Saturday, January 5, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၁၄)

အားလုံး အဆင်သင့်ပြင်ဆင်ထားပြီး အခြေအနေတွေစောင့်ကြည့်နေရတဲ့ အချိန်ပါပဲ။ အဲဒီ နေ့က တရုတ်နှစ်သစ်ကူး မို့ လှလှမြင့်တို့ တယ်တယ်ဘီကြင်ဆရာကြီးက ညစာထမင်း ဖိတ်ကျွေးလို့ တစ်အိမ်သား လုံး သွားစားနေကြတုန်း မန္တလေးတောင်ဘက် အမြောက်သံ တွေစပြီး ကြားရတော့ တာပဲ။ ကပျာကယာ အိမ်ပြန်ပြေးလာကြပြီး ကျွန်မတို့မိသားစုခြောက်ယောက် တစ်နိုင်စာ သယ် ဖို့ ပြင်ထားတဲ့ အထုပ်တွေ ကိုဆွဲပြီး မနော်ယမံကို ဒုတိယအကြိမ် စစ်ပြေးကြပြန်ပါရော။ ဘ၀အကွေ့ တစ်ခု ရဲ့ နောက်ထပ် တစ်ဆစ်ချိုး လမ်းပေါ်ကို ခြေချခြင်းပါပဲ။ ကို ဆက်ဖတ်ရန် ...

အပိုင်း (၁၆)

ကျွန်မတို့ မနော်ယမံ ဆေးရုံးဝင်းကို ရောက်သွားတော့ မိုးတောင်ချုပ်နေပါပြီ။ မလှခင်တို့က ပြောင်းနေကြတာ တစ်လလောက်ရှိလို့ အခြေတကျ ဖြစ်နေကြပြီလေ။ မလှခင်တို့ မိသားစုက အဆောင်ရဲ့ ညာဘက်ခြမ်းကို ယူပြီး ကျွန်မ တို့ကို ဘယ်ဘက်ခြမ်းမှာ နေရာချထားပေးပါတယ်။ စောစောကတည်းက ပရိဘောဂတွေပါ ရွှေ့ပြီး အဆင်သင့် ပြင်ထားပြီးသားမို့ ရောက်သွားတဲ့အ ချိန်မှာ အရင်စစ်ပြေးခဲ့ရတုန်းကလို ဖရိုဖရဲမဟုတ်ဘဲ ကိုယ့်အိမ် မှာ ကိုယ်နေရသလို အဆင်ပြေသွား တာမို့ သက်သောင့်သက်သာဖြစ်လို့ တော်ပါသေးရဲ့ပေါ့။
မနော်ယမံ ဆေးရုံကြီးကိုအုပ်ချုပ်တဲ့ Bishopက ခရစ်ယာန်ဘာသာဝင်တွေကို စောင့်ရှောက်တဲ့အ နေနဲ့ စစ်ပြေးတွေ အတွက်ခိုလှုံဖို့ဆိုပြီး နေရဖန်တီးပေးထားတာမို့အများစုက အင်္ဂလိုအင်ဒီးယန်း ကပြားတွေ များပါတယ်။ မြန်မာစစ်စစ် ခရစ်ယာန်တွေလည်း ပါတယ်ပေါ့။ မလှခင်က ကွန်ဗင့်မှာ တုန်းက ကျွန်မ တို့ ဘော်ဒါတစ်တွေကို ကြပ်မတ်ရတဲ့ ဆရာမပါ။ ကျွန်မနဲ့ခင်နေတာ အိမ်ကို ၀င်ထွက်သွားရင်း သူတို့စစ်ပြေးမဲ့ မနော်ယမံ ကို လိုက်ခဲ့ဖို့ တိုက်တွန်းတာနဲ့ ကျွန်မတို့လည်း ပါသွားကြတာလေ။

နောက်တစ်နေ့မှာ အင်္ဂလိပ်စစ်တပ်က မန္တလေးတောင်ကို သိမ်းလိုက်ပြီး ဂျပန်တွေနောက်ဆုတ် ထွက်ပြေးကြပြီ ဆိုတဲ့ သတင်းကို ကြားရတော့ စစ်ကြီးပြီးတော့မယ် ထင်ပြီး ကျွန်မတို့လည်း ၀မ်းသာနေကြ တာပေါ့။ နေ့လယ် ကျတော့ ခန်းမအလယ်မှာ စားပွဲရှည်ကြီးချထားပြီး မလှခင်တို့ ရော၊ ကျွန်မ တို့ပါ နေ့လယ်စာ အတူစုစားကြတာ တပျော်တပါးပါပဲ။
ဒီအချိန် မှာ နွားကျောင်းသားလို ပုဆိုးတိုတို ၀တ်ပြီး ခေါင်းမှာလည်း မျက်နှာသုတ်ပ၀ါအဟောင်း တစ်ထည်ပေါင်း လို့၊ ကောင်လေး တစ်ယောက် လက်မှာလည်း တံဖျားလေးကိုင်ပြီး ရောက်လာပါ တယ်။
"အန်ကယ်ကြီး တို့က ဒီမှာလား"တဲ့။ နှုတ်ဆက်လိုက်တော့ ကျွန်မတို့လည်း တအံ့တသြကိုဖြစ်လို့။ ဘီကြင်ဟိုတယ် မှာ စားပွဲထိုးလုပ်နေတဲ့ မောင်တင်မြင့်ရယ်လေ။
"ဟယ်... ဘယ်လို ဖြစ်လာတာလဲ၊ တို့က နွားကျောင်းသားလေးမှတ်လို့"နဲ့ ကျွန်မတို့က သူ့ကို ၀ိုင်းပြီး ကျွတ်ကျွတ်ဆူ နှုတ်ဆက်ကြတာပေါ့။ "ထမင်းလည်း လာဝင်စားဟဲ့"နဲ့ ထမင်းပါ ကျွေး လိုက်ကြသေးတယ်။ ဘသားချော ကလည်း ကျွန်မတို့အိမ်မ မမြသောင်းကို ရှိတ်နေတာလေ။ မမြ သောင်းကလည်း ကလျာဖူးစသစ် ၁၄နှစ် အရွယ် ဆိုတော့ ပန်းငုံရှိရာပျားပိတုန်းတွေ ၀ဲသလိုပေါ့။ မနော်ယမံကို စစ်ပြေးကြပြီ ကြားတော့ လမ်းကြုံ ရင်း သူ့ပန်းငုံလေးကို ၀င်ကြည့်တဲ့သဘောပါပဲ။

အဲဒီအဖြစ်က ဘာမဟုတ်တာလေးလို့ ဆိုရမှာ ဖြစ်ပေမဲ့ နောက်ရက်ပိုင်းမှာ ကျွန်မတို့ အသက်ကို ကယ်နိုင်လောက်တဲ့ အထောက်အကူတစ်ခု ဖြစ်လာတာမို့ ကံတရားရဲ့ လှည့်ကွက်ကလေးအ တွက် ဆန်းကြယ် လှတယ်လို့ ပြောရမှာပါပဲ။ စားရင်းသောက်ရင်းနဲ့ ကိုကြီးက "မင်း အဝေးကြီး ခရီးကို ဘာလာလုပ်တာလဲ၊ အခြေအနေတွေ က လှုပ်လှုပှ်ရှားရှား ဖြစ်နေတဲ့အထဲမှာ လျှောက်သွား မနေနဲ့"လို့ သူ့ကိုစိတ်ပူလို့ပြောတော့ "အလကား လျှောက်သွားနေတာ မဟုတ်ဘူး၊ တာဝန်နဲ့ လာတာ"လို့ ရှင်းပြပါတယ်။ လက်စသတ်တော့ ဂျပန်တွေ က မောင်တင်မြင့်ကို သတင်းဆက် သွယ်ဖို့ မွေးထားတာကိုး။ ဒါကြောင့် သူကနွားကျောင်းသား ရုပ်ဖျက်ပြီး ကိုင်လာတဲ့ တံဖျာထဲမှာ စာရွက်လိပ်ကို ထည့်ယူလာတာ။ ဒီအနီးအနားမှာ ရုံးစိုက်ထားတဲ့ ကင်ပေတိုင် ရုံးကို သတင်းပို့ခဲ့ ပြီး မှဒီကို ဆက်လာခဲ့တာတဲ့။
ဂျပန်တွေက စစ်ရေးနိမ့်လို့ နောက်ဆုတ်နေရတာ မန္တလေးမြို့ထဲက ကင်ပေတိုင်ရုံးချုပ်ကလည်း အခု မန္တလေးမြို့ပြင်စခန်းကို ရွှေ့ထားရပြီဆိုတာ သူပြောပြမှပဲ ကျွန်မတို့လည်း သိရတော့တာ။ ကိုကြီးက ဒီရုံးချုပ်မှာ ဘယ် ဂျပန်စစ်ဗိုလ်တွေ ရှိလဲ မေးတော့ ဘယ်သူတွေ၊ ဘယ်သူတွေရှိကြတယ် ဆိုတာ သူကနာမည် နဲ့ ပြောပြသွားလိုက်သေးတယ်။

မောင်တင်မြင့် ပြန်သွားတော့ ကျွန်မတို့က မမြသောင်းကို ၀ိုင်းစကြသေးတယ်။ "ဘယ်လိုလဲ၊ နင့်ကောင်ကလေးက ဒီထိတောင် လိုက်လာတာနော်" နဲ့။ မမြသောင်း ကလည်း ကျေနပ်တဲ့ ရှက်ပြုံး လေးနဲ့ မရွံ့မရဲ ပြန်ကြည့်လေတယ်။ အဲလိုနဲ့ တစ်ရက် နှစ်ရက်ရှိတော့ တစ်မနက် မှာ ၀ိုင်းထဲက လူတွေ လှုပ်လှုပ်ရွရွ နဲ့ ခြံစည်းရိုးဘက်ကိုပြေးသွားကြတာ မြင်တော့ ဘာများဖြစ်ပြန်ပြီလဲပေါ့။
အင်္ဂလိပ်စစ်တပ် က ကင်းလှည့်လာတာကိုး။ ကျွန်မတို့လည်း တအံ့တသြဖြစ်လို့။ ဟယ်... အင်္ဂလိပ် တွေပြန်ရောက်လာပြီတော့နဲ့ အိမ်သားတွေကိုခေါ်ပြီး ပြရသေးတယ်။ ၀ိုင်းထဲက သွားပြီးနှုတ်ဆက် ကြတဲ့သူတွေ လည်း ပြန်လာတော့ လက်ထဲမှာ ငါးသေတ္တာရခဲ့တဲ့သူနဲ့ ချောကလက်ပြား ရတဲ့သူနဲ့ သူတို့ရလာ တဲ့ လက်ဆောင်တွေပြပြီး တဟေးဟေးတဟားဟားနဲ့ ပျော်နေလိုက်ကြတာ။
"ငပုတွေတော့ လစ်ကုန်ကြပြီ"နဲ့ အော်တဲ့သူတွေက အော်ကြသေးတယ်။ ကျွန်မစိတ်ထဲမှာ ဒါဆို ရင်တော့ကောင်းလေ စွ၊ ကြာကြာတောင် အရင်တစ်ခါကလို မပြေးလိုက်ရဘဲ ရက်တိုတိုနဲ့ ကိုယ့် အိမ်ပြန်နိုင်ပြီ ဆိုပြီး ကျေနပ်ဝမ်းသာတွေဖြစ်လို့ ထုပ်ထားတဲ့ပစ္စည်းတွေတောင် တချို့ကို ပြန်သိမ်း ပြီး အဆင်သင့် လုပ်ထားလိက်သေးတယ်။

ညနေစာ ထမင်းစားပြီးတော့ အိုက်စပ်စပ်ရှိတာနဲ့ အိမ်အပြင်ပန်းချုံလေးတွေရှိတဲ့ နေရာမှာသွားရပ် ရင်းအအိုက်ပြေ လေတိုက်ခံနေလိုက်တာ။ မှောင်တရီလေးဆိုတော့ အရှေ့ဘက်မှာ မြင်နေရတဲ့ ရှမ်းရိုးမတောင်ကြီး ကလည်း မှိုင်းတညို့ညို့နဲ့။ ကောင်းကင်မှာ ကြယ်ပွင့်လေးတချို့တောင် လင်းလက်စပြုနေ ပါပြီ။ သဘာဝက ကြားနေရတဲ့ အဝေးက အမြောက်သံ၊ စစ်သေနတ်သံတွေနဲ့ တောင်မလိုက်ဖက်အောင် လှပနေတာ မို့ ကျွန်မလည်း အငေးကောင်းကောင်းနဲ့ ငေးရင်းတွေးချင် ရာတွေးနေမိပါတယ်။
သားငယ်လေး "လင်း"ကလည်း နို့တိုက်ပြီးတာနဲ့ အိပ်ပျော်နေပြီ။ သားကြီး"၀င်း"က ၀ိုင်းထဲမှာ မမြသောင်း နဲ့ ပြေးလွှားဆော့ကစားနေလေရဲ့။ ၀ိုင်းထဲက လူတွေလည်း ကိုယ့်အိမ်ရှေ့မှာ ဟိုတစ် စုဒီတစ်စုထွက်ပြီး စကားတွေပြောရင်း ညနေခင်းမှာ အေးအေးသက်သာရှိနေရာက ၀ုန်းဆို ဘယ်ကဘယ်က ရောက်လာတယ် မသိပါ ဘူး။ ဂျပန်စစ်သားတွေ ရောက်လာပြီး ဂျပန်လိုအော်ဟစ် ငြာသံပေးပြီး ၀ိုင်းတော့တာပဲ။ ကျွန်မလည်း ဗြုန်းခနဲဆိုတော့ ကြက်သေသေပြီး ငေးကြောင်ကြောင် ဖြစ်သွားတာ။ အနားကို စစ်သား တစ်ယောက် ရောက်လာပြီး "အင်္ဂလိပ်စကား"နဲ့ အော်ရင်း ကျွန်မ ရင်ဘတ်က ဘလောက်စ် အင်္ကျီကို ဆောင့်ဆွဲပြီး စားနဲ့ရွယ်လိုက်တာ မျက်စိတွေ ပြာသွားတာပါပဲ။

ဓားကြီး လက်သွားတာကို မကြည့်ရဲတာနဲ့ မျက်စိစုံမှိတ်ထားလိုက်တာပေါ့။ နောက်ဘက်က "မာစတာ"ဆိုတဲ့ ကိုကြီးရဲ့အသံကိုလည်း ကြားလိုက်မိတယ်။ ကျွန်မကိုခုတ်မယ့်ဓား တန့်သွားတာ သိလိုက်တာနဲ့ ကျွန်မ စွပ်ပြီးပြေးတော့တာ နောက်ကို တစ်ချက်မှလှည့်မကြည့်တော့ဘူး။ ကျွန်မလို ပဲဦးတည်ရာ ထွက်ပြေးကြတဲ့ သူတွေလည်း အများကြီးပဲပေါ့။ ဂျပန်တွေနဲ့ လုံးထွေးလဲကျသူတွေ လည်းကျ။
တစ်နေရာ ကျတော့ ရှေ့မှာပြေးနေတာ တုန်ချည့်တုန်ချည့်နဲ့ အဘိုးအို အင်္ဂလိပ်ကြီးကို တွဲလာရှာ တာ။ အဘိုးကြီး က အသက်ကြီးတော့ မပြေးနိုင်ရှာဘူး။ တွဲလာတဲ့ ကလေးကလည်း မသန်မစွမ်းတဲ့ ကောင်လေး။ ဂျပန်စစ်သား သုံးလေးယောက်က မီလာပြီး "အင်္ဂလိပ်ကား"နဲ့ အော်ရင်းဓားနဲ့ အဘိုးကြီးကို ပိုင်းထည့်လိုက်တာ သွေးတွေက ရေပန်းထွက်သလိုကို ထောင်ပြီးပန်းထွက်လာ တာပါပဲ။
အဲဒီမြင်ကွင်း မြင်လိုက်ရတာ ကျွန်မပါ အသက်ထွက်သွားတော့မတက် တုန်လှုပ်ချောက်ချားသွား တာပြေးနေတဲ့ ဒူးတောင် တုန်လာပါတယ်။ ဆက်ပြေးနေလိုက်တာ ဘယ်ရောက်လို့ရောက်မှန်း လည်းမသိပါဘူး။ လူတွေ လည်း ပြေးနေကြတာ အရပ်ရှစ်မျက်နှာပြန့်ကျဲနေတာပဲ။ အော်ကြ ဟစ် ကြသံတွေလည်း ညံလို့။ သေနတ်သံ တစ်ချက် မှ မကြားရဘူး။ ဂျပန်တွေရဲ့ "ခူးရား ခူးရား"နဲ့ ဆဲဆိုသံတွေ ဝေးတာထက် ဝေးတဲ့အထိ ကျွန်မ ဆက်ပြေးနေခဲ့တာပါ။

ရေနီမြောင်းဘေး တစ်နေရာရောက်တော့ ကျွန်မမောလာတာနဲ့ ရပ်ပြီးနောက်ကိုလှည့်ကြည့်လိုက် ပါတယ်။ အဲဒီတော့ မှ ကျွန်မ ရဲ့ သားလေးနှစ်ယောက် ကျန်ရစ်ခဲ့တာကို သတိရတော့တာလေ။ ဘယ်လောက်များ မိခင်ကောင်း ပီသတဲ့အဖြစ်ပါပဲ။ အဲဒီတုန်းကသာသားလေးနှစ်ယောက် ဂျပန် သတ်လို့သေသွားခဲ့ရင် ကိုယ့် အပြစ် ကို ကိုယ်နောင်တ ရ မဆုံးဖြစ်ပြီး မယ်ပဋာလို ရူးရမှာသေချာပါ ရဲ့။
ကျွန်မ ဘာလုပ်ရမှန်းမသိဘူး။ ပြန်ပြေးရှာဖို့လည်း ဂျပန်တွေကိုတွေ့မှာကြောက်၊ တွန့်ဆုတ်တွန့် ဆုတ်နဲ့ပဲ လာလမ်း ကို ပြန်လျှောက်လာတော့ ကြယ်ရောင်အောက်မှာ ကလေးချီပြီးပြေးလာကြတဲ့ မိန်းကလေးနှစ်ယောက် ကို လူအုပ်ထဲမှာ မြင်လိုက်ရတယ်။ အနီးကပ်ကျတော့မှ မမြိုင်နဲ့ မမြသောင်း ဖြစ်နေလို့ကျွန်မ ၀မ်းသာ လိုက်တာ။ ဒီလောက်ဝမ်းသာတဲ့အဖြစ်ဘ၀မှာ ဒီတစ်ပါပဲ ကြုံရဖူးပါတယ်။
သုံးယောက်သား ဖက်ပြီး ထိုင်ချရင်း ငိုလိုက်ကြတာ။ ကျွန်မတို့ ငိုတော့ကလေးတွေကလည်း လန့်ဖျပ်ပြီး သူတို့ ပါရောပြီး အော်ငိုကြပါလေရော။ ကျွန်မတို့တင်မဟုတ်ပါဘူး။ ပြေးလာတဲ့သူ တွေလည်း အော်ဟစ်ငိုသူတွေနဲ့ ကျိတ်ပြီး အသံမထွက် မျက်ရည်ကျသူတွေနဲ့ တကယ်ကို ငရဲခန်း ကျနေတာပါပဲ။ လူတိုင်း အသက် ကိုလုပြီး ပြေးကြရတာမဟုတ်လားနော်။

မမြိုင်နဲ့ မမြသောင်းတို့က တကယ့်ကျေးဇူးရှင်တွေပါပဲ။ ထိုင်ပြီးတော့တောင် ဦးသုံးကြိမ် ချထိုက်ပါသေးတယ်။ သူတို့သာ ကိုယ့်အသက် ကိုယ်လုပြီး ပြေးလာကြရင် ကျွန်မဘာမှ ပြောနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်တောင် မွေးထားတဲ့ အမေရင်းဖြစ်ပြီး ကောက်မလာခဲ့ဘဲ လက်လွတ်ပြေးလာသေးတာပဲနော်။ သူတို့ ရဲ့ စေတနာ နဲ့ မေတ္တာ ကို လေးစားစွာနဲ့ ဂုဏ်ပြု မှတ်တမ်းတင်ထိုက်တာ အမှန်ပါပဲ။ အခုလို အခွင့်သာတန်း ကျွန်မရေးပြ မှတ်တမ်း တင်ရင်း ကျေးဇူးတင်စကား ဆိုခွင့်ရတာအတွက် ၀မ်းသာကျေနပ်မိပါတယ်။

မမြိုင်က ရုတ်ရုတ်သဲသဲ ဖြစ်နေတာ တွေ့တာနဲ့ အိပ်နေတဲ့ 'လင်း' လေးကို ကောက်ပွေ့ပြီး ထွက်ပြေးလာခဲ့တာတဲ့။ မမြသောင်းကလည်း '၀င်း' ကိုကောက်ချီပြီး နှစ်ယောက်သား တူတူပြေးလာတာမို့ ကျွန်မ သူတို့ကို ပြန်တွေ့ခွင့်ကြုံရတာပါ။ အဲတော့မှ ကိုကြီးကို သတိရ ပြီး…
'ကိုကြီးရော' လို့မေးတော့ မမြိုင်က 'မသိဘူး' တဲ့။ လူတွေလည်း ပြေးလာနေကြဆဲ ဆိုတော့ အဲဒီလူအုပ်နဲ့ ပါမလား စောင့်ကြည့်ကြပါသေးတယ်။ တဖြည်းဖြည်းမှောင်က လည်းမှောင်လာ၊ လူတွေလည်း အလာကျဲ သွားပြီဆိုတော့ စိတ်အားလျော့လာပါတယ်။ ဒါနဲ့ အနီးအနားမှာ ရှိတဲ့ ကောက်ရိုးစင် တစ်ခုအောက် ကို ရွှေ့ထိုင်ကြရင်း ဒီနေရာကပဲ စောင့်ကြည့်ကြမယ်ဆိုပြီး နေရတာပေါ့။
ကလေးတွေ က မောလို့ နှစ်ယောက်စလုံး အိပ်ပျော်သွားကြပါပြီ။ ကျွန်မတို့ သုံးယောက် ကတော့ ဘယ် အိပ်နိုင်ပါ့မလဲ။ အကြောက်က မပြေသေးတဲ့အပြင် ခုချိန်ထိ ကိုကြီးရောက် မလာသေးတာအတွက် စိတ်ပူမိတာက လည်း တစ်ဖက်နဲ့ လာလမ်းကို တမျှော်မျှော် တကြည့်ကြည့်ဖြစ်နေရပါတယ်။

ဒီလိုနဲ့ သန်းခေါင်ကြက်တွေတောင် တွန်ပြီ။ ကလေးငယ်လေး နှစ်ယောက်နဲ့ သုံးယောက် သားထိုင်လို့သာ ထိုင်နေ ရတာ ဘယ်နေရာ ဂျပန်တွေ အလစ်အုပ်ဖို့ ထွက်လာဦးမလဲဆိုတဲ့ အတွေးနဲ့ စိတ်က မလုံမလဲ ဟိုကြည့် ဒီကြည့်ပေါ့။
'ဟော..ဟိုမှာ အန်ကယ်ကြီး သရဲလာခြောက်တာ ဖြစ်မှာ' နဲ့မှောင်ကြီးထဲလက်ညိုးထိုးရင်း မမြိုင်က သူ့ကိုယ်လုံး ၀၀ကြီးနဲ့ ကျွန်မ ကို ဖက်ရင်း တက်ဖိပါလေရော။ ကျွန်မလည်း ဗြုန်းခ နဲဆိုတော့ ဘာမှန်းမသိနဲ့ သူ့ကိုယ်လုံး ကြီးအောက် ရောက်သွားလို့ မနည်း ရုန်းထွက်ပြီး ကြည့်တော့ မှောင်ရိပ်ထဲမှာ တလှုပ်လှုပ် လာနေတဲ့ ကိုကြီးရဲ့ လုံချည် အနီကွက်ကြီး ကို လှမ်းမြင်ရပါတယ်။
'မမြိုင် ကလည်းဟယ်၊ ဘယ်ကသရဲရမှာလဲ၊ သရဲဆိုပျောက်သွားမှာပေါ့' ပြောလို့သာပြော တာ။ ကျွန်မလည်း မယုံမရဲ နဲ့ ပျောက်များသွားမှာလား ဆိုတာ သေချာအောင် စူးစိုက်ကြည့် ရပါသေးတယ်။ မပျောက်တာ သေချာ မှ ပွေ့ထားတဲ့ ၀င်းကိုမမြသောင်း လက်ထဲပြောင်း ထည့်ပြီး ကျွန်မထပြေးကြိုရတာပေါ့။

ကိုကြီးက လွယ်အိတ်ကြီး တစ်လုံး လွယ်လို့ရောက်လာပါတယ်။ 'အေး…မသေလို့ ပြန်တွေ့ ကြရတာ၊ ကံကောင်း တယ်၊ ဘုရားဂုဏ်ကျေးဇူးပဲ'တဲ့။
ဘာဖြစ် လို့ အခုမှ ရောက်လာတာလဲ မေးတော့ အဖြစ်အပျက်စုံကို ပြောပြပါတယ်။ ဂျပန်စစ်သားက ဓားကြီးနဲ့ ရွယ်လိုက်တာ မြင်တော့ သူက ဂျပန်စစ်သား ကို လှမ်းခေါ်လိုက် တာတဲ့။ ပြီးတော့ သူ့ကိုယ်သူ ပုတ်ပြပြီး ဒီမှာဂျပန် ကင်ပေတိုင်ကလို့ ညာလိုက်တာ ဆိုပဲ။ ဂျပန်စစ်သားက တန့်သွားတာတွေ့ရမှ မောင်တင်မြင့် ပြောခဲ့လို့ သိရတဲ့ ဂျပန် စစ်ဗိုလ်တွေ ရဲ့နာမည်တွေ သုံးပြီး ဆက်လှိမ့်တာပေါ့။
ဒါဆိုရင် ကင်ပေတိုင် က ပေးထားတဲ့ စာရွက်အထောက်အထား ပြလို့ ခိုင်းရောတဲ့။ ကိုကြီးကလည်း အလျင်သား။ မနက်ကအင်္ဂလိပ်စစ်တပ် လာလို့ ၀ှက်ထားတယ် သွားယူ ပြမယ်ဆိုပြီး ဂျပန်စစ်သားက အိမ်ရှေ့ဝ က စောင့်နေတာကို အိမ်ထဲဝင်၊ ငရုတ်သီး ဂုန်နီအိတ်ထဲမှာရွှေငွေလက်ဝတ်ရတနာတွေနဲ့ အင်္ဂလိပ်ငွေစက္ကူတွေ ကို လွယ်အိတ်ထဲ ထည့်ပြီးနောက်ဖေးပေါက်က ထွက်ပြေးတာ ဂျပန်တွေနဲ့ တိုးနေလို့ ကားလမ်းဘေး ချုံပုတ် ထူထူတစ်ခုထဲ ဖြဲဝင်ပြီး ပုန်းနေရတာ။ ဟိုဂျပန် လိုက်ရှာလို့ တွေ့ရင်သတ်မှာစိုးလို့ မထွက် ရဲဘူးတဲ့။

အားလုံး တိတ်ဆိတ်ငြိမ်သက်ပြီးမှ ဒီဘက်ကို စောစောက လူတွပြေးတာ တွေ့ထားလို့ လိုက်လာကြည့်တာလို့ ပြောပြပါတယ်။ ကျွန်မတို့ အဖြစ်ကလည်း ရုပ်ရှင်ဇာတ်လမ်းတစ်ခု ကျနေတာပါပဲနော်။ ကံဇာတ်ဆရာ က ဒါရိုက်တာ အလုပ်ကောင်းလိုက်တာ။ ဒါနဲ့တင် ဘယ်ပြီးဦးမလဲ။ ဆက်ရန် ရှိသေးသည်တွေ က နောက်ဆက်တွဲ ပါလာပါသေးတယ်။
ကိုကြီး နားနားနေနေ နေလို့ရတဲ့နေရာ ရှာရအောင် ဆိုပြီး ရှေ့ဆက်သွားကြတော့ ရွာလေး တစ်ရွာ ရောက်လာပါတယ်။ ရွာဆိုပေမဲ့ ကျိုးတိုးကျဲတဲ ယာတဲလေးတွေမျိုးပါပဲ။ ပြေးလာတဲ့သူတွေ ရုတ်ရုတ် သဲသဲမို့ ရွာထဲက လူတွေလည်း မအိပ်ကြသေးဘူး။ ကျွန်မတို့ ကလေးလေးတွေနဲ့ ဒုက္ခရောက်လာလို့ပါဆိုတော့ ကွပ်ပျစ်ကြီး တစ်ခု အိပ်စရာ နေရာပေး ပါတယ်။ အမိုးအကာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ခေတ္တ ခဏ ကျောခင်းစရာ နေရာလေး တစ်ခုရရင်လည်း တောသေးရဲ့ဆိုပြီး အိပ်ကြရတာပေါ့။

မမြိုင်နဲ့ မသောင်းတို့က အိပ်ပျော်နေကြပြီ။ ကျွန်မလည်း ပြေးခဲ့ရတာ မောထားတော့ မျက်လုံးက မဖွင့်နိုင်တော့ဘူး။ တော်တော်လေးလည်း အိပ်ပျော်သွားပြီးရော ကျွန်မနဲ့ ကိုကြီးရဲ့ကြားမှာ သိပ်ထားတဲ့ သားကြီးဝင်း က ၀မ်းတွေပျက်ပြီး ချေးတွေ ပန်းထည့်လိုက် တာကိုကြီးရဲ့ ပုဆိုးကို ပေကုန်ပါတော့တယ်။
အ၀တ် တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာ လဲစရာလည်း အပိုအ၀တ်က ရှိတာ မဟုတ်ဘူး။ ၀င်းရဲ့ဘောင်းဘီ က ချေးပေလို့ ချွတ်နေတုန်း ရှိသေးတယ် ထပ်ပြီး ပန်းလိုက်တာဆိုတော့ သားရော၊ အဖေရော၊ ချေးပေအ၀တ်တွေနဲ့ မဖြစ်ချေဘူးဆိုပြီး မိုးမလင်းခင် လျှော်ထားလေမှပဲလို့ တွေးပြီး ဘယ်မှာများ ရေရှိလေမလဲနဲ့ ကျွန်မမှောင်ကြီး မည်းထဲရေတွေ့လို့တွေ့ငြား ထရှာရတာပေါ့။
ကံကောင်းထောက်မပေလို့ပဲ။ ၀ါးဝင်းထရံလေးရဲ့ ဘေးမှာ ရေအိုးလေးတစ်လုံး ရှိတယ်။ ရေကလည်း တစ်ဝက်လောက် ရှိနေတာနဲ့ ကိုကြီးကို ပုဆိုးချွတ်ခိုင်း၊ နောက်ပြီးကလေးမ တွေဘက်လှည့်မအိပ်နဲ့လို့လည်း မှာရသေး တယ်။ အဖြစ်ကလည်း မြင်မကောင်း၊ ကြားမကောင်းနော်။ ၀င်းရဲ့ ဘောင်းဘီနဲ့ ကိုကြီးရဲ့ပုဆိုး ယူလာပြီး ရေနဲ့လျှော်တာ ဆပ်ပြာ လည်းဘယ်ရှိပါ့မလဲ။ ဖြစ်သလိုပဲ အနံ့အသက်ပျောက်ရုံ လုပ်ရတာ အရေးထဲ မှာ တချွတ်ချွတ်နဲ့ ခပ်သုတ်သုတ် ပြေးလာတဲ့အသံကို ကြားတော့ ကျွန်မ ခေါင်းနပန်းကို ကြီးသွားတာပါပဲ။

ထပြီးပြေးဖို့ထောင် အချိန်မရလိုက်ပါဘူး။ ကျွန်မထိုင်ပြီး အ၀တ်လျှော်နေတဲ့ ရှေ့တစ်လှမ်း လောက်က ၀င်းထရံဝါး တိုင် နှစ်ခုကို ဂျပန်စစ်သားနှစ်ယောက်က ဆဲချွတ်နေကြလေရဲ့။ ဒဏ်ရာရလာတဲ့ စစ်သား တစ်ယောက်ကို ပွေ့လာရာကနေ အဲဒီဝါးတိုင်နှစ်ခုနဲ့ ထမ်းစင် ဖြစ်အောင်အ၀တ်စတွေနဲ့ ၀င်းထရံကပ်တွေနဲ့ ဆွဲဖြဲပြီး တင်လို့ ရသွားမှ ထွက်သွားကြပါလေ ရော။
ကျွန်မ ဆိုတာ ကျောက်ရုပ်တစ်ရုပ်လို လှုပ်တောင်မလှုပ်ရဲဘူး။ ရင်ထဲမှာ ကြောက်တဲ့စိတ်နဲ့ တဒိန်းဒိန်း ခုန်နေတဲ့ အသံ ကို ကိုယ့်ဟာကိုယ်တောင် ပြန်ကြားနိုင်ပါသေးတယ်။ စစ်သား တွေဝေးသွားမှ ပြန်ထပြေးပြီး ကိုကြီးကို ဒီမှာနေလို့ မဖြစ်တော့ဘူး။ ဂျပန်တွေ ရှိတယ်ဆို တာပြောပြရပါတယ်။

ကိုကြီးကိုလည်း ရေစိုပုဆိုကြီး ပြန်ဝတ်ထားခိုင်းရတာပေါ့။ ၀င်းကိုလည်း သန့်စင်ပေးပြီး ရေစိုဘောင်းဘီ ပဲ ပြန်ဝတ်ပေးရပါတယ်။ မိုးသာ စင်စင်လင်းသွားရော ကျွန်မ တစ်မှေးမှ မရတော့ပါဘူး။ ကြောက်တဲ့စိတ်နဲ့ ခိုက်ခိုက်တုန်နေ ပါတော့တယ်။
မနက်မိုးလင်းတော့ ကျွန်မတို့ ဒီရွာက ပြေးမှဖြစ်တော့မယ်ဆိုပြီး ရှမ်းရိုးမတောင်ခြေ ရှာရာ ဘက်ကို ဦးတည်ပြီး ထွက်လာကြပါတယ်။ ကျွန်မတို့လိုပဲ ဆက်ပြေးကြမဲ့ လူသိုက်တွေ လည်းလမ်းမှာ တွေ့ရပါတယ်။ သားကြီး '၀င်း' က လည်း နှစ်ခါလည် မရှိတရှိ။ သားငယ် 'လင်း'က လသားလေးပဲ ရှိပါသေးတယ်။ ရိုးပြတ်တွေ ထဲမှာ နေပူကျဲကျဲထဲ လျှောက်ကြရ တာ။ ကိုကြီးက ၀င်းကိုချီ၊ ကျွန်မကလင်းကိုချီလို့။

မောပြီဆိုရင် မမြိုင်နဲ့ မမြသောင်းကလည်း တစ်လဲစီ ကူချီကြရတာပေါ့။ ကလေးကို နေပူလို့ အုစ်စရာဆောင်းစရာ အ၀တ်ကလေး တစ်ထည်တောင် အပိုမရှိတာကြောင့် ချစ်ချစ် တောက်နေပူထဲမှာ ကလေးလေးတွေ လည်း နေလောင်ပြီး ရဲရဲကိုတွက်နေတာပဲ။ နေ့ခင်း ရောက်တော့ယာထဲစုလေးတွေ ရှိတဲ့နေရာ ရောက်လာတာနဲ့ ၀င်ပြီးနားကြ ပါတယ်။
လင်းကတော့ အမေရဲ့ နို့တိုက်တာမို့ ပြဿနာတာမရှိဘူးပေါ့။ သားကြီးဝင်းက ဗိုက်ဆာတယ် နဲ့ တအီအီ လုပ်တော့ တာပဲ။ ကလေးဆိုတော့လည်း ဘယ်အောင့်သည်း နိုင်မလဲလေ။ ၀င်ခိုတဲ့ ယာထဲလေးထဲမှာ အဒေါ်ကြီး တစ်ယောက်က ကလေးငယ်တစ် ယောက်ကို ထမင်းကြမ်းနဲ့ထန်းလျက်နဲ့ ခွံကျွေးနေတယ်။ အဲဒီ ကလေး စားတာကို ကြည့်ပြီး ၀င်းကမျှော်နေတာ။ ကျွန်မကိုလည်း လက်တတို့တို့နဲ့။ ကိုယ့်ကလေးအတွက် ဆိုတော့ ကျွန်မလည်း မရှက်နိုင်တော့ဘူး။

'အမရယ်၊ ကျွန်မတို့ စစ်ပြေးလာကြတာ ဘာမှမပါဘူး။ ကလေးကဆာလို့ ထမင်းတစ်ဆုပ် လောက် ပိုရင်ကျွေးပါနော်' လို့သွားတောင်းရတာပေါ့။
ကျွန်မဘ၀ မှာ တောင်းစားတဲ့အဖြစ် ရောက်ခဲ့ဖူးပါတယ်နော်။ အဒေါ်ကြီးက သဘော ကောင်းစွာ နဲ့ မြေအိုး မည်းမည်းကြုတ်ကြုတ်ကလေးထဲက ကျန်နေတဲ့ ထမင်းတစ်ခဲလေးနဲ့ ထန်းလျက်ကလေး တစ်လုံးပေးတာနဲ့ ၀င်းကို ခွံ့ကျွေး ရပါတယ်။ ကျွန်မတို့လူကြီးတွေတော့ အူဗလာနဲ့ပေါ့။
အမောဖြေပြီး ခရီးဆက်ကြပြန်ပါရော။ နေကလည်း ပူလိုက်တာ ချစ်ချစ်တောက်မို့ ပင်ပန်းလိုက်တာ။ ညနေသုံးနာရီလောက် ကျမှ ရွာတစ်ရွာကို ရောက်ပါတယ်။ ရွာဆိုပေမဲ့ တဲစုသာသာ အိမ်ကလေးတွေပဲ ရှိပါတယ်။ ရွာစွန်က တဲကလေးမှာ အိမ်ရှင်ကို ခွင့်တောင်း ပြီးနားကြပါတယ်။ ကိုကြီးက စားစရာရှိရင် ကျွန်မတို့ အားလုံး ကို ကျွေးပါ။ အင်္ဂလိပ်ငွေ စက္ကူပဲပါတာမို့ ကျသင့်တာကို အဲဒီငွေစက္ကူနဲ့ လက်ခံ ရင် ပေးပါမယ်လို့ ပြောတော့ အိမ်ရှင် လင်မယားကဒုက္ခရောက်လာတဲ့ သူတွေဆီက ငွေမယူပါဘူး။ ရှိသလောက် ကျွေးမယ်ဆို ပြီးကျွန်မတို့ကို ညစာချက်ကျွေးပါတယ်။

ထမင်းကလည်း ကြမ်းကြမ်း၊ ဟင်းကလည်းပဲအိုးကပ်၊ ကန်စွန်းရွက်ပြုတ်နဲ့ ငရုတ်သီး ထောင်း။ အဲဒါကို ငတ်လာကြတာဆိုတော့ ကျွန်မတို့မှာ စားလို့ကောင်းလိုက်ကြတာ။ လူတွေလည်းမော၊ ကလေးလေးတွေ လည်း နေပူဒဏ်ကြောင့် ပျော့ခွေလို့။ ဒါနဲ့ဒီနေ့အဖို့ ခရီးမဆက်တော့ဘဲ ဒီရွာလေးမှာပဲ နားကြဖို့ ဆုံးဖြတ်ကြ တာပေါ့။ ကျွန်မတို့လိုပဲ ပြေးလာ တဲ့တချို့လူတွေလည်း အဲလိုပဲ တဲအိမ်လေးတွေမှာ ခေတ္တခိုကြပါတယ်။
အိမ်ရှင်တွေ က ငွေမယူဘူးဆိုပေမဲ့ သူတို့မှာ ဆင်းရဲချို့တဲ့နေတာ မြင်နေရတာမို့ ကိုကြီးက အင်္ဂလိပ်ငွေတချို့ကို ထမင်းရှင် ကျေးဇူးရှင်အဖြစ် ကန်တော့ပါရစေပြီး ဇွတ်ပေးခဲ့ပါတယ်။ ညကျတော့ ကျွန်မတို့ မြေကြီးပေါ်မှာပဲ ဖျာကြမ်း တစ်ချပ် ခင်းပေးတာနဲ့ အဲဒီမှာ တန်းစီ အိပ်ကြတာပေါ့။ ခြင်ကလည်းကိုက်၊ ဒါပေမဲ့ တအားမော လာတာ ဖြစ်တော့ အိပ်ပျော်သွား တာပါပဲ။
ည တစ်ဝက်လောက်ကျတော့ ကိုကြီးက 'ထ၊ ထ' နဲ့ကျွန်မကို လာနှိုးပါလေရော။ ဟိုဘက်ရွာထိပ်မှာ ဓားပြတွေ ၀င်စီး လို့တဲ့။ မြို့က ပြေးလာတဲ့သူတွေ ဒီမှာရှိတယ် ကြားတာနဲ့ဝင်စီးတာတဲ့။ အိမ်ရှင် လင်မယား ပြူးပြူးပျာပျာ ဖြစ်လို့၊ ရွာထဲကသူငယ်လေး ပြေးလာပြောလို့ သိရတာလို့ ကိုကြီးကပြောပါတယ်။

အိမ်ရှင်တွေက ကျွန်မတို့ ပုန်းဖို့ နေရာလုပ်ပေးပါတယ်။ တဲလေးနဲ့ ခပ်လှမ်းလှမ်းနေရာမှာ နွားဖြုတ်ထားတဲ့ လှည်း အိမ်လေး ရပ်ထားတာရှိလို့ အဲဒီလှည်းအောက်ကို ကျွန်မတို့မိန်း မသားသုံးယောက်နဲ့ ကလေးနဲ့ ၀င်နေပြီး အပေါ်က ကောက်ရိုးတွေကို လုံအောင်ဖုံးတော့ တာပဲ။ ကိုကြီးကတော့ အဆင်ပြောသလို ကြည့်ရှောင်မယ်ပေါ့။
လှည်းအောက် မှာ ပုံးနေရတာ ချွေးသီးချွေးပေါက်ကို ကျလို့။ ကလေးတွေက အိပ်ပျော်နေ ကြလို့ တော်ပါသေးရဲ့။ နိုးပြီထအော်ငိုမှဖြင့် ဓားပြတွေတွေ့သွားမှာ ကြောက်ပြီးရွတ်လိုက် ရတဲ့သမ္ဗုဒ္ဓေဂါထာတော် လည်း ဖင်ပြန်ခေါင်းပြန် ပါပဲ။ အတော်ကြီးကြာမှ ကျွန်မတို့ကို ကိုကြီးနဲ့ တချို့ရွာသားတွေ ရောက် လာပြီး ကောက်ရိုးတွေ ဖယ်ပေးပါတယ်။
ဓားပြတွေ ထွက်သွားပြီတဲ့။ ရွာသားတစ်ယောက်က ပြောလိုက်သေးတယ်။ 'ဒီဘက်ရောက် မလာတော့ ခင်ဗျားတို့ ကံကောင်းတယ်တဲ့၊ ကောက်ရိုးပုံထဲ လူဝင်ပုန်းနေလား သိရအောင် လှံနဲ့ ထိုးကြည့်တတ်သေးတယ်' ဆိုလို့ ကျွန်မ တို့မှာ ကြက်သီးကိုထလို့။

တစ်နေ့နဲ့ တစ်ည အ၀တ်မလဲရတဲ့အထဲ ကောက်ရိုးပုံထဲ ၀င်ပုန်းရသေးတော့ လူတွေလည်း ညစ်ပတ်စုတ်ပြတ်၊ ဂျွတ်ကိုတက် လို့။ ဒီလိုနဲ့ မိုးသာ လင်းသွားတယ် အိပ်လို့မရတော့ပါဘူး။ မနက်ကျတော့ ညက ကျန်တဲ့ ထမင်းကြမ်းခဲလေး ကို ဒီအတိုင်း စားကြပြီး ခရီးဆက်ကြ ပြန်ပါရော။
သိပ်မကြာ လိုက်ဘူး။ ဧရာမရွာကြီးတစ်ရွာကို ရောက်လာပါတယ်။ ကျွန်မနာမည်တော့ မေ့သွားပါပြီ။ ရွာထဲလည်း ၀င်လိုက်ရော မျက်နှာချင်းဆိုင် လာနေတဲ့သူက'ဟေး..Agnes' လို့နာမည်ခေါ်ပြီး နှုတ်ဆက်လိုက်တော့ ကျွန်မမှာ ၀မ်းသာ အားတက်သွားလိုက်ရတာ။ ကွန့်ဗင့်ကျောင်းမှာတုန်းက သူငယ်ချင်း Hetty ရဲ့မောင်လေး ဖြစ်နေပါတော့တယ်။ သူရဲ့အင်္ဂလိပ်နာမည်က Leonard၊ နောင်အခါ မန္တလေးကျုံးနဲ့ မျက်နှာ ချင်းဆိုင် မန္တလေး ဟိုတယ်ဆိုပြီး အစိုးရက ဖွင့်တော့ မန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ကြီးထွန်းကျော် ပါ။

အဲဒီရွာမှာ မန္တလေးက စစ်ပြေးရင်း ခိုနေသူတွေ အများကြီးပါပဲ။ Hetty တို့မိသားစုလည်း ရှိနေတာနဲ့ သူတို့အိမ်ကို ခေါ်သွားတာနဲ့ လိုက်သွားကြတာပေါ့။ ကျွန်မတို့ ဖြစ်ပျက်လာပုံ တွေကြားရတော့ သူတို့တစ်တွေ လည်း စိတ်မကောင်းဖြစ်ကြလို့ သူတို့အိမ်မှာပဲနေ ဆိုတာနဲ့ သုံးလေးရက်ကြာ နေခဲ့ရပါတယ်။
Hetty တို့အိမ် ရောက်တော့မှပဲ ကိုယ်လက်သန့်စင်ကြပြီး Hetty တို့ပေးဝတ်တဲ့ အ၀တ် အစားတွေနဲ့ ကျွန်မတို့တစ်တွေ ပြောင်ပြောင်ရောင်ရောင် ပြန်ဖြစ်လာရပါတော့တယ်။ ထမင်းလည်း နပ်မှန်စားကြရလို့ Hetty တို့၊ ဗိုလ်ကြီးထွန်းကျော်တို့ မိသားစုအားလုံး ကို လည်းကျေးဇူးရှင်များအဖြစ် မှတ်တမ်းတင်ရပါဦးမယ်။

အပိုင်း(၁၇)
ကံကောက်ကျေးရွာမှာ စစ်ပြေးနေကြတဲ့ သူငယ်ချင်း Hetty နဲ့ သူ့မောင် Leonard (ဗိုလ်ကြီးထွန်းကျော်)တို့ရဲ့ အိမ်မှာ နှစ်ညတာ ကွန်းခိုနေကြရင်း ဘာဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားနေဆဲပဲရှိပါသေးတယ်။ အင်္ဂလိပ် စစ်တပ်က မန္တလေးမြို့ကြီး ကို ပြန်လည် သိမ်းပိုက်ပြီဆိုတာ သတင်းကြားရတော့ ကျွန်မတို့ ၀မ်းသာအားတက် သွားပါတော့ တယ်။ အမြန်ဆုံးနည်းနဲ့လည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်ချင်နေကြပြီလေ။
ဂျပန်အ၀င် အင်္ဂလိပ်အပြေးတုန်းက ကိုယ်နေခဲ့တဲ့အိမ်က မီးလောင်ဗုံးစာဖြစ် သွားတာ ကြောင့် ကုန်းကောက်စရာမရှိအောင် တစ်ကြိမ် ဖြစ်ခဲ့ရဖူးပြီ။ အခု အင်္ဂလိပ်ပြန်အ၀င် ဂျပန် အပြေးမှာလည်း "အသွားမတော် တစ်လှမ်း" ဆိုတဲ့အတိုင်း နေရာအရွေးမှားလို့ ပစ္စည်း အသာထား၊အသက်ကိုတောင် မနည်းလုပြီး ပြေးခဲ့ရတာ မို့ အ၀တ်တစ်ထည် ကိုယ်တစ်ခု နဲ့"မိအေးနှစ်ခါနာ"ကိန်းဆိုက်နေတာ မဟုတ် လားနော်။

အသက်အရွယ် ငယ်သေးတာကြောင့် အတွေ့အကြုံလည်းမရှိ၊ ဗဟုသုတအကြားအမြင် လည်းမပြည့်စုံတော့ "စစ်" ဆိုတာ ဒီလောက်လူတွေ ကို ဒုက္ခရောက်စေလိမ့်မယ် ဆိုတာ မတွေးထင်ခဲ့မိပါဘူး။ လက်တွေ့ကြုံရပြီ ဆိုတော့မှ "စစ်" ရဲ့ဒဏ်ကို လှလှကြီးခံစားရင်း သဘောပေါက်နားလည်ရပါတော့တယ်။
ဒီအချိန် မှာ အဆက်အသွယ်တွေက အားလုံးပြတ်နေလို့ မန္တလေးဘုရားကြီးအရှေ့မုခ် တိုက်မှာ Kathleen တို့နဲ့ ကျန်ခဲ့ရစ်တဲ့ မာ့မီအတွက် စိတ်ပူမိသလို၊ ယွန်းတန်းတိုက်က မခွာဘဲ နေခဲ့တဲ့ မမသန်း တို့အတွက် ပါ သောကရောက်ပြီး ဆောက်တည်ရာမရ ဖြစ်နေမိပါ တယ်။

မန္တလေးပြင်ဦးလွင်သွား ကားလမ်းတစ်လျှောက် အင်္ဂလိပ်စစ်တပ်က စစ်ကားတွေနဲ့အတူ စစ်သားတွေရော၊ တင့်ကားတွေ ပါ အဆက်မပြတ်သွားနေကြတာ မျှော်ကြည့်ရင် ဘယ်လို နည်းနဲ့မန္တလေးကိုပြန်ကြမလဲ တိုင်ပင် ရတာပေါ့။ ကိုကြီးကကျွန်မတို့ နေခဲ့မဲ့မနော်ယမံ ဆေးရုံဝင်းကို ပြန်သွားပြီး ကြည့်ချင်သေးတယ်။ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ရှိလိုရှိငြား သိရ အောင်အဲဒီကို အရင်သွားကြမယ်ဆိုတာနဲ့ ကံကောက်ရွာက နွားလှည်းတစ်စီးငှားပြီး မနော်ယမံဆေးရုံဝင်း ကို ပြန်သွားကြပါရော။
မနော်ယမံ ရွာထိပ် ရောက်တော့ လက်ဖက်ရည်ဆိုင်တစ်ခုရှေ့မှာ ကိုယ်ရေပြားရောဂါ သည်အမျိုးသမီး တစ်ယောက် ပလောင်လုံချည် အနီရဲရဲနှင့် ဇာနားတပ် အင်္ကျီအနီတစ်ဆင် တည်းဝတ်ပြီး ရပ်နေ တာတွေ့တော့....
"ဟိုမှာ...ဟိုမှာ ခင့်အင်္ကျီနဲ့ လုံချည်ကိုဝတ်ထားတာ တွေ့လား၊ တွေ့လား"နဲ့ ကိုကြီးကို လက်ကုတ်ပြီး ပြော ရင်းပြ မိပါတယ်။

ဟုတ်ပါရဲ့။ ကျွန်မအင်္ကျီနဲ့လုံချည်မှ အသေအချာပါပဲ။ မာမီက ဇာနားလေးတပ်ပြီးသူကိုယ် တိုင်ချုပ်ပေးခဲ့တဲ့ အင်္ကျီ မို့ ကျွန်မကောင်းကောင်းမှတ်မိတာပေါ့။
"ဒါဆိုရင်တော့ ကျွန်မတို့ပစ္စည်းတွေ ရှိမှမဟုတ်တော့ဘူး"လိုက မမြိုင်က၀မ်းနည်းအား ငယ်သံနဲ့ ဝင်ပြောပါတယ်။ တကယ်လည်းအမှန်ပါပဲ။ ကျွန်မတို့နေခဲ့တဲ့ အဆောက်အအုံ ထဲမှာအမှိုက်သရိုက်တွေက လွဲလို့ ဘာဆို ဘာမှမရှိတော့ပါဘူး။ စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လည်းလာရော...
"Agnes! Agnes!"နဲ့လှမ်းခေါ်သံကြားတော့ ကျွန်မရဲ့ကျောင်းနာမည်မို့ လှည့်ကြည့်လိုက် ပါတယ်။ ကွန်ဗင့်ကျောင်းတုန်း က အတူနေခဲ့တဲ့ Josephine နဲ့ Agnesချာတိတ်မလေး နှစ်ယောက်ဖြစ်နေတာနဲ့ ၀မ်းသာ အားရ ပြေးဖက်ပြီး နှုတ်ဆက်မိတာပေါ့။ သူတို့ညီအစ်မ မိသားစုလည်း ဒီဝိုင်းထဲမှာ ကျွန်မတို့လို စစ်ပြေးခဲ့ကြသူချင်း ပဲလေ။

ကျွန်မတို့ ကသာ ဂျပန်တွေမြင်တိုင်း အသေအလဲ ကြောက်ပြီးလှည့်မကြည့်ဘဲ ကံကောက် ရွာရောက်တဲ့အထိ အပြေးကောင်းလိုက်ကြတာ။ Josephineတို့နဲ့ တခြားမိသားစုတော် တော်များများက ဂျပန်တွေဝိုင်းတုန်း အခိုက်ကသာ ခေတ္တထွက်ပြေးကြပြီး မနက်လင်းလို့ ဂျပန်အရိပ်အယောင် မရှိတော့ဘူး ဆိုတာနဲ့ ပြန် လာကြတာတဲ့။
အဲဒီညက ရုတ်ရုတ်သဲသဲဖြစ်လို့ လူတွေထွက်ပြေးကြတာလည်း သိရောမနော်ယမံရွာထဲ က ကိုယ်ရေပြားရောဂါ သည်တွေ က ရောက်လာကြပြီး ကျန်ခဲ့တဲ့ပိုင်ရှင်မဲ့ပစ္စည်းတွေကို အလုအယက်သယ်ကြတာဆိုပဲ။

"ဒီကောင်မလေး သိပ်သတ္တိကောင်းတာပဲ သိလား။ မင်းတို့နေခဲ့တဲ့ အိမ်ထဲကပစ္စည်းတွေ ကိုရွာထဲကလူတွေ ၀င်ယူနေ တာတွေ့တော့ ပြေးသွားပြီး ဒါကျွန်မတို့အစ်မ ပစ္စည်းတွေ ကျွန်မတို့ကို အပ်ထားခဲ့တာနဲ့ တားသေး တယ်၊ ဟိုက သူ့ကိုကလေးဆိုပြီး ဂရုမစိုက်ကြ ဘူးပေါ့၊ အဲဒါ မင်းတို့ငွေထည်ပစ္စည်းတွေထည့်တဲ့ ဖာကြီးကို မနိုင်မနင်း နဲ့ ရွက်ချပြီး အိမ်ကိုသယ်လာတယ်၊ မင်းတို့ပြန်ရင် ယူသွား"တဲ့။ Josephine အမေကပြောပြတော့ Josephine ချာတိတ်မ ကို ကြည့်ပြီး ကျွန်မအံ့သြရပါတယ်။
ငယ်ရွယ်သူလေး ဖြစ်ပေမဲ့ အရေးအခင်းထဲမှာ သူတစ်ပါးပစ္စည်းကို ကာကွယ်ပေးချင်တဲ့ စိတ်စေတနာနဲ့ မနိုင်မနင်း ၀င်လုပ်ပေးရှာတာမဟုတ်လားနော်။ Josephineရဲ့ကျေးဇူးနဲ့ ကျွန်မတို့ငွေထည်ပစ္စည်းတွေ ဖာနဲ့တစ်လုံး အပြည့် ပြန်ရလိုက်ပါတယ်။ ဒီစာတမ်း နဲ့အတူ အခုအခါ ရန်ကင်းမှာနေတဲ့ Josephine နဲ့ Agnes တို့ညီအစ်မကို အတိုင်းမသိ ကျေးဇူး တင်ရှိခြင်းနဲ့အတူ ချီးကျူးဂုဏ်ပြုကြောင်း မှတ်တမ်းတင်ပါရစေနော်။

ကျွန်မတို့လည်း မြို့ထဲမှာ ကျန်ခဲ့ရစ်တဲ့ မာမီတို့၊ မမသန်းတို့ရဲ့ အခြေအနေကို သိချင်တဲ့ စိတ်စောနေတာကြောင့် မနော်ယမံဆေးရုံဝင်းထဲမှာ အချိန်သိပ်မဖြုန်းတော့ဘဲ ပြန်ကြဖို့ စီစဉ်ရပါတယ်။ မန္တလေး အ၀င် အေလမ်းက ဘုရားကြီးနဲ့ပိုနီးတာမို့ မာမီကိုဝင်ကြည့်တော့ ကျွန်မတို့မှာသာ အသက်ဖက် နဲ့ထုပ်ပြေးကြရပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ စုတ် ပြတ်သတ်ပြန်ရောက်လာကြတယ်။ မာမီတို့ Kathleen တို့ မိသားစုကအနေအစား မပျက် ဟန်ကိုကျလို့လေ။

မာမီ့ကို တွေ့တော့ကျွန်မ ရှိုက်ကြီးတငင်နဲ့ဖက်ငိုမိပါတယ်။ အဲဒီဗရုတ်ဗရက်ဖြစ်ခဲ့တဲ့ ညနေကသာ ဂျပန်ဓားစာမိ သွားခဲ့ရင် မာမီ့ကိုအခုလို ပြန်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ဝမ်းနည်းတဲ့စိတ်က ရင်ထဲကနှလုံးသားတွေ ကို တစ်စစီ ဖဲ့ခြွေပစ်သလိုနာကျင်မှု ခံစားရပါတယ်။ မာမီ့ခမျာလည်း သူ့သမီး နဲ့မြေးနှစ်ယောက် လမ်းဘေးက သူတောင်းစား ရုပ်နဲ့စုတ်ပြတ်ပြီး ပြန်ရောက်လာ ပုံကို တွေ့တော့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေကျ လို့လေ။
မာမီက ကျွန်မ တို့နဲ့အတူ မလိုက်ဘူး။ Kathleenရဲ့အမေနဲ့ နေရစ်ခဲ့မယ်ဆိုတုန်းက ပြောမရခေါ်မရလို့သာ ထားခဲ့ရတာ မာမီ့ ကိုလုံးဝစိတ်မချဘူး။ နေ့စဉ်နေ့တိုင်းလည်း မာ့မီအတွက် ဆုတောင်းလိုကရတာ အမော။ စိတ်စော လို့လားမသိဘူး။ တချို့ညတွေဆို မာမီနဲ့ပတ်သက်ပြီး အိမ်မက်ဆိုးတွေမက်မိတဲ့အခါ မာမီ ဘာများဖြစ်နေပြီလဲ နဲ့တွေးပြီး ပူရင်းစိတ်သောကတွေများပြီး ပြန်အိပ်မရတဲ့ညတွေ ခပ်များများရယ်။

"Everything is done for the best"ဆိုတဲ့ အင်္ဂလိပ်စကားပုံ လိုပါပဲ။ မြန်မာ လိုပြောရရင် တော့"ဖြစ် သမျှအကြောင်း အကောင်း"လို့ပဲ ခံယူမှာပါ။ မာမီသာကျွန်မတို့နဲ့အတူ ပါလာ ခဲ့ရင်ဂျပန်စစ်သားတွေဝိုင်းပြီး ရုတ်ရုတ် သဲသဲဖြစ်တဲ့အချိန်ကအင်္ဂလိပ် အဘိုးကြီးကို ဓားနဲ့ ပိုင်းလိုက်တဲ့မရှုမလှ အနိဋ္ဌာရုံမြင်ကွင်း မျိုးသာ မြင်လိုက်ရရင် လက်ရှိစိတ်ဝေဒနာလေး သက်သာခါစပြုနေရာက ဗြုန်းခနဲပြန်ပြီး ရစရာမရှိအောင် စိတ် ထိခိုက်ဖောက်ပြန်သွားမှာ သေချာပါရဲ့။
ဒါကြောင့်တစ်ခါတလေကိုယ်ဖြစ်ချင်လို့ လုပ်တဲ့ကိစ္စလေးတွေ အဆင်မချောရင်လည်း စိတ်ဓာတ်မကျစေ ဘဲ ဖြစ်ရပ်တစ်ခုမှာ ကြောင်းကျိုးဆက်စပ်မှုလေးတွေ ရှိတတ်တာကြောင့် မဖြစ်ခြင်းမှာ ဘယ်လိုကောင်းကျိုး သက်ရောက် မှုမျိုး နောက်ဆက်တွဲ ရှိနေလဲဆိုတာဆင် ခြင်ကြည့်ဖို့လိုပါသေးတယ်။ ကံတရား ရဲ့လွှဲဖယ်ပေးခြင်း မျိုးလို့ပဲ ဆိုဆို ရတနာသုံးပါးနဲ့ စောင့်ရှောက်ကြတဲ့ ပုဂ္ဂိုလ်များရဲ့ အစောင့် အရှောက်ဖေးကူမခြင်းလို့ပဲ ပြောပြော၊ ထူးခြားတဲ့ ဖြစ်ရပ်တွေ ဘ၀ခရီးမှာ ကြုံတွေ့ရတတ်ပါတယ်နော်။

အခုတော့လည်း မာမီ လိုက်မလာဖြစ်တာက ပိုကံကောင်းသွားတယ်လို့ လက်ခံပြီးဘေး မသီရန်မခ တာ တွေ့ရလို့ ၀မ်းသာကျေနပ် စိတ်အေးရပါတယ်။ ကျွန်မတို့ တစ်မိသားစု လုံးကြုံခဲ့ရတဲ့ အဖြစ်ကို မာမီစိတ်မကောင်း မှာစိုးလို့ ပြန်မပြောပြပေမဲ့ လူရုပ်မပေါ်စုတ်ပြတ် သတ်စွာနဲ့ပြန်ရောက်လာတဲ့ပုံစံကို ကြည့်ပြီး ကျွန်မ တို့ ဒုက္ခတွေရောက်လာတယ်ဆိုတာ နားလည်သဘောပေါက်သွားတယ် ထင်ပါရဲ့။ ကျွန်မတို့နဲ့အတူ အိမ်ကိုပြန်ရောက် လာပါ တယ်။
ယွန်းတန်းတိုက် မှာ မမသန်းတို့ အခြေအနေကို ၀င်ကြည့်တော့လည်း အေးလို့ဆေးလို့။ မြို့ထဲ တိုက်ပွဲတွေ ဖြစ်တုန်း ကတော့ ဘုန်းကြီးကျောင်းမှာ သုံးလေးရက်သွားနေကြသေး တယ်တဲ့။

ဘာမှအခြေပျက်အနေပျက် မဖြစ်ကြလို့တော်ပါသေးရဲ့။ ကျွန်မတို့လည်းမိသား စုတွေ စုပြီး မြို့ထဲမှာ နေကြရင်အကောင်းသားပေါ့။ ဟိုအချိန်တုန်းကတော့ ဒီလိုဘယ်တွေး ပါ့မလဲ။ မြို့ထဲမှာနေရင် ပထမတစ်ခါ တုန်းကလို မီးတွေလောင်မှဖြင့် ကလေးငယ်လေးတွေ နဲ့ပြေးရလွှားရ ခက်ချေရဲ့ဆိုပြီးမြို့ပြင် ထွက် မိတာလေ။ နောက်ဆုံးတော့လည်း ကိုယ် အသုံးမကျလို့အဆုံးအဖြတ်မှားတာကို "ကံတရား"ကြောင့်လို့ပဲ ယိုးမယ် ဖွဲ့ပြီး စိတ်ကို ဖြေရတော့တာပေါ့နော်။
ဘာပဲဖြစ်ဖြစ် ပစ္စည်းဥစ္စာဆုံးရှုံးသွားတာက ပြန်ရှာလို့ရနိုင်ပါတယ်။ အသက်မသေတာပဲ ကံကောင်းသေးရဲ့ လို့ တွေးပြီး အခြေအနေပြန်စဖို့ ကြိုးစားစီစဉ်ကြရပါတယ်။ ဂုန်နီအိတ် တွေနဲ့ထည့်သိမ်းကြရတဲ့ အင်္ဂလိပ်ငွေ နည်းနည်းနဲ့ လက်ဝတ်လက်စားတွေပဲ ရှိစုမဲ့စုကျန် တာဖြစ်လို့ရှိသမျှ လက်ဝတ်ရတနာတွေ ကိုချပြီး ရောင်း ရပါတယ်။

အကုသိုလ်ဝင်ပြီဆိုရင်လည်း တစ်ခုပြီးတစ်ခု ရောက်လာတတ်တယ်နော်။ ကိုကြီးနဲ့အလုပ် တူလုပ်ဖက် မိတ်ဆွေ ဦးဘအေးကို လူရင်းဆိုပြီး ယုံကြည်စိတ်ချစွာနဲ့ ရောင်းလိုက်တာပေါ့။ စရန်ငွေတစ်ဝက်တော့ ပေးခဲ့ပါရဲ့။ ပစ္စည်းတွေ ယူသွားပြီးကတည်းက ဦးဘအေးကို ရှာလို့ မရတော့ပါဘူး။ သူ့အိမ်လိုက်သွား လည်း ရှောင်နေပြီးသူ့ဇနီးက ဟိုနေ့ချိန်း၊ ဒီနေ့ချိန်း ချိန်းလို့ သွားတောင်းရတာလည်း ရေထွက်မတက်။
ကိုကြီးက စိတ်ဆိုးပြီး ၀ုန်းဒိုင်းကြဲ ဆူဆူပူပူလုပ်တော့မှ ဦးဘအေးက အတွေ့ခံပေမဲ့ ငွေတော့ပြန်မရတော့ပါဘူး။ သူလည်း ဂျပန်စက္ကူတွေ တန်ဖိုးမဲ့ဖြစ်သွားလို့ အကျပ်အ တည်းဖြစ်နေတာကြောင့် လှည့်သုံးလိုက်မိပါတယ် ဆိုတာ ၀န်ခံပြီး တတ်နိုင်တဲ့အခါ ပြန်ဆပ်ပါမယ်နဲ့ တောင်းပန်တော့လည်း မိတ်ဆွေချင်း မို့ ကျေအေးလိုက် ရတော့တာပါပဲ။

မန္တလေးမြို့ လည်း အင်္ဂလိပ်စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေပါပြီ။ ဂျပန်စစ်တပ်တွေ လည်းပြန်ဆုတ်တဲ့အခါ မရှုမလှခံကြ ရပါတယ်။ မတ်လ(၂၇)ရက် တော်လှန်ရေးကလည်း စနေပြီလေ။ "စစ်"ဆိုတာ လူအားလုံးကို ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်တိုင်းပြည်ကို ပြန်ရောက် နိုင်ကြတာမဟုတ်ဘူးနော်။ စစ်ထွက်ရင် အသက်သေတဲ့ သူနဲ့ ခြေပြတ်လက်ပြတ်ဒဏ်ရာရ တဲ့သူနဲ့ ရန်သူ့လက်ဝယ် သုံ့ပန်းအဖြစ် ရောက် လို့နှိပ်စက်ညှဉ်းပန်း ခံရသူတွေ ရှိသလိုစစ် မြေပြင်အဖြစ်ခံခဲ့လိုက်ရတဲ့ ကျွန်မ တို့တစ်တွေ မှာလည်း ဗုံးဒဏ်၊ လက်နက်မျိုးစုံဒဏ်နဲ့ အသက်ဆုံးရှုံးရတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့ယွင်းရတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့ အခြေပျက် အနေပျက် ဖြစ်ရသူတွေ ဒုနဲ့ဒေး ဖြစ်ကျန်ခဲ့တာပါပဲ။

ကျွန်မတို့ကိုယ်တိုင် ခံခဲ့ရသလို မိသားစုထဲရော၊ မိတ်ဆွေတွေထဲမှာပါ ခံရတဲ့သူတွေရှိပါ တယ်။ ကွန်ဗင့်မှာတုန်းက တစ်တန်းတည်း သူငယ်ချင်း ရှယ်လီရဲ့ညီမငယ် ပဂ္ဂီကို ဂျပန်တွေ မန္တလေးအ၀င်မှာ ဂျပန်စစ်ဗိုလ် တစ်ယောက်က သိမ်းပိုက်လိုက်ပါတယ်။ ကလေးမက ငယ်ငယ်ချောချောလေး ၁၆နှစ်တောင် မပြည့်တတ်သေးပါဘူး။ ဂျပန်စစ်ဗိုလ် ကရေထွက်ပစ္စည်းတွေကို တပ်အတွက် ဆပ်ပလိုင်းလုပ်ရတဲ့ ဌာနကို ကိုင်ပါတယ်။ ပဂ္ဂီမှာ သားလေးမွေးလာတော့ ဂျပန်နဲ့အင်္ဂလိပ်မြန်မာကပြားက စပ်ပြီးမွေးထားလို့ ကလေး က ဖြူဖြူ၀၀ ချောချောလှလှလေး။
သူ့အဖေက ရေထွက်ပစ္စည်း ငါးပုစွန်ကိုင်တဲ့သူမို့ ကလေးကို "ပုစွန်ထုပ်"လို့ ချစ်စနိုးခေါ် ကြ ပါတယ်။ ဟော...အခု ဂျပန်တပ်တွေလည်း ပြန်ဆုတ်ရရော အဲဒီဂျပန်စစ်ဗိုလ် က သူ့ဇနီးနဲ့ သားကို မထားခဲ့ ရက် လို့ သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုယ်သူပါ တစ်ခါတည်း အဆုံးစီရင်ပြီး သုံးလောင်းပြိုင် သေလိုက်တာ မန္တလေး မှာ ဟိုးဟိုးကျော် သွားတာပါပဲ။

အဲဒီသတင်းကို ကြားတော့ စစ်ဦးဘီလူးအချိန်မှာ ဂျပန်စစ်ဗိုလ် လက်ကလွတ်ခဲ့ရတာ ကျွန်မအတွက် ကံကောင်းလေစွ လို့ တွေးပြီး ကျေးဇူးတင်ရပါသေးတယ်။ နောက် ဖြစ်ရပ် တစ်ခုကတော့ ကျွန်မတို့မိသားစု အတွင်းမှာ ကြုံခဲ့ရတာပါ။
အင်္ဂလိပ်စစ်တပ် ပြန်မသိမ်းခင်သုံးလေးလအရင် နိုဝင်ဘာလထဲမှာ ဒုတိယသား "ခင်မောင်လင်းခန့်"ကို ကျွန်မမွေးတော့ မမသန်း က အိမ်မှာလာပြီး ပြုစုပေးပါတယ်။ သားငယ်"လင်း"နှစ်ပတ်လောက်လည်း ရရော။
"ကလေး ကို ကို့(ကိုရှိန့်)သွားပြဦးမယ်"ဆိုပြီး အနှီးလေးနဲ့ထုပ်ပြီး ယွန်းတန်းတိုက်ကို ခေါ်သွားလေရဲ့။ မမသန်းရဲ့ခင်ပွန်း(ကိုရှိန်)က ယွန်းတန်းတိုက်မှာ တစ်ယောက်တည်း ကျန်ခဲ့ရစ် တာပါ။ ယောက်မ အကြီး ဒေါ်ဒေါ်ကျင် တို့ မိသားစုကလည်း စဥ့်ကိုင်းမှာပြောင်း နေကြတယ်လေ။ မမသန်း ပြန်မလာနိုင်တာနဲ့ ကလေး ကို နို့တိုက်ချိန်ရောက်တော့ မမြိုင် ကိုလွှတ်ပြီးခေါ်ခိုင်းလိုက်တာပေါ့။ မမသန်းက လိုက်မလာဘူး။ ကျန်ခဲ့ ရစ်ပါတယ်။

မိုးချုပ်တဲ့ထိလည်း ပြန်မလာတာနဲ့ ကိုကြီးက သူ့ညီမဘာဖြစ်နေလဲ စိတ်ပူပြီးလိုက်သွး တော့မှအကျိုးအကြောင်း သိရတော့တာလေ။ မမသန်း ရောက်နေတဲ့အချိန်မှာပဲ စစ်ဝတ်စုံ နဲ့လူနှစ်ယောက်ကရောက်လာပြီး ကိုရှိန်ကို "စစ်ဆေးစရာ ရှိတယ်၊ ခဏလိုက်ခဲ့ပါ"ဆိုပြီး ကားနဲကလာခေါ်တယ်တဲ့။ ကိုရှိန်လည်း ဘုမသိဘမသိနဲ့ လက်နက်ကိုင် စစ်ဝတ်စုံနဲ့ဆို တော့ကြောက်ပြီး လိုက်သွားတာ။ မသွားခင်မမသန်းကို မီးခံသေတ္တာသော့ ပေးထား ခဲ့ပြီး "တို့ပြန်ရောက်တဲ့အထိစောင့်ပါ၊ မပြန်နဲ့ဦး"လို့ မှာထားခဲ့တာတဲ့။
ဒီတော့ လည်း မမသန်းက ထိုင်စောင့်နေတာ မိုးစုပ်စုပ်ချုပ်တဲ့အထိလေ။ ကိုကြီးရောက် သွားမှ အကျိုး အကြောင်းပြောပြတော့ အခြေအနေသုံးသပ်ကြည့်ရတာ ရိုးသားပုံမပေါ်ဘူး။ လာခေါ်သွားတာ တကယ် စစ်ဝန်ထမ်းတပ်က ဟုတ်လား၊ မဟုတ်လားလည်း မသိ။ မလို ရင်မလိုသလို လက်ညှိုးထိုးပြီး ဖြောင်ချင်ရင်လည်း လွယ်ကူ လိုက်တာ မှ အလွန်ဆိုတော့ သူ့ညီမကိုသာ ထုတ်မပြောတာ။ စိုးရိမ်ပြီး တရားဥပဒေဘက်ဆိုင်ရာ လူတွေဆီ ညကြီးမင်း ကြီးလိုက်ပြီးမေးပေါ့။

နေရာအနှံ့လိုက်စုံစမ်းပေမယ့် ဘယ်လိုမှအစရှာလို့မရတော့ပါဘူး။ အဲဒီအချိန်ကတည်း က ပျောက် သွားလိုက်တာ အလောင်းလည်းရှာမရ။ သတင်းတည်းမသိရ။ ဘယ်လိုရန်ငြိုး၊ ဘယ်လို အကြောင်းမျိုး နဲ့ ဖြစ်ရလဲ ဆိုတာလည်း ဆက်စပ်ပြီး တွေးခေါ်ရစရာမရှိ။ မမသန်း လည်းသူ့ခင်ပွန်း ဗြုန်းစားကြီး အဲလိုပျောက် သွားတော့ ဆောက်တည်ရာမရ ဖြစ်ကျန်ခဲ့တာ အတော်ကိုမိသားစုက ၀ိုင်းဝန်းပြီး ဂရုစိုက် မှ နေသာ ထိုင်သာဖြစ်သွား ရရှာတာပါ။
ဒါကြောင့်မို့ စစ်ဆိုတာကို ကြုံဖူးသူတိုင်းက တသိမ့်သိမ့်တုန်အောင် ကြောက်လန့်ကြတာ ဖြစ်မှာပဲထင်ပါရဲ့။ ကျွန်မ အဖို့ကလည်း အပျိုဖော်ဝင်လို့ လူလားမြောက်တာနဲ့ တစ်ချိန် တည်းမှာ တရားရစရာ ဘ၀ အတွေ့အကြုံတွေ က အတောမသတ် တစ်ခုပြီးတစ်ခု ရောက် လာတာအံ့သြကုန်နိုင်ဖွယ်လို့ပဲ ဆိုလိုက်ချင် ပါတော့တယ်။
"တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်"ဆိုတဲ့ စကားအတိုင်းပါပဲ။ ရာသီကလည်း ပူလိုက်တဲ့ဖြစ် ခြင်း။ အဲဒီလိုပူတဲ့အချိန် မှာ ကျောက်ရောဂါတွေကလည်း နေရာအနှံ့ဖြစ်ပြီး သောက် သောက်လဲသေကြ ပျောက်ကြတာနော်။ ကျွန်မတို့ ငယ်ငယ် အချိန် မန္တလေးမှာကြောက်ရ တဲ့ကပ်ရောဂါနှစ်ခုက ဆောင်းတွင်းချိန်မှာ ဖြစ်တတ်တဲ့ ပလိပ်ရောဂါနဲ့ခုလို ချစ်ချစ် တောက်ပူတဲ့နွေအခါမှာ ဖြစ်ကြတဲ့ကျောက်ရောဂါပါပဲ။

ဖြစ်ပြီဟေ့ဆိုရင်လည်း တချို့မှာ ပလိပ်ရောဂါနဲ့ အိမ်လုံးကျွတ်သေကုန်သူတွေတောင် ရှိတတ်တာမို့ အိုးပစ် အိမ်ပစ်နဲ့ပလိပ်ရောဂါကူးစက်မှာ ကြောက်ပြီး ရှောင်ကြထွက်ပြေးကြ နဲ့တကယ့်ကိုချောက်ချားဖွယ်ရာ အဖြစ်တစ်ခုပါပဲ။ ဆောင်းတွင်းမရောက်ခင်မှာလည်း ပလိပ်ရောဂါ ကာကွယ်ဆေးတွေကြိုပြီး ထိုးကြရတယ်။ အဲဒီဆေးထိုးပြီးရင် လက်မောင်း ကြီးတစ်ခုလုံးရောင်အောင့်ပြီး တစ်ရက်နှစ်ရက်ဆိုသလိုတောာင် ဖျားလိုက်တတ်သေးတယ် နော်။
ကျောက်ရောဂါ လည်း ဒီလိုပါပဲ။ ဖြစ်ရင်ကူးစက်တာမြန်ပြီး အသက်ဆုံးရသူတွေဒူးနဲ့ဒေး။ နွေရာသီ မရောက်ခင် မှာ ကျောက်ရောဂါကာကွယ်ဆေးတွေ ထိုးကြရပါတယ်။ ဆန်းတော့ လည်းအဆန်းသား။ ဒီနှစ်ပျိုပျိုရွယ်ရွယ် ဆယ်ကျော်သက် ကလေးတွေဖြစ်တယ် ဆိုရင်အဲ လိုအရွယ်တွေချည်း ဆုံးကြပြီး တစ်ခါတလေကျ နို့စို့အရွယ်တွေပဲဖြစ်တဲ့နှစ် ရှိသလို ကိုးနှစ်ဆယ်နှစ် ကလေးတွေပဲ ဖြစ်တဲ့နှစ်လည်း ကြုံရတွေ့ရ တတ်ပါတယ်။ လူကြီးတွေက ဒါကြောင့်ကပ်နာလို့ နာမည်တတ်ကြတယ်ပေါ့။

အဲလိုရပ်ကွက်ထဲ မှာ ပလိပ်နဲ့ဖြစ်ဖြစ်၊ ကျောက်နဲ့ဖြစ်ဖြစ် အသေအပျောက်များရင် သရဲမင်းရဲ ထုတ်တယ်ဆိုပြီး ညနေမှောင် တရီချိန်မှာအိမ်တိုင်းက သံပုံးတွေကိုဆူညံနေအောင် တစ်ပြိုင်တည်းတီးကြတာလည်း ရှိသေးတယ်။ အသေအပျောက်များအောင် နှောင့်ယှက်ကြတော့ နာနာဘာဝမကောင်းဆိုး ၀ါးများကိုသွားကြ၊ ထွက်ကြ၊ ဒီရပ်ကွက်က ဖယ်ကြဆိုတဲ့ သဘောပါပဲ။ ကျွန်မတို့ ကလေး အရွယ်က အဲဒီလို သံပုံတွေ တီးသံကြားပြီဆိုရင် ကြောက်လွန်းလို့ အဘွားတွေ၊ အမေတွေ ရင်ခွင်ထဲပြေးဝင်ပုန်းနေရတာကို မှတ်မိပါသေး ရဲ့။ ခုခေတ်တော့ ကပ်ရောဂါတွေလည်း မရှိတော့ဘူး။ ဒီလိုအလေ့အထ၊ အယူအဆတွေ လည်း ပျောက်ကုန်ပြီလို့ထင်ပါတယ်။

စစ်ကာလအတွင်းမှာ နိုင်ငံခြားဆေးဝါး ဆိုတာလည်းဘယ်ရှိပါ့မလဲ။ စစ်ကြိုခေတ်က လက်ကျန်ဆေးတွေပဲ ရှာဖွေ သုံးကြရတော့ေ ဆးသက် (Expired date)တွေက လွန်ပြီး ဆေးရဲ့အာနိသင်တွေလည်း မရှိတော့ဘူးပေါ့။ အဲဒီဆေးမျိုး ကိုပဲ အားကိုးပြီး ကျွန်မရဲ့သား လေး"၀င်း"နဲ့ "လင်း"ကိုကျောက်ရောဂါကာကွယ်ဆေး ထိုးပေးထား ပါတယ်။
"လင်း"ကို ထိန်းတဲ့ နာနီမမြိုင်က အလွန်လမ်းကြိုက်တဲ့ကလေးမပါ။ ညနေရောက်ဆိုရင် "လင်း" ကိုလည်း ပြင်ဆင် အ၀တ်လဲပေး။ သူကိုယ်တိုင်လည်း ရှိုးတစ်ပိဿာနဲ့အပြင်ကို လမ်းထွက်လျှောက်ရင်း အိမ်လည်လေ့ ရှိပါတယ်။ စစ်ကပြီးသေးတာ မဟုတ်ပေမဲ့အင်္ဂလိပ် အုပ်ချုပ်မှုအောက် ပြန်ရောက်ခါစအချိန်မှာ ဂျပန်ခေတ် ကလို စိုးရိမ်စရာမရှိတော့တာမို့ ကျွန်မတို့ကလည်း ခွင့်ပြုထားမိတယ်ပေါ့။
တစ်မနက်မှာ မမသန်းက ရောက်လာတော့ လင်းကိုချီရင်း "ဟဲ့...ကလေးမှာ အနီဖုလေး တွေအများကြီးပါလား"တဲ့။
"ဟုတ်တယ်၊ ခင်လည်းတွေ့တယ်၊ ခြင်ထောင်ထဲမှာ သိပ်တာပဲ၊ ဘာလို့ခြင်တွေဒါ လောက်များအောင် ကိုက်ထား လဲမသိဘူး"လို့ ပြန်ပြောတော့....
"နေဦး၊ ဒါခြင်ကိုက်တာ မဖြစ်နိုင်ဘူး၊ ကျောက်များလားမသိ၊ ကျောက်ကမထွက်ရင် ပိုပြီး ခံရတယ်၊ အဲဒါထန်းလျက် အရည်ကျိုတိုက်လိုက်၊ ဂရုစိုက်ဦး"ပြောပြီး ခဏနေတော့ ပြန်သွားပါလေရော။

"ကျောက်များလားမသိ"ဆိုကတည်းက ကျွန်မပုတ်လောက် ကြီးသွားပါပြီ။ ရင်တစ်ခုလုံး လည်းစိုးရိမ်စိတ်နဲ့ ပူလောင် သွားတာ သံရည်ပူနဲ့လောင်းလိုက်တဲ့အတိုင်းပါပဲ။ ဒါနဲ့ချက် ချင်းထန်းလျက်သုံးလုံးကို ယူ၊ မီးဖိုပေါ်မှာ ကျို၊ ကော်ဖီပန်းကန်လုံးနဲ့ အပြည့်ထည့်ပြီး အအေးခံထားလိုက်တာပေါ့။
ကလေး ကိုလည်း စိန်မချလို့ အနီဖုလေးတွေကို သေသေချာချာ ကြည့်နေမိပါတယ်။ စိတ်ပူ လို့ကိုကြီးသွားပြောတော့ "မဖြစ်နိုင်ပါဘူးဟာ၊ ကာကွယ်ဆေးထိုးထားတာပဲ"တဲ့။ ကျွန်မ စိတ်ထဲမှာတော့ ဘ၀င်မကျ ဘူးပေါ့။ ကာကွယ်ဆေးက စွမ်းအားဘယ်လောက်ရှိမှန်း သိတာမှ မဟုတ်တာနော်။
တစ်ခါ မာမီ့ ကိုသွားပြ၊ မာမီက "ဖြစ်တော့ဖြစ်နိုင်တယ်၊ ဟုတ်လား မဟုတ်လား စောင့်ကြည့်တာပေါ့ သမီးရယ်" တဲ့။
ကျွန်မရင်ထဲမှာ "ကျောက်"ဆိုတဲ့ စကားလေးတစ်လုံးနဲ့ပဲ ဆောက်တည်ရာမရဖြစ်နေပါပြီ။ မိခင်ရယ် လို့ ဖြစ်လာပြီ ဆိုကတည်းက သားသမီးအတွက် ပူပင်ကြောင့်ကြစိုးရိမ်သောက စိတ်တွေဟာ ကလေးနဲ့အတူ ရင်မှာဖွားမြင်လာတာ ဖြစ်မယ် ထင်ပါရဲ့နော်။

ဒီတော့ အကြောက်လွန်ပြီး ကော်ဖီခွက်နဲ့အပြည့် ကျိုထားတဲ့ ၀န်းလျက်တွေကို တစ်ဇွန်းပြီးတစ်ဇွန်း ခြောက်လပဲ ရှိသေး တဲ့ ကလေးငယ်လေးကို တိုက်တော့တာပေါ့။ နောက်တစ်နေ့ ကျတော့ထွက်လာလိုက်တဲ့ ကျောက်တွေ ရစရာမရှိအောင်ပါပဲ။ မိုးနှံသီး တွေလိုအရေပြားပေါ်မှာ အပြည့်မှအပြည့်ပါပဲ။
"ကျောက်"ဆိုတာ သေချာပြီ ဆိုတာနဲ့ ရွှေပြည်မှာ ရှိတဲ့မြန်မာဆေးဆရာကြီး ဆရာသင်း ကိုပင့်ပြီးပြပါတယ်။ သားလေး "လင်း"မှာ ပေါက်တဲ့ ကျောက်တွေက ကျောက်ဆိုးတွေတဲ့။ အထိမခံနိုင်အောင် နာတတ်တာမို့ ဂွမ်းစောင် မွမွလေးပေါ်မှာ ငှက်ပျော်ဖက်ခင်းသိပ်ရမယ် တဲ့။ ကျောက်က အရည်တည်လို့ အဲဒီအရည်တွေ မျက်စိထဲ ၀င် ရင်လည်း ကန်းနိုင်တာမို့ အမေကမျက်ခွံပေါ်က ကျောက်တွေကို လျှာနဲ့လျက်ပေးရမယ်တဲ့။ စုံနေအောင် ညွှန်ကြား သွားပါတယ်။

"လင်း"မှာ ကျောက်ပေါက်တာ သေချာပြီဆိုတော့ "၀င်း"ကိုကူးမှာစိုးလို့ မမသန်းအိမ်ကို ခွဲပြီးပို့ထားရတာပေါ့။ မမသန်းက "၀င်း"ကိုလာခေါ်တဲ့အခါ "လင်း"ရဲ့အဖြစ်ကိုမြင်တော့ ရင်ကိုလက်နဲ့ဖိလို့လေ။
ကျွန်မ က မမသန်းမှာတဲ့အတိုင်း ထန်းလျက်ကျိုတိုက်လိုက်တာ နောက်တစ်နေ့မှာခိုလို အပ်ချစရာမရှိအောင် ထွက်လာတာပဲ ဆိုတော့ "နေပါဦး ဘယ်လောက်တိုက်လိုက်တာလဲ" လို့ပြန်မေးပါတယ်။
"ထန်းလျက်သုံးလုံး ကျိုပြီး ကော်ဖိပန်းကန်နဲ့ တစ်လုံး"
"ဖြစ်ရလေ မိရွှေခင်ရယ်"ဆိုပြီး မမသန်းငိုပါလေရော။ မမသန်းငိုတော့ ကျွန်မလည်း ရောပြီးငိုပေါ့။
အမှန် က ထန်းလျက်တစ်လုံးကျိုပြီး လက်ဖက်ရည်တစ်ဇွန်းပဲ တိုက်ရမှာတဲ့လေ။ ကလေး က ခုမှခြောက်လသား ပဲ ရှိသေးတဲ့ ဥစ္စာ။ ဆေးမြီးတို ဆိုတာကလည်း အင်္ဂလိပ်ဆေးတွေလို အညွှန်းစာနဲ့ရေးပြီးကပ်ထားတာမျိုးမှ မဟုတ်တာနော်။

တကယ်ဆို ကျွန်မက ထန်းလျက် ဘယ်နှလုံးကျိုပြီး ဘယ်နှဇွန်းတိုက်ရမှာလဲ ဆိုတာမျိုး အတိအကျ ၈ဃနဏမေးသင့် တာပေါ့။ အတွေ့အကြုံကမရှိ၊ အသက်အရွယ်ကငယ်တော့ အဲလိုမေးရကောင်းမှန်းလည်း မသိ။
ကိုယ့်အထင် ကိုယ့်အတွေးနဲ့ စိတ်အပူလွန်ပြီး မတရားသဖြင့်တိုက်ချလိုက်တာ ကျွန်မ သား လေး ခမျာဝေဒနာ ရဲ့ဒဏ်ကိုမရှုမလှ ခံရရှာပါတော့တယ်။ ကျောက်တွေရဲ့အပူရှိန်ဒဏ်က ဘယ်လောက်တောင် ပြင်းလေ တယ်မသိ ပါဘူး။ အောက်မှာခင်းထားတဲ့ ငှက်ပျောဖက်ရွက် တွေဆိုတာ ခဏလေး နဲ့ကို နွမ်းခြောက် သွားတော့တာနော်။
ကျောက်ဆိုတာ ထွက် သုံးရက်၊ ပြည်တည် သုံးရက်၊ ခြောက် သုံးရက်၊ ကွာသုံးရက်၊ စုစု ပေါင်းတစ်ဆယ့်နှစ်ရက် ကြာအောင်ဝေဒနာ ကို ခံစားရတာတဲ့။ ကျောက်ချပ်တွေကွာတဲ့ အချိန်မှာ ကူးစက်တတ်တာလို့ ပြောပါတယ်။

ကျွန်မ တို့ရဲ့ အရှေ့ဘက် ကပ်လျက်အိမ်က ဆယ်လသားလေးမနေ့ကပဲ ဆုံးသွားကြောင်းသိရပြန်တော့ ကျွန်မရဲ့ ရင်က ငရဲမီးလောင် ခံရသလို ပူလောင်မိပါတော့တယ်။ မမြိုင် လင်းနဲ့အတူ သွားလည်ခဲ့တဲ့ အိမ်က ကလေး လည်းမနေ့ကမှ ရက်လည်တာတဲ့။ တစ်ရပ်ကွက်လုံးက "လင်း"တို့အရွယ် လသားလေး တွေ တဖြောက်ဖြောက်ပျက်စီးကုန်ကြတော့ ကျွန်မရဲ့စိုးထိတ်မှုစိတ်တွေကြောင့် ဆောက် တည်ရာ မရဖြစ်ရပြန်ပါရော။
ကျောက်က ထွက်ပြီးလို့ ပြည်တည်တဲ့အခါ အနာဖုလေးတွေက ပြည်တွေနဲ့စိုပြီး အထိမ ခံနိုင်လို့"လင်း"လေးခမျာ ငိုတာတောင် အသံကျယ်ကျယ် မထွက်နိုင်တော့ဘဲ တအဲ့အဲ့ပဲ ညည်းသံပြုနိုင်ရှာတော့တယ်။ ကျွန်မလည်း ကိုယ့်ရဲ့ရင်မှာဖြစ်ရတဲ့သားမို့ မရွံရှာနိုင်ပါဘူး။ သား ရဲ့မျက်ခွံလေးတွေ ကို လျှာနဲ့မပြတ်လျက်ပေး၊ ငှက်ပျော်ဖက်တွေနွမ်းတိုင်း အသစ်ပြန် လဲပေးနဲ့ အနားက တစ်ဖ၀ါးမှ မခွာဘဲ ပြုစုပေးရင်းခံနေရတဲ့ဝေဒနာကို မကြည့်ရက်လို့ မျက်ရည်အရွှဲသားနဲ့ အိပ်ဖို့လည်း သတိမရ၊ စားဖို့ လည်း ဆာရမှန်းမသိ။

တစ်ဘ၀ တစ်သက်တာမှာ ပထမဦးဆုံးအကြိမ် ရင်မှာမချိမဆံ့မခံမရပ်နိုင်အောင် နာကျင် မှု တွေကိုခံစားရခြင်းပါပဲ။ ကျွန်မ ပြန်တွေးကြည့်တယ်။ ကိုယ့်ကို တစ်သက်လုံး မိဘသဖွယ် စောင့်ရှောက်လာတဲ့ ဘွားမေ ဆုံးခဲ့တုန်းက နှလုံးသားကို ပထမဦးဆုံးအကြိမ် နာကျင်မှုကို စပြီးခံစားရဖူးတာပါ။ ဘွားမေဆုံးလို့ တစ်နှစ်တောင် မပြည့်ခင်အတွင်းမှာ ကျွန်မရဲ့မာမီ မီးလောင်ပြင်ကို ကြည့်ပြီးစိတ်ဖောက်ပြန်သွားတုန်းက ဒုတိယ အကြိမ် နှလုံးသားကိုလှံသွား နဲ့ထိုးခံရသလို ပြင်းပြတဲ့နာကျင်မှု ခံစားမှုပါတယ်။
အဲဒီ အဲဒီ ခံစားမှုတွေနဲ့ ဘယ်လိုမှမနှိုင်းယှဉ်သာတဲ့ သားအတွက် ခံစားမှုဝေဒနာက အများ ကြီးပိုတာကို လက်တွေ့ ကျမှ နားလည်သဘောပေါက်ရပါတော့တယ်။ သားခံစားနေရတဲ့ ဝေဒနာကို ကိုယ်ကလွှဲယူခံစားလို့ ရမယ် ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အခါ ခါတွေးပြီးလည်း အားမလိုအားမရဖြစ်။ ကိုယ့်ရဲ့ မတိုင်းမဆတတ်တဲ့ အမှားတစ်ခုကြောင့် သားလေးအလူးအလဲ ခံနေရာတာကိုလည်း မကြည့်ရက် မမြင်ရက်နဲ့ နောင်တရမဆုံးဖြစ် နေတဲ့စိတ်ဝေဒနာတွေဟာ သားခံစားရတဲ့ ကာယဝေဒနာတွေနဲ့ ထပ်တူ ထပ်မျှပါပဲလေ။

မြန်မာဆေးဆရာကြီး ဆရာသင်းကလက်လွှတ်ပြီး ကုလို့မရနိုင်တော့ဘူး ဆိုတော့ ပြန်လည်ဖွင့်ခါစ ဆေးရုံက ဆရာဝန်ကြီး ကိုပင့်ပြီး ပြပြန်ပါရော။ ဆရာဝန်ကြီးက ကလေးမှာ နမိုးနီးယား အဆုတ်အအေးမိရောဂါဝင်နေတယ်ဆိုပြီး အဲဒီအတွက် ဆေးပေးပါတယ်။ နောက်မှသိရတာက ကျွန်မတို့ အထင်တကြီးနဲ့ သွားပင့်ခဲ့တဲ့ Civil Surgeon ဆရာဝန်ကြီး ဆိုသူကဘာဆေးဘွဲ့မှ မရတဲ့ သာမန် လူ ဖြစ်ပြီးပွဲလန့်တုန်းဖျာဝင်ခင်းသလို လက်မှတ် အတုတွေနဲ့ စစ်အတွင်းမှာ ဆရာဝန်ကြီး ၀င်လုပ်နေ တာကိုး။

အကုသိုလ်ဝင်ပြီဆိုတော့ အားလုံးအလွဲလွဲအမှားမှား တွေ့ကြုံရတော့တာပါပဲ။ ဆရာဝန် ကြီးရဲ့ဆေးကိုတိုက်ရင်း သားလေးဝမ်းတွေ သွားပါလေရော။ ကျောက်ရောဂါဖြစ်ရင် ၀မ်းမသွားစေရဘူးတဲ့။ ကျွန်မမှာ ဘာအတွေ့အကြုံမှ ရှိတာမဟုတ်လို့ ဘာလုပ်လို့လုပ်ရ မှန်းမသိ။ မာမီကလည်း ကျွန်မတစ်ယောက်ပဲ မေးဖွားတာ။ နောက်ပြီး မာမီ့ လက်ပေါ်မှာ ကြီးရတာမဟုတ်ဘဲ အဘွားဖြစ်တဲ့ ဘွားမေက စောင့်ရှောက်လာတာမို့ မာမီကိုယ်တိုင်က လည်း ဘာမှမသိ။ မမသန်းကို အားကိုးဖို့ကလည်း မမသန်းက အိမ်ထောင်ရှိပေမယ့် ကလေးတစ်ယောက်မှ မမွေးဖူးတော့ သူပြောလူပြောနဲပဲ ကြားဖူးနားဝရှိတဲ့ ဆေးမြီးတိုကို ပေးသွားခဲ့တာမျိုး ဆိုတော့ အားကိုးဖို့ရာ အခက်။
ဒီလိုနဲ့ "ဆရာများသားသေ"ဆိုတဲ့အတိုင်း ကျွန်မရဲ့သားလေး "လင်း"ခြောက်လသားအ ရွယ်မှာကျောက်ရောဂါ နဲ့ ဆုံးပါးရပါတော့တယ်။ သားလေးကို ရင်ခွင်မှာပွေ့ပြီး ကျွန်မမပစ် ရက်နိုင်ဖြစ်နေပါတော့တယ်။

ဘုရားရှင်လက်ထက်က သားသေကိုရင်မှာပိုက်ပြီး "အသက် ပြန်သွင်းပေးပါ ဘုရား"ဆိုပြီး ဘုရားရှေ့မှောက် ရောက်လာတဲ့ မိခင်ငယ်ရဲ့ ခံစားမှုကို ကိုယ်ချင်းစာနိုင်ပါပြီ။
ချစ်ခြင်းမေတ္တာ ကြီးမားတာနဲ့အမျှဆိုရင်လည်း အတိုင်းအတာမရှိ ခံစားကြရတာနေမှာပါ။ ဘ၀မှာ လူတိုင်း ဆုံးရှုံးမှုကို ကြုံရတွေ့ရတာ ဓမ္မတာပါပဲနော်။ တစ်ခုနဲ့တစ်ခု ပုံစံချင်းသာ ကွာခြားကြတာပါ။ ငယ်ငယ်ရွယ်ရွယ်မှာ မိမဲ့ဖမဲ့ ဖြစ်ရတာ၊ စာမေးပွဲကျတာ၊ အသက်က လေးရလို့ ဆယ်ကျော်သက်ဖြစ်တော့ ချစ်သူနဲ့ ကွဲရတာ၊ အရွယ်ရောက် လာတော့ အလုပ် ပြုတ်တာ၊ စီးပွားပျက်တာ၊ လင်မယားကွဲတာ၊ မင်းဘေးမင်းဒဏ်သင့်တာ၊ ရန်သူမျိုး ငါးပါး ကြောင့်အခြေပျက် အနေပျက်ဖြစ်ရတာ၊ ရောဂါဝေဒနာစွဲကပ်လို့ ကျန်းမာရေး ချို့ယွင်း တာ၊မတော် တဆ ထိခိုက်ဒဏ်ရာရလို့ ခြေလက် အင်္ဂါအစိတ်အပိုင်း ချို့ယွင်းတာစတဲ့ စတဲ့ဆုံးရှုံးမှုတွေ အမြောက် အမြား ရှိတာပါပဲ။

အဲဒီဆုံးရှုံးမှုဟူသမျှထဲမှာ အသက်ဆုံးရှုံးခြင်းက အဆိုးဆုံးသော ဆုံးရှုံးမှု တစ်ခုပါပဲ။ အဆိုး ၀ါးဆုံး ခံစားရတာကတော့ ရင်မှဖြစ်ရသော သားသမီးများ ဆုံးရှုံးခြင်းက အနာကျင်ဆုံးဝေ ဒနာပဲဖြစ်မယ် ထင်ပါရဲ့။
ငယ်ရွယ်စဉ် ကာလကတော့ လူလားမြောက်ရမယ့် ကိုယ့်ဘ၀ကြီးကို မျှော်လင့်လိုက်ကြတာ နော်။ ပညာတွေသင်၊ အလုပ်တွေရ၊ ကိုယ့်ကိုနားလည်တဲ့ချစ်တဲ့ ချစ်သူသက်ထားတွေ့၊ အိမ်ထောင်တွေ ဘာတွေကျ၊ သားတွေ သမီးတွေရ၊ ဟုတ်လိုက်တဲ့ဖြစ်ခြင်းပါပဲ။ ပွဲစင်ရှေ့မှာ ကန့်လန့်ကာ မဖွင့်ခင် သွားမော့ပြီး မင်းသားမင်းသမီး နှစ်ပါးသွားပြီး ပျော်ရွှင်စွာ ပေါင်းကြ လေသတည်းဆိုတဲ့ ဇာတ်ပွဲတစ်ခုကို ကြည့်ရမြင်ရတော့မယ့်အတိုင်း စိတ်လှုပ်ရှားပျော်ရွှင် အားတက်နေကြတာပေါ့။
တကယ်လက်တွေ့ဘ၀က ဒါမျိုးတွေဖြစ်လာတာမဟုတ်ပါဘူး။ ကျွန်မဘ၀ကိုပဲကြည့်၊ ဘ၀ဇာတ်စင်မှာ ပဏာမ စတာနဲ့ အပျိုတော်ကနဲ့လည်း ထွက်ရောဘီလူးဆိုင်းတီးတာ လည်းကရ၊ ငိုချင်းချနဲ့လည်း ရင်ထုငိုရတဲ့ အဖြစ်ကို စပြီး ကြုံရတော့ပါပဲလေ။

ဆက်ရန်
.

No comments: