ကျွန်တော်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဂျပန်နှစ်ယောက်အား ဝင်လုံးပါတော့သည်။ ကျွန်တော် တို့ လူသိုက်က၁၇ယောက် ခန့် ဖြစ်၍ ဂျပန်စစ်သားနှစ်ယောက် ပလက်ဖောင်းပေါ်တွင် လဲကျသွားပါတော့ သည်။ ယင်း အဖြစ်အပျက်မှာ ကမ္ဘာမခန်းဖြစ်သော်လည်း ထူးဆန်းဖွယ် တစ်ရပ်မှာ ထို ဂျပန်နှစ်ယောက် ထံသို့ မည်သည့် အကူအညီမှ ရောက်မလာခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ပွဲကြောင့် စောစောက ဆွဲလာသော နွားကြီး လည်း မည်သည့်နေရာဆီသို့ ရောက်သွားသည်ကိုပင် မတွေ့လိုက် ရတော့ပါ။ ကျွန်တော် တို့ အားလုံး တွဲပေါ်တွင် က္ကနြေ္ဒမပျက် ပြန်ထိုင်နေလိုက်ကြသည်။
ကို ဆက်ဖတ်ရန်............
လဲကျနေသော ဂျပန်နှစ်ယောက်သည် မကြာမီ ပြန်ထလာနိုင်သော်လည်း ကောင်းစွာပင် လမ်း မ လျှောက်နိုင်ကြတော့ ပဲ ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားသည်ကို တွေ့လိုက်ရပါသည်။ အမှန်မှာ ထို ဂျပန်နှစ်ယောက် သည် စစ်သားများ မဟုတ်ဘဲ ထမင်းချက်များဖြစ်ကြောင်း နောက်မှ သိရပါတော့ သည်။
"ဒီနေ့က စပြီး ငပုတွေ ကို တွေ့တဲ့နေရာမှာ အအုပ်ပဲဟေ့"
"အေးကွ... ဒီကောင်တွေ ဆော်ပေးမှကွ၊ မဟုတ်ရင် တို့ကို အနိုင်အမြဲ ကျင့်နေမှာ၊ မဟုတ်ရင် တို့ကို အနိုင်အမြဲ ကျင့်နေမှာ၊ ခု ဆော်လွှတ်လိုက်တော့လဲ အမြီးကုတ်သွားတာ တွေ့တယ် မဟုတ်လား၊ ဟား... ဟာ..."
ကျွန်တော်တို့ စကားကောင်းနေခိုက် မီးရထားကြီးသည် ညဥ့် ၈ နာရီမှ ရန်ကုန်ဘူတာကြီးမှ စတင် ထွက်ခွာ ပါတော့သည်။
ရန်ကုန်မြို့စွန်ကို လွန်လာပြီးသည်နှင့် ကျွန်တော်တို့သည် မိမိတို့ နေရာအသီးသီးတွင် နေရာယူ လဲလျောင်းနေကြ ပါသည။် တွဲပက်လက်ဖြစ်၍ မိုးကောင်းကင်ပြာကြီးသည် ကျွန်တော်တို့ မျက်နှာပေါ် သို့ စီး၍ ကြည့်နေ သည့်နှယ် ရှိပါသည်။
မီးရထား ခုတ်မောင်းနေသည့် နှုန်းမှာ နှေးကွေးလွန်းလှသည်ဟု ထင်မိသည်။ ဂျုတ်ဂျုတ် ဂျက်ဂျက် မြည် ဟည်းသော အသံသည် ဘေးတစ်ဘက်တစ်ချက် အသံရောက် ပြန်လာမှုကြောင့် ကျာ်လောင် လွန်းသည် ဟုလည်း ထင်မိသည်။ ထိုအချိန်တွင် ကျွန်တော့်ရင်ထဲတွင် ပီတိလော ဝမ်းသာကြည်နူးခြင်း လောဟု အမည် မခွဲခြားနိုင်သော ခံစားမှု ကို ရရှိနေပါသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်တွင်းသို့ ဝင်ရောက်ရန်အတွက် မိခင်ကြီး ထံ ခွင့်ပန်စဉ်က မိခင်ကြီးပြောသော စကားများထဲမှ "ယောက်ျား တစ်ယောက် ဖြစ် လာရင် ယောက်ျားစိတ် ရှိရမယ်၊ ယောက်ျားကောင်းတို့ မည်သည် ဆိုခဲစေ၊ မြဲစေ ဆိုသော စိတ်ထား ရှိရမည်..." ဟူသော အချက်ကို ပြန်လည်သတိရနေမိသည်။ ယခု ကျွန်တော်သည် နိုင်ငံလွတ်လပ်ရေးအတွက် တပ်မတော် အတွင်း သို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီးဖြစ်၍ ရှေ့၌ တွေ့ကြုံရ မည့် အခက်အခဲ ဒုက္ခမှန်သမျှကို ရဲရဲဝံ့ဝံ ရင်ဆိုင် ရမည်သာ ဖြစ်ပေသည်။
"ဆေးလိပ်သောက်ချင်လိုက်တာကွာ..."
"ဟေ့.... မလုပ်နဲ့ကွာ၊ ဂျပန်တွေနဲ့ စကားများရမယ့်ကိစ္စ၊ ဘာမှမလုပ်နဲ့ကွာ"
ကျွန်တော် သည် လမ်းခရီးတွင် ဂျပန်စစ်သားများနှင့် နောက်ထပ် စကားများရန် ဆန္ဒမရှိပေ။ အရေး အကြီးဆုံးဖြစ် သည့် ပျဉ်းမနားသို့ ချောချောမောမောဖြင့် ရောက်ရှိရေးသာ အဓိက ဖြစ်ပါသည်။ ကျွန်တော် ၏ ပြော စကားကြောင့် နောက်ထပ် တစ်စုံတရာ ခွန်းတုံ့ပြန်မှု မကြားရဘဲ ငြိမ်လက်သွား ကြပါသည်။
သို့သော် မီးရထား အရှိန်ရလာသည်နှင့်အမျှ မီးရထားခေါင်းတိုင်မှ ထွက်လာသော မီးသွေးမှုန့်များ၊ မီးပွားများ သည် အမိုးမရှိသော ကျွန်တော်တို့ထံသို့ ပျံ့လွင့်လာပါတော့သည်။ ကျွန်တော်တို့သည် မီးသွေးမှုန်များ ဘေးရန်မှ ကာကွယ်ရန် အတွက် ဝတ်လာသော လုံချည်များကို ချွတ်၍ အတွင်းခံ ဘောင်းဘီကလေးဖြင့် နေကြပြီ၊ လုံချည် ကိုမူ ခေါင်းတွင် ရစ်သိုင်းထားရပါသည်။ ထိုအခါတွင် လည်း မီးပွားများက အကာအကွယ်မရှိသော အသား များပေါ် သို့ ကျလာဖြစ်ပါသည်။
"ကိုယ့်လူတို့ရေ ဒီအတိုင်းဆိုရင်တော့ ပျဉ်းမနား မရောက်ခင် ငါတို့တစ်တွေ ဒီတွဲပေါ်မှာပဲ မီးသဂြိုလ် ပြီးသား ဖြစ်နေမယ် ထင်တယ်ဟေ့"
"ဟေ့ကောင်... မြလှိုင်၊ ဆေးလိပ်သောက်မယ်ကွာ၊ ချကျတဲ့ မီးပွားတွေက ဆေးလိပ်မီးထက်တောင် ရန်သူ က မြင်နိုင်သေးတယ်ကွ..."
"အေး... ဟုတ်တယ်၊ သောက်ချင်ရင် တစ်လှည့်စီ သောက်ကြပေါ့ဗျာ ဒါနဲ့ မီးခြစ် ရှိကြလို့လားဗျ..."
ကျွန်တော် ၏ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက်၊ ကျွန်တော်တို့တွဲထဲတွင် ထောင့်တစ်ထောင့်မှ တရဲရဲ မီးကျည် ကလေး များ ပေါ်ထွက်လာပါသည်။ ကျွန်တော်သည်ပင် မိမိအလှည့်သို့ ရောက်လာသည်ကို အားရပါးရ ရှူဖွာ လိုက်မိ ပါတော့သည်။
နံနက်ခင်းအလှ။
ဖြူဖွေးသော လင်းအရုဏ်သည် ကျွန်တော်တို့အား ပွေ့ဖက်နမ်းရှုက်လိုက်ပါသည်။ နံနက်အာရုဏ် ၏ လေညင်း သည် ချမ်းမြေ့စွာ တိုက်ခတ်လျက် ရှိပါသည် ကျွန်တော်တို့ တစ်တွေသည် ညက ကောင်းမွန် စွာ မအိပ်စက် ရသော်လည်း ရည်မှန်းချက်၊ မျှော်လင့်ချက်များဖြင့် နံနက်ခင်း၏ အလှကို လန်းဆန်းပျော် ရွှင်လျက် ရှိကြပါ သည်။ မြစ်ဝကျွန်းပေါ် ဇာတိများ ဖြစ်သော ကျွန်တော်တို့ တစ်တွေသည် မြေလတ် ပိုင်း၏ ရှုခင်းများတွင် နစ်မျော မိကြသည်။ ချောင်း၊ မြောင်း။ အင်းအိုင်၊ လယ်ကွင်းများဖြင့် ယဉ်ပါးခဲ့ သော ကျွန်တော် တို့ကို မြင်ကွင်း သစ်၊ ဖြစ်သော တောင်တန်းတောအုပ်ကြီးများက ဆီးကြိုနေပါသည်။
"ဟား.... ဟား... တို့တစ်တွေ လူစင်စစ်က နီဂရိုးတွေ ဖြစ်ကုန်ပါရောလားကွ"
"အေးကွ... တို့မျက်နှာတွေ အားလုံး အိုးမဲတုံး ဖြစ်ကုန်ပြီ ဟီး... ဟီး..."
ကျွန်တော်တို့တစ်တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် အူတက်မတက် ရယ်မောရ ပါသည်။ တွဲပက်လက် တွင် လိုက်ပါလာခဲ့ကြသော ကျွန်တော်တို့၏ မျက်နှာများ၊ အဝတ်အစားများပေါ် သို့ မီးသွေးမှုန့် များက တဖွဲဖွဲ ကျရောက်ခဲ့ရာမှ ယခုကဲ့သို့ အိုးမဲဖြင့် ပေကျံကာ နီဂရိုးများဖြစ်သွားရခြင်း ဖြစ်ပါသည်။ မျက်နှာသစ် ရန်လည်း ရေမရှိသဖြင့် ပေရေနေသည့်အတိုင်းပင် နေကြရသည်။ မီးသွေး မှုန်များမှာ စက်ချေးများ ပါသဖြင့် အဝတ်ဖြင့် သုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဝင်းထရံကို ကတ္တရာ ဆေးသုတ်သကဲ့သို့ ပြန့်၍ သွားတတ် ပါသည်။ ထိုအခါတွင်မှ ပို၍ အကျဉ်းတန်ပါတော့သည်။
"ဟေ့... တပ် စိတ်မှူး တို့စားဖို့ အာဟာရကလေး ဘာလေး လုပ်ပါဦးကွ..."
"ဘာဗျ.. ဘာရှိလို့ ဘာအာဟာရ ပေးရမှာလဲ၊ အတူတူနဲ့ အနူနူချင်း ဘာတစ်လုံး ပိုရှူချင်ရတာလဲ ကိုယ့်လူ တို့ရာ..."
"ဟေ့.. မြလှိုင် မင်းမဖြီးနဲ့၊ မနေ့ညက ထမင်းစားပြီး ခေါ်တော့ ထမင်းဆိုင်က မုန့်ခြောက် အလုံး ၃၀ ဝယ်လာတာ ငါတွေ့တယ်ကွ၊ ထုတ်ကွာ၊ တို့ ဆာပြီ..."
"ဟ.. ရွှေအိ၊ ဒါခုစားလို့ ဘယ်ဖြစ်ဦးမလဲကွ၊ တို့ ခုသွားနေတာ ဘယ်နေရာရောက်လို့ ဘယ်နေရာ သောင်တင် ဦးမယ် ဆိုတာ မသိဘဲနဲ့ ရှိတာလေး စားပစ်လို့ ရမလားကွ"
"အေး.. ဟုတ်တယ်၊ ဒီမုန့်ခြောက်တွေကို ထမင်းစားချိန်မှ စားတာပေါ့ကွာ.. ပျဉ်းမနားဆိုတာ ဘယ်တော့ ရောက် မယ် ဆိုတာ မပြောနိုင်သေးဘူးကွ"
ကျွန်တော်သည် လွန်ခဲ့သည့် ညက ထမင်းစားပြီးလျှင်ပြီးချင်း နောက်တစ်နေ့အတွက် သတိရ သဖြင့် ပေါင်မုန့်ခြောက် အလုံး ၃၀ ကို လိုလိုမယ်မယ် ဝယ်လာခဲ့ပါသည်။ ဂျပန်များသည် ကျွန်တော်တို့အား သူတို့ ရထား တွဲပေါ်တါင် အတူတကွ ခေါ်ယူလာခဲ့ကြသည် မှန်သော်လည်း သူတို့၏ အစားအစာများ ကို ကျွေးမွေးခြင်း မပြုခဲ့ကြပေ။ ယုတ်စွအဆုံး အိုးကြီးအိုးငယ်များဖြင့် ပေါပေါများများ ကျိုချက်ထား သည့် ရေနွေးကြမ်း ကိုပင် ကျွန်တော်တို့ ခပ်ယူခွင့် မရရှိခဲ့ကြပေ။ သို့ဖြစ်ခြင်းကြောင့်လည်း ကျွန်တော် သည် မိမိ အိတ်ကပ် ထဲမှ ရှိစုမဲ့စုလေးကို ထုတ်ကာ နောက်တစ်နေ့ရိက္ခာအဖြစ် မုန့်ခြောက်များ ဝယ်ယူ လာခဲ့ခြင်း ဖြစ် ပါသည်။
ကျွန်တော်တို့ အများစုက လောလောဆယ် စားသောက်ရန် ခွင့်မပြုသဖြင့် ရွှေအိဝင်းမောင် တစ်ယောက် မျက်နှာသေ ကလေးဖြင့် မီးရထားတွဲထောင့်တွင်ြုပန်၍ ခွေနေပါသည်။ ထိုအခါတွင်တော့ ကျွန်တော် သည် ရွှေအိဝင်းမောင် အား သနားခြင်း ဖြစ်မိပါသည်။ အမှန်ကလည်း ကျွန်တော်ကိုယ်တိုင် ပင် မိမိအိမ် တွင် နေထိုင်ခဲ့စဉ်က နံနက်အိပ်ရာမှ ထသည်နှင့် တစ်ပြိုင်နက် လက်ဖက်ရည်မုန့် စသည် တို့သည် ထမင်းပွဲရှေ့ရောက် အဆင်သင့် ဖြစ်ခဲ့ရသည်။ မိဘကျွေးမွေးသော အစားအစာများကို အဝအပြဲ စားသောက် ပြီးသော အခါ သူငယ်ချင်းအပေါင်းအသင်းများနှင့် လည်ပတ်ရင်း အချိန်ကုန်ခဲ့ ပြန်သည်။ သို့ဖြစ်၍ ကျွန်တော် သည် ရွှေအိဝင်းမောင်၏ အလိုကို လိုက်ရန် ဆုံးဖြတ်မိပါသည်။
"ကိုင်း... သူငယ်ချင်းတို့ရေ... မိုးလင်းစာအဖြစ် မုန့်ခြောက်တစ်ခုစီ ကျွေးမယ်၊ ထမင်းစားချိန်အထိ ဘယ်မှ မရပ် ရင်တော့ မနက်စာကို ကျန်တဲ့ မုန့်ခြောက်တစ်ခုစီ စားကြမယ်၊ အဲ ညစာချိန်ရောက်လို့ ပျဉ်းမနား မရောက်သေး ဘူးဆိုရင်တော့ ထုံးစံအတိုင်း ဗိုက်မှောက်အိပ်ကြတာပေါ့ကွာ၊ မကောင်းဘူး လား"
"အေး ကောင်းတယ်၊ ငါကတော့ စားရမယ်ဆို ထောက်ခံတယ်ကွာ"
ကိုသောင်းအိ က ဦးဆောင် ထောက်ခံလိုက်သလို ကျန်ရဲဘော်များကလည်း စားရသောက်ရမယ် ဆိုသေြာော့င့် အားလုံး ခေါင်းညိတ်သဘောတကြကုန်သည်။ ကျွန်တော်သည် မုန့်ခြောက်များကို တစ်ယောက်လျှင် တစ်ခု ကျစီ ဝေငှ၍ စားသောက်စေပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း တသက် နှင့် တကိုယ် မည်သည့်အခါမှ ဤမုန့်ခြောက် မျိုး စားသောက်ရန် စိတ်ကူးမထည့်ခဲ့သည် မှန်သော်လည်း ယခုမူ ထိုမုန့်ခြောက်မျိုးကိုပင် မက်မော တွယ်တာလှစွာ စားသောက်နေမိပါသည်။
"အင်း... ဟင်း... ဟင်း... အရသာရှိလိုက်တဲံ သောက်မုန့်ခြောက်၊ နောက်တစ်ခုများ ဆက်စားလိုက် ရရင် မြလှိုင်ကို ထိုင်ရှီခိုးမိမှာပဲဟေ့"
"တော်ပြီ ကိုယ့်လူ၊ အခုစားရတာတောင် ရွှေအိကြီး သွားခွေနေတာကို သနားလို့ စားရတာတွေ၊ နေ့ဖို့ ညစားတော့ ထားကြဦးဟေ့"
ကိုသောင်းအိ က ကိတ်မုန့်ခြောက်တစ်ခုဖြင့် မတင်းတိမ်ခဲ့ပေ။ သို့တစေ ကျွန်တော်သည် ကျန် မုန့်ခြောက်ကို ထမင်းစား ချိန် ရောက်သည်အထိ ချန်ထားမှ ဖြစ်ပေမည်။
မီးရထားကြီး သည် မည်သည့်နေရာဆီသို့ ဦးတည်ခုန်မောင်၍ မည်သည့်နေရာများသို့ ရောက်လာခဲ့ သည်ကို ကျွန်တော် တို့ မသိခဲ့ကြပါ။ ထို့ပြင် မည်သည့်နေရာတွင် ရပ်နားမည်ဆိုသည်ကိုလည်း မသိကြ ပါ။ တစ်ခါတစ်ခါ ရွာဟုထင်ရ သည့် နေရာများသို့လည်းကောင်း။ တစ်ခါတစ်ခါ မြို့ဟု ထင်ရသော လူနေခြေအိမ်များ ရှိသည့် နေရာ များကိုလည်းကောင်း ၊ ဖြတ်ကျော်ခုန်မောင်းသွားသည်ကို တွေ့မြင်ကြ ရသော်လည်း ရပ်နားခြင်း မပြုသဖြင့် မည်သည့်ရွာ မည်သည့်မြို့ဟု မသိရဘဲ ရှိပါသည်။
နေထွက်လာပါပြီ။
မီးသွေးမှုန်များ တဖွဲဖွဲအောက်တွင် ပူလောင်မှုသည် စတင်လောင်မြိုက်စ ပြုခဲ့ပါပြီ။ ယခုလို နံနက်ခင်း နေရောင်သည်ပင် အလွန်ပူလောင်နေပါသည်။ မည်မျှပင် ပူလောင်စေ၊ ကျွန်တော်တို့တစ်တွေ ကိုယ်ပေါ် မှ အဝတ်များကို မချွတ်ဝံ့ကြပါ။ အဘယ့်ကြောင့်ဆိုသော် မီးသွေးမှုန်များနှင့် ရောပါလာသော မီးပွားများ က ကျွန်တော်တို့ အသားများကို ကပ်နေမည်ကြောင့် ဖြစ်ပါသည်။
ငရဲခံရသည့်နှယ်။ အရှင်လတ်လတ် နေပူလှန်းခံနေကြရသည်။
လူရုပ်မပေါ်သော ကျွန်တော်တို့တစ်တွေသည် မီးသွေးတုံးများကဲ့သို့ မည်းနက်နေသည်။ နံနက်ခင်းက ကြည်သာရွှင်လန်းမှုများသည် ပျောက်ကွယ်ကုန်ခဲ့လေပြီတကား။ ချွေးများဖြင့် စွတ်စိုနေသော ကိုယ် သည် ရေချိုး ထားသည့်နှယ် ရှိဘိသည်။ ဤကြီးမားသော ဒုက္ခမျိုးကိုကျွန်တော်တို့ မည်မျှ ကြာမြင့် စွာ နေကြ ရဦးမည်နည်း ဟု ကိုယ့်ကိုယ်ကို မေးမိသည်။
အဖြေထွကမလာခဲ့။
ဂျပန်များကလည်း ကျွန်တော်တို့ကို ဖုတ်လေသည့် ငပိ ရှိလေသည်ဟုပင် မထင်မှတ်ကြ ဘဲ ဆေးဖော် ကြောဖက် မပြုဘဲ နေခဲ့ကြသည်။ ကျွန်တော်တို့တစ်တွေသည် စစ်ကာလဆိုသည့် ထိတွေ့မှုကို ယခု နဖူးတွေ့ ဒူးတွေ့ တွေ့ရခြင်းကြောင့် ဤမျှဆင်းရဲဒုက္ခကို ကြီးမားလွန်းသည်ဟု ထင်မှတ်နေကြပါသည်။ စင်စစ် ဤဂျပန် စစ်သားများသည် ပင်လယ်သမုဒ္ဒရာ ရေမြေတောတောင်ပေါင်းများစွာကို ဖြတ်ကျော် လျက် ရေခြားမြေခြား နေလာခဲ့ကြသူများ မဟုတ်ပါလား။ သူတို့တစ်တွေသည် ၄င်းတို့၏ မိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသားချင်း၊ ဇနီး၊ သားသမီး၊ ချစ်သူသက်ထာကို မိုင်ပေါင်းများစွာ ခွဲခွာ ထားရစ် ခဲ့ကြသူများ မဟုတ်ပါလားဟု ကျွန်တော့် အတွေးမျှင်တွင် ရေးရေးထင်လိုက်မိသည်နှင့် တစ်ပြိုင်နက် ဂျပန်စစ်သား များ၏ ရိုင်းပျမှု၊ အကြင်နာကင်းမဲ့မှု၊ ကြီးနိုင်ငယ်ညင်းများကို ခွင့်လွှတ်နိုင် သည့်အပြင် မိမိကိုယ်တိုင်လည်း အားသစ်မာန်သစ်များ ပြန်လည်ရှင်သန်ခဲ့ပါလေသည်။
ကျွန်တော်သည် ပူလောင်မှုနှင့် ဆင်းရဲမှုများ၏ ဖြေသိမ့်ရာကို စဉ်းစားရင်း မှေးခနဲ အိပ်ပျော်သွားပါ သည်။ မည်မျှ ကြာအောင် အိပ်ပျော်သွားသည်မသိ။ ကိုသောင်းအိက လှုပ်နိုးသဖြင့် အိပ်ရာမှ လူးလဲထ လိုက်သောအခါ မီးရထားကြီး သည် တော်အုပ် တစ်နေရာတွင် ရပ်နားထားသည်ကို တွေ့ရပါသည်။
"ပျဉ်းမနား ရောက်ပြီလားဟင်"
"ဟေ့- အင်း မရောက်သေးဘူးကွ၊ ဒီမှာ ခဏနားမယ်နဲ့ တူတယ်။ီငပုတွေလည်း အားလုံး ဆင်းကုန်ပြီ"
"ကိုထွန်းရင်ကြီး လုပ်ဗျာ၊ အခုဆိုက်တာ ဘယ်ဘူဟာလဲ။ ဘယ်လောက်ကြာကြာ ရပ်မှာလဲ၊ ဘယ်တော့ ပြန်ထွက်မှာလဲ ဆိုတော့ ခင်ဗျားကောင်တွေ သွားမေးချေပါ"
ကိုထွန်းရင်သည် ကျွန်တော့်ပြောစကား မဆုံမီပင် တွဲပေါ်မှ ခုန်ဆင်းပြီး ဂျပန်စစ်သားများ ရှိရာသို့ ထွက်သွား ပါသည်။ မကြာမီ ကိုထွန်းရင် ပြန်လည်သိရသည်မှာ ယခု ဆိုက်ထားသော နေရာသည် ရေနီ ဆိုသော ဘူတာဖြစ်၍ ခေတ္တရပ်နားခြင်း ဖြစ်ကြောင်း။ မကြာမီ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း။ သို့သော် လည်း ရေနီရွာထဲသို့ သွားရောက်၍ အစားအသောက်များ စားသောက်နိုင်ကြောင်း ပြောကြား ပါသည်။
"ကိုင်း... ဒီလိုဆို ကိုသောင်းအိနဲ့ ကိုသန်းမောင်၊ ကိုရှိန်တို့ ၃ယောက်တွဲမှာ စောင့်ရစ်ကြပြီး ကျန်တဲ့ ရဲဘော်တွေ ရေနီရွာထဲဝင်ပြီး ထမင်းဆိုင်ရှာ၊ ထမင်းဝယ်စားကြမယ်၊ ပြီးတော့မှ ကိုသောင်းအိတို့အ တွက် ထမင်းဟင်း ဝယ်လာကြစို့ ကဲ.. သွားကြရအောင်"
ကျွန်တော်တို့လူသိုက် ရေနီရွာသို့ ဝင်လာခဲ့ကြပါသည်။ သို့သော် ရွာထဲမှာ ထမင်းဆိုင်ဟူ၍ သတ်သတ် မှတ်မှတ် မရှိသဖြင့် အခက်အခဲ တွေ့နေပါတော့သည်။ စုံစမ်းမေးမြန်းကြည့်သောအခါ ယခင်က ဘူတာရုံတွင် ထမင်းဆိုင်၊ လက်ဖက်ရည် ဆိုင်များ ကျကျနန ရှိခဲ့ကြောင်း၊ ယခု စစ်ကာလဖြစ်သည်က တစ်ကြောင်း၊ ဂျပန်စစ်သားများသည် စားသောက်ရာ တွင် ပိုက်ဆံပိုက်ဆံမပေးပဲ လုယူစားလေ့ ရှိသဖြင့် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များ မရှိတော့ကြောင်း၊ ထို့ပြင် မကြာမကြာ လေကြောင်းမှ စက်သေ နတ်ပစ်၊ ဗုံးကြဲခြင်းများ ပြုတတ်ကြောင်း၊ ယခု လည်း ဂျပန်များသည် မီးရထားနှင့် တစ်နေရာသို့ တစ်နေကုန် သွားရောက် ပုန်အောင်းနေကြခြင်း ဖြစ်ပြီး ညဥ့် သို့ ရောက်မှ ဤမီးရထား ထွက်ခွာမည် ဖြစ်ကြောင်း ပြောပြပါတော့သည်။
ရေနီရွာထဲမှ ကျွန်တော်တို့အား မည်သည့်အရပ်သို့ သွားရောက်ကြမည်နည်းဟု မေးမြန်းသဖြင့် ကျွန်တော်တို့တစ်တွေ ပျဉ်းမနားသို့ သွားရောက်၍ တပ်မတော်တွင် ဝင်ရောက်အမှုထမ်း ဆောင်ရွက် မည်ဖြစ်ကြောင်း မီးရထားစီးလာရာ၌ လမ်းတွင် ဒုက္ခဆင်းရဲများဖြင့် ကြုံတွေ့ခဲ့ကြပြီး ထမင်းပင် နှပ်မမှန်သည့် အကြောင်း များကို ပြောပြမိပါတော့သည်။
မြန်မာ လူငယ်လေးများ ဖြစ်၍ မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ် ရှိကြသော ရေနီမှ လူများသည် ကျွန်တော်တို့ နားနေနိုင် ရန် ဘုန်းတော်ကြိနးကျောင်းအတွင်းသို့ ခေါ်ဆောင်သွားကြပြီး နားနေစေပါ သည်။ ကျွန်တော် တို့လူသိုက်အား စေတနာ ထက်သန်စွာ ချက်ပြုတ်ကျွေးမွေး စောင့်ရှောက်ခြင်းပြုကြ ပါသည် ကျွန်တော်၏ တစ်သက်တာ တွင် မြန်မာလူမျိုးတို့၏ ပျူငှာလောကွက်ကျေပွန်မှုကို မမေ့နိုင် သော အတွေ့အကြုံ ပင် ဖြစ်ပါတော့သည်။ ထိုနေ့က ကျွန်တော်တို့ လူတစ်သိုက် တစ်နေကုန် ရေနီရွာ ထဲတွင် ခိုလှုံနေထိုင်လျက် ရှိစဉ်၊ ဂျပန်စစ်သားများ အနေဖြင့်လည်း ဘူတာရုံနှင့် အတန်လှမ်းသော နေရာများတွင် တပ်ချ ပုန်းအောင်းနေ ကြပါသည်။
ရေချိုးခြင်း အစားကောင်းစားရခြင်း၊ တစ်နေ့တာ သက်သက်သာသာ နားနေလိုက်ရခြင်းတို့ကြောင့် ကျွန်တော် တို့ ပျော်ရွှင်စိတ်ဓာတ်တက်ကြွလာကြသည်။ ညနေဘက်သို့ ရောက်သောအခါမှ ကိုသန်းမောင် သတင်းပို့ချက် အရ မကြာမီ မီးရထားထွက်တော့မည်ကို သိရပါသည်။ ကျွန်တော်တို့အား တစ်နေ့တာ ဧည့်ဝတ်ပြုကြ သူ ရေနီမှ မိတ်ဆွေများကို နှုတ်ဆက်ထွက်လာခဲ့ကြပါသည်။ ထိုညနေစာ အတွက် ကျွန်တော် တို့ကို ထမင်းထုပ် တစ်ထုပ်စီနှင့် ဆေးလပ် ၁၀ လိပ်ကိုပါ ထည့်ပေးလိုက်ကြပါ သည်။
ရေနီဘူတာမှ ညနေ ၄ နာရီခန့်တွင် ထွက်ခွာလာခဲ့ကြပါသည်။ သို့သော် မကြာမီ ရထားကြီးသည် ရုတ်တရက် ရပ်တန့်သွားပြန်ပါသည်။ ကျွန်တော်တို့လည်း မည်သည့်အတွက် ရပ်တန့်ကြောင်း သိလိုလှသော်လည်း တွဲပေါ်မှ ဆင်းရန် မဖြစ်သဖြင့် စိတ်ညစ်ညူးစွာဖြင့် သို့လော သို့လော တွေးတောလျက်ရှိမိပါသည်။ ထိုသို့ ရပ်တန့်နေစဉ် အတွင်း ဂျပန်စစ်သားအချို့မှ တွဲပေါ်တွင် ရှိနေကြသော ဂျပန်များ တွဲအောက်သို့ ဆင်းခွင့်မသဖြင့် ကြာရှည်စွာ ရပ်တန့် ထားမည် မဟုတ်ဟုထင်မှတ်ရပါသည်။ သို့သော် ကျွန်တော်တို့ ထင်မြင်ချက်များလွဲမှားသည်ကို မကြာမီ သိရပါတော့သည်။
တစ်နာရီ။
နှစ်နာရီ။ ရထားကြီးကား တုတ်တုတ်မျှ မလှုပ်။
သုံးနာရီ။ လေးနာရီ။ ငါးနာရီ။
ထိုမှ မှောင်၍ သွားခဲ့ပါပြီ။ အိပ်စက်နားနေလျက် ရှိနေပါပြီ။
ထိုရောအခါတွင်မှ ကျွန်တော်တို့စုံစမ်းမှု ပြုရပြန်ပါသည်။ စုံစမ်းသည်ဆိုပြန်တော့လည်း ဂျပန်များထံတွင် စုံစမ်းကြရသည်။ ဂျပန်များက မပြော။
တစ်ယောက်ပြီး တစ်ယောက် မေးမြန်းရသည်။ နောက်ဆုံးကျတော့မှ ဘသားချောတို့ထံမှ အဖြေကိုသိရသည်။ သိရပြန်တော့လည်း စစ်ကာလ၏ အဖြစ်အပျက် တစ်ရပ်ဟုသာစိတ်ထဲတွင် မှတ်သားထားလိုက်ရပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ရထားခေါက်ဆွဲကို ပျဉ်းမနားမှလာသော ရထားအတွက် ဖြုတ်ယူသွားခြင်းကြောင့် ယခုကဲ့သို့ ထပ်နားထားရကြောင်းပင်ဖြစ်ပါသည်။ ပျဉ်းမနားမှ စစ်သား များ သယ်ယူလာသော ရထားသည် ရထား ခေါက်တွဲမရှိသဖြင့် တောင်ငူသို့ သယ်ဆောင် သွားရန်ဖြစ် သည်။ တောင်ငူမှ ပြန်လာလျှင် ကျွန်တော်တို့ ခေါင်းတွဲသည် ကျွန်တော့် တို့ထံ ပြန်ရောက်မည်ဖြစ်သည်။ ထိုအခါတွင် မှ ကျွန်တော်တို့ ဆက်လက်ထွက်ခွာ ကြရပါမည်။
သြော် ... ကောင်းလိုက်သည့်ဖြစ်ခြင်း။
ဤသို့ဆိုလဆင် ရေနီတွင်ပင် နားနေဦးတော့ မည်မျှကောင်းမွန်ပါမည်နည်း။ ယခုမူ လမ်းခုလတ်တွင် ရပ်တန့် လျက် ရှိနေပါသည်။ သို့သော် ကျွန်တော်တို့ လူသိုက် နေ့ညစာအတွက် ရိက္ခာအပြည့်အစုံ ပါလာခဲ့ သဖြင့် ၀မ်းသာ ရပါသည်။ ဤသို့သာ မဟုတ်ခဲ့သော် နံနက်က ပြောသကဲ့သို့ ကျွန်တော်တို့ လူသိုက် ညနေစာအတွက် ဗိုက်မှောက်၍ ဥပုသ်စောင့်လိုက်ဖွယ်သာရှိပါတော့သတည်း။
ညသည် မှောင်မိုက်လှသည်။
ဆေးလိပ်မီးဖြင့်သာ တစ်ယောက်မျက်နှာ တစ်ယောက် မြင်ကြရသည်။ တောထူထပ်သဖြင့် ဖြုတ်-ခြင်းတို့ အလွန် ကိုက်လှသည်။ ကျွန်တော်တို့လူသိုက် စကားမရှိ စကားရှာ၍ ရှေးဟောင်းနှောင်းဖြစ်များကို ပြောရင်း ငိုက်မျဉ်းမှု ကို ဖြေဖျောက်ကြရသည်။ ဤသို့ဖြင့် တစ်ညတာသည် မအိပ်စက်လိုက်ရဘဲ လွန်မြောက်ခဲ့ကြရပါ တော့သည်။
ထိုနေ့က နံနက် ၁၀နာရီခန့်တွင်မှ ပျဉ်းမနားသို့ ထွက်ခွာလာခဲ့ပါသည်။ ရထားထွက်ခွာသည်ကိုပင် သိန်းထီ ပေါက် သလောက် ၀မ်းသာခြင်းဖြစ်မိပါသည်။ သို့မဟုတ်က ဂျပန်များအတွက် မထောင်းသာသော် လည်း ကျွန်တော်တို့တစ်တွေ သောင်ပြင်လွှတ်သည့် ခွေးများကဲ့သို့ ရှိကြချေမည်တကား။
ပျဉ်းမနားသို့ ရောက်ခဲ့ကြပါပြီ။
ပျဉ်းမနားတစ်မြို့လုံး စစ်ဒဏ်ကြောင့် ပျက်စီးနေသည်။
တိုက်တာအိုးအိမ် အဆောက်အအုံများ၊ လမ်းများ၊ ဈေးများသည် လွင်တီးခေါင် အဖြစ် သို့ ရောက်ရှိခဲ့ပါသည်။ ရှေးအခါက စည်ပင်သာယာ ၍ မြေလတ် ပိုင်း တွင် ရောင်းဝယ်ဖောက်ကား ၍ ကောင်းသောမြို့ကြီး သည် ယခု အခါ ပြာပုံအဖြစ် ရောက်ရှိခဲ့ရသည်ကို ၀မ်းနည်းကြေကွဲ စွာ တွေ့လိုက် ရပါသည်။ တောရုံတစ်ဝိုက် ဗုံးဒဏ်၊ စစ်သေနတ်သံကြောင့် အချို့နေရာများတွင် မီးခိုးများ မစဲသေး သည့် အခြေအနေတွင် ရှိနေပါသည်။
ကျွန်တော် တို့ တစ်တွေ ဘူတာရုံအပြင်သို့ ထွက်လာခဲ့ပါသည်။
မည်သည့် အရပ်သို့ သွားရမည်နည်း။ မည်သူတွေကို မေးမြန်းရမည်နည်း။ လောလောဆယ်တွင်မူ မေးမြန်း စုံစမ်း စရာ လူသူလေးပါးဟူ၍ မတွေ့ရ။ ထို့အတူ လမ်းတကာတွင် ပေါက်လွှတ်ပဲစား သွားလာနေ သည့် ခွေး လေခွေးလွင့်များကိုပင် မတွေ့ရ။ ပကတိ ခြောက်သွေ့ လျက်ရှိ သည့် မြင်ကွင်းကြီး တစ်ရပ် သာဖြစ် သည်။
ထိုအချိန်တွင် ကျွန်တော်တို့ ရှေ့တူရူမှ စလွယ်နီနှင့်အတူ စစ်သား ၄-၅ယောက် လျှောက် လာသည် ကို တွေ့ရသည်။ ဂျပန်စစ်သားလော၊ မြန်မာစစ်သားလောဟု ခွဲခြား၍မရပေ။ ကျွန်တော် တို့သည် မျက်စိသူ ငယ်ဖြင့် အဝေး ဆီမှ လာနေသော စစ်သားများကို ကြည့်နေမိသည်။ ထိုသူများ နီး၍ နီး ၍ လာသောအခါတွင် မှ မြန်မာ စစ်သားများ ဖြစ်နေသည်ကို တွေ့ရပါတော့သည်။
ဝမ်းသာ လိုက်သည့်ဖြစ်ခြင်း။
တစ်လမ်းလုံး ဂျပန်စစ်သားများနှင့် လမိုင်းမကပ် ဖြစ်လာခဲ့ရသော အဖြစ်မှ ရှေးဦး စွာ မြန်မာစစ်သား များ ကို တွေ့လိုက်ရသဖြင့် ရေဆာတုန်းရေတွင်း တွေ့လိုက်သည့်နှယ် မောပန်းအားငယ်မှုများ ပျောက်ကွယ်ခဲ့ပါ တော့သည်။
“ရဲဘော် တို့ ဘယ်ကို လာတာလဲ”
“ကျွန်တော်တို့ ဗိုလ်စက်ရောင်ရှိရာကို လိုက်လာတာပါ”
“ေိုလ်စက်ရောင်ဟုတ်လား”
“ဗိုလ်စက်ရောင်တို့ စစ်ထွက်သွားကြပြီ”
“ခင်ဗျာ ... စစ်ထွက်သွားကြပြီ ဟုတ်လား”
“ဟုတ်တယ်”
မျှော်လင့်ချက်တောင်ကြီးကား ပြို၍ ပြို၍ ကျသွားခဲ့ပါပြီ။ ကျွန်တော်တို့တစ်တွေသည်။ မိဘ ညီ အစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်း၊ ချစ်သူများကိုပင် စွန့်၍ ဖျာပုံလိုနေရာမျိုးမှ ယခုကဲ့သို့ ဆင်းရဲပင်ပန်း ဒုက္ခ အမျိုး မျိုးကို ရင်ဆိုင်၍ ဗမာ့ကာကွယ်ရေး တပ်မတော်အတွင်းသို့ ၀င်ကြရန် ပြန်လာခဲ့ာကရာတွင် ကျွန်တော်တို့ အားကိုး အားထား ပြုခဲ့သော ဗိုလ်စက်ရောင်တစ်ယောက် စစ်ထွက်သွားခဲ့ပြီဟု သိလိုက် ရပြီး သည့်နောက် ရှေ့ အဖို့ ဘာဆက်၍ လုပ်ရမည်ကို မဆုံးဖြတ်နိုင်သည့် အခြေအနေသို့ ရုတ်ချည်းရောက် ရှိသွားကြ ပါတော့ သည်။ အားငယ်ခြင်း၊ ၀မ်းနည်းခြင်းများ ရောပြွမ်းသော ကျွန်တော်တို့ မျက်နှာများသည် မျက်ရည်များဖြင့် ရစ်သိုင်းလျက် ရှိနေကြပါသည်။
“ရဲဘော်တို့က ဘယ်လို လာကြတာလဲ။ ဘယ်ကို သွားကြမှာလဲ”
“ကျွန်-ကျွန်တော်တို့ တပ်မတော်ထဲ ၀င်ဖို့လာတာပါ၊ ခုတော့ ...”
“ဘယ်မြို့ကလဲ”
“ဖျာပုံမြို့ကပါ”
“ဒီလိုလုပ်ကြဗျာ။ ကျုပ်က မြောင်းမြကပါ။ စောစောက ရဲဘော်တို့ မေးတုန်းက ဗိုလ်စက်ရောင်ဆီ လာတာ ဆိုတော့ ကျုပ်လည်း စဉ်းစားရခက်သွားတယ်”
“ကျွန်တော် တို့က ဗိုလ်စက်ရောင် တပ်ကမို့ပါ ခင်ဗျာ”
“ကျုပ်လဲ မြောင်းမြ က လာမယ့် ရဲဘော်တွေ လာကြိုတာပါ။ ရဲတော်တို့ကျုပ်နဲ့ လိုက်ခဲ့ပြီးတော့မှ သက်ဆိုင်ရာ တပ်မှူး ကို ပြောပြီး တပ်ထဲဝင်ဖို့ စီစဉ်ပေးမယ်”
ကျွန်တော် တို့သည် ၀မ်းမြောက်လှစွာ မိမိတို့ ပါလာသော အထုပ်အပိုးကလေးများကို ထမ်းပိုး၍ ထိုရဲဘော် များနောက် သို့ လိုက် လာခဲ့ကြပါသည်။
ကျွန်တော်တို့အား လမ်းတွင် ခေါ်လာသော ရဲဘော်ကြီးက ၄င်း၏အမည်မှာ ဗိုလ်ခင်ညိုဖြစ်ကြောင်း၊ ကျန်ရဲဘော်များ မှာ တပ်က်ြများဖြစ်ကြောင်း ပြောပြ၍ သိရှိရပါ သည်။ ပျဉ်းမနားမြို့သည် စစ် ဒဏ်ကြောင့် ပြာပုံ ဖြစ်နေ ပါ သည်။ ကျွန်တော် တို့သည် ခြစ်ခြစ်တောက် ပူလောင် လျက် ရှိသော နေရောင်အောက် တွင် ချွေး များဖြင့် နစ်လျက် လျှောက်လာကြပါသည်။ ဤမျှ ပင်ပန်း သော်လည်း ကျွန်တော် တို့ ရည်မှန်းချက်ဖြစ်သောတပ်မတော်အတွင်းသို့ ၀င်ရောက်ခွင့်ရရှိကြမည်ဟု သိရှိ ခြင်းကြောင့် ပင်ပန်း သည် ဟု မထင်မှတ်ကြဘဲ ပျော်ရွှင်ကြည်နူးလျက်ရှိကြပါသည်။
ဗိုလ်ခင်ညို သည် ကျွန်တော်တို့ကို ဗိုလ်ကိတ်ခြံသို့ ခေါ်ဆောင်သွားပါသည်။ ထိုစဉ်က ဗမာ့တပ်မတော် ဗိုလ်ကိတ် တွင် တပ်ဖွဲ့ ဖွဲ့စည်းလျက် ရှိနေပါသည်။ စခန်းနှင့် နီးလာပြီဖြစ် သဖြင့် မြန်မာစစ်သား များကို တွေ့စပြုလာသည်။
မြန်မာစစ်သားများမှာ အလွန်ဆင်းရဲလှပါသည်။ ထိုစဉ်က ယူနီဖောင်းအတွက် ဖျဉ်ကြမ်းများကို စစ်စိမ်းရောင်ဆိုး ၍ ထုတ်ပေးပါသည်။ မြန်မာစစ်သားများသည် လစာကို မက်၍လည်းမဟုတ်။ ယူနီဖောင်း ၀တ် ရသော မော်ကြွားမှုကြောင့်လည်း မဟုတ်။ ၄င်းတို့၏ တစ်ခုတည်းသော စိတ်ဓာတ်မှာ အမိဗမာနိုင်ငံကို ချစ်မြတ်နိုးခြင်းနှင့်၊ ရည်ရွယ်ချက်မှာ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေး၍ တိုက်ယူရန် ဖြစ်ပါ သည်။
ပျဉ်းမနားမြို့ ၏ နေရောင်သည် ပူပြင်းလွန်းရကား ကျွန်တော်တို့ လူသိုက်တန်းစီ၍ ချီတက်လာကြရာတွင် စစ်၏ အနိဋ္ဌာရုံ များဖြစ်သည့် ပျက်စီးယိုယွင်းလျက်ရှိသော မီးလောင်ပြင် ကိုသာ တွေ့နေရ ပါသည်။ နေပူရှိန် ကြောင့် ချွေးများ ယိုစီးကျနေသည်မှာ ရေချိုးထားသည့်နှယ် ရှိပါချေသည်။ ကျွန်တော် တို့ ဖြတ်သန်း သွားသည်ကို မီးလောင်ပြင်ထဲတွင် လက်ဖြင့်ယက်၍ တူးဆွလျက် အစာရှာနေသောခွေးများက အထူးအဆန်း သဖွယ်ကြည့်ကာ တ၀ုတ်ဝုတ်ဖြင့် ဟောင်လျက်ရှိသည်။
“ဟေ့ကောင် မြလှိုင် ... ဖင်ကြားက ချွေးယိုတယ်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်”
ကိုသောင်းအိ ၏ စကားကြောင့် ကျွန်တော်က ရယ်မိသည်။ မှန်ပါသည်။ မိဘများနှင့် အတူတကွ နေခဲ့စဉ်က ဘာတစ်ခု ကိုမျှ လေးလေးပင်ပင် လုပ်ခိုင်း၍ မရကြသော ကျွန်တော်တို့ ခရောင်းတောကို စတင် နင်းလျှောက် ခဲ့ကြပြီ မဟုတ်ပါလား”
“ယား ယား ယား” တောစပ် တွင် တပ်စိတ်တစ်စိတ် လှံစွပ်ထိုး လေ့ကျင့်လျက် ရှီသည်။ ၄င်းတို့၏ အော်ဟစ်နေသော အသံကို ကြားရသောအခါ မောပန်းနွမ်းနယ်နေသောစိတ်ကို အားပေးလိုက် သည့်နှယ် ရွှင်လန်းအားတက်မိသည်။ မကြာမီ ကျွန်တော် တို့သည်လည်း ၄င်းတို့ကဲ့သို့ စစ်သားကြီး များ ဖြစ်လာပေတော့မည်။ ထို့ပြင် နိုင်ငံလွတ် လပ်ရေး အတွက် ရန်သူအပေါင်းတို့အား ရင်ဆိုင် တိုက် ခိုက်နိုင်ပေတော့ မည်။
ဆက်ရန်
.

No comments:
Post a Comment