Wednesday, January 16, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၂၄)

မာမီ ပြောတာလည်း အမှန်ပါပဲ။ သားသမီးဆိုတာ ဘယ်လောက်ပဲ ချစ်ချစ် ကိုယ့်မျက်စိအောက်မှာ အကျဉ်းချ သလို လုပ်ထားလို့ ရတာမျိုးမှ မဟုတ်တာနော်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ့်အ သွေးအသား ကို ရင်းပြီးသူ့တို့ခန္ဓာကိုယ်ဖြစ်လာအောင်သာ တည်ဆောက်ပေးနိုင်တာပါ။ ပညာရမှု့၊ တိုးတက်အောင်မြင်မှု၊ အမြင် ကျယ်ဝန်းမှု၊ အသိတရား ကြွယ်ဝမှုစတဲ့ စိတ်ပိုင်းဆိုင်ရာတွေ ကျတော့ သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှသာ ရယူနိုင်တာမို့ ကောင်းမြတ်တဲ့စေတနာနဲ့ ကိုယ့်ရင်ခွင် က စွန့်လွှတ်နိုင်ခြင်း ဆိုတဲ့ အားကိုပဲမွေးရပါတော့တယ်။
ကောင်းမြတ် တဲ့စေတနာ ဆိုတဲ့အထဲမှာ မေတ္တာနဲ့အတူ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ အောင်မြင် တိုးတက်စေ လိုခြင်း၊ ဘေးအန္တရာယ်ကင်းဝေစေလိုခြင်းအပြင် အရာရာကို ရင်ဆိုင်နိုင်မယ့် သတ္တိ ကို မွေးနိုင်စေလိုခြင်း စတဲ့အပြုသဘောရှိတဲ့ တန်ဖိုးတွေ အကုန်ပါတာမို့ ခွဲခွာသွားတော့မဲ့ သားရဲ့ နုထွေးထွေး မျက်နှာလေး ကိုကြည့်ရင်း တောက်ပရွှန်းလက်တဲ့ အပြုံးတစ်ခုကိုတော့ ကျွန်မ ကြိုးစား ပြုံးပြပြီး နှုတ်ဆက် လိုက်နိုင်ရပါတယ်လေ။
ကို ဆက်ဖတ်ရန် .........

အပိုင်း (၂၇)

ကျွန်မ ချစ်ရပါသော သားကြီးလည်း အမိမြေက ခွာသွားပြီ။
ကြောင်းကျိုးဆက်စပ်နေတဲ့ အဖြစ်အပျက်တွေကို ဗွီဒီယိုအခွေက ဇာတ်လမ်းတစ်ပုဒ်ကို Rewind လုပ်ကြည့် သလို ကျွန်မပြန်တွေးနေ မိပါတယ်။ သားသာ သူချစ်မြတ်နိုးခဲ့တဲ့ မိငယ်ဆီက စားမေးပွဲပြီး ပြီးချင်း အဖြေတောင်းဖြစ် ခဲ့ရင်၊ ဒီလိုမှမဟုတ်ဘဲ မော်နီကာက ရုပ်ရှင်ကြည်ဖို့ လာခေါ်တာကို လိုက်မသွားဖြစ်ခဲ့ရင် သူ့ဘ၀ လမ်းကြောင်း က ခုလိုပြောင်းသွားစရာ အကြောင်းဘယ်လိုမှ ပေါ်လာ မှာမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် ညီမျှ တဲ့ အချစ်နဲ့မို့ ကျောင်းပြီးတာနဲ့ အလုပ်ကိုယ်စီဝင်ကြပြီး အခြေတကျဖြစ်မယ်။ အဲဒီနောက်မှာ ပုံပြင်ထဲက ချစ်သူများ လို ပျော်ရွှင်စွာ လက်တွဲကြလေသ တည်းဆိုတာမျိုးနဲ့ အဆုံးသတ်ဖြစ်မဲ့ ဇာတ်လမ်းပါပဲ။

အခုတော့ သားရဲ့ မာန်မာနကို ပေါက်ကွဲစေဖို့ မမျှော်လင့်တဲ့ တစ်နေရာက မော်နီကာဆိုတဲ့ ကလေးမ က ပေါ်ပေါက်လာရပြီး အချိန်တိုတိုလေး အတွင်းမှာ သားရဲ့ ဘ၀လမ်းကြောင်းတစ်ခုလုံး ကိုပြောင်းလဲ သွားအောင် ဖန်တီးလိုက်ပြီးတာနဲ့ ပျောက်ကွယ်သွားပုံက မြန်ဆန်လွန်းလို့ ဆန်းကြယ် လှတဲ့ကံကြမ္မာ လို့ပဲ ပြောရမယ် ထင်ပါရဲ့။ ဖြစ်ခါစတုန်းကတော့ ဒီကလေးမ၀င်ပြီး နှောက်လိုက်လေခြင်းလို့ စိတ်ထဲ မှာ ငြိုငြင်မိသလို သားကိုလည်း စိတ်မထိန်းနိုင်ရကောင်းလားနဲ့ အပြစ်ဆိုချင် ဖြစ်မိပါသေးတယ်။
အတိတ်လမ်းကို ပြန်လျှောက်ရင်း ဆန်းစစ်ကြည့်တဲ့အခါ အသက်အရွယ်အရ အတွေ့အကြုံများစွာ အရရင့်ကျက်မှု ရလာပြီဖြစ်တော့ ဘယ်သူ့ကိုမှ တရားခံရှာ၊ အပြစ်မဆို မြိငိုငြင်လိုတော့ဘဲ ဗုဒ္ဓ ဘုရားရှင်ရဲ့ တရားတော် အရ ကြောင်းကျိုးဆက်စပ်မှုကို ဖြစ်စေတဲ့ ကံတရားအတိုင်း သတ္တ၀ါများ ဖြစ်တည်စေတယ်ဆိုတာ သဘောပေါက် သလို အင်္ဂလိပ်စာ အဆိုအရ Every thing has a reason behindလို့ နားလည် ခံယူမိပါတော့ တယ်။

ဘယ်လိုပဲ စိတ်ကိုဖြေဖြေသားသွားခါစတုန်းက ကျွန်မလွမ်းနာကျရတာပါပဲ။ မိသားတစ်ခုမှာ တစ်ဦး တစ်ယောက်လျော့ပါး သွားတယ်ဆိုရင် အလွန်ကို သိသာထင်ရှားတာ မဟုတ်လားနော်။ အထူးသ ဖြင့် လွတ်လပ်ပျော်ရွှင် စွာ လှုပ်ရှားတတ်တဲ့ လူငယ်ဆယ်ကျော်သက်တစ်ဦး လျော့သွားတာ ပိုပြီး သိသာ တိတ်ဆိတ် သွားလေတယ်ပေါ့။ သားရှိနေတုန်းကတော့ သူငယ်ချင်းတွေ တရုန်းရုန်းလာကြ။ အင်္ဂလိပ်သီချင်းတွေ သံကုန် ဖွင့်ပြီး လိုက်ဆိုကြ၊ ကကြ၊ ခုန်ကြ၊ ဟားတိုက်ပြီး ရယ်မောကြ၊ နောက် ဘက်ကအဆောင် မှာ တေဘယ်လ်တင်းနစ် ကစားကြ၊ အော်ကြဟစ်ကြ၊ ငြင်းခုံပြီး ဆူညံကြ၊ အမြဲ တမ်းတပျော်တပါး ရှိနေတတ်တဲ့ သူတို့ ကို ကြည့်မြင်နေရတာကိုက ရင်ထဲမှာ ချမ်းမြေ့ပျော်ရွင်စ ရာကျောင်းနေတာပါ။
ခုတော့လည်း တိတ်ဆိတ်ငြိမ်သက်လို့၊ သားကိုလွမ်းတိုင်း သားနေခဲ့တဲ့ အခန်းကို သွားဖွင့်ကြည့် ပြီး ကျွန်မ မျက်ရည်ဖြိုင်ဖြိုင် ကျမိနေပါတော့တယ်။ သြော်...ဒီခုတင်ပေါ်မှာ သားအိပ်ပျော်နေလို့ ခြုံစောင်လေး ကွာကျနေ ရင်တောင် အမေက လုံအောင် ပြန်ပြီးထွေးပေးနေကျ။ အခုအချိန် ကိုယ့် မျက်စိအောက်မှာ မရှိတော့တဲ့ သားလေး အတွက် အန္တရာယ်များစွာက လုံခြုံနိုင်အောင် ဘုရားရှင် ရှေ့မှောက်မှာ ဆုတွေမပြတ်တောင်းရင်း အဝေး ကနေ မေတ္တာတွေ ပို့ရင်းနဲ့သာ လွှမ်းခြုံပေးရပါ တော့တယ်။

အသိအကျွမ်း တစ်ယောက်မှ မရှိတဲ့ နေရာစိမ်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ယောက်တည်း စွန့်စွန့်စားစား သွားတဲ့ သားအတွက် အမျိုးမျိုးတွေးပူမိပေမဲ့ သားကတော့ ကြီးမားတဲ့ သူ့ရည်မှန်း ချက် အတွက် ခြေလှမ်းစချနိုင်ပြီဖြစ်လို့ တက်ကြွနေပုံရပါတယ်။ ဦးမြလှိုင်က ကြိုတင်စီစဉ်ပေး လိုက်တာကြောင့် ဂျပန် မှာ သုံးလေးရက် ၀င်ပြီး လည်လိုက်သေးတယ်။ အဲဒီရက်တိုတိုလေးအ တွင်းမှာပဲ ဈေးဝယ်ထွက်ဖြစ်အောင် ထွက် လိုက်ပြီး၊ သူ့ညီတွေ၊ ညီမတွေအတွက် အ၀တ်အစား တွေဝယ်ပြီး စာတိုက်က ပို့လိုက်သေးတာပါ။ အမေရိကား ကို ရောက်ပြီဆိုတော့လည်း Full bright foundation ကသူ့အတွက် အားလုံး တာဝန်ယူနေရာချ ထားပေးတာမို့ ပြဿနာမရှိဘဲ အဆင်ပြေ တယ်ဆိုတာ ဖုန်းဆက်လာမှ ကျွန်မလည်း နည်းနည်း ရင်အေးရပါတော့တယ်။ ရောခါစမှာ သူလည်း အိမ်ကိုလွမ်းရှာတယ် ထင်ပါရဲ့။

စာရေးဖို့ အလွန်ပျင်းတဲ့ ကောင်ကပလူပျံအောင် အမေ ဆီစာရေးလေတော့ စာဖတ်ရတိုင်း အလွမ်းနာ က ပြန်ကြွပြီးမျက်ရည် ကျရတာ အခါများစွာပါပဲ။
ဒီလိုနဲ့ ကျွန်မလည်း အလုပ်ထဲစိတ်နှစ်ပြီး ရင်ထဲက အမျိုးစုံသော ဝေဒနာကို ကုစားနိုင်အောင် ကြိုးစား ရတယ်ပေါ့။ ဦးမြလှိုင် လည်း ဒီရက်ထဲမှာ အလုပ်ကအဆင်ပြေလာပါတယ်။ လက်ျာကုမ္ပဏီ မှာရှိတုန်းက ပန်းကန်စက် တည်ဖို့ မြောက်ဥက္ကလာပဘက်မှာ ၀ယ်ထားတဲ့မြေကွက်တွေ ဂ၀ံ ကျောက်တွေတူးရောင်းတဲ့အခါ ၀င်ငွေ ရလာတာ မို့ နေရင်းထိုင်ရင်း ကုသိုလ်ကံပေးခြင်းလို့ပဲ ပြောရမယ်ထင်ပါရဲ့။ သူ့ရဲ့ လူတကာအပေါ် ကူညီတတ် တဲ့ စေတနာအကျိုးပေးခြင်းလို့လည်း ဆိုနိုင်ပါတယ်။

ကျွန်မ အလုပ်ကလေးကလည်း ပုံမှန်လည်ပတ်လို့ပါပဲ။ အလုပ်တင်မကပါဘူး၊ ကျွန်မ၀ါသနာပါတဲ့ "ယုဝတီ ကလောင်ရှင်အသင်း" နဲ့ မြန်မာပြည်ဓာတ်ပုံအသင်းစတဲ့ အသင်းအဖွဲ့တွေမှာလည်း အမှု ဆောင်စတဲ့ တာဝန်တွေ ယူရင်း ပါဝင်လှုပ်ရှားနေတာမို့ အချန်အားဆိုတာ မရှိသလောက်ပါပဲ။ သားကြီးဝင်းလည်း အမေရိကား မှာ နေသားတကျ ဖြစ်နေပြီဆိုတော့ ရင်လည်း နည်းနည်းအေးစ ပြုနေပါပြီ။ သမီးကေခိုင်၊ ကေသီနဲ့၊ ယမင်းတို့တောင် ကျောင်းသူတွေဖြစ်နေကြပြီလေ။ ကျောင်း မပို့ရသေးတဲ့ ကလေးက သားငယ်ရွှေစင် နဲ့ သမီးငယ်သူဇာပဲရှိပါတော့တယ်။
ကလေးတစ်ယေက် နဲ့တစ်ယောက် သုံးနှစ်၊ နှစ်နှစ်ခွဲ ဆိုသလိုခြားပြီး မွေးနေကျ ကျွန်မဒီတစ်ခါ တစ်နှစ်ကျော်ကျော် ပဲ ရှိသေးတယ်၊ ကိုယ်ဝန်ရလာပြန်ရော။ ကိုကိုလေးပေးထားတဲ့ နာမည်အတိုင်း "ရှင်မွေးလွန်း"ဖြစ်နေတာ ကိုယ့်ဟာကိုယ်တောင် အံ့သြမိပါရဲ့။

သားသမီး ဆိုတာ အချိန်းအတိုင်း အတာနဲ့ သတ်မှတ်ထားလို့ ရတာမျိုးမှမဟုတ်တာနော်။ ခုခေတ်မှာလို ကလေးခြားချင် လို့ သန္ဓေ တားဆေးတွေစားတဲ့ ခေတ်အခါလည်း မဟုတ်သေးဘူးလေ။ နောက်ပြီး ကျွန်မရဲ့ ခံယူချက်က လည်း သားသမီး ကို ထိုက်လို့ရတဲ့ ရတနာအဖြစ်အပြင် ဘ၀ရဲ့အကောင်းဆုံး လက်ဆောင်မွန်တစ် ခုလို့ သတ်မှတ်ထားတာမို့ အချန်နီးနီးဝေးဝေး အရေးမကြီးပါဘူး။ ကိုယ်ကလည်း ကျန်းမာရေး ကောင်း သူဖြစ်တော့ လိုလိုလားလား နဲ့ မွေးလာမဲ့ ရင်သွေးကို ပျော်ရွှင်စွာ ကြိုဆိုမြဲပါပဲ။
ဒီအချိန် မှာ ပြဿာနာတစ်ခု ကြုံရပြန်ပါရော။ ကျွန်မရဲ့ ဆိုင်ခေါင်မိုးက မိုးတွေယိုလာတော့အိမ်ရှင် ကို အမိုးပြင်ပေးဖို့ အကြောင်းကြားရပါတယ်။ အိမ်ရှင်က လူလွှတ်ကြည့်ခိုင်းပြီး ပြင်ပေးတဲ့ဆီ ရောက်မလာဘူး။ မိုး ကလည်း မိုးတွင်း၊ မိုးယိုတာကလည်း တစ်ခါထက်တစ်ခါ ပိုပြီးဆိုးလာတော့ ကျွန်မလည်း အခါခါ အကြောင်းကြား တယ်ပေါ့။ ဘာမှအကြောင်းမထူးတာနဲ့သူပြင်ပေးမှာကို စောင့် မနေနိုင်တော့ ဘဲ စောင့်မနေနိုင်တော့ ဘဲ ကျွန်မဘာသာ လူငှားပြီး ပြင်လိုက်ပါတယ်။ ကျသင့်ငွေက ရှစ်ရာလားမသိဘူး၊ အိမ်လခက တစ်လ တစ်ရာ့ငါးဆယ် ဆိုတော့ အဲဒီပြင်ထားတဲ့စရိတ်ကို အိမ်လခ နဲ့နှိမ်မယ်ဆိုတာ အကြောင်း ကြား လိုက်ပါတယ်။

ဒါဟာ အိမ်ရှင်အိမ်ငှား လုပ်နေကျထုံးစံပါပဲ။ ကျွန်မတို့ မန္တလေးမှာ အငှားချထားတဲ့တိုက်တွေ လည်း ဒီလိုပဲ ပြင်စရာ ရှိရင်ပြင်၊ အိမ်လခနဲ့ခုနှိမ်ပြီး ရှင်းလိုက်ရင် ပြီးသွားတာပဲ ဆိုတော့ ဒီလိုပဲ ပြီး လိမ့်မယ် အောက်မေ့မိတယ်ပေါ့။ အခုတော့ အဲလို မဟုတ်လေဘူး။ ကျွန်မက ပြင် ထားတဲ့ ငွေစာရင်း စာရွက်ပြေစာတွေ အတိအကျပြပေမဲ့ အိမ်ရှင်ကလုံးဝသဘောမတူဘဲ အမိုးပြင်ခသူ မကျခံနိုင်ဘူး။ အိမ်လခပေး ရမယ် ဆိုတာနဲ့ ကျွန်မနဲ့ အကြီးအကျယ်စကားများကြတယ်ပေါ့။
နောက်ဆုံးဘယ်လောက်အထိ တင်းမာသလဲဆိုရင် ၀တ်လုံကတစ်ဆင့် အခန်းပြန်အပ်ရမယ်ဆိုတဲ့ စာရောက် လာပါတယ်။ ကျွန်မကလည်း ကိုယ့်ဘက်က မှန်တယ် ဆိုတဲ့အနေနဲ့ အလျှော့မပေးချင် ဘူး။ ဦးမြလှိုင်နဲ့ တိုင်ပင်တော့ ဦးမြလှို င်တို့ အမြဲအသုံးပြုနေကျဖြစ်တဲ့ ၀တ်လုံဦးဘဖူးကို ငှားပြီး ပြန်လည်ဖြေရှင်းဖို့ စီစဉ် ပါတယ်။ အဲဒီဦးဘဖူး က သမ္မတကြီးဟောင်း ဦးဘဦးရဲ့ညီပေါ့။ ဦးမြလှိုင် တို့နဲ့လည်း ရင်းနှီးခင်မင်ပါတယ်။ ဦးဘဖူး ရဲ့ စီစဉ်ညွှန်ကြားပေးချက် နဲ့ အိမ်ရှင်အိမ်ငှား ပြဿနာ တက်ဆဲကာလ အိမ်လခကို ထိန်းသိမ်းပေးတဲ့ အိုးအိမ်ဌာန မှာ လခသွားပြီ ပေးသွင်းရပါတယ်။ အိုးအိမ်ဌာနကလည်း အိမ်လခ ရရှိကြောင်း ပြေစာ ထုတ်ပေး တယ်ပေါ့။

တစ်နေ့ကျတော့ အိမ်ရှင်ရဲ့ဝတ်လုံက ကျွန်မကိုဖုန်းဆက်လာပါတယ်။ ခုလိုအကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေ တာ နှစ်ဦးနှစ်ဖက် စလုံး နစ်နာပါတယ်။ သူ့ရုံးခန်းကို လာတွေ့ပါ၊ ပြေပြေ လည်လည်ဖြေရှင်းကြ ရအောင် ဆိုပြီးချိန်းပါတယ်။ အဲဒီအကြောင်းကို ပြောပြဖို့ အန်ကယ်ဦးဘဖူး ကို ဖုန်းဆက်တော့ အန်ကယ်ဦးဘဖူး က လေဖြတ်လို့ ဆေးရုံရောက်နေလေရဲ့။ ဒီတော့ မထူးပါ ဘူးလေဆိုပြီး ကျွန်မ တစ်ယောက်တည်း ၀တ်လုံ ရဲ့ရုံးခန်းကို သွားလိုက်ပါတယ်။
ဝတ်လုံ က ကုလားလူမျိုးပါ။ ကျွန်မကိုတွေ့တော့ ရွှန်းရွှန်းကိုဝေလို့၊ အပြောကလည်း ချိုပါဘိ နဲ့။ ပြေရာပြေကြောင်း ဆွေးနွေးကြတော့ ကျွန်မလည်း ကိုယ့်ဘက်က မှန်တယ်ဆိုတာ ရှင်းပြတာပေါ့။ ကျွန်မ ယူလာတဲ့ အိမ်အမိုးပြင်ထားတဲ့ ကျသင့်ငွေ ရှင်းတမ်းဖြတ်ပိုင်းရော၊ အိုးအိမ်က ထုတ်ပေးထား တဲ့အိမ်လခ  ပြောစာဖြတ်ပိုင်းတွေကိုလည်း ထုတ်ပြပြီးအကယ်၍ အိမ်ရှင်က တစ်လုံးတစ်ခဲတည်း မနှိမ်ချင်ဘူး ဆိုရင် အိမ်လခ က တစ်လမှာ ငါးဆယ်ဖြတ်ပြီး ခုနှိမ်သွားဖို့ ကျွန်မသဘောတူကြောင်း၊ အိမ်ကိုဖယ် မပေးနိုင်ကြောင်းတွေ ကို ပြောပြတယ်ပေါ့။

ဝတ်လုံကလည်း ကျွန်မပြောတာတွေက တရားမျှတမှု ရှိပါတယ်။ ဒီအတိုင်းဆိုရင် ပြေလည်ဖို့ အလားအလာ ရှိပါတယ်။ အိမ်ရှင်ကို အကျိုးအကြောင်း သူရှင်းပြပါမယ်ပေါ့။ ကျွန်မယူလာတဲ့ပြေစာ တွေကိုထားခဲ့ပါ။ အိမ်ရှင် ကို ပြပြီးပြောရမယ်ဆိုတော့ ကျွန်မလည်း အားလုံးသော စာရွတ်တွေကို ထားခဲ့ပြီး ပြန်လာပါတယ်။ လွယ်လွယ် နဲ့ ကိစ္စပြတ်တော့မယ်ဆိုတဲ့အနေဲ့ ရင်ထဲမှာလည်း ပေါ့ပါး လို့ပါပဲ။
နောက်တစ်ပတ်လောက် ကြာတော့ ကျွန်မရဲ့ဓာတ်ပုံဆိုင်က သော့ကိုချိုးပြီး သော့ခလောက် အသစ်ခတ်ထား ပါတယ်။ သော့ကိုလည်း ချိတ်နဲ့ပိတ်ထားသေးတယ်။ ရဲစခန်းတာဝန်ရှိသူ အပါ အ၀င်အိမ်ရှင်က ဒီအခန်း ကိုပြန် သိမ်းပြီးဖြစ်ကြောင်း လည်း စာကပ်ထားသေးရဲ့။ တစ်သက်နဲ့တစ် ကိုယ်ကျွန်မဒါလောက် ဒေါသမဖြစ်ဖူးပါဘူး။ ရင်ထဲမှာဒေါသ ဆူဝေနေရုံမကဘူး။ နာကြည်းခံခက်မှု တွေနဲ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်အောင်ကို ထိခိုက် ခံစားရတာပါ။ ဒါနဲ့ကိုယ့်ဟာကိုယ် စိတ် ငြိမ်အောင်မနည်းကြီးထိန်းပြီးမှ ဦးမြလှိုင်ကိုအောက်ထပ် ဆိုင်ခန်းတစ်ခု က နေပြီး ဖုန်းဆက်ပြောပြ တော့စိတ်လိုက်မာန်ပါ ဘာမှမလုပ်ပါနဲ့။ တရားဥပဒေလမ်းကြောင်းတွေ လွဲဖယ် ကုန်ဦးမယ်။ အိမ် ကိုပဲ ပြန်လာခဲ့ပါ။ ပြီးမှ အန်ကယ်ဦးဘဖူးသက်သာရင်လည်း အန်ကယ်နဲ့ ပြောဆိုတိုင်ပင်ကြ တာပေါ့တဲ့။ ဦးမြလှိုင် ကတော့ ထုံးစံအတိုင်း အေးအေးပါပဲ။

တကယ်က ကျွန်မ၀တ်လုံ ရဲ့ အနှပ်ခံလိုက်ရခြင်းပါ။ ပြေစာတွေကို ယုံကြည်စွာနဲ့ ပေးထားခဲ့မိတာ ကျွန်မရဲ့ မဟာ အမှားပေါ့။ အဲဒီအချိန်က ကော်ပီမိတ္တူကူးလိ့ရတဲ့ X ray စက်တွေက ပေါ်သေးတာ မဟုတ်ဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးချင်ရင် ဓာတ်ပုံရိုက်၊ ကော်ပီဆွဲ ပြီးကူးယူလို့ရတာမို့ အများ တကာက လာအပ်တဲ့ စာချုပ်စာတမ်းတွေ ကို ဒိုင်ခံဓာတ်ပုံရိုက်၊ ကော ပီဆွဲပေးခဲ့တဲ့ ကျွန်မက ခုကိုယ့် ရဲ့ သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ကိစ္စအတွက် မိတ္တူကော်ပီ ဆွဲသိမ်းထားရကောင်းမှန်း မသိအောင် အသိဥာဏ် နုံချာ ညံ့ဖျင်းလွန်းလှတဲ့ အသုံးမကျမှုအတွက် ကိုယ့်ကိုယ်ကိုယ် လိမ့်နေအောင် ပိတ်ကန်ပစ်ချင်တဲ့ အထိ စိတ်ဆိုးဒေါသ ထွက်မိတာ အမှန်ပါ။

ဝတ်လုံ က ပြေစာတွေ ထားခဲ့ပါဆိုတဲ့ အချိန်မှာ ကျွန်မမိတ္တူကူးပြီးမှ ပေးပါရစေလို့ပြောရင် ရပါ လျက်သားနဲ့ အဲဒီစိတ်ကူး က ခေါင်းထဲလုံး၀၀င်မလာခဲ့ဘူးလေ။ တစ်စုံတစ်ဦးကို ကိုယ့်စိတ်နဲ့ နှိုင်း ပြီးယုံကြည်တတ်လွန်းတဲ့ ကျွန်မ ရဲ့ ကြီးစွာသော ပျော့ညံ့ချက်ကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်ရ ခြင်းပါပဲ။ အမှန်က ၀တ်လုံက အကွက်မြင် အချို သတ်ပြီး လွှတ်လိုက်တာကိုပဲ ရိုးသားစွာနဲ့ တကယ် စေတနာ ထားပြီး ဖြေရှင်းပေး မှာလို့တောင် အထင်တွေ ရောက်ခဲ့မိသေးတာပါ။
ဒီအတွင်း အန်ကယ်ဦးဘဖူး ကလည်း သက်သာမလာဘဲ ကွယ်လွန်သွားတာနဲ့ ကျွန်မက နောက် ထပ်ဝတ်လုံ တစ်ဦး ထပ်ငှားပြီး ရင်ဆိုင်ဖို့ စိတ်ကူးမိပေမဲ့ ဦးမြလှိုင်က လုပ်မနေပါနဲ့တော့၊ တရား ရုံးနဲ့ ပတ်သက် ရတာ ငွေကုန်လူပန်းဖြစ်ပြီး အချိန်တွေကုန်မှာနဲ့ မထူးပါဘူး။ အလုပ်ကရပ်နား လိုက်တာပိုကောင်းပါတယ်။ ကလေးတွေလည်း များလာပြီပဲ။ အိမ်မှာငြိမ်းငြိမ်းချမ်းချမ်း နေပါတော့ ဆိုပြီး အားပေးပါတယ်။ သော့ခတ်ထားတဲ့ အခန်းထဲ က ကျွန်မပိုင်စတူဒီယိုပစ္စည်းတွေတော့ ပြန်ပြီး ထုတ်ယူခွင့်ရလိုက်ပါတယ်။

ကျွန်မရဲ့ အသုံးမကျမှုကို အခွင့်ကောင်းယူပြီး တွယ်ထည့်လိုက်တဲ့အဖြစ်မို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဖို့ ရင်း နောင်တ တရားလည်း ကြီးစွာရမိပါတော့တယ်။ အထူးသဖြင့် ကျွန်မကိုမှီခိုအားထားပြီး ရပ်တည်မှုပြုကြတဲ့ အလုပ်သမားတွေ အပေါ်မှာ တာဝန်ရှိနေတာမို့ ကိုယ့်ဟာကိုယ် ခွင့်မလွှတ် နိုင်အောင် ထိခိုက်ကြေကွဲဖြစ် ရပါတယ်။ ဒုတိယအကြိမ် အလုပ်က ရပ်နားလိုက်ရခြင်းဆိုပါတော့။ ဒီအတွေ့အကြုံက ရလိုက်တဲ့ သင်ခန်းစာတွေ ကတော့ တစ်သက်စာ ရေရေလည်လည် မှတ်လောက်သားလောက်ကို ဖြစ်သွားတော့တာပါပဲ။ ဘယ်သူ့ကို မှ ယုံကြည်စိတ်ချလို့ မရဘူးဆို တာရယ်၊ အရေးကြီးတဲ့ စာရွက်စာတမ်းမှန်သမျှ ပေါ့ပေါ့တန်တန် သဘောမထားသင့် ဘဲ မိတ္တူယူး ပြီးသေသေချာချာသိမ်းဆည်း ထားသင့်တာရယ်ပါပဲ။

ဒီလိုနဲ့ ကျွန်မ အလုပ်က နားရတော့ သားသမီးတွေကို ပိုပြီးအချိန်ပေးစောင့်ရှောက် နိုင်တာမို့ တစ် နည်းတော့ လည်း ကောင်းလေ ရဲ့ပေါ့။ ဒါပေမဲ့ အခက်အခဲတွေကြားထဲက နှစ်ပေါင်း (၁၅)နှစ်ကြာ ပြုစုပျိုးထောင်လာခဲ့တဲ့ အလုပ်ကလေးဖြစ် လို့ ရင်ထဲမှာဟာပြီး လွမ်းမိသေးတာတော့ အမှန်ပါပဲ။ ဘ၀မှာ တန်ဖိုးအထားရဆုံးက မိသားစု ရယ်၊ ကျွန်မရဲ့ ဓာတ်ပုံအလုပ်ရယ် ဒီနှစ်ခုပဲရှိတာဖြစ်တော့ အခုနေရတာ မပြည့်စုံသလိုကြီး ရင်ထဲမှာ ဟာတာတာ နဲ့ စိတ်ဖြေစရာသားသမီးတွေရှိနေလို့ ခံသာပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် လည်း ဖြစ်သမျှ အကြောင်းပဲလို့ ခံယူလိုက်ပြီး ဖြစ်တည်နေ တဲ့လက်ရှိအခြေအနေထဲမှာ အကောင်းဆုံးနေသွားတော့မယ်လို့ စိတ်ကိုလျှော့ချ ထားလိုက်ပါတော့ တယ်။

ဘ၀ရေစီကြောင်းမှာ ဘယ်လောက်ဆိုးဝါးတဲ့ ၀ဲဂယက်တွေ တွေ့တွေ့စိတ်ဓာတ်ကို မလျှော့ဘဲ အမြဲတမ်း ရေဆန်ကို အားမာန်အပြည့်နဲ့ လှော်ချင်တတ်တဲ့ ကျွန်မကိုယ့်ဘ၀ကို ပဲမ့ကိုင်လိုတော့ ဘဲအခု လက်ပန်းကျပြီး ရေစုန်မျော နေလို ခိုက် ပြင်းထန်လှတဲ့ လေမုန်းတိုင်းအတိုက် တစ်ခုနဲ့ မမျှော် လင့်ဘဲကြုံရပြန် ပါရေ။ ဟိုတုန်း က ဒါတွေဟာ ဖြစ်မြဲပြဿနာတစ်ခု၊ နောက်ပြီး ကိုယ်မြင်တွေ့ရတာ မဟုတ်ဘဲ ကိုယ့်ကွယ်ရာက ကိစ္စတွေ ဆိုပြီး စိတ်ထဲမသွင်းဘဲ လျစ်လျူရှုနိုင်ခဲ့တဲ့ ဇာတ်လမ်းတွေက ရိုးနေပါပြီ။ အခု ကိုယ့်မျက်စိအောက်မှာ မသိချင်၊ မမြင်ချင်၊ မတွေ့ချင် လို့မရတဲ့ ဇာတ်လမ်းဖြစ်နေ တော့ကျွန်မရဲ့ ရင့်ကျက်မှုတွေ ဘယ်ရောက် သွားမှန်း မသိအောင် တုန်ခါသွားတဲ့အထိ နာကျင်ခံ စားမိပါတယ်။

ကျွန်မကိုယ်တိုင် ဓာတ်ပုံပညာသင်ပေးခဲ့တဲ့ နှစ်ပေါင်းကြာမြင့်စွာ အတူနေခဲ့တဲ့ တပည့်ရင်းလည်း ဖြစ်၊ ညီမရင်း တစ်ယောက် လို ချစ်ရသူအပြင်၊ ကျွန်မရဲ့ ကိုယ်ပွားတစ်ယောက်လိုအစစ အားကိုးရ ပြီးအရာရာ လွှဲအပ် ထားနိုင်လောက်အောင် ယုံကြည်စိတ်ချသူတစ်ယောက်ဖြစ်ခဲ့တာမို့ ယောင်လို့ မှသံသယ မ၀င်မိသူ နဲ့မှ ဖြစ်ရခြင်း အကြောင်းရင်း ကတော့ ကျွန်မကိုယ်၌က ဘ၀ဘ၀က မကောင်းမှု များစွာကို ကျူးလွန်ခဲ့ဖူးတဲ့ အလွန် ကို အကုသိုလ်ကြီးမားစွာ ပါလာလို့ပဲ ဖြစ်နိုင်စရာ ရှိပါတော့ တယ်။
ရခိုင်ပုဆိုး လို သွားလေရာ ငြိတတ်သူအနေ နဲ့ ကြိုးချင်းထား ကြိုးချင်းငြိတာလည်း ဘာမှတော့ ဆန်းကြယ်တဲ့ ကိစ္စ မဟုတ်ပါဘူးလေ။ ပုထုဇဉ် လောကီသားတိုင်း အတွေ့ကိုမရှောင်နိုင်ဘဲ နီးစပ် ရင်မှားတတ်ကြတာ ဓမ္မတာပဲ ဆိုတဲ့ အသိနဲ့ ကိုယ့်စိတ်ကိုပဲ ထိန်းသိမ်းနိုင်အောင် ကြိုးစားရတော့ တာပေါ့။ ဒီအချိန်အတွင်းမှာပဲ သားလေးဇာနည် က ကျွန်မရဲ့စိတ်ဖြေရာအဖြစ် လူ့လောကထဲ ရောက်လာပါတော့တယ်။ ကလေးငယ် ရှိနေတာ မို့ ကျွန်မလည်း မိခင်တစ်ဦးအနေနဲ့ အချိန်ပြည့် မအားရတာကြောင့် တခြား တခြား အကုသိုလ်စိတ်တွေ ၀င်ဖို့ စဉ်းစားနေချိန် မရတော့ဘဲ ကိုယ့် ဟာကိုယ် အလုပ်ရှုပ်ရင်း တစ်ရက်တစ်ရက် ကုန်သွားပါတော့။

ဒီလိုနဲ့ ဦးမြလှိုင် အလုပ်ကလည်း ပုံမှန်သွားလို့ပါပဲ။ မြောက်ဥက္ကလာပက ကွာရီတွေကို နေ့စဉ် သွားကြည့် စီမံခန့်ခွဲနေ ရလို့ အလုပ်နဲ့နီးတဲ့ ကမ္ဘာအေးဘုရားလမ်းက ပြည်တော်အေးရိပ်သာမှာ တိုက်တစ်လုံးတွေ့ ထားတယ်။ အဲဒီတိုက် ကို ပြောင်းနေကြမယ်။ တိုက်ရှင်ကလည်း ရောင်းချင်နေ တာမို့ ဦးမြလှိုင်က အခိုက်အတန့် ငှားနေပြီးရင် ငွေစုပြီး ဒီတိုက်ကိုဝယ်မယ်လို့ စီစဉ်ပါတယ်။
ဒီအချိန် မှာ တော်လှန်ရေးအစိုးရက တက်လာပြီလေ။ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ရှုပ်ထွေးနေ ချိန်ပေါ့။ ပြည်တော်အေး ရိပ်သာကို ရောက်တော့တစ်နေ့ ကျွန်မရဲ့သူငယ်ချင်းဓာတ်ပုံဆိုင်စပြီး ဖွင့်စက အခမဲ့ လုပ်အားပေးခဲ့သူ မပုလဲ(ခင်ခင်လင်း) က လာလည်ပါတယ်။ သူက တစ်ကိုယ်တည်း အပျိုကြီး၊ အင်းလျားဆောင် မှာနေပြီး တက္ကသိုလ်မှာ လက်ထောက်ကထိက ဖြစ်နေပါပြီ။
"ခင်ကြီး ရာ၊ မင်းအလကား ထိုင်နေမဲ့အစား ကျောင်းပြန်တက်ပါလား၊ မှတ်စုတွေ ကိုယ်အကုန်ကူ ညီမယ်"တဲ့။

"စာတွေ ပြန်မကျက်ချင်တော့ပါဘူးဟယ်၊ ဒီမှာ တို့ကလေး ခြောက်ကောင်နဲ့ ပတ်ချာလည်နေတဲ့ ဟာကို"လို့ ကျွန်မက ပြန်ပြောတော့...
"အမယ်လေး... ကလေးအမေတွေ ကျောင်းပြန်တက်နေတာမှ တစ်ပုံကြီး"တဲ့။ မကျေမနပ်နဲ့ ပြန် သွားလေရဲ့။ သူပြောခါ မှ ကျွန်မဘ၀ အလဟဿကြီးဖြစ်နေတာကို ပြန်တွေးမိပါတော့တယ်။ တစ်နေ့တစ်နေ့ ဘာမှ လုပ်ချင်တဲ့ စိတ်မရှိ၊ ကျွန်မဘ၀ကြီးက အဓိပ္ပာယ်မဲ့နေသလိုပါပဲ။ စိတ်ဓာတ် ကျနေချိန်ဆိုတော့ ရည်မှန်းချက် ဆိုတာလည်း မရှိလေတော့ဘူး။ ကျွန်မရှိရင် မဖြစ်တဲ့ စိတ်ဝေဒနာရှင် မိခင်ကြီးကို ကရုဏာနဲ့ တာဝန် ယူလိုတဲ့ စိတ်၊ သားသမီးတွေကို ချစ်မြတ်နိုးစွာနဲ့ ပြုစုပျိုးထောင် ပေးလိုတဲ့စိတ် အဲဒီစိတ်လေးနှစ်ခုက ကျွန်မကို ပုံကျ မသွားအောင် မတ်တည်မှုပေးနေခြင်းပါပဲ။
မာမီ က ဝေဒနာသက်သာနေတယ် ဆိုပေမဲ့ လုံးဝလူကောင်းလို ဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။

မကြာခဏ ပူညံပူညံတွေက ကြုံနေရဆဲပဲလေ။ ကိုယ့်မျက်စိအောက်မှာ ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်ခု လုံး မီးဟုန်းဟုန်း တောက်လောင်သွားတာ မြင်လိုက်ရပြီး ဘာတစ်ခု မှ မရလိုက်တော့ သွေးပျက် သွားတာမို့ အခု အရေး ဆိုရင် ထွက်ပြေးဖို့ ပစ္စည်းမှန်းသမျှက အလွယ်တကူ ယူသွားလို့ရအောင် အထုပ်တွေ ထုပ်ထားတာက အဆင်သင့်။ မာမီ့အိပ်ခန်းထဲ မှာ အ၀တ်အစားထည့်ဖို့ ဗီရိုတွေ ၀ယ်ပေးထားတာလည်း မထည့်ဘူး။ အ၀တ်ထုပ်တွေ က မြင်မကောင်းအောင် အပေါက်ဝမှာ တန်းစီ ထားတာပါ။
ဒါတင် ဘာကမလဲ။ သူပိုင် ငွေကြေးနဲ့ စိန်ရွှေမှန်သမျှကိုလည်း ခါးမှာ ခါးပတ်အိတ်ကြီးချုပ်ထားပြီး အမြဲပ တ်ထားသေး တာနော်။ ဒါလောက် ပတ်ထားတာတောင် စိတ်ချသေးတာမဟုတ်ဘူး။ မနက်တစ်ခါ ညတစ်ခါ ဖွင့်ကြည့်ရေ တွက်ပြီး စစ်ဆေးကြည့်သေးတာပါ။ တစ်မနက်စောစောစီးစီး ဆူဆူပူပူ ဖြစ်နေပါရော။ ဘာများဖြစ်တာလဲ လို့ စိတ်ပူပြီး ပြေးမေးကြည့်တော့ သူရဲ့တူတော်မောင် ရဲမင်းကြီးတွေကို ဆူဆဲနေတာလေ။ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ ဦးတင်မောင်မောင် က စုံထောက်မင်း ကြီး၊ အစ်ကိုငယ် ဦးခင်မောင်မောင် က ရဲမင်းကြီး။

"ညီအစ်ကိုနှစ်ယောက် စလုံး ရဲမင်းကြီးတွေ ဖြစ်နေပြီး ဘာအသုံးကျလို့လဲ"တဲ့။
"မာမီ ကိုကိုကြီး တို့ ကိုကိုလေးတို့ ဘာဖြစ်လို့လဲ"ဆိုတော့...
"ဘာဖြစ်ရမှာ လဲ၊ မာမီ့အိတ်ထဲက ရာတန်စက္ကူ တစ်ရွက်က (ည)အက္ခရာကို ဘယ်သူလာပြီး လဲသွားမှန်း မသိဘူး။ အခု(ဋ) တတလင်းချိန် အက္ခရာဖြစ်နေပြီ။ စုံထောက်ကြီးတွေဆိုပြီး ခု အလဲခံ လိုက်ရတာ ဘာကောင်း လဲ၊ သူတို့အသုံးမကျ လို့ ခံလိုက်ရတာပေါ့"တဲ့။ အဲလို ပြဿနာရှာပြီး ဒေါသထွက်တဲ့အခါလည်း ချော့ရ မော့ရ။
တစ်ခါတလေကျ စိတ်ကူးရပြီး ဘုန်းကြိး ဆွမ်းလောင်းချင်ပြန်သတဲ့။ ကျွန်မတို့က အမေဒီလို ကုသိုလ် စိတ်ဖြစ်တာကို ၀မ်းသာပြီး ကြက်သား၊ ၀က်သားဟင်းတွေ ဆွမ်းလောင်းဖို့ ချက်ပေးမယ် ဆိုရင်လည်း မဟုတ်ပြန် ဘူး။

"ဖယ်....ဖယ်...မာမီကိုယ်တိုင် ချက်မယ်ဆိုပြီး သူကိုယ်တိုင် မီးဖိုထဲဝင်၊ ကုလားပဲကို ဆီပြန်အောင် နှပ်၊ ငရုတ်သီးခြောက် အတောင့်ရှည်ရှည်ကြီးတွေ ကို ရွေးပြီး မွှေးနေအောင်ကြော်၊ ပဲနှပ်ပန်းကန် ပေါ်မှာ ကျကျနန လှလှပပ ထိုးစိုက်လို့ ကျွန်မတို့လည်း ဘာမှမပြောရဲဘဲ သူလုပ်သမျှ ဘေးက ကြည့်နေရတာပေါ့။"
"အသောကမင်းကြီး က ရေတွင်း ရှစ်သောင်းလေးထောင်၊ ရေကန် ရှစ်သောင်းလေးထောင် လှုခဲ့ ပေမယ့် နိဗ္ဗာန် ကိုရောက်တာ မဟုတ်ဘူး၊ ခုလို ပဲနှပ်ကို ငရုတ်သီးကြော်နဲ့ ဆွမ်းလောင်းတာမှ နိဗ္ဗာန်ကို ရောက်တာ"တဲ့။ ကျွန်မ အမေရဲ့ ထူးခြားသော နိဗ္ဗာန်ရောက်ကြောင်းတရားကို နားကြား ရတဲ့အခါလည်းရှိရဲ့။ ဒီလိုပဲ မာမီ့မျက်နှာ ကိုကြည့်၊ မာမီ့ ရဲ့ စိတ်ကြိုက်မှန်သမျှ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးရတာ ဟုတ်တာလည်းရှိ၊ မဟုတ်တာလည်း ၇ှိပေါ့။ မာမီ့လုပ်ပုံတွေကြောင့် မျက်ရည် ထဲကပြုံးရတာလည်း အခါများစွာပါပဲ။ ဒါ့အပြင် သားသမီးတွေ ကလည်းအရွယ်အစားနဲ့ ဝေစည်နေ တာမို့ အိမ်ရဲ့ဆည်းလည်းသံ တညံညံနဲ့ တစ်ခါတလေ စိတ်ညစ် ဖို့တောင် မတွေးအား လိုက်ပါဘူး။

တစ်နေ့မှာ ကျွန်မကိစ္စတစ်ခုနဲ့ အပြင်သွားနေတုန်း လက္ခဏာဆရာကြီး ဆရာစန္ဒြလာသွားတယ်၊ အရေးကြီးလို့ သူ့ရုံးခန်းကို လာတွေ့ပါလို့ မှာသွားတယ်လို့ ဆိုတာနဲ့ ဘာများလဲပေါ့။ ကျွန်မ စိတ်ပူသွားမိပါတယ်။ ဆရာစန္ဒြ  က ကျွန်မရဲ့အစ်ကိုရင်းချာလို  လေးစားခင်မင်သူတစ်ဦးပါ။ ဆရာနဲ့ ရင်းနှီးခင်မင်သွားပုံကလည်း ရယ်စ ရာတော့ အကောင်း သား။ ကျွန်မ မန္တလေးဘိလမ်းမှာ ဓာတ်ပုံ ဆိုင်ဖွင့်ခါစ အချိန်လောက်တုန်းက သတင်းစာတွေမှာ တစ်ရွက်လုံးပြည့်စားလုံးကြီးတွေနဲ့ "ဆရာစန္ဒြ၊ လက္ခဏာဆရာ" ဆိုပြီး ကြော်ငြာ တာ တွေ့ရပါတယ်။ ရန်ကုန်မှာ ဆရာရဲ့နာမည် က ကျော်ကြားစပြုနေပါပြီ။ အနောက်တိုင်းဆန်ဆန် By appointment only ရက်ချိန်း ယူပြီးမှ ဆရာနဲ့ တွေ့ဆုံခွင့်ရတာပါ။ အဲဒီခေတ်အခါက လက္ခဏာဗေဒင် ဆရာတွေ ဒီလိုကြီးကြီး ကျယ်ကျယ် ရက်ချိန်းယူ ဟောသူ မရှိသေးပါဘူး။

ဆရာစန္ဒြက ရက်ချိန်းကြိုတင်ယူပြီးမှ ဟောတယ်ဆိုတော့ စိတ်ဝင်စားစရာ၊ အထင်ကြီးစရာ ပိုကောင်းလေ တယ်ပေါ့။ တစ်မနက် ဘီလမ်းဆိုင်မှာ အလုပ်ရှုပ်နေဆဲ မောင်ငယ်တစ်ယောက်လို ခင်တဲ့ သူငယ်ချင်း ကိုသန်းစိန် (Robert)ကရောက်လာပါတယ်။ ရန်ကုန်က ပြန်လာတဲ့သူ၊ ရန်ကုန် မှာရှိတုန်းက သူငယ်ချင်းတွေ ခေါ် သွားလို့ ဆရာစန္ဒြဆီမှာ လက္ခဏာဝငမေးခဲ့တာဘယ်လို မှန်ကြောင်း၊ ဆရာ့ပညာက အံ့သြဖွယ်ကောင်းကြောင်း ချီးမွမ်းခန်းတွေ ပြောဆိုသွားလေရဲ့။

သူပြောသွားတာနဲ့ ကျွန်မလည်း စိတ်ဝင်တစား ဖြစ်သွားပါတယ်။ ဒီတစ်ခေါက်ရန်ကုန်ဆင်းဖြစ်ရင် သွားမေးကြည့်ဦးမယ်ပေါ့။ မန္တလေးသူပီပီ ကျွန်မလည်း ဗေဒင်တွေ၊ လက္ခဏာတွေကို စိတ်ဝင်စား သေးတာပါ။ တစ်နေ့ မှာ အဲဒီအခွင့်အရေးရဖို့က ကြုံလာပါလေရော။ အလုပ်ကိစ္စနဲ့ ပြေးပြေးလွှား လွှားသွားရတဲ့ခရီးမို့ အချိန်ပို ကလည်း မရှိဘူး။ မန္တလေးကိုပြန်ဖို့ လေယာဉ်ကွင်းကလည်း ဆင်းရ တော့မှာ။ ဆရာ့ရဲ့ရုံးခန်း က မြေနီးကုန်း ပြည်လမ်းမကြီးမို့ လေယာဉ်ကွင်းအဆင်းမှာ လမ်းကြုံပါ တယ်။ အဆင်သင့်ချင်တော့ မြေနီကုန်းပြည် လမ်းမကြီးမို့ လေယာဉ်ကွင်းအဆင်းမှာ လမ်းကြုံပါ တယ်။ အဆင်သင့် ချင်တော့ ကျွန်မအ၀င်မှာ လက္ခဏာမေးသူတစ်ဦးက ဆရာ့ရုံးခန်းထဲက အထွက် ကျွန်မက အပြေးအလွှား တန်းဝင်သွားလိုက်ပြီး...

"ဆရာရယ်၊ ကျွန်မက မန္တလေးကပါ၊ ခု လေယာဉ်ကွင်း ဆင်းတော့မလို့ ၁၅မိနစ်လောက် အချိန် ရတာ နဲ့ ပြေးလွှားပြီး ၀င် ခဲ့တာပါ၊ မေးခွန်း ၃ခုလောက်ပဲ မေးချင်ပါတယ်"ပြောတော့...
"ရက်ချိန်းယူပြီး မှ ဟောတယ်ဆိုတာ ဆိုင်းဘုတ် ရေးထားတယ်၊ မဖတ်မိဘူးလား၊ ရက်ချိန်း ယူမ ထားရင် မေးခွန်းတစ်ခွန်းတောင် ကျုပ်မဟောနိုင်ဘူး"တဲ့။ ဆရာ ခပ်မာမာပဲ ကျွန်မကို ဘုတော လေရဲ့။ "ဆရာ က ကြီးကျယ်နေရင် လည်း ပြီးရောပေါ့"လို့ ပြောရင်း ဆောင့်ခနဲပြန်လှည့်ထွက်လာ ခဲ့ပါတယ်။ မန္တလေး ကို ပြန်ရောက်တော့ ဆရာ့ကိုညွန်တဲ့ ကိုရောဘတ်ကို "မောင်ရင့်လက္ခဏာ ဆရာကလည်း ကြီးကျယ်တော်မူ ပါ့တော်"လို့ အတင်းဆော်ရင်း ဇာတ်ကြောင်းကို ပြန်ပြောပါ တယ်။

"ဒါ မမခင် က မှားတာပဲ၊ သူရဲ့သတ်မှတ်ထားတဲ့ စည်းကမ်း၊ သူ့ပညာကို လေးစားရင် သူ့စည်း ကမ်းကို လိုက်နာ ရမှာပေါ့၊ မမခင်လည်း မမခင်ရဲ့အလုပ်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိ မှာပဲ၊ အဲဒါကို မလေးမစားလာလုပ်ရင် မမခင်ရော ကြိုက်မှာမို့လား"တဲ့။
ကျွန်မထက် အသက်ငယ်ပေမဲ့ အတွေးအခေါ်လေးနက်တဲ့ သူငယ်ချင်းရဲ့ စကားကမှန်နေတာမို့ ကျွန်မအမှား ကို မြင်မိတာကြောင့် ဆရာ့အပေါ် မကျေမလည်ဖြစ်နေတဲ့စိတ်ကလေး ပြေပျောက် သွားပါတယ်။ ဒါနဲ့ နောက်တစ်ခါ ရန်ကုန်ဆင်းဖြစ်တော့ ဆရာ့ဆီကို ရက်ချိုန်းယူပြီးမှ သွားတွေ့ပါ တယ်။ ဆရာ့ ကိုပြန်ပြီး ကောခဲ့ မိတာကို အားနာတဲ့အတွက် ကျွန်မက ဇာတ်ကြောင်းမလှန်ဘဲ မသိဟန်ဆောင်နေပေမဲ့ ဆရာက ကျွန်မ ကို မှတ်မိပြီး...

"ခင်ဗျား မနှစ်က မေးခွန်းသုံးခွန်း မေးချင်တယ် ဆိုပြီးလာသွားဖူးတယ် မဟုတ်လား"တဲ့။ ကျွန်မ ကွဲပါလေရော။ အဲဒီကတည်း က တစ်ဦးကို တစ်ဦး နားလည်မှု ရှိသွားပြီး ရင်းနှီးခင်မင်သွားတာ မောင်နှမရင်းချာလိုပါပဲ။ ကျွန်မ ကို အစ်ကိုကြီးတစ်ယောက်လို အမြဲသွန်သင်ဆုံးမပါတယ်။ ကျွန်မ အိမ်ထောင်ရေး ကံမကောင်းတာက ဇာတာ မှာ ပါပြီးသားတဲ့။ မိမိပြုခဲ့ဖူးတဲ့ ကံအတိုင်းအကျိုးပေး တာဟိုလူ့အပြစ်၊ ဒီလူ့အဖြစ်နဲ့ သူတစ်ပါးကို အပြစ်မတင်လေ နဲ့။ အဲဒါ အကုသိုလ်အသစ် ထပ်ပြီး ယူခြင်းပါပဲ။ ကျွန်မ ဘ၀ဟောင်းများစွာက ပရဒါကံ ကျူးလွန် ခဲ့မိလို့ အခုလို အဆင်မပြေတဲ့ ၀ဋ် ကြွေးကို ပေးဆပ်ရခြင်းလို့ ဆိုဆုံးမပါတယ်။

နောက်ပိုင်း နှစ်စဉ် ဆရာက ကျွန်မရဲ့ဇာတာကို သူ့ဘာသာ အချိန်ရတဲ့အခါ စစ်ဆေးပြီးအရေးကြီး တဲ့ကောင်း/ဆိုး တစ်ခုခုတွေ့တိုင်း စာရေးပြီးဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြီးဖြစ်ဖြစ် သတိပေး လေ့ရှိတာမို့ အခုလည်း ဘာများ ဖြစ်နေပြန်ပါလိမ့်ဆိုတဲ့ အတွေးနဲ့ ဆရာ့ဆီအရေက် ပြေးသွား လိုက်ပါတယ်။ ဆရာနဲ့တွေ့တော့ ကျွန်မရဲ့ ကံဇာတာစန်းလဂ်၊ အညံ့ကြီးညံ့တဲ့အပိုင်းကို ရောက်နေတယ်တဲ့။ အသက်ဘေးနဲ့ နီးတဲ့ အန္တရာယ်တောင် ရှိနိုင်တဲ့အထိညံ့တယ်ဆိုပဲ။ ကျွန်မပိုင် ဆိုင်သမျှ ပစ္စည်းတွေအားလုံး သစ်ပင်က သစ်ရွက်တွေ ကြွေ သလို အကုန်ကြွေကျကုန်ပြီး အရိုး ကိုင်းခြောက်ပဲ ကျန်တဲ့အထိ ဖြစ်လိမ့်မယ်။

ဒီအချိန်မှာ ရတနာသုံးပါးကို မပြတ်ဆည်းကပ်ပြီး ကုသိုလ်ကောင်းမှု အများကြီးပြုလုပ်ပေးပါတဲ့။ ဆရာက ယတြာချေ ဖို့ ဖယောင်းတိုင်ထွန်း၊ ဘယ်နေ့ ဘာနံပန်းကို ဘယ်နှပွင့်ကပ်ဆိုတာမျိုးတွေ ပေးလေ့မရှိပါဘူး။ ကုသိုလ်၊ အကုသိုလ်ဆိုတာ လူတိုင်းမှာရှိတယ်။ သံသရက အရှည်ကြီး၊ ဖြတ် သန်းလာတဲ့ ဘ၀ပေါင်းများစွာမှာ သီလ၊ ဒါန၊ ဘာဝနာဆိုတဲ့ ကောင်းတာတွေ လုပ်ခဲ့သလို ဒေါသ၊ မောဟ၊ မာန်မာန၊ မစ္ဆိယစိတ်တွေနဲ့ မကောင်းတာတွေ လည်း လုပ်ခဲ့ကြတာပဲ။ အဲဒီကျောင်းမှု၊ မကောင်းမှုကံတွေက မိမိမွေးဖွားလာကတည်းက တူပါလာခဲ့ပြီး သား။ ကောင်းကျိုး ဆိုးကျိုးပေးဖို့ အလှည့်သာတဲ့အခါမှာ ကျရောက်လာခြင်းပဲ။ အဲဒါကို သက်သာမှုရှာပြီး ကာကွယ်ချင်တယ်ဆိုရင် ဘဏ်တိုက်မှာ ငွေအပ်ထားတာလိုပဲ။ လက်ကျန်ငွေ နည်းရင် ငွေထပ်ဖြည့်၊ အဲဒီသဘောပဲ။ အကု သိုလ်များနေတဲ့အချိန်မှာ ကိုသိုလ်တွေ အားကောင်း လာအောင် ပြုပေး ဖို့လိုတယ်။ ကုသိုလ်အား ကောင်းလာရင် အကုသိုလ်အားမှေးမှိန်ပျော့သွားမယ်ပေါ့။

အခုလည်း ဒါကြောင့် ကုသိုလ်အားများများနဲ့ဖိပြီး ကျားကန်ပေးဖို့ လိုတယ်။ ကြိုးစားပြီး အားထုတ် ပါ။ စိတ်ဓာတ် လည်း မကျပါနဲ့။ ဒီအခိုက်အတန့် နှစ်မှားမှာ ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးတယ်တဲ့။ ဒါတွေပြီးသွားရင် သစ်ပင် က အညွန့်တွေပြန်ဝေလာပြီး သူတစ်ပါးကိုတောင် အရိပ်ပေးနိုင်အောင် ဖြစ်လာလိမ့်မယ်။ ဒုတိယအရွယ် မှာ ဆိုးသလောက် တတိယအရွယ်ကျရင် ပထမအရွယ်ထက်ပို ပြီး အကျိုးပေးလိမ့်မယ်တဲ့။

ဆရာ့ဆီက ပြန်လာတော့ ကျွန်မ စိတ်ဓာတ်တော်တော်ကျသွားပါတယ်။ ကျွန်မမှာ သားအထွေးဆုံး ရဲ့ကိုယ်ဝန် က နှစ်လရှိနေပြီလေ။ မပေါ့မပါးနဲ့ အသက်ဘေးနဲ့ နီးတဲ့အန္တရာယ်ရှိတယ်ဆိုတဲ့အ တွက်ပိုပြီး စိုးရိမ်မိတာ လည်းပါရဲ့။ ဆရာပြောတဲ့အတိုင်း သစ်ရွက်တွေကြွေသလို ကြွေသွားလိုက် တာအခုကျွန်မပိုင်ဆိုင်တာလည်း မရှိတော့ ဘူး၊ ကားလည်းမရှိတော့ဘူး၊ လက်ဝတ်ရတနာဆိုလို့ လက်မှာမမသန်းကိုယ်စား ပေးထားခဲ့တဲ့ လက်စွပ်မှ တစ်ပါး ဘာမှ မရှိတော့ဘူး။ ဦးမြလှိုင်နဲ့ လက်ထပ်တုန်းက သူကိုယ်တိုင် ၀တ်ပေးခဲ့တဲ့ လက်ထပ် လက်စွပ် လည်း ခြေလှမ်းပျက်တာ သိရတဲ့ ပထမဆုံး ရန်ပွဲကတည်းက စိတ်ဆိုးဆိုးနဲ့ လက်ကချွတ်ပြီး အိပ်ခန်းပြတင်း က လွှင့်ပေါက်ပစ်လိုက် တာဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။ ဘဏ်စာရင်းကလည်း အလုပ်မရှိ ကတည်းက တတိတိနဲ့ ထုတ်သုံးနေရလို့ သုညမှာ ပြနေပါပြီ။ ကဲ...ဘာများကြွေစရာ ကျန်သေး လို့လဲနော်။ ဒီ အထဲနေရတဲ့ အခြေအနေကလည်း အိမ်နိမ့်စံဘ၀။

အိမ်ထောင်ရေး မပြေလည်တာ ဆရာပြောသလို ဘယ်သူ့ကိုမှအပြစ်ဆိုစရာမလိုဘဲ မိမိရဲ့ဘ၀ ဟောင်းက ပရဒါရကံ ကျူးလွန်းမိလို့ အကုသိုလ်ဝဋ်ကြွေးဆပ်ရခြင်းဆိုတာ မှန်တဲ့အပြင်လက်ရှိ ဒီဘ၀မှာလည်း ကျွန်မရဲ့ မိန်းမ မပီသတဲ့ ညံ့ဖျင်းချက်တွေကလည်း အများကြီးကျန်ပါသေးတယ်လို့ ထင်ပါတယ်။ ယောက်ျား တစ်ယောက် ကို ထိန်းထားနိုင်ဖို့အတွက် လိုအပ်ချက်တွေထဲမှ အဓိကက ကိုယ့်ယောက်ျား ကို ပြုစုယုယ ရုံတင်မကဘဲ အစားအသောက်နဲ့လည်း ထိန်းရတယ်လို့ စာတစ်ပုဒ် ထဲမှာဖတ်ဖူးပါတယ်။ ဦးမြလှိုင်က အစားကောင်း လည်း ကြိုက်တတ်ပါတယ်။ စားတော့လည်း နည်းနည်းလေး တို့ကာ ဆိတ်ကာရယ်၊ ဒါပေမဲ့ ကောင်း မှ။

သူကိုယ်တိုင်ကလည်း အချက်အပြုတ် အလွန်ကိုတော်တဲ့သူပါ။ ပါရမီလို့ပဲ ဆိုရမှလား မသိဘူး။ ထမင်း စားပွဲတွေ ဘာတွေဖိတ်လို့သွားစားတဲ့အခါ အသစ်အခန်းတစ်ခုခု စားကြည့်ပြီးတာနဲ့ ဒါဟာ ဘယ်လို ချက် ထားတာ၊ ဘယ်လို အမျိုးအမည်တွေပါတယ်ဆိုတာ တစ်ချက်တည်းသိပါတယ်။ သူထင်တဲ့အတိုင်း ချက်ကြည့် ရင် တစ်ပုံစံတည်းထွက်လာတာပါပဲ။ ကျွန်မကတော့မဟုတ်ပေါင်။ ပေါ့မှန်းလည်းမသိ၊ ငန်မှန်းလည်းမသိ၊ ပါးစပ် ထဲရောက်သွားပြီးမျိုချလိုက်တာနဲ့ ပြီးသွားတာပဲ။

အေးလည်းစား၊ ပူလည်းစား၊ ဘာမှမရှိလည်း ထမင်းနဲ့ဆီဆမ်း ဆားဖြူးလည်း ဖြစ်သွားတာပဲ။
ဦးမြလှိုင် က ခူးခပ်ထားရင် အပူအအေးကလည်း မျှမျှတတ ရှိဦးမှ။ အသေးစိတ်ကို သူ့စိတ်ကြိုက် ဖြစ် မှ ကျေနပ်တာပါ။ တစ်ခါတလေ အချိုးမကျရင် မစားဘဲ ထသွားပါလေရော။ ဒါကြောင့်ထမင်း ချက်ကောင်းကောင်း က အမြဲရှာထားရပါတယ်။ သူစိတ်လိုတဲ့အခါမျိုးလည်း ကိုယ်တိုင်ဝင်ချက် တတ်ပါသေး တယ်။ တစ်ခါက မှတ်မှတ်ရရ ကော်ပြန့်လိပ်လုပ်လိုက်တာ သူထည့်တဲ့ အဆာထဲမှာ ကြက်သားလည်းပါရဲ့၊ ဂဏန်းလည်း ပါရဲ့၊ ကြက်ဥလည်းပါရဲ့၊ ပြည်ကြီးမျှော့လည်းပါရဲ့၊ ကောင်းပေ့ ဆိုတာတွေထည့်ထားတော့ အဲဒီအချိန် က ၀ယ်စာရင်၊ တစ်လိပ်တစ်မတ်လောက် ပေးရတဲ့ ကော်ပြန့်လိပ်က တစ်လိပ်ကို နှစ်ကျပ်ခွဲလောက် ကျပါလေရော။

အဲလို အစားကောင်းကြိုက်သူကို ယူထားမိတဲ့ ကျွန်မက အချက်အပြုတ် ဘာမှ ဖြစ်ဖြစ်မြောက် မြောက် မလုပ်တတ်ပါဘူး။ ငယ်တုန်းကလည်း မာမီတို့က သင်မထား၊ ကျွန်မကိုယ်တိုင်လည်း ၀ါသနာမပါ၊ အိမ်ထောင် ကျတော့လည်း စောစောပိုင်းမှာ ကိုကြီးမိသားစုနဲ့နေရတော့ ကျွန်မကို ကလေးတစ်ယောက်လို ထားပြီး မီးဖိုချောင် ကိစ္စ ၀င်မပါရပါ၊ နောက်ပိုင်းသီးခြားနေပြန်တော့လည်း အိမ်ဖော်မိန်းကလေးတွေ ချက်ကျွေး သမျှနဲ့ ပြီးသွားလိုက်တာမို့ ကျွန်မအနေနဲ့ ဟုတ်တိပတ်တိ ဘာမှမလုပ်တတ်ပါဘူး။ ဒါကြောင့် မို့ ယောက်ျားတစ်ယောက် ကို အစာနဲ့ ထိန်းမထားနိုင်တာလည်း ပါရဲ့ပေါ့။

ဒါ့အပြင် ကျွန်မမှာ လွဲမှားတဲ့ မာနနှစ်ခုကလည်း ရှိနေသေးတယ်။ အဲဒီ မာနနှစ်ခုက ငွေကြေးနဲ့ ပတ်သက်တဲ့ မာနနဲ့ မေတ္တာ နဲ့ ပတ်သက်တဲ့ မာနပါပဲ။ တောင်းယူမှ ရတာထက်စေတနာအ လျောက်ပေးတဲ့ပစ္စည်းကို ကျွန်မက ပိုပြီးတန်ဖိုးထားချင်တဲ့သူပါ။ တောင်းမှပေးတဲ့ ငွေတစ်ကျပ် ထက်စေတနာ အရပေး တဲ့ ဆယ်ပြား ကိုလိုချင်တတ်တာမျိုးပေါ့။ ဒါ့ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်တော့မှ ကျွန်မ လက်ဝါးမဖြန့်ဘူး။ ကျွန်မမှာ ရှိရင် ရှိတဲ့ အတိုင်းနေတယ်။ မရှိတဲ့အခါလည်း မရှိတဲ့အတိုင်း ဖြစ်အောင် နေတာမျုးပါ။

မေတ္တာနဲ့ ပတ်သက်လာရင်လည်း ဒီအတိုင်းပါပဲ။ ရင်ထဲမှာ ဘယ်လောက်ပဲ ကြေကြေကွဲကွဲ ခံစား နေရနေရ၊ အရှေ့ မှာတော့ ဟန်မပျက်ပုံစံနဲ့ မာနဒိုင်းလွှာကြီးက ကာထားလျက်ပေါ့။ ကွယ်ရာကျ မှ သေလုအောင် လှိမ့် ငိုရင် ငိုမယ်၊ ကိုယ့်မေတ္တာကိုအလွဲသုံးစား လုပ်ထားတဲ့သူရဲ့ရှေ့မှာတော့ လက်နက် မချပါဘူး။ ဘယ်လောက်ပဲ ထိခိုက်ထိခိုက် "မောင် ထားခဲ့လို့ အသည်းကွဲရချည့်"ဆိုတဲ့ "အားနွဲ့သူပါရှင်" ပုံစံတော့ လုပ်မပြပါဘူး။ အဲလို ရင်ထဲက အသည်းဟက်တက်ကွဲပေမဲ့ ဘာမှမဖြစ် သလိုမာနတံခွန်ထူပြတဲ့သူကို ဘယ်မည်သော ယောက်ျား ကရော သနားကရုဏာ သက်ပြီး ကြင်နာ ပါ့မလဲနော်။

ဒါကြေင့်လည်း နောက်ဆုံးအကြိမ်မှာ မခံနိုင်လို့ ဦးမြလှိုင်ကို "နှစ်ဦး တစ်ဦး ကြိုက်သူရွေး"ဆိုတော့ "ခင်ကတော့ ရင့်ကျက် တယ်၊ ခံနိုင်ရည်ရှိတယ်၊ အစွမ်းအစထက်တယ်၊ သယ်သူ့မှ အားမကိုးဘဲ ရပ်တည်နိုင်တယ်၊ မိတ်ဆွေ အပေါင်းအသင်း များတယ်၊ ဆွေမျိုးအသိုင်းအ၀ိုင်းရှိတယ်၊ မောင်မရှိ လည်းဖြစ်တယ်တဲ့"ဆိုတဲ့ အမှတ်ပေါင်းများစွာတွေပေးပြီး ကျွန်မကို ပယ်ချလိုက်တော့ ဂုဏ်ထူးတွေ မြောက်မြားစွာ ပိုင်ဆိုင်တဲ့ ကျွန်မက အရှုံးနဲ့ ရင်ဆိုင်လိုက်ရတော့တာပါပဲ၊ ဒါဟာလွဲမှားတဲ့ မာနရဲ့ ရလဒ်ပဲလား။ ဒါမှမဟုတ် မိန်းမတစ်ယောက်ဖြစ်ပြီး မတောင်းခံ တတ်တဲ့ အားနွဲ့သူ မဟုတ်လေလို့ လား၊ နှစ်ခုစလုံးက ကျွန်မရဲ့ ချို့ယွင်းချက် များ ဖြစ်နိုင်ကောင်းပါရဲ့။

Nobody is perfectဆိုတဲ့ စကားအတိုင်း ကျွန်မကိုင်တိုင်မှာလည်း အပြစ်တွေချို့ယွင်းချက်တွေ များစွာနဲ့မို့ ကိုယ့် ကိုယ်ကိုယ် ဝေဖန်ရေးတွေလုပ်ရင် ပြုပြင်နိုင်တာတွေကြိုးစားပြုပြင်ရင်း ဆရာ မှာကြားထားတာ ကိုလည်း နှလုံးသွင်းရင် အိမ်မှုကိစ္စတွေက အားလုပ်တဲ့အချိန်တွေမှာ ဘုရားဝတ် ပြု၊ တရားထိုင်၊ ပုတီးစိပ်၊ ပရိတ်ရွတ်၊ နေ့ကြီးရက်ကြီးတွေမှာလည်း သီလဆောက်တည်နဲ့ ကုသိုလ်ရေးကို ကြိုးစားအားထုတ်နေ တယ်ပေါ့။

ဒီအချိန်မှာ အဖြစ်တစ်ခုနဲ့ ကြုံရပြန်ပါတယ်။ ကုသိုလ်ရေးကြိုးစားအားထုတ်နေပါလျက်နဲ့ ကျွန်မ စိတ်တွေက လေးနေတယ်။ ဒါကြောင့် ဘုရားစင်ရှေ့မှာပိုပြီး အချိန်ယူမိတယ် ဆိုပါတော့။ ကျွန်မ တို့က မိသားစု များတော့ အိမ်နဲ့ လူနဲ့ကလည်း အပြည့်၊ ဘုရားခန်းရယ်လို့ သီးသန့်ထားစရာ နေရာမရှိလို့ ဘုရားစင်ကို ကျွန်မအိပ်ခန်း ရဲ့ ရှေ့ဘက်ဝရန်တာမှာ ထုတ်ပြီးထားရပါတယ်။ အိမ်က လည်းအနောက်ဘက်လှည့်မို့ ညနေဘက် ဆို ဘုရားစင်ကို နေထိုးတာ ဘုရားဆင်းတုတော်လည်း နေပူ၊ တင်ထားတဲ့ ဘုရားပန်းတွေလည်း ကြာကြာမခံဘဲနဲ့ ညှိုးကုန်တာကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်မိပါတယ်။

ဒါနဲ့ဘုရားစင်ကို အိပ်ခန်းထဲ ပြောင်းပြီးအိပ်ခန်းကို ဘုရားခန်းသီးသန့်ဖြစ်အောင် လုပ်လိုက်ရင် ကောင်းမယ်လို့ စိတ်ကူးရပြီး ယာဉ်မောင်းဦးမောင်ကြီးနဲ့ သူ့ဇနီးဒေါ်ဒေါင်းကို အကူအညီခေါ်ပြီး ဘုရားစင်ကို အိပ်ခန်းထဲရွှေ့၊ ကျွန်မတို့ အိပ်တဲ့ခုတင်ကို ကပ်လျက်က ကလေးတွေ အိပ်တဲ့အခန်း ထဲမှာကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ဖြစ်အောင် ထိုးတည့် နဲ့ တစ်မနက်လုံး ရွှေ့ဟယ်ပြောင်းဟယ်နဲ့ အလုပ်တွေရှုပ်နေတယ်ပေါ့။ နေ့ချင်းကျတော့ ဓာတ်ပုံဆိုင်ဖွင့်စ မှာ ကျွန်မကိုပထမဦးဆုံးစာပေစင် မြင့်ကိုရောက်အောင်ပို့ပေးခဲ့တဲ့ ကျေးဇူးရှင် (ဒေါ်ဒဂုန်ခင်ခင်လေး) ကရောက်လာပါတယ်။ မမခင်ေ၇းထားတဲ့ "စာဆိုတော် "စာအုပ် သုံးအုပ်တွဲက ထွက်လို့ လက်ဆောင်လာပေး တာတဲ့။ မမခင် ရဲ့ အော်တိုဂရပ်ဖ်ထိုးမြဲလက်မှတ်နဲ့ စာတန်းရေးထိုးထားတဲ့ စာအုပ် အထူကြီးတွေ ကို ကြည့်ပြီး ကျွန်မ ပျော်လိုက်တဲ့ဖြစ်ခြင်း။

မမခင်နဲ့စကားကောင်းနေလိုက်တာ တစ်နေ့ခင်းကုန်သွားပါရော။ မမခင်ပြန် သွားတော့ နေတောင် စောင်းနေ ပါပြီ။ သူငယ်ချင်း (မပုလဲ) ရဲ့ စိန်လက်ကောက် သူမအားလို့ ရွေးထားပေးပါမှာလို့ မနေ့ ကရွေးထားပြီးသား။ ဒီနေ့ သူ့ဆီ လာပို့မယ် ပြောထားပြီး အချိန်တွေ ကုန်သွားတာနဲ့ မပို့ရသေး ဘူးလေ။ ကျွန်မကိုယ်တိုင် သွားပို့ ဖို့ အချိန်မရှိတာကြောင့် တပည့်(အသန်း)ကို မပုလဲဆီ သွားပို့ ပေးပါခိုင်တော့...
"အန်တီလေး ကလည်း ပစ္စည်းက အဖိုးတန်ကြီး၊ မိုးချုပ်နေပြီ၊ မနက်မှပေးလည်းဖြစ်သားနဲ့"တဲ့။ ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ဒီနေ့ပဲ ပြောထားမိတဲ့အတိုင်း ပေးဖြစ်ချင် တာနဲ့...
"သွားပေးလိုက် ပါ အသန်းရယ်၊ လာပို့မယ် ပြောထားတာ စကားမပျက်တာ ကောင်းတာပေါ့" သူ့ ကို ချော့ချော့မော့မော့ ပြောပြီး ခိုင်လိုက်ပါတယ်။ ညကျကလေးတွေအားလုံးကိုလည်း သိပ်ပြီး ရောနေ့လယ်က ရထားတဲ့ "စာဆိုတော်" စာအုပ်တွေက ကျွန်မကိုလက်ယပ်ခေါ်နေပြီလေ။ ဒါနဲ့ ပထမတွဲစာအုပ်ကို ဖတ်လိုက် တာ မမခင်ရဲ့အရေးအသားက ကောင်းလွန်းတော့လက်က မချနိုင် ဘူး။ သန်ခေါင်ကျော် တစ်ချက်ထိုးတဲ့အထိ ဖတ်နေဖြစ် ပါတယ်။ ခါတိုင်း ကိုးနာရီ ဆယ်နာရီ အိပ်ရာ ၀င်နေကျ။ စာအုပ်ကိုစွဲနေတော့ အိပ်ဖို့တောင် သတိ မရပါဘူး။ ငယ်ငယ်ကဆို ကြိုက်တဲ့စာအုပ် တွေ့ရင် မိုးအလင်းအပြီးဖတ်တာမျိုးပါ။

အဲဒီညကတော့ တစ်နေ့လုံး ပစ္စည်းတွေရွှေ့ပြောင်ေးနရာချနဲ့ ပင်ပန်းထားတဲ့ ဒဏ်ကလည်း ရှိနေ တာနဲ့ တစ်ချက်ကျော်တော့ မျက်စိတွေ လေးလာတာကြောင့် အိပ်ခန်းအဟောင်းဘက်မှာရှိတဲ့ ရေချိုးခန်းဘက်ကူး၊ ကိုယ်လက် သန့်စင်ပြီး အိပ်ရာဝင်လိုက်ပါတယ်။ အောက်ထပ်က ကျွန်မတို့ မွေးထးတဲ့ အယ်လ်ဇေးရှင်းခွေး ဘလက်ကီးကြီး ရဲ့ ဟောင်သံကြားလို့ တစ်ချက်နိုးလာသေးတယ်။ ဒါပေမဲ့လေး ငါးရက်ရှိပြီ၊ ဘလက်ကီဟောင်နေ တာ။ ဦးမြလှိုင်က လူကပ်သလာလို့တောင် အထင်ရောက်သေးတယ်။ ဘာမှဖြစ်တာ မဟုတ်လို့ အခုလည်း ခါတိုင်းလို ခြံထဲဖြတ်သွား တဲ့ ခွေး တွေ၊ ကြောင်တွေတွေ့ လို့ ဟောင်တာဖြစ် မှာဆိုပြီး ပြန် အိပ်လိုက်ပါတယ်။

လင်းအားကြီးကျတော့ ဘလက်ကီက တအားထိုးဟေင်နေပြန်ပါရော။ သဲသဲမဲမဲဟောင်နေ တာ ဖြစ် တော့ ကျွန်မလန့်လာတယ်။ တစ်ဖက်ခန်း မှာ အိပ်နေတဲ့ ဦးမြလှိုင်ကို တံခါးထုပြီးနှိုးရတာပါ။ အောက်ထပ်မှာက မာမီနဲ့ သမီးကြီးနှစ်ယောက် က အတူအိပ်ကြတာမို့ စိတ်ပူတာနဲ့ ဦးမြလှိုင်နဲ့ အတူပြေးဆင်းပြီး ကြည့်ကြတော့လည်း အားလုံး က အေးအေးဆေးဆေးပဲ။ မာမီက နားလုံးဝကြား သူမဟုတ်လို့ ခွေးဘယ်လောက်ဟောင်နေပေမဲ့ မသိ ပါဘူး။
ဦးမြလှိုင်က "အလကား ဟောင်နေတာပါကွာ၊ ဘာမှမရှိပါဘူး"တဲ့။ အေးအေးဆေးဆေးပြောပြီး သူ့အခန်း ထဲ ပြန်ဝင်သွားပါရော။ ကျွန်မက ထိတ်လန့်တကြားဖြစ်ပြီး နိုးလာတာမို့ မျက်စိက ကျယ်သွားပြီလေ။ ဒါနဲ့ ကိုယ်လက် သန့်စင် ဖို့ တစ်ဖက်ခန်းမှာရှိတဲ့ ရေချိုးခန်းသွားမယ်ဆိုပြီး တံခါးဖွင့်လိုက်ပါတယ်။ ကျွန်မရဲ့အိပ်ခန်း အဟောင်းထဲမှာ ပစ္စည်းတွေ ပြန့်ကျဲပွစိထားလိုက်တာ လေမုန်တိုင်းကျတဲ့အတိုင်းပါပဲ။ ကျွန်မအံအားကြီးကို သင့် လို့ကြောင်ပြီး ရပ်နေမိတယ်။
ခဏနေမှ သတိဝင်လာပြီး ဆန်းစစ်ကြည့်တော့ သူခိုးက ၀ရန်တာတွယ်တက်ပြီး သံပန်းတပ်ထား တဲ့ ပြတင်းတံခါး ကို ၀တ်အူဖြုတ်၊ ကလန့်ပြီးဝင်တာပါ။ ဗီရိုထဲက ကျွန်မပစ္စည်းတွေ အကုန်ပါသွားလေ ရဲ့။ စိန်၊ ရွှေ၊ လက်ဝတ်လက်စားမရှိလို့ တော်ပါသေးတယ်။ မပုလဲရဲ့ စိန်လက်ကောက် အသန်း ပြောတဲ့ အတိုင်းမနက် မှပို့ခိုင်းမယ်ဆိုရင် ပါသွားဦးမှာပါ။ ခုတော့နတ်နှိုးဆော်တယ် ပြောရမလားမ သိ။ ပို့ခိုင်းမိတာပဲ ကံကောင်း။

ငွေက မဖြစ်စလောက် နည်းနည်းနဲ့ အ၀တ်အထည်အသုံးအဆောင် အကောင်းတွေ အကုန်ပါသွား တော့တာပဲ။ သားကြီးဝင်း မန္တလေးပြန်ဖြစ်တိုင်း အမေ့ဖို့ ၀ယ်လာတဲ့ကြိုးကြီးချိတ်တွေဆို ချုပ်တောင်မချုပ်ရသေးဘဲ အထပ်လိုက် ပါသွားတော့တာလေ။ ဆရာစန္ဒြဆီက ပြန်လာတုန်းက "ကိုင်း...ကြွေစရာ ဘာများ ကျန်သေးလဲ"ဆိုပြီး တွေး ခဲ့မိတဲ့ ကျွန်မ ခုဟောင်းလောင်း ဖြစ်နေတဲ့ဗရို ကြီးကြည့်ပြီး ၀မ်းနည်းရမယ့်အစား၊ ဟားတိုက် ရယ်ချင်မိပါတော့တယ်။
ကံဆိုးမှောင်ကျလွန်း တဲ့ လောကဓံတရား ကိုလည်း "ကိုင်းကွာ၊ မင်းလုပ်ချင်သလောက် ဆက်လုပ် စမ်း"ဆိုပြီး ချဲလင်းလုပ် ရင်း အရွဲ့တိုက်ချင်သလိုလို ခံရတာများလွန်းရင် ပေါက်ကွဲချင်တယ်ဆိုတာ ဒါမျိုးပဲလား မိသိပါဘူး။

ကျွန်မ ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားတော့မှ လူကပ်နေတာ ဘလက်စီ စပြီးဟောင်တဲ့ လေးငါး ရက်ကတည်း က ဖြစ်မှာပါ။ ကျွန်မအိပ်ခန်းက အပေါ်ထပ်မှာမို့ လုံခြုံတယ်ဆိုပြီး ၀ရန်တာကို ထွက် တဲ့လူဝင်ပေါက် တံခါးကိုသာ အလုံပိတ် ချက်ချထားတာ။ ပူအိုက်တာမို့ ပြတင်းပေါက် မှန်တံခါးက တော့အမြဲဖွင့်ထားပါတယ်။ သံပန်းရော၊ ခြင်ဆန်ခါပါ ကပ်ထားတာကြောင့် စိတ်ချရတယ် ထင်မိ တာပေါ့။ ၀ရန်တာကိုတွယ်တက်ဖို့ကလည်း လွယ်လွယ်လေးရယ်၊ ၀ရန်တာပေါ် ရောက်တာနဲ့ အိပ်ခန်းအတွင်းကို အထင်းသားမြင်နိုင်တာမို့ ကျွန်မနဲ့ ကလေးနှစ်ယောက်တည်း အိပ်နေတာကို လည်း သိထားပြီးသားဖြစ်လို့ အတင့်ရဲပြီးနေ့တိုင်း လာချောင်း ပုံ ရပါတယ်။

ခွေးဟောင်နေတာက လေးငါးရက် ရှိနေပြီပဲ။ ဘုရားဆင်းတုတော် နေပူတာကို ဒီနေ့မှာ စိတ်ကူး ရပြီး ရွှေ့ဖြစ်လိုက်တာ ဟာကျွန်မရဲ့အသက်ဘေးကို ကပ်လိုက်ခြင်းပါပဲ။ ကျွန်မသာ ဒီအခန်းထဲမှာ ဆက်အိပ်နေဖြစ်ရင် အတွင်းရောက်လာတဲ့သူနဲ့တိုးပြီး အမျိုးမျိုးသော အန္တရာယ်တွေကျရောက်နိုင်ပါသေးတယ်။ အထူး သဖြင့်လူမလည်ကလေးတွေအတွက် တွေးတောင်မတွေးရဲပါဘူး။ နောက်တစ်ခုကလည်း မမခင်သာ စာအုပ်လာ မပေးဖြစ်ခဲ့ရင် ကျွန်မအချိန်မှန် ကိုးနာရီ ဆယ်နာရီ အိပ်ရာဝင်မယ်။ ည တစ်နာရီ၊ နှစ်နာရီ တစ်ရေးနိုးမှာ ရေချိုးခန်းထသွားနေကျမို့ အခန်းကူးလိုက်တာနဲ့ ဒီလူတွေနဲ့ ပက်ပင်းတိုးဦးမယ်။

အခုတော့ ကျွန်မက တစ်နာရီအထိမီးကြီး အလင်းထွန်းပြီး စာဖတ်နေတာ မဟုတ်လား။ သူတို့ဝင် ဖို့အခွင့်မသာဘဲ မီးပိတ်လို့ မောင်တဲ့အထိ စောင့်နေရမယ်ပေါ့။ မအိပ်ခင်ကိုယ်လက်သန့်စင်ပြီး အခန်းတံခါးချက်ချပြီး အိပ်လိုက်တာမို့သာ သက်သာရာရသွားတာပါပဲ။ တွေးရင်းနဲ့ဆရာဟောခဲ့ တဲ့အသက်အန္တရာယ် နီးတဲ့ထိ ဆိုတာကို ကြားယောာင်ပြီး ကြက်သီးတောင်ထမိပါရဲ့။ တကူးတက ပူပူပင်ပင်နဲ့ လာပြီးသတိပေး တဲ့ ဆရာ့ရဲ့ကျေးဇူးက ကြီးမားလွန်းလို့ ဆရာရှိရာကို မျက်နှာမူပြီး လက်အုပ်ချိ ကန်တော့ မိပါတော့တယ်။ ဆရာမှကြားတဲ့အတိုင်း ရတနာသုံးပါးကို ယုံကြည်အားထား စွာနဲ့ပြုနေတဲ့ ကုသိုလ်အကျိုး များက အထောက်အကူပြုခြင်းလည်း ဖြစ်မှာပါပဲ။
ဘာပဲပြောပြော လောကမှ အသက်ရှင်နေခွင့်ရခြင်းက ဆုလာဘ်တစ်ပါးပဲ မဟုတ်လားနော်။

ဆက်ရန်
.

2 comments:

Thu said...

Appreciable on her strength, self-confession and learn "Do’s and Don’t's" from talented illustration like a film show.

AMK said...

ဖတ်ရတာ ကျေးဇူး အစ်မရေ..အန်တီ ရဲ့ ဘ၀ က ဇတ်စုံပါပဲနော်