" ဟော ... အစ်ကို ကိုခင်မောင်သက်တို့ပါလား "
ကိုခင်မောင်သက်သည် မညိမ်း၏ ပျူပျူငှာငှာ သံသာသာကို ဂရုမစိုက်အားသေးဘဲ မညိမ်း အိမ်ကပြင်တွင် အစွေ့သား ထိုင်နေသော ကိုမ်ြအောင်ကို မျက်စောင်းငဲ့၍ ကြည့်လိုက်သည်။ ကျွန်တော် တို့ နောက်တော်ပါးများ သည်လည်း ဇာတ်လိုက်ကြီး ကိုခင်မောင်သက် တမူနာသွားသည့်အတွက် ခံရခက် သလို ရှိမိကြသည်။ ကိုမြအောင်ကမူ "ငါကွ"ဟူသော မျက်နှာပေးဖြင့် စီးကရက်ကို မရသာခံ၍ ပင် သောက်နေချေသေးသည်။ ကို ဆက်ဖတ်ရန် ....
“ညီမလေး ရေအေးအေးလေး တစ်ခွက်ပေးကွာ”
“ရပါတယ်၊ ရပါတယ်”
ပြောပြောဆိုဆိုပင် မညိမ်းက ရေခပ်ရန် နောက်ဖေးသို့ ၀င်သွားသည်။ ထိုအချိန်တွင် မညိမ်းနောက်မှ ထပ်ချပ်မကွာ လိုက်သွားသူမှာ ကျွန်တော်တို့ဟီးရိုး ကိုခင်မောင်သက်ဖြစ်ပါသည်။ ကိုခင်မောင်သက်သည် မညိမ်းရေခပ်ရာ သို့ တစ်ပါတည်း လိုက်သွားခဲ့ပြီး ရေလည်းသောက်သည်၊ စာလည်း ပေးခဲ့သည်။ ထို့နောက် အောင်နိုင်သော စစ်သူကြီး မဟာဗန္ဓုလကဲ့သို့ ရင်ကော့ခါးထောက်ကာ ထွက်လာသည်။
“ကိုမြအောင် ရောက်နေတာ ကြာပြီလား၊ ဟင်း ... ဟင်း ... ဟင်း”
“မ-ကြာ-သေး ... ပါဘူးဗျာ၊ ငှန့် ... ငှန့် ...”
ထိုနေ့ည မညိမ်းစာမေးပွဲ အခမ်းအနားအဖြစ် ကျွန်တော်တို့ လူသိုက်လက်ဖက်ရည်၊ မုန့်စသည်တို့ကို ကိုခင်မောင်သက် က အလှူဒါန ပြုခဲ့ပါလေသည်။
သင်တန်းဆင်းခဲ့ပါပြီ။
ကျွန်တော်က စည်းရုံးရေးမှူး၊ ကိုလေးမြင့်က ကာယဗလမှူးအဖြစ် မော်လမြိုင်သို့ တာဝန်ကျပါသည်။ ကျွန်တော်တို့ နှစ်ယောက် ရထားလမ်း၊ ကားလမ်းများ ပိတ်ပင်ထားသော အချိန်ဖြစ်သဖြင့် ပင်လယ်ကူး သင်္ဘောဖြင့် သွားရောက်ရန် စီစဉ်ကြရပါသည်။ ပင်လယ်ကူးသင်္ဘောဆိုသည်မှာ ဂျပန်စစ်ဘက် အာဏာပိုင် များ၏ ခွင့်ပြုချက်နှင့်သာ စီးနင်းရသော အခွင့်အရေးဖြစ်ပါသည်။ ထို့ပြင် စစ်ကာလအတွင်း အရပ်သူ အရပ်သား များမှာ မိမိတို့ ကိုယ်ပိုင် အစီအစဉ်များဖြင့်သာ ခရီးသွားလာနေရသော အချိန်လည်း ဖြစ်ပါသည်။
“ရော့ - ဒီစာရွက်ကိုယူပြီး ရေ၀န်ရုံးမှာ သွားပြပါ။ ခင်ဗျားတို့ နှစ်ယောက် မော်လမြိုင်သွားဖို့ စီစဉ်ပေးလိမ့် မယ်”
ဥက္ကဋ္ဌကြီး ဦးဗဂျမ်းက ဂျပန်လို ရေးထားသော စာရွက်တစ်ရွက်ကို ကျွန်တော့်လက်ဝယ် သို့ ပေး၍ မော်လမြိုင်သွားရေး အစီအစဉ်ကို ပြောပြပါသည်။ ကျွန်တော်နှင့် ကိုလေးမြင့်တို့သည် ဥက္ကဋ္ဌကြီးပေးလိုက် သော ဂျပန်စာရွက်ကို ယူကာ ရေ၀န်းရုံးသို့ လာခဲ့ကြပါသည်။ ဂျပန်လက်ထက် ရေ၀န်ရုံးကို ယခုအကောက် ခွန်ဦးစီးဌာန ဖွင့်လှစ်သော အဆောက်အအုံ၌ ဖွင့်လှစ်ထားပါသည်။
ကျွန်တော်တို့ နှစ်ယောက်သည် မော်လမြိုင်သို့ ပင်လယ်ခရီးဖြင့် သွားရောက်ရမည်ကို အလွန်စိုးရိမ်ရွံ့မိပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်အတွင်း ပင်လယ်ကူးသင်္ဘောများကို တစ်ဘက် ရန်သူများမှ တိုပီတိုဖြင့် လည်းကောင်း၊ ကောင်းကင်ယံမှ လေယာဉ်ဖြင့်လိုက်၍ ဗုံးကြဲခြင်းဖြင့် လည်းကောင်း၊ အခါမလပ် ဖျက်သိမ်း လျက် ရှိနေခြင်း ကြောင့်ပင်ဖြစ်ပါသည်။ မည်သို့ပင်ရှိစေ တာဝန်ဝတ္တရား အရ မော်လမြိုင် သို့ ရောက်ရှိရမည်သာဖြစ်ပါသည်။ ရေ၀န်ရုံးသို့ ရောက်သောအခါ ဂိတ်ဝမှ လှံစွပ်ကိုင် စစ်သားများမှ အစပြု၍ ရေးပေးလိုက်သော စာရွက်ကို လက်ခံရယူသူ ဂျပန်စစ်ဗိုလ်ထံသို့ ရောက်သည်အထိ ဆယ်ဦးမကသော ဂျပန်မာစတာ တို့အား ခါးချိုး အလေးပြုခဲ့ရပါသည်။ သို့ဖြစ်လင့်ကစား ကိစ္စပြီးစီးရန်အတွက်သာ စိတ်စောနေခြင်းကြောင့် အရိုအသေ ပေး ရသည်ကို စိတ်ပျက်ခြင်းမရှိပါချေ။
သို့သော် ဂျပန်စစ်ဗိုလ်သည် ကျွန်တော်တို့လက်မှ ဂျပန်လို ရေးလိုက်သော စာရွက်ကို တစ်လှည့်၊ ကျွန်တော်တို့အား တစ်လှည့်ကြည့်၍ နှုတ်မှလည်း တိုးတိုးကျယ် ကျယ် ပြောိုကာ နောက်ဆုံး ထိုစာရွက်ကို လုံးခြေလိုက်ပြီး ၎င်း၏ဘေးရှိ အမှိုက်တောင်းအတွင်းသို့ ပစ်ထည့်လိုက်ပြီး ကျွန်တော်တို့ နှစ်ယောက်ကို လက်ပြ မောင်းထုတ်လိုက်ပါတော့သည်။ ကျွန်တော်နှင့် ကိုလေးမြင့်တို့ နှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရှက်ခြင်း၊ နာကြည်းခြင်း စိတ်များဖြင့် ပြည့်လျှံလာပါသည်။ ထိုထက် အစည်းအရုံး မှ ရေးပေးလိုက်သော ယင်းကဲ့သို့သော စာမျိုးကို မည်သည့်အတွက် အလေးဂရုမမူသည် ဆိုသည်ကို လည်း စောကြောမိပါသည်။ ဌာနချုပ်သို့ ပြန်ရောက်သောအခါ ကျွန်တော်တို့သည် ဂျပန်စစ်ဗိုလ်၏ ရိုင်းပြမှု၊ စော်ကား ခံရမှုများကို ဥက္ကဋ္ဌကြီးဦးဗဂျမ်း နှင့် မစ္စတာ တိုမိုးဒါးကို ပြောသောအခါ သူတို့ လည်း ခေါင်းကုတ် ဖင်ကုတ်ဖြင့် အဖြေမထုတ်တတ်သည့် အလား ဖြစ်ရပါတော့သည်။
ပထမပတ် စည်းရုံးရေးသင်တန်းဆင်းသွားပြီဖြစ်၍ ဌာနချုပ်တွင် ခြောက်သွေ့လျက် ရှိပါသည်။ ဌာနချုပ်တွင် ကျွန်တော်၊ ကိုလေးမြင့်၊ ကိုဆင်ပိုးတို့ လူသိုက်သာ ကျန်ခဲ့ပါသည်။ ကျွန်တော်တို့သည် မည်မျှထိကြာမြင့်စွာ သောင်တင်နေမည်ကို မသိသဖြင့် စိတ်ပျက်မိပါသည်။ ကိုလေးမြင့်တစ်ယောက်ကမူ အားလပ်နေသော အချိန်များကို ခေါင်းမြီးခြုံ၍ အိပ်စက်ခြင်းဖြင့်သာဖြေဖျောက်သော်လည်း ကျွန်တော် တစ်ယောက် အနေဖြင့် မူ ပေါင်းဟောင်းသင်းဟောင်းများ စုဝေးနေထိုင်ကြသော ဗိုလ်လက်ျာနေအိမ်သို့ လည်းကောင်း၊ ရွှေတိဂုံ ဘုရားပေါ်သို့ လည်းကောင်း၊ ခြေတွင် ဗွေပါသည့်အလား လျှောက်၍ သွားနေမိသည်။
ဤသို့ဖြင့် ဆယ်ရက် ခန့် ကြာသောအခါ မစ္စတာ တိုမိုဒါးက စာတစ်စောင်ရေး၍ ပေးပြန်ပါသည်။ ထိုစာမှာ ရွှေတိဂုံဘုရားလမ်း၌ ဖွင့်လှစ်ထားသော ဂျပန်စာသင်ကျောင်း မှ ဒေါ်အိမ်ဇိုး ထံသို့ ဖြစ်ပါသည်။ ဒေါ်အိမ်ဇိုးသည် အရှင်ဦးဥတ္တမ၏ ညီမဖြစ်၍ ၎င်း၏ ကျောင်းကို ဂျူဗလီဟော အရှေ့ အဆောက်အအုံ (ယခု လယ်စိုက်ရှင်းရုံး)၌ ဖွင့်လှစ်ထား ပါသည်။ ကျွန်တော်နှင့်ကိုလေးမြင့် မှာ ဒေါ်အိမ်ဇိုး ထံသို့သာ လာခဲ့ရသော်လည်း စိတ်ထက်သန်မှု လုံးဝမရှိ ပါချေ။ အဘယ်ကြောင့်မူ မစ္စတာ တိုမိုးဒါးဆိုသူသည် မည်သို့မျှ ဂျပန်စစ်တပ်ပေါ်တွင် သြဇာညောင်းသူ မဟုတ်ကြောင်း၊ ၎င်း၏ စာကို ဆုတ်ဖြဲပစ်လိုက်သည့် အချိန်မှ စ၍ သိခဲ့ခြင်းကြောင့်ပင်ဖြစ်ပါသည်။ ဒေါ်အိမ်ဇိုးထံသို့ ရောက်သောအခါ စာသင်ချိန် ဖြစ်နေသဖြင့် အချိန်ကြာမြင့် စွာ စောင့်ဆိုင်းနေရပါသည်။ ထို့နောက် တွေ့ဆုံကြသောအခါ စကားပြန် ၏ ပြောကြားချက် အရ ရေ၀န်ရုံးသို့ပင် ပြန်သွားရန် စာရေးပေး လိုက်မည်ဟု သိရပါသည်။
“ကျွန်တော်တို့ ရေ၀န်ရုံးကို နောက်တစ်ခေါက် မသွားချင်တော့ဘူး”
“သွားသာသွားပါ၊ လက်မှတ်ထုတ်ပေးပါလိမ့်မယ်”
ဟုတ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် ရောက်ရှိသွားသောအခါ ယခင်တစ်ခါက ကျွန်တော်တို့ ယူဆောင် လာသော စာရွက်ကို လုံးခြေပစ်လိုက်သော ဂျပန်စစ်ဗိုလ်နှင့်ပင် ပြန်လည်ဆုံစည်းရပါသည်။ ယခု တစ်ခေါက်တွင်မူ ယခင်တစ်ကြိမ်ကဲ့သို့ မဟုတ်ဘဲ၊ ကျွန်တော်တို့အား ထိုင်ခွင့်ပြုခြင်းပင်ရရှိပြီး စာရွက် တစ်ရွက်ပေါ် တွင် ထုတ်ပေးလိုက်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်သည် ၀မ်းမြောက်ဝမ်းသာဖြင့် လက်မှတ် ကား ရခဲ့ပါပြီ။ သို့သော် မည်သည့်နေ့ရက်တွင် စီးနင်းလိုက်ပါရမည်ကိုမူ သိရှိရန်လိုပါသည်။ သင်္ဘောပေါ်သို့ မရောက်မချင်း စိတ်ဒုန်းဒုန်းချ၍ကား မဖြစ်သေးပေး။
တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်ခန့် ကုန်လွန်သွားပြန်ပါသည်။
တစ်နေ့သော နံနက်ခင်းတွင် မစ္စတာမိုးဒါး ကျွန်တော်တို့ထံ ရောက်ရှိလာပြီး ထိုနေ့ နေ့လယ်၌ပင် မော်လမြိုင်သို့ ထွက်ခွာရမည်ဖြစ်ကြောင်း ပြောလာပါသည်။ သို့ဖြစ်ရာကျွန်တော်သည် ဗဟန်းသို့သွား ရောက်၍ မိခင်ကြီးပေးလိုက်သော စိန်လက်စွပ်ကလေးကို ဂျပန်ငွေ ၃၀၀၀ ဖြင့် ရောင်းချလိုက်ပါသည်။ ထို့ နောက် ၀ယ်ခြမ်းဖွယ် ပစ္စည်းများ၊ စားသောက်ဖွယ် ငါးသေတ္တာနှင့် မုန့်ကြွပ်များကို ၀ယ်ယူခဲ့ပါသည်။ ကျွန်တော် တို့ နှစ်ယောက်အား ဆရာဦးဗဂျမ်းက ကျန်းမာရေး ဂရုစိုက်ရန်နှင့် တနယ်ကျေးတွင် ညီရင်းအစ် ကိုကဲသို့ ချစ်ချစ် ခင်ခင် နေထိုင်ရန်၊ ဂျပန်များနှင့် သင့်သင့်မြတ်မြတ် အလိုက်အလျောပြု နေထိုင်ရန် ဆုံးမ စကားများပြော ကြားခဲ့ပါသည်။ ပင်လယ်ကူး သင်္ဘောကြီးမှာ အလွန်ကြီးမားခန့်ထည်လှပါသည်။
ကျွန်တော်တို့ နှစ်ယောက် သင်္ဘောကုန်းပတ်ပေါ်သို့ နေ့လယ် ၂ ချက်တီးခန့်တွင် ရောက်ရှိသည်။ ကျွန်တော်တို့အား လန်ကွတ်တီဝတ် ဂျပန်တစ်ယောက်က လိုက်ပါရမည့် နေရာကို လိုက်လံပြသပေးပါ သည်။ ကျွန်တော်သည် မိမိလိုက်ပါရမည့် နေရာကို မြင်ရသောအခါ အလွန်ပင် သဘောကျ ကျေနပ်ကာ ပြုံး မိပါသည်။ အဘယ်ကြောင့်ဆိုသော် သင်္ဘော၏ ပဲ့ပိုင်းတစ်နေရာမှ ထင်းရှူးသားဖြင့် ခနော်ခန့ ဆောက်ထား သော အခန်းကလေးထဲတွင် ရွှေဖရုံသီးများ၊ အာလူးများ၊ ခရမ်းသီးများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရ သည်။ ၄ ပေခန့်ရှည်၍ ၁၀ လက်မခန့်ကျယ်သော ပျဉ်းတစ်ချပ်ကိုကပ်၍ ရိုက်ထားသည်။ ထိုပျဉ်ချပ်ပေါ် တွင် ကျွန်တော် တို့ အခန့်သား စီးနင်းလိုက်ပါရမည်ဖြစ်ပါသည်။
“ သောက် - ခွေးမသားတွေ ”
ကိုလေးမြင့်က တောက်တစ်ချက် ခေါက်၍ အထက်ပါအတိုင်း ရေရွတ်လိုက်ပါသည်။ ကျွန်တော်ကမူ မည်သို့မျှ စကားမပြော ဘဲ မိမိပါလာသော အထုပ်ကလေးကို ပျဉ်းပြားပေါ်သို့ ပစ်တင်လိုက်ပြီး ခြေပစ်လက် ပစ် ထိုင်ချလိုက်မိပါသည်။
“ဒီအတိုင်း ဆို ဘယ်လိုအိပ်မလဲ ကိုမြလှိုင်”
“တစ်ယောက်တစ်လှည့်စီ အိပ်သွားတာပေါ့။ ဟီး-ဟီး”
“ဒီငပုတွေတော့ ကြာလေ စိတ်နာလေပဲဗျာ။ ဟင်း”
ထိုအခိုက် ဂျပန်တစ်ယောက်နှင့် စကားပြန် ကုလားတစ်ယောက် ကျွန်တော်တို့ရှိရာသို့ ရောက်လာပါသည်။ ၎င်းတို့၏ ပြောပြချက်အရ ကျွန်တော်တိ့နှစ်ယောက်မှာ ယခုနေထိုင်ရမည့် အခန်းမှ လိုက်ပါစီးနင်းရမည်ဖြစ် ပြီး ယင်းအခန်းမှထွက်၍ သင်္ဘောပေါ်တွင် မည်သည့်နေရာကိုမျှ သွားရောက်ခွင့်မရှိကြောင်း၊ ကျွန်တော် တို့ နှစ်ယောက်၏ အခွင့်အရေးမှာ လိုက်ပါစီးနင်းခွင့် တစ်ခုတည်း သာဖြစ်၍ မော်လမြိုင် သို့ ရောက်သည့် အထိ မိမိတို့အစီအစဉ်ဖြင့်သာ စားသောက်ရမည်ဟူ၍ဖြစ်ပါသည်။ ဂျပန်နှင့် စကားပြန်တို့ ထွက်သွားသောအခါ ကျွန်တော်သည် စိတ်ပျက်လွန်းမက စိတ်ပျက်လှသဖြင့် အရုပ်ကြိုးပြတ် ပျဉ်ချပ်ပေါ်သို့ ထိုင်ချလိုက်မိပါ တော့ သည်။
ရှုမ၀၊ တွဲ ၃၅၊ မှတ် ၄၁၂ စက်တင်ဘာ၊ ၁၉၈၁။
“ခုအတိုင်း ဆိုရင်တော့ ဒုက္ခပဲ ကိုမြလှိုင်”
“ဘာကို ပြောတာလဲ”
“စားဖို့၊ သောက်ဖို့၊ နောက်ပြီး အီးအီးယိုဖို့လေဗျာ ...”
“နှစ်ရက်စာလောက်လောက်တော့ ချွေးစားရင် ရပါတယ်။ ကျွန်တော့်မှာ ငါးသေတ္တာနှစ်ဘူးနဲ့ မုန့်ခြောက် နည်းနည်း ပါတယ်”
နေ့လယ် ၃ နာရီခန့်တွင် သင်္ဘောကြီးသည် ကမ်းမှ ခွာစပြုသည်။ သင်္ဘောစက်နှိုးသံကမ်းမှ ခွာထွက်လာ သည့် အတွက် စိတ်ပေါ့ပါးသွားပါသည်။ သို့သော် မကြာမီအတွင်း ကျွန်တော့်အမြင်များ တက်တက်စင် လွဲမှားကြောင်း သိရ ပါသည်။ ပင်လယ်ကူး သင်္ဘောကြီးသည် ကမ်းမှ ခွာရုံမှတစ်ပါး ထွက်ခွာခြင်းမပြုဘဲ ရန်ကုန်မြစ်လယ် ၌ ကျောက်ချနားနေလျက် ရှိနေပါသည်။ ကျွန်တော်တို့နှစ်ယောက်သည် အခန်းကျဉ်း ကလေးထဲ ၌ ချွေးအောင်းထားသည့်နှယ် တစ်ကိုယ်လုံး ချွေးများဖြင့် နစ်နေပါသည်။
ညနေစောင်းသောအခါ ဂျပန်များ ထမင်းစားကြပါသည်။ ကျွန်တော်တို့ နှစ်ယောက်လည်း မိမိတို့တွင် ပါလာသော ငါးသေတ္တာဗူး ကလေးကို ဖောက်လျက် မုန့်ခြောက်ကလေးများ ၀ါးကာ ညနေစာ အဖြစ် ဖြည့်တင်းလိုက်ရပါသည်။ သို့ဖြင့် တဖြည်းဖြည်း ညဥ့်ဘက်သို့ ရောက်လာပါတော့သည်။ ညဥ့်ဘက် သို့ ရောက်သောအခါတွင်မှ ဒုက္ခလှလှကြီး ရောက်ပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကြွက်များသည် အုပ်သင်းဖွဲ့ ၍ သောင်းကျန်းပါတော့ သည်။ ကျွန်တော်တို့ လက်ကျန်ချန်ထားသော ငါးသေတ္တာဘူးကို ဆွဲယူစားသောက်ရုံမျှမက ကျွန်တော်တို့ ကိုယ်ပေါ်မှပင် ဖြတ်၍ ဟိုမှသည် ပြေးလွှားနေကြပါကုန်သည်။
“မြလှိုင်ရေ ... ရေထဲသာ ခုန်ချသေလိုက်ချင်တယ်ဗျာ”
“လောကငရဲဆိုတာ ဒါပဲနေမှာပါဗျာ”
ကျွန်တော်သည် မိမိတတ်သိ ရထားသမျှသော ဘုရားရျိခိုးများကို နှုတ်မှ တတွတ်တွတ် ရွတ်ဆိုခြင်းပြုမိပါ သည်။ စိတ် အားငယ်ခြင်း၊ ၀မ်းနည်းခြင်းများကြောင့် မျက်ရည်များကျမိပါသည်။ သိုသော် ကျွန်တော်ကျိတ်၍ ငိုသည်ကို ကိုလေးမြင့် ပင် မသိခဲ့ပါချေ။ ဤသို့ဖြင့် မိုးစင်စင်လင်းခဲ့ရသည်။ မိုးလင်းသော်လည်း ကိယ်လက် သန့်စင်မှု၊ မျက်နှာသစ်ရန် ပင် ရေဟူ၍ မရှိသဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်မိကြ သည်။ ထိုအချိန် တွင် ကျွန်တော်၏ စိတ်တွင် မည်သည့်အကြောင်းအရာကိုမျှ စဉ်းစားခြင်းမပြုမူပဲ ကျွန်တော့်ခေါင်း ထဲတွင် မော်လမြိုင်မရောက်ဘဲ လမ်းတွင် သေသွားခြင်းကပင် ကောင်းသေးသည်ဟု ထင် မှတ်မိပါသည်။
“ခုထိလည်း မထွက်သေးဘူးဗျ၊ သွားမေးကြည့်မယ်ဗျာ”
“ဟ-လုပ်မနေနဲ့။ ပါးရိုက်ခံနေရဦးမယ်”
“ရေနွေးနည်းနည်း သွားတောင်းချင်တယ်ဗျာ ...”
“ကောင်းသားပဲ”
ကိုလေးမြင့်သည် နှစ်ပေပတ်လည်ခန့် ဖောက်ထားသော ပြတင်းပေါက်မှ သေးငေါ့ပေါက်ပြီး ရေနွေးပုလင်းကို ကိုင်၍ ဂျပန်များရှိရာသို့ ထွက်သွားပါသည်။ ဂျပန်များသည် ကိုလေးမြင့်၏ လက်ဟန် ခြေဟန်ဖြင့် ပြောသော စကား ကို နားလည်သည့်အလား ခေါင်းညိတ်ပြီး ရေနွေးတစ်ပုလင်း ထည့် ခွင့်ပေး လိုက်ပါသည်။ ဤရေနွေးကြမ်း သည် ကျွန်တော့် တစ်သက်တာတွင် မမေ့နိုင်သော အလွန် အရသာဖြင့် ပြည့် စုံသော ရေနွေးကြမ်းဖြစ်ပါသည်တကား။ ယင်းရေနွေးကြမ်းမှာလည်း မော်လမြိုင်သွား ခရီးစဉ်တွင် ပထမဆုံးနှင့် နောက်ဆုံး သောက်ရသောအကြိမ်ဟု ထင်မိပါသည်။
နောင်သောအခါ ကျွန်တော်တို့နှစ်ယောက် ဤစတိုခန်းအတွင်းမှ လုံးဝထွက်ခွင့် မရခြင်းကြောင့်ပင် ဖြစ်ပါ သည်။
နံနက် ၁၀ နာရီခန့်ဟု ထင်မိပါသည်။
လေကြောင်း အချက်ပေး ဥသြဆွဲသံများကို ကြားနေရသည်။
ကမ်းနားမှ မော်တော်ယာဉ်များ တဝေါဝေါ ပြေးနေသည်များကို မြင်နေရသည်။ ထိုအချိန်တွင် ကျွန်တော်တို့ သင်္ဘောကြီးသည် ဥသြ အဆက်မပြတ် ဆွဲ၍ စက်နှိုးခုတ်မောင်းနေသည်ကို တွေ့ရပါသည်။ ကျွန်တော် တို့ နှစ်ယောက်သည် လေကြောင်းရန်ကို ကြောက်ရွံ့ခြင်းမဖြစ်ပါဘဲ လေကြောင်းရန်ကြောင့် သင်္ဘော ခုတ်မောင်းခြင်း ကိုပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။
မကြာပါချေ။ တရွှီးရွှီးမြည်သော ဗုံးများသည် သင်္ဘောပတ်ဝန်းကျင်ရေထဲသို့ ကျလာပါသည်။ သင်္ဘောတစ် စီးလုံး အ၀ီစိပွက် သကဲ့သို့ ဆူညံနေပါသည်။ ထိုအခါတွင်မှ ဤသင်္ဘောကြီးသည် ကုလား-မြန်မာ ၃၀၀၀ ကျော်မျှသော ချွေးတပ်သားများကို သင်္ဘောဝမ်းဗိုက်ထဲ၌ ထည့်သွင်းထားကြောင်း သိရပါတော့သည်။ သင်္ဘောကြီး သည် ဟိုမှသည်မှ ခုတ်မောင်းနေရာမှ ချွေးတပ်သားများ ရေထဲသို့ ခုန်ဆင်း ထွက်ပြေးကြ သည် ကိုလည်း မြင်တွေ့နေရပါသည်။ စစ်၏ အနိဋ္ဌာရုံများသည် ကျွန်တော့်ရင်ထဲတွင် ကြီးမားစွာ ပေါက်ကွဲ လျက်ရှိပါတော့ သည်။
နှစ်ညဥ့်တာမျှသော အချိန်များ ကုန်လွန်ခဲ့ပါသည်။ မော်လမြိုင်ဆိုသည်မှာ မည်သည့်နေရာတွင် ရှိသည်ကိုပင် မသိရဘဲ ပင်လယ်ထဲ၌ တရွေ့ရွေ့ ခုတ်မောင်းလျက်ရှိပါသည်။ ကျွန်တော်တို့တွင် ရှိသော ရိက္ခာမှာ ကျွန်တော်တို့ တစ်ဝက်၊ ကြွက်များတစ်ဝက် ခွဲဝေလိုက်ရသဖြင့် စားသောက်ရန် လုံးဝမရှိတော့ပေ။ ရေငတ်ခြင်း၊ ဆာလောင်ခြင်း တို့ကြောင့် လည်ချောင်းများ ကွဲအက်လျက်ရှိနေပါသည်။
“ကိုမြလှိုင် ... ရေနည်းနည်း သောက်ချင်တယ်ဗျာ...”
ကိုလေးမြင့် ၏ အသံသည် ခြောက်သွေ့လျက်ရှိသည်။ သူ့မျက်လုံးများတွင် မျက်ရည်များဖြင့် စိုစွတ်လျက် ရှိ နေပါသည်။ ဘ၀တူ ရဲဘော်တစ်ယောက်ကို မြင်ရသောအခါ ကျွန်တော့်ရင်များ ကွဲအက်ထွက်မတတ် ပူလောင် မိသည်။ သို့ကြောင့်ပင် ဖြစ်လိုရာ ဖြစ်စေတော့ဟု မိမိစိတ်ကို ဆုံးဖြတ်ကာ ရေပုလင်းကို ကောက်ယူကာ နေရာမှ ထလိုက်မိသည်။
“ကိုမြလှိုင် ... ဘယ်လဲဗျ ...”
“ရေသွားတောင်းမလို့ဗျာ။ ပါးရိုက်လည်း ရိုက်စေတော့ ...”
ကိုလေးမြင့်၏ နှုတ်ခမ်းကလေးနှစ်ခုသည် ခြောက်သွေ့လျက် ရှိသည်။ ကိုလေးမြင့်က သူ၏ ခြောက်သွေ့ သော နှုတ်ခမ်းအစုံကို လျှာဖြင့် ပွတ်သပ်လျက်ရှိသည်။ ကျွန်တော် ဂျပန်များထံ သို့ ရောက်သွားသောအခါ ကျွန်တော်၏ ချည့်နဲ့သောအသွင်၊ စွန့်စားသော အသွင်ကို ကြည့်ကာ ဂျပန်များက လက်ဟန်ခြေဟန်ဖြင့် မေးမြန်းကြသည်။ ကျွန်တော်ကလည်း ထမင်းမစားရသည့် အကြောင်း ရေ မသောက်ရသည့် အကြောင်းများ ကို လက်ဟန်ခြေဟန်ဖြင့်ပင် ရင်ဖွင့်မိသည်။ ထိုအခါ ဂျပန်များ သည် ကျွန်တော့်အား ရေနွေးကြမ်းတစ်ပုလင်း ခပ်ယူခွင့်ပြုသည်။ ထို့နောက် ဂျုံမှုန့်နှစ်လုံးကိုလည်း ပေးသည်။ ကျွန်တော်သည် ၀မ်းသာခြင်းအဟုန်ကြောင့် ကိုလေးမြင့်ရှိရာသို့ အပြေးကလေး ရောက်လာမိသည်။
“ကိုလေးမြင့် ... ရေ ... ရေ ... ရော ...”
ကိုလေးမြင့်သည် အငမ်းမရ ရေပုလင်းနွေးနွေးကို တကျိုက်ကျိုက် မော့ချနေစဉ် ကျွန်တော်သည် ဝမ်းသာ ပီတိဖြစ် ခြင်ကြောင့် သူ့လက်မှ ရေပုလင်းကို ဆွဲမယူမိဘဲ ကြောင်၍ ကြည့်နေမိသည်။ ရေပုလင်းထဲမှ ရေများ တက်တက် ပြောင် သွားသည်။ ထိုအခါတွင်မှ သူသတိရဟန်ဖြင့် ကျွန်တော့အား ပြူးကြောင်ကြောင်ဖြင့် ကြည့် ကာ ကြူကြူပါ အောင် ငိုချလိုက်လေသည်။ ကိုလေးမြင့်၏ နှုတ်မှလည်း အရူးတစ်ယောက် လို အော်မြည်နေ သည်။
"ကျွန်တော် တစ်ကိုယ်ကောင်းသမား၊ ကျွန်တော် အလကားကောင်း ကျွန်တော် တစ်ကိုယ်ကောင်း..."
"ကိုလေးမြင့် သတိထားပါဗျာ ရေနွေးနောက်ထပ် တောင်းလို့ရပါသေးတယ်၊ ခင်ဗျား ရေငတ်လို့ သောက်လိုက် တာပဲဗျာ၊ ဘာဖြစ်တာ မှတ်လို့လဲ"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် သိပ်တစ်ကိုယ်ကောင်းဆန်သွားတယ် ကိုမြလှိုင်ရယ်"
ထိုနေ့က သဘောကောင်းသော ဂျပန်များနှင့်တွေ့ရခြင်းကြောင့် ရေနွေးကြမ်းကို ဖောသီစွာ ခပ်ယူသောက်သုံး ခွင့် ရ ပါသည်။ ကျွန်တော်တို့နှစ်ယောက် အနေဖြင့်မူ အစာရေစာ မစားရလင့်ကစား ရေကို ဝဝသောက်ရခြင်း ကိုပင် နတ်သုဒ္ဓါ တမျှ ထင်မှတ်မိပါတော့သည် တကား။
"ရေများများ သောက်ရတော့လဲ... သေးက ခဏခဏ ပေါက်ချင်တယ်ဗျ။ ဟီးဟီး"
ကျွန်တော် တို့နှစ်ယောက် ရေသောက်လိုက်၊ ဆီးသွားလိုက်ဖြင့် မော်လမြိုင်ခရီးကြီးကို နှင်ခဲ့ကြသည်မှာ သုံးညနှင့် ၄ရက် တိတိ ကြာမြင့်သော ကာလတွင်မှ မော်လမြိုင်သို့ ရောက်ရှိခဲ့ကြပါတော့သည်။
မော်လမြိုင် သို့ မှောင်တရီတွင် ရောက်ရှိသွားပါသည်။
မော်လမြိုင်သို့ ယခင်ကတည်း မရောက်ဖူး၊ ယခုမှ နဖူးတွေ့ ဒူးတွေ့ ရောက်ဖူးကြသည် ဖြစ်ရာ ကျားတံတားဆိပ် တွင် ပါ လာသော ပစ္စည်းများကို ချ၍ မည်သည့်နေရာသို့ သွားရမည်ကို မသိသကဲ့သို့ ယောင်ချာချာ ဖြစ်၍ နေကြ ပါသည်။
"တောက်... သောင်ပြင်လွတ်တဲ့ ခွေးဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ဗျ..."
ကိုလေးမြင့်ပြောသော စကားကို ယဲ့ယဲ့သော ပြုံးပြနိုင်သည်။ လမ်းခရီးတွင် ထမင်းမစားခဲ့ရသဖြင့် ကျွန်တော်တို့ နှစ်ယောက် မိမိခြေလက်ကိုပင် မသယ်ချင်လောက်အောင် နွမ်းနယ်လျက် ရှိကြပါသည်။
"ကိုလေးမြင့်..၊ ဟိုမှာ ငှက်ပျောသီးတွေဗျ..."
ကျွန်တော်သည် ကုလားမကြီးတစ်ယောက် ထိုင်ရောင်းနေသော ငှက်ပျောသီးများကို လက်ညိုးညွှန်၍ ပြလိုက်ပြီး ကုလားမကြီး ရှိရာသို့ အမြန်လျှောက်သွားလိုက်မိသည်။ ထို့နောက် ကုလားမကြီးအား ဈေးပင် မမေးတော့ဘဲ ငှက်ပျောသီး တစ်ဖီးစီ ဆွဲ၍ ဖြုတ်ယူစားသောက်လိုက်ကြပါသည်။ ငှက်ပျော်သီးသည် ကုလားမကြီးကမူ ကျွန်တော် တို့နှစ်ယောက်ကို နားမလည်နိုင်သည့်အလား စူးစိုက်ကြည့်လျက် ရှိပါသည်။
"ကိုင်း... ဗိုက်တော့ ပြည့်ဝသွားပြီး၊ ဘယ်သွားမလဲ"
"သိဘူးလေ"
"ငှက်ပျောသီးဖိုး ပေးလိုက်ပါဦး"
ကျွန်တော်သည် ငှက်ပျောသီးသည်ကုလားမကြီး ပြောသမျှ ဈေးဖြင့်ပင် ပေးလိုက်ပြီး မိမိတို့ သယ်ဆောင်လာ ခဲ့ကြပြီး ပေတရာလမ်းမပေါ် ရောက်သောအခါ ယူနီဖောင်းဝတ် သေတ္တာပေါ် ထိုင်ချရင်း လူသွားလူလာ များအား ငေးမောကြည့်ရှု့ကာ သက်ပြင်းအကြိမ်ကြိမ် ချလိုက်မိပါတော့သည်။
"ဒီလိုကြီး ထိုင်နေလို့ မဖြစ်သေးဘူးဗျ၊ ကိုမြလှိုင်"
"ဟုတ်တယ်၊ ကျွန်တော့်မှာ ဗိုလ်လက်ျာ ရေးပေးလိုးက်တဲံ စာတစ်ဆောင် ပါလာတယ်၊ ဒါပေမယ့် လိပ်စာတော့ ပြည့်ပြည့်စုံစုံ မဟုတ်ဘူး၊ ဒေါ်အေးမြင့် ဒိုင်းဝန်းကွင်းလို့ပဲ ပါတယ်၊ ဘာပဲဖြစ်ဖြစ် မေးမြန်းပြီး ရှာကြတာပါ့..."
"ကောင်းသားပဲ..."
ကျွန်တော်တို့ နှစ်ယောက်သည် မြင်းလှည်း(ဘုံပြတ်)တစ်စီးကို တား၍ အကျိုး အကြောင်း ပြောပြသောအခါ မြင်းလှည်း (ဘုံပြတ်)ဆရာက တွေ့အောင် လိုက်ရှာပေးမည်ဟု ကတိပြုလျက် ကျွန်တော် တို့ကို စိတ်ရှည်လက် ရှည် သယ်ဆောင်ခေါ်ယူသွားပါသည်။
"မြင်းလှည်းဆရာကြီး"
"မော်လမြိုင်မှာ မြင်းလှည်းလို့ မခေါ်ဘူး၊ နောင်ကြီး"
"နို့ ဘယ်လိုခေါ်သလဲ"
"ဘုံပြတ်လို့ ခေါ်တယ်..."
"ဒါဖြင့် အလုံပိတ်ထားတဲ့ မြင်းလှည်းကိုရော ဘယ်လိုခေါ်သလဲ"
"ရထားလုံးလို့ ခေါ်တယ်၊ နောင်ကြီး"
"အင်း... သူ့အရပ် သူ့ဒေသအလိုက် အခေါ်အဝေါ်တွေကို မှတ်ထားရမှာပေါ့ဗျာ"
"မှန်ပါ့၊ မှန်ပါ့၊ ဟော... ပြောရင်းဆိုရင်း ဒါ ဒိုင်းဝန်းကွင်းလို့ ခေါ်တယ်။ ဒါပေမယ့် ဟိုရှေ့က အိမ်မှာ ဆင်းမေး ရင် သိနိုင်မှာပါ..."
"ရှေ့က အိမ် က ဘယ်သူ့အိမ်လဲဗျ.."
"သခင်လူကြီး အိမ်ပါ..."
ဘုံပြတ်မောင်းသော ဆရာသည် ၄င်း၏ဘံပြတ်ကို ရပ်၍ သခင်လူကြီးဆိုသူ၏ အိမ်သို့ တက်သွားပြီးနောက် ကျွန်တော်တို့ သိလိုသော ဒေါ်အေးမြင့်အိမ်ကို မေးမြန်းလျက် ရှိပါသည်။ ထို့နောက် ကျွန်တော် တို့ရှိရာသို့ ပြန်လာပြီး သခင်လူကြီးက အိမ်ထဲသို့ ကြွရန် ဖိတ်ခေါ်ကြောင်း ပြောဆိုကာ ၄င်းကပင်ဦးဆောင်လျက် သခင် လူကြီး ရှိရာသို့ ခေါ်ဆောင်သွားခဲ့ပါသည်။ သခင်လူကြီးဆိုသူမှာ အရပ်ထောင်ထောင်မောင်းမောင်း အသားညို ၍ ဥပဓိရုပ်ကောင်းသူ ဖြစ်ပါသည်။ ကျွန်တော်တို့ကို မြင်သောအခါ သခင်လူကြီးက ဖော်ရွေစွာပင် ဖိတ်ခေါ်ပါသည်။
"ကြွကြွပါ၊ ဒါထက် ဒီက ညီတော်မောင်တို့က ဘယ်ကလာကြတာလဲ"
"ကျွန်တော်တို့ ရန်ကုန်က လာကြတာပါ၊ အာရှလူငယ် အစည်းအရုံးထောင်ဖို့ မော်လမြိုင်ကို တာဝန်ကျပါတယ်။ ဒါပေမယ့်..."
"အော်... သိပြီး ထားဝယ်စုက ဆရာသန်းတို့ ဖွဲ့ဖို့ စိုင်းပြင်းနေတဲံ အဖွဲ့ ...ပဲ"
"ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် လောလောဆယ်တော့ ကျွန်တော်တို့ ဒိုင်းဝန်ကွင်းက ဒေါ်အေးမြင့် အိမ်မှာပဲ ခဏ တည်းချင်ပါတယ် ခင်ဗျ"
"ကောင်း ပါတယ် ကျွန်တော့်ဆီက လူတစ်ယောက် ထည့်ပေးလိုက်ပါမယ်။ ဒေါ်အေးမြင့်နဲ့ ကျွန်တော်နဲ့က ဆွေ မျိုးတွေပါ။ ဒါထက်က ဒီက ညီတော်မောင်က သခင်လှဖေနဲ့ ဘာတော်သလဲ..."
"အစ်ကိုတော်ပါတယ် ခင်ဗျာ..."
သခင်လူကြီးသည် ကျွန်တော်တို့အား ဂရုတစိုက်ပင် လူငယ်တစ်ဦးထည့်၍ ဒိုင်းဝန်းတွင်းတစ်ချမ်းပဲ ရပ်ရှိ ဒေါ်အေးမြင့် ၏ တိုက်သို့ လိုက်လံပို့ဆောင်ပေးပါသည်။ ဒေါ်အေးမြင့်သည် မော်လမြိုင်မြို့တွင် လူသိ များသော စက် ရှုတရားသူကြီး ဦးဘဦး၏ဇနီး ဖြစ်ပါသည်။ ယခုအခါ ဦးဘဦးမှာ ကွယ်လွန် သွားခဲ့ပြီဖြစ်၍ ဒေါ်အေးမြင့်သည် ပညာတက် သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း နေထိုင်လျက် ရှိနေပါသည်။ ဗိုလ်လက်ျာထံမှ စာကို ပြသောအခါ အိမ်သားလုံး ဝမ်းသားအားရ ဖြစ်ခဲ့ကြသည။် ကြီးကြီးဒေါ်အေးမြင့်သည် အသက်အရွဝ် ကြီးရင့်သော်လည်း ကျန်း မာရေး အထူုးကောင်းမွန်လှပါသည်။ ၄င်း၏ခင်ပွန်း ဦးဘဦး စက်ရှင်တရားသူကြီးအဖြစ် ဖျာပုံ၌ အမှုထမ်းစဉ် ကျွန်တော်၏ မိဘများနှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပြီး ဗိုလ်လက်ျာတို့ ဗမာ့လွန်လပ်ရေး တပ်မတော် ထားဝယ်မြို့မှ ချီတက် လာစဉ် မော်လမြိုင်သို့ ရောက်သောအခါ ကြီးကြီး ဒေါ်အေးမြင့် တို့ မိသားစုနှင့် ပြန်လည်ဆုံးစည်းခွင့် ကြုံခဲ့ကြခြင်း ဖြစ်ပါသည်။
ဆက်ရန်
.

No comments:
Post a Comment