Sunday, January 20, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၂၈)

ဦးမြလှိုင်ကို ပြန်တွေ့ရတဲ့အချိန်မှာ လပေါင်းများစွာ ကိုယ်စိတ်နှစ်ပါး တင်းရဲစွာနေလာခဲ့ရတဲ့ အဖြစ်ကို စာနာပြီး ကျွန်မ မျက်ရည်ကျမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆင်းရဲခြင်းဝဋ်ဒုက္ခက ကျွတ်လွတ်လာခဲ့ ရပြီ ဖြစ်လို့လည်း တစ်ဖက်က ဝမ်းသာရပြန်တယ်ပေါ့။. ဒါပေမယ့် ဒီအချိန်မှာ နှစ်ဦးနှစ်ဖက်စလုံး အခု ပြန်လည် ဆုံစည်းကြတာဟာ တစ်ခဏပဲ။ မကြာခင် ကိုယ့်လမ်းကိုယ်သွားရတော့မယ် ဆိုတာ သိထားကြပြီမို့ ကျွန်မခံစားရသလို ဦးမြလှိုင်လည်း ခံစားရမှာ မလွဲပါဘူး။ ဘယ်လိုအကြောင်း နဲ့ပဲ ဖြစ် ဖြစ် ခွဲခွာ ရခြင်းမှန်သမျှဟာ ပြင်းပြစူးရှစွာ နာကျင်လှတဲ့ ဝေဒနာတစ်ခုဖြစ်ကြောင်း ခံစားဖူး သူတိုင်း သိ ကြမှာပါနော်။ အမှန်ကတော့ လူတစ်ဦးနဲ့တစ်ဦး သားနဲ့အမိ၊ လင်နဲ့မယား။ ဆရာနဲ့တပည့်၊ ညီအစ်ကို မောင်နှမ၊ ဆွေ မျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်း သူသူကိုယ်ကိုယ် ဘယ်လိုပဲ ချစ်ချစ် ဘယ်လောက် ပဲ တွယ်တာ တွယ်တာ ရေစက်ရှိသလောက် အခိုက်အတန့် ကာလကလေးမှာပဲ အတူတကွ နေထိုင်ခွင့် ရကြတာပါ။ ရေစက်ကုန်ကြပြီဆိုတော့လည်း ဝေး၍ ဝေး၍ သွားတော့တာ ပါပဲလေ။ ကို ဆက်ဖတ်ရန် .................

 အပိုင်း (၃၁)

လူသားတိုင်းမှာ အနည်းနဲ့အများ အမှားဆိုတာ ရှိစမြဲလို့ ဆိုရိုးစကားရှိပါတယ်။ ကျွန်မကတော့ သူတကာတွေ ထက် အမှားများစွာ လုပ်သူလို့ပဲ ၀န်ခံရမယ်ထင်ပါရဲ့။မြန်မာယဉ်ကျေးမှုအရ "တည်မိ တဲ့ဘုရား ဘာကောင်ကြီး ပဲ နားနား"ဆိုတဲ့ အနေနဲ့ အိမ်ထောင်တစ်ခုကို တည်မြဲအောင်ထိန်းသိမ်း ဆောက်တည်ထားသင့်ပါလျက်နဲ့ မာန်မာနတွေရှေ့ ထားပြီး ကျွန်မမြတ်နိုးကိုးကွယ်ခဲ့တဲ့ မိသားစုကို ကျွန်မကိုယ်တိုင် တစ်စစီ ဖြစ်အောင် ဖျက်စီး ပစ်လိုက်မိတဲ့အတွက် ရင်ထဲမှာ ကြေမွအောင်ခံစားရင်း ကိုယ့်ဆုံးဖြတ်ချက်ကိုလည်း ခိုင်မြဲအောင် ဆုပ်ကိုင် ထားမိ ပါတယ်။ မဆုပ်ကိုင်လို့ကလည်း မဖြစ်ဘူး လေ။ အချော့ကောင်းတဲ့ ဦးမြလှိုင်ရဲ့ရင်ခွင်မှာ အမြဲတမ်း အရည်ပျော် တတ်ခဲ့တဲ့ အကြိမ်တွေက များပြား လှပြီမို့ ဒီတစ်ခါဆုံးဖြတ်ချက်ကို မပြင်ဖြစ်အောင် ရှင်တော်ဘုရား ရဲ့ ရုပ်ပွားတော်ရှေ့မှောက်မှာ သစ္စာ ပြုလိုက်မိလို့ပါပဲ။

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျွန်မရွေးချယ်ခဲ့တဲ့ ဒီလမ်းကိုပဲ လျှောက်ရပါတော့တယ်။ ဦးမြလှိုင် ပြန်ရောက် လာပြီး ၆လလအကြာမှာ ကျွန်မတို့ တရားဝင်ကွာရှင်းပြတ်စဲဖြစ်ပါတယ်။ ဒဲဒီနေ့ကတော့ ဦးမြလှိုင် ကိုယ်တိုင်ရွေးချယ် ခဲ့တဲ့ ဧပြီလ ၅ရက်၊ ကျွန်မတို့ရဲ့ ၁၃နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ပါ ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မ တို့ အဆင်မပြေမကျေမလည်ဖြစ်ခဲ့ရတဲ့ အပိုင်းတွေရှိခဲ့သလို ကြည်နူးချမ်းမြေ့ ခဲ့တဲ့ ကာလလေးပေါင်း လည်း များစွာရှိခဲ့တဲ့အပြင် စိတ်ရှည်နိုင်စရာ မရှိတဲ့ မာမီရဲ့ဝေဒနာကာလတွေ ကိုလည်းကျွန်မနဲ့ လက်တွဲခွဲဝေ ခံယူဖြတ်သန်း ခဲ့တာ တင်မကဘဲကျွန်မရဲ့ ရင်သွေးအကြီး သုံးယောက် ကိုလည်းတစ်ချက်ကလေးမှာ မျက်နှာတင်းတင်း နဲ့ ပြောဆိုဆက်ဆံခဲ့ခြင်းမျိုး မရှိခဲ့ဖူးတဲ့အတွက်တော့ ဦးမြလှိုင် ကို လေးစားစိတ် နဲ့ ကျေးဇူးတင်ရှိမိတာအမှန်ပါပဲ။

ဦးမြလှိုင်နဲ့ ခွဲခွာရခြင်းမှာ ကိုးစားရာ ခင်ပွန်းသည်တစ်ယောက် ဆုံးရှုံးရတာတင်မကဘဲ ညာဘက်ရုံး တစ်ခုလို အရာရာ မျက်နှာလွှဲလို့ရတဲ့ လုပ်သားကောင်းတစ်ဦးအပြင် အသွေးအသားနဲ့အတူ နှလုံးသား နဲ့ပါရင်းထားရတဲ့ သားသမီး သုံးယောက်နဲ့ပါ ကွေကွင်းရခြင်းဖြစ်ရတဲ့အတွက် ရင်မှာထိခိုက်နာကျင်ရ တဲ့ဝေဒနာက အတိုင်းအဆ မရှိ ပြင်းပြင်းထန်ထန် ခံစားမိပါတယ်။ အိမ်ထောင်တစ်ခု ပြိုကွဲတဲ့နေရာမှာ အပြစ်မဲ့တဲ့ သားသမီးတွေ ကြားထဲက စတေးခံကြရ တဲ့ အဖြစ်ကလည်း အလွန်တရာမှ ကြေကွဲဝမ်း နည်းဖွယ်ရာ မှားယွင်းခြင်း ဆိုတာ သွေးပူနေတဲ့ အချိန်အခါတုန်း ကတော့ ဒေါသတွေ၊ မာန်မာနတွေက လွှမ်းမိုးနေတာမို့ မမြင်မိလေဘူးပေါ့။ သွေးအေးအေးနဲ့ ဆန်းစစ်ကြည့်တဲ့ အခါကျမှ မိမိရဲ့ တစ်ကိုယ် ကောင်းဆန်မှုကို သိမြင်ပြီး နောင်တကြီးစွာ ရမိပါရဲ့။

လူ့ဘ၀ဆိုတာ အသက်ရှင်ရပ်တည်နေတာနဲ့အမျှ ရင်ဆိုင်ရတဲ့ ပြဿနာတွေက အမြဲတမ်းလိုလို ရှိနေ တတ်တာ ပါပဲ။ ကိုယ့်အဆုံးအဖြတ်၊ အမှန်အမှားပေါ်မှာ မူတည်ပြီး ရလဒ်အတိုင်း ခရီးဆက်ကြရတာ မဟုတ်လားနော်။ နာကျင်ဆင်းရဲရခြင်းနဲ့ ဘ၀ဆိုတာ ခြားနားလို့ မရဘဲ အမြဲတမ်းတွဲနေတဲ့ သဘာဝ ပဲလေ။ ကြည့်ပါဦး။ လူ့ဘ၀ကို စပြီးရောက်လာတဲ့အချိန်မှာလည်း မိခင်ဖြစ်သူက အာဝေဏိကခေါ်တဲ့ ခန္ဓာကိုယ်နာကျင် ဆင်းရဲပင်ပန်းမှုတွေ နဲ့ မိမိကိုလူ့လောကထဲ ရောက်အောင်ပို့ခဲ့သလို ကိုယ်နောက် ဆုံးလောကက ထွက်ခွာရမဲ့ အချိန် ကျတော့လည်း ချစ်ခင်သူများရဲ့ နှလုံးသားမှာ နာကျင်ဆင်းရဲမှုတွေ ဖြစ်ပြီးကျန်ခဲ့ကြဦးမှာ မလွဲပါဘူး။ ဘ၀ကိုစခြင်း မှာနဲ့ ဆုံးခြင်းမှာတင် မကသေးပါဘူးလေ။ အသက်ရှင် နေတဲ့ ကြားကာလမှာလည်း ကိုယ်က သူတစ်ပါး ကို ထိခိုက်နာကျင်မှု ပြုမိသလို သူတစ်ပါးကပြုလို့ ခံစားရတဲ့ ထိခိုက်နာကျင်ဆင်းရဲမှု ဆိုတာတွေ ကလည်း မနည်းရှိနေဦးမှာပါပဲ။

