အခုတော့ ကျွန်မက တစ်နာရီအထိမီးကြီး အလင်းထွန်းပြီး စာဖတ်နေတာ မဟုတ်လား။ သူတို့ဝင် ဖို့အခွင့်မသာဘဲ မီးပိတ်လို့ မောင်တဲ့အထိ စောင့်နေရမယ်ပေါ့။ မအိပ်ခင်ကိုယ်လက်သန့်စင်ပြီး အခန်းတံခါး ချက်ချပြီး အိပ်လိုက်တာမို့သာ သက်သာရာရသွားတာပါပဲ။ တွေးရင်းနဲ့ဆရာဟောခဲ့ တဲ့ အသက်အန္တရာယ် နီးတဲ့ထိ ဆိုတာကို ကြားယောာင်ပြီး ကြက်သီးတောင်ထမိပါရဲ့။ တကူးတက ပူပူပင်ပင် နဲ့ လာပြီးသတိပေး တဲ့ ဆရာ့ရဲ့ကျေးဇူးက ကြီးမားလွန်းလို့ ဆရာရှိရာကို မျက်နှာမူပြီး လက်အုပ်ချီ ကန်တော့ မိပါတော့တယ်။ ဆရာမှကြားတဲ့အတိုင်း ရတနာသုံးပါးကို ယုံကြည်အားထား စွာနဲ့ပြုနေ တဲ့ ကုသိုလ်အကျိုး များက အထောက်အကူပြုခြင်းလည်း ဖြစ်မှာပါပဲ။ ဘာပဲပြောပြော လောက မှာ အသက်ရှင်နေခွင့်ရခြင်းက ဆုလာဘ်တစ်ပါးပဲ မဟုတ်လားနော်။ ကို ဆက်ဖတ်ရန် ...
အပိုင်း (၂၈)
ဆုံးရှုံးမှုဆိုတာ လူသားတိုင်း ကြုံတွေ့ရတဲ့ ဓမ္မတရားပါပဲ။ ဘဝမှာ ဆုံးရှုံးမှု မကြုံဖူးတဲ့သူ ဘယ်နှဦးများ ရှာတွေ့နိုင်မလဲ။ သူသူငါငါ အားလုံးသောသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ လောကဓံတရားရဲ့ အထု အထောင်းတွေ ခံကြရစမြဲ ပါ။ ကြယ်ရောင်တွေ လင်းလက်ပြီး ပန်းခင်းသောလမ်းဆိုတာက ပုံပြင်ထဲမှာ သာ ရှိနိုင်တဲ့အရာနော်။
ဒါကြောင့် ဘာတွေများ ထပ်လာဦးမလဲလို့ မမြင်ရတဲ့ အနာဂတ်အတွက် တွေးပြီး ရင်လေးနေရတဲ့ အဖြစ် ကလည်း ကျောင်းမှာတုန်းက အက္ခရာသင်္ချာကို ညီမျှခြင်း ရှာရတဲ့အတိုင် ပင်ပန်းလှရဲ့။ ဒုက္ခက လာချင်ပြီဆိုရင် ဧည့်သည် လို လေးစားစွာနဲ့ အကြောင်းကြားပြီး သိသိသာသာ ထင်ထင်ရှားရှား သိက္ခာ ရှိရှိနဲ့ ဝင်လာတာ မျိုးလည်း မဟုတ်။ လူဆိုးသူခိုးလို မထင်မှတ်တဲ့နေရာ နောက်ဖေးပေါက်ကနေပြီး တိတ်တခိုး ရောက် လာတတ်တာ မို့ ထိုင်ပြီးသောကများနေရင်လည်း ကိုယ်ပဲ မောရုံသာရှိတော့မှာမို့ 'လာချင်တဲ့ ဒုက္ခတွေ လာကြစမ်း ရင်ကော့ပြီးခံလိုက်မယ်' ဆိုတဲ့ ခံယူချက်နဲ့ ကျွန်မ တံခါးဖွင့် စောင့်နေ လိုက်ပါတော့တယ်။
အဲဒီတော့မှ ဒုက္ခတွေက 'မယ်မင်းကြီးမ ကျေးဇူးကြီးလှပါပေရဲ့'ဆိုတဲ့ပုံစံ နဲ့ တံခါးခေါက်စရာမလို ရဲရဲ တင်းတင်း အလုံးအရင်း နဲ့ ဝင်လာကြလေရဲ့။ အထွေးဆုံးသားလေး အိန္ဒာ ကိုမွေးပြီးလို့ ဆယ်ခုနစ်ရက် ပဲ ရပါသေးတယ်။ ဦးမြလှိုင် ရဲ့ တစ်ဦးတည်းသော ဦးလေးကြီးက ဖျာပုံမှာ ကွယ်လွန်သွားတာနဲ့ ဦးမြ လှိုင်တို့ မိသားစုအားလုံး လိုက်သွားကြ ရတယ်ပေါ့။ ဖြစ်ချင်တော တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကပဲ လက်ရှိနေတဲ့တိုက် ကို ငွေချေဖို့ ဘဏ်တိုက်က ငွေတွေ ဦးမြလှိုင် က ထုတ်ယူ လာခဲ့တာပါ။ အသုဘ ကိစ္စဖြစ်တော့ ဒီအတိုင်းထားခဲ့ပြီး သင်္ဘော အချိန် မီအောင် ပြေးရတော့တာလေ။
အဲဒီရက်ပိုင်း တစ်နေ့သော မနက်မှာ တော်လှန်ရေးအစိုးရက ကြေညာချက်တစ်ခု ထုတ်ပြန်လေရော။ လက်ရှိ ပြည်သူ လူထု သုံးစွဲလည်ပတ်နေတဲ့ ရာတန်တွေအားလုံး အပ်ကြရမယ်။ ရာတန်တွေ စက္ကူတွေ မသုံး ရတော့ ဘူး။ လာအပ်တဲ့ငွေရဲ့ အချိုးကျ ဘယ်၍ဘယ်မျှပဲ ပြန်ပေးမယ်ဆိုတာ ကြေညာပါတယ်။ အဲဒီ ၁၉၆၄ခု၊ မေလ ၂၄ရက်နေ့ လို့ ထင်ပါတယ်။ ရက်စွဲတော့ သေသေချာချာ မမှတ်မိတော့ပါဘူုး။ ဦးမြလှိုင် လည်း အသုဘ ကိစ္စ ပြီးတာနဲ့ ပြန်လာကြပြီး ငွေကိစ္စတွေ လိုက်လုပ်ရတာပေါ့။ ဘယ်လောက် သွားအပ်ပြိး ဘယ်လောက်ပြန် ရတယ်ဆိုတာ နှစ်ပေါင်းကြာလို့ ကောင်းကောင်း မမှတ်မိတော့ပါဘူး။ ကျွန်မပိုင် ငွေ လည်း မဟုတ်တော့ သေသေ ချာချာတော့ မသိပါဘူး။
အိမ်ဝယ်ဖို့ကိစ္စလည်း ပျက်သွားပါတော့တယ်။ အရေးထဲမှာ မာမီက ပြဿနာပါ။ မာမီရဲ့ ခါးဝတ်ခါးပတ်ထဲ မှာ စုထားတဲ့ ရာတန်တွေက တစ်ထပ်ကြီးရယ်။ သတင်းစာကိုပြပြီး ရာတန်တေ အစိုးရဆီ သွားအပ်ရမယ် ဆိုတာကို ဘယ်လိုချော့ပြီး ရှင်းပြပြ မာမီက လက်မခံပါဘူး။
'သူတို့ အစိုးရကိုယ်တိုင် တာဝန်ယူထုတ်တဲ့ ငွေတွေ၊ သူတို့ကပဲ တန်ဖိုးမရှိဘူးလို့ ပြောပါ့မလား၊ မဖြစ်နိုင် တာကြီး တဲ့၊ ဒါသတင်းစာ ညာပြီးရေးတာဖြစ်မှာ၊ အရူးသွားပြောမှ ယုံမယ်တဲ့'
လာလေသေး ရဲ့ ဒီတော့ ကျွန်မတို့လည်း ဘာမှမတတ်နိုင်ဘဲ သူ့ရာတန်တွေ သူ့ဟာသူ တန်ဖိုရှိနေတယ် ထင်နေ လည်း ပြီးတာပဲလို့ သဘောထားပြီး လက်လျှော့လိုက်ရပါတယ်။ ဒီအချိန်မှာ လူတိုင်း ကြုံတွေ့ကြရ တဲ့ ပြဿနာ မို့ တောင်မင်း မြောက်မင်းမကယ်နိုင်ဆိုသလို ကိုယ့်ဒုက္ခကိုယ် ခါးစည်းခံကြရတဲ့ ကာလလို့ပဲ ဆိုပါတော့။ ဒီလိုနဲ့ ပြန်ရသမျှ ငွေကလေးနဲ့ ခြိုးခြိုးခြံခြံ သုံးစွဲနေရတဲ့ အချိန်မှာ တစ်နေ့ ဦးမြလှိုင်ရဲ့ မိတ်ဆွေရဲ့ ဗိုလ်မှူးကြီးသန်းညွှန့် (ယခု သပြေမဂ္ဂဇင်းပိုင်ရှင်)က မီးရထားဌာနမှာ အကြီးအကဲ ဖြစ်နေပါ တယ်။ အလုပ်ကိစ္စနဲ့ ဂျပန်ပြည် ကို သွားတာ ပြန်ရောက်လာပြီလို့ ဖုန်းဆက်လာတာနဲ့ နေ့လယ်စာစားပြီး တော့ အဲဒီအိမ် ဆိုပြီး ထွက်သွား ပါလေရော။
နှစ်နာရီလောက်ကြာလို့ အိမ်ရှေ့မှာ ကားတစ်စီးဆိုက်သံ ကြားတော့ ဦးမြလှိုင်ပြန်ရောက်လာတာပဲလို့ ထင် မိတာပေါ့။ တံခါးခေါက်သံ ကြားမှ တခြား ဧည့်သည်တစ်ဦးဦးဖြစ်မယ်ဆိုပြီး ဖွင့်လိုက်တာနဲ့ ကားထဲက လူပေါင်းများ စွာ ဝင်လာကြပါရော။ ကျွန်မတို့လည်း အံ့အားသင့်လို့ ခေါင်းဆောင်လုပ်သူ အရာရှိက ရည် ရည်မွန်မွန် ပါပဲ။ သူတို့ ဘယ်သူဘယ်ဝါ၊ ဘယ်ဌာနကဖြစ်ကြောင်း၊ အိမ်ကိုရှာဖို့ ဝရမ်းပါကြောင်း ထုတ်ပြပါ တယ်။ ဘာတွေဖြစ်ကုန် တယ်ဆိုတာ နားမလည်နိုင်အောင်ပါပဲ။
တရားဥပဒေအရ အထောက်အထားပြပြီး လာသူများဖြစ်လို့ ကျွန်မကတော့ သူတို့လုပ်သမျှ ကြည့်နေရတာ ပေါ့။ ကျွန်မ အမေကတော့ ဒါတွေကို သဘောမပေါက် နားမလည်တော့ ခါးကြီးထောက်၊ မျက်စောင်းကြီး ထိုးပြီး ရန် လိုတော့တာပဲ။ သူ့အခန်းကို မဝင်စေရ၊ သူ့ပစ္စည်းတွေကိုလည်း မထိစေနဲ့ ဖြစ်နေလို့ ကျွန်မမှာ အဲဒီတာဝန်ရှိ ပုဂ္ဂိုလ်များကို 'ကျွန်မအမေ စိတ်မမှန်လို့ သည်းခံကြပါရှင်'နဲ့ တောင်းပန်လိုက်ရတာ ရှိခိုးဦးတင် ပါပဲ။ သူတို့ကလည်း နားလည်မှုရှိစွာ၊ ခွင့်လွှတ်စွာနဲ့ အပြုံးတွေနဲ့ မာမီကို ဆက်ဆံကြလို့ တော်ပါသေးရဲ့။
ရှာတာ မှ တစ်အိမ်လုံးကို မှောက်လှန်ပြီး ရှာတာပါ။ မီးဖိုထဲက ကော်ဖီမှုန့်ဘူးတောင် မကျန်ပါဘူး။ အားလုံး မှောက်ပြီး ရှာတာမျိုးလေ။ တခြားမည်မည်ရရတော့ ဘာမှ တွေ့သွားပုံမရပါဘူး။ သီးချင်းကက်ဆက်ခွေ အားလုံး နဲ့ သားကြီး အမေရိကားက ဦးမြလှိုင် မှာလို့ ပို့ပေးထားတဲ့ ပွိုင့်တူးတူး လေသေနတ်တစ်လက်ကို သိမ်းယူသွား ပါတယ်။ ဒီထဲမှာ နောက်တစ်ခု ပြဿနာက လူတွေ တရုန်းရုန်နဲ့ တစ်အိမ်လုံး မှောက်လှန်ရှာ နေတာကို ကလေးတွေက သဘောတွေကျပြီး ပျော်ကြလွန်းလို့ရှာတဲ့ လူတွေထဲ ဝင်ပါ၊ ပစ္စည်းတွေ ကို ဝင်မွှေလို့ ကျွန်မမှာ ကလေးတွေကို ဆွဲရတာ ဟန့်ရတာက တစ်ဖက်၊ မာမီ့ကို ထိန်း ရတာက တစ်မျိုး ဘာတွေ ဖြစ်နေမှန်းလည်း နားမလည်နဲ့ ဗျာများနေရပါတယ်။
ညနေစောင်းမှ ကိစ္စပြီးလို့ ပြန်သွားကြပါတယ်။ ဦးမြလှိုင်လည်း ပြန်မရောက်သေးတာနဲ့ ဗိုလ်မှူါ်ကြီး သန်းညွှန့် အိမ်ကို ဖုန်းဆက်ပြီး မေးရကောင်းမလား စဉ်းစားနေဆဲ ယာဉ်မောင်းဦးမောင်ကြီးက မျက်စိမျက် နှာ ပျက်ပျက်နဲ့ အိမ်ထဲ ဝင်လာပါတယ်။ 'ဆရာ ဦးမြလှိုင် ထိန်းသိမ်းခံလိုက်ရပြီ'တဲ့။ ဒီစကားကို ကြားတော့ ကျွန်မတို့မှာ မယုံနိုင်အောင် ဖြစ်ရပါတယ်။ ဗိုလ်မှူးကြီး သန်းညွှန့် အိမ်က အပြန်လမ်းမှာ ကားကိုရပ်ခိုင်းပြီး ဌာနချုပ် ကို ခေါ်သွားတာတဲ့။ ဦးမောင်ကြီးကိုလည်း သီးခြားခွဲစစ်ဆေးပြီးမှ ပြန်လွှတ်လိုက်တာပါ။ ဦးမြလှိုင် နဲ့ ကားကတော့ ကျန်ခဲ့ ရစ်တယ် ဆိုတ ပြောပြမှ ရေရေရာရာ သိရတော့တာပါ။
အဲဒီအချိန်တွေက နိုင်ငံရေးတွေ ရှုပ်ထွေးပြီး အုပ်ချုပ်မှုဆိုင်ရာ အပြောင်းအလဲတွေနဲ့မို့ ဌာနဆိုင်ရာက လူကြီးပိုင်း များစွာလည်း ထိန်းသိမ်းတာ ခံကြရပါတယ်။ ထိန်းသိမ်းခံ လူတန်းစားတစ်စုလို့တောင် ပြောနိုင် လောက်ပါရဲ့ အဲဒီအုပ်စုထဲက ဦးမြလှိုင် လည်း ဘယ်လိုအကြောင်းတရားနဲ့ ပါသွားလေတယ်မသိပါဘူး။ ဒါ ပေမဲ့ လူနဲ့အတူ ကား ကိုပါ ခေါ်ယူထားလိုက်တာမို့ စစ်ဆေးပြီးရင် ပြန်များလွှတ်လေမလားဆိုတဲ့ မျှော်လင့် ချက်ကလေး ထားနေမိ ပါသေးတယ်။ 'မြန်မြန် လွတ်မြောက်ပါစေ' ဆိုတာ ဘုရားစင်ရှေ့မှောက်ကို ပြေးပြီး လည်း ဆုတောင်းရင်း စိတ်ပူလို့ မျက်ရည်တွေလည်း ကျပေါ့။ ဘယ်အချိန် ပြန်ရောက်မလဲဆိုတာ ကားသံ ကို နားစွင့် ရင်း အဲဒီညက ကျွန်မ မအိပ်နိုင်ဘဲ တလူးလူးဒ တလွန့်လွန့်နဲ့ မိုးစင်စင်လင်းသွားပါတော့တယ်။
မနက်ကျတော့ ထောက်လှမ်းရေးဌာနက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဖုန်ဆက်လာပါတယ်။ ဦးမြလှိုင်ကို ထိန်းသိမ်း ထားပြီဖြစ်လို့ အဝတ်အစား အသုံးအဆောင်ပစ္စည်းတွေကို ဘောင်ဒရီလမ်းမှာ ရှိတဲ့ရုံးကို လာပို့ပေးပါတဲ့။ အကျိုးအကြောင်း အတိအကျ သိလိုက်ရတော့ စောစောက ထားရှိထားတဲ့ မျှော်လင့်ချက် ကလေး ရင်ထဲမှာ အစိတ်စိတ် အမြွာမြွာ ဖြစ်အောင် ကြေမွသွားပြီး နာကျင်ခံခက်တဲ့ ဝေဒနာကြောင့် မျက် ရည်က တာကျိုးသလို ကျလာပါတော့ တယ်။
ပြဿနာရှိတိုင်း ပြေးပြောရတဲ့ အားကိုးရာ အစ်ကိုဝမ်းကွဲနှစ်ယောက်ကလည်း ဦးမြလှိုင် အရင် မကြာမတင် လေးမှာပဲ ထိန်းသိမ်းခံလိုက်ရတော့ အားကိုးရာ မောင်ငယ် မောင်မောင်မြင့်တစ်ယောက်ပဲ ကျန် ပါတော့ တယ်။ မောင်မောင်မြင့်က အဲဒီအချိန်က Mandalay Tour ဆိုပြီး ပထမဆုံး ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း ကို စတင်ခဲ့ပြီး အောင်မြင်နေဆဲကာလပါ။ မောင်မောင့်ကိုပဲ ဖုန်းဆက်ပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို ပြောပြရတော့တာပေါ့။ သူ့ခမျာလည်း အစ်ကိုနှစ်ယောက်ရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကို တာဝန်ယူ ထားရတဲ့အထဲ အခု ကျွုန်မကပါ အဆစ်ပါလာပြန်တော့ တော်တော်စိတ်မကောင်း ဖြစ်သွားလေရဲ့။
မောင်မောင့်ကို အကျိုးအကြောင်း ပြောပြီးတာနဲ့ ဦးမြလှိုင်အတွက် အဝတ်အစား အသုံးအဆောင်၊ ဆေးဝါး စတဲ့ လိုအပ်မဲ့ပစ္စည်းမှန်သမျှကို ထုပ်ပိုးပြီး ဘောင်ဒရီလမ်းထိပ်မှာ ရှိတဲ့ ထောက်လှမ်းရေးရုံးကို သုံးဘီးကား တစ်စီး ငှားပြီး ကျွန်မကိုယ်တိုင် သွားပို့ပါတယ်။ ဦးမြလှိုင်နဲ့ ဆွေ့ဆုံးခွင့်များ မျှော်လင့်ချက်လည်း ပါလေ တယ် ဆိုပါတော့။ ရောက်သွားတော့ အတွင်းရုံးခန်းထဲထိတောင် ဝင်ခွင့်ရတာ မဟုတ်ပါဘူး။ ဂိတ်ဝ နားက နေရာတစ်ခုမှာ ယူသွားတဲ့ ပစ္စည်းတွေကို စစ်ဆေးယူတဲ့ သူဆီမှာပဲ အပ်ခဲ့ရတာပါ။ ကျွန်မက အရာရှိနဲ့ တွေ့ဆုံခွင့်ရမလား ဦးမြလှိုင်ကို တွေ့ဆုံခွင့်တောင်းချင် လို့ပါ ဆိုတာ မေးကြည့်တော့ တွေ့ခွင့် မရှိဘူးလို့ ပြောပါတယ်။ ရဲဘော် အနေနဲ့က ဘာမှ ရေရေရာရာ ဖြေလိုပုံမရတာနဲ့ ကျွန်မလည်း စိတ်လျှော့ပြီး ပြန် လမ်း ကို လှည့်ခဲ့ရတာပါပဲ.။
