Thursday, January 3, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၃)

ကိုကြီး က ကျွန်မတစ်ခုခုများ ဖြစ်လို့လားနဲ့ အပြေးရောက်လာပြီး... "ဘာဖြစ်လို့လဲ"နဲ့ အမော တကော မေး ပါတယ်။ "ဘာမှမဖြစ်ပါဘူး၊ နမ်းရတာ တကယ်အရသာရှိတယ် ဆိုတာ ပြောမလို့ ခေါ် တာ။ နမ်းလိုက်တိုင်း ရင်ထဲ မှာအေးမြ သွားတာပဲ သိလား။ နမ်းပြီးရင် နမ်းချင်ရင်း ကို ဖြစ်နေ တာ နော်။ သားလေးကို နမ်းလို့ကို မ၀ဘူး" ဆိုတော့... ကိုကြီးက ကျွန်မထိပ်ကို ပုတ်ပြီး "ပေါတာမ" တဲ့လေ။ ဟုတ်ပါရဲ့။ "သားဦးအရူး"ဆိုတာ ဒါပဲဖြစ်မှာပါနော်။
သား ရဲ့ မျက်နှာ မြင်ရတာ သီတာရေစင်လို တစ်စက်ကလေးကျရုံနဲ့ မိဘတို့ဝမ်းငြိမ်းစတမ်း ဆိုတာကို ကျွန်မ လက်တွေ့ခံစားရခြင်း ပါပဲ။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၁၅)

လူဆိုတာ ကိုယ့်အသက်ဘေးနဲ့ ကြုံလာရင်ဗြုန်းဆို ကိုယ့်အသက် ကိုယ်လုဖို့ အဓိက စဉ်းစားမိကြတာ ဓမ္မတာ ပါပဲနော်။ ကျွန်မမီးဖွားတဲ့ မီးတွင်းကာလမှာ ရယ်စရာအဖြစ်အပျက် ကလေးတစ်ခုကြုံရသေးတယ်။ မီးဖွားစဉ်တုန်း က ကလေးကထွားနေလို့ ညှပ်ဆွဲမွေးရတာ ဖြစ်တော့ ကွဲပြဲကုန်တာတွေ ချုပ်ထားရတာပေါ့။
အခုခေတ်ချုပ်ရတာတွေ ကို ချုပ်ပြီးပြီးရော၊ ချုပ်ရိုးဖြေစစရာမလိုဘဲ အလိုလိုပျော်ဝင်တစ် သားတည်းဖြစ်သွားတာ မဟုတ်ဘူး။ မြင်းမြီးနဲ့ ချုပ်ထားပြီးလေးငါးရက်ရှိလို့ အနာကျက်ပြီ ဆိုမှချည်ထားမဲ့ မြင်းမြီးကို ကတ်ကြေးနဲ့ ညှပ်ပြီးဖြေရ တာပါ။ အနာမကျက်ခင်အတွင်းမှာ လည်းချုပ်ရိုးမပြေရအောင် ငြိမ်ငြိမ်သက်သက်နေဖို့က လိုသေးတာ မို့ ဒေါက်တာ သိန်းအောင်က အိပ်ရာပေးက မထရဘူးလို့ မှာထားပါတယ်။

မွေးပြီး နှစ်ရက်လောက်ရှိတော့ တစ်ညနေမှာ အချက်ပေးဥသြဆွဲသံ မကြားလိုက်ရဘဲ ဗုံးတွေတ၀ုန်းဝုန်းကြဲတာ အနီးကပ်ကြား လိုက်ရတာနဲ့ ကျွန်မလည်း လန့်ဖျပ်ပြီးအိပ်ရာ ဘေးကနီတာရဲ ကလေးလေးကို တရွတ်ဆွဲပွေ့ လိုက်ပြီး အခန်းထောင့်မှာ ရှိတဲ့ ယာယီသုံး လုပ်ထားတဲ့ ကမုတ်ပေါ်မှာ ငုတ်တုတ်ကလေး သွားထိုင်နေမိတယ်။
အခန်းထောင့်လေး မှာ ပြေးထိုင်တော့ ဗုံးဒဏ်ကလွတ်မော့မယ့်အတိုင်းလေ။ ဗြုန်းစားကြီး ဆိုတော့ မာမီရော၊ ကိုကြီး ကပါ ကျွန်မကိုမေ့ပြီး ဗုံးခိုကျင်းထဲ ဆင်းပြေးကြတာတဲ့။ ကျင်းထဲ ရောက်မှ အိမ်ပေါ်မှာ ကျွန်မနဲ့ ကလေး ကျန်ခဲ့တာ သတိရကြတာတဲ့။ ကောင်းပါလေရော နော်။

ဗုံးသံစဲမှ ကျွန်မဆီပြေးလာကြတော့ ကျွန်မက ကမုတ်ပေးမှာ ငုတ်ငုတ်ကလေး။ အကြောက်လွန်ပြီး ထလို့မရတာ နဲ့ ပွေ့ချီပြီး အိပ်ရာပေါ် ပြန်တင်ကြရပါတယ်။ သေရမှာ ကိုလူတွေတင် ကြောတာ မဟုတ် ဘူးနော်။ ခွေးတွေလည်း ကြောက်ကြတာပဲ။ ကိချိနဲ့ အိချိကို ဖူဂျီဆရာကြီးတို့ဆီမှာကတည်းက ရှိခိုးသင်ထားတာ ထင်ပါရဲ့။ သားအမိနှစ် ကောင်စလုံး ရှိခိုးတတ်ပါတယ်။
ခွေးတွေ က လူတွေထက် ပိုပြီးနားပါးကြတာမို့ ရန်သူလေယာဉ်ပျံသံကို ဥသြမဆွဲခင်က တည်းက သူတို့က ကြားပြီးနေကြပြီ။ ဒါဆို တအိအိနဲ့ အော်ပြီး သားအမိနှစ်ကောင် ထိုင် ရှိခိုးကြပါလေရော။ သူတို့ ရှိခိုးတာ မြင်ရင်ဗုံးခိုကျင်းထဲ ပြေးကြဖို့ ပြင်ဆင်ထားပေရော့ပဲ။ ရန်သူလေယာဉ်ပျံတွေကလည်း နေ့ညမရွေး လာ လာဗုံးကြဲနေတော့ အိပ်ရာဝင်ရင် အိပ် ပျော်သွားမှာကိုတောင် ကိုယ့်ဟာကိုယ်ကြောက်နေမိပါတယ်။ အိပ်ပျော်ပြီး လေယာဉ်ပျံ သံ မကြားလိုက်မိမှာကို စိုးထိတ်နေမိလို့လေ။

ဗုံးရန်တင် ကြောက်ရတာ မဟုတ်သေးဘူး။ အဲလို လေယာဉ်ပျံတွေလာပြီး ဗုံးကြဲပြီးသွားပြီ ဆိုတာ နဲ့ကင်ပေတိုင် က ဂျပန်စစ်ဗိုလ်က ရောက်လာပါပြီ။ ကျွန်မ ဘယ်သွားလဲ၊ ဘာလုပ် လဲ၊ အိမ်မှာရှိလားစတဲ့ မသင်္ကာသံ နဲ့ မေးခွန်းတွေ တသီကြီး မေးလို့မေး။
ကိုကြီး ကတော့ အဲဒီဂျပန်စစ်ဗိုလ်နှစ်ယောက် လာပြီဆိုရင် သူ့မှာလောကွက်လုပ် ဧည့်ခံ ရတာအမောသား။ မာစတာချင်း ကို ထပ်နေတာပဲ။ ဂျပန်တွေက သူတို့ကို မာစတာခေါ်မှ ကြိုက်တာလေ။ အိမ်က ရှိသမျှ မုန့်တွေ ချကျွေးရ၊ ငှက်ပျော်သီး ကအစ မကျန်အောင် ကျွေးတာ။ သူတို့ကလည်း အားမနာတမ်း ငှက်ပျော်သီးဆို တစ်ဖီးလုံး ကုန်အောင်တောင် စားသွားတတ်သေးတယ်။
ကျွန်မ ကတော့ ခပ်မှန်မှန် ခပ်တန်းတန်းပဲ မေးရင်ဖြေ၊ ၀တ္တရားကျေပဲ ဆက်ဆံပါတယ်။ လာနေကျ မစ္စတာအိတိုး ဆိုတဲ့ ဂျပန်စစ်ဗိုလ်က ဘယ်သောကာလက မြန်မာစကားကို ကမ္မ၀ါ ဖတ်နိုင်လောက်အောင် သင်ထားလည်း မသိပါဘူး။ "ခင်မကြီးစံ၊ ဂျပန်ကောင်း တယ်၊ အင်္ဂလိပ်မကောင်းဘူး၊ ဟုတ်တယ် မဟုတ်လား"နဲ့ တစ်ဖက်သတ် မေးခွန်း မျိုး မေး လာရင် ကျွန်မကလည်း ခပ်ချဉ်ချဉ်နဲ့...
"လူမျိုး တိုင်း ကောင်းတဲ့သူရော၊ မကောင်းတဲ့သူရောရှိတယ်၊ အားလုံးအတူတူပဲ"လို့ ဖြေရင် မျက်နပ်ဘူး။

"ဂျပန်ကောင်းတယ်၊ အင်္ဂလိပ်မကောင်းဘူး၊ ဟုတ်တယ်မဟုတ်လား"နဲ့ ထပ်ထပ်မေးပါ တယ်။
"ဟုတ်တယ် ဂျပန်လည်းကောင်းတဲ့သူ၊ မကောင်းတဲ့သူ ရှိတယ်၊ အင်္ဂလိပ်လည်းကောင်း တဲ့သူ၊ မကောင်းတဲ့ သူရှိတယ်၊ လူဆိုတာ အားလုံးအတူတူပဲ"ကျွန်မကလည်း ဒီအဖြေပဲ ပေးတာပေါ့။
အဲလို သူကမလျှော့၊ ကျွန်မကမလျော့ဖြစ်နေရင် ကိုကြီးကစိတ်ပူပြီး "နင်ကလည်းဟာ ဂျပန်တွေ လည်း ကောင်းတဲ့ သူတွေ ရှိပါတယ်။ ပြောလိုက်ပါ ကောင်းတယ်လို့"နဲ့ ၀င်ပြော ပါရော။
"အားလုံး ကောင်းတယ် လို့ မပြောနိုင်ပါဘူး၊ ဟုတ်မှမဟုတ်တာ"လို့ ကျွန်မက ကတ်ဖဲ့ဖဲ့ လုပ်တော့ မစ္စတာအိတိုး က ပြုံးပြီးထားလိုက်ပါ၊ သူ့သွေးထဲမှာ အင်္ဂလိပ်ရှိတယ်တဲ့လေ။
"မဆိုင် ပါဘူး၊ ကျွန်မက မြန်မာပြည်မှာ မွေးတာ၊ မြန်မာ၊ မြန်မာမအစစ်"လို့ ဘိုးလေး သွင်း ပေးထား တဲ့ မြန်မာစိတ်ဓာတ်က ၀ုန်းခနဲပေါ်လာပြီး ချက်ချင်းပြန်ကောထည့်လိုက်တယ်။
အမှန် လည်း ကျွန်မအဲလိုပဲ တကယ်ယုံကြည်တာပါ။ ဘယ်လူမျိုးဖြစ်ဖြစ် ကောင်းတယ်၊ မကောင်းဘူး သတ်မှတ် လို့မရပါဘူး။ လူ့သဘာဝအရ ကောင်းသူရှိသလို၊ ဆိုးသူလည်း ရှိကြတာပဲ မဟုတ်လား။ ခုပဲကြည့်။ မီကာဒို ဆရာကြီးရဲ့ စိတ်ဓာတ်ကတစ်မျိုး၊ ဖူဂျီဆရာ ကြီး ရဲ့စိတ်ဓာတ်က တစ်ပုံစံ။

ဒါအပြင် ကျွန်မတို့အိမ်ကို လာလည်တတ်တဲ့ ဂျပန်စစ်ဗိုလ်တစ်ဦးလည်း ရှိပါသေးတယ်။ ကိုကြီးနဲ့ မိတ်တွေဖြစ် ရတာ ပါလာပြီး ခင်မင်သွားတာနဲ့ စားအိမ်သောက်အိမ်ကို ဖြစ်လို့။ အဲဒီဂျပန်စစ်ဗိုလ်ကျတော့ သိမ်မွေ့လိုက်တာ မှ လွန်ပါရော။ ပညာတတ် ဗိသုကာအင်ဂျင် နီယာပါ။ အင်္ဂလိပ်စကားလည်း ကောင်းကောင်း၊ အဆင့်မြင့်မြင့်ပြော တတ်ပါတယ်။ တိုင်း ပြည်အတွက် တာဝန်ယူရလို့သာ ပါလာတာ။ "စစ်"ဆိုတာ မကောင်းဘူး။ လူတိုင်းကို ဒုက္ခရောက်စေနိုင်တယ်နဲ့ အမြဲတမ်းစစ်မုန်းဝါဒကို ပြောတတ်ပါတယ်။ သူ့မှာသုံးနှစ်အ ရွယ် သားလေး တစ်ယောက်ရှိတယ်။ သူ့သားလေးကို သိပ်အောက်မေ့တယ်ဆိုပြီး သူတို့ မိသားစုဓာတ်ပုံလေးကို ထုတ်ပြရင်း လွမ်းလွမ်းဆွေးဆွေး တမ်းတမ်း တတ နုလုံးသားမှာ ခံစားမှုအပြည့်နဲ့ ရင်ဖွင့်တတ်ပါတယ်။
ဒါကြောင့် ပုပ်တဲ့ ငါခုံးမကို ပုပ်တဲ့အတိုင်းပဲထား။ ကျန်တဲ့လှေပေါ်က အကောင်း ငါးခုံးမ တွေ နဲ့ ရောပြီးမသွားဖို့ဘဲ အရေးကြီးပါတယ် မဟုတ်လားနော်။ စစ်ဆိုတာ မကြိုက်ဘဲ တာဝန်အရ ပါလာတဲ့ သူတွေကို တွေ့ရတော့လည်း လူသားတစ်ယောက်အနေနဲ့ သူတို့ ရဲ့ဘ၀ကို စာနာမိပါတယ်။ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက် ကို ရောက်တာ တစ်နှစ်ကျော် နှစ်နှစ် နီးပါးရှိလာပြီဆိုတော့ ကောင်းသူရော၊ ဆိုးသူတွေပါ ကြုံရ တွေ့ရ တာပေါ့။

ဒီလိုနဲက ၁၉၄၃ခုနှစ်၊ သြဂုတ်လ တစ်ရက်နေ့ကျတော့ ဂျပန်က မြန်မာပြည်ကို လွတ်လပ် ရေးပေးပါရော။ ကိုယ့်မြန်မာ အစိုးရဖွဲ့ပြီး အုပ်ချုပ်ကြဖို့ ဒေါက်တာဘမော် ဦးစီးတဲ့အဖွဲ့က တတ်လာပါတယ်။ အဲဒီတုန်းက အခုခေါ် သလို သမ္မတလို့မခေါ်ဘူး။ ဒေါက်တာဘမော်ကို "အဓိပတိကြီး"လို့ ခေါ်ကြပါတယ်။ လွတ်လပ်ရေး ရပြီး ကိုယ့်မြန်မာအစိုးရနဲ့ ကိုယ်ဖြစ်လာ တာကို ကျေနပ်သူလည်း ရှိရဲ့။
ဒီလွတ်လပ်ရေး က အစစ်မဟုတ်သေးဘူး။ အတုအယောင် လွတ်လပ်ရေးဆိုပြီး မကျေနပ် သူတွေလည်း အခြေအနေ ကိုစောင့်ကြည်နေတယ်ပေါ့။ လူတွေလည်း ကြာလတော့ စစ်နဲ့ ယဉ်ပါးပြီး လေယာဉ်ပျံသံကြားရင် ဗုံးခိုကျင်း ထဲ ပြေးဝင်လိုက်ကြ၊ ပြီးရင်လုပ်မြဲကိစ္စတွေ ဆက်လုပ်လိုက်ကြနဲ့ စားဝတ်နေရေးအတွက် ထိုင်ကြေက် မနေနိုင်ကြတော့ဘဲ သံသရာ လည်ကြရတာပါပဲ။

မီးလောင်ပြင်မြေတွေကို ရှင်းပြီးကိုယ့်ပိုင်ဆိုင်ရာ မြေကွက်ကို ပြန်နေရာချထားပေးတာနဲ့ ဘွားလေးတို့က အိမ်သေးသေးလေး တစ်လုံး ပြန်ဆောက်ပြီးနေကြမယ်ဆိုတော့ မာမီက လည်းသူလည်း အိမ်ဆောက်ပြီး ပြန်နေချင်တယ် နဲ့ တဂျီဂျီဖြစ်ပါလေရော။ မာမီရဲ့ရောဂါက လုံးဝပျောက်ကင်းတာ မဟုတ်လို့ ကျွန်မ က အဲလိုအိမ်ခွဲမနေစေချင်လို့ တားပေမဲ့ မရပါ ဘူး။
သူပိုင်အမိုး နဲ့ပဲ သူနေချင်တယ်ဆိုတော့ စိတ်ချမ်းသာရင် ပြီးရောဆိုပြီး ဘွားလေးတို့လိုပဲ အိမ်သေးသေးလေး တစ်လုံး ပြန်ဆောက်ရတာပေါ့။ မာမီအတွက် စောင့်ရှောက်ပေးမဲ့ အဖော် အဖြစ် အိမ်ဖော်ကလေးမလေး တစ်ယောက် နဲ့အတူ ဦးသူရကြီးကို ပြန်ခေါ်ပြီး အတူထားပေးရပါတယ်။

ဒီအချိန်မှာ ကိုကြီးကအဆက်အသွယ်တစ်ခုရပြီး ရေနံဆီကိုယ်စားလှယ်ရပါလေရော။ ရေနံ ဆီပေပါတွေ ထားဖို့ရာ၊ ဖြန့်ဖြူးဖို့ပါ နေရာကောင်းတစ်ခုလိုအပ်လို့ ရှာတော့တကယ့်မြို့ လယ်ကောင် ဗိုလ်ချုပ်လမ်းမကြီးနဲ့ ၂၉လမ်း ထိပ် ရုံးတော်ကြီးထောင့်က အရင်ရွှေတာင် ပိုးထည်ကုမ္ပဏီလုပ်ထားတဲ့ ထားဝယ်ဦးဘရဲ့ တိုက်ကို ငှားလို့ ရတာနဲ့ အဲဒီကို ပြောင်းကြ ပါတယ်။
စစ်အတွင်း မှာ ရေနံဆီ၊ ဓာတ်ဆီရှားရုံမကပါဘူး။ သွင်းကုန် ထုတ်ကုန်ဆိုတာတွေလည်း မရှိတော့ အရာရာ ရှားပါတယ်။ ဆပ်ပြာရှားလို့ တချို့ဆို အ၀တ်လျှော်တဲ့ ဆင်ချေးတုံး ဆပ်ပြာမျိုးကိုတောင် ကိုယ်သုံးလုပ်ပြီး တိုက်ရ လို့ မသန့်မစင်ဖြစ်ပြီး ၀ဲစွဲတဲ့သူကစွဲ၊ အင်္ကျီ အ၀တ်အထည်တွေကိုလည်း အမြဲတမ်း သန့်စင်အောင် မလျှော် မဖွပ်နိုင်ကြလို့ အ၀တ်မှာ သန်းတွယ်တာမျိုးတောင် ဖြစ်လာပါတယ်။
မော်တော်ကားတွေ လည်း ဓာတ်ဆီမရှိလို့ ရေနံဆီထည့်မောင်းလို မောင်းကြရ။

သုံးကုန် ပစ္စည်းတွေကို "လိုလျှင်ကြံဆ နည်းလမ်းရ"ဆိုတဲ့ ပုံစံနဲ့ ဖြစ်တဲ့နည်းနဲ့ရအောင် ဖန်တီးကြ ရတာပေါ့။ ဒီအချိန်မှာ ရေနံဆီကိုယ်စားလှယ် ရတယ်ဆိုတော့ ကိုကြီးအနေနဲ့အလုပ်အ ကြီးအကျယ် ဟန်ကျလို့ ကျွန်မ အနေနဲ့ကလည်း ကွန်ဗင့်တုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ လှလှမြင့် (Cherry) နဲ့တင် အိမ်နီးချင်းဖြစ်ရတာ မကသေးဘူး။ မျက်နှာချင်းဆိုင်တိုက်က လည်း SPG ကျောင်းမှာတုန်းက တစ်တန်းတည်း သူငယ်ချင်း မစိန်ရင်လေ။
လှလှမြင့် က ဘီကြင်ဟိုတယ် ပိုင်ရှင်ရဲ့ တစ်ဦးတည်းသမီးပါ။ သုံးထပ်ရှိတဲ့ ဘီကြင်ဟိုတယ် ကအပေါ်နှစ်ထပ်မှာ တည်းခိုခန်းတွေ၊ အောက်ဆုံးထပ်က ဘီကြင် စားသောက်ဆိုင်ဆိုပြီး ဖွင့်ထားတာ။ အဲဒီအချိန်က ရုံးတော်ကြီးမှာ နာမည်ကြီး ဆိုင်တွေက ဘီကြင်ရယ်၊ လျှမ်းစိန် ဟိုတယ်နဲ့ မန္တလေးဟိုတယ်တို့ပေါ့။

ကျွန်မအဖို့ ကံကောင်းချင်တော့ ကိုကြီးကို မိသားစုနေတဲ့ မမသန်းတို့ တိုက်ကလည်း တစ်ပြကျော်ကျော် ပဲ ဝေးတာမို့ ကလေးမရှိတဲ့ မမသန်းက ကျွန်မရဲ့သား ခင်မောင်ဝင်းခန့် ကို မိုးလင်းတာနဲ့ လာခေါ်သွားရော။ ကိုကြီး ရဲ့ တူမတွေက တစ်လှည့်စီ လက်ပေါ်ကမချ ဘဲထိန်းကြတာ။ ကျွန်မမှာ ကလေး တစ်ယောက် မွေး သာ ပေးလိုက်ရတယ်။ ဘာတာဝန်မှ မရှိပါဘူး။
အိမ်ထောင် စောစောစီးစီးကျပြီး ကလေးတစ်ယောက်မွေးပြီးပေမဲ့ အသက် က နှစ်ဆယ် တောင်ပြည့်သေး တာမဟုတ်တော့ အိမ်ထောင်ရှင်မ တစ်ယောက်လို ရင့်ကျက်မှုလည်း မရှိ၊ အခု သူငယ်ချင်းတွေ နဲ့ ပြန်တွဲမိကြတော့ ကျောင်းသူဘ၀တုန်းကလိုပဲ။ လုပ်စရာမရှိတော့ စာတွေရေးကြ၊ ကဗျာတွေစပ်ကြပေါ့။ လှလှမြင့် က ကဗျာစပ်တာ အလွန်တော်ပါပဲ။

ကျွန်မက၀ါသနာပါတာ။ ကဗျာသာစုချင်တယ်။ ဟုတ်တိပတ်တိ ဖွဲ့နွဲ့တတ်တာ မဟုတ် ဘူး။ ကျွန်မ ရေး ထားတဲ့ ပေါက်ကရ၀တ္ထုတွေ သူကဖတ်၊ သူ့ကဗျာတွေ ကျွန်မကဖတ်နဲ့ တစ်ယောက်စာကိုတစ်ယောက်က ပရိသတ် လုပ်ကြရင်း ကြိုက်ရင်လည်း ချီးကျူးထောမနာ ကြ၊ မကြိုက်ရင်လည်း ကဲ့ရဲ့ရှုတ်ချကြ နဲ့ နှစ်ယောက်သား ကျေနပ်နေကြတာလေ။ ဒါနဲ့ တင်မပြီးသေးဘူး။ ဂျပန်ခေတ်ဆိုတော့ သူ့အချိန် သူ့အခါအလိုက် လူရာဝင်အောင် ဂျပန် စာသင်ကြမယ်ဆိုပြီး ဂျပန်ကျောင်းက ဆရာမဒေါ်တုတ်တုတ်ကို အိမ်ခေါ်ပြီး နှစ်ယောက် သား ဂျပန်စာတောင် သင်လိုက်ကြသေးတယ်။
အဲဒီအချိန် မှာ မစိန်ရင်က ကျွန်မလဲ အိမ်ထောင်ကျပါပြီ။ သူ့ခင်ပွန်းက သူ့ထက် ၁၀နှစ် လောက် အသက်ကြီး မယ် ထင်ပါရဲ့။ သူ့ခင်ပွန်း ဆတ္တာဘိုင်က ကိုကြီးနဲ့ မိတ်ဆွေဖြစ်ပြီး စီးပွားရေးတွေ အတူတူလုပ်ကြပါတယ်။ မစိန်ရင် တို့က မြန်မာမူစလင်တွေပါ။

ဘွားမေ တို့၊ ဘွားလေးတို့က ကျွန်မကို အပြတ်ချုပ်ချယ်ထားကြတာမို့ ခြံပြင်ထွက်ရတာ မဟုတ်တော့ တခြား မန္တလေးသူတွေ လို စက်ဘီးလည်း မစီးတတ်လို့ ခေတ်မမီဘူးပေါ့။ ဒါနဲ့ ကိုကြီးကို စက်ဘီးစီးသင်ချင်တယ်လို့ ပူဆာ ရပါတယ်။ ကျွန်မ ကံကောင်းတာ တစ်ခု က အသက်အရွယ်ကွာခြားလို့ ကျွန်မကို စိတ်မချတာမျိုး၊ ဒါမှမဟုတ် လို့ သူများတကာနဲ့ ရောရောထွေးထွေးနေရင် ၀န်တိုတာမျိုးတို့ ကိုကြီးမှာ အဲလိုစိတ်ထားမျိုး မရှိပါ ဘူး။ ကျွန်မ ကို ယုံကြည်စိတ်ချပြီး အမြဲတမ်း လွတ်လပ်ခွင့်ပေးထားပါတယ်။
စက်ဘီးစီး သင်ချင်တယ်ဆိုတော့လည်း လွယ်လွယ်ကူကူနဲ့ စက်ဘီးတစ်စီး ၀ယ်ပေးပါ တယ်။ အဲဒီအချိန် တုန်းက မိန်းမစီး စက်ဘီး က ရှာမရလို့ အလယ်က ဘားတန်းနဲ့ ယောက်ျား စက်ဘီးပဲရတော့ ရတာပဲ ယူ ရတာပေါ့။ ညဘက် ကားရထား ရှင်းချိန်ကျပြီဆို မှဆတ္တာဘိုင်တို့၊ မစိန်ရင်တို့ဆီက အလုပ် သမား ကောင်မလေးတွေခေါ်ပြီး တွန်း ခိုင်းရ တာပါ။

နောက်က တွန်းပေးလိုက်လို့ ယိုင်ထိုး ယိုင်ထိုးနဲ့ သွားရင်း ၁၄၀ စက်ဘီးကို ထိန်းတတ် သွားတော့လည်း ဟုတ်သွား တာပါပဲ။ အဲ...မဟုတ်တာတစ်ခုက အလယ်ဘားတန်းကြီး ခံနေတာကြောင့် စက်ဘီးပေး တက်ချင်ပြီ ဆိုရင် လွှားပြီး မတက်တတ်တာနဲ့ စက်ဘီးကို လမ်းထိပ်က အုတ်ခုံ၊ မန္တလေးအခေါ် ဘုတ်တိုင်ပေါ့နော်။ အဲဒီ အရောက် တွန်းယူသွားပြီး ဘုတ်တိုင်ပေါ်က နေတစ်ဆင့် တက်စီးရတာလေ။
၁၉၉၃ခုနှစ် မြန်မာပြည်ကို ပြန်လည်တုန်းက မန္တလေးအသင်းက ကြိုဆိုဧည့်ခံပွဲမှာ ကျွန်မ စက်ဘီးစီး သင်တုန်း က တွန်းပေးခဲ့တဲ့ ကောင်လေးကိုတွေ့ခဲ့တယ်ဆိုပြီး ၀မ်းသာအားရနဲ့ ကိုဝင်းငြိမ်းကို ပြောပြတော့ ကိုဝင်းငြိမ်း က အသာနားထောင်နေပြီးမှ အသက်ခြောက်ဆယ် ကျော်အဘိုးကြီးကို ကောင်လေးလို့ ကျွန်မခေါ်တာ ကို ဆောင်းပါးထဲမှာ ထည့်ပြီးဟားထား တယ်လေ။
အဲဒီတုန်းက တွန်းပေးတဲ့ ဟာရှင် ဆိုတဲ့ ကောင်လေးတစ်ယောက်လည်း ရှိသေးတယ်။ ကျွန်မတောင် စက်ဘီးဖြောင့်ဖြောင့် မစီး တတ်သေးဘူး။

နောက်တစ်နေ့ကျတော့ ဟာရှင် ဗုံးထဲပါသွားပြီး သေပါလေရော။ ကျွန်မမှာ ဟာရှင်ကို သနားလို့ သတင်းကြားတော့ ငို လိုက်ရတာ။ ဒီလိုနဲ့ ဂျပန်ခေတ်မှာ ကျွန်မ စက်ဘီးကောင်းကောင်းစီးတတ်သွားတော့တာ ပဲ။
သိပ်မကြာ လှဘူး။ လှလှမြင့်လည်း အိမ်ထောင်ကျပါရော။ ဘာမဆို အတူတူ လုပ်တဲ့ သူငယ်ချင်းနှစ်ယောက် ကိုယ်ဝန်ရှိ လာကြတော့လည်း ပြိုင်တူလေ။ အဲဒီအချိန်ကမီးဖွားဖို့ အိမ်မှာပဲ စီစဉ်ရတာဆိုတော့ အန်တီဘေဘီ ဆိုတဲ့ ဆရာမကြီးကို အပ်ရပါတယ်။ မန္တလေး တပ်ရင်း (၈)မှာ တပ်မှုးလုပ်ခဲ့တဲ့ ဗိုလ်မှုးကြီးဘကြင်ရဲ့ ဇနီး ကလည်း နေ့စေ့လစေ့၊ ကျွန်မ နဲ့လှလှမြင့်ကလည်း နေ့စေ့ လစေ့၊ သုံးယောက်စလုံး အိမ်တွေကလည်း ကပ်နေတော့ အန်တီဘေဘီ မှာ ကျွန်မတို့ သုံးယောက်အိမ် တစ်လှည့်စီ ပြေးနေရင်း ဗိုက်စောင့်ပေးရှာရ တယ်။

မွေးကြတော့လည်း ရက်ပဲကွာတယ်။ ဗိုလ်မှုးကြီးဘကြင်ရဲ့ ဇနီး မမမြင့်က သားဦးလေး၊ ကျွန်မက ဒုတိယသား "လင်း" ကိုမွေးတယ်။ လှလှမြင့်က သမီးဦး "ကြင်ကြင်မြင့်"ကို မွေးပါ တယ်။ ဒီဘက်အိမ် ကလေးက အော်ရင် ဟိုဘက် အိမ် ကလေးကပါ လိုက်ငို၊ တစ်ညလုံး ကလေးငိုသံတွေနဲ့ အိပ်ပဲ မအိပ်ရတော့ဘူး။ ကလေး ငိုတာတွေလည်း မပြောနဲ့။ နေ့လယ် တိုင်ကျ လှလှမြင့်နဲ့ နှစ်ယောက်သား လက်ဖက်တွေ ဇလုံနဲ့ အမောက် ချဉ်ချဉ် စပ်စပ် သုပ်ပြီး စားကြ။ ညကျ ကလေးတွေက လေထိုးပြီး ကော့လန်နေအောင် ငိုကြ ဖြစ်နေတာ လေ။ ကျွန်မ အိမ် မှာ ဆိုဆုံးမမဲ့ လူကြီးမှ မရှိတာ။ အဲတော့ ထင်ရာတွေ လုပ်နေတာပေါ့။

လှလှမြင့် ရဲ့ မေမေက ကျွန်မတို့နှစ်ယောက်ကိုကြည့်ပြီး "နောက်ဘ၀ လူပြန်ဖြစ်ပြီး နင်တို့ ၀မ်းထဲ ၀င်စားရမှာ ကြောက်လိုက်တာ"တဲ့။ ဟုတ်လည်း ဟုတ်ပါရဲ့။ ငယ်ရွယ်တုန်းအခါ ဆိုတော့ သားသမီး ကို စောင့်ရှောက်ရကောင်းမှန်းလည်း သေသေချာချာ သိတာမဟုတ် ဘူး။ သက်ရှိအရပ်ကလေး တစ်ရုပ် ရထားသလို ချစ်တဲ့အခါချစ်၊ ကစားတဲ့အခါ ကစား၊ ငိုပြီ ဆိုရင်ဘာလုပ်ရမှန်း မသိဘဲ စိတ်တွေညစ်။
ကလေးနှစ်ယောက် ဖြစ်လာပြီဆိုတော့ မနိုင်တော့ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ကလည်း တစ်နှစ်ခွဲပဲ ကွာတာ မို့ ကရိကထများတာနဲ့ ကြည့်ပေးမဲ့ နာနီရှာရပါတယ်။ မမြိုင် ဆိုတဲ့နာနီအမျိုးသမီး ရတာနဲ့ လင်းအတွက် က အဆင်ပြေသွားပါရော။ ၀င်းကိုတော့ ကျွန်မတို့နဲ့ အတူလာနေတဲ့ မမြသောင်းဆိုတဲ့ ကလေးမလေး က ကူပြီး ထိန်းပေးပါတယ်။
အဲဒီ မမြသောင်း ကလည်း ကျွန်မတို့နဲ့ ဘယ်လိုရေစက်ပါလာလဲ မသိပါဘူး။ မကြာခဏ ကျွန်မနေခဲ့ဖူးတဲ့ ကွန်ဗင့်ကျောင်း ကို သွားပြန်လည်ရင်း မာသာကြီးတွေ စားဖို့ စားစရာ တွေ ၀ယ်ခြမ်းယူသွားပေးပါတယ်။ အဲဒီအချိန် က ပြည်ပအဆက်အသွယ်တွေ ပြတ်နေတာ မို့ ကွန်ဗင့်ကျောင်းလည်း ထောက်ပံ့မဲ့သူ မရှိတော့ ကျန်ရှိနေသေးတဲ့ မာသာတွေ၊ စစ္စတာ တွေခမျာ အစစ ရှားပါးပြီး ဆင်းဆင်းရဲရဲ နေကြရရှာတာပေါ့။

တစ်နေ့ ကျွန်မ သွားလည်တော့ စစ္စတာဖိလစ်က "Agnes ရယ်၊ မင်းရဲ့ခင်ပွန်းက ခွင့်ပြု မယ်ဆိုရင် ကလေးမနှစ်ယောက်ကို စစ်အတွင်းမှာ စောင့်ရှောက်ပေးဖို့ တာဝန်ပေးချင် တယ်"လို့ ဆိုလာပါတယ်။ သူတို့ ညီအစ်မနှစ်ယောက်က ရန်ကုန်ကတဲ့။ မိသားစုအားလုံး အိန္ဒိယကို စစ်ပြေးကြရင်း မန္တလေးကို ရောက်လာတော့ အခြေအနေ အရ အားလုံးလိုက်ဖို့ ခွင့်မသာတာနဲ့ ကွန်ဗင့်ကျောင်းမှာ သူတို့နှစ်ယောက်ကို စောင့်ရှောက်ဖို့ အပ်ပြီး ထား ခဲ့ ရစ်တာတဲ့လေ။
"ကျောင်း မှာလည်း စားဝတ်နေရေးက အရမ်းကျပ်တည်းလာလို့ စိတ်ချမဲ့ အိမ်မှာ ပို့ထား ဖို့စိတ်ကူးပြီး မင်းကိုပြောတာ" ဆိုတာနဲ့ ကျွန်မ ကိုကြီးကိုပြန်ပြောတော့ ကိုကြီးကလည်း သဘောတူတာနဲ့ အိမ်ကိုခေါ် လာခဲ့ပါတယ်။ စစ်ပြီးလို့ သူ့မိသားစု ပြန်လာရင် ပြန်ထည့် ပေးပါမယ်။ ဒီအတွင်းတော့ မိသားစု လို စောင့်ရှောက်ပါမယ်ဆိုတဲ့ ကတိကိုလည်း မစ္စတာဖိ လစ်ကိုပေးခဲ့ရပါသေးတယ်။
မမြသောင်း တို့ ညီအစ်မက ကျွန်မထက် ၆နှစ် ၇နှစ်ငယ်မှာပါ။ ကျွန်မမှာ ညီအစ်ကို မောင်နှမရှိတော့ သူတို့ကို ညီမလေးတွေ လို ချစ်ရတာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အားကိုး ရာမဲ့ခဲ့ဖူးတော့လည်း မိသားစုနဲ့ ကွဲကျန်ခဲ့တဲ့ မိန်းကလေးနှစ်ဦး ကိုလည်း စာနာစိတ်အပြည့် နဲ့သနားကြင်နာမိတာလည်း ပါပါတယ်။

ဘယ်သွားသွား၊ ဘာလုပ်လုပ် သူတို့ညီအစ်မနှစ်ယောက်နဲ့ အဖော်ကိုရလို့။ ကျွန်မလည်း စိတ်ချမ်းသာ၊ သူတို့လည်း ကွန်ဗင့်ကျောင်းထဲမှာ စစ္စတာတွေ၊ မာသာတွေနဲ့ နေရတာ ထက်ပိုလွတ်လပ်တော့ စိတ်ချမ်းသာ လို့ ပျော်လို့ပေါ့။ ဘွားလေးတို့ မာမီတို့အိမ် သွား လည်ရင်လည်း သူတို့ပါပါတယ်။
အကြီးမ ဒေါင်းရင် က သွက်လက်ပြီး အငယ်မ မမြေသောင်းက အေးဆေးပါတယ်။ မာမီက သွက်လက်တဲ့ မဒေါင်းရင် ကို ပိုချစ်တယ်။ အဲတော့ မဒေါင်းရင်က သူမာမီနဲ့ အတူသွားနေ ချင်တယ်လို့ ပူဆာပါရော။ မာမီ့အတွက်လည်း အဖော်ကောင်းရတာမို့ မဒေါင်းရင်က မာမီ့  အိမ်မှာ အနေများပြီး တစ်ခါတလေလည်း မာမီရော၊ မဒေါင်းရင်ပါ ကျွန်မတို့အိမ်တစ်ပတ် ဆယ်ရက် လာနေကြနဲ့ ဟိုအိမ်ဒီအိမ် ကူးနေကြတာပေါ့။

စစ်ဆိုတာကလည်း ကျားကစားသလိုပါပဲ။ အင်္ဂလိပ်စစ်တပ်က တဖြည်းဖြည်း ပြန်ဖိတိုက် လာတာအောင်မြင် စွာ နောက်ဆုတ်ရာကနေ အောင်မြင်စွာ ရှေ့ပြန်တိုးလာပြန်တဲ့ အခြေ အနေဖြစ်နေပြန်ပါပြီ။ "လေနတ်သား" ဆိုတဲ့ လေယာဉ်ပေါ်က ကြဲချပြီး ၀ါဒဖြန့်တဲ့စိတ် ဓာတ်စစ်ဆင်ရေး စာစောင်တွေကလည်း ပလူပျံလို့။ အဲဒီစာစောင်တွေရရင် ဂျပန်တွေ မသိအောင် အချင်းချင်း လက်ဆင့်ကမ်းပြီး ခိုးဖတ်ကြရပါတယ်။
မိလို့ကတော့ မလွယ်လေဘူးပဲ။ ဂျပန်က ပါးရိုက်သလို ကင်ပေတိုင်ရုံးမှာ အချုပ်ခံရပြီဆို ရင်လည်း လူကိုဇောက်ထိုး ထုပ်ကနေဆွဲပြီး ညှဉ်းပန်းနှိပ်စက်တာတို့၊ ပလာယာနဲ့ လက်သည်းခွံ ဆွဲထုတ်တာတို့၊ ရေနွေးပူလောင်းတာတို့၊ နှိပ်စက်ညှဉ်းပန်းနည်းမျိုးစုံနဲ့ ရက်ရက်စက်စက်လုပ်တာခံရလို့ ဂျပန်ကင်ပေတိုင် ဆိုရင် ဖိမ့်ဖိမ့်တုန် လူတိုင်းကြောက် ကြရပါတယ်။

အနီးကပ် အုပ်ချုပ်နေတဲ့ ဂျပန်ကို ကြောက်ရတာက တစ်မျိုး။ အင်္ဂလိပ် လေယာဉ်တွေရဲ့ ဗုံးဒဏ် စက်သေနတ်ရန်ကို ကြောက်ရတာတစ်မျိုးနဲ့ အသက်ကို ဖက်နဲ့တင်မကဘူး၊ ရရာ စက္ကူစုတ်နဲ့တောင် ထုတ်ထားရတဲ့ အချိန်ကာလဆိုရင် မမှားပါဘူး။ ညညဆို ရန်သူလေ ယာဉ်တွေက မီးကျည်တွေ ပစ်ချလိုက်ရင် မြေကြီးပေါ်မှာ အပ်ကျရင်တောင် ကောက်လို့ရ အောင်ထိန်ထိန်လင်းနေတော့တာပဲ။
ကျွန်မရဲ့ ယောက်မ အကြီး ဒေါ်ဒေါ်ကျင်ကလည်း တကယ်ကို ရယ်ရတယ်။ အဲလို မီးကျည် တွေချပြီဆိုရင် သူ့မှာနေ စရာ မရှိတော့အောင် ကြောက်တာ။ ကြောက်ရင်လည်း လုံခြုံတဲ့ ဗုံးခိုကျင်းထဲ ဆင်းတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာလည်း မနေရဲဘူး။ ကျွန်မတို့နဲ့ သုံးပြ လောက်ဝေး တဲ့ ရွှေတချောင်းမြောင်းပေါက် ရောက်အောင်ပြေးပါလေရော။ အဲဒါမှ ဗုံးစာ ကောင်းကောင်းဖြစ်မှာ ဆိုပြီး အိမ်သားတွေ က အတင်းဆွဲထားပြီး တားလည်းမရဘူး။ ဇွတ် ရုန်းထွက်ပြီး ပြေးဖြစ်အောင်ကို ပြေးတော့တာပဲ။

လူ့စိတ် ဆိုတာကလည်း တစ်ယောက်မှာ ခံယူချက်တစ်မျိုးစီနော်။ ဒေါ်စောမြဆိုတဲ့ အဘွား ကြီးကျတော့ ဗုံးခိုကျင်း ထဲ ၀င်ရတာ အသက်ရှူကျပ်ပြီး သေမလို ခံစားရလို့တဲ့။ ဗုံးတွေကြဲ ချပြီဆိုရင် အိမ်သာရှိရာ အရောက်ပြေးတော့ တာပဲ။ အိမ်သာထဲမှာ ငုတ်တုတ်ကလေး သွားထိုင်နေရမှ လုံခြုံတယ် ထင်တာ တဲ့။ တော်ပါသေးရဲ့။ သူတို့နှစ်ယောက်စလုံး စစ်အ တွင်းမှာဗုံးစာဖြစ်မသွးကြတာ ကံကောင်းလေခြင်းပါပဲ။
ဆေးဝါး ကလည်း ရှားပါးလိုက်တာ။ နေထိုင်မကောင်းဖြစ်လို့ကတော့ မြန်မာဆေးမြီးတိုကို ပဲအားထားရပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း တစ်နေ့တခြား တက်လာတာ အင်္ဂလိပ် ခေတ်ကလို တစ်ပြား နှစ်ပြားနဲ့ ဘာမှဝယ် လို့ မရတော့ဘူး။ ရာဂဏန်း ထောင်ဂဏန်းနဲ့မှ ၀ယ်လို့ သုံးလို့ ရတာဆိုတော့ ဂျပန်ခေတ်မှာ သုံးရတဲ့ ဂျပန်စက္ကူတွေ ကို ဂုန်နီအိတ်ကြီး တွေနဲ့ ထည့်ပြီး သိမ်းကြရတဲ့အဖြစ် ရောက်တော့တာပဲလေ။

၁၉၄၄ခုနှစ်မှာ ဂျပန်စစ်ရေးနိမ့်လာပါတယ်။ သူတို့ပေးထားတဲ့ လွတ်လပ်ရေးကလည်း အတုအယောင် ဆိုပြီး စောင့်ကြည့်နေတဲ့ မြန်မာမျိုးချစ် တပ်မတော်သားတွေကလည်း ဂျပန်ကို ပြန်ချဖို့ တော်လှန်ရေးအတွက် အစပျိုး လှုပ်ရှားနေကြပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
အခြေအနေ မငြိမ်သက်တော့တာကြောင့် နောက်တစ်ချီလွတ်ရာကျွတ်ရာကို စစ်ပြေးဖို့ စီစဉ်ကြရပြန်ပါတယ်။ ဟိုတုန်းက ရှိထားတဲ့ အင်္ဂလိပ် ငွေစက္ကူတွေလည်း ဂျပန်ခေတ်မှာ တရားမ၀င်လို့ သုံးစွဲမရတော့ပေမယ့် အင်္ဂလိပ် ပြန်ဝင်လာရင် အင်္ဂလိပ်ငွေစက္ကူက တန်ဖိုး ရှိမှာမို့ ၀ှက်ပြီးသိမ်းထားကြရတယ်။ ဂျပန်ကင်ပေတိုင်က အချိန်မရွေး အိမ်ပေါ်တက်ရှာ နိုင်လို့ အဖိုးတန် စိန်ရွှေရတနာတွေနဲ့အတူ အင်္ဂလိပ်ငွေစက္ကူတွေကိုလည်း အများအား ဖြင့် မြေမြှုပ်သိမ်းကြရတာပေါ့။

အရင်တစ်ခါလို အားလုံးမီးလောင်၊ ဗုံးထဲ ပါသွားရင် ခက်မှာစိုးတာနဲ့ အိမ်ထောင် ပရိဘော ဂတွေရော၊ ပစ္စည်းတွေ ပါ လုံခြုံမယ် ထင်ရတဲ့ မြို့ပြင်မှာ ရွှေ့ထားရအောင် ဆိုပြီးနေရာရွေ့ တော့ကိုကြီးက အဖော်ကောင်းတဲ့ မလှခင်တို့ မိသားစုနဲ့အတူ မနော်ယမံဆေးရုံးဝင်ထဲက ဆရာဝန်တွေနေတဲ့ကွာတားကို လိုက်ပြောင်းဖို့ သဘောတူဆုံးဖြတ်ပါတယ်။
ဆေးရုံဝင်း ဆိုတော့ စစ်ရဲ့သဘောအရ ဗုံးဒဏ်ကလည်း ကင်းမယ်၊ အင်္ဂလိပ်ဂျပန် နှစ်ဖက် ရန် ကလည်း ဝေးကောင်းရဲ့လို့ တွေးတာ ဖြစ်မှာပေါ့။ မနော်ယမံ ဆိုတာကကိုယ်ရေပြား ရောဂါစွဲကပ်သူတွေ ကုပေး တဲ့ နေရာလေ။ ဒီနေရာမျိုးကို ဂျပန်တွေက အလွန်ကြောက်ကြ တာဖြစ်လို့ ဂျပန်ရန်က ပိုပြီးကင်းမယ် ထင်မိတာ ကိုး။
ကျွန်မ တို့လိုပဲ အကြေက်လွန်ပြီး ပြောင်းရွှေ့ထားကြသူတွေလည်း ထားကြရဲ့။ စစ်ပြေးရ တာကို စိတ်ကုန်ပြီး ဖြစ် ချင်တာဖြစ် ရင်ဆိုင်မယ်ဆိုပြီး သတ္တိရှိရှိနဲ့ မြို့ထဲကဘယ်မှ မထွက် သူတွေလည်း ရှိရဲ့။ မမသန်း တို့တစ်တွေက ဘယ်မှ မသွားဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဒေါ်ဒေါ်ကျင်တို့က စဥ့်ကိုင်း ကို ပြောင်းကြပါလေရော။

စစ်ကိုင်းတောင်ရိုး ကို ကျွန်မခြေဦးတောင် မလှည့်ရဲတော့ပါဘူး။ ခုလောက်ရှိအဲဒီဂျပန်စစ် ဗိုလ်လည်း တခြား တစ်နေရာ ရောက်နေလောက် ကောင်းပါပြီ။ ကျွန်မအကြောက်လွန်တာ နဲ့ပဲ ထည့်မစဉ်းစားဖြစ်တော့ဘူးလား။ မစိန်ရင်ရဲ့ ခင်ပွင်းဆတ္တာဘိုင်တို့က သူတို့မူစလင် အများစုနေတဲ့ ဘုံးအိုးကို ပြောင်းပါတယ်။ ကျွန်မ တို့ကိုလည်း သူတို့နဲ့အတူ ပြောင်းဖို့ ဇွတ်လာခေါ်တာ။ မလိုက်ဖြစ်ဘဲ နေမှာစိုးလို့ ထုပ်ပိုးထား တဲ့ သေတ္တာတချို့ကို သယ်သွား ပါလေရော။ သူသယ်သွားတဲ့အထဲ ကျွန်မရဲ့ စာအုပ်သေတ္တာက ပါသွားလို့ စုထားတဲ့ ကဗျာစာအုပ်ကို ဦးခင်လေးမောင်ကို ငှားနိုင်ခဲ့တာပါ။

လှလှမြင့်တို့က ကပိုင်ရွာမှာ ပြောင်းထားကြတယ်။ ကိုယ့်အဆက်အသွယ်ရှိရာကိုယ် စဉ်းစားပြီး အားကိုးရာရှာကြတာပေါ့။ ဘွားလေးတို့က အရင်နေခဲ့တဲ့ ကိပိုင်ရွာကိုပဲ ပြန်ပြောင်း ကြရော။ မာမီ့ကို သွားခေါ်တော့ မာမီက ကျွန်မတို့နဲ့မလိုက်ဘဲ ကျွန်မရဲ့ သူငယ်ချင်း Kathleenတို့နဲ့ နေခဲ့မယ်တဲ့လေ။ အဲဒီအချိန်မှာ Kathleenအမေက သွေးဆုံး ရောဂါနဲ့ နေမကောင်းနေတာကြောင့် မာမီက သွားပြီး ပြုစုပေးနေတာ။ နေမကောင်းတဲ့သူ ကိုထားပြီး မလိုက်ချင်ဘူးတဲ့ ဖြစ်ပါလေရော။
မာမီ ကလည်း ဘယ်တော့မဆို တစ်ယူသန်မို့ မာမီ့ကိုစိုးမိုးလို့မရပါဘူး။ မဒေါင်းရင်နဲ့ အိမ်ဖော် ကလေးမလေး ကိုလည်း သေသေချာချာ စောင့်ရှောက်ဖို့ အပ်ထားခဲ့ရတာပေါ့။ နောက်ပြီးသူငယ်ချင်း Kathleenကလည်း မာမီကို အမေရင်းကို ချစ်ရှာတာမို့ စိတ်ချလက် ချထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အားလုံး အဆင်သင့်ပြင်ဆင်ထားပြီး အခြေအနေတွေစောင့်ကြည့်နေရတဲ့ အချိန်ပါပဲ။ အဲဒီ နေ့က တရုတ်နှစ်သစ်ကူး မို့ လှလှမြင့်တို့ တယ်တယ်ဘီကြင်ဆရာကြီးက ညစာထမင်း ဖိတ်ကျွေးလို့ တစ်အိမ်သား လုံး သွားစားနေကြတုန်း မန္တလေးတောင်ဘက် အမြောက်သံ တွေစပြီး ကြားရတော့တာပဲ။
ကပျာကယာ အိမ်ပြန်ပြေးလာကြပြီး ကျွန်မတို့မိသားစုခြောက်ယောက် တစ်နိုင်စာသယ် ဖို့ ပြင်ထားတဲ့ အထုပ်တွေ ကိုဆွဲပြီး မနော်ယမံကို ဒုတိယအကြိမ် စစ်ပြေးကြပြန်ပါရော။
ဘ၀အကွေ့တစ်ခု ရဲ့ နောက်ထပ် တစ်ဆစ်ချိုး လမ်းပေါ်ကို ခြေချခြင်းပါပဲ။

ဆက်ရန်
.

No comments: