ဒီတိုင်း သူတို့စွပ်စွဲသမျှခံပြီး အရှုံးပေးလို့ကလည်း မဖြစ်သေးဘူး။
အမှန်ဖြစ်အောင် ကျွန်မဘာလုပ် ရမလဲ ဆိုတာကို အံခဲပြီး စဉ်းစားရပါတယ်။
ကိုယ့်မှာ စွမ်းအားရှိရှိသမျှတွေနဲ့ ရင်ဆိုင်ပြီး အနိုင်မ တိုက်နိုင်ရင်
ဘုရားပဲ အားကိုးစရာ ရှိပါတော့တယ်။ ဘုရားမှတစ်ပါး တခြားအားကိုးစရာ မရှိတော့
ဆိုတာကို နားလည်မိတာနဲ့ ကျွန်မအကြွင်းမဲ့ ယုံကြည်သော ရှင်တော်ဘုရားနဲ့
စောင့်ရှောက်ကြ ကုန်သောသမ္မာဒေ၀ နတ်ကောင်းနတ်မြတ် များ ကို
တိုင်တည်ဆုတောင်းပြီးအဓိဋ္ဌာန်တစ်ခု လုပ်လိုက် ပါတယ်။ တကယ်ကတော့
ကြုံလာတဲ့ကြမ္မာဆိုးကို ကျွန်မအနိုင်မတိုက်နိုင်လို့ ဘုရားရှင်ရဲ့လက်ကို
ဝကွက် ပြီး အပ်နှံလိုက်ခြင်း ပါပဲလေ။ ကို ဆက်ဖတ်ရန် ...
အပိုင်း(၂၅)
"Prayer Changes Things"တဲ့။ ခရစ်ယာန်နဲ့ တခြားဘာသာဝင်များကလည်း ဆုတောင်းခြင်းကို ယုံကြည်ပါ တယ်။ "ဆုတောင်းခြင်းကြောင့် အခြေအနေဖြစ်ရပ်တွေ ပြောင်းလဲလာနိုင်တယ်"လို့ စွဲ မှတ်ထားကြသလိုပဲ။
ကျွန်မ တို့ ဗုဒ္ဓဘာသာဝင်များလည်း မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ တန်ခိုးတော်များကြောင့် ကြုံ တွေ့ ရတဲ့ဘေးအန္တရာယ်တွေ က လွတ်မြောက်နိုင်တယ်လို့ ယုံကြည်ကြတာပါပဲ။ တကယ့်ကို ယုံ ကြည်မှုအပြည့် နဲ့ တောင်းတဲ့ ဆုများ ပြည့်တတ်တာလည်း အမှန်ပါပဲနော်။ ယုံကြည်မှု ပြင်းပြစွာနဲ့ ဆုတောင်းတွေကြောင့် ဘေးအန္တရာယ်က လွတ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက် အထောက်အထား များစွာလည်း ရှိ ထားတာ မို့ စာရှုသူများလည်း ဆုတောင်းခြင်းရဲ့ ရလဒ်တန်ခိုးကို သိထားပြီးသား ဖြစ်မှာပါပဲ။
အခု ကျွန်မ ကြုံတွေ့နေရတဲ့ ဒီအရေးအခင်းမှာ ကိုယ်တိုင်ရှင်းနိုင်မဲ့ စွမ်းအားမရှိတော့ ဘူးဆိုတာ သိတာနဲ့ ရှင်တော်ဘုရား ရဲ့ လက်ကိုဝကွက်အပ်နှံရင်း နောက်ဆုံးကြိုးစားခြင်း အဖြစ်နဲ့ ဆုတောင်းခြင်းကိုပဲ ပြုလုပ် ရတော့တာပေါ့။ ကျွှန်မအနေနဲ့ ရတနာသုံးပါးကို အထူးယုံကြည်သူ ဖြစ်ပါတယ်။ နေ့စဉ်လည်း ဓာရဏ ပရိတ်တော် ကို ရွက်ဖတ်ပူဇော်သူဖြစ်လို့ ဓာရဏပရိတ်တော်နဲ့ တိုင်တည်သစ္စာပြုမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။
ဒါကြောင့် မမသန်းရဲ့ ခုတင်ဘေးမှာ ထိုင်ချပြီး ဦးဆုံးငါးပါးသီလ ခံယူပါတယ်။ ပြီးမှ ' ရတနာသုံးပါး ဂုဏ်ကျေးဇူး၊ စောင့်ရှောက်ကြကုန်သော နတ်ကောင်းနတ်မြတ်များ ဂုဏ်ကျေးဇူးနဲ့ ဤပရိတ်တရားတော်ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ရသော ဂုဏ်ကျေးဇူးများကြောင့် အမှန်တရား ကို ဖော်ထုတ်နိုင်ပါစေ' လို့ ကျွန်မ ဆုတောင်းပါတယ်။ နှုတ်ကလည်း ပရိတ်တော်ကို အဆက် မပြတ် ရွတ်ပြီး အာရုံပြုနေတယ်ပေါ့။
ဆရာဝန်ကြီး က အခြေအနေကို တစ်ခေါက်လာကြည့်တော့ ဘာမှမထူးခြားဘူးလို့ ပြောပါတယ်။ ကျွန်မ အိမ်မပြန်ဘဲ ရောက်ကတည်းက ဒီနေရာမှာ ထိုင်စောင့်နေတယ် ဆိုတာသိတာ နဲ့ မမသန်းကို စောင့်ပေးတဲ့ ဆရာမလေး ကို စားစရာတစ်ခုခု ဆေးရုံ က ယူပေးဖို့ မှာပြီးပြန်သွားပါလေရဲ့။ စိတ်က ဇောကပ်နေလို့လား မသိဘူး။ မီးရထား တစ်နေ့လုံး စီးလာရတာ ခရီးပန်းပေမဲ့ အိပ်ချင်စိတ်လည်း မရှိ၊ ဆာလည်း မဆာ၊ ရင် တစ်ခုလုံး နာကျင်မှုတွေ နဲ့ ပြည့်ကျပ်ပြီး တခြား ဘာကိုမှ မတွေးချင်တော့ဘဲ အာရုံက ပရိတ် မှာပဲ ရောက်နေတော့ တယ်။
နာရီပိုင်း ပဲ ခံမယ်ဆိုတဲ့ မမသန်းရဲ့ အခြေအနေကိုလည်း ရင်တထိတ်ထိတ်နဲ့ ပရိတ်ရွတ်ရင်းအကဲခတ် မပြတ်စောင့်ကြည့်နေ ရသေးတယ်လေ။ သန်းခေါင်ကျော်တဲ့ထိ မမသန်း ဆိုးဆိုးဝါးဝါး ဖြစ်မလာ တာ တွေ့ရတော့ လည်း ရင်ထဲမှာ မျှော်လင့်ချက်ကလေး လူးလွန့်လာတယ် ပေါ့။
လူနာ က သွေးပေါင်ချိန်တွေ လုံးဝကျနေရာက အကောင်းပကတိလို ပြန်ပြီး တက်လာတာ ဆိုတော့ တကယ့်ကို အံ့ဖွယ်တစ်ပါး အဖြစ်ပါပဲ။ ' တရားကို နတ်စောင့်တယ် ' ဆိုတဲ့စကားကိုလည်း ကိုယ်တွေ့ကြုံရတော့ အမှန် တကယ် ယုံကြည်သွားပါတော့တယ်။ ဓာရဏပရိတ်တော်ရဲ့ အကျိုးကို လည်း နဂိုကတည်းက ယုံကြည်ရင်းစွဲ ရှိထားပြီးသား မှာ ပိုပြီးထင်ထင် ရှားရှားကြုံတွေ့ရ တာကြောင့် နေ့စဉ်မပြတ် ရွတ်ဖတ်ပူဇော်တာ အခုအသက် (၇၅) နှစ်ရှိတဲ့ ထိ တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။
မမသန်း လည်း ကျွန်မကို စောင့်မျှော်နေတဲ့အချိန်မှာ တွေ့လိုက်ရတော့ အားတက်သွား တယ်ထင်ပါရဲ့။ ခန္ဓာကိုယ် က ဝေဒနာကြောင့် လျော့ရဲအားနည်းနေပေမဲ့ မျက်နှာက ရွှင်လန်းလို့ ပါပဲ။
အမွေကိစ္စတွေ စီစဉ်ဖို့အတွက် ကျွန်မကို မှာနေတာ၊ ကျွန်မက ရောက်မလာလို့' တဲ့။ ကဲ... ဒီတော့မှ အမယ်ဘုတ် ရဲ့ သူ့ချည်ခင်လို ရှုတ်ထွေးတဲ့ ဇာတ်လမ်းက ရုပ်လုံးပေါ်လာတော့ တာပါ။ မမသန်း ဒါလောက် ဖြစ်နေမှန်း လည်း မသိ၊ ဆေးရုံတင်လိုက်ရတာလည်း မသိ၊ ဆေးရုံတင်လည်း မသိ၊ ကျွန်မက အကြောင်းကြား ဖို့ မှာထားလျက်ပါနဲ့ လှမ်းပြီး စာရေးမေးတိုင်း ကျွန်မရောက်လာမှာ စိုးတဲ့အတွက် အားလုံးကောင်းပါသည်လို့ ပြည်ဖုံးကား ချထားတယ် ဆိုတာ ခုမှ ကျွန်မရော၊ မမသန်းပါ နားလည်ရတော့တာပဲလေ။
ကျွန်မ တင်မကဘူး။ သွေးသားရင်းတွေပါ စိတ်ဝမ်းကွဲစရာတွေ ဖြစ်ကြပြီး အနားမှာ တစ်ယောက်မှ မရှိကြအောင် ရှင်း ထားသလို ဖြစ်တော့ အခြေအနေက ပိုဆိုးလေတယ်ပေါ့။ ဒီတော့မှ မမသန်းကို စိန်ထုပ်နဲ့ ပတ်သက်ပြီး အစွပ်အစွဲ ခံရတဲ့ ကိစ္စကိုရော၊ ဆရာဝန်ကြီး က ကျွန်မကို မှာခိုင်းပါလျက်နဲ့ မမှာဘဲထားတဲ့ ကစ္စ ကိုပါ ပြောပြလိုက်တော့ မမသန်းလည်း သဘောပေါက် နားလည်သွားပြီး အမွေခွဲဖို့ ပြဿနာဖြစ်ရတဲ့ ကိစ္စကို ရင်ဖွင့်တာ နဲ့ ကျွန်မလည်း ဒီတော့မှ အခြေအနေမှန်ကို သိရပါတယ်။
လူတွေဟာ ပစ္စည်းဥစ္စာနဲ့ ပတ်သက်လာရင် ပြောင်းလဲ ဖောက်ပြန်သွားနိုင်ပါလား ဆိုတဲ့ အသိတရားကို အံ့သြမှုနဲ့ အတူ နားလည်ရတော့တာပါပဲ။ မမသန်းက သူ့ကိုယ်သူ စိတ်မချဘူး။ ဒါကြောင့် ဒီနေ့ပဲ အမွေခွဲ ဖို့ကိစ္စ စီစဉ်နိုင်အောင် မိသားစုဝတ်လုံ အန်ကယ်ဦးဘသင်ကို ခေါ်ပေးပါဆိုတာနဲ့ အကြောင်းကြား ခိုင်းရတယ်ပေါ့။ မိုးလင်းတော့ ရောက်လာကြတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေလည်း မမသန်း သတိပြန်လည် လာတာ တွေ့ ရတော့ အားလုံးဝမ်းသာ အံ့သြကြ လို့ပါပဲ။
အန်ကယ်ဦးဘသင်က တရားဥပဒေအရ အခုလို ကိုမာဝင် သတိလစ်ထားသူက ချက်ချင်း သတိရ ပြီး အမွေခွဲပေးမယ်ဆိုရင် ကယောင်ချောက်ချားဖြစ်နေတုန်းမို့ ပြောချင်ရာပြောတာလို့ မလိုလား သူများရှိရင် ကန့်ကွက်နိုင် တာကြောင့် ဆေးရုံက အုပ်ချုပ်သူဆရာဝန်ကြီး ကိုယ်တိုင်စစ်ဆေးကြည့် ရှု့ပြီးဒီလူနာဟာ ကယောက်ချောက်ချား အခြေအနေ မဟုတ်ပါဘူး။ ကျန်မာရေးအရ ဦးနှောက် ကြည်ကြည်လင်လင်နဲ့ စိတ်တည်ငြိမ်မှု ရှိနေပါတယ်ဆိုတာ ထောက်ခံချက်လိုတယ် ပြောတာနဲ့ ဆရာဝန်ကြီးတွေလည်း သူတို့ တာဝန် ကင်းကြရအောင် မမသန်း ကိုအဘက်ဘက် ပြန်ပြီးစစ်ဆေး ကြပေါ့။
မမသန်း ရဲ့ အခြေအနေကလည်း အံ့သြစရာကောင်းလောက်အောင်ကို တိုးတက်နေတာပါ။ စိတ် ဆောင်တယ် ဆိုတဲ့ သဘောလည်းဖြစ်ချင်ဖြစ်မှာပါ။ စိတ်ဆန္ဒပြင်းပြမှုရှိလာရင် ကိုယ်ခန္ဓာက ဆဲလ် တွေ၊ ဟိုမုန်းဓာတ်တွေ၊ အားလုံး ကိုပြုပြင်ပြောင်းလဲစေနိုင်တာပဲနော်။ စိတ်ရဲတန်ခိုး ဘယ်လောက် ကြီးမားတယ်ဆိုတာ ကိုယ်တွေ့ဖြစ်ရပ် တစ်ခု ပါပဲ။ ဆရာဝန်ကြီးဆီက ထောက်ခံစာရပြီးတဲ့နောက် မှာခရိုင်တရားသူကြီး ကိုယ်တိုင် ဆေးရုံ ကိုကြွရောက်လာဖို့ ပင့်ဖိတ်ပြီးမှ တရားသူကြီးရဲ့မျက် မှောက်မှာ လက်မှတ်ရေးထိုး ရမှာဖြစ် လို့ ညနေဘက် မှာ အားလုံးအသိသက်သေများပါ တရားဝင် ဖြစ်လို့ ချိန်းဆိုရနဲ့ အားလုံးလည်း ရှုပ်ယှက်ခတ် လို့ပေါ့။
မမသန်း ကိုလည်း အမွေခွဲဝေပေးစရာ ရှိတာလည်း စေတနာအတိုင်း ပေးဝေချင်သူကိုပေးဝေပါ။ ဒါထက် ပိုအရေးကြီးတာက မိမိဘ၀ကူးကောင်းရေးအတွက် အလှူဒါန ပြုမယ်ဆိုရင်အသက်ထင် ရှားရှိဆဲကာလမှာ ကိုယ်ထိ လက်ရောက် ရေစက်ချပြီးလှူခဲ့ပါ။ အဲလိုလှူမယ်စိတ်ကူးရင် အမွေကိစ္စ ချိန်းဆိုတဲ့ တစ်ချိန်တည်းမှာပဲ ဆရာတော် ကိုပင့်ပြီး ရေစက်ချလှူပါလို့ ကျွန်မ တိုက်တွန်းရပါတယ်။
ဒါနဲ့ မမသန်း က သူတို့မိသားစု ကိုးကွယ်တဲ့ မဟာဝိဇိတာရုံကျောင်းတိုက်က ဆရာတော်ကြီးကို ပင့်ပေးပါ ဆိုတာနဲ့ ဆရာတော်ကြီးကိုလည်း အချိန်မီအောင် ပြေးပင့်ကြ၊ ပြေးပြေးလွှားလွှားနဲ့ တစ်ရက်တည်း အပြီး လုပ်ရတာမို့ ကျွန်မအပါအ၀င် ဆွေစုမျိုးစုအားလုံးလည်း စိတ်မော လူမောပါ ပဲ။ အားလုံးစုံညီ ဖြစ်ကြတော့မှ မမသန်း က သူရဲ့လက်ဝတ်ရတနာတွေ ထဲက စိန်နားကပ်ကြီး တစ်စုံ နဲ့ စိန်ကြယ်သီး တစ်စုံ ကို ကျောင်းဆောက် ဖို့ ရေစက် ချပြီး လှူဒါန်း တာကြောင့် ကျွန်မတို့ အားလုံး ၀မ်းသာ ၀မ်းနည်းနဲ့ သာဓု သုံးကြိမ် ခေါ်ကြရပါတယ်။
မလိုလားသူ က စိုးထိတ်နေသလို ကျွန်မရောက်လာရင် ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့်ကို မမသန်းက သားအရင်း တမျှ ချစ်တာမို့ ရှိသမျှ ပစ္စည်းတွေ ပုံပေးလိုက်မယ်လို့ထင်ပြီး ချောက်တွန်း ခဲ့ပေမယ့် မမသန်းက စိတ်စေတနာကောင်း ရှိစွာနဲ့ အားလုံးကိုမျှတအောင် ခွဲဝေပေးသွားတာပါ။ ဆီစက်က ဘယ်သူ့ အတွက်၊ မြေကွက် က ဘယ်သူ့အတွက်၊ စိန်လက်ကောက်က ဘယ်ညီမ၊ ငွေ သားတွေကို ဘယ်လိုခွဲဝေယူစေ စသဖြင့်ပေါ့၊ ကျွန်မရဲ့ သားကြီး ခင်မောင်ဝင်းခန့် ကို ယွန်းတန်းမှာ အငှားချထားတဲ့ တိုက်နဲ့ဂိုဒေါင်အပြင် လက်ရှိနေ ထိုင် တဲ့ စီဗွီလိုင်းက ခြံနဲ့ တိုက်ကိုပေးခဲ့ပါတယ်။ ကျွန်မကိုတော့ "မမသန်းရဲ့ကိုယ်စား အမြဲ ၀တ်ထား ဖို့"ဆိုပြီး မမသန်းလက်မှာ အဆောင်အဖြစ် ၀တ်နေကျ အလွန်ရှားပါးတဲ့ ကြောင်မျက်လုံးကို စိန် နဲ့ခြယ်ထား တဲ့ လက်စွပ်ကိုပေးခဲ့ပါတယ်။
အားလုံး ရသင့်ရထိုက်သူတွေ ကိုယ်စီမျှတစွာနဲ့ ထိုက်ထိုက်တန်တန်ရကြတော့လည်း ပြေလည်စွာ နဲ့ပြီးသွား တာ ပါပဲ။ စိန်ထုပ်ပြဿနာ လည်း ကာယကံရှင် မမသန်းကိုယ်တိုင်က ရှင်းပြနိုင်ခဲ့လို့ ကျွန်မလည်း ဒီတော့ မှ သက်သာရာ ရသွားတော့တာပဲလေ။ မမသန်းအဖြစ်ကတော့ တကယ်ကို အံ့ဖွယ်တစ်ပါး ပါပဲ။ သေတွင်းက ထွက်ပြီး သက်သာ လာလိုက်တာ ဆေးရုံ ကတောင် ဆင်းခွင့်ရပြီး အိမ်မှာ တစ်လကျော်ကျော် ကြာတဲထိ ထူထူထောင်ထောင်ကိုဖြစ် လို့။ ကျွန်မလည်း ရန်ကုန်တစ် ခေါက်ပြေးဆင်းလိုက်ပြီး သားကြီးဝင်းခန့်ကို မမသန်း နဲ့ တွေ့ဖို့အပြန်မှာခေါ်လာလိုက်သေးတယ်။ သားကိုခေါ်ခဲ့မိတာလည်း ကံကောင်း၊ သားရောက်ပြီး သုံးလေး ရက် ရှိတော့ မမသန်း အိပ်ရာထဲ ပြန် လဲတာနာလန်မထူတော့ဘဲ ကွယ်လွန်သွားပါတယ်။
ဆရာဝန်တွေ လက်လွှတ်ခဲ့ရတဲ့ ရက်ထက် ရပ်ပေါင်းလေးဆယ်ကြာ ပိုပြီး နေခွင့်ရသွားတာကတော့ ရတနာသုံးပါး ရဲ့ ဂုဏ်ကျေးဇူးမှတစ်ပါး တခြားမရှိလို့ဘဲ ဆိုရမယ် ထင်ပါရဲ့နော်။ ကျွန်မအဖို့လည်း အားကိုး မှီခိုရာ ရွှေတောင်ကြီး ပြိုကျသွားတာမို့ အားငယ်တာရော၊ ကိုကြီးနဲ့အိမ်ထောင်ကျပြီးက တည်းက မမသန်း ရဲ့လက်ပေါ်မှာ သမီးသဖွယ် ကြီးပြင်းလာရတာမို့ မိခင်တစ်ယောက် ဆုံးရှုံးသွား ရသလို နာကျင်ကြေကွဲ ရတာရော နဲ့ ရင်ထဲမှာ မွမွကြေနေသလို ခံစားရပါတယ်။ အသုဘကိစ္စအ၀၀ တွေပြီးတော့လည်း ကိုယ့်ဘ၀ကို ဆက်လက် လှုပ်ရှားဖို့ ရန်ကုန်ကိုပြန်လာရပေမဲ့ လူကဖုတ်သွင်း ပြီးလွှတ်လိုက်တဲ့ အာဖရိကားက ဇွန်ဘီ လိုဘာကိုမှ ထိတွေ့ခံစားလို့မရအောင် ဖြစ်နေပါတော့ တယ်။ ဘ၀ရဲ့ဆုံးရှုံးမှုတွေထဲမှာ အကြီးမားဆုံးကတော့ ချစ်ရသော သူ ကွယ်ပျောက်သွားခြင်းပဲ ထင်ပါရဲ့နော်။
