Thursday, January 17, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃၇)

သို့ဖြစ်ခြင်းကြောင့်လည်း ကျွန်တော်သည် အနိုင်ကျင့်မှု၊ ရိုင်းစိုင်းမှု၊ လက်နက်အားကိုးခြိမ်းခြေက် ရက်စက်မှုများကို အောင့်အည်း သည်း ခံနိုင်ခဲ့ခြင်း ဖြစ်ပါသသည်။ ထို့ပြင် ကျွန်တော်တို့ ၏ ခေါင်းဆောင် များသည် ကျွန်တော်တို့အား အချိန်အခါ စောင့်ဆိုင်းမှုပြု ရန် ပြောကြားထားခဲ့ခြင်း လည်း အကြောင်း တစ်ရပ် ဖြစ်သည်။ ကို ဆက်ဖတ်ရန် ....

"ညီလေး... ငြိမ့်လှချည်လား... ဘာတွေ စဉ်းစားနေတာလဲ"
သခင်သင်းလှိုင်က ဖက်စိမ်လိပ်ကို အားပါးတရ ဖွာရင်း ကျွန်တော့ပေါင်ကို ပုတ်၍ မေးလာပါသည်။ သခင်ထွန်းစိန် ကမူ ဂျပန်စကားပြန် လုပ်သူအာ ချွေးတပ်စခန်းနှင့် ပတ်သက်သော အကြောင်းအရာများ ကို မေးမြန်လျက် ရှိပါ သည်။ ကျွန်တော်တို့နှင့်အတူ လိုက်ပါလာသော အုပ်ချုပ်ရေးဘက်မှ ဂျပန်အရာရှိ ဆိုက်တိုး ကမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရပါသည်။
"စဉ်းစားစရာတွေတော့ အများကြီးပေါ့ သခင်သင်းလှိုင်ရယ် ဟုတ်ဖူးလား"
ကျွန်တော် ၏ ဖြေလိုက်သံကြောင့် ဂျပန်စကားပြန်က ကျွန်တော့်ကို လှမ်းကြည့်လိုက်ပါသည်။ ထို့အတူ သခင်ထွန်း စိန် က ကျွန်တော့်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကိုလည်း မြင်လိုက်ရသဖြင့် မိမိပြောမည့် စကား ကို ချိုချ လိုက်ကာ လှီးလွှဲပြောချလိုက်ရပါတော့သည်။

"ကျွန်တော် ဖျာပုံမှာ ကျန်ခဲ့တဲ့ အဆက်ကို သတိရနေတယ် ဟင်းဟင်း"
"ဖျာပုံသူဆိုတော့ ချောမှာပေါ့နော် ဟဲဟဲ"
"မော်လမြိုင်သတွေကို မမီပါဘူး အစ်ကိုကြီးတို့ရာ"
"ဒီလိုလဲ မဟုတ်သေးဘူး ညီလေးရာ မော်လမြိုင်သူတွေ လှတယ်ဆိုတော့ မော်လမြိုင်သားတွေ က မလှဘူးလို့ ဆိုတောပေါ့"
"မော်လမြိုင်သားတွေ လည်း ချောပါတယ် အစ်ကိုကြီး သခင်ထွန်းစိတ်ဆို မြင်ကတည်းက မော်လမြိုင်သားတွေ လှတယ်ဆိုတာ ကျွန်တော်ဝန်ခံရမှာပါ ဟီးဟီး"
"ဝါး... ဟား... ဟား.. ဟား"
ကျွန်တော်၏ ပျက်လုံးကို အားလုံးက ပွဲကျသွားပါသည်။ ပါးစပ်မှ ငွေသွားမျာကို ဖြဲ၍ အိပ်ပျော်လျက်ရှိသော ဆိုက် တိုး လျှင် ကျွန်တော်တို့ လူသိုက်၏ ရယ်မောသံများကြောင့် အိပ်ရာမှ လန့်နိုးသွားပါတော့သည်။

ကျွန်တော်တို့ မော်လမြိုင်သို့ ပြန်ရောက်သောအခါ ညဥ့်နက်လျက် ရှိပါပြီ။ မော်လမြိုင်မြို့သည် ရှေးယခင်က အလွန်လှပသာယာသော ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ဘေးစစ်ဒဏ်ကြောင့် အကျဉ်းတန် ရုပ်ဆိုးလျက် ရှိနေပါသည်။ မော်လမြိုင်မြို့၏ အလှအပများကို ရန်သူတို့၏ ဗုံးဒဏ် စစ်သေနတ်သံများက ဖျက်ဆီး ဝါးမျိုခဲ့လေပြီတကား။
မော်လမြိုင်မြို့သည် မှောင်နှင့်မည်းမည်း၌ အိပ်ပျော်နေပါသည်။ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံများမှာ ကျွန်တော် တို့ကို ဆီးကြိုလျက် ရှိနေပါသည်။ လူသူလေးးပါး အသွားအလာ ကင်းမဲ့နေသောကြောင့် ကျွန်တော့် စိတ် များ ချောက်ချားလျက် ရှိပါသည်။
ကျွန်တော် သည် မရမ်းကုန်း အာရှလူငယ်အစည်းအရုံးသို့ ရောက်သောအခါ သန်းခေါင် ပင် ကျော်နေပြီ ဖြစ် သဖြင့်  အဝတ်အစားမျာကိုပင် မလဲလှယ်နိုင်တော့ဘဲ အိပ်ရာပေါ်သို့ လှဲချလိုက်ရာ ခဏအကြာ၌ အိပ်ပျော်သွား ပါတော့ သည်။

စိတ်ပင်ပန်းမှု။ ခရီးကြမ်းတမ်းမှုများကြောင့် ကိုယ်လက်များ နာကျင်ကိုက်ခဲလျက် နောက်တစ်နေ့ နံနက် ၁၀နာရီ ခန့်မှပင် အိပ်ရာမှ ထနိုင်ပါသည်။ ကျွန်တော်ကဲ့သို့ပင် ကိုလေးမြင့် တစ်ယောက်လည်း နှစ်ခြိုက်စွာ အိပ်မော ကျ နေပါသည်။
"နိုးပြီးလား ကိုမြလှိုင်"
"ဟုတ်ကဲ့ နိုးပါပြီး ကိုစံတင် ရောက်နေတာ ကြာပြီလား"
"ကြာပြီလေ၊ မိုးလင်းထဲက ဆိုပါတော့ ကိုမြလှိုင်တို့ တော်တော်ပင်ပန်းကြတယ် ထင်ပါရဲ့ ဒါကြောင့် မနှုးတော့ဘဲ ဘာသာ ပဲ အစည်းအရုံတံခါဖွင့် စာကြည့်တိုက်ဖွင့်၊ တံမြက်လှည်းရင်း စောင့်နေတာပါ၊ ကိုင်း ရေချိုးလိုက်ပါဦး"

ကျွန်တော်သည် ကိုစံတင်အား ခေတ္တထားခဲပြီး ရေချိုးခန်းသို့ ဝင်လျက် ကိုယ်လက်သန့်စင်မှုကို အလျင်အမြန် ဆောင်ရွက်ပါသည်။ ကိုစံတင်သည် ဖက်ဆစ်တော်လှန်ရေး၏ အမာခံ ရဲဘော်တစ်ယောက် ဖြစ်ပြီး အာရှ လူငယ် အစည်းအရုံးတွင် စာကြည့်တိုက်မှူးလည်း ဖြစ်ပါသည်။ ရေမိုးချိုးပြီးသောအခါ အစည်းအရုံး အောက်ထပ် တွင် လူစုံ တက်စုံ ရောက်လျက်ရှိသည်ကို တွေ့ရသည်။
မော်လမြိုင်မြို့ပေါ် တွင် လူများ မရှိသလောက်ပင်။
လမ်းမျာေးပ်ါတွင် လူသွားလူလာ ကင်းမဲ့လျက် ဈေးဆိုင်ကန္နများလည်း ပိတ်ထားကြပါသည်။ မော်လမြိုင်မြို့သူ မြို့ သားများသည် ဘီးလူးကျွန်းသို့ ပြောင်းရွှေ့လျက် ရှိပါ၏။ ဂျပန်စစ်တပ်မှ စစ်သားများ ဂျပန်စစ်တပ်များ သက်စွန့် ဆံဖျား ပစ္စည်းနှင့် စားသောက်ဖွယ် ရောင်းချသူများ ဝန်ထမ်းများနှင့် ကျွန်တော် လူသိုက်လောက် ပင် မော်လမြိုင် မြို့ ပေါ်တွင် ကျန်ရှိနေပါသည်။

"ဟော.. ဒေါ်ဒေါ်သောင်း ဘယ်ကလာလဲ"
"မောင်မြလှိုင်တို့ဆီပဲလေ"
"ကိစ္စရှိလို့လား"
"ဒေါ်ဒေါ်သောင်းသည် မည်သို့မျှ မပြောတော့ဘဲ လက်ထဲမှ ပိုက်ဆံအိတ်ကိုဖွင့်၍ သခင်ဖိုးမှဲ့ထံမှ စာကို ပေး သည်။ ကျွန်တော်သည် သခင်ဖိုးမှဲ့၏စာကို မဖတ်သေးဘဲ ဒေါ်ဒေါ်အား စူးစမ်းစွာ ကြည့်မိပါသည် ထိုအခါတွင် မှ ဒေါ်ဒေါ်က သူ၏မွေးစားသား မောင်ထွန်းကြည် ထားဝယ်သို့ ဆေးပိုများ သွားပို့ရင်း နှောင်ဖိုးမှဲ့က လူကြုံ ပါးလိုက် သော စာဖြစ်ကြောင်း ရှင်းပြပါသည်။ ကျွန်တော်သည် သခင်ဖိုးမှဲ့ထံမှ စာကို ဖွင့်၍ ဖတ်ကြည့်ပါသည်။
ညီငယ် မောင်မြလှိုင်.....
ဒေါ်ဒေါ်လေးဆို့ ဘီလူးကျွန်းက ဘုရားကြီးကုန်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု သိရသည်။ မော်လမြိုင်တွင် လူငယ်အစည်းအရုံး ကိစ္စများ မလုပ်နိုင်သည့်တူတူ ဒေါ်လေးတို့နှင့်အတူ ပြောင်းရွှေ့ လိုက်ခဲ့စေလိုပါသည်။ နောင် တော်တို့ ကျန်လုပ်ငန်းများ ချိန်းဆို လုပ်ကိုင်ကြပါမည်။

"ဒေါ်ဒေါ်သောင်း ဘီလူးကျွန်းကို ရွှေ့မယ်ဆို"
"မော်လမြိုင်နေလို့ မကောင်းတော့ဘူး မဟုတ်လား မောင်မြလှိုင် ဒါနဲ့ မောင်ဖိုးမှဲ့က ဘာတွေရေးလိုက်သလဲ"
"သြော်... ဒေါ်ဒေါ်သောင်းတို့ ဘီလူးကျွန်းက ဘုရားကြီးကုန်းကို ပြောင်းမယ်တဲ့ အဲဒါ ကျွန်တော်လည်း မော်လမြိုင်မှာ ဘာမှလုပ်မရတဲ့အတူတူ ပြောင်းပြီး ဒေါ်ဒေါ်သောင်းတို့ကို စောင့်ရှောက်ပါတဲ့"
"အင်း... မောင်မြလှိုင်ဆန္ဒကရော ဒေါ်ဒေါ်နဲ့ လိုက်မှာလား"
"ကျွန်တော် အစည်းအဝေးခေါ်ပြီး တိုင်ပင်ရမယ် ချက်ချင်းကြီးတော့ ပြောင်းလို့ မရသေးဘူး ထင်တယ်။ ဒါပေ မယ့် ဖြစ်နိုင် စရာတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာရှလူငယ် အမှုဆောင်တွေထဲက တချို့လူတွေ ဘီလူးကျွန်း ကို ရွှေ့ပြောင်းကုန်ပြီပဲ"

ဒေါ်ဒေါ်သောင်း နှုတ်ဆက်ပြန်သွားသောအခါ ကျွန်တော်သည် သခင်ဖိုးမှဲ့ထံမှ စာကို ခေါက်ခေါက်အခါခါ ပြန်၍ ဖတ်မိပါသည်။ သခင်ဖိုးမှဲ့သည် ထားဝယ်ခရိုင်တွင် ရာဇဝန်ထောက်အဖြစ် ဆောင်ရွက်ရင်း ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှု ကို ဆောင်ရွက်နေသူ ဖြစ်ပါသည်။ မူလက ကျွန်တော်၏ စိတ်တွင် ဖက်ဆစ်တော်လှန်ရေး အတွက် အား ပျက်စိတ်ငယ်နေမိသည် မှန်သော်လည်းယခုမူ မော်လမြိုင်မှ လူငယ်များ၏ တက်ကြွသော တော်လှန်ရေးစိတ် ကြောင့် ဖက်ဆစ်တော်လှန်ရေးကို မော်လမြိုင်ခရိုင် အတွင်း၌ပင် လှုပ်ရှားဆောင်ရွက် ရန် ဆုံးဖြတ်နိုင်ခဲ့ပါသည်။
ကျွန်တော်သည် သခင်ဖိုးမှဲ့ထံမှစာကို ကိုလေးမြင့်ကို လည်းကောင်း ကိုစံတင်ကိုလည်းကောင်း ကိုပြည်စိုးကို လည်းကောင်း ပြလျက် အကြံဥာဏ် တောင်းကြည့်မိပါသည်။ ကိုလေးမြင့်တစ်ယောက်မှလွဲ၍ ကျန်လူငယ်များ ဘီလူးကျွန်း သို့ ပြောင်းရွှေ့၍ အာရှလူငယ်လုပ်ငန်းကို ဗန်းပြ၍ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုကို လုပ်ကိုင်ရန် သဘောတူပါသည်။

"ကျွန်တောကသာ ဌာနချုပ်တက်ပြီး မော်လမြိုင် အခြေအနေကို ရှင်းပြချင်သေးတယ်ဗျာ"
"ဘာကို ရှင်းပြမှာလဲ"
"အားလုံးကိုပေါ့"
ကျွန်တော်သည် ကိုလေးမြင့်ကို အံ့သြစွာ ကြည့်လိုက်မိသည်။ ကိုလေးမြင့်ပြောသော "အားလုံးကိုပေါ့" ဟူသော စကားရပ်သည် အဓိပ္ပာယ်ုများစွာ ကျယ်ဝန်းလှပါသည် အဘယ့်ကြောင့်ဆိုသော် အာရှလူငယ် အစည်းအရုံး အနေ ဖြင့် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော လှုပ်ရှားမှုကို တရားဝင်ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါ သည်။ ထို့ကြောင့် အာရှလူငယ် အစည်းအရုံးအတွင်း၌ ရှိကြသော စည်းရုံးရေးမှူးသည် ဖက်ဆစ်တော်လှန်ရေးကို တစ်ဦးချင်းအလိုက် ဆက်သွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သဘောပေါက် ထားပြီး ဖြစ်ပါသည်။
"အားလုံးဆိုတာ ဘာကိုပြောတာလဲ"
"ကိုမြလှိုင် အခု လုပ်တာတွေကို ကျွန်တော် တစ်ဦးချင်းအနေနဲ့ ဘာမှပြောစရာမရှိဘူး ကျွန်တော်လည်း လုပ်မှာပါ ပဲ ဒါပေမယ့် ဌာနချုပ်ရဲ့ သဘောထားမေးပြီး လုပ်ရင်ကောင်းမယ် ထင်တယ်ဗျာ ဘာကြောင့်လဲဆိုတော့ နောင် တစ်စုံတစ်ခု မှားသွားရင် ကျွန်တော်တို့အားလုံး တရားခံဖြစ်ကုန်လိမ့်မယ်"

"ဌာနချုပက သဘောမတူရင်ကောဗျာ"
"သဘောမတူလို့ ဆက်လုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ကြတာပေါ့ ကိုမြလှိုင်က ဘာပဲဖြစ်ဖြစ် လုပ်တော့မှာပဲ မဟုတ်လား"
"ဟုတ်တယ်"
ကိုလေးမြင့်၏ တင်ပြချက်များသည် မှန်ကန်၍ လုပ်သင့်သောအလုပ်ဖြစ်ကြောင်း ကျွန်တော်တို့ သဘောပေါက် ကြပါသည်။ သို့ဖြစ်ခြင်းကြောင့်လည်း ကိုလေးမြင့်အား ရန်ကုန်သို့ စေလွှတ်၍ ဌာနချုပ်၏ သဘောထား ရယူရန် ကျွန်တော်တို့အားလုံး ဆုံးဖြတ်လိုက်ကြပါတော့သည်။
ကိုလေးမြင့် ရန်ကုန်သို့ ထွက်သွားသည်မှာ တစ်ပတ်ခန့် ရှိခဲ့ချေပြီ။ ထိုအချိန်တွင် မော်လမြိုင်ပေါ်သို့ ရန်သူ့ လေယာဥများက အကြိမ်၁၀၀မက ဗုံးကြဲဖျက်ဆီးကြပါသည်။ ဗုံးများသည် ကျွန်တော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် ၌ တဖွဲဖွဲရွာသည့်မိုးပမာ ရှိဘိသည်။ ကျွန်တော်တို့တစ်တွေလည်း မြေအောင်း သတ္တဝါများပမာ တစ်နေ့ တာ အချိန် များကို ဗုံးခိုငျင်း၌သာ အချိန်ကုန်လွန်ခဲ့ရပါသည်။ တစ်ခါတစ်ရံ ထမင်းဆိုင်ထိုင်ခုံများကြား၌ ပျပ်ပျပ် ဝပ် အိပ်စက် နေခဲ့သည်မှာ ထမင်းပင် မစားလိုက်ရဘဲ မိုးချုပ်နေဝင်သွားသည် အထိပင် ကြုံတွေ့ခဲ့ရပါသည်။
"ကိုမြလှိုင် ကိုလေးမြင့် ပြန်မလာခင် ခင်ဗျားအဒေါ်ကို ဘီလူးကျွန်း သွားရွှေ့ထားလိုက်ရင် ကောင်းမယ် ထင် တယ်ဗျာ"

ကိုစံတင်သည် တစ်နေ့တစ်နေ့ ဗုံးခိုကျင်းအတွင်း၌ အချိန်ကုန်လွန်ခြင်းများထက် တစ်ခုခုကို ပြီးစီးအောင် ဆောင် ရွက်စေလိုကြောင်း ဆန္ဒပြလာပါသည်။ ထိုအခိန်က မော်လမြိုင်-ရန်ကုန်ခရီးမှာလည်း အဆင့်ဆင့် သွားလာရခြင်း ကြောင့် လွယ်ကူခြင်း မရှိသည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ ကိုစံတင်၏ ပြောပြချက်အရ မော်လမြိုင်မှ ရန်ကုန် သွားခရီးမှာ မော်လမြိုင်မှ မုတ္တမ၊ မုတ္တမမှ ဒုံးဝန်အထိ မီးရထားလမ်း၊ အိုဗာစီယာများသုံးသော လက်တွန်း ထရော် လီဖြင့် သွားရမည်ဖြစ်ပြီး ထိုမှ ကျိုက်ထိုအထိ မီးရထားစီး ရမည် ဖြစ်သည်။ ကျိုက်ထိုသို့ ရောက်သောအခါ ကျိုက်ထိုမှ ဘိုးယားကြီးသို့ နွားလှည်း (သို့မဟုတ်) ခြေလျင်ဖြင့် သွားရပါသည်။ ဘိုးယားကြီးသို့ ရောက်ပြန်သော် တစ်ဖက်လမ်း မင်းရွာသို့ ကူးတို့ဖြင့် ကူးရပါ သည်။ မင်းရွာရောက်သော် ယင်းမှ ဂျပန်ခေတ် ဆောလစ်တိုင်ယာ ဖြင့် ပြေးဆွဲသော လူးစီး စက်ဘီးနောက် ဖင်ထိုင်ခုံမှ စီးချက် ပဲခူးသို့ လာရပါသည်။ ပဲခူးမှတစ်ဆင့် ရန်ကုန်သို့မူ မော်တော် ဘတ်စ်ကား များပြေးဆွဲပါသည်။ (နောင်သောအခါ ဤလမ်းခရီးကို ကျွန်တော်တစ်ယောက် တစ်ဦးနှင့် ကြမ်းပြင်သဖွယ် သွားခဲ့ရ ပါသည်။)

ကိုစံတင်၏ အကြံပေးချက်အရ ကျွန်တော်သည် ဒေါ်ဒေါ်သောင်းအား ဘီလူးကျွန်းရှိ ဘုရားကြီးကုန်းရွာသို့ ပြောင်း ရွှေ့ပေးရန် စီစဉ်ရပါသည်။ ဘီလူးကျွန်းသည် ရွာပေါင်း ၆၄ရွာရှိသော အဓိကရကျွန်းကြီး ဖြစ်ပါသည်။ မော်လမြိုင် နှင့် ဆက်သွယ်လျက် ကူးလူးရောင်းဝယ် ဖောက်ကားသော ကျေးရွာများ ဖြစ်ပါသည်။ ဘီလူးကျွန်း ၆၄ရွာအနက် ချောင်းဆုံးမြို့သည် မြို့ပိုင်ရုံးစိုက်သော မြို့နယ် ဖြစ်၍ ဘီလူးကျွန်းတွင် နေထိုင်ကြသူများမှာ ကုန်သည်များ တောင်သူလယ်သမား မွန်တိုင်းရင်းသားများ ဖြစ်ကြပါသည်။
ကျွန်တော်သည် အဘိုးအဘွား အဒေါ်အပျိုကြီး နှစ်ယောက်နှင့်အတူ ဘုရားကြီးကုန်းသို့ လိုက်ပါလာခဲ့ပါသည်။ ဘုရားကြီးကုန်းရွာသည် ရွာငယ်တစ်ရွာဖြစ်၍ ပျော်ရွှုချမ်းမြေ့ဖွယ် အလွန်ကောင်းပါသည် ဘုရားကြီးကုန်း သို့ ရောက်သောအခါ ရန်ကုန်မှ စစ်ပြေးလာခဲ့ကြသော ဆန်းကဖေးမှ ကိုထွန်းရင်တို့ မိသားစုကို တွေ့ရပါသည်။ ဦးထွန်းရင် သည် ရန်ကုန်၌ ကျောင်းနေစဉ်ကပ်င ရင်းနှီးခင်မင်ခဲ့သူမျာဖြစ်ခြင်းကြောင့် မမျှော်လင့်ဘဲ ဤနေရာ ဒေသမျိုးတွင် တွေ့သောအခါ သွေးရင်းသားရင်းနှင့်မခြား၊ ပြုစုစောင့်ရှောက်ပါသည်။ စစ်အတွင်း ငတ်ပြတ် ၍ မစားရသော ရေခဲမုန့်၊ ပလိန်းကိတ်၊ အဆော့တက်ကိတ်၊ သစ်သီးကိတ်စသည်များကို ဦးထွန်းရင် တို့က လုပ်ကိုင် လျက် ကျွန်တောတို့ကိုပါ အိမ်သားများ နည်းတူ ကျွေးမွေးကြပါသည်။

"မောင်မြလှိုင် ဒီကို ဘာလို ရောက်လာတာလဲကွဲ့"
"ကျွန်တော် အာရှလူယ် အစည်းအရုံးထောင်ဖို့ မော်လမြိုင် တာဝန်ကျတယ်ဦးလေး"
ဦးထွန်းရင်းသည် သူ၏လျှို့ဝှက်သယ်ဆောင်လာသော ရေဒီယိုမှတစ်ဆင့် နိုင်ငံခြား သတင်းများကို နားထောင်ပြီး ဂျပန်များ စစ်ရုံးနေပြီဖြစ်ပါကြောင်း၊ ဂျပန်များ အင်ဖာတိုက်ပွဲတွင် အကျအဆုံးများစွာနှင့် အရေး နိမ့်နေကြောင်း တိုးတိုးတိတ်တိတ် ပြောပြသဖြင့် နားထောင်နေပါသည်။
"မောင်မြလှိုင် ဒီကောင်တွေ ကျုပ်တို့ကို လွတ်လပ်ရေးပေးမယ်ဆိုတာ ယုံသလားဗျ"
"မယုံပါဘူး ဦးလေး"
"မှန်လိုက်လေကွယ်၊ လွတ်လပ်ရေး မပေးချင်ကိုအောင်ဆန်းကလည်း ခံမယ့်လူတော့ မဟုတ်ဘူး ဟင်း... ဟင်း... ဟုတ်ဖူးလား"
"ဟုတ်ပါတယ်"

ကျွန်တော်သည် ဘုရားကြီးကုန်းရွာတွင် ရက်သတ္တပတ်ခန့် ကြာမြင့်သွားပါသည် ဘုရားကြီးကုန်းရွာနှင့် တစ်ဆက် တစ်စပ် ရှိသော ကွမ်သဲရွာကို ဒေါက်တာဘာဟိန်တို့ ဆန်စက်ထဲသို့လည်းကောင်း သွားရောက် လည်ပတ်ရင်း အချိန်ဖြုန်းပါသည်။ ဒေါက်တာဘာဟိန်မှာ ကျွန်တော်၏ အစ်ကိုဖြစ်သူ ဒေါက်တာလှရွှေနှင့် ရင်းနှီးသူ ဖြစ်သည့်အ တိုင်း ကျွန်တော့်ကို ဂရုစိုက်ပြုစုပါသည် ဘီလူးကျွန်းသည် အေးချမ်သာယာလျက် ရှိနေသော်လည်း ရန်သူ လေယာဉ်များမှာမူ ဘီလူးကျွန်းပေါ်မှ ဖြတ်၍  မော်လမြိုင်မြို့ပေါ်သို့ သွားရောက်ဗုံးကြဲလျက် ရှိနေသည်ကို စိတ် ဆင်းရဲစွာ မြင်တွေ့နေရပါသည်။
မလှဝင်း....။

ပန်းချီဆရာကြီး ဦးအုန်းလွင်၏ ရှေးယခင် ဝတ္ထုမျက်နှာဖုံးမှ အမျိုးသမီးကလေးကဲ့သို့ ပါးစုံကလေးမို့မို့၊ နှုတ်ခမ်း ကလေး နီးထွေးထွေးနှင့် အလွန်ချစ်ခင်နှစ်လိုဖွယ်သော မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော် တစ်ယောက် ကွမ်သဲ ဒေါက်တာဘာဟိန်တို့ စက်ထဲမှ ပြန်လာသောအခါ ဘုရားကြီးကုန်းရွာရှိ ကျွန်တော် အဒေါ် အိမ်တွင် အမှတ်မထင် တွေ့ဆုံးလိုက်ရပါသည်။ မိန်းကလေးသည် ကျွန်တော့်ကို တွေ့သောအခါ မျက်လွှာကို ချလိုက်သည်။ ကျွန်တော်ကမူ လှပသော မိန်းကလေးကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေမိပါသည်။ ထိုအခါ ကျွန်တော့်ရင်များ ဖိုလှိုက်သကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် ပန်းနုရောင် ထွေးထွေးလေး ကို ရေးရေး မြင်လိုက်မိ ပါ တော့သည်။
"ဟော... မောင်မြင့်လှိုင် တစ်ယောက် ပြန်လာပြီလား"
"ဟုတ်ကဲ့ ဒေါ်ဒေါ်"

ကျွန်တော်သည် မလှဝင်းဘက်သို့ တစ်ဖန် ပြန်ကြည့်လိုက်သည် ထိုအခါ မလှဝင်းနှင့် အကြည့်ချင်း ဆုံပြန်သည်။ နောက်တစ်ဖန် ရင်ဖိုရပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ကျွန်တော်၏ မျက်နှာပေါ်တွင် သကာလောင်း ထားဟန် တူပါ သည်။
"အဝင်း.. ဒါ ဒေါ်လေးတူ ရန်ကုန်က မောင်မြလှိုင်လေ"
"ဟုတ်ကဲ့.. ဒေါ်လေးရှင့်"
"မောင်မြလှိုင် အဝင်းက ဒေါ်ဒေါ် မွေးစားသမီး"
ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသိအကျွမ်းအပေါင်းအသင်း နည်းသော ဘုရားကြီးကုန်းရွာကလေးတွင် နေထိုင် ရသဖြင့် စိတ်ပျက်နေသော ကျွန်တော်သည် မလှဝင်းဆိုသူကို တွေ့သောအခါ မော်လမြိုင်သို့ ပြန်ရန်ပင် ခေတ္တမျှ မေ့လျော့နေပြီတကား။

ဤနေရာတွင် အလျဉ်းသင့်၍ ကျွန်တော်၏ အဒေါ်များ အကြောင်းကို ရေးသားပြရန် ရည်ရွယ်ပါသည်။ ကျွန်တော် ၏ဖခင်သည် ထားဝယ်သားဖြစ်၍ မိခင်သည် ဖျာပုံသူဖြစ်သည်။ ဖခင်ဆုံးပါးခဲ့ပြီးနောက် မိခင်၏ ရင်ခွင်တွင် နားနေ ကြီးပြင်းရသော ကျွန်တော်တို့သည် မိခင်၏ ညီအစ်ကို မောင်နှမများနှင့်သာ လက်ပွန်းတတီး ရှိပါသည်။ ဖခင်ဘက် မှ ဆွေမျိုးဟူ၍ တိတိပပမသိ၊ ခင်တွယ်မှုလည်း မရှိခဲ့ပါပေ။ ဖခင်၏ ညီအစ်ကို မောင်နှမများကလည်း အနေဝေး သော ကျွန်တော်တို့အား တစိမ်းပြင်ပြင်ကဲ့သို့ ရှိကြပါသည်။ ယခု ကျွန်တော် ၏ အဒေါ်များသည် ဖခင်ဦးစိန်သွင်၏ ဦးလေးဖြစ်သူမှ မွေးသော သားသမီးများဖြစ်၍ အိမ်ထောင်ု မရှိဘဲ မိခင်ဖခင်အိုများနှင့် အတူ နေထိုင်နေသော အပျို ကြီး ညီအစ်မဖြစ်ပါသည်။ သားထောက် သမီးကံ မရှိသော အပျိုကြီးများသည် ကျွန်တော့်အား ရုတ်တရက် တွေ့လိုက်သောအခါ ခြေမကိုင်မိ လက်မကိုင်မိ ကြတော့ဘဲ အစွမ်းကုန် ချစ်ကြပါကုန်သည်။ အချိန်ရလေတိုင်း စကားဝိုင်းဖွဲ့ စပ်မိလေတိုင်း ကျွန်တော်အား သားသမီးအဖြစ် မွေးကျွေးလိုကြောင်း ၄င်းတို့နှင့် အတူတကွ နေထိုင် ၍ ဘာမျှမလုပ်ကိုင်ဘဲ နေထိုင်နိုင်ကြောင်း ပြောပါသည်။

ယခု တစ်ဖန် မလှဝင်းဆိုသူကလေးကို မွေးစားသမီးဟု ပြောပြန်ပါသည် ဒေါ်ဒေါ်၏ ပြောပြချက်အရ မလှဝင်းတို့ မိသားစုသည် လက်လုပ်လက်စားများဖြစ်သည်။ ဖခင်ဖြစ်သူမှာ တရုတ်လူမျိုဖြစ်၍ မလှဝင်း ငယ်စဉ် မှာပင် သေးဆုံးသည်။ မလှဝင်းနှင့် ညီမလေးတို့မှာ မိခင်မုဆိုးမ၏ လုပ်စာဖြင့် ကြီးပြင်းလာရပါသည်။ ၄င်းတို့၏ မိခင် သည် ကျွန်တော့်အဒေါ်ဖြစ်သူ၏ ဆေးရွက်လုပ်ငန်းတွင် ဆေးရွက်ကြီးခွာသော အလုပ်ကို လုပ်ကိုင် ရပါသည်။ ကံဆိုး မသွားလေရာ မိုးလိုက်၍ရွာ ဟူသည့်စကားအတိုင်း မလှဝင်းမိခင်ခမျာ မကြာမီက မော်လမြိုင်ကို ဗုံးချရာတွင် ပါသွားခဲ့လေသည်။ ထိုမှအစပြု၍ မလှဝင်းတို့ ညီအစ်မ ဒေါ်ဒေါ်သောင်း၏ မွေးစားသမီးများ ဖြစ်လာခဲ့လေသည်။

"မလှဝင်း-မလှဝင်း"
ကျွန်တော်အိပ်သော်အခါ မလှဝင်းကို မြင်မက်နေမိပါသည်။ မလှဝင်း၏ ပါးပြင်မို့မို့ကို အိမ်မက်ထဲ၌ ကျွန်တော် နမ်းရှုပ်မိသည်။ ကျွန်တော်အနမ်းများကို အိမ်မက်ထဲ၌ပင် မလှဝင်းတစ်ယောက် ရှောရှောရှူရှူ  အကြောက်အကန် ရုန်းခဲ့သည်။ ဒါကို ကျွန်တော် မကျေနပ်နိုင်ပေ။ အိပ်ရာမှ လန့်နိုးသောအခါ စိတ်စွဲ၍ မလှဝင်း ဖမ်းစားမှုကို ကျိတ်၍ ပြုံးလိုက်မိသည်။
တစ်နေ့သော အခါ ဒေါ်ဒေါ်သောင်းသည် ဆိုင်းမပါ ဗုံမဆင့် ကျွန်တော့အား နားဖောက်လာပါသည်။ မလှဝင်းအား လက်ထပ်ယူရန် ကျွန်တော့်မိခင်ကြီးအား ခွင့်တောင်းရန် ပြောပါသည်။ ဤသို့ တေ့တေ့ဆိုင်ဆိုင် တိတိပပ ပြောလာသောအခါ မလှဝင်း၏ အလှတွင် ယစ်မူးမိသော ကျွန်တော်သည် စဉ်းစားဖွယ်များနှင့် ကြုံတွေ့ လာရပါ တော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်အား သစ္စာရှိစွာ စောင့်စားမျှော်လင့်လျက် ရှိနေသော ငယ်ရည်း စား သန်းသန်း တစ်ယောက်ရှိနေသည် မဟုတ်လော။

ဒေါ်ဒေါ်က တစ်ဖန် ပြန်ပြောသည်။ ၄င်းတို့တွင် သားထောက်သမီးခံ မရှိခြင်း ၄င်းတို့၏ စီးပွားရေးကို ကြပ်မစောင့် ရှောက်ပေးမည့်သူ မရှိခြင်းတို့ကြောင့် မလှဝင်းအား လက်ထပ်ပြီး စီးပွားရေး တစ်ခုလုံးကို ဦးစီးရှေ့ဆောင် လုပ် ကိုင်ပေးရန်တဲ့။ ဒေါ်ဒေါ်၏ ကမ်းလှမ်းချက်များသည် အကယ်၍သာ ကျွန်တော် တစ်ယောက် သန်းသန်းနှင့် ချစ် ကြိုက်တွယ်တာမှု မရှိသေးလျှင် လက်ခံမိမည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် မလှဝင်းသည် နှစ်လိုဖွယ်လှပသော မိန်းကလေးဖြစ်ခြင်းနှင့် သားသမီး များပြားသော ကျွန်တော့်မိခင်သည် ကျွန်တော်တစ်ကောင် အဖေ့ဘက်မှ အဒေါ်များထံ သွားရောက်နေထိုင်ခြင်းဖြင့် မထောင်းသောကြောင့်ပင် ဖြစ်ပါသည်။

ဆက်ရန်
.

No comments: