ဒေါ်ဒေါ်က တစ်ဖန် ပြန်ပြောသည်။ ၄င်းတို့တွင် သားထောက်သမီးခံ မရှိခြင်း ၄င်းတို့၏ စီးပွားရေးကို ကြပ်မစောင့် ရှောက်ပေးမည့်သူ မရှိခြင်းတို့ကြောင့် မလှဝင်းအား လက်ထပ်ပြီး စီးပွားရေး တစ်ခုလုံးကို ဦးစီးရှေ့ဆောင် လုပ် ကိုင်ပေးရန်တဲ့။ ဒေါ်ဒေါ်၏ ကမ်းလှမ်းချက်များသည် အကယ်၍သာ ကျွန်တော် တစ်ယောက် သန်းသန်းနှင့် ချစ် ကြိုက်တွယ်တာမှု မရှိသေးလျှင် လက်ခံမိမည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် မလှဝင်းသည် နှစ်လိုဖွယ်လှပသော မိန်းကလေးဖြစ်ခြင်းနှင့် သားသမီး များပြားသော ကျွန်တော့် မိခင်သည် ကျွန်တော်တစ်ကောင် အဖေ့ဘက်မှ အဒေါ်များထံ သွားရောက်နေ ထိုင်ခြင်းဖြင့် မထောင်းသောကြောင့်ပင် ဖြစ်ပါသည်။ ကို ဆက်ဖတ်ရန် ...........
"ဒေါ်ဒေါ်.... ကျွန်တော် မော်လမြိုင် ပြန်ရဦးမယ်"
ဒေါ်ဒေါ်အား အဖြူအမဲ အဖြေမပေးဘဲ မော်လမြိုင်သို့ ကျွန်တော်ပြန်လာခဲ့ သည်။ မော်လမြိုင် သို့ ရောက်သော အခါ ရန်ကုန်မှ ပြန်ရောက်နေသော ကိုလေးမြင့်ကို အစည်းအရုံးတွင် အခန်သင့်ပင် တွေ့ရပါသည်။ ကိုလေးမြင့် ရန်ကုန် မှ ပြန်လားခြင်းကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်မျှော်နေကြသော ကျွန်တော်တို့ လူသိုက်ကို ကိုလေးမြင့်က အဖြေတိတိကျကျ မပေးနိုင်ဘဲ ကျွန်တော့်တို့အား ရန်ကုန်ဌာနချုပ်သို့ ကိုယ်တိုင်လာရန် မှာကြားလိုက်ကြောင်းနှင့် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်၍ အာရှလူငယ် အစည်းအရုံး ဌာနချုပ်မှ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် လုပ် ကိုင်ရမည် မဟုတ်ကြောင်းကိုသာ ယေဘုယျ ပြောပြပါသည်။
ထို့ပြင် ကိုလေးမြင့်ကိုယ်တိုင်လည်း ဖက်ဆစ်တော် လှန်းရေးကိုလုပ်ကိုင်ရန် ငြင်းဆိုလာပါတော့သည်။ ကိုလေးမြင့် ရန်ကုန်မှ ပြန်ရောက်ပြီးမှ သိရှိခဲ့ရသည်မှာု ဌာနချုပ်တွေင်ရှိသော ကိုဖေရှင် (ယခု ကိုရဲညွှန့်)တို့ လူသိုက် သည် ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုကို စိတ်တူ ကိုယ်တူများ စုစည်းလုပ်ကိုင်လျက် ရှိကြောင်း ပင် ဖြစ်ပါသည်။ ကျွန်တော်သည် ဌာနချုပ်သို့ အပြန်သွားရောက်ရန် ပြင်ဆင်ရပါသည်။ ထိုသို့ ပြင်ဆင်နေချိန် အတွင်း ဘုရားကြီးကုန်းရွာ ဒေါ်ဒေါ်သောင်းထံမှ လွှတ် လိုက်သော မောင်ထွန်းကြည် ရောက် လာပြီး ဘုရားကုန်း တွင် ထားဝယ်မှ သခင်ဖိုးမှဲ့ တို့ ရောက်နေကြကြောင်း သတင်း လာ ပို့ ပါသည်။ သို့ဖြစ်၍ ရန်ကုန် သွားရေး အစီအစဉ်ကို ချက်ချင်းပြောင်းလဲကာ ဘုရားကြီးကုန်းသို့ သွားရန် စီစဉ်ရပါ သည်။
"ကိုစံတင် ဘုရားကြီိးကုန်းကို လိုက်ခဲ့ပါဗျာ"
"လိုက်တာပေါ့... ဒါနဲ့ ကိုလေးမြင့် တစ်ယောက် ဘယ်လိုစိတ်ပြောင်းသွားတာလဲဗျ"
"ကျွန်တော့် အထင်တော့ ဌာနချု့ပ်က လူကြီတွေက ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုကို အဖွဲ့အစည်းအသွင်နဲ့ လုပ်ရာမှာ မတော်တဆ ဂျပန်တွေ သတင်းအနံ့ရသွားရင် တစ်ပြည်လုံးမှာရှိတဲ့ လူငယ်အဖွဲ့အစည်း အားလုံးကို ထိခိုက်မှာ စိုးရိမ်ပုံရတယ်ဗျ"
"ဒါလဲ ဟုတ်တာပဲ"
"ဒါကြောင့် ဖက်ဆစ်တော်လှန်ရေးကို မိမိသဘောအလျောက် လုပ်ကိုမလုပ်ဖို့ ပြောလိုက်တာပါပဲ။ အစည်းအရုံးကို ဗန်းပြလုပ်တာတော့ သဘောမတူဘူးပေါ့ဗျာ"
"ဒီလိုဆို ကိုလေးမြင့် တစ်ယောက် မပါဝင်တော့ဘူး ဟုတ်လား"
"ခုတော့ ဒီအတိုင်းပဲ"
ကျွန်တော် တို့သည် ကိုလေးမြင့် တစ်ယောက်ကို ဆုံးရုံးလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့သော်လည်း မိမိ မလုပ် လိုသော အလုပ်ကိုယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆို၍ အေးအေးနေလိုက်ခြင်းအတွက်မူ ကိုလေး မြင့် အား ကျေးဇူးတင်ရပါတော့သည်။
သခင်ဖိုးမှဲ့သည် ကျွန်တော်နှင့် ကိုစံတင်တို့ကို တွေ့ရသဖြင့်အလွန် ဝမ်းမြောက်လျက်ရှိပါသည်။ သခင်ဖိုးမှဲ့ ၏ ပြောပြချက်အရထားဝယ် တစ်ခရိုင်လုံး စည်းရုံးမှု အခြေအနေမှာ အားရကျေနပ်ဖွယ် ရှိကြောင်း ထိုနေ့ညတစ်ည လုံး ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အစီအစဉ်များ ရေးဆွဲကြ သည်မှာ မိုးစင်စင်လင်းခဲ့ပါသည်။ သခင်ဖိုးမှဲ့သည် လက်ရှိခရိုင်ရာဇဝန်ဖြစ်ခြင်းကြောင့် အကာအကွယ်များစွာ ရရှိ ခဲ့ပါသည်။ ၄င်း၏အဖွဲ့သားများကိုလည်း ရဲမှူး၊ ရဲအုပ် စသည်တို့ ခန့်ထားဆောင်ရွက်ထားကြောင်း သိရပါသည်။ နောက်တစ်နေ့သို့ ရောက်သောအခါ သခင်ဖိုးမှဲ့တို့အဖွဲ့ ပြန်လည် ထွက်ခွာသွားပါတော့သည်။ ကျွန်တော်ကိုယ် တိုင်လည်း ရန်ကုန်သို့ ပြန်ရန် က်စ္စမရှိသော်လည်း မလှဝင်းတည်းဟူသော ပင့်ဂူမျှင်ကြောင့် တစ်ရက်တာမျှ နှောင့် နှေးကြန့်ကြာခဲ့ရပါသည်။
"ဒေါ်ဒေါ်... ကျွန်တော် မနက်ဖြန် ရန်ကုန်ကို ခဏပြန်ရဦးမယ်..."
"ဘယ်လောက်ကြာမှာလဲကွဲ့"
"အလွန်ဆုံး ဆယ်ရက်ပေါ့ ဒေါ်ဒေါ်"
"'ဒီတစ်ခါ ဘုရားကြီးကုန်းကိုပဲ ပြောင်းခဲ့ပေါ့ မော်လမြိုင်မှာ လူကုန်သလောက် ရှိနေပြီပဲ"
"ဟုတ်ကဲ့"
ဟုတ်ကဲ့ ဟု ပြောလိုက်ပြီး ကျွန်တော် မလှဝင်းကို လှမ်းကြည့်လိုက်မိသည်။ မလှဝင်း၏ မျက်လုံးရွှဲကြီးများသည် လက်သွားသည် ဟု ကျွန်တော်ထင်လိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မလှဝင်းကိုလည်း အရဲစွန့်၍ နှုတ် ဆက်စကား ဆိုလိုက်မိလျက်သား ဖြစ်သွားပါသည်။
"မလှဝင်း... ကျွန်တော် မနက်ဖြန် ရန်ကုန်ပြန်ဦးမယ်၊ ဘာမှာ ဦးမှာလဲ"
"ဟုတ်...ဟုတ်...ကဲ့..ပါ..ရှင်။ မ.....မ... မှာတော့ပါဘူး"
မလှဝင်း၏ ဆုတ်ဆိုင်းဆိုင်း စကားများကြောင့် ဘေးမှရပ်၍ နားထောင်နေသော ကိုစံတင်၏ မျက်နှာကြီးသည် ပြုံး ဖြီးဖြီး ရှိနေ ပါသည်။ ကျွန်တော်သည်ဆက်၍ စကားစမရှိ ဖြစ်နေသဖြင့် ဒေါ်ဒေါ်သောင်းအား ကွမ်သဲမှ ဒေါက်တာ ဘာဟိန်တို့အား သွားနှုတ်ဆက်ဦးမည်ဟု ပြောဆိုထွက်လာခဲ့ပါသည်။
"ဖွီး... တော်တော်နိပ်တဲ့ မြာပဲဗျ.."
"မော်လမြိုင်သူပဲဗျာ ဟွန်း.. ဟွန်း..."
"ခင်ဗျား ချိန်နေပြီလားဗျ"
"ဟင့်အင်း..."
"အချိန်ရှိတုန်း ကြိုးစားလေဗျာ။ တော်တော်ကြာ လူများနောက် ပါသွားဦးမယ်"
"ကျွန်တော် မလှဝင်းကို မယူနိုင်ဘူးဗျ ဒါကြောင့်ပါ နောက်ပြီး ကျွန်တော့်မှာ ယူမယ်လို့ ကတိပေးပြီး စောင့်မျှော နေတဲ့ ချစ်သူလဲ ရှိနေတယ်လေ"
ကျွန်တော် သည် ပြောရင်းပင် ဘာကြောင့်မှန်းမသိသော သက်ပြင်းရှည်ကြီကိုသာ မှုတ်ထုတ်လိုက်မိပါသည်။ ကျွန် တော်နှင့် ကိုစံတင် တို့ နှစ်ယောက်သာ စကားတပြောပြောဖြင့် ဦးထွန်းရင်ထံ လာခဲ့ကြသည်။ ဦးထွန်းရင်က ရန်ကုန် ရောက်လျှင် ဗေကင်ပေါင်ဒါ ရှာဖွေဝယ်ယူရန် မှာကြား၍ ဒေါက်တာဘာဟိန်က ထိုးဆေးများ ရှားပါးလှကြောင်း ညည်းညူပါသည်။
"ကိုမြလှိုင်... ရန်ကုန်က မြန်မြန်ပြန်ခဲ့ဗျာ"
"ကျွန်တော် မြန်မြန်ပြန်နိုင်မယ်မထင်ဘူး ကိုစံတင် ဘာကြောင့်လဲဆိုတော့ ဖျာပုံကို ကျွန်တော် ပြန်ရဦးမယ် အကြောင်း မညီညွှတ်ရင် ကျွန်တော် အာရှာလူငယ်က ထွက်သင့်ရင် ထွက်မယ်လို့ ဆုံးဖြတ်ထားတယ်"
"ထွက်လည်းထွက်တာပေါ့လေ ဒါပေမယ့် မော်လမြိုင်မှာ လှုပ်ရှားမှု လုပ်လို့ မဖြစ်နိုင်ဘူးလား"
"မော်လမြိုင်မှာ လုပ်ဖို့ထက် အကယ်၍ ကျွန်တော် အာရှလူငယ်က ထွက်ရင် တပ်မတော်ထဲ ပြန်ဝင်မယ်လို့ စိတ်ကူး ထားတယ် ကိုစံတင်"
"ကောင်းတယ် ကောင်းတယ် ဆက်ပြောရဦးမယ် ခင်ဗျားအဒေါ် မွေးစားသမီးကောင်မလေးက တော်တော်နှိပ် တယ်ဗျ ဟင်း ဟင်း"
"လုပ်ပြီ စကားကောင်းပြောနေရာက ဘာတွေ ဖောက်လာရတာလဲဗျ"
"မဖောက်ပါဘူး ခင်ဗျားလိုလူနဲ့ လိုက်ဖက်တယ်လို့ ပြောမလို့ပါ ဒါပေမယ့်လေ ခင်ဗျားက ဖျာပုံသုကိုမှ ယူမယ် ဆိုတော့"
ထိုည က ကျွန်တောမအိပ်နိုင်ဘဲ အတွေးအိပ်မက်ရှည်ရှည်ဖြင့် ရစ်သီဖွဲ့နှောင်မိပါသည်။ ကျွန်တော် သည် နိုင်ငံရေး ကွန်ယက် တွင် သံယောဇဉ်ကြီးမားစွာ ငြိတွယ်ခဲ့သည့်နောက် ဘဝအချိုးအကွေ့ များသည်လည်းပြောင်းလဲ ခဲ့ရပါ သည်။ မိခင်ကြီး၏ မျှော်လင့်ချက် ရောင်ခြည်များ ဆိတ်သုန်းခဲ့ရခြင်းနှင့် ပတ်သတ်၍ ယခုလို တိတ်တဆိတ်သော ည၏ အတွေ့အိပ်မက်ရှည်တွင် ပါဝင်လာခဲ့သဖြင့် မိခင်ကြီးအား သနားကြင်နာစိတ်များ ပိုမိပြန်ပါသည်။
ကျွန်တော် တစ်ယောက် ဘဝအာမခံချက် မရှိသော တွယ်ရာမဲ့ဘဝတွင် မည်မျှအထိ ကြာမြင့်စွာ ကျင်လည်နေဦးမည် ကိုပင် ကျွန်တော် ဂဃနဏ မပြောနိုင်အောင်ပင် ဖြစ်ခဲ့ရပါသည်။ ဟိုဘက်လူးလွန့်မိသည်။ ထိုအခါ ဟောင်းနွမ်းသော တစ်ယောက်အိပ် ခုတင်အိုသည် တကျွီကျွီမြည်ပါသည်။ ခုတင်အိုမြည်သံ ပျောက်သော အခါ ဒေါ်ဒေါ့်ချောင်းဟန်၍ အသံပြုသည်။ ကျွန်တော်က စကားကြော ရှည်သော ဒေါ်ဒေါ်အား အသံမပြုဘဲ ငြိမ်နေသောအခါ "ကေင်လေး အအိပ်ကြမ်းတာ လွန်ပါလေရောဟယ်"ဟု မှတ်ချက်ပေး ပါသည်။ ကျွန်တော်က မြုံ၍ ပြုံးလိုက်မိသည်။
တိုင်ကပ်နာရီကြီးသည် ဘကြီးတော်ဘုရား လက်ထက်လောက်ဆီကဟု ထင်မှတ်ဖွယ် အိုမင်းလှပါသည်။ နာရီထိုး သံပင်လျှင် အသံဝင်လျက် ရှိပါသည်။ ကျွန်တော်သည် နာရီထိုးသံကို နားစိုက်ထောင်ရင်း ၁၂နာရီ၊ ၁နာရီ၊ ၂နာရီ၊ ၃နာရီပင် ကျော်လာခဲ့ပါသည်။ ၄နာရီထိုးသောအခါ ဒေါ်ဒေါ်သောင်း၏ တိုးညင်းသော ဘုရားရှီခိုးသံ ကို ကြားရ သည်။ ကျွန်တော်အိပ်ရာမှထပြီးနောက် နောက်ဖေးမီးဖိုသို့ ကူးသော ရေစင်သို့ ရောက်သော အခါ မလှဝင်းကို အခန့်သင့်ပင် တွေ့ရသည်။ မလှဝင်းသည် ကျွန်တော့်အား အသင့်ပြင်ဆင် ထားသော မျက်နှာသစ်ရေ၊ မျက်နှာ သုတ်ပဝါ၊ ဆပ်ပြာများ ကမ်းပေးပြီး ဆိုလာသည်။ "အစ်ကို ဒီနေ့ည စောစောမော်လမြိုင်ကို ကူးမယ်ဆို"
"ဟုတ်ကဲ့"
မလှဝင်း၏ အသံသည် ဆည်းလည်းသံပမာ သာယာသည်ဟု ကျွန်တော်ထင်သည်။ သူ့မျက်နှာသည် လင်းအရုဏ် တွင် ဖွေးဖွေးလှပလျက် သာသောလကမာ၊ ကျွန်တော်သည် မလှဝင်းကို တပ်မက် စွဲလမ်း စွာ ငေးမောကြည့်မိ သည်။ ထိုအခါ သူခေါင်းငုံ့က စကားတိုးတိုးပြောသည်။
"မျက်နှာသစ်ဦးလေ"
"ဟင်း...ဟင်း..ဟင်း.."
ကျွန်တော်က အဓိပ္ပါယ်ကင်းသောရယ်သံကို ပြုသည်။ ထို့နောက် သူကမ်းပေးသော ရေဖလားကို ယူလိုက် ပါသည်။ ကျွန်တော်၏ တမင်သက်သက်ထိလိုသောလက်သည် သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိုအခါ မလှဝင်း၏ လက် သွယ်သွယ်သည် ရုန်းကန်မှု မပြုဘဲ အသင့်ပါလာသည်။
"မလှဝင်း"
"ရှင်...."
ထိုအခိုက် ဘုရာဝတ်ပြုနေသော ဒေါ်ဒေါ်သည် ကျွန်တော်နောက်ပါးမှ လိုက်လာပါသည်။ ဒေါ်ဒေါ်က ကျွန်တော့် အား စကားမပြောနိုင်သေးဘဲ သူ၏ မဆုံးသော အဝေယျာဟောန္တု.. မေတ္တာပို့ကို ဆက်၍ ရွတ်ဆိုနေ ပါသည်။ ဒေါ်ဒေါ်နှင့် ပက်ပင်းတိုးနေသော ကျွန်တော်သည် လူမိသော ကျီးတစ်ကောင်ကဲ့ သို့ ကြောက်ရွံ့ စိုးရိမ်စွာဖြင့် ဆွဲ ထားသော မလှဝင်း၏လက်ကို ရုတ်တရက် လွတ်ချလိုက်မိပါတော့သည်။ မလှဝင်းကမူ သူ့လက်ဝယ် မှ မျက်နှာ သုတ်ပဝါကို ကမ်းပေးကာ ချက်ချင်းပျောက်ကွယ်သွားပါတော့သည်။ မလှဝင်း ပျောက်ကွယ် သွားသောအခါ ကျွန်တော် နောင်တကြီးစွာ ရလိုက်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် မျှော်လင့်စောင့် စားနေသော ချစ်သူသန်းသန်းတစ်ယောက် ရှိနေသည် မဟုတ်ပါလား.....
ဆက်ရန်
.

No comments:
Post a Comment