ရန်ကုန်ပြန်ရောက်ခါစ ရက်တွေမှာ အလုပ်ထဲကိုကြိုးစားပြီး စိတ်သွင်းပေမဲ့ ငေးငေးငိုင်ငိုင်နဲ့ဘာမှ လုပ်ချင်စိတ် လည်း မရှိ။ ဦးမြလှိုင် ကလည်း ဒီတစ်ခေါက် ဂျပန်ပြည်မှာအချိန်တော်တော်ကြာပြီး ပြန်ရောက်မလာသေးတော့ ကိုယ့်ဟာ ကိုယ် တစ်ယောက်တည်းစိတ်အားငယ်စိတ်တွေ ၀င်ပြီးလူ တွေနဲ့ထိတွေ့ဆက်ဆံချင်တဲ့စိတ်တောင် မရှိအောင် ဖြစ်နေ ပါတော့တယ်။ စိတ်အလိုလိုက်ပြီး တစ်ယောက်တည်း အိပ်ရာထဲမှာ ခွေနေချင်ပေမဲ့ ကျွန်မအလုပ် က အဲဒီလိုနေခွင့်ရတဲ့ အလုပ်မျိုး မဟုတ်ဘူးလေ။
ဓာတ်ပုံရိုက်ဖို့လာတဲ့သူတွေက ပုဂ္ဂိုလ်စွဲရှိကြတော့ ကျွန်မကိုမတွေ့ဘူးဆိုတာနဲ့ မန်နေဂျာ လုပ်တဲ့ ဒေါ်အေးမြင့် နဲ့ မကျေနပ် ဘဲ "ဒေါ်ခန့်ခန့်ကြီး မရှိဘူးလား" "မမခင်ရော"နဲ့ မေးသံကြားလိုက်ရင် ပဲကျွန်မ ခေါင်းထောင် ထမိပြီး သြော်.... ကိုယ့်ရဲ့ ထမင်းရှင်တွေကို ၀တ္တရားမကျေပါလား ဆိုတဲ့ အသိက၀င်လာပြီး ပျာပျာ သလဲ ဖြစ်သွားတတ်တာ မို့ နောက်ဆုံးတော့ ကိုယ့်စိတ်ကို ကိုယ်ပဲ အားတင်းယူရတော့တာပဲ။ ၀မ်းနည်း အားငယ်နေခြင်း ဟာ ကိုယ့်ဘ၀ကို ပြန်ပြီးဖျက်ဆီးနေခြင်း ဆိုတာကိုလည်း သဘောပေါက်ဆင်ခြင်မိပါတယ်။
ကိုယ့်ပခုံးပေါ်မှာ တာဝန်ကြီးတွေက တစ်ပုံကြီးရယ်လေ။ ထိုင်အားငယ်နေလို့ပြီးနိုင်တာမှမဟုတ် တာ။ ရပ်တည်နိုင်ရေး အတွက် ရုန်းကန်လှုပ်ရှားရဦးမှာမို့ သူတစ်ပါးကို အားကိုးစရာ မရှိတော့ ရင် သေချာတဲ့ မိမိကိုယ် ကိုပဲ ပြန်အားကိုးရမှာ ဆိုတာကို သိမြင်လာပါတယ်။ ဒီခံယူချက်ကိုမွေးပြီး အလုပ်ထဲ အာရုံ အပြည့်သွင်းပြီး ကြိုးစားအားထုတ်ဆဲအချိန်မှာ အကုသိုလ်တစ်ခုက ၀င်လာပြန်ပါ ရော။
စာဆို တစ်ခုက Everything comes in three တဲ့။ အကောင်းဖြစ်ဖြစ် အဆိုးဆိုးဖြစ်ဖြစ် ကြုံရရင် သုံးခု တွဲလာပြီးမှ ပြီးတတ်တယ်တဲ့။ ကျွန်မအဖို့တော့ သုံးခု ဘယ်ကပါ့မလဲ။ လာလိုက်တဲ့ ကြမ္မာ ဆိုးတွေက ရက်ရောစွာ နဲ့ ဒါဇင်လိုက်လို့ပဲ ဆိုချင်ပါရဲ့။ ကျွန်မနဲ့ ဦးမြလှိုင်အိမ်ထောင်ကျပြီး သားသမီးတွေ တိုးလာတော့ မယ် ဆိုတော့ လက်ရှိနေတဲ့ ဓာတ်ပုံဆိုင်နဲ့တွဲလျက် အခန်းတွေက ကျဉ်းလာတာမို့ သီးခြားအိမ်ဝယ်ဖို့ သဘောတူ ဆုံးဖြတ်ကြ တယ်ပေါ့။
ရန်ကုန်ရောက်ပြီး အခြေတကျ ဖြစ်ပြီဆိုကတည်းက အိမ်ဝယ်ဖို့ စဉ်းစားခဲ့တာပါပဲ။ အလုပ်ကများ တာတစ်မျိုး။ မာမီ က မကျန်းမာ၊ ကိုကြီးက မကျန်းမာတွေဖြစ်လာတော့ အိမ်ရှာဖို့ အချိန်မပေးနိုင် တာကြောင့် အိမ်ဝယ်ဖို့ ဖယ်ထားတဲ့ငွေ ကို ဘဏ်တိုးထက် ကိုက်တဲ့ "မေမန်းသယ်ယူပို့ဆောင် ရေး"မှာ ရှယ်ယာတွေဝယ်ပြီး ထည့်ထား လိုက်ပါတယ်။ အခုအိမ်ဝယ်ဖို့ လိုအပ်ပြီဆိုတော့ အဲဒီ ရှယ်ယာငွေကို ပြန်ထုတ်ပြီး ကျွန်မတို့နှစ်ယောက် အိမ်ရှာပါရော။ ဘောက်ထော်ဘက်၊ ကျောက် ကုန်းဘက်၊ ကမ္ဘာအေးဘုရားလမ်းဘက် နေရာအနှံ့ပါပဲ။ စိတ်ကြိုက်အိမ်တွေ့ပြန်တော့ ကျွန်မတို့ လက်ရှိငွေနဲ့ မပြည့်မီ။ လက်လှမ်းမီးတဲ့ အတွင်းအိမ်မျိုးကျတော့လည်း စိတ်ကြိုက်မဖြစ်နဲ့ ကျွန်မ တို့နှစ်ဦးစလုံးကလည်း အကောင်းကြိုက်တွေ ဖြစ်နေတာမို့ အဆင်ပြေတာမတွေ့ဘဲ လတွေ ကြာ လာပါတော့တယ်။
စိတ်ကြိုက်အိမ်ရနိုင်ဖို့ ငွေထပ်စုရဦးမှာဖြစ်လို့ အချိန်ယူဦးမယ်ပေါ့ ဆိုတာကို မမသန်းကိုပြောပြ တော့ မ၀ယ်ဖြစ်သေး ရင် ငွေအိပ်မနေရအောင် "မေမန်း"မှာ ပြန်သွင်းထားလိုက်လို့ ပြောပါရဲ့။ "မေမန်း" ကို ပြန်ပို့မဲ့ ဆဲဆဲမှာပဲ ဦးမြလှိုင်က သူ့မိတ်ဆွေတစ်ယောက် အိမ်ဆောက်နေတာငွေက ခါးကျိုးပြီး ဆက်မလိုက်နိုင် လို့ အဲဒီငွေကို ခဏလှည့်ပါ။ အိမ်ပြီးလို့ ပြန်ရောင်းတာနဲ့ဆပ်ပါ့မယ်၊ အတိုး ကိုလည်း မေမန်း က ရတဲ့နှုန်းထက် ပိုပေးမှာမို့ သူ့မိတ်ဆွေကို ကူညီလိုက်ပါ။ စိတ်ချရပါ တယ်ဆိုတာနဲ့ ကျွန်မလည်း စာချုပ်စာတမ်း နဲ့လုပ်ပြီး ငွေချေးလိုက်ပါတယ်။
အတိုးငွေ သုံးလေးလတော့ ရလိုက်ပါရဲ့။ ဖြစ်ချင်တော့ အိမ်ပြီးလို့ မီးသွယ်တဲ့နေ့မှာပဲ ၀ါယာက ရှော့ဖြစ်ပြီး တစ်အိမ် လုံး မီးလောင်သွားတာ ပြာပုံပဲကျန်တော့တယ်ဆိုပါတော့။ ဘယ်လောက်ပဲ စာချုပ်တွေ လုပ် ထားထား ပြာပုံဖြစ်သွားတဲ့ အိမ်ရှင် ဆီက ငွေကတော့ ပြန်လမ်းမရှိဖြစ်သွားတော့ တာပဲလေ။ သဘောလွယ် တတ်တဲ့ ကျွန်မရဲ့ပျော့ညံ့ချက်လို့ပဲ ကိုယ့်ကိုယ်ကိုယ်အပြစ်ဆိုရုံမှတစ်ပါး ဘာမှမလုပ်တတ်တော့ပါဘူး။ အားကိုးရ တဲ့ မိခင်လို ပုဂ္ဂိုလ်က ကွယ်ပျောက်သွားရုံမကဘူး။ ရှိသမျှ လေးတွေကလည်း ဟိုကပဲ့၊ ဒီကကြွေနဲ့ အခြေအနေ က ယိုင်ချင်ချင်ဖြစ်လာဆဲ ကာလမှာပဲ ဦးမြလှိုင်က ကျွန်မကို ဘာတစ်ခုမှ မတိုင်ပင်ဘဲ လက်ျာ ကုမ္ပဏီ က ဗြုန်းစားကြီး ထွက်လိုက်ပါရော လေ။
အရာရာ ကိုယ့်လက် ကိုယ့်ခြေနဲ့ လွတ်လပ်စွာ ဦးဆောင်မှု ပေးထားပြီး လာစာကောင်း၊ အခွင့်အရေးကောင်းတွေ ရ ထားပါလျက်နဲ့ အဲဒါတွေ အားလုံးကို စွန့်လွှတ်ပြီး ထွက်လာခဲ့တဲ့အ ကြောင်းရင်းက သူအလွန် ချစ်မြတ်နိုးတဲ့ စာပေလုပ်ငန်းကြီး ကို တည်ထောင်ဖို့တဲ့လေ။
အဲဒီအချိန်ကာလ မှာ ဖဆပလအစိုးရက အိမ်တွင်းစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးအောင်အားပေးနေတာ ဖြစ်တော့ အစိုးရ က လုပ်ငန်းရှင်များကို မတည်ငွေချေးပေး၊ စက်မှုပစ္စည်းတွေကိုလည်း လုပ်ငန်း လည်ပတ်နိုင်အောင် အရစ်ကျစနစ် နဲ့ ငွေပေးဝယ်ယူခွင့်ရပြီး ထူးထောင်ပေးတာမို့ စက်မှုလုပ်ငန်း တွေအဲဒီအချိန်မှာအတော်ကြီး တိုးတက်ထွန်းကား ခဲ့တာ မီလိုက်တဲ့ စာရှုသူများ သတိရဦးမယ် ထင်ပါတယ်။ မြန်မာပြည်လုပ် ဆေးဝါးတွေ၊ ဘက်ထရီတွေ၊ ဆပ်ပြာတွေ မျိုးလို လူသုံးကုန်ပစ္စည်း တွေအပြင် အ၀တ်အထည်တွေဆိုရင်လည်း ပြည်ပက သွင်းစရာ မလိုဘဲ ပြည်တွင်းဖြစ် ဇာတွေ၊ နိုင်လွန်တွေဆိုတာ ကောင်းမှကောင်း။
"ဟံသာအေး" က ထုတ်လုပ်တဲ့ဇာတွေဆိုရင် ဆွစ်ဇာလန်က ဇာတွေနဲ့အဆင့်မီ၊ ဈေးကလည်း အဆများစွာ သက်သာသေး တာနော်။ မြန်မာပြည်ဖြစ် ပါတိတ်တွေ၊ ရခိုင်လုံချည်တွေ၊ သဲတောက ထွက်တဲ့ ချည်ချော လုံချည်တွေ လည်း အဆင်သွေးကောင်းပါဘိ။ အဲလိုအဆင့်မြင့်မြင့် ကုန်ချောတွေ ထွက်လာပြီး စားသုံးသူ များ ဈေးသက်သက်သာသာနဲ့ ၀ယ်ယူနိုင်ကြလို့ မြန်မာပြည်တွင်းစီးပွား ရေးတွေလည်း တိုးတက်နေ ချိန်ပေါ့။
ဦးမြလှိုင် ကလည်း စီးပွားရေးလမ်းတွေ ပွင့်နေချိန်မှာ အခွင့်ကောင်းယူပြီး သူချစ်မြတ်နိုးတဲ့ စာပေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင်ဆိုပြီး "ပေဖူးလွှာ" ကုမ္ပဏီတည်ထောင်လိုက်ပါတယ်။ စိတ်ကူ်း ယဉ်ယဉ်နဲ့ စာပေနဲ့ ရုပ်ရှင်ပူးတဲမယ်ပေါ့။ စစ်ချင်း မဂ္ဂဇင်းကို ဦးစားပေးလုပ်မယ်ဆိုပြီး ၃၄လမ်း အထက်ဘလောက်မှာ အခန်းကျယ်ကြီး တစ်ခုကို ငှားလိုက်ပါတယ်။ ဦးမြလှိုင်က အလွန့်အလွန် အလှအပနဲ့အကောင်းကလည်း ကြိုက်တတ်တဲ့ လူစားမျိုးပါ။ ပြင်ဆင်ထားလိုက်တဲ့ ရုံခန်းကလည်း ပထမတန်း၊ ခန့်ထားလိုက်တဲ့ ၀န်ထမ်းတွေ ကလည်း ခန်းလုံးပြည့်။ အတွင်းရေးမှုး မိန်းကလေး တောင်တစ်ယေက်တည်း မဟုတ်သေးဘူး။ နှစ်ယောက်။
"ဦးဘရီနဲ့သမီးများ" စာအုပ်တိုက်ပိုင်ရှင် ဦးဘရီက "ဒေါ်ခင်မကြီး ခင်ဗျားယောက်ျား ကလူဖြစ် တာ နေရာမှားနေတယ်ဗျ" တဲ့။ အမေရိကားက သူဌေးကြီးရော့ဖဲလားရဲ့သား ဖြစ်ဖို့ကောင်းတာ၊ ဘယ့် နှယ်ဗျာ၊ မဂ္ဂဇင်း တိုက် စခါရှိသေးတယ်၊ လ်ုပ်ထားလိုက်တာ အလွန်အကျွံ Timeမဂ္ဂဇင်းနဲ့ အပြိုင် လို့များအောက်မေ့နေ သလား မသိဘူး၊ ခင်ဗျားယောက်ျား Over head စရိတ်တွေနဲ့ ခါးကျိုးသွား မယ်၊ သတိပေးဦး"တဲ့။
ဦးဘရီက စီးပွားရေး သမားမို့ အမြင်ကျယ်ကျယ်နဲ့ ကြိုတင်မြင်တတ်တာမို့ မိတ်ဆွေကောင်းပီပီ သတိပေးရှာ တာပါ။ ကျွန်မ ကိုယ်တိုင်လည်း စီးပွားရေးအမြင် ရှိသူမို့ ဦးဘရီမြင်သလို မြင်မိပေမဲ့ ကိုယ့်စကား အရာမရောက် တာမို့ ပွဲကြည့်ပရိသတ်အဖြစ်နဲ့ပဲ သူလုပ်သမျှထိုင်ကြည့်နေရတော့ တာပါပဲ။
ထွက်လာတဲ့ ဝေဖူးလွှာမဂ္ဂဇင်းကလည်း ထိတ်ထိတ်ကြဲ စာရေးဆရာတွေရဲ့ လက်ရာစုံလင်စွာနဲ့ ဆိုတော့ ပြိုက်ခနဲ ကုန်သွားပါတယ်။ "အံမယ်...တယ်ဟုတ်ပါလား"လို့ စာရှုသူများအတွေးမလော လိုက်ကြပါနဲ့ နော်။ စာရေးဆရာတွေကို စာမူခ တန်ရာတန်ကြေး သူများမဂ္ဂဇင်းက ပေးတာတွေ ထက်ဦးမြလှိုင်က စာနာသော စိတ်ဖြစ်တဲ့ အတွက် တိုးပေးတာ ဖြစ်လို့ကုန်ကျတာရော၊ အကောင်း ဆုံးပုံနှိပ်စက္ကူ၊ အကောင်းဆုံးပန်းချီနဲ့၊ ဒီဇိုင်းဆရာတွေ ရွေးသုံးလို့ စရိတ်တတ်တာအပြင် လိုအပ် တာထက်ပိုပြီး ခန့်ထားတဲ့ မြောက်မြားစွာသော ရုံးဝန်ထမ်း ရဲ့ လစာငွေတွေ ရှင်းရတာပါ ပေါင်း လိုက်တော့မဂ္ဂဇင်းက ခွက်ခွက်လန်အောင် ရှုံးပါလေရော။
မဂ္ဂဇင်းအနေနဲ့ကတော့ အခင်းအကျင်း၊ အထားအသို၊ အစီအစဉ်ကောင်းပြီး ထိပ်တန်း စာရေးဆရာ တွေ ရဲ့ဝတ္ထုဆောင်းပါးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့မို့ အောင်မြင်တဲ့ မဂ္ဂဇင်းလို့ ဆိုရမှာပါ။ ဦးမြလှိုင်က စီးပွားရေးသမား မဟုတ်ဘဲ အနုပညာသမားသက်သက်ဖြစ်နေတော့လည်း အ၀င်အထွက်မျှတမှု ဆိုတဲ့ အခြေခံသဘောတရားကို မကျင့် သုံးလေတော့ တစ်လတစ်လ သောင်းဂဏန်းနဲ့ချီပြီး ရှုံး တော့တာပါ။ ဦးဘရီပြောသလို သူဌေးကြီးရော့ဖဲလား ရဲ့ သား ဖြစ်ခဲ့ရင်လည်း အကောင်းသားပါ။ အခုတော့ တစ်လတစ်လ ရှုံးသမျှ နောကဆုံး ဒဏ်ခံရ သူ က ကျွန်မပါပဲ။
ကိုယ်ကိုယ်တိုင်ကလည်း ၀ါသနာအစပြုပြီး စီးပွားရေးထူးထောင်ခဲ့သူဖြစ်လို့ ဦးမြလှိုင်ကိုလည်း ကိုယ်ချင်းစာ စိတ် နဲ့ အောင်မြင်စေချင်ပါတယ်။ စီးပွားရေးမှာ နာမည်တစ်လုံးရဖို့ဆိုတာ အလွန် ခက်ခဲတယ် မဟုတ်လားနော်။ မဂ္ဂဇင်းက ထွက်ကတည်းက နာမည်အရှိန်တက်လာတာမို့ တည်မြဲ စေချင်တယ်ပေါ့။ ဒါကြောင့်ရှိသမျှ ဘဏ်စာရင်း က ငွေမှန်သမျှထည့်၊ ရောင်းချလို့အဆင်ပြေမယ့် လက်ဝတ်ရတနာတွေ က အစ ရောင်း ချပြီး ဖြည့်ပေမယ့်ကျွန်မလည်း ရော့ဖဲလားရဲ့ချွေးမ မဟုတ် လေတော့ မဂ္ဂဇင်းထွက်လို့ ရှစ်အုပ်မြောက်လည်း ရှိရောကြွေးတွေ လည်ပင်း ဆိုက်အောင် တင်ပြီး ဆက်စိုက်စရာ မရှိတော့တာနဲ့ ရပ်ဆိုင်းလိုက်ရပါတယ်။
အဲလို ပြင်းထန် တဲ့ ဘ၀မုန်တိုင်းကြားမှာ အားတင်းထားနိုင်အောင် လင်းလက်ခဲ့တဲ့ ကြယ်ပွင့်လေး တစ်ခု ကတော့ ဒုတိယမြောက်သားလေး ရွှေစင်ကို မွေးဖွားရခြင်းလို့ ဆိုရပါမယ်။ ဦးမြလှိုင်အဖို့ တော့အဲဒီနေ့က ၀မ်းနည်းရခြင်း နဲ့ ၀မ်းသာရခြင်း စိတ်ခံစားချက်နှစ်ခုကို တစ်ပြိုင်တည်း ခံစားရတဲ့ နေ့လို့ပြောရမှာပါပဲ။ သားကိုမွေးဖွားသန့်စင် တဲ့ ဒီဇင်ဘာ ဆယ်ရက်နေ့မှာပဲ ဦးမြလှိုင်ရဲ့ မိခင်ကြီး ဒေါ်ကျင်မြိုင် ကွယ်လွန် သွားခဲ့တာကြောင့် မို့ပါ။
ဦးမြလှိုင်ရဲ့ မိခင် ဒေါ်ကျင်မြိုင်ရဲ့ အသုဘချတဲ့နေ့ နာမည်တစ်လုံးရအောင် ပြောယူရတဲ့ အသုဘ လို့ဆိုကြပါတယ်။ မွေးထားတာက သမီးနှစ်ယောက်နဲ့ သားငါးယောက်လေ။ သားတွေအားလုံးက နိုင်ငံရေးကို ပုံစံအမျိုးမျိုး နဲ့ ပါဝင်ဆင်နွှဲကြသူများ ဖြစ်နေတော့ ဖျာပုံမြို့မှာ တော်လှန်ရေးစခဲ့တဲ့အ ချိန်က ဦးမြလှိုင်ရဲ့ အမေအိမ် မှာ ထမင်းမစားဖူးတဲ့ နိုင်ငံရေးသမား မရှိသလောက်ပါပဲတဲ့။ သားတွေ ကမြေအောက်တော်လှန်ရေး လုပ်လို့ အိမ်သူအိမ်သားတွေ ဂျပန်ကင်ပေတိုင်ရဲ့ အမေးအမြန်း အစစ်အဆေး နဲ့ နေလှန်းတာ ထိခံရ၊ လှောင်ထားတဲ့ ကျီထဲက စပါးတွေကို သားတွေကဖွင့်ပြီး ဆင်းရဲသားတွေ ပေးဝေလိုက်တာမျိုးလည်း ခွင့်လွှတ် သည်းခံရ နဲ့ သားတွေပေးတဲ့ ဒုက္ခများစွာကို ခံခဲ့ကြရတာပါ။
လွတ်လပ်ရေး ရပြီးတော့လည်း သားတွေက တစ်ယောက်တစ်မျိုးစီ ခံယူချက်နဲ့ အကြီးဆုံး ထောက်ပံ့ရေး မင်းကြီးဦးဘသန်းက ဦးနုနဲ့လူရင်း မို့(သန့်ရှင်း) ကို ထောက်ခံအားပေး သလို၊ နိုင်ငံ ခြားရေးဝန်ကြီးဟောင်း ဗိုလ်လက်ျာ ကလည်း သူ့အုပ်စုနဲ့သူ၊ ဒေါက်တာလှရွှေက ကျောင်းသား သမဂ္ဂခေါင်းဆောင်၊ ဦးမြလှိုင်က အမာခံ ဖဆပလ၊ အငယ်ဆုံး ကိုသန့်စင် က တပ်မတော်ဗိုလ်ကြီး။ အသုဘမှာ ဒီညီအစ်ကိုတွေကို အကြောင်းပြုပြီး ရောက် လာကြတာမို့ နိုင်ငံရေးအုပ်စုအမျိုးစုံက လူတွေရော၊ အတိုက်အခံ ပါတီဝင်တွေရော၊ အစိုးရပိုင်း အရာရှိနဲ့ တပ်မတော်အရာရှိတွေရော၊ အခြားနေရာမှာ မျက်နှာချင်းမဆိုင်လိုသူတွေ ဒီနေရာမှာ လာ ဆုံစည်းကြပြီး ပြောကြဆိုကြ နှုတ် ခွန်းဆက်ကြနဲ့မို့ ပြောစမှတ်တစ်ခု ဖြစ်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချိန်မှာ ကျွန်မကတော့ သားငယ်ရွှေစင် ပုလုကွေးလေးကို ရင်မှာ ထွေးရင်းဆေးရုံက ခုတင်ပေါ် မှာလေ။ ဒါ့အပြင် အားတင်း ရတဲ့တခြား အကြောင်းတစ်ခုကလည်း ရှိပါသေးတယ်။ ကျွန်မရဲ့သား ကြီးဝင်းခန့်က ဒီနှစ် ဆယ်တန်းစာမေးပွဲကို ဖြေရတော့မယ်ဆိုတော့ သားကိုလည်း တွန်းအားပေးရ ပါသေးတယ်။ အဲဒီအချိန်တုန်က ခုလိုဝိုင်းတွေ ကျူရှင်တွေဆိုတာလည်း မရှိပါဘူး။ ကိုယ့်ဟာကိုယ် အချိန်မှန် စာကျက်ရင်ပြီးနေတာပါပဲ။ သားက ဥာဏ်ကောင်းပေမဲ့ စာကျက်ဖို့ သိပ်အလေးထားတာ မဟုတ်ဘူး။ မနက်စာမေးပွဲဖြေ ရတော့မယ့်ဟာ ကို ခေါင်းရှင်းဖို့ဆိုပြီး သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွား ကြည့်နေလိုက်သေးတယ်။
နောက်ပြီး လူတွေမှာ တစ်ယောက်အကျင့်က တစ်မျိုးစီနော်။ ကျွန်မဆိုရင် သူများဖတ်ပြတာ၊ ဒါမှ မဟုတ်ပြောပြ တာတွေ နားထောင်ရတာထက် ကိုယ်တိုင် စာအုပ်ကိုဖတ်ရမှ ခေါင်းထဲပိုဝင်၊ ပိုပြီး စွဲစွဲ မှတ်မှတ် ရှိသွားတာမျိုးပါ။ သားက ဒီလိုမဟုတ်ဘူး။ သူကိုယ်တိုင်စာကြည့်တာထက် သူများက ဖတ်ပြတာမှ သူ့ခေါင်းထဲမှာ စွဲစွဲမှတ်မှတ် ရှိတာတဲ့လေ။ အဲတော့ သူငယ်ချင်းတွေ အိမ်ခေါ်လာပြီး တစ်ယောက်တစ်လှည့်စီ ဖတ်ပြကြတာ လုပ်တဲ့အခါ လည်းလုပ်၊ သူငယ်ချင်းမလာရင် ကျွန်မက သူ့စာတွေကို အချိန်ယူပြီး ဖတ်ပြရသေးတာကလည်း အလုပ်တစ်ခုပေါ့။
ဒါပေမဲ့ လုပ်ရကျိုးတော့ နပ်ပါတယ်။ သားက ဆယ်တန်းမှာ ဂုဏ်ထူးသုံးခုနဲ့ အောင်ပြီး မြန်မာတစ် ပြည်လုံး အမှတ်စဉ် တစ်က တစ်ရာထဲမှာ နံပါတ် (၆၆)နေရာမှာ ပါတဲ့အတွက် အစိုးရကချီးမြှင့်တဲ့ စကောလားရှစ် စာသင် ဆုငွေ တစ်လကို (၇၅ိ/)ရပါတယ်။ စစချင်းလေးလစာ ငွေသုံးရာ ရလာ တော့သူမသုံးဘဲ မာမီ့အတွက်ဆိုပြီး လာကန်တော့တော့ ငွေသုံးရာကိုင်ပြီး ကျွန်မမျက်ရည်ဖြိုင်ဖြိုင် ကျတော့တာပဲလေ။ ရင်မှာပီတိဖြာပြီး သားအတွက် လည်း ဂုဏ်ယူဝမ်းသာကြည်နူးမိတာ အမှန်ပါ ပဲ။ အဲဒီငွေကိုလည်း မသုံးရက်လို့ သား ကုသိုလ် ရအောင် ဘုရားမှာ လှူလိုက်ပါတယ်။
ဦးမြလှိုင်လည်း မဂ္ဂဇင်းက ရပ်ဆိုင်းသွားတော့ တခြားလုပ်စရာ အလုပ်ရှာရတော့တာပေါ့။ သာကေတမြို့သစ် ကလည်း ပြီးခါစမို့ သာကေတမှာ ရုပ်ရှင်ရုံဆောက်ဖို့ အခွင့်အလမ်းတစ်ခုပေါ် လာတာနဲ့ ကျွန်မတို့မှာ အရင်းနှီးမြှုပ်နှံ စရာ ငွေမရှိတော့ ငွေရင်းစိုက်နိုင်မဲ့ မိတ်ဆွေတစ်ဦးရှာပြီး စပ်တူလုပ်ကြပါတယ်။ ၃၄လမ်း က ပေဖူးလွှာရုံခန်းကို ပြန်အပ်ပြီး ဗန္ဓုလပန်းခြံနဲ့ မျက်နှာချင်းဆိုင် ဟိုက်ကုတ်ရားရုံးချုပ်ရဲ့ဘေးက တိုက်ရဲ့ အပေါ်ထပ်က အခန်းတစ်ခုငှားပြီး ရုံးခန်းလည်း ပြောင်း လိုက်ပြန်ပါရော။
ကျွန်မမှာလည်း သားသမီးက ငါးယောက်ဖြစ်လာတော့ သားသမီးတာဝန်က တစ်ဖက်၊ အလုပ်တစ် ဖက်နဲ့ အားချိုန် နားချိန် မရှိအောင် ပတ်ချာလည်နေဆဲမှာ နောကထပ် မထင်မှတ်ဘဲ မုန်တိုင်းတစ် ခုက ရောက် လာပြန်ပါတယ်။ ကိုကြီး ဆုံးပါးသွားတော့ လုပ်လက်စ "ခန့်ခန့်ကြီး" ကုမ္ပဏီကို ကျွန်မ မစီမံတတ်တာကြောင့် ကုမ္ပဏီကို ရော၊ အခန်းကိုပါ ပြန်ရောင်းလိုက်ရတာပေါ့။ သွင်းကုန်ရ ထားတဲ့ ပါမစ်တွေကိုလည်း မလုပ်တတ်တာ နဲ့ လက်လွှဲရောင်းချလိုက်ပါတယ်။ ကိုကြီး မကျန်းမမာ ဖြစ်တော့ ပြန်မကြည့်နိုင်တာမို့ အမြတ်တော်ခွန် ကိစ္စတွေ ကလည်း တိုးလိုးတန်းလန်း။ အဲဒါတွေ ကိုလည်း ကျွန်မက စိတ်မ၀င်စားတော့ သေသေချာချာ စိစစ်မကြည့် ဘဲ ချောင်ထိုးထားလိုက်မိတာ ကိုး။
"ခန့်ခန့်ကြီးကုမ္ပဏီ" နဲ့ "ခန့်ခန့်ကြီးဓာတ်ပုံတိုက်"နှစ်ခုပေါင်းပြီး အမြတ်တော်ခွန်က စိစစ်လိုက် တော့ဝင်ငွေ က များပြီး Super Tax ထိပါလေရော။ ဒီအချိန်မှာ တောင်းခံတဲ့ အမြတ်တော်ခွန်ကို ဆောင်ဖို့ ကျွန်မ လက်ထဲမှာ ငွေကလည်း များများစားစား မရှိတော့ဘူးလေ။ တစ်နေ့မှာ အမိန့်စာ တစ်ခုရောက်လာပါတယ်။ အမြတ်တော်ခွန်ကို ဘယ်နေ့ ဘယ်ရက်နောက်ဆုံးထားပြီး ဆောင်ရ မယ်။ ပျက်ကွက်ခဲ့ရင် ကျွန်မရဲ့ဓာတ်ပုံဆိုင် ကို ချိတ်ပိတ်မယ်ဆိုတာ ဖတ်လိုက်ရတော့ ကျွန်မ တော်တော်ကြီး တုန်လှုပ်သွားမိပါတယ်။
ခဲခဲ ယဉ်းယဉ်း မရှိမဲ့ရှိမဲ့ ပျိုးထောင်လာခဲ့တဲ့ ဒီဓာတ်ပုံဆိုင်လေးဟာ ကျွန်မအသက်၊ ကျွန်မအသွေး၊ ကျွန်မ ရဲ့ကိုယ်ပွားလေးတစ်ခုလို ဖက်တွယ် မက်မောလာခဲ့တာ ဖြစ်တော ဒီဓာတ်ပုံဆိုင်လေး ထိပါး မှာကို လုံးဝမ ခံမရပ်နိုင် ဖြစ်တော့တာပေါ့။ ဒါနဲ့ သက်ဆိုင်တဲ့ အမြတ်တော်ခွန်အရာရှိကို ဘယ်လို အဖြေ ရှာရမလဲ မေးကြည့်တော့ သူတို့အနေနဲ့ ဘာမှ ကူညီနိုင်စရာလမ်း မရှိတော့ဘူး။ အတွင်းဝန် ရုံးက ဘဏ္ဍရေးဌာန ကိုပဲ ဆက်သွယ်ပါဆိုတာနဲ့ ဘဏ္ဍာရေးဌာနက အတွင်းဝန်တစ်ဦးကို သွားတွေ့ရပါတယ်။
ကျွန်မလည်း ကိုယ့်ဘက်က ပျက်ကွက်ရတဲ့ အဖြစ်အပျက် အကျိုးအကြောင်းတွေကို ပြောပြရင်း ရင်ထဲမှာ ခံစားရတာတွေက လှိုက်လာပြီလေ။ အခွန်တော်ပေးဆောင်စရာ ငွေမရှိတဲ့အကြောင်းကို လည်းရော ကိုယ့်ဟာကိုယ် သိမ်ငယ်စိတ်ဝင်လာပြီး ဟန်မဆောင်၊ တင်းမထားနိုင်တော့ဘဲ ကလေး တစ်ယောက်လို ရှိုက်ကြီး တငင် ငိုချလိုက်ပါရော။ အတွန်းဝန်မင်းကြီးလည်း ကျွန်မကို ကြည့်ပြီး တော်တော်စိတ်ပျက်သွားတယ် ထင်ပါရဲ့။
"ကဲဗျာ...ဒီလိုလုပ်၊ စည်းကျပ်တဲ့ အခွန်တော်ငွေကို အပြည့်ပေးဆာင်ပါမယ်၊ တစ်လုံးတစ်ဝတည်း မပေးဆောင်နိုင်တဲ့ အတွက် အရစ်ကျခွဲပြီး ပေးဆာင်ခွင့်ပြုပါလို့ လျှောက်လွှာရေးတင်လိုက်၊ ကျွန်တော် ထောက်ခံ တင်ပြပေးမယ်၊ ဟုတ်ပြီလား"တဲ့။
ဒီတော့မှ ကျွန်မလည်း ရင်ထဲက ပူလောင်နေတဲ့ အလုံးကြီးကျသွားပြီး အတွင်းဝန်မင်းကို ကျေးဇူး တင် စကားပြောပြီ ပြန်လာခဲ့ရပါတယ်။ ကိုယ် မက်မောတဲ့ ဒီဓာတ်ပုံဆိုင်လေး ဆက်လက်ရှင်သန်ဖို့ အားခဲလုံးပန်း ရင်းက အမြတ်ခွန်ကိုလည်း ကတိရှိထားတဲ့အတိုင်း ဖဲ့ပြီးဆပ်ပေါ့။ ဒီလိုနဲ့ စီးပွားရေး အကျပ်အတည်းနဲ့ ခဲခဲ ယဉ်းယဉ်း ရုန်းကန်လှုပ်ရှားနေချိန်မှာ အကုသိုလ်တစ်ခုက ထပ်ဝင်လာပြန်ပါ ရော။
တစ်နေ့ မှာ ဗိုလ်မှုးဘသော် ရောက်လာပြီး ဧည့်သည်တစ်ယောက်ကို မင်္ဂလာဒုံလေဆိပ်မှာ သွားကြိုစရာရှိတာ သူ့ကားက အဆင်မပြေလို့ ကားခဏငှားပါလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ဦးမြလှိုင်ရဲ့ကားကလည်း အဆင်သင့်မရှိတာနဲ့ ကျွန်မရဲ့ကားကို ယူသွားဆိုပြီး ပေးလိုက်တာပေါ့။
ဦးမြလှိုင်နဲ့ လက်ထပ်စဉ်က မမသန်းက လက်ဖွဲ့အဖြစ်နဲ့ ၀ယ်ပေးခဲ့တဲ့ Ausitin A 40 ကားကြီးက လည်းတိုက်က အသစ်စက်စက် ထုတ်ထားတာတောင် မကြာခဏ ပျက်တာနဲ့ ပြန်ရောင်းလိုက်ပြီး ကျွန်မ က ဘေဘီအော်စတင်အေသာတီး ကားသေးသေးလေးကို ပြန်ပြီးဝယ်ထားလိုက်ပါတယ်။ ကားက သေးတော့ ဗိုလ်မှုးဘသော်က ပစ္စည်းကလည်း ပါဦးမှာမို့ ယာဉ်မောင်းကိုခေါ်မသွားတော့ ဘဲသူ့ဟာ သူ မောင်းသွားမယ်ပြောတော့ သဘောပဲဆိုပြီး ပေးလိုက်တယ်ပေါ့။ နေ့ခင်းကျတော့ တယ်လီဖုန်း လာပါလေရော။ ဧည့်သည်ကို ကြိုပြီး မင်္ဂလာဒုံလေဆိပ်က ပြန်အလာ ပြည်လမ်းမကြီး ပေါ်မှာ ကုန်ကားကြီးက ၀င်တိုက်လိုက် ပါလာတဲ့ ဧည့်သည်လည်း ပွဲချင်းပြီးသေ၊ ဗိုလ်မှုးဘသော် လည်းပေါင်ကျိုးပြီး ဆေးရုံရောက်နေတယ်တဲ့။
ကျွန်မရဲ့ကားလည်း စိစိညက်ညသက် ကြေသွားတယ်လို့ ဆိုပါတယ်။ တပည့်တစ်ယောက်နဲ့ ယာဉ်မောင်းကို လွှတ်ပြီး ကြည့်ခိုင်းတော့ မျက်နှာချင်းဆိုင်တိုက်တာမို့ အင်ဂျင်တောင်ကွဲသွားပြီး ကားက ရစရာမရှိ ဖြစ်နေတယ်ပြောတာလည်း တစ်ကြောင်း၊ လူသေထားပြီးကားကို မောင်းရမှာ စိတ်မသန့်တာလည်း တစ်ကြောင်းကြောင့် ပွဲစားကငွေလေးထောင်ပဲ တန်ဖိုးဖြတ်ပြီးပေးပါတယ်။ ၀ယ်ထားတဲ့ဈေးရဲ့ သုံးချိုး တစ်ချိုး ဖြစ်ပေမဲ့ အပြီးအပိုင် သံယောဇဉ်ဖြတ်ပြီး ပေးတဲ့ဈေးနဲ့ပဲ ရောင်း လိုက်ပါတော့တယ်။
ကားသေးသေးမောင်း တာကလည်း လုံခြုံမှုမရှိဘဲ အန္တရာယ်များတာ အမှန်ပါပဲ။ ကားမောင်းတဲ့ ဗိုလ်မှူးဘသော် အသက်မသေ တာဘဲ ကံကောင်း။ ဒီလိုမဖြစ်ခင်ကတည်းက ကလေးငယ်တွေနဲ့ ကားသေးတာ အန္တရာယ် ရှိတယ်လို့ နားလည်တဲ့ မိတ်ဆွေတွေက ပြောကြလို့ ကျွန်မလည်း ကားလဲမယ်လို့ စိတ်ကူးထားပြီးသားပါပဲ။ ဒီကြားထဲ အကုသိုလ်မျိုးစုံ ၀င်ပြီးငွေရေးကြေးရေး ကျပ် ကျပ်တည်းတည်း ဖြစ်နေတာကြောင့် မလဲနိုင် ဘူး ဖြစ်နေတာ။ အခုတော့ ဗိုလ်မှုးဘသော်က ဓားစာခံဝင် ဖြစ်သွားတယ်လို့ပဲ ပြောရတော့မယ် ထင်ပါရဲ့။
ဒီကားကလည်း ရုပ်ရှင်မင်းသမီး မေရီမြင့် မောင်းတဲ့ကားနဲ့ အရာင်တူ၊ အဆင်တူလေ။ ကျွန်မ မောင်းသွားရ င် မေရီမြင့်ကို ချစ်တဲ့ပရိသတ်တွေက မေရီမြင့် မှတ်ပြီး နောက်ကအမီလိုက်ကြည့်ကြ၊ မဟုတ်မှန်းသိတော့ စိတ်ပျက်တဲ့ပုံစံ တွေ့ရလို့ ဒါကလည်း ရယ်စရာတစ်ခုဖြစ်နေပါတော့တယ်။ မေရီမြင့် ဆိုလို့ စပ်မိတုန်း ပြောရဦးမယ်။ အိုင်ဒီးလ်ဆေးရုံမှာ မေရီမြင့် သားအိမ်ပြွန်ထဲမှာ သန္ဓတည်လို့ ခွဲစိတ်ကုသရင်း ကွယ်လွန်သွားတော့ ကျွန်မနဲ့ သူငယ်ချင်းလည်းဖြစ်၊ မိသားစု ဆရာဝန်လည်း ဖြစ်တဲ့ ဒေါက်တာဟန်ထွန်းက ဦးဦးဖျားဖျားသတင်းကို ဖုန်းဆက်ပြီး ပြောပြပါ တယ်။
ကျွန်မက ဦးမြလှိုင်ကို သတင်းပြန်လည်ပြီး ဖောက်သည်ချတော့ မျက်ရည်တွေ ပြိုက်ပြိုက်ကျပါလေ ရော။ ဘာပဲဖြစ်ဖြစ် ချစ်မြတ်နိုးလို့ လက်ထပ်ပြီး ပေါင်းသင်းခဲ့ဖူးတဲ့ ဇနီးဖြစ်တော့ အသည်းတစ်နေ ရာမှာ မေရီမြင့် ဆိုတာ ရှိနေသေးတယ်ဆိုတဲ့ သင်္ကေတမို့ ကျွန်မနားလည်မှုရှိစွာနဲ့ သူ့ကို နှစ်သိမ့် အားပေးတရား ချပါသေး တယ်။ အသုဘ ပို့ဖို့ အဖော်ခေါ်တော့ မကြည့်ရက်လို့ မလိုက်ရပါစေနဲ့ ဆိုတာနဲ့ ကျွန်မတစ်ယောက်တည်းပဲ ယုဝတီ အဖွဲ့နဲ့အတူ အသုဘပို့ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် အသုဘမို့ ထင်ပါရဲ့။ ကျွန်မ တွေ့ဖူးတဲ့ အထဲမှာ အစည်ကားဆုံး အသုဘတစ်ခုပါပဲ။ မေရီမြင့်ကလည်း မှန်ခေါင်းထဲမှာ သက်မဲ့ ရုပ်ကြွင်းဖြစ်တဲ့ တိုင်အောင် ပစ်ရက်စရာ မရှိအောင် လှပဆဲပါပဲ။
ကျွန်မဘ၀မှာ အဖြစ်အပျက် အတွေ့အကြုံတွေကတော့ "ကြုံပလေ ဘုံပွေ"ဆိုတဲ့ အတိုင်းပါပဲ။ အကုသိုလ် မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး ဆင့်ပြီး မနားတမ်း လာလိုကတာ နောက်ဆုံးလာတဲ့ မုန်တိုင်းက အပြင်းထန်ဆုံး မို့ မိုးလေ၀သဌာနက စံထားသလို ဂရိတ်ငါးမုန်းတိုင်းလို့ပဲ နံပါတ်ချိတ် ချင်စရာကောင်းနေ ပါသေးရဲ့။ ဒီအဖြစ်ကတော့ ဦးမြလှိုင်ရဲ့ ရှေ့နောက်ဆင်ခြင်မှုမရှိဘဲ ရင်းနှီးကျွမ်း ၀င်သူကိုရော၊ တစ်ခါမှ မတွေ့ဖူး မသိဖူးတဲ့ သူစိမ်းကိုရော၊ လာပြောသမျှကို ယုံစားပြီး သူတစ်ပါး ကိုကူညီပေးချင်တတ် တဲ့ စေတနာလွန်ကဲမှုက စတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ အသေးစိတ်ရေးပြနေရင် ထိခိုက်နစ်နာမယ့်သူများ ရှိနေတာ မို့ အကျယ်မချဲ့လိုတော့ပါဘူး။ အတိုချုံးပြောရရင် စေတနာပိုတဲ့ အတွက်သူများ ဓားခုတ်ရာ လက်ဝင် လျှိုတဲ့ အဖြစ်လို့ပဲ ဆိုပါစို့လေ။
လောကမှာ "စားစရာမရှိချင်နေ၊ လျော်စရာတော့ ရှိရတယ်"ဆိုတဲ့ စကားအတိုင်း လျော်ရမယ့်ကစ္စ ဖြစ်လာတော့ ကြံရာမရပါပဲ။ အရင်လို အားကိုးရတဲ့ မမသန်းကလည်း မရှိ၊ ကျွန်မတို့မှာ ငွေပိုဆို တာလည်း တစ်ပြားမှ မရှိ၊ ရောင်းချစရာ လက်ဝတ်ရတနာလည်း မရှိတော့ဘူးဆိုတော့ လက်ရှိဓာတ် ပုံဆိုင်နေရာကိုပဲ လက်ငင်းငွေချေပြီး ၀ယ်ယူမယ်ဆိုတဲ့ ကျူရှင်ဆရာကြီး မြန်မာစာဦးအေးမောင်ရဲ့ လက်ထိုးပြီး နေ့ချင်း ညချင်း ငွေဖြစ်ရောင်းချ လိုက်ရပါတယ်။
ပြဿနာကတော့ ရှင်းသွားပါရဲ့။ အနှစ်နှစ်အလလက မြတ်နိုးစွာနဲ့ ပျိုးထောင်လာခဲ့တဲ့ ဆိုင်လေး ကွယ်ပျောက် သွားရခြင်းဟာ ကျွန်မဘ၀တစ်ခုလုံး ပျက်ပြုန်းသွားသလို ရင်ကျိုးရခြင်းအဖြစ် ဆိုပါ တော့လေ။ ဆိုင်က အလုပ်သမား အားလုံးကိုလည်း သုံးလစာ လစာပြည့်ရှင်းပြီး တခြားဆိုင်မှာ အလုပ်ရှာပြီး သွားလုပ်ကြဖို့ ပြောရတော့တာပေါ့။ ဆိုင်ရောင်းလိုက်ရတာထက် ကိုယ့်ကို မှီခိုအား ထားနေကြသူများကို ဒီလို တာဝန်မဲ့ စကား ပြောရတာ ရင်အနာဆုံးပါပဲ။ ကျွန်မရဲ့အလုပ်သမား တွေက ကျွန်မကို အလုပ်ရှင်တစ်ဦးလို ဆက်ဆံကြတာမဟုတ်ဘဲ မိခင်တစ်ယောက်လို၊ အစ်မ တစ်ယောက်လို ချစ်ခင်ရိုသေလေးစား အားကိုးကြ တာဖြစ်တော့ သူတို့ လည်း ကျွန်မကို ခွဲခွာရ တာမျက်ရည်လည်ရွဲနဲ့လေ။
ဗုဒ္ဓရဲ့တရားတော်အရ ဘာမှတည်မြဲခြင်းမရှိဆိုတာကိုပဲ နာနာနှလုံးသွင်းပြီး ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရပါတယ်။ ဆိုင်ရောင်းပြီး ကျွန်မတို့ မိသားစုအားလုံး ဂွတ္တလစ်လမ်းသွယ်ကခြံနဲ့ အိမ်တစ် လုံးကို တစ်လ အိမ်ငှားခ လေးရာနဲ့ တစ်နှစ်စာချုပ်ပြီး ငွေအကျေပေးငှားလိုက်ပြီး ပြောင်းနေကြပါ တယ်။ တစ်နှစ် အတွင်း ပြန်လည်ထူထောင်နိုင်အောင် ကြိုးစားရဦးမယ်ပေါ့။ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစွာ တွေကုန်ဆုံးသွားပေမဲ့ ကိုယ့်မှာ အတတ်ပညာနဲ့ အရည်အချင်းဆိုတာ လေးကတော့ မိမိပိုင်အဖြစ် နဲ့ကျန်ရှိနေသေးတာမို့ ဒါလေးကို အရင်းပြုပြီး တစ်နည်းတစ်ဖုံ ဖြစ်နိုင်အောင် ကြံဆရမယ်ဆိုတာ အားခဲထားရတယ်ပေါ့။
ဦးမြလှိုင်လည်း သူရဲ့ပေဖူးလွှာကုမ္ပဏီကို ဆက်လက်လုံးပန်းလျက်ပေါ့။ ကျွန်မမှာ ကားလည်းမရှိ၊ ဆိုင်လည်း မရှိတော့ဘူးဆိုတော့ အိမ်မှာပဲ အနေများပြီး သားသမီးတွေနဲ့ အချိန်ပိုနေခွင့်ရတာကိုပဲ အဆိုးထဲက အကောင်း အဖြစ် သဘောထား ကျေနပ်နေရပါသေးတယ်။ ကလေးတွေနဲ့ မာမီတို့က တော့ကျွန်မတို့ အတွင်း မှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသုက္ခတွေကို ဘာမှမသိကြပါဘူး။ ခြံနဲ့အိမ် ကောင်းကောင်းနဲ့ အဆင့်မြင့်မြင့် နေတဲ့ အပြင်ပန်း အခြေအနေကိုပဲ အဟုတ်ကြီးထင်နေကြတယ် ပေါ့။ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေတဲ့ သားကြီးဝင်းခန့်ကလည်း သူ့အခန်းနဲ့သူ သီးခြားရ လို့ပျော်လို့။
စီးပွားရေးတင်မဟုတ်ဘူး။ အိမ်တွင်းရေးကိုလည်း မသိကြပါဘူး။ ဦးမြလှိုင်က အလုပ်ကိစ္စနဲ့ မကြာ ခဏ ခရီးသွားရတာတွေ ရှိထားတော့ ဦးမြလှိုင် အိမ်မှာ မရှိတဲ့ရက်တွေဆို့ရင် အားလုံးက ခရီးသွား နေတယ်လို့ပဲ ထင်တတ်ကြတာပါပဲ။ မန္တလေးမှာ စွန်းလွန်းဆရာတော်ဘုရားရဲ့ စာတစ်ပိုင်းတစ်စ ကိုဖတ်ပြီး အသိတရား ရလာပြီးတဲ့နောက် ကျွန်မဘာတစ်ခုမှ ဦးမြလှိုင်ကို မေးမြန်းစပ်စုခြင်း မလုပ်တော့ဘူးလေ။ ဦးမြလှိုင်ကတောင် ပြောင်းလဲသွားတဲ့ ကျွန်မကို ကြည့်ပြီး "တို့မိန်းမ ဘယ်လို ဖြစ်သွားတာလဲ"လို့ နားမလည်နိုင် ဖြစ်ယူရပါတယ်။ တကယ်ကတော့ လက်ရှိအမှန်တရားကို လက်ခံထားလိုက်ခြင်းပါပဲ။
ဒေါ်ခင်နှင်းယု ၀တ္ထုတစ်ပုဒ်မှာ ရေးခဲ့ဖူးတဲ့ "ဘန်ကောက်ပုဆိုး" ဘ၀ကိုလက်ခံကျင့်သုံးနေလိုက် တယ်ဆိုရင်လည်း မမှားပါဘူး။ "ဘန်ကောက်ပုဆိုး"ဆိုတာ ပွဲထိုင်သွားမှ လူအများရှေ့မှာ တင့် တယ်အောင် ထုတ်ပြီးဝတ်တဲ့ ပုဆိုးလေ။ အိမ်ကျတော့ သေတ္တာထဲခေါက်သိမ်းထားလိုက်ရုံပဲ မဟုတ်လားနော်။ ကျွန်မလည်း ဘန်ကောက်ပုဆိုး လုပ်ရင်း ရယ်ချင်စရာကောင်းတဲ့ အဖြစ်မျိုး လည်းကြုံရပါသေးရဲ့။
တစ်ခါကျတော့ ဦးမြလှိုင်တို့ကုမ္ပဏီက သယ်ယူပို့ဆောင်ရေးလုပ်ဖို့ တင်ဒါရပါတယ်။ ကန်ထရိုက် စာတွေ ဘာတွေချုပ်ပြီး လုပ်နေတယ်ပေါ့။ သူ့လုပ်ငန်းဌာနဆိုင်ရာ တော်တော်များများနဲ့ ဆက် သွယ်ရပါတယ်။ တစ်နေ့ ဦးမြလှိုင် က ကျွန်မကို ဖုန်းဆက်လာပါတယ်။ ကားလွှတ်လိုက်မယ်၊ အ၀တ်အစားကောင်းကောင်း ၀တ်ပြီးလိုက်လာခဲ့ပါ။ ဌနဆိုင်ရာရုံးတွေကို သွားပေးစရာရှိလို့တဲ့။ ဒါနဲ့ သူမှာတဲ့အတိုင်း ကျွန်မလည်း ရှိုးတစ်ပိဿာထုတ်ပြီး ကားလာတော့ ရုံးကို လိုက်သွားတာ ပေါ့။
အပြင်က မန်နေဂျာဦးသိန်းနိုင်ရဲ့ အခန်းကို အရင်ဖြတ်ဝင်လိုက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ဦးက ကျွန်မကိုလည်း မြင်ရော ဆောင့်ဆောင့်အောင့်အောင့် ပုံစ့နဲ့ ခြေထောက်ကို ချိတ်ထိုင်လိုက်ပါတယ်။
"ဟင်...ဘယ်လိုလဲပေါ့"ကျွန်မ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားလေရဲ့။ ဦးသိန်းနိုင်ပြုံးပုံကလည်း တစ်မျိုး။ ဒါနဲ့ ကျွန်မလည်း ဆက်သွားပြီး ဦးမြလှိုင်အခန်းကို ၀င်မယ်လုပ်တော့ မင်းစေကောင်လေး က"အစ်မ အထဲမှာ ဧည့်သည်ရှိတယ် ခင်ဗျ"တဲ့။ ကြောင်အမ်းအမ်းပုံစံနဲ့လေ။
"ဒါဖြင့် အစ်မ ရောက်နေပြီဆိုတာ ၀င်ပြောလိုက်ပါကွာ"လို့ ပြောတော့ မင်းစေလေးအခန်းထဲ ၀င် သွားပါတယ်။ မင်းစေနဲ့အတူ ဦးမြလှိုင်ပါ ထွက်လာပြီး ပျာပျာသလဲ ပုံစံနဲ့ ကျွန်မကိုပခုံးဖက်ပြီး အထဲသွင်းသွားတယ်ပေါ့။ စားပွဲရှေ့မှာ အမျိုးသမီးချောချောတစ်ဦးလည်း ထိုင်နေလေရဲ့။ သူ့ဘေး ကကုလားထိုင်မှာ ကျွန်မကို နေရာပေးပြီး မိတ်ဆက်ပေးလို့ ဒီနာမည်ကြားမှ "သြော်... ဒါသူရဲ့ ချစ်လှချည့်ရဲ့အထဲက စာရင်းဝင် နတ်မိမယ်တစ်ယောက်"ဆိုတာ သဘောပေါက်သွားရပါတော့ တယ်။
ကျွန်မကို ခေါ်တဲ့အကြောင်းရင်းက မှာထားတဲ့ ပေဖူးလွှာကုမ္ပဏီ တံဆိပ်ဖြစ်တဲ့ ကလပ်ပေါ်မှာ တင် ထားတဲ့ပေဖူးလွှာလိုဂိုပါတဲ့ အကောင်းစား ဓာတ်မီးခြစ်တွေ ဂျပန်ပြည်က ရောက်လာလို့ ဌာနဆိုင် ရာအရာရှိများ ကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ဦးစီ ကိုယ်တိုင်လေးစားစွာနဲ့ သွားပြီး လက်ဆောင် ပေးဖို့တဲ့လေ။ ဒီအလုပ်က "ဘန်ကောက်ပုဆိုး"လိုအပ်တယ် မဟုတ်လားနော်
ပစ္စည်းတွေ ယူပြီး "ကဲ...သွားဦးမယ်၊ ကိုကိုမောင်ရေ"လို့ ကျွန်မက နှုတ်ဆက်ခဲ့ပါတယ်။ (ကိုကိုမောင်) ဆိုတာက ဒေါ်ခင်နှင်းယုရဲ့ "ချစ်လှချည့်ရဲ့"ဆိုတဲ့ ၀တ္ထုထဲက ဇာတ်လိုက်နာမည်ပါ။ ကိုကိုမောင်မှာ တစ်ယောက်တွေ့ လည်း ချစ်လှချည့်ရဲ့၊ နောက်တစ်ယောက်တွေ့လည်း ချစ်လှ ချည့်ရဲ့နဲ့ ချစ်လှချည် ရဲ့တွေ မြောက်မြားစွာ ရှိနေခဲ့တာကိုး။ အဲဒီဝတ္ထု ဖတ်ပြီးကတည်းက တိုက် ဆိုင်မှုတစ်ခုခု ကြုံတိုင်း ကျွန်မ က ပြောင်ပြောင်နောက်နောက် နဲ့ သူ့ကို "ကိုကိုမောင်"လို့ ခေါ်တာ မို့ ဦးမြလှိုင်ကလည်း နားလည်စွာနဲ့ ပြုံးပြီး ကျန်ခဲ့လေရဲ့။
ကျွန်မ ထွက်လာတော့ ဦးသိန်းနိုင်ရဲ့ အန်းထဲမှာ စောစောက ထိုင်နေတဲ့ အမျိုးသမီး မရှိတော့ဘူး။ ဒါနဲ့ ဦးသိန်းနိုင် ကို အဲဒီအမျိုးသမီးက ဘယ်သူလဲလို့ မေးကြည့်တော့ "ဒေါ်ခင်မကြီး တကယ်မသိ ဘူးလား။ အဲဒါ ဦးမြလှိုင်ရဲ့ Exလေတဲ့။" နာမည်ကို ပြောပြပါတယ်။ "သြော်...ဖြစ်ရလေခြင်း" လို့ တမိပါရဲ့။ ကျွန်မကလည်း ဦးမြလှိုင် နဲ့ ပတ်သက်သူများကို ဂရို့ချိုးစာရင်း လုပ်မထားမိတော့ မသိလေဘူးပေါ့။
သူက ဦးမြလှိုင် နဲ့ တွေ့ဖို့ ဧည့်သည်ရှိနေလို့ မ၀င်ရသေးတဲ့အချိန် ကျွန်မက ရောက်လာပြီး ဦးမြလှိုင်က ဖက်လှဲတကင်း နဲ့ အထဲ သွင်းလိုက်တာ မြင်သွားလို့ စိတ်ဆိုးပြီး ပြန်သွားလေရဲ့တဲ့။ ဦးမြလှိုင်နဲ့ ပတ်သက်ပြီးတော့ သူ ခံလိုက်ရတာတွေ ရှိသလို ကိုယ်ခံလိုက်ရတွေလည်း ကြုံရတာပါ ပဲ။
တစ်ခါက ရိုးကုမ္ပဏီထဲမှာ ကျွန်မက ရွှေစင်ရဲ့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ ဘေးကပါလာတဲ့ ဦးမြလှိုင်ရဲ့ မျက်ဝန်း လင်းလက် သွားတာ တွေ့လို့ လှမ်းကြည့်မိပါတယ်။ အနားရောက်လို့ မိတ် ဆက်ပေးမှ "နတ်မိမယ်" လို့ တင်စားပြီး ၀တ္ထုရေးခဲ့ဖူးတဲ့ သူ့ရဲ့ချစ်ဦးသူ ငယ်ချစ်အမျိုးသမီးဖြစ်နေ တာကိုး။ ကျွန်မနဲ့ မိတ်ဆက်ပေးတော့ အမျိုးသမီး က ကျွန်မကို သေသေချာချာကြည့်ပြီး......
"သြော်... ဦးမြလှိုင် က ယူ့ကို သဘောကျတာ ယူကအိုင့်လို အသားဖြူပြီး အရပ်မြင့်တာကိုး"တဲ့။
ဦးမြလှိုင် လို ပုဂ္ဂိုလ်မျိုး ယူထားပြီးတဲ့နောက်တော့ ဒါမျိုးတွေက ရိုးနေပြီး ကဗျာဆရာမ (ခင်ဝင်းသစ်) ရေးခဲ့ဖူး သလို ကျွန်မလည်း သံမဏိအပြုံးတစ်ခု ပြန်ပြီးပြုံးပြနိုင်အောင် ကြိုးစားလိုက် ရတာပဲပေါ့နော်။

ဆက်ရန်
.
6 comments:
မလွယ်ပါလားနော်
Colorful touches, dramatic rise and fall biography, wind with her talent description.
Thanks Ma Shwe Zin
Didn't realise that (U) Mya Hlaing in another story and her husband U Mya Hlaing was the same person. Nice combination, ahma. Your blog is a kind of vitamin for those like me who lives in other country. Respect you ahma and your good -hearted and beautiful nyi ma lays. Thank you so much.
မြလှိုင်ရဲ့ ဘ၀နေ၀င်ချိန်နဲ့ တွဲဖတ်ရတာ တွဲတင်ပေးတာ ကျေးဇူးအထူး။ အန်တီဒေါ်ခင်မကြီးခမျာလဲ တော်တော်ဆိုးတဲ့ဘ၀ပဲ။ တကဲ့ကြုံပလေဘုံပွေပဲ။ ငွေလာဘ်ကောင်းပေမဲ့ ကျန်တာတွေတကဲ့မလွယ်ကြောပဲ။ သူ့ ရဲ့ သဘောထား ပြည့်ဝမှု့ ကိုတော့ မြင်နေရတယ်။ဒါကြောင့်လဲအဆုံးတနေ့ မှာ အေးချမ်းနေတာပေါ့။
တနေ့  တနေ့  ဖတ်ချင်လွန်းလို့ လာလိုက်ရတာ မရွှေစင်ရေ။ အခုလိုအများကြီး၇ိုက်တင်ပေးတာကျေးဇူးနော်။
ဆရာမြလှိုင် ကို လည်းစိတ်ဝင်စား တယ် ပေဖူးလွှာအယ်ဒီတာ တယောက် အနေနဲ့ လေးစားတယ် ဆရာ့ ရဲ့ ကာရိုက်တာ ကိုလည်း ဖမ်းကြည့်ချင်တယ် ..
ဒေါ်ပတ္တမြားခင်ကိုလည်း မန္တလေးသူ တယောက်အနေနဲ့ စိတ်ဝင်စားသလို စာတွေ ကိုလည်း သိပ်ကြိုက်တယ် ...
ဘဝမှာ ခွဲခွာသွားကြပေမဲ့ သူတို့ရဲ့ စာလေး တွေ အမ ရဲ့ ဘလော့ဂ် မှာ အတူတူ တွေ့ရတဲ့
အတွက် ပိတိ ဖြစ်မိတယ်
စိတ်ကူးယဉ်တတ်သူ
ရွှေစင်ဦး
.
Post a Comment