Wednesday, January 9, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၈)

ဒါကြောင့် ရောဂါတစ်ခုခုဖြစ်လာရင် ကုသမှု ခံယူတဲ့ ဆရာဝန်ကြီးတွေက ဘယ်လောက်ပဲ ပညာတွေ တော်နေနေ ကိုယ်ပိုင်အယူအဆတွေမှာ ကွဲ ပြားခြားနားတတ်တာကြောင့် ဆရာဝန် တစ်ဦး ရဲ့အဆုံးအဖြတ် တစ်ခုတည်းနဲ့ မပြီးဘဲ နောက်ထပ် ဆရာဝန်ပြပြီး ဆုံးဖြတ်မှုကို ချင့်ချိန်ယူ စဉ်းစား သင့်တယ်ဆိုတာ ကျွန်မရဲ့ကိုယ်တွေ့အရ အဲဒီအချိန်က တည်းက သင်ခန်းစာရပြီး နားလည် သဘောပေါက် မိပါတယ်။
ဘဝ ရဲ့သင်ခန်းစာတွေ ဆိုတာကလည်း နေ့စဉ် အခါမလပ် ကြုံတွေ့နေရတာမို့ မြားမြောင်လှချည်ရဲ့ လို့ပဲ ညည်း လိုက်ချင်ပါရဲ့။
ကို ဆက်ဖတ်ရန်......

အပိုင်း (၂၁)

အပြောင်းအလဲတစ်ခုဖြစ်ဖို့ဆိုတာ မထင်မှတ်တဲ့ အသေးအဖွဲ့လေးတွေက စတတ်တာပါပဲ။ ပေါက်ကွဲမှု ကြီး တစ်ခုဖြစ်အောင် မီးတောက်ကလေးတစ်ခုက စသလိုပေါ့။ သစ်ပင်ကြီးတစ်ပင် ဖြစ်လာတော့လည်း သစ်စေ့ ရဲ့အညှောင့်ကလေးက စတာပဲမဟုတ်လားနော်။
ကျွန်မ ခွဲစိတ် ကုသခံရဖို့အတွက် ရန်ကုန်ထိ ဆင်းဖြစ်အောင် ဖန်တီးလိုက်တဲ့ အသေးအမွှားကိစ္စလေး က တစ်နေ့သော တစ်နေ့ မှာ ရန်ကုန်ပြောင်းပြီး အခြေဖျဖို့အတွက် ကံကြမ္မာပမာဏ လမ်းစလေးပျိုးပေး လိုက်တာ ကို အဲဒီအချိန်တုန်းက သတိထား ဂရုမမူမိပါဘူးလေ။

ကျွန်မ ဆေးရုံတက်ကုသနေရစဉ်ကာလမှာ ကိုကြီး က အားနေတယ်ဆိုတော့ ဆေးရုံမှာ ခဏလာကြည့်၊ လိုအပ်တာတွေ လုပ်ပေးပြီးတာနဲ့ ရန်ကုန်မြို့ရဲ့စီးပွားရေး အရောင်းအဝယ်တွေ ကို လျှောက်လေ့လာ တော့ တာပဲ။ အဲဒီအချိန်မှာ ကိုကြီးရဲ့သူငယ်ချင်း အန်ကယ်ဦးစံဒွန်းကလည်း ရန်ကုန်ကို ပြောင်းလာရ တာ သိပ်မကြာသေး ဘူး။ ကျွန်မတို့ အန်ကယ်ဦးစံဒွန်း အိမ်မှာပဲ တည်းဖြစ်တာမို့ အန်ကယ်ဦးစံထွန်းကို စက်ရှင်ရုံး ပို့ပြီးတာ နဲ့ ကိုကြီးက ကားယူထားပြီး သူ့စီးပွားရေးကိစ္စတွေ လုပ်တော့တာပေါ့။
လွတ်လပ်ရေး ရပြီးစ ဖ.ဆ.ပ.လ ခေတ်ဦးမို့ မြန်မာကုန်သည်ကြီးတွေ တရုတ် ကုလားတွေနဲ့ ယှဉ်ပြိုင် လုပ်ခွင့်သာတဲ့ အခါကာလဖြစ်လို့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေကလည်း ရေပန်းစားနေတဲ့အချိန် လေ။ ကိုကြီး နဲ့ ငယ်ကတည်းက ကျောင်းနေဖက်သူငယ်ချင်း ဒေါ်စိမ်းစိမ်းနဲ့ ရန်ကုန်မှာ ဆုံမိကြတော့ ဒေါ်စိမ်းစိမ်းက သွင်းကုန် ထုတ်ကုန်လုပ်ငန်းနဲ့ အတော်အဆင်ပြေနေတာကြောင့် ကိုကြီးကို ရန်ကုန် ပြောင်းလာပြီး ကုမ္ပဏီထောင် ဖို့ သူငယ်ချင်းကောင်းပီပီ တိုက်တွန်းအားပေးပါလေရော။

အန်ကယ်ဦးစံဒွန်းကလည်း အဲဒါကို ထောက်ခံရင်း ရန်ကုန်ပြောင်းဖို့ ထပ်ဆင့်တိုက်တွန်းအားပေးလေ တယ်ပေါ့။ မန္တလေးမှာ လုပ်ငန်းတွေက အဆင်မပြေလို့ ခပ်ယိုင်ယိုင်ဖြစ်နေဆဲအခါမို့ ကိုကြီးက လည်း ဒေါ်စိမ်းစိမ်း တို့ မြန်မာတစ်တွေ အောင်မြင်နေတာကို အားကျပြီးပြောင်းဖို့ စိတ်ပါနေပုံရပါတယ်။
ကျွန်မ ဆေးရုံက ဆင်းပြီး မန္တလေးပြန်ရောက်လို့ သိပ်မကြာခင်အတွင်းမှာပဲ "ငါ ရန်ကုန်ဆင်းပြီး ကုမ္ပဏီဖွင့်ဖို့ စီစဉ်ကြည့်ဦးမယ်" ပြောပြီး ထွက်သွားလိုက်တာ။ တစ်ခါတည်း ရန်ကုန်မှာ အခြေချတဲ့ ထိ ဖြစ်သွားတော့တာ ပဲလေ။ မဟာဗန္ဓုလပန်းခြံဘလောက်က ၃၂ လမ်းထဲမှာ အခန်းတစ်ခုဝယ်ပြီး "ခန့်ခန့် ကြီးကုမ္ပဏီ" ဆိုတဲ့ နာမည်နဲ့ သွင်းကုန်ထုတ်ကုန်တွေ လုပ်နေလေရဲ့။
ကျွန်မကလည်း ကျွန်မအလုပ်နဲ့ ကျွန်မ ရှုပ်ပေါ့။ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ လက်ဆည်ကန်ဆိုင်မှာ မီး အင်ဂျင်စက်တစ်လုံးဝယ်ပြီး မန္တလေးမှာ ပထမဦးဆုံး လျှပ်စစ်မီးနဲ့ ရိုက်တဲ့ဆိုင်အဖြစ် စပြီး ရိုက်နိုင် အောင် ကြိုးစား လို့ အောင်မြင်တာနဲ့ အေးအေးမနေသေးဘဲ နာရီစင်အနီး ဘီလမ်းပေးမှာ ဆိုင်ခွဲတစ်ခု ဖွင့်ဖို့ လုပ်ပြန် ပါရော။

မဟေသီမဂ္ဂဇင်းမှာပါတဲ့ "ကင်မရာကိုင်ခဲ့သော ကျွန်မဘဝ" မှာ အသေးစိတ်ရေးခဲ့ပြီးလို့ အပ်ကြောင်း မထပ်တော့ ပါဘူးနော်။ ဘီလမ်းပေါ်က ဆိုင်အတွက် တစ်နှစ်စာ စပေါ်တင်ခါနီးကျမှ ကိုကြီးကို ပြောပြ တော့ တိုက် လခ ဈေးကြီးကြီးပေးပြီး အတင့်ရဲ ရကောင်းလားနဲ့ တယ်လီဖုန်းပေါ်မှာ အဆူအဆဲခံရပေ မယ့် ဆုံးဖြတ်ချက် ကို ပြင်ဖို့ စိတ်မကူးပါဘူး။ မွေးထားတဲ့ သမီးငယ်လေးကို ကြည့်ပေးမဲ့ နာနီလည်း ငှားလို့ရ၊ ကိုကြီးကလည်း အနား မှာ မရှိဆိုတော့ ကိုယ်ဖိရင်ဖိဆိုင်သစ်ကို တွန်းပြီး အားအင်အပြည့်နဲ့ လုပ်လိုက်မယ်လို့ အားခဲထားခါပဲ ရှိပါသေး တယ်။
ဖြစ်ချင်တော့ ၈၄ လမ်း၊ လက်ဆည်ကန်အိမ်မှာ တပည့်တစ်ယောက်ရဲ့ပေါ့ဆမှုကြောင့် ဖလင်ကော်ပြား တွေ ထည့်ထား တဲ့ သေတ္တာဘူးက မီးထလောင်တော့ လူအားကောင်းလို့ မီးကိုငြှိမ်းသတ်နိုင်လိုက်တာ တော့ ဟုတ်ပါ ရဲ့။ မီးတောက် ကို လှမ်းမြင်လိုက်ရတဲ့ ကျွန်မရဲ့အမေက သွေးလန့်ပြီး စိတ်ရောဂါအကြီး အကျယ် ဖောက်ပြန် ပါလေရော။

ထိန်းမရတဲ့ မိခင်ရဲ့အဖြစ်ကိုကြည့်ပြီး မျက်ရည်ကျရတာ အခါပေါင်းများစွာပါပဲ။ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဂီရမ်းဆင် ကို ပင့်ပြတော့ ဆရာဝန်ကြီးက စိတ်ငြိမ်ဆေးပဲ ပေးတယ်။ ပျောက်အောင် ကုသ ဖို့ တော့ မလွယ်ဘူး။ အကောင်းဆုံးက ရန်ကုန်မှာရှိတဲ့ စိတ်ရောဂါအထူးကုဆေးရုံကို ခေါ်သွားပြီး ကုသမှု ခံယူဖို့ အကြံပေးပါတယ်။
ယောက်ျားနှစ်ယောက် သုံးယောက် အားနဲ့ ထိန်းချုပ်နေရတဲ့ ကျွန်မအမေကို ရန်ကုန် ဘယ်လိုခေါ်သွား ရပါ့မလဲ ဆိုတာ ကလည်း ကြီးစွာသော ပြဿနာပေါ့။ ဘွားမေရဲ့လက်ထက်ကတည်းက အိမ်တော်ပါ ဦးသူရကြီးက ကျွန်မတို့နဲ့ အတူလာနေပေးလို့ပဲ သူ့ကိုအားကိုးနေရလို့ တော်ပါသေးတယ်။ ကျွန်မ အဲဒီ လို အကျပ်ရိုက်နေတဲ့အချိန်မှာ ကျွန်မရဲ့သူငယ်ချင်း လှလှမြင့်မှာလည်း ပြဿနာပေါ်ပါလေရော။
 
ကျွန်မတို့ ငယ်သူငယ်ချင်းနှစ်ဦးမှာ ဘဝဟောင်းက ဘယ်လိုကံအကြောင်းတရားတွေ ရှိခဲ့ဖူးလဲတော့ မသိဘူး။ ကျွန်မနဲ့ လှလှမြင့်က မွေးနှစ်ကလည်း အတူ၊ မွေးနေ့လည်း အတူ၊ ကျွန်မက သူ့ထက် နှစ်လ ခွဲကြီးပါတယ်။ ဇာတာခွင် မှာ ဂြိုလ်အနေအထား ၅ လုံးကလည်း ထပ်တူပါပဲ။ ဘာမဆို ဖြစ်လိုက်ရင် တူတူချည်းပဲ။ နောက်ဆုံး ကုန်ကုန်ပြော ရရင် ကျွန်မတို့ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့ ကြတဲ့သူ တွေ့ကြတာတောင် နာမည်တူတွေ ဖြစ်နေလိုက်သေးတယ်။

တစ်ဦးတည်းသမီး ဖြစ်ရတာလည်း အတူတူ၊ ဖခင်မဲ့ကြတာလည်း အတူတူ၊ ကျန်ရှိတဲ့ မိခင်နှစ်ဦးက လည်း စိတ်ဝေဒနာ ရှင်ချင်း အတူတူပဲလေ။ ဟော… အခုလည်း မာ့မီကိုထိန်းမရအောင် အခြေအနေဆိုး ဖြစ်လာသလို သူ့မေမေ ကလည်း ဒီအတိုင်း ဖြစ်နေပြန်ပါရော။ ဒီတော့ သူငယ်ချင်းနှစ်ယောက် ခေါင်း ချင်းဆိုင်တိုင်ပင်ကြပြီး ဆရာဝန်ကြီးနဲ့ လည်း ညှိ၊ လေကြောင်းဌာနနဲ့လည်းညှိ၊ အားလုံးကို အကူအညီ တွေ လိုက်တောင်းရတော့ တာပေါ့။ စိတ်ဝေဒနာရှင် ဒီလူနာနှစ်ဦးကို မီးရထားနဲ့ခေါ်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်လားနော်။
အဲဒီခေတ်ကာလက လေယာဉ်တွေကလည်း များများစားစား မရှိသလို အချိန်ကလည်းမှန်တာမဟုတ် ဘူး။ ရန်ကုန်က လာတဲ့လေယာဉ်က မန္တလေးဆိုက်ပြီးရင် မြစ်ကြီးနားတို့၊ လားရှိုးတို့စတဲ့ မြို့တွေကို တစ်ထောက်သွားကြသေးတာ။ မန္တလေးကို ပြန်ဝင်လာတဲ့အခါကျမှ ခရီးသည်တွေတင်ပြီး ရန်ကုန်ကို ပျံသန်းတာ ဆိုတော့ လေယာဉ်စီးမယ်ဆိုရင် လေယာဉ်ကွင်းမှာ တစ်နေကုန် တစ်မျှော်တစ်ခေါ်ထိုင် စောင့်ကြရတာမျိုးလေ။ စိတ်ဝေဒနာ ရှင်နှစ်ယောက်နဲ့ ကျွန်မတို့တစ်နေကုန် ထိုင်စောင့်ဖို့ကလည်း မလွယ်။

ပြဿနာတွေ၊ ဒုက္ခတွေ ဝဲလည်နေတဲ့အထဲမှာပဲ ကူညီရိုင်းပင်းကြတဲ့ မိတ်ဆွေကောင်းများလည်း တွေ့ ရတတ်တာမို့ ဘဝဆိုတာ သဲကန္တာရဖြစ်ချိန်မှာလည်း ရေကြည်အိုင်လေးတွေ ရှိနေတတ်သလို စိတ် အားတက်စေဖို့အတွက် သဘာဝတရားက ဖန်တီးလေသနား မသိဘူးနော်။
ချမ်းမြသာစည်လေဆိပ် မှာ လေကြောင်းထိန်းသိမ်းရေးအရာရှိက Tom ပါ။ သူ့ဇနီးဂါတီနဲ့ ကျွန်မ က ကျောင်းနေဖက်သူငယ်ချင်း။ သူက အသက်လည်းငယ်၊ အတန်းလည်း ငယ်ပါတယ်။ သူငယ်ချင်းရဲ့ခင် ပွန်း Tom ရဲ့ကျေးဇူး နဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် လူနာအမေတွေနဲ့ လေဆိပ်မှာ ထိုင်စောင့်ဖို့ မလိုအောင် စီစဉ်ပေး ပါတယ်။
မြစ်ကြီးနားက ထွက်လာတဲ့ လေယာဉ် မန္တလေးမဝင်ခင် နာရီဝက်အလိုမှာ Tom က ကျွန်မတို့ကို အကြောင်းကြား ပါတယ်။ ကျွန်မတို့က လူနာမိခင်တွေနဲ့အတူ လေယာဉ်ကွင်းအရောက်လာ၊ မြို့နယ် ဆရာဝန်ကြီး ကိုယ်တိုင် လည်း လေဆိပ်မှာ လာစောင့်ပြီး မိခင်နှစ်ယောက်စလုံးကို အိပ်ဆေးထိုးပေးပါ တယ်။

အိပ်ပျော်သွားတဲ့ မိခင်နှစ်ဦးကို ထမ်းစင်နှစ်ခုနဲ့ လေယာဉ်ပေါ်ကိုတင်၊ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် အတူ အမေတွေဘေးမှာ ထိုင်လိုက်ကြရတယ်ပေါ့။ ဆရာဝန်ကြီး အကူအညီနဲ့ ကြိုတင်အကြောင်းကြား ထားပေးလို့ ရန်ကုန်လေဆိပ်ရောက်တဲ့ အခါ တံတားကလေးဆေးရုံက လူနာတင် သူနာပြုကားနဲ့ လာ ကြိုပေးဖို့လည်း အဆင်သင့်ဖြစ်အောင် လည်း လုပ်ထားရပါသေးတယ်။
အဲဒီ မန္တလေး-ရန်ကုန် လေယာဉ်ခရီးစဉ်က ကျွန်မတို့ဘဝ တစ်သက်တာမှာ လကမ္ဘာသွားတာထက် ကြာအောင် စီးရတယ် လို့ ထင်မိတဲ့အကြာဆုံး ခရီးစဉ်တစ်ခုပါပဲ။ အိပ်ဆေးပြယ်ပြီး ဘယ်တော့များ နိုး ထလာကြမလဲနဲ့ ရင် တထိတ်ထိတ် ဖြစ်ရတဲ့စိတ်က အသက်ရှုလို့တောင် မဖြောင့်နိုင်အောင်ပါပဲ။ မျက် လုံးကလည်း အရိပ်ကြည့်နေ ရတာ တစ်ချက်ကလေးမှ မျက်နှာမလွှဲရတဲ့အနေနဲ့လေ။ အသံတိတ် ရွတ် ဖတ်နေမိတဲ့ ဘုရားဂုဏ်တော်တွေ ဆိုတာလည်း တတ်သမျှ မှတ်သမျှ အကုန် အပ်ကြောင်းထပ်လို့ပေါ့။

ဘဝမှာ ကြုံရတဲ့ စိုးထိတ်စရာ အဖြစ်ထဲမှာ ဒီအဖြစ်တစ်ခုကလည်း ဒီဂရီကုန်စိုးထိတ်ရင်ပူရခြင်း လို့ပဲ ပြော ပါရစေတော့။ မင်္ဂလာဒုံလေဆိပ်ကိုရောက်တဲ့ထိ အိပ်ရာက မနိုးကြလို့ တော်ပါသေးရဲ့။ လမ်းတစ် ဝက် မှာများ နိုးလို့ကတော့ ကျွန်မတို့နှစ်ယောက် ဘယ်လိုမှ အမေတွေကို ထိန်းနိုင်ကြမယ် မထင်ပါဘူး။ လေဆိပ်မှာ ကိုကြီးရော၊ ကျွန်မရဲ့အစ်ကိုကြီး ဦးတင်မောင်မောင်တို့ပါ လာကြိုကြပြီး ချောချောမော မော ရောက်တော့မှပဲ ကျွန်မတို့လည်း သက်ပြင်းချ အသက်ဝဝ ရှုဖြစ်ပါတော့တယ်။
နောက်တစ်နေ့ မနက်စောစော ဆေးရုံကို သွားကြည့်တော့ မာမီရဲ့နဖူးထိပ်မှာ ပလာစတာကြီးတစ်ခု ကျပ်လျက်နဲ့ အိပ်နေလေ ရဲ့။ ကျွန်မက "မာမီ ဘာဖြစ်တာလဲ" မေးတော့ "ညက ဒေါ်ရင်ရယ်… မာမီ အိပ်နေတုန်း သူ့ဖိနပ်နဲ့ လာ ခုတ်ထားတာ" တဲ့။ နောက်ပြီး ပြောလိုက်သေးတယ်။ "သူက စိတ်မှမမှန်ဘဲ၊ သည်းခံရတာပေါ့" တဲ့။

ကိုယ့်ဟာကိုယ်ကတော့ မှန်သလိုလိုပေါ့လေ။ ကျွန်မမှာ စိတ်မကောင်းဖြစ်ရတဲ့ကြားထဲက ပြုံးရပါသေး တယ်။ မာမီနဲ့ မြင့်ရဲ့မေမေ ဒေါ်ရင်ကို ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး နှစ်ယောက်တည်း နေရတဲ့ အထူးခန်းမှာ ရွေးထားမိတာကိုး။ ကျွန်မတို့ တကူးတက အဝေးက လာပို့ထားရတာကို စာနာ လို့ ဆရာဝန်ကြီးဦးဘသောင်းကလည်း ဂရုစိုက်ပေးပါတယ်။
မာမီနဲ့ မေမေကို စိတ်ငြိမ်သွားအောင် Electric Shock ပေးပြီး ကုသပေးတာပါ။ အနာနဲ့ဆေး တွေ့ သွား တော့လည်း သိသိသာသာ သက်သာလာတာ လူကောင်းနီးပါး ဖြစ်လာလို့ ကျွနမတို့ ဝမ်းသာကျေးဇူး တင်လိုက်ရတာ။ တစ်လလုံးလုံး အလုပ်တွေ ပစ်ထားပြီး နေ့စဉ်ဆေးရုံသွားကြည့်နဲ့ ရန်ကုန် မှာ သောင် တင်နေရ တာပေါ့။
ဆေးကုသလို့ ခြောက်ပတ်နီးပါးရှိမှ ကောင်းကောင်းကျန်းမာလာတာနဲ့ မန္တလေးကို ပြန်လာဖြစ်ပါတော့ တယ်။ ဒီတော့မှ ကျွန်မလည်း ဆိုင်သစ်ကိစ္စကို လုံးပန်းနိုင်တော့တာပေါ့။ အချိန်က လွတ်လပ်ရေးရပြီ ဖြစ်တော့ အင်္ဂလိပ် စစ်တပ်တွေက ပြန်ထွက်ခွာသွားကြပြီး ဗမာ့တပ်မတော်က အစားဝင် နေရာယူလာ တယ်ပေါ့။

တိုင်းပြည် အခြေအနေက မငြိမ်သက်သေးပါဘူး။ ရောင်စုံသူပုန်တွေက လှုပ်ရှားနေကြဆဲလေ။ မိုင်းဗုံး တွေဖောက်၊ တံတားတွေချိုး လုပ်နေတော့ ကုန်းလမ်းဖြစ်တဲ့ ကားလမ်း၊ ရထားလမ်းတွေက စိတ်မချရ ဘူး။ ကျွန်မ ညီမဝမ်းကွဲလေးတစ်ယောက်တောင် မတ္တရာသွားတဲ့ ရထားမိုင်းဗုံးထိလို့ လက် တစ်ဖက် ပြတ်သွားရှာပါသေးတယ်။ တပ်မတော်သားတွေက သူပုန်တွေ လိုက်တိုက်ရ၊ ပြည်သူလူထု ငြိမ်းချမ်းစွာ သွားလာနိုင်ရေး အစောင့်အရှောက်တွေ ကာကွယ်ပေးရနဲ့ တာဝန်ယူကြရတာပေါ့။
မန္တလေး မှာ စခန်းချထားတဲ့ တပ်မတော် အများကြီးရှိပါတယ်။ အားလုံးက လုံခြုံမှုရှိတဲ့ နန်းတွင်းမှာပါ။ အုပ်ချုပ်မှု အရာရှိကြီးများ ဖြစ်ကြတဲ့ တိုင်းမင်းကြီးတို့၊ ရဲမင်းကြီးတို့တစ်တွေက မြို့ပေါ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ဖိတ်ခေါ်ပြီး တိုက်ပွဲကို အသက်ပေးထွက်ကြရတဲ့ ရဲဘော်လေးတွေအတွက် "တပ်မတော် သက်သာချောင်ချိရေး" အဖွဲ့ဆိုပြီး ဖွဲ့ပါတယ်။ သူတို့ရဲ့ ကတော်တွေက ဦးစီးဦးဆောင် လုပ်ကြတယ် ပေါ့။

အဲဒီအချိန် မှာ ရဲမင်းကြီးကတော်က ကျွန်မတို့အန်တီလော်ရာလို့ခေါ်တဲ့ Mrs. G.Cliff ပါ။ အန်တီလော် ရာက ဥက္ကဋ္ဌ၊ ဘာဘရာက အတွင်းရေးမှူး၊ နောက်ပြီး ကတော်ကြီးများစွာနဲ့ နဂါးဒေါ်ဦးတို့လို၊ ကျွန်မတို့ လို ကုန်သည်ပိုင်း က အမျိုးသမီးများစွာလည်း ပါကြပါတယ်။ တူညီဝတ်စုံတွေနဲ့ တက်ညီလက်ညီ လုပ် အားပေး လှုပ်ရှားကြရတယ်ပေါ့။ တပ်မတော်သားများ တိုက်ပွဲက ပြန်လာရင် ဆီးကြိုကြ၊ ဒဏ်ရာရလာ ရင် ဆေးရုံ သွားကြည့်ပြီး အားပေးရနဲ့ နောက်ပိုင်းက ပြည်သူလူထုအစား စိတ်အားကိုးကို ပေးကြရတဲ့ သဘောပါပဲ။
ခေတ်အခါက မငြိမ်သက်တော့ ကုန်းလမ်းတင် စိတ်မချရတာ မဟုတ်သေးဘူး။ ရေလမ်းကလည်း ထို နည်းတူစွာပါပဲ။ လေကြောင်းတစ်ခုပဲ စိတ်ချလက်ချ အားကိုးပြီး သွားလို့ရတဲ့ သမယပါ။ တစ်နေ့မှာ ဧရာဝတီမြစ်ကြောင်းက သူပုန်တွေကို ရှင်းလင်းပြီး ဆန်တက်လာတဲ့ "မေယု" စစ်သင်္ဘော နဲ့ အတူ ရေတပ်မတော်က စစ်သင်္ဘောများ မန္တလေးဂေါဝန်ဆိပ်ကို ဆိုက်ကပ်လာပါရော။

မထင်မှတ်ဘဲ ဝတ္ထုဆန်ဆန်အဖြစ်ကလေးတစ်ခုလည်း ကြုံရပါသေးတယ်။ အဲဒီကြိုဆိုပွဲကို ရှေ့ဆုံးက စက်ရှင်မင်းကြီးကတော် မမညွန့်က ဦးဆောင်ပြီး ကျွန်မတို့တစ်တွေပါ ရေတပ်မတော်အရာရှိများနဲ့ ရဲဘော်များကို ကြိုဆိုနှုတ်ဆက် ရတယ်ပေါ့။ အခမ်းအနားနဲ့ တစ်ဦးစီမိတ်ဆက် လက်ဆွဲနှုတ်ဆက်နေ တုန်း နောက်တစ်ဦး အလှည့်ရောက်ရော "ဟေ့… ခပ်တီး"နဲ့ ဝမ်းသာအားရ အော်သံကြားတော့ ကျွန်မ လည်း အံအားသင့်၊ အားလုံး ကလည်း ဝိုင်းကြည့်ကြတာပေါ့။
ကျွန်မတို့မိသားစုနဲ့ ခင်မင်ရင်းနှီးတဲ့ အန်ကယ်အက်ဒဝပ်ရဲ့သား ရှိန်း ဖြစ်နေတာကိုး။ "ဟေ့… တို့ စစ် ဗိုလ်ကြီး ဖြစ် လာခဲ့ပြီတဲ့" ပြောင်ချော်ချော် မျက်နှာနဲ့ ပြောတော့ ကျွန်မလည်း အမြင်ကတ်ကတ် နဲ့ ရောက်မဆိုက် ဘဲ မအောင့်နိုင်တာနဲ့ မျက်စောင်းတစ်ချက် ထိုးထည့်လိုက်မိတယ်ပေါ့။
ဘေးက ကြားတဲ့သူတွေအဖို့က စစ်ဗိုလ်ကြီးဖြစ်လာပြီဆိုတာ သာမန်စကားပါပဲ။ ကျွန်မအတွက် က တော့ နောက် ဆက်တွဲ ပါနေသေးတာမို့ အမြင်ကတ်မိခြင်းပါ။ ငယ်ငယ်တုန်းက သူတို့မိသားစု အိမ်ကို လာလည် တိုင်း ရှိန်းက ပါလာတတ်ပြီး လူကြီးတွေက "သားကြီးရင် ဘာလုပ်မလဲ" မေးတိုင်း…

"စစ်ဗိုလ်ကြီး လုပ်မယ်၊ ပြီးရင် ခပ်တီး ကို ယူမယ်"လို့ ဖြေတာကို အန်ကယ်အက်ဒဝပ်ကရော၊ ဘွားလေး တို့ကပါ သဘောတွေ ကျပြီး တဟားဟားရယ်တတ်လို့ အဲဒီကတည်းက ကျွန်မ သူ့ကို အမြင်ကတ်ခဲ့တာ ပါ။ ကျွန်မ ငယ်ငယ် က ကိုယ့်နာမည် ခင်မကြီးကို ထည့်ထည့်ပြောတာ စကားက မပီတော့ ခင်မကြီး ဖြစ်မလာဘဲ "ခပ်တီး" လို့ အသံထွက်နေ တာကိုး။
ရှိန်းက ဒါကိုမှတ်ထားပြီး ကျွန်မ စကားပီလို့ "ခင်မကြီး"ကလို့ ပြောနိုင်တဲ့အချိန် ရောက်တာတောင် "ခပ် တီး" လို့ တမင်စပြီး ခေါ်မြဲလေ။ ကြီးလာကြလို့ သူလည်း စိန်ပီတာကျောင်းရောက်၊  ကျွန်မလည်း  ကွန် ဗင့်ကျောင်း ရောက် လို့ ကျောင်းပွဲတွေမှာ ပြန်ဆုံမိရင်လည်း ကျွန်မကိုတွေ့အောင်ရှာပြီး "ငါကြီးရင် စစ် ဗိုလ်ကြီး လုပ် မှာနော်၊ ပြီးရင် ခပ်တီးကို ယူမှာ သိလား" နဲ့ သူငယ်ချင်းတွေရှေ့မရှောင် မခံချင်အောင် ပြောတတ်လို့ ငယ်ငယ်တုန်း ကလို သူ့ထိပ် လိုက်ခေါက်ဖို့ မကောင်းတတ်တဲ့အခါကျတော့ လွယ်ကူတဲ့ မျက်စောင်းနဲ့ပဲ ခဲရတော့ တာပေါ့။

အခုလည်း လူလယ်ကောင်မှာမို့ မျက်စောင်းပဲ ခဲထည့်လိုက်ရပါတယ်။ စိတ်ထဲမှာတော့ "မှတ်ဟဲ့၊ ခုငါ က ကလေးနှစ်ယောက်တောင် ရနေပြီ" လို့ လူရှင်းရင် ကိုယ်က အနိုင်ယူကြွေးကြော်ဖို့ ပါးစပ်ပြင်ထားမိ ပါသေး တယ်။ ညနေကျတော့ ချီတက်လာတဲ့ ရေတပ်မတော်အဖွဲ့နဲ့ နန်းတွင်းက တပ်မတော်သားများ အပါအဝင် မိတ်ဆုံ ဧည့်ခံပွဲ ကို ရဲမင်းကြီးအိမ်ဂေဟာ မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ ညစာပွဲနဲ့ အတူ ဖျော်ဖြေရေး အစီအစဉ်တွေပါ တခမ်းတနားပါပဲ။
အဲဒီပွဲမှာ "ကတော်ကြီးများယိမ်း" က လူတိုင်းသဘောကျ သြဘာပေးကြပါတယ်။ အားလုံးသော ကတော်ကြီး များ တက်ကကြတာဆိုတော့ ကြုံတောင့်ကြုံခဲ မဟုတ်လားနော်။ အစီအစဉ်က အမျိုး အမည်များစွာပါပဲ။ ဒီအထဲ ကျွန်မ ကို တစ်ကိုယ်တော် အီဂျစ်အက ကဖို့ အန်တီလော်ရာက အိမ်မှာ အကဆရာနဲ့ ခေါ်သင်ပေးထားလို့ ကျွန်မလည်း တစ်ခန်းတာဝန်ယူရတယ်ပေါ့။
အီဂျစ်ရှင်း ဝတ်စုံဆိုတော့ ဘောင်းဘီရှည်ပွပွနဲ့ ခါးပြတ်အင်္ကျီကို ဝတ်ရလို့ ဗိုက်သားဖြူဖြူက အထင်း သားနဲ့ ကရတဲ့ အက ကလည်း Belly Dance လေ။ ဗိုက်သားကို အသားပေးလှုပ်ကရတာ မဟုတ်လား။ ပရိသတ်က သဘောကျပြီး Encore တွေ ကျုံးအော်နေကြတာနဲ့ နှစ်ခါ ထပ်ကပြရပါတယ်။

ကျွန်မကလည်း ငယ်ရွယ်တုန်း ဆိုတော့ မြှောက်ပေးကြတိုင်း အဟုတ်ကြီးမှတ်လို့ ကျေနပ်နေမိလေ တယ်ပေါ့။ နောက် တစ်နေ့မနက်ကျ ရန်ကုန်ကနေ ကိုကြီး ဖုန်းထဲက ခေါ်ပြီး ဆဲတာကို ခံရတော့တာပါ ပဲ။ ကိုယ့်ဟာ ကိုယ် စင်ပေါ် တက်ကဲမိတာ ကိုကြီး မြင်တာမှမဟုတ်ဘဲလို့ တွက်ထားမိတာလေ။ ဘယ် ဟုတ်ပါ့ မလဲ။ နေရှင်းအင်္ဂလိပ်သတင်းစာ မျက်နှာဖုံးမှာ ကျွန်မ ကနေတဲ့ပုံကြီးက အထင်အရှား ပါလာ တာကိုး။
"ကိုကြီး ကလည်း ဘာမှမသိဘဲ ဆဲနေ၊ ဒီမှာဖြင့် ပွဲတောင်းလို့ နှစ်ခါတောင် ကပြရသေးတယ်" လို့ ကျွန်မက ဂုဏ်ယူစွာ နဲ့ စောဒကတက်တော့…
"အေး… နင် ဒီထက်ဖော် ရင် ဒီထက် ပွဲတောင်းကြဦးမယ်" တဲ့။
ဒီတော့မှ ကျွန်မလည်း ခွန်းတုံ့မပြန်ရဲဘဲ ငြိမ်နေလိုက်ရပါတယ်။ သတင်းစာထဲပါလို့ အဆူအဆဲခံရတာ ဒီတစ်ခါတည်း မဟုတ်သေးဘူး။ နောက်မကြာခင်မှာ "မြို့လယ်ကောင် ရုပ်ရှင်ရိုက်ကူးခြင်းလော" ဆို တဲ့ ခေါင်းစဉ် နဲ့ သတင်းတစ်ပုဒ် အကြီးအကျယ် ပါလာလိုက်သေးတယ်။ ရုပ်ရှင်မင်းသား ကိုဝင်းဦး တောင် "မောင်လေး မပြန်နိုင်တယ်" ဆောင်းပါးမှာ ထည့်ရေးထားပါသေးတယ်။ အဲဒီတုန်းကလည်း မန္တလေးတစ်မြို့လုံး ဟိုးဟိုးကျော် ဖြစ်ခဲ့ရသေးတာပါ။

အဲဒီနေ့က  ကျွန်မက "မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်း" အစည်းအဝေးပွဲ တက်ရောက်စရာရှိ တာနဲ့ ဆိုင်က စောစောပြန် ရေမိုးချိုး အဝတ်လဲပြီး ထွက်လာခဲ့တာ ပိုက်ဆံအိတ်အသစ် ပြောင်းကိုင် လာခဲ့တော့ ကားမောင်း လိုင်စင် က ပါမလာခဲ့မိဘူး။
ဈေးချိုတန်းထိပ်ရောက်တော့ ယာဉ်ထိန်းရဲက စစ်ပါတယ်။ ကျွန်မ လိုင်စင် ပါမလာခဲ့တာ နဲ့ တောင်း တောင်းပန်ပန် ပြောပြပေမဲ့ ရဲဝန်ထမ်းက လက်မခံဘူး။ ကျွန်မလည်း အစည်းအဝေး နောက်ကျနေလို့ ဒဏ်ဆောင် ဆိုလည်း ဆောင်မယ်။ ဥပဒေအတိုင်း လုပ်ပေါ့ဆိုပြီး ထွက်လာမယ်လုပ်တော့ အဲဒီသူငယ် က "မရဘူး၊ ရဲဌာန ကို အခုလိုက်ခဲ့ရမယ်" တဲ့။ ခပ်တည်တည်နဲ့ ဟောက်ပါလေရော။
ကျွန်မ က ကောင်းကောင်း လေးလေးစားစား ပြောပါလျက် အနိုင်ကျင့်တယ် ထင်လာတာနဲ့ "မလိုက်ဘူး ကွာ၊ လုပ်ချင်တာလုပ်" ဆိုပြီး မောင်းလည်းထွက်ရော ဘသားချောက ကားဘေးတွဲလောင်းတွယ်ပြီး လိုက် လာလေရဲ့။

ကားကလည်း ဂျစ်ကားဆိုတော့ သူ တွယ်လိုက်ခဲ့လို့ လွယ်ကူတာကိုး။ ဈေးချိုလမ်းကလည်း ရှုပ်ပါဘိနဲ့။ လူတွေ က ဝိုင်းကြည့်နေကြပြီလေ။ ကျွန်မလည်း မိုက်မိုက်ကန်းကန်းနဲ့ ရှေ့သွားနေတဲ့ ဘတ်စ်ကား ဘေးကို ပွတ်ပြီး တမင်မောင်း လိုက်တော့ တွယ်ထားတဲ့ကားပေါ်က ကိုယ်တော်မြတ် ဖုတ်ခနဲ ပြုတ်ကျ ကျန်ရစ်ရောလေ။
"ကဲ… ဒါလောက်တောင်ရှိတာ ကိစ္စပြတ်ရော" လို့ အောက်မေ့ပြီး ဆက်မောင်းလာတာပေါ့။ ဘယ်ဟုတ် ပါ့မလဲ။ နာရီစင်ထိပ် လည်းရောက်ရော လမ်းအလယ်ကောင် ခုံပေါ်မှာ ရပ်နေတဲ့ရဲ့ လက်ပြတားတာနဲ့ သွားတိုးတော့ ယာဉ်ကြောရှင်း တဲ့ထိ ရပ်ပြီးနေရတဲ့အခိုက်မှာ ကိုယ်တော်ချောလေးက အမီလိုက်လာ ပြီး ကျွန်မဘေးက ခုံမှာ အကျအန ဝင်ထိုင်ချလို့ ခပ်တည်တည်နဲ့…
"ခင်ဗျားကို ဖမ်းတယ်၊ ရဲစခန်းကို မောင်း" တဲ့။
ယာဉ်ထိန်းရဲ့ သွားဖို့ လက်လည်းပြရော ကျွန်မ ဆက်မောင်းတော့တာပေါ့။ ကျုံးထိပ်ရောက်တော့ မှ ဘေး ကပ်ရပ်ပြီး ဂျစ်ကားစက်နှိုးတဲ့ ဂေါက်တံ သံချောင်းကို ဆွဲထုတ်ပြီး "ခု ကားပေါ်က ဆင်းမလား၊ မဆင်းဘူးလား" နဲ့ ချဲမှ မောင်မင်းကြီး သားက ရှောရှောရှူရှူ ဆင်းသွားပါတယ်။

သတင်းစာကလည်း ဘယ်က ဘယ်က သတင်းရသွားလည်း မသိပါဘူး။ ပုံကြီးတွေချဲ့ပြီး ဇာတ်လမ်း ပမာ ရေးထည့်လိုက်တော့ ကျွန်မကိုပဲ ရဲနဲ့ ရန်ဖြစ်ရကောင်းလားဆိုပြီး ဖုန်းဆက် ဆဲတာ ခံလိုက်ရပြန် ပါ ရော။ နောက်မှ သိရတာက ဦးတင်မြင့် ဆိုတဲ့ ယာဉ်ထိန်းရဲက အဲဒီနယ်က ပြောင်းလာတဲ့ ဝန်ထမ်းကို တမင် တကာ နောက်ချင် စချင်လို့ "မင်း အဲဒီအမျိုးသမီးကို လိုင်စင်စစ်ရဲလား" ဆိုပြီး အတို့အထောင် လုပ်ပေးလိုက် တာတဲ့လေ။ ကံဆိုးချင်တော့ အဲဒီနေ့ကမှ ကျွန်မကလည်း လိုင်စင်ပါမလာတာနဲ့ သွားတိုး မိတာကိုး။
ငယ်ရွယ်စဉ် ကာလကတော့ အမှား အမှန် ဆိုတာတွေကို မခွဲခြားတတ်ဘဲ မြွေဟောက်တစ်ကောင်လို လာထိတာနဲ့ ပါးပျဉ်းထောင်ပြလိုက်ချင်တဲ့ မာန်တွေက လွဲမှားစွာရှိနေခဲ့တာ မဟုတ်လားနော်။ အတွေ့ အကြုံတွေ များလာတဲ့အခါကျမှ လွဲမှားတဲ့ မာန်တွေ ခံယူချက်တွေက အသက်အရွယ် နဲ့ အတူ ပြုပြင် ပြောင်းလဲလာတတ်တာပါပဲ။

ဒီလိုနဲ့ မာမီကလည်း ရောဂါသက်သာ၊ သမီးကလည်း တဖြည်းဖြည်းနဲ့ စကာတတ်တဲ့ အရွယ်ရောက် လာပြီး ချစ်စရာ ပိုကောင်းလာတော့ ကျွန်မ အလုပ်ကိစ္စနဲ့ သွားလေရာနောက်က တွဲလောင်းပါလာ တတ်ပါတယ်။ သားကြီး ခင်မောင်ဝင်းခန့်တောင် စိန်ပီတာကျောင်းသားကြီး ဖြစ်နေပါပြီ။ မမသန်းက သူ့ သား အတွက် ကျောင်းပို့ကျောင်းကြိုလုပ်ပေးဖို့ ကားတစ်စီးသီးခြားဝယ်ထားပြီး ယာဉ်မောင်းပါ ငှားထား ပေးပါတယ်။ အလိုလိုက် ထားတာလည်း ရွှေပေါ်မြတင်။ သူများက မေးရင်တောင် ကျွန်မသားလို့ ပြော တာ ကြိုက်တာ မဟုတ်ဘူး။ ကလေးတွေကလည်း လည်ပါ့။ "ဒါ ခင်မကြီး သားလား" လို့ သူများက မေး ရင် မမသန်းကြား မှာစိုးလို့ ခေါင်းညိတ်ပြတာမျိုးလေ။ မမသန်းက သူ ခိုးပြီး ခေါင်းညိတ်တာ မြင်လို့က တော့ မကျေမနပ်နဲ့ ပြဿနာတက်တော့တာပါပဲ။
ဘီလမ်းက ဓာတ်ပုံဆိုင်ကို စဖွင့်တဲ့အချိန်မှာ Location က ကောင်းတာဖြစ်လို့ စတူဒီယိုမှာ ဓာတ်ပုံလာ ရိုက်တဲ့သူတွေတင် မကဘူး။ အပျော်တမ်း၊ ဓာတ်ပုံဝါသနာရှင်တွေ ကိုယ်တိုင် ရိုက်ထားတဲ့ ဖလင်လိပ် ကူးတာ ဆေးတာ၊ လာအပ်တာက တော်တော်ကို များတော့ အဲဒါကလည်း ဝင်ငွေကောင်းတစ်ခု ဖြစ် လာတာမို့ ဈေးကြီးတဲ့ တိုက်လခ အသာလေးကျေသွားတော့တာပဲ။ အလားအလာကောင်းတဲ့ လမ်းစ ကို မြင်မိတော့ ကျွန်မလည်း အားတက်လာပြီး ကိုကြီး အကြံဉာဏ်ပေးသလို ဓာတ်ပုံပစ္စည်းရောင်းတဲ့ အရောင်းဆိုင်ပါ တွဲပြီး ဖွင့်လိုက်ပါတယ်။

ဆိုင်နဲ့ စတူဒီယို တွဲဖက်ထားတာဖြစ်လို့ တာဝန်ပိုကြီးလာတာနဲ့  ကျွန်မရဲ့ဦးလေး အန်ကယ်ကျော်ကို အရောင်းဆိုင်တာဝန်ယူပေးဖို့ မန်နေဂျာ လုပ်ပေးပါဆိုပြီး တောင်းပန်ရတာပေါ့။ အန်ကယ်ကျော်က ဘဏ်အရာရှိ လုပ်လာခဲ့တဲ့သူမို့ စာရင်းဇယား တိတိကျကျနဲ့ တာဝန်ယူပေးပါတယ်။
ကျွန်မက ဓာတ်ပုံဆရာမအဖြစ်သာ အရည်အချင်းရှိတာ။ ကိုကြီး ဖြစ်စေချင်တဲ့ စီးပွားရေးသမား ဖြစ်ဖို့ ကျတော့ ပါးနပ်တဲ့အရည်အချင်းမျိုး ပါလာတာမဟုတ်ဘူး။ ကျွန်မ အသုံးမကျပုံလေးကလည်း ကြုံတုန်း ပြောပြရဦးမယ်။ တစ်နေ့ အန်ကယ်ကျော် နေ့လယ်စာစားဖို့ အလုပ်က တစ်နာရီ အနားယူ အပြင်ထွက် သွားချိန်မှာ လူတစ်ယောက် က ရောက်လာပြီး ကင်မရာ ဝယ်ချင်လို့တဲ့။
ကျွန်မက ထုတ်ပြတာပေါ့။ တစ်လုံးရွေးပြီး သူက "ကျွန်တော် ဟိုဘက်ဆိုင်ကပါ အစ်မ၊ ယူသွားပြီး ပြ လိုက်မယ်နော်"  တဲ့။
အဲဒါကို ကျွန်မက ယုံယုံကြည်ကြည် လွယ်လွယ်ကူကူနဲ့ ပေးလိုက်လေရဲ့။ ခဏနေတော့ ပြန်ရောက် လာပြီး နောက်ထပ် အမျိုးမတူတဲ့ ကင်မရာကို ကြည့်ပြီး "ဒါလည်း ယူသွားပြလိုက်မယ်၊ ကြိုက်တဲ့ အလုံး ရွေးလို့ရအောင်ပေါ့" တဲ့။

အံမယ်… ကျွန်မက စေတနာနဲ့ ဘာတွေ ကွာခြားတယ်ဆိုတာတောင် နားမလည်မှာစိုးလို့ သေသေချာ ချာ ရှင်းပြလိုက်သေး တယ်လေ။ အန်ကယ်ကျော် ထမင်းစားက ပြန်လာတော့ ဟိုဘက်ဆိုင်က ကင်မရာ နှစ်လုံး လာယူသွားတယ် ဆိုတာ ပြောပြတော့…
"ဟိုဘက်ဆိုင် ဆိုတာ ဘယ်ဆိုင်လဲ" တဲ့။
ကင်မရာတွေသာ ပေးလိုက်တာနော်။ ဘယ်ဆိုင်လဲ ဆိုတာတောင် မေးလိုက်မိတာ မဟုတ်ဘူး။
"မသိဘူးလေ၊ ခင်မကြီးလည်း ဟိုဘက်ဆိုင် ဆိုတာနဲ့ ပေးလိုက်မိတာပဲ" ပြောတော့ အန်ကယ်ကျော် အကြီးအကျယ် ဒေါပွတော့တာပါပဲ။ ကပ်လျက်ဆိုင်က ဘားမေးရေဒီယိုဆိုင်၊ ဟိုဘက်က အိမ်ဆောက် ပစ္စည်းရောင်း တဲ့ဆိုင်၊ အဲဒီဟိုဘက် နာရီစင်အထိ နောက်ထပ် သုံးဆိုင်လောက်ရှိပါသေးတယ်။ အန်ကယ်ကျော် ကိုယ်တိုင် တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်မေးတော့ ဘယ်ဆိုင်ကမှ မယူခိုင်းရပါဘူးတဲ့။ လာယူတဲ့သူကိုလည်း  ကျွန်မ က မမှတ်မိ။ နာမည်လေးတောင် မေးလိုက်မိတာ မဟုတ်ဘူးလေ။

"ကင်မရာတင် မကဘူး။ နောက်တစ်ခါဆို နင်ပါ လိုက်ခဲ့ပါလို့ ခေါ်သွားဦးမယ်" တဲ့။
"စီးပွားရေး ဦးဆောင်လုပ်နေပြီး ဒါလောက် အရ နရသလား"နဲ့ အဆူခံလိုက်ရတာ ပွက်လောရိုက်သွား တာပါပဲ။ အန်ကယ်ကျော်က ချက်ချင်း ရဲတိုင်ပြီး အမှုဖွင့်ပါတယ်။ ဘာအထောက်အထား မှ လည်း ရေ ရေ ရာရာ ပြစရာမရှိတော့ သီတာရေမြေ ဆုံးလေပြီလို့ပဲ သဘောထားလိုက်ပါတော့တယ်။
အဲဒီကိစ္စ မေ့သလောက်ရှိခါမှ တစ်နေ့ ကျွန်မရဲ့ဦးလေး စစ်အတွင်းက လာခေါ်ပြီး စစ်ကိုင်းကို ရွှေ့ပေး ခဲ့တဲ့ အန်ကယ်အေးက ဖုန်းဆက်လာပါတယ်။ အဲဒီအန်ကယ်အေးက စစ်ကြီးပြီးတော့ အင်္ဂလိပ်စစ်တပ် က ထွက်ပြီး ရဲဘက်မှာ ပြောင်းလိုက်တော့ အခု ရဲအရာရှိ ဖြစ်နေပါပြီ။ ဖုန်းဆက်လာတဲ့အကြောင်းက လူတစ်ယောက်ကို ဖောက်ထွင်းမှုနဲ့ အကြောင်းပြုပြီး ဖမ်းမိတယ်တဲ့။ ဒီလူက ရထားတဲ့  ပစ္စည်းတွေကို တစ်နေရာမှာ သွားပြီး ပေါင်တယ်။ ပစ္စည်း အပေါင်ခံတဲ့အိမ်ကို  ရှာတော့  ကျွန်မတို့တိုင်ထားတဲ့ ကင်မ ရာလို့ ယူဆရတဲ့ ကင်မရာနှစ်လုံးလည်း ပါတယ်ဆိုပဲ။

ဒါပေမဲ့ တရားဥပဒေအတိုင်း လုပ်ရမှာမို့ တခြားကင်မရာတွေနဲ့ ရောပြီးပြမယ်။ ကျွန်မက ကိုယ့်ကင်မရာ ကို ဟုတ်၏။ မဟုတ်၏ လာရွေးရမယ်။ မှန်ကန်ခဲ့သော ပြန်ရမယ်တဲ့။ လူကိုသာ မမှတ်မိတာလေ။ ကိုယ်က ပေးလိုက်တုန်းက စေတနာ ဗရပွနဲ့ သေသေချာချာ ရှင်းပြလိုက်တာဖြစ်တော့ ကိုယ့်ကင်မရာ အမျိုးအစားကို ကျွန်မ ကောင်းကောင်းမှတ်မိတာပေါ့။ ဒါကြောင့် များပြားစွာ ရောထားတဲ့ ကင်မရာတွေ ကြားထဲ မှာ တစ်ခါတည်း ကောက်ပြီး ရွေးပြနိုင်ခဲ့ပါတယ်။ အမှုဖွင့်တိုင်ထားတဲ့ အမျိုးအစား၊ အမှတ် အသားတွေနဲ့လည်း တစ်ထပ်တည်း ပါပဲဆိုတော့ ကျွန်မတို့ရဲ့ကင်မရာဆိုတာ သေချာနေတာပေါ့။

ဥစ္စာရင်းမှန်လို့ ကင်မရာတွေ အမှု ပြီးတော့ နှစ်လုံးစလုံး ပြန်ရခဲ့ပါတယ်။ အန်ကယ်ကျော်ကတော့ ကင်မရာပြန်ရတာတောင် "နင် အင်မတန် ကံကောင်းလို့ ပြန်ရတာ" ဆိုပြီး ကျွန်မကို အပြစ်တင်နေချင် သေးတာပါ။ ဟုတ်လည်း ဟုတ်ပါရဲ့။ အဲဒီအချိန်က ကျွန်မ ကုသိုလ်ကံ အကျိုးပေးကောင်းနေ ချိန်ဖြစ် ကောင်းဖြစ်မှာပါ။ လုပ်သမျှ အဆင်ပြေ ချောမောပြီး စီးပွားကလည်း တစ်ရှိန် ထိုးတက်၊ အမြဲတမ်း ဆူဆူ ဆဲဆဲနဲ့ ဟောက်နေတတ်တဲ့ ကိုကြီးကလည်း အဝေးမှာဆိုတော့ နားအေးချမ်းသာ၊ မာမီရဲ့ရောဂါ က လည်း သက်သာပြီး လူကောင်းနီးပါး ကြည်ကြည်လင်လင်ဖြစ်လို့၊ ဒါ့အပြင် ကျွန်မမှာ ချစ်စရာကောင်း တဲ့ သားလေးနဲ့ သမီးလေးလည်း အမောပြေရှိနေပြီလေ။
အလုပ်အားတဲ့ နားတဲ့ရက်ဆို မမသန်းတို့ ကိုကြီးတို့ရဲ့တူမ မမကြီး၊ မမလေးတို့တစ်တွေနဲ့ တစ်အိမ့် တစ်အိမ်ကူးပြီး သွားကြလာကြ။ အတူစားသောက်ကြနဲ့ တပြုံးပြုံး တရုန်းရုန်းပါပဲ။ ကိုယ် လုပ်သမျှက လည်း အောင်မြင်နေတော့ စိတ်ဓာတ်ကလည်း အပြည့်နဲ့ပေါ့။ အဲလို ကိုယ့်ဘဝလေး  ကိုယ် ကျေနပ်ပြီး ချမ်းမြေ့ကြည်နူးနေတာ သိပ်မကြာလိုက်ပါဘူး။ နှစ်နှစ်လောက်ရှိတော့ ကိုကြီး ရန်ကုန်က ပြန်ရောက် လာပါရော။

ကျွန်မကို ရန်ကုန်ပြောင်းနေဖို့ လာခေါ်တာတဲ့။
အဲဒီစကားလည်း ကြားရော ကျွန်မ ဦးထိပ်ထက် မိုးကြိုးနဲ့ ရှစ်စိတ်ခွဲ ထည့်လိုက်တဲ့အတိုင်းပါပဲ။ အတော်ကြီးကို တုန်လှုပ်ချောက်ချားသွားတော့တာပါ။  ကိုယ်က ချစ်မြတ်နိုးလို့ ယူထားသူဆိုရင်တော့ ဒီစကားက မင်္ဂလာရှိသော စကားဖြစ်မှာပါနော်။ ဝမ်းသာပျော်ရွှင်ပြီး ခုန်ပေါက်လိုက်သွားလိုက်ရုံပဲပေါ့။
ခုတော့ ကိုယ့်ဘဝလေးကို ကြံဖန်ပြီး လမ်းပြောင်းတဲ့သဘောနဲ့ အလုပ်ထဲမှာ အချိန်ပြည့်နှစ် ထားပြီး မေ့ ပျောက်ထားခဲ့တာလေ။ ဗြုန်းခနဲ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ဒီစကားကို ကြားလိုက်ရတာ အိပ်မက်က လန့် နိုး သလို ကိုယ့်ဘဝအမှန်က ပြန်ပေါ်လာပြီး မရှုနိုင် မကယ်နိုင်အဖြစ် ရောက်တော့တာပဲ။

ကိုကြီးကလည်း သူ့ရှု့ထောင့် သူ့အမြင်နဲ့က မှန်လို့ပေါ့။ သူ့ရဲ့ "ခန့်ခန့်ကြီးကုမ္ပဏီ"ကလည်း အခြေတ ကျ ဖြစ်နေပြီလေ။ ကိုကြီးရဲ့မိတ်ဆွေရင်း ကျွန်မတို့ကို လက်ထပ်ပေးခဲ့တဲ့ ခရိုင်ဝန် အန်ကယ်ဦးဘစီက လည်း အငြိမ်းစား ယူပြီး ရန်ကုန်မှာ ဝတ်လုံလိုက်နေတာတဲ့။ ကိုကြီးနဲ့ ပြန်ဆုံမိကြပြီး အန်ကယ်ဦးဘစီ တို့ ရုံးခန်း လုပ်ထားတဲ့ ဟိုက်ကုတ်တရားရုံးချုပ်နဲ့ ကပ်လျက် အခန်းကျယ်ကြီးကလည်း ရောင်းဖို့ စီစဉ် တော့မယ် ဆိုတော့…
"ကိုအောင်ခန့်၊ ခင်ဗျား ဒီအခန်းကို ဝယ်လိုက်၊ ကျွန်တော် ဈေးသင့်အောင် ကြည့်ပေးမယ်၊ ခင်မကြီးကို ရန်ကုန်ပြောင်းပြီး ဒီနေရာမျာ စတူဒီယိုဖွင့်ခိုင်း၊ ဒါက မြို့လယ်ကောင် နေရာကောင်း၊ မြိုကတော်ခန်းမနဲ့ အနီးလေး၊ ရိုးကုမ္ပဏီနဲ့ မျက်နှာချင်းဆိုင်၊ ဒီအခွင့်အရေး ရဖို့ မလွယ်ဘူး၊ နောက်ပြီး လင်မယားဆိုတာ အကြာကြီး ခွဲခွာနေ ဖို့ သင့်တာ မဟုတ်ဘူး" ဘာညာနဲ့ တွန်းလွှတ်လိုက်တာကိုး။
ဒီတော့ ကိုကြီးက တက်သုတ်ရိုက် လာခေါ်တော့တာပဲ။

ကျွန်မက မလိုက်ချင်လို့ ထိုင်ငိုလိုက်တာပေါ့။ ဒီမှာကလည်း အောင်မြင်နေတဲ့အလုပ်ကို ပစ်ခဲ့ရမှာလေ။ ဘာမှမရှိ မပြည့်မစုံ ဘဝကနေ ပန်းပင်လေး တစ်ခုလို ပျိုးပြီး အင်အားရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားထားလို့ အဖူးအပွင့်တွေ ဝေစည်နေ တဲ့အချိန်မှာ မျက်နှာလွှဲခဲ့ဖို့ဆိုတာလည်း အသည်းနှလုံးကို ဆွဲထုတ်သွားသလို ခံစားရတာပါ။
အကြောင်းပြ အမျိုးမျိုးနဲ့ ကျွန်မ ငြင်းဆန်ပေမဲ့ မရပါဘူး။ လက်ဆည်ကန်ဆိုင်ကို ပိတ်၊ ဘီလမ်းဆိုင်ကို အန်ကယ်ကျော်နဲ့ အန်တီလေး မောင်နှမနှစ်ယောက်က စပ်တူ ဝယ်ယူလိုက်ကြမယ်ပြောတော့ ရင်နာ နာနဲ့ပဲ ထိုးရောင်းလိုက်ရပါတယ်။ ရန်ကုန် ဆိုင်ခန်းကို စကားပြောထားခဲ့ပြီဖြစ်တော့ အချိန်မဆွဲနိုင်ဘဲ ရန်ကုန် ပြောင်းဖို့ လုပ်ရတော့တာပေါ့။
ကိုယ့်ရဲ့မွေးရပ်ဇာတိမြေက တစ်ခါမှ အပြီးအပိုင် ခွာဖူးတာမဟုတ်လို့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေ နဲ့ ခွဲခွာရမှာကိုလည်း တွေးမိတိုင်း မျက်ရည်ကျ။ ကိုယ် မသိတဲ့ စိမ်းတဲ့ ရန်ကုန်မြို့ကြီးကိုလည်း တွေးပြီး ကြောက်။ စိတ်အားတွေ ငယ်ရင်း မျက်ရည်စက်လက်နဲ့ ကိုကြီးနောက် လိုက်ခဲ့ရတော့တာပါပဲ။

စိတ်ထောင်းတော့ ကိုယ်ကြေတယ် ဆိုတဲ့ စကားက အမှန်ပါပဲ။ ကျွန်မ အသက်တမျှ  ချစ်မြတ်နိုးစွာနဲ့ ပျိုးထောင်ခဲ့ရတဲ့ ဓာတ်ပုံဆိုင်ကို စွန့်ခွာထားခဲ့ရတာ ရင်မှဖြစ်ရတဲ့ သားသမီးကို စွန့်လိုက်ရသလို နင့်နေ အောင် ခံစားရတာမို့ ရန်ကုန်လည်း ရောက်ရော ကျွန်မ အိပ်ရဲာ ဗုန်းဗုန်းလဲတဲ့ထိ စိတ်ထိခိုက်သွားပါ တော့တယ်။
နေ့ငို ညငိုနဲ့ အငိုက မစဲဘူး။ ကိုကြီး ခေါ်သွားပြလို့ အန်ကယ်ဦးဘစီရဲ့ရုံးခန်းကျယ်ကြီးက သဘော ကျ လောက်စရာကောင်းအောင် ကျယ်ဝန်းပါတယ်။ နေရာကလည်း နေရာကောင်း၊ ဟိုက်ကုတ်နဲ့ကပ် လျက် လမ်းတိုလေး မှာမို့ သီးသီးခြားခြား ဖြစ်ပြီး ဓာတ်ပုံရိုက်လာသူတွေ အတွက်လည်း ပရိုက်ဗိတ်စီ ရတယ်ပေါ့။ အဘက်ဘက်က ကြည့်ပြီး ရှင့်ဘုရင့်ပုဆိုး ပိုးချည်းပဲဆိုသလို အရာရာကောင်းနေတာမြင်ပါ လျက်နဲ့ ကျွန်မ မပျော်နိုင်ဖြစ်နေတာ ရင်ထဲက ခံစားချက်မျိုးစုံကို မတွန်းလှန်နိုင်အောင် ဖြစ်နေလို့ပါပဲ။

လူ့ဘဝဆိုတာ ကိုယ့်ဆန္ဒရှိတာတွေချည်း လုပ်ချင်လို့မှ မရတာနော်။ အဲတော့လည်း လုပ်သင့်လုပ်ထိုက် တဲ့ တာဝန် ဝတ္တရားတွေကိုပဲ ဦးစားပေးတော့တာပေါ့။ အလိုမကျရတဲ့အဖြစ်တွေ ထိုင်စဉ်းစားပြီး ဆွေး နေငေးနေရင် ကိုယ့်ရဲ့တန်ဖိုးရှိ တဲ့အချိန်တွေကို ဖြုန်းပစ်ရာကျနေမှာမို့ လက်သီးကိုဆုပ်၊ အံကိုကြိတ်ပြီး အားတင်း ရင်ဆိုင် လိုက်ပါတယ်။
အသိအကျွမ်း မရှိတဲ့ နေရာသစ်မှာ အလုပ်သစ်စရာမှာဆိုတော့လည်း စိုးထိတ်ကြောက်ရွံ့မိတာ အမှန် ပါပဲ။ "အကြောက်တရား က တံခါးလာခေါက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ တံခါးဖွင့်ကြည့်လိုက်" တဲ့။ "အပြင် မှာ ဘယ်သူမှ မရှိဘူးဆိုတာ တွေ့ရလိမ့်မယ်" ဆိုတဲ့ စကားလေး အားကိုးနဲ့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် နဲ့ ရန်ကုန်မြို့ကြီးကို တံခါးဖွင့်ကြည့်လိုက်တယ်ဆိုပါတော့လေ။

ဆိုင်သစ်စဖို့ အချိန်ဇယားတွေ ဆွဲပြီး ဇယ်ဆက်သလို နာရီမလပ် ဆက်တိုင်လုပ်လိုက်တော့လည်း ဝေ ဒနာတွေဟာ သက်သာရာ ရလာပါတယ်။ ဒါပေမဲ့ မန္တလေး ပြန်ချင်တဲ့အလွမ်းနာက ရင်မှာခိုနေဆဲဆို တော့ မန္တလေး က ဧည့်သည်လာလို့ ဘူတာရုံတို့၊ လေယာဉ်ကွင်းတို့ လိုက်ပို့ရပြီဆိုရင် မျက်ရည် လည်ရွဲ ဖြစ်တော့ တာပါပဲ။ ဒါတောင် ရေခြားမြေခြား တိုင်းတစ်ပါးလာရတာမျိုး မဟုတ်သေးဘူးနော်။ ကျွန်မမှာ တခြားဇွဲမာန်တွေ ကြီးသလောက် တွယ်တာမှု သံယောဇဉ်နဲ့ကျတော့ စိတ်အား ပျော့ညံ့လွန်းလှတယ် ဆိုတာ ဝန်ခံရမှာပေါ့။
ရန်ကုန်မြို့ကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလဆန်းမှာ ရောက်လာပြီး ၁၉၅၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကျတော့ "ခန့် ခန့်ကြီး အမျိုးသမီး ဓာတ်ပုံတိုက်" ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို လမ်းနဲ့အပြည့် ဟိန်းနေအောင် တင်နိုင်တဲ့ အခြေရောက်အောင် အချိန်တိုတိုအတွင်းမှာ ကျွန်မ ဖန်တီးနိုင်သွားပြန်ပါရော။

မန္တလေးမှာကတည်းက ကျွန်မကို စာပေနယ်ထဲရောက်အောင် ဆွဲသွင်းပေးခဲ့တဲ့ မမခင်(ဒေါ်ဒဂုန်ခင်ခင် လေး) ကလည်း ယုဝတီဂျာနယ် တည်ထောင်ထားပြီး အမျိုးသမီးကလောင်အဖွဲ့ဝင်တွေနဲ့ အောင်မြင်စွာ လှုပ်ရှားနေတဲ့ အချိန်လေ။ ယုဝတီဂျာနယ်မှာ မမခင်က အမျိုးသမီးဓာတ်ပုံဆရာမတစ်ဦးအနေနဲ့ ဓာတ်ပုံ ဆောင်းပါးတွေ အခန်းဆက် ရေးဖို့ နေရာပေးထားတော့ ကလောင်ရှင်တွေနဲ့ ရင်းနှီးခင်မင်ရာကနေ အပေါင်းအသင်းနယ်ပယ် ပိုပြီးကျယ်ပြန့် လာတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် ကျွန်မရဲ့သူငယ်ချင်း ခင်ခင် လင်း(မပုလဲ)ကလည်း အင်းလျားဆောင်ရောက်နေတော့ တက္ကသိုလ်နယ်မြေ ခြေချခွင့်ရပြီး တက္ကသိုလ် အသိုင်းအဝိုင်းနဲ့လည်း ဝင်ဆံ့ပြန် တယ်ပေါ့။

ကိုကြီးရဲ့သူငယ်ချင်း အန်ကယ်ဦးဘစီကလည်း ကျွန်မကို အကြီးအကျယ် မြေတောင်မြှောက်ပေးပါ တယ်။ ဖဆပလ ခေတ် မှာ အရောင်းအဝယ်တွေကလည်း ဖွံ့ဖြိုးတိုးတက်ပြီး Home Industry တွေနဲ့ စီးပွားရေး ရွှေခေတ် ကို ရောက်နေတဲ့အချိန် သမယ မဟုတ်လားနော်။ ဧည့်ခံပွဲတွေ၊ ပါတီတွေ၊ နိုက်က လပ်တွေ နဲ့ ရန်ကုန်မြို့ကြီး ကလည်း ရောင်စုံမီးရောင်အောက်မှာ စည်ပင်လှုပ်ရှားနေတာ အရုဏ်တက်မှ လူစုကွဲကြတာ မျိုးလေ။
ကျွန်မ က တောကတက်လာသူ ဆိုတော့ ရောက်ခါစမှာ ပါတီတွေ၊ ဧည့်ခံပွဲတွေကို ဝင်မတိုးရဲဘူး။ အဟူ ဂျာဓာတ်ပုံတိုက် က လက်ဝါးကြီးအုပ်ထားပြီး အကြီးအကျယ် အလုပ်ဖြစ်နေတာပါ။ အန်ကယ်ဦးဘစီက ကျွန်မ ကို ပွဲတိုးရဲအောင် မြှောက်ပေးပါတယ်။ အသစ်အသစ်တွေကို လုပ်ကိုင်နိုင်ဖို့ ဆိုတာ လေ့လာဖို့၊ ကျွမ်းကျင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း လိုအပ်သေးတာနော်။ အဟူဂျာလို ဧရာမကုမ္ပဏီ ကြီးနဲ့ ယှဉ်ပြိုင်ပြီး ဝင်တိုးရမှာ အစတော့ မဝံ့မရဲနဲ့ပေါ့။

တကယ်တမ်း ကြိုးစားအားထုတ်တဲ့စိတ်နဲ့ လက်တွေ့လုပ်ကြည့်တော့လည်း တွေးထင်ထားသလောက် အခက်အခဲ မရှိဘဲ ဖြစ်သွားတာပါပဲ။ အရေးကြီးတာက အောင်မြင်မှုတစ်ခုရောက်ဖို့က ယုံယုံကြည်ကြည် နဲ့ လက်တွေ့စရဲ ဖို့ သတ္တိလိုတာပါ။ ကိုယ့်အလုပ်တွေအပေါ်မှာ စိတ်စေတနာအပြည့်ထားဖို့လည်း လိုတာပါပဲ။ အဟူဂျာကုမ္ပဏီ က လာရိုက်တဲ့သူတွေက လခစား အလုပ်သမားတွေလေ။ ကျွန်မက ကိုယ်ပိုင်၊ ကိုယ်တိုင် လုပ်ရတာဖြစ်တော့ စေတနာထားပြီး ဖိဖိစီးစီးလုပ်တဲ့နေရာမှာ ကွာသွားတာပေါ့။ ပစ္စည်းရော၊ ပညာပါ သူတို့လောက် မပြည့်စုံပေမယ့် စေတနာနေရာမျာ ကျွန်မက သာတယ်လို့ ပြော နိုင်ပါတယ်။

ဒီတော့ ကြိုးလည်း ကြိုးစား၊ ဆက်ဆံရေးလည်း ကောင်းတဲ့ ကျွန်မဘက် အဟူဂျာရဲ့စီးပွားရေးတွေ ပဲ့ပါ လာကုန်တာဖြစ်လို့ ရန်ကုန်မှာလည်း အလုပ်အရှိန်လေး တက်လာတယ်ဆိုပါတော့။ မာမီ့ရောဂါအနေနဲ့ ကလည်း ကောင်းလိုက်၊ မကောင်းလိုက်။ ဒါပေမဲ့ ဆေးကုသမှုခံဖို့ တံတားကလေး ဆေးရုံက နီးနေ တော့ အဆင်ပြေနေ ပါတယ်။ ကိုကြီးရဲ့သွင်းကုန်ထုတ်ကု လုပ်ငန်းကလည်း သူ့ဟာလေးနဲ့သူတော့ ဟုတ်လို့ပါပဲ။ သားကြီး ခင်မောင်ဝင်းခန့် ကို စိန်ပီတာကျောင်းကနေ ထုတ်ပြီး ရန်ကုန် စိန်ပေါလ်ကျောင်း ကို ရွှေ့လိုက်ပါတယ်။ မမသန်း ကတော့ သားကိုလွမ်းလို့ဆိုပြီး မန္တလေးနဲ့ ရန်ကုန်ကို ကူးချည်သန်းချည် လုပ်နေလေရဲ့။

ဘယ်သောကာလမှ မွေးရပ်မြေ မန္တလေးက ခွာပြီး ရန်ကုန်မြို့မှာ အခြေချဖို့ အိပ်မက်တောင် မမက်ခဲ့ဖူး တဲ့ ကျွန်မဘဝအကြောင်းတရားက လမ်းပြောင်းပေးလိုက်တော့လည်း မထင်မှတ် မရည်ရွယ်ပါဘဲ ဖန် တီးထားတဲ့ အခြေအနေမှာ အများနဲ့ ပခုံးချင်းယှဉ် ရပ်တည်နိုင်ရေးအတွက် နှစ်ဆတိုး ကြိုးစားရပြန်တာ ပေါ့။
"ပညာရှိဆိုတာ ဘယ်တံတား ချိုးခဲ့ရတယ်။ ဘယ်တံတား ဖြတ်ကူးသင့်တယ် ဆိုတာ ဝေဖန်ပိုင်းခြားနိုင် တယ်" တဲ့။
ကျွန်မအဖို့ ကတော့ မချိုးချင်တဲ့ တံတားကိုလည်း ချိုးခဲ့ရ၊ မကူးချင်တဲ့ တံတားလည်း ကူးခဲ့ရ၊ ဘဝဇာတ် ဆရာ ကံကြမ္မာ ရဲ့စေစားရာအတိုင်း လိုက်ပြီး ကရတဲ့ ခုနစ်ထွေ ကချေသည်ဘဝနဲ့ ခရီးဆက်နေရဆဲပါ ပဲလေ။

ဆက်ရန်
.

No comments: