Tuesday, January 15, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၂၃)

တစ်ခါက ရိုးကုမ္ပဏီထဲမှာ ကျွန်မက ရွှေစင်ရဲ့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဘေးကပါလာတဲ့ ဦးမြလှိုင် ရဲ့ မျက်ဝန်း လင်းလက် သွားတာ တွေ့လို့ လှမ်းကြည့်မိပါတယ်။ အနားရောက်လို့ မိတ် ဆက်ပေးမှ "နတ်မိမယ်" လို့ တင်စားပြီး ၀တ္ထုရေးခဲ့ဖူးတဲ့ သူ့ရဲ့ချစ်ဦးသူ ငယ်ချစ်အမျိုးသမီးဖြစ်နေ တာကိုး။ ကျွန်မ နဲ့ မိတ်ဆက်ပေးတော့ အမျိုးသမီး က ကျွန်မကို သေသေချာချာကြည့်ပြီး......
"သြော်... ဦးမြလှိုင် က ယူ့ကို သဘောကျတာ ယူကအိုင့်လို အသားဖြူပြီး အရပ်မြင့်တာကိုး"တဲ့။
ဦးမြလှိုင် လို ပုဂ္ဂိုလ်မျိုး ယူထားပြီးတဲ့နောက်တော့ ဒါမျိုးတွေက ရိုးနေပြီး ကဗျာဆရာမ (ခင်ဝင်းသစ်) ရေးခဲ့ဖူး သလို ကျွန်မလည်း သံမဏိအပြုံးတစ်ခု ပြန်ပြီးပြုံးပြနိုင်အောင် ကြိုးစားလိုက် ရတာ ပဲပေါ့နော်။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၂၆)

စမ်းရေအိုင်တွင်း ရေသောက်ဆင်းတဲ့ လမင်း
နွေနေ့လယ်ခင်း သီချင်းဆိုတဲ့ ဥသြ
ပင့်ကူအိမ်ထဲ ပန်းချီဆွဲတဲ့နှင်းပွင့်
အားလုံးဟာ မတာရှည်
အားလုံး ကမ္ဘာမတည်
အားလုံးဟာ "ယာယီ"

ဆိုတာ ငါသိပါပြီ- ဆိုတဲ့ (ဂီတစာဆို မောင်ဆွေနွယ်)ရဲ့ ကဗျာလေးတစ်ပုဒ် လိုပါပဲ။ ကျွန်မဘ၀မှာလည်း အားလုံး ဟာ မကြာရှည်၊ မတည်မြုသော "ယာယီ" တွေကို ဆက် တိုက်ကြုံတွေ့ရတော့ ဘာကိုမှ မမျှော်လင့်၊ မတေင့်တ ချင်လောက်အောင် စိတ်ဓာတ်တွေကျဆင်း ပါတော့တယ်။
ဟုတ်တယ်လေ၊ ကြည့်ပါဦး၊ ကျွန်မချစ်မြတ်နိုးစွာနဲ့ အားကိုးနိုင်သူတွေ ဖြစ်ခဲ့ဖူးတဲ့ "ဘွားမေ"တို့၊ "ဘွားလေး" တို့၊ "မမသန်း" တို့တစ်တွေလည်း အသက်ထင်ရှား မရှိကြတော့ဘူး။ ကျွန်မကို စောင့်ရှောက်မှုပေးခဲ့တဲ့ ကိုကြီး လည်း ကွယ်လွန်ခဲ့ပြီ။ အလှအပဖက်ရှင်တွေကို အလွန်လက်ရာ မြောက်စွာနဲ့ ဖန်တီးနိုင်တဲ့ အနုပညာရှင် ကျွန်မ မိခင်လည်း အခုကျတော့ စိတ်ဝေဒနာရှင်လုံးလုံး ဖြစ်သွားပြီမို့ တတ်ကျွမ်းတဲ့ သူ့ပညာနဲ့ဦးဆောင် ပြီး စီးပွား မရှာနိုင်တော့ဘူး။ ကျွန်မကိုယ်တိုင်က ရောထိုနည်းတူစွာပါပဲ။ မိမိရဲ့ ကိုယ်ပွားလေးတစ်ခုလို မြတ်နိုးစွာနဲ့ ပျိုးထောင်ခဲ့ တဲ့ အလုပ်က ကြိုးစားအားထုတ်တာနဲ့အမျှ တည်မြဲလိမ့်မယ်လို့ ယုံကြည်စိတ်ချခဲ့ပေမဲ့ ခုကျတော့ စွန်လွှတ်ရပ် နားလိုက်ရတာပဲ မဟုတ်လားနော်။

အားလုံးဟာ "ယာယီ"ပါလား။ ဘာတစ်ခုမှ မြဲအောင် ဆုပ်ကိုင်ထားလို့ မရပါလား ဆိုတဲ့အသိတ ရားရလာတော့ ဘ၀ကို ဆက်လက်လှုပ်ရှားဖို့တောင် ခပ်ရွံ့ရွံ့ဖြစ်လာပါတယ်။ အနာဂတ်ကို မျှော် မှန်းရတာကလည်း မရေမရာ မရှိလိုက်တာ။ ဝေးဝေးမပြောနဲ့၊ နောက်တစ်နှစ်ဆိုတာကိုတောင် မတွေးရဲသလိုပါပဲ။ အခုကျွန်မရဲ့ လက်ရှိ အခြေအနေက အထဲမှာ ဘာပါမှန်းမသိတဲ့ အထုပ်တစ် ထုပ်လက်ဆောင်ရထားတဲ့အတိုင်း ဖွင့်ကြည့်လိုက်ရင် တစ်နေ့တာ တစ်နေ့တာ အတွက် ကြည်ကြည်နူးနူး နေနိုင်စရာ ဖြစ်မလား။ ဒါမှမဟုတ် ပြီးခဲ့တဲ့ စိတ်အကျဉ်းအကျပ် အခက်အခဲတွေက ကင်းလွတ်နိုင်သလို ကျရောက်လာမယ့် အသစ်အသစ် တာဝန်တွေ ကလည်း ရှိလာနိုင်သေးတာပဲ လေ။ ဘယ်လိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာ မသိပေမဲ့ ကြည်နူးစရာ နဲ့ ကြေကွဲစရာ၊ ပျော်ရွှင်ရယ်မောစရာနဲ့ ၀မ်းနည်း မျက်ရည်ကျစရာရော၊ အောင်မြင်မှုနဲ့ ရှုံးနိမ့်ခြင်းရော၊ အောင်ပွဲ ခံရခြင်းနဲ့ ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ အဖြစ်တွေရော၊ ကိုယ်ခန္ဓာကျန်းမာရေး ချို့ယွင်းခြင်း နဲ့ တိုးတက်နက်နဲ တဲ့ အသိတရားတွေရပြီး စိတ်ဓာတ်ရင့်ကျက်ခြင်းဖြစ်စေမှာတွေရော၊ အကောင်း အဆိုး အကြောင်းတရားတွေကတော့ အထုပ်ထဲမှာ အကုန်ပါလာမှာ သေချာပါတယ်နော်။ ဒါဟာ လူ့ဘ၀တစ်ခု ရရှိထားတာရဲ့ နိယာမပဲ။ ကိုယ်က ခံနိုင်ရည်ရှိစွာနဲ့ စိတ်ထားတတ်ဖို့ပဲ လိုတယ် ထင်ပါရဲ့။

ကျွန်မရဲ့အတွေးထဲမှာ စိတ်ဓာတ်ကျလိုက်၊ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရင်း ပြန်ပြီးမြှင့်တင်လိုက် နဲ့လုံးချာ လိုက်နေပါတော့တယ်။ ဘယ်တော့ ကျွန်မရဲ့အလုပ်ကလေး ပြန်စနိုင်မလဲ၊ ဘယ်လို ပြန်စ နိုင်မလဲ၊ ဘယ်က ငွေရှာရပါ့မလဲ စသဖြင့်ပေါ့ စိတ်ကတွေးသလို နည်းလမ်းမျိုးစုံလည်း ရှာနေမိ တယ်ဆိုပါတော့။
ဦးမြလှိုင် က ကျွန်မကို အလုပ်ပြန်မလုပ်စေချင်တော့ဘူး။ ကလေးကလည်း ငါးယောက် ရှိလာပြီဖြစ် တော့ သားသမီးတွေ ကို ပြုစုပျိုးထောင်ရင်း အိမ်မှာပဲ အေးအေးဆေးဆေး နေပေါ့လို့ အားပေါးပါ တယ်။ သူ့အလုပ် ကလည်း ၀င်ငွေအထိုက်အလျောက် ကောင်းနေတာမို့ မိသားစုကို တာဝန်ယူနိုင် တဲ့ အခြေအနေကလည်း ရှိနေတာ ကိုး။
ဦးမြလှိုင် က ဘယ်သူ့အပေါ် မှာပဲဖြစ်ဖြစ် စေတနာ ထားတတ်တဲ့သူ ဖြစ်တာမို့ ကျွန်မအပေါ်မှာ လည်း စေတနာ တကယ် ထားတယ် ဆိုတာကိုတော့ ယုံမှားမရှိ ကိုးစားမိပါရဲ့။ ကျေးဇူးလည်းတင်မိ ပါတယ်။ ဒါပေမဲ့ တစ်ခုခုကို စွဲစွဲမြဲမြဲ တန်းဖိုးထားခြင်း မရှိဘဲ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ ကိုယ့် ယောက်ျားရဲ့အထာကိုလည်း ခုလောက်ပေါင်း လာခဲ့တာ သိပြီးသားဖြစ်နေတာကြောင့် ကျွန်မတို့ ခပ်ငယ်ငယ်က အိမ်ဆိုင်လေးတွေမှာ ချိတ်ဆွဲ ထားတတ် တဲ့ "လူကို ယုံပါ၏၊ ဒီနေ့အကြွေးမပေး" ဆို တဲ့ဆိုင်းဘုတ်လိုပဲ "စေတနာကို လေးစားပါ၏၊ လုံးလုံးပုံ ၍ မယုံရဲပါ"ဆိုတာကို ဖြစ်နေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ရေးပဲ တွေးနေမတာပါ။ ဝေဒနာရှင် မိခင်ကြီးနဲ့ သားသမီး ငါးယောက်ရဲ့ တာဝန် ကလည်း သေးတာမဟုတ်ဘူး။ ခုဆို သားကြီး ၀င်းခန့်တောင် တက္ကသိုလ် ကျောင်းသားကြီး ဖြစ်နေပြီပဲ။ ကျန်တဲ့ ကြီးစဉ်ငယ်လိုက် ကလေးတွေကလည်း တဖြည်းဖြည်း အတန်းတွေ ရလာဦးမှာမို့ ဒီတာဝန်တွေကို ထမ်းရင်း ဘယ်လို ခြေလှမ်းစရမလဲ ဆိုတာစဉ်းစား နေရတာပေါ့။ လမ်းပေါ်မှာ ခြေမချရသေးသမျှ ဘယ်ရောက်မယ် ဆိုတာ မသိနိုင်သေးတာမို့ ရင်မောရတဲ့ အချိန်အခါပဲ ဆိုပါစို့။
ဘာလိုလိုနဲ့ ဂွတ္တတစ်လမ်းသွယ်အိမ်ကလည်း တစ်နှစ်စာချုပ် စေ့ခါနီးဖြစ်လို့ အိမ်ပြောင်းဖို့ အစီ အစဉ်လုပ် ရတော့မယ်။ ဒီအတွင်း မိတ်ဆွေတစ်ဦးနဲ့ ဆက်သွယ်မိပြီး နတ်မောက်လမ်းသွယ်ထဲမှာ ရှိတဲ့ ဂရိတ်ဦးဖိုးစိန်ကြီး ရဲ့သား ကိုစိန်ကြိုင် ပိုင်တဲ့အိမ် က ငှားမယ် ဆိုတာနဲ့သွားကြည့်ဖြစ်ပါတယ်။ အရင်က နာမည်ကြီး ကော်ဖီ ကုမ္ပဏီဖြစ်တဲ့ ဘီတီဘရားသား မိသားစုနေသွားခဲ့တဲ့ အိမ်ပါပဲ။ ကျွန်မ တို့နဲ့ ခင်မင်ရင်းနှီးတာ မို့ ရောက်ဖူး ပါတယ်။

အိမ်ကြီးက ကျယ်ဝန်းသလို ခြံကြီးကလည်း ကျယ်ဝန်းပါဘိ။ အိမ်က နှစ်ထပ်ဖြစ်တဲ့အပြင် အိပ်ခန်း ကလည်း ငါးခန်း ပါတာမို့ မိသားစုလည်း များတဲ့ ကျွန်မတို့အတွက် အခုလက်ရှိနေတဲ့ ဂွတ္တလစ် အိမ်ထက် ပိုပြီး အဆင်ပြေတယ်ပေါ့။ မြို့ထဲ ဘားလမ်း(ယခု မဟာဗန္ဓုလပန်းခြံလမ်း)မှာ ရှိတဲ့ ဦးမြ လှိုင်ရဲ့ ရုံးနဲ့လည်း ပိုနီးပါတယ်။ အိမ်လခကလည်း လေးရာချင်းအတူတူမို့ ငှားဖြစ်သွားပါတယ်။ ကိုယ့်ရဲ့အိမ်ပိုင်လည်း မဟုတ်ပါဘဲ နဲ့ အလွန်အကောင်းကြိုက်တဲ့ ဦးမြလှိုင်က အိတ်စိုက်ငွေထုတ် ပြီးမပြောင်းခင်မှာ အိမ်တစ်ခုလုံးကို စိတ်ကြိုက်ပြင် ပါလေရော။
သားတွေ သမီးတွေနဲ့ ဖြစ်လာပြီမို့ ကျွန်မကတော့ ငွေပိုလေး ရှိလာရင် စုစေချင်တယ်။ တိုင်းတိုင်း ထွာထွာ လည်း သုံးစေချင်တယ်ပေါ့။ ဦးမြလှိုင်ကအဲလိုမဟုတ်ဘူး။ ရထာထက် အမြဲပိုသုံးချင်သူဖြစ် လို့ နောက်က စိတ်မောရတာ ကလည်း ဒုက္ခတစ်ခုပါပဲ။ အိမ်ပြောင်းပြီး သိပ်မကြာလိုက်ပါဘူး။ ဦးမြလှိုင်တို့ ကုမ္ပဏီက လုပ်နေ တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း က ကန်ထရိုက်စေ့သွားပါလေ ရော။ နောက်နှစ်ဆက်ရဖို့ တင်ဒါတင်ပေမဲ့ တခြားကုမ္ပဏီ က ရသွားတာမို့ အလုပ်တွေ ရပ်ဆိုင်း လိုက်ရပါတယ်။ နှစ်ဦးစလုံး အလုပ်မရှိဘဲ ဒီမိသားစု တစ်ပြုံတစ်မကြီး ကို တာဝန်ယူဖို့ ကလည်း မလွယ်ကူသော ကိစ္စလေ။

ဓာတ်ပုံဆိုင် ပြန်ဖွင့်ချင်ရင် သူ့အလုပ်တိုက်နေရာ ဘားလမ်း (ယခုမဟာဗန္ဓုလပန်းခြံလမ်း)က အခန်း ကိုယူ ဆိုပြီး ပေးပါတယ်။ အဆိုးထဲ က အကောင်းအနေနဲ့ ကျွန်မမှာ ၀မ်းသာအားတက် သွား တာပဲလေ။ ဘာပဲဖြစ်ဖြစ် ရှိထား တဲ့ အတတ်ပညာနဲ့ အရည်အချင်းလေးတွေ တုံးမသွားခင် ပြန်လည်အသုံးချခွင့်ရတဲ့ အခွင့်အရေးကို ကျွန်မ လက်လွှတ်မခံနိုင်ပါဘူး။ ချက်ချင်း တပည့်တွေကို ဓာတ်ပုံဆိုင် ပြန်ဖွင့်မယ်ဆိုတာ အကြောင်းကြား လိုက်ပါတယ်။
ကျွန်မရဲ့တပည့်တွေ ကလည်း ကောင်းရှာကြတယ်။ အားလုံးအကုန် တစ်ဥိးမကျန် ပြန်ရောက်လာ ကြလေရဲ့။ မလာနိုင်သူ က နှစ်ဦးပဲ ရှိပါတယ်။ ကျွန်မ ဆိုင်နားလိုက်ရတော့ ဓာတ်ပုံလာရိုက်သာ အမျိုးသမီးတွေကို အလှပြုပြင်ပေး တဲ့ မြင့်မြင့်က ကျွန်မကို ပူဆာပါတယ်။

"မမ..မြင့်မြင့် အမျိုးသမီးလူရွှင်တော် လုပ်ချင်တယ်၊ မြင့်မြင့်ကို ရုပ်ရှင်ထဲ သွင်းပေးပါ"တဲ့။ သူလုပ် ချင်တာနဲ့ သူ့ပုံစံ ကလည်း အံကိုက်ပါပဲ။ ဆိုင်မှာ မြင့်မြင့်တစ်ယောက်တည်းနဲ့ကို ကျွန်မတို့မှာ ပွဲစည်နေတာပါ။ အမူအရာ ကလည်း ပထမတန်း။ သူအပျင်းထူလို့ အလုပ်လစ်ချင်ပြီဆိုရင် ခေါင်းကိုက်ရတာနဲ့ ဗိုက်နာရတာနဲ့ အခုချက်ချင်း ပဲ အသက်ထွက်ဖို့ နှစ်မိနစ်လောက်ပဲ လိုတော့ တဲ့ပုံစံ လုပ်ပြပြီး ခွင့်ယူတော့တာပဲ။  အရယ်အရွှန်း အသော နဲ့ အပြောအဆိုကလည်း ကျပါဘိနဲ့။ သူရှိနေတဲ့ နေရာတိုင်းမှာ ရယ်သံအမြဲကြားနေရတာမျိုး။
ဓာတ်ပုံလာရိုက် တဲ့ မိန်းကလေးတွေဆိုရင်လည်း ဒီလိုပဲ။ ဖော်ဖော်ရွေရွေ ရှိလှတဲ့ သူ့အပြောတွေနဲ့ တစ်ချက် တည်း တရင်းတနှီးဖြစ်သွားပြီးလေးပုံရိုက်မဲ့သူက ရှစ်ပုံ၊ ဆယ်ပုံရိုက်ဖြစ်သွားပါလေရော။ ပုံစံကလည်းပုပုလုံးလုံး၊ ၀၀ကစ်ကစ်၊ ချစ်စရာလေးနော်။ ဒါကြောင့် "အေး....အေး၊ မြင့်မြင့်နဲ့တော့ လူရွှင်တော် ဖြစ်နိုင်လောက် ပါတယ်"လို့ ကျွန်မက အားပေးပြီး အဲဒီအချိန်က နာမည်ကြီးလူရွှင် တော်ဖြစ်တဲ့ ကိုသန်းနွဲ့ရဲ့လက်ကို အပ်ပေး လိုက်ပါတယ်။

"အရှင်မွေးနေ့ချင်းကြီး"ဆိုတဲ့ စကားလိုပဲ။ ကိုသန်းနွဲ့ရဲ့ ကျေးဇူးနဲ့ မြင့်မြင့်
''အရှင်မွေး နေ့ချင်းကြီး'' ဆိုတဲ့စကားလိုပဲ။ ကိုသန်းနွှဲ့ရဲ့ ကျေးဇူးနဲ့ မြင့်မြင့်တစ်ယောက် အမျိုးသမီးလူရွင်တော် '' ရွှေလုံး '' ဘ၀ ရောက်သွားပါတော့တယ်။ ကားစပြီး ထွက်တာနဲ့ ''ရွှေလုံး'' ဆိုတဲ့ နာမည် ရပြီး အောင်မြင် သွားလိုက်တာ လက်ခံထားတဲ့ ကားဆက်တွေ များနေတာမို့ဆိုင်မှာ ပြန်လာမလုပ်နိုင်တော့ဘူးလေ။ သူ့ရဲ့ခင်ပွန်း ကိုအေးရွှေ ကျတော့လည်း ကျွန်မဆိုင်မှာ ခဲလိုက်၊ ကာလာခြယ် လုပ်နေရာက ဆိုင်နားလိုက်တော့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ ဦးတင်မောင်မောင်ရဲ့ လက်အောက် စုံထောက်ဘက်က ဓာတ်ပုံဌာနမှာ လူလိုနေတယ် ဆိုတာ နဲ့ သွင်းပေးလိုက်တာ ရဲအုပ်အဆင့်နဲ့ အလုပ်ကောင်းကောင်း ရှိထားပြီးဖြစ်လို့ ပြန်မလာနိုင်တော့ပါဘူး။

ဒါပေမဲ့ ကျွန်မတို့ ပြောင်းလာတဲ့ နတ်မောက်လမ်းသွယ် အိမ်မှာ အလုပ်သမားတန်းလျား ပါတာကြောင့် ကျွန်မက သူတို့ မိသားစုရော၊ နောက်တပည့်နှစ်ဦးဖြစ်တဲ့ ကိုတင်ဦး၊ အသန်းတို့ မိသားစုကိုပါ လာနေဖို့ နေရာပေး ထားတာမို့ သူတို့ဇနီးမောင်နှံ ကျွန်မဆိုင်မှာ အလုပ်အလုပ်ပေမဲ့ အချိန်မရွေး အရေးပေါ်အလုပ် ရှိရင်တော့ အကူအညီ ရပါတယ်။ အလုပ်သမားတွေ ပြန်ပြီးစုစည်းမိတာနဲ့ အလုပ်ပြန်စဖို့ ဝုန်းဒိုင်ကြဲ စီစဉ်ရ တော့တာပဲ။ ဦးမြလှိုင် ရဲ့ ရုံးခန်းက အအေးစက် တပ်ထာပြီးတဲ့အပြင် Sound Proof ပါ လုပ်ထားပြီးသား ဖြစ်တော့ စတူဒီယို အဖြစ် ပြောင်းလိုက်ဖို့ သိပ်မခက်ခဲတော့ပါဘူး။
ကျန်တာတွေလည်း သူ့နေရာနဲပသူ အဆင်ပြေအောင် နေ့ချင်းညချင်း ဆိုသလို ခမ်းခမ်းနားနား စတူဒီယို လေးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာတယ်ပေါ့။ဆိုင်းဘုတ်တင်ဖို့ ပဲ ကျန်ပါတော့တယ်။ တက်နိုင်သမျှ ခြိုးခြံ တဲ့ အနေနဲ့ ရှိထားပြီးသား ဆိုင်းဘုတ်ကိုပဲ ပြန်တင်ဖို့ စဉ်းစားထားပြီးသာပါ။ တပည့်တွေနဲ့ ညိနှိုင်းတိုင်ပင်နေကြ တာကြားတော့ ဦးမြလှိုင်က သူ ဆိုင်းဘုတ်အသစ် အပ်ထားလိုက်ပြီး ခဏစောင့်ပါဦးဆိုတာနဲ့ စောင့်နေရ တာပေါ့။

တစ်ညမှာ ကျွန်မမှာ သားရွှေစင်ကို သိပ်နေတုန်း ဦးမြလှိုင်က မြို့ထဲ သွားရအောင်တဲ့ လာခေါ်ပါတယ်။ "ညကြီးမိုးချုပ် ဘာလုပ်ဖို့လဲ"ဆိုတော့ "ခင်ကလည်းကွာ လိုက်ခဲ့ပါဆိုမှ"တဲ့။ ဒါနဲ့ ကလေး အိပ်ပျော် သွား အောင် စောင့်ပြီး သူနဲ့အတူ လိုက်သွားပါတယ်။ တစ်လမ်းလုံးလည်း ရွှင်လို့မြူးလို့ စကားတွေ ဖောင်ဖွဲ့ အောင် ပြောလာလေရဲ့။ ကျွန်မလည်း ဘုမသိဘမသိနဲ့ ငါ့ယောက်ျား ဘာတွေ ဖြစ်နေပါလိမ့် ဆိုတဲ့ အတွေး နဲ့ပေါ့။
ဆူးလေဘုရားဝိုင်းကြီးကိုလည်း ပတ်လိုက်ရော ဘားလမ်းပေါ်မှာ ပန်းခြံဘက် မျက်နှာမူထားတဲ့ တိုက်ရဲ့ အပေါ်ထပ် က "ခန့်ခန့်ကြီးအမျိုးသမီးဓာတ်ပုံတိုက်"ဆိုတဲ့ နီယွန်မီးရောင်စုံနဲ့ ဆိုင်းဘုတ်ကြီးက တဖျတ်ဖျတ် လင်းလို့ ဆီးကြိုနေပါတော့တယ်။
"အံ့သြသွားလားခင်" တဲ့  ပြောင်ပျက်ပျက် မျက်နှာနဲ့ ကျွန်မကို မေးလေရဲ့။

တကယ်ပဲ အံ့သြသွားမိတာပါ။ကျွန်မက ရိုးရိုးဆိုင်းဘုတ် ပဲ အပ်ထားတယ် ထင်မိတာပါ။ အဲဒီအချိန်အခါက နီယွန်ဆိုင်းဘုတ်ဆိုတာ ပေါ်ခါစမို့ ဈေးကြီးပါဘိ။ စာလုံးတင်မကသေးဘူး။ Reader's Digest မဂ္ဂဇင်းထဲက တစ်ကြောင်းဆွဲ ပန်းချီ နဲ့ ကင်မရာကိုင်ရိုက်နေတဲ့လူပုံကိုပါ လိုဂိုအဖြစ်နဲ့ ထည့်ထားလိုက်သေးတယ်လေ။ အကောင်းကြိုက်တတ်တဲ့ ကျွန်မခင်ပွန်း ဆီက လက်ဆောင်မို့ ဝမ်းသာခြင်းအတိ ကျေနပ်ပီတိနဲ့ မျက်ရည် လည် မိပါတယ်။

ဦးမြလှိုင် မှာ အဲလိုစိတ်ကူးကောင်းကောင်းလေးတွေ ရှိတဲ့အပြင် ဓာတ်ပုံပညာအနေနဲ့လည်း အယူအဆက အစ ကျွန်မ ထက် ပညာ သာတာမို့ စိတ်တူကိုယ်တူ ကျွန်မအလုပ်မှာ ဦးစီးဦးဆောင် လုပ်စေချင်ပါတယ်။ သူ့အစ်ကို ကိုကိုလှ ကလည်း ဆုံမိတဲ့အခါတိုင်း တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ စိတ်မချရဘူး၊ ဓာတ်ပုံ ဆိုင်ကို ဖိဖိစီးစီး ဦးမြလှိုင် ပါ ကူညီပြီး လုပ်လို့ တိုက်တွန်းပါတယ်။
ဒါပေမဲ့ ဦးမြလှိုင် က စိတ်လိုလက်ရ ဖြစ်တဲ့အခါလောက်သာ အပျော်သက်သက်အနေနဲ့ ကူပြီး စာပေအလုပ် မျိုးသာ အဓိကထား လုပ်ချင်တာ ဖြစ်လို့ ကျွန်မလည်း နားလည်မှုရှိစွာနဲ့ မတိုက်တွန်းတော့ပါဘူး။ ဆိုင်လေး အတည်တကျဖြစ် လို့ စိတ်ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင် ဖြစ်လာချိန်မှာ နောက်ထပ် ကိုယ်ဝန်ရလာပြန် ပါရော။ ကျွန်မက ကျန်းမာရေးကောင်းသူဖြစ်တော့ ကိုယ်ဝန်ရဖို့လည်း သိပ်လွယ်ကူပါတယ်။ စက်နဲ့ လှည့်ထုတ် သလို သုံးနှစ် တစ်ယောက်နှုန်း နဲ့ မှန်မှန် မွေးနေတာလေ။

ကျွန်မကို တွေ့တိုင်း မတာနတီအကျီ အမြဲလို ဝတ်လျက် မြင်နေရလို့ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲလေး ဦးခင် မောင်မောင် က ငါ့ညီမ "ရှင်မွေးလွန်း"ဆိုတဲ့  နာမည်ပြောင် တောင် ပေးထားပါသေးတယ်။ ကျွန်မက အဲဒီ နာမည် တစ်လုံး ရထားတာကိုပဲ ကျေနပ်လို့ ငယ်ငယ်ကတည်းက ကိုယ့်ကို တစ်ဦးတည်း အဖော်မဲ့ဖြစ်မှာစိုး လို့ မောင်နှမတွေ အများကြီးဖြစ်အောင် ကလေးတွေ မွေးလိုက်မယ် အားခဲထားတာဖြစ်တော့ ဆုတောင်း ပြည့်တယ် လို့ ပြောရမှာပါပဲ။ ကျွန်မတင် ကျန်းမာရေးကောင်းတာ မဟုတ်ပါဘူး။ ကလေးကလည်း ချူချူ ချာချာ တစ်ယောက်မှ မပါဘဲ ကျန်းမာရေးကောင်းကြတာဖြစ်လို့ မွေးရတာ လွယ်ကူသလို ကြီပြင်းအောင် ပျိုးထောင် ရတာလည်း အခက်အခဲမရှိ လွယ်ကူပါတယ်။

ကျွန်မ က အခု အသက်အရွယ် ၇၀ကျော်တဲ့အထိ အလှအပကြိုက်ဆဲ မလှချင် ဖြစ်ပေမဲ့ ရင်သားအလှပျက် မှာ စိုးလို့ အမေ နို့မတိုက်ဘူးဆိုတဲ့ အမေမျိုးထဲမှာတော့ မပါဘူး။ မွေးတဲ့သားသမီးတိုင်းက အမေနို့ကို တိုက် ကျွေး ခဲ့တာပါ။ ကိုယ့်ရဲ့ရင်သွေး ပုလုကွေးလေးကို ပိုက်ထွေးပြီး နို့ချိုတိုက်ကျွေးရတဲ့ ကြည်နူးပီတိက ဘယ်လို ခံစားမှုနဲ့မှ နှိုင်းယှဉ် လို့မရတဲ့ အလှတစ်ပါးလို့ပဲ ဆိုချင်ပါရဲ့။
ကျွန်မအလုပ် က ပြန်လာလို့ မောမောနဲ့ အိပ်ရာပေါ် ပစ်လှဲနေရင်လည်း ကလေးတွေက ရင်ခွင်ထဲ ဝင်တိုး သူနဲ့ ပေါင်ပေါ် ခေါင်းခုအိပ်တဲ့သူနဲ့ ကိုယ်ပေါ်တက်ခွထိုင်သူနဲ့ ခေါင်းရင်းကနေ ဆံပင်ကို ဆွဲဖွသူနဲ့ ခွေးသား အုပ်မကြီး လို ဝိုင်းဝိုင်းလည်နေကြပြီဆိုရင်လည်း ကြည်နူးပီတိဖြစ်ရတာ အမောကို ပြေလို့ပါပဲ။ သားသမီး ရှိကြသူတိုင်း ဒီအရသာကို ခံစားဖူးကြမှာ မလွဲပါဘူး။ ဒါကြောင့်မို့လည်း သားသမီးကို စာဆိုရှင်တွေက "သီတာရေစင်" နဲ့ နှိုင်းယှဉ်ကြတာ ဖြစ်မှာပေါ့နော်။

ဒီလိုနဲ့ သားတွေ သမီးတွေ ပွားစည်လာတော့ အိမ်စရိတ် ကာမိအောင် အလုပ်ကို ပိုပြီး ကြိုးစားလုပ်ရပါ တယ်။ ဦးမြလှိုင် လည်း သူ့စိတ်ကူးရရာ အလုပ်တွေရှာဖွေပြီး လုပ်လျက်ပါပဲ။ ကျွန်မတို့ နှစ်ယောက်စလုံး ဘယ်လိုပဲ ကြိုးစား အားထုတ်ကြပေမဲ့ အရင်ကလောက် ဝင်ငွေက မကောင်းတာမို့ ခြိုးခြံရတာပေါ့။ ဒီအထဲ မှာ ဦးမြလှိုင်က သူရဲ့ ရဲဘော်ဟောင်း တစ်ယောက် တီဘီရောဂါဖြစ်လို့ အိပ်ရာထဲ ပက်လက်ဖြစ်နေရှာ တယ် ပြုစုစောင့်ရှောက်မဲ့ မိသားစု ကလည်း မရှိလို့ အိမ်မှာ ခေါ်ထာပြီး ပြုစုကုသပေးချင်တဲ့လေ။
ကျွန်မလည်း ကလေးငယ်ကလေးတွေနဲ့မို့ တီဘီရောဂါကလည်း ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ ရောဂါသည် တစ်ဦး အိမ်ခေါ် လာမှာအတွက် စိတ်ပူမိပေမဲ့ သူရဲ့ကောင်းမြတ်တဲ့ စေတနာကိုလည်း မကန့်ကွက်သင့်တာ နဲ့ သဘောတူ လက်ခံ လိုက်ရပါတယ်။ ဝေဒနာရှင် ကိုစိုးတင့်ကို ကားနဲ့သွားခေါ်၊ လူတွဲတွေနဲ့ ကားပေါ် က ပွေ့ချီရပြီး အောက်ထပ်က အခန်းတစ်ခုကို ရှင်း၊ သူ့ကို သီးသီးသန့်သန့် နေလို့ရအောင် လုပ်ပေးထား ရတာ ပေါ့။

အရာရာ ခြိုးခြံနေရတဲ့ကြားကပဲ လူမမာ ကိုစိုးတင့် အတွက်ကိုတော့ အာဟာရဖြစ်အောင် နို့တို့၊ ကြက်ဥတို့ အစရှိတဲ့ အစာတွေ ဂရုစိုက်ကျွေး၊ ဆေးလည်း မှန်မှန်တိုက်ပေရနဲ့ ဦးမြလှိုင်က မျက်စိအောက်မှာ ထားပြီး ဂရုစိုက် စောင့်ရှောက်ပေးတာမို့ ကိုစိုးတင့် ရောဂါက သိသိသာသာ တိုးတက်ကောင်းမွန်လာပါတယ်။ ထူထူ ထောင်ထောင် ဖြစ်လာတဲ့ နောက်ပိုင်း ကျွန်မတို့နဲ့ နှစ်နှစ်နီးပါး အတူနေ ပြုစုပေးလိုက်တာပါ။ ဦးမြလှိုင်က ရဲဘော် နဲ့ ပတ်သက်လာရင် အဲသလောက် စေတနာထားပြိး တာဝန်ယူနိုင်တဲ့သူပဲ။ ဒီလိုစေတနာမျိုးက တကယ် ပဲ ရှားမယ် ထင်ပါရဲ့။
ဦးမြလှိုင် က သွေးသားမတော်စပ်တဲ့သူတွေကို တာဝန်ယူတတ်သလို သူနဲ့ ဆက်နွယ်သူအားလုံကိုလည်း တာဝန်ယူဆဲ ပါပဲ။ ဒါတစ်ခုတော့ ဦးမြလှိုင်ကို အမှတ်ပေးရမယ် ထင်ပါရဲ့။ အိုင်တွေ့ ရင် ခြေဆေးရုံဆေး ပြီး ကျောခိုင်းသွား တဲ့ လူစားမျိုးမဟုတ်ဘဲ သူ့မှာရှိတဲ့ အချိန်အတိုင်းအတာ၊ ဝင်ငွေအတိုင်းအတာနဲ့ ခွဲဝေပြီး ဝတ္တရားကျေသူ ပါပဲ။ ဒါတွေကို ကျွန်မလည်း တတ်နိုင်သလောက် လျစ်လျူရှုနိုင်အောင် ကြိုးစားရပါတယ်။ စိတ်ထဲမှာ ကြက်ကလေးတွေ ကို နနွင်းလူးပြီး ဘုန်းကြီးကျောင်းပို့ ဘေးမဲ့ပေးသလို သူ့ကိုလည်း ဘေးမဲ့ လွှတ်ပြီး ဖြစ်ပေ မဲ့ ပုထုဇဉ်လူသားဖြစ်တာမို့ စိတ်အားကို တင်းနိုင်တဲ့အခါလည်းရှိ မတင်နိုင်ဘဲ ကြေကွဲ ရင်နာရတဲ့အခါ လည်းရှိပါ့။

ဒီလိုနဲ့ အလုပ်ကိုပဲ ကျွန်မ စိတ်အားရှိသမျှ လူအား ရှိသမျှနဲ့ တွန်းလုပ်နေလိုက်ပါတယ်။ ကိုယ် ဝါသနာ ပါရာ၊ ကိုယ်မြတ်နိုးရာ အလုပ်ထဲမှာ စိတ်အားသွင်းထားတာကကျွန်မ အတွက် ရင်နာရခြင် ခံစားမှုတွေ အတွက် ထွက်ပေါက်တစ်ခုပါပဲ ကိုကြီးနဲ့တုန်းကလည်း အိမ်ထောင်ရေးဒုက္ခတွေကို မတွေးမိအောင် အလုပ် ထဲမှာ စိတ်နှစ်ထားခဲ့သလို ခုလည်း မပြေလည်တဲ့ အိမ်ထောင်ရေး ခံစားချက်တွေက လွတ်ရာကင်းရာအ အဖြစ် မခံနိုင်လွန်း ဖြစ်လာတဲ့အခါတွေကျ တော့လည်း ဦးမြလှိုင်ရဲ့ အိမ်မှာ သွားရင်ဖွင့်ရင်း မျက်ရည်တွေ သွန်ချပေါ့။
ကျွန်မဘဝ မှာ ကံအကြောင်းမှတဲ့ အကြောင်းတရားတွေက အများအပြား ရှိသလို အလွန်ကံကောင်းတဲ့ အချက်တွေ လည်း တော်တော်များများ ရှိတာမို့ ဖြေမယ်ဆိုရင် ဖြေနိုလောက်ပါတယ်။ ကျွန်မက အိမ် ထောင် ရေး မှာသာ  ကံမကောင်းတာ၊ ခင်ပွန်းသည်တွေနဲ့ ပတ်သက်ပြီး တော်စပ်ရတဲံ In Laws တွေနဲ့ ကျတော့ လည်း ကံကောင်းလိုက်တဲ့ဖြစ်ခြင်း။ အားလုံးက သွေးသားရင်းလို ချစ်ခင်ကြင်နာကြတာ အခုထက် ထိပါပဲ။ ဦးအောင်ခန့် ရဲ့ ညီမ မမသန်းကို အားကိုးရသလိုပဲ ဦးမြလှိုင်ရဲ့ အစ်မများဖြစ်တဲ့ မမတင်နဲ့ မမသန်း ကိုရော အဒေါ်တွေဖြစ်တဲ့ ဒေါ်ဒေါ်ကြီး၊ ဒေါ်ဒေါ်လေး တို့ကိုလည်း အမေ လို တရင်းတနှီး ဖြစ်ကြောင်းကုန်စင် မခြွင်း မချိန် ပြောပြ လို့ ရပါတယ်။

ဒေါ်ဒေါ်ကြီးတို့၊ ဒေါ်ဒေါ်လေးတို့ကို ကျေးဇူးတင်စရာကောင်းတဲံ အဖြစ်ကလေးတစ်ခုကိုလည်း ပြောပြရ ဦးမယ်။ ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ အနားမယူနိုင်ဘဲ အလုပ်တွေ တွန်းလုပ်နေမိလို့ လူကလည်း ပင်ပန်း၊ စိတ်ကလည်း အကြောင်းအမျိုးမျိုးတွေ နဲ့ ပင်ပန်းလို့ထင်ပါရဲ့။ ညည အိပ်မပျော် ဖြစ်လာပါတယ်။ အိပ်ပျော် တဲ့အခိုက် ကလေကျတော့ လည်း အိပ်မက်ဆိုးတွေ မက်ပြီး ချောက်ချောက်ချားချားဖြစ်။ ဒါနဲ့ အလုပ်ပိတ်တဲ့ တစ်ရက်မှာ တစ်ယောက် တည်း အိမ်က ထွက်လာခဲ့ပါတယ်။ လမ်းရောက်မှ လက်ကနာရီကို ကြည့် လိုက် တော့ နေ့ခင်း နှစ်ချက်ကျော်ကျော် ပဲ ရှိသေးတာနဲ့ ဒီအချိန်ဆို ဆရာတော်တွေ ဆွမ်းစားပြီးလို့ အနားယူ ချိန် ဖြစ်မှာ မို့ တွေးမိတာကြောင့် ကျောင်းနဲ့ သိပ်မဝေးတဲ့ ဦးမြလှိုင် မိသားစုအိမ်ကို ဝင်လိုက်ပါတယ်။

ရောက်တုန်းေ၇ာက်ခိုက် ကျွေးတောတွေ စားရင်းသောက်ရင်း စကားတွေ ပြောလိုက်ကြတာ အကြောင်းစုံနဲ့ မို့ အချိန်တော်တော်လင့် သွားလေရဲ့။ ကျွန်မက ဘုန်းကြီးကျောင်းကို သွားလိုက်ဦးမယ် လို့ နှုတ်ဆက်တော့ ဒေါ်ဒေါ်လေး က "ဟဲ့... ခင်ရဲ့ နေ့စေ့လစေ့ကြီးနဲ့ တစ်ယောက် တည်း လျှောက်သွား မနေနဲ့ လေ စိတ်မချ ပါ ဘူး အိမ်က ကားနဲ့သွား၊ ဒေါ်ဒေါ်လေးနဲ့ ဒေါ်ဒေါ်ကြီး လည်း လိုက်ခဲ့မယ်"နဲ့ ပူပူ ပင်ပင် ပြောပြီး ကျွန်မ နဲ့ အတူ ကျောင်းကို လိုက်လာပါတယ်။ ဒေါ်ဒေါ်လေးတို့ အဲလို ပူပူပင်ပင်နဲ့ လိုက်ခဲ့ပေးတာလည်း ဘုရားမ ခြင်းပါပဲ။
ကျွန်မ က ရွှေရင်မျှော်ဆရာတော်ကြီးဘုရားကြီးကို ဦးခိုက်ကန်တော့ဖို့ ထိခြင်းပါးပါးနဲ့ ထိုပြီး လက်အုပ်ချီမလို့ ကြမ်းပြင်နဲ့ နဖူးထိအောင် ခေါင်းကို ငုံ့လည်းငုံ့လိုက်ရော ချာချာလည်အောင် မူးမိုက်သွားတာ အဲဒီနေရာမှာ တင် သတိလစ် သွားပါတော့တယ်။ အားလုံးက ပျာပျာသလဲ ဝိုင်းပြုစုကြလို့ အတော်ကြာမှ သတိရတာပါ။ စိတ်တွေပူကြ လို့ ဦးမြလှိုင်ကို အကြောင်းကြားဖို့ လိုက်ရှာခိုင်းတာ ဘယ်ရောက်နေမှန်း မသိတာနဲ့ လက်လျှော့ လိုက် ရ ပါတယ်။ အဲဒီညနေက ဒေါ်ဒေါ်ကြီးတို့၊ ဒေါ်ဒေါ်လေးတို့က ကျွန်မနဲ့ လိုက်မလာခဲ့ရင် ကျွန်မတစ်ယောက် တည်း ဘုန်းကြီးကျောင်းမှာ သတိလစ်နေရင် တစ်ဒုက္ခပေါ့။ အဲလိုပဲြုပဿနာ ရှိတိုင်း ဒေါ်ဒေါ်လေး တို့၊ မမတင်တို့ ကိုကိုကြီး (ဦးဘသန်း) တို့က ဝိုင်းဝန်းစောင့်ရှောက်စမြဲမို့ ကျွန်မ ကံကောင်း တယ်လို့ ဆိုရမှာပေါ့။ 

နောက်နေ့ ဆရာဝန်ပြတော့ ကျွန်မ သွေးအားနည်းနေလို့တဲ့ တော်ပါသေးရဲ့ ဒီအထဲမှာ သမီးလေး သူဇာ ကို ချောချောမောမော ကျန်းကျန်းမာမာနဲ့ မွေးလိုက်နိုင်ပေလို့ပဲ အားတက်ဝမ်းသာကြည်နူးရပါတယ်။ ဘဝ ဆိုတာ ဒီလိုပဲ ဝမ်းနည်းကြေကွဲစရာတွေ့လိုက်၊ ၊ အားတက်ကြည်နူးစရာ ကြုံလိုက်၊ သံသရာလည်ရင်း မျက် ရည်တွေ၊ အပြုံးတွေ နဲ့ လျှောက်လှမ်းကြရတာ ပါပဲနော်။
လူသားတစ်ယောက်အနေနဲ့ ကြုံရမြဲ အကောင်းအဆိုးတွေနဲ့ ပုံမှန်လည်ပတ်ရင်း ကလေးတွေကလည်း တဖြည်းဖြည်းနဲ့ အတန်းတွေ ရလာကုန်ကြပြီလေ။ သားကြီးဝင်းခန့်တောင် ရန်ကင်းဥပစာကောလိပ်က ပြီး သွားလို့ ဖွင့်ခါစ ပဲရှိသေးတဲ့ ကြို့ကုန်းက စက်မှုတက္ကသိုလ်ကို တက်ရတော့မှပါ။ိဆယ်တန်းအောင်တုန်းက အမှတ်ကောင်း လို့ ဆေးကျောင်းဝင်းဖို့ အမှတ်မီပါတယ်။ သူနဲ့အတွဲသူ့သူငယ်ချင်း သုံးယောက်ရှိတာ ကျန်တဲ့ နှစ်ယောက်ဖြစ်တဲ့ ဒယ်ဒီနဂူနဲ့ စူစမ်ယန်းတို့က ဆေးကျောင်းကို ရွေးတော့ သား လည်း ဆေး ကျောင်းသွား မလား အောက်မေ့ပါတယ်။ သူက ဝါသနာပါတဲ့ အင်ဂျီနီယာပဲ သွားမယ်တဲ့လေ။ ကျွန်မ လည်း သူ့သဘောအတိုင်း ဆုံဖြတ်ခွင့် ပေးထာပါတယ်။ လူဆိုတာ ကိုယ်ကြိုက်တာ ကိုယ်လုပ်ရမှ စိတ်ချမ်းသာ တာ မဟုတ်လားနော်။

သားက ငယ်ငယ်ကတည်က ဘာပစ္စည်းတွေ့တွေ့ တစ်စစီဖြုတ်ကြည့်ချင်တတ်တဲ့ အကျင့်ရှိတယ်။ ငါးနှစ် သားလောက်မှာ သူ စီးဖို့ သုံးဘီးစက်ဘီးလေးတစ်စီး ဝယ်ပေးတော့ ပလာယာတစ်ခုနဲ့ ထုရိုက်ပြီး ဖြုတ် လိုက်တော့ တစ်စစီ ဖြစ်ကုန်ပါရော သူလည်း ပြန်မတပ်တတ်။ ကျွန်မတို့ လူကြီးတွေလည်း မလုပ်တတ် နဲ့ နောက်ဆုံး ကျတော့ သေတ္တာပုံးတစ်ခုထဲမှာ စုကျုံးထည့်ပြီး စက်ဘီးပြင်ဆိုင်ကို ပို့လိုက်ရတာ အမှတ်ရ မိပါ တယ်။ နောက်ပိုင်း ဆယ်ကျော်သက်လောက် ရောက်လာတော့ ဆိုင်မှာ ပစ္စည်းတစ်ခုခု ချို့ယွင်းရင် ပြင်တဲ့ သူမခေါ်ရတော့ ဘဲ သူ့ကို အားကိုလို့ရပါတယ်။
ကင်မရာတွေက လည်း ဒီလိုပဲ တစ်စီဖြုတ်ကြည့် ပြန်တပ်ကြည့်နဲ့ လုပ်ရင်းက ပြင်တတ်သွားလို့ သူများလာ အပ်တဲ့ ကင်မရာတွေ ကို အခယြူုပင်ပေးတဲ့ထိ ဟန်ကိုကျလို့။ သားက ကျွန်မလိုပဲ မိတ်ဆွေအပေါင်းအသင်း အသိအကျွမ်း ကလည်း များပါဘိနဲ့။ ပါတီတွေ ကပွဲတွေကလည်း ဝါသနာပါလိုက်တဲ့ဖြစ်ခြင်း။ စနေ၊ တနင်္ဂနွေတွေ ဆို ပါတီတွေနဲ့ အချိန်ကုန်တာပဲ။ သူမှာ မန္တလေးတိုက်နှစ်လုံးက ရတဲ့ တိုက်လခရော၊ အစိုးရ က ချီးမြင့်တဲ့ ပညာသင်ဆုက ရတဲ့ငွေရောနဲ့ ဖောဖောသီသီ ကိုင်သုံးနိုင်လို့ ပျက်စီးမှာ စိတ်မပူရပါဘူး။

သူက ကျွန်မထက် ငွေကို စည်းကမ်းတကျ သုံးတတ်ပါသေး။ ဒီအလေ့အကျင့်ကတော့ ဦးအောင်ခန့်တို့ မိသားစု ရဲ့ ပုံစံ အတိုင်း လို့ ပြောရမယ်ထင်ပါရဲ့ ဒါပေမဲ့ လိုအပ်တာတွေကျတော့ မမသန်းတို့လို နေရာတိုင်း ခြိုးခြံတာမျိုး မဟုတ်ဘဲ သူ့နေရာနဲ့သူ သုံးတာတွေ့ရပါတယ်။ ကျွန်မတို့ နတ်မောက်အိမ်ကို ပြောင်းလာ တော့ သူ့အခန်း အတွက် ခုတင်၊ အဝတ်ဗီရို၊ စားကြည့်စားပွဲကအစ အားလုံးရိုးကုမ္ပဏီက အကောင်းစား ချည်း တက်ဝယ်ပြီး ကျကျနနလှလှပပ ပြင်ဆင်ထားတာပါ။ အကောင်းစား ကြိုက်တတ်တာ၊ အလှအပ ကြိုက်တာ၊ ဓာတ်ပုံနဲ့ ကဗျာ ဝါသနာပါတာကတော့ ကျွန်မနဲ့ တူပြန်ပါရော။
ကျွန်မနဲ့ကလည်း သားအမိသာ ဆိုတယ် အသက် (၁၉)နှစ်ပဲ ကွာတာဖြစ်လို့ မောင်နှမလို သူငယ်ချင်း လို ပေါင်းလို့ရပါတယ် အမေကိုလည်း လှစေချင်လိုက်တဲ့ဖြစ်ခြင်း၊ ကျွန်မ လမ်းလေ၊ျှာက်တာ မလှလို့ တဲ့ ယောကျာ်းဆန်လို့တဲ့။ ခါးနွဲ့ပြီး ဘယ်လိုခြေလှမ်းပြီး လျှောက်ရတယ် ဆိုတာကအစ သင်ပေးသေးတာ။ ကျွန်မ က အဲလို ကနွဲ့ကလျ လျှောက်နေဖို့ အချိန်ရှိတဲ့ မိန်းမမှ မဟုတ်ဘဲ။ လုပ်စားတဲ့အလုပ်က ရုပ်ရှင် မင်းသမီးဆိုရင်လည်း ဟုတ်သေးရဲ့ပေါ့။ ဓာတ်ပုံဆရာမ ဆိုတာက သွက်နိုင်မှ လျင်နိုင်မှ ပုံကောင်းတစ်ခု ရတာ မဟုတ်လားနော်။

ကျွန်မတို့ သားအမိက ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်။ သူ ဘယ်မိန်းကလေးကို သဘောကျတာ ကအစ အမေ ကို လာပြောတာလေ။ ရယ်လည်း ရယ်ရတယ်။ သနားလည်း သနားမိရဲ့။ အချစ်ဆိုတာ စပြီး ခံစားတတ် တဲ့ ငယ်ငယ်ရွယ်ရွယ် အသက် (၁၅)နှစ်မှာပဲ အသည်းကွဲဇာတ်လမ်းနဲ့ တိုးတော့တာပဲ။ မမသန်း ဆုံးခါနီးက မန္တလေးကို ခေါ်သွားခဲ့တဲ့ အခေါက်တုန်းကပေါ့။ သူကဆယ်တန်းဖြေတဲ့နှစ်။ ကလေးမလေး က တက္ကသိုလ်ကျောင်းသူတောင် ဖြစ်နေပြီ။ သူ့ထက် သုံးလေးနှစ် ကြီးမယ် ထင်ပါရဲ့ မမနဲ့ မောင်လေး အပါနဲ့ မမထား ဇာတ်လမ်း ဆိုပါစို့။
မိသားစုချင်းကလည်း ရင်းနှီးခင်မင်နေတာ့ ဝင်ထွက်သွားလာနေတာပေါ့။ မန္တလေးရောက်တယ်ဆို စားအိမ် သောက်အိမ် ဖြစ်နေ တာပါ့။ မိန်းကလေးကို စိတ်ဝင်စားပြီး ဖြစ်တာနဲ့ မောင်လေး မပြန်နိုင် တယ် ဖြစ်ပါရော လေ။ ကျောင်းပိတ်ရက်မှ တစ်ချိန်လုံး မန္တလေးကို ရောက်နေတော့တာပဲ။ မိန်းကလေးကို ချစ်ခွင့်တောင်း တော့ ဟိုက ချစ်သူသက်ထား ရှိထားနေပြီးသားတဲ့လေ။ ဒါနဲ့ ကျန်စစ်မင်းလေး တပ်ခေါက်ပြီး ရန်ကုန်ြုပန်တော့မယ် နှုတ်ဆက်တော့ကလေးမက မပြန်ပါနဲ့ ဦးလို့ တားတယ်တဲ့။ မပြန်စေချင်သေးတဲ့ အကြောင်း အရင်း ကလည်း ကြည့်ပါဦး။ သူ့အိမ်က ချစ်သူနဲ့ သဘောမတူလို့ ကျောင်းပိတ်ရက်မှာ ဆက်သွယ်ဖို့ ခက်ခဲ နေတာကြောင့် ဝင်း ကို စာပေးစာယူ လုပ်ပေးဖို့ အကူအညီတောင်းတာတဲ့။

ချစ်မမက လက်မခံလို့ အသည်းဟက်တက်ကွဲနေတဲ့ မောင်ကျန်ရစ်ကလေးက အဲဒါကိုြုကည်ဖြူစွာနဲ့ လုပ်ပေးသေး တာလေ။ ကျောင်းပြန်ဖွင့်မှ အောင်သွယ်ဂျူတီပြီးလို့ ရန်ကုန်ကို ပြန်လာတာနော်။ ဒါလောက် ခံစားရ တာတောင် မှတ်သေးတာ မဟုတ်ပါဘူး။ ချစ်မမရဲ့ ဓာတ်ပုံကို သူ့ရေချိုးခန်းထဲက မျက်နှာသစ်ရေစင်က မှန်မှာ ကပ်ထားတာ။ အိပ်ရာက နိုးနိုးချင်း အလွမ်း ပြေကြည့်ဖို့ ဖြစ်မှာပေါ့။ ပြန်ရောက်လို့ ကျွန်မကို ဇာတ်စုံ ခင်းပြတော့ ခံစားတတ်တဲ့ ကျွန်မက သားကို သနားပြီး ရင်များတောင်နာလို့။း
ဒီလိုနဲ့ နောက်ပိုင်း ကျတော့လည်း ရန်ကင်းဥပစာကို တက်ရတော့ သူငယ်ချင်းတွေနဲ့ တရုန်းရုန်း ဖြစ်နေတော့ လည်း အသည်းက ဒဏ်ရာက သက်သာသွားတယ် ထင်ပါရဲ့။ ဒုတိယနှစ်အရောက်မှာ မိငယ်ဆိုတဲ့ အလှမယ်တစ်ဦးနဲ့ တွဲဖြစ်ပြန်ပါရော။ အိမ်ကိုလည်း ကျောင်းအပြန်မှာ လိုက်လိုက်လာ တတ်လို့ ကျွန်မတို့နဲ့လည်း ရင်းနှီးခင်မင်နေပါတယ်။ လူတွေရဲ့ ကံတရားဆိုတာကလည်း တော်တော်လေးဆန်းကြယ်သားပါ။ ဒီလမ်းကိုရွေးပြီး ဒီလိုသွားမယ် အားခဲပြင်ဆင်ထားပေမဲ့ တကယ်တမ်းကျတော့ ဖြစ်ချင်မှဖြစ်တာနော်။ ဒါကြောင့်လည်း ကြံတိုင်းလည်းမဖြစ်၊ မကြံဘဲနဲ့ လည်းဖြစ် အဆိုရှိခဲ့တာ ထင်ပါရဲ့။

သားက မိငယ်ကို ချစ်ကျွမ်းဝင်စပြုနေပြီလို့ စာမေးပွဲပြီးရင် ချစ်ရေးဆိုပြီး အဖြေတောင်းတော့ မယ်လို့ကျွန်မ ကိုပြောပါတယ်။ ကျွန်မကိုတင်မကပါဘူး သူ့ရဲ့အလှမယ်လေးကိုလည်း စာမေးပွဲပြီး ရင်မေးစရာရှိတယ် ဆိုတာ ကြိုတင်ပြီး အသိပေးထားပြီးသားပါ။ နှုတ်ကသာ ဖွင့်မပြေကြသေးတာ။ တစ်ဦးရဲ့သဘောကို တစ်ဦးက နားလည်မှုရှိစွာနဲ့ ရင်ထဲမှာတော့ ခံစားချက်ကိုယ်စီက ရှိထားကြပြီးသား ဖြစ်မယ်ထင်ပါရဲ့။

စားမေးပွဲပြီးတဲ့နေ့ကျတော့ မိငယ်ကသားကိုပြောတယ်တဲ့။ "မန္တလေး ဆေးကျောင်းကိုတက်ဖို့ သွားကြည့် ရဦးမယ်၊ ပြန်လာမှပဲ မင်းမေးချင်တာ မေးပါ၊ မင်း ဘာမေးမယ် ဆိုတာတာလည်း တို့ သိပြီးသား၊ တို့မှာလည်း အဖြေရှိပြီး သား၊ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့။ တိုးပေးမယ့် အဖြေက မင်းစိတ်ချမ်းသာမယ့် အဖြေ ဖြစ်မှာပါ"ဆိုတော့လည်း သားကအားတွေတက်ပြီး ကျေနပ် ပျော်ရွှင်နေပါတယ်။
ကျောင်းပိတ်ရက် ဆိုတော့လည်း အားလပ်နေကြတာမဟုတ်လား။ ဆယ်ကျော်သက် တွေ ဆိုတော့ အေးအေးနေကြ တာ မဟုတ်ဘူး။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့တရုန်းရုန်း သွားလိုက်ကြ၊ စားလိုက်ကြ နဲ့ အချိန်ဖြုန်းကြတာပေါ့။ တစ်ညနေမှာ ခြံထဲကို ကားတစ်စီးထိုးဆိုက်လာပါတယ်။ တရုတ်မချောချောလေး တစ်ယောက် ဆင်းလာပြီး "၀င်း"ရှိလားမေးတော့ ကျွန်မလည်း ခေါ်ပေး လိုက်ပါတယ်။ သမ္မတရုံ မှာ ရုပ်ရှင်အတူကြည့်ဖို့ လာခေါ်တာတဲ့။ ၀င်က အပေါင်းအသင်းကလည်း အများသား။ အထူးသဖြင့် သူ့ သူငယ်ချင်းတွေက ခေတ်ရှေ့ပြေးနေကြတဲ့ ကပြားမလေးတွေ၊ တရုတ်မလေးတွေလေ။ အားလုံးက အနောက်တိုင်း ဆန်ဆန်တွေ ချည်းမို့ လွတ်လွတ်လပ်လပ် တွဲပြီး သွားလာနေတာက ရိုးနေပါပြီ။

ဒီတစ်ခါတော့ ရုပ်ရှင်က ပြန်လာပြီး သားကမျက်နှာပျက်ပျက်နဲ့ "မာမီရေ...သားတော့ ဒုက္ခပဲ"တဲ့။
"ဘာဖြစ်လို့လဲ" လို့မေးသာ မေးရတယ်။ သူမျက်နှာပျက်နေတာ ကြည့်ပြီး ရင်ထဲမှာတော့ စိတ်ပူနေ ပြီလေ။
"သားက မိငယ် ကိုအဖြေတောင်းဖို့ ဆုံးဖြတ်ထားပြီးသား၊ ခု အားလုံး ပျက်စီးသွားပြီး၊ မဖြစ်နိုင် တော့ဘူး"တဲ့။
သူပြောတာ ကို နားမလည်နိုင်တာနဲ့ ဆက်နားထောင်ရပါတယ်။
အဖြစ်က ဒီလိုပါ။ ရုပ်ရှင်ကို နှစ်ယောက်တည်း အတူသွားကြည့်ကြတော့ သတ်ခန်းဖြတ်ခန်းတွေနဲ့ သည်းထိတ် ရင်ဖို ဖြစ်စရာတွေလည်း မြင်ရော မကြည့်ရဲပါဘူး။ ကြောက်လှချည့်ရဲ့ဆိုပြီး သားရင်ခွင် ထဲခေါင်းဝှက်ပြီး ၀င်တိုးလေတယ် တဲ့။ ဒါနဲ့သားက ပခုံးကိုဖက် နှစ်သိမ့်ရင်း စိတ်ကိုမထိန်းနိုင်ဖြစ် လာလို့ရင်းနှီးမှုရှိသွားတယ် ဆိုပါတော့။ နီးစပ်ခြင်း ဟာ ဘယ်လောက်ကြောက်စရာကောင်းလဲ ဆိုတာလက်တွေ့ကြုံရခြင်းပါပဲ။

အသည်းနှလုံးနဲ့ ချစ်သောသူက တစ်ယောက်၊ နီစပ်မှုရမ္မက်ကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိသူက တစ်ယောက်၊ သားကညိုမှိုင်းနေတဲ့ မျက်နှာနဲ့ ပြောပြတော့ ကျွန်မရင်ထဲမှာ သား အစား ကြေကြေ ကွဲကွဲဖြစ်ရပါတယ်။
"သား ဘာလုပ်ရမလဲဟင်၊ မာမီ၊ မိငယ် ပြန်လာရင် သားသူ့ကို ချစ်ခွင့်မပန်ဘဲထားလိုက်တော့ မယ်၊ မော်နီကာ နဲ့ ဒီလို နီးနီးစပ်စပ်ဖြစ်ပြီးမှတော့ သားသူ့ကို ထားခဲ့ဖို့ မသင့်တော့ဘူးလေ"တဲ့။
သား စဉ်းစားတာလည်း မှန်ကန်တာမို့ ကျွန်မလည်း စိတ်မကောင်းစွာနဲ့ပဲ နားထောင်နေလိုက်ရပါ တယ်။ အမှန်က အသည်းနှလုံးနဲ့ချစ်ရတဲ့ မိငယ်က သားရဲ့ချစ်သူ ဖြစ်ရမဲ့အစား မထင်မှတ်ဘဲနဲ့ နီးစပ်လိုက် တဲ့ မော်နီကာက သားချစ်သူအဖြစ် နေရာယူထားနိုင်တာက ကံတရားရဲ့အလှည့် အပြောင်းလေးတွေ လို့ပဲ ပြောရ မလား၊ ဒါမှမဟုတ် အနေအထိုင် မဆင်ခြင်မှုရဲ့ ရလဒ်အမှားလို့ပဲ ပြောရမလား မသိတော့ပါဘူး။ ကျွန်မ ရင်ထဲမှာတော့ သားနဲ့ထပ်တူ ဝေဒနာကို ခံစားနေမိပါတယ်။

ဒီလိုနဲ့ မိငယ်တစ်ယောက် မန္တလေးက ပြန်ရောက်လာပါရော။ သူ့ကိုမေးမယ်ဆိုတာ အခုမေးပေ တော့လို့ ကြည်ကြည်နူးနူး နဲ့ ခွင့်ပြုစကား ဆိုပေမဲ့ သားခမျာ မေးစရာ မေးခွန်းက မရှိတော့ဘူး လေ။ သူ့ရဲ့အမှား တစ်ခုကြောင့် မေးစရာအကြောင်း မရှိတော့ပါဘူးလို့ မျက်နှာညိုညိုနဲ့ ၀န်ခံ လိုက်ရပါတယ်။ ဟုတ်တာပေါ့။ အမှားတစ်ခု လုပ်မိရင် အကြောင်းမရှာနဲ့၊ မကာကွယ်နဲ့။ ကိုယ့် ကိုယ်ကိုယ်လည်း မညာနဲ့။ သူများကိုလည်း မညာနဲ့ ။အမှန်အတိုင်း ရင်ဆိုင်လိုက်တာက စိတ်ရှင်း တာပေါ့နော်။
မိငယ်လေးသည် အပြောင်းအလဲမြန်တဲ့ သားကိုနားမလည်နိုင် ဖြစ်သွားရှာမှာပါပဲ။ လူ့ဘ၀ဆိုတာ တစ်ခါတလေ လုပ်ချင်တာကို လုပ်ခွင့်မသာဘဲ မလုပ်ချင်တာကို လုပ်သင့်တာကြောင့် လုပ်ရတာ နဲ့အခြေ အနေတွေ ပြောင်းသွားကြရတာလည်း ရှိတာပါပဲနော်။
သိပ်တော့ အချိန်မကြာလိုက်ပါဘူး။ သုံးလေးလ မော်နီကာနဲ့ တတွဲတွဲလုပ်နေရာက တစ်နေ့ ကျွန်မကို သားက လာပြီး ရင်ဖွင့်ပါတယ်။ "မာမီ..သားနဲ့ မော်နီကာ လမ်းခွဲခဲ့ကြပြီ"တဲ့။ သားရဲ့မျက် နှာက နာကြည်းခံခက်တဲ့ အရိပ်အယောင်တွေ ပေါ်နေလေရဲ့။

"ဘာဖြစ်လို့လဲ"လို့ ကျွန်မက မေးတော့...
မော်နီကာတို့ မိသားစုက မြန်မာတိုင်းရင်းသား မဟုတ်ကြဘူးလေ။ ဟောင်ကောင်မှာ စီးပွားရေး ကုမ္ပဏီကြီး တစ်ခု ပိုင်တဲ့ငွေရှင်ကြေးရှင် သူဌေးတွေပေါ့။ ရန်ကုန်မှာ စီးပွားရေးတွေလည်း ရှိတာမို့ ဒီမှာ လာနေကြပြီး မီဘတွေက ဟောင်ကောင်နဲ့ ရန်ကုန်ကူးနေသူများပါ။ သားနဲ့မော်နီကာတတွဲ တွဲဖြစ်နေတာကို သူ့အမေ က ဟောင်ကောင် ကို ပြန်နေတဲ့အခိုက်မို့ မသိရှာဘူး။ ပြန်ရောက်လာ တော့မော်နီကာက သူ့မှာချစ်သူရှိနေပြီ၊ ဘယ်သူ ဘယ်ဝါ ဆိုတာကို သူ့အမေကိုပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။
အဲဒီမှာ ပြဿနာအကြီးအကျယ် တက်တော့တာပဲ။ သူ့သမီးကို လူမျိုးခြားတဲ့ မြန်မာနဲ့ မပေးစား နိုင်ပါဘူး။ စီးပွားရေး အရ ကြည့်ပြန်တော့လည်း ကျွန်မတို့က သာမန်လူတန်းစား။ မတူမတန်ဘူး ဆိုတဲ့အခြေအနေမှာ ရှိနေ တယ်ပေါ့။ ဒါ့အပြင် မော်နီကာကိုလည်း အင်္ဂလန်ပြည်ပို့ပြီး ဘွဲထူးကြီး တွေရယူဖို့ ဆုံးမ ပါတယ်။ မော်နီကာ ကလည်း လိမ္မာတဲ့သမီးဖြစ်တာမို့ အမေရဲ့စကားကို နား ထောင်ပြီးသူ့ အမေ ပြောတဲ့ အတိုင်း သားကိုရှင်းပြပြီး လမ်းခွဲကြဖို့ တောင်းဆိုလေတယ်ပေါ့။

ဒါကြောင့် သားက ကျေကျေနပ်နပ်နဲ့ လမ်းခွဲလာခဲ့တယ်တဲ့။ ကျွန်မမှာ ကြားထဲက သားအတွက် စိတ်မကောင်းတွေ ဖြစ်လို့။ အချစ်ရေး ကံမကောင်းတဲ့ သားကိုလည်း သနားမိပါရဲ့။ ဒီလိုနဲ့ သားလည်းကြို့ကုန်း က စက်မှုတက္ကသိုလ် ပထမနှစ် စပြီးတက်ရပြီဆိုတော့ စာကိုပဲဖိပြီး ကြိုးစား နေ ရှာပါတယ်။ မော်နီကာကို မေ့မေ့ပျောက်ပျောက်ရှိလှပြီ ထင်ပါရဲ့လို့ တွေးထင်နေဆဲတစ်နေ့ မထင်မှတ် မမျှော်လင့် တဲ့ စကားတစ်ခွန်း သားဆီက ကြားရတော့ ကျွန်မအံအားလည်းသင့်၊ ရင်ထဲမှာလည်း နင့်သွားတော့တာပါပဲ။
"မာမီ၊ သား အမေရိကား ကို သွားပြီး ပညာသင်ချင်တယ်"တဲ့။
"သားရယ်၊ ကြံကြီးစည်ရာ၊ နီတဲ့ခရီးလည်းမဟုတ်ဘူး၊ မင်းပဲစိတ်ကူးရတယ်၊ အံ့ပါရဲ့"လို့ဆိုတော့..
သားမော်နီကာရဲ့အမေ အထင်သေးတာကို မခံချင်ဘူး၊ သားနဲ့ သူ့သမီး မတူမတန်ဘူးဆိုတာ ကိုခံရခက်တာပါ။ သူ့သမီး အင်္ဂလန် က ဘွဲ့တွေယူနိုင်သလို သားလည်းကြိုးစားရင် အမေရိကန်က ဘွဲ့တွေ ယူနိုင်ရမှာပေါ့။ တစ်နေ့သားေ အာင်မြင်တာ ကို သူတို့ကို ပြချင်တယ်၊ မာမီလည်း သား အတွက်ဂုဏ်ယူနိုင်အောင်ပေါ့"တဲ့။

ကျွန်မ မျက်ရည်တွေ ပေါက်ပေါက်ကျလာတော့တာပဲ။ ရင်ထဲမှာ သားစကားကြောင့် ကြေကြေမွမွ နာနာကျင်ကျင် ခံစားရပါတယ်။ နာကျင်တဲ့အထဲကပဲ သားရဲ့ထားရှိတဲ့ မှန်ကန်သော မာန အတွက် ကြောင့် ကျေနပ် ဂုဏ်ယူမိတာ အမှန်ပါ။ ရည်းစားကွဲတာနဲ့ ဘ၀ပျက်အောင် အရက်သောက် အရှုံး ပေးတဲ့ ပျော့ညံ့တဲ့စိတ်ထားမျိုး မရှိတာ ကိုဘဲ ၀မ်းသာကျေးဇူးတင်ရသေးရဲ့။
"မာမီ ခွင့်ပြုသဘောတူမယ်ဆိုရင် သားအစီအစဉ်တွေကို ဆက်လုပ်ရုံပဲ၊ အားလုံး စုံးစမ်းစီစဉ်ထား ပြီးသား၊ မာမီသားကို ကူညီဖို့ပဲ လိုတယ်"တဲ့။
အသက်က တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတဲ့ငယ်ရွယ်တဲ့သားကို ရေခြားမြေခြား၊ ကမ္ဘာတစ်ခြမ်းခြားပြီး လွှတ်ရမှာကိုလည်း စိတ်မချ။ အဝေးကြီးခွဲခွာရမှာကိုလည်း မခွဲချင်။ သူ့ရဲ့ စိတ်ဆန္ဒပြင်းပြနေတာ ကိုလည်းပိတ်ပင် မတားဆီးရက်နဲ့ အနေခက်၊ အတွေးခက် ဖြစ်နေပါတော့တယ်။ မိခင်တစ်ယေက် အဖြစ်ကို ရလာတဲ့သူတိုင်းဟာ ပြဿနာတစ်ခု ကြုံလာရင် အရင်လို တစ်ဖက်တည်း စဉ်းစားလု့ မရတော့ဘူးနော်။ အမြဲတမ်း နှစ်ဖက်မျှပြီး စဉ်းစားရတော့တာပဲ။ တစ်ဖက်က ကိုယ့်အတွက်၊ တစ် ဖက်ကသားသမီးအတွက်၊ တကယ်ဆုံးဖြတ်ချက်ချပြီ ဆိုရင်သားသမီးအတွက် အလေးပိုမြဲပါပဲလေ။

မိခင်တစ်ယောက်ရဲ့ မေတ္တာဆိုတာ ရယူခြင်းထက် စွန့်လွှတ်ရခြင်းတွေက ပိုပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာရေး ထက် သားသမီး စိတ်ချမ်းသာရေး၊ ကြီးပွားတိုးတက်ရေးကို စဉ်းစားရမှာပါပဲ။ စားဆိုရှင် Aristotle ပြော သလိုပေါ့။ "ကောင်းမြတ်တဲ့ အဆုံးအဖြတ်တွေ မှန်သမျှက အနုပညာလို ပဲ၊ လုပ်နိုင်စွမ်းဖို့ အလွန် ခက်ခဲပါတယ်တဲ့၊ ခက်ခဲတာနဲ့အမျှ အကျိုးထူးကို ရယူနိုင်တယ်"လို့ ဆိုပါ တယ်။
နောက်ဆုံးတော့ ကျွန်မလည်း ခက်ခဲတဲ့အဆုံးအဖြတ်ကို အသည်းနှလုံးနဲ့ရော၊ ဦးနှောက်နဲ့ပါ စဉ်းစားပြီး သားရဲ့စိတ်ချမ်းသာရေး၊ တိုးတက်အောင်မြင်ရေးကို ဦးစားပေးပြီး သူ့ဆန္ဒအတိုင်း သွားခွင့်ပြုလိုက်ပါတယ်။ ဆုံးဖြတ်လို့သာ ဆုံးဖြတ်ရတယ်။ တကယ်လက်တွေ့မှာ အမေရိကားလို နေရာမျိုးမှာ လူခံတစ်ယောက်မှမရှိဘဲ ပညာသင်သွားဖို့ ဆိုတာကလည်း ရင်လေးစရာကြီးပါပဲ။ သားကတော့ စိတ်အားတက်ကြွနေလေရဲ့။ သူ့မှ အစီအစဉ်တွေ မေးမြန်းစုံစမ်းပြီး လုပ်ထားတာ ရှိပါတယ်။ "မာမီ ပူမနေနဲ့" တဲ့။

"ဟဲ့... ပူရတာပေါ့၊ ဒါ ရန်ကုန်ကနေ မန္တလေးသွားတဲ့ကိစ္စမဟုတ်ဘူး၊ ကမ္ဘာတစ်ခြမ်းခြားပြီး သွားရ မှာ၊ ဟိုမှာဘယ်သူ့မှ လည်း ရှိတာမဟုတ်ဘူး၊ သားမို့လို့ပဲစဉ်းစားတယ်၊ ဘယ်ကျောင်း က ကောင်း လို့ ကောင်းမှန်းမသိ" ဆိုတော့..
သားက ရယ်ကျဲကျဲနဲ့ "သားက အင်ဂျင်နီယာကျောင်းထဲက နာမည်ကြီး MIT တက္ကသိုလ်ကို ၀င်ခွင့်ရမှာ မာမီရ"။ အဲဒီကျောင်းက ၀င်ခွင့်ရဖို့ လွယ်တာမဟုတ်ဘူး။ သားစာမေးပွဲဖြေပြီးလို့ အခု Full Bright ဖောင်ဒေးရှင်းက သား ဖြေတာအဆင့်မီလို့ အမေရီကားကို အသွားအပြန် လေယာဉ် စရိတ်နဲ့ စာအုပ်ဖိုးအားလုံးကို စာသင်ဆုချီးမြှင့်ပေးမှာတဲ့။ မာမီကကျောင်းလခဖိုးပဲ ပေးရမှာ၊ ကျန်တာသူတို့က အကုန်တာဝန်ယူပြီးသားဗျ" တဲ့။
"ကြည့်စမ်း...ခွေးကောင်လေး၊ ဒါတွေ မာမီ့ကိုဘာမှမပြောဘဲ လျှောက်လုပ်ထားတယ်ပေါ့လေ"နဲ့ ကျွန်မက အပြစ်တင်တော့...
"ရမလား၊ မရလား မသေချာလို့ မပြောသေးတာပေါ့။ သားသံရုံးသွားတော့ ရယ်စရာ ကောင်းတာ မာမီ့ကို ပြော ရဦးမယ်။ သားက အမေရိကား သွားချင်တာ ဘယ်ကစပြီး လုပ်ရမှန်းမသိဘူး။ ဒါနဲ့ ကျောင်းက ပါမောက္ခဆရာဦးကျော်သက် ကို သွားပြီးပြောတယ်။ ဆရာက သံအမတ်ကြီးဆီ စာရေးပေးလိုက်တော့ သွားတွေ့ တာပေါ့။ ဆရာရဲ့ လက်ရေးကို သံအမတ်ကြီးက ဖတ်လို့မတတ် ဘူး။" ငါမဖတ်တတ်ဘူးကွာ။ မင်း ဘာအတွက် လာသလဲဆိုတာပဲ ပြောစမ်းပါဦးတဲ့။

သားက ကျောင်းတက်ချင်တဲ့ကိစ္စ ပြောပြပြီး ဘာလုပ်ရမလဲ မေးကြည့်တော့ စာမေးပွဲလာပြီး ဖြေတဲ့ အဲတော့ သူစီစဉ်ပေးတဲ့ရက်မှာ သွားပြီးဖြေလိုက်တယ်၊ သားရဲ့အမှတ်က အဆင့်မီလို့ စာသင်ဆုအဖြစ် စာအုပ်ဖိုး နဲ့ လေယာဉ်လက်မှတ် အသွားအပြန်ရမယ်၊ ကျောင်းဝင်ခွင့်အားလုံး လည်းစီစဉ်ပေးမယ်ဆိုပြီး ပြောလိုက်တာပဲ၊ ဖတ်မရတဲ့ ဆရာ့စာကျေးဇူးပဲ"တဲ့။
ဒီတော့်မှ ကျွန်မလည်း ဇာတ်ရည်လည်ပါတော့တယ်။ ကျွန်မတို့ ကျခံရမဲ့ကျောင်းလခကလည်း ဒ်ါလာနဲ့ ပေးရမှာလေ။ ဒါ့အပြင် ပြည်ပက လာတတ်တဲ့ International Studentဆိုရင် သူတို့ အမေရိကန်ကျောင်းသားတွေနဲ့ ဈေးချင်းတူတာ မဟုတ်ဘူး။ သုံးလေးဆပိုပေးရတာပေါ့။ သားရဲ့ ၀င်ငွေ ကလည်း မန္တလေးက တိုက်နှစ်လုံး ငှားထားခ့ (၇၀၀)ပဲရတာဖြစ်တော့ ကျောင်စရိတ် မပြည့် မီဘူးပေါ့။ ဒါတောင် အဲဒီအချိန်က ဒေါ်လာဈေးက သုံးကျပ်ခွဲပဲ ရှိတာနော်။ တရားဝင်ဘဏ်တိုက် မှာကြိုက် သလောက် ဒေါ်လာဝယ်ယူခွင့်လည်း ရှိပါတယ်။
သားအတွက် ကျောင်းစရိတ် စိုက်ပေးစရာ ကျွန်မမှာ ငွေပိုကလည်း တစ်ပြားမမရှိဘူး။ ရောင်းချစ ရာလက်ဝတ်ရတနာ ကလည်း မရှိသလောက်ဖြစ်နေပါပြီ။ ဒီတော့ မန္တလေးက တိုက်တစ်လုံးကို ဘဏ်မှာ အပေါင်ထားပြီး ငွေချေးဖို့ စိတ်ကူးရတော့တာပါပဲ။ ဘဏ်ဥက္ကဌက ဦးအေးကျော်ပါ။ ကျွန်မနဲ့လည်း ရင်နှီးခင်မင်တာ မို့ ဦးအေးကျော်က အပေါင်မထားဘဲ တစ်ခါတည်း ရောင်းလိုက်ဖို့ အကြံပြုပါတယ်။ ပေါင်ရင် အတိုးတွေတက် မှာနဲ့ နစ်နာတယ်ပေါ့။

ဦးအေးကျော်ရဲ့ ကောင်းမြတ်တဲ့ အကြံပေးတာကို မိုက်မဲတဲ့ ကျွန်မက နားမထောင်ဘူး။ ကျွန်မမှာ အားနည်းချက် တစ်ခုရှိပါတယ်။ အဲဒါကတော့ အတွယ်အတာ အစွဲအလမ်းကြီးခြင်းပါပဲ။ ချစ်တဲ့ သူ တွေကို တွယ်တာရုံတင်မကသေးဘူး။ သူတို့နဲ့ ဆက်နွယ်တဲ့သက်မဲ့ပစ္စည်းတွေ အထိလိုက်ပြီး တွယ်တာတတ် တာမျိုးလေ။ ကျွန်မသေရင် လွှင့်ပစ်ရမဲ့ ပစ္စည်းတွေ၊ သူငယ်ချင်းနဲ့ ချစ်သူဆီက ရထားတဲ့ မှတ်မှတ်ရရ ပစ္စည်းတွေ၊ စက္ကူစုတ် ကအစ ပန်းခြောက်တွေအထိပေါ့။ တခြားသူတွေအ တွက်အဓိပ္ပာယ်မဲ့ပစ္စည်းတွေဖြစ်ပေမဲ့ ကျွန်မ အတွက်ကတော့ မက်မောစရာတွေချည်းပါပဲ။
ခုလည်း ဒီတိုက်က မမသန်းခေါင်းချခဲ့တဲ့တိုက်မို့ မရောင်းရက်ဘဲ ပေါင်ချင်တာပါ။ ကျွန်မအလုပ် တွေကြိုးစား လုပ်ပြီး တစ်နေ့ပြန်ရွေးမယ်ပေါ့။ တကယ်က ကျွန်မစိတ်ကူးယဉ် သလို ဖြစ်မလာပါဘူး။ လပေါင်းများစွာ အတိုးတွေ ပေးခဲ့ရပြီး နောက်ဆုံးမရွေးနိုင်လို့ ဘေးကျပ်နံကျပ်ဖြစ်ခါမှပဲ မျက်ရည် လည်ရွဲ နဲ့ရောင်းလိုက် ရတာပါ။ မိတ်ဆွေကောင်းရဲ့ အကြံဥာဏ်ကောင်းကို နားမထောင်မိတဲ့ မဟာ အမှားပါပဲ။

ထားပါတော့။ ဘဏ်တိုက်က ချေးလို့ရတဲ့ငွေအားလုံးကို သားလက်ထဲထည့်ပေးလိုက်ပါတယ်။ တစ်နှစ်စာ ကျောင်းလခနဲ့ သူရဲ့နေရေးစာရေးအတွက်ရောပေါ့။ သူတစ်ပါးတိုင်းပြည်မှာ အားမငယ် ရဖို့ကလည်း အရေးကြီးသေးတယ်မဟုတ်လားနော်။ ဒီလိုနဲ့ ပြည်ပ ထွက် ဖို့ နိုင်ငံကူး လက်မှတ် လျှောက် တာကလည်း ဘာမှမကြာလိုက်ဘဲ လက်ထဲရောက်လာပါတယ်။ သွားဖို့ အတွက်လှုပ်ရှား ရတဲ့ကိစ္စအ၀၀ က နှစ်လလောက်နဲ့ ပြီးသွားပါလေရော။ အရာရာ လွယ်ကူချောမောပေမယ့် နောက် ဆုံးရင်ဆိုင်ရ မယ့် ပြဿနာတစ်ခုကိုတော့ ကျွန်မတို့အားလုံးက တွေးပြီးရင်လေး ကြောက်ရွံ့နေကြ တာပါ။

သားသွားမယ်ဆိုတဲ့ကိစ္စ မာမီ့ကို လုံးဝမဟရဲပါဘူး။ အားလုံး ဖုံးဖုံးဖိဖိ လုပ်ထားကြ တာပါ။ မြေးဦး ဆို တော့သည်းသည်းလှုပ်ချစ်တာမဟုတ်လား။ ခုလိုအဝေးကြီးခွဲခွာသွားမှာကို ပြောပြလိုက်ရင် စိတ်ထိ ခိုက်ပြီး ရောဂါပြန်ဖောက်လာမှာကို စိုးရိမ်နေမိတာမို့ မတတ်သာလို့ အရဲစွန့်ပြီး ပြောသာပြောရ တယ်။ ရင်ထဲမှာတော့ တထိတ်ထိတ်နဲ့ပေါ့။ အဖြစ်က ကျွန်မတို့ ထင်ထားနာနဲ့ တခြားစီနော်။ မာမီက ကြည်ကြည်လင်လင်နဲ့...
"ပညာရေး အတွက် သွားတာပဲ၊ အားပေးရမှာပေါ့"တဲ့။ "ပညာတတ်တစ်ယောက်ဖြစ်ဖို့က ပိုအရေး ကြီးတယ်၊ သွားပါစေ"တဲ့လေ။ ကျွန်မတို့မှာ အံ့သြလိုက်ရတာ။ တကယ်က ကျွန်မအမေ ခေတ်မီမီ လက်တွေ့ကျကျ စဉ်းစားတတ် သူ ဆိုတာကို စိတ်အပူလွန်ပြီး မေ့နေကြတာကိုး။ ဒီနော့မှ ကျွန်မတို့ လည်းအသက်၀၀ ရှူနိုင် ပါတော့တယ်။

မာမီ ပြောတာလည်း အမှန်ပါပဲ။ သားသမီးဆိုတာ ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်မျက်စိအောက်မှာ အကျဉ်းချသလို လုပ်ထားလို့ ရတာမျိုးမှ မဟုတ်တာနော်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်အ သွေးအသားကို ရင်းပြီးသူ့တို့ခန္ဓာကိုယ်ဖြစ်လာအောင်သာ တည်ဆောက်ပေးနိုင်တာပါ။ ပညာရမှု၊ တိုးတက်အောင်မြင်မှု၊ အမြင် ကျယ်ဝန်းမှု၊ အသိတရား ကြွယ်ဝမှုစတဲ့ စိတ်ပိုင်းဆိုင်ရာတွေကျတော့ သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှသာ ရယူနိုင်တာမို့ ကောင်းမြတ်တဲ့စေတနာနဲ့ ကိုယ့်ရင်ခွင် ကစွန့်လွှတ်နိုင်ခြင်း ဆိုတဲ့ အားကိုပဲမွေးရပါတော့တယ်။
ကောင်းမြတ်တဲ့စေတနာ ဆိုတဲ့အထဲမှာ မေတ္တာနဲ့အတူ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ အောင်မြင် တိုးတက်စေလိုခြင်း၊ ဘေးအန္တရာယ်ကင်းဝေစေလိုခြင်းအပြင် အရာရာကို ရင်ဆိုင်နိုင်မယ့် သတ္တိကို မွေးနိုင်စေလိုခြင်း စတဲ့အပြုသဘောရှိတဲ့ တန်ဖိုးတွေ အကုန်ပါတာမို့ ခွဲခွာသွားတော့မဲ့ သားရဲ့ နုထွေးထွေး မျက်နှာလေးကိုကြည့်ရင်း တောက်ပရွှန်းလက်တဲ့ အပြုံးတစ်ခုကိုတော့ ကျွန်မ ကြိုးစား ပြုံးပြပြီး နှုတ်ဆက် လိုက်နိုင်ရပါတယ်လေ။

ဆက်ရန်
.

2 comments:

Anonymous said...

ဖတ်လို့ ကောင်းလိုက်တာ မမရွေစင်ရယ်။

ကျေးဇူးအများကြီးတင်ပါတယ်


KKN

mo said...

really thank you, ma Shwe Zin, little sisters and brothers who have been typing this post. Without your kind help, we cannot read such a good piece of writing. Also wish the author to be healthy and happy!