“ဟေ့ကောင် မြလှိုင် ... ဖင်ကြားက ချွေးယိုတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်”
ကိုသောင်းအိ ၏ စကားကြောင့် ကျွန်တော်က ရယ်မိသည်။ မှန်ပါသည်။ မိဘများနှင့် အတူတကွ နေခဲ့စဉ်က ဘာတစ်ခု ကိုမျှ လေးလေးပင်ပင် လုပ်ခိုင်း၍ မရကြသော ကျွန်တော်တို့ ခရောင်းတော ကို စတင် နင်းလျှောက် ခဲ့ကြပြီ မဟုတ်ပါလား” “ယား ယား ယား” တောစပ် တွင် တပ်စိတ် တစ်စိတ် လှံစွပ်ထိုး လေ့ကျင့်လျက် ရှီသည်။ ၄င်းတို့၏ အော်ဟစ်နေသော အသံကို ကြားရသော အခါ မောပန်းနွမ်းနယ်နေသောစိတ်ကို အားပေးလိုက် သည့်နှယ် ရွှင်လန်း အားတက် မိသည်။ မကြာမီ ကျွန်တော် တို့ သည်လည်း ၄င်းတို့ကဲ့သို့ စစ်သားကြီး များ ဖြစ်လာပေတော့မည်။ ထို့ပြင် နိုင်ငံလွတ် လပ်ရေး အတွက် ရန်သူအပေါင်းတို့အား ရင်ဆိုင် တိုက် ခိုက်နိုင်ပေတော့ မည်။ ကို ဆက်ဖတ်ရန် ...
လူငယ်တို့ဘာဝ မိမိနှင့် ရွယ်တူတန်းတူများကို စစ်သားများအသွင် ကျားကျား ယားယား မြင်ရသော အခါ စောစောက နွမ်းနယ်ပင်ပန်းမှုများကို ရေလောင်းချိုးပေးလိုက်သည့်နှယ် လန်းဆန်းသွားပါသည်။ အလားတူ ပင် ကျွန်တော်တို့ လူသိုက်၏ မျက်လုံးများသည် တက်ကြွသော အားမာန်များဖြင့် ပြည့်လျှမ်းနေ သည် ကို တွေ့ရပါသည်။
ကျွန်တော်တို့လူသိုက်ကို လူသစ်များ ထားရှိရာသို့ ခေါ်ဆောင်သွားပါသည်။ လူသစ်များ ရှိရာသို့ ရောက်သော အခါ ကျွန်တော် တို့တဲ သို့ မြန်မာပြည်အနှံ့မှ လာရောက်သော လူငယ်များစွာကို တွေ့ရှိရသည်။ ကျွန်တော်သည် မိမိရရှိသော နေရာတွင် ကျောဆန့်လိုက်ပြီးနောက် မမျှော်လင့်သော ဘ၀တစ်ခု၏ တစ်ဆစ်ချိုး တွင် ရောက်ရှိနေသော အခြေအနကို နဖူးပေါ်လက်တင်၍ စဉ်းစားနေမိသည်။ ထိုအခါ မိမိနေထိုင် လှုပ်ရှား လာခဲ့သော သူဌေးသား လူပွေကလေးမောင်မြလှိုင်၊ နိုင်ငံရေးသမား သခင်ပေါက်စ မြလှိုင်၊ ယခု စစ်သား တစ်ယောက်ဘဝ သို့ အသွင်ကူးပြောင်း ရောက်ရှိလာသောမြလှိုင် စသည်တို့သည် အလျှိုလျှိုပေါ်ပေါက် လာပါတော့သည်။ ထိုသို့သော သက်ရှိဘ၀ဖြင့် ကူးပြောင်းလာခဲ့သည်များမှာ စင်စစ် မိမိအသိ၊ မိမိဘာသာ ကူးပြောင်း လာခဲ့ခြင်းဖြစ်၍။ ကောင်းခြင်းဆိုးခြင်းဆိုသည်မှာလည်း မည်သူ့ကိုမဆ လွှဲပုံချ၍ ရမည့်အကြောင်း မရှိပါချေ။
“ဟေ့ကောင် ... မြလှိုင် ဘာဝါးနေတာလဲကွ”
“ရွီး ... တိုးတိုးလုပ်ပါ အရှိန်ရ၊ ရော့”
ကျွန်တော် သည် လက်ထဲတွင် ရှိသော ပဲကြီးလှော်တစ်ဆုပ်ကို လက်ဖြင့်ဆုပ်၍ မောင်ရှိန်အား ပေးလိုက် သည်။ မောင်ရှိန် သည် သူ၏ သွားများပေါ်အောင်ရယ်၍ ကျွန်တော့်လက်မှ ပဲကြီးလှော်ကို ယူလျက် ၀ါးနေပါ သည်။
“ပဲကြီးလှော် စားပြီး လေလည်ရင်တော့ တစ်ခြင်ထောင်လုံး ကြိုင်ကြိုင် သင်းနေမှာပဲကွ။ ဟီး ... ဟီး”
မှန်ပါသည်။ ထိုအချိန်က စစ်ခြင်ထောင်များမှာ လူ ၁၂ ယောက်ခန့် အိပ်၍ရသော ခြင်ထောင်များဖြစ်ပါ သည်။ ကျွန်တော့် အဖို့ အစစအရာရာ အသစ်အဆန်းများ ဖြစ်သော်လည်း ဗမာ့ကာကွယ်ရေး တပ်မတော် သည်ပင် ယူနီဖောင်း မှစ၍ အရာခပ်သိမ်း ဂျပန်စစ်တပ်၏ ပုံသဏ္ဍာန်ဖြင့် ဖွဲ့စည်းထားသဖြင့် ယခုကဲ့သို့ ဂျပန် တပ်များ အတိုင်း နေရထိုင်ရ စားရသောက်ရသည်မှာ အဆန်းမဟုတ်ပါပေ။
ထိုညက တော်တော်နှင့် အိပ်မပျော်ခဲ့။ ဖျာပုံတွင် ကျန်ရစ်ခဲ့သော ချစ်သူနှင့် သူငယ်ချင်းများဖြစ်ကြသော ကိုအုန်းမောင်၊ ကိုစိန်လှိုင်နှင့် ငယ်ပေါင်းကြီးဖော်များကို သတိရလျက်ရှိပါသည်။
ကျွန်တော့်တစ်ဖက် တစ်ချက်စီတွင် အိပ်နေကြသော ကိုသောင်းအိ၏ အမျိုးမျိုး ယောင်ယမ်း ပြောဆိုနေမှု များသည်လည်း ကောင်း၊ မောင်ရှိန်၏ တကျွိကျွိ သွားကြိတ်သံသည် လည်းကောင်း၊ ပို၍ အိပ်မပျော်အောင် ရှိနေ ပါသည်။ တစ်ချက်တစ်ချက် ကင်းတပ်မှ ကင်းလှည့်နေသော အသံများ၊ တာဝန်မှူးထံ သတင်းပို့နေသည့် အသံများ၊ အချက်မှန်မှန်လျှောက်၍ ကင်းတာဝန်ကျနေသော ရဲဘော်များ၏ ဖိနပ်သံသည် လည်းကောင်း၊ တိတ်ဆိတ် နေသော အ ကာလညဥ့်အခါ ကို စိုးမိုးလျက်ရှိပါသည်။
ကျွန်တော်၏ နဖူးပြင်ပေါ်သို့ လက်တစ်ခု တင်လာသည်ကို သိနေသော်လည်း မျက်လုံးများကို ဖွင့်၍မရဘဲ ရှိ နေပါ သည်။ ခေါင်းတစ်ခုလုံး ပုရွက်ဆိတ်များကိုက်နေသည့်အလား တဆစ်ဆစ် ကိုက်ခဲနေပါသည်။
“ကိုယ်တွေ သိပ်ပူနေတယ် ဗိုလ်ကြီး”
ကျွန်တော့် နားထဲသို့ စကားပြောသံသဲ့သဲ့ ၀င်လာသည်။ ကျွန်တော်သည် မည်သူမည်ဝါ ဖြစ်သည်ကို သိလို သဖြင့် မျက်လုံးမျးကို အားယူ၍ ဖွင့်ကြည့်သည်။ ကောင်းစွာ ဖွင့်မရသဖြင့် မိမိကိုယ်ကို နား မလည်အောင် ဖြစ်မိသည်။ ယခု ပြောဆိုနေသော အသံဗလံများသည် အိပ်မက် မက်နေခြင်းများလားဟု တွေးထင်မိသော် လည်း သတိကမူ ရှိသည်။
“ဆေးမှူး သွားခေါ်ချေဟေ့”
ကျွန်တော် သည် မျက်လုံးကို အားယူ၍ ဖွင့်ကြည့်လိုက်မိသည်။ ညိုမောင်းသော အသားအရည်နှင့် ကြီးမားသော မျက်နှာ တစ်ခု၊ မျက်နှာပေါ်၌မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးများက ရှုပ်ထွေးနေသည်။ ထိုမြင်ကွင်း ကြောင့် ကျွန်တော် သည် ဖွင့်လက်စ မျက်လုံးများကို ပြန်၍ ပိတ်ထားလိုက်မိသည်။
ကြီးမားတုတ်ခိုင်၍ သန်မာလှသော ထိုသူ၏ လက်ကြီးများသည် ကျွန်တော့် တစ်ကိုယ်လုံးကို သာယာညင်း ပျောင်းစွာ ဆုပ်နယ်ပေးလျက် ရှိပါသည်။ ထို့နောက် ကျွန်တော့်ကို ထိုလူက စကားဆိုသည်။
“ရဲဘော် သက်သာရဲ့လား”
“ခေါင်းသိပ်ကိုက် တယ်၊ ကျွန်တော် ဘာဖြစ်တာလဲ”
“ရဲဘော် ဖျားနေတယ်လေ။ ခု ဆေးမှူးလာလိမ့်မယ်။ မကြာခင် အဖျားကျသွားမှာပါ ရဲဘော်”
ကျွန်တော် စကားပြန်မပေးမိပေ။ ငြိမ်၍သာ နေလိုက်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော့်အနေဖြင့် ဖျာပုံက အတူတကွ လာခဲ့ကြသော ရဲဘော်များကျွန်တော်တို့ အနီးအနား၌ ရှိစေလိုသည်။ သို့သော် ၎င်းတို့အားလုံး၏ အသံ ကို ကျွန်တော် မကြားရသဖြင့် အလိုလို ၀မ်းနည်းလာမိသည်။ ယခု ကျွန်တော်၏ ဘေးတွင် ရှိနေသော လူသည် မည်သူ နည်း။ ထိုသူက ကျွန်တော့်ဘေးတွင် ဘာတွေ ဘာလုပ်နေတာလဲ။ ကျွန်တော့်အတွေး မဆုံးမီ ပင် အသံတစ်ခု ကို ကြားရပြန်သည်။
“ဗိုလ်ကြီး ... ဆေးမှူးရောက်ပါပြီ”
“ဟေ့ ... ဗိုလ်စိန်မောင်။ ဒီရဲဘော် သိပ်ဖျားနေတယ်ကွ။ မနေ့ကမှ ရောက်လာတာ။ လူသစ် စာရင်းတောင် မသွင်းရသေးဘူး။
“ဟိုက် ... ဗိုလ်ကြီး”
ဆေးမှူး ဆိုသူက စမ်းသပ်ပါသည်။ ထိုအခါတွင်မှ ကျွန်တော်သည် ခရီးရောက်မဆိုက် ဖျားလျက်ရှိကြောင်း စခန်း တာဝန်ခံ ဗိုလ်ကြီးက ကျွန်တော့်ကို ဆေးမှူးအားခေါ်၍ ပြသနေကြောင်း သဘောပေါက်ပါတော့ သည်။ ကျွန်တော်သည် အလိုလို ၀မ်းနည်းလာပါသည်။ မျက်ရည်များသည် ကျွန်တော့်မျက်လုံးအစုံမှ စီးကျ လာလေ သည်။
“ရဲဘော် ... နေရ သိပ်ခက်နေသလားကွ ...”
“အင်း ...”
ကျွန်တော်က ချော်လဲရောထိုင်လိုက်ခြင်း ဖြစ်သည်။ စင်စစ် ကျွန်တော်မျက်ရည်ကျခြင်းမှာ အနေခက်၍ကား မဟုတ်ပေ။ တစ်ရပ်တစ်ကျေး မိဝေးဖဝေး ဖြစ်နေစဉ် မိမိနျင့် အတူတကွလာခဲ့ကြသော သူငယ်ချင်းများ ကျွန်တော့် အနား တွင် မရှိကြတော့ဘဲ တစ်ယောက်တည်း ကျန်နေခဲ့ခြင်းအတွက် မျက်ရည်ကျခြင်း သာလျှင် ဖြစ်လေ သည်။
“ရော့ ... ဒီဆေးပြားကို မျိုချလိုက်။ ခဏနေ အဖျားကျသွားလိမ့်မယ်”
ကျွန်တော့် ပါးစပ်ထဲသို့ ဆေးပြားများ ရောက်လာသည်။ အလွန်ခါးသော ကွီနိုင်ဆေးများဖြစ်ပါသည်။ ထို့နောက် ရေဆွတ် ထားသော မျက်နှာသုတ်ပ၀ါ ပိုင်းတစ်ခုဖြင့် နဖူးပေါ်ကို အုပ်ပေးထားပါသည်။ ထိုသို့ ပြုစုခြင်းကြောင့် မျက်လုံး အနည်းငယ် ဖွင့်လာနိုင်သည်။ ကျွန်တော် မျက်လုံးများကို ဒုတိယ အကြိမ် ပြန်လည် ဖွင့်ကြည့်မိပြန်သည်။ ဤတစ်ကြိမ်တွင်မူ ကျွန်တော့် မျက်စိတစ်စုံ၏ မြင်ကွင်း၌ သဲကွဲ စွာ မြင်ရလေပြီ။ မုတ်ဆိတ်ပါးမြိုင်းမွှေးများ ၀ိုင်းရံထားသော ယင်းပုဂ္ဂိုလ်မှာ ဤစခန်း၏ တာဝန်ခံ ဗိုလ်သံဒိုင် ဆိုသူဖြစ်၍၊ ဆေးမှူးဗိုလ်စိန်မောင်သည် ထိုစခန်းမှ နာမကျန်းသော ရဲဘော်များကို ဆေးဝါး ကုသပေးသူဖြစ်ပေ သည်။
“နည်းနည်းသက်သာရင် ဆေးရုံကို ခေါ်သွားလိုက်မယ် ဗိုလ်ကြီး”
“အေး ... ကောင်းတယ်၊ ခဏနေ ပို့လိုက်မယ်”
ထိုအချိန်မှ အစပြု၍ ကျွန်တော် တစ်ယောက် စစ်တပ်ထဲသို့ ၀င်လျှင် ၀င်ချင်း ဘာသင်တန်း၊ လေ့ကျင့်မှု ဘာတစ်ခု မျှ မလုပ်လိုက်ရဘဲ ဆေးရုံသို့ တန်း၍ တက်ရပါတော့သည်။ ဆေးရုံသို့ ရောက်ရသောအခါ ကျွန်တော် ကဲ့သို့ နာမကျန်းသော ရဲဘော်အများအပြားကို တွေ့ရပါသည်။ ထိုလူနာများထဲတွင် ဖက်ခွက်နာ ပေါက်နေသော ရဲဘော် အများအပြားကို တွေ့ရသည်မှာ အလွန်စိတ်ချမ်းသာဖွယ်ပင်ဖြစ်ပါသည်။
ဆေးရုံတွင် နေရသည် မှာ အလွန်ပျင်းရိငြီးငွေကဖွယ်ပင်ဖြစ်ပါသည်။ ကျွန်တော်နှင့် လာခဲ့သော ရဲဘော်များ ညနေတန်းဖြုတ်၍ ထမင်းစားပြီးချိန်တွင် အပြေးအလွှား ရောက်ရှိလာကြပါသည်။ ၎င်းတို့ထံမှ ကြားသိရ သော သတင်းများ အရ မြန်မာ့တပ်မတော်သားများမှာ အလွန်ဆင်းရဲပင်ပန်းကြောင်း သိရှိရပါသည်။ ထို့ထက် -
“တို့အဖို့ ကတော့ အရေးမကြီးပါဘူး၊ သူငယ်ချင်း။ ဒါပေမယ့် မင်းအနေနဲ့ ခံမှခံနိုင်ပါ့မလားလို့ တို့ အချင်းချင်း ပြောမိတယ်”
“အေးကွ မြလှိုင်ရ၊ မင်းက လူနုလူပျော့ ဆိုတော့ တို့စိုးရိမ်တယ်ကွာ ...”
ကျွန်တော့် အသားအရေများသည် သွေးမရှိသည့်အလား ဖြူရော်လျက်ရှိသည်။ ကျွန်တော့် ကိုယ်ခန္ဓာသည် ကျုံလှီ လျက် ရှီပါသည်။ သို့သော် စိတ်ဓာတ်များမှမူ သံမဏိကဲ့သို့ မာကျောလျက် ရှိနေဆဲပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော့် မိခင်ကြီးသည် ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ၀င်အံ့ဆဲဆဲတွင် ကျွန်တော့် အား စကားတစ်ခွန်းကို တိုတိုနှင့်လိုရင်း ပြောခဲ့ဖူးသည်။ ထိုစကားရပ်မှာ - “ယောက်ျားဆိုတာ ဆိုခဲစေ၊ မြဲစေ ဆိုတဲ့ စိတ်ထား ရှိရတယ်” တဲ့၊ ယခုလည်း ကျွန်တော့် သူငယ်ချင်း ငယ်ပေါင်းရောင်းရင်းများ သည် ကျွန်တော် ကျင်လည်ကျက်စားခဲ့သော ဘ၀နှင့် နှိုင်းယှဉ်၍ ကျွန်တော့်ကိုယ်စား သက်ညှာစွာ စဉ်းစား ပြောဆိုကြခြင်းဖြစ်ပါသည်။ သို့ကြောင့်လည်း ကျွန်တော့် အနေဖြင့် ၎င်းတို့အပေါ်၌ စိတ်ငြိုငြင်မှု မဖြစ်ခဲ့ ပါ ချေ။ သို့တစေ ကျွန်တော်သည် ယောက်ျားတစ်ယောက်ကဲ့သို့ ဆုံးဖြတ်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ထိုမှ ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ၀င်ရောက်ခဲ့ခြင်းမဟုတ်ပါလော။ ယင်းသို့ဆိုလျှင် ကျွန်တော်သည် အသက် ကိုသာ အသေခံကောင်းခံမည်။ ကျွန်တော်၏ ဇွဲလုံ့လ၌ ဆုံးဖြတ်ချက်ကိုကား မည်သည့်အခါ မျိုးတွင်မှ ပြင်ဆင် လိမ့်မည် မဟုတ်ပေ။
ကျွန်တော် ပျဉ်းမနားတွင် နေရစဉ်အတွင်း ဗိုလ်လက်ျာ အနေဖြင့် ၂ ကြိမလခန့် လာရောက်ကြည့်ရှုပါ သည်။ ဗိုလ်သံဒိုင် အနေဖြင့်မူ ကျွန်တော့်ထံသို့ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် လာရောက် ကြည့်ရှုအားပေး ပါသည်။ သို့သော် ကျွန်တော် ငှက်ဖျားရောဂါ မှာ မပျောက်ကင်းနိုင်ဘဲ ရှည်ကြာနေပါသည်။ ရဲဘော်များ၏ ပြောစကားအရ ပျဉ်းမနား သစ်တောကြိုးဝိုင်းသည်ပင် ငှက်ကြီးသော ဒေသဖြစ်သည်ဟုသိရပါသည်။
“ညီလေး ... နေကောင်းရဲ့လား ...”
အသံလာရာသို့ ကျွန်တော် ကြည့်လိုက်သောအခါ ဗိုလ်သံဒိုင်နှင့် တာဝန်မှူး စလွယ်ကို လွယထားသော အခြား မျက်နှာစိမ်း စစ်ဗိုလ်တစ်ဦးကို တွေ့ပါသည်။ ကျွန်တော်သည် ကွပ်ပျစ်ပေါ်မှ ဆင်း၍ သတိအနေ အထားဖြင့် ရပ်လိုက်ပါသည်။
“ညီလေး ... ထိုင် ... ထိုင်”
ကျွန်တော့်အနီးသို့ ရောက်လာသော ဗိုလ်သံဒိုင်က ကျွန်တော့်ပခုံးကို လက်နှင့်ပုတ်၍ ထိုင်ခိုင်းပါသည်။ ကျွန်တော်သည် ဗိုလ်သံဒိုင်ကို တလှည့်၊ တာဝန်မှူးစလွယ်နှင့် ဗိုလ်ကိုတလှည့် ကြည့်၍ မည်သို့မျှ မပြောဘဲ ဆိတ်ဆိတ်နေမိပါသည်။ ထိုအခါတွင်မှ ဗိုလ်သံဒိုင်က သူတို့လာခဲ့သည့် အကြောင်းကို ကျွန်တော့်အား ရှင်း လင်းပြောကြားပါသည်။
“ညီလေး ... ဒီနေ့ အဖျားတက်သေးလား ...”
“မနက်က တက်သေးတယ်၊ ဒါပေမယ့် သိပ်မကြာပါဘူး၊ ပြန်ကျသွားတယ်၊ အဖျားတာရှည်နေတော့ ကျွန်တော်လည်း စိတ်ညစ်နေပါတယ် ဗိုလ်ကြီး”
“ဟုတ်ပြီလား-ဒါကြောင့် ညီလေးရဲ့နောင်တော်ကြီး ဗိုလ်မှူးကြီး လကျာက ညီလေးကို ရန်ကုန်ပြန်ပို့ပြီး ဆေးကုစေပါတဲ့”
“ခင်ဗျာ ... ကျွန်တော် ရန်ကုန်ကို ပြန်ရမယ် ဟုတ်လား ...”
“ဟုတ်တယ် ညီလေး။ ခု - ပျဉ်းမနားမှာက ညီလေးသိတဲ့အတိုင်း ဆေးဝါးကလည်း မစုံ၊ နေရာထိုင်ခင်းက လည်း အားလုံးလိုလို အခုမှ အစပျိုးနေရလေတော့ မပြည့်စုံဘူး၊ အထူးသဖြင့် ညီလေး ဒီပျဉ်းမနားမှာ တစ်လ ကုရမယ့်အစား ရန်ကုန်မှာ ဆယ်ရန်နဲ့ ပျောက်နိုင်တယ်လေ ... ဟုတ်ဘူးလား”
“ဒီလိုဆို ကျွန်တော် တပ်ထဲကို မ၀င်ရဘူးပေါ့နော် ...”
“ဟား ... ဟား ဘယ်ဟုတ်ပါ့မလဲ ညီလေးရာ၊ ညီလေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေးစားပါတယ်။ ဒါကြောင့် ညီလေး အတွက် တပ်မတော်ကအမြဲ တံခါးဖွင့်ထားပါမယ် ဟုတ်ပြီလား”
ကျွန်တော့် အခြေအနေသည် ယခုကဲ့သို့ ဆေးရုံပေါ်တွင် လူမမာ တစ်ယောက်ဖြစ်နေရမည့်အတူတူ ဗိုလ်သံဒိုင် ပြောသကဲ့ သို့ ရန်ကုန်ပြန်၍ ဆေးကုခြင်းသည်ပင် အကောင်းဆုံးဖြစ်မည်ဟု ကောင်းစွာနားလည် သဘောပေါက် ပါတော့သည်။ သို့သော် ကျွန်တော် ရန်ကုန်သို့ ပြန်နိုင်ရေးအတွက် မည်သို့မည်ပုံ စီစဉ်ပေး မည်ကို ကျွန်တော် သိလိုပါသည်။
ထို့ကြောင့် “ကျွန်တော် ဘယ်တော့ ရန်ကုန်ပြန်ရမှာလဲ။ ကျွန်တော့်ဘာသာ ပြန်ရမှာလား”
“မဟုတ်ဘူး၊ ညီလေးပြန်ဖို့ အားလုံးစီစဉ်ပေးမှာပါ။ ကိုင်း-ဗိုလ်လေးသိန်းအောင်၊ ညီလေးကို ဘယ်တော့ ရန်ကုန် ပြန်ပို့ပေးမလဲ”
ဗိုလ်သိန်းအောင် ဆိုသူသည် ထားဝယ်သား ဖြစ်ဟန်တူသည်။ သူပြောသော စကားများကို ကျွန်တော် ကောင်းစွာ နားမလည်နိုင်ဘဲ ရှိပါသည်။ သို့ဖြစ်၍ ထားဝယ်သား သိန်းအောင်ပြောသော စကားများကို ကြားက ဗိုလ်သံဒိုင် က စကားပြန်လုပ်ရပါတော့သည်။
“ဗိုလ်သိန်းအောင် က ညီလေးကို နက်ဖြန်စောစော ရန်ကုန်ကို ဆင်းမယ့် ဗိုလ်တင်တို့အဖွဲ့နဲ့ ထည့်ပေး မယ်တဲ့”
“မီးရထား နဲ့လား ဗိုလ်ကြီး”
“မဟုတ်ရ ... မဟုတ်ရ ...။ မော်တော်ကားငယ်နဲ့ ပို့ပေးမယ်။
ဗိုလ်သံဒိုင်နှင့် ဗိုလ်သိန်းအောင်တို့ နှစ်ယောက် ထွက်သွားသောအခါ ကျွန်တော်သည် မိမိအိပ်ရာပေါ်တွင် ၀မ်းနည်းခြင်းကြီးစွာဖြင့် လှဲချလိုက်ပါသည်။ ထို့နောက် မျက်နှာနှင့် ခေါင်းအုံးကို အပ်လျက် အားရအောင် ငိုပစ် လိုက်သည်။ ကျွန်တော် မည်မျှကြာအောင် ငိုရှိုက်နေမိသည်မသိ။ ကျွန်တော်၏ ပခုံးအစုံကို လှုပ်ကိုင် လိုက်သော အခါမှ ကျွန်တော် ပက်လက်လှန်၍ လှည့်လိုက်သည်။ ကိုသောင်းအိ၊ ကိုထွန်းရင်၊ ရွှေအိ ၀င်းမောင်နှင့် မောင်ရှိန် တို့ကို စစ်ဝတ်များနှင့် တွေ့လိုက်ရသည်။ ကျွန်တော်သည် ၎င်း တို့ကို မြင်ခါမှ ပို၍၀မ်းနည်းမိသည်။ သို့ကြောင့် ကလေးငယ် တစ်ဦး သဖွယ် ကျူကျူပါအောင် ငိုချလိုက်သည်။
“မြလှိုင်၊ မင်းသိပ်ဝမ်းနည်းနေသလားဟင်”
ကိုထွန်းရင်၏ အသံသည် တစ်ဆို့လျက် ရှိသည်။ သူ့မျက်လုံးအစုံတွင် မျက်ရည်များ ရစ်သီနေ ပါသည်။ မောင်ရှိန်ကမူ သူ၏ပေါ်နေသော သွားများကို မပေါ်အောင် ပါးစပ်ကို စေ့စေ့ပိတ်ပြီး ရပ်နေသည်။
“ကျွန်တော် ရန်ကုန်ကို ပြန်ရမယ်တဲ့”
“ဘာ ... မင်း ရန်ကုန်ကို ပြန်ရမယ်၊ ဟုတ်လား”
ကျွန်တော် တစ်ချက်ရှိုက်လိုက်သည်။ မျက်ရည်များက တာရိုးကြီးကျိုးပေါက်သကဲ့သို့ သွန်ကျလာသည်။ ထို့နောက် -
“အင်း ...”
ထိုအချိန် တွင် ကျွန်တော်တို့ အားလုံးကြား၌ တိတ်ဆိတ်ခြင်းက လွှမ်းမိုးလျှက်ရှိသည်။ တစ်ယောက်ကို တစ်ယောက် စကား မပြောကြဘဲ အတွေးကိုယ်စီဖြင့် ရှိနေကြပါသည်။ ကျွန်တော်တိုပ တစ်တွေသည် တစ်ရပ် တည်းနေ။ တစ်ရေ တည်းသောက်ခဲ့ကြသော ငယ်ပေါင်းကြီးဖော် သူငယ်ချင်း များ ဖြစ်ကြ ပါသည်။ ကျောင်းသား အရွယ် လူမမည် ဘ၀မှသည် ယနေ့အထိ တစ်ဦး၏ လည်ပင်းကို တစ်ဦးဖက်၍ လာခဲ့ကြသူ များဖြစ်ကြသည်။
ထိုမှ နိုင်ငံရေး နယ်ပယ်သို့ ၀င်ရောက်လာခဲ့ကြရာတွင်လည်း သံယောဇဉ်အမျှင်တန်းဖြင့် ၀င်လာခဲ့ကြသည်။ ထို့ကြောင့် ဖျာပုံသို့ ဗိုလ်တောက်ထိန်တို့ ရောက်ရှိလာခဲ့ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းသည့်အခါ တစ်ယောက်နှင့်တစ်ယောက် မတိုင်ပင်ကြရဘဲ စုပေါင်း ၀င်ခဲ့ကြခြင်းဖြစ် ပါသည်။ ယခုမူ ကျွန်တော်သည် သူငယ်ချင်းများ ကို ခွဲခွာ၍ ရန်ကုန်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးမှ ကျွန်တော်၏ ကျန်းမာရေး များ ပြန်လည်ကောင်းမွန် လာမှသာလျှင် မျှော်လင့်ချက် ရှိပေလိမ့်မည်။ ဤသို့စဉ်း စားလိုက်သော အခါမျိုးများ တွင် ယခုကဲ့သို့ ဆေးရုံတွင် ဆေးဝါး မလုံလောက်ဘဲ ကုသနေရခြင်းထက် ရန်ကုန်တွင်ဖြစ်စေ၊ ဖျာပုံတွင်ဖြစ်စေ ဆရာကောင်းသမားကောင်းဖြင့် ကြပ်မကုသလျှင် မကြာမီ ပျောက်ကင်း နိုင်မည်ဖြစ်ပြီး ကျွန်တော် စိတ်အား ထက်သန် လှသော ဗမာ့ကာကွယ်ရေး တပ်မတော်သို့ ပြန်လည် ၀င်နိုင်ပေလိမ့်မည်ဟု ကျွန်တော် နားလည် လာမိပါသည်။
ထို့ကြောင့် ...။
“ ငါ ခုလို ဆေးရုံမျာ တက်နေရတာထက် စာရင် ရန်ကုန်ကို ပြန်ပြီး ဆေးကုတာက ကောင်းမယ် ထင်တယ် လေ။ မဟုတ်ရင် တစ်နေ့လာလဲ ကွီနိုင်။ တစ်နေ့လာလဲ ကွီနိုင်။ ကွီနိုင် သောက်ရလွန်းလို့ ငါ့နားတွေတောင် အူနေ တာပဲ။ နောက်ပြီး အစားအသောက်လည်း ညံ့တယ်ကွာ။ ငါက ချဉ်ချဉ်ငံငံ စပ်စပ်ကလေး စားချင်တယ်။ ဒီဆေးရုံ မှာက ဘယ်ရမလဲ ...၊ ရှောက်သီးသုပ် ကလေးနဲ့ ဟင်းခါးပူပူလေးများ ခုနေ သောက်လိုက်ရရင် ...”
“ဟေ့ကောင် ... မင်းပြောတာနဲ့ ငါတောင် သွားရေယိုလာပြီကွ”
“ဟုတ်တယ် မြလှိုင် ... မင်း ရန်ကုန်ကို ပြန်မယ့်အစား ဖျာပုံကိုပြန်ပြီး ဆေးကု၊ နောက်ပြီး မင်းအဆက်ရဲ့ ရင်ခွင်မှာ နားနေ လိုက်ရင် မင်းနာလန်ပြန်ထလာမှာပါကွာ။ ဟား ... ဟား”
အသွားနှင့်အပြန်မှာ ကွာလှဘိခြင်း။
ကျွန်တော့်အား သယ်ဆောင်လာသော ကားမှာ ဆလွန်းကား အနက်ကလေးဖြစ်သည်။ ကား၏ နောက်ခန်း တွင် ကျွန်တော် တစ်ယောက်တည်းအိပ်၍ လိုက်ခဲ့ရသည်။ ရှေ့ခန်းတွင် ဗိုလ်ဝင်းဆိုသူက ကားမောင်း၍ ဗိုလ်ဘတင် ၍ ဘေးမှ လိုက်ပါလာသည်။ ကားတစ်စီးလုံး ကျွန်တော်တို့ သုံးယောက်သာ ပါလာသည်။ ဗိုလ် ၀င်းဆိုသူမှာ ဗိုလ်လကျာ် ၏ တပည့်ရင်း၊ ထားဝယ်သားတစ်ဦးဖြစ်၍ ဗိုလ်ဘတင်မှာ နောင်သောအခါ စစ်ထောက်မှူးအဖြစ် လည်းကောင်း၊ ဆောင်ကြာမြိုင် တပ်မှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ကျွန်တော်သည် ကားစီးလာရင်း ရန်ကုန်မှ ပျဉ်းမနားသို့ လာခဲ့စဉ်က ခရီးကြမ်းကို စဉ်းစားမိသည်။ ကျွန်တော်တို့ အပေါ်မှာ တိရစ္ဆာန်များသဖွယ် သဘောထား ဆက်ဆံခဲ့ကြသော ဂျပန်စစ်သားများကို နာကြည်းစိတ် ဖြစ်ပေါ်မိသည်။ ကျွန်တော် တပ်ထဲသို့ ၀င်စဉ်က မဟာမိတ် ဂျပန်များ သည် ကျွန်တော် တို့ မြန်မာ တိုင်းရင်းသား လူထုအပေါ် ချစ်ကြည်ရင်းနှီးမှု ရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် လက်ပွန်းတတီး နေထိုင်ဆက်ဆံရသောအခါ မြန်မာလူမျိုးတိုင်းရင်းသားများအပေါ် ညှင်းပန်း အနိုင်ကျင့်မှု များကိုသာ တွေ့လာရသည်။ ယင်းသို့ဖြင့်လည်း စစ်ကာလတည်းဟူသော အကြောင်းပြချက် တို့ဖြင့် မိမိစိတ် ကို မိမိဖြေသိမ့်ခဲ့လေသည်။ လူကြီးသူမများက သတိပေးစကား ပြောကြားလာသည်ကိုပင် စစ်ကာလဖြစ်၍ သည်းခံကြရန်၊ လွတ်လပ်ရေးရရှိမှုနှင့် နှိုင်းစလျှင် ယင်းညှင်းပန်းနှိပ်စက်မှုများမှာ စာဖွဲ့ လောက်စရာ မဟုတ်ဟု ချွေးသိပ်ခဲ့ဖူးလေသည်။ ထိုသို့ဖြင့် ကာလကြာမြင့်လာသော် မိမိ တို့ နှာခေါင်း ကျည်ပွေ့တွေ့လေတော့သည်တကား။
“ဟေ့ ... ချာတိတ်၊ အဖျားတက်နေပြီလားကွ”
“ဟုတ် ... ဟုတ်တယ်။ ဟီး-ဟီး-ဟီး”
ကျွန်တော်သည် အချိန်မှန် တက်နေကျဖြစ်သော ငှက်ဖျားက လမ်းခရီးသွားရင်း ခံစားနေရလေသည်။ ကားနောက်ခန်းတွင် စောင်ကို လုံအောင် ခြုံထားသည့်ကြားမှ အကြောများထဲမှ စိမ့်၍ ခိုက်ခိုက်တုန်အောင် ချမ်းလျက်ရိသဖြင့် ဗိုလ်ဘတင်၏ မေးမြန်းချက်ကို မေးတခိုက်ခိုက် ရိုက်ရင်းမှ ဖြေလိုက်မိပါသည်။
“တောင်ငူရောက်တော့မှာပါကွာ၊ တောင်ငူရောက်မှ ခဏ၀င်ပြီး ကော်ဖီပူပူသောက်လိုက်ရင် သက်သာသွား မှာပါ။ ဒါနဲ့ မင်း တို့ ဖျာပုံ က လိုက်လာတာ လူ ဘယ်နှစ်ယောက်လဲကွ”
“ဟီး ... ဟီး ... ဟီး၊ ဆယ် ခုနစ်ယောက် ... ဟီး ... ဟီး”
“မင်းတို့ က ဘာလို့ နောက်ကျနေရတာလဲ၊ ဘနီတို့ ကွမ်ဇတ်တို့ လူသိုက်က မင်းတို့ထက် တစ်လလောက် စောတယ်ကွ”
“ကျွန်တော် တို့၊ ဟီး ...ဟီး ... ရန်-ရန်ကုန်မှာ သောင်တင်နေလို့ဗျ။ ခတ် ... ခတ် ... ခတ်...”
ကျွန်တော် က အဖျားတက်နေသဖြင့် စကားမပြောချင်သော်လည်း ဗိုလ်ဘတင်က စကားကြောရှည် ၍ မေးခွန်း များ သောင်းခြောက်ထောင်ကို မေးလာသည်။ ကျွန်တော့်အနေဖြင့် ပျဉ်းမနားသို့ ရောက်သည်မှ သည် ယခုထိ ငှက်ဖျားရောဂါ ကို အလူးအလဲ ခံစားရင်းမှ ဗမာ့ကာကွယ်ရေး တပ်မတော်ဆိုသည်မှာ ဖြူသည်၊ မည်းသည်ပင် သိခွင့် မရရှိခဲ့ပေ။ ရန်ကုန်မှ ထွက်လာစဉ်ကကဲ့သို့ မဟုတ်သော မိမိကိုယ်ခန္ဓာကိုပင် စိတ်ပျက်မိသည်။ မူလကပင် တုတ်ခိုင်ထွားကျိုင်းလှသူ မဟုတ်သော ကျွန်တော်သည် ယခုအခါ အရိုးပေါ် အရေတင်လျက် မျက်တွင်းဟောက်ပက်ဖြင့် ကမ္မဋ္ဌာန်းရုပ်ကဲ့သို့ ရှိနေပါသည်။ ယခင် မိမွေးတိုင်း ဖမွေးတိုင်း အခြေအနေ သို့ ရောက်ရှိရန် မည်မျှအထိ အချိန်ယူကုသရဦးမည်နည်းဟု ကိုယ့်ကိုကို မေးခွန်းမေးမိပါသည်။
“ပျဉ်းမနား ငှက်ဖျားက သိပ်ဆိုးတယ်ကွ၊ ဒါကြောင့် မင်းနောင်တော်က ရန်ကုန်ကို မြန်မြန်ပြန်ပို့ပေးတာ၊ မင်းသိပ် ကံကောင်းတယ် ချာတိတ်၊ မဟုတ်ရင် မလွယ်ဘူး ဟင်း ... ဟင်း ...”
“ဗိုလ်ကြီး ... ရှေ့ဟာက တောင်ငူပဲ”
“အေး ... ဟုတ်လိမ့်မယ် ... တောင်ငူမှာ တို့ထမင်းစားမယ် ချာတိတ်ကိုလည်း ကော်ဖီဖြစ်ဖြစ်၊ နွားနို့ဖြစ်ဖြစ် ၀ယ်တိုက် ရမယ်”
ဗိုလ်ဘတင်နှင့် ဗိုလ်ဝင်း ပြောစကားများကို ကျွန်တော် အဖျားတက်နေရင်းမှ ကြားနေရသည်။ ကားကလေး သည် ပို၍ မြန်လာသည်ဟု ထင်သည်။ သို့သော် ဗိုလ်ဝင်းပြောသကဲ့သို့ တောင်ငူကို မရောက်သေးသဖြင့် စိတ်ထဲ တွင် အညာက လူများ ပြောစကားကဲ့သို့ “သိပ်မဝေးလှပါဘူး။ တစ်ပြလောက်ပဲ ကျန်ပါတော့တယ်” ဆိုသည်ကို သတိရ လိုက်မိသည်။ ယခုလည်း ဟိုရှေ့က တောင်ငူ ဆိုသည်မှာ နောက်ထပ် တစ်နာရီလောက် များ မောင်း ရလေဦးမလားဟု စိတ်ထဲမှ အောက်မေ့လိုက်မိသည်။
“ချာတိတ် ... အိပ်ပျော်နေပြီလားကွ”
“ဟင့်အင်း ...”
“တောင်ငူကို ရောက်တော့မယ်”
“ကျွန်တော် မထနိုင်ဘူးဗျ”
“အေးပါကွာ ... မင်းကို တောင်ငူရောက်တော့မယ်လို့ ငါက သတင်းပို့တာပါ၊ ဟဲ ... ဟဲ ... ဒါနဲ့ ရန်ကုန်မှာ ဘယ် မှာ တည်းမှာလဲကွ”
“မသိသေးဘူး”
“ရော ... ဒါဆို တို့နဲ့ လိုက်ခဲ့ပေါ့”
“ဟင့်အင်း ... ကျွန်တော့်ကို ကိုကြီးချစ်တို့ မမနုတို့အိမ်ကိုပဲ ပို့ပေးပါ”
“ဘယ် ကိုကြီးချစ်လဲ ...”
“ကြက်တန်းထိပ်က ကိုကြီးချစ်”
“အေး ... သိပြီ ... သိပြီ။ သခင်နာမည် မခံဘဲ သခင် လုပ်နေတဲ့ ဦးချစ်အိမ် ဟုတ်ပြီလား”
“အင်း ...”
ကျွန်တော်တို့ စကားပြောရင်းပင် တောင်ငူမြို့ထဲသို့ ရောက်ရှိလာသည်။ တောင်ငူအ၀င်တွင် ကားအရှိန် ကို လျှော့လိုက်သည်ကို သတိထားလိုက်မိသည်။ မကြာမီ ကားရပ်တန့်လိုက်ပြီး ကျွန်တော်သည် စောင်ကိုလှပ်၍ ထိုင်လိုက် သည်။ ဂျပန်စစ်သားများသည် ဗိုလ်ဘတင် ပြသသည့် ဂျပန်စာ ရေးထားသော စာရွက်ကို ကြည့်ရှု စစ်ဆေးလျက်ရှိပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့ လူသိုက် ဖျာပုံက ရန်ကုန်သို့ တက် လာစဉ်က ကမ်းနား တွင် ဂျပန်စစ်သားများ၏ စစ်ဆေးခြင်းခံခဲ့ရသည်ကို ပြန်လည် သတိရမိပါသည်။ ယခု လည်း ဗိုလ်ဘတင်နှင့် ဂျပန်တို့ ချောချောမောမော အဆင်ပြေမှ ပြေပါ့မလားဟု စိုးရိမ်စတ်များဖြစ်မိလေ သည်။ သို့သော် ကျွန်တော် ထင်သကဲ့သို့ မဟုတ်ဘဲ ဂျပန်အစောင့်များသည် ဗိုလ်ဘတင်ကို ကောင်းစွာ အလေးပြု၍ သွားခွင့်ပြုလိုက်သည်။
“ ဟူး ... ခွေးမသားတွေ လျှောလျှောရှူရှူ လွှတ်လိုက်လို့ပေါ့။ မဟုတ်ရင် ဓားနဲ့ ဆင်းခုတ်မိမှာပဲ”
ကျွန်တော်သည် ဗိုလ်ဘတင် ပြောစကားကို ထောက်ခံသည့်အလား စကားဝင်၍ ပြောလိုက်ပါသည်။ ဗိုလ်ဘတင် သည် စောစောက ဂျပန်များနှင့် စကားပြောဆိုနေရသဖြင့် ကျွန်တော့်ကို သတိမထားမိသော် လည်း ယခုမူ ကျွန်တော့်ကို ပြုံးကြည့်ရင်း ပခုံးနှစ်ဘက်ကို တွန့်၍ ပြလိုက်ပါသည်။
“ဗိုလ်ကြီးကို ဂျပန်တွေ ဆလံပေးတယ်။ ဒီလိုဆိုတော့ မြန်မာစစ်ဗိုလ်ကို သူတို့လေးစားရိုသေသားပဲနော်”
“ဟင်း ... ဟင်း ...၊ ထွီ ...၊ ခွေးမသားတွေ တို့ကို ရိုသေတာ မဟုတ်ဘူးကွ ချာတိတ်ရ။ သူ့အဘတွေ ဂျပန်စစ်ရုံးက စာပါလို့ကွ”
“ရော ... ဘယ်လိုလဲ၊ ဗမာစစ်တပ်က ဂျပန်စစ်တပ် လက်အောက်မှာလားဗိုလ်ကြီး”
“အေး ... တို့ကတော့ ဂျပန်စစ်တပ်အောက်မှာ မဟုတ်ဘူးလို့ထင်တယ်။ ဒါပေမယ့် တကယ်ကီကောင်တွေ လက်အောက်မှာပေါ့ကွာ”
စကားပြောလက်စ မဆုံးမီ ဗိုလ်ဝင်းသည် လက်ဖက်ရည်ဆိုင်ရှေ့တွင် ကားကို ရပ်လိုက်သည်။ ထိုအခါတွင် မူ ကျွန်တော် သည် မိမိစီးလာသော ကား၏ ရှေ့မှန်တွင် ဂျပန်စာဖြင့် ရေးထားသော စာရွက်တစ်ခု ကပ်ထား သည် ကိုလည်းကောင်း၊ ကားရွှံ့ကာပေါ်တွင် အလံပြာတစ်ခု ထူစိုက်ထားသည်ကိုလည်းကောင်း တွေ့လိုက် မိပါတော့သည်။ သို့ကြောင့်လည်း တောင်ငူမြို့အ၀င် ဂျပန်များနှင့် ချောမောအဆင်ပြေခဲ့ဟန် တူပါသည်။
“ဗိုလ်ကြီး ဘာစားမလဲ”
“တို့ ထမင်းပဲ စားရအောင်လား ဗိုလ်ဝင်း”
“ကျွန်တော်လည်း ထမင်းစားမယ်ဗျာ”
“ဟ -ချာတိတ်၊ ထမင်းစားရင် အဖျားပြန်တက်လိမ့်မယ်”
“တက်ပစေဗျာ၊ ထမင်းပဲ စားတော့မယ်”
“ရော-ခက်ပြီ ...။ အေးလေ-ရန်ကုန် ပြန်ရောက်တော့မှ ဆေးကုပေတော့။ ကျိတ်သာကျိတ်”
“ဗျို့ ... ထမင်းဆိုင် ဆရာကြီး၊ ဘာဟင်းတွေ ရမလဲဗျ”
“ယုန်သား-ချေသား-ဒေါင်းသား”
ထမင်းသည်ကြီး ရွတ်ဆိုပြနေသည်ကို ကျွန်တော် နားထောင်ရင်း တံတွေးကိုမျိုချလိုက်မိသည်။ သူပြောသော ဟင်းလျာ များမှာ ကျွန်တော်တို့အောက်အရပ်တွင် မကြားဘူးသော အသားများဖြစ်သည်။ သားငါး တို့ကိုသာ ဖောဖောသီသီ စားခဲ့ဖူးသော ကျွန်တော်သည် ယုန်သား-ချေသား-ဒေါင်းသား များကို မြည်းစားကြည့် လိုသည်။
“ချာတိတ်-ဘာဟင်းနဲ့ စားမလဲကါ”
“အားလုံးပဲမှာဗျာ၊ အားလုံးစားမယ်”
“ဟွတ်-ဟွတ်-နိပ်ကွာ။ ယုန်သားနဲ့ ဒေါင်းသားပဲ စားပါကွာ။ ချေသားက ဆိုးတယ်ကွ၊ မစားပါနဲ့”
“ဟာဗျာ - ဘာဆိုးတာလဲ”
“မင်း ငှက်ဖျားတော့ မပြောတတ်ဘူး။ ချေသားစားရင် ဟိုငယ်ငယ်က သောက်ကမြင်း ထထားတဲ့ အနာဟောင်းတွေ ပြန်ပေါ်တယ်တဲ့ မောင်ရေ”
“ကျွန်တော်မှ သောက်ကမြင်း မထခဲ့ဘူးပဲဗျ”
“အေး ... ဂွတ်တယ်ထင် ဒူးသာဒူး။ ဗိုလ်ဝင်း ဟင်းခွက်ရှိသလောက် မှာပေတော့။ ဒီငချွတ်က တရုတ်ပြေး မင်းသေ လို့ ၀င်စားတာဗျ။ ဟင်းခွက် ၃၀၀ ပြည့်မှ စားတာ”
ကျွန်တော် တို့ အချီအချပြောနေသော စကားများကို ကြားရသော ဆိုင်ရှင်နှင့် ထမင်းစားနေသူများသည် ပျဉ်းမနား တွင် ငတ်မွတ်လာသမျှ အတိုးချ၍ စားသောက်ရသဖြင့် ဗိုလ်ဘတင်နှင့် ဗိုလ်ဝင်းတို့ပင် လူမမာမှ ဟုတ်ရဲ့လား ဟု လက်ဖျားခါ အံ့သြခြင်းဖြစ်ခဲ့ကြရပါတော့သည်။
ဆက်ရန်
.

No comments:
Post a Comment