဲ့ တာဝန်တစ်ဖက်နဲ့ ကိုယ့်ဘ၀ကလည်း သူများတကာလို အိမ်ထောင် ရေးအတွက် အချိန်ပေးနိုင်လောက်အောင် အေးအေးဆေးဆေး အားလုပ်နေတာ မဟုတ်တာ လည်းတစ်ကြောင်းပါတယ်ပေါ့။
"ခေါ်ခင်မကြီးခင်ဗျား
ခေါ်ခင်မကြီးကို လက်ထပ်ဖို့ ပန်ကြားလိုပါတယ်" တဲ့။
ကျွန်မနဲ့စကားပြောရင်တောင် သူများတကာလို မျက်နှာတည့်တည့်ကြည့်ပြီး မပြောတဲ့ သူဆီက ဒီလိုစာမျိုးဖတ်ရတော့ ကျွန်မအကြီးအကျယ် အံ့သြသွားတာပါပဲ။ အံ့သြလွန်းလို့ မမသန်းကို အဲဒီစာပေးပြီးပြလိုက်ပါတယ်။ မမသန်းက စာကိုဖတ်ပြီး ကျေနပ်လို့။ "ဒါမှ လူကြီး လူကျောင်း ပီသတဲ့ ချဉ်းကပ်ခြင်း"ပေါ့။ နဂိုကတည်းက ဦးမြလှိုင်ကို ချစ်ကျွမ်းဝင်နေတော့ အရာရာ အထင် အမြင်ကြီးစရာချည်း ဖြစ်နေတော့တာပါပဲ။ လူကြီး ဆိုတော့လည်း ကြိုတင်အကဲခတ်ထားတာတွေ ကလည်း ရှိသေးတယ်လေ။
ဆိုင်က ဓာတ်ပုံတွေ အလုပ်အနေနဲ့ သွားပို့ရတဲ့ တပည့်လေး မြ၀တီတိုက်က ပြန်လာရင် မမသန်း က"ဦးမြလှိုင်နဲ့ တွေ့ခဲ့လား"လို့ စပ်စုတတ်ပါတယ်။
"ဟုတ်ကဲ့၊ တွေ့ခဲ့တယ်ခင်ဗျ" ဆိုတာနဲ့ မပြီးသေးဘူး။
"ဘာလုပ်နေလဲ"လို့ ထပ်ဆင့်မေးတဲ့အခါ...
"စိပ်ပုတီး စိပ်နေတယ် ခင်ဗျ"ဆိုရင် အဘွားကြီးကို ပြုံးလို့။
အခုလည်း ဒီစာနဲ့ပတ်သက်ပြီး ကျွန်မကို လက်ချာရိုက်တော့တာပဲ။ ကျွန်မ အသက်က အငယ် လေးရှိသေးတယ်။ အိမ်ထောင်မပြုဘဲနေမှာ မဟုတ်ဘူး။ နောက်ပြီး အလုပ်ကလည်း နေ့နေ့ညည သွားနေရတာ မိန်းကလေးတစ်ယောက်အနေနဲ့ မတင့်တယ်ဘူး။ ခင်ပွန်းယောက်ျားရှိထားမှ လူလေးစားရိုသေတာ။ အိမ်ထောင်ဖက် အရွေးမှားရင် ပြီးပါလေရော။ ကိုယ့်မှာ သားငယ်၊ သမီးငယ်လေးတွေနဲ့ ဒုက္ခလှလှတွေ့မှာ။ လူကောင်းသူကောင်း ရွေးတတ်ဖို့ လိုအပ်တယ်ပေါ့။
နောက်ပြီး အိမ်ထောင်ဖက်က ကိုယ့်တစ်ယောက်တည်း ချစ်နေရုံနဲ့ ပြီးသေးတာမဟုတ်ဘူး။ ကိုယ့် သားကိုယ့်သမီးတွေကို ကြင်နာမှုရှိဦးမှ ကိုယ့်မှာလည်း စိတ်ဝေဒနာသည် အမေကြီးနဲ့တော်ရုံလူက သည်းခံပြီး စောင့်ရှောက်မှာ မဟုတ်ဘူး။ ရတနာသုံးပါး၊ ကိုင်းရှိုင်းသူ၊ လူကြီးမိဘ ရိုသေလေးစား တတ်သူမျိုးနဲ့မှသာ သားသမီးတွေအပေါ်မှာ စာနာစိတ်နဲ့ စောင့်ရှောက်မှာ ကိုယ့်တစ်ယောက် တည်းချစ်၊ ကိုယ်တစ်ဦးတည်းကိုပဲ ဦးစားပေးတဲ့သူမျိုး စဉ်းစားရင် တစ်သက်လုံး စိတ်ချမ်းသာရမှာ မဟုတ်ဘူး၊ ဘာညာနဲ့ ကျွန်မရဲ့အတွဲကို ရည်ညွှန်းပြီး ဆိုဆုံးမလိုက်တာ ဘယ်သောကာလက ဦးမြလှိုင်ရဲ့ ကိုယ်စားလှယ်တော်ကြီး ဖြစ်သွားလိုက်မှန်းတောင် မသိတော့ပါဘူး။
ဦးမြလှိုင်က ညနေရုံးဆင်းချိန်ကျတော့ လူကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးပါတယ်။ သူ့မှာ အရင်က အိမ်ထောင်ဆက်တွေ ရှိခဲ့ဖူးကြောင်း၊ ပထမဇနီးနဲ့ သားလေးတစ်ယောက်ရှိတဲ့အ ကြောင်း၊ နောက်ဆုံးအိမ်ထောင်ဖက်က ရုပ်ရှင်မင်းသမီး မေရီမြင့် ဖြစ်ပြီး အဆင်မပြေကြလို့ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်တယ်ဆိုတာ ပြောပြရင်း အဆင်သင့်ပါလာတဲ့ စာချုပ်လက် မှတ်ကိုတောင် ထုတ်ပြလိုက်ပါသေးတယ်။
ဒါတောင်မှ တကယ်ဘ၀ကို လက်တွဲနိုင်ကြပါမလားဆိုတာ အချိန်ပေးပြီး စဉ်းစားဖို့လိုသေးတာပါ။ ဆယ်ကျော်သက်အရွယ် ဆိုရင်တော့ ရူးရူးမိုက်မိုက်နဲ့ ခုချစ်၊ ခုကြိုက်၊ ခုလက်ထပိုက်လည်း ပြီးသွား တာပဲ။ ကျွန်မတို့အရွယ်မှာ နောက်ဆက်တွဲအရာတွေက အမြောက်အမြား။ တစ်ခါတစ်ခါ ကျမေတ္တာလိုလိုနဲ့ တပ်မက်မှုသက်သက် ဖြစ်ချင်ဖြစ်နေပြန်ရော။
တပ်မက်မှုက စိတ်လှုပ်ရှားတယ်။ စိတ်အားထက်သန်တယ်။ ဒါပေမဲ့ မေတ္တာလိုမငြိမ်းချမ်းဘူး။ စိုးမိုးချင်တယ်။ ထိန်းချုပ်ချင်တယ်။ သံသယများတယ်။ မေတ္တာကတော့ ရဲဘော် ရဲဘက်စိတ် အရင်းခံလို့ နာလည်မှုရှိတယ်။ သံသယကင်းတယ်။ တစ်ဖက်သားရဲ့ မပြည့်ဝမှုတွေကို အရှိ အရှိအတိုင်း လက်ခံနိုင်တယ်။ ခွင့်လွှတ်စိတ်နဲ့ ရှု့မြင်နိုင်တယ်။ အခြေခိုင်တယ်။
တက်မက်မှုလို ဖျတ်ခနဲ တောက်တဲ့မီး မဟုတ်ဘူး။ အခြေအမြစ်နဲ့ ပန်းလေးတစ်ပင်ပျိုးသလို တဖြည်းဖြည်းရှင်သန်ကြီးထွားလာတာမျိုး၊ အစစ်အမှန်ဖြစလို့ သူ့မှာ စွမ်းအင်နဲ့လည်းပြည့်စုံ တယ်။ အနားမှာ ရှိရှိ၊ မရှိရှိ ကွာဝေးခြင်းကြောင့် မခြားနားဘူး။ အတူမရှိပေမဲ့လည်း မေတ္တာရဲ့စွမ်း အင်က နွေးထွေးစေတယ်။ တစ်ဦးကို တစ်ဦး ယုံကြည်မှုက လုံခြုံမှုကိုပေးတယ်။
တပ်မက်မှုက ဝေးကွာခြင်းရဲ့ဒဏ်ကို မခံနိုင်ဘူး။ ပူလောင်စေတယ်။ အစစ်အမှန်မဟုတ်လို့ ပျက် ပြယ်ဖို့ လွယ်ကူတယ်။ မေတ္တာကို ရထားတဲ့သူက အခါခပ်သိမ်း စိတ်လွတ်လပ်ပြီး ကြည်လင်ချမ်း မြေ့တယ်။ တက်မက်ခြင်းခံရသူက အကျဉ်းသား တစ်ယောက်လို စိတ်နှလုံးကျဉ်ျးကပ်ညှိုးချုံးစေ တယ်။
ကျွန်မလို မုဆိုးမလည်းဖြစ်၊ ကလေးသုံးယောက်အမေအပြင် စိတ်ရောဂါရှင် မိခင်ကြီးတစ်ယောက် ရဲ့တာဝန်ရှိထားသူအနေနဲ့က ဘ၀ရဲ့လက်တွဲဖော်ရှာဖို့ စဉ်းစားရမှာတွေက အများကြီးရှိနေပါ တယ်လေ။
ဆက်ရန်
.

No comments:
Post a Comment