Tuesday, January 29, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၇)

“မြလှိုင် မင်း အစားငါသွားမယ်”
“ကောင်းသားပဲ။ ကိုတင်ကြိုင်နဲ့တွေ့ရင် ပြည့်ပြည့်စုံစုံ မေးခဲ့ဗျာ”
ကိုသောင်းအိအား စခန်း ၂ သို့စေလွှတ်လိုက်ရပါတော့သည်။ စခန်း ၂ သို့ ကိုသောင်းအိ ရောက် လာသော အခါ ကိုတင်ကြိုင်ကို မတွေ့လိုက်ရတော့ပေ။ ထိုအခါ ဦးဖေသန်း ၏ ပြောပြချက်အရ သခင်စိုးတို့လူသိုက် သည် ဒေးဒရဲဂွကလေးတွင် ဌာနချုပ်ဖွင့်ထားကြောင်း၊ ဖျာပုံမြို့ပေါ် မှ ကိုထွန်းစိန်တို့ လူသိုက်အားလုံး ဂွ ကလေးရွာသို့ ရောက်ရှိနေကြကြောင်း အခိုင်အမာ သိလာရ ပါသည်။ ကျွန်တော်သည် ထိုသတင်းကိုကြားရ သည့်အတွက် မအံ့သြမိပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူသိုက် ရန်ကုန်မှ ဆင်းလာခဲ့စဉ် မှပင် မြေတိုင်း စာရေး မောင်တင်တို့လူသိုက်၏ အခြေအနေကို ကြည့်ရခြင်းဖြင့် သခင်စိုးမဟုတ်သည့်တိုင်အောင် ဖက်ဆစ်တော်လှန်ရေး ၏ စခန်းတစ်ခုအဖြစ် ရှိနေကြောင်း ကောင်းစွာရိပ်မိခဲ့ပါသည်။
ကို ဆက်ဖတ်ရန် ........

“ဒါထက် ရှမ်းကွင်းကြီးမှာ ရဲဘော်တွေ ရောက်နေတယ်ဆိုတဲ့ကိစ္စကော ဘာသိခဲ့လဲ”
"ရဲဘော်တချို့ကို ၀ှက်ထားတယ်လို့ပြောတယ်"
"ဘယ်သူက ပြောတာလဲ"
"ကိုတင်ကြိုင်က ဦးဖေသန်းကို ပြောတာလို့ ပြောတယ်"
"ဒီလိုဆို ရှမ်းကွင်းကြီးကို ကျွန်တော် လိုက်သွားလိုက်မယ်"
သို့သော် ရှမ်းကွင်းကြီးကို ကျွန်တော် မရောက်ခဲ့ပေ။ ကျုံတာမှ ရဲဘော်ဘိုးကြီးတို့လူသိုက် ကျွန်တော့်ထံ ရောက်ရှိလာပြီး တမော့ကြီး-တမော့ဝတွင် ဖျာပုံမှ ရဲဘော်များ (နောင်သောအခါ ဗကပ ဖြစ် သူများ)ရောက် ရှိ လျက်ရှိကြောင်း၊ သင်တန်းပေးလျက်ရှိကြောင်းများ ကြားသိရပါသည်။ ထိုအချိန်က ကျွန်တော် သည် ပြည့်သူ့ အရေးတော်ပုံပါတီနှင့် ဆက်သွယ်သော တပ်မတော်အတွင်းမှ ရဲဘော်ဖြစ် ၍ ပြည်သူ့ အရေးတော်ပုံ ၏ မြေအောက်ပွိုင့်များမှာ ယခုသတင်းရသော တမော့ကြီး-တမော့ရွာများတွင် မထား ရှိခဲ့ခြင်းကြောင့် ပင်ဖြစ်ပါ သည်။

ကျွန်တော်သည် များမြောင်လှသော တာဝန်များကြားမှ ဇနီးသည် သန်းသန်းအား သတိရနေမိသည်။ သန်းသန်းနှင့် ကျွန်တော် လူချင်းမတွေ့ရသည်မှာ ကြာမြင့်ခဲ့ပါပြီ။ အထူးသဖြင့် လူငယ်ဘာဝ ဇနီးသည်၏ မျက်နှာသည် တာဝန်များကြားမှပင် မကြာခဏ ပေါ်လာလေ့ရှိသည်။
သြော် ... မည်သည့်အချိန်အထိ ချစ်ဇနီးကို ယခုကဲ့သို့ ခွဲခွာနေရဦးမည်မသိဘဲ ရင်ထဲတွင် ချစ်သူနှင့် ကွေကွင်း ရသော မီးတောက် ကလေး လောင်မြိုင်လျက်ရှိနေပါသည်။
ရှုမ၀၊ တွဲ ၃၅၊ အမှတ် ၄၁၆၊ ဇန်န၀ါရီလ၊ ၁၉၈၂။

ရန်ကုန်သို့ထွက်ခွာရန်ကိစ္စ ပေါ်ပေါက်လာခဲ့ပါသည်။ ရန်ကုန်သို့သွားရန် ကိစ္စနှင့်ပတ်သက်၍ ကျွန်တော် ကိုယ်တိုင် သွားရောက်မှ အစစအဆင်ပြေဖွယ်ရှိခြင်းကြောင့် စခန်းတွင် နေသားတကျ အစီအစဉ် များ ကို စီမံဆောင်ရွက် ရပါသည်။ ရဲဘော်စံယျသည် တပ်သားကြီးအဆင့်ရှိသော်လည်း တာဝန် ၀တ္တရား များ ဆောင်ရွက်ရာ ၌ စေ့စပ်သေချာခြင်း၊ ယခုဆောက်လုပ်ထားသော စခန်းနှင့် နယ်မြေကျွမ်းကျင်မှု ရှိခြင်း တို့ ကြောင့် စခန်းတစ်ခုလုံး ကြီးကြပ်မှုကို ရဲဘော်စံယျအား လုံးဝဥဿုံ တာဝန်ပေးခဲ့ပြီး တပ်ကြပ်သောင်းအိ ဖျာပုံမြို့ပေါ် ရှိ ကျွန်တော်တို့ ချန်ထားရစ်သော ရဲဘော်များနှင့် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးအပ် ခဲ့ပါသည်။ 

ကျွန်တော်တို့၏ အမာခံရဲဘော်များဟူ၍ ဖျာပုံတွင် များများစားစား မကျန်ခဲ့သော် လည်း အောက်ကွင်းရွာမှ ရဲဘော်ကျော်လှ သည် လည်းကောင်း၊ ဖျာပုံသင်္ဘောတံတားဆိပ်မှ ဦးဖေသန်း၊ ဦးကျော်တို့သည် လည်းကောင်း၊ ဖျာပုံ ၇ လမ်း မှ ဦးအုန်းစိန်သည်လည်းကောင်း၊ ဖျာပုံအောင်မြေ ဘုံသာကျောင်းမှ ဦးစတိလသည်လည်းကောင်း ၎င်းတို့ တာဝန်ဝတ္တရားများကို ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ကိုဝက်ကြီး သည် ခြေမြန်တော် ဆတ်သား အဖြစ် ဆောင်ရွက်လျက်ရှိနေပါသည်။ ကျွန်တော်သည် တဲ၏ ကဲလားအပြင်ဘက် တွင် လပ်လျက်ပေါက်နေ သည့် သြဇာပင်ထက်မှ ဆက်ရန်ဖိုမ နှစ်ကောင်၏ ချစ်တင်းနှောနေသည်ကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။ ဆက်ရက်ဖိုသည် ဆက်ရက်မကို ပူးကပ်ကာ တကျဲကျဲ အော်နေသည်။ ဆက်ရက်မက ဆက်ရက်ဖို တကျဲကျဲ အော်နေသည်ကို ကြည်နူးသဖြင့် ခေါင်းငဲ့ လိုက်၊ အမွေးဖွလိုက်ဖြင့် ဟန်ရေး ပြလျက်ရှိသည်။ 