နာကျင်ခြင်းတွေ၊ ဆင်းရဲခြင်းတွေ၊ ဆုံးရှုံးခြင်းတွေဆိုတာက ဘ၀ရဲ့နိယာမမို့ လူသားတိုင်း ကြုံတွေ့ရ မဲ့ဖြစ်ရပ်တွေပဲ လို့ နှလုံးသွင်းပြီး ကြံ့ကြံ့ခံနိုင်ဖို့ပဲ ကြိုးစားရပါတော့တယ်။ ဦးမြလှိုင်လည်း လူတိုင်း အပေါ်မှာ ထားရှိတတ် တဲ့ သူ့စေတနာ အကျိုးပေးတယ်လို့ ပြောရမှာပါပဲ။ အင်းစိန်က  ပြန်ရောက်လာ ပြီး မကြာခင်မှာ လူကြီးပိုင်း က စာပေစီစစ်ရေးဌာနမှာ အလုပ်ဝင်ဖို့ခန့်စာနဲ့ အတူရန်ကင်းမှာ တိုက်ခန်း တစ်ခုပေးတာမို့ သူ့ ဘ၀ရှေ့ရေး အဆင်ပြေချောမွေ့သွားတာ တွေ့ရပါတယ်။

ဒီလိုနဲ့ ကိုယ်လမ်းကိုယ်သွား ကိုယ့်ဘ၀ကိုယ် ရုန်းကန်ကြရတယ်ဆိုပါတော့။ ကျွန်မအလုပ် ကလည်း ရေရာတာ မဟုတ်ဘူး။ နေ့နေ့ညညသွားရတာမျိုးတွေကလည်း ရှိသေးတယ်။ ချစ်တီးဘုရားပဲ လှည့် တာမျိုး ကို လက်ခံမိရင် တပည့်တစ်ယောက်နွဲှ့တူ ဘုရားတင်ပြီး ပူဇော်ထားတဲ့ ကားနောက်က တ ကောက်ကောက် လိုက်ပြီး အပူဇော်ခံသမျှ ကျောင်းဒကာရှေ့မှာ ရိုက်ရတာ ညဥ့်လုံးပေါက် မြို့လုံးပတ် လည်ပါပဲ။ မဂိုးလမ်း (ယခု ရွှေဘုံသာလမ်း)တို့၊ ကုန်ဈေးတန်းတို့ဘက်က ကုလားကုန်သည်ကြီးတွေရဲ့ သားသမီး မင်္ဂလာပွဲရှိရင် လည်း ကျွန်မက အမျိုးသမီးဓာတ်ပုံ ဆရာမမို့ အိမ်တွင်းပုန်း အမျိုးသမီးတွေ အတွက်အဆင်ပြေလေတော့ အလုပ်အပ်ကြတာ များပါတယ်။ မင်္ဂလာပွဲတွေကလည်း ချမ်းသာရင် ချမ်းသာသလို ချဲ့ပြီး ခုနစ်ရက်ခုနစ်လီ ကျင်းပတာ မျိုးပါ။ အဲသလို ပွဲထိုင်မျိုးကလည်း ညဥ့်နက်သန်း ခေါင်မှာ ပွဲသိမ်းတတ်တာမို့ ဖြစ်ချင်ပြီဆိုရင် အချိန်မရွေး စိတ်ဝေဒနာ ဖောက်လာတတ်တဲ့ မာမီအတွက်နဲ့ ဆယ်ကျော်သက်အရွယ် သမီးတွေ ကိုပါ စောင့်ရှောက်ပေးမဲ့ လူကြီးတစ်ယောက်က လို အပ်တာကြောင့် မန္တလေးက ဘွားလေးကို ကျွန်မနဲ့အတူ လာနေပေး ဖို့ ခေါ်ထားရပါတယ်။

အားထား ရတဲ့ ကိုယ်ခွဲ မရှိတော့တာကြောင့် ကိုယ့်ဟာကိုယ် နှစ်ဆတိုး ကြိုးစရတယ်ပေါ့။ ဘယ် လောက် ပဲကြိုးစား အားထုတ်ပေမယ့် အချိန်အခါက အရင်လိုမဟုတ်တော့ဘူးလေ။ ဓာတ်ပုံလုပ်ငန်းဆို တာအမြင်မှာ သာမန်မျှဖြစ်ပေ မဲ့ အကျိုးအမြတ်အလွန်ကြီးတဲ့အလုပ်ဖြစ်ပါတယ်။ ဟိုတုန်းခေတ်ကဆို ရင်အနည်း ၇၅ ရာခိုင်နှုန်းလောက် အမြတ်ကျန်တာမို့ မိသားစုတစ်စုလောက်တော့ ကောင်းကောင်း ထိန်းထားနိုင်ပါတယ်။ အခုဒီဘက်ခေတ် ကျတော့ ၀ယ်ရတဲ့ ကုန်ကြမ်းတွေက ကုန်သွယ်ရေးက ရတာနည်းနည်း အပြင်မှောင်ခို မှာ ဈေးကြီးပေးပြီး လိုအပ်တာတွေ ၀ယ်ဖြည့်ရတာဖြစ်တော့ အမြတ်များ များမကျန်တဲ့အပြင် ဌာနဆိုင်ရာတိုင်း လိုလိုမှာလည်း ကိုယ်ပိုင်ဓာတ်ပုံ ဌာနတွေ ထားရှိလာကြတာဖြစ် တော့ဈေးကွက်ကလည်း ကျဉ်းလာပါတယ်။ ဒီအထဲမှာ လူငယ်ဓာတ်ပုံဆရာတွေ ကလည်း ဘွဲ့နှင်းသ ဘင်တို့၊ မင်္ဂလာဆောင်တို့မှာ နေရာယူလာကြတာမို့ ကျွန်မ တို့အတွက် ၀င်ငွေက တစ်နေ့ထက်တစ် နေ့ကျဆင်းလာပါရော။

ဝင်ငွေ နဲ့ ထွက်ငွေက မမျှတတော့ တတ်နိုင်သမျှ ကြိုးစားပြီး ခြိုးခြုံရပါတယ်။ တစ်လ တစ်လပေးရမယ် လစာငွေတွေ အတွက် မော ရသလို ကလေးတွေကလည်း အရွယ်တွေရောက်၊ တက္ကသိုလ်ဝင်တန်း ဖြေ ရတော့မှာ မို့ ပို့ရတဲ့ ကျူရှင်တွေကလည်း အများကြီး။ သင်္ချာဘာသာအတွက် မြေနီကုန်းက ဆရာ ဦးသာ ဆီပို့ရ၊ ရူပဗေဒအတွက် လှည်းတန်းက ဦးအောင်ဖေညွန့်ဆီ ပို့ရနဲ့ရှုပ်ယှက်ကိုခတ်လို့။ ကျူရှင်ဖိုးတင်မကဘဲ သုံးဘီးကားခ ကလည်း ပါလေသေးတယ်။ တစ်လ တစ်လ ၀င်ငွေ တက်လာလေ နိုး နဲ့ မျှော်ကိုးပြီး စောင့်ကြည့်ပေ မဲ့ တိုးမလာတဲ့အခါကျတော့ ကျွန်မရင်ပူရပါလေရော။
ဓာတ်ပုံလုပ်ငန်း က ၀င်ငွေတစ်ခုတည်းနဲ့ မရပ်တည်နိုင်တော့ဘူးဆိုတာ သဘောပေါက်လာတော့ တခြားဝင်ငွေ အပိုတစ်ခု ရဖို့ စဉ်းစားရတော့တယ်ပေါ့။ ဒီအချိန်အရာရာ တိုင်ပင်အားထားလို့ရတဲ့ ကျွန်မ ရဲ့မောင်ငယ် မောင်မောင်မြင့် ကလည်း မရှိတော့ဘူးလေ။ ပြည်သူပိုင် သိမ်းလိုက်တော့ သူရဲ့ "မန္တလေးတိုး" ဆိုတဲ့ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းကလည်း ပါသွားပါတယ်။ ကလေးတွေကလည်း ခြောက်ယောက်နဲ့ မိသားစု ကလည်း ကြီးတော့ ရပ်တည်နိုင်ရေးအတွက် အလုပ်သစ်စဖို့ ပြည်ပ ဟောင်ကောင်ကို ထွက်ခွာသွား ပါပြီ။ ကိုယ်ပိုင်စီးပွားရေးတွေ ပျက်ပြုန်းပြီး ကျဆင်းနေချိန်ဆိုတော့ ကူညီနိုင်မဲ့ မိတ်ဆွေတွေကလည်း ရှားပါး သလို လုပ်စားစရာ ဈေးကွက်လည်း ကြံဆရခက်နေချိန်မှာ မိတ်ဆွေတစ်ဦးနဲ့ တွေ့ရပါတယ်။

အဲဒီမိတ်ဆွေက ဖရေဇာလမ်း(ယခု အနော်ရထာလမ်း)နဲ့ ကုန်ဈေးတန်းထိပ်က ဆိုင်ခန်းတစ်ခုမှာ ကုန်မျိုးစုံ ဆိုင်လေး တစ်ခု ဖွင့်ဖို့ အကြံပြုပါတယ်။ ဒီခေတ်ကြီးမှာ ကြီးကြီးမားမား အရောင်းအ၀ယ်တွေ ကဘာမှ မရှိတော့ဘူးလေ။ ဆိုင်လေးတစ်ဆိုင် ရှိထားရင် ဘီစကွတ်မုန့်စက်ရုံတို့ စတဲ့စားသောက်ကုန် ထုတ်လုပ်တဲ့ စက်ရုံကြီးတွေ က လက်လီကိုယ်စားလှယ်လေးတွေ ပေးတာမို့ အဲလိုရအောင် သူကူညီ ပေးမယ်လို့ ဆိုပါတယ်။ အားလုံးထုတ်ကုန် မှန်သမျှကလည်း ကုန်သွယ်ရေးကပဲ ကိုင်ထားတာပါ။ ကုန်သွယ်ရေးမှာကလည်း နံပါတ်စဉ်တွေ နဲ့ သူ့ဌာနနဲ့သူပါ။

ဆိုပါတော့၊ ကျွန်မတို့ ဓာတ်ပုံပစ္စည်းဆိုရင် ကုန်သွယ်ရေး(၈)၊ စာရေးစက္ကူပုံနှိပ်လုပ်ငန်းကျတော့ ကုန်သွယ်ရေး(၉)၊ ဆေးပစ္စည်းက ကုန်သွယ်ရေး(၁၀)စသည် စသည်ပေါ့။ ပစ္စည်းတစ်ခုခု ၀ယ်ချင်ရင် ဒီအတိုင်း သွားဝယ်လို့မရဘူး။ ထောက်ခံစာတွေ၊ လျှောက်လွှာတွေနဲ့ တင်ကြရသေးတာ။ ဒါတောင် အဲဒီသက်ဆိုင်ရာ ဌာနတွေမှာ အသိလူခံက ရှိဦးမှ။ မဟုတ်ရင်စောင့်ပေဦးတော့ပဲ။ ပြောရဦးမယ်။ ကုန်သွယ်ရေး (၁၀)ကိုင်သူ ကလည်း ဗိုလ်မှုးမောင်မောင်ခင်၊ ဂရိတ်ဦးဖိုးစိန်ကြီးရဲ့သမီး မြင့်မြင့်စိန်ရဲ့ ခင်ပွန်းပါ။ ကျွန်မတို့ နဲ့ ဆွေမျိုးရင်းချာ လို ခင်ပါတယ်။ နောက်တစ်ဦးက ဗိုလ်ကြီးရဲတွေ။ သူကလည်း ကျွန်မနဲ့ မောင်နှမလိုနေတဲ့ ဓာတ်ပုံကိုမျိုးမြင့်နဲ့ သတင်းထောက် ကိုဝင်းမြင့်တို့ရဲ့ ညီငယ်မို့ ရင်းနှီးပြီး သားပါ။
မိတ်ဆွေတွေထဲမှာ လူနာရှိလို့ ဆေးပြဿာနာပေါ်တိုင်း "ခင်ရေ၊ လုပ်ပါဦး"နဲ့ အပူလာကပ်ကြမြဲဖြစ် လို့အခါပေါင်း များစွာ လူနာရှင်နဲ့ လိုက်သွားပေးရတာ ချောင်းပေါက်မတတ်မို့ ကြာတော့အားတောင် နာလာ ပါတယ်။ သေရေး ရှင်ရေးတွေဆိုတော့လည်း ကျွန်မက မနေသာမနေတတ်တော့ လိုက်ပြီး အပူ ကပ်ရစမြဲ ပါ။ တော်ပါသေးရဲ့။ သူတို့နှစ်ဦးစလုံးက စိတ်စေတနာကောင်းကြတဲ့အပြင် ကျွန်မကိုလည်း နားလည်ပေးကြပေ လို့ပေါ့။

အခုလည်း အဲလိုပဲ ကျွန်မကို ကူညီပေးမဲ့ မိတ်ဆွေက ကုန်သွယ်ရေးက အရာရှိ ဦးကျော်ဇောပါ။ ဦးကျော်ဇောနဲ့ သိကျွမ်းရပုံ ကလည်း အဆန်းသား။ တစ်နေ့မှာ ကုန်သွယ်ရေး သင်တန်းဆင်းပွဲတစ်ခု ဓာတ်ပုံရိုက်ဖို့ အလုပ်ရ ပါရော။ သွားစရာ ကားအဆင်မပြေတာနဲ့ ကျင်းပရာခန်းမကို နည်းနည်းနောက် ကျပြီးမှရောက်သွားတော့ သက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ ပရိသတ်က ခန်းမပြည့်တောင် ထိုင်နေကြပါ ပြီ။ ပွဲကတော့ မစသေး လို့ တော်ပါသေးရဲ့။ သင်တန်းဆင်းလက်မှတ်အပ်ပွဲကို တစ်ဦးစီ ရိုက်ရမှာဖြစ် တော့ အလျဉ်မီ မလွတ်တမ်း ရိုက်နိုင်အောင် ထောက်ကူပေး မဲ့ တပည့်တစ်ယောက်လည်း အဖော်ပါလာ ပါသေးတယ်။

ဓာတ်ပုံရိုက် ဖို့ အ၀င်အထွက် လွယ်မဲ့ အလယ်မင်းလမ်းထိပ်က လွတ်နေတဲ့ကုလားထိုင် နှစ်လုံးစာ တွေ့တော့ အတော်ပဲ ဆိုပြီး နေရာယူလိုက်တယ်ပေါ့။ စင်မြင့်နဲ့သုံးတန်းလောက်ပဲ ခြားတာမို့ အဆင် ပြေပါတယ်။ ပွဲစရင် စင်မြင့်ရှေ့ မှာ အဆင်သင့် ရိုက်နိုင်ဖို့ ကင်မရာတွေဘာတွေ ပြင်ဆင်နေတဲ့ အခိုက် မှာဧည့်ကြိုတံဆိပ်တပ်ထား သူတစ်ဦး က...
"အစ်မတို့ ရှေ့တန်းကို ကြွပါခင်ဗျာ"တဲ့၊ လာခေါ်ပါတယ်။
ရှေ့တန်းမှာက သက်ဆိုင်ရာ ဗိုလ်မှုးကြီးတွေ၊ အရာရှိကြီးတွေက ထိုင်နေကြပြီးနေပြီမို့ "ဒီမှာလည်း အဆင်ပြေ ပါတယ်၊ ရပါတယ်"လို့ ကျွန်မက ဆိုတော့...
"မဟုတ်ပါဘူး၊ ကျွန်တော်တို့ အစ်မတို့အတွက်နေရာ စီစဉ်ထားပြီးသားပါ၊ ကြွပါခင်ဗျ"နဲ့ ထပ်ပြောနေ တော့ အားနာပြီး နေရာပြောင်းဖို့ လိုက်သွားလိုက်တယ်ပေါ့၊ ထိုင်လည်းထိုင်မိရော ကျွန်မ ရဲ့ ညာဘက် ဘေးမှာ ထိုင်နေသူက လက်ကမ်းပြီး...
"ကျွန်တော် ကျော်ဇောပါ" တဲ့၊ သူ့ဘေးမှာ ထိုင်နေသူကိုလည်း "ဒါက ဗိုလ်ကြီးသန်းရွှေ"ပါဆိုပြီး ထပ် ဆင့် မိတ်ဆက်ပေး ပါသေး တယ်။

ပွဲလည်းစရော ကျွန်မလည်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်ပြီး ဘယ်သူ့မှ စကားမပြောအားပါဘူး။ အသန်း က အလျဉ် မီအောင် ဖလင်လဲပေးသမျှ ကင်မရာတစ်လုံးပြီးတစ်လုံးနဲ့ မလွတ်ရအောင် ရိုက်နေတယ် ပေါ့။ သင်တန်းဆင်း လက်မှတ်တွေ ဘာတွေပေးပြီးလို့ ပွဲသိမ်းတော့ ဦးကျော်ဇောက လာနှုတ်ဆက်ပါ တယ်။
"ကုန်သွယ်ရေး နဲ့ ပတ်သက်တဲ့ အကူအညီလိုအပ်တာရှိရင် ပြောပါ"ဆိုပြီး သူရဲ့ဖုန်းနံပါတ် ကို ရေးပြီး ပေးသွားပါတယ်။ ကျွန်မလည်း "ဟုတ်ကဲ့ပါ၊ ကျေးဇူးပါ"ဆိုပြီး ယူသာထားလိုက်တာ ခေါင်းထဲမှာ အလေးအနက် မထား မိပါဘူး။ နောက်တစ်နေ့မနက်ကျတော့ အဲဒီသင်တန်းဆင်းပွဲမှာ ပါတဲ့ကျွန်မ ရဲ့ မောင်ဝမ်းကွဲလေး က ရောက်လာပါရော။

"ညက မမခင်ဘေးမှာ ထိုင်တဲ့သူက ဦးကျော်ဇောဗျ၊ စီမံရေးရာက၊ မမခင်နဲ့ခင်လား"တဲ့။
"သိတောင် မသိပါဘူးဟယ်၊ ညကမှ သူကမိတ်ဆက်လို့ "ကျော်ဇော"ပါတဲ့၊ ဘယ်ဌာနက လို့တောင် ပြော မသွားပါဘူး၊ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အကူအညီလိုရင် ပြောပါဆိုပြီး ဖုန်းနံပါတ်တော့ ပေးသွားတယ်၊ ဘာဖြစ်လို့လဲ" လို့မေးတော့...
"ဟုတ်လား၊ ဒါမှအတော်ပဲ၊ ကျွန်တော့ ကို မင်းလှပိုစတင် ချထားတယ်၊ အဲဒါရန်ကုန်ဖြစ်ဖြစ်၊ မန္တလေး ဖြစ်ဖြစ်ပြောင်း ရအောင် မမခင်ပြောပေးပါလား၊ ဦးကျော်ဇောက စီမံရေးရာ ကိုင်တာပဲ"တဲ့။
"ဟယ်... ခုပဲသိ၊ ခုပဲ သွားပြောရမှာ အားနာစရာကြီး၊ အခွင့်အရေး ယူသလို ဖြစ်နေမှာပေါ့၊ နေပါ ဦး၊ ဖြည်းဖြည်းပြောတာပေါ့ကွာ" လို့ နှစ်သိမ့်လိုက်ရပါတယ်။
ဒီလိုနဲ့ တစ်လ တစ်လ ကုန်သွးပြီး ကျွန်မလည်း အဲဒီကိစ္စပြောဖြစ်တဲ့ဆီ မရောက်ပါ ဘူး။ လေးငါး ခြောက် လလောက် ကြာတော့ မင်းလှက ကျွန်မ မောင်လေးရောက်လာပြီး "မမခင်  ကျွန်တော့်ကိစ္စ လိုက်ပြောပေးပါဦး" လို့ နားပူပြန်ပါရော။ ဒါနဲ့တစ်နေ့မှာ ဦးကျော်ဇောဆီ ဖုန်းဆက်လိုက်ပါတယ်။ ရုံးကိစ္စနဲ့ ပတ်သက်ပြီး အကူအညီတောင်းစရာ ရှိလို့ ဘယ်အချိန်တွေ့ခွင့်ရမလဲနဲ့ မေးတော့ သူဒီနေ့ အလုပ်တွေများနေတဲ့အပြင် အစည်းအဝေး လည်း သွားရတော့မှာဖြစ်တာကြောင့် ရုံးဆင်းရင် ကျွန်မအိမ်ကို သူဝင်လာခဲ့ပါမယ် လို့ ပြန်ပြောပါတယ်။

ဒါဆိုလည်း ကောင်းလေရဲ့ပေါ့။ အိမ်မှာဆိုတော့ ရုံးမှာ ထက် အေးအေးဆေးဆေးပြောပြနိုင် မှာပဲလို့ တွေးပြီး စောင့်နေ လိုက်ပါတယ်။ ဦးကျော်ဇော ရောက်လာတော့ မောင်လေးနဲ့လည်း မိတ်ဆက်ပေး၊ အိမ်သားတွေနဲ့လည်း မိတ်ဆက်ပေးပြီး အလုပ်ကိစ္စရော၊ ရပ်ရေးရွာရေး ထွေရာလေးပါးရော ပြောဖြစ် ကြပါတယ်။ ဦးကျော်ဇောက စကားပြောအလွန်ကောင်းသူပါ။ ကျောက်ဆင်းတု ကိုယ်တော်တောင် ခေါင်း ညိတ်အောင် ပြောနိုင်သူ ဆိုတဲ့ အစားမျိုးထဲကလေ။ ဒီအထဲ အရွှန်းအပြက် အသောတွေကလည်း ကြွယ်ဝတော့ ပွဲစည်ပြီး တစ်ညနေတည်း နဲ့ တစ်သက်လုံးပေါင်းလာတဲ့ မိတ်ဆွေလို တရင်းတနှီး ဖြစ်သွားပါတော့တယ်။

ဒီလိုနဲ့ အ၀င်အထွက် အဆက်အဆံများလာရာက ရင်းနှီးတဲ မိတ်ဆွေတစ်ယောက်လိုဖြစ်ပြီး တိုင်ပင် စရာရှိ တိုင်ပင်၊ ကူညီစရာရှိ ကူညီဆိုတဲ့အဆင့် ရောက်လာတော့တယ် ဆိုပါတော့။ ကျွန်မ မောင်လေး လည်း ဦးကျော်ဇော ကူညီပေးတာနဲ့ မင်းလှက ရန်ကုန်ကို ပြောင်းရပြီး ကျွန်မတို့နဲ့ အတူနေပါတယ်။ အခုဆိုင်ဖွင့်ဖို့ ကိစ္စ လည်း ဦးကျော်ဇောက သူရထားတဲ့ ကုန်ဈေးတန်းက တိုင်ခန်းရှေ့မျက်နှာစာ နေရာမှာ ဆိုင်လေးဖွင့်ပြီး လက်လီ ကိုယ်စားလှယ်တွေ ရဖို့လည်း ကူညီဆောင်ရွက်ပေးတာမို့ ဆိုင် လေးတစ်ဆိုင် တည်ဖြစ်သွားပါရော။ ဆိုင်ကို ဘွားလေး က သွားထိုင်ပြီး ရောင်းပေးပါတယ်။
ဝင်ငွေလေး တစ်ခု ပိုလာတော့ ကျွန်မ အသက်ရှူနည်းနည်းချောင်သွားပြီး အလျဉ်မီလာလို့ ရင်အေးစ ပြု လာရပါတယ်။ ဒီအချိန်မှာ သမီးကြီးကေခိုင်ကလည်း ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်နေ ပါပြီ။ ဒုတိယသမီးကေသီ က ဆယ်တန်း၊ တတိယသမီး ယမင်းက ရှစ်တန်း၊ ကြီးစဉ်ငယ်လိုက် အရွယ် အစား နဲ့အားလုံးကျောင်းသူ၊ ကျောင်းသားတွေ ဖြစ်ကုန်ကြပြီလေ။

ဦးမြလှိုင် နဲ့ ခွဲခွာစဉ်က အတူပါသွား တဲ့ယမင်း၊ ရွှေစင်နဲ့ ဇာနည်တို့လည်း စနေ၊ တနင်္ဂနွေ ကျောင်း ပိတ်ရက်တွေ ကျရင် အမေ့အိမ် ပြန်လာ ကြစမြဲမို့ လုံးလုံးလျားလျား ကွဲကွာရခြင်းမျိုးတော့ မဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ အဖေကိုလည်း ချစ်၊ အမေကိုလည်းချစ်ကြတာမို့ ကြားထဲက ရင်နာအောင် ခံစားကြရမှာ မလွဲပါဘူး။ အထူးသဖြင့် အမေကို သံယောဇဉ်ပိုတွယ်တဲ့ သားရွှေစင်က ပိုပြီးအခံစားရဆုံး ဖြစ်မယ်ဆိုတာကို ကျွန်မ စာနာနား လည်ခံစားမိတိုင်း ကျွန်မကိုယ်တိုင်လည်း ရင်နာရမြဲပါ။
ဒီလိုနဲ့ အခြေအနေလေး ပြန်ပြီး နည်းနည်းတည့်မတ်လာတယ်ဆိုပါတော့။ ကုန်သွယ်ရေးခေတ် ဆိုတော့လည်း လိုအပ်တဲ့ပစ္စည်း မှန်သမျှအတွက် ဦးကျော်ဇောကိုပဲ အားကိုးအားထားပြုပြီး အကူအညီ တောင်းနေရဆဲပဲလေ။ ကျွန်မ ငယ်ငယ်က ဘိုးလေး မေးဖူးခဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။
"ငါ့မြေး... ကိုယ်ဟာကိုယ် ငွေနဲ့ပေးဝယ်ရတဲ့ ပုဆိုးတစ်ထည်နဲ့ သူများကလက်ဆောင်ပေးလို့ အလကားရတဲ့ ပုဆိုး တစ်ထည် ဘယ်ဟာက ပိုဈေးကြီးလဲ"တဲံ။
"ဘိုးလေးကလည်း ဒါများ မေးနေရသေးလား၊ ငွေနဲ့ပေးဝယ်ပါတယ်ဆိုမှ အဲဒီပုဆိုးက အလကားရ ထာထက် ဈေးကြီးတာပေါ့" လို့ ကောက်ကာငင်ကာ လွယ်လွယ်ဖြေလိုက်ပါတယ်။ ဘိုးလေးက ပြုံးပြီး..
"ခင်မကြီး၊ ငါ့မြေးကို တော်တယ်လို့ ထင်ထားတာ၊ ချာလှချည်လား"တဲ့။ ကျွန်မက ဘိုးလေးဆိုတာကို သဘောမှ မပေါက်ဘဲလေ။

"သေသေချာချာ မှတ်ထား၊ ဒါ တစ်ဘ၀စာ သင်ခန်းစာပဲ၊ အလကားရတဲ့ ပစ္စည်းက တန်ရာ တန်ဖိုး ပေးဝယ်ထာ ထက် အမြဲပိုဈေးကြီးတယ်၊ ဘာဖြစ်လို့လဲ သိထား၊ အလကားပေးတာကို လက်ခံလိုက် တယ် ဆိုတာနဲ့ အဲဒီပေးသူ ကို ကျေးဇူးတင်ရပြီမှတ်၊ ကျေးဇူးတရားဆိုတာ တန်ဖိုးဖြတ်ဖို့မရဘူး၊ ဒီတော့ ငွေနဲ့)ယ်လို့ ကုန်ကျရတာ ထက် ကိုယ်က အမြဲတမ်းပိုပြီး ပေးကြရတယ်၊ အပြန်အလှန် ပေးဆပ်နိုင်တယ်ဆိုရင် ကောင်းပါရဲ့။ တစ်ဦးပေါ် တစ်ဦး ထားရှိတဲ့ မေတ္တာပိုပြီး လေးနက်ခိုင်မြဲစေ တယ်၊ ကျေးဇူးကိုမဆပ်နိုင်ဘူးထင်ရင် ကိုယ့်မှာ တုံ့ပြန်နိုင် တဲ့ အင်အားမရှိရင် ဘယ်တော့မှာ သူတစ် ပါးရဲ့အကူအညီကို မယူလေနဲ့"တဲ့။

ဘိုးလေးသာ အသက်ထင်ရှားရှိခဲ့ရင် သူ့စကားကို နားမထောင်မိတဲ့ ကျွန်မ မြေးမိုက်ကို ငယ်ငယ်က လိုကြိမ်တံဖျာ နဲ့ အရှိုးထင်အော် ရိုက်ချင်လေမလားမသိ။ ဟုတ်ပါရဲ့၊ ကျွန်မကိုယ့်ရပ်တည်မှုကို ဦးထားပြီး သူတစ်ပါး ရဲ့ အကူအညီတွေ ယူမိတာ အခုတရင်းတနှီးဖြစ်လာတဲ့ အချိန်ကျတော့ နောက်ဆုတ်ရ ခက်နေပါတော့ တယ်။ အိမ်ထောင် နှစ်ဆက်စလုံးမှာ ပြဿနာများစွာ ကြုံထားခဲ့ရဖူးပြီ မို့နောက်ထပ် အိမ်ထောင် တစ်ခု ထူဖို့ ကျွန်မရည်ရွယ်ရင်း မရှိခဲ့တအမှန်ပါ။ ရှေ့ရေးကို ဝေးဝေးမျှော် မကြည့်မိဘဲ လတ်တလော ကိုယ့် ဘ၀ ဖြေရှင်းနိုင်ရေးကိုသာ အလေးထားခဲ့မိတယ် ဆိုတာလည်း ၀န်ခံရမှာပါပဲ။
 နီးစပ်မှုတွေ၊ ရင်းနှီးမှုတွေ များလာတော့ သံယောဇဉ်ဆိုတာကလည်း ရှိ လာတယ်ပေါ့။ နောက် ဆုံး တော့မရည်ရွယ်ဘဲ အိမ်ထောင်သစ်ထူဖြစ်တဲ့ဆီ ရောက်သွားတော့တာပဲ။ မတိုင်ခင်မှာ ကျွန်မတို့နှစ် ဦးအကျေအလည် ဆွေးနွေးစရာတွေကို သေသေချာချာချပြီး ဆွေးနွေးဖြစ်ပါတယ်။ ဒီအရွယ်မှာ အချစ် ကို ဦးစားပေးတဲ့ ဆယ်ကျော်သက်တွေလည်း မဟုတ်ကြဘူးလေ။ ဘ၀ခရီးကို တစ်ဦးနဲ့တစ်ဦး အမှီပြု ပြီး အဖော်ကောင်းအဖြစ် အတူလျှောက်ကြမယ်လို့ စဉ်းစားတဲ့နေရာမှာ ရှိလာနိုင်မယ့် ပြဿနာတွေကို အကုန်ချပြီး ကြည့်ကြတယ်ပေါ့။

သူ့ဘက် က ဒါဟာဒုတိယအိမ်ထောင် ဖြစ်သလို ကျွန်မဘက်က တတိယပါ။ သူ့ဘက်ကတော့ ပြဿ နာ နည်းလေ တယ်ပေါ့။ သူ့မှာ သားက တစ်ယောက်တည်းရှိတဲ့အပြင် ဘွဲ့ရပြီးလို့ သမ၀ါယမမှာ အရာ ရှိတောင်ဖြစ်နေ ပါပြီ။ နောက်ပြီးအတူနေမဟုတ်တဲ့ အိမ်ထောင်ကွဲလေ။ ကျွန်မဘက်က ပြဿနာက အများသား။ ဒီတော့ ခုကတည်းက ရှင်းအောင် ဦးကျော်ဇောကို ကြိုတင်ပြောပြထားပါတယ်။ ကျွန်မက တစ်ဦးတည်းသမီး၊ အမေက စိတ်ဝေဒနာရှင်၊ မာမီရဲ့ဒုက္ခမှန်သမျှ ကျွန်မကလွဲပြီး တာဝန်ယူမဲ့သူ မရှိ ဘူး။ မာမီရဲ့ တစ်သက်တာ ပြုစုစောင့်ရှောက်ရမှာ ကျွန်မရဲ့ဝတ္တရား။ ဒါကြောင့် ကျွန်မရဲ့အမေ ပြဿနာလုပ်သမျှ သည်းမခံနိုင် တဲ့ တစ်နေ့မှာ ပွင့်ပွင့်လင်းလင်းပြော၊ ကျွန်မအနေနဲ့ နားလည်မှုရှိစွာ နဲ့သဘောတူ လမ်းခွဲကြ မယ်။

ထိုနည်းတူစွာပဲ ကျွန်မမှာ အမေရိကားရောက်နေတဲ့ သားကြီးခင်မောင်ဝင်းခန့်မှအပ လက်ရှိသားသမီး ခုနစ်ယောက် ကလည်း ရှိနေသေးတယ်လေ။ သူတို့လေးတွေမှာလည်း အားကိုးရာဆိုတာ အမေ့တစ် မျက်နှာပဲ ရှိတာ မို့ သားသမီးတွေအနေနဲ့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျွန်မက သားသမီးတွေ ဘက်ကအမြဲ ရပ်တည်ရမယ့်သူ ဖြစ် တယ်။ ဒါကိုလက်မခံနိုင်ဘူးဆိုတဲ့ တစ်နေ့ရောက်လာခဲ့ရင် ပွင့်ပွင့် လင်းလင်းပြော သဘောတူ လမ်းခွဲကြမယ်ပေါ့။ အဲဒီလို လက်တွေ့ကျကျပဲ ဆွေးနွေးရပါတယ်။ ဦးကျော်ဇောကလည်း ကျွန်မလို ပွင့်လင်း တတ် သူဖြစ်လို့ လက်ခံသတောဘူပါတယ်။
ဒီလိုနဲ့ ဘ၀လက်တွဲဖော်ဖြစ်လာကြပါရော။ အတူနေဖြစ်ပြီဆိုတော့ ကုန်ဈေးတန်းတိုက်ခန်း က မြို့လယ် လည်းဖြစ်ပြီး စီးပွားရေးအတွက် အကွက်အကွင်းက လက်ရှိကျွန်မရဲ့ မဟာဗန္ဓုလလမ်းက ဆိုင်ထက်လည်း ပိုကောင်းတာ မို့ ဓာတ်ပုံဆိုင်ကို ကုန်ဈေးတန်းမှာ ပြောင်းဖွင့်ပြီး ဆိုင်ဟောင်းနေရာကို လူနေအိမ်သက်သက်ဖြစ် သွားအောင် အခန်းတွေပြန်ဖွဲ့ပြီး ပြုပြင်လိုက်တော့ ကျွန်မတို့မိသားစု ကျယ်ကျယ် ၀န်းဝန်းနေသာ ထိုင်သာ ဖြစ်သွားတယ်ဆိုပါတော့။

ရယ်စရာကောင်းတဲ့ အဖြစ်ကလေးတစ်ခုကိုလည်း ပြောပြရပါဦးမယ်။ တစ်နေ့မှာမန္တလေးကလာတဲ့ မိတ်ဆွေတစ်ဦး က ဘောက်ထောက်က ဆရာဦးမြိုင်ဆီ ဗေဒင်မေးချင်တယ်ဆိုတာနဲ့ ကျွန်မတို့နှစ် ယောက် လိုက်ပို့ကြတယ်ပေါ့။ ဦးကျော်ဇောကလည်း အကြုံဝင်ပြီးသူ့အတွက် မေးကြည့်တော့အလုပ် အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး အကုန်ကောင်း တယ်တဲ့။  ကျွန်မနဲ့တော့ မမြဲဘူး၊ ကွာမှာလို့ ပြောပါ တယ်။ သူက ယတြာချေရင် မရဘူးလား ဆိုတော့ ကျွန်မရဲ့ကံဇာတာ ကိုက အိမ်ထောင်မမြဲတဲ့ အကျိုးမပေးတဲ့ ဇာတာ၊ ဘာယတြာနဲ့မှ မရဘူး တဲ့။ ဒါကိုဆရာစန္ဒြ ကလည်း ပြောပြပြီးသားမို့ သိထားပြီး သားပါပဲ။

ပြန်လာတော့ သူ့က အကြံပြုပါတယ်။ "ကိုယ်တို့ တစ်ခုတင်စီ၊ တစ်ခန်းစီအိပ်တာပေါ့ကွာ၊ ဒါဆိုဘာပဲ ဖြစ်ဖြစ် ကွဲတယ် ဆိုတဲ့ သဘောသက်ရောက်တာပဲ" တဲ့လေ။ အဲဒီအစွဲကြောင့် အိပ်ခန်းတွေပြင်ပြီးဖွဲ့ တော့ကျွန်မက အပေါ်ထပ် မှာ ကလေးငယ်တွေနဲ့အိပ်၊ သူက မာမီနဲ့ ကပ်လျက် အောက်ထပ်မှာ အခန်းတစ်ခုလုပ်ပြီး သူ့ဟာသူ သီးခြား အိပ်ပါတယ်။ မာမီ့ကိုသွားပြီးစလိုက်၊ ပြောင်လိုက်၊ နောက်လိုက် မာမီ က ပေါက်တတ် ကရ ပြောချင်ရာတွေပြောနေ လည်း စိတ်ရှည်ရှည်နဲ့ အင်းလိုက် နားထောင်ပေး လိုက်နဲ့ နေတတ်တော့ အဆင်ပြေလေ တယ်ပေါ့။
အိမ်မှာ အဆင်ပြေနေသလို ဓာတ်ပုံဆိုင်ပြောင်းဖွင့်လိုက်တဲ့အတွက် ကုန်စုံဆိုင်လေး ရပ်ဆိုင်း လိုက် ရ ပေမဲ့နေရာကောင်း လာတာကြောင့် ဓာတ်ပုံဆိုင်အလုပ်က ၀င်ငွေလေးနည်းနည်းတက်လာတဲ့အပြင် ဦးကျော်ဇော ရဲ့ လစာငွေတစ်ခုလည်း ထပ်တိုးလာတာမို့ ကျွန်မတို့ တော်တော်လေး ချောင်ချောင် လည်လည်ဖြစ် လာပါတယ်။ ဦးကျော်ဇော မှာ ရုံကပေးထားတဲ့ ကားနဲ့ ယာဉ်မောင်းကလည်း ရှိနေတော့ ကလေးတွေ ကျောင်းပို့ကျောင်းကြိုအတွက်ပါ အထောက်အကူဖြစ်လာတယ်ပေါ့။

ကျွန်မရဲ့ သားသမီးတွေကလည်း အေးအေးနေကြတဲ့ဟာတွေ မဟုတ်ဘူး။ ရုံးပိတ်တဲ့တနင်္ဂနွေတစ်ရက် မှာကျွန်မတို့ အားလုံး လည်း အိပ်လို့ကောင်းနေဆဲပေါ့။ မနက်စောစောစီးစီး သမီးကေခိုင် နဲ့ ကေသီ ပြူးပြူးပြဲပြဲနဲ့ ကျွန်မ ကို လာနှိုးကြပါတယ်။
"မာမီ... မာမီ.. ထပါဦး၊ သမီးတို့တော့ ဒုက္ခပဲ"တဲ့။
"ဟဲ့...ဘာဖြစ်လာကြတာလဲ"လို့ ကျွန်မလည်း အိပ်မှုန်စုံမွှားနဲ့ ဘာမှန်းမသိလို့မေးကြည့်တော့.
"ကားတိုက်လို့တဲ့" ဟုပြောရင်း မကေခိုင်က ငိုချပါလေရော။
"မိုးတောင် မလင်းသေးဘူး၊ ဘယ်က ကားကလာတိုက်တာလဲ"သူတို့ပြောနေတာတွေက နားမရှင်းလို့ ကျွန်မလည်း ဘာကိုနားလည်ရမှန်းမသိဘူးလေ။ ဒီတော့မှ အငယ်မကေသီက ၀င်ရှင်းပြပါတယ်။
"သူများကား က လာတိုက်တာမဟုတ်ဘူး မာမီရဲ့၊ အိမ်ကကားနဲ့ သမီးတို့က တိုက်လာခဲ့တာ"တဲ့။
ဒီတော့မှ အိပ်မှုန်စုံမွှးနဲ့ အူလည်လည်ဖြစ်နေတဲ့ ကျွန်မရဲ့ မျက်စိလည်း လင်းကွင်းလောက် ကျယ်သွားတော့တာ ပါပဲ။

"နေပါဦး၊ ဒီအချိန်ကြီး ဘယ်သူကထပြီး ဒီကားကိုမောင်းပြီး ဘယ်သွားကြလို့လဲ" တကယ်ကို ပဟေဠိ ဖြစ်နေတာကြောင့် မေးခွန်းတွေကို သေနစ်ပစ်သလို မေးဖြစ်နေတော့တယ်။
"မာမီ့ သမီးပေါ့၊ သူကားမောင်းတတ်တယ်တဲ့၊ မာမီးတို့မနိုးခင် ကားကိုယူမောင်းပြီး (၃၈)လမ်းဈေး သွား ၀ယ်ရအောင် လို့ သမီးကို အစောကြီးလာနှိုးပြီး ပြောတယ်၊ ဒါနဲ့သူနဲ့တူတူလိုက်သွားတာ
"ဘုရားရေ၊ မကေခိုင်က ကားမောင်းတတ်တယ်"
ကေသီ့ စကား မဆု့းခင်မှာပဲ ကျွန်မအံ့သြလွန်းလို့ ကြားဖြတ်ပြီးမေးလိုက်မိပါတယ်။
"ဟုတ်တယ်၊ သူက မာမီတို့ မသိအောင်ယာဉ်မောင်း ဦးစိန်ရွှေနဲ့ ကျောင်းသွား ကျောင်းပြန် ကားမောင်း သင်ထားတာ တဲ့၊ အဲဒါမနက်က ဈေးကိုသွားကြဖို့ထွက်တော့ လမ်း ၅၀ဘက်လည်း ချိုးမ လို့ လုပ်ရော လေဖြတ်ထား တဲ့ အဘိုးကြီးတစ်ယောက်က တုတ်ကောက်ကြီးနဲ့ တုန်ချည့်ထွက်လာ တာမြင်တာနဲ့ သူက လန့်ပြီး တအားကွေ့ ထည့်လိုက်တာ ကားကြီးက ပလက်ဖောင်းကိုကျော်ပြီး လမ်းထိပ်အိမ်က သံပန်းဝင်း ထရံကြီးကိုဖြိုပြီး အထဲကို ၀င်သွားတာ ပေါ်တူကို အုတ်တိုင်ကြီးနဲ့ ဆောင့်မိတော့မှ ကားကရပ်သွားတာ၊ မဟုတ်ရင် အဲဒီအိမ်က မီးဖိုထဲထိ ရောက်သွားမလား မသိဘူး"တဲ့။ ကေသီက အမောတကောနဲ့ ရှင်းပြပါတယ်။

ကျွန်မ ဆိုတာ အံ့သြပြီးရင်း အံ့သြရင်း နားထောင်ရတာလည်း သည်းထိတ်ရင်ဖိုပါပြ။
"သမီးတို့ ဘာမှမဖြစ်ဘူးလား"ဆိုတော့...
"မဖြစ်ပါဘူး၊ လန့်သွားတာ တစ်ခုပဲ"တဲ့လေ။
ဒါလောက် အားအင်နဲ့တိုက်လိုကတာ ညီအစ်မနှစ်ယောက်ပွဲချင်းပြီး သေလောက်ကောင်းပါလျက်နဲ့  ဘာမှမဖြစ်ကြ ဘဲ မျက်စိအောက်ရောက်လာတာကိုလည်း ထပ်ပြီးအံ့သြရပါသေးတယ်။
"အိမ်ရှင်တွေကရော ဘာမှမပြောဘူးလား"မေးတော့...
"သူတို့လည်း အိပ်နေကြတုန်း ဖြစ်မှာပေါ့၊ ၀ုန်းခနဲ မြည်သံကြီးကြားပြီး ခုလောက်ဆိုနိုးကြရော့မယ် ထင်တယ်၊ ကားကရှေ့ပိုင်း တစ်ခုလုံး စုတ်ပဲသွားပြီး ရှေ့ကမှန်ကြီးလည်း ကွဲသွားတယ်၊ သမီးတို့ ကြောက်တာနဲ့ ကားကြီး ဒီအတိုင်း ထားပြီး ထွက်ပြေးလာခဲ့ကြတာ၊ အဲဒါဘယ်လို လုပ်မလဲဟင် မာမီ၊ အန်ကယ် သိရင်ဆူတော့မှာပဲ ထင်တယ်"တဲ့။
ကေသီ က မျက်နှာငယ်လေးနဲ့ ပူပူပင်ပင်မေးတော့ ကျွန်မရင်ထဲ နင့်နေအောင် သနားသွားမိပါရဲ့။ အပြစ်ရှိသူ တစ်တရားခံ မကေခိုင်ကတော့ ခုမှ ပိုတောင်ရှိုက်ကြီးတငင်ဖြစ်နေလေသေးတယ်။ သူတို့ ထိတ်လန့် တကြားဖြစ်နေ တာ တွေ့ရတော့ သမီးတွေကို ဆူလည်းမဆူရက်ပါဘူး။

ကိုယ့်အိမ်ခြံဝင်းထဲမှာ မိုးလင်းခါစ ဘယ်ကမှန်းမသိတဲ့ ကားကြီးက ရောက်နေပြီး ရစရာမရှိအောင် ဖြို ဖျက်ထား တာ တွေ့တဲ့ အိမ်ရှင်တွေခမျာလည်း ခုလောက်ဆို စိတ်အနှောင့်အယှက် အတော်ဖြစ် လောက်နေကြပြီပေါ့။ အဲဒီ အတွက် တောင်းပန်ဖြေရှင်းဖို့ရာက ရှိနေတော့ အောက်ထပ်ဆင်းပြီး အိပ်မောကျနေတဲ့ ဦးကျော်ဇာကို သွားနှိုး ရပါတယ်။ ဦးကျော်ဇောကလည်း ကျွန်မိုပဲ အိပ်ရာကနိုးစ အူလည်လည်ဖြစ်လို့ သေသေချာချာရှင်းပြတော့မှ...
"တော်သေးတာပေါ့ ကွာ၊ ၀င်းထရံဖြိုခဲ့တာက ပြန်ဆောက်ပြီး လျော်ပေးလို့ရပါသေးတယ်၊ လေဖြတ် ထားတဲ့ အဘိုးကြီးကို ၀င်မကျုံးခဲ့တာပဲ ကံကောင်း"တဲ့။
ဒါနဲ့ အိမ်ရှင်တွေကို သွားပြီးတောင်းပန်ရတယ်ပေါ့။ အားလုံးပျစ်စီးသမျှတွေကို ပြုပြင်လျော်ပေးပါမယ် ဆိုတာလည်း ကတိဝန်ခံခဲ့ရပါတယ်။ ကျွန်မတို့ ဘယ်သူဘယ်ဝါဆိုတာလည်း သိထားကြလို့ ပြဿနာ မဖြစ်ဘဲ အေးအေးဆေးဆေးနဲ့ ပြေပြေလည်လည်ဖြစ်သွားရတာအတွက် ကျေးဇူးတင်ရပါသေးတယ်။ အဲ..မြင် မကောင်း ရှုမကောင်းအောင် ပျက်စီးသွားတဲ့ ရုံးကားကြီးကတော့ ပြဿနာပဲပေါ့။ ရုံးကား ဖြစ်နေတော့ သက်ဆိုင်ရာလူကြီးတွေကို အကျိုးအကြောင်း အသိပေးပြီး ကုန်ကျသမျှ ကျွန်မတို့ ကျခံပြီး ပြင်ပါ့မယ်လို့ တာဝန်ယူရပါတယ်။

ဦးကျော်ဇောအတွက် ဒါ ပွဲဦးထွက်ကြုံရတဲ့ ပြဿနာပေါ့။ နောက်ပိုင်းလည်း ပြဿနာပေါင်းများစွာ ရှိပါ သေး တယ်။ ဘယ်အိမ်မှာမဆို ဆယ်ကျော်သက်တွေနဲ့  နေရတဲ့ မိဘတွေဖြစ်နိုင်ရင် သူတို့ကို ပြဿနာ ကင်းစွာ ထားနိုင်မဲ့နေရာ လကမ္ဘာကို ပြောင်းပြေးချင်စိတ်ပေါက်တတ်ကြတာတော့မဆန်းပါဘူး။ ကျွန်မ မှာ ဆယ်ကျော်သက်တွေတင်မကဘူး၊ သားသမီးကလည်း များသေးတယ် ဆိုတော့ ပိုဆိုးတာပေါ့။ သားသမီးများတဲ့ မိခင်တစ်ယောက်အနေနဲ့ ရှိထားရမဲ့ အရည်အချင်းတွေကလည်း အများသားပါ။ စိတ် ရှည်နိုင်ခြင်း၊ သည်းခံနိုင်ခြင်းများအပြင် James Bond လို ကားမောင်းကျွမ်းဖို့ကလည်း လိုအပ်သေး တာလေ။ ကျောင်းနားရောက်ခါနီးမှ...
"ဟော... မာမီရေ၊ အက်ဆေးစာအုပ် မေ့ကျန်ခဲ့လို့ ဒီနေ့တင်ရမှာ မပါလို့ မဖြစ်ဘူး"လို့ ပြောလိုက်တာနဲ့ ဝှီးခနဲ ဒီဂရီ ၁၈၀ နဲ့ ကားကို ပတ်ချာလှည့်ပြီး လာလမ်းတစ်ခေါက် ပြန်မောင်းနေရင်း နောက်ခန်းက မောင်နှမတစ်တွေ စကားနိုင် လုပြီး သတ်ပုတ်နေကြတဲ့ ရန်ပွဲကိုလည်း ဖျန်ဖြေရတဲ့ကိစ္စအပြင် လက်ဆော့ပြီး နှာခေါင်းထဲ ခဲဖျက် ဝင်သွား လို့ ထုတ်မရတာတို့၊ ပေးထားတဲ့ မုန့်ဖိုးပိုက်ဆံ အကြွေစေ့ မျို မိလို့ လည်ချောင်းမှာ တစ်နေတာ တို့ဖြစ်ပြန်ရင်လည်း သည်းထိတ်ရင်ဖိုစွာနဲ့ ကျောင်းအစား ဆေးရုံက အရေးပေါ် ကို လေယာဉ်ပျံနှုန်း နဲ့မောင်းသွားရတာတွေ ကိုလည်းလုပ်နိုင် စွမ်းရပါဦးမယ်နော်။

ကြာတော့ စိတ်တိုတတ်တဲ့ ဦးကျော်ဇောကလည်း ကလေးတွေနဲ့ နေရတဲ့ အလေ့အကျင့်ရလာတော့ တယ် ဆိုပါတော့ ဒါပေမဲ့ ပြဿနာလေးတွေတော့ ရှိနေဆဲပါပဲ။ တစ်နေ့မှာ ဦးကျော်ဇေရဲ့ အခန်းထဲက မှန်တင်ခုံမှာ သူဖြီးနေကျဘီး ကို ကြိုးကြိုးတန်းလန်းနဲ့ ချည်ထားတာ တွေ့တော့ ထူးထူးဆန်းဆန်းမို့...
"ဒီဘီးကြီး ကို ဘာဖြစ်လို့ ကြိုးချည်ထားရတာလဲ"မေးတော့..
"ခင့်သားသမီးတွေပေါ့ကွာ သူတို့မှာလည်း ဘီးတွေ ပုံစံအမျိုးမျိုးနဲ့ အစင်းပေါင်းမြောက်မြားစွာရှိရဲ့နဲ့ ကိုယ့်ဘီးကို လာဖြီးရုံ တင်မကဘူး သူတို့ အခန်းထဲထိ သယ်သယ်သွားကြသေးတယ် ကိုယ်က ရုံးသွား ခါနီးဖြီးဖို့ ကြည့်လိုက် ရင် ဘီးက မရှိတော့ဘူး အခန်းစေ့လိုက်ရှာပြီး မေးရတာ မောလို့ ကြိုးချည်ထား လိုက်ရတာ"တဲ့
ဒါမျိုးတင် မကသေးဘူး။ တစ်နေ့ ကျွန်မ အပြင်က ပြန်လာတော့ တောင်းကြီတစ်လုံးထဲမှာ ဖိနပ်အရန် တစ်ဒါဇင်လောက် အပြည့်နဲ့ ထမင်းစားပွဲပေါ်မှာ တင်ထားတာတွေ့တော့ ဖိနပ်နဲ့ ထမင်းစားပွဲ မအပ် မစပ် နေရာ မို့...
"ဟဲ့... ဒီဖိနပ်တွေက ဘာဖြစ်လို့ ဒီထမင်းစားပွဲပေါ် ရောက်နေရတာလဲ"နဲ့ အိမ်ဖော်မိန်းကလေးကို မေး ကြည့်တော့...

"အန်ကယ်ပေါ့ လှေကားခြေရင်း မှာ ဖိနပ်တွေ စုပုံနေရတာမြင်လို့ မကောင်းဘူး၊ တောင်းထဲမှာ စုထည့် ပြီး ဒီပေါ် တင်ထားလိုက် သူ့တို့အမေ ပြန်လာရင် တွေ့ရအောင်လို့ ပြောသွားတယ်"
ဒီတော့မှ ကျွန်မလည်း သဘောပေါက်ရတော့တာလေ ကျွန်မမှာ သမီးတွေက အရွယ် အစားစား လေး ယောက်တောင် ရှိတဲ့အထဲမှာ အကြိုက်တွေ စရိုက်တွေ၊ စိတ်ဝင်စားမှုတွေကလည်း လူ့သဘာဝ အရ တစ်ဦးနဲ့တစ်ဦး တူကြတာမဟုတ်ဘူး။ အကြီးဆုံ ကေခိုင်က အဝတ်အစားကြိုက်တယ်။ မနက်အိပ်ရာ ထ ကျောင်းသွား ဖို့ အဝတ်အစားလဲပြီး ကော်ဖီစားပွဲမှာ လာသောက်တဲ့အချိန်က အနီရောင်ဝတ်စုံ၊ ခဏနေတော့ အပြာရောင် လဲထာတာတွေ့ရပြီး တကယ် ကားပေါ်သွားတက်တဲ့အချိန်ကျတော့ အစိမ်း ဖြစ်နေပါရော၊ အိပ်ရာပေါ် မှာ အခါခါလဲပြီး ပုံထားခဲ့တဲံ ဝတ်စုံတွေကို အိမ်ဖော်ကလေးမ အေးအေးမွန်က ခေါက်ရသိမ်းရ၊ မီးပတိုက်ရ နဲ့ အုလပ်ပိုတာက တစ်ခု။

ဒုတိယသမီး ကေသီကျတော့ စာအုပ်။ တစ်နေ့ တစ်နေ့ အပ်ရာပေါ်ကျော်ခင်းပြီး စာအုပ်ပဲဖတ်နေတာ။ တစ်ခန်းလုံး စာအ်ုပတွေက ပွစိကြဲ။ စားပွဲပေါ်မှာ စားပွဲအောက်မှာ မှန်တင်ခုံမှာ အိပ်ရာပေါ်မှာ နေရာ တိုင်း ကြီးစိုနေတော့ လူနေစရာတေင် မနည်းရှာယူရတဲ့ အဖြစ်။ တတိယသမီး ယမင်းကတော့ အသန့် အရှင်း ကြိုက်တဲ့နေရာမှာ နံပါတ်တစ်။ သူ့အခန်းကို ပြောင်လက်နေအောင် ရှင်းမယ်။ အိပ်ရာကို ပြန့်ပြူး နေအောင် ခင်းမယ်၊ ရေချိုးခန်းကိုလည်း ဖိတ်ဖိတ်စင်အောင် ဆေးမယ်။ အဲ.. သူ စိတ်လိုလို့ ရှင်းထား ပြီးရင် တစ်အိမ်သားလုံး မျက်ခုံးလှုပ်ဖို့ ပြင်ထားပေတော့ပဲ။ အိပ်ရာခင်း ကြေမှာစိုးလို့ အိပ်ရာပေါ်မလှဲရ၊ ရေချိုးခန်း အိပ်သာကိုလည်း မဝင်စေရ၊ သူဆေးကြောထားတာတွေ ပြန်ညစ်ပတ်ကုန်မှာစိုးလို့ အဲလိုမျိုး ထဲက။
နံပါတ်လေးသမီး သူဇာကျတော့ ဖိနပ်ဝါသနာပါတာ အရမ်း။ ပူဆာရင်လည်းအမေကို ဖိနပ်ပဲ ပူဆာတာ အပြင် ရသမျှ မုန့်ဖိုးဟူသမျှကလည်း ဖိနပ်ဆိုင်ကို အကုန်ပသပစ်တာမို့ သူ့မှာ ဖိနပ်အရန်ပေါင်းများစွာ ရှိပါတယ်။ အဲဒီဖိနပ်တွေ က တစ်ခါ အပြင်ထွက်တိုင်း တစ်ခါထုတ်ဝတ်၊ ပြန်လာတော့  လှေကားရင်းမှာ ချွတ်၊ ထွက်လေ တိုင်း စီးတဲ့ဖိနပ်တွေက လှေကားရင်းမှာ ကြာတော့ အပုံကြီး ဖြစ်လာတယ်ပေါ့။

အမြင်မတော်တဲ့ ဦးကျော်ဇောက "ခင့်သမီး ဖိနပ်ပုံကြီး ရှင်းခိုင်းပါဦး"နဲ့ ပြောလို့ အိမ်ဖော်ကလေးမကို ခေါ်ပြီး ရှင်းပစ်တာလည်း ခဏပါပဲ။ ဖိနပ်တွေက နေမြဲနေရာမှ အခြေကျ ရွာတည်ထားသလို ဖြစ်နေ တာမို့ အခု တောင်းကြီး နဲ့အတူ ထမင်းစားပွဲပေါ်မှာ တက်ပြီး စံပယ်နေကြလေတယ်ပေါ့။ ဦးကျော်ဇော ကအဲဒီလို အလိမ္မာ နဲ့ ပညာပြတတ်သလို ကျွန်မအမေကလည်း သူမကျေနပ်တာရှိရင် စာကပ်တတ်တဲ့ ဝါသနာလည်း ရှိသေးတယ်။ တစ်နေ့ ကျွန်မတို့အိမ်ကို နယ်က မိတ်ဆွေတစ်ဦး လာတည်းပါတယ်။ အဲဒီအမျိုးသမီးက စပ်လည် စပ်စု၊ ဆိုးဆိုးဆတ်ဆတ်နဲ့ အိမ်က ပစ္စည်းတွေကိုလည်း ပိုင်စိုးပိုင်နင်း ယူ သုံးနေတာ တွေ့တော့ မာမီက ကြည့် မရဘူး ထင်ပါရဲ့။ တစ်နေ့ ရေခဲသေတ္တာမှာ... "ဤမိန်းမသည် ရဲရင့်တည်ကြည်၏ မာမီမကြိုက်၊ မာမီ့အခန်းထဲ လာခွင့်မရှိ" ဆိုပြီး စာကပ်ထားပါသည်။ ကျွန်မက စောစောအိပ်ရာနိုးတတ်သူ ဖြစ်လို့ ဒီစာကို အရင်ဆုံး ဖတ်မိလေတယ်ပေါ့။ ဧည့်သည်မြင်သွားမှာစိုးတာ နဲ့ အပြေးအလွှား ဖြုတ်ပြီး သိမ်းထားလိုက်တယ်ပေါ့၊ ကျွန်မတို့ အိမ် ကတော့ ဘွားလေးပြောသလို တရုတ် မျက်လှည့်ကို ရုံသွင်းထားတဲ့အတိုင်းပါပဲ။

ဒီလိုနဲ့ ဒုတိယသမီးကေသီ တက္ကသိုလ်ရောက်ချိန်မှာ ဦးကျော်ဇောလည်း စီမံရေးရာကနေပြီး ဆောက် လုပ်ရေး ပစ္စည်းကိုင် ရတဲ့ ကုန်သွယ်ရေး (၁၅)ကို ပြောင်းရပါတယ်။ တာဝန်က ပိုကြီး၊အလုပ်က ပိုများ တော့ ညတိုင်းလို အိုဗာတိုင်တွေ နဲ့ အိမ်မှာနေရတဲ့အချိန် နည်းလာတာပေါ့။သူတင် အလုပ်ရှုပ်တာ မဟုတ်ဘူး။ ကျွန်မပါ အလုပ်ပို ပါတယ်။ 'ခင်ရေ၊ ဝန်ထမ်းတွေ ဒီနေ့မိုးချုပ်မှ ပြန်လာရမှာမို့ တရုတ်တန်း က ခေါက်ဆွဲကြော် ဝယ်ပြီးပို့ပါဦး၊ ပလာတာမှာခဲ့ပါဦး'နဲ့ အိတ်စိုက် ဝန်ထမ်းတွေကို ညစာကျွေးရသလို အိမ်ပေါက်စေ့လည်း ကျွန်မပါ အဖော်လိုက်ပြီး ကား နဲ့ ပြန်ပို့ရတဲ့အခါများစွာပါပဲ။
အဲလိုလုပ်ရင်း ကုသိုလ်ပြုခွင့် ကြုံရတာမျိုးလည်း ရှိရဲ့။ တစ်ခါက မြောက်ဥက္ကလာပက နောက်ဆုံး ဝန်ထမ်းတစ်ဦး ကို ပို့ပြီးအပြန်လမ်းပေါ်မှာ လူသုံးလေးဦးက ကားကို ဆီးတားလို့ ကြည့်လိုက်တော့ မွေး ခါနီး ကိုယ်ဝန်ဆောင်သည် တစ်ဦးနဲ့ သူ့အဖော်နှစ်ဦး ဖြစ်နေပါရော။ ကျွန်မတို့ ဒပ်ဖရင်းဆေးရုံထိ လိုက် ပို့ပေးလိုက်ကြ တဲ့ အပြင် ပိုက်ဆံအိတ်ထဲ ပါသမျှ ငွေကိုပါ လက်ထဲထည့်ပေးလိုက်ပါတယ်။

နောက်တစ် ခါတော့ တံတားလေးဘက်က ဂိုဒေါင်တွေကိုSurprise check သွားရတဲ့ဘက တစ်ယောက် တည်း မောင်းရမှာ ပျင်းလို့ဆိုပြီး ကျွန်မကိုလာနှိုး၊ အဖော်ခေါ်သွားတာ အပြန်မှာ လမ်းကြားထဲ လူတွဲနဲ့ အဘိုး ကြီတစ်ယော ကို မနိုင်မနင်းမပြီး ဆိုက်ကားပေါ် တင်နေတာ ကားမီးရောင်နဲ့ မြင်ရပါတယ်။ ကားရပ်ပြီး တကူအညီ လိုသလားမေးကြည့်တော့ အဘိုးကြီးက အသက်ကို ခက်ခက်ခဲခဲကြီး ရှူနေရရှာတယ်။ ဒါနဲ့ ကားပေါ် ဝိုင်းမတင်ပြီး ဆေးရုံကြီး အရေးပေါ်ရောက်အောင် အမြန်မောင်းရတယ်။ သူ့အဖော်ရဲ့ လက်ထဲလည်း ဦးကျော်ဇောအိတ်ထဲက ပါသမျှ ထည့်ပေးခဲ့ပါတယ်။ ဒါလေးတွေက သွားရင်းလာရင်း ကြုံတောင့်ကြုံခဲပြုခွင့်ရတဲ့ ကုသိုလ်လေးတွေပဲပေါ့။
ဦးကျော်ဇော နဲ့ ကျွန်မက အချစ်တွေ မေတ္တာတွေနဲ့ ရစ်ပတ်တုပ်နှောင်ထားတဲ့ ဇနီးမောင်နှံဆိုတာထက် သူငယ်ချင်း လို တစ်ဦးကိုတစ်ဦး အဖော်ပြုပြီး နားလည်မှုရှိကြတဲ့ ဘဝလက်တွဲဖော်လို့ ပြောရရင် ပိုမှန် ပါတယ်။ တစ်ဦး လိုအပ်တာ တစ်ဦးးဖြည့်ဆည်းပေးပြီး ကိုယ့်အတိုင်းအတာနဲ့ ကိုယ် လွတ်လပ်စွာလည်း ရပ်တည်ကြ လို့ပါပဲ။ ဒီလိုနဲ့ ရက်တွေ လတွေ ကုန်လာလိုက်တာ သမီးကြီးကေခိုင် တက္ကသိုလ်မှာ တတိယနှစ်တောင် ပြီးပါတော့မယ်။

တစ်နေ့ လန်ကတ်စတာလမ်းမှာ နေတဲ့ သူ့သူငယ်ချင်း June မြင့်ဆွေဆီ စာအတူ သွားကျက်ပြီး ပြန် အလာမှ...
'မာမီ June ရဲ့အစ်ကို Gilbert အမေရိကား စာသွားသင်မလို့တဲ့'
'အေး ကောင်းတာပေါ့'လို့ ကျွန်မက ပြောတော့....
'သမီးလည်း အမေရိကား စာသွားသင်ချင်တယ် ကိုကို့ကို ပြောပေးပါ့လား'
'ဟဲ.. ကူးစက်ရောဂါက တယ်မြန်ပါလားအေ၊ ဆေးမမီဘဲ ဖြစ်ဦးမယ်နော်'လို့ ကျွန်မက ရယ်ကျဲကျဲနဲ့ သူ့ ကိုစတော့...
'သမီး တကယ်ပြောတာ မာမီ နော်.. ကိုကို့ကို ပြောပေးပါ Gilbert က သံရုံးကိစ္စတွေ သူ ကူလုပ်ပေး မယ်တဲ့ အဲဒါ သူ မသွားခင်လုပ်မှ ဖြစ်မှာ'
ဒီတော့မှ သူတကယ် စိတ်ပါလက်ပါ ပြောနေတယ်ဆိုတာ ကျွန်မ သဘောပေါက်နားလည်ရတော့တယ် ပညာရေး ဆိုတော့လည်း ကျွန်မ အားပေးချင်ပါရဲ့ ငယ်ရွယ်သေးတဲ့ သမီးကို ရေးခြားမြေခြား ခွဲခွာ လွှတ်ရမှာလည်း ရင်ထဲ မှာ မကောင်းတာကတစ်ဖက်၊ သားကြီး ခင်မောင်ဝင်းခန့်ကို ဖုန်းဆက်တိုင်ပင် ကြည့်တော့ သူက လိုလိုလားလား ဝမ်းသာအားရနဲ့ သဘောတူ လက်ခံပါတယ်။
ဒီလိုနဲ့ မကေခိုင် အမေရိကား သွားဖြစ်ဖို့ ဇာတ်လမ်းစတယ်လို့ ဆိုပါတော့။

ဆက်ရန်
.

No comments: