Tuesday, January 22, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၂၉)

တစ်နေ့ လန်ကတ်စတာလမ်းမှာ နေတဲ့ သူ့သူငယ်ချင်း June မြင့်ဆွေဆီ စာအတူ သွားကျက်ပြီး ပြန် အလာမှ... 'မာမီ June ရဲ့အစ်ကို Gilbert အမေရိကား စာသွားသင်မလို့တဲ့'  'အေး ကောင်းတာပေါ့' လို့ ကျွန်မက ပြောတော့.... 'သမီးလည်း အမေရိကား စာသွားသင်ချင်တယ် ကိုကို့ ကို ပြောပေး ပါ့လား'
'ဟဲ.. ကူးစက်ရောဂါက တယ်မြန်ပါလားအေ၊ ဆေးမမီဘဲ ဖြစ်ဦးမယ်နော်'လို့ ကျွန်မက ရယ်ကျဲကျဲနဲ့ သူ့ ကိုစတော့... 'သမီး တကယ်ပြောတာ မာမီ နော်.. ကိုကို့ကို ပြောပေးပါ Gilbert က သံရုံးကိစ္စတွေ သူ ကူလုပ်ပေး မယ်တဲ့ အဲဒါ သူ မသွားခင်လုပ်မှ ဖြစ်မှာ' ဒီတော့မှ သူတကယ် စိတ်ပါ လက်ပါ ပြောနေတယ် ဆိုတာ ကျွန်မ သဘောပေါက်နားလည်ရတော့တယ် ပညာရေး ဆိုတော့လည်း ကျွန်မ အားပေးချင်ပါ ရဲ့ ငယ်ရွယ်သေးတဲ့ သမီးကို ရေးခြားမြေခြား ခွဲခွာ လွှတ်ရမှာလည်း ရင်ထဲ မှာ မကောင်းတာက တစ်ဖက်၊ သားကြီး ခင်မောင်ဝင်းခန့်ကို ဖုန်းဆက်တိုင်ပင် ကြည့်တော့ သူက လိုလို လားလား ဝမ်းသာအားရနဲ့ သဘောတူ လက်ခံပါတယ်။ ဒီလိုနဲ့ မကေခိုင် အမေရိကား သွားဖြစ်ဖို့ ဇာတ်လမ်းစတယ်လို့ ဆိုပါတော့။
ကို ဆက်ဖတ်ရန် ...........

အပိုင်း (၃၂)

"ရှေ့က နွားလား၊ ဖြောင့်ဖြောင့်သွားသော်"ဆိုတဲ့ စကားလိုပါပဲ။ မိသားစုတစ်ခုမှာ ရှေ့ဆောင်သူရဲ့ အတုကို ယူပြီးနောက်က လိုက်တတ်ကြတာမို့ အစ်ကိုလုပ်တဲ့သူက ပညာရေး အဓိကထးပြီး ကြိုးစား အားထုတ် တာမြင်တော့ ညီမလုပ်တဲ့သူကလည်း အစ်ကိုကိုအားကျလေတယ် ထင်ပါရဲ့။ သူလည်း နိုင်ငံခြားက ဘွဲ့ကောင်းကောင်း တစ်ခုကိုရယူချင်တယ်နဲ့ ရောဂါတက်ပါတော့တယ်။ ဒီတော့ ကျွန်မ လည်းသမီးရဲ့ အလိုကျဖြစ်အောင် ဆောင်ရွက်ပေးနိုင်စရာ ရှိတာတွေကို ဆောင်ရွက်ပေးဖို့ လှုပ်ရှား ရတော့တယ်ပေါ့။
အမေရိကား မှာ ကျောင်းဝင်ခွင့်ရရေးကိုတော့ ဟိုက်ဘက်ကနေပြီး သူ့အစ်ကို တာဝန်ယူ စီစဉ်ပေးနေ တာမို့ ကျွန်မ မပူပင်ရပေမဲ့ ဒီဘက်မှာ ကုန်ကျစရိတ်တွေလည်း တစ်ပုံတစ်ပင် ရှိနေသေးတာအပြင် မန္တလေးမှာ ငှားထား တဲ့ ယွန်းတန်းတိုက်က ကေခိုင့်နာမည်နဲ့ ထားထားတာဖြစ်လို့ ပြည်ပမထွက်ခင် ရှင်းသွားအောင် အဲဒီတိုက် ကို လက်ရှိငှားနေတဲ့မိတ်တွေရင်းကိုပဲ လက်လွှဲရောင်းလိုက်ပါတယ်။ ငွေခေါင်းကွဲသွားမှာ စိုးတာနဲ့ ချက်ချင်း ပဲ ရန်ကုန်မှာ မြေတစ်ကွက်သို့မဟုတ် အိမ်တစ်လုံး ပြန်ဝယ်မယ်ဆိုပြီး ပွဲစားနဲ့ ကျွန်မလိုက်ရှာတော့ တစ်နေ့ မှာ စိတ်ကြိုက်နေရာတစ်ခု တွေ့ပါရော။

ခြံကလည်း အကျယ်ကြီးအပြင် အလယ်မှာ ဧရာမရုပ်ရှင်စတူဒီယိုကြီး တစ်ခုလည်း ပါလိုက်သေး တယ်။ ရှေ့မှာက ရေကန်နှင့် ကြာဖြူကြာနီတွေက ရောင်စုံပွင့်လို့။ ကန်ဦးမှာလည်း စေတီဖြူဖြူလေးတစ်ဆူ ရှိတော့ ပနံရလိုက် တာ။ နေရာလေးက ချမ်းမြေ့ကြည်နူးစရာကောင်းပြီး ကဗျာဆန်ဆန်လှပလွန်းလို့ ကျွန်မ တစ်ချက်တည်း နဲ့ ကြိုက်နှစ်သက်သွားတော့တာပဲ။ ဒီနေရာရဲ့ အနုတ်လက္ခဏာ အပြစ်ဆိုစရာ အနေနဲ့ကတော့ ကမ္ဘာအေး ဘုရားလမ်းမကြီးကနေပြီး အတွင်းကိုဝင်တဲ့ ကန်လမ်းတစ်လျှောက်လုံး ကမြေနီလမ်းဖြစ်ရုံတင် မကဘူး။ ကျင်းတွေ၊ ချိုင့်တွေကလည်း များပြားလှပါဘိ။ ကားဘီးကို တစ်လှိမ့် ချင်းလှိမ့်ဝင်ရလောက်အောင်ကို လမ်း က ဆိုးပါတယ်။ ပိုင်ရှင်က အမြန်ရောင်းချင်နေတာ ဖြစ်တော့ ဈေးကလည်း နေရာနဲ့မလိုက်အောင် သက်သာ တဲ့နှုန်း ဖြစ်နေပါတယ်။

ကျွန်မ ငမိုက်သား ကတော့ ကြိုက်ပြီဟေ့ဆိုရင် နောက်မဆုတ်ဘဲ ရှေ့တိုးပြီး လုပ်ချင်တဲ့လူစားမျိုးလေ။ ဦးကျော်ဇော က "ခင် သေသေချာချာ စဉ်းစားဦးနော်"နဲ့ သတိပေးပါရဲ့။ ကျွန်မက "ဒီဈေးနဲ့ ကြိုက် တဲ့ နေရာ ရခဲလို့ ဒီအခွင့်အရေးကို အဆုံးမခံချင်ဘူး"ဆိုပြီး ကြားဖူးထားတဲ့ အာရပ်စကားပုံတစ်ခုရဲ့ အားကိုးနဲ့ ၀ယ်မယ် ဆိုတာကို တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီ အာရပ်စကားပုံကို စာဖတ်သူများလည်း ကြားဖူးပြီးသား ဖြစ်မယ်ထင်ပါရဲ့။ ပြန်မရနိုင်တာ (၄)မျိုး ရှိတယ် တဲ့။

(၁) ပြောလိုက်မိ တဲ့ စကား
(၂) ပစ်လိုက်မိ တဲ့မြား
(၃) ကုန်ဆုံးသွားရ တဲ့ ဘဝ
(၄) အသုံးမချမိ တဲ့ အခွင့်အရေး

ဒါကြောင့် ရရှိထား တဲ့ အခွင့်အရေးကို အသုံးချပြီး အရယူလိုက်တယ်ဆိုပါတော့။ ဦးကျော်ဇောက ကုန်သွယ်ရေး (၁၅)ကိုင်နေတာ မို့ ကာလတန်ကြေး သွပ်တွေ ဘယ်ဈေးရှိနေတယ်ဆိုတာ သိနေလို့ "အေး...ခင် ဆုံးဖြတ်တာ လည်း မှားတော့ မမှားဘူးကွ၊ ဒီစတူဒီယိုက သွပ်တွေခွာရောင်းရင်တောင် ၀ယ်ဈေးတစ်ဝက် မက ပြန်ထွက်လာ မှာ"တဲ့လေ။
ကျွန်မက အဲလို စီးပွားရေးအမြင်နဲ့ ကြည့်ပြီး ရွေးတာမဟုတ်ပါဘူး။ ကိုယ့်ခြံရှေ့မှာ ကြာမျိုးစုံရေကန် နဲ့ စေတီတော်ဖြူဖြူလေး က ပနံရတဲ့ ရှုမျှော်ခင်းကို ချစ်တာက နံပါတ် (၁)၊ နံပါတ် (၂)က မြေဧက အကျယ်ကြီး မို့  လက်ကျန်ကလေး ခြောက်ယောက် အတွက် နှစ်ယောက် တိုက်တစ်လုံး ဝေပုံကျ နဲ့ ရှေ့မှာ တိုက် သုံးလုံး ဆောက်ပေးပြီး နောက်ဘက် မှာ တိုက်သေးသေးလေး တစ်လုံး ကျွန်မအတွက် ဆောက်နေရင်း ကိုယ့်သားသမီးတွ ကို မျက်စိအောက်မှာထးဖို့ ရည်ရွယ်တဲ့ စိတ်ကူးအိမ်မက်လည်း ပါလေတယ်ပေါ့။

ဒါကြောင် ဒီမြေ ကို စာချုပ်တဲ့အချိန်မှာ ကျန်ရှိမဲ့ သားသမီး ၆ယောက်ထဲက အကြီးဆုံး သမီးဖြစ်တဲ့ ကေသီ့ ရဲ့နာမည်နဲ့ ၀ယ်ထားလိုက်ပါတယ်။ အရောင်းစာချုပ်ကိစ္စတွေလုပ်ပြီး ပြနလာတဲ့နေ့က ကားပေါ်မှာ ပွဲစားလုပ် တဲ့ ဒေါ်စိန်ကြည်ကလည်း အတူပါလာတယ်။ သူ့ကိုဘယ်နေရာ ပို့ပေးရမလဲ မေးတော့ ဗဟန်းက ဘုန်းကြီးကျောင်း မှာ ချထားပေးပါဆိုတာနဲ့ အဲဒီကျောင်းဆီကို ဦးတည်ပြီး မောင်း တယ်ပေါ့။ ကားပေါ်မှာ စကား စပ်မိရင်း ဒေါ်စိန်ကြည်ဆီက ရင်နာစရာကောင်းတဲ့ သတင်းတစ်ခု ကြားရပါတယ်။

"ဒေါ်ခင်မကြီး ရယ်၊ ကျွန်မတို့ကိုးကွယ်တဲ့ ဒီကျောင်းတိုက်ကို တောကရောက်လာတဲ့ မိသားတစ်စု ရှိတယ်၊ ဆင်းရဲ လိုက်တာ ၀တ်စရာ အ၀တ်လည်မရှိဘူး၊ ကလေးကသုံးယောက်၊ အကြီးမလေးက အပျိုဖော်ဝင်တော့ မယ်၊ ၀တ်ထားတဲ့ အ၀တ်လျှော်ထားရင်လဲစရာ မ ရှိလို့ ရင်ရှား နဲ့နေရတယ်၊ ဘုန်းကြီးကျောင်းမှာ အမြင် မတော်ဘူးပေါ့၊ ဒါနဲ့ကျွန်မက အ၀တ်ဟောင်းလေးတွေ ယူလာတာ၊ အဲဒါ သွားပေးမလို့"တဲ့။

ကျွန်မ ရင်ထဲ မှာ မကောင်းလိုက်တာ။ ကျွန်မမှာလည်း ဒီအသက်အရွယ် သမီးလေးတွေရှိနေတာမို့ ပိုပြီးလည်း ကိုယ်ချင်း စာမိတယ်ဆိုပါတော့။ သမီးတွေမှာရော၊ ကျွန်မမှာရော တစ်ပတ်ရစ် အ၀တ်တွေ ကတစ်ပုံတစ်ပင်ကြီး ရှိနေတာ မို့ အိမ်ကိုလိုက်ပြီး တစ်ခါတည်းယူသွားပေးပါလို့ ပြောပြီး ဒေါ်စိန်ကြည် ကိုအိမ်ခေါ်လာခဲ့ပါရော။ အ၀တ်တွေပေး ဖို့ ထုပ်ပိုးနေရင်း ကျွန်မရဲ့ သဒ္ဓါက ပိုပွားလာပြန်တယ်လေ။
"နေပါဦး၊ သူတို့ မှာ နေစရာအိမ်မရှိလို့သာ ဘုန်းကြီးကျောင်းမှာ လာပြီးကပ်နေကြရတာ၊ သမီးပျို လေးနဲ့ အနေကျဉ်းကျပ် ရှာမှာပဲ"ဆိုတဲ့အတွေးက ခေါင်းထဲရောကလာပါတယ်။ ကိုယ်ကိုယ်တိုင် တစ် ကြိမ်တစ်ခါ က ကျောခင်းစရာ နေရာလေးတစ်ခုအတွက် ရင်မောခဲ့ရဖူးတာကိုလည်း သတိရပြီး ကိုယ် ချင်းစာမိပြန်တာနဲ့...
"ဒီမှာ အခုခင်တို့ ၀ယ်လိုက်တဲ့ခြံထဲက စတူဒီယိုကြီးက မိုးလုံလေလုံနော်၊ အဲဒီ ဒေါ်စိန်ကြည်ပြောတဲ့ မိသားစု ကို ပေးနေလိုက်ရင် မကောင်းဘူးလား" နဲ့ ဦးကျော်ဇောကို သွားတိုင်ပင်တော့...
"အင်း.. .ကောင်းသားပဲ၊ ခြံစောင့်လည်း ရသွားတာပေါ့၊ ဒါပေမဲ့ အလားတော့ပေး မထားနဲ့၊ ခြံစောင့် အ ဖြစ် လာနေပေးပါ၊ တစ်လ လေးဆယ်ပေးမယ် လို့ ပြောရင်ကောင်းမယ်၊ အလကားထားရင် ပြန်ပြီး ဆင်းပေး ပါ ပြောချင် တဲ့ အခါ ခက်ဦးမယ်၊ လခနဲ့ငှားထားတဲ့ အလုပ်သမားဆိုတော့ ကိုယ်သဘောမကျ တဲ့တစ်နေ့ အလုပ်က ရပ်ဆိုင်းနိုင်တယ်၊ အဲဒါက ရှင်းတယ်"တဲ့။

ကျွန်မကတော့ လူတစ်ဦးတစ်ယောက် လိုအပ်တာရှိလို့ ကိုယ့်မှာလည်း ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအ နေ မျိုးမှာရှိနေ ရင် ရှေ့ရေးတွေနောက်ရေးတွေ တွေးမနေဘဲ ကူညီချင်တဲ့ စိတ်ကစောနေတတ် လို့ ကောက်ကာ ငင်ကာ ကူညီလိုက်ပြီးမှ ကိုယ့်အတာကျပြီး ဒုက္ခရောက်ရတာမျိုးလည်း ကြုံရဖူးပါတယ်။ စာဖတ်သူများ သင်ခန်းစာ ယူနိုင်အောင် ပြောပြရဦးမ်။
တစ်နေ့ ကျွန်မ မီးဖိုထဲမှာ ချက်ပြုတ်နေတဲ့အခိုက် ငယ်သူငယ်ချင်း မခင်ရီ (စာရေးဆရာမ တက္ကသိုလ် ညိုမေ) က ရောက်လာပြီး...
"မမ... အဲဒီယောက်မကြီး ချထားပြီး အ၀တ်မြန်မြန်လဲ၊ ကျွန်မနဲ့ လိုက်ခဲ့စမ်းပါ၊ မိနးကလေး တစ် ယောက် အတွက် အာမခံပေးမယ့်သူတစ်ဦး လိုနေလို့"တဲ့။

ဘာမှန်းမသိတဲ့ သူပြောတဲ့အတိုင်း လိုက်နာပြီး ချက်လက်စ ဟင်းအိုးကို အိမ်ဖော်မိန်းကလေးနဲ့ လွှဲထားခဲ့ရင်း သူနဲ့ အတူ လိုက်သွားပါတယ်။ အာမခံပေးရမဲ့ မိန်းကလေးကို မြင်လည်းမမြင်ဖူး၊ သိလည်းမသိ၊ နာမည်က ဘယ်သူ ဆိုတာတောင် မမေးမိပါဘူး။ ကျွန်မတို့များ အဲလောက်ကို အသုံးမ ကျခဲ့တာနော်။ ကားပေါ်ကျမှ မခင်ရီက ရှင်းပြ ပါတယ်။ အဲဒီအချိန်တုန်းက သူကတက္ကသိုလ်မှာ ဆရာမ လေ။

"မမရယ်၊ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်ကထိက ဒေါ်....ရဲ့ ယောက်မလေး မှတ်ပုံတင်ကိစ္စနဲ့ အမှုဖြစ် နေလို့ အာမခံပေး ပါလို့ အကူအညီတောင်းတာနဲ့ အာမခံဖို့ လိုက်လာတာ၊ ခုရုံးရောက်မှ တစ်ဦးတည်း မဟုတ် ဘူး၊ နှစ်ဦးအာမခံရမှာတဲ့၊ ဒေါ်...ကိုပြန်ဆက်သွယ်ဖို့ ငှာနကို ခေါ်တော့လည်း မရှိဘူး၊ ဒါနဲ့ တစ်ယောက်တည်း ကိစ္စပြီးသွားအောင် စဉ်းစား တာ မမက အနီးဆုံးမို့ လာဆွဲခေါ်ရတာ" တဲ့။
မခင်ရီ နဲ့က ဟိုးငယ်ငယ်ကွန်ဗင့်ကျောင်းမှကြတည်းက ဘော်ဒါအတူ နေလာတာမို့ ညီအစ်မရင်းချာ လို့ရင်းနှီး ချစ်ခင်နေကြတာ နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်တဲ့အပြင် ရန်ကုန်ရောက်လာတော့လည်း တစ်ဦးအကြောင်းရှိ တစ်ဦး ကူညီနေကြမြဲဖြစ်လို့ ရှည်ရှည်ဝေးဝေးတွေလည်း တွေးပြီးမေးမြန်းမနေဖြစ် ပါဘူး။ သူကလိုက်ပြီး အာမခံလက်မှတ်ထိုးပေးပါ ဆိုတာနဲ့ ထိုးပေးလိုကတာပဲ။ တရားခံဆိုတဲ့ မိန်းက လေးကလည်း ကထိက ဒေါ်... ရဲ့ ယောက်မ မို့ ပညာတတ် ရုပ်၊ ရည်ရည်မွန်မွန် ငယ်ငယ်လေးရယ်။ နာမည်က Agnesတဲ့။ တရုတ်ကပြားမလေး ပါ။

ပြန်လာတော့ မိန်းကလေးတစ်ယောက် အချုပ်အနှောင်က ထုတ်လာခဲ့တာအတွက် ကုသိုလတောင် ရသေးရဲ့ လို့ ကိုယ့်ဟာကိုယ်လည်း ကျေနပ်ကြည်နူးလို့ပေါ့။ ရက်တွေ လတွေကြာတော့ ဒီကိစ္စတောင် မေ့မေ့ပျောက်ပျောက် ရှိနေ ပါပြီ။ တစ်ညနေ ရဲအရာရှိနှစ်ယောက်က ရောက်လာကြပြီး ကျွန်မကို အရေးယူ ဖို့ ၀ရမ်း ပါလာတယ်လို့ ဆိုပါလေရော။ ဒီအချိန်မှာ ဦးဝိစာရလမ်းက ဓာတ်ဆီဆိုင်ပိုင်တဲ့ ဦးမြဟန် ဆိုတဲ့ မိတ်ဆွေတစ်ဦး ကလည်း လာလည်ရင်းစကားလက်ဆုံကျနေခိုက်လေ။
"ဟင်... ဘာပြစ်မှုများ ကျူးလွန်မိလို့လဲ"နဲ့ ကျွန်မက ရယ်ကျဲကျဲနဲ့ အရာရှိတွေကိုတောင် ပြန်ပြီးမေး နေ မိသေး တယ်။
ကျွန်မ ရဲ့ မခင်ရီတို့ တစ်ယောက် နှစ်သောင်းခွဲစီနဲ့ အာမခံထားတဲ့ Agnesဆိုတဲ့ မိန်ကလေးကို ရှာမ တွေ့တော့ လို့ အရေးယူမှာဆိုပဲ၊ ဒီတော့မှ ကျွန်မလည်း တအံ့တသြဖြစ်လို့ အရာရှိက ရဲဌာနကို လိုက် ရှင်း ပါတဲ့၊ ကျွန်မ ကို အာမခံပေးမဲ့သူနှစ်ဦးလည်း တစ်ခါတည်းခေါ်ခဲ့ပါဆိုတာနဲ့ ဧည့်သည်ဦးမြဟန်နဲ့ ဦးကျော်ဇော ကိုပါ အာမခံဖို့ တစ်ပါတည်း ခေါ်သွားရတယ်ပေါ့၊ ဦးကျော်ဇောက ကျွန်မကို တစ်လမ်း လုံး အပြစ်တင် လို့ မဆုံးဘူး။

"ခင်တို့များကွာ၊ လူတကာကို တယ်ပြီး လွယ်လွယ်ကူကူ ကူညီချင်တာပဲ၊ ခုတွေ့ပြီဟုတ်လား"တဲ့။
ကျွန်မ အမေ ဆို ဆုံးမဖူးတဲ့စကားကိုလည်း ကြားယောင်မိပါတယ်။
"ဘယ်တော့ မှ လင်မယား၊ သားအမိကြားမှာ ၀င်မပါနဲ့၊ ဘယ်လောက် စိတ်ဆိုး နေနေပြတ်နိုင်ကြတာ မဟုတ်ဘူး၊ တစ်နေ့ပြန်ပြီး သင့်မြတ်ကြရင် ကိုယ်ပဲ အမုန်းခံရမှာ"တဲ့။
နံပါတ် (၂) က ဘယ်သူ့အတွက်မှ အာမခံလက်မှတ်ထိုးမပေးနဲ့၊ တစ်နေ့ကိုယ့်တာဝန် ဖြစ်လာမယ်တဲ့။
နံပါတ် (၃) က ကိုယ်ပိုင်အမိုးရဲ့ အောက်မှာ အမြဲနေနိုင်အောင်ကြိုးစား။ သူတစ်ပါးရဲ့ အမိုးအောက်မှာ ခိုရရင် သူတစ်ပါး ရဲ့အလိုကျ ကိုယ်က နေတတ်ရမယ်၊ ကိုယ့်ရဲ့ လွတ်လပ်ခြင်းဆုံးရှုံးစေတယ်၊ ငါ့သမီး မြဲမြဲမှတ်ထား" တဲ့။

အဖိုးတန်တဲ့ ဒီစကားတွေကို အလေးထားပြီး မနာယူမိတဲ့ ကျွန်မရဲ့အမှားပါ။ ကျွန်မနဲ့ မခင်ရီ ပါ နှစ်ယောက်စလုံး ကို အာမခံတွေနဲ့ ရဲဌာနက ပြန်ထုတ်ခေါ်လာရပြီး တရားဆိုင်ရပါတယ်။ မခင်ရီခမျာ လုပ်ဖော် ကိုင်ဖက် မိတ်ဆွေကထိက ကို စေတနာထား၊ အကူအညီပေးကောင်းလိုက်တာ အဲဒီကထိက သြစတြေးလျားနိုင်ငံ ကို ထွက်သွားတော့ သူ့ကိုတောင် အသိမပေးဘဲ ယောက်မလုပ်တဲ့ မိန်းကလေး ကိုနောက်ဖေးပေါက် နယ်စပ် ကနေ ထိုင်းနိုင်ငံဘက်ကူးပြီး အတူခေါ်သွားလေရဲ့။ ဒီအမှုအပေါ်ပေါက် လာမှပဲ ကျွန်မ တို့လည်း ဖြစ်ကြောင်းကုန်စင်ကို လိုက်စုံစမ်းကြည့်မှ သိရတာပေါ့။
ကျွန်မတို့နှစ်ယောက် မှာ ဘာမှန်းမသိလိုက်ရဘဲ အာမခံမိတဲ့ ငွေနှစ်သောင်းခွဲစီလည်ပင်းစွပ်ပြီး ကျန်ခဲ့ ကြတာပေါ့။ ဒီအမှု ကို ရင်ဆိုင်ဖို့ ၀တ်လုံလိုတော့ ကျွန်မတို့နဲ့ ရင်းနှီးတဲ့ ၀တ်လုံတစ်ဦးက အလကား လိုက်ပေးပါ တယ်။

"ခင်ဗျား တို့နှစ်ယောက်တော့ဗျာ၊ ကျူပ်မကောင်းတတ်လို့ လိုက်ပေးတာ၊ မှတ်သွားအောင် အနည်း ဆုံးရုံးမင်း တစ်ထိုင် ထောင်ဒဏ်လောက်တော့ ကျခံစေချင်တယ်"တဲ့လေ။ တရားသူကြီးကလည်း ကျွန်မ တို့နှစ်ယောက် စေတနာ နဲ့ ကူညီခြင်းကို တစ်ဖက်က အလွဲသုံးစားလုပ်သွားတာသိထားလို့ တပြုံးပြုံး နဲ့လေ။ အမှုချိန်းတိုင်း အလုပ်ပျက်၊ အချိန်ကုန်ခံပြီး ရုံးတော်ကို သွားရတဲ့ဒုက္ခကိုလည်း ခံရပါ တယ်။ ပေးလျော်ရတဲ့ငွေ ကိုတော့ သူ့ကြောင့်ဖြစ်ရတာဆိုပြီး မခင်ရီက အရစ်ကျစနစ်နဲ့ ဆပ်ပြီးတာဝန်ယူတဲ့ အတွက်တော်လေသေးရဲ့။

အဲလိုသာ မပေးဆပ်နိုင်ခဲ့ရင် ကျွန်မတို့ မဆီမဆိုင်နဲ့ ထောင်ထဲ ရောက်ရမဲ့ကိန်းပါပဲ။ ဒါကြောင့် ယုတ် မာသူ နဲ့တွေ့ကြုံရပြီ ဆိုတဲ့ အခါ စေတနာထားပါလျက်နဲ့ ကောင်းကျိုးမရဘဲ ကိုယ့်မှာ အန္တရာယ်တောင် ရှိလာနိုင် တယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးတဲ့အတွက် စာဖတ်သူများ သင်ခန်းစာ ယူရအောင် ကြုံတုန်း ပြောပြရခြင်းပါ။ အခုလည်း အမှတ်မရှိတဲ့ အဲဒီမိသားစုကို ကူညီဖြစ်သွားပြန်ပြီပြီလေ။ သူတို့တစ်တွေ ခြံထဲပြောင်း လာပြီးတဲ့နောက် ကလေးတွေလည်း အ၀တ်အစားပြောင်ပြောင်ရောင်ရောင်နဲ့ ကြည့်ပျော် ရှုပျော်ဖြစ်လို့။ အဖေလုပ်တဲ့ သူကလည်း ရှေ့ရေကန်ထဲက ကြာပွင့်ကြာဖူးတွေ ခူးပြီး ဈေးမှာ သွားရောင်းတော့ ၀င်ငွေအပိုရပြီး ဟန်ကျ လို့။ ဒီအထဲ ကျွန်မတို့ခြံဘက် ရောက်တိုင်း ဆန်၊ ဆီ၊ ဆား ကအစစားစရာလေးတွေ ယူသွားပြီး ပေးဖြစ်ပါသေးတယ်။ ဒီလိုနဲ့ ကိုယ်တတ်နိုင်သလောက် စောင့် ရှောက်ထားတယ် ဆိုပါတော့။

တိုက်ရောင်းတဲ့အထဲက ခြံဝယ်လို့ ပိုတဲ့ငွေကို သမီး "ကေခိုင်"ပညာသင်သွားရေးအတွက် လိုအပ်တဲ့ ကိစ္စ မှန်သမျှ အသုံးချပြီးတဲ့အပြင် ငွေနည်းနည်းပါးပါး ထပ်စိုက်ပြီးမိသားစုအတွက် သုံးဖို့ ကားလေး တစ်စီးလည်း ၀ယ်လိုက်ပါတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ဘက်စုံ ပြည့်စုံလာတယ်ဆိုပါတော့။ သမီးကေခိုင် အတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားဆဲအချိန်မှာ ဟိုကျရင် စားလိုက်နိုင်အောင်ဆိုပြီး အင်္ဂလိပ်စာ သင်တန်း တို့၊ လက်နှိပ်စက်သင်တန်းတို့လည်း တစ်ဖက်ကတက်ခိုင်းထားရသေးတယ်။ ဒါတင်မကသေးပါဘူး။ အဲဒီအချိန် မှာ ကျွန်မရဲ့ဝမ်းကွဲတစ်ကိုရဲ့သမီး "သဇင်တင်မောင်မောင်"ကလည်း ဟောင်ကောင်ကို ထွက်တော့ မှာကြောင့် သူတို့ညီအစ်မနှစ်ယောက် ပန်တျာကျောင်းက ဆရာမကို အိမ်မှာ ခေါ်ပြီးတောင် မြန်မာ အက သင်တန်းတွေ ဘာတွေတက်လိုက်ကြပါသေးတယ်။ သူတို့နှစ် ယောက်ပေါင်းပြီး စိတ်ကူးမျိုးစုံနဲ့ ချုပ်ထား တဲ့ မြန်မာဝတ်စုံ ကြိုးကြီးချိတ်တွေ ဇင်းမယ်တွေကလည်း ရောင်စုံ၊ သေတ္တာနဲ့ အပြည့်အသိပ်ပါပဲ။
ဒီအချိန်မှာ "မကေခိုင်"ကား ကားမောင်ကျွမ်းနေပါပြီ။ ဒါကြောင့် ကားတ၀ီဝီနဲ့ သူငယ်ချင်းတွေစုပြီး လုပ်ပေးကြတဲ့ ဖဲဝဲလ်ပါတီတွေကလည်း နေ့စဉ်နဲ့အမျှ တက်ရတာကအမော။ ပြင်ရဆင်ရ၊ ထုပ်ပိုးရ တာက တစ်ဖက်။ သင်တန်းတွေစုံအောင် တက်ရတာ တစ်လီနဲ့ စာရင်းရှုပ်နေတာ မိုးလင်းကမိုးချုပ် သူ့ကိုအိမ် မှာ မြင်ရခဲမျှပါပဲ။ ဒါလောက်ရှုပ်နေတဲ့အထဲက ဘယ်လိုအချိန်ရပြီး ရှာလေတယ်မသိပါဘူး။ တစ်နေ့မှာ သူ့အခန်း ထဲက သီချင်းသံ တစ်ခုထွက်လာပါတယ်။
"အပေါ်ထပ်နဲ့ 
အောက်ထပ်ဇာတ်လမ်း
တွေ့မှတွေကတတ်ပလေစမ်း
နေ့စဉ် တန်းမိ မျက်မှန်း
တွေ့ရင် ဘုကျရှက်ရမ်း
သိပ်တော့ စိတ်မတိုနဲ့
ရင်မှာကြင်နာ ၀င်လာပါရင်

ချစ်ရမှာပဲ"နဲ့ သံကုန်ဟစ်အော်လိုက်ပြီး ဒိန်းဒိန်းဒိုင်းဒိုင်းနဲ့ နောက်ခံတီးလုံးတွေလည်း ဆူဆူညံညံ ကြားလိုက် ရတော့ ကျွန်မတို့မှာ အထူးအဆန်းဖြစ်ပြီး ကိုယ့်အခန်းထဲက ပြေးထွက်လာရင်း...
"ဘာတွေလဲဟဲ့"နဲ့ မေးယူရပါတယ်။
"အဲဒါ အဆိုတော် မင်းမင်းလတ်ရဲ့ အသံ၊ စတီရီယိုတေးလို့ ခေါ်တယ်၊ ခုခေတ်စားပြီး ဆိုနေတဲ့ပုံစံ"တဲ့ လေ။
ဒါလောက်ဝိုင်းဒိုင်းကြဲတဲ့ တေးဂီတသံမျိုး တစ်ခါမှ မကြားဖူးလို့ ကျွန်မတို့လည်း နှလုံးတုန်ရင်ခုန်ဖြစ် လို့။ အငယ်ကောင်တွေ ကတော့ "ဒီသီချင်းကမှ ကောင်းတာ၊ ကြိုက်လှချည်ရဲ့"ဆိုပြီး သူတို့အစ်မ သယ်လာတဲ့ ကက်ဆက်ခွေတွေ ကို ထပ်တလဲလဲဖွင့်နေကြတာ။ အိမ်သားတွေမှာ နားများကို အူလို့ပါ ပဲ။
"မယ်မင်းကြီးမ၊ အမေရိကားသွားမှာ အေးအေးမသွားဘဲ ဒါလောက်ဆူညံတဲ့ တေးသီချင်းတွေ သယ် လာပေးသွား ရသေးတယ်"နဲ့ ပြောတော့...
"အဲဒါပေါ့၊ မာမီ တို့ ခေတ်မမီတာ"တဲ့လေ။

ဆယ်ကျော်သက်များနဲ့ နေရတဲ့ ဒုက္ခထဲမှာ ဆူဆူညံညံအသံတွေကို ခေတ်မီစွာနဲ့ နားပူခံနေနိုင်ရခြင်း လည်းတစ်ခု ပါပါသေးတယ်နော်။
ဒီလိုနဲ့ သမီးကေခိုင်လည်း အမေရိကားထွက်ဖို့ ရက်နီးလာတော့တယ်။ အမေရိကားကို တိုက်ရိုက်မ သွားသေးဘဲ လမ်းအကြုံဟောင်ကောင်နဲ့ ဂျပန်မှာ ၀င်ပြီး လည်ချင်သေးတယ်ဆိုပြန်လို့ အဲဒီအတွက် လည်း စီစဉ်ရသေးတယ်ပေါ့။ ဟောင်ကောင်မှာတော့ ရောက်နှင့်နေကြပြီဖြစ်တဲ့ ကျွန်မရဲ့အစ်ကို ဦးတင်မောင်မောင် တို့ မိသားစုရော၊ မောင်ငယ်မောင်မောင်ဖြင့် မိသားစုပါ ရှိထားလို့ ၀င်လည်ဖို့ အဆင်ပြေပါတယ်။ ဂျပန်မှာက လူခံ မရှိတာကြောင့် ၀င်သင့်၊ မ၀င်သင့် စဉ်းစားနေဆဲပဲ ရှိသေးတယ်။ တစ်နေ့ အတွင်းဝန်ရုံးက ပြန်အထွက်မှာ ကျဆုံးသွားတဲ့ အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ်ရဲ့သား ကိုတင်မြနဲ့ ဆုံမိကြတော့...

"မမခင်ကြီး ဘာလာလုပ်တာလဲ"နဲ့ နှုတ်ဆက်ရင်း စကားစပ်မိသွားတာ။ ကိုတင်မြင့်က လိုလိုလားလား နဲ့ "သူဝင်လည်ချင်ရင် လည်း လည်ပါစေ မမခင်ရယ်၊ တိုကျိုမှာ ကိုတင်ကြည်ရှိတယလေ၊ ကျွန်တော် ဖုန်းဆက် ထားလိုက်မယ်၊ မမခင် ဘာမှမပူနဲ့၊ အဲဒီအတွက် ကျွန်တော်အကုန် တာဝန်ယူလိုက်မယ်" ဆို ပြီးအစအဆုံး စီစဉ်ပေးလိုက်တာ နဲ့ ဂျပန်ကို ၀င်လည်ဖို့လည်းအဆင်ပြေသွားပြန်ပါရော။ သားကြီးဝင်း ကလည်း သူ့ဦးလေး မောင်မောင်မြင့်ဆီ ညီမလာရင်သုံးဖို့အတွက်ရော၊ ကျွန်မတို့ မိသားစုအတွက် လက်ဆောင် ပစ္စည်းတွေ ၀ယ်ပေးဖို့ပါ ငွေကြိုတင်ပို့ပေးထားလိုက်ပါတယ်။ ဒါကြောင့် မကေခိုင်လုပ် ချင်သမျှ ဆန္ဒတွေ ပြည့်ဝသွားလေတယ်ပေါ့။

သွားချင်တုန်း ဖျပ်ဖျပ်လူး ဖြစ်နေတဲ့ကလေးမ။ အိမ်က တကယ်ခွာရမယ်ဆိုတော့ တရှုပ်ရှုပ်နဲ့ ငိုလို့ မဆုံးဖြစ်နေပြန် ပါတယ်။ ခွဲခွာရခြင်းဆိုတာ ရင်နာရစမြဲပါပဲလေ။ ကျွန်မတို့ အိမ်သားတွေလည်း လက် တွေ့ ခွဲခွာရတော့ မှာကို နီးကပ်လာလေ ပိုပြီးကြေကွဲဝမ်းနည်းခံစားရလေ။ အထူးသဖြင့် သွေးသားနဲ့ ရင်းပြီး မွေးခဲ့ရ တဲ့ မိခင်ကျွန်မ ရဲ့ ရင်မှာ ခံစားရခြင်းကပြင်းထန်လှပါတယ်။ ပညာရေးမို့သာ အားပေးတဲ့ အနေနဲ့ အံကြိတ်ပြီး စွန့်လွတ် လိုက်ရခြင်းပဲဆိုပါတော့။

ဘယ်လောက်ပဲ ဦးနှောက်က အသိတရားနဲ့ နှလုံးသားကို ထိန်းထားပေမဲ့ ရုတ်ရက် မျက်စိအောက် က ပျောက်သွားတဲ့ သမီးရဲ့ လှုပ်ရှားပုံလေးတွေကို တရေးရေးမြင်ယောင်ပြီးလွမ်းရင်း၊ ရေခြားမြေခြားမှာ အစ်ကို နဲ့တကွ ယောက်မနဲ့အဆင်ပြေအောင်မှ နေတတ်ပါ့မလားနဲ့စိတ်ပူရင်း ရင်မှာ ခံစားရတဲ့ဝေဒ နာနဲ့ အိပ်မပျော် ညတွေကို ဖြတ်သန်းရပါတော့တယ်။ သားကြီး "၀င်း"က အဲဒီအချိန်မှာ ရှိကာဂိုကနေ ပြီး တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ကို ရောက်သွားလေတယ်ပေါ့။ သူ့ညီမ ရောကလာတာနဲ့ ချက် ချင်းဆိုသလို အစ်ကိုက ဟူစတန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့ စီစဉ်ပေးလိုက်တာမို့ သူခမျာ နားချိန် အားချိန်မရတော့ဘဲ ရောက်မဆိုက် ကျောင်းစပြီး တက်ရတော့တာပါပဲ။

အဲဒီ ၁၉၇၀ ခုနှစ်ဝန်းကျင် နှစ်ပိုင်းတွေတုန်းက အခုလို အမေရိကားမှား မြန်မာမိသားစုတွေ များများ စားစားရှိကြတာ မဟုတ်သေးပေမဲ့ "ကေခိုင်"အတွက် ကံကောင်းချင်တော့ ဟူစတန်မှာ ရင်နှီးတဲ့ သက် တူရွယ်တူ လူငယ်မိသားစုလေး ငါးဦး ရှိနှင့်နေကြတယ်လေ။ မြန်မာ့ရေနံက ဥက္ကဌဦးအဟိန်း ရဲ့သား နော်မန် ကလည်း ကျွန်မရဲ့သားကြီး "၀င်း"နဲ့ စိန်ပေါလ်ကျောင်းမှာကတည်းက လည်ပင်းဖက်ပြီး ကြီး လာကြတဲ့ ငယ်သူငယ်ချင်း။ ဒါ့အပြင် ကျွန်မတို့ မဟာဗန္ဓုလလမ်းမှာ ဆိုင်ဖွင့်တော့ ကပ်လျက် မော် တော်ကားဝပ်ရှော့က ဆရာကြီး ဦးအခင်ရဲ့သမီး လီလီတို့၊ မော်လီတို့၊ နိုရာတို့ ညီအစ်မတစ်တွေက အများကြီးရှိတာ မကသေးဘူး။ သူတို့အမေက သားသမီးတွေကို အေကနေ အိုအထိ အက္ခရာစဉ်နဲ့ နာမည်ပေးပြီး မွေးထားတဲ့ မောင်နှမ တီးယိုး တစ်တွေကလည်း ဟူစတန်မှာ တစ်ဝက်လောက်ရောက် နေကြပါတယ်။ လူငယ်လူရွယ်တွေ ဆိုတော့ ကျောင်းအား ရုံးအားရက်တွေမှာ စုမိဆုံမိကြပြီး အိမ်လွမ်း နာကိုဖြေကြရတယ်ဆိုတာ ကြားရလို့ ကျွန်မမှာ ဖြေသာနေသာရှိသွားပါတော့တယ်။
ဒီလိုနဲ့ ကြိုးစား စိတ်ဖြေပြီး ကိုယ့်အလုပ်နဲ့ကိုယ် ပုံမှန်လည်ပတ်ရင်း အချိန်ကုန် လာလိုကတာ တစ်နေ့မှာ ဘွားလေး က စကားတစ်ခွန်း ဆိုလာပါတယ်။

"ငါ့မြေးရယ်၊ ဘွားလေးလည်း အသက်ကြီးလှပြီ၊ မန္တလေးအိမ်ကို ဒီတိုင်းပစ်ထားရတာ မထူးပါ ဘူး၊ ရောင်းလိုက်ပြီး ဘွားလေး လှူစရာ ရှိတာတွေလည်း လှူချင်တယ်၊ ကိုယ့်အသုဘစရိတ် ကိုယ်ဖယ် ထားပြီး ပိုတာ ကိုလည်း သမီး ခင်ခင်လှနဲ့ငါ့မြေးကို ညီအစ်မနှစ်ယောက်ကို အမွေခွဲပေးချင်တယ်"တဲ့။
ဘွားလေးမှာ တောင်တွင်းကြီးမှာနေတဲ့ သမီးတစ်ယောက်အပြင် ကွယ်လွန်သွားတဲ့ သားကမွေးထားတဲ့ တစ်ဦးတည်းသောသမီး မြေးကြည်ကြည်ဝင်းဆိုတာကလည်း ရှိသေးတယ်လေ။ ဒါနဲ့ဘွားလေး စိတ် ချမ်းသာတဲ့ အတိုင်း လုပ်ပေါ့ဆိုပြီး ရောင်းဖို့ စီစဉ်မယ်လုပ်ပါရော။ ဒီတော့ ဦးကျော်ဇောက စိတ်ကူးတစ် မျိုးပေါက် လာပြန်ပါတယ်။
"ခင်ရေ၊ ကိုယ်ကလည်း လခစားလုပ်ရတာ စိတ်ကုန်ပြီကွာ၊ အလုပ်ထွက်ချင်တယ်၊ အခုဘွားလေး ရောင်းမယ် ဆိုတဲ့ အိမ် ကို ဈေးဖြတ်တဲ့အတိုင်း ယူလိုက်ပြီး အဲဒီအိကိုဖျက်၊ တိုက်တစ်လုံးဆောက် ပြန်ရောင်းစားရင် လခစား လုပ်တာထက် တွက်ချေကိုက်ဦးမှာ၊ ခုကိုယ်က ဆောက်လုပ်ရေးပစ္စည်းကိုင် လာတော့ ဒါတွေလည်း နားလည်နေပြီလေ"တဲ့။

အလုပ် ကို စိတ်ကုန်တယ်ဆိုတော့ ကျွန်မလည်း သူ့ဆန္ဒအတိုင်း "သဘောပဲ"လို့ ပြေလိုက်ပါတယ်။ ဒီလိုနဲ့ ဦးကျော်ဇော ကုန်သွယ်ရေးက ထွက်ပြီး မန္တလေးမှာတိုက်သွားဆောက်နေလေရဲ့။ တစ်လတစ် ခါ၊ နှစ်လ တစ်ခါ ပဲ ရန်ကုန်ကို ပြန်လာတတ်ပါတယ်။ ကျွန်မတို့မှာ ငွေပိုငွေလျှံက သိပ်ရှိတာမဟုတ်လို့ ပစ္စည်းဝယ်စရာ ကြုံတဲ့အခါ ဟိုကဆွဲရ၊ ဒီကဆွဲရနဲ့ ကြွေးတွေ မတင်စဖူး တင်လာတာကြောင့် ရင်လည်း ပူမိပါတယ်။ တိုက် ကတော့ တဖြည်းဖြည်း အကောင်အထည်ပေါ်လာပါပြီ။ ကာလတန်ကြေး နဲ့ပြန်ရောင်းရင် အမြတ်ကလေး တစ်လုံးတစ်ခဲ ပေါ်တဲ့အခါ ရန်ကုန်က မြေမှာတိုက်တစ်လုံးဆောက်စ ရာထွက်လာလိမ့်မယ် လို့ လည်း မျှော်မှန်းမိတယ်ပေါ့။ ဒါကြောင့်(ယခု ဗိုလ်ထွန်းမြတ်လမ်း)မှာနေတဲ့ ဗိသုကာဦးလှဖေဆီ ကျွန်မက အိမ် ပုံစံတောင် ကြိုပြီး အပ်ထားလိုက်သေးတယ်။ ဘာဖြစ်လို့လဲဆို တော့သမီးတွေက အရွယ်ရောက် ကုန်ကြပါပြီ။ နောက်ဆုံးနှစ် တက္ကသိုလ်မှာ တက်နေတဲ့ သမီးလတ် ကေသီလည်း ကျောင်းပြီးလို့ ဘွဲ့ ရခါနီးနေပြီ။ ဒီနှစ်ထဲမှာ နံပါတ်လေး သမီး ယမင်းကလည်း ပထမနှစ် ဥပစာမှာ တက်နေရပြီမို့ နှစ်ခြားဆိုသလို ဘွဲ့တွေအသီးသီးရပြီး အလုပ်အကိုင်ကိုယ်စီနဲ့ လူကြီးစာရင်း ၀င်ကြတော့မှာ မဟုတ်လားနော်။

No comments: