Wednesday, January 16, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၃၆)

ထိုညက ကိုကြည်စိုးတို့အိမ် အပေါ်ထပ်တွင် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော အ စည်းအဝေးကို ကျွန်တော် တို့ လျှိ့ဝှက်စွာ ပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ထားဝယ်ခရိုင်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အဆက်အသွယ်များကို ဆွေးနွေးကြသည်။ ထို့နောက် ရန်ကုန်မှ ပို့လိုက်သော "ဖက်ဆစ်ဂျပန် တို့အား တိုက်ထုတ်ကြ" ဟူသော စာတမ်းကို ဖတ်ပြပြီး ယင်းစာတမ်းကို စာကူးစက်ဖြင့် လှည့်၍ နေရာနှံ့ အပြား ဖြန့်ဝေရန် ဆုံးဖြတ်ကြသည်။ 

ဤနေ ရာတွင် အခက်အခဲ တစ်ခုကို ကျွန်တော်တို့ စဉ်းစားမိကြ သည်။ မော်လမြိုင်မြို့ ပေါ်တွင် စာကူးစက်များမှာ အစိုးရဌာနတွင်သာ ရှိ၍ အများဆုံး ၂ လုံး၊ ၃ လုံးသာရှိရာ ဂျပန် ကင်ပေတိုင် အနေဖြင့် ချက်ချင်း ခြေရာခံနိုင်မည် ဖြစ်သဖြင့် ဖယောင်းပေါ်တွင် လက်ရေးဖြင့် ရေးရန် သဘောတူကြသည်။ ဆောင်ရွက်ဖွယ် ကိစ္စများ ပြီးစီးသောအခါ နံနက် လင်းအာရုဏ်သို့ပင် ရောက်ခဲ့ပါပြီ။ ကျွန်တော်အား ကိုကြည်စိုးတို့ကပင် ထားဝယ်စုသို့ ပြန်ပို့ပေးသည်။ အစည်းအရုံး သို့ ပြန်ရောက်သောအခါ ကိုလေးမြင့်တစ်ယောက် စိတ်ပူပင်စွာ ကျွန်တော်အား ထိုင်စောင့် နေသည်ကို တွေ့ရသဖြင့် တောင်းပန်စကား ဆိုရပါသည်။ ကို ဆက်ဖတ်ရန် ....

သံဖြူဇရပ် (သို့မဟုတ်) ငရဲပြည်။

ငရဲပြည်ကမှ တော်လိမ့်ဦးမည်ဟု ထင်ပါသည်။ ဂျပန်တို့သည် စင်မြင့်တစ်ခုကို ဆောက်လုပ် ထားသည့် စင်မြင့်ပေါ် တွင် ကျွန်တော်တို့ လူသိုက်နှင့် ဂျပန် စစ်ဗိုလ်များ အသီးသီး နေရာယူ ထိုင်ကြသည်။ စင်မြင့်၏ မျက်နှာစာ ကွင်းပြင်ကြီးတွင် ချွေးတပ်သားများကို ထိုင်စေပါသည်။ ထို့ နောက် သွပ်ဆူးကြိုးများ ဝိုင်းရံထားသော ဝက်ခြံ အတွင်း အင်္ဂလိပ်၊ဂေါ်ရခါး-စစ်သုံ့ပန်းများ အများအပြားကို တွေ့ရသည်။ ကျွန်တော် သည် ချွေးတပ်စခန်းတွင်းမှ အလုပ်သမားများကို ကြည့်ရင်း မျက်ရည်မကျမိအောင် မိမိစိတ်ကို တင်းထား မိသည်။ အံကို တင်းတင်းကြိတ်ထား လိုက်မိသည်။ ချွေးတပ်စခန်းမှ အလုပ်သမားများသည် ပြုံးကြာင်စွာ ကြည့်လျက် ရှိကြကုန် သည်။

ရှေးဦးစွာ ဂျပန်စစ်ဗိုလ်သည် ဤလမ်းမကြီး ဖောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်၊ အာရှ တိုက်သားချင်းသာ တူညီမျှ အကြောင်း၊ဗြတိသျှနယ်ချဲ့ သမားအား အိန္ဒိယနိုင်ငံတွင်းမှ တစ်ဆင့် တိုက်ထုတ်လျက် ရှိကြောင်းများကို စကားပြန်မှ တစ်ဆင့် ရှည်လျားထွေပြားစွာ မိန့် ခွန်းများ ချွေလျက်ရှိပါသည်။ ကျွန်တော်သည် မိမိမျက်နှာတူရှု မှ ချွေးတပ်သားများ ကို တစ် ယောက်စီ ကြည့်မိသည်။ မိမိငယ်စဉ်က ဘုရားကျောင်းကန်တို့တွင် တွေ့ဖူးသော သူအို- သူနာ- သူသေ စသော သံဝေဂရုတ်တုများကို သတိရလိုက်မိသည်။သံဝေဂရုတ်တုများကို မြင်တွေ့ရ စဉ်က ငါလည်း တစ်နေ့အိုရအံ့၊ နာရအံ့၊ သေရအံ့ဟူသော တရားသံဝေဂ ရမိသော်လည်း ယခု မူ မိမိရှေ့ တွင် မြင်ရသော ချွေးတပ်စခန်းမှ ချွေးတပ်သားများ၏ မျက်မြင်ဘဝကို ကြည့်ရင်း စစ်ယူနီဖောင်း ဝတ်၍ ဒေါမာန်ပါပါ ဟောပြောနေသော ဂျပန်စစ်ဗိုလ်အား စိစိညက်ညက် ဓားဖြင့် ခုတ်ပိုင်းလိုက်လိုစိတ် များ ပေါ်ပေါက်ခဲ့ပါသည်။

ကျွန်တော်၏ အတွေးများ ပျံ့လွင့်လျက်ရှိသည်မှာ မည်မျှ ကြာမြင့်ခဲ့သည်ကို မသိမိဘဲရှိစဉ် ကျွန်တော့်ပေါင်ကို ပုတ်၍ ပြောလာသော စကားသံကို ကြားမှ အထိတ်လန့်တကြား အသံပြုသူအား တုံ့ပြန်ကြည့်လိုက် မိပါတော့သည်။
"ကိုမြလှိုင် ...ထ၊ ခင်ဗျားအလှည့်ရောက်ပြီ။
ကျွန်တော် ရုတ်တရက်နေရမှ ထ၍ စကားပြောရန် အားယူးလိုက်မိသည်။ သို့သော် အသံထွက် မလာ။ ကျွန်တော်ရင်ထဲတွင် မိမိရှေ့တွင် ထိုင်နေကြသော ကမ္မဌာန်းအရိုးစုများကဲ့သို့ ရှိသော် ချွေးတပ်ရဲဘော်များကို ကြည့်ရင်း ကျွန်တော်သည် ရင်ထဲတွင် ငိုနေမိသည်။ ထို့နောက်တွင်မှ တစ်ဆို့နေသော လည်ချောင်ကို ရှင်၍ စကားစပြောရပါတော့သည်။
"ရဲဘော် တို့ စခုဖောက်နေတဲ့ ယိုးဒယား-မြန်မာ လမ်းမကြီးဟာ ဂျပန်စစ်တပ်ရဲ့ စစ်အောင်နိုင် ရေး အတွက် ဖောက်လုပ်နေ တဲ့လမ်းဖြစ်တယ်။

နယ်ချဲ့ အင်္ဂလိပ်တွေကို တိုက်နေတဲ့  ဂျပန် စစ်တပ်ကြီးဟာ မြန်မာလယ်သမား အလုပ်သမားတွေ ရဲ့ သွေးချွေးတွေနဲ့ ဒီလမ်းမကြီးကို ဖောက်နေခြင်း ဖြစ်တယ်။ ဒီလမ်း မပြီးသရွေ့ လယ်ကောင်းကောင်း မလုပ်နိုင်ဘူး၊ အလုပ် ကောင်းကောင်း မလုပ်နိုင်ဘူး၊ ရဲဘော်တို့ရဲ့ မိဘသားမယား ဆွေမျိုးများဟာ မျက်ရည် ကျနေ ကြရတယ်။ ဒါကြောင့် ဒီလမ်းကို မြန်မြန်ပြီးအောင် ဖောက်ပေးကြ ဒါပဲ"
"အာရိကတ်တော့ ဂိုဇိုက်မတ်စ်"
စကားပြန်က မည်သို့ ဘာသာပြန်သည် မသိ။ ဂျပန်စစ်ဗိုလ်သည် ကျွန်တော်လက်ကို လှုပ်ယမ်း ကာ ကျေးဇူးတင် စကား ဆိုသည်။ ထိုအချိန်တွင် ကျွန်တော်ရင်ထဲ၌ နာကျင်နေလျက် ရှိပါသည်။ ကျွန်တော်သည်စိတ်၏ နာကြည်း ခံစားမှုများကြောင့် ထမင်းပင် ကောင်းစွာမစားနိုင် ဘဲ ရှိပါသည်။ အပြန်ခရီးတွင် ကျွန်တော်တို့လူသိုက် အတွေး ကိုယ်စီဖြင့် လိုက်ပါလာကြသ ဖြင့် ပျင်းရိဖွယ် ကောင်းလှပါသည်။ အမှန်မှာ ကျွန်တော်တို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အမိနိုင်ငံ လွတ်လပ်ရေး ရရှိမှုမှလွဲ၍ အခြားမရှိပေ။

သို့ဖြစ်ခြင်းကြောင့်လည်း ကျွန်တော်သည် အနိုင်ကျင့်မှု၊ ရိုင်းစိုင်းမှု၊ လက်နက်အားကိုးခြိမ်းခြေက် ရက်စက်မှုများကို အောင့်အည်း သည်း ခံနိုင်ခဲ့ခြင်း ဖြစ်ပါသသည်။ ထို့ပြင် ကျွန်တော်တို့ ၏ ခေါင်းဆောင် များသည် ကျွန်တော်တို့အား အချိန်အခါ စောင့်ဆိုင်းမှုပြုရန် ပြောကြားထားခဲ့ခြင်းလည်း အကြောင်း တစ်ရပ် ဖြစ်သည်။

ဆက်ရန်
.

No comments: