သူ လိုချင်တဲ့ သမီး မရသေးတော့ ကျွန်မရဲ့သမီးအထွေးဆုံး (ကေသီ)ကို လက်ကမချတော့ဘူး။ ဒီလိုနဲ့ မျှော်လင့်ချက် ပျက် ခဲ့ရတဲ့ လပေါင်းများစွာ လွန်မြောက်လာချိန်မှာ ကျွန်မ ကိုယ်ဝန် ရလာပါ ရော။ ကျွန်မ ထက်တောင် ဦးမြလှိုင်က စိတ်တွေလှုပ်ရှားပြီး အပျော်လွန်နေလေသေး ရဲ့။ ကျွန်မ လည်း သူ့အလို ကို ဖြည့်ဆည်းခွင့်ရတာမို့ ကျေနပ်ကြည်နူးလို့ပေါ့။
သာယာ တဲ့ အိမ်ထောင် တစ်ခု ဖြစ်ဖို့ဆိုတာ တစ်ဦးအလို တစ်ဦး ဖြည့်ဆည်းပြီး ရည်မှန်းချက် ပန်း တိုင် တစ်ခုတည်း ဆီကို နှစ်ဦး အတူ မျက်နှာမူပြီး လက်တွဲလျှောက်လှမ်းနိုင်ခြင်းပဲ မဟုတ်လားနော်။ ကို ဆက်ဖတ်ရန် .....
အပိုင်း (၂၄)
ဥယျာဉ်မှူးက ဂရုတစိုက်နဲ့ ရေလောင်းပေါင်းသင်ပြီး နေရောင်ခြည်ရဲ့ ထွေးပိုက်မှုနဲ့ နှင်းဆီပန်းလေးဟာ လတ်ဆတ် လန်းဆန်း ငွားဝင့်စွာနဲ့ ဥယျာဉ်အလယ်မှာ ထည်ဝါနေလေရဲ့။ မေတ္တာရဲ့ ထွေးပိုက်မှု ရကြတဲ့ သူတိုင်း ဟာ ကျေနပ်ကြည်ရွှင်ပြီး တက်ကြွလန်းဆန်းနေတတ်ကြတာ ဓမ္မတာပါပဲ။ အထူးသဖြင့် ကိုယ် ချစ်ရသူနဲ့ ကြည်ဖြူစွာ လက်ထပ်ပြီးတဲ့ သူတိုင်းရဲ့ ရင်ထဲမှာလည်း ဒီလိုပဲ ရှိကြမှာပါနော်။
ကျွန်မ တို့ နှစ်ယောက်မှာလည်း မျှော်မှန်းထားတဲ့ သားသမီးရတနာလေး ရတော့မှာမို့ လှပတဲ့ အနာဂတ်ကို စိတ်ကူးယဉ် အိမ်မက်ပြီး တက်ကြွနေတော့တာပေါ့။ ဒီအချိန်မှာ အပြောင်းအလဲ တစ်ခု ဖြစ်လာပါတယ်။ ဦးမြလှိုင် မြ၀တီမဂ္ဂဇင်းတိုက်က အလုပ်ထွက်ပြီး သူ့အစ်ကို ကိုကိုလှ ပိုင်တဲ့ လက်ျာကုမ္ပဏီ မှာ ပြောင်းလုပ် ဖို့ ဖြစ်လာပါရော။ အချိန်အခါက ဖဆပလခေတ် စီးပွားရေးဈေးကွက် ကောင်းနေချိန်ဖြစ်တော့ ကိုကိုလှ ပိုင် လက်ျာကုမ္ပဏီက နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး လုပ်ငန်းများစွာ လုပ်ရင်း ထူးထူးခြားခြား အောင်မြင်နေ ပါ တယ်။
ကိုကိုလှ က စီးပွားရေးလာဘ်မြင်သူ ဖြစ်တော့ သွင်းကုန်ထုတ်ကုန် အပြင် ရှမ်းပြည်နယ်ဘက်မှာ စိုက်ပျိုးရေး လုပ်ငန်း၊ အင်းစိန်နဲ့ မြောက်ဥက္ကလာပမှာ ဖန်မြေ မှန်မြေနဲ့ ပန်းကန်စက်လုပ်ငန်း ဆိုတာတွေလည်း လျာထား အစပျိုး ထားလိုက်သေးတယ်။ ဥရောပကုမ္ပဏီတွေနဲ့အပြင် ဂျပန်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး တော့လည်း ပင်လယ်ငါးဖမ်း ကုမ္ပဏီလုပ်တော့ မြန်မာပြည်မှာ အံ့မခန်း အအောင်မြင်ဆုံး အလုပ်တစ်ခု ဖြစ်လာတော့တာပဲ။
ပြည်သူလူထုက ပင်လယ်ငါးကို စားရကောင်းမှန်း မသိကြသေးဘူးလေ။ အများ အားဖြင့် ချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေ ထဲက ရခဲ့တဲ့ ရေချိုငါးကိုပဲ အားထားပြီး စားကြတာ မို့ ရေထွက် ပစ္စည်း ငါး၊ ပုစွန်ဈေး ကလည်း ကောင်းနေဆဲကာလမှာ "ခေတ်မီသူတိုင်း ပင်လယ်ငါးစားသည်" ဆိုတဲ့ ကြော်ငြာ စာလုံးကြီးတွေနဲ့ အတူ ပင်လယ်ငါး အမယ်မျိုးစုံ၊ ပြည်ကြီးငါး၊ ကျားပုစွန် စတဲ့ ရေထွက် ပစ္စည်းတွေ သင်္ဘောကြီးတစ်စီး တိုက်စာ ကီလီမှာ ချလိုက်ရော ငါး၊ ပုစွန်ဈေးတွ ထိုးကျသွားတာမို့ စားသုံးသူတွေ အတွက်လည်း ဟန်ကျ၊ ကိုကိုလှတို့ ကုမ္ပဏီလည်း အကျိုးများတဲ့အပြင် ကျွန်မတို့ ဆွေမျိုးစု အားလုံးအတွက်လည်း သဘော်ဝင်တိုင်း ဗန်းကြီး ဗန်းငယ်နဲ့ ပုစွန်တွေ၊ ငါးတွေ လာပို့တာကြောင့် အလျှံပယ် ဖြစ်ပြီး စားမကုန်နိုင်လို့ နိးစပ်ရာ အပေါင်းအသင်း မှန်သမျှ ကို ဝေငှပေးရတဲ့ အထိ ဖောခြင်း သောခြင်းပါပဲ။
ကိုကိုလှက သူ့ညီကို အလုပ်ခန့်ထားတော့ လစာငွေကောင်းကောင်း ပေးတဲ့အပြင် ကားနဲ့ ယာဉ်မောင်း တစ်ယောက် လည်း ပေးထားပါသေးတယ်။ ကျွန်မတို့ နှစ်ဦးနှစ်ဖက် ၀င်ငွေ ကောင်းကောင်းလည်း ရှိ၊ သားသမီးရတနာ လည်း ထွန်းကားတော့ မှာမို့ ဘ၀ခရီးက သာယာဖြောင့်ဖြူးတဲ့ ပန်းခင်းသောလမ်းပေါ် စလှမ်းနေပြီ လို့တောင် အထင်ရောက် အားတက်မိပါသေးတယ်။
ဦးမြလှိုင် အတွက် သမီးဦးလေး ယမင်း မွေးလာတော့လည်း ပြည့်စုံမှုရဲ့ အထွတ်အထိပ်ကို ရောက်တဲ့ အတိုင်း ကြည်နူးပျော်ရွှင် လို့ပေါ့။ ဦးမြလှိုင်က သည်း ရမယ်ဆိုရင်လည်း နှစ်ယောက်မရှိဆိုတဲ့ လူစားမျိုးပါ။ ဗဟို သားဖွားဆေးရုံကြီးကနေ သမီးလေးကို ပိုက်ပြီး ပြန်ဆင်းလာလို့ အိပ်ခန်းထဲကို ၀င်လိုက်တာနဲ့ ကျွန်မမှာ မယုံနိုင်အောင် တအံ့တသြ ဖြစ်ရတော့တာပဲလေ။
ကျွန်မတို့ ရဲ့ နှစ်ယောက်အိပ်ခုတင်ဘေး မှာ ရိုးကုမ္ပဏီက ၀ယ်ထားတဲ့ ကလေးခုတင်လေးကလည်း အဆင် သင့်။ မွေ့ရာတွေ၊ ခေါင်းအုံးတွေ ကလည်း သမီးမိန်းကလေးမို့ အကုန်လုံးက ပန်းရောင်နုနုမှာ ကာတွန်း အရုပ် ကလေးတွေ ပါလိုက်သေးတယ်။ ကျွန်မမှာ သမီးလေး မွေးပြီးဆိုတာ သိလို့ ဦးမြလှိုင် ကိုင်ရတဲ့ ဌာန ဆိုင်ရာ နဲ့ပတ်သက်တဲ့ ဂျပန်ကုမ္ပဏီက တကူးတက လေကြောင်းနဲ့ ဂျပန်ပြည်က ပို့ပေးတဲ့ အရုပ်ပေါင်း မြောက်မြားစွာ ကလည်း ခန်းလုံးပြည့်နီးပါးပါပဲ။ သမီးဝတ်ဖို့ ဂါဝန်လေးတွေဆိုတာလည်း အထပ်လိုက်။ နို့ဘူး လေးတွေကအစ ကျွန်မ မသုံးဖူး မမြင်ဖူး တဲ့ ထူးထူးဆန်းဆန်း၊ ကလေးနဲ့ဆိုင်ရာ အသုံးအဆောင်ပစ္စည်း တွေကလည်း တစ်ပုံတစ်ပင် နဲ့မို့ ကလေးပစ္စည်း ရောင်းတဲ့ဆိုင်ထဲ မှားပြီး ရောက်သွားသလားလို့တောင် အောက်မေ့ရပါတယ်။
"ခင် ... အံ့သြသွားလားဟင်" တဲ့။ "ခင် ဆေးရုံမှာ ရှိနေတုန်း မောင်ကိုယ်တိုင် ရိုးကုမ္ပဏီမှာ သွားဝယ်ပြီး ပြင်ဆင် ထားတာ၊ အရုပ်တွေ နဲ့ တချို့အသုံးအဆောင် ပစ္စည်းတွေက မစ္စတာအီတိုးတို့ ကုမ္ပဏီက လက်ဆောင် ပို့ပေးတာ၊ ဂါဝန်ကလေးတွေကတော့ မောင် ဂျပန်ပြည်ကို ဖုန်းဆက်ပြီး သမီးအတွက် လေကြောင်းနဲ့ အမြန်ပို့ဖို့ မှာလိုက်တာ" ဆိုပြီး တပြုံးပြုံးနဲ့ ရှင်းပြနေပါတယ်။
ကျွန်မ ကတော့ ဆေးရုံက ဆင်းလာရင် သမီးကြီး ကေခိုင်နဲ့ သမီးလတ် ကေသီတို့ ညီအစ်မ အိပ်ခဲ့တဲ့ ကလေးခုတင်လေး ကိုပဲ ပြနဆင်ပြီး သမီးငယ် ယမင်းကို သိပ်မယ်လို့ စဉ်းစားထားပြီသားလေ။ မာမီ ကလည်း အချုပ်အလုပ် အလွန်တော် တာမို့ ကျွန်မ ကိုယ်ဝန်ရှိပြီဆိုကတည်းက မွေးလာမဲ့ သူ့မြေးဝတ်ဖို့ ကလေးအင်္ကျီ လှလှလေးတွေ ချုပ်ထားပြီးသားပါ။ အခုတော့ ဦးမြလှိုင်က သူ့သမီးကို စပါယ်ရှယ်မှ စပါယ်ရှယ်ဖြစ်နေတော့ ကျွန်မ လက်လျှော့ လိုက်ရတယ်ပေါ့။
သမီး လသားရောက် လို့ အိပ်ချိန်တန် မအိပ်ဘဲ ဂျီကျနေရင်လည်း ကားပေါ်တင်ပြီး တစ်မြို့ လုံး လျှောက်ပတ်မောင်းနေရင်း နဲ့ လမ်းတကာရောက်လို့ သမီး မူးနောက်ပြီး အိပ်ပျော်သွားတဲ့ထိ စိတ်ရှည်ရှည် နဲ့ သူ့သမီး ကို သိပ်ပါတယ်။ အလိုလိုက်တဲ့နေရာမှာလည်း နိုးတူး။ သမီး ဘာလုပ်ချင်လုပ်ချင် အကုန်ပေး လုပ်တာ ပဲ။ ဘယ်လောက် အဖိုးတန်ပစ္စည်း ဖျက်ဆီးနေရင်လည်း မတားဆီးဘဲ ကြည့်နေတဲ့ အဖေမျိုးလေ။
တစ်ခါက ကျွန်မ ၀တ်ထားတဲ့ ပတ္တမြားလက်စွပ် ကို ချွတ်ယူဆော့ရင်း ပျောက်ပါလေရော။ ကလေးနဲ့ မတန်ရာ မကိုင်မဆော့ ရအောင် စည်းကမ်းပေးတိုင်း စကားများကြရတာလည်း အခါခါပဲ။ တစ်နေ့ စတူဒီယို မှာ အသုံး လိုတဲ့ မီးလုံးတွေ ၀ယ်လာပြီး စားပွဲပေါ်မှာ တင်ထားတော့ သမီး မီးလုံးနှစ်လုံး ဆွဲယူပြီး ၀ါးလက်ခုပ် တီးသလို တီး မလို့ ဟန်ပြင်နေတာလည်း မြင်ရော ကျွန်မ ပြေးလာပြီး သမီးလက်က ဆွဲလု လိုက်တာနဲ့ ၀ါးခနဲ ငိုချလိုက် တယ်ပေါ့။
အဲဒါကို ဦးမြလှိုင်က သူ့သမီး လုပ်ချင်တာ ပေးမလုပ်ရကောင်းလား၊ မီးသီးက ဘယ်လောက် အဖိုးတန်လို့လဲ နဲ့ ကျွန်မ ကို မကျေမနပ် လေသံနဲ့ ပြောလာတယ်ပေါ့။ ကြည့်ပါဦး။ စဉ်းစားပုံ လွဲချော်နေပုံများ။ မီးသီး နှစ်လုံးကို တီး လို့ ကွဲသွားတဲ့ ဖန်စတွေ သမီးမျက်လုံးကို စဉ်လိုက်ရင် ဘယ်အခြေအနေ ရောက်မယ် ဆိုတာမျိုးတော့ ထည့် မတွက်ဘဲ သမီး ငိုတာက ပိုအရေးပါတဲ့ အဖေစားမျိုးပါ။ အဲလောက် သမီးကို သည်းသည်းလှုပ်ချစ်တဲ့ အဖေဖြစ်တော့ ကျွန်မ တို့ အိမ်ထောင်ရေးလေးဟာ သားသမီးဆိုတဲ့ သံယောဇဉ် ကြိုးတွေနဲ့ ရစ်ထွေးပြီး တစ်သက်စာ ခိုင်မာ လိမ့်မယ်လို့ ယုံကြည်မိတယ်ပေါ့နော်။
The Five Love Languages စာအုပ်ကို ရေးသားတဲ့ Dr. Gray Chapman က ဆိုပါတယ်။ ခင်ရဲ့၊ မောင်ရဲ့၊ ဒါလင် ရဲ့၊ ဟန်နီရဲ့ နဲ့ အရေးတယူ ချစ်မြတ်နိုးယုယမှုလေးတွေနဲ့ ချစ်လှချည်ရဲ့ ဆိုတာတွေဟာ အိမ်ထောင် သက်နှစ်နှစ်ကျော်ပြီ ဆိုရင် အနည်ထိုင်ပြီး ပျောက်ကွယ်သွားပါရောတဲ့။
မန္တလေးက ကာတွန်းနဲ့ စာရေးဆရာ ကံချွန်ကလည်း အိမ်ထောင်ကျပြီးရင် ယောက်ျားကို လမ်းထိပ်က အီကြာကွေးလေး သွား ၀ယ်ခိုင်းရင်တောင် ဆောင့်အောင့်ပြီး "ကောင်းလေးတစ်ယောက် လွှတ်ဝယ်ခိုင်းကွာ" လို့ ဆိုတာမျိုး တဲ့။ သဘောကတော့ မြတ်နိုးယုယမှုလေးတွေ ပြယ်သွားတယ်" ဆိုတာက ထပ်တူပါပဲနော်။
Dr. Chapman က မော်တော်ကားက ဓာတ်ဆီတိုင်ကီထဲမှာ ဓာတ်ဆီပြည့်နေပါမှ ခရီးသွားလို့ရသလိုပဲ ဘ၀ ခရီး မှာလည်း ခရီးဖော် ဇနီးမောင်နှံနှစ်ယောက်စလုံး ချစ်မေတ္တာတိုင်ကီပြည့်နေဖို့ အရေးကြီး ပါ သတဲ့။ မေတ္တာ ရနေသူက လောကကြီးတစ်ခုလုံးကို လှပတဲ့အမြင်နဲ့ လန်းဆန်းတက်ကြွနေတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည် မှန်သမျှ အထွတ်အထိပ် ရောက်တဲ့ထိ မြင့်မားအောင် အားထုတ်နိုင်ကြတာမို့ အောင်မြင်တဲ့ ဘ၀ခရီး ကို လျှောက်လှမ်းနိုင်ကြတယ်။
ဟော ... မေတ္တာတိုင်ကီ ခန်းနေရင်ဖြင့် လောကတစ်ခုလုံးကို မှောင်နဲ့အတိကို အမြင်ရှိပြီး စိတ်ဓာတ် ကျဆင်း မှုကြောင့် ကိုယ်ပိုင်စွမ်းရည်တွေ ပျတ်သုဉ်းသွားတာမို့ ဘ၀ကို အရှုံးနဲ့ အဆုံးသတ်ကြရတယ်တဲ့။
Mark Twain လို ပုဂ္ဂိုလ်ကြီးကတောင် မေတ္တာတစ်ခုတည်းနဲ့ သူ အသက်နှစ်လရှည်အောင် ရပ်တည်နိုင် ကောင်းပါရဲ့ တဲ့လေ။ မေတ္တာ ဆိုတာ အဲသလောက် ကြီးမားတဲ့ စွမ်းအားတစ်ခုပါပဲ။
ကျွန်မ ခင်ပွန်း ဦးမြလှိုင် လည်း အဲဒီမေတ္တာတစ်ခုတည်းနဲ့ အသက်(၇၀)ထိ နေသွားသလား မသိပါဘူး။ Dr. Chapman ပြောသလို ထိုးဆိုက်လာသမျှ ကားတွေကို တိုင်ကီအပြည့် ထည့်ပေးနိုင်အောင် ဓာတ်ဆီ ဆိုင်တွေ မှာ မြေအောက် ဧရာမသိုလှောင်ကန်ကြီး ရှိတဲ့အတိုင်း ဦးမြလှုင်ဆီမှာလည်း ပေးဝေဖြည့်ဆည်းပေးဖို့ မကုန်ခန်းနိုင် တဲ့ မေတ္တာတွေ ဧရာမအသည်းနှလုံးကြီးနဲ့အပြည့် ရင်ထဲမှာ သိုလှောင်ထားပုံရပါတယ်။
ကျွန်မနဲ့သမီး နှစ်ယောက်အတွက် တိုင်ကီအပြည့် ဖြည့်ထားသလိုပဲ အခြားအခြားသော တိုင်ကီရှင်များ ရှိနေတယ် ဆိုတာ နောက်ကျမှ သိလာရတော့တာပဲလေ။ ကြားသိခါစကတော့ ကျွန်မ လုံးဝကို မယုံကြည် နိုင်အောင် ဖြစ်ရပတယ်။ အိမ်ထောင်တစ်ခုဆိုတာ ချစ်မြတ်နိုးမှု တစ်ခုတည်းနဲ့ အရင်းခံလို့မှ မရ တာနော်။ တစ်ဦး ကို တစ်ဦးလေးစားမှု၊ နားလည်ခွင့်လွှတ်မှုနဲ့အတူ အဓိကကတော့ ယုံကြည်အားထားရခြင်း အခြေခံ မှ သာ အုတ်မြစ်က ခိုင်မာမယ်လို့ ကျွန်မ ထင်ပါတယ်။
ယုံကြည်အားထားစွာ နဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်လေး ပြိုမလို ယိုင်လာတော့ ကျွန်မ မခံနိုင်ဖြစ်ပြီး ဒေါသတွေ နဲ့ ဦးမြလှိုင်ကို ရင်ဆိုင်တိုင်း ကျွန်မ ဒေါသထွက်နေတာကို ကြည့်လို့ကောင်းတဲ့အနေနဲ့ ဦးမြလှိုင် ကို ရင်ဆိုင်တိုင်း ကျွန်မ ဒေါသထွက်နေတာကို ကြည့်ကိုကောင်းတဲ့အနေနဲ့ သူက တဟားဟား အရယ် မပျက်ဖြစ်နေတော့ ဒေါသဖြစ် ရတဲ့ ကျွန်မကပဲ အရှုံးဖြစ်ရရောလေ။ ကျွန်မ သိသွား လို့ ခြေလှမ်းပြင်မလား ဆို တော့ ဝေး ပါသေးရဲ့။
ကျွန်မရင် မှာ မခံနိုင်အောင် နာကျင်ကြေကွဲမှုတွေကို မာမီသိရင် စိတ်ဝေဒနာ ပိုဆိုးလာမှာစိုးလို့ ဟန်လုပ် ဖုံးကွယ် ရင်း ကျွန်မကို နားလည်တဲ့ ချစ်တဲ့ မမသန်းကိုပဲ ရင်ဖွင့်တိုင်တည် ရပါတယ်။ မမသန်းကတော့ ဒါဟာ ကံမကောင်း တဲ့ အိမ်ထောင်ရှင်တချို့တွေ ကြုံတွေ့ရတဲ့ ဓမ္မတာဒုက္ခပဲ။ ကိုယ့်မှာ သားသမီးနဲ့ ဖြစ်နေ ပြိ။ စိတ်လိုက်မာန်ပါ မလုပ်ဖို့နဲ့ ကိုယ်က တရားဝင်ဇနီးပဲ။ စင်ပေါ်ကလူအနေနဲ့ တခြားတခြား သူတွေကို မှုနေစရာ မလိုဘူးလို့ အားပေးရင်း တရားချပါတယ်။
အဲဒီ မမသန်းပြောတဲ့ ကျွန်မတို့မြန်မာတွေ တော်တော်များများ ပြောလေ့ရှိကြတဲ့ "စင်ပေါ်ကလူ" ဆိုတဲ့ စကားကို ကျွန်မ နားကြားပြင်း တော်တော်ကတ်သွားပါတယ်။ စင်ပေါ်ရောက်နေပြီး မေတ္တာစစ်မေတ္တာမှန်ကို မရရင် ဘာလုပ် ရမှာလဲနော်။ ဆိုက်ကားသမားရဲ့ ဇနီးပဲဖြစ်ဖြစ်၊ တဲပုတ်ထဲက ဖျာကြမ်းပေါ်ထိုင်ပြီး စစ်မှန်တဲ့ မေတ္တာ ရထားသူ က ပိုးဖဲကတ္တီပါတွေနဲ့ စင်ပေါ်က လူထက်ပိုပြီး သူ့ဘ၀က အဓိပ္ပာယ်ရှိ၊ တန်ဖိုးရှိဦးမှာပါ။
ဒါကြောင့် ကိုယ့်ကိုယ်ကို စင်ပေါ်ကလူလို့ မာနမရောက်နိုင်ဘဲ ဆင်ခြေထောက်အောက် ရောက်နေတဲ့ နင်းပြားအဖြစ် နဲ့ စိတ်ဓာတ်ကျနေမိပါတယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အလိုပြည့်ခြင်း၊ မပြည့်ခြင်းစေ တဲ့ လောကဓံရှစ်ပါးအတိုင်း ပျော်ရွှင်ကြည်နူးမှုလေးတွေ စွန့်ခွာသွားတော့ ဆင်းရဲကြေကွဲခြင်းတွေက နေရာယူ လာတယ်ပေါ့။ ကိုယ့်မှာ စိတ်ဝေဒနာရှင်မိခင်ကြီးအပြင် စောင့်ရှောက်ရမယ့် သားသမီးငယ် လေးယောက် ကလည်း ရှိနေတော့ ရင်ထဲက ဝေဒနာကို ဦးစားမပေးနိုင်ပါဘူး။ ဟန်ဆောင်အပြုံးတွေနဲ့ အလုပ်ကိုပဲ ဖိပြီး ကြိုးစား ရတယ်ပေါ့။
ကျွန်မ အလုပ် များသလို ဦးမြလှိုင်ကလည်း အလုပ်များနေတာပါပဲ။ အထူးသဖြင့် ပြည်ပခရီးတွေ ခဏခဏ သွားရ ပါတယ်။ ဂျပန်ကို အခေါက်ခေါက် ရောက်တော့လည်း ဂျပန်ပြည်မှာ မေတ္တာတိုင်ကီတစ်ခု တိုးစရာ ဖြစ် လာတာပေါ့။ တစ်ခါတလေကျ သူ့ရွှေမေတ္တာ ငွေမေတ္တာတွေတင် မကဘဲ ကျွန်မတန်ဖိုးထားတဲ့ ပစ္စည်း တွေပါ အပိုဆောင်းပြီး ပါ သွားတာမျိုးကလည်း ရှိသေးတယ်။
ကျွန်မမှာ သမီးတွေ ချည်း အရွယ်အစား သုံးယောက် ဖြစ်လာတော့ သူတို့လေးတွေ ကြီးလာရင် ဆင်ဖို့ဆို ပြီး ကျွန်မ ရဲ့ ဓာတ်ပုံရိုက် ဖောက်သည် မိုးကုတ်က ကျောက်ကုန်သည် အမျိုးသမီးက ဈေးသက်သက် သာသာ နဲ့ ကောင်းကောင်း ရတိုင်း ၀ယ်စုထားတဲ့ ပတ္တမြားတွေ၊ နီလာတွေ၊ ရောင်စုံကျောက်နဲ့ ပြောင်ခေါင်းစိမ်းတွေ အထုပ် လိုက် ရှိပါတယ်။
တစ်နေ့ အ၀တ်ဗီရို ရှင်းရင်း အဲဒီအထုပ်တွေ ရှာမရလို့ မွှေနှောက်ပြီး အ၀တ်တွေ အပုံလိုက် ချရှင်းပြီး အထား မှားသလားလို့ ဗျာများနေမိတယ်ပေါ့။ ဦးမြလှိုင်က ကျွန်မ ရှုပ်ပွထားတာတွေကို ကြည့်ရင်း "ခင် ဘာ ရှာနေတာလဲ" လို့ မေးပါတယ်။ "ပတ္တမြားနဲ့ နီလာထုပ်တွေ ထည့်ထားတာ ရှာမတွေ့လို့" ဖြေတော့ ...
"သြော် ... အဲဒါတွေလား၊ မောင် ဂျပန်သွားတုန်းက (တာမီ)ကို လက်ဆောင်ပေးဖို့ ယူသွားလိုက်တယ်။ ခင့် ကို ပြောဖို့ မေ့နေတာ"တဲ့လေ။
ကျွန်မ အကြည့် မှာသာ ဓားစက်ပါရင် ဦးမြလှိုင် အဲဒီနေရာမှာတင် တောက်တောက်စဉ်းပြီးသား ဖြစ်သွားမှာ ပါ။ ဒေါသဖြစ်တာရော၊ ထိခိုက်နာကျင်တာရော ရင်တစ်ခုလုံး ပြည့်သွားပြီး ဘာပြန်ပြောရမှန်း မသိအောင် ကျောက်ရုပ် လို ဖြစ်သွားမိပါတယ်။ ကျွန်မက မြတ်မြတ်နိုးနိုးနဲ့ သမီးလေးတွေအတွက် ဆိုပြီး တစ်ပွင့်စီ အချိန် ယူရွေးချယ် စုဆောင်းထားတဲ့ ရတနာတွေကို ခပ်လွယ်လွယ်ပေါ့ပေါ့နဲ့ သူ့အမျိုးသမီးကို လက်ဆောင် ပေး ဖို့ ယူသွားလိုက်တယ်ဆိုတော့ တန်ဖိုးမထားလေခြင်း ဆိုပြီး ရင်နင့်ရတာပါ။
အဲလို တန်ဖိုးမထားဘဲ ရက်ရောမှုတွေ ဒီတစ်ခါတင် မဟုတ်ပါဘူးလေ။ ဦးမြလှိုင်နဲ့ အိမ်ထောင်ကျပြီး ကတည်းက ကြုံခဲ့ရတာ များလှပါပြီ။ သူ ကြိုက်တာချည် ရဲ့ဆိုပြီး လက်ညှိုးထိုးတိုင်း ဈေးကြီးပေးပြီး ၀ယ်ပေး ခဲ့တဲ့ ဂျာကင်တွေ၊ ရှပ်အင်္ကျီတွေ၊ စပို့ရှပ်တွေ ၀တ်သွားပြီးတိုင်း တစ်ရက်ပြည့်အောင်တောင် မခံဘူး။ လမ်းမှာ ရဲဘော် တစ်ယောက် ယောက်နဲ့တွေ့လို့ "ဆရာ့ဂျင်း တယ်ကောင်းပါလား"လို့ မချီးကျူးလိုက်နဲ့ "အေး ... မင်း ကြိုက်လား၊ ရော့ယူ" ဆိုပြီး တစ်ခါတည်း ချွတ်ပေးလိုက်ရော။ ရဲဘော်က အားနာလို့ မယူရင် သူက အတင်း မရမက တောင်းပန်ပြီး ပေးသေးတာမျိုးပါ။ ၀ယ်ပေးရတဲ့ ကျွန်းမ ဘေးကကြည့်ပြီး သူ့ဒါကို သာဓု မခေါ်နိုင် ဘဲ ဒေါမနဿတွေဖြစ်၊ တစ်ခါတလေကျတော့ ရဲဘော်ကို အိမ်အထိ ခေါ်လာပြီး ရှပ်အင်္ကျီ တို့၊ စပို့ရှပ်တို့ ချွတ်ပြီး ပေး လို့ စွပ်ကျယ်နဲ့ ကျန်ခဲ့တာလည်း အခါများစွာပါ။ ကျွန်မလည်း သဒ္ဓါတရားနည်းသူ တော့ မဟုတ် ပါဘူး။ ဦးမြလှိုင် ရက်ရောတာ တရားလွန်လွန်းတော့လည်း မကျေနပ်မိဘူးပေါ့။
ကျွန်မ မကျေနပ်တာတွေ ဦးမြလှိုင်တို့ အိမ်ရောက်တဲ့အခါ အစ်မဖြစ်တဲ့ မမတင်တို့၊ မမသန်းတို့ကိုပဲ ရင်ဖွင့် တိုင်ပြောတော့ ဒီပုံပြင် က ရိုးနေပြီဆိုတဲ့ သဘောနဲ့ ၀ိုင်းရယ်ကြပါလေရော။
"မောင်မောင် က ငယ်ငယ်ကတည်းက ဒီလိုပဲ ခင်ရဲ့၊ ဖျာပုံ နေတုန်းက မမတို့မှာ ကုန်တိုက်ကြီး ဖွင့်ထားတာ ရှိတယ်။ သူတောင်းစား လာရင် ဟိုတုန်းက တစ်ပြား နှစ်ပြား ပေးကြတာပဲ မဟုတ်လား၊ မောင်မောင် ရှိနေ ရင် သူက အံဆွဲ ထဲက ပိုက်ဆံတွေ လက်ခုပ်နဲ့ အပြည့်ကျုံးယူပြီး ပေးလိုက်တာလေ၊ ဆိုင်မှာ ကုန်ပို့တဲ့ ကုလားကူလီ အဘိုးကြီး က မြင်တော့ "ဒီကောင်လေး ဘယ်တော့မှ ချမ်းသာမှာ မဟုတ်ဘူး" တဲ့၊ ကူလီ ကုလားကတောင် မှတ်ချက် ချရ တဲ့ အစားမျိုး"
ကျွန်မကလည်း အဲဒီလို ထူးခြားတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ ခင်ပွန်းအဖြစ် ရွေးထားမိတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ် ခံရုံပေါ့ လို့ စိတ်ကို လျှော့ထားရပါတယ်။ အဲဒီလို လျှော့ရတဲ့အဖြစ်တွေက အမည်များစွာပါပဲ။ သူများတကာ တွေ နိုင်ငံခြားသွားခွင့်ရရင် အကျိုးအမြတ်ရှိလာတဲ့ သူချည်းပါပဲ။ ဦးမြလှိုင်အတွက် ကုမ္ပဏီ နေထိုင် တဲ့ ဟိုတယ်အပြင် နေ့စဉ် သွားလာတဲ့ ကားငှားခ၊ စားသုံးစရိတ်ကအစ အကုန်ကျခံပေးတာမို့ ပူစရာ မလိုပေ မဲ့ ကျွန်မတို့ မိသားစုအတွက်ရော၊ ပသရတဲ့ မမများအတွက် အသွားလက်ဆောင်၊ အပြန် လက်ဆောင်ဖိုးတွေ က စရိတ်တက်ပြီး တစ်ခေါက်သွားတိုင်း ဘဏ်စာရင်းတွေ လျှောခနဲ ကျသွားပါတော့တယ်။ ဒါတွေလည်း သိပေ မဲ့ ပြောလို့ထူးမဲ့ကိစ္စ မဟုတ်လို့ အရှုံးပေး နှုတ်ဆိတ်ထားရတာပါပဲ။
အဲဒီလို မပြေလည်မှုတွေ နဲ့ ဆင်းရဲ ပင်ပန်းနေချိန်မှာပဲ ကြမ္မာဆိုးတစ်ခု ၀င်လာပါလေရော။ မန္တလေးက မမသန်း မှာ သားအိမ်ကင်ဆာရောဂါ ရနေပြီဆိုတဲ့အကြောင်းကို ကျွန်မရဲ့ သူငယ်ချင်း သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါ်လဲ့လဲ့ဝင်းက စမ်းသပ်ပြီးတာနဲ့ ကျွန်မ သိရအောင် လှမ်းပြီး ဖုန်းဆက်ပြောလာပါ တယ်။ တယ်လီဖုန်း ကို ကိုင်ရင်း ရင်ထဲမှာ အားငယ် စိုးထိတ်မှုတွေနဲ့ မျက်ရည်လည်ပါတယ်။ မမသန်းကို လည်း ချက်ချင်း ရန်ကုန် ဆင်းခဲ့ဖို့ မှာရတာပေါ့။
မမသန်းက ယောက်မဆိုပေမဲ့ ကျွန်မကို သမီးငယ်တစ်ယောက်လို ချစ်မြတ်နိုးပြီး စောင့်ရှောက်ခဲ့တာမို့ ဒီဝေဒနာ ပျောက် ကင်းအောင် အကောင်းဆုံး ဂရုစိုက်ပြီး ကုသပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ မမသန်း ရောက် လာတော့ အားမငယ်အောင် အားပေးရင်း ကွယ်ရာမှာ ကျွန်မ ရှိုက်ငိုမိတာ အခါများစွာပါပဲ။ အလံပြ ဘုရားလမ်းမှာ ရှိတဲ့ အမေရိကန်ဆေးရုံမှာ တင်ပြီး အဲဒီက ကင်ဆာ အထူးကု ဆရာဝန်ကြီး နဲ့ ပြသပါတယ်။ ဆရာဝန်ကြီးက ခွဲစိတ်ပြီး သားအိမ်ကို ထုတ်ပစ်ရမယ်ဆိုတာကိုလည်း သဘောတူ လက်မှတ်ထိုးကြရပါ တယ်။
တကယ်လက်တွေ့ သားအိမ်ကို ထုတ်ဖို့ပြင်ဆင်တော့ ကင်ဆာရောဂါက သားအိမ်မှာတင်မကတော့ဘဲ သားအိမ် လမ်းကြောင်း တစ်လျှောက်မှာပါ ပျံ့နေပြီဖြစ်လို့ ဆရာဝန်ကြီးက မထုတ်တော့ဘဲ ပြန်ပိတ်လိုက်ပါ တယ်။ ကျွန်မ ကို ရုံးခန်းမှာ ခေါ်ပြီး မမသန်းရဲ့ ဝေဒနာက ကုမရအောင် အခြေအနေ ရောက်နေ တာကြောင့် နောက်ထပ်နေရရင် ခြောက်လပဲလို့ ပြောပြပါတယ်။ ဘုရားရှင် ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ စကား ကို ဟောကြားထားလို့ သိပေမဲ့ ကိုယ်တွေ့ ကြုံရတဲ့အခါကျတော့ တရားကို နှလုံးမသွင်းနိုင် ဘဲ ဆောက်တည် ရာမရ ဖြစ်တော့တာပါပဲ။
ကိုယ်ကိုယ်တိုင် ဝေဒနာခံစားရတာက ခန္ဓာကိုယ်သာ နာတာ၊ စိတ်ကက မနာဘူး။ ကိုယ် ချစ်မြတ်နိုးသူ တစ်ဦးဦး ဝေဒနာ ခံစားရတာကို မြင်ရတဲ့အခါကျတော့ အဲဒီဝေဒနာကို ကိုယ်ချစ်ရသူ မခံစားစေချင်လို့ လွှဲယူ ခံစားလိုပေမဲ့ ခံစားလို့က မရ။ ကိုယ့်ရဲ့ ရှိရှိသမျှ လုပ်ပိုင်ခွင့် စွမ်းအင်တွေကို သုံးပြီး ကူလို ကယ်လိုပေ မယ့် ကူလို့ ကယ်လို့ မရဘူး ဆိုတာ သိတဲ့အခါ စိတ်မှာ ခံစားရတဲ့ဝေဒနာဟာ ကာယကံရှင်ထက် ပိုပြီး ကြီးမားပါတယ်။
ကျွန်မ လည်း မမသန်းရဲ့ ဝေဒနာ ပျောက်ကင်းအောင် ကုပေးလိုပေမဲ့ ရောဂါက ဆုံးခန်းတိုင် ရောက်နေတာ သိထား ရတော့ စွမ်းအားမဲ့သလို ၀မ်းနည်းအားငယ် ရင်မှာ ကြေကြေမွမွ ခံစားနေရ တယ်ပေါ့။ အထူးသဖြင့် အသက်(၅၆)နှစ် ဆိုတာ လူ့လောကမှာ နေပျော်သေးတဲ့ အရွယ်ပါနော်။ နောက်တစ်ခုကလည်း မမသန်း အမြဲတမ်း အားတက်သရောနဲ့ ပြောလေ့ရှိတဲ့ ....
"ကျုပ်သားလေး ဘွဲ့ယူရင် ကျုပ်က ပ၀ါစနှစ်ဖက် စုံချပြီး ဘွဲ့နှင်းသဘင် တက်ပြီး ကြည့်ရဦးမယ်"နဲ့ အားခဲထားရှာ တဲ့အဖြစ်ကို ကြုံရတော့မှာ မဟုတ်ဘူးဆိုတာ ဆရာဝန် ပြောစကားအရ သိထား ပြီးသားဖြစ်တော့ ကျွန်မရင် မှာ ပိုပြီး ခံစားရတယ်ပေါ့။ ဒါကြောင့်လည်း ရှင်တော်ဘုရားက "မသိခြင်း ငါးပါး"ကို ဟောကြား ထားခဲ့တာ ဖြစ်မှာပါ။ ဘယ်အသက်အရွယ်မှာ သေရမယ် မသိ၊ ဘယ်ရောဂါနဲ့ သေရမယ် မသိ၊ ဘယ်နေရာ မှာ သေရမယ် မသိ၊ ဘယ်အချိန်မှာ သေရမယ် မသိ၊ ဘယ်ဘ၀ လားရမယ် မသိဆိုတာ အမှန်ပါပဲလေ။
အဲလို အကြောင်းကြောင်းသော စိတ်မောစရာတွေ များနေတဲ့ကြားထဲမှာပဲ မန္တလေးမှာရှိတဲ့ မိသားစုပိုင် မြေတစ်ကွက်အတွက် လက်မှတ်ရေးထိုးပေးစရာ ကိစ္စရှိတာနဲ့ ဘွားလေးက ကျွန်မ လာဖို့ လှမ်း မှာတာကြောင့် မသွားမဖြစ် မန္တလေးကို အရေးပေါ် ပြေးရပြန်ပါရော။ ရုံးကိစ္စတွေ ပြီးတဲ့နေ့မှာပဲ ဘွားလေးအိမ် မှာ အေးအေးဆေးဆေး နားနေကြရင်း ဆွေစုမျိုးစု စကားဝိုင်း ပြောနေကြဆဲ လမ်းမပေါ်က မုန့်စိမ်းပေါင်းသည် ဟစ်သံကြားတာနဲ့ ကျွန်မ လှမ်းခေါ် လိုက်ပါတယ်။
ရန်ကုန်မှာ မုန့်စိမ်းပေါင်းကောင်းကောင်းက မစားရတာ ကြာပြီလေ။ မောင်နှမ၀မ်းကွဲတစ်တွေကို စားကြ မလားမေးတော့ မစားချင်ပါဘူးဆိုပြီး နှာခေါင်းရှုံ့ကြပါတယ်။ ကျွန်ကကိုလည်း ရန်ကုန်က လာပြီးကောင်းကောင်း ကန်းကန်း မုန့်စိမ်းပေါင်းကို မက်မက်မောမော စားချင်ကောင်းလားနဲ့လည်း ၀ိုင်းပြီး ဟားလိုက်ကြသေးတယ်။ ဒါနဲ့ပဲ တစ်ယောက်တည်း ၀ယ်စားဖြစ်တယ် ဆိုပါတော့။
တစ်ယောက် တည်း စားတာဖြစ်တော့လည်း တခမ်းတနား ပန်းကန်တွေ၊ ဘာတွေထမယူဖြစ်ဘဲ ဈေးသည်က ထည့်ပေး တဲ့ စက္ကူလေးနဲ့ပဲကို်င်ပြီး စားလိုက်တာပါ။ ဒီလိုနဲ့ စကားဝိုင်းက သိမ်းပြီး လူစုကွဲသွားကြတာနဲ့ လက်ထဲမှာ ကိုင်လျက်ကျန်နေတဲ့ မုန့်စိမ်းပေါင်းထုပ်တဲ့ စက္ကူလေးကို ဖတ် ကြည့်လိုက်မိပါတယ်။ စာရွက်က စွန်းလွန်း ဆရာတော်ဘုရားကြီး ဟောကြားတဲ့ တရားစာရွက်ခြမ်း ပဲ့လေးဖြစ်နေတာကိုး။
"အကုသိုလ်ဖြစ်စေမယ့် အကြောင်းတရားတွေဆိုရင် မကြားချင်၊ မသိချင်၊ မမြင်ချင်နဲ့တဲ့။ အဲဒါ တွေကို ကြားအောင် မြင်အောင် သိအောင်လုပ်နေရင် အကုသိုလ်ပွားစေတာမို့ ကိုယ်လျှောက်တဲ့ ခြေလှမ်း ပျက်စေတယ်" တဲ့။
ဒီစာကြောင်းလေး ဖတ်နေရင်း ကျွန်မရဲ့ခေါင်းထဲမှာ အသိတရားတစ်ခု ချက်ချင်းပဲလင်းလက်သွား ပါတယ်။ အသိတရား တစ်ခု ရချင်တော့လည်း ကျွန်မဖတ်နေတဲ့ စာအုပ်ကြီးတွေထဲက မဟုတ်ဘဲ ဘာမဟုတ်တဲ့ မုန့်စိမ်းပေါင်း ထုပ်တဲ့ စာရွက်တစ်ခုက ဖြစ်နေတာလည်း အံ့ဖွယ်တစ်ပါးပါပဲ။
ဟုတ် မှန်လိုက်လေစွ။ ဦးမြလှိုင် ကျွန်မရဲ့ကွယ်ရာမှ ဘာတွေလုပ်နေလဲ ဆိုသာ သိချင်၊ မြင်ချင်၊ ကြားချင်နေတာကြောင့် ဆင်းရဲနေတာမဟုတ်လားနော်။ သိအောင်၊ မြင်အောင်၊ ကြားအောင် လုပ်လို့ သိရကြားရ တိုင်း ဒေါသတွေ၊ ၀န်တိုမစ္ဆရိယတွေဖြစ်ပြီး အကုသိုလ်တွေ တောင်လိုပုံအောင် ကျွန်မကိုယ်တိုင် စုစောင်း ဖန်တီးနေခြင်းပေပဲ။
အမှန်မက ကျွန်မတို့တည်ဆောက်ထားတဲ့ အိမ်ထောင်လေးကို တန်ဖိုးမထားလို့ ကျွန်မကိုလည်း တကယ် စစ်မှန် တဲ့ မေတ္တာနဲ့ချစ်ခဲ့တာမဟုတ်လို့သာ ခုလိုပြဿနာတွေ ကြုံနေရတာပါလား ဆိုတာ ကိုပီပီပြင်ပြင် မြင် လိုက်နိုင်ပြီး ဒါကိုလက်ခံလိုက်ပါတယ်။ လူဆိုတာ အဖြစ်မှန်ကို လက်မခံသေးသ မျှဆင်းရဲနေခြင်းပါပဲ။ ကိုယ်ဖြစ်ချင်တာ ကို မျှော်မှန်းရင်းလက်ရှိ အမှန်ကိုလက်မခံဘဲ ရုန်းကန်လေ အခြေအနေက ပိုဆိုးလေဆိုတာ ကျွန်မ အခု နားလည်သွားပါပြီ။
သူတစ်ပါး ကို ပြင်လို့မရရင် မိမိကိုယ်ကိုပဲ ပြင်ရတော့မယ် ဆိုတာကို အသိတရား ဝင်သွားတာနဲ့အတူ ဆုံးဖြတ်ချက် တစ်ခု ကျွန်မ ပိုင်ပိုင်နိုင်နိုင်ချပြီး ရန်ကုန်ကို ပြန်သွားပါတယ်။ ကျွန်မနဲ့ ဦးမြလှိုင် လက်ထပ်တော့ ဦးမြလှိုင် နဲ့ ပြောမနာ ဆိုမနာ ခင်မင်တဲ့ ဝန်ကြီး သခင်ချစ်မောင်က....
''ဟေ့... ခင်မကြီး၊ ညည်းယောက်ျားက အလွန်စွံတဲ့ကောင်နော်၊ ဒီကောင့်ကို လွှတ်မထားနဲ့၊ ဒီကောင် ရေမွှေးများများ ဆွတ်ရင် သတိထားပေတော့"
အခုကျတော့ ဦးမြလှိုင် ရေမွှေးဆွတ်ရုံမကဘူး။ တစ်ပုလင်းလုံးပဲ လောင်းချချ ကျွန်မက အနေသာကြီးလို့ပဲ ခံယူထား လိုက်ပါတယ်။ မနက်လေးနာရီ ထပြီး "မောင် ဂေါက်သီးသွားရိုက်ဦးမယ်" ဆိုရင်လည်း မဟုတ်မှန်း သိပေမဲ့ "ဒီအချိန်ကြီး သွား မှာလား" လို့ ခါတိုင်းလို စောဒကမတက်တော့ဘဲ ကော်ဖီတစ်ခွက်ဖျော်၊ ကြက်ဥ တစ်လုံး ထပြီး ပြုတ်ပေးလိုက်ပါတယ်။
ဦးမြလှိုင် က အသိုက်အသစ်တစ်ခု ရပြီဆိုရင် အဝတ်အစားတွေကို ကြွက်ချီသလိုပဲ နည်းနည်းချင်း တစ်စ တစ်စ ဖြည်းဖြည်းချင်း မသိမသာ ရွှေ့သွားတာမျိုးပါ။ ရှပ်အင်္ကျီတွေ၊ ဘောင်းဘီတွေ ပင်မင်းသွားအပ်။ အဲဒီ အဝတ်အစားတွေက ပြန်လမ်း မရှိနဲ့ တခြားရောက်သွားပါလေရော။ ကြည့်နေရင်းနဲ့ ဗီရိုထဲက အကျီင်္ပုံကြီး လျော့ သွားတာ မြင်တာနဲ့ တစ်ချက်တည်း ဒါဟာ ကင်းတဲက "အရပ်ကတို့၊ နိုးနိုးကြားကြား ရှိကြပါ" ဆိုတဲ့ သံချောင်းခေါက်သံ လို့ သဘောထားပေတော့ ဆိုတာ ကြာတော့ ကျွန်မ နားလည်လာရပြီ။ ပင်မင်းဆိုင်ကို လိုက်၊ ကိုယ့် ကို ဆိုင်ရှင်က သိနေပြီးသားဖြစ်တော့ လက်မှတ်မပါဘဲ ဦးအောင်သွားရွေး၊ ပြန်ယူလာခဲ့နဲ့၊ အမယ်လေး.... မော လိုက်ရတဲ့ ဖြစ်ခြင်းပါပဲ။
ခုတော့ ဦးမြလှိုင် ဟာ ကျွန်မရဲ့ တရားဝင်ခင်ပွန်း ဆိုတာ မှန်ပါရဲ့။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ပိုင်သော ကာမပိုင် ဆိုတာလည်း ဟုတ်ပါရဲ့။ ဒါပေမယ့် ကျွန်မရဲ့ ရင်ထဲမှာပဲ ချစ်သူအဖြစ်၊ ခင်ပွန်းအဖြစ်က တစ်ကိုယ်ကြား တစ်ယောက် တည်း ကြေညာပြီး ကွာရှင်းပြတ်စဲ စွန့်လွှတ်ထားလိုက်ပါတယ်။ အဲဒီတော့လည်း ဦးမြလှိုင်ဟာ သူစိမ်းပြင်ပြင် ဖြစ် သွားပြီး သူ ဘာလုပ်နေနေ၊ လုံးဝ မထိခိုက်တော့ပါဘူး။
အဲလို စွန့်လွှတ်မှု ဆိုတာလည်း လွယ်လွယ်တော့ ဖြစ်လာတယ် မထင်ပါနဲ့နော်။ မျက်ရည်တွေ တာကျိုးသလို ကျမိတဲ့အခါ လည်း ရှိရဲ့။ ရင်ထဲက နာကျင်ကြေမွတဲ့ဒဏ်ကို မခံနိုင်လို့ အိပ်ရာပေါ် လူးလှိမ့်ခံရတဲ့ အိပ်မပျော် ညများစွာ လည်း ရှိရဲ့။
ဦးမြလှိုင် ကို ဆုံးရှုံးရတာ ကမ္ဘာကြီး ပျက်သုဉ်းသွားတာမှ မဟုတ်ဘဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးဆုံးမ၊ တရား အခါခါ ချပြီး အားထုတ်ယူပြီးကာမှ ရတာပါ။
ကျွန်မအဖြစ် ကလည်း ကြည့်ပါဦး။ ပထမအိမ်ထောင် ဦးအောင်ခန့်တုန်းက ကိုယ်က မချစ်နိုင်လို့ ဝတ္တရားရှိတဲ့ ခန္ဓာကိုယ် ကိုပဲ အပ်ပြီး ရင်ထဲက နှလုံးသားခံစားမှုတွေ မထိပါးရအောင် မမြင်နိုင်တဲ့ ကိုယ်တစ်ယောက်တည်း သာ သိတဲ့ မှန်လုံတံတိုင်းကြီး ခြားပြီး အကာအကွယ်ယူခဲ့သလိုပဲ ဟော... အခုလည်း ဘာထူးလဲ။ ဦးမြလှိုင် ကို ချစ်မိ လို့ ဝတ္တရားရှိတဲ့ ခန္ဓာကိုယ်ကိုပဲ အပ်ပြီး ရင်ထဲက နှလုံးသားခံစားမှု မထိပါးရအောင် မမြင်နိုင်တဲ့ မှန်တံတိုင်းကြီး ခြားလိုက်ရပြန်ပါရောလေ။
မမသန်း ရောဂါ ကလည်း မသက်သာလို့ မျက်စိအောက်မှာထား စောင့်ရှောက်ရင်း အားဆေးတွေသွင်းနဲ့ ခုခံနိုင်အားရှိအောင် လုပ်ပေးနေရပါတယ်။ ကျွန်မရဲ့ စတူဒီယိုက လမ်းတိုလေးမို့ ဘေးကလည်း ဟိုင်းကုတ် တရားရုံးကြီး ဆိုတော့ ဆူဆူညံညံမရှိ၊ အေးအေးချမ်းချမ်း ဖြစ်ပေမယ့် ညာဘက် ကပ်လျက်က ရန်ကုန် ပင်မင်းဆိုင် ဖြစ်နေတာ မို့ ညနေတိုင်ကျရင် Dry Clean လုပ်တဲ့ ဓာတ်ဆီနဲ့တွေ ရတာကြောင့် မမသန်း ရဲ့ရောဂါအတွက် အနှောင့်အယှက် ဖြစ်နေတာပေါ့။
ကျန်းမာရေးက အရေးကြီးတာမို့ မမသန်းကို လေကောင်းလေသန့်ရပြီး ကျယ်ကျယ်ပြန့်ပြန့် လည်း နေစေချင် တဲ့ စေတနာနဲ့ ခြောက်မိုင်ဘက်မှာ မိတ်ဆွေတစ်ယောက် အိမ်ဆောက်ထားပြီး မနေဖြစ်သေးဘူးဆိုလို့ အဲဒီအိမ် ကို ခေတ္တငှားပြီး မမသန်းကို ပြုစုပေးမဲ့ အိမ်ဖော်မိန်းကလေး တစ်ယောက်ကို ရှာပို့ပေးထားပါတယ်။ ကျွန်မလည်း ရက်ခြား ဆိုသလို သွားအိပ်၊ ကျောင်းပိတ်ရက်ကျရင် ကလေးတွေကိုပါ မမသန်း စိတ်ပြေ လက်ပျောက် ဖြစ်ရအောင် ပို့ထားပေးလိုက်ပါတယ်။
ခြံထဲမှာဆိုတော့ မမသန်းလည်း စိတ်လက်ပေါ့ပါးပြီး ပျော်လို့။ သူ့ရောဂါအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကို မသိရှာ ဘူး။ တစ်နေ့ ပျောက်သွားလိမ့်မယ်လို့ မျှော်လင့်ထားတယ် ထင်ပါရဲ့။ အားအင်တွေက တဖြည်းဖြည်း ဆုတ်ယုတ် လာပါတယ်။ တစ်နေ့ခင်း ကျွန်မ သွားနေတုန်း ဧည့်ခန်းမှာ ထိုင်နေရာက အထလိုက် သွေးတွေ မြင် မကောင်းအောင် သွန်ချပါရော။ အိမ်ကလည်း ဆောက်ပြီးစ လူနေသေးတာ မဟုတ်လို့ ဖုန်းက မရှိဘူး။ ဆရာဝန်ကို ချက်ချင်း အကြောင်းကြားရမှာဖြစ်လို့ အနီးအနားမှာ ဖုန်းရှိသလား လို့ ခြံစောင့်ကောင်လေး ကို မေးကြည့်တော့....
"ဟိုဘက်ခြံ က ဗိုလ်မှူးအိမ်မှာတော့ ဖုန်းရှိတယ်၊ သွားပြောရင် ရပါတယ်" ဆိုတာနဲ့ ကျွန်မလည်း တစ်ဖက်ခြံကို ကူးခဲ့ တာပေါ့။ တံခါး သွားခေါက်တော့ လူငယ်တစ်ယောက် ထွက်လာပါတယ်။
"အိမ်ရှင်တွေရှိလား၊ ဖုန်းပြောချင်လို့ပါ" ပြောတော့....
"ဗိုလ်မှူးတော့ ခရီးထွက်သွားပါတယ်။ မမလည်း ပြင်ဦးလွင် ပြန်သွားတာ လကုန်မှ ပြန်ရောက်ပါမယ်၊ ဖုန်းပြောချင် ရင် ရပါတယ်၊ အထဲဝင်ပါခင်ဗျ" တဲ့။
သူငယ်လေး က ရည်ရည်မွန်မွန်နဲ့ ဖိတ်ခေါ်တော့ ကျွန်မ အိမ်ထဲ ဝင်လိုက်တယ်ပေါ့။ ဧည့်ခန်းထောင့်က စားပွဲပေါ် မှာ ထောင်ထားတဲ့ ဓာတ်ပုံကို မြင်လိုက်တာနဲ့ ကျွန်မ အံ့သြသွားရပါတယ်။ ရှိန်းနဲ့ သူ့ဇနီးညိုမီတို့ နှစ်ယောက်တွဲ လက်ထပ်ပွဲတုန်းက ရိုက်ထားတဲ့ပုံလေ။ လက်စသတ်တော့ ဒီအိမ်ဟာ ရှိန်း အိမ် ဖြစ်နေတာကိုး။ အဲဒီဓာတ်ပုံကလည်း ကျွန်မကိုယ်တိုင် ရိုက်ပြီး ရှိန်းကို လက်ဖွဲ့ထားခဲ့တဲ့ပုံပါ။ ရှိန်းတို့ သင်္ဘော ရန်ကုန် ပြန်ဝင်တဲ့အချိန် ကျွန်မဆီကို ရောက်လာတော့ ဦးမြလှိုင်နဲ့ စေ့စပ်ပြီးတဲ့အကြောင်း ရှိန်းကို ပြောပြလိုက်တော့ တစ်ချက်တည်း မျက်နှာကြီးနီသွားပြီး "ကောင်းတာပေါ့ကွာ" လို့ တစ်ခွန်းပဲ ပြောရင်း ပြန်လှည့်ပြီး ဆင်းသွားပါ လေရော။
ကျွန်မတောင် ဦးမြလှိုင် နဲ့ လက်မထပ်ရသေးပါဘူး။ နှစ်လလောက်နေတော့ ရှိန်းက ဖုန်ဆက်လာပါ တယ်။ သူ"ညိုမီ" နဲ့ လက်ထပ်တော့မှာမို့ သူ ရဲ့လက်ထပ်ပွဲကို ဓာတ်ပုံရိုက်ပေးနိုင်မလားလို့ အလုပ် အပ်ပါတယ်။ ချက်ချင်း လက်ငင်း သတို့သမီး ရှာရတာ သိပ်တောင် မကြာလိုက်လို့ "ရှိန်း ရယ်၊ တယ်မြန်ပါလား၊ ဘယ်ရည်စား ကို ဆွဲလက်ထပ်တာလဲ၊ ပြောပါဦး"လို့က ရယ်သွမ်းသွေးရင်း နဲ့မေးတော့....
"ရည်းစား မဟုတ်ပါဘူး၊ အမျိုးထဲက မာမီ သဘောတူထားတဲ့ ညိုမိကိုပဲ ယူမယ်လို့ပြောပြီး ချက် ချင်း စီစဉ်လိုက်တာ"တဲ့။ ခပ်တည်တည်နဲ့ ပြန်ဖြေပါတယ်။
ဒါနဲ့ စထရင်းဟိုတယ် မှာ ကျင်းပတဲ့ သူတို့လက်ထပ်ပွဲကို ကျွန်မကိုယ်တိုင်ဓာတ်ပုံ သွားရိုက်ပေးပြီး မိဘများ နဲ့ပါ ရင်းချာတဲ့မိတ်ဆွေဖြစ်လို့ တန်ရာတန်ကြေးမယူဘဲ ပုံကြီးတွေချဲ့ပြီးတောင် လက်ဖွဲ့ လိုက်ပါသေးတယ်။
အဲ...သတို့သမီး၊ သတို့သားနှစ်ယောက်တည်း တွဲပြီးအနီးကပ်ရိုက်တော့ ရှိန်းကကျွန်မကို တည့် တည့် စူးစူး စိုက်စိုက် တစ်ချက်ကြည့်လိုက်ပြီး မဲ့ပြုံးတစ်ခု နှုတ်ခမ်းမှာလှစ်လိုက်တာတော့ ကျွန်မ သတိထားလိုက်မိပါရဲ့။ ကျွန်မ ရင်ထဲမှာ နင့်ခနဲတော့ တဒင်္ဂခံစားလိုက်မိသား။ ဒါပေမဲ့ ညိုမီတစ် ယောက်ရှိန်းရဲ့ ရည်းစားပေါင်း သောင်းခြောက်ထောင် နဲ့ ဘယ်လိုများစခန်းသွားရှာမလဲဆိုတဲ့ အတွေးကြောင့် ချက်ချင်း အဲဒီခံစားမှုက ပျက်ပြယ်သွားပါတော့တယ်။
အခုလည်း ကျွန်မရိုက်ပေးထားခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ပုံကို ကြည့်ပြီးတအံ့တသြဖြစ်နေတုန်း သူငယ်လေးက "တယ်လီဖုန်း က ဒီဘက်က ခုံပေါ်မှာပါခင်ဗျ"လို့ ပြောတာနဲ့ တစ်ဖက်ကနံရံဘေး မှာကပ်ထားတဲ့ ခုံရှည်ရှည်မြင့်မြင့်လေး ရှိရာ ကျွန်မလှမ်းသွားပြီးဖုန်းကို မလိုက်ပြီး ဆရာဝန်ဆီဆက် ဖို့နံပါတ်တွေ လှည့်နေ ဆဲမှာပဲ အာရုံက ခုံပေါ်မှာတင်ထားတဲ့ ဓာတ်ပုံတွေဆီ ရောက်သွားပြန်ပါ ရော။
ကျွန်မ မျက်လုံး လင်းကွင်းလောက် ပြူးသွားမိမယ် ထင်ပါရဲ့။
ရှိန်းရဲ့ မိသားစုတွေ ပုံတွေနဲ့အတူ တစ်နေရာမှာ ထောင်ထားတဲ့ ဓာတ်ပုံလေးတစ်ခုကို မထင်မှတ် ဘဲ တွေ့လိုက်ရလို့ပါပဲ။ ကျွန်မတို့ ငယ်ရွယ်စဉ်ကာလက ရှိန်းအစ်မရဲ့ မွေးနေ့အတွက် သူတို့အိမ်ရောက် တုန်းက အန်ကယ် အက်ဒ၀ပ်ကရှိန်းနဲ့ ကျွန်မကို နောက်ပြောင်ပြီး အတူတွဲရိုက်ပေးခဲ့တဲ့ ပုံလေးပါ။ ကျွန်မ က မြီးကောင်ပေါက်အရွယ် ဆိုတော့ အချိုးမကျတကျ။ ပါးကြီးက ဖောင်းဖောင်း၊ ကလေးရုပ်လည်း မပြယ်၊ အပျိုရွယ် လိုလည်း မလှမပနဲ့ ရပ်နေပုံကလည်း ပေကတ်ကတ်ပုံစံ။ ရှိန်းကိုယ်တိုက်က လည်းဥမမည် စာမမြောက်သေး တဲ့ လူပျိုမပေါက်တစ်ပေါက်။ ဓာတ်ပုံက ရယ်ချင်စရာကောင်း အောင်နှစ်ယောက်စလုံး စုတ်ပဲ့နေတာ ကို အမြတ်တနိုး လုပ်ပြီးဘောင်သွင်းထောင်ထားတာတွေ့ တော့ရှိန်းကျွန်မအပေါ်မှာ တန်ဖိုး ထားတာ အတွက် ဒီတစ်ချက်တော့ သူ့ကိုမလေစားစဖူး လေးစား သွားမိပါတယ်။
ဒီလိုနဲ့ မမသန်းကို ဆေးရုံတစ်ခေါက်ပြန်ပြီး တင်လိုက်ရပြန်ရောလေ။ ဒီတစ်ခါ ဆေးရုံကဆင်း တော့မမသန်း သူ့ရောဂါ အခြေအနေ မကောင်းဘူးဆိုတာ သဘောပေါက်နားလည် သွားတယ် ထင်ပါရဲ့။ မန္တလေးပြန်ပြီး စီးပွားရေး ကိစ္စတွေ စီစဉ်ချင်သေးတယ် ပြောတာနဲ့ မန္တလေးကိုကျွန်မ ပြန်ပြီးလိုက်ပို့ပေးလိုက်ရတယ်ပေါ့။ မန္တလေးဆေးရုံကြီး မှာ လက်ထောက်ဆရာဝန်ကြီအးဖြစ်နဲ့ အမှုထမ်းနေသူကလည်း ကျွန်မနဲ့ ရင်းနှီးခင်မင်တဲ့ သူ ဖြစ်လို့ သူ့ဆီမှာပဲ မမသန်းကို ဆက်လက် ပြပြီး နေသာအောင် ကုသပေးဖို့ အပ်နှံပါတယ်။
အခြေအနေ မကောင်းဘူး ထင်ရင် ကျွန်မကို ကြိုကြိုတင်တင် သိရအောင် အကြောင်းကြားပေး ဖို့လည်း မှာ ခဲ့ရသေးတယ်။ ကျွန်မမှာ အမေတနဲ့ မမသန်းကြား ဗျာများရပြန်တာပေါ့။ မမသန်းနား မှာကျန်ရှိတဲ့ အချိန်ပိုင်းက နည်း လို့ အနီးကပ်ပြုစုပေးချင်ပေမဲ့ မာမီ့ကိုလည်း လုံးဝလက်လွှတ်ထား လို့မရတဲ့အပြင် ကလေးတွေ နဲ့ခင်ပွန်းသည်ရဲ့ တာဝန်ကလည်း ရှိနေသေးတာလေ။
ဦးမြလှိုင် ကို ကျွန်မ အရင်ကလို မစစ်ဆေး မမေးမြန်းတော့ဘဲ ၀တ္တရားရှိတဲ့အတိုင်း အားလုံးကို အပြုံးမပျက် ပုံစံနဲ့ လုပ်ပေးနေတော့ လည်း ပုံစံပြောင်းသွားတာကို ချက်ချင်းသတိထားမိပြီး "ဟေး...........တို့မိန်းမ ဘာဖြစ် သွားတာလဲဟင်"တဲ့။
"အကုသိုလ်ကင်းအောင် နေနေတာ"လို့ပဲ အေးအေးဆေးဆေး ပြန်ဖြေတော့လည်း မကြိုက်ပြန် ဘူး။ သူတို့ အတွက် ပူဆွေးမျက်ရည်ကျ၊ ဒေါသတွေဖြစ်တာကို အရသာခံကြည့်ချင်တာလား မသိပါဘူးနော်။
အဲဒီအချိန် မှာ ဒေါ်ခင်နှင်းယု ရေးတဲ့ "ချစ်လှချည်ရဲ့"ဆိုတဲ့ ၀တ္ထုတစ်ပုဒ် ဖတ်ရပါတယ်။ ဇာတ်လိုက် နာမည်က "ကိုကိုမောင်" တဲ့။ "ကိုကိုမောင်"မှာ ချစ်လှချည့်ရဲ့ ဇာတ်လမ်းတွေက တစ်ခု ပြီးတစဟ်ခု မဆုံးတော့တာ ဦးမြလှိုင်ကိုကြည့်ပြီး ရေးလေသလားတောင် အောက်မေ့ရပါတယ်။ ၀တ္ထုဖတ်ပြီးကတည်းက ကျွန်မက ဦးမြလှိုင် ကို "ကိုကိုမောင်"လို့ ချစ်စနိုးနာမည်ပေးပြီး ပြောင်းခေါ် လိုက်တော့တယ်။ သူ့အိမ်ကခေါ်တဲ့ ငယ် နာမည် ကလည်း "မောင်မောင်"မို့ အဆင်ကို ပြေလို့ပေါ့။
ကျွန်မ မန္တလေး ကို ကူးချည်သန်းချည် ပြေးလွှားနေဆဲမှာပဲ ဦးမြလှိုင်နဲ့ ဒုတိယကိုယ်ဝန်ကို ဆောင်ရပြန်ရော။ မန္တလေးရောက်တဲ့ အခါ ခါတိုင်းလို ဦးမြလှိုင်နဲ့ မကျေမလည်ဖြစ်ရာတာတွေကို မမသန်းကို လုံးဝ ရင်မဖွင့်တော့ဘူး။ မမသန်းဝေဒနာခံစားရဆဲမှာ ကျွန်မအတွက် စိတ်မဆင်းရဲစေ ချင်တာလည်း တစ်ကြောင်း၊ ကျွန်မ တံတားကာလိုက်တဲ့အတွက် ရင့်ကျက်စွာနဲ့ ခံနိုင်ရည်ရှိသွား တာလည်းတစ်ကြောင်း ပါပါတယ်။ မမသန်း က အခြေအနေကို မေးတိုင်းလည်း မာမီ့ကို ပြောသလို အားလုံးကောင်းပါသည် အဖြစ်နဲ့ပဲ ထားလိုက်ပါတယ်။
လူ့လောကမှာ ကောင်းမြတ်တဲ့ သူတွေ ရှိကြသလို ယုတ်မာသူတွေ ရှိကြတယ်ဆိုတာ ဒုတိယအ ကြိမ်ကြုံရ ဖို့ ဖြစ်လာတဲ့ ဇာတ်လမ်းကလည်း အဆန်းသားပါပဲ။ ပထမအကြိမ် ဂျပန်ဆရာကြီး မီကာဒိုနဲ့ ကြုံရတုန်း ကတစ်မျိုး၊ အခုအဖြစ်က တစ်ပုံစံပါ။ အကုသိုလ်ကံ မှေးမှန်လာချိန်မို့ လောက ဓံတရားတွေကို ကျုံးပြီးခံရင်း နပန်းလုံးရမယ့် ပွဲတစ်ခုလို့ ဆိုရင်လည်းရမယ် ထင်ပါရဲ့။
သိကြတဲ့အတိုင်း မန္တလေး သူတွေ ချမ်းသာရင် စိန်စုကြတာပါပဲ။ ၀တ်လိုက်ရင်လည်း တော်ရုံတန်ရုံ မဟုတ်ဘူး။ ကွမ်းသီး လုံးလောက်ကြီးတွေမျိုးလေ။ ကျွန်မ ယောက်မ မမသန်းကလည်း မန္တလေးသူ ဆိုတော့ အဲလို စိန် လုံးကြီးတွေ ၀တ်တာပေါ့။ ကျွန်မဆီ ဆေးကုဖို့ ရောက်လာတော့ သူ့စိန်ထုပ် ကြီးကလည်း ပါလာတာနဲ့ ကျွန်မကို အပ်ပါတယ်။ ကျွန်မတို့ နေတာက စတူဒီယိုနဲ့ အိမ်တစ်ခြမ်းစီ တစ်တွဲတည်းမို့ လူ အ၀င်အထွက်များတာကြောင့် ကျွန်မမှာ သူ့စိန်ထုပ်ပြီး လုံခြုံအောင် ထားစရာ နေရာရှာမရဖြစ်ပြီး အိပ်လို့တောင် မပျော် ပါဘူး။ ဒါနဲ့နောက်တစ်နေ့ကျ ဘဏ်တိုက်မှာ သွားထည့် ထားလိုက်ရတာပေါ့။
ဆေးရုံ ဆိုတာ စိန်တွေ ရွှေတွေ ၀တ်လို့မရ။ ကျွန်မကလည်း မမသန်းအနားမှာ မပြတ်ရှိနေရမှာမို့ ဘဏ်တိုက် အပ် လိုက်ခြင်းက စိတ်အရှင်းရဆုံးပဲ မဟုတ်လားနော်။ ဆေးကုသခြင်း ကိစ္စအ၀၀တွေ ပြီးလို့ပြန်တော့မယ် ဆိုတော့ စိန်ထုပ် ကို ဘဏ်တိုက်က ပြန်ထုတ်ပေးလိုက်တာနဲ့ ကိစ္စက ပြတ်ရ မှာပါ။ ဇာတ်လမ်းက ဒီမှာတင် မရပါဘူး။ မန္တလေးရောက်ပြီးတော့ စကားဝိုင်းတစ်ခုမှာ ကျွန်မက ဆေးကုလာတာ အေးအေးမလာဘဲ မမသန်း စိန်ထုပ်ကြီး ယူလာလို့ ထားစရာနေရာမရှိ ဖြစ်ပြီး အိပ်မပျော်ဖြစ်ရတာကြောင့် ဘဏ်တိုက်အပ်ရတဲ့ အကြောင်းကို ရယ်စရာအဖြစ် ပြောလိုက်မိပါ တယ်။
ကျွန်မက သဘောရိုးနဲ့ ရယ်စရာလို ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် လောကဓံနဲ့ နပန်းလုံးရမဲ့ ပွဲသစ် တစ်ခု ဖြစ်လာမယ်ဆိုတာလည်း မတွေးမိပါဘူး။ မန္တလေးနဲ့ ရန်ကုန်ကူးသန်းနေဆဲမှာပဲ ဦးမြလှိုင်က ဂျပန်ပြည် သွားဖို့ ဖြစ်လာပါရော။ ကျွန်မမှာလည်း ဦးမြလှိုင် နဲ့ ဒုတိယကိုယ်ဝန်ဆောင် ကြောင့်မပေါ့မပါးနဲ့လေ။ ကိုယ်ဝန် အတွက် ဆရာဝန်ရက်ချိန်းတွေ ယူရ၊ ဦးမြလှိုင်မရှိဘဲ တစ်ယောက်တည်းမို့ အလုပ်တာဝန်အပြင် မိသားစု တာဝန်တွေပါ ယူပြီး မန္တလေးသွားဖို့ရက်ကို တစ်ရက်ပြီးတစ်ရက် ရွေ့နေရဆဲ တစ်ညမှာ သူငယ်ချင်းလှလှမြင့်က ဖုန်း ဆက်လာပါတယ်။
"မမသန်းက အခြေအနေ ဒါလောက်ဆိုးနေတာ မင်းဘာလို့ ရောက်မလာတာလဲတဲ့၊ အခုဆေးရုံ တင်ထား ရတယ်၊ မမသန်း ကို ညနေကသွားကြည့်တော့ မင်းကိုမျှော်နေတာ မလာလို့တဲ့၊ အမြန် ခေါ်ပေးပါ မှာလို့ ခု ဖုန်းဆက် လိုက်တာ"တဲ့လေ။
ကျွန်မ ဦးထိပ်တက် မိုးကြိုးရှစ်စိတ် ခွဲလိုက်သလိုပါပဲ။ ဒီသတင်းဆိုးကြောင့် ကျွန်မချက်ချင်း မနက် ရထားနဲ့မန္တလေး ကို လိုက်သွားပါတယ်။ ဘူတာကနေ တစ်ဆက်တည်း တန်းပြီးဆေးရုံကိုသွား လိုက်တယ်ပေါ့။ ရင်ထဲမှာလည်း ပူပန်တဲ့ သောကအပြင် တစ်သက်တာ ခွဲခွာရခြင်းကို ကြုံရတော့ မယ်ဆိုတာ သိထားတဲ့ ပရိဒေ၀ ပါ လောင်မြိုက်ပြီး မီးဟုန်းဟုန်းတောက်လို့ပါပဲ။
လူနာခန်း ထဲကိုလည်း ၀င်လိုက်ရော ခုတင်ပေါ်မှာ သတိမရှိ ပက်လက်ဖြစ်နေတော့တယ်။ ဒီမြင် ကွင်းကြောင့် ရင်ဝဆောင့် သွားအောင် ခံစားလိုက်ရဆဲပဲရှိသေးတယ်။ ခုတင်ဘေးမှာ ထိုင်နေကြတဲ့ ဆွေစုမျိုးစု လူကြီးတွေက...
"မမသန်းရဲ့ စိန် ထုပ်ပါခဲ့ရဲ့လား"တဲ့။ ဆီးမေးပါလေရော။
ဘာတွေဖြစ်ကုန်တယ်ဆိုတာ ကျွန်မ နားမလည်နိုင်အောင်ပါပဲ။ အကျိုးအကြောင်းကို မေးကြည့် တော့အဖြစ်က ဒီလိုပါ။ မမသန်း က သူ့အခြေအနေ မကောင်းတော့တာ သတိပြုမိတာကြောင့် ကျွန်မအလာကို မစောင့်တော့ဘဲ ဒီနေ့မနက် က ဆွေမျိုးထဲက လူကြီးစုံရာနဲ့ မိသားစုဝတ်လုံ အန်ကယ်ဦးဘသင်ကို ခေါ်ခိုင်းပြီးတော့ အမွေ ခွဲပေးဖို့ ကိစ္စစီစဉ်တယ်တဲ့။ ပြောဆိုနေဆဲ မှာ ပြဿ နာပေါ်တော့ မမသန်း စိတ်ထိခိုက်သွားပြီး သတိလစ် သွားပါတယ်။
ဒီအချိန်မှာ မလိုသူတစ်ဦးက မမသန်းရဲ့စိန်ထုပ် ကျွန်မဆီရောက်နေတဲ့အကြောင်း အခွင့်အခါသင့် တုန်းမှာ တွန်းထည့် ထားလိုက်တယ်ပေါ့။ မမသန်းဆေးရုံတက်နေဆဲမှာ လက်ရှိပစ္စည်းထိန်းထးရတဲ့ သူအနေနဲ့ အကွက် ရတုန်း အသုံးချလိုက်ခြင်းပါပဲ။ ကျွန်မက စိန်ထုပ်ကိုပြန်းပေးလိုက်ပါပြီလို့ ရှင်းပြပေမဲ့ တချို့သောလူကြီးတွေရဲ့ မျက်နှာ မှာ သံသယရိပ်ကိုမြင်မိတော့ တစ်သက်တာမှာ အခံ ရခက်ဆုံးကာလလို့ပဲ ပြောရမယ်ထင်ပါရဲ့။ အခံရ ခက်တာရော၊ ရှက်တာရော ရင်မှာပြည့်သိပ်နေ အောင်ခံစားရပါတယ်။
မမသန်းရဲ့ အခြေအနေကို ဆရာဝန်ကြီးဆီ ဖုန်းဆက်မေးကြည့်တော့ နာရီပိုင်းပဲခံတော့မှာတဲ့။ ကျွန်မဘာလုပ်ရမှန်းမသိအောင် ချောက်ချားသွားပါတော့တယ်။ ကိုယ့်ရဲ့ မိခင်တစ်ဦးလို ချစ်ရ၊ အားကိုးရသူကို နာရီပိုင်းအတွင်း ကျွန်မစွန့်လွှတ်ရတော့မယ်။ တစ်ဖက်မှာလည်း စိန်ထုပ်ကို ယူထားတယ်လို့ အစွပ်စွဲ ခံနေရတယ်။ "မမသန်းရယ်...ထပြီး ခင့်ကိုကယ်ပါဦး၊ ဖြေရှင်းပေးပါဦး" လို့ပြဿနာကြုံ တိုင်း ပြေးပြီးတိုင်တည်သလို အားကိုးချင်ပေမဲ့လည်း အခြေအနေက အားကိုးမရ၊ အဖြစ်မှန်ကို သက်သေခံနိုင်မဲ့ သူက နောက်နာရီပိုင်းအတွင်းမှာ ဇ၀ိန်ချုပ်တော့မှာလေ။
မတရား အစွပ်စွဲခံရလို့ နာကြည့်းအခံရခက်တာရော၊ စိန်ထုပ် ကျွန်မဆီမှာ မရှိဘူးဆိုတာ ဘယ်လို ဖြေရှင်း ရမှန်းမသိလို့ စိုးထိတ်တာရော၊ အားကိုးရ၊ ချစ်ရတဲ့မိခင်လို ပုဂ္ဂိုလ်ကွယ်ပျောက်သွားတော့ မှာမို့ နာကျင်ကြေကွဲ ရတာရော အမျိုးစုံသော ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေကြောင့် မျက်ရည်လည်း တစ်စက်မှ မကျနိုင်ဘဲ ရင်ထဲမှာသာ အလုံးကြီးတစ်လုံး ဆို့နေသလို လေးနင့်ပြီး အသက်ရှူလို့ မ၀တာနဲ့ သက်ပြင်းပဲ အခါခါရှိုက်နေ မိပါတယ်။
ဒီတိုင်း သူတို့စွပ်စွဲသမျှခံပြီး အရှုံးပေးလို့ကလည်း မဖြစ်သေးဘူး။ အမှန်ဖြစ်အောင် ကျွန်မဘာလုပ် ရမလဲ ဆိုတာကို အံခဲပြီး စဉ်းစားရပါတယ်။ ကိုယ့်မှာ စွမ်းအားရှိရှိသမျှတွေနဲ့ ရင်ဆိုင်ပြီး အနိုင်မ တိုက်နိုင်ရင် ဘုရားပဲ အားကိုးစရာ ရှိပါတော့တယ်။ ဘုရားမှတစ်ပါး တခြားအားကိုးစရာ မရှိတော့ ဆိုတာကို နားလည်မိတာနဲ့ ကျွန်မအကြွင်းမဲ့ ယုံကြည်သော ရှင်တော်ဘုရားနဲ့ စောင့်ရှောက်ကြ ကုန်သောသမ္မာဒေ၀ နတ်ကောင်းနတ်မြတ် များ ကို တိုင်တည်ဆုတောင်းပြီးအဓိဋ္ဌာန်တစ်ခု လုပ်လိုက် ပါတယ်။
တကယ်ကတော့ ကြုံလာတဲ့ကြမ္မာဆိုးကို ကျွန်မအနိုင်မတိုက်နိုင်လို့ ဘုရားရှင်ရဲ့လက်ကို ၀ကွက် ပြီး အပ်နှံလိုက်ခြင်း ပါပဲလေ။
ဆက်ရန်
.

2 comments:
မလွယ်ပါလားဗျာ လူတွေများကြောက်ဖို့ ကောင်းလိုက်တာနော်
မမရွေဇင်ဦးရေ
ဒီပို့စ်ကိုဖတ်ခွင့်ရအောင်တင်ပေးတဲ့အတွက်
ကျေးဇူးအထူးတင်ရှိပါကြောင်း။
Post a Comment