ကမ္ဘာကျော်စာဆိုရှင် Mark Twain ကတော့ ပြောသားပဲ။ "အားမာန်အပြည့် ရှိနေတဲ့ မြင်းတစ်ကောင် ဟာ ဘယ်လောက်ပဲ မှက် ခြင်တွေ ကိုက်ထားထား သူ သွားမဲ့ လမ်းခရီးကို မတားဆီးနိုင်ပါဘူး" တဲ့။
ကျွန်မမှာလည်း သွားရမယ့် ဘဝခရီးက ရှိနေသေးလို့ အဲဒီမြင်းကြီးလို အားမာန်တွေ မွေး ရပါဦးမယ် လေ။ ကို ဆက်ဖတ်ရန် ....
အပိုင်း (၂၉)
ကိုယ့်ကိုယ်ကိုယ် ဘယ်လို အားဖြည့်ရမလဲလို့ ရောက်တတ်ရာရာတွေ စဉ်းစားရင်း တစ်ခါတုန်းက ကျွန်မ ဖတ်ဖူးထား တဲ့ ပုံပြင်လေးတစ်ခုကို သတိရမိပါတယ်။
ပစ္စည်းဟောင်းတွေ ရောင်းချတဲ့ဆိုင်ထဲကို လူတစ်ယောက်က ရောက်သွားတော့ လျှောက်ကြည့်နေမိ တယ်ပေါ့။ စင်ပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေကလည်း အမျိုးစုံပါပဲ။ အိုးတွေခွက်တွေ၊ ဘူးတွေ ပလုံးတွေ၊ ပန်းကန် ခွက်ယောက်တွေ၊ လင်ပန်းတွေ အပြင် ရုပ်တုအမျိုးစုံတွေလည်း ရှိလေရဲ့။ အားလုံး ပစ္စည်းတွေကလည်း အဟောင်း အနွမ်းတွေမို့ ဖုန်တွေတက်၊ ကျပ်ခိုးတွေစွဲပြီး ညစ်ပတ်ပေရေနေလို့ လိုချင်စရာ ပစ္စည်းရယ်လို့ တစ်ခုမှ မတွေ့မိဘူး တဲ့။
ဒါနဲ့ ပြန်တော့မယ်လေလို့ စဉ်းစားရင်း လှည့်ထွက်ခါနီးကျမှ ဆိုင်နံရံကိုကပ်ထားတဲ့ နောက်ဆုံးစင် ကလေးပေါ် က အိန်ဂျယ် အရုပ်ကလေးကို သွားတွေ့မိပါတယ်။ အတောင်လေးနှစ်ဖက်နဲ့ အိန်ဂျယ်လေး က ကလေးငယ်လေး တစ်ယောက်ကို လက်ဆွဲလို့။ အရုပ်ကလေးက ချစ်စရာ ကောင်းပေမဲ့ ဖုန်တွေတက်၊ ကျပ်ခိုးတွေ စွဲပြီး ပေရေစုတ်ပဲ့ ဆေးရောင်တွေကလည်း ပျက်ပြယ်နေတာမို့ မက်မောဖွယ်ရာ မရှိတော့ပါဘူး။
အရုပ်ကလေး ကို လက်ထဲမှာ ယူကြည့်ရင်း အဲဒီလူက ကြင်နာစိတ်နဲ့ ဒီအရုပ်ကလေးကို အဟောင်းအစုတ် ပုံတွေထဲက ကယ်တင်ခဲ့ပြီး လှပတဲ့ပုံစံ ဖြစ်အောင် ပြောင်းလဲပေးလိုက်ရင်တော့ လာမဲ့ ခရစ္စမတ်အချိန်မှာ အလှဆင် စရာ ပစ္စည်းလေး တစ်ခု ဖြစ်လာနိုင်တာပဲ ဆိုပြီး ဝယ်သွားလေရဲ့။
အိမ်ရောက်တော့ အရုပ်ကလေးကို ဆေးကြောသန့်စင်ပြီး အဖြူရောင်ဆေးတွေ ခြယ်ပေးပါတယ်။ အိန်ဂျယ်လေး နဲ့ ကလေးငယ်ရဲ့ ဆံပင်တွေ ကိုလည်း ရွှေရောင်ဆိုးပေးလိုက်တယ်ပေါ့။ စုတ်တံလေးနဲ့ တစ်ချက်ချင်း ခြယ်သ ရင်း အရုပ်ကလေး သစ်လွင်တောက်ပပြီး လှပလာတာကို ကြည့်ပြီး ကြည်နူးပီတိတွေ ဖြစ်လို့။ အဲလို သူ့စုတ်တံလေး နဲ့ ခြယ်သရင်း အတွေးတစ်ခု ဝင်လာမိတယ်တဲ့။ လူသားတွေဟာလည်း တစ်နှစ်တာအတွင်း ဘဝရပ်တည်ရေး အတွက် ရုန်းကြကန်ကြ၊ ဒီအထဲမှာ လောကဓံတရားရဲ့ အထုအနှက်တွေလည်း ခံကြရ လို့ နှစ်ကုန်ခါနီးပြီဆိုမှ စိတ်ဓာတ်တွေလည်း ဖုန်အလိမ်းလိမ်းဖြစ်ပြီး ညစ်ညူးစုတ်ပဲ့ကုန်ကြရတာ ခရစ္စမတ်ရောက်ချိန် ကျမှ သတိတရားရ၊ စိတ်ဓာတ်တွေ တက်ကြွ၊ ဘုရားသခင်ရဲ့ ဂုဏ်တော်တွေ နှလုံး သွင်းကြ ရင်း မေတ္တာတွေ၊ ဂရုဏာတွေ၊ အကြင်နာတရားတွေနဲ့ ပြုပြင်လိုက်တာမို့ စိတ်သစ်လူသစ်နဲ့ နှစ်သစ်ကို ရင်ဆိုင်နိုင်ကြ တာ အခု အရုပ်ကလေးကို အသွင်ပြောင်းပေးလိုက်တဲ့ အတိုင်းပါပဲတဲ့။
ကိုယ့်ဘဝ ကို ဖုန်တက်မခံဘဲ အသစ်ဖြစ်အောင် အသွင်ပြောင်းနိုင်ဖို့က အရေးကြီးတယ်လို့ ဆိုညွှန်းထားပါတယ်။
ကျွန်မ ဘဝလည်း အခု ဖုန်တောထဲက ကျပ်ခိုးစင်ပေါ်မှာ ရောက်နေတဲ့ အခြေအနေတစ်ရပ် ပါပဲ။ ရွှေရောင် ဆေးခြယ်ပေး လိုက် တဲ့ အိန်ဂျယ်လေးလို တောက်ပတဲ့ဘဝကို ပြန်ရောက်ဖို့ အသွင်ပြောင်း နိုင်အောင် နည်းလမ်းတွေ ရှာရပါဦးမယ်လေ။ လူသားတိုင်းမှာ မွေးရာပါ စိတ်စွမ်းအင်တွေ ရှိနေကြတာ မို့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်အောင် အခါအခွင့်တွေ စောင့်ပြီး ဖန်တီးမှုတွေလုပ်ဖို့ ခြေလှမ်းစနိုင်ရေးကို အမျိုးမျိုး တွေးတောကြံဆနေရပါတယ်။ ကျဆုံး ရာ အရပ် မှာ စိတ်ဓာတ်ကျပြီး ခြေစုံရပ်နေဖို့က မဖြစ်သေးဘူး မဟုတ်လားနော်။
ကျွန်မမှာ ကံဆိုးမိုးမှောင်ထဲမှာပဲ ကံကောင်းထောက်မတဲ့ အချက်ကလေးတွေလည်း ရှိပါသေးတယ်။ 'အချိန်အခါ၊ အခြေအနေ အပြောင်းအလဲ ဒဏ်ကို ကြံ့ကြံ့ခံပြီး မပြောင်းလဲသော မေတ္တာ စေတနာ ရှိမှ သူငယ်ချင်း စစ်မည်၏' တဲ့။
အဲဒီလို အချိန်အခါ အပြောင်းအလဲဒဏ်ကို ကြံ့ကြံ့ခံပြီး မပြောင်းလဲတဲ့ မေတ္တာစေတနာနဲ့ ချစ်ကြသော သူငယ်ချင်း များ ရှိနေခြင်းက ကံကောင်းခြင်းတစ်ခုလို့ ဆိုရမှာပါပဲ။ ကျွန်မ အိုးမဲ့အိမ်မဲ့ အလူးအလဲ ဒုက္ခရောက် နေတယ်လို့ သတင်းကြားတော့ ကိုကြီးရဲ့တူမ မမလေးက မန္တလေးကနေပြီး စာရေးလာ ပါတယ်။ သူလည်း အများ နည်းတူ ရာတန်တွေ အပ်လိုက်ရတော့ လက်ထဲမှာ ငွေအနေနဲ့ မရှိဘူး၊ ဒါပေမဲ့ စိန် လက်ကောက် ရှိတယ်၊ အရေးပေါ်သုံးစရာရှိရင် ထုခွဲသုံးဖို့ ပို့ပေးလိုက်မယ်တဲ့။
ကျွန်မ ဘယ်ယူရက်ပါ့မလဲ။ ဒါပေမဲ့ ဘယ်သူတစ်ဦးကမှ အဖော်အပေါင်း လုပ်မယ့်သူ မရှိတဲ့ အချိန်အခါ မှာ အခု လို စာရေးပြီး အားပေးဖော်၊ ကူညီဖော်ရတယ် ဆိုတာကိုပဲ ကျေးဇူးတင်လို့မဆုံး ဖြစ်ရပါတယ်။ မရှေးမနှောင်းမှာပဲ မန္တလေးက ကျွန်မရဲ့ သူငယ်ချင်း 'ဘီကြင်ဟိုတယ်' ပိုင်ရှင်လောလောဆယ် ရပ်တည်နိုင်ဖို့အတွက် ဆိုပြီး လူကြုံ နဲ့ ငွေနှစ်ထောင် ပို့ပေးလာပါတယ်။ တစ်ခါ ဒေါက်တာခင်မြကြူ (Clara) ကလည်း မမခင် အရေးပေါ် သုံးဖို့ ပြောပြီး လက်ထဲ ငွေတစ်ထောင်လာပြီး ထည့်သွားလေရဲ့။
ကျွန်မ လက်ထဲငွေသုံးထောင် ကိုင်ထားနိုင်ပြီဖြစ်တော့ ဓာတ်ပုံဆိုင် ပြန်ဖွင့်နိုင်ရေးကို အရင်တစ်ခါတုန်း ကလို ပဲ ငွေတစ်ပဲနဲ့ ငါးကြင်းခေါင်းကိုင်နိုင်ဖို့ အကြံထုတ်နေမိပြန်ပါတယ်။ ဒီိအချိန်မှာ အိမ်လခတွေက လည်းအရင် လို ပေါတော့တာ မဟုတ်တဲ့အပြင် စပေါ်တို့၊ အပျောက်ငွေတို့ကလည်း အိမ်လခနဲ့အတူ ဈေးတက်ကုန်ကြပြီလေ။ အဲဒီတော့ ဘယ်ကစပြီး ဘာလုပ်ရမလဲဆိုတာ အကြံခက်နေဆဲအခါမှာပေါ့။ အကုသိုလ်ဝင်တဲ့အခါ အလုံးအရင်း နဲ့ တစ်ခုပြီးတစ်ခု ရောက်လာတတ်သလိုပဲ။ ကုသိုလ်ကံ ပေးလာပြန်ရင်လည်း ကွင်းဆက်ကလေးတွေနဲ့ တစ်ခုပြီး တစ်ခု အဆင်ပြေစရာတွေ ဖြစ်လာတတ်တာ ကလည်း အံ့စရာတစ်ပါးပါပဲ။
တစ်နေ့မှာတော့ ကျွန်မတို့အခန်းကို တံခါးခေါက်သံကြားလို့ ဖွင့်ကြည့် လိုက်တော့ နှစ်ပေါင်းကြာ မြင့်စွာ ကတည်းက မောင်ငယ် တစ်ယောက် လို ရင်းနှီးခင်မင်တဲ့ သတင်းထောက် ကိုဝင်းမြင့် ဖြစ်နေပါ လေရော။ သူကလည်း ကျွန်မတို့ကို မထင်မှတ်တဲ့ ဒီနေရာမှာ လာတွေ့ရလို့အံ့သြလို့။ အမှန်က ကျွန်မဆီကို လာတာ မဟုတ် ပါဘူး။ တစ်ဖက်ခန်းက သူ့မိတ်ဆွေဆီ လာတာ အခန်းမှားပြီး ခေါက်မိလို့ ကျွန်မကို တွေ့သွားတာလေ။ သူ့ကို မတွေ့တာကြာ လို့ သူတို့မိသားစုရဲ့ မာကြောင်း၊ သာကြောင်းတွေ မေးရင်းနဲ့ အပြန်အလှန် အဖြစ်အပျက်တွေ ကို ပြောကြရင်း ကျွန်မတို့အကြောင်းတွေဆီလည်း ရောက်သွားလေတယ်ပေါ့။
'ဟာ.... ဒါဆို အတော်ပ၊ဲ မဟာဗန္ဓုလလမ်းပေါ်က ရုပ်ရှင်မင်းသား မောင်မောင်တာနေတဲ့အခန်းကို ယူလိုက် ပါလား။ မောင်မောင်တာက ဒီလကုန် သော်မဆင်ဘက်ကို ပြောင်းတော့မှာ' တဲ့ ဆိုပြီး သတင်းပေးပါတယ်။
' အဲဒီတိုက်ခန်း သာ ရရင် မမခင်နဲ့ အံကိုက်ပဲ၊ မဟာဗန္ဓုလလမ်းမကြီးပေါ်မှာမို့ ဓာတ်ပုံဆိုင်လည်း ဖွင့်လို့ရမယ်၊ လူ လည်း နေလောက်အောင် အပေါ်ထပ်မှာ ထပ်ခိုးပါသေးတယ်။ ပြီးတော့ မန္တလေးက ဓာတ်ပုံဆိုင်အတိုင်း ကပ်လျက် က မော်တော်ကားဝပ်ရှော့ ရှိတယ်။ မမခင် ကားအတွက်လည်း မပူရတော့ဘူး' လို့ ရှည်ရှည်ဝေးဝေး ရှင်းပြပြီး ထပြန်သွားလေရဲ့။
သူပြောလိုက်တာ နဲ့တင် ကျွန်မအတော် စိတ်ဝင်စားမိသွားပါတယ်။ ခက်တာက စပေါ်တို့ အပျောက် တို့ဆိုတဲ့ ငွေ အလုံးအရင်း ကုန်ကျမဲ့ကိစ္စပါပဲ။ မဟာဗန္ဓုလလမ်းပေါ်က တိုက်ဆိုတော့ စပေါ်တွေ၊ အပျောက်တွေ မတရားတောင်းလိုက် မှဖြင့် ကျွန်မရဲ့ လက်ထဲမှာရှိတဲ့ ငွေက မဖြစ်စလောက်လေး နဲ့ ဖြစ်မှဖြစ်နိုင် ပါ့မလား လို့ တွေးပူပြီး အားငယ်စိတ်နဲ့ သက်ပြင်းရှိုက်လိုက်မိပေမယ့် ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်တာ အရှုံးမရှိပါဘူးလေ ဆိုပြီး သွားကြည့် ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုဝင်းမြင့် ပေးခဲ့တဲ့ ၂၁၃၊ မဟာဗန္ဓုလလမ်းဆိုတဲ့ လိပ်စာနဲ့တိုက်က သုံးထပ်ရှိပါတယ်။ အလယ် က လှေကားနဲ့ဆိုတော့ ခြောက်ခန်းတွဲတိုက်ပေါ့။ ၄၉လမ်းရဲ့ ထောင့်မှာမို့ လမ်းတိုလေး ဖြစ်လို့ အေးဆေး တိတ်ဆိတ်ပြီး သီးသီးသန့်သန့်ရှိပါတယ်။ မျက်နှာချင်းဆိုင်ကလည်းကလေး အားကစားကွင်း၊ မျက်စောင်းထိုး မှာက အထက်တန်းကျောင်းကြီးတစ်ခု ရှိတဲ့အပြင် တစ်တိုက်ကျော် ခရစ်လမ်းထိပ်က နာမည်ကြီး စိန်ဖိလစ်ကျောင်း ဆိုတော့ စီးပွားရေးအရ အကွက်အကွင်း ကျတယ်လို့ ဆိုရမှာပါ ပဲ။ ကျောင်းနှစ်ခုကြား မှာမို့ ကျောင်းသူကျောင်းသား ပရိသတ်ကို အားကိုးနိုင်မယ်ပေါ့။
ကိုယ်တိုင် လက်တွေ့မျက်မြင် လေ့လာကြည့်ရတော့ ကျွန်မတော်တော် ကျေနပ် နှစ်သက်သွားမိ ပါတယ်။ ဒါနဲ့ အချိန် မဆိုင်းတော့ဘဲ အိမ်ရှင်များကို စုံစမ်းရပြန်တယ်ပေါ့။ တိုက်ပိုင်ရှင်များက ကုန်သွယ်ရေး (၅)က အဖွဲ့ဝင် ဦးသန်းထွန်း နဲ့ ဒေါ်ခင်မေတင့်ပါတဲ့။ ရုပ်ရှင်မင်းသား ကိုမောင်မောင်တာ လက်ရှိနေတဲ့တိုက်ရဲ့ အပေါ်ထပ် မှာပဲ နေကြတယ်ဆိုတာ သိရတော့ တစ်ခါတည်း အကျိုးအကြောင်း သိရအောင်ဆိုပြီး ဝင်တွေ့လိုက်ပါတယ်။
ဇနီးမောင်နှံ နှစ်ယောက်စလုံးနဲ့ အမေကြီးကပါ သဘောကောင်း ဖော်ရွေစွာနဲ့ တစ်ထိုင်တည်း စကား ပြောရင်းရှေးရေစက် ရှိခဲ့ဖူးလို့လား မသိပါဘူး။ အနှစ်နှစ်အလလ သိကျွမ်းခင်မင်ရတဲ့ မိတ်ဟောင်းဆွေ ဟောင်းတွေ လို တရင်းတနှီး ဖြစ်သွားပါတော့တယ်။ ကျွန်မလည်း လက်ရှိ ဒုက္ခရောက်နေတဲ့ အခြေအနေတွေ ကို ဟန်လုပ်ဖုံးကွယ်မနေဘဲ အမှန်အတိုင်း ပြောပြလိုက်တယ်ပေါ့။ ကျွန်မမှာ သူငယ်ချင်းတွေ က ပေးထားတဲ့ ငွေသုံးထောင်ပဲရှိတဲ့အကြောင်း၊ သူများတကာတွေလို စပေါ်တို့၊ အပျောက်တို့ စတဲ့ငွေမျိုး လည်း ပေးစရာမရှိတဲ့အကြောင်း အိမ်ခန်းငှားလို့ရမှ ဒီငွေသုံးထောင်ကို ရင်းနှီးပြီး ဆိုင်ဖြစ်အောင် မ,တည် စတင်ရမှာ ဖြစ်တဲ့အကြောင်းတွေအပြင် အခု ကိုမောင်မောင်တာကို ငှားထားတာတစ်လ နှစ်ရာနဲ့ဆိုတာ ကျွန်မ သိပေမဲ့ သက်ညှာသောအားဖြင့် ကျွန်မကို တစ်လ တစ်ရာ့ငါးဆယ်နဲ့ ငှားစေလိုတဲ့ အကြောင်း တောင်းပန်ပြီး ပြောပြပါတယ်။
ကျွန်မရဲ့ အဖြစ်ကလည်း ကြည့်ပါဦး။ ဘယ်တော့မှ လွယ်လွယ်ကူကူ မဟုတ်ဘဲ အခက်အခဲနဲ့ချည်း ကြုံရ တတ်တာ မျိုးပါ။ မန္တလေးမှာ ဓာတ်ပုံဆိုင် စပြီးဖွင့်မယ် ကြံစည်ခဲ့တုန်းကလည်း လက်ထဲမှာ ကိုကြီး ပေးထား တဲ့ ငွေနှစ်ထောင်ပဲ ရှိတာမို့ တိုက်ခန်းငှားဖို့ စပေါ်တင်ခတစ်ပြားမှ မရှိခဲ့တာကြောင့် အိမ်ရှင်တွေ ကို တောင်းတောင်းပန်ပန်နဲ့ ခုလို ပြောပြခဲ့ရတာကို သတိရမိပါသေးတယ်။ ဒါပေမဲ့ အဲဒီ အချိန်တုန်းက ပြောရတဲ့ အိမ်ရှင် က ကျွန်မရဲ့အကြောင်း ကောင်းဆိုးမှန်သမျှကို သိတဲ့ ကျောင်းနေဖက် သူငယ်ချင်းလေ။ ငှားငှား၊ မငှားငှား အရေးမကြီးဘူး။ ပြောရတာ စိတ်ကရဲပြီး အားရှိပါသေးတယ်။
အခုဟာက တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး၊ မသိဖူးတဲ့ သူစိမ်းပြင်ပြင်တွေမို့ ကျွန်မဘက်က အမှန် အတိုင်း ပြောတာဖြစ်ပေမဲ့ ကျွန်မကိုယုံကြည်ပါ့မလား။ ကျွန်မရဲ့ အခြေအနေမှန်တွေကို လက်ခံပြီး နားမှ လည် နိုင်ကြပါ့မလားဆိုတဲ့ စိုးထိတ်တဲ့စိတ်က ဝင်နေလို့ ပြောသာပြောရတာ သိမ်ငယ်မှုနဲ့ မဝံ့မရဲပါပဲ။ စိတ်တိုတတ် တဲ့ အိမ်ရှင်မျိုးဆိုရင်လည်း ဘုမသိဘမသိနဲ့ တက်လာပြီး အိမ်ငှားချင်လို့ပြောတဲ့ ကျွန်မ ပုံစံ ကလည်း အံမဝင်ခွင်မကျလို့ ရိုက်ချင်စရာတောင် ကောင်းနေပါသေးတယ်နော်။
ကံကောင်းထောက်မပြီး အိမ်ရှင်များက စိတ်စေတနာကောင်းရှိကြတဲ့ သူတော်ကောင်းများ ဖြစ်နေ ကြလို့ ကျွန်မကို စာနာစိတ်နဲ့ ကရုဏာဖြစ်ပြီး အပျောက်မရှိ၊ စပေါ်မပါဘဲ တစ်လကို အိမ်ငှားခ (၁၆၀) နဲ့ ပေးငှားလိုက်ကြပါတယ်။ ဒီလို စေတနာရှင်မျိုး တွေ့ဖို့ဆိုတာ ပုံပြင်ထဲမှာပဲ ရှိတယ်လို့ ဆိုရမဲ့ကိန်းပါပဲ။
နေစရာအိမ်နဲ့ အတူ အလုပ်ပါ ပြန်စနိုင်အောင် အဆင်ပြေတဲ့ နေရာလေး တစ်ခုရလိုက်တော့ ကျွန်မ အကြီး အကျယ် ဝမ်းသာအားတက်သွားတော့တာပဲ။ ကိုမောင်မောင်တာကလည်း လကုန်ရင် ပြောင်း တော့မှာ မို့ကြားမှာ ပြင်ဆင် ချိန် နှစ်ပတ်လောက် ရသေးတာကြောင့် အမြန်ဆုံးဆိုင်ကို စနိုင်အောင် ဓာတ်ပုံ အလုပ်သမားဟောင်းတွေ ကို လိုက်ပြီး အကြောင်းကြားရတယ်ပေါ့။ ကျွန်မရဲ့ အလုပ်သမားတွေ ကလည်း အလွန် ကို ချစ်ခင်လေးစားစရာကောင်းအောင် သစ္စာရှိကြတာပါ။ တခြားဆိုင်တွေမှာ လခကောင်းကောင်းနဲ့ အလုပ် အကိုင် အတည်တကျ ရှိထားတာတွေကို ထားခဲ့ပြီး ကျွန်မဆီ အကုန်ပြန်ရောက်လာကြတာမို့ ဝမ်းသာကျေးဇူး တင် ရတဲ့အပြင် စိတ်အားလည်း တက်ရပါသေးတယ်။
ဒီလိုနဲ့ နှစ်နှစ်တာမျှ ပျောက်ကွယ်သွားခဲ့ရတဲ့ ကျွန်မရဲ့ဓာတ်ပုံဆိုင်လေးကို (၁၉၆၄)ခုနှစ်မှာ ပြန်လည် ရှင်သန်လာအောင် အစပျိုးခွင့်ရတာမို့ ကံကောင်းထောက်မတဲ့ နှစ်အစလို့ ဆိုရမယ် ထင်ပါရဲ့။ ဒါပေမဲ့ လုပ်ရတဲ့ အခြေအနေတွေ ကအရင်လို မဟုတ်ဘဲ ပြောင်းလဲသွားပါတယ်။ အားလုံးသော လုပ်ငန်းဆိုင် ရာ ကုမ္ပဏီများ ကို ပြည်သူပိုင် သိမ်းလိုက်တာကြောင့် ပုဂ္ဂလိကပိုင် ဆိုတာ မရှိတော့ပါဘူး။ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဒီအေအဟူဂျာ၊ အာရ်အေအဟူဂျာ စတဲ့ ကုမ္ပဏီကြီးတွေက ဝယ်ရတာမျိုး မဟုတ်တော့ဘဲ မြို့နယ် ကုန်သွယ်ရေးက ဖွင့်ထားတဲ့ အစိုးရဆိုင်မှာ ဝယ်ရပါတယ်။ ရောင်းဝယ်ပုံစံနစ် ကအစ တစ်မျိုးစီ ဖြစ်သွားပြီလေ။
ဟိုတုန်းကတော့ ပစ္စည်းဝယ်ချင်ရင် ကြိုတင်ငွေပေးဖို့ မလိုဘဲဆိုင်က အလုပ်သမားလေး တစ်ယောက် ကို စာရေး လွှတ်လိုက်ရင် ပြီးရော။ လကုန်ပြီဆိုခါမှ စာရင်းကို စုရှင်းရတာမျိုးပါ။ ဝယ်တာများ လို့ ထောင် ဂဏန်း ဖြစ်နေရင်လည်း မပူရဘူး။ ခွဲပြီး အရစ်ကျစနစ်နဲ့ ပေးလို့ရသေးတဲ့အပြင် ပစ္စည်းဈေးရဲ့ ၃၃.၃ ရာခိုင်နှုန်း၊ သုံးချိုးတစ်ချိုး Discount လည်း လျှော့ပြီးပေးပါသေးတယ်။
အခု ကျွန်မ ဆိုင်ပြန်ဖွင့်တော့ ဓာတ်ပုံပစ္စည်းကို ကုန်သွယ်ရေး (၈) က ကိုင်ပါတယ်။ လိုချင်တဲ့ပစ္စည်းကို လိုချင် တိုင်း ဝယ်လို့လည်း မရတော့ဘူး။ ဆိုင်ရဲ့ အချိုးအစားအလိုက် စက္ကူက ဘယ်နှထုပ်၊ ဖလင်က ဘယ်မျှစတဲ့ ကန့်သတ်ချက် ကိုတာစနစ်နဲ့ ဖြန့်ဖြူးတဲ့အတိုင်း ဝယ်ရတယ်ပေါ့။ တစ်ခါတလေ စတူဒီယိုအလုပ်တင်မကဘဲ ဌာနဆိုင် ရာတွေ၊ ကျောင်းတွေ၊ သင်တန်းဆင်းပွဲတွေ လက်ခံရိုက်ရလို့ များများစာစား ကုန်ကြမ်းလိုအပ်ရင် သက်ဆိုင်ရာအရာရှိကို သွားတွေ့ပြီး လျှောက်လွှာတင်၊ နောက် တစ်နေ့မှ ချမှတ်ပေးတဲ့အတိုင်း ပစ္စည်းက ရတာပါ။ တော်ပါသေးရဲ့။ ကျွန်မတို့ကို ခွဲတမ်းချပေးတဲ့ တာဝန်ခံအရာရှိ ဦးမောင်မောင်ဝင်းက သဘောကောင်းပေ လို့ပါပဲ။ ဒါတောင် အခက်အခဲတွေ အများ ကြီးကြုံရတတ်ပါသေးတယ်။
ဟိုတုန်းကတော့ ကိုယ်ကြိုက်ရာ အမျိုးအစားနဲ့ ဘယ်စက္ကူ၊ နံပါတ်က ဘယ်လောက် ဝယ်မယ်ဆိုတာ မျိုးတွေ လိုအပ် တဲ့ အရေအတွက်အတိုင်း ရွေးချယ်ပြီး ကြိုက်သလောက် ဝယ်လိုက်ရုံပါပဲ။ အများ အားဖြင့် အသုံးများလို့ ဝယ်ရတဲ့စက္ကူ က နံပါတ် (၂)နဲ့ နံပါတ် (၃) ပါ။ ဓာတ်ပုံရိုက်ချိန်မှာ အခန့်မသင့်လို့ မီးအလင်းအမှောင် အနည်းအများ ဖြစ်သွားတဲ့ အခါမျိုးလည်း တစ်ခါတစ်ရံ ကြုံရတတ်တာရှိသလို ဖလင်ဆေးတဲ့ အချိန်မှာ ဆေးအားပျော့သွား၊ ပိုသွားလို့ ဖလင် အထူအပါး ဖြစ်တတ်တာမျိုးကလည်း ရှိသေးတယ်လေ။
ခြေချော်လက်ချော် အမှားအယွင်းဆိုတာမျိုးက ကင်းနိုင်တာမဟုတ်လို့ ဖလင်အထူအပါး ဖြစ်သွား တဲ့အခါ ထိန်းပြီးကူးဖို့ စက္ကူနံပါတ်(၁) နဲ့(၄) ကိုလည်း အနည်းအကျဉ်း ဝယ်ပြီး ဆောင်ထားကြရ ပါတယ်။ အမြဲတမ်း နေ့တိုင်းသုံးစက္ကူ မဟုတ်လို့ နည်းနည်းပါးပါး ရှိထားရင်လည်း ပြီးတာပါပဲ။ အခု ကုန်သွယ်ရေးက ခွဲတမ်းနဲ့ပေး တဲ့ အခါကျတော့ အမြဲသုံးမဟုတ်တဲ့ နံပါတ် (၁) တွေ၊ (၄) တွေက အများကြီးဖြစ်နေပြီး နေ့စဉ် အသုံးများ တဲ့ နံပါတ် (၂) တွေ၊ (၃) တွေက နည်းနည်းပဲပါတဲ့ အခါမျိုးဆိုရင် သေပါလေရော။ အဲလို ကြုံရပြီဆိုရင် အနော်ရထာလမ်းမှာရှိတဲ့ ဓာတ်ပုံပစ္စည်း မှောင်ခိုရောင်းတဲ့ ဆိုင်ကိုပြေးပြီး ရသမျှ စက္ကူနံပါတ် (၂) တွေ၊ (၃) တွေ ဆွဲရတော့တာပဲ။ ဈေးကလည်း ကုန်သွယ်ရေးက ထုတ်ရတာထက် လေးဆ ငါးဆ၊ တစ်ခါတလေ ဆယ်ဆလောက်တောင် ပေးရတဲ့အခါတွေလည်း ရှိတော့ အရင်ကလို ကိုယ့်အတွက် အမြတ်များများ ကျန်ဖို့ဆိုတာ မလွယ်လေတော့ဘူးပေါ့။
မမသန်းက ကျွန်မကို အမြဲဆုံးမလေ့ ရှိပါတယ်။ 'မိုးရွာတုန်း ရေခံထားရတယ်၊ မိုးဆိုတာ အမြဲမရွာဘူး' တဲ့။ ဝင်ငွေကောင်းနေတုန်း စုဆောင်းထားစေချင်တဲ့ စေတနာနဲ့ ပြောတာပါ။ ကျွန်မ မန္တလေးမှာ ဓာတ်ပုံဆိုင် စဖွင့် လိုက်တယ် ဆိုကတည်းက ပထမဦးဆုံး အမျိုးသမီးကိုယ်တိုင် ရိုက်ပေးတဲ့ ဓာတ်ပုံဆိုင် ဖြစ်ခဲ့တဲ့အတွက် ဝိုင်း အားပေးကြတာ အရှိန်အဟုန်နဲ့ နာမည်တက်လာတာ ဖြစ်တော့ ကျွန်မစိတ်ထဲမှာ လောကဓံတရားအရ အတက် အကျ ဆိုတာတွေကို မတွေးမိဘဲ ကိုယ်က အလုပ်ကို ကြိုးကြိုးစားစား အားထုတ်မယ် ဆိုရင် ဘယ်တော့ဖြစ်ဖြစ် အောင်မြင်နေ လိမ့်မယ်လို့ မိုက်မဲစွာနဲ့ လူငယ်တွေး တွေးမိတာပါ။
တကယ်တမ်းကျတော့ကိုယ်က ဘယ်လောက်ပဲ ကြိုးစားအားထုတ်ထုတ် ပတ်ဝန်းကျင် အခြေအနေဆို တာ ကလည်း လိုအပ်သေးတာပါပဲ။ ကိုယ့်ရဲ့ အားထုတ်ကြိုးစားမှုရဲ့ ရလဒ်ကတော့ အတိုင်းအတာ တစ်ခုအထိ ခံစားရတာ ဖြစ်လို့ စားဝတ်နေရေးအတွက် ပြေလည်သွားတယ်ပေါ့။ တဖြည်းဖြည်းနဲ့ အရှိန်လေးရလာပါပြီ။ ကိုယ်ပိုင်ကား မရှိသေးတာကြောင့် အောက်ဒိုးသွားရတဲ့အခါမျိုး တွေမှာ အခက် အခဲ ကြုံရပေမယ့် အငှားကားကို အားကိုးတဲ့ အခါ အားကိုး၊ လာခေါ်ပေးဖို့ တာဝန်ယူခိုင်းတဲ့အခါလည်း ခိုင်းရပါတယ်။
စားဝတ်နေရေးလေး အဆင်ပြေစဖြစ်လို့ တစ်ဖက်က ရင်အေးရပေမဲ့ ဦးမြလှိုင်နဲ့ လုံးဝ အဆက် အသွယ် ပြတ်နေ တာကြောင့်တစ်ဖက်က ရင်မောသောကရောက်နေရဆဲပါ။ အားလုံးသော ထိန်းသိမ်းထား သူများ အင်းစိန်ထောင် ထဲမှာ ရှိကြတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ် ဆိုတဲ့ သတင်းကို တစ်ဆင့်စကား နဲ့ ကြားသိနေရလို့ တော်ပါသေးရဲ့။ ဘယ်တော့လွတ်မလဲ ဆိုတဲ့ မျှော်လင့် ချက်နဲ့နေ့စဉ် လည်း မျှော်မိတယ်ပေါ့။ ဒါနဲ့တင်မပြီးသေးဘူး။ အားကိုးရတဲ့ ဆရာစန္ဒြကိုလည်း 'ဘယ်တော့ လွတ်မှာလဲ ဆရာ' နဲ့ သွားသွားပြီး နားပူတိုက် မေးရတာလည်း ရှိသေးတယ်။
ဆရာ က အညံ့ရှိသေးတယ်၊ မလွတ်သေးဘူး၊ ရတနာသုံးပါးကိုပဲ ဆည်းကပ်ပြီး ကောင်းမှုတွေ ပိုပြုပေး လို့ ဆိုမြဲစကားကိုပဲ ပြောပါတယ်။ ဆရာကယတြာ ဘယ်တော့မှ မပေးပါဘူး။ ဆရာ ပြောတဲ့အတိုင်း ကုသိုလ်ကောင်းမှုတွေလုပ်တိုင်း ဆုတွေလည်း တောင်းပေါ့။ တစ်နေ့ညနေ ဦးမြလှိုင်တို့မိသားစု အိမ်ကို အလည်ရောက်သွားတော့ ဦးမြလှိုင်ရဲ့အစ်မ မမတင်က 'မောင်မောင်အတွက် ယတြာချေတဲ့အနေနဲ့ ကဏန်းကို သက်စေ့ လွှတ်ပေးရင် ကောင်းမယ်' တဲ့၊ အကြံပေးပါတယ်။
'ကဏန်းတွေက သံဈေးမှာရောင်းတယ်၊ ကဏန်းအရှင်တွေကို နှီးနဲ့တုပ်ထားတာဖြစ်တော့ အနှောင်အဖွဲ့ ခံနေရသူ အတွက် တူသောအကျိုးပေးအောင် အဲဒီအကောင်တွေကို သက်စေ့ဝယ်ပြီး တုပ်နှောင်ထား တဲ့ နှီးစကို ဖြေပြီး ရေထဲလွှတ်လိုက်ပေါ့' လို့ မမတင်က သေသေချာချာ ရှင်းပြတော့ ကျွန်မလည်း သဘောကျ သွားပါတယ်။
'ခင်ရဲ့ ကဏန်းလွှတ်ရတာပိုပြီး ကုသိုလ်ရတယ်။ ကဏန်းဆိုတဲ့ သတ္တဝါက အရှင်လတ်လတ် ရေနွေးအိုးထဲ ထည့်ပြုတ် တာ မဟုတ်လား' တဲ့။ အငယ်မ မမသန်းကလည်း ထောက်ခံလိုက်တာနဲ့ ကျွန်မလည်း ရောက်လာမဲ့ ကြာသပတေးနေ့ မှာ ကဏန်းဝယ်ပြီး လွှတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်ပေါ့။ ဒါနဲ့ အဲဒီနေ့မနက်မှာ သုံးဘီးကား တစ်စီး အသွားအပြန် ငှားပြီး တပည့်တစ်ယောက်ဖြစ်တဲ့ အသန်းကို အဖော်ခေါ်ပြီး သွားပါတယ်။ ကားပေါ် တက်ခါနီးမှာ သမီးငယ် သူဇာနဲ့ သားကိုဇာနည်လင်းကလည်း လိုက်ချင်တယ် ဖြစ်ကြတော့ ကလေးတွေ ပါ ခေါ်သွားလိုက်သေးတယ်လေ။
ကဏန်းကလည်း သက်စေ့ဆိုတော့လေးဆယ်နဲ့ သုံးကောင် ဝယ်ရတာမို့ မနည်းမနော ပုံးကြီးတစ်လုံးနဲ့ အပြည့်ပါပဲ။ တစ်ကောင်စီနှီးကြိုးတွေနဲ့ တုပ်ပြီးလေး ငါးကောင် အတွဲလိုက် လုပ်ထားတာပါ။ ကဏန်း တွေ ကားပေါ်တင်ပြီးတော့ ရေထဲလွှတ်ရအောင် ဗိုလ်တထောင်ဆိပ်ကမ်းကို လာခဲ့တယ်ပေါ့။ ဗောတံ တားပေါ်ရောက်တော့ ကလေးတွေက ကဏန်းကောင်ကို တစ်ခါမှ မမြင်ဖူးလို့သဘော တွေကျပြီး ခုန်ပေါက် လို့ ပျော်တောင်နေကြသေးတယ်။
အူမြူးနေတဲ့ ကလေးတွေ ဗောတံတားပေါ်က ပြုတ်ကျမှာစိုးလို့ သူတို့ကို ဟန့်ရတာက တစ်ဖက်၊ ကဏန်းကောင်တွေ ပုံးထဲက ဆွဲထုတ်လိုက်ပြီး အောက်ချတော့ ကြိုးမဖြေရသေးဘဲ အတွဲလိုက်ကြီး ရွစိရွစိ နဲ့ ဘေးတိုက်ကြီး ပြေးသွားကုန်ကြလို့ လိုက်ဖမ်းရတာက တစ်မျိုး၊ ကျွန်မမှာ ပတ်ချာကို လည်လို့။ ပြန်ပြီး မနည်းလိုက်ဖမ်း မှ ဖမ်းမိတော့ တုပ်ထားတဲ့ကြိုးကို ကတ်ကြေးနဲ့ ကြိုးစားပမ်းစား ရအောင်ဖြတ်နေတုန်း ရှိသေးတယ်။ ဖတ်ခနဲ ကဏန်းကောင်က ကျွန်မလက်ကို ညှပ်လိုက်တော့ လန့်အော်ရင်း ကယောင်ကတမ်း နောက်လှန်ပြီး ရုန်းကန်လိုက်တာချထားတဲ့ အနားက လက်ကိုင်အိတ် ကို ခြေနဲ့ကန်မိ လို့ ရေထဲပြုတ်ကျ ပါလေရော။ ကြောက်ကြောက်လန့်လန့်နဲ့ မြှောက်ထားတဲ့ ကျွန်မလက် မှာလည်း ညှပ်ထားတဲ့ ကဏန်း အပါအဝင် အတွဲလိုက်ကြီးက တန်းလန်းလေ။
ကျွန်မ ဖြစ်ပျက်နေတာကို ကြည့်ပြီး ကလေးနှစ်ယောက်ကလည်း အထိတ်တလန့်နဲ့ ဝက်ဝက်ကွဲ အော်ဟစ် ငိုကြ၊ ဗောတံတားပေါ်မှာ ပွက်ပွက်ကို ရိုက်သွားတော့တာပဲ။ တော်ပါသေးရဲ့။ တံတားထိပ်မှာ ရပ်နေတဲ့ လူငယ်လေး တစ်ယောက်က ပြေးလာပြီး ကျွန်မလက်ကို ညှပ်ထားတဲ့ ကဏန်းကောင်ကို ရအောင် ဖြုတ်ပေး ပါတယ်။ သေလုအောင် နာနေတာမို့ ပိုက်ဆံအိတ် ရေထဲကျသွားတာကိုလည်း လှည့်မကြည့်နိုင်ဘူးလေ။ လက်က ကဏန်း လွတ်သွားတော့မှပဲ ရေလယ်ကို ငုံ့ကြည့်မှ ကံကောင်း ထောက်မစွာပဲ ပေါလောမျောနေတဲ့ ပိုက်ဆံအိတ် ကို ရေတပ်က မော်တော်ဘုတ်လေးက လိုက်ဆယ် ပေးနေတာ တွေ့ရပါတယ်။ ရသွားတော့ ကျွန်မမြင်သာအောင် မြှောက်ပြလိုက်သေးတယ်။ တာဝန်သိတဲ့ ရဲဘော်လေးတွေ ကို ကျေးဇူးအထူးတင် မိပါရဲ့။ ပြန်ရတော့အိတ်က ရေတွေနဲ့အိပြီး ပွစိနေပါပြီ။ အမေရိကားက သားကြီးဝင်း ပို့ပေးထားတဲ့ လက်ဆောင်ဖြစ် လို့ ပျက်စီးသွားတာကို နှမြောမိသား။
ဒါပေမဲ့ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုတဲ့ တရားသဘော နှလုံးသွင်းပြီး စိတ်ဖြေလိုက်ရပါတယ်။ အတွင်းက ပစ္စည်းတွေ ပြန် ရတာကိုပဲ ကံကောင်းလို့ ဆိုရပါဦးမယ်နော်။ အဲဒီကိစ္စတွေပြီးမှ ကဏန်းတွေ ဘက် ပြန်လှည့်ရတော့တယ်ပေါ့။ ကျွန်မလည်း ထပ်မကိုင်ရဲတော့ဘူး။ စောစောက ကျွန်မလက် ကဏန်းညှပ် ထားတာကို ဖြုတ်ပေးတဲ့ သူငယ်လေးကပဲ 'အစ်မရဲ့ ကဏန်းက ကိုင်တတ်မှဖြစ်တာ' တဲ့။ ကဏန်းကို နောက်ကကိုင် မှ အန္တရာယ်ကင်းတာဆိုပဲ။ ကျွန်မက အသိဥာဏ်နည်းစွာနဲ့ ကဏန်းကို ရှေ့ကသွား ကိုင်မိတော့ညှပ်ဖို့ အဆင်သင့်ဖြစ်သွားတာပေါ့နော်။ လက်ထဲမှာ အညိုအမည်း စွဲသွားအောင်ကို ခံလိုက်ရတာပါ။
'မင်း.... ကိုင်တတ်ရင်လည်း ဒီကောင်တွေကို ဖြုတ်ပေးပါကွာ၊ အစ်မတော့ မကိုင်ရဲတော့ဘူး' လို့ ကျွန်မ အကူအညီတောင်း ရပါတယ်။ သူငယ်လေးက ကျွမ်းကျွမ်းကျင်ကျင်နဲ့ တစ်ကောင်စီ ကြိုးဖြေပေး လိုက်တော့ ဗောတံတားပေါ်မှာတရွရွ ပြေးကုန်ကြပါလေရော။ ကလေးတွေကလည်း ကဏန်း ကို ကြောက်လို့ အော်ဟစ်ပြီး ပြေးကြရှောင်ကြ။ အဖော်ပါလာတဲ့ အသန်းကို ကလေးတွေ ကြည့်ထိန်းဖို့ အပ် ရတယ်ပေါ့။ ကျွန်မက အနားမှာ တွေ့တဲ့ တုတ်တစ်ချောင်း ကောက်ပြီး သူတို့ကောင်တွေ ရေထဲ ဆင်းအောင် ဗောတံတားထိပ်က တွန်းပို့ပြီး လမ်းကြောင်းပေးရပါသေးတယ်။ အဲလို ရေထဲရောက် အောင် တွန်းပို့ရင်းနဲ့ ဒီသတ္တဝါလေးတွေ အနှောင်အဖွဲ့က လွတ်လပ်ပြီး ချမ်းသာမှုရသလို ကြသပတေး သား ဦးမြလှိုင် လည်း အနှောင်အဖွဲ့က အမြန်ဆုံး ကျွတ်လွတ်ပြီး ချမ်းသာပါစေ ဆိုတာလည်း နှုတ်က တတွတ်တွတ်ရွတ်ပြီး ဆုတောင်း ရပါသေးတယ်။
Prayer work in the mind as a healing force တဲ့။ ကိုယ်က ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းတဲ့ အခါ တောင်းတဲ့ဆုပြည့်တာ၊ မပြည့်တာ မသိနိုင်သေးပေမဲ့ လောလောဆယ် လက်တွေ့အချိန်မှာတော့ အားတွေ ရှိလာပြီး စိတ်ရဲ့သက်သာမှု ဖြစ်စေတာ အမှန်ပါပဲ။ အခုလည်း ကဏန်းတွေ ရေထဲ အကုန် ရောက် ပြီး ပျောက်ကွယ် သွားတာကို မြင်ရတော့ သူတို့ ချမ်းသာသွားကြသလို ဦးမြလှိုင်လည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာရာ ရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စိတ်လက် ကြည်လင် ပေါ့ပါးသွားပါ တော့တယ်။
ဘယ်လောက်ပဲ ကုသိုလ်ကောင်းမှုတွေ ပြုပြီး ဆုတောင်း ဆုတောင်း ပေးဆပ်စရာ ဘဝဝဋ်ကြွေး ရှိခဲ့ရင်လည်း ဝဋ်ကြွေးကုန်တဲ့အထိ ပေးဆပ်ကြရစမြဲမို့ မိမိပြုခဲ့ဖူးသော ကုသိုလ်ကံ အကျိုးပေး အတိုင်း ဖြစ်တည်ကြ ရတာပဲလေ။ ဦးမြလှိုင်အနေနဲ့ လက်ျာကုမ္ပဏီက ထွက်လိုက်ပြီးတဲ့ အချိန်ကစပြီး လုပ်သမျှ ကြံစည်အားထုတ် သမျှတွေ အလွဲလွဲအချော်ချော် ဖြစ်နေရတာ မဟုတ်လားနော်။ ပေဖူးလွှာမဂ္ဂဇင်း ရပ်ဆိုင်းသွားပြီးတဲ့နောက် စီးပွားရေး အခွင့်အလမ်းတွေ ပေါ်ပေမဲ့ မမြဲခဲ့ပါဘူး။ လှော်ရင်း နစ်သလို ဖြစ်နေ တာ။ နောက်ဆုံး မြောက်ဥက္ကလာပမြေက ကွာရီတွေထွက်လို့ အဆင်ပြေခါစပဲ ရှိသေးတယ်။ ဥက္ကလာပမြို့သစ် အတွက် လမ်းဖောက်ဖို့ လျာထားတဲ့အပိုင်း ဖြစ်နေလို့ အစိုးရက သိမ်းပိုက်လိုက်တဲ့ထဲ ပါသွားပြန်ပါရော။
ဒီအတွင်း အခြေတကျဖြစ်ဖို့ အိမ်ကလေးဝယ်မယ် ကြံစည်ပြန်တော့ ဦးလေးကြီးက တိုက်တိုက် ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ဆုံးရပါတယ်။ လက်ရှိရာတန်တွေ တန်ဖိုးမဲ့ဖြစ်ဖို့ အချိန်ကိုက်ဖြစ်အောင် ကံဇာတ်ဆရာ က စောင့်ကြည့်နေပြီး တမင်တကာ ဖန်တီးနေတဲ့အတိုင်းပါပဲ။ နောက်ဆုံး လူကိုယ်တိုင် အထိန်းအသိမ်း ခံလိုက်ရတော့ ဘဝမုန်တိုင်းရဲ့အဆိုးဆုံးအပိုင်း ရောက်တဲ့ထိလို့ ဆိုရပါမယ်။ ဦးမြလှိုင် အကြောင်း တွေးမိတော့ ကိုယ်က မကူနိုင်၊ မကယ်နိုင် အခြေအနေမှာမို့ ရင်နာရတာကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။
ဒီအချိန်မှာ အမေရိကားရောက်နေတဲ့ သားကြီး(ဝင်းခန့်)ကတော့ အခြေတကျ ဖြစ်နေ ပါပြီ။ ကျောင်းစာ တွေလည်း ကောင်းကောင်းလိုက်နိုင်ပြီး လျှပ်စစ်အင်ဂျင်နီယာဖြစ်ဖို့ကြိုးပမ်း နေလေတယ်ပေါ့။ မကြာမကြာ လည်း ဓာတ်ပုံတွေပို့၊ စာတွေရေးနဲ့မို့ သူ့ရဲ့လှုပ်ရှားမှုမှန်သမျှ အကျိုးအကြောင်း သိနေရတာကြောင့် တစ်ဖက်က စိတ်အေးရပါတယ်။ ဒီဘက်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ ကိုတော့သား စိတ်မကောင်းဖြစ်မှာ စိုးလို့ လုံးဝအသိမပေးဘဲ ပြည်ဖုံးကား ချထားလိုက်ပါတယ်။
တစ်နေ့မှာ ပညာရေးဝန်ကြီး ဦးလွင်က ပြည်ပပညာသွားသင်နေတဲ့ ကျောင်းသားတွေရဲ့ မိဘများကို ဖိတ်ခေါ်ပြီး ရှင်းလင်းပွဲ ကို လုပ်ပါတယ်။ တိုင်းပြည်အတွက် လိုအပ်ချက်တွေကို ဦးစားပေး ရ မှာကြောင့် နိုင်ငံခြားငွေပို့ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်မလည်း သားဆီကို အမြန်ဆုံး အကြောင်းကြား ရတာပေါ့။ အခြေအနေအရ ပြန်လာမယ် ဆိုရင်လည်း စီစဉ်ရဦးမှာ မဟုတ်လာနော်။
သားက သူ့ဆုံးဖြတ်ချက်အတိုင်း ဘွဲ့တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရပြီးမှပဲ ပြန်လာမယ်။ နိုင်ငံခြားငွေ ပို့မပေးနိုင်ရင် လည်း ထားပါ။ ကိစ္စမရှိပါဘူး။ ပညာရေးအတွက် ငွေချေးလို့ရနိုင်ပါတယ်။ ဒါ့အပြင် သူ အလုပ်တစ်ခုခုရှာပြီး လုပ်ကိုင်ရင်း နဲ့ ရပ်တည်နိုင်အောင် ကြိုးစားပါမယ်။ မာမီမပူပါနဲ့၊ ဆက်ပြီး နေခွင့်ရဖို့ပဲ ပြောပေးပါလို့ အကြောင်းပြန် ပါတယ်။ ဒါနဲ့ ကျွန်မလည်း ပညာရေးဌာနကို နိုင်ငံခြားငွေ မယူဘဲ ပြည်ပမှာ ဆက်လက်ကျောင်း တက်ခွင့်ပြုဖို့ လျှောက်ထားလိုက်တယ်ပေါ့။
သားကခိုင်းလို့သာ လုပ်ပေးရတာ။ သူတစ်ပါး တိုင်းပြည်မှာ လက်ထဲငွေမရှိဘဲ ဆက်နေလို့ မျက်နှာငယ် ရှာမယ်ဆိုတဲ့ အဖြစ်ကို တွေးမိတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရပါတယ်။ ဒါပေမဲ့ သိပ်မကြာဘူး၊ သားအတွက် ဘဏ်တိုက်က International Student Loan အဖြစ် ကျောင်းစရိတ် အပြည့်အဝပေးဖို့ ငွေချေးလို့ရတဲ့အပြင် သူ့ရဲ့စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ ကျောင်းက စာကြည့်တိုက်မှာ အချိန်ပိုင်း အလုပ်တစ်ခုလည်း ရပြီဆိုပြီး သားဖုန်းဆက်လာမှ ကျွန်မလည်း စိတ်သက်သာရာရပါတော့တယ်။ ဒါပေမဲ့ ဝေးကွာလှတဲ့ တစ်ပြည်တစ်ရွာမှာ ဆယ်ကျော်သက် အရွယ်ကလေးနဲ့ သူ့ဘဝသူ ထူထောင်နိုင်ဖို့ ကြိုးစားအားထုတ်ရုန်းကန်ရတဲ့ အဖြစ်အတွက်တော့ သားကို ကရုဏာသက်၊ အသနား ပိုမိပြန်ပါရော။ ကိုယ်ကိုယ်တိုင် မပြေမလည် ဘဝကို ရုန်းကန်နေရဆဲ တစ်ကွဲစီ ဖြစ်နေတဲ့ သားနဲ့ ခင်ပွန်းသည်ဆီ စိတ်ရောက်ပြန်တော့လည်း အားရှိဖွယ်ရာကမရှိ။
ဘဝဆိုတာ အတွေ့အကြုံမျိုးစုံကို ကြုံကြရတာပါပဲလေ။ ဒါမှလည်း အဓိပ္ပာယ်ရှိ တဲ့ လေးနက်တဲ့ ဘဝ ဖြစ်ပေမှာပေါ့။ တကယ်ကတော့ အတွေ့အကြုံဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ သတ္တိရှိရှိနဲ့ပဲ ရင်ဆိုင် ရမှာပါ။ အတွေ့အကြုံတိုင်းမှာ မှတ်သား သင်ယူစရာ သင်ခန်းစာပါတာချည်းပါပဲ။ ကိုယ်က ပေါ့ပေါ့ သဘောမထား ဘဲ သင်ယူ မှတ်သားဆင်ခြင်ရပေမှာပေါ့နော်။ ကျွန်မလည်း လက်ရှိ အတွေ့ အကြုံက မိတ်ကောင်းဆွေကောင်းတွေ ရဲ့ တန်ဖိုး၊ ဆွေမျိုးသွေးသားတွေရဲ့ တန်ဖိုး၊ ငွေရဲ့ တန်ဖိုးတွေကို မှတ်သား နားလည် သွားရပါတယ်။
ဖြစ်တည်ရာ အခြေအနေမှာ အကောင်းဆုံးဖြစ်အောင် ကျွန်မ ကြိုးစား အားထုတ်ပေမဲ့ အခြေအနေ ပြောင်းသလို စီးပွားရေးဈေးကွက်တွေလည်း ပြောင်းကုန်ပါပြီ။ ဟိုတစ်ချိန်က နိုက်ကလပ်တွေ၊ ပါတီတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဧည့်ခံပွဲကြီးတွေလည်း မရှိတော့ပါဘူး။ ဌာနဆိုင်ရာတွေကလည်း ကိုယ်ပိုင်ဓာတ်ပုံဌာနတွေ ထားရှိလာပြီ ဖြစ်တော့ စီးပွားရေးဈေးကွက်က နယ်ကျဉ်းလာတဲ့အပြင် ခါတိုင်းလို တက္ကသိုလ် ကျောင်းဆောင်တွေ သွားရိုက်ပေးဖို့ကျတော့လည်း ကျွန်မမှာကကားကမရှိ၊ တစ်ချိန်က တက္ကသိုလ် ဘွဲ့နှင်း သဘင်ပွဲတွေ မှာ နှစ်စဉ်လို ကျွန်မက သရဖူ ဆောင်းခဲ့ပေမဲ့အခု နောက်တက်လာတဲ့ လူငယ်ပိုင်းက တက္ကသိုလ်စိုးလှိုင် တို့၊ ကိုဆွေလွင်(ပြည်)တို့၊ ပေါင်းတည်မောင်မောင်ညှပ်တို့စတဲ့ ဓာတ်ပုံပညာရှင်တွေ က နေရာ ယူလာတော့ အသစ် အသစ်တွေ အတွက် အဟောင်းဆိုတာက ဖယ်ပေးရစမြဲမို့ ကျွန်မ နောက်ဆုတ် ရပါတယ်။
ပွဲဆိုတာ စင်ပေါ်မှာ မိုးလင်းတဲ့ထိ ကိုယ်တစ်ယောက်တည်း ကလို့မှ မရတာနော်။ သူတစ်ပါးတွေ အတွက် အလှည့်ပေး ရတယ်ဆိုတာက သဘာဝပါ။ ကျွန်မ နေရာဖယ်ပေးခဲ့ရတဲ့ လူငယ်လေးတွေက လည်း အလွန်ကို စိတ်စေတနာကောင်း ကြတဲ့ သူတွေပါ။ စိတ်ဝင်စားတာတူ၊ ဝါသနာတူ၊ အလုပ်တူ ဖြစ်ကြပေမဲ့ ပြိုင်ဘက်လို သဘော မထားဘဲ မောင်နှမတွေလို ကျွန်မကို ဝိုင်းဝန်းကူပေးကြပါတယ်။ အထူးသဖြင့် ကားမရှိလို့ ကျွန်မ မသွားနိုင်တဲ့ ပွဲတွေဆိုရင် ကျွန်မကိုယ်စား သွားရိုက်ပေး၊ တစ်ခါတလေ ရက်တိုက်နေတဲ့မင်္ဂလာပွဲကြုံလို့ သူတို့ကို အလုပ်ခွဲပေး ရင်တောင် မယူဘဲ ကိုယ်စား သွားရိုက်ပေး တာပါ။ အထူးသဖြင့် ကျွန်မ ကျဆင်းနေချိန်မှာ ဘာကိုယ်ကျိုး မှ မဖက်ဘဲ စေတနာသက်သက်နဲ့ ကူညီပေးသူက တက္ကသိုလ် ကိုစိုးလှိုင် ဖြစ် လို့ ကျေးဇူး အထူးတင် ရှိလို့ မဆုံးပါဘူး။
ဒီလိုနဲ့ မိတ်ဟောင်းမိတ်သစ်တွေရဲ့ အကူအညီနဲ့ ကျွန်မ အခြေတကျလေးဖြစ်လာပါပြီ။ မန္တလေးမှာ နေတဲ့ ကျွန်မ ရဲ့ ဘွားလေးကလည်း အဆင်ပြေသလို လာနေတဲ့အခါ နေပေး၊ ကျွန်မရဲ့ မောင်ငယ် မောင်မောင်မြင့်ကလည်း လိုအပ်တာမှန်သမျှ အားကိုးအားထားလို့ရတာကြောင့် အတော်ကလေး နေသာထိုင်သာ ရှိလာတဲ့အပြင် ဦးမြလှိုင်တို့ မိသားစုအိမ်ကလည်း သော်မဆင်လမ်းမှာ ရှိတော့ အိမ်ချင်းနီးတာကြောင့် တစ်အိမ့်တစ်အိမ် ကူးသန်းနေကြပြီး ကလေးတွေလည်း ကြီးတော်တွေ၊ အဘွားတွေအိမ်မှာ စားအိမ် သောက်အိမ်ဖြစ်လို့ အထူးသဖြင့် မမတင်နဲ့ မမသန်းတို့ ဖွယ်ဖွယ်ရာရာ လုပ်ကျွေးတတ်တဲ့ သော်မဆင်လမ်း ထမင်းသုပ်ကတော့ ကလေးတွေရဲ့ အသည်းစွဲ ပွဲတော်စာ စပါယ်ရှယ်တစ်ခုပါပဲ။ အခု ကျွန်မကလေးတွေ လူလားမြောက်လို့ လူလတ်ပိုင်းအရွယ် ရောက်နေပြီ ဖြစ်တာတောင် သော်မဆင်လမ်း ထမင်းသုပ်ကို တမ်းတနေကြဆဲပါ။
ဒါတင်မကသေးဘူး။ အပေါ်ထပ်မှာနေတဲ့ အိမ်ရှင် ဦးသန်းထွန်း၊ ဒေါ်ခင်မေတင့် တို့မှာကလည်း ခင်ဇော်ထွန်း ဆိုတဲ့ သားလူပျိုတစ်ယောက် က လွဲလို့ ကလေးငယ်ရှိကြတာ မဟုတ်တော့ ကျွန်မရဲ့ သားသမီးတွေ ကို သည်းသည်းလှုပ် ချစ်ကြ ပါတယ်။ ကလေးတွေကလည်း သူတို့ကိုချစ်မှန်း၊ အလို လိုက်မှန်းသိကြလို့ ဦးသန်းထွန်း တို့ ဇနီးမောင်နှံကို အချွဲပိုပြီး ခေါ်တာတောင် 'အန်ကယ်ဖေဖေ' နဲ့ 'အန်ကယ်မေမေ' တဲ့လေ။ နှစ်ဦးနှစ်ဖက် အဖြစ်သည်း အကဲပါနေကြတာ ကြည့်ပြီး ကျွန်မရင်မှာ ကြည်နူးပီတိဖြစ်ရပါတယ်။
ဒီအချိန်မှာ ကျွန်မဘဝ ရုန်းကန်ရတယ်ဆိုပေမဲ့ မိတ်ဆွေ အသိုင်းအဝိုင်းတွေကလည်းကောင်း၊ အိမ်နီးချင်းတွေ ကလည်း ရိုင်းရိုင်းပင်းပင်း ရှိကြတဲ့အပြင် ဦးမြလှိုင်တို့ အိမ်နဲ့လည်း နီးတဲ့အတွက် အနီးကပ်စောင့်ရှောက်မှုကို ခံရတာကြောင့် နေပျော်စရာ ရက်ကလေးတွေ ဖြစ်လာတယ်ပေါ့၊ ဒီိလိုနဲ့ ဦးမြလှိုင်ကို ထိန်းသိမ်းလို့ တစ်နှစ်ကျော်ကျော် ကြာတဲ့အခါမှာ ထောက်လှမ်းရေးဌာနက တရားဝင် စာအဆက် အသွယ်ပြုခွင့် နဲ့ ဆေးဝါး အဝတ်အစား အသုံးအဆောင် ပေးခွင့်ပြုတဲ့တစ်နေ့ ရောက်လာပါရော။ အဲဒီ တစ်နေ့ကိုတော့ ကျွန်မ ရဲ့တစ်သက် မမေ့နိုင်တဲ့ တစ်နေ့လို့ ဆိုရပါမယ်။
ဦးမြလှိုင်ရဲ့လက်ရေးနဲ့ စာအိတ်ကလေး မြင်လိုက်တာနဲ့ ကျွန်မမှာ ရင်တွေခုန်၊ ဝမ်းတွေသာလို့ လှမ်းယူလိုက်တဲ့ လက် များတောင် တဆတ်ဆတ် တုန်နေပါသေးတယ်။ လက်ထဲရောက်လို့ သေသေ ချာချာ ကြည့်လိုက်တော့ ကျွန်မနှလုံးသွေး ရပ်သွားမတတ် ဖြစ်ပြီးအံ့သြသွားရတော့တာပဲ။ စာအိတ်ပေါ် က အမည်ရှင်ကနှစ်ဦး၊ အတွင်းစာ မှာလည်း ရည်ညွှန်းထားသူက နှစ်ယောက်။
မျက်ရည်တွေဝေ့ဝဲလာ လို့ စာကိုဆက်ဖတ်ဖို့တောင် မရတော့တာကြောင့် ခဏရပ်ပြီး မနည်းအားယူ ရပါတယ်။ ကျွန်မ အတွက် ရေးထားတဲ့ အကြောင်းအရာတွေက သာမန်မျှသာပါပဲ။ ဘယ်သူ့ကို အလေးပိုတယ်၊ တန်ဖိုး ထား မြတ်နိုးတယ် ဆိုတာ တပ်တပ်အပ်အပ် မျက်စိနဲ့မြင်ရ ဖတ်ရတော့မှ ကျွန်မဆိုတဲ့ ကျွန်မ သဘောပေါက် နားလည် သွားတော့တာလေ။
Langdon Mitchellက ' အိမ်ထောင်ရေးမှာ ဆယ်ပုံပုံရင် သုံးပုံက မေတ္တာ၊ ခုနှစ်ပုံက ခွင့်လွှတ် ရခြင်း' တဲ့။ ကျွန်မ ဘယ်အတိုင်းအတာ အထိ ခွင့်လွှတ်ရမှာလဲ။ စောစောပိုင်း က အရာရာကို အလျှော့ ပေးပြီး စာနာစိတ်နဲ့ ခွင့်လွှတ် ခဲ့တဲ့ ကျွန်မရဲ့ စိတ်ကောင်းတွေလည်း ဘယ်ဆီ ရောက်သွားလေတယ် မသိပါဘူး။ စာနာခံစားတတ်တဲ့ ကိုယ်ချင်းစာ တရားလည်း ရင်ထဲမှာ တစ်ခုမကျန်ဘဲ ကုန်ခန်းသွားပါပြီ။
နှလုံးသား ထဲက စာနာတတ်တဲ့ စိတ်ကောင်းတွေ နေရာမှာ ဝေဒနာတွေပဲ ရှိပါတော့တယ်။ တစ်ခါတုန်းက သူတော်စင် ' မာသာထရီစာ' ပြောသလိုပေါ့။ ဘ၀တစ်ခုအတွက် အဆိုးဆုံးဝေဒနာ က ' ချောင်းဆိုးသွေးပါ အဆုတ်နာ လည်း မဟုတ်ဘူး၊ ကုဋ္ဌနူနာအရေပြားရောဂါ လည်း မဟုတ်ဘူး၊ အကြင် နာမဲ့ ခြင်း၊ မေတ္တာထားမခံ ရခြင်း နဲ့ အပယ်ခံဘ၀ရောက်ရခြင်း ' တဲ့။
ကိုယ့်ဘ၀ကို သုံးသပ်ကြည့်ရင်း ကြုံရတဲ့အဖြစ်ကို အလွန်အမင်း နာကြည်းသွားပါတယ်။
'နက်နဲတဲ့၊ အဓိပ္ပာယ်ရှိတဲ့ဘ၀ ဆိုတာ အောင်မြင်မှုကရတာ မဟုတ်ဘူး၊ ပြေလည်တဲ့ အိမ်ထောင်ရေး ဆက်ဆံမှုက မှရတာ' တဲ့။
'အိမ်ထောင်ဖက်ကောင်း ရတဲ့သူ က တစ်သက်စာ အဖော်ကောင်းရတာမို့ ချမ်းမြေ့မှု ရနိုင် တယ်' တဲ့။
' အမေရိကန်သမ္မတကြီး ' ဂျော့ဝါရှင်တန်' ရဲ့ ဆုတံဆိပ်ကို ရထားတဲ့ စာရေးဆရာကြီး '၀ိလ်ဖရက်ပီတာဆင်' က ' အိမ်ထောင်ရေး ပျော်ရွင်မှုရဖို့ ဆိုတာ နေရင်းထိုင်ရင် ဖြစ်လာတာမျိုး မဟုတ်ဘူး၊ အိမ်ထောင်ရေး မှာ ပြဿာနာသေးသေးလေးတွေ က တဖြည်းဖြည်းနဲ့ ကြီးထွားသွား တာမျိုး' လို့ဆိုပါတယ်။
အိမ်ထောင်ရေး နဲ့ ပတ်သက်တဲ့ ဆိုရိုးစကားတွေကို ပြန်တွေးရင်း ကိုယ်ဘယ်နေရာမှာလို၊ ဘယ်နေရာမှာမှားခဲ့လို့ အခုလို အပယ်ခံဘ၀ ရောက်ရသလဲတာကို ဆန်းစစ်ကြည့်မိပါရဲ့။ အကြောင်း ရှိမှ အကျိုးဖြစ်တာမို့ ကျွန်မရဲ့ အမှားများစွာ လည်း ရှိနိုင်ကောင်းပါတယ်။ ဦးမြလှိုင်နဲ့ ပတ်သက်တဲ့ အမှားများစွာကို စဉ်းစားကြည့်တော့ အလျှော့ပေးခဲ့ တာတွေနဲ့အတူ ကိုယ့်ရင်ထဲက ခံစားချက်ကို ထုတ်မပြဘဲ မာနထားခဲ့တာတွေ မြင်မိပါတယ်။ ဒါ့အပြင် ကျွန်မ ရဲ့ မိန်းမ မပီသမှုတွေကလည်း ရှိသေးတယ်လေ။
မိန်းမဆိုတာ ကိုယ့်ယောက်ျားက ချေားချောလှလှ မိန်းမကလေးကို စိတ်ဝင်တစားကြည့်ရင် ကြိုက်တတ်ကြတာမှ မဟုတ်တာနော်။ မြင်မှာ၊ ကြည့်မှာကို ဘယ်သူမှ မလိုလားကြပါဘူး။ ကျွန်မက တော့ မဟုတ်ပေါင်။ ကိုယ်တိုင်က အလှအပကြိုက်သူဖြစ်လို့ မိန်းမလှလေးတွေ့ရင် သူက မမြင်ရင် တောင်လက်တို့ပြပြီး 'ဟိုမှာ၊ ဟိုမှာ မလှဘူးလား မောင်' နဲ့ လုပ်တတ်လို့ မမသန်း အတူပါလာ တဲ့အခါ ဆိုရင် အဆဲခံရတာ အကြိမ်များစွာပါပဲ။
ကို်ယ်လည်း ပုထုဇဉ်လူသားမို့ မေတ္တာကို ခွဲဝေလိုက်ရတဲ့အခါ မနာလိုစိတ်တွေနဲ့ ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်ပေမဲ့ ထုတ်ပြရမှာ စိတ်ဓာတ် အောက်တန်းကျရာ ရောက်မှာ စိုးတာနဲ့ ဘာမှ မဖြစ်သလို မျိုသိပ်ကြိတ်မှိတ် ခံစားခဲ့တာ ကလည်း အမှား တစ်ခုပါပဲ။ မိန်းမဆိုတာ သဘာဝအတိုင်း မနာလိုရင်လည်း မနာလိုတာကို ပြတတ်ရမယ်၊ အချွဲအနွဲ့တွေ နဲ့ ... ယောက်ျားကို အရည်ပျော်အောင် လုပ်ပြီး ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ရမယ်တဲ့ အတတ်ပညာတွေ ကိုလည်း မကျင့်သုံးခဲ့တာ ကျွန်မရဲ့အမှားပဲ ထင်ပါရဲ့။
ခက်တာက တစ်သက်တာ အိမ်ထောင်ရေး ပြေလည်ဖို့ ယောက်ျားကို သက်ဆုံးတိုင် လက်တွဲနိုင် အောင် လုပ်တတ်ဖို့ ပြင်သစ် တို့၊ ဂျပန် တို့စတဲ့ ဘာသာခြား သင်တန်းတွေတက်ပြီး သင်လို့ရသလို အိမ်ထောင်ရေး သင်တန်း တက် လို့ရရင်လည်း အကောင်းသားနော်။
ကျွန်မရဲ့ အတွေးတွေက ချာချာလည်လို့ပါပဲ။ ဦးမြလှိုင်နဲ့တင်မကဘူး။ ဦးအောင်ခန့်အပေါ် မှာရော ကျွန်မ ဘာတွေ မှား ခဲ့သလဲဆိုတာပါ ဆက်တွေးမိပါတယ်။ ဦးအောင်ခန့်အပေါ်မှာကျတော့ ကိုယ်ကနှလုံးသား မပါခဲ့ တာကြောင့် အကြင်နာမဲ့စွာ၊ ကိုယ်ချင်းစာစိတ်ကင်းစွာနဲ့ ပြုမှုဆက်ဆံခဲ့တာ တွေမြင်မိပြန်ပါတယ်။ ကြည့်ပါဦးလေ၊ ကိုယ်က လက်ထပ်ယူပါလို့ ပြောခဲ့စဉ်က ဒုက္ခတွေ ပင်လယ် ဝေပြီး အားကိုးရာမဲ့ ချိန် ဖြစ်နေ တာတောင် အောက်ကျို့တဲ့လေသံမပါဘဲ ' အန်ကယ်ကို အားကိုးရာ အနေနဲ့ လက်ထပ်မှာနော်၊ အချစ်မပါဘူး' ဆိုတာဗြောင် ကျကျကြီး ပြောခဲ့သေးတာပဲ။ ကျွန်မက ပွင်လင်းတတ်သူဖြစ်လို့ အမှန်အတိုင်း သိထားစေချင်တဲ့ ဆန္ဒနဲ့ ပြောခဲ့တာ မှန်ပေမဲ့ ခံရသူအနေနဲ့ ဘယ်လို အောင့်သက်သက် ဖြစ်လေမယ်ဆိုတာစာနာ ခံစားမကြည့် ခဲ့မိပါဘူး။
အဲဒီလို ကျွန်မရဲ့ ပွင့်လင်းမှုတွေကြောင့် မေတ္တာမပါဘဲ ပေါင်သင်းခဲ့တဲ့ အိမ်ထောင်ရေး သက်တမ်း တစ်လျှောက် မှာ ဦးအောင်ခန့်အနေနဲ့ ကျွန်မအခု ခံစားရသလို ဖွင့်မပြောသာဘဲ သည်းခံ ခွင့်လွှတ်ခဲ့ရတာတွေ အများအပြား ရှိခဲ့မှာ အမှန် ပါပဲ။ သူတစ်ပါးရဲ့ နှလုံးသားထိခိုက် နာကျင်မှုကို စေတနာပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြုမှု ခဲ့ရင် အတုံ့အလှည့်ဆိုတဲ့ နိယာမတရားက အချိန်တန် အခွင့်သာတဲ့အခါ ရောက်တတ်လာစမြဲမို့ အဲဒီဝဋ်ကြွေး ကို ပေးဆပ်ရခြင်းလည်း ဖြစ်နိုင်ပါတယ်။
တကယ်ကတော့'ဘယ်သူမပြု မိမိမှု' ဆိုတဲ့အတိုင်း ဘ၀များစွာ သံသရာမှာ မှားခဲ့ဖူးတဲ့ အမှားတွေရော၊ လက်ရှိဘ၀မှာ သူတစ်ပါးရဲ့ နှလုံးသား ထိခိုက်နာကျင်မှု ပြုခဲ့ဖူးတဲ့ အမှားတွေရဲ့ ရလဒ်အဖြစ် ကျွန်မ ခံစားနာကျင် ရခြင်း ဆိုတာ တွေးမိပါတယ်။ ကိုယ်အမှားတွေကို ဆန်းစစ်ကြည့် ရင်း ဖြစ်သမျှ အကြောင်းပဲလို့ ခေါင်းငုံ့ခံပြီး ကိုယ့်ရဲ့ တန်ဖိုးကို ချရင်း ဆက်လက်သည်းခံပေါင်းသင်းနေ သင့်သေးသလားလို့ ကိုယ့် ကိုယ်တိုင် ပြန်မေးတဲ့အခါမှာ 'မာန' ဆိုတဲ့ တရားက ခေါင်းထောင်ပြီး ထလာပါရော။
'သူတစ်ပါးက တန်ဖိုးမထားတာနဲ့ ကိုယ့်ဘဝကို လွှင့်ပစ်ရတော့မှာတဲ့လား' လို့ 'မာန'က ခါးထောက်ပြီး မေး လာပြန်တယ်လေ။
ငယ်ရွယ်သေးသူပီပီ ကျွန်မ 'မာန' ကို ကိုးကွယ်ပြီး မှားတာ မှန်တာတွေ မစဉ်းစားတော့ဘဲ ဘဝမှာ ထိုက်သင့်တဲ့ မာန တစ်ခုတော့ ရှိရဦးမှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပါတယ်။
'ဟုတ်တယ်၊ သူတစ်ပါးက တန်ဖိုးမထားလည်း ကိုယ့်ကိုယ်ကိုယ်တော့ တန်ဖိုးထားရဦးမယ်လေ'
'နှစ်ယောက် တစ်ယောက်ရွေး' လို့ ကျွန်မ ဒေါသနဲ့ မခံမရပ်နိုင်လို့ မေးခဲ့စဉ် ကာလကတည်းက ဦးမြလှိုင် က ပြတ်သားတဲ့အဖြေကို ရွေးပြီးသားပဲဟာ။ ဆက်လက်မျှော်လင့်နေမိခြင်းကိုက ကျွန်မကိုယ် ကျွန်မ တန်ဖိုး မထားခဲ့ခြင်းဆိုတဲ့ မဟာအမှားဆိုတာ တွေးမိပါတယ်။ အခုတော့ မိမိရဲ့ ရပ်တည်နေမှု နေရာမှန်ကို တိတိကျကျ သိမြင်သွားပြီမို့ ခိုင်မာတဲ့ အဆုံးအဖြတ်တစ်ခုကို နာကြည်းမှုအပြည့်နဲ့ ဆုံးဖြတ်လိုက်နိုင်ပါပြီ။
အဲဒါ ကတော့ ဦးမြလှိုင် ပြန်ရောက်လာတဲ့အချိန်မှာ ထာဝရလမ်းခွဲကြဖို့ပဲ ဆိုပါတော့လေ။
ဆက်ရန်
.

2 comments:
Aunty Khin, a typical "Anyarthu".
ဖြစ်ရလေအန်တီရယ်။ရင်ထဲမကောင်းလိုက်တာ။ ကိုယ့်မှာတော့ ဒုက္ခတွေပင်လယ်ဝေလို့ ။ အရမ်းခံစားခဲ့ရမှာပဲ။
Post a Comment