တတ်မက်မှုလို ဖျတ်ခနဲ တောက်တဲ့မီး မဟုတ်ဘူး။ အခြေအမြစ်နဲ့ ပန်းလေးတစ်ပင်ပျိုးသလို တဖြည်းဖြည်း ရှင်သန်ကြီးထွားလာတာမျိုး၊ အစစ်အမှန်ဖြစလို့ သူ့မှာ စွမ်းအင်နဲ့လည်းပြည့်စုံ တယ်။ အနားမှာ ရှိရှိ၊ မရှိရှိ ကွာဝေးခြင်းကြောင့် မခြားနားဘူး။ အတူမရှိပေမဲ့လည်း မေတ္တာရဲ့စွမ်း အင်က နွေးထွေးစေ တယ်။ တစ်ဦးကို တစ်ဦး ယုံကြည်မှုက လုံခြုံမှုကိုပေးတယ်။
တပ်မက်မှု က ဝေးကွာခြင်းရဲ့ဒဏ်ကို မခံနိုင်ဘူး။ ပူလောင်စေတယ်။ အစစ်အမှန်မဟုတ်လို့ ပျက် ပြယ် ဖို့ လွယ်ကူတယ်။ မေတ္တာကို ရထားတဲ့သူက အခါခပ်သိမ်း စိတ်လွတ်လပ်ပြီး ကြည်လင် ချမ်း မြေ့ တယ်။ တက်မက်ခြင်းခံရသူက အကျဉ်းသား တစ်ယောက်လို စိတ်နှလုံးကျဉ်ျးကပ်ညှိုးချုံးစေ တယ်။ ကျွန်မ လို မုဆိုးမလည်းဖြစ်၊ ကလေးသုံးယောက်အမေအပြင် စိတ်ရောဂါရှင် မိခင်ကြီးတစ်ယောက် ရဲ့တာဝန်ရှိ ထားသူအနေနဲ့က ဘ၀ရဲ့လက်တွဲဖော်ရှာဖို့ စဉ်းစားရမှာတွေက အများကြီးရှိနေပါ တယ်လေ။ ကို ဆက်ဖတ်ရန် ...
အပိုင်း (၂၃)
လူ့ဘ၀ဆိုရဲ့ ပြီးပြည့်စုံခြင်း ဆိုတာ ကိုယ့်ရဲ့ အောင်မြင်ကျော်ကြားခြင်း၊ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝခြင်း၊ ရာထူးဂုဏ်သိမ် ကြီးမြင့်တင့်တယ်ခြင်း၊ ခြွေရံသင်းပင်း များပြားခြင်း ဆိုတာတွေ လောက်နဲ့ တော့ လေးနက်တဲ့ ပြည့်စုံခြင်းလို့ ဆိုနိုင်မယ် မထင်ပါဘူး။ ဒါတွေက စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှုကို အပြည့် အ၀ ပေးနိုင်တာ မဟုတ်လို့ မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဆိုဆုံးမခဲ့တဲ့ တရားတော်ထဲကလို အထိုက် အလျောက် ပြည့်စုံခြင်းလို့ ပြောရင်တော့ မှန်ကောင်း မှန်မယ်ပေါ့။
လောကုတ္တရာအမြင် ရှုထောင့်နဲ့ကတော့ လေးနက်မှန်ကန်တဲ့ အသိဥာဏ်ကို ရပြီး သူတစ်ပါး အကျိုး ကိုယ့်အကျိုး ကို ဆောင်ရွက်တဲ့သူဖြစ်တဲ့အပြင် သတိတရားနဲ့ယှဉ်ကို တရားဓမ္မအားထုတ်မှ သာ လူ့ဘ၀ရဲ့ တန်ဖိုးရှိပြီး ပြီးပြည့်စုံမှုရတယ်လို့ ဆရာတော်က မိန့်ဆိုထားပါတယ်။
ဒါပေမဲ့ ကျွန်မတို့လို ပုထုဇဉ်လူသားတွေအနေနဲ့က ငယ်ရွယ်စဉ်ကာလမှာ တရားကို မသိမြင်နိုင် သေးတာမို့ ကိုယ်တန်ဖိုး ထားရာ တစ်ခုခုနဲ့သာ တိုင်းတာပြီး လူ့ဘ၀ကို လျှောက်လှမ်းချင်ကြတာ မဟုတ်လားနော်။ ကျွန်မအနေ နဲ့ စိတ်ကူးယဉ်စွာနဲ့ တန်ဖိုးထား လိုလားတဲ့ဘ၀က အောင်မြင် ကျော်ကြားတာတွေ၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ တာတွေက အဓိကမဟုတ်ဘဲ အကြင်လင်မယား တစ်ဦးနဲ့တစ်ဦး လေးစားနားလည်၊ ချစ်ခင်ကြင်နာမှု ပေးနိုင် တဲ့ မိသားစုလေး တည်ဆောက်ချင်တာ ပါ။
သားတွေ သမီးတွေ စည်စည်ပင်ပင်နဲ့ သိုက်သိုက်ဝန်းဝန်း စုစုစည်းစည်း ညီညွတ်မှု ရှိကြပြီး ချစ်ချစ် ခင်ခင် ကြင်ကြင် နာနာ ရှိကြတယ်ဆိုရင် စိတ်ချမ်းသာစွာ အဓိပ္ပာယ်ရှိစွာနဲ့ ကျွန်မဘ၀ ပြီးပြည့်စုံ မယ်လို့ မျှော်မှန်းလေ တယ်ပေါ့။ ဦးအောင်ခန့်နဲ့ တည်ဆောက်ခဲ့တဲ့ မိသားစုကို ပြန်တွေးကြည့်ရင် သက်ဆုံးတိုင် လက်တွဲခဲ့ရတဲ့ ခင်ပွန်းဖြစ် လို့ အများအားဖြင့်ကတော့ တင့်တယ်အောင်မြင်တဲ့ အိမ်ထောင်တစ်ခုလို့ ဆိုနိုင်လောက်ပါရဲ့။
ဒါပေမဲ့ ကျွန်မဘက် က နှလုံးသားဗလာ၊ အချစ်မပါတဲ့ ဆက်ဆံရေးဖြစ်လို့ အမြဲတမ်း ရင်ထဲမှာ ဟာပြီး တစ်ခုခု လိုနေသလို ခံစားရပါတယ်။ တစ်ဖက်က ကိုယ့်ကို မေတ္တာအပြည့်အ၀ပေးထားလို့ လုံခြုံမှု ရှိတာနဲ့အတူ အားကိုး အားထားရာဖြစ်တဲ့ ကျေးဇူးတရားတွေကို ထောက်ထားပြီး ကျွန်မ ဘက်ကလည်း ပြန်ပြီး ပြည့်ဝတဲ့ တုံ့ပြန်မှု ထားသင့် တာ အမှန်ပါ။
ဇနီး တစ်ယောက် အနေနဲ့ ၀တ္တရားမှန်သမျှ ကွယ်လွန်ချိန်အထိ ကျေပွန်ခဲ့ပေမဲ့ ရင်ထဲက အဖေလို၊ ဦးလေး တစ်ယောက် လို ထားရှိတဲ့ မေတ္တာက လွဲလို့ ခင်ပွန်းသည်လို ချစ်တဲ့အချစ်မျိုး ဘယ်လိုမှ မပေးခဲ့နိုင်တာကြောင့် ကိုယ့်ကိုယ် ကိုယ် တရားမမျှတဘူး ဆိုတာလည်း နားလည်မိပါတယ်။ ဒါကြောင့် ဒီတစ်ခါ ဘ၀ကြင်ဖော် ရွေးခဲ့ ရင် နှလုံးသား နဲ့ တကယ်ချစ်ခင်နိုင်သူ ဖြစ်မှပဲ လက်ထပ် တော့မယ်လို့ စဉ်းစားထားတယ်ပေါ့။
အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်တာကြောင့် ၀ဲလာတဲ့ ရွှေစွန်ညိုတွေလည်း အထိုက်အလျောက် ရှိနေတာမို့ အဲဒီ အထဲ က တစ်ယောက်သောသူနဲ့ စပြီးတွဲဖြစ်ဆဲ ကာလမှာ ဦးမြလှိုင်က အရေးဆို လာတာလေ။ ဒီအထဲမှာ ရှိန်း တစ်ယောက် ကလည်း ပါလေသေးရဲ့။ မန္တလေးမှာ ကျွန်မနဲ့ ပြန်တွေ့ ဆုံဖြစ်တဲ့ အချိန်ကစပြီး ကျွန်မမှာ အိမ်ထောင် နဲ့ ကလေးနှစ်ယောက် အမေတောင် ဖြစ်နေပြီဆိုတာ သူ သိသွားတာကြောင့် အရင်ကလို စကားဦး မသန်းတော့ဘဲ ငယ်သူငယ်ချင်းတစ်ယောက်လို လေးလေးစားစား ဆက်ဆံပါတယ်။
ကျွန်မ က မန္တလေးမှာနေ၊ သူကလည်း ရေတပ်ထဲမှာ ဆိုတော့ ပြန်ပြီးလည်း မဆုံဖြစ်ကြဘူးလေ။ ကျွန်မ ရန်ကုန် ကို ပြောင်းလာပြီး သတင်းစာတွေထဲမှာ ဆိုင်ကြော်ငြာတွေ ပါလာတော့မှ သိသွားပြီး တစ်နေ့ ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာပါတယ်။ ဒီတော့ အဆင်သင့် ကိုကြီးနဲ့ သူ့ကို မိတ်ဆက်ပေးလိုက်တာပေါ့။ ရှိန်း ကလည်း ကပြားလည်းဖြစ်တော့ စကားပြောတာ အင်မတန် ပွင့်လင်းပါတယ်။
"ခင်မကြီး ကို ကျွန်တော်က ဟိုးငယ်ငယ်လေးကတည်းက သိတာ၊ အဲဒီကတည်းက ကျွန်တော် ကြီးလာရင် သူ့ကို လက်ထပ်မှာ လို့ ပြောထားတာ၊ အဲဒါကို ကျွန်တော် တမင်စ နောက်နေတယ်လို့ သူက ထင်နေတာ၊ မယုံဘူး အန်ကယ် ရဲ့၊ ကျွန်တော် တပ်ထဲဝင်ပြီး စစ်ဖြစ်တာနဲ့ အိန္ဒိယ ပါသွား တာလေ၊ မန္တလေး မှာ ပြန်တွေ့တော့ မှ သူ အိမ်ထောင် ကျပြီဆိုတာ သိတာ၊ အန်ကယ် သိပ်ကံကောင်းတာပဲ" နဲ့ ပြောချပါရော။
ရှိန်း ပြောသလို ကိုကြီးက သူ့ကိုယ်သူ "ဖိုးကံကောင်းကြီး"လို့ တကယ်များ ထင်နေသလား မသိဘူး။ တဟဲဟဲ ရယ်ရင်း နဲ့ ကျေနပ်စွာ ပြုံးလို့လေ။ အဲဒီအချိန်ကတည်းက သူတို့သင်္ဘော ရန်ကုန်ဘေ့စ်ကို ပြန်ကပ်တဲ့ အချိန် တိုင်း လို ကျွန်မရဲ့ဆိုင်ကို ရောက်လာတတ်ပါတယ်။ တစ်ခေါက် တစ်ခေါက် ပြန်လာတိုင်း လည်း ရောက်လေရာ အရပ်မှာ ရခဲ့တဲ့ ရည်းစားမှန်သမျှရဲ့ ဓာတ်ပုံတွေ ပါလာပြီး ကျွန်မကို လာပြရတာက အမော။
"ဒီတစ်ယောက် က မချောဘူးလား၊ ဟိုတစ်ယောက်က မယဉ်ဘူးလား" နဲ့ ကျွန်မ ရဲ့ ဝေဖန်ချက် တွေ လည်း တောင်းသေးရဲ့။ အဲလိုနေလာရာက ကိုကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို သိ လည်းသိ သွားရော ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်တော့တာပါပဲ။
"ခင်မကြီး ဒီတစ်ခါ တို့ အတည်ပြောတာနော်၊ တို့ကို လက်ထပ်ဖို့ ယူ စဉ်းစားပေတော့"တဲ့။
"ဟဲ့ ... ရှိန်းရဲ့၊ မောင်ရင့်ရည်စားပေါင်း သောင်းခြောက်ထောင်က တို့ကို ဖိနပ်နဲ့ တစ်ချက်စီ လာချရင် စိစိ ညက်ညက် ကြေပြီး အသက်တောင် ဘယ်ကထွက်ရမှန်းသိမှာ မဟုတ်ဘူး၊ ချမ်းသာ ပေးပါဟယ်" လို့ ကျွန်မ က ပြန်ပြော လိုက်ရတာပေါ့။ သူကတော့ မလျှော့ပါဘူး။ လာမြဲ လာ၊ နားပူမြဲ ဂျီကျမြဲပဲ။
"ဘာလဲ၊ ခင်မကြီး က တို့ကို မယုံလို့လား။ လက်ထပ်ပြီး ဘယ်သူနဲ့မှ တို့ မရှုပ်တော့ဘူး၊ ကိုယ် ရည်မှန်းခဲ့တဲ့ မိန်းမ ရ တာပဲ စိတ်ချမ်းသာအောင် ထားမှာပေါ့"
"အင်း ... ဟုတ်ပါ့၊ ယုံချင်စရာကြီးပေါ့ဟယ်"နဲ့ ကျွန်မက ပေါ့ပြက်ပြက် ပြန်ပြောရင် မကျေမနပ် ဖြစ်ပြီး ...
"အေး ... မိန်းကလေးတွေကိုကို ခက်ပါတယ်၊ မှန်မှန်ကန်ကန် ပြောလည်း တန်ဖိုးထားတာ မဟုတ် ဘူး။ ယောက်ျားတွေ ဆိုတာ ရောက်လေရာအရပ်မှာ ဘာမှမလုပ်ဘဲ ဥပုသ်စောင့်နေကြတယ်လို့များ ထင်နေ သလား မသိဘူး။ တို့က ပင်လယ်ထဲ၊ လှိုင်းတွေ လေတွေကြား ရက်ပေါင်းများစွာ နေရတာ၊ ရောက်တဲ့နေရာ စိတ် အပန်းဖြေ စရာတော့ ရှာမိတာပေါ့။ ကိုယ့်မှာ အိမ်ထောင်ရှိပြီဆိုတော့လည်း ထိန်းသိမ်းကြတာပဲ။ အိမ်ထောင်ရှင်တွေရော၊ လူလွတ်တွေပါ တပ်ထဲမှာ ရှိတာပဲ၊ ယူ မယုံရင် လေ့လာကြည့်ပေါ့"
ဘယ်လိုပဲ ရှင်းပြပြ ကျွန်မစိတ်ထဲမှာ သူ့ကို မယုံမိတော့လည်း အိမ်ထောင်ဖက်စာရင်းထဲမှာ ထည့် မစဉ်းစားတော့ ဘဲ မှင်နီ ဆွဲထားလိုက်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း လေ့လာအကဲခတ်ဆဲမို့ ဘယ်သူနဲ့ မှ ရေရေရာရာ မရှိသေးပါဘူး။ ဦးမြလှိုင်က အရေးဆိုလာတော့ သူ့ကိုလည်း ကျွန်မရဲ့ ခံယူထားချက်ကို ပွင့်ပွင့် လင်းလင်းပဲ ရှင်းပြလိုက်ပါတယ်။
ဦးမြလှိုင် နဲ့ ကျွန်မရဲ့ ဆက်ဆံရေးဟာ အလုပ်သဘောလောက်သာ ရင်းနှီးမှု ရှိခဲ့တာ မဟုတ်လား နော်။ ကျွန်မ ရဲ့ နောက်ကြောင်းတွေကိုလည်း ဘာတစ်ခုမှ မသိဘဲ လက်ထပ်ဖို့ ခွင့်တောင်းတဲ့အထိ စဉ်းစားတယ်ဆိုတာ သဘာဝ မကျတဲ့ အကြောင်းကိုလည်း ပြောပြရတာပေါ့။ ဒီတော့မှ ဦးမြလှိုင်ဆီ က စကားတွေ ရေသွန်သလို တန်းစီး ထွက်လာတော့တာပဲ။ စကားကလည်းကြွယ်၊ အချက်အလက် နဲ့လည်း ပြောတတ်တာမို့ နားထောင်ရ တဲ့ကျွန်မ ပါးစပ်အဟောင်းသားကို ဖြစ်သွားရတဲ့ထိပါပဲ။
ကျွန်မ ကသာ မသိတာ။ ကျွန်မကို သူ တွေ့ဖူး မြင်ဖူး ကြားဖူးနေတာ ကြာပြီတဲ့လေ။ မြ၀တီကို မရောက်ခင် ကတည်းက စာအုပ်အဟောင်းဆိုင်မှာ စပြီး တွေ့ဖူးတာတဲ့။ အဲဒီအချိန်တုန်းက မဟာ ဗန္ဓုလလမ်း၊ အနော်ရထားလမ်း နဲ့ ပန်းဆိုးတန်း ပလက်ဖောင်းတွေပေါ်မှာ ညနေချိန်ကျရင် လမ်းဘေးဈေးဆိုင်တွေ ခင်းပြီး ရောင်းကြတာ အလွန်စည်ကား ပါတယ်။ စာအုပ်အဟောင်းဆိုင် တွေလည်း တော်တော်များများ ရှိတာမို့ ကျွန်မ က ဓာတ်ပုံဆိုင် ပိတ်ပြီးတာနဲ့ ရေမိုးချိုး ညစာ စားပြီးရင် ကလေးတွေ လက်ဆွဲပြီး မဟာဗန္ဓုလပန်းခြံဘက် လမ်းလျှောက်ထွက်ရင် ထွက်၊ ဒါမှ မဟုတ်ရင်လည်း ဗိုလ်တထောင်ကမ်းနားဘက် သွားရင်သွား၊ တစ်ခါတကျတော့ လည်း ကျွန်မ တစ်ယောက်တည်း စာအုပ်အဟောင်းဆိုင်တွေမှာ သွားမွှေရင်မွှေပေါ့။
ဦးမြလှိုင်က ကျွန်မကို အဲဒီစာအုပ်အဟောင်းဆိုင်မှာ မွှေနေတာ စပြီး မြင်တာတဲံ။ သူနဲ့ သူ့တပည့် တစ်ယောက် ကလည်း စာအုပ်ဟောင်းတွေ မွှေနေရာက ကျွန်မကို တွေ့တော့ အကဲခတ်ကြည့် တယ်ပေါ့။ အဲဒီမြင်ကွင်းကို စာရေးဆရာ ပီပီ အသေးစိတ် တိတိကျကျ ပြန်ပြောနိုင်တာနော်။ ကျွန်မက ခေါင်းလျှော်ထားလို့ ဆံပင်တွေ ခါးထိ ဖြန့်ချ ထားပြီး တူတယ်လုံချည်အပြာနုရောင်ပေါ်မှာ အ၀ါခက်ပါတဲ့ လုံချည်နဲ့ အပေါ်က ဘလောက်စ်အင်္ကျီ အပြာနုရောင် ကို သာမန် အိမ်မှာနေ ပုံစံမျိုး ၀တ်လို့ လက်တစ်ဖက်က သမီးငယ်လေးကို ဆွဲပြီး ရောက် လာတယ်တဲ့။
စာအုပ်တွေ မွှေရင်းနဲ့ စာရေးဆရာမကြီး Pearl S. Buck စာအုပ်တစ်အုပ်ကို တွေ့တော့ ဖွင့်ဖတ် ကြည့်နေရာက ပါလာတဲ့ သမီးလေး က "မာမီ သွားမယ်" နဲ့ လက်အတင်းဆွဲခေါ်နေမှ စာအုပ်ဖိုး ငွေရှင်းပြီး ထွက်သွားရော တဲ့လေ။
အဲဒီအချိန်ကတည်းက ကျွန်မကို သိထားမိတာ၊ အတူလာတဲ့ တပည့်က ကျွန်မအကြောင်းကို ပြောပြလို့ ဘယ်သူ ဘယ်ဝါ ဆိုတာ သိတယ်ပေါ့။ ဒီနောက်လည်း ကျွန်မကို စိတ်ဝင်စားလို့ စုံစမ်း ကြည့်တော့ အိမ်ထောင်ရှင် ဖြစ်နေတာ နဲ့ သူ့စိတ်ကို ဆုံးမထားပေမဲ့ ကျွန်မ ကို မေ့မရတဲ့အကြောင်း၊ ဒီတော့မှပဲ ရည်းစား စကား ပြောတာ ခံရတော့တာပဲလေ။ အဖြစ်တွေက ပြောင်းတိပြောင်းပြန်မို့ ဇာတ်လမ်းစပုံက ဇော်ထိုးမိုးမျှော်လို့ ဆို ရမယ် ထင်ပါရဲ့။
Love at First Sight ဆိုတာကို ကိုယ်တွေ့ မကြုံသေးလို့လား မသိဘူး။ ကျွန်မ သိပ်မယုံချင်ဘူး။ ကျွန်မရဲ့ ခံယူချက် က နီးနီးကပ်ကပ် နေကြည့်၊ တစ်ယောက်သဘော တစ်ယောက်သိပြီး တစ်ဦးကို တစ်ဦး နားလည် လေးစားမှု ကမှတစ်ဆင့် ပေါက်ဖွားလာတဲ့ မေတ္တာမျိုးကသာ အခြေခိုင်ပြီး တည်မြဲ မယ်လို့ ထင်မိတာနဲ့ ကျွန်မ ရဲ့ သဘောထားကို ပြောပြမိတယ်ပေါ့။
လက်ထပ်ဖို့ ဆိုတာက နောက်ဆုံးကဏ္ဍအဖြစ် ထားရမှာ မဟုတ်လားနော်။ ဆယ်ကျော်သက် မဟုတ်တဲ့ ကျွန်မ တို့ အရွယ်တွေမှာက ရင်ခုန်မှုထက် လက်တွေ့စာရင်းရှင်းစရာတွေလည်း အမြောက်အမြား ရှိသေးတာပါ။ ကျွန်မ ဘက်က ဆိုရင် စိတ်ဝေဒနာရှင် မိခင်ကြီးနဲ့အတူ ယောက်မ ဆိုပေမဲ့ မိဘအုပ်ထိန်းသူလို ဖြစ်နေတဲ့ မမသန်း တို့တစ်တွေနဲ့လည်း ပြေလည်သင့်မြတ်နိုင်တဲ့သူ ဖြစ်ပါဦးမှ။ သားကြီးဝင်းခန့် ကလည်း သိတတ်တဲ့အရွယ်၊ လူပျိုဖော် ၀င်ခါနီး (၁၃)နှစ်သား ရှိနေပြီမို့ သူ့ကိုလည်း နေရာထားပြီး ကျေနပ်မှု ရှိ၊ မရှိ တိုင်ပင်ဆွေးနွေး ရဦးမယ်လေနော်။ ဒီတော့ နှစ်ဦး နှစ်ဖက် မေတ္တာမျှကြတဲ့တိုင်အောင် ဖြတ်သန်းရမဲ့ မှတ်တိုင်တွေက အများကြီး ရှိတယ်ဆိုတာကို လည်း ကြိုတင်ကြေညာထားလိုက်ရသေးတာပေါ့။ ဒါအပြင် ခုရှုပ်မှ နောင်ရှင်းဆိုတဲ့ စကားလို ကျွန်မ ဘယ်သူတွေ နဲ့ တွဲခဲ့ပြီး ဘယ်အဆင့်အထိ ရင်းနှီးမှု ရှိတယ်ဆိုတာတွေကိုပါ တစ်ခါတည်း ပြောပြပြီး စားရင်း ရှင်းထားလိုက်ပါတယ်။
သူလည်း ကျွန်မ လို သုံးဆယ်ကျော် စဉ်းစားနိုင်တဲ့အရွယ်မို့ အဘက်ဘက်က ရှိနေတဲ့ အနုတ် လက္ခဏာတွေ မြင်ပြီး နောက် ဆုတ်ချင်ရင်လည်း ကြိုကြိုတင်တင် သိထားတော့ နောက်ဆုတ် နိုင်အောင်ပေါ့။ တလက်စ တည်း ကိုယ်တိုင်လည်း မြင်တွေ့ရအောင် တံတားကလေးဆေးရုံထိ ခေါ်သွားပြီး မာမီနဲ့ ပါ တွေ့ဆုံပြီး ပေးလိုက်ပါတယ်။
ဦးမြလှိုင်အနေနဲ့ ဒါတွေကို အတားအဆီးလို့ မြင်ပုံမရပါဘူး။ အမှန်တကယ်ကလည်း ကျွန်မတို့ အတူ လက်တွဲပေါင်းသင်း ခဲ့တဲ့ (၁၃)နှစ်ကာလအတွင်း မာမီနဲ့ရော မမသန်းတို့နဲ့ပါ ဘာပြဿနာမှ မရှိခဲ့ဘဲ ကျွန်မရဲ့ သားသမီး သုံးယောက်စလုံး ကိုလည်း ဖခင်အရင်းတစ်ယောက်လို ချစ်ခင်ကြင်နာ မှုပေးခဲ့သူ ဖြစ်တာမို့ ဦးမြလှိုင် အပေါ် လေးစားစိတ်နဲ့ ကျေးဇူးတင်ရှိမဆုံး ဖြစ်ရတာ အမှန်ပါပဲ။
ဦးမြလှိုင် မှာ ကျွန်မ လေးစားနှစ်သက်တဲ့ အရည်အချင်းတစ်ခု က ဘယ်လောက်ပဲ ကိုယ့်ထက် အသက် ငယ်ရွယ်သူ၊ ဆင်းရဲနိမ့်ကျသူဖြစ်ဖြစ် အမြဲတမ်း နေရာပေးပြီး လေးလေးစားစား ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံပြောဆို တတ်ခြင်းပါပဲ။ အနီးကပ် လေ့လာကြည့်တော့ ကျွန်မတို့နှစ်ဦး အနုပညာကို တန်ဖိုး ထားတာ ချင်း လည်းတူ၊ စာပေ၀ါသနာ ပါတာချင်း၊ ဓာတ်ပုံပညာ ၀ါသနာ ပါတာချင်းလည်း တူညီနေတော့ ပြောစရာ စကားတွေ က မကုန်နိုင်ဘူးပေါ့။
ကိုကြီးနဲ့တုန်း ကတော့ သူ စိတ်ဝင်စားတဲ့ စီးပွားရေးကို ကျွန်မက နားမလည်၊ ကျွန်မ နှစ်သက်တဲ့ စာပေတွေ၊ ဓာတ်ပုံတွေ ကျတော့လည်း ကိုကြီး က တန်ဖိုးမထား။ လင်မယားမျက်နှာချင်းဆိုင်ရင် တောင် ပြောစရာစကားက ရှာလို့ မရနိုင်ဘူးလေ။ ဒီတော့ ဦးမြလှိုင် နဲ့ စကားပြောရတဲ့အချိန်တွေကို ကျွန်မ နှစ်သက်စ ပြုလာပါတယ်။ မမသန်း တို့ အနေနဲ့ကလည်း အစဦးကတည်းက ဦးမြလှိုင်ကို သဘောကျနှစ်သက်ပြီးသား ဖြစ်နေလို့ ဦးမြလှိုင် ၀င် ထွက်နေတာ အတွက် ကျေနပ်နှစ်သိမ့်လို့ပေါ့။
ဒီလိုနဲ့ အချိန်ကြာတာနဲ့အတူ တစ်ဦးကိုတစ်ဦး နားလည်လာပြီး အနေနီးစပ်တော့ သံယောဇဉ်ပို တွယ်၊ သံယောဇဉ် ကနေ အချစ်ဆိုတဲ့ အဖူးအပွင့်လေး ဖြစ်လာတယ် ဆိုပါစို့။ သားကြီးကို အကျိုး အကြောင်း ဖွင့်ပြောတော့ သားက ပြဿနာ မရှိဘဲ လက်ခံ သဘောတူပါတယ်။ မာမီ့ကိုလည်း ဆေးရုံမှာသွားပြီး ပြောပြ ခွင့်တောင်း ရသေးတယ်လေ။ အဲဒီအချိန် မာမီရဲ့ ရောဂါအခြေအနေ ကလည်း သက်သာစပြုနေပါပြီ။ ဆရာဝန်ကြီး က မကြာခင် ဆင်းခွင့်ပြုတော့မယ်ဆိုတော့ ကျွန်မ လက်ထပ်ပွဲမှာ မာမီလည်း ပါစေချင်တာမို့ အတော်ပဲ ဖြစ်သွားပါတယ်။
မမသန်း က မန္တလေးက ဆွေမျိုးတွေလည်း တွေ့ခွင့်ရအောင် စေ့စပ်ကြောင်းလမ်းပွဲကို မန္တလေးမှာ လာလုပ် ဖို့ ပြောတာနဲ့ မန္တလေးမှာ လုပ်ပြီး သုံးလအကြာ လက်ထပ်ဖို့ပါ တစ်ခါတည်း စီစဉ်လိုက်ကြ ပါတယ် ဆိုပါတော့။ တစ်ရက်ကြိုပြီး ရုံးတော် မှာ တရားဝင်လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့ကျမှ လူကြီးစုံရာနဲ့ ဧည့်ခံပွဲ လုပ်ဖို့ ပြင်ဆင် ထားတာမို့ ဧပြီလ (၅)ရက်နေ့မှာ တရားရုံးတော်ကို သွားဖို့ ဦးမြလှိုင်က ကားနဲ့လာခေါ်ပါတယ်။
ထွက်ခါနီးကျမှ ရေမွှေးဆွတ်ဖို့ သတိရပြီး မှန်တင်ခုံပေါ်က ရေမွှေးပုလင်းကို ဆွဲယူလိုက်တာ ဘယ်လိုဖြစ်ပြီး လက်က လွတ်ကျသွားတယ် မသိပါဘူး။ သမံတလင်းပေါ်မှာ အစိတ်စိတ် အမြွှာမြွှာ ကြေပြီး ကွဲပါလေရော။ တစ်ခန်းလုံး လည်း ရေမွှေးတွေ ကြိုင်လှိုင်သွားတော့တာပဲ။ အဲဒီရေမွှေး ပုလင်းကလည်း ရှားရှားပါးပါး ရှနယ် နံပါတ် (၅)ပေါ်ခါ စပဲ ရှိသေးတာ။ ဦးမြလှိုင်က ဟောင်ကောင် က တကူးတက မှာပြီး ပေးခဲ့တဲ့ လက်ဆောင်လေ။
အတိတ် နိမိတ်တွေ ကို အယူသီးတတ်တဲ့ မန္တလေးသူ ကျွန်မ မိတ်ကပ်တစ်ပိဿာနဲ့ သတိုးသမီး လုပ်ဖို့ ခြယ်သထား တဲ့ မျက်နှာကိုတောင် အားမနာနိုင်ဘဲ ထိုင်ချပြီး ငိုမိတော့တာပဲ။ အဲဒီလို စခဲ့တဲ့ အိမ်ထောင် မို့ပဲ အဆင်မပြေလေသလား။ ကိုယ်ကပဲ အိမ်ထောင်ဖက်ကို အရွေးအချယ် ညံ့ခဲ့လေ သလား။ ဒါမှမဟုတ် ယောက်ျား တစ်ယောက် ကို ထိန်းသိမ်းထားနိုင်တဲ့ အရည်အချင်း မဲ့ခဲ့တာလား ဆိုတာ ခုချိန်ထိ ကျွန်မ အဖြေရှာလို့ မရတာ အမှန်ပါပဲ။
လက်ထပ်ပြီးခါစကတော့ Marriage made in heaven ဆိုတဲ့ စကားလုံးကို အရာရာက ဝေဆာ လှပ ရွှန်းလက်နေတာပေါ့နော်။ အတူစား၊ အတူသွား၊ ရုပ်ရှင်အတူကြည့်၊ ဟိုက ဒီက ဖိတ်တဲ့ ဆီတွေကိုလည်း မနားတမ်း သွားကြနဲ့ အတူနေကြတော့ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိခွင့်ရလာပါတယ်။ ကျွန်မ တို့နှစ်ယောက်မှာ ၀ါသနာတူတွေ ရှိသလို အထာမတူကြတာတွေ ကလည်း အများကြီး။
တစ်မိဝမ်းတွင်း က အတူသက်ဆင်းလာကြတဲ့ သားသမီးတွေတောင် တစ်ယောက်နဲ့တစ်ယောက် တူကြတာ မဟုတ် လို့ တစ်မိပေါက်တည်း မဟုတ်တဲ့ ကျွနမတို့ အထာမတူနိုင်တာက ဆန်းတော့ မဆန်းပါဘူးလေ။ ကိုကြီးနဲ့ ကျွန်မ ဆိုတာက အထာမတူနိုင်တာကမှ တကယ့်ကို အရှေ့နဲ့ အနောက်ကပါပဲ။ အဲဒါကိုတောင် စိတ်ဆင်းရဲပေ မဲ့ သည်းခံဖြတ်သန်းလာခဲ့နိုင်လို့ ဦးမြလှိုင်နဲ့ မတူတောတွေကိုလည်း စိတ်လျှော့ပြီး လက်ခံနိုင်တဲ့ အလေ့ အကျင့် ရလာပါတယ်။
ကျွန်မရဲ့ အလုပ်က အနုပညာဆိုပေမဲ့ တစ်နေကုန် လူတကာနဲ့ ဆက်ဆံပြီး စိတ်ကျေနပ်မှုရအောင် အားထုတ် ရတာ ဖြစ်လို့ အလုပ်ချိန်ပြီးတာနဲ့ ငြီးငွေ့ပြီး လူတွေကို မတွေ့ချင်တော့ဘူး။ ကိုယ့်မိသားစုလေးနဲ့ ကိုယ်နေချင် တယ်။ ဒါကြောင့် ကလေးတွေ အိမ်ထဲ တစ်နေ့လုံးအောင်းနေကြ ရတာအတွက် သူတို့လေးတွေလည်း အပန်းပြေ၊ ကျွန်မလည်း စိတ်အပန်းပြေဖြစ်အောင် ပန်းခြံ သွား၊ ကမ်းနားလမ်းလျှောက် ဆိုတာတွေ လုပ်ပြီးရင် တိတ်ဆိတ်ငြိမ်သက် တဲ့ ကိုယ်တစ်ဦးတည်း ပိုင် အချိန်လေးကိုလည်း ရယူချင်သေးတာပါ။
တစ်ယောက်တည်း အိပ်ရာပေါ် ပစ်လှဲပြီး စာအုပ်လေးတစ်အုပ်နဲ့ ဖတ်ရင်း နှပ်နေချင်တာမျိုး။ ဒါမှ မဟုတ် စာရေးချင်ရေး၊ ငြိမ်ငြိမ်လေး တွေးချင်တွေးပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အဖော်လုပ် နေရတာကို ကြိုက်တယ်၊ ပျော်တယ်၊ ဦးမြလှိုင်က အဲလို မဟုတ်ဘူး။ အနားမှာ အဖော်ရှိနေမှ နေသာထိုင်သာ ရှိတာ။ မိန်းမရှိရင် ရှိနေ၊ မရှိရင် တပည့်တွေရှိမှ နေသာတာမျိုးလေ။ ညနေ ရုံးက ပြန်လာပြီဆိုရင် ချိန်းထားတဲ့ တပည့်တွေ က လေးငါးဦးအိမ်မှာ လာစောင့်နေကြရော။ အဲဒီတပည့် တွေအတွက်ပါ ညစာ ထည့်ချက်ကျွေး ရသေးတယ်နော်။ စားသောက်ပြီး ထိုင်စကားပြောလိုက်တာ ညကိုးနာရီ၊ ဆယ်နာရီမှ လူစုကွဲတော့တာပါ။
တပည့်တွေ ရှိနေလို့ မိန်းမ အနားက ခွာရလား ဆိုတော့လည်း မဟုတ်သေးဘူး။ တစ်ချိန်လုံး သူ့ဘေးမှာ ရှိနေစေချင် တာမျိုးလေ။ ကျွန်မရဲ့ အကျိုးပေးများကလည်း ဆန်းကြယ်စွ။ အရင် တစ်ယောက်တုန်းက ကိုယ့် အနား လာကပ်တာ မခံနိုင်လို့ တစ်ချိန်လုံး အကြောင်းရှာပြီး ထပြေး လာခဲ့တာ။ ဒီတစ်ယောက်ကျတော့ ၀ဋ်လည် ဖို့ ကြုံပြီး အနား မှာ အလကားထိုင် အချိန်မဖြုန်းချင်ပေ မဲ့ ကိုယ်က ချစ်ရတဲ့သူဖြစ်လို့ မပြောရက်တာ နဲ့ အောင့်အည်း သည်းခံပြီး နေရပြန်ရော။
အိမ်ထောင်သက် မှာ စစချင်း စိတ်ဆင်းရဲစရာ ကြုံရတဲ့ အဖြစ်ကလည်းကိုလည်း နေရာမှာ ကျွန်မ ထက်ပိုလေသေး ရဲ။ ဦးမြလှိုင်က အမဲသားမစား၊ ၀က်သား မစားရှောင်တာတွေ ရှိသလို အဓိဋ္ဌာန် ပုတီးပတ်တွေ လည်း မှန်မှန်ဝတ်မပျက် စိပ်ရတာတွေက အများကြီး
ကျွန်မတို့ လက်ထပ်ပြီးခါစ တစ်ညမှာ အိပ်ရာထဲ အတူလှဲနေရင်းက သူက ပုတီးစိပ်၊ ကျွန်မက စာအုပ်တစ်အုပ် ဖတ်နေ တုန်း ...
"ခင် ... ဟိုမှာ ကြည်စမ်း၊ အိမ်မြှောင်က ပိုးကောင်လေး လိုက်ဟပ်နေတယ်၊ တွေ့လား" တဲ့။
"အဲဒီပိုးကောင်လေး အသက်ဘေးက လွတ်သွားအောင် မောင် မေတ္တာပို့ပြမယ်၊ ကြည့်နေတဲ့" တဲ့။
သူပြောတာ နဲ့ ကျွန်မက ဖတ်နေတဲ့ စာအုပ်ကို အသာချပြီး စိတ်ဝင်တစား ကြည့်မိတယ်ပေါ့။ နံရံ ထောင့်မှာ အိမ်မြှောင်လေး က ဟပ်လိုက်၊ ပိုးကောင်လေးက ပြေးလိုက်။ တစ်ချီ တစ်ချီမှာ မိလုနီးပါး ဖြစ်လို့၊ တစ်ခါကျ ပါးစပ်ဝ နားရောက်တဲ့အထိ နီးသွားတော့ ကျွန်မ သည်းထိတ်ရင်ဖို ဖြစ်ရပါလေ ရော။ ဒါပေမဲ့ ဘယ်လိုက ဘယ်လိုဖြစ်ပြီး ပိုးကောင်လေး လွတ်သွားတယ် မသိဘူး။ ဖျတ်ခနဲ ဆိုသလို အိမ်မြှောင်ရဲ့ အဝေး တစ်နေရာ ရောက်သွားပြီး ချိတ်ထားတဲ့ ပန်းချီကား နောက်ကွယ်မှာ ပျောက်သွားပါတော့တယ်။ အိမ်မြှောင် ခမျာတော့ ဒီအတိုင်း နံရံမှာ ကပ်လျက် ကျန်ရစ်လေရဲ့။
"တွေ့လား ခင် ... မေတ္တာရဲ့တန်ခိုး ဘယ်လောက်ဆန်းလဲ" တဲ့။
အဲလို ပိုးကောင်လေးကိုတောင် ဘေးရန်ကင်းအောင် မေတ္တာပို့ခဲ့တဲ့သူက တစ်နေ့မှာ ပြောင်းလဲချင် တော့လည်း မိုးနဲ့မြေကြီး လို့ ကွာခြားအောင် ပြောင်းလဲသွားပုံကိုလည်း ကြည့်ပါဦး။
သူများတကာတွေ ပြောလေ့ရှိတဲ့ ဆိုရိုးစကားက "ပြောပါများ မယား စကားအောင်"တဲ့။ ဦးမြလှိုင် အဖို့ကတော့ မယားစကားထက် ရဲဘော်ရဲ့စကားက အောင်တာ လက်တွေ့ပါပဲ။ လက်မထပ်ခင် မှာ ဘယ်သူမဆို ကိုယ့်ရဲ့ဘဝတစ်သက်တာ လက်တွဲရမဲ့ ဘဝကြင်ဖော်ရွေးရာမှာ မိဘမျိုးရိုး ကောင်း မကောင်း၊ နောက်ကြောင်း ရှင်း မရှင်း၊ အသောက်အစား အပျော်အပါး ကင်း မကင်း ဆို တာတွေကို လေ့လာအကဲခတ်ကြတာ အစဉ်အလာဖြစ်ပေ မဲ့ သူ့နောက်မှာ ရဲဘော်ရဲဘက်တွေ ဘယ်လောက်ပါ မပါ၊ ရှိ မရှိ ဆိုတာတော့ အကဲခတ်စာရင်း မှာ ပါကြမယ် မထင်ပါဘူးနော်။
ကျွန်မလည်း ထိုနည်းတူစွာပေါ့။ ဦးမြလှိုင်ရဲ့နောက်တော်ပါးမှာ ရဲဘော်ရဲဘက်တွေ ဘယ်လောက်ပါ တယ်ဆိုတာ မလေ့လာ မစုံစမ်းမိတာ မဟာအမှားလို့ပဲ ပြောရမလား မသိဘူး။ စာဖတ်သူများလည်း ဒီအဖြစ်မျိုးက ရှားရှားပါးပါး မို့ ကြားဖူးကြမယ် မထင်ပါဘူး။ ရှားပေမဲ့ ရှိတော့ ရှိတယ်ဆိုတာ ရေးပြ ရင်း ကိုယ့်အဖြစ်ကို အခု ပြန်စဉ်းစားမိတော့ ရင်နာခဲ့ရတဲ့ အဖြစ်တွေက ရယ်ချင်စရာတောင် ကောင်းနေပါသေးရဲ့။ ဧပြီလမှာ လက်ထက်ပြီး လို့ မေလဆန်း တစ်ရက်နေ့ကျတော့ မြဝတီတိုက်က မင်းစေလေး (စောလှသိန်း) က နေ့ခင်းတစ်နာရီလောက်မှာ စာအိတ်အရှည်ကြီးတစ်လုံးကို ကိုင်ပြီး ရောက်လာပါတယ်။
"ဆရာက မမကို လစာငွေ ပေးအပ်ဖို့ လွှတ်လိုက်ပါတယ် ခင်ဗျာ"တဲ့။ လခထုတ်တာပဲ ကိုယ်တိုင် ယူလာပြီး အိမ်ကျမှ ပေးရင်လည်း ဖြစ်ပါရဲ့သားနဲ့ တကူးတက မင်းစေကို လွှတ်ပြီး ပေးခိုင်းလိုက် တယ်လေ။ ဆိုင်က တပည့်တွေ က ကျွန်မကို ပြုံးစစ မျက်နှာတွေနဲ့ လှမ်းကြည့်ကြပါတယ်။ "ပိုလိုက် လေခြင်း" ဆိုတဲ့ မျက်နှာပေးတွေ နဲ့ပေါ့။
ဦးမြလှိုင် က ဘယ်တော့မှ ငွေကိုင်လေ့မရှိပါဘူး။ ဘာစားချင်တယ်၊ ဘာဝယ်ချင်တယ်ဆိုတာ ကလေး တစ်ယောက် လို ပူဆာတာမျိုး။ ကျွန်မနဲ့လက်မထပ်ခင်ကလည်း သူ့တပည့်ကျော် ကာတွန်း ကြွယ်လေးကို လစာအပ် တယ် လို့ ပြောပါတယ်။ သူ လိုချင်တာ ရှေ့က လက်ညှိုးထိုးသမျှ ကိုကြွယ် လေး က နောက် ကနေ ငွေ လိုက်ပြီး ရှင်းရတယ်ပေါ့။
အခုလည်း သူ ပေးပို့လိုက်တဲ့ စာအိတ်ကြီးကို ဖွင့်လို့တောင် မကြည့်ရသေးဘူး။ အလုပ်တွေများနေ တာနဲ့ အံဆွဲထဲ ထည့်ထားလိုက်ပါတယ်။ ညနေ ဆိုင်ပိတ်ပြီးချိန်ကျမှ ဧည့်သည်တွေက တစ် ယောက် ပြီး တစ်ယောက် တံခါးခေါက်ပြီး ရောက်လာကြပါရော။ ဦးမြလှိုင် ရုံးအပြန်ကို လာစောင့် ကြတာလေ။ ကျွန်မလည်း ဒီလူတွေ ဘယ်သူ ဆိုတာ ဘယ်သိပါ့မလဲ။ ဦးမြလှိုင် ရောက်လာမှ မိတ် ဆက်ပေးတော့ တစ်ဦးက ရဲဘော်ဖြူ၊ တစ်ဦးက ပမညတ၊ တစ်ဦးက ကွန်မြူနစ် လူထွက်၊ တစ်ဦး က တပ်နီနဲ့ ရဲဘော်ပေါင်း အရောင်ကို စုံသွားတာပါပဲ။ မိတ်ဆက်ပေးပြီးတော့…
"ခင်ရေ၊ ခဏလာပါဦး" နဲ့ ကျွန်မ ပခုံးကိုဖက်ပြီး အိပ်ခန်းထဲ ဆွဲခေါ်သွားပြီးမှ-
"ဒါတွေက မောင့်ရဲဘော်တွေကွာ။ သူတို့တစ်တွေနဲ့က တိုင်းပြည်အတွက် လုပ်ရင်း လက်တွဲခဲ့ဖူးတဲ့ သူတွေ။ ခု စားရမဲ့ သောက်ရမဲ့ ဖြစ်နေကြလို့ မောင်က လစဉ်ထောက်ပံ့ငွေ လာယူကြတာ။ ခင် ပေး လိုက်ပါနော်"တဲ့။ မျက်နှာငယ်လေး နဲ့ ကျွန်မရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တောင်းပန်သံနဲ့ ပြော လာတော့ ကျွန်မမှာ မနေသာတော့ ဘဲ သူ့လစာငွေအိတ်ကို ဖွင့်ပြီး သူ ပြောတဲ့ ခွဲတမ်းအတိုင်း ငါးဆယ်ပေးရတဲ့သူ၊ သုံးဆယ်ပေး ရတဲ့သူ၊ အစိတ်ပေးရတဲ့ သူနဲ့ ပေးလိုက်တာ လစာရဲ့တစ်ဝက်နီး ပါး ချောသွားတော့တာပါပဲ။
တော်ပါသေးရဲ့။ ကျွန်မက ကိုယ့်ဝမ်းစာ ကိုယ်ရှာပြီး ရပ်တည်နိုင်သူ ဖြစ်ပေလို့ပေါ့။ စီးပွားရေးအရ မမှီခိုရသူမို့ သူ့ရဲ့လစဉ်ထောက်ပံ့ကြေးတွေအတွက် ဘာမှ ထိထိခိုက်ခိုက် ပြဿနာမဖြစ်ပါဘူး။ ဒါပေမဲ့ ရဲဘော်စကား နားထောင်ပြီး အချိုးပြောင်းသွားတာအတွက်တော့ ကျွန်မရင်မှာ တကယ် နာ နာကျင်ကျင်ကို ခံစားရတော့တာပဲ။
တစ်နေ့မှာတော့ ဖျာပုံက ရဲဘော်တင်ဦးဆိုတာ ရောက်လာပါတယ်။ သူနဲ့အတူ တခြားရဲဘော်နှစ်ဦး လည်း ပါလာသေးရဲ့။
"အာစရိ၊ အာစရိ ရဲ့သူငယ်ချင်းဆီက ကာဘိုင်နဲ့ ကျည်ဆန်တွေ သွားတောင်းပြီး အင်းတကော် ဘက် ငှက်ပစ် ထွက်ရအောင်" တဲ့။
"အေး… ကောင်းသားပဲကွ" ဆိုပြီး အစီအစဉ်တွေ လုပ်ကြပါလေရော။ ရဲဘော်တင်ဦး ပြန်သွားတော့ ကျွန်မက ဦးမြလှိုင် ကို "ဘာလို့ သူပြောတိုင်း လက်ခံပြီး စီစဉ်နေရတာလဲ၊ ဒါဟာ အကုသိုလ်အလုပ် ဖြစ်လို့ ကျွန်မ သဘော မတူဘူး" ဆိုတာ ပြောပြပြီး တားတယ်ပေါ့။ ကျွန်မ ဘယ်လိုပြောပြော နားမ ဝင်ပါဘူး။ ကာဘိုင်တွေ၊ ကျည်ဆန်တွေ ငှား လာပြီး သေနတ်ပြောင်းတောင် တိုက်နေလေသေးရဲ့။ လက်တစ်ဖက်ကလည်း စိပ်ပုတီးက စိပ် တုန်းနော်။
ဦးမြလှိုင်ကို အယဉ်လား၊ အရိုင်းလား။ ဘယ်လို နားလည်ရပါ့မလဲဆိုပြီး ကျွန်မ ငေးကြည့်နေဖြစ်ပါ တယ်။ စနေနေ့ကျတော့ အင်းတကော်ဘက် တောပစ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလေ။ "ပြောရမ လဲ သွားကြပေါ့" ဆိုပြီး ကျွန်မ က မျက်နှာညှိုးထားလိုက်တယ်ပေါ့။ အဲဒီလို နေခဲ့မယ်ဆိုတော့လည်း မဟုတ်သေးဘူး။ ကျွန်မကို မရမက အတင်းချော့မော့ ပြီး ခေါ်ပြန်ပါရော။ နောက်ဆုံးတော့ ကျွန်မ ကပဲ အလျှော့ပေးပြီး သူ့အကြိုက် လိုက်လျော ရင်း ပါသွားရပြန်တာပါပဲ။
ကြည်ကြည်သာသာ မဟုတ်ဘဲ ကျွန်မက ဆောင့်အောင့်လိုက်လာတာကိုပဲ သူက သဘောတွေကျ ပြီး ပြက်ပြက် ရယ်ရယ် လုပ်နေလေသေးရဲ့။ ဦးမြလှိုင်မျာ ချီးကျူးဖွယ်ရာကောင်းတဲ့ အချက်တစ်ခု က သူနဲ့ဖက်ပြိုင်ပြီး စိတ်ဆိုးလို့ မရခြင်းပါပဲ။ ကျွန်မတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ သူနဲ့ကျွမ်းဝင် တဲ့ ကျား မ အားလုံးက တူညီစွာ လက်ခံထားကြတဲ့ အချက်တစ်ခုလို့ဆိုရင် မမှားပါဘူး။ ဘယ် လောက်ပဲ တစ်ဖက်သား က ဒေါသအရှိန်အဟုန်နဲ့ ပြောနေနေ သူက အရယ်အပြုံး မပျက်ဘဲ ခံနိုင် တဲ့သူပါ။ "ပြန်မပြော၊ နားမထောင်" ဆိုတဲ့ စကား ကို တီထွင်ခဲ့သူက ဦးမြလှိုင် ကို တွေ့ဖူးပြီးမှ ထား ခဲ့တဲ့စကား ဖြစ်ကောင်း ဖြစ်မယ် ထင်ပါရဲ့။
ကျွန်မက ဗုဒ္ဓဟူးသမီးမို့ စိတ်မြန်တယ်။ တစ်ခုခုဆိုရင် ရှူးရှူးရှားရှား စိတ်ဆိုးလွယ်၊ ပြေလည်း ပြေ လွယ်ပါ တယ်။ ဦးမြလှိုင်နဲ့ စိတ်ဆိုးရတိုင်း ကျွန်မ အရူးဖြစ် ကျန်ခဲ့ရတာချည်းပဲ။ အရာရောက်သ လား ဆိုတော့ လည်း ဝေးလေသေး။ သူ လုပ်ချင်ရာ လုပ်မြဲလုပ်တာမို့ ဒေါသဖြစ်ရတဲ့သူက အရှုံးပဲ အဖတ်တင်တာပါပဲ။
အခုလည်း ကျွန်မ သူ့ကို သုန်မှုန်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ကားပေါ်မှ ပါလာခဲ့တာပါ။ မိုးဦးကျ မို့ လမ်းဘေး က လယ်ကွင်းပြင်တွေကလည်း စိမ်းစိုလို့။ အဝေးဆီက ရှမ်းရိုးမတောင်တန်းကြီးက မှိုင်းညို့ညို့နဲ့ ရွာစုလေးတွေ က ဟိုနားတစ်စု၊ ဒီနားတစ်စု။ ရွာဦးကျောင်းနဲ့ စေတီဖြူဖြူလေးတွေက လည်း ပနံရပါဘိ နဲ့။ ကောင်းကင်ပြာပြာမှာ တိမ်ဖြူဖြူလေးတွေ လွင့်မျောနေတာ ကြည့်ရတာကိုက စိတ်ကြည်နူးစရာကောင်းတာမို့ ကျွန်မစိတ် ကို သဘာဝရဲ့အလှအပထဲမှာ နစ်မျောထားလိုက်ပါ တယ်။
တစ်နေရာရောက်တော့ ရဲဘော်တင်ဦး က "အာစရိ၊ ဒီနား ရပ်ကြရအောင်၊ ဟိုကန်စပ်မှာ ရေဘဲအုပ် တွေ ဆင်းနေတာတွေ့ လား" တဲ့။
ကျွန်မက ကားပေါ်က မဆင်းဘဲ ပေကပ်ပြီး ထိုင်နေရစ်တာပေါ့။ သိပ်မကြာပါဘူး။ တဒိုင်းဒိုင်းနဲ့ သေနတ်သံတွေ ကြား ရပြီး ရေဘဲအုပ်တွေ လန့်ပျံသွားတာကို တွေ့လိုက်ရပါတယ်။ ရဲဘော်တွေ ကားဆီ ပြန်လာကြတော့ သူတို့လက်ထဲ မှာ သွေးသံရဲရဲနဲ့ ရေဘဲကောင်လေးတွေ အတွဲလိုက်ပါလာ သေးရဲ့။
ကျွန်မ ကလည်း သတ္တိခဲ။ သွေးသံရဲရဲကို ကြည့်ဝံ့သူ မဟုတ်ပါဘူး။ သူတစ်ပါး ထိခိုက်နာကျင်တာ မြင်ရတိုင်း ကျွန်မရင် မှာ ထပ်တူထပ်မျှ နာကျင်တဲ့ဝေဒနာကို ခံစားရတတ်လို့ အသက်ရှူတွေမှားပြီး ရင်ထဲက စူးအောင့်တဲ့ ဒဏ်ကို အံကြိတ်ခံရင်း မျက်ရည်တွေ စီးကျလာပါတယ်။ ရဲဘော်တွေနဲ့ ရယ် မောပြီး ပြန်ရောက်လာတဲ့ ဦးမြလှိုင် က ကျွန်မကိုမြင်တော့ တအံ့တသြနဲ့…
"ဟောဗျာ… မောင့်မိန်းမက ငိုနေတယ်ပါလား" ဆိုပြီး ပခုံးကို အတင်းလာဖက်ရင်း ချော့ပြန်ရော လေ။ ဒီလို အချော့တွေ နဲ့ ဘဝတစ်ခုလုံး ရင်မောခဲ့ရတာ အခါပေါင်းများစွာ လို့ပဲ ပြောပါရစေတော့။ ရေဘဲလေးတွေ အဖြစ်ကမှ တော် ပါသေးတယ်။ နောက်တစ်နေ့မှာ ရပ်ကြတော့ သစ်ကိုင်းပေါ်မှာ အတူနားနေကြတဲ့ ကြိုးကြာမောင်နှံ ကို ရဲဘော်တင်ဦးက တွေ့သွားပြီး ကာဘိုင်နဲ့ ချိန်ချလိုက်တာ ငှက်ကလေး ဖုတ်ခနဲ သစ်ပင်အောက် ပြုတ်ကျလာတော့တာပဲ။
"ာစရိ၊ နောက်တစ်ကောင်လည်း ရမှာ သေချာတယ်။ ဟိုကျန်ခဲ့တဲ့ ကြိုးကြာမ ပြန်လှည့်လာလိမ့် မယ်၊ ကြည့်နေ" တဲ့။
ကြိုးကြာငှက် ကလေးတွေမှာ လူသားတွေထက်တောင် ကြင်ဖော်ကို တန်ဖိုးထားရကောင်းမှန်း သိ ကြသေး တာနော်။ တစ်ကောင်သေရင် ကျန်ခဲ့တဲ့ အကောင်က ဘေးကင်းရာကို ပျံမသွားဘဲ သေပွဲ ဝင်သွားရတဲ့ ကြင်ဖော်နား မှာ တရစ်ဝဲဝဲ လုပ်ရင်း အသည်းကွဲနာကျင်တဲ့အသံနဲ့ မြည်တမ်းနေတတ် တာမို့ ရဲဘော်တင်ဦး က သေချာပေါက် တွက်ပြီး ကြိုးကြာ အဖော်လေး ပြန်အလာကို စောင့်နေတာ ပေါ့။
သူ တွက်ထားတဲ့ အတိုင်းပါပဲ။ ကြိုးကြာလေးက သူ့ကြင်ဖော် ကျနေတဲ့နေရာကို ပြန်ရောက်လာပြီး တဝဲဝဲလုပ်နေဆဲ မှာပဲ ရဲဘော်တင်ဦးရဲ့ကာဘိုင်လက်ချက်နဲ့ သူလည်း သေပွဲဝင်ရရှာပါတော့တယ်။ နဂိုကတည်း က ခံစားတတ်တဲ့ ကျွန်မအဖို့ တကယ့်သဘာဝရဲ့အလွမ်းဇာတ်တစ်ခုကို လက်တွေ့ ကြည့်လိုက်ရတာမို့ ရင်ထဲက နှလုံးသားတစ်ခုလုံး ကို တစ်စုံတစ်ဦးက ဆုပ်ကိုင်ဖျစ်ညှစ်တာ ခံလိုက် ရသလို နာကျင်ပြီး မျက်ရည် မဆည်နိုင်အောင် ရှိုက်ငိုဖြစ်တော့တာပဲ။
သူတို့တစ်တွေမှာ အသည်းနှလုံးမှ ရှိကြပါလေစလို့လည်း အတွေးဝင်ပြီး သူတစ်ပါးအသက်ကို သတ်နိုင်လောက်အောင် ရက်စက် တဲ့ သူမျိုးတွေနဲ့ နီးနီးစပ်စပ် အပေါင်းအသင်း လုပ်ပြီးနေရတဲ့ အဖြစ် ကိုလည်း တော်တော်စိတ်ပျက်သွားမိပါတယ်။ ဒီလိုနဲ့ တစ်နေ့ခင်းလုံး ကြုံရာမှာ ရပ်ပြီး တွေ့ သမျှ ငှက်တွေကို ပစ် လာလိုက်တာ မယ်ညိုရော၊ ဗျိုင်းပါမကျန် ငှက်မျိုးစုံကို စုံသွားတော့တာပါပဲ။
ကျွန်မ က အဲဒီငှက်တွေကို အိမ်ယူမလာရဘူးလို့ အရေးဆိုတာနဲ့ ဦးမြလှိုင်က သူ့တပည့် ဦးဘရင်ရဲ့ အိမ်မှာ ငှက်တွေရော၊ ရဲဘော်တွေ ပါ ချထားခဲ့ပြီး ကျွန်မကို အိမ်ပြန်ပို့ပါတယ်။ သူလည်း ကျွန်မနဲ့ ခုလို အသွင် မတူကြတဲ့အဖြစ် ကို ကြုံရတော့ စိတ်ညစ်သွားပုံရပါတယ်။ သူ့စိတ်ထဲမှာ ဘာမဟုတ်တဲ့ ငှက် ကလေးတွေ သေတာကိုများ ပုံကြီးချဲ့ပြီး မျက်ရည်စက်လက်ကျနေစရာလားလို့ အတွေးဝင် မယ် ဆိုရင်လည်း ဝင်ချင် စရာပေါ့နော်။
အဲလို လင်နဲ့မယား မကျေမလည်ဖြစ်ကြရလို့ ငှက်ပစ်သွားတဲ့အလုပ်က ရပ်လေမလား အောက်မေ့ ပါတယ်။ မရပ်ပါ ဘူး။ ရဲဘော်တစ်ဦးတို့ အဖွဲ့ကလည်း ညနေတိုင်းရောက်လာ၊ စနေနေ့ကျတော့ လည်း ထုံးစံအတိုင်း ငှက်ပစ်ထွက် ဖို့ သေနတ် အဆင်သင့်၊ ကျည်ဆန် အဆင်သင့်။
ကတ်တီးကတ်ဖဲ့ ဖြစ်နေတဲ့ မိန်းမကိုလည်း ဒါဆိုရင် ထားခဲ့ပြီး သွားကြပါလားနော်။ အဲလိုလည်း မဟုတ် ရသေးဘူး။ မရအရ မလိုက် လိုက်အောင် အပါခေါ်တတ်သေးတာပါ။ ဒီတစ်ခါတော့ ကျွန်မ က အကြံပိုင်သော မိခွေး ရဲ့ပုံစံနဲ့ ကားရဲ့ရှေ့ခန်းမှာ အကျအန ထိုင်ပြီး လိုက်သွားလိုက်ပါတယ်။
ညက တစ်ရေးနိုး မှာ ခေါင်းထဲ လင်းလက်လာတဲ့အသိတစ်ခု ရလိုက်တာမို့ အဲဒီအသိကို အကောင် အထည်ဖော် ဖို့ စိတ်ဝင်စားနေတာက အဓိကပါ။ တစ်ခါတုန်းက ဦးမြလှိုင် မေတ္တာပို့လို့ အသက်ဘေး က လွတ်သွားတဲ့ ပိုးကောင်လေးကို နမူနာယူပြီး မေတ္တာတရားရဲ့ ဆန်းကြယ်ပုံ ဟုတ် မဟုတ် လက်တွေ့စမ်းသပ်လိုတဲ့ စိတ်ကလည်း စောနေတယ် ဆိုပါစို့။
အိမ်က မထွက်ခင်ကတည်းက ကျွန်မ ဘုရားဝတ်ပြု၊ ငါးပါးသီလ ခံယူပြီး သစ္စာပြု အဓိဋ္ဌာန်လုပ်ပြီး လာခဲ့တာပါ။ ကားပေါ်ရောက်တော့ လည်း ခရီးတစ်လျှောက်လုံးမှာ စောင့်ရှောက်ကြကုန်သော သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များ၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရုက္ခစိုးနတ် အစရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှကို ရည်မှန်းတိုင်တည် မေတ္တာပို့အမျှဝေပေးပြီး ကျွန်မရဲ့အဓိဋ္ဌာန် ပြည့်ဝဖို့ ကူညီ စောင့်ရှောက်ပေးကြပါ ဆိုတာ လည်း မေတ္တာရပ်ခံ ဆုတောင်းပါတယ်။ တကယ်လည်း ယုံကြည် စိတ် ပြင်းပြင်းပြပြနဲ့ ခရီးတစ်လျှောက်မှာ ရှိကြကုန်သော သတ္တဝါမှန်သမျှ အသက်ဘေးက ကင်းေ ဝးကြပါစေဆိုတာ စူးစူးစိုက်စိုက် အာရုံပြုပြီး မေတ္တာပို့လာတာပေါ့။
ရေဘဲလေးတွေ ပစ်လို့ရခဲ့တဲ့ ရေကန်နားရောက်တော့ ကားရပ်ပြီး အားလုံး ကားပေါ်က ဆင်းသွား ကြလေရဲ့။ ကျွန်မလည်း ရှိရှိသမျှ စိတ်အင်အားတွေကို စုစည်းပြီး မေတ္တာပို့ရတော့တာပဲ။ သေနတ် သံတွေ တဒိုင်းဒိုင်း ကြားရတော့ ကျွန်မ ပို့သနေတဲ့ မေတ္တာတွေ ထိထိရောက်ရောက်မှ ရှိပါလေစနဲ့ သိချင်တဲ့စိတ်စောပြီး ရင်တွေကို တဒိတ်ဒိတ် ခုန်လို့။ ရင်ခုန်ရင်းနဲ့ သူတို့ပြန်အလာကို စောင့်ရတာ လည်း အမောပါပဲ။ အကြာကြီးနေမှ ကာဘိုင်ကြီး ထမ်းပြီး စိတ်ပျက်လက်ပျက်ပုံစံနဲ့ ရောက်လာကြ လေရဲ့။ တစ်ကောင်မှ မထိ လို့ တောက်တခေါက်ခေါက်နဲ့လေ။ နောက်ထပ် ဘဲအုပ်ကျမလားလို့ စောင့်တာလည်း ရောက်မလာလို့ ဆိုပြီး မကျေမနပ် ဖြစ်နေကြသေးတယ်။ အို ကျွန်မ ရင်ထဲမှာ ကျေနပ်ပီတိဖြစ်လိုက်ပုံများ စာဖွဲ့လို့တောင် ရမယ် မထင်ပါဘူး။ စိတ်အားတွေလည်း မြင့်တက်လာ လိုက်တာ အထက်ဘဝဂ် ရောက်တဲ့ထိလို့တောင် ဆိုနိုင်မလား မသိဘူး။ စောင့်ရှောက်ကြသော ပုဂ္ဂိုလ်များအားလုံးကိုလည်း ရင်ထဲက ကျေးဇူးတင်စကားဆိုပြီး သတ္တဝါလေးတွေ ဘေးကင်းဖို့ ဆက်မေတ္တာပို့တော့တာပဲ။
တစ်ချက်ဆို တစ်ချက် အလွန်ကို လက်တည့်ကြတဲ့ ဦးမြလှိုင်ရော၊ ရဲဘော်တင်ဦးပါ ငှက်တွေ ပစ် လိုက်တိုင်းလည်း လွဲချော်၊ တစ်ခါကျ ဗျိုင်းအုပ်ကို တွေ့တာနဲ့ ဆင်းပြီး ချိန်လိုက်တာ သေနတ်က ဂျမ်းဖြစ် သွားပြီး မောင်းတင်မရလို့ ရဲဘော်တင်ဦး ဒေါသတကြီး ဖြစ်လို့။ သူ ဒေါသကြီးနေပုံကိုကြည့် ပြီး ကျွန်မ ကျေနပ်လိုက်တဲ့ဖြစ်ခြင်း။ ကျိတ်ပြီးတောင် ပြုံးလိုက်မိသေးတယ်။ တစ်နေသာကုန်ခါနီး ရော အရင်အပတ် ကလို ငှက်လည်း တစ်ကောင်မှ မရ။ သူတို့ ဒေါပွနေသလောက် ကျွန်မ မျက်နှာ က ပြုံးစစ ဖြစ်နေတာကို ဦးမြလှိုင် သတိထားမိသွားတယ်။
"ဟေး… ခင်… မေတ္တာတွေ ပို့နေသလား" တဲ့။ ပြူးပြူးပြဲပြဲနဲ့ မေးတော့…
"အင်း… ဟုတ်တယ်၊ မောင် ပြထားတဲ့ မေတ္တာပို့နည်းကို ယူပြီး စမ်းသပ်ကြည့်နေတာလေ"လို့ အပြုံး အပြည့် နဲ့ ပြန်ဖြေလိုက်တာပေါ့။
"ခင်ကလည်းကွာ၊ မောင်တို့ တကူးတက လာရတာကို အလကားဖြစ်အောင် ဖျက်လိုဖျက်ဆီး" တဲ့။ လုံးဝ မကျေနပ် တဲ့ ပုံစံနဲ့ ပြန်ပြောလေရဲ့။
ဘာပဲဖြစ်ဖြစ် ဒီပွဲမှာတော့ ကျွန်မက အောင်နိုင်သူပေါ့။ "ဦးမြလှိုင် ချွတ်ခန်း"လို့လည်း ပြောရင်ရပါ မယ်။ အဲဒီနေ့ကစပြီး ဦးမြလှိုင် ကာဘိုင်တွေ၊ ကျည်ဆန်တွေကို ပြန်အပ်လိုက်ပြိး ငှက်ပစ်ထွက်တဲ့ စခန်း သိမ်းတော့ တာပဲ။ ကျွန်မကိုယ်တိုင်လည်း မေတ္တာတရားရဲ့ ထူးခြားတဲ့ စွမ်းအင်ကို မျက်မြင် ကိုယ်တွေ့ကြုံရတာမို့ သိပ်ကို ယုံကြည် သွားပြီ။ မေတ္တာကမ္မဋ္ဌာန်းကို နေ့စဉ် ဆောက်တည်လာတာ ဒီနေ့ထိတိုင်အောင်ပါပဲ။
အဲီးအချိန်တုန်းက ကျွန်မရဲ့စကားထက် ရဲဘော်စကားကို အလေးထား နားထောင်ပြီး အကုသိုလ် အမှုတွေ ပြုရကောင်းလားနဲ့ ဦးမြလှိုင်ကို ငြိုငြင်ခဲ့မိတဲ့ ဘဝပုံရိပ်ကို အခု အတိတ်လမ်းကို ပြန် လျှောက်ရင်း ကြည့်တော့ ကျွန်မတို့ နှစ်ဦးစလုံးကို မွန်မြတ်လှတဲ့ မေတ္တာတရားရဲ့ ထူးခြားတဲ့ စွမ်း အင်တွေကို မျက်မြင်တွေ့ ရှိဖို့ ရဲဘော်တင်ဦးတို့က ပါရမီဖြည့်လိုက်ခြင်း ဆိုပြီး တစ်ချိန်လုံး ကြည့်လို့ မရခဲ့တဲ့ ရဲဘော်တင်ဦးရဲ့အပေါ်မှာ ခွင့်လွှတ်နိုင်တဲ့ စိတ် ဖြစ်ပေါ်လာမိပါတယ်။
ဦးမြလှိုင်ကိုလည်း သူ ညွှန်ပြခဲ့တဲ့ မေတ္တာတရားရဲ့တန်ဖိုးကို ပိုပြီး လေးလေးနက်နက် သိမြင်ခွင့်ရ အောင် ကြုံကြိုက်ရတဲ့ ဖြစ်ရပ်ကလေးမို့ သင်ဆရာအဖြစ် ကျေးဇူးတင်ရှိပြီး အခု စာရေးရင်း လက် အုပ်ချီ ကန်တော့မိပါတယ်။
ဒါကြောင့်လည်း VERNON LAW က Experience is hard teacher because she gives the test first, the lesson afterwards လို့ ဆိုထားတာပဲ။ အတွေ့အကြုံ အဖြစ်အပျက်တွေက ကိုယ့် ရဲ့စိတ်ဓာတ်ကို စမ်းသပ်ခြင်း မဟုတ်လားနော်။ အတွေ့အကြုံထဲက မှန်ကန်တဲ့ အမြင်အသိကို ရလိုက်နိုငတယ်ဆိုရင် ကိုယ့်ဘဝအတွက် သင်ခန်းစာကောင်း တစ်ခု ရယူလိုက်နိုင်တာကြောင့် အတွေ့အကြုံတိုင်းဟာ တန်ဖိုးရှိတယ်လို့ မြင်တတ်ဖို့ လိုပါတယ်။
ဒီလိုနဲ့ ကျွန်မတို့ ပြေပြေလည်လည် ပြန်ဖြစ်သွားပြီး သူလည်း သူ့မဂ္ဂဇင်းနဲ့ သူရှုပ်၊ ကျွန်မလည်း ကျွန်မအလုပ်နဲ့ ကျွန်မရှုပ်ပေါ့။ ဦးမြလှိုင်နဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ညဘက် ပါတီတွေ လက်ခံ ပြီး လိုက်ရိုက်တာကို မကြိုက်ဘူး လို့ ကန့်ကွက်တာနဲ့ ကျွန်မက သူ့ဆန္ဒကို လိုက်လျောပြီး လျှော့ လိုက်ပါတယ်။ ပါတီပွဲကဆိုရင် ဝင်ငွေက ထောင်ဂဏန်းနီးပါး ရှိတာမို့ တစ်လကို ဝင်ငွေများများ ထိ ခိုက်သွားတာကြောင့် ကသိ ကအောင် ဖြစ်ရတဲ့ အကြောင်းလေးတွေတော့ ရှိတယ်ပေါ့။
ဒါပေမယ့် ကျွန်မ ရယူချင်တာက ငွေကြေးမဟုတ်ဘဲ သာယာတဲ့ အိမ်ထောင်ရေးနဲ့ မိသားစု တည် ဆောက်ချင်တာ မို့ အိမ်ထောင်ရေးကိုပဲ ဦးစားပေး ဆုံးဖြတ်လိုက်တယ် ဆိုပါတော့။ ကျွန်မနဲ့ လက် ထက်ပြီး ကတည်းက ဦးမြလှိုင်က သူ့ကို သမီးလေးတစ်ယောက် မွေးပေးပါဆိုတာ ကလေး မုန့် တောင်းသလို တရရ တောင်းနေလေရဲ့။
သူ့မှာ ပထမ ဇနီး နဲ့ (ဘိုဘို) လို့ခေါ်တဲ့ သားဦးလေး (စိုးမြလှိုင်) ဆိုတာက ရှိထားပြီးသားလေ။ ဒါ ကြောင့် ဒီတစ်ခါ သမီးလေး ကို အရူးအမူး လိုချင်နေတာ ဖြစ်မယ် ထင်ပါရဲ့။ သားသမီးဆိုတာ လို ချင်တိုင်း မွေးလို့မှ မရတာနော်။ ထိုက်မှရတာမို့ (ရတနာ) လို့ သတ်မှတ်ထားတာပေါ့။ နောက်ပြီး သူ ပြောသလို သားဖြစ်မှ၊ သမီးဖြစ်မှ လို့ ဈေးမှာ သွားဝယ်သလို ရွေးချယ်ခွင့် ရှိတာမျိုးလည်း မဟုတ်တော့ သူ ပူဆာတိုင်း ကျွန်မ မွေး မပေးနိုင်တာကြောင့် နေ့စဉ် နားငြီးတာကို ပဲ ကြိုးစားသည်း ခံနေရပါတော့တယ်။
သူ လိုချင်တဲ့ သမီး မရသေးတော့ ကျွန်မရဲ့သမီးအထွေးဆုံး (ကေသီ)ကို လက်ကမချတော့ဘူး။ ဒီလိုနဲ့ မျှော်လင့်ချက် ပျက် ခဲ့ရတဲ့ လပေါင်းများစွာ လွန်မြောက်လာချိန်မှာ ကျွန်မ ကိုယ်ဝန်ရလာပါ ရော။ ကျွန်မ ထက်တောင် ဦးမြလှိုင်က စိတ်တွေလှုပ်ရှားပြီး အပျော်လွန်နေလေသေးရဲ့။ ကျွန်မ လည်း သူ့အလို ကို ဖြည့်ဆည်းခွင့်ရတာမို့ ကျေနပ်ကြည်နူးလို့ပေါ့။
သာယာ တဲ့ အိမ်ထောင်တစ်ခု ဖြစ်ဖို့ဆိုတာ တစ်ဦးအလို တစ်ဦး ဖြည့်ဆည်းပြီး ရည်မှန်းချက် ပန်း တိုင် တစ်ခုတည်း ဆီကို နှစ်ဦး အတူ မျက်နှာမူပြီး လက်တွဲလျှောက်လှမ်းနိုင်ခြင်းပဲ မဟုတ်လားနော်။
ဆက်ရန်
.

1 comment:
အန်တီ ပတ္တမြားခင် ရဲ့ ဘ၀ဇာတ်ကြောင်းဖတ်၇တာ လှိုင်းစီးရသလို ပါပဲနော်..ရိုက်တင်ပေးတာ ကျေးဇူးအစ်မကြီး
Post a Comment