နွေရာသီမို့ နေကလည်း ချစ်ချစ်တောက်ပူလို့ နေနဲ့အတူ ကျွန်မရင်ထဲမှာလည်း ပူလောင်နေ ပါတော့ တယ်။ ထောင်ကျတယ် ဆိုတာမျိုးက နှစ်အကန့်အသတ် ရှိတာမို့ လွတ်ရက်ကို လက်ချိုးပြီး ရေတွက်လို့ ရနိုင် ပါ သေးတယ်။ ထိန်းသိမ်းတယ်ဆိုတာကျတော့ ပြစ်မှုလည်း မသိရ၊ အချိန်အတိုင်းအတာ ရက်အကန့်အသတ် လည်း မရှိ၊ အကျဥ်းအကျပ်ထဲ ရောက်နေသူအတွက် ပူပန်ရသလို ကျန်ရစ်သူတွေအနေနဲ့ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိ။ အထူးသဖြင့် ကျွန်မလို အလုပ်အကိုင်မရှိ၊ လက်ထဲ ငွေမရှိတဲ့အချိန်မှာ စိတ်ဝေဒနာရှင် မိခင်ကြီးနဲ့ သားသမီးရှစ်ယောက် အပြင် အတူနေ ကျွန်မ ရဲ့ ဆိုင်မန်နေဂျာ မအေးမြင့်နဲ့ ယာဉ်မောင်းဦးမောင် ကြီး၊ ဇနီးဒေါ်ဒေါင်း တို့ရဲ့ တာဝန်ပါရှိနေတာမို့ ဖြစ်လာသမျှကို ရင်ဆိုင်နိုင်ဖို့ ကျွန်မ သတ္တိမွေးပါတော့မယ်။
ထောက်လှမ်းရေးရုံးက ထွက်ပြီး သုံးဘီးကား ရဖို့ လမ်းထိပ်အထိ လျှောက်လာရတာပေါ့။ ကားတွေက လည်း ဖြတ်သာ သွားကြတယ်။ လူက အပြည့်နဲ့မို့ မတားနိုင်ဘဲ ငေးလို့သာကြည့်နေရပါတယ်။ နေပူထဲ ရပ်နေရတာကြာ လို့ ချွေးတွေက စီးကျပြီး တစ်ကိုယ်လုံးလည်း ရွှဲနစ်နေပြီလေ။ အပြင်ကပူ၊ ရင်တွင်းကအပူနဲ့ မီးပင်လယ် ထဲ နစ်နေတဲ့အတိုင်းပါပဲ ဒီအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ဖြတ်မောင်းသွားတဲ့ ကားတစ်စီးက တစ်ခေါ်လောက် ရောက်တော့ ကျွိခနဲ ဘရိတ်အုပ်ပြီး နောက်ဆုတ်မောင်းချလာတာနဲ့ ကျွန်မလည်း ကားနဲ့ လွတ်ရာ လမ်းဘေး ဆင်းရှောင်လိုက်ရင်း ကြည့်မိတော့ ကားမောင်းလာသူက ညီမငယ်တစ်ယောက်လို ချစ် ရတဲ့ သူငယ်ချင်း ဒေါက်တာခင်မြကြူ (ယခု USESCO Paris) ဖြစ်နေလေရဲ့။
'ဟယ်... မမခင်ကြီး၊ ဘယ်လိုဖြစ်ပြီး နေပူကြီးထဲမှာ ရပ်နေတာလဲ၊ ကားမပါဘူးလား'တဲ့
သူက တအံ့တသြနဲ့ လှမ်းမေးပ်ါတယ်။ ဒီတော့ ဖြစ်ကြောင်းကုန်စင်ကို အတိုးချုံးပြီး ပြောပြတော့ သူလည်း စိတ် မကောင်းတွေ ဖြစ်လို့။
'လာ... လာ.... ကားပေါ်တက်၊ Clara အိမ်လိုက်ပို့ပေးမယ်'တဲ့
Clara ခေါ် ဒေါက်တာခင်မြကြည်ရဲ့ ကျေးဇူးနဲပ သက်သက်သာသာ အိမ်ပြန်ရောက်လာပါတော့တယ်။ ဒါပေမဲ့ နောက်ရက်တွေ ကျတော့ မြို့ပြင်မှာနေတဲ့ ကျွန်မအဖို့ ကားမရှိခြင်းက ပြဿနာကြီးစွာ ဖြစ်ပါလေ ရော။ လက်ရှိကျောင်းသား က လေးယောက်မှာ မနက်ပိုင်းတက်ရတာက တစ်သုတ်၊ နေ့ခင်းပိုင်း တက်ရတာ ကတစ်ဖွဲ့၊ ကားရှိတုန်း ကတော့ ယာဉ်မောင်းဦးမောင်ကြီးက အချိန်မှန် ကျောင်းပို့ ကျောင်းကြို လုပ်နေတာမို့ အဆင်ပြေလေ တယ်ပေါ့။ ကားက ဘယ်သောကာလမှ ပြန်ရလေမယ် မသိလို့၊ ပြန်ရတဲ့တိုင်အောင်လည်း ကျွန်မ မှာ ယာဉ်မောင်းလခပေး ဖို့ မတတ်နိုင်တော့တာကြောင့် ဦးမောင်ကြီးကို တခြားမှာ အလုပ်ရှာဖို့ ပြောရ ပါတယ်။ အလုပ် က ရပ်နားရင် ထုံးစံအလုပ်သမားဥပဒေအရ ပေးရတဲ့ သုံးလတွက်ခစာလည်း မပေးနိုင်လို့ နောက်မှ ကျွန်မ ရှာပေး ပါ့မယ်ဆိုတာ ကတိလည်း ခံရပါသေးတယ်။ သူတို့ ဇနီးမောင်နှံကလည်း မိသားစုလို ဖြစ်နေတာမို့ နားလည် မှုရှိကြလို့ တော်ပါသေးရဲ့။
ယာဉ်မောင်းကလည်း မရှိတော့ ကျောင်းပို့ဖို့ သုံးဘီးကားကိုပဲ အားကိုးရပါတယ်။ သုံးဘီးကားကလည်း အခါ ခပ်သိမ်း ငှားလို့ရတာ မဟုတ်တော့ ဘတ်စ်ကားနဲ့ သွားရတဲ့အခါလည်းရှိရဲ့။ ကမ္ဘာအေးဘုရားလမ်းကို ပြေးတဲ့ နံပါတ်(၅) ကားကလည်း အမြဲတမ်း လူအပြည့်မို့ ကလေးတွေနဲ့ တွယ်တက်ဖို့က မလွယ်၊ ချောင်တဲ့ ကား စောင့်ရင်း နဲ့ ကျောင်းနောက်ကျတော အခါများစွာ ဖြစ်လာတော့ ကလေးတွေကလည်း စိတ်ညစ်၊ တစ်နေ့ ကို လေးခေါက်ပို့ရကြိုရတဲ့ သုံးဘီးကားခ က တစ်ဆယ်လောက် ဖြစ်နေတော့ ကျွန်မ မတတ်နိုင်တော့ ပါဘူး။ လက်ထဲမှာ ငွေကျန် ကလည်း များများမရှိ။
တစ်နေ့မှာ ဒေါက်တာခင်မြကြူရဲ့ အမေ ဒေါ်မြစိန် ရောက်လာပါတယ်။ သမီးဆီက သတင်းကြားလို့တဲ့။ ကျွန်မလက်ထဲကို ငွေလေးရာ လာထည့်ပါတယ်။
'အစ်မကြီး ရွှေဆွဲကြိုးကို ရောင်းလာခဲ့တဲ့ငွေ၊ ငါ့ညီမလေးတွေနဲ့ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ လာပေးတာ'တဲ့။ ဒေါ်မြစိန်က ကျွန်မနဲ့ ညီအစ်မလို ရင်းနှီးသူပါ။ တစ်ယောက်ကိစ္စရှိရင် တစ်ယောက် ကူနဲ့ ဆွေမျိုးရင်းချာလို နေသူဖြစ်လို့ အားမနာနိုင်ဘဲ မျက်ရည်လည်ရွဲနဲ့ အစ်မကြီးပေးတဲ့ ငွေကို မယူမဖြစ်တဲ့ အခြေအနေ မို့ ကျေးဇူးတင်စွာနဲ့ လက်ခံရယူလိုက်ပါတယ်။ ဒီအချိန်မှာ ဘယ်သူမှ ငွေသားအပို မရှိကြပါဘူး။ စိန်ရွှေ လက်ဝတ်ရတနာတွေ ကို အရေးပေါ်အဖြစ်နဲ့ ထုခွဲရောင်းချပြီး သုံးစွဲကြရတာပါ။
အခြားအရေး ထက် ကလေးတွေ ကျောင်းမှန်မှန်တက်နိုင်ဖို့က ပိုအရေးကြီးတာမို့ မြို့ထဲ တစ်နေရာ မှာ နေစရာနေရာတစ်ခု ရှာဖို့ စဉ်းစားမိတာနဲ့ မောင်ငယ်မောင်မောင်မြင့်ဆီ ဖုန်းဆက်ပြီး အကျိုး အကြောင်း ပြောပြတော့...
'မမခင် ဘာမှပူမနေနဲ့ (၃၉)လမ်းထဲမှာရှိတဲ့ မောင်မောင့်ရုံးခန်းတစ်ခုကို ဖယ်ပေးမယ်၊ အဲဒီမှာ သွားနေ၊ မြို့ ထဲမှာ ဆိုတော့ ကလေးတွေ ကျောင်းပို့ ကျောင်းကြို ကိစ္စလည်း လွယ်ကူသွားမယ်'တဲ့။
တော်ပါသေးရဲု့ ဘာလုပ်ရမှန်းမသိ ဒုက္ခရောက်နေချိန်မှာ မောင်ငယ်က လွယ်လွယ်ကူကူနဲ့ နေရာလေးတစ် ခု ပေးတယ် ဆိုတာ ဧရာမကျေးဇူးတရားလို့ ခံယူမိပါတယ်။ နေစရာနေရာလေးတစ်ခု အဆင်ပြေသွားပြန် တော့ အိမ်ပြောင်း ဖို့ ကိစ္စက ခေါင်းခြောက်ရပြန်ပါလေရော။ အိမ်နဲ့ အပြည့်ဖြစ်နေတဲ့ ပစ္စည်းတွေ ကို ရွှေ့ပြောင်းခ ကလည်း မနည်းမနော ကုန်ကျရဦးမှာပါ။ ဒီအချိန်မှာ ထိန်းသိမ်းခံ မိသားစုတွေရဲ့ လှုပ်ရှားမှု များကို သက်ဆိုင်ရာဌာနက အမြဲမပြတ်စောင့်ကြည့်နေတတ်တာ ဖြစ်လို့ ဘယ်သူမှ မပတ်သက် မဆက် သွယ်ရဲကြ ပါဘူး။ အများစုကလမ်းမှာ တွေ့ရင်တောင် နှုတ်ဆက်ရမှာစိုးပြီး မမြင်ဟန်ဆောင်နေကြတဲ့အထိ ဆင်ခြင်နေတတ်ကြတာမို့ ကျွန်မတို့မှာလည်း အလိုက်သိစွာနဲ့ ကိုယ့်ဟာကိုယ် သီးခြား ခပ်ကုပ်ကုပ် လူတောထဲက နောက်ဆုတ်ပြီး နေကြရတဲ့အချိန်ပေါ့.။
ဒီအထဲမှာ စာနာစိတ်နဲ့ အကူအညီပေးလိုတဲ့ အစ်မကြီး ဒေါ်မြစိန်တို့လို ရှားရှားပါးပါး မိတ်ဆွေကောင်များ လည်း ရှိကြ ပါသေးတယ်။ တစ်နေ့မှာ ဦးမြလှိုင်နဲ့ လုပ်ဖော်ကိုင်ဖက်ရင်းနှီးခင်မင်တဲ့ ဗြိတိသျှဘားမား ဘလောက်တိုက် ပိုင်ရှင် ဦးလှကျော် ရောက်လာပါတယ်။ ဦးမြလှိုင် ထိန်းသိမ်းခံရကြောင်း သတင်းကြားကြား ချင်း အကျိုးအကြောင်း လာမေးတာပါတဲ့။ သူဘာများ ကူညီရမလဲလို့ ဆိုပါသည်။ ကျွန်မလည်း အားနာတာနဲ့ 'ဘာမှ မလိုပါဘူး၊ မကြာခင် ရက်ပိုင်းအတွင်းမြို့ထဲပြောင်းနေဖို့ စီစဉ်နေပါတယ်' ပြောပြတော့-
' ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ ကားငှားပြီးပြီလား ' တဲ့။
' မငှားရသေးပါဘူး၊ စီးစဉ်ဆဲပါပဲ ' လို့ မယုတ်မလွန် ပြန်ဖြေရတာ့ပေါ့။
' ဒါဆို ရွှေ့ပြောင်းဖို့ကိစ္စ ကျွန်တော် တာဝန်ယူပေးမယ်၊ ဒေါ်ခင်မကြီးမှာ ကလေးတွေ တစ်ပြုံကြီးနဲ့ ဒါတွေ လုပ်နိုင်မှာ မဟုတ်ဘူး၊ စိတ်အေးအေးနေ ' တဲ့။
အင်္ဂလိပ်ပုံပြင်တွေထဲက တောထဲမှာ မျက်စိလည် လမ်းမှာပြီး ဒုက္ခရောက်နေတဲ့သူကို God Sent ဆိုပြီး ဘုရားသခင် ဆီက ကူညီစောင့်ရှောက်တဲ့သူ တစ်ဦးဦး ရောက်လာသလိုပဲ ကျွန်မ အကျပ်အတည်းဖြစ်နေ ခိုက် ရောက်လာပြီး အကူအညီပေးတော့ ဦးလှကျော် ကို ထိုင်ရှိခိုးချင်အောင်ကို ကျေးဇူးတင်မိပါသသည်။ ဦးလှကျော် ရဲ့ ကူညီပေးမှုနဲ့ ကျွန်မတို့မောင်မောင်ရဲ့ ရုံခန်းရှိရာ(၃၉) လမ်ကို ပြောင်းလဲ့ကြပါရော။ အဲဒီနေ့ ကို တော့ ကျွန်မတစ်သက် မမေ့နိုင်တော့ပါဘူး။
မောင်မောင်မြင့်ရဲ့ Mandalay Tour ကုမ္ပဏီရုံချုပ်က ကမ်းနာလမ်း Strand Hotel နဲ့ ကပ်လျက်မှာ ရှိပါ တယ်။ အလုပ်က အောင်မြင်လာတော့ ၀န်ထမ်းတွေ တိုးချဲ့ခန့်ထားရတာမို့ (၃၉) လမ်းက ကမ်းနား ဘလောက် မှာ ပဲ ရုံခန်းတစ်ခု ထပ်တိုးထားရတယ်ပေါ့။ အဲဒီအခန်းက ပေအ၀က်၊ ပေငါးဆယ်ခန့် ပထမထပ်မှာပါ။ အခု ကျွန်မ အတွက် အရေးပေါ် နေစရာနေရာ ချထားရေးစီစဉ် ဖို့ဖြစ်လာတော့ ၀န်ထမ်းတွေကို ရုံချုပ်မှာ ကျပ်ကျပ် သပ်သပ် ပြန်ရွှေ့ပေးရလို့ သူ့ခမျာမှာ လည်း ဉာတကာနစ္စသင်္ဂဟော မင်္ဂလာတရားအရ အစ်မ ကို စောင့်ရှောက်ကူညီပေးရတာ သက်သာရှာတာ မဟုတ်ပါဘူး။ တော်ရုံစေတနာနဲ့ လုပ်မပေးနိုင်ဘူး ဆိုတာလည်း ကျွန်မ နားလည် သဘောပေါက်မိပါတယ်။
ကျွန်မအနေနဲ့ မြို့ထဲမှာ သွားရေးလာရေး လွယ်လွယ်ကူကူ အဆင်ပြေပြေရှိပြီး ကျောခင်း စရာ နေရာလေး တစ်ခုရတာကိုပဲ ကျေးဇူးတင်လို့ မဆုံး၊၀မ်းသာလို့မဆုံး ရှိနေချိန်မှာ ကျွန်မအမေက အခန်းထဲကို ခြေချလို့ အခန်းရဲ့ ကျဉ်းကျဉ်းမြောင်းမြောင်း ပုံသဏ္ဍာန်ကို တွေ့လိုက်တယ် ဆိုရင်ပဲ အော်ကြီးဟစ်ကျယ် ဖြစ်ပါလေရော။
မာမီ ဒီလို ကျဉ်းကျဉ်းကျပ်ကျပ် နေရာမျိုး မနေနိုင်ဘူး၊ ခုချက်ချင်း အိမ်ကိုပြန်ပို့'တဲ့လေ။ ပစ္စည်းတွေကိုလည်း ပစ်ပေါက် ချိုးဖဲ့ပြီး သောင်းကျန်း ပါတော့တယ်။ မာမီကို တောင်းပန်ရ၊ ချော့ရ၊ မာမီ ဒေါသ တကြီး အော်ဟစ် ဆူညံလေ ဘေးအိမ်ခန်းတွေကလည်း ကပ်နေတာမို့ ရှက်လည်းရှက်၊ အားလည်းအားနာ၊ စိတ်လည်း ဆင်းရဲ၊ ဖြစ်နိုင်ရင် ကျွန်မလည်း ကျွန်မရဲ့ မိခင်နဲ့ သားသမီး မိသားစုတွေကို ခမ်းခမ်းနားနား တင့်တင့် တယ်တယ် ထားချင်း တာပေါ့နော်။ အခြေအနေမပေးတဲ့ အခိုက်ကလေးမို့သာ ကွန်ခိုရာအဖြစ် လာနေရတာပါ ဆိုတာကို ရှင်းပြလည်း နားမထောင်၊ နာမလည်နိုင်၊ ကျွန်မ ဘာမှ မလုပ်တတ်တော့တဲ့အဆုံး မာမီ့ခြေရင်းမှာပဲ ဦးခေါင်း နဲ့တိုက်ပြီး ရှိခိုးးတောင်းပန်ရင်း ရှိုက်ကြီးတငင်နဲ့ ငိုချလိုက်ပါတော့တယ်။
ရင်ထဲမှာလည်း တကယ်ကို ပေါက်ကွဲမတတ် ခံစားရပါတယ်။
နောက်ဆုံးတော့ မာမီလည်း ကျွန်မကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့။ ငြိမ်ကျပြီး သူ့ခုတင်ပေါ်မှာ လှဲအိပ် ရင်း အော်ရဟစ်ရတာ မောလေလို့လား မသိဘူး။ အိပ်ပျော်သွားပါတော့တယ်။ နေရာကကျဉ်းတော့ မာမီ့ အတွက် ခုတင် တစ်ခုသာ ခင်းထားပြီး ကျွန်မတို့ အိမ်သားအားလုံးက မီးဘေးဒုက္ခသည်တွေလို ကြမ်းပေါ်မှာ အိပ်ရာ ခင်းပြီး တန်းစီပြီး အိပ်ကြရတယ်ပေါ့။ အဲဒါကိုပဲ ကလေးတွေက သဘောကျနေကြလေသေးရဲ့။ တစ်ယောက် အိပ်ရာ တစ်ယောက်ကူးကြ၊ ကလိတိုးကြ၊ ခေါင်းအုံး တိုက်ပွဲလုပ်ကြ၊ စကြပြောင်ကြ၊ ရယ်ကြမောကြ၊ ပူပင်သောကရောက်ရကောင်းမှန် မသိကြသေးတဲ့ အရွယ်လေးမို့ ကျွန်မမှာ သူတို့ကို ကြည့်ပြီး ပင့်သက်ချ မိပါတော့တယ်။
ဒီလိုအခြေအနေနဲ့ ဘယ်လောက်ကြာကြာ နေရလေမယ်လည်း မသိ၊ ပြုစုပျိုးထောင် ရမယ့် ကလေးတွေ ကလည်း အရွယ်အစားစားနော်။ အမေရိကားကို ရောက်နေတဲ့ သားကြီးဝင်းခန့် မှအပ ကျန်တဲ့ကလေးတွေက ဥမမည် စာမမြောက်၊ အကြီးဆုံးသမီး ကေခိုင်က တစ်ဆယ့်ငါးနှစ်၊ အငယ်ဆုံး အိန္ဒာကခုမှ ခုနှစ်လသားအရွယ်ပဲ ရှိသေးတာပါ။ ဆရာစန္ဒြ ဟောခဲ့သလို ကြွေလိုက်တာ ကုန်းကောက်စရာ မရှိတော့ဘူးဆိုတဲ့ကိန်း ဆိုက်နေပါတော့ တယ်။ ကျွန်မ လက်ထဲမှာ ငါးကျပ်ပြည့်အောင် မရှိတော့တဲ့ တစ်နေ့ ရောက်လာပါတယ်။

ချရောင်းစရာ ပစ္စည်းအဖိုးတန်ရယ်ကလည်းမရှိတော့ဘူး။ ဘာလုပ်ရမှန်းမသိအောင် စိတ်အကျဉ်း အကျပ်ဖြစ်နေ တာ နဲ့ အကြံကောင်း၊ ဥာဏ်ကောင်းရလို့ရငြား၊ ခေါင်းရှင်းရအောင်ဆိုပြီး ကလေးတွေနဲ့အတူ မနီးမဝေးမှာ ရှိတဲ့ ဗိုလ်တထောင် ဆိပ်ကမ်းဘက် လမ်းလျှောက်ထွက်လာခဲ့ တယ်ပေါ့။ ရန်ကုန်မြို့ရဲ့ ဆည်းဆာ က ရွှေရည်တွေ ၀င်းလက်ပြီး လှပနေပါတယ်။ မြစ်ဘက်က တိုက်ခတ်လာတဲ့ လေအေးကလည်း ရင်ကို အေးမြစေ တာ အမှန်ပါ။ တစ်နေ့လုံး တိုက်ခန်းကျဉ်း ကျဉ်းလေးထဲမှာ လှောင်ပိတ်နေကြရတာမို့ ကလေးတွေ ကလည်း လွတ်လွတ်လပ်လပ် ပြေးလွှား ဆော့ကစားကြရင်း ရွှင်လို့မြူးလို့၊ သူတို့ကိုကြည့်ရင်း ကျွန်မလည်း စိတ်ရွှင်လန်းလာပါတယ်။ သားသမီးဆိုတာ မိမိခန္ဓာကိုယ်ရဲ့ အပြင်ဘက်ရောက်နေ တဲ့ နှလုံးသားလေးတွေ လို့ စာဆိုတစ်ဦး ရေးခဲ့ဖူးတာကို သတိရမိပါရဲ့။ အမေ တစ်ယောက် အနေနဲ့ နှလုံးသားလေးတွေလို့ စာဆိုတစ်ဦး ရေးခဲ့ဖူးတာကို သတိရမိပါရဲ့။ အမေတစ်ယောက်အနေနဲ့ သူတို့ပျော်ရင် ကိုယ်လည်းလိုက်ပျော်၊ သူတို့စိတ်ဆင်းရဲရင် ကိုယ်လည်းဆင်းရဲ၊ သတို့လှုပ်ရှားသမျှ မိမိရဲ့ အရိပ်တစ်ခု လို အမြဲထင်ဟပ် နေတာမဟုတ်ပါလားနော်။
ဒီလိုနဲ့ မှောင်ရိပ်သန်းလာတော့ ကျွန်မတို့အိမ်ပြန်ဖို့ လမ်းဖြတ်အကူးမှာ သားကြီးဝင်းရဲ့သူငယ် ချင်းမေရီ တို့ မောင်နှမအုပ်စုကြီးနဲ့ သွားတိုးမိပါလေရော။ သူတို့ကလည်း မမျှော်လင့်ဘဲ ဆုံမိ တော့ ၀မ်းတွေသာလို့။ ပြောကြာဆိုကြရင်း အိမ်အထိ လိုက်လာကြပါတယ်။ အိမ်ကျတော့မှ ကျွန်မ လည်းလက်ရှိ အခြေအနေတွေကို ပြောပြရတာပေါ့။ ကျွန်မနဲ့မေရီစကား လက်ဆုံကျနေတုန်းအ ခိုက်မှာ မျက်စိလျင် တဲ့ မေရီရဲ့ မောင်လေးတစ်ယောက်က...
"အန်တီ ဒီဗီရိုထဲက ဘူးလေးတွေက ပွိုင့်တူးတူး ကျန်ဆန်ဘူးလေးတွေပဲ ကျန်နေတာ"လို့ ကျွန်မ က ပြောပြတော့....
"ကျွန်တော့် သူငယ်ချင်းတစ်ယောက် က လိုချင်လို့ လိုက်ရှာနေတာ၊ အန်တီရောင်းမယ်ဆိုရင် ကျွန်တော် သူ့ အတွက် ၀ယ်သွားလိုက်မယ်"တဲ့။
ကျွန်မှာ ငွေလိုနေတဲ့အချိန် ရောင်းစရာပစ္စည်းစဉ်းစားနေခိုက်မို့ အတော်ပဲဖြစ်သွားပြီး "ယူလေ" လေလို့ လွယ်လွယ် ကူကူ သဘောတူလိုက်တယ်ပေါ့။ ကျည်ဆန်ကို ရေတွက်ကြည့်တော့ ဘူးလေး သုံးဘူးထဲက အတောင့် (၁၂၀) ရှိပါတယ်။ တစ်ထောင့် တစ်ကျပ်နှုန်းနဲ့ တွက်ပြီး ငွေတစ်ရာ့နှစ် ဆယ်ပေးမယ်တဲ့။ ဒါဆို ကျွန်မ အတွက် ခြိုးခြိုးခြုံခြုံသုံးရင် တစ်ပတ်စာလောက် ခံသာသွားပြီးဖြစ် လို့ဝမ်းသာသွားမိပါတယ်။ သူတို့မောင်နှမမှာ ပါလာသမျှငွေတွေ စုပေါင်းရေတွက်ကြည့်တော့ ငွေနှစ်ဆယ်ပဲ ရှိတာနဲ့ ပါသမျှ ပေးထားခဲ့ပြီး ကျန်ငွေတော့ နောက် မှ လာပေးမယ်ဆိုတဲ့ ကတိနဲ့ ကျန်ဆန်ဘူးတွေကို ယူသွားကြလေရဲ့။
ကျွန်မ ရင်ထဲမှာ ပူပန်နေရတဲ့ အလုံးကြီးကျသွားလို့ စိတ်လက်ပေါ့ပါးသွားပါတယ်။ ဒီလိုနဲ့ အိပ် ချိန်ရောက်လို့ မိသားစု အားလုံး လည်း အိပ်မောကျနေပါပြီ။ ကျွန်မလည်း ပြုနေကျဝတ္တရားအတိုင်း ဘုရားဝတ်ပြု၊ မေတ္တာပို့၊ အမျှ အတန်းဝေပြီး အိပ်ရာထဲ ၀င်ခါမှာ အတွေးတစ်ခုခေါင်းထဲ ရောက်လာ ပါလေရော။ ၀ါတွင်းသုံးလပတ်လုံး သီတင်းနေ့တိုင်း ၈ပါး သီလယူ ဥပုသ်စောင့်ပြီး သက်သတ်လွတ် စားနေကျပါ။ ဒီနေ့ကလည်း သီတင်းနေ့မို့ ကျွန်မ ၈ပါး သီလ ယူထားပါတယ်။ သက်သတ်လွတ် လည်း စားပြီးသတ္တ၀ါတွေအားလုံး အသက်ဘေးက ကင်းဝေးကြပါစေ လို့ မေတ္တာတွေပို့နေတဲ့ ကျွန်မက ကျည်ဆန်တွေရောင်းလိုက်ရတဲ့အတွက် စောစောက ၀မ်းတွေများသာ လိုက်လို့။ အဲဒီ ကျန်ဆန်တစ်ခုဟာ သတ္တ၀ါတွေရဲ့ အသက် တစ်ချောင်းစီကို ဖဲ့ခြွေမယ့် ပစ္စည်းတွေပါလားဆိုတာ လုံးဝမစဉ်းစားမိပါလား။ "ပါဏာတိပါတာ ဝေရာမဏိ"သူတစ်ပါး အသက်ကို သတ်ခြင်း မှရှောင် ကြဉ်ပါ၏ဘုရားနဲ့ ရှင်တော်ဘုရားရဲ့ ရှေ့မှောက်မှာ အာမဘန္တေတွေခံပြီး၊ ကြည့်ပါဦး၊ အသက် ပေါင်း များစွာ ကို ဖျက်ဆီးမယ့် ဒီကျည်ဆန်တွေကို မစဉ်းမစား ရောင်းလိုက်မိပါလားဆိုတဲ့ ကျွန်မရဲ့ မဟာအမှား ကို မြင်တော့ အံ့အားသင့်လို့။
"အန်တီ စောစောစီးစီးပါလား"တဲ့။
"ဟုတ်တယ် သမီးရယ်၊ ညက ရောင်းလိုက်မိတဲ့ ကျည်ဆန်တွေ ပြန်လိုချင်လို့ပါ။ ငွေလည်း အန်တီ ပြန်ပေး ပါရစေ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့နော်၊ အန်တီတောင်းပါန်ပါတယ်၊ လက်လွန်သွားမှာစိုး လို့စောစောထ လာခဲ့ တာပါ၊ မေရီ့မောင်လေးရော အိပ်ရာက နိုးပြီလားနဲ့..."
အသက်မရှူအား ဘဲ ကျွန်မ အမောတကော မေးမိပါတယ်။
"အန်တီ ပေးလိုက်တာ ဈေးနည်းသွားတယ် ထင်လို့လား၊ မိုက်ကယ်ကို မေရီပြောပေးပါမယ်၊ သူလည်း မနိုးသေး ပါဘူး၊ အေးအေးဆေးဆေးပေါ့ အန်တီရယ်၊ ထိုင်ပါဦး ကော်ဖီလည်း သောက်ပါ ဦး"နဲ့ လောကွတ်ပြု ရှာပါတယ်။
ဒီတော့မှ မေရီကို အေးအေးဆေးဆေးရှင်းပြပြီး တောင်းပန်ရပါတယ်၊ မေရီရဲ့ မောင်လေးကတော့ လူငယ်ပီပီ ကျွန်မ ခံယူချက် ကို လွယ်လွယ်လက်မခံချင်ဘဲ...
"အန်တီ ကလည်း ငရဲကြီးရင် အန်တီကြီးမှာမှ မဟုတ်တာ၊ ပစ်တဲ့သူပဲ ကြီးမှာပေါ့၊ အန်တီနဲ့မဆိုင် ဘဲနဲ့ တွေးပူ မနေပါနဲ့"တဲ့။ စောကဒ တက်ပါသေးတယ်။
ဒါပေမဲ့ မေရီ က အားနာပြီး သူ့မောင်လေးကို ကျည်ဆန်ဘူးတွေ ပြန်ပေးခိုင်းလိုက်တာနဲ့ ကျွန်မ လည်း သူတို့ပေးထားတဲ့ ငွေကိုလက်ရာမပျက် ပြန်ပေးခဲ့ပါတယ်။ အချိန်မီ ကျွန်မရဲ့အမှား ကို မြင် ပြီးပြင်ဆင်ခွင့်ရလိုက်တာမို့ ရင်ထဲက လေးနေတဲ့အလုံးကြီးကျသွားပြီး ၀မ်းသာလိုက် တဲ့ ဖြစ်ခြင်းပါ ပဲ။ အိမ်ကိုပြန်လာပြီး လှေကားတက်ခါနီကျမှ ဒီကျည်ဆန်တွေ အပြတ်ရှင်းလိုက်တာပဲ ကောင်းပါ တယ်လို့ စိတ်ကူး ရပြီး ကမ်းနားဘက် ဆက်လျှောက်သွားလိုက်တယ်ပေါ့။ ဗောတံတားရဲ့ အစွန်း ထိရောက်အောင် လျှောက် ရင်းကြည့်လိုက်တော့ နံနက်ခင်း နေခြည်နုအောက်မှာ ရန်ကုန်မြစ်က တသွင်သွင် စီးဆင်း လို့ နုန်းမြေတွေကြောင့်လား မသိ၊ ၀ါကြင်ကြင် ရေအရောင်ထဲမှာ သင်္ဘော လေးတွေခုတ်မောင်းသွားတိုင်း လှိုင်းငယ်လေးတွေ က ကမ်းစပ်ကို ပြေးပြေးလာကြပါတယ်။
"ဒီကောင်းမှု့ကြောင့် သက်ရှိသတ္တ၀ါအားလုံး အသက်ဘေးက ကင်းဝေးချမ်းသာကြပါစေ"လို့ တောင်းဆုပြုပြီး ကျည်ဆန်ဘူးတွေ ကို မြစ်လယ်ဘက်မှန်းပြီး ပစ်ထည့်လိုက်ပါတယ်။ အေးမြတဲ့ရေ ယဉ်အောက်မှာ နစ်မြုပ်ပျောက်ကွယ် သွားတဲ့ ဒီဘူးလေးတွေဟာ သတ္တ၀ါတွေရဲ့ အသက်ဘေးကို မပေးနိုင်တော့ တာ သေချာသွားပြီမို့ ကျွန်မရင်မှာ ပေါ့ပါးပြီး ကြည်လင်ရွှင်လန်းသွားပါတော့တယ်။
ဘယ်ဘက်လက် ထဲမှာ ဆုပ်ကိုင်ထားတဲ့ လက်ကျန်ငွေ အကြွေလေးတွေကို ရေတွက်ကြည့်ပြီး "ကိစ္စမရှိ ပါဘူးလေ၊ ဒီနေ့အဖို့ ပဲပြုတ်နဲ့ ထမင်းကြော်စားလိုက်လည်း ဖြစ်တာပဲ"လို့ တွေးရင်း ၃၈လမ်းဈေးမှာ ပဲပြုတ် သွားဝယ် ဖို့ ကျွန်မဆက်လျှောက်လာပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အနော်ရထာလမ်းမကြီးကို ဖြတ်အကူး...
"ခင်...ခင်...ခင်မကြီး"လို့ နောက်က အလျင်စလို ခေါ်သံတစ်ခုကြောင့် လှည့်ကြည့်လိုက်တော့ ကားပေါ်မှာ မမျှော်လင့် ဘဲ မိတ်ဆွေဟောင်း မမသန့်ဖြစ်နေပါရော။ မမသန့်နဲ့ ကျွန်မ ကွဲကွာ သွားတာကြာလှရှိနေပါပြီ။ မမသန့် က ကားကိုလမ်းဘေးမှာ ကပ်ရပ်ခိုင်းလိုက်ပြီး ကားပေါ်က ပြေးဆင်းလာပါတယ်။
"ခင်ရယ်၊ ခင့်ကို မမသန့်လိုက်ရှာနေတာ၊ နတ်မောက်ရိပ်သာလည်း ရောက်၊ ပြည်တော်အေးရိပ် သာ လည်းရောက်၊ မြို့ထဲပြောင်းသွားပြီဆိုတော့ ဘယ်လိုလိုက်ရှာရမှန်းမသိ ဖြစ်နေတာကွာ၊ ခု ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ တာ ဘုရားမ တာပဲ"တဲ့။
မမသန့် က ၀မ်းသာအားရနဲ့ အမောတကော ပြောနေပါတယ်။ သိမ်ငယ်စိတ်ဝင်နေတဲ့ ကျွန်မက မမသန့်ကို ဘာပြန်ပြောရမှန်း မသိ၊ နှုတ်က ဆွံ့အနေလေရဲ့။
"ငါညီမရဲ့ ကျေးဇူးတွေ မမသန့် ဘယ်တော့မှ မမေ့ဘူး၊ မန္တလေးပြန်သွားပြီးကတည်းက ဖေဖေက အသည်းအသန် မမာလို့ ပြုစုနေရတာ ခင်ရယ်၊ ဖေဖေဆုံးသွားပြီးတော့လည်း လုပ်ငန်းတွေတာဝန် ယူရ၊ စီမံရနဲ့ ရှုပ်နေတာ၊ ခုတောင် ကိုကိုတို့ရန်ကုန်ပြောင်းလာတာနဲ့ လိုက်ပို့ရင်း ရောက်ရတာ၊ ရောက်ကတည်းက ခင့်ကို ရှာနေတာ၊ ငါ့ညီမဆီက ယူထားတဲ့ငွေကိုလည်း ပြန်ပေးဖို့ရှိသေးတယ်၊ လိပ်စာပြောခဲ့ပါဦး၊ နေ့ခင်းကျ မမသန့် လာပို့ပေးချင်လို့ပါ"တဲ့။
မမသန့် နှုတ်ဆက်ပြီး ကားထွက်သွားတော့ ကျွန်မအဖြစ်ကို ကျွန်မမယုံနိုငအောင် ဖြစ်မိပါတယ်။ မမသန့် မန္တလေးမှာကတည်းက ကျွန်မနဲ့ ရင်းရင်းနှီးနှီးခင်မင်သူပါ။ ရန်ကုန်သား အရာရှိတစ်ဦးနဲ့ အိမ်ထောင်ကျပြီး ရန်ကုန်ရောက် လာတော့ မန္တလေးသူချင်းမို့ ကူးလူးဆက်ဆံနေကြတာပေါ့။ ယောက်ျားက အရက်သောက်၊ မြင်းလောင်းနဲ့မို့ ရတဲ့လခနဲ့မလောက်တဲ့အပြင် မမသန့်မိဘ လက်ထက်ကပါသမျှ စိန်ရွှေ လက်ဝတ်လက်စားတွေ ကုန်ပါလေရော။ မိဘတွေက အကျိုးအ ကြောင်းသိတော့ မကျေနပ်ကြလို့ မန္တလေး ပြန်လာနေခိုင်းပေမဲ့ မမသန့်က မပြန်နိုင်ဘဲ ယောက်ျား ကွယ်လွန်သွားတဲ့ထိ ဒုက္ခခံပြီး နေရှာ တယ်။ ယောက်ျား ဆုံးကာမှ မန္တလေးက မိဘများဆီ ပြန်သွားတာပါ။
ရန်ကုန်မှာ နေစဉ်အတွင်းမှာ သူ့မှာ ပြဿနာရှိတိုင်း ကျွန်မကို အားကိုးတကြီးနဲ့ "ခင်ရေ၊ အိမ်ဖော်က လေးမ ရွာပြန်မှာမို့ ရှင်းစရာငွေမရှိလို့ ခဏ လှည့်ပါဦး" ဆိုတာတို့၊ "မီတာခဆောင်ရမှာ အချိန်မီ ပေးစ ရာမရှိလို့ လုပ်ပါဦး" တို့ စတဲ့စတဲ့ မပြေလည်မှုလေးတွေကို ကျွန်မဆီက ငွေလှည့်ယူပြီး ဖြေရှင်းရတာ ပါ။ ယူတာတွေ အကြိမ် များတော့ ကျွန်မလည်း စာရင်းမှတ်မထားတော့ပါဘူး။ မန္တလေးသူချင်း ကူနိုင် တဲ့ အခြေအနေမှာ ရှိနေခိုက် ကူလိုက်တဲ့ သဘောပါပဲ။ မမသန့်က သူ ပြန်ဆပ်နိုင်တဲ့တစ်နေ့ ဆပ်မှာ ပါ။ စာရင်းလည်း မှတ်ထား ပါတယ် ဆိုတာ ကြုံတိုင်း ပြောလျက်ပါ။ မမသန့် မန္တလေး ပြန်သွားတော့ မတွေ့ဖြစ်ကြတော့ဘူးလေ။ ကျွန်မ ကိုယ်တိုင်လည်း ဒုက္ခတွေဝေနေခိုက် အခြေတကျမဖြစ်ဘဲ ဟို ပြောင်း ဒီရွှေ့မို့ အဆက်အသွယ် လုံးဝပြတ် သွားတာ ကြာပါပြီ။ ခုမှ မထင်မှတ်တဲ့အချိန်မှာ တိုက်တိုက် ဆိုင်ဆိုင် လာတွေ့ရခြင်းပါပဲ။
"Nothing Happens to Chance."
"မတော်တဆ ကြုံကြိုက်တယ်ဆိုတာ မရှိဘူး"
ဘဝဆိုတဲ့ကျောင်းမှာ လူသားတွေဟာ အချိန်နဲ့အမျှ စာမေးပွဲစစ်သလို စမ်းသပ်ခြင်းကို ခံနေရ တဲ့ ကျောင်းသားတွေချည်းပါပဲ။ အားလုံးဟာ ကြောင်းကျိုးဆက်စပ်ခြင်း Cause and Effect ကြောင့် ဖြစ် ပျက်နေခြင်းပါ။ Law of Universe လို့ Talking to Heaven စာအုပ်ကို ရေးခဲ့တဲ့ ကမ္ဘာကျော် အကြား အမြင်ဆရာ James Van Praagh က ဆိုပါတယ်။
ရှင်တော်ဘုရားကလည်း နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက ဒီအတိုင်း ဟောကြားထားခဲ့တာမို့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင် များကလည်း လက်ခံ ယုံကြည်ထားပြီးသားပါ။ ကျွန်မအဖြစ်ကိုပဲ ဥပမထား စဉ်းစားကြည့်ပါဦး။ ညက ကျည်ဆန် ဖိုး ရထားသမျှ ငွေလေးနဲ့သာ ကျေနပ်ဝမ်းသာ ဖြစ်နေခဲ့ရင် ဘုရား ရှင် ဟောကြားခဲ့တဲ့ "မလုပ်ကောင်းတဲ့ သက်မွေးမှု" ငါးချက်ထဲက "လက်နက်ကုန်သွယ်ခြင်း" ဆိုတဲ့ ဒုတိယအချက်နဲ့ ငြိစွန်းနေ တာကြောင့် အကုသိုလ်လည်းဖြစ်ဦးမယ်။ ရတဲ့ငွေလေးကလည်း မဖြစ်စ လောက်မို့ မိသားစုအတွက် တစ်ပတ်စာ ဝမ်းစာ သာဖြစ်မှာပါ။
အခု မှန်ကန်တဲ့ အသိနဲ့ ကျွန်မ ကိုယ့်အမှားကို မြင်ပြီး အချိန်မီပြုပြင်လိုက်တဲ့ စေတနာ မေတ္တာအကျိုး ကြောင့် မမသန့် နဲ့ လာတိုးရတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။ နေ့လယ်ကျ မမသန့်ကရောက် လာပြီး ကျွန်မရဲ့ လက်ထဲ ငွေလာထည့်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ပေးတဲ့ငွေက တစ်ထောင့် နှစ်ရာကျပ်ပါ။
"ဟုတ်ရဲ့လား မမသန့်ရယ်" လို့ များနေလို့ ကျွန်မက အားနာစိတ်နဲ့ ဆိုမိတော့-
"ဟောဒီမှာကြည့်၊ မမသန့်က နေ့စွဲနဲ့ကို မှတ်ထားတာ" တဲ့။ နှစ်နှစ်၊ သုံးနှစ်အတွင်း အလီလီ ယူထားတဲ့ ငွေစာရင်းစာအုပ်လေးကို ထုတ်ပြပါတယ်။ ကိုယ့်ငွေ ကိုယ်ပြန်ရတာ မှန်ပေမဲ့ ဒုက္ခတွေ ပင်လယ်ဝေ တုန်း လိုအပ်ချိန် မှာ ရတာမို့ ကျေးဇူးတင်လွန်းလို့ ကျွန်မ မမသန့်ကို ထိုင်ကန်တော့မိပါတယ်။ မမသန့် လည်း ကျွန်မ နဲ့ အတူ မျက်ရည်တွေကျလို့။ "လိုအပ်ရင် သူ့ဆီက ငွေ အချိန်မရွေး မှာပါ။ ဒီတစ်ခါ သူ့ အလှည့်ပေါ့" လို့တောင် အားပေး စကား ပြောသွားပါသေးတယ်။
မေတ္တာရဲ့အကျိုးများပုံ ဒီခံစားချက်ကို မမေ့နိုင်လို့ "မေတ္တာဟူသည်" ဆိုတဲ့ အမည်နဲ့ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လထုတ် သွေးသောက်မဂ္ဂဇင်း အမှတ် (၃၃၁) မှာ ဆောင်းပါးတစ်ပုဒ် ကျွန်မ ရေးခဲ့ဖူးပါတယ်။
လုံးလုံး ခဲခဲ ငွေကို မမသန့်ဆီက ရလိုက်တော့ ကျွန်မ တော်တော်လေး အသက်ရှူချောင်သွားပါတယ်။ ထားရှိခဲ့တဲ့ ကတိစကားအတိုင်း ယာဉ်မောင်း ဦးမောင်ကြီးကိုလည်း သုံးလစာလခ ရှင်းပေးလိုက်နိုင်ပြီး မိသားစုအတွက် လိုအပ်တာလေးတွေကိုလည်း ဝယ်ပြီး ဖြည့်ဆည့်ပေါ့။ ကျွန်မတို့ မြို့ထဲကို ပြောင်းရွှေ့ လာတော့ ဦးမြလှိုင်ရဲ့မိသားစုအိမ်ကလည်း သော်မဆင်လမ်း (ယခု ဗိုလ်တထောင်ဘုရားလမ်း)မှာ ရှိ တာဖြစ်လို့ နီးသွားတာကြောင့် ဦးမြလှိုင်ရဲ့အစ်မ (မမတင်) က သူတို့အိမ်က ကားနဲ့ ကလေးတွေအား လုံးကို ကျောင်းကြို ကျောင်းပို့ လုပ်ပေးမယ်လို့ တာဝန်ယူလိုက်တာမို့ တစ်ကိစ္စ ရင်အေးရပြန်ပါရော လေ။
ဒါပေမဲ့ ဒီလိုပဲ ထိုင်နေလို့က မဖြစ်သေးဘူး။ မိသားစု ရပ်တည်ရေးအတွက် ဝင်ငွေရဖို့ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုပြီး စဉ်းစားရပါတယ်။ ဓာတ်ပုံဆိုင်ဖွင့်ဖို့ကျတော့ ငွေရင်းမရှိတာကြောင့် မလွယ်ပြန် ဘူး လေ။ ကျွန်မ တတ်ကျွမ်းတာလည်း ဒီဓာတ်ပုံပညာပဲ ရှိတာကြောင့် တယ်လီဖုန်းတစ်လုံး အားကိုးနဲ့ အလုပ် တစ်ခုဖြစ်အောင် ကျွန်မ ကြံစည်မိပါတယ်။ ကိုယ့်မှာ ဘာမှမရှိရင်လည်း ကင်မရာလေး တစ်လုံး ရှိရင် ထမင်းတော့ မငတ်နိုင်ဘူးလို့ တွေးမိလေတယ်ပေါ့။ အရင်တုန်းကလို ကားမရှိလည်း ဘာဖြစ်လဲ၊ ကိုယ့်မှာ ခြေနဲ့ လက်နဲ့ ကျန်းမာရေးလည်း ကောင်းနေတာပဲ၊ ဘတ်စ်ကားစီးပြီး ဓာတ်ပုံလိုက်ရိုက်ရင် ဖြစ်မှာပေါ့လို့ လွယ်လွယ်တွေး လိုက်ပြီး သတင်းစာမှာ ကြော်ငြာတစ်ခု ထည့်လိုက်ပါတယ်။
"မိသားစုပုံများ
ဓာတ်ပုံဆရာမ ကိုယ်တိုင် အိမ်တိုင်ရာရောက် မိသားစုပုံများ
စိတ်တိုင်းကျ လာရောက်ရိုက်ပေးပါမည်၊
ကြိုတင်ချိန်းဆိုပါ" ပေါ့။
ကြော်ငြာရဲ့ေ အာက်မှာလည်း ဖုန်းနံပါတ် ထည့်ပေးလိုက်ပါတယ်။
ဓာတ်ပုံဆိုင် ရှိတုန်းကလည်း ဒီလိုပဲ။ မွေးနေ့တွေ ဘာတွေဆိုရင် မိသားစုပုံတွေ အိမ်တိုင်ရာရောက် လိုက်ရိုက် ခဲ့ဖူးတာတွေ ရှိခဲ့တာကြောင့် အခုလည်း အလုပ်ဖြစ်မယ်လို့ ထင်မိတာပေါ့။
ဆိုင်နဲ့ရာ နဲ့ ဆိုတာကမှ သိက္ခာရှိပြီး လူလေးစားတယ် ဆိုတာ ကိုယ်တွေ့ကြုံတော့မှ နားလည်ရတော့ တာပါပဲ။ တယ်လီဖုန်းတွေ က လာပါတယ်။ မှန်မှန်ကန်ကန် မိသားစုပုံ ရိုက်လိုသူများ မဟုတ်ကြဘဲ မဟား တရား မေးခွန်းမျိုးတွေ နဲ့ ချိန်းဆိုချင်သူတွေဖြစ်နေတော့ ကိုယ့်ဟာကိုယ် ကြေညာပြီး တယ်လီ ဖုန်း ကိုင် ရမှာတောင် ကြောက်လာမိတဲ့ထိ ဖြစ်မိပါတယ်။ ကိုယ်က မရှိဆင်းရဲ သိမ်ငယ်နေချိန်မှာ ဒီလို မလေးမစား ဆက်ဆံတာ ခံရတော့ ဝမ်းလည်းနည်း၊ ပိုပြီးလည်း အားငယ်စိတ်ဝင်မိပေမဲ့ အံကို ကြိတ်ပြီး ခံနိုင်အောင် ကြိုးစား ရတယ်ပေါ့။
တစ်နေ့မှာ မိန်းကလေးတစ်ဦးက ဖုန်းခေါ်ပါတယ်။ သူတို့မိသားစုပုံ ရိုက်ချင်လို့ပါတဲ့။ ဈေးနှုန်းတွေ ဘာ တွေ အကျအန မေးပြီးတော့မှ နေရပ်လိပ်စာ မေးပြီး ဘယ်နေ့ ဘယ်ရက် ရိုက်မယ်ဆိုတာ ချိန်းပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ မို့ ကျောင်းပိတ်ရက်ဖြစ်နေတာနဲ့ သမီးကြီးကေခိုင်ကို အဖော်ခေါ်ပြီး သွားလေ တယ်ပေါ့။ သားအမိနှစ်ယောက် ဘတ်စ်ကား နဲ့ကလည်း သွားဖူးလာစ သိပ်မရှိတော့ ခိုင်ရွှေဝါလမ်းဆို တာ ဘယ်လို သွားရမှန်း မသိဘဲ ဟိုလူ့မေးရ၊ ဒီလူ့မေးရနဲ့ လေ့လာရပါတယ်။
ဘတ်စ်ကားက ဘယ်ရောက်မှန်းမသိလို့ မမှားရအောင်လည်း သေသေချာချာ နံပါတ်တွေ ကြည့်ရသေး တယ်။ ကမာရွတ်ထိပ်ကျတော့ မိုးကြီးသည်းထန်စွာ ရွာချပါလေရော။ မိုးဝင်ခိုပြီး စဲသလောက်ရှိမှ ကား ပြောင်းစီးပြီး ခိုင်ရွှေဝါလမ်း ဆိုတာ ရောက်ပါတယ်။ သားအမိနှစ်ယောက် လိပ်စာအတိုင်း အိမ် နံပါတ် တွေကို လျှောက်ကြည့် ရင်း ရှာရတာပေါ့။ အိမ်ကိုတော့ တွေ့ပါရဲ့။ အိမ်တံခါးက သော့ခလောက်ကြီး ခတ်ထားတာ နဲ့ ကျွန်မတို့ မိုးဝင်ခိုမိလို့ အချိန်နည်းနည်း နောက်ကျသွားလို့များ အိမ်သားတွေက မစောင့်နိုင်ဘဲ အပြင် ထွက်သွားသလား ဆိုတဲ့ အတွေး နဲ့ ဘေးကအိမ်ကို ဝင်မေးကြည့်တော့ ဘယ်က ဟုတ်ရမှာလဲ။ အဲဒီအိမ်မှာ လူငှားဆင်းသွားတာ ကြာလှပြီတဲ့။
ဒီတော့မှ ကျွန်မကို တစ်ပတ်ရိုက်ခံလိုက်ရတယ် ဆိုတာ သဘောပေါက်ပါတယ်။ ရှက်ရှက်နဲ့ပြန်လှည့် ထွက် လာတော့ မျက်နှာချင်းဆိုင်အိမ်က လူငယ်တစ်စု ဝါးခနဲ ဟားတိုက်ပြီး ရယ်သံကို ကြားလိုက်ရပါ တယ်။ ကျွန်မ ကတော့ လူကြီးမို့ အံကြိတ်ပြီး ခံနိုင်ရည်ရှိလိုက်ပေမဲ့ (၁၅)နှစ်သာ ရှိသေးတဲ့ အပျိုအရွယ် သမီးကြီး ကေခိုင်ခမျာ ရှက် ရှာလွန်း လို့ ရှိုက်ကြီးတငင်နဲ့ တစ်လမ်းလုံး ငိုလာပါလေရော။ သမီး စိတ်ထိ ခိုက်တာ မြင်ရတော့ ရင်မှာ နာကျင်မှုများစွာ နဲ့ ကျွန်မလည်း မျက်ရည်ကျပေါ့။ ဒီအဖြစ်ကို ကြုံလိုက်တာ နဲ့ အိမ်တိုင်ရာရောက် ဓာတ်ပုံရိုက်ဖို့ စိတ်ကူး ကိုလည်း တစ်ခါတည်း စွန့်လွှတ်လိုက်ရတော့တယ်။
ကိုယ် မျှော်မှန်းသလို ဖြစ်မလာတဲ့ ကျဆုံးမှုကြောင့် စိတ်ဓာတ်ပျက်ချင်သလို ဖြစ်မိပေမဲ့ ဒီတစ်ခါ မအောင်မြင်တာ နဲ့ စိတ်ဓာတ်ကျနေလို့ကလည်း မဖြစ်သေးဘူးလေ။ လသားကလေးတွေရဲ့ထုံးကို နှလုံး သွင်းပြီး အတုယူရမှာပါ။ ကြည့် ပါလား၊ ကိုးလ ဆယ်လ ကလေးလေးတွေဟာ မတ်တတ်ရပ်ဖို့ ကြိုးစား ရင်း ပြုတ်ပြုတ်ကျ၊ ဘယ်လောက် ပဲ လဲကျလဲကျ မမှုပါဘူးနော်။ ခဏနေ ကြိုးစားပြီးပြန်ထ၊ အခါပေါင်း အကြိမ်ပေါင်းများစွာ လဲ ကျရာက ပြန်ထရင်းမှ မတ်တတ်ရပ်နိုင်သွားကြတာပါ။ အဲဒီလို မိနစ်ဝက် လောက် ခဏလေး ရပ်နိုင်နေတုန်း အမေလုပ်တဲ့သူ က "ရပ်နိုင် ပေ့" "ရပ်နိုင် ပေ့" နဲ့ လက်ခုပ်လက်ဝါး တီးပြီးများ အားပေးလိုက်ရင် မျက်နှာလေးက ဝင်း ပပြီး ကျေနပ်ပြုံးလေးတောင် ပြုံးလို့။
ကျွန်မလည်း ပြုတ်ကျတိုင်း ပြန်ထနိုင်အောင် ကြိုးစားခဲ့တာ အကြိမ်များလှပါပြီ။ ဒါကြောင့် ကျွန်မတို့ မိသားစု ကို ဆေးကုသပေးတဲ့ သမားတော်ကြီး ကာနယ်မင်းစိန်က "ပစ်တိုင်းထောင်မ" တဲ့။ ချစ်စနိုး နာ မည်ပေးပါတယ်။ ဒီတစ်ခါ ဖြစ်ရတာက အကျအနာဆုံးမို့ "ပစ်တိုင်းထောင်မ" ဘယ်လိုပြန်ထောင်ရမလဲ ဆိုတာ မသိနိုင်အောင်ပါပဲ။
ကမ္ဘာကျော် စာဆိုရှင် Mark Twain ကတော့ ပြောသားပဲ။ "အားမာန်အပြည့် ရှိနေတဲ့ မြင်းတစ်ကောင် ဟာ ဘယ်လောက် ပဲ မှက် ခြင်တွေ ကိုက်ထားထား သူ သွားမဲ့ လမ်းခရီးကို မတားဆီးနိုင်ပါဘူး" တဲ့။
ကျွန်မ မှာလည်း သွားရမယ့် ဘဝခရီးက ရှိနေသေးလို့ အဲဒီမြင်းကြီးလို အားမာန်တွေ မွေးရပါဦးမယ် လေ။
ဆက်ရန်
.
1 comment:
လောကဓံ အတက်အကျတွေ။
ဒီနေ့သူဌေး နောက်နေ့ခွေးဆိုတဲ့ဘ၀ ကိုယ်တိုင်လဲ ကြုံဖူးလို့ စာနာမိပါတယ်။
Post a Comment