သခင်သန်းလှိုင်သည် ၀ါရင့်နိုင်ငံရေး သမား တစ်ဦးဖြစ်သဖြင့် အစွန်းလွတ်သော စကားရပ်ထဲ တွင် မြန်မာလူငယ်များ ၏ အင်အားနှင့် အားမာန် သည် နိုင်ငံတည်ဆောက်ရေး သမိုင်းတွင် အားသွန်ဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာလူငယ်များနှင့် တပ်မတော် ၏ စွမ်းပကား သည် မြန်မာ့ လွတ် လပ်ရေး ကို ရယူနိုင်ကြောင်း၊ သံဖြူဇရပ်မှ ယခုဆောက်လုပ်ရေး သည် သော့ချက်ဖြစ်ကြောင်း၊ သို့သော် ယင်းလမ်းဖောက်လုပ်ရေး သည် မြန်မာနိုင်ငံ ၏ ချွေးဖြင့် ရင်းနှီးရသော အလုပ် မဟုတ်ကြောင်း၊ အချိန်အခါ အခွင့် အလမ်းသာလျှင် သံဖြူဇရပ်သို့ လိုက်လံ ပို့ဆောင်ပေး မည်ဖြစ်ကြောင်း ပြောဆိုပါသည်။ ကို ဆက်ဖတ်ရန် ......
သခင်သန်း အိမ်က ပြန်လာသောအခါ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကား မပြောမိကြ ဘဲ အတွေးကိုယ်စီဖြင့် ပြန်လာခဲ့ကြပါသည်။ ဘုံပြတ်မှ မြင်းခွာသံသည် ကတ္တရာလမ်းပေါ်တွင် စည်းချက် ကျကျ မြည်နေပါသည်။ ယင်းစည်းချက်နှင့်အညီ မြင်းလည်းပင်းမှ ခြူသံသည် တချွင်ချွင်ဖြင့် သြဘာပေး နေ ပါသည်။ ဗုံပြတ်ကလေးသည် မရမ်းကုန်းသို့ ဖြတ်လာသောအခါ ကိုလေးမြင့် က ဒေါ်ပုဖက်စိမ်းလိပ် ၀ယ်နေခိုက်၊ ဘုံပြတ်မောင်ဆွဲသွားကြောင်း၊ သို့ဖြစ်ခြင်းကြောင့် မော်လမြိုင်မြို့ သည် ခြောက်သွေ့ လျက်ရှိကြောင်း ပြောပြပါသည်။
"နောင်ကြီး တို့လည်း သတိထား။ ညမထွက်နဲ့လေ"
"ဘာဖြစ်လို့လဲ"
"ဂျပန်တွေက မည်းမည်းမြင်ရာ ဆွဲတာပဲ"
"ခံချမှာပေါ့ဗျ"
"မရဘူး မရဘူး။ သေမယ်"
ဘုံပြတ်ဆရာ ပြောစကားကို ကျွန်တော်က ပြံး၍ နားထောင်နေမိသည်။ ထိုအခိုက် ကိုလေးမြင့် ဒေါ်ပု ဖက်စိမ်းလိပ်များ ပိုက် ၍ ပြန်လာသဖြင့် စကားပြောကာ အစည်းအရုံးရှိရာ ထားဝယ်စုသို့ ပြန်လာခဲ့ကြပါတော့ သည်။
"ဗျို့-ကိုမြင့်လှိုင်"
"အ၀တ်လဲဦးမယ်ဗျ၊ ဘာလုပ်မလို့တုန်း"
"ပြစရာရှိလို့၊ ဟွန်း-ဟွန်း၊ ထူးမှထူး၊ ထူးမှထူး၊ ဟီး-ဟီး"
ကျွန်တော်က ရှပ်အင်္ကျီကို ခုတင်ပေါ်သို့ ပစ်တင်ခဲ့ပြီး ကိုလေးမြင့်အခန်းဆီသို့ ကူးလာခဲ့ပါသည်။ ကိုလေးမြင့်၏ လက်ဝယ် ပန်းရောင် စာရွက်တစ်ခုကို ကိုင်၍ မြိန့်မြိန့်ကြီး ပြုံးနေသည်ကို တွေ့လိုက်ရပါသည်။
"မှန်း ... ပြန်စာလား "
လဖိုးစွံပါတဲ့ဗျာနော် ... ဖိုးစွံပါတဲ့နော် "
ကိုလေးမြင့်သည် အိမ်ဘေးမှ မိန်းကလေးအား မည်သည့်အချိန်က အိမ်ဘေးမှ စာပေးလိုက်မှန်း မသိလိုက်ရဘဲ ယခု ထိုမိန်းကလေး ထံမှ ပြန်စာပင် ရရှိနေသည်ကို အံ့သြနေမိပါသည်။ ကျွန်တော်သည် ကိုလေးမြင့် ကမ်းပေးသော စာကို အစအဆုံး ဖတ်ကြည့်သောအခါ မိန်းကလေး၏အမည်မှာ ရီရီဆိုသူဖြစ်ပြီး ၇ တန်းတွင် ပညာ သင်ကြားနေပြီး၊ ၎င်းက ကိုလေးမြင့်ကို ပြန်လည်ဖြစ်ကြောင်း၊ လောလောဆယ် လူကြီးများ၏ မျက်စိအောက် တွင် နေထိုင်ရ၍ တွေ့နိုင်ကြောင်း၊ တစ်နေ့ကို စာတစ်စောင် မှန်မှန်ရေးရန်လည်း တိုက်တွန်း ထားပါသည်။
"တယ်လည်း လက်သွက်ပါလားဗျ၊ ဘယ်တုန်းက စာပေးပြီး ဘယ်တုန်းကခုလိုဖြစ်သွားရတာလဲ"
"အီဖေ ကိုယ် ကြံတာ။ အီဖေကိုယ် ကြံတာ "
ကိုလေးမြင့် ပျော်ရွှင်နေပုံကိုကြည့်၍ ကျွန်တော်သည် ဖျာပုံတွင် ကျန်ခဲ့သော ချစ်သူသန်းသန်းကို သတိရပါသည်။ ထိုအခါ သန်းသန်းနှင့် မည်သည့်အခါတွင်မှ ပြန်လည်ဆုံစည်းရမည်ကို မသိသောမိမိဘ၀အတွက် စိတ်မောမိ ပါသည်။ ကျွန်တော်သည် ငယ်ရွယ်စဉ် ဘ၀မှစ၍ မိဘပိုက်ဆံကို အတိုင်းအဆမရှိ သုံးချင်သလိုသုံး၍ ရည်းစား များ မှို လိုပေါက်အောင် ထားခဲ့ရာ ထိုစဉ်အခါက ပိုက်ဆံချမ်းသာ ကြွယ်ဝသော သားသမီးများသည် ထွန်းထွန်းပေါက် ပေါက် မရှိကြဘဲ ငွေကြေးချမ်းသာ ကြွယ်ဝမှုကြောင့် ပျက်စီးခြင်း ငါးပါးဖြင့် ပျက်စီး ကာ နောက်ဆုံး လူညွန့်တုံးခဲ့ရ သော သာဓကများ ရှိခဲ့ဖူးပါသည်။ ယင်းမျက်မြင်သာဓကများကို အကြောင်းပြု၍ အမြော် အမြင် ကြီးမားလှသော ကျွန်တော့်မိခင်သည် ပျက်စီးအံ့ဆဲဆဲ ကျွန်တော် လို အကောင် ကို နိုင်ငံချစ်တတ်သော လမ်းကြောင်းပေါ်သို့ သယ်ယူပြောင်းပေးခဲ့ခြင်းဖြစ်ပါသည်။ အမှန်က မိခင်ကြီးသည် သားယောက်ျား ငါးယောက် ကို မိဘလက်ငုတ်လက် ရင်းဖြစ်သော စီးပွားရေး နယ်ပယ် တွင်သာ တွေ့မြင် လိုခြင်းဖြစ်ပါသည်။
''ဟေ့လူ ဘာငိုင်နေတာလဲဗျ"
"ကျွန်တော်စိတ်တွေ ဖျာပုံ ပြန်ရောက်သွားတယ်ဗျာ၊ ဟင်း-ဟင်း"
ထိုညက ကျွန်တော် အိပ်မပျော်နိုင်ခဲ့ပါ။ အတွေးမျှင်များ ရစ်ဝိုင်လျက် အစဖော်မရသော ဝေဒနာ တစ်ခုကို ခံစား မိပါသည်။ သန်းသန်းနှင့် ကျွန်တော် သည် အသက်အရွယ်ချင်း မကွာလှဘဲ ကျွန်တော်ထက် တစ်နှစ်ခန့်သာ ငယ်ပါသည်။ ကျွန်တော်သည် သန်းသန်းနှင့် မကြာခဏ တွေ့ဆုံခွင့် ကြုံခဲ့သော်လည်း ကျွန်တော်အား နယ်ကျွံ၍ တောင်းခံသော တောင် ခံမှုမျိုးကို မည်သည့်အခါမျှ လိုက်လျောခြင်း မရှိခဲ့ပေ။ ထိုထက် ရင့်ကျင့်သော ဣနြေ္ဒ ရှိသော သန်းသန်းသည် ကျွန်တော်အား အဆွေခင်ပွန်းကောင်းလို ဆက်ဆံခဲ့ပေသည်။
ကျွန်တော့် အတွေးများသည် ဟိုရောက်သည်ရောက် ရှိနေပါသည်။
ကိုအုန်းမောင်ကို သတိရသောအခါ ဖက်ဆစ်တော်လှန်ရေးကို ကိုအုန်းမောင်နှင့် အတူ လက်တွဲ ဆောင်ရွက်လိုသော စိတ်များ ဖြစ်ပေါ်လာမိသည်။ ထိုအခါ မော်လမြိုင် တွင် ယခု ထမ်းဆောင်နေ ရသော ဗလငါးတန် လုပ်ငန်းသည် ကျွန်တော် ဆောင်ရွက်ရမည့် ဖက်ဆစ် တော်လှန် ရေး၏ အတားအဆီး သဖွယ် ဖြစ်လျက် ရှိပါသည်။ ဌာန ချုပ်မှ နယ်သို့ ဆင်းလာခဲ့သည့် ကာလတစ်လျှောက် ကျွန်တော်အား သက်ဆိုင် ရာ လူကြီးများသည် အာရှလူငယ် အစည်းအရုံး၏ ဆောင်ရွက်ဖွယ်များသည် ဗလငါးတန် သာလျှင်ဖြစ်သည် ဟု မိန့်မှာ ညွှန်ကြားခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး၏ အရိပ်လက္ခဏာဟူ၍ စိုးစဉ်းမျှ ကျွန်တော် မသိခဲ့ရပေ။ သို့တစေ ကျွန်တော် ဖျာပုံမှာ ရှိစဉ်မှ ကိုအုန်းမောင် (လေထီး ကိုအုန်းမောင်) သည် ဖက်ဆစ်တော်လှန်ရေး ကို တိတ်တိတ်ပုန်း ဆောင်ရွက်နေပေပြီ။ ထိုမှ ကျွန်တော် ရန်ကုန် သို့ ရောက်ရှိလာခဲ့ပြီး အာရှာလူငယ်သို့ မဝင်ခဲ့ရမီ သခင်ချစ်( ဆရာချစ်) နှင့် တွေ့ရသောအခါ ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော ကျွန်တော် မေးမြန်းချက်များကို ဟုတ်မှန်ကြောင်း ဝန်ခံခဲ့လေသည်။ ကျွန်တော် မော်လမြိုင်တွင် လူငယ်များအား ဗလငါးတန်ကိုပင် ဖော်ထုတ်၍ ဆောင်ရွက်ရင်း နိုင်ငံရေးကင်းသော လူမှုရေး အဖွဲ့ အစည်း အဖြစ် တာဝန်ထမ်း ဆောင်မည်လော သိုတည်းမဟုတ် ဖက်ဆစ်တော်လှန်ရေးအတွက် အာ သွန် စည်းရုံးရမည်လောဟု စဉ်းစားရင်း နံနက်လင်းလုလုတွင် အိပ်ပျော်ခြင်းသို့ ရောက်ရှိသွား ပါတော့သည်။
"ဟေ့ လူ...ဟေ့လူ... ထတော့လေဗျာ"
ကိုလေးမြင်၏ အသံသဲသဲကို ကျွန်တော် ကြားနေမိသည်။ သို့သော် အိပ်မက်လော၊ တကယ် ပင် ခေါ်နေသော အသံလောဟု မနိုးတစ်ဝက်၊ နိုးတစ်ဝက်ရှိစဉ် ကိုလေးမြင့် တစ်ဖက်ခန်းမှ ကူးလာပြီ တံခါးခေါက်သံ ကြားရသော အခါတွင်မှ မိမိအိပ်ပျော်နေကြောင်း သတိရလိုက်မိ သည်။
"ထပြီဗျို့၊ ထပြီ"
"ထဗျာ..အောက်မှာ သခင် သင်းလှိုင်တို့၊ သခင်ထွန်းစိန်တို့ ရောက်နေကြတယ်။ မုဒုံ သွားမယ် တဲ့"
"အို... ဘာမှ အစီအစဉ် မရှိဘဲနဲ့ မလိုက်တော့ဘူးဗျာ"
"မလုပ်နဲ့လေဗျာ သူတို့ တကူးတက လာခေါ်တာဗျ"
ကျွန်တော်သည် အိပ်ရာမှ အလူးလဲထခဲ့ပြီ မျက်နှာသုတ်ပဝါကို လည်ပင်းတွင် ရစ်သိုင်း၍ သခင်ထွန်းစိန်နှင့် သခင်သင်းလှိုင်တို့ စောင့်နေသော အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အခန့် သင့်ပင် ၎င်းတို့သည် ရုတ်ချည်းအစီအစဉ်ဖြစ်၍ ကျွန်တော်တို့အား အကြောင်းကြားရန် အချိန်အရဘဲ ယခုကဲ့သို့ လာရောက်ခေါ်ယူရကြောင်း၊မုဒုံတွင် ညအိပ်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။ သခင်သင်းလှိုင် အား တောင်းပန်၍ ရေချိုးခန်းသို့ အမြန်ဝင်ရောက် ကိုယ်လက်သုတ်သင်မှုများ ပြုလုပ်ကာ မကြာမီ သခင်သင်းလှိုင်တို့၏ အစီအမံဖြင့် မုဒုံမြို့သို့ လိုက်ပါခဲ့ပါသည်။ လမ်းခရီးတွင် သခင်ထွန်းစိန်သည် တို့ဗမာ အစည်းရုံခေတ် မော်လမြိုင်ညီလာခံ ' တွေ့အကြုံများ၊ ထောင်ထဲမှ အတွေ့အကြုံများ၊ ယခု မျက်မှောက် ဂျပန်မာစတာများ ဟီရိသြတပ္ပကင်းပုံများ၊ ဂျပန်ထမင်း၊ စားပွဲတွင် ကြံသကာ ထည့်ချက်သော ဖရုံသီး ဟင်းချိုသောက်ရပုံ များ၊ ခွေ၀၀ကလေးများ ချက်ပြုတ်စားသောက်ပုံများကို ပြောရင်းတ သောသော ပွဲကျလာ ပါသည်။
'' အစ်ကိုကြီး ... ကျွန်တော်တော့ ဂျပန်တွေကို မယုံဘူး''
''ဘာကို မယုံတာလဲ ဈေးဝယ်ပြီး ပိုက်ဆံမပေးဘဲ ထွက်သွားတာလား။ ဒါမျိုးတွေက ရိုးနေပြီလေ''
''မဟုတ်ဘူး၊ လွတ်လပ်ရေးပေးမယ် ဆိုတာ မယုံဘူး...''
'' ဟွန်း... ဘူးသီး၊ ခရမ်းသီးဝယ်ပြီး ပိုက်ဆံမပေးကြတဲ့ကောင်စားတွေပဲဗျာ...။ လွတ်လပ်ရေးပေးမယ် ဆိုတာ မင်းတို့ ချေးစာပြောလဲ ချေးကြိုက်လို့လဲ နေမှာပေါ့ဗျာ။ ဟားဟား...ဟားဟား''
သခင်ထွန်းစိန်၏ ပြောစကားများကို ကြားရသော ကျွန်တော်သည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် သခင်ခေါင်းဆောင် များ စိတ်ဝယ် အသင့်ကိန်အောင်းနေလျက် ရှိကြောင်း ရိပ်စားမိပါသည်။ သခင်သင်းလှိုင်ကမှု သံဖြူဇရပ်ချွေး တပ်စခန်း ၏ အနိဋ္ဌာရုံများကို ပြောပြလျက် ရှိပါသည်။
''ကျွန်တော်တို့ သံဖြူဇရပ်ကို တစ်ခေါက်လောက် သွားကြည့်ချင်တယ်''
'' ကောင်တာက၊ ဂျပန်တွေနဲ့ လိုက်သွားတာက ပိုအဆင်ပြေမယ်''
စကားတပြောပြောဖြင့် လာခဲ့ကြသည်မှာ လမ်းခရီး၏ ငြီးငွေ့ဖွယ်များကို မေ့ပျောက်ကာ မုဒုံမြို့ သို့ ရောက်ရှိခဲ့ကြပါသည်။ မုဒုံမြို့သို့ရောက်သောအခါ မြို့မျက်နှာဖုံး ဆရာကြီး ဦးမြင့်အိမ်တွင် တည်းခိုနေကြ ပါသည်။ ဆရာကြီးဦးမြင့်သည် ဖြူဖြူပိန်ပိန် ဖြစ်၍ နူညံ့ပျော့ပျောင်းကာ နှစ်လိုဖွယ်ကောင်းသော ပုဂ္ဂိုလ် ဖြစ်ပါသည်။ မော်လမြိုင် ပုဒုံတစ်ခွင်မှ လူငယ်များသည် ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြကြောင်း သိရှိ ရပါသည်။ ကျွန်တော်တို့ ဆရာကြီးဦးထွန်းမြင့်အိမ်တွင် ခေတ္တနားနေပြီး၊ လူငယ်စည်းရုံးရေးအတွက် ဆရာကြီးခေါ်ယူတွေ့ဆုံပေးသော မုဒုံမြို့မှ လူငယ်များနှင့် တွေ့ဆုံပေးပါသည်။ ၄င်းတို့ထဲတွင် မုဒုံသူ ရန်ကုန်တီတီစီမှ မစောသိမ်၊ မသန်းကြည်တို့ကိုလည်း တွေ့ဆုံသိကျွမ်းခွင့်ရပါသည်။ ၄င်းတို့လည်း ဆရာကြီး၏ တပည့်မ များ ဖြစ်ကြပါသည်။ မုဒုံတွင် အာရှလူငယ်များ အစည်းအရုံခွဲကို တည်ထောင်ပြီး မုဒုံလူငယ်များ ၏စီစဉ်ပေးချက်အရ ဂျုံးဂျုံကျတောရသို့ ရောက်ရှိဖူးမြော်ခွင့် ရရှိပါသည်။ ဂျုံဂျုံကျနှင့် ပတ်သက်သော အသေးစိတ် ကို မူ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့်ကောင်းစွာ မှတ်မိခြင်း မရှိသော်လည်း ဂျုံးဂျုံးကျ ဆရာတော်ကြီး ထွက်ရပ်ပေါက်သော ကိန်ဝပ်သည့် မှန်ခေါင်းထဲတွင် မူလအနေအထား မပျက်ဘဲရှိနေသော အိမ်စက်လျောင်းနေသည့် ပုံသဏ္ဍာန်ကိုမူ အံ့သြဖွယ် ဖူးတွေ့ခဲ့ရပါသည်။
မုဒုံမြို့မှ မပြန်မီ ဆရာကြီး ဦးမြင့်သည် ကျွန်တော် တို့ နှစ်ယောက် အား ဆုံးမ စကားများ ပြော ဆို၍ မြန်မာလူငယ်များ၏ စိတ်ဓာတ်ကို နိုင်ငံချစ်သောစိတ်နှင့် နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း လိုသော စိတ်များ ပုံသွန်းလောင်းပေးရန်သာ အဓိက ဖြစ်ကြောင်းနှင့် လွတ်လပ်ရေးသည် လူငယ်များ၏ လက်ဝယ်တွင်ရှိကြောင်း၊ တိုတိုနှင့်လိုရင်း ဖြစ်သည့် အဓိပ္ပာယ်လေးနက်သော စကားကိုဆိုပါသည်။
မော်လမြိုင်မြို့ပေါ်သို့ ဗုံးများ မကြာခဏ လာရောက်ကြဲပါသည်။ နယ်ချဲ့ သမားတို့သည် လေ ကြောင်းတိုက်ပွဲကို အင်အား ကြီးမားစွာ အသုံးချလျက် ရှိပါသည်။ တစ်ရက်ခြား နှစ်ရက်ခြား ဗုံး များကြဲချလျက် ရှိခြင်းကြောင့် ကျွန်တော် တို့၏ လူငယ်စည်းရုံးရေး လုပ်ငန်းမှာ တွင်ကျယ်မှုမရှိ ဘဲ ဗုံးများကြဲချပြီး၍ လေကြောင်းရှင်းလင်းရေး ဥသြဆွဲပြီးတိုင်း လူနာလိုက်ကောက်သော အလုပ်နှင့် ဆေးရုံပို့ပေးရသော အလုပ်များသည်သာ အဓိက လုပ်ငန်း အဖြစ် ရောက်ရှိလာပါ သည်။
တစ်နေ့သောအခါ မစ္စတာဆိုက်တိုးသည် ကျွန်တော်တို့ထံသို့ လာရောက်၍ လူငယ်စည်းရုံးကို မရမ်းကုန်းရပ်ရှိ ကျိုက်သုတ်ဘုရားအတက် အစိုးရ အဆောက်အအုံတစ်ခုသို့ ပြောင်းရွှေ့ရန် ပြောကြားပါသည်။ ကျွန်တော်နှင့် ကိုလေးမြင့်တို့သည် ဆိုက်တိုးနှင့်အတူ လိုက်ခဲ့ကြပြီးနောက် ကျိုက်သုတ်ဘုရားနှင့် အဆောက်အအုံကို ကြည့်ရှု့ကြ ပါသည်။ အလွန်ကောင်းမွန်၍ ကြီးမား သော အိမ်ကြီးတစ်လုံး ဖြစ်ပါသည်။ သို့သော် ၎င်း ပတ်ဝန်းကျင် မှာ အစိုးရပိုင် အဆောက်အအုံ များ၊ ခရိုင်သစ်တောရုံး စသည်တို့ဖြင့် ဝိုင်းဝန်းလျက် ရှိပါသည်။
"ဘယ့်နှယ်လဲ၊ သဘောကျရဲ့လား... "
"ကျပါတယ်၊ ဒါပေမယ့် အစိုးရ အဆောက်အအုံတွေ များတော့ ရန်သူ့ပစ်မှတ်လို ဖြစ်နေတယ်"
ဆိုက်တိုးသည် ကျွန်တော်၏ ပြောကြားချက်ကို မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်၍ ကြည့် နေပါသည်။ ကျွန်တော် ကမှု ၎င်းနှင့် နီးနီးနားနား နေထိုင်ခြင်းကို မနှစ်မြို့ သဖြင့် ယင်းကဲ့သို့ ပြောခြင်း ဖြစ်ပါသည်။ ထိုအခိုက် ကျွန်တော် ရှိရာသို့ သခင်ချစ်တင် (နောင်-ဟီတာချီ ကုမ္မဏီ ကိုယ်စားလှယ်) ခရိုင် ရာဇဝတ် ဝန်ထောက် ရောက်ရှိလာခဲ့ပြီး ၎င်းအဆောက်အအုံသို့ပင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ဂျပန် စစ် ဘက်နှင့် ရေလိုက် ငါးလိုက် ဆက်ဆံရန် ပြောကြားပါ သည်။ ကျွန်တော်တို့လည်း ဆိုက်တိုး အား ပြောင်းရွှေ့ နေထိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး နောက်တစ်နေ့၌ပင် မရမ်းကုန်းသို့ လူငယ် အစည်းအရုံးကို ပြောင်းရွှေ့လိုက်ပါသည်။
မရမ်းကုန်းသို့ ပြောင်းရွှေ့ခဲ့ပြီးသည့်နောက် နေ့စဉ်လိုလို လေကြောင်းမှဗုံးများ တသောသော ကျခဲ့ရာ တစ်နေ့သော ရက်တွင် သစ်တောရုံး အတွင်းသို့ ဗုံးများကျရောက်ခဲ့ပြီး ခရိုင်သစ်တော် ဝန် ဦးတင်စိန် အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသော ဆရာကြီး ဒေါ်တင်ကြည်၏ အစ်ကိုအရင်း ဖြစ်ပါသည်။ ကျွန်တော်တို့ စိတ်မချမ်းသာ ဖွယ် ရာများဖြင့် ကြုံတွေ့ နေရငြားလည်း အာရှလူငယ်၏ ဗလငါးတန်ဖြစ်သော လူမှုဝန်ထမ်း လုပ်ငန်းများကို လုပ်ကိုင်ရင် ဂျပန်တို့၏ စစ်ရေး အခြေအနေများကို အကဲခတ်လျက် ရှိပါတော့သည်။ မော်လ မြိုင်မြို့မှ လူငယ်များမှာ မိမိတို့၏ လူမှုရေး လုပ်ငန်းများကို စိတ်အား ထက်သန်စွာ ဆောင်ရွက်ကြပါသည်။ ဒေသခံစိတ်၊ လူလူချင်း စာနာ ရိုင်းပင်းသော စိတ်များကြောင့် မြို့ ရွာ သန့်ရှင်းရေး၊ ကယ်ဆယ်ရေးတို့တွင် ကျွန်တော်တို့ ဆော်သြမှုပင် အားထုတ်ရသည် မရှိ ဘဲ ဆောင်ရွက် ရသည်ကို တွေ့ရပါသည်။ ကျွန်တော်နှင့် ကိုလေးမြင့်တို့ နှစ်ယောက်မှာ နေ့စဉ်ရက် ဆက်လေကြောင်း တိုက်ခိုက် မှုကြောင့် ကြုံတွေ့ရသော အနိဌာရုံများကြောင့် စိတ်ဓါတ်ကျ ဆင်းလာခဲ့ကြပါသည်။ စိတ်ဓါတ်ကျဆင်းရသော အကြောင်းများ အနက် ဂျပန်များ၏ သဲသဲ မဲမဲ ချွေးတပ်စွဲခြင်း၊ မြို့၏လုံခြုံမှုကို ထိရောက်စွာ ကာကွယ်မှု မပြုနိုင်ခြင်းကြောင့် ပင် ဖြစ်ပါသည်။
ကျွန်တော်တို့သည် တစ်နေ့တာ ကုန်ဆုံးရန်အတွက် စောင့်မျှော်နေရသလို နောက်တစ်နေ့ လင်းအရုဏ် ပေါ် လာမည်ကို စိုးရိမ်မိပါသည်။ အဘယ်ကြောင့် ဆိုသော် ရန်သူ လေယာဉ်များ သည် နံနက် နေထွက်မှစ၍ အကြိမ်များစွာလာရောက်ဗုံးကြဲသည်မှာ ညနေနေဝင်သည်အထိ ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ဗုံကြားစက်သေနတ်သံကြားမှပင် ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ရသဖြင့် အသက်အန္တရယ် လုံခြုံမှု လုံးဝ မရှိတော့သည် ဘဝသို့ ရောက်ရှိနေရပါသည်။ ကျွန်တော်သည် ဂျပန်တို့၏ စစ်ရေးအခြေအနေကို ရိပ်စားမိသလို ဖက်ဆစ်တော်လှန်ရေးအတွက် ယခုအထိ မည်သည့် အဆက်အသွယ်မှ မရရှိသည်ကို ဘဝင် မကျနိုင် ဘဲ ဖြစ်မိပါသည်။
နေ့ရက် များသည် ပျင်းရိငြီးငွေ့စွာ ကုန်ခဲဘိခြင်း၊ ထိုအချိန်တွင် မော်လမြိုင်မြို့ပေါ်မှ အိမ်ထောင်စု အများအပြား တို့သည် ဘီလူကျွန်း သို့ လည်းကောင်း၊ မုဒုံ-ကျိုက်မရော စသည်သို့ လည်းကောင်း ပြောင်းရွှေ့ ခဲ့ကြသည်။ မြို့ကြီး တစ်ခုလုံး သည် ကျီးနှင့်ဖုတ်ဖုတ် ဖြစ်နေပါသည်။
"ကိုလေးမြင့်"
"ဆို-ကိုမြလှိုင်"
"ကျွန်တော် ကိုလေးမြင့် ကို ပြောချင်တာ တစ်ခု ရှိတယ်၊ အကယ်၍ သဘောရင်လည်း အတူ လက်တွဲ လုပ်ကြတာပေါ့ဗျာ၊ သဘောမတူရင်လည်း ကျွန်တော်ပြောတဲ့ စကားတွေကို ပြီးပြီး ပျောက်ပျောက် မေ့ပစ် လိုက်ပါ"
"ဟ- ဘယ်လိုလဲ၊ ထူးဆန်းလှပါလား၊ ကျွန်တော်နဲ့ ခင်ဗျားနဲ့ မိဝေးဖဝေး ချစ်သူဝေးနဲ့ တာဝန်ဝတ္တရား ကို ဆောင်ရွက်ရာမှာ သေတူရှင်တူပေါ့ဗျာ။ ပြောပါ"
"ကျွန်တော် ဖက်ဆစ် တော်လှန်ရေးအတွက် မော်လမြိုင်က လူငယ်တွေကို စုစည်းချင်တယ် ဗျာ"
"ဘာဗျ...ဖက်ဆစ်တော်လှန်ရေး၊ ဟုတ်လား"
"အင်း... "
"ပြည့်ပြည့်စုံစုံ ပြောဗျာ၊ ချန်ထားမနေနဲ့။ ကျုပ် ခင်ဗျားကို အကဲ ခတ်မိတာ တော်တော်ကြာပါပြီ"
ကျွန်တော်သည် ထိုအချိန်မှစ၍ ကိုလေးမြင့်အား ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အစအဆုံး ပြောပြမိပါသည်။ ကိုလေးမြင့်သည် အာရှလူငယ်သို့ ဗလ ငါးတန်ကိုသာ သတ်သတ်မှတ် လုပိရန် လူထုဝန်ထမ်းစိတ်ဖြင့် ပါဝင်လုပ်ကိုင်ခဲ့သူ ဖြစ်သော် လည်း တကယ်တမ်း ၌မူ မြန်မာမျိုးချစ် လူငယ်တစ်ဦး ပီပီ နိုင်ငံရေးနှင့် စစ်ဆန့်ကျင်ရေးစိတ်များ ကိန်းအောင်းရှိနေသူ တစ်ဦး ဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် ကျွန်တော်၏ ဖက်ဆစ်တော်လှန် ရေး အားမာန်ကို လက်ခံလုပ်ကိုင်ရန် သဘောတူပါတော့ သည်။
"ကိုင်း...ဒီလိုဆို ဘယ်လိုစမလဲ"
"ကျွန်တော်တော့ ညတိုင်း ဂျပန်စာသင်တန်းပြီးတာနဲ့ တစ်ပြိုင်နက် လက်ရွေးစင် လူငယ်အချို့ ကို ကိုသောင်းဖေ တို့၊ ကိုစံတင် တို့၊ ကိုကြည်စိုး တို့က တစ်ဆင့် စည်းရုံးသိမ်းသွင်း ချင်တယ်ဗျာ"
"ကိုသောင်ဖေ၊ ကိုစံတင်၊ ကိုကြည်စိုးတို့ကရော စိတ်ချရလို့လား"
"မလုပ်နိုင်သည့်တိုင်အောင် ပေါက်ကြားမယ့် လူတွေတော့ မဟုတ်ဘူဗျ"
"ဒီလိုဆိုလည်း စလုပ်ကြတာပေါ့ "
ထိုအချိန်မှစ၍ ကျွန်တော်သည် ဂျပန်တို့ လွတ်လပ်ရေး အတုအယောင် များနှင့် ပြည်သူ အရေးတော်ပုံပါတီ၏ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှာမှု ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဖက်ဆစ် တော်လှန်ရေး သွေးထိုးမှု စာတမ်းများ အကြောင်းတို့ကို ကိုဖေသောင်း၊ ကိုသိန်းညွှန့်၊ ကိုစံတင်၊ ကိုကြည်စိုး တို့အား ပြောပြ စည်းရုံး ပါတော့သည်။ ခေတ်ပညာတတ်လူငယ်များ ဖြစ်ကြသည့် အတိုင်း ကျွန်တော်၏ ရှင်းလင်း ချက်ကို လွယ်ကူစွာ သဘောပေါက် လက်ခံခဲ့ကြ ရုံမက ဖက်ဆစ်တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်ကြရန်လည်း ကတိပေးကြ ပါသည်။
ယနေ့မောင်ငံကွင်းရပ်မှ အဒေါ်ဖြစ်သူ အိမ်သို့ ရောက်သောအခါ ထားဝယ်မှ ညီအစ်ကို တစ်ဝမ်းကွဲတော်သူ သခင်ဖိုးမှဲ့ကို ဝမ်းသာစွာ တွေ့ရပါသည်။ ကျွန်တော်သည် ဖခင်ဖြစ်သူဘက်မှ သားချင်းများကို ယခင်မှပင် မြင်ဖူးတွေ့ဖူး ပါသည်။ ငယ်ရွယ်စဉ်မှစ၍ မိခင် နှင့် ရင်အုပ်မကွာ ကြီးပြင်းခဲ့ရသဖြင့် ဖခင်၏ သားချင်း များနှင့် အနေဝေးကွာခဲ့ရပါသည်။ အစ် ကိုဝမ်းကွဲ သခင်ဖိုးမှဲ့သည် ထားဝယ်ခရိုင် ရာဇဝတ် ဝန်ထောက်အဖြစ် တာဝန် ထမ်းဆောင် လျက် ရှိပါသည်။
"နောင် ဖိုးမှဲ့... ဒါနောင်စိန်သခင်သား မောင်မောင်"
"မောင်မောင်တဲ့လား"
"အိမ်က ခေါ်တာ မောင်မောင်။ အများခေါ်တာကတော့ မြလှိုင်ပါ"
"ညီအစ်ကိုချင်းပဲကွာ၊ မောင်မောင်ပဲ ခေါ်မယ်"
"ခေါ်ပါ၊ ရပါတယ်"
"ဒါထက် နေဦး မော်လမြိုင်မှာ ဘာလာလုပ်လဲကွ"
"အာရှလူငယ် အစည်းအရုံး လာဖွင့်တာပါ"
"သြော်...သိပြီ။ ထားဝယ်မှာလည်း နောင်ဆင်းဖိုးတို့ ရောက်လာလို့ တို့ပဲ ဝိုင်းလုပ်ပေးနေရ တယ်။ ဒါပေမယ့် ဂျပန်တွေ မစွံ ဘူးကွ။ ဟား...ဟား...ဟား"
"ကျွန်တော်လည်း မုန်းတာပဲ"
"အေး..လူကို မမုန်းပါဘူးကွာ၊ လုပ်ရပ်ကတော့ တို့မြန်မာတွေ အလေ့အထနဲ့ မကိုက်ဘူး၊ ရိုင်း တယ်၊ ရက်စက် တယ်၊ အနိုငိကျင့်တယ်"
ကျွန်တော် သည် နော်တော် သခင်ဖိုးမှဲ့၏ ပွင့်လင်းမှုကို သဘောကျမိသည်။ သို့ဖြစ်ရာ ထမင်း ဝိုင်းတွင် အနေဝေးသော ညီအစ်ကိုနှစ်ယောက် ဖက်ဆစ် တော်လှန်ရေး စကားများကို အားရ ပါးရ ဖောက်ဖွဲ့ကြသည်။ ထိုအခါ ကျွန်တော်ကဲ့သို့ပင် ထားဝယ်ခရိုင်တွင် ဖက်ဆစ်တော်လှန် ရေးအတွက် အဆက်အသွယ် များ ပြုလုပ်ဆောင်ရွက် ကြရန်လည်း သဘောတူကြပါသည်။
ထိုနေ့က မောင်ငံရပ်မှ ထမင်းစားပြီး ပြန်လာသောအခါ စိတ်ပေါ့ပါးရွှင်လန်းလျက် ရှိပါသည်။ သို့သော် အစည်းအရုံး သို့ ရောက်သော အချိန်၌မူ ဂျပန်စစ်ဗိုလ်တစ်ဦးနှင့်အတူ မစ္စတာ ဆိုက်တိုးတို့က်ု မမျှော်လင့် ဘဲ တွေ့လိုက်ရပါသည်။ မစ္စတာဆိုက်တိုးသည် ကျွန်တော်အား မြန် မာစကားဖြင့်ပင် သူနှင့် အတူ ပါလာသော ဂျပန်စစ်ဗိုလ်ဖြင့် မိတ်ဆက်ပေးပါသည်။
ဆိုက်တိုး ပြောပြချက်အရ ၎င်း စစ်ဗိလ်မှာ သံဖြူဇရပ်မှ တာဝန်ခံတစ်ဦး ဖြစ်ပြီး ကျွန်တော်တို့ကို သံဖြူ ဇရပပ်သို့ ခေါ်ဆောင်သွားပြီးနောက် ယိုးဒယား-မြန်မာ လမ်းဖောက်ထားသော အခြေအနေ များကို ပြသ ၍ ချွေးတပ်စုဆောင်းရေးတွင် ပါဝင်ဆောင်ျရွက် ပေးရန် တိုက်တွန်းလာပါသည်။ ကျွန်တော် တို့ မြန်မာအုပ်ချူပ်ရေး အဖွဲ့များအား သူငယ်နှပ်စား ခိုင်းချင်သလိုခိုင်း၊ ရိုက်ချင်သလို ရိုက်သော ဂျပန်တို့၏ လက်သံ ပြောင်မှုကို သိရှိထားသော်လည်း ၎င်းတို့အား လိုက်လျောဆက်ဆံရန် ဝန်လေးလျက်ရှိပါသည်။ သို့ကြောင့်-
"ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့များက ပုဂ္ဂိုလ်များနဲ့ တိုင်ပင်ပြီး လာခဲ့ပါမယ်"
"အုပ်ချုပ်ရေးအဖွဲ့ကို ပြောပြီးပြီ"
"ကျွန်တော်တို့ မေးကြည့်ပါရစေ"
ဆိုက်တိုးသည် ဂျပန်စစ်ဗိုလ်အား ဂျပန်စကားဖြင့် ရှင်းလင်း ပြောပြပြီး ပြန်သွားပါသည်။ ဂျပန်စစ်ဗိုလ်နှင့် ဆိုက်တိုးပြန် သွား၍ မကြာမီပင် သခင်သင်းလှိုင် ရောက်ရှိလာကာ နောက် တစ်နေ့ နံနက်တွင် သံဖြူဇရပ်သို့ သွားရောက် ရန် ခရိုင်ဝန် က ခေါ်ပြောကြောင်း၊ နက်ဖြန်စော စော အစည်းအရုံး မှ ပင် စောင့် ဆိုင်း နေရန် ပြောကြား ပါ သည်။
သခင်သင်းလှိုင် ပြန်သွားသောအခါ ကျွန်တော်ရင်ထဲတွင် အမျိုးအမည် မသိနိုင်သော ဝေဒနာတစ်ရပ်ကို ခံစားလာ မိပါသည်။ ချွေးတပ်၊ ချွေးတပ်ဟူသော အမင်္ဂလာ သတင်းစကား များသည် မြန်မာနိုင်ငံ အနှံ ပြန့်နှံ့လျက် ရှိပါသည်။ တောင်သူလယ်သမားများသည် လယ်လုပ်ခွင်သို့ မသွားရဲကြပါ။ အလုပ်သမား တို့သည် အလုပ်ခွင်သို့ မဆင်းဝံ့ကြပါ။ အခြား လုပ်ကိုင် စားသောက်ကြသော အလွှာအသီးသီး မှ ယောက်ျား များ သည် မိမိတို့ဝမ်းရေးကို စိတ် ချ လက်ချ မလုပ်ဝံ့ကြပါ။ ဂျပန်စစ်သားများသည် လယ်တောအနှံ့၊ အလုပ်လခွင်အနှံ့၊ နေရာအနှံ့၊ မျက်နှာ အနှံ့ လိုက်၍ ချွေးတပ်ဆွဲလျက် ရှိကြပါ သည်။ ချွေးတပ်ဆွဲခြင်း သည် သေရွာသို့ ပို့လိုက်ခြင်းပင်မည်၏။ အဘယ်ကြောင့် ဆိုသော် တောတောင်ထူထပ်၍ ခရီး လမ်းပန်း အဆက်အသွယ် ခက်ခဲလှသော နေရာတွင် ဆေးဝါးမရှိ။ အဝတ်အထည် မရှိ၊ အစားအသောက် ဝလင်ပြည့်စုံမှု မရှိဘဲ တိရစ္ဆာန်များသဖွယ် ထားရှိခံရသော လူသတ္တဝါတို့ အဖို့ အဘယ်မှာလျှင် အသက်ရှည်နိုင်ပါအံ့နည်း။
"ဟေ့လူ ဘာတွေ စဉ်းစားပြီး ငိုင်နေ မှိုင်နေတာလဲဗျ"
"ရော-ကိုကြည်စိုး၊ ဘယ်ကလာလဲ ထိုင်ပါဦး"
"ဆို- ဘာပြောမလို့လဲ"
"ဒီည ကိုကြည်စိုးတို့ အိမ်မှာ ကျွန်တော်တို့လူသိုက် တွော့ကရအောင် စီစဉ်ပေးပါလား"
"ကိစ္စကို ပြောပါဦး"
"ထားဝယ်နဲ့ အဆက်အသွယ်ရတယ်၊ ရန်ကုန်ကလည်း ညွှန်ကြားချက်ရတယ်၊ နောက်ပြီး၊ အစည်းအရုံးမှာက မလွတ်လပ်ဘူး၊ ဂျပန်တွေက ခဏခဏ ရောက်လာတတ်တယ်ဗျ။ နောက် တစ်ချက်ကလည်း ကျွန်တော်တို့ ကိစ္စကြောင့် အစည်းအရုံးကိုလည်း မထိခိုက်စေချင်ဘူးဗျ"
"ဌာနချုပ်ရဲ့ သဘောထားက ဘယ်လိုလဲ"
"ဌာနချုပ် အနေနဲ့တော့ ကျွန်တော် ရန်ကုန်ရောက်မှ သဘောထားမေးရမယ်၊ ခုထိတော့ ဌာနချုပ်က ကျွန်တော် တို့ကို လူငယ်တွေရဲ့ စည်းရုံးရေးကို ဗလ ငါးတန်ပေါ်မှာပဲ အခြေခံ ဆောင်ရွက်ဖို့ကလွဲပြီး သီးခြားညွှန်ကြားချက် မရှိပါဘူ"
ထိုညက ကိုကြည်စိုးတို့အိမ် အပေါ်ထပ်တွင် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော အ စည်းအဝေးကို ကျွန်တော် တို့ လျှိ့ဝှက်စွာ ပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ထားဝယ်ခရိုင်အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် အဆက်အသွယ်များကို ဆွေးနွေးကြသည်။ ထို့နောက် ရန်ကုန်မှ ပို့လိုက်သော "ဖက်ဆစ်ဂျပန် တို့အား တိုက်ထုတ်ကြ" ဟူသော စာတမ်းကို ဖတ်ပြပြီး ယင်းစာတမ်းကို စာကူးစက်ဖြင့် လှည့်၍ နေရာနှံ့ အပြား ဖြန့်ဝေရန် ဆုံးဖြတ်ကြသည်။ ဤနေ ရာတွင် အခက်အခဲ တစ်ခုကို ကျွန်တော်တို့ စဉ်းစားမိကြ သည်။ မော်လမြိုင်မြို့ ပေါ်တွင် စာကူးစက်များမှာ အစိုးရဌာနတွင်သာ ရှိ၍ အများဆုံး ၂ လုံး၊ ၃ လုံးသာရှိရာ ဂျပန် ကင်ပေတိုင် အနေဖြင့် ချက်ချင်း ခြေရာခံနိုင်မည် ဖြစ်သဖြင့် ဖယောင်းပေါ်တွင် လက်ရေးဖြင့် ရေးရန် သဘောတူကြသည်။ ဆောင်ရွက်ဖွယ် ကိစ္စများ ပြီးစီးသောအခါ နံနက် လင်းအာရုဏ်သို့ပင် ရောက်ခဲ့ပါပြီ။ ကျွန်တော်အား ကိုကြည်စိုးတို့ကပင် ထားဝယ်စုသို့ ပြန်ပို့ပေးသည်။ အစည်းအ ရုံးသို့ ပြန်ရောက်သောအခါ ကိုလေးမြင့်တစ်ယောက် စိတ်ပူပင်စွာ ကျွန်တော်အား ထိုင်စောင့် နေသည်ကို တွေ့ရသဖြင့် တောင်းပန်စကား ဆိုရပါသည်။
ဆက်ရန်
.

No comments:
Post a Comment