ဤမြင်ကွင်းကို မြင်သောအခါ အိမ်တွင်ကျန်ရစ်ခဲ့သော ဇနီးသည် သန်းသန်းကို သတိရမိသည်။ သန်းသန်းသည် ယခုအခါ ကျွန်တော် မည်သည့် နေရာဒေသတွင် ရောက်ရှိနေသည်ကိုပင် မသိရှာပေ။ အသက် ၂၀ ကျော်နှင့် အသက် ၂၀ မျှသာရှိကြသေးသော ကျွန်တော်တို့နှစ်ဦးသည် အကြင်လင်မယားအဖြစ် ရောက်ရှိခဲ့ငြားလည်း သူတကာ ဇနီးမောင်နှံများကဲ့သို့ တစ်ဦးကိုတစ်ဦး ယုယစွာ မနေထိုင်လိုက်ရဘဲ ၀ရမ်းပြေးတစ်ယောက်၏ ဇနီးသည် အဖြစ် နေ့တထိတ်ထိတ်၊ ညဥ့်တထိတ်ထိတ်ဖြင့် နေရသောအခါ ဖြစ်ပါချေသည်။ ကျွန်တော်၏ အတွေးတစ်ဝက် တစ်ပျက်မဆုံးမီ ဆက်ရက်မောင်နှံ ထပျံသွားကြသည်။ ထိုအခိုက်တဲဝတွင် အရိပ်တစ်ခု ထိုးသဖြင့် လှမ်းကြည့်လိုက်သောအခါ ကျွန်တော်တို့ ရဲဘော်ကြီးကိုဝက်ကြီးကို တွေ့လိုက်ရသဖြင့် ၀မ်းသာ အားရ နေရာမှထလျက် ၎င်း၏လက်ကို လှမ်းဆွဲလိုက်မိသည်။

"ဆိုစမ်း၊ ဘာထူးသေးသလဲ"
"ဒီမှာစာ"
ကျွန်တော်လည်း ကိုဝက်ကြီး၏လက်ထဲမှစာကို လှမ်းယူရင်း ကိုဝက်ကြီးကို တစ်ဆက်တည်း မေးလိုက်မိ သည်။ ကိုဝက်ကြီး ကမူ ကျွန်တော့်အမေးကို မဖြေသေးဘဲ ခါးပိုက်ထောင်ထဲမှ ပဲကြီးလှော်ထုပ်၊ တရုတ်ပဲမုန့်၊ ဂျပန်စီးရက်တစ်ဘူး ကို ထုတ်၍ပေးပါသည်။
"ငါ့ကောင်ကြီး၊ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ သနားလှသကွာ ... "
"ထားစမ်းပါ၊ ဘာထူးသေးလဲ၊ သန်းနဲ့ရော တွေ့သေးလား"
"နို့ ... ငါ့မြင်ရင် လှမ်းခေါ်နေမှာစိုးလို့ ငါ မင်းမိန်းမ အိမ်ဘက်ကို လုံးလုံး မလှည့်ဝံ့ဘူးကွာ။ နောက်ပြီး သန်းကြည် ကလည်း မင်း တို့နဲ့ အဆက်အသွယ် လုပ်ချင်တယ် ပြောတယ်ကွ။ ဒီကောင်မ မင်းကို အသက်နဲ့လဲပြီး ကူညီမယ့် ကောင်မ ကွ။ ဟင်း ... ဟင်း ... ဘကြီးဘုန်းကြီး ပေးတဲ့ဆေးက တယ်လဲ စွမ်းသကိုးကွ"
"တော်စမ်းပါ၊ သောက်ရေးထဲ ဒီရွှတ်နောက်တာတွေ ရှိနေရသေးတယ်"
"ဟ ... မြလှိုင်။ ငါ မင်းလုပ်နေတာကို ဘာရယ် ညာရယ် မစောကြောပါဘူး။ မင်းကို ချစ်တာတစ်ခုတည်းနဲ့ မင်းခိုင်းတာ လုပ်တာပဲကွ။ သန်းကြည်လည်း ဒီလိုပဲ။ မင်းကို သူချစ်တယ်။ သူ ခုလုပ်နေတာ ငပုတွေသိရင် ရင်ခွဲ အသည်းဆားပက် နေလှမ်းသတ်မှာကွ"
မှန်ပါသည်။ ကိုဝက်ကြီးသည် လူတကာ၏ မျက်စိတွင် လူသော့သွမ်းအရက်သမားတစ်ဦးဖြစ်သကဲ့သို့ သန်းကြည် ဆိုသည်မှာလည်း တစ်လင်ကွာ၊ တစ်ခုလပ် ဆက်ကော့လပ်ကော့ မိန်းကလေးတစ်ယောက်။ ယခု တစ်ဖန် ကင်ပေတိုင် စစ်ဗိုလ်ကို လင်လုပ်ယူထားပြန်သောအခါ အမျိုးကောင်းသားသမီးများက နှာခေါင်းရှုံ့၍ အပြစ်ဆိုကြ ကုန်သည်။ ထိုအချိန်မျိုးတွင် ၎င်းတို့နှစ်ဦးသည် နိုင်ငံလွတ်လပ်ရေးအတွက် ဖက်ဆစ်စနစ်ဆိုး ကို တော်လှန်ရန်စိုင်းပြင်းလျက်ရှိသော ကျွန်တော်တို့အား အသက်စွန့်၍ ကူညီနေသည်မှာ အံ့သြဖွယ်ရာ တစ်ပါးကဲ့သို့ရှိပါချေသည်။ တကယ်ကမူ ပုဂ္ဂိုလ်ခင်သဖြင့် တရားမင်ခြင်းပင် မဟုတ်ပါလော ...။
 
ကျွန်တော် ခေါ်လိုက်သဖြင့် ကင်းချထားသော ရဲဘော်များမှအပ ကျန်ရဲဘော်များ စုဝေးရောက်လာကြ သည်။ ကျွန်တော် သည် မဖြစ်စလောက် ပဲမုန့်ကလေးဆယ့်လေးငါးခုနှင့် ပဲလှော်ကလေး ၅၀ သားတို့ကို ခွဲဝေပေး လိုက်ပါသည်။ ရဲဘော်များသည် ဤတရုတ်ပဲမုန့်ကလေး တစ်ဆစ်တစ်ပိုင်းကိုပင် နတ်သုဒ္ဓါကဲ့သို့ သဘောထားကာ စားသောက်ထွက်ခွာသွားကြပါသည်။
"ကိုင်း ... ပြောစမ်း၊ သတင်း ဘာထူးလဲ "
"၀ဲကြီးဘက်မှာ တပ်အချို့၊ ကျိုက္ကဘာမှာ တပ်တချို့၊ ကနစိုကွင်းမှာ တပ်အချို့ရောက်နေတယ်"
"သေချာရဲ့လားဗျ"
"သိပ် သေချာပါတယ်"
"စုစုပေါင်း ဘယ်လောက်ရှိသလဲ"
"မသိဘူး ... "
ကျွန်တော်သည် ကိုဝက်ကြီးအား ဆက်၍ မမေးတော့ဘဲ စောစောကပေးသော စာကိုဖွင့်၍ ဖတ်လိုက်ပါ သည်။ ပထမသော် စာပါအကြောင်းအရာနှင့် ပတ်သက်၍ ဝေခွဲမရသော်လည်း စာယူလာသူ စာပေးလိုက် သောစခန်းနှင့် စာပေးလာသူတို့အား စုစည်းကြည့်သောအခါ ယင်းစာ၏ သဘောကို ကောင်းစွာ နားလည်ပါ တော့သည်။ စာပါအကြောင်းအရာမှာ ကျုံကဒွန်းရွာမြေအောက်စခန်းမှ ရဲဘော်ချစ်ခင်မှတစ်ဆင့် ပေးလိုက် သောဗိုလ်ဘစိန် (ကွယ်လွန်၊ ကိုသုခ ဖက်ဆစ်တော်လှန်ရေး၏ နာမည်ဝှက်) ထံမှစာပင်ဖြစ်၍ ကျွန်တော့် အား၎င်းနှင့် အမြန်ဆုံးဆက်သွယ် သတင်းပို့ရန် အကြောင်းကြားခြင်းဖြစ်ပါသည်။ 

ဗိုလ်ဘစိန်ထံမှ ပေးလိုက် သောစာ ဆုံးသွားသောအခါ ကိုဝက်ကြီးထံမှ ရရှိသော သတင်းများမှာ ခိုင်လုံကြောင်း ရင်ထဲတွင် မှတ်ချက် ချလိုက်မိပါသည်။ သို့ဖြစ်၍ ဗိုလ်ဘစိန်ထံသို့ သတင်းပြန်ကြားသည့် စာတစ်စောင် ကို ရေးသားပြီး ကျွန်တော် လက်ရှိ ဆောင်ရွက်နေရသည့် တာဝန်နှင့် ဖျာပုံနယ်အတွင်း ကျွန်တော်၏ စည်းရုံးမှု၊ ဖွဲ့စည်းမှုနှင့် လူများ စာရင်းကိုပါ ရေးသား အစီရင်ခံလိုက်ပါသည်။ (မှတ်ချက်။ ဗိုလ်ဘစိန်သည် ဖက်ဆစ်တော်လှန်ရေးကာလ တွင်ဖျာပုံမြို့၏ တာဝန်ခံဖြစ်ပြီး တိုင်းအမှတ် ၂၊ တပ်ရင်း ၈၀၏ တပ်ရင်းမှူးဖြစ်လာပါသည်။) ကျွန်တော် အစီရင်ခံစာ ရေးပြီးသောအခါ သကောင့်သား ကိုဝက်ကြီးသည် တဲ၏ ဖိနပ်ချွတ် တွင် နှစ်ခြိုက်စွာ အိပ်ပျော် နေသည် ကို တွေ့ရသဖြင့် ပေပေတေတေ ကျရာနေရာ တွင် ဖြစ် သလိုနေ၊ ဖြစ်သလိုစားတတ်သော သူ့အကျင့်ကို စိတ်ထဲမှ ချီးကျူးမိပါသည်။ ထို့နောက် ကိုဝက်ကြီးကိုနှိုး၍ စာကို သေချာ သိုသိပ်စွာ ယူဆောင်သွားရန် မှာကြားမိပါသည်။ ကိုဝက်ကြီးကမူ ကျွန်တော်ပြောနေသည်ကလို အလေးမမူသည့် အလား သူ့တွင်ပါလာသော ထင်းခုတ်ဓား၏ အရိုးကိုသာ သဲကြီးမဲကြီး ရိုက်ဖြုတ်ပြီး ကျွန်တော့်ကို စပ်ဖြီးဖြီး မျက်နှာဖြင့် ကြည့်ကာ ယူဆောင်သွားရမည့် ဓားရိုးအတွင်းထည့်၍ မျက်လုံးတစ်ဘက် မှိတ်ပြ လိုက်ပါသည်။
"ဘယ့်နှယ်လဲ ဂွတ်တယ် မဟုတ်လား"
"ဂွတ်ပါတယ်။ အားကြီး ဂွတ်ပါတယ်။ ကိုင်း - အချိန်ရှိတုန်း သွားပေတော့"

ရန်ကုန်သို့မသွားမီ၊ မြစ်ဝကျွန်းပေါ်၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုဘဆွေလေး(ရန်ကုန်ဘဆွေ)နှင့် အလွန် တွေ့လို လှပါသည်။ ကိုဆွေလေးနှင့်တွေ့ လျှင် ပြည်သူ့အရေးတော်ပုံ ပါတီ မှ နောက်ဆုံး ညွှန်ကြားချက် များကို သိနိုင်ဖွယ်ရှိပါသည်။ ကိုဘဆွေလေး၏ မြစ်ဝျွန်းပေါ် ပြောက်ကျားစစ်နှင့် ပတ်သက်သော တိုက်ခိုက်ရေး စာတန်းညွှန်ကြားချက်များကို ဖတ်ရခြင်းကြောင့်လည်း သူ့ကို တွေ့လိုစိတ် ပြင်းပြမိပါသည်။ ကင်ပေတိုင် လည်း ၎င်းကို အသေရရ၊ အရှင်ရရ လိုချင်သည်။ ကိုဘဆွေလေးသည် ပြည်သူ့အရေးတော်ပုံ ပါတီ ၏ မြစ်ဝကျွန်းပေါ် ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။ ကျွန်တော် ရန်ကုန်တွင်ရှိစဉ်က သခင်ချစ် (ဆရာချစ်)သည် ကိုဘဆွေလေးနှင့် ပတ်သက်သော အကြောင်းများကို ပြောကြားခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် မတွေ့ခဲ့ ရပေ။ ကျွန်တော်နှင့် ကိုဘဆွေလေးမှာ လုပ်ဖော်ကိုင်ဖက် မဟုတ်ပေ။ စင်စစ် ကိုဘဆွေလေး သည် မြစ်ဝကျွန်းပေါ် မှ ကျွန်တော်တို့၏ သတင်းများအရ ဆိုလျှင် ကိုဘဆွေလေးသည် မည်သည့်ရွာတွင်မျှ နားနေခြင်း မရှိဘဲ တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ ကူးလူးသွားလာနေကြောင်း သိရပါ သည်။ နောက်ဆုံးတွင် မူ ကိုဘဆွေလေးနှင့် တွေ့ဆုံနိုင်ရေးကို လက်လျော့လိုက်ပြီး ရန်ကုန်သို့ သွားရောက် ရမည့် အစီအစဉ်ကိုသာ ဆောင်ရွက်ရပါသည်။

ရန်ကုန်သို့ မထွက်ခွာမီ တစ်ရက်အလိုတွင် ကျွန်တော်တို့ မြေအောက်မှ ခေါင်းဆောင်များနှင့် ချိန်းဆို ၍ တွေ့ဆုံကြပါသည်။ ယင်းတွေ့ဆုံပွဲနှင့် ပတ်သက်၍ ဖျာပုံအောင်မြေဘုံသာ ကျောင်းအတွင်းရှိ သိမ်အတွင်း၌ ကျင်းပကြပါသည်။ ကျွန်တော်တို့တစ်တွေကို ရဟန်းတော်များက တ်ာဝန်ယူ၍ ကင်းစောင့် ပေးကြပါသည်။ ဖျာပုံအောင်မြေ ဘုံသာကျောင်းတိုက်သည် စာသင်တိုက်ကြီးတစ်ခုဖြစ်၍ ရဟန်း ၇၀ ကျော်မျှ သီတင်း သုံးတော်မူ ပါသည်။ ကျောင်းထိုင် ဆရာတော်မှာ ဦးနာယဒဖြစ်ပါသည်။ လက်ထောက် ဆရာတော်များမှာ ဦးဝိလစက္က၊ ဦးကောသလ္လ၊ ဦးစတိလတို့ဖြစ်ကြပါသည်။ လက်ထောက်ဆရာတော်များမှာ ရဟန်းပျိုများဖြစ်ကြ သည့်အတိုင်း ကျွန်တော်တို့၏ ဖက်ဆစ်တော်လှန်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကူညီကြပါသည်။ ကျွန်တော်၏ မိဘများ၏ ဆရာဒကာရင်းများလည်း ဖြစ်ကြပါသည်။ ယင်းအစည်းအဝေး တွင် နယ်အူခြေအနေ အရပ်ရပ်၊ ရန်သူလှုပ်ရှားမှု၊ လက်နက် အင်အား ငွေကြေးအခြေအနေ များ ကိုပါ ပြည့်စုံ စွာ ဆွေးနွေးနိုင် ခဲ့ကြပါသည်။ တိုက်ခိုက်ရေးအတွက် အချိန်းအချက် များကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုညက စခန်းသို့ ရောက်သောအခါ နံနက် မိုးစင်စင်လင်းလျက်ရှိပါပြီ။
 

"ကိုမြလှိုင် ... ဒီည သွားဖြစ်သလား "
"သွားရမယ်။ မနက်ဖြန် အရောက်လာမယ့်အကြောင်း သတင်းပို့ထားတယ်"
ကိုသိန်းဖေသည် ကျွန်တော်တို့ ရန်ကုန်သို့ သွားရောက်ရေးအတွက် အသေးစိတ် အစီအစဉ်များကို တာဝန်ယူ ဆောင်ရွက်ပါသည်။ ကိုသိန်းဖေ၏ စီစဉ်ပေးချက်အရ ထိုညက ဖျာပုံမြို့မှ ကိုစိန်ဘန်းဆိုသူ ပိုင်ဆိုင်သော "မင်းမနိုင်" အမည်ရှိ ငါးစိမ်းမော်တော်၏ ပဲ့ခန်းအတွင်းတွင် လိုက်ပါခွင့် ရခဲ့ပါသည်။ မော်တော်မှာ ငါးစိမ်းများ ကို ရန်ကုန်သို့ တင်ပို့သော မော်တော်ဖြစ်ခြင်းကြောင့် မော်တော်တစ်စင်းလုံး ငါးညှီနံ့များဖြင့် နံစော်နေ ပါသည်။ သို့သော် ကိုစိန်ဘန်းတို့ ညီအစ်ကိုမှာ ကျွန်တော်ကဲ့သို့ ရာဇ၀တ်ကောင် တစ်ပိုင်းကို သက်စွန့်ဆံဖျား လက်ခံခေါ်ယူဝံ့ခြင်းကပင် ၎င်းတို့၏ မျိုးချစ်စိတ်ကို ချီးကျူးရမည်သာဖြစ်ပါသည်။ မော်တော်ပေါ်တွင် လူသူလေးပါး မပါခြင်းကြောင့် ကျွန်တော့်အတွက် အနည်းငယ် လွတ်လပ်မှု ရရှိပါသည်။
" ဆရာ၊ ကျွန်တော်တို့ ကျိုက်လတ်ကို ခဏကပ်ရဦးမယ် ဆရာ"
"မကပ်ဘဲ မောင်းလို့မရဘူးလားဗျာ"
"ကျွန်တော်တို့ မော်တော်က အသွားကုန် အပြန်ကုန် ကျိုက်လတ်မှာ ချပေးနေကျဆိုတော့ မ၀င်ရင် မဖြစ်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ၁၀ မိနစ်အတွင်း ပြီးအောင် တင်ပါမယ်။ ဆရာလည်း အထဲမှာ ခဏနေရင် ရပါတယ်"
ကျွန်တော်သည် ဆက်၍ မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ မကြာမီ ကျိုက်လတ် အ၀င် မှ ကေဘိုထိုင်ကင်းများထံမှ မော်တော်ကို လှမ်းမေးနေသောအသံ ကြားရပြီး စက်အရှိန်လျော့သွားသံကို သတိထား လိုက်မိပါသည်။
"ဆရာရေ ... ရန်ကုန်လင်းအားကြီး ဈေးအမီ မောင်းရမှာမို့ သွားခွင့်ပြုပါဆရာ"
"ဘာတွေ ပါသလဲ"
"ငါးနဲ့ ပုစွန်ကြီးပါပဲ"
"ပုစွန်ပေးခဲ့ဗျ"
ကိုစိန်ဘန်းသည် အသင့်ခတ်ထားသော ပုစွန်များကို ကမ်း၍ပေး လိုက်ရင်း မော်တော်ကို ဆက်၍ မောင်းပါ တော့ သည်။ ထိုအခါမှ ကျွန်တော့်ရင်ထဲမှ တဒိတ်ဒိတ် ခုန်နေသော သွေးခုန်နှုန်းသည် ပုံမှန်အခြေအနေ သို့ ရောက်သွားပါတော့သည်။
"ဆရာ ... ကျိုက်လတ် မှာ ကပ်ပြီး၊ သေတ္တာနှစ်လုံး ချခဲ့ပြီးရင် စိတ်ချရပါပြီ"
"ကျိုက်လတ်မှာ စစ်ဦးမှာလားဗျ"
"ပြီးပြီလေ။ ဒီကောင်တွေစစ်ဟာ ပုစွန်ဟင်းစားပေးခဲ့တော့ပြီးပြီပေါ့။ ဟင်း ... ဟင်း "
" လမ်းမှာ ဘယ်ဝင်ရဦးမှာလဲ "
"ရန်ကုန်ကို တိုက်ရိုက်ပဲ ဆရာ"
ကိုစိန်ဘန်း၏ စကားမဆုံးမီပင် ကျိုက်လတ်ဆိပ်ကမ်းသို့ မော်တော်ကပ်ကာ ၎င်း၏ညီဖြစ်သူ ကိုချစ်လှိုင်နှင့် မော်တော်သား တစ်ယောက်တို့ ဆိပ်ခံပေါ်သို့ သေတ္တာနှစ်လုံးကို အမြန်ချ၍ ထွက်ခွာခဲ့ကြပါသည်။ ကျိုက်လတ် မှ ထွက်၍ မော်တော်ပဲ့စင်ပေါ်သို့ ကျွန်တော်ထိုင်မိသောအခါ မြစ်ပြင်မှ လေနုအေးသည် ညဥ့်ငှက် များ တေးသံနှင့်အတူ လေဟုန်စီး၍ ကျွန်တော့်ထံသို့ ရောက်ခဲ့ပါသည်။
ညဥ့်သည် မည်းမှောင်နေ သကဲ့သို့ ကျွန်တော့်ဘ၀ခရီးသည်လည်း ကြမ်းတမ်းလွန်းလှပါသည်တကား။

ဗိုလ်လက်ျာ ကို မောင်ခိုင်လမ်းမှ သူဌေးဦးဘိုးလျ၏ သုံးထပ်တိုက်ပေါ်တွင် သွားရောက်တွေ့ဆုံရပါသည်။ မျက်မှန်ချွတ် ၍ တရုတ်အမျိုးသားတစ်ဦးကဲ့သို့ ၀တ်စားထားသော ဗိုလ်လက်ျာ၏ ပုံသဏ္ဍာန်ကိုကြည့်ရင်း ပြုံးမိပါသည်။ ဗိုလ်လက်ျာနှင့်အတူ ကိုမြသန်း (ဖျာပုံ ကော်ပိုရေးရှင်း)၊ ကိုတင်အေး (အမ်တင်အေး)၊ အခြား အမည် မသိ ၃-၄ဦးတို့လည်းရှိကြသည်။ ကျွန်တော်သည် ဗိုလ်လက်ျာကို ဖျာပုံမြို့နယ် အတွင်း ပြည်သူ့အရေး တော်ပုံအဖွဲ့၏ ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုနှင့် ပတ်သက်သော အချက်အလက်များ ကို အသေးစိတ် အစီရင်ခံပါသည်။ ထိုအခါ ဗိုလ်လက်ျာသည် ဖျာပုံမြို့နယ်၏ လက်ရှိ အခြေအနေမှာ လွန်စွာ အားရကျေနပ် ဖွယ်ရှိကြောင်း၊ တွံတေး မူးလမန်း စခန်းမှ တပ်ရင်း ၁ သည် ဖျာပုံမြို့နယ်တွင်း သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော်က ရန်ကုန်မှ ထွက်ခွာ ခဲ့စဉ်က ဒေးဒရဲမှ ရဲဘော်များနှင့် မတွေ့ရသည့်ကိစ္စကို ပြောပြရင်း ဂွကလေးရွာတွင် ဖျာပုံမှ အာရှလူငယ် အချို့နှင့် နိုင်ငံရေးသမား လူငယ်အချို့ကို တွေ့ခဲ့ကြောင်း ပြောပြသောအခါ သခင်စိုးသည် ဂွကလေးရွာတွင် စခန်းချ လျက်ရှိပြီး နိုင်ငံရေးသင်တန်းများ ပေးလျက်ရှိကြောင်း၊ ၎င်းနှင့်လည်း အဆက်အသွယ် ရှိကြောင်း များကို ပြောပြပါသည်။

"မြလှိုင်၊ မင်း ဒီနေ့ပဲ ပြန်တော့။ တို့ သန်ဘက်ခါ ထွက်ခဲ့မယ်"
ဗိုလ်လက်ျာထံတွင် စခန်းလမ်းပြအဖြစ် ရဲဘော် လှညိမ်းရှိသည်။ ရဲဘော်လှညိမ်းသည် ကျွန်တော်၏ တပ်မှ တပ်သားဖြစ်သည်။ ဗိုလ်လက်ျာအနေဖြင့် လက်တိုလက်တောင်းခိုင်းရန်နှင့် ဖျာပုံစခန်းသို့ ဗိုလ်လက်ျာနှင့် အဖွဲ့အား ခေါ်ဆောင်လာနိုင်ရန်တို့အတွက် ကြိုတင်ပို့ထားသော ရဲဘော်ဖြစ်ပါသည်။ ဗိုလ်လက်ျာက ကျွန်တော့် အား ယနေ့ပင် ဖျာပုံသို့ပြန်ရန် ညွှန်ကြားသော်လည်း ကျွန်တော့်အနေဖြင့် မည်သို့မည်ပုံ ပြန်ရမည်ကို စဉ်းစားရင်း စိတ်ရှုပ်ထွေး လျက်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျွန်တော်သည် စစ်ဝတ် ၀တ်၍လည်း မဖြစ်နိုင်သည့်ပြင် ဖျာပုံသင်္ဘောဆိပ်မှ ပေါ်ပေါ်ထင်ထင် ပြန်ရန်လည်း မလွယ်ကူသောအခါ ဖြစ်ပါသည်။ ဗမာ့တပ်မတော်သည် ဖက်ဆစ်တို့အား လက်နက်စွဲကိုင် တော်လှန်ရန်အတွက် တပ်ထွက်သွားခဲ့လေပြီ။

မောင်ခိုင်လမ်းမှ ဗိုလ်လက်ျာနှင့် တွေ့ဆုံပြီး၍ ထွက်လာသောအခါ နေ့လယ် မွန်းတီးချိန်ဖြစ်ပါသည်။ ရန်ကုန်မြို့ ၏ ချစ်ချစ်တောက် ပူပြင်းသော နေရောင်အောက်၌ ကျွန်တော် သည် ယောင်တိယောင်ချာဖြင့် ခြေဦး တည့်ရာ သို့ လျှောက်နေမိသည်။ ဖျာပုံပြန်ရေးအတွက် ခေါင်းထဲမှ ဥာဏ် အကျိုးအပဲ့ကလေးများကို ညှစ်ထုတ်နေမိသည်။ ထိုအခိုက် ကိုကြီးချစ်တို့မိသားစုကို သတိရမိသည်။ ကိုကြီးချစ်တို့ မိသားစုသည် ဗုံးဘေးစက်သေနတ်ဘေးမှ ကင်းရာ တာမွေဗျိုင်းရေအိုးစင်ထိပ်မှ အိမ်ကြီးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြ သည်။ (ယခုပါတီ စာနယ်ဇင်း အဆောက်အအုံဘေးမှ ၀င်းအတွင်းကအိမ်ကြီး)။ ကျွန်တော်လည်း မိမိအကြံ ဥာဏ်အတွက် ၀မ်းသာ စွာဖြင့် လျှောက်နေသော ခြေလှမ်းများကို ရေကျော်ဘက်ဆီသို့ ဦးတည်လိုက်ပါတော့သည်။
လမ်းမပေါ် ၌ တံလျှပ်များ တရိပ်ရိပ်ပြေးလျက်ရှိသည်။

ချွေးသီးချွေးပေါက်များသည် ခေါင်းမှ တစ်ကိုယ်လုံး စီးဆင်းလျက်ရှိသည်မှာ ရေချိုးထားသည့်နှယ်ပင်။ ကျွန်တော်သည် လမ်းလျှောက်ရင်း မိမိဘ၀ကို မိမိစဉ်းစားရင်း ပြုံးလိုက်မိသည်။ ကြေးရတတ်မိသားစု အသိုင်းအ၀ိုင်း မှ ပေါက်ဖွားလာခဲ့သော တစ်ခါက ဘ၀လှလှကလေးသည် အိပ်မက်သဖွယ် ကျန်ရစ်ခဲ့လေပြီ။ ၅၅၀၀ ပိုးပျော့အင်္ကျီ၊ ဘန်ကောက်လုဲံခည် ထည်လဲဝတ်၍ ဂိုးဖလိပ်စီးကရက်ကို ညှပ်ကာ မိဘပေးသော ပိုက်ဆံ၊ မိဘမသိ ဘဲ အလစ်သုတ်၍ရသော ပိုက်ဆံများကို ဖြန့်ခင်း၍ နေထိုင်လာခဲ့သော ကျွန်တော်သည် ယခု အိတ်ကပ် ထဲတွင် ဂျပန်ငွေ ဒေါ်လာ ၁၀၀၀ ပင်မပြည့်ဘဲ ရှိနေပါသည်။ လက်ဖက်ရည် တစ်ခွက် ကို ဒေါ်လာအစိတ်၊ ထမင်းတစ်ပွဲ ဒေါ်လာ ၂၀၀ ပေးနေရသောအချိန်တွင် ကျွန်တော် အတိတ်ကို တမ်းတရုံမှ တစ်ပါး အခြားမတတ်နိုင်ပြီ။ သို့သော် ကျွန်တော်သည် အံတင်း၍လည်းကောင်း၊ မာန်သွင်း၍လည်းကောင်း၊ ဖက်ဆစ်တော်လှန်ရေး ၏ အားမာန်ဖြင့် ပျော်ရွှင်စွာပင် ပေတရာကတ္တရာလမ်းပေါ်တွင် လျှောက်နေပါသည်။ ဘင်ဂါလီစု သို့ ရောက်သောအခါ ကျွန်တော့်ခြေထောက်များ နာကျင်လာသည်။ လမ်းဘေးသို့ ကြည့်သော အခါ ကုလား လက်ဖက်ရည်ဆိုင်ကို တွေ့သဖြင့် ၀မ်းသာအားရ ၀င်လိုက်မိသည်။

"လက်ဖက်ရည် သောက်မယ်လား၊ ကောင်လေး"
"ခါဂျာမုန့်တစ်ခုပေးပါ။ ဆာဒါးပဲပေး"
"ဒေါ်လာအစိတ်"
"ပေးပါ"
ကြံသကာရည်များ လောင်းထားသော ခါဂျာမုန့်တစ်ခုကို လာချပေးသည်။ ဂျုံမဟုတ်၊ ဆန်မဟုတ်၊ မည်သည့်အရာနှင့် လုပ်ထားသည်ကို မသိသော ခါဂျာမုန့်သည် အုတ်ခဲစတစ်ခုကို ၀ါးရသည့်နှယ် ချိုးချိုး ချွတ်ချွတ်မြည်ကာ လည်ချောင်းအတွင်းသို့ ကြမ်းတမ်းစွာ သက်ဆင်းသွားသည်။ ကျွန်တော်သည် မှိုနံ့သင်း သင်းအရသာဖြင့် ပြည့်စုံသော ဆာဒါးကို တစ်ခွက်ပြီးတစ်ခွက်ဆင့်၍သောက်လိုက်သည်။ ကိုယ်မှ စီးဆင်း သောချွေးများသည် အရိပ်ကို လိုက်သောခဏတာတွင် အေးမြသွားပါသည်။ အမော လည်း ပြေလောက်ပြီ ဖြစ်သဖြင့် ကျွန်တော် ခရီးဆက်ရန်အတွက် ထလိုက်ကာ ကျသင့်သော မုန့်ဖိုးဒေါ်လာ အစိတ် ကို ထုတ်ပေး လိုက်ပါသည်။

"ဆာဒါးဖိုး ၅ ဒေါ်လာ ပေးဦးလေ၊ ကောင်လေး "
"ဟ ... ဆာဒါးက အလကား၊ မဟုတ်လား ... ကာကာကြီးရဲ့"
"မရဘူး၊ ၅ ဒေါ်လာပဲ "
ကျွန်တော် မည်သို့မျှ ဆက်မပြောတော့ပဲ ၅ ဒေါ်လာတန်တစ်ရွက်ပစ်ပေးလိုက်ပြီး လက်ဖက်ရည်ဆိုင်မျ ထွက်လာခဲ့သည်။ လမ်းပေါ်တွင် လူသူလေးပါး ရှင်းနေသော်ူလည်း ခပ်လှမ်းလှမ်းတွင်မူ ကျွန်တော့် တူရှုသို့ ပျင်းရိစွာ နင်းလာနေသော ဆိုက်ကားတစ်စီးကို မြင်လိုက်ရသဖြင့် ၀မ်းသာသွားပါသည်။ ဆိုက်ကားဆရာ သည် ဤမျှပူပြင်းသော နေရောင်ခြည်အောက်တွင် လသာသာခရီးနှင့်သကဲ့သို့ ဖြည်းညှင်းစွာ နင်းနေခြင်း အတွက် စိတ်ထဲတွင် အံ့သြနေမိသည်။ ထိုအချိန်မှာပင် ကျွန်တော့် အနီးသို့ ရောက်လာပါသည်။

"ဆရာလေး၊ လိုက်မလားဗျ"
"ဘယ်ကိုလဲ"
"ဗျိုင်းရေအိုးစင်ဘက်ကို သွားချင်လို့"
"ကျုပ် ထမင်းစားဦးမှာဗျ၊ စောင့်နိုင်ရင် လိုက်တာပေါ့ "
"စားလေ၊ စောင့်တာပေါ့"
"ဒါဆို လာတက်"
"ဘယ်မှာစားမှာလဲ"
"အိမ်မှာ စားမှာပေါ့"
"ခင်ဗျားအိမ်က ဘယ်မှာလဲ"
"ဘီလူးမ ဈေးနောက်က သင်္ချိဲုင်းထဲမှာ။ သွားမှာဆို လာဗျာ"
ဆိုက်ကားဆရာက စိတ်မရှည်ဟန်ဖြင့် ကျွန်တော့်အား ငေါက်သည်။

ကျွန်တော်သည် အမေးအမြန်းမထူတော့ဘဲ ဆိုက်ကားပေါ်တက်ကာ ၎င်းခေါ်ဆောင်ရာသို့ လိုက်ပါသွားပါ သည်။ ဆိုက်ကားဆရာ၏ အိမ်ဆိုသည်မှာ လုံချည် ၂ ထည်ကို ဆက်၍ ၀ါးလုံး ၄ လုံး ထောက် ထားသော ဂေဟာဖြစ်သည်။ ဆိုက်ကားဆရာတွင် ဇနီးသားသမီး ရှိပုံမရဟုထင်သည်။ ထဘီရင်ရှား ထားသော အမယ် အိုတစ်ဦးသည် ဆိုက်ကားဆရာ အလာကို မျှော်နေရင်း ပူပန်မှုကို ထုတ်ဖော်ပြောကြားနေလေ သည်။ မှန်ပါ သည်။ စစ်ကာလဆိုသည်မှာ နေ့မြင်ညပျောက် ကာလမျိုးပဲ မဟုတ် ပါလား။ ကျွန်တော်သည် မိခင်အိုအား ဆိုက်ကားနင်း၍ စွန့်စားလုပ်ကိုင်ကျွေးမွေးသော ထိုသူအား စိတ်ထဲမှ သာဓုခေါ်မိသည်။

"သားလေး၊ ထမင်းစားမယ် မဟုတ်လား "
"စားမယ်၊ အမေ"
"ဧည့်သည်ကော စားပြီးပြီလား"
"စားလာခဲ့ပြီ အဒေါ်၊ စားပါ၊ ကျွန်တော်က ပါစင်ဂျာပါ "
"စားပါဦး ... "
"စားပါ၊ စားပါ"
ထမင်းပန်းကန်တွင် နီကြင့်ကြင့် ဆန်ကွဲထမင်းအမောက်ကို ပုံ၍ ငါးပိဟု ထင်ရသော မည်းမည်းသဏ္ဍာန် လက်မခန့် အတုံးတစ်တုံးကို တွေ့ရသည်။ ဆိုက်ကားဆရာ၏ ထမင်းပွဲက ဤမျှသာဖြစ်သည်။ ကျွန်တော်သည် ရင်နာစွာ ကြည့်မိသည်။ သက်ပြင်းကို အကြိမ်ကြိမ်ချမိသည်။ ထို့ကြောင့်ပင် ၎င်း၏ အိမ်မှ ထွက်လာသောအခါ ဆိုက်ကားဆရာ၏ မိခင်လက်သို့ ဒေါ်လာ ၁၀၀ ထည့်လိုက်ပါသည်။
အမေအို၏ ကျယ်လောင်စွာ ဆုပေးသတည်း ဝေး၍ဝေး၍ ကျန်ခဲ့ပါသည်။

ကိုကြီးချစ်တို့အိမ်တွင် မိသားစုအားလုံးနှင့် တွေ့ရပါသည်။ ကျွန်တော်က အချိန်နည်းသဖြင့် ကိုကြီးချစ် အားတိုတိုနှင့် လိုရင်းကို ရှင်းပြပြီး ကျွန်တော် ဖျာပုံပြန်ရေးအတွက် ကမ်းနားတွင် "မင်းမနိုင်" မော်တော်ကို စုံစမ်းပေးရန် အပူကပ်ရပါသည်။ ကိုကြီးချစ်သည် ကျွန်တော်အကူအညီ တောင်းခံမှုကို ဆောင်ရွက်ပေးရန် သဘောတူသော်လည်း "မင်းမနိုင်" မော်တော်ကို ရှာဖွေရန် ဟူသော အချက်ကိုမူ မရေရာလွန်းသဖြင့် စိတ်ပျက်ကြောင်းပြောပါသည်။
"မောင်မောင်ရယ် ... "မင်းမနိုင်"တွေ့ရင် မင်းဘယ်လို ဖျာပုံပြန်မလဲ။

ကိုလှဖေတို့က သန်ဘက်ခါ ရောက်တော့မှာဆိုတော့ မင်းဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်တဲ့နည်းနဲ့ ပြန်ဖို့လိုတယ်"
"ဟုတ်ပါတယ်၊ ကျွန်တော် ရက်တွက်ကြည့်တော့ "မင်းမနိုင်" မော်တော်ဟာ ရှိနိုင်တယ်။ ကိုကြီးချစ်"
"အေး ... ငါ အခုသွားမယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငါစီစဉ်လာခဲ့မယ်ကွာ"
ကိုကြီးချစ်သည် ကျွန်တော်နှင့် စကားပြော၍ ပြီးလျှင်ပြီးချင်း ဗျိုင်းရေအိုးစင်လမ်းထဲမှ မြင်းလှည်းတစ်စီးကို ငှား၍ ထွက်ခွာသွားပါသည်။ ကိုကြီးချစ်တစ်ယောက် ညနေ၀င်သည်အထိ ပြန်မလာသဖြင့် စိတ်ပူပင်ရပြန် ပါသည်။ ကျွန်တော်သည် ငြိမ်ငြိမ်ထိုင်၍ မရနိုင်တော့ဘဲ ခြံဝကိုသာ လှမ်းမျှော်ရင်း ကိုကြီးအလာကို မျှော်မိ သည်။ ကိုကြီးချစ်၏ဇနီး ဒေါ်နုနုကမူ ကျွန်တော့်အား မောင်ငယ်သဖွယ် စိတ်မပူရန်၊ တာမွေနှင့် ရန်ကုန် ကမ်းနားမှာ အလွန်ဝေးလံကြောင်းပြောပါသည်။ ည ၇ နာရီ ထိုးသွားပေပြီး။ ကိုကြီးချစ်၏ အရိပ် အယောင်ကို လုံးဝမမြင်ရသေးပေ။ ကျွန်တော့်အား ထမင်းစားရန်ပြောသဖြင့် ထမင်းဝိုင်းသို့ စိတ်မပါဘဲ ၀င်ထိုင်လိုက်ရသည်။ ထိုအခိုက် အိမ်ရှေ့တွင် မြင်းလှည်းဆိုက်သံကြားရပြီးနောက် ကိုကြီးချစ်၏ စကား ပြောသံကို ကြားလိုက်ရသဖြင့် ထမင်းလုတ်ကို ပါးစပ်ထဲသို့ မသွင်းဖြစ်တော့ဘဲ နောက်ဖေးမှ အပြေးထွက် လာလိုက်ပါသည်။

"ဟော ... ကိုကြီးချစ်၊ ဟာ ... ကိုချစ်လှိုင်"
ကျွန်တော့်နှုတ်မှ ၀မ်းသာအားရ အော်လိုက်မိသည်။ ကိုကြီးချစ်သည် အလွန်မောပန်းလာဟန်ဖြင့် ကျွန်တော့်အား စကားပြန်မပြောသေးဘဲ နောက်မှီကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ကာ ဇနီးဒေါ်နုနု အား လေသံဖြင့် ရေတစ်ခွက် ယူလာရန်ပြောပါသည်။ ကျွန်တော်သည် ကိုကြီးချစ်အား အလွန် အားနာသဖြင့် တောင်းပန်စကားဆိုမိပါသည်။ ကိုကြီးချစ်၏ မိသားစုတစ်ခုလုံးသည် ကျွန်တော်နှင့် ဗိုလ်လက်ျာ၊ ဒေါက်တာလှရွှေစသည့် ညီအစ်ကိုတစ်စုအနွံအတာကို အချိန်မရွေးခံသော မိသားစုဖြစ်ပါ သည်။ ၎င်းတို့သည် မိမိငွေ၊ မိမိကား၊ မိမိစရိတ်ဖြင့် အချိန်မရွေး ဆောင်ရွက်ပေးသော ကျေးဇူးရှင်များလည်း ဖြစ်ပါသည်။

"အင်း ... ဟင်း ... ဟင်း။ မောလိုက်တာ မောင်မောင်ရယ်။ မင်းပြောတဲ့ "မင်းမနိုင်" တော်တော်ကို ကမ်းနားမှာ အဆင်သင့် သွားတွေ့တယ် ဆိုရင်ပဲငါ ထီပေါက်လောက် ၀မ်းသာသွားတယ်ကွ"
"ကျွန်တော်က ကိုကြီးချစ် သိပ်ကြာနေလို့ စိုးရိမ်နေတာဗျ"
"ဟ ... မောင်မောင်၊ မြင်းလှည်းနဲ့ ကမ်းနားကို သွားရတာကွ၊ နောက်ပြီး မြင်းလှည်းကြည့်ဦး။ ရှူနာရှိုက်ကုန်းကွ။ လမ်း တွင် အမောဆို့မသေတာ ကံကောင်းတယ် အောက်မေ့ရမယ်။ မြင်းလှည်းဆရာက ငါ့အသိ ငါ့မိတ်ဆွေမို့ လိုက် လာတာ။ ဒီခရီးမျိုး ဘယ်သူလိုက်မလဲ မောင်မောင်ရယ်။ ဟင်း ... ဟင်း ။ အေး၊ ငါကမ်းနားမှ ဘယ်လောက်စောင့် ရတယ်ဆိုတာ မင်းလူသာမေးကြည့်တော့ကွ... "
ကိုကြီးချစ် ကမ်းနား သို့ ရောက်သွားသောအချိန်တွင် "မင်းမနိုင်" မော်တော်ကို အဆင်သင့် တွေ့သော် လည်း မော်တော်စောင့် သူငယ်မှလွဲ၍ မည်သူမျှ မရှိသဖြင့် မော်တော်ရှင်များ လာသည်အထိ ထိုင်စောင့်နေ ရပြန်ပါသည်။

ကိုစိန်ဘန်းတို့ ညီအစ်ကိုနှစ်ယောက်မှာ ဖျာပုံတင်မည့်ကုန်၊ ကျိုက်လတ်တင်မည့် ကုန်များကို ပွဲရုံများသို့ လိုက်လံကောက်ခံနေရသဖြင့် ညမှောင်သည့်အထိ ပြန်မလာဘဲ ရှိပါသည်။ ပြန်လာသောအခါ ကိုကြီးချစ်၏ အကျိုး အကြောင်း ပြောပြချက်ကို မယုံတစ်ဝက် ယုံတစ်ချက်ဖြင့် ဟိုလိုလို သည်လိုလိုလုပ်ကာ အကဲစမ်းကြပြန် သည်။ ထို့နောက်တွင်မှ ကိုကြီးချစ်၏ ကြိုးပမ်းချက်ဖြင့် ကိုစိန်ဘန်း၏ ညီ ကိုချစ်တစ်ယောက် စိတ်ချလက်ချ ကိုကြီးချစ် နောက်သို့ လိုက်လာခဲ့ကြ ခြင်းဖြစ်ပါသည်။
"ကိုင်း ... ဒီလိုဆို အချိန်မဆွဲနဲ့။ ကျွန်တော်တို့ ရေအမီ ထွက်ရအောင်၊ သွားကြစို့"
"ကိုကြီးချစ် မြင်းလှည်းခ ဘယ်လောက်ပေးရမှာလဲ"
"ပေးအနေနဲ့ ငါစိုက်ပေးလိုက်မယ်။ ခဏစောင့်ဦး။ ကိုသိန်းမောင် မြင်းသွားလဲနေတယ်။ မင်းတို့မဟုတ်ရင် ဒီနေ့ည ရန်ကုန်ထဲ ပြန်ရောက်မှာ မဟုတ်ဘူးကွ"
မြင်းလှည်းဆရာ ကိုသိန်းမောင်သည် မကြာမီ မြင်းတောင့် မြင်းချော တစ်ကောင် ကသာ မြင်းလှည်း တစ်စီး ဖြင့်ရောက်လာသည်။ ကိုသိန်းမောင်၏ မျက်နှာ ကို မြင်သောအခါ လူကြမ်းမင်းသား လှမောင်ကြီးကို သတိရ လိုက်မိသည်။ သူ့ဥပဓိရုပ် သည် မြင်းလှည်းမောင်းသူ မဟုတ်တန်ရာ။

" ဆရာချစ်၊ ဆရာ့လူတွေ ပြန်ပို့ကြစို့"
" ကြည့်သာ ခေါ်သွားပေတော့ ကိုသိန်းမောင်ရေ။ ကျုပ်တော့ မြင်းလှည်းဆွဲတဲ့ မြင်းထက် မောနေပြီဗျ။ ဟဲ ... ဟဲ ... "
" စိတ်ချပါ ဆရာချစ်။ ကဲ .... သွားစို့"
ကိုသိန်းမောင် ဆိုသူသည် လမ်းခရီး တစ်လျှောက်လုံး ကျွန်တော်တို့အား စကားပြောဆိုခြင်း မပြုဘဲ သူ့မြင်း ကိုသာ ကြိမ်တို့၍ သွက်သွက်မောင်းလာခဲ့သည်။ ညောင်ပင်လေးဈေးသို့ ရောက်သောအခါ မြင်းလှည်းကို အရှိန်သတ် ၍ရပ်ကာ ဤနေရာမှဆင်းရန် စကားဆိုသည်။

"ဒီကဆင်းသွားကြ ငါ့ညီတို့ ... "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးဓ
"ဦးလေးအရွယ် မဟုတ်သေးပါဘူး ငါ့ညီရယ်။ ဟွတ် ... ဟွတ် ... ဟွတ် ... "
"ဆောရီးဗျာ၊ ဒါနဲ့ မြင်းလှည်းခ"
"နေပါစေ ငါ့ညီရယ်။ မင်း နောင်တော် သခင်လှဖေကို ပြောလိုက်။ သထုံဟောတုန်းက တစ်ခန်းကျော် က မြင်းသမားသိန်းမောင် က လိုက်ပို့ပေးတယ်လို့ကြားလား"
"တောက် ... တောက် ... တောက် ... တောက်"
လမ်းပေါ် သို့ လိမ့်ထွက်သွားသော မြင်းခွာသံလေးသည် ကျွန်တော်၏ နားတွင် အလွန်သာယာသော တေးသံ လွင်လွင်နှင့်မခြား ခံစားလိုက်ရသည်။

ဆက်ရန်
.

No comments: