Saturday, January 26, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၂)

လူတွေဟာ အနာဂတ်မှာကောင်းတာတွေဖြစ်လာလိမ့်မယ်၊ ငွေကြေးပြည့်စုံချမ်းသာလာရင် အဆင်ပြေ မှာပဲ၊ ကိုယ့်ကို နားလည်တဲ့သူနဲ့ တွေ့ရင်စိတ်ချမ်းသာမှာပဲ။ သားသမီးတွေပညာတတ် ဖြစ်လာကြရင် ကြည်နူး ဂုဏ်ယူစရာ ပဲ။ အသက်ကြီးတဲ့အခါ အနား ယူရင်း ငြိမ်းငြိမ်းချမ်းချမ်းရှိမှာ ပဲစတဲ့ ရှေ့က မမြင်ရ တဲ့ နှစ်တွေကို မျှောတတ်ကြတယ်နော်။ တကယ်က အတိတ် ဆိုတာကလည်း ပြီးခဲ့ပြီ။ အနာဂတ်ဆိုတာက ကိုယ် မပိုင်ဘူး။ လက်ရှိအချိန်ကသာ တန်ဖိုးအရှိဆုံးဆိုတာ မေ့နေတတ်ပါတယ်။ အဲဒီလူတွေထဲမှာ ခင်မကြီး ဆိုတဲ့ ကျွန်မ တစ်ယောက်လည်းအပါအ၀င်ပေါ့လေ။ ကို ဆက်ဖတ်ရန် ...

အပိုင်း (၃၄)

"Present is a gift" တဲ့။
Present ဆိုတာ အင်္ဂလိပ်စကားမှာ "လက်ဆောင်" လို့ အဓိပ္ပာယ်ရပါတယ်။
"အတိတ်" ဆိုတာ ပြီးပြီးသားမို့ ပြန်မရနိုင်တဲ့ကိစ္စ။
"အနာဂတ်" ကလည်း အိပ်မက်တစ်ခုလိုပဲ ရေရာတာ မဟုတ်။
လက်ရှိအချိန်ကသာ မိမိတကယ်ပိုင်ဆိုင်ထားတာမို့ လက်ဆောင်ကောင်းလို့ ဆိုရမယ်ပေါ့။ ဒါကြောင့် ပစ္စုပ္ပန်ကို အင်္ဂလိပ်စကားနဲ့ လက်ဆောင်ကောင်းတစ်ခုအဖြစ် တင်စားပြီး Present လို့ ခေါ်တာပါတဲ့။
ဒီစာပိုဒ်ကလေး ဖတ်လိုက်ရပြီး ကျွန်မ တော်တော်နှစ်ခြိုက်သွားမိပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားကလည်း ပစ္စုပ္ပန်သည်သာ တန်ဖိုးအရှိဆုံးကာလလို့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ထပ်တူဟောကြားထားပြီး သားပါပဲ။

ဟုတ်သားပဲ။ ကိုယ် မသိမမြင်တဲ့ အနာဂတ်တွေကို တွေးမျှော်ပြီး စိတ်ကူးယဉ်နေမယ့်အစား လက်ရှိ အချိန်ကို မိမိအတွက်ဖြစ်စေ၊ မိမိ မိသားစုအတွက် ဖြစ်စေ၊ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် ဖြစ်စေ အသုံးချခြင်း ကသာ တန်ဖိုးရှိတဲ့အချိန် ဖြစ်စေမှာပါပဲ။ ဒါကြောင့် မန္တလေးတိုက် မပြီးတာတွေ ပြီးတာတွေ ဘေးချိတ်ပြီး ကိုယ် တကယ်ပိုင်တဲ့ လက်ရှိအချိန်ကလေးတွေကို တန်ဖိုးရှိစွာ အသုံးချချင် တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်ခိုက်မှာပဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်မရဲ့မောင်ငယ်တစ်ယောက်လို ရင်းနှီးခင် မင်တဲ့ စာရေးဆရာ "မင်းသူရိန်" တစ်ယောက် ရောက်လာလေရဲ့။
သူနဲ့အတူ အဖော်ပါလာတဲ့ "ဦးတင်လှိုင်"နဲ့လည်း မိတ်ဆက်ပေးပါတယ်။ "ဦးတင်လှိုင်" ကလည်း ဆရာ "မင်းသူရိန်" လို ဘာသာရေးစာပေတွေ ရေး တဲ့ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အပြင် ကျွန်မတို့နေတဲ့ ၄၉ လမ်း အလယ် ဘလောက်မှာ ရှိတဲ့ "သီယိုဆိုဖီ" အသင်းရဲ့အတွင်းရေးမှူးဆိုတာ သိရပါတယ်။ ကျွန်မကို "သီယိုဆိုဖီ" အသင်းရဲ့ လှုပ်ရှားမှု အကြောင်းတွေ ပြောပြပြီး အသင်းဝင်ဖို့ တိုက်တွန်းတော့ နဂိုကတည်းက စိတ်ဝင်စားပြီး သားဖြစ်တာ နဲ့ လွယ်လွယ်ပဲ သဘောတူလိုက်တယ်ပေါ့။

ဒီလိုနဲ့ မကြာမီတင် "သီယိုဆိုဖီ" အသင်းရဲ့အမှုဆောင်တစ်ဦး ဖြစ်သွားပါလေရော။ အသင်းဝင်တွေက လက်ရှိဝန်ထမ်း လူငယ်တွေလည်းပါ၊ ပင်စင်စား အဘိုးကြီးတွေလည်း ပါတော့ အသက်အရွယ် စုံတဲ့ အပြင် ကိုးကွယ်ရာ ဘာသာတူ သူတွေလည်း အများကြီးပါပဲ။ အင်္ဂလိပ်သတင်းစာ အယ်ဒီတာလုပ်နေ တဲ့ ဦးကဲနက်ဘစိန် နဲ့ သူ့ဇနီး ဆိုရင် မွတ်စလင် ဘာသာဝင်တွေပေါ့။ အဲဒီလိုပဲ ခရစ်ယာန်ဘာသာဝင် တွေလည်း ရှိပါသေး တယ်။ ဦးသန်းထွန်းအောင်တို့လို လူငယ်တွေ ပါသလို၊ အဘိုးကြီးပိုင်းက ဦးမောင် မောင်ကြီးတို့၊ ဦးကျော်စိန် တို့တွေလည်း ရှိရဲ့။ ဗုဒ္ဓဘာသာကတော့ အများစုလို့ ဆိုနိုင်ပါတယ်။ အထူး သဖြင့် ပညာတတ် ပိုင်းက တက္ကသိုလ်ကထိကတွေ၊ ပါမောက္ခတွေအပြင် အထက်တန်းအရာရှိကြီးတွေ ဖြစ်တဲ့ ရခိုင်အမျိုးသား၊ အမျိုးသမီးတွေလည်း ပါပါတယ်။ အများအားဖြင့်က ဘာသာရေးကို စိတ်ဝင် စားသူ၊ နာမ်၊ ဝိညာဉ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အလေးထားသူ၊ စာပေနဲ့ ဗဟုသုတ လိုက်စားလို သူ များလာတာ တွေ့ရပါတယ်။

အားငယ်စရာကောင်းတာ တစ်ခုက အမျိုးသားတွေများပြီး အမျိုးသမီးက ပြေးရေတွက်မှ ကျွန်မ အပါ အဝင် လေး ငါးဦးပဲ ရှိလို့ပါပဲ။ ဘုန်းကြီးကျောင်း၊ ရိပ်သာတွေမှာတော့ အမြဲတမ်း ယောက်ျားဦးရေက နည်းပြီး အမျိုးသမီးတွေ က ခပ်များများရယ်နော်။ "သီယိုဆိုဖီ" မှာက ရိပ်သာနဲ့ မတူတာ တစ်ချက်က ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ဘဲ အားလုံးသော ဘာသာများကိုပါ လေးစားစွာနဲ့ လက်ခံဆွေးနွေးပါ တယ်။ လေ့လာ ပါတယ်။ အမြင်ကျယ်ကျယ်နဲ့လည်း ညှိနှိုင်းကြပါတယ်။ တကယ်ကတော့ ဘာသာရေး မှန်သမျှ ရဲ့အခြေခံတရားတွေဟာ မေတ္တာကို အရင်းခံကြတာချည်းပါပဲလေ။
အပတ်စဉ်လည်း ဟောပြောပွဲတွေ ရှိပါတယ်။ ရွှေတိဂုံကုန်းတော်ပေါ်မှာ သီတင်းသုံးတဲ့ ဂျာမန်လူမျိုး ဗုဒ္ဓဘာသာ ဆရာတော်ကြီးလည်း မကြာခဏ တရားဟောသလို မိုးလေဝသက ညွှန်မှူး ဦးဋ္ဌေးလှိုင် လည်း ရံဖန်ရံခါလာပြီး ဟောပြောတတ်ပါတယ်။ ဗုဒ္ဓဘာသာတင်မကဘဲ ခရစ်ယာန်ဘာသာဝင် ဆရာ တော်ကြီးများနဲ့ အစ္စလာမ်ဘာသာ ဗလီဆရာကြီးများရဲ့ဟောကြားတာတွေလည်း နာယူမှတ်သားနိုင်ပါ တယ်။ ကျွန်မ အနှစ်သက်ဆုံး ကတော့ ဆွေးနွေးပွဲတွေပါပဲ။ ဗဟုသုတစုံအောင် ကြားနာခွင့်ရတာ ကြောင့် ကိုယ့်အတွက် ပညာရတဲ့ အပြင် နေ့စဉ်ဟောပြောပွဲအပြီးမှ ၄၅ မိနစ် တရားထိုင်ရတာမို့ စိတ်ရဲ့ ငြိမ်းချမ်းမှုလည်း ဖြစ်စေတာ အမှန်ပါပဲ။

နောက်ပြီး သီယိုဆိုဖီစာကြည့်တိုက် မှာ ဘာသာရေးဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စာအုပ်တွေ ကလည်း တော်တော်စုံ လို့ ကျွန်မအကြိုက်နဲ့ အံကိုက်ပေါ့။ စာအုပ်တွေ ငှားဖတ်လို့ ကျေနပ်ရတာရော၊ တစ်ခါ တ လေ ဓမ္မမိတ်ဆွေတွေဆီက ရင်ထဲမှာ စွဲသွားစေတဲ့ မှတ်သားစရာ စကားလေးတစ်ခွန်းကအစ တန်ဖိုးရှိ တာမျိုးတွေ လည်း ရတတ်ပါသေးတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဓမ္မမိတ်ဆွေ ဦးကျော်စိန်က "သူတော် ကောင်း မှာ ပြဿနာမရှိ" တဲ့။
သူတော်ကောင်း ဆိုတာ အမြဲတမ်း စာနာစိတ်နဲ့ သည်းခံခွင့်လွှတ်တတ်တဲ့သူ၊ မေတ္တာစိတ်နဲ့ အရာရာကို ရှုမြင်နိုင် သူဖြစ်တော့ အမှားရှိခဲ့ရင်တောင် ပြဿနာမရှိဘဲ သည်းခံခွင့်လွှတ်တာကြောင့် သူ့အနီးအနား ဆက်ဆံရသူ၊ ထိတွေ့ ရသူ မှန်သမျှ ငြိမ်းချမ်းလေမယ်ပေါ့နော်။ ကျွန်မတို့လို မာန်မာနတွေနဲ့ အိမ် ထောင်တစ်ခုကို ဖြိုခွဲပစ်တတ်သူမျိုး အဖို့တော့ ကိုယ်နဲ့ဆက်နွယ်သူများ စိတ်ဆင်းရဲစေခြင်း ဖြစ်တာမို့ သူတော်ကောင်းဖြစ် ဖို့၊ ပြဿနာကင်းဖို့ တော်တော်လေး ကြိုးစားရဦးမှာပေါ့။

အဲဒီလို သီယိုဆိုဖီကို မှန်မှန်သွားရင်း သော်မဆင်လမ်း (ယခု ဗိုလ်မြတ်ထွန်းလမ်း) မှာနေတဲ့ ဦးမြလှိုင် ရဲ့ အစ်မ များ ဖြစ်တဲ့ "မမတင်" နဲ့ "မမသန်း" က ကိုးမိုင်တန်းက တရားရိပ်သာမှာ တရားဝင်တဲ့အခါ "ခင်ရေ… မမတို့နဲ့ လိုက်ခဲ့ပါလား" လာခေါ်ရင်လည်း ကျွန်မက မမတင်တို့နဲ့ ပါမြဲပါပဲ။ အဲလို အခွင့် သာခိုက်ကလေးမှာ ကိုယ့်ကိုယ် ကိုယ် ပြုပြင်ရင်း ကောင်းမှုကုသိုလ်လေးတွေကို စုဖြစ်တော့လည်း စိတ် ချမ်းမြေ့ကြည်လင်မှုတွေ အရသား။
ဒါကြောင့် ကိုယ့်သားသမီးတွေကိုလည်း ကိုယ့်လို ဘာသာတရားရဲ့အနှစ်သာရတွေကို တွေ့သိခံစားစေ ချင်လို့ နွေကျောင်းပိတ်ရက်တွေကျရင် ဘွားဘွားကြီး ဒေါ်ဉာဏစာရီကျောင်းမှာ သွားပြီးအပ်ထားပါ တယ်။ နှစ်ပတ်စာ သူတို့စားဖို့ ငါးပိကြော်ကအစ အချဉ်ထုပ်တွေအထိလည်း စားစရာအစုံ ထည့်ပေး လိုက်ရပါသေးတယ်။

ပြန်လာကြလို့ ကျွန်မက အားတက်သရော စစ်မေးကြည့်တော့ ဘုရားစာတွေတော့ အတော်အသင့် ရခဲ့ကြပါရဲ့။ ဒါပေမဲ့ ကျွန်မ မသိအောင် ခိုးဝှက်ပြီး လက်ဆွဲအိတ်ထဲမှာ ဝတ္ထုစာအုပ်တွေ ဖိသိပ်ပြီး ထည့် သွားခဲ့တာတဲ့။ အဲဒါတွေ ကို ဘွားဘွားကြီးကျောင်းက သီလရှင်ငယ်တွေကို ပေးဖတ်ပြီး သူတို့ကတစ် ပြန် သာသနာတော်ကို ဖျက်ဆီး ခဲ့ကြတာ သိရတော့ သူတို့ကို ဆူရ ပူရတာနဲ့ ရခဲ့တဲ့ကုသိုလ်က မကာမိ ပါဘူးလေ။
ဆယ်ကျော်သက်တွေဆိုတာက ပြောရဆိုရ ထိန်းသိမ်းရခက်ပါဘိနဲ့။ မိန်းကလေးကလည်း မိန်းကလေး မို့၊ ယောက်ျားလေးကလည်း ယောက်ျားလေးမို့ ပြဿနာကိုယ်စီနဲ့ပါ။ အဲဒီ ၁၉၇၀ ခုနှစ်ဝန်းကျင် တုန်းက ယောက်ျားလေးတွေက ဘဲလ်ဘော့တွမ် ခေါ်တဲ့ ခေါင်းလောင်းပုံစံ ဘောင်းဘီတွေ ဝတ်ကြတဲ့အပြင် ဆံပင်ကြီးတွေ ကလည်း ပခုံးပေါ် ဝဲကျအောင် အရှည်ကြီးတွေ ထားကြတာလေ။ အဲလိုပုံစံကို "လမ်း သရဲ" လို့ ခေါ်ကြသေးတာနော်။ ကျွန်မရဲ့သား ကိုရွှေစင်လည်း ဘာသားနဲ့ထုထားတာမှတ်လို့။ သူ လည်း အများ နည်းတူ ဘဲလ်ဘော့တွမ်နဲ့ ဆံပင်အရှည်နဲ့ပေါ့။ အဲဒီ ဆံပင်အရှည်ကြီးကို ကျွန်မ လုံးဝ ကြည့်မရလို့ "ဆံပင်ညှပ်ပါ ဟဲ့ သားရဲ့" ဆိုတာကို ဘယ်လိုမှ ပြောလို့မရဘူး။ ဒါနဲ့ မတတ်နိုင်တဲ့အဆုံး မိခင်တစ်ယောက်လို အရာရာ တိုင်တည် လို့ရတဲ့ ဒေါ်ဒဂုန်ခင်ခင်လေးဆီ သားကို ခေါ်သွားပါတယ်။

"မမခင်ရေ၊ ဟောဒီသား "ကိုရွှေစင်"ကို ဆုံးမပေးဖို့ လာအပ်တာပါ။ ဆံပင်ညှပ်ဖို့ ပြောတာ ဘယ်လို မှ ပြောမရ လို့" ဆိုပြီး မမခင်ကို အကူအညီတောင်းတော့…
"သား ကျောင်းမှာ အဆင့်ကောင်းရဲ့လား" တဲ့။
"အဆင့်တော့ ကောင်းပါတယ်၊ ရှစ်တန်းအစိုးရစစ်မှာ ဂုဏ်ထူးတွေနဲ့ အောင်တာပါ"
"ဒါဖြင့်လည်း ပြီးရောပေါ့ ခင်မကြီးရယ်၊ ဆံပင်ရှည်တာ ဘာဖြစ်လဲ၊ ရှေးခေတ်က သျှောင်တောင် ထုံးရ တဲ့ထိ ဆံပင်အရှည် ထားကြတာပဲ၊ သူတို့ဆံပင် သူတို့ကြိုက်သလို ထားတာ တိုတို ရှည်ရှည်ပေါ့၊ ခေတ် ကုန်သွားတော့ စောင့်ကြည့်နေ၊ သူ့ဟာသူ အတိုဖြစ်သွားမှာပဲ၊ ကိုယ်ကျင့်တရား မထိခိုက်သမျှ၊ စာသင် တာ မထိခိုက် သမျှ သူတို့ကြိုက်တာ လုပ်ပါစေ" တဲ့။
မမခင် (ဒေါ်ဒဂုံ) က အဲလို ဆိုလိုက်တော့ ကိုယ်တော်ချောလေးက ကျေနပ်စွာနဲ့ ပြုံးလို့လေ။

အဲဒီခေတ်မှာ ဆံပင်အရှည်ကြီးထားတာ လူငယ်လေးတိုင်းလိုက ဖြစ်နေတော့ ရပ်ကွက်ကောင်စီတွေ က ဘတ်စ်ကားဂိတ်တွေ မှာ ကားပေါ်က ဆင်းလာတဲ့ ဆံပင်ရှည်ရှည်နဲ့ လူငယ်လေးတွေကို အထက်က အမိန့်အရ ဆွဲခေါ်ပြီး အတင်းညှပ်ပေးလိုက်တာတွေလည်း လုပ်တာရှိသေးတယ်။ ဒီအထဲကပဲ ဆံပင် အရှည်ကြီးကို ဆက်ထားတဲ့ သူတွေကလည်း ထားမြဲပါပဲ။ ခေတ်ဆိုတာ သူ့ဟာသူ အရှိန်ကုန်သွားတော့ လည်း အလိုလို ပြောင်းသွားတာပါပဲနော်။
ဒီလိုနဲ့ မန္တလေး တိုက်ကလည်း ပြီးသွားပြီဖြစ်လို့ ဈေးကွက်တင် ရောင်းတော့မှာကြောင့် ဦးကျော်ဇောက ကျွန်မကို မန္တလေး လိုက်လာခဲ့ဖို့ မှာတာနဲ့ လိုက်သွားရပြန်ပါရော။ တိုက်ကို မြင် လိုက်တော့ ရောင်းရ မှာ တောင် နှမြောသွားမိသေးတယ်။ ရောင်းဖို့ ဆောက်ထားတဲ့ တိုက်ဖြစ်ပေမဲ့ စိတ်ကြိုက်ပစ္စည်းတွေ ကို လျှောက်ပြီး ဝယ်ယူခွင့်ရဖို့ လွယ်ကူတာကြောင့် သုံးထားတာတွေက အားလုံး အကောင်းစားချည်းပဲ လေ။ ဒါကြောင့်လည်း တိုက်ထဲ ငွေတနင့်တပိုး ဝင်သွားလိုက်တာ ကြွေးတွေ လည်ပင်းခိုက်နေတာပေါ့။

ဒီတိုက် မြန်မြန်ထွက်ပါမှ ပေးစရာ အကြွေးတွေကို ကတိမပျက် အချိန်မီပေးရမှာဖြစ်လို့ အကြွေးတွေ ပေးဆပ်ပြီး ထိုက်သင့် တဲ့ အမြတ်ငွေလည်း ကျန်အောင် နှစ်ဦးသဘောတူ ညှိနှိုင်းတိုင်ပင်ရင်း ဈေးဖြတ် ကြတာပေါ့။ ဈေးကွက် တင်လိုက်ပြီး တစ်ပတ်ကျော်တာတောင် စိတ်ဝင်တစားနဲ့ လာမေးတဲ့လူ တစ် ယောက် တလေ မှ မရှိပါဘူး။ ကျွန်မ စိတ်ပူစပြုလာပတယ်။ အချိန်နဲ့ မရောင်းနိုင်ရင် တစ်ဖက်မှာ ကြွေး ရှင်တွေ ကို မျက်နှာပျက်ရမှာမျိုးလည်း ရင်မဆိုင်ချင်ဘူးလေ။ ဒီလိုနဲ့ ဆက်စောင့်လိုက်တာ ကျွန်မ ပြန် မယ့်ရက်က ကပ်လာပါပြီ။ အိမ်မှာ မာမီ့ကို စောင့်ရှောက်ပေးကြမယ့် မောင်ဝမ်းကွဲလေးရော၊ ညီမဝမ်း ကွဲလေးပါရှိတာမို့ စိတ်ချရပေ မယ့် ရက်ကြာလာရင် ကျွန်မ အနေမဖြောင့်တော့ပါဘူး။

တစ်ခါက ကျွန်မရဲ့သူငယ်ချင်း လှလှမြင့်တို့ ဇနီးမောင်နှံ ငပလီကို အပန်းဖြေသွားကြမဲ့ဟာ ကျွန်မပါ လိုက်ခဲ့ရမယ် ဆိုပြီး မရမကအတင်းခေါ်တာနဲ့ ပါသွားပါလေရော။ တစ်ခါမှ မရောက်ဖူးလို့ ငပလီရဲ့အလှ က ဖမ်းစားပြီး သုံး လေးရက်တော့ ပျော်လိုက်တဲ့ဖြစ်ခြင်းပါပဲ။ နည်းနည်းလေး ကြာလာတာနဲ့ မာမီမှ နေကောင်း ရဲ့လား၊ ဘာတွေများ ဖြစ်နေမလဲနဲ့ တွေးရင်း စိတ်ပူလာလို့ ရန်ကုန်ကို ဖုန်းခေါ်တော့လည်း ခေါ်လို့က မရ။ အခြေအနေမှန် ကို မသိနိုင်လေ စိတ်ပူလေ ဖြစ်လာတာပေါ့။ ညကျ မာမီ့အကြောင်း ချောက်ချောက်ချားချားတွေ အိပ်မက် မက်ပြီး မနက်ရောက်တာနဲ့ လှလှမြင့်တို့ တားတဲ့အထဲက မီရာ လေယာဉ်နဲ့ ပြန်လာခဲ့ရပါတယ်။ အိမ်ရောက်တော့ မာမီ့ ကို အကောင်းအတိုင်းတွေ့မှပဲ ကျွန်မ အသက် ဝဝ ရှူနိုင်တော့တာပဲ။

အခုလည်း ရက်ကြာလာလို့ မာမီ့အတွက် စိတ်ပူတာကတစ်မျိုး၊ တိုက်ကလည်း မေးသူတောင် မရှိလေ တော့ ကျွန်မ စိတ်ဓာတ်ကျ ချင်ချင် ဖြစ်လာပါရော။ ကျွန်မမှာ ဆက်လျှောက်စရာ လမ်းဆုံးရောက်လို့ လမ်းပျောက်ပြီ ဆိုရင် အဖေ့ရင်ခွင့်ကို ပြေးဝင်ပြီး အားကိုးရှာတတ်တဲ့ ကလေးတစ်ယောက်လို အမြဲ တမ်းအားကိုးရာ ရှင်တော်ဘုရား ရဲ့ရှေ့မှောက် ရောက်လေတော့တာပါပဲ။ အဆိုးကြုံမှရယ် မဟုတ်ပါ ဘူး။ မမျှော်လင့်၊ မထင်မှတ် အကောင်းတွေကြုံ ရင်လည်း ရှင်တော်ဘုရားရှေ့မှောက် ပြေးကန်တော့ပြီး ကျွန်မ ကို စောင့်ရှောက်တာ အတွက် ကျေးဇူးတင်ကြောင်း ဝမ်းသာအားရနဲ့ လျှေက်ရသေးတာပါ။ ဘုရားရှင်ကို အမြဲတမ်း ကိုးစာရာ ဖခင်တစ်ယောက်လို ကောင်းတာရော၊ ဆိုးတာပါ တိုင်တည်တတ် လွန်းလို့ ရှင်တော်ဘုရားသာ သက်တော်ထင်ရှားရှိရင် ဘယ်လိုတရားမျိုးတွေပြပြီး ကျွန်မကို ကျွတ် အောင် ချွတ်လေမယ် မသိ။

အခုလည်း ရှင်တော်ဘုရားရဲ့ရှေ့မှောက်ကို ရောက်တာနဲ့ "တပည့်တော် ကတိထားရှိတဲ့ အတိုင်း ကြွေး တွေ ပေးစရာ ရှိနေတာကို မပျက်ကွယ်လိုပါ ဘုရား၊ ကြွေးဆပ်နိုင်ဖို့ ဒီတိုက်ကို အချိန်မီ ရောင်းဖြစ် ပါရ စေ"လို့ ဆုတောင်းတယ်ပေါ့။ ဦးကျော်ဇောကိုလည်း အကယ်၍ ဝယ်သူလာ လို့ ဈေးဆစ်ရင် တည့် အောင်ရောင်းဖို့လည်း မှာထားရသေးတယ်။ အဲလို ဘုရားကို ဆုတောင်းတိုင်းလည်း ကိုယ်က ကုသိုလ် ကောင်းမှုလေးတစ်ခုပြုပြီးမှ တောင်းသင့်တယ်လို့ ခံယူထားမိတာကြောင့် အဓိဋ္ဌာန်ပုတီးလည်း စိပ်ပါ တယ်။ အဓိဋ္ဌာန်ပြုပြီး တစ်ရက်၊ နှစ်ရက်၊ သုံးရက် ဘာမှမထူးပါဘူး။ လေးရက်နေ့မြောက်တော့ ကျွန်မ ပြန်ဖို့ ရက် ရောက်လာလေပြီမို့ မနက်ဖြန်မနက် ထွက်မဲ့ ရွှေမန်းအစုန်ရထား အချိန်မီသွားဖို့ ညနေက တည်းက အဝတ်တွေထုပ်ခေါက်သိမ်းရင်း သေတ္တာပြင်နေဆဲမှာ ဧည့်သည်နှစ်ယောက် ရောက်လာလေ ရဲ့။ ဈေးရွှေဆိုင်တန်းက မိတ်ဆွေက ညွှန်လိုက်လို့ တိုက်ကို လာကြည့်တာတဲ့။

အနည်းဆုံး မေးမြန်းမဲ့သူ တစ်ဦးတော့ ရောက်လာသေးတယ်ဆိုပြီး စိတ်အားလည်း တက်သွားမိတာ ပေါ့။ ဦးကျော်ဇော က စကားပြောကောင်းသူဖြစ်လို့ အရောင်းအဝယ် ကိစ္စမှန်သမျှကို သူ့ကိုပဲ တာဝန်လွှဲ ထားပြီး ကျွန်မက အသာဘေးက နားထောင်နေလိုက်ပါတယ်။ တိုက်ကိုအခန်းစေ့လိုက်ပြ၊ ဘယ်ပစ္စည်း ကို ဘယ်လို ထည့် သုံးထားပါတယ် ဆိုတာမျိုးတွေလည်း ရောင်းသူပီပီ ပိုပိုသာသာ အမွှမ်းတင်ပြီး ညွှန်း ပြီးခါမှ ထိုင်ပြီး စကားဆိုကြပါရော။ ဘယ်လောက်စိတ်ဝင်စားသလဲ၊ ဘယ်လိုတုံ့ပြန်မှုရမလဲ ဆိုတာ သိ ချင်လို့ ကျွန်မလည်း အနား က အကဲခတ်ရင်း နားကို အပြတ်စွင့်ထားလေတယ်ပေါ့။

ဝယ်သူက ဈေးကို မေးတော့ ရောင်းမဲ့ဈေး ဆိုလိုက်တဲ့ ဦးကျော်ဇော ကို ကျွန်မ အကြီးအကျယ် အံ့သြ သွားသလို ဒေါသလ ည်း ထွက်တာ အနားမှာသာ လူမရှိရင် လည်ပင်းထညှစ်မိမလားတောင် မသိပါ ဘူး။ ကျွန်မ တို့ နောက်ဆုံး ထားပြီး ရောင်းမယ် လို့ တိုင်ပင်ထားတာထက် သူဆိုတဲ့ ဈေးက နှစ်ဆမက တောင် ပိုလိုက်သေး တယ်။ ကျွန်မ ရင်ထဲမှာတော့ သွားပါပြီ။ သူ လောဘတကြီးတောင်းလိုက်တာနဲ့ ဦး ဦးဖျားဖျား လာမေးသူကို တစ်ခါတည်း လန်အောင် လုပ်သလို ဖြစ်ပြီး အရောင်းအဝယ် ပျက်မှာ သေချာ တယ် တွေးရင်း ဒေါသရိပ်နဲ့ သူ့မျက်နှာ ကို လှမ်းကြည့်တော့ မသိချင်ယောင်ဆောင်ပြီး သူက မျက်နှာ တောင် လွှဲလိုက်သေး ဒေါသရိပ်နဲ့ သူ့မျက်နှာ ကို လှမ်းကြည့်တော့ မသိချင်ယောင်ဆောင်ပြီး သူက မျက်နှာတောင်လွှဲလိုက်သေးတယ်။ ဆက် နားမထောင်ချင်တော့တာ နဲ့ ကျွန်မ နောက်ဘက်ဝရန်တာမှာ သွားရပ်နေလိုက်တယ်ပေါ့။

ဧည့်သည်တွေ လည်း ပြန်သွားရော သူနဲ့ ကျွန်မ ရပ်ပွဲစတော့တာပဲ။
"ခင်… ဘာသိလဲ၊ ရောင်းတယ် ဆိုတာ ခါးလောက်တင်မှ ရင်လောက်ကျတာ၊ ဝယ်သူကတောင် မဆစ် ရသေးဘူး၊ ခင်က လျှော့ဈေးနဲ့ ရောင်းချင်နေပြီ။ ဒါလောက် ငွေအား၊ လူအားနဲ့ စိုက်ထားရတာ၊ ပေါပေါ ဘယ်ရောင်းနိုင် မလဲ၊ ဈေးတွေက နေ့တိုင်း တက်နေတာ၊ အပြင်ဈေးနဲ့က ဝယ်ဆောက်ရရင် ခုပြော တဲ့ ဈေးနဲ့တောင်လောက်မှာ မဟုတ်ဘူး။ ခင် က ဓာတ်ပုံပဲ ရိုက်တတ်တာပါ၊ အရောင်းအဝယ် နားမလည်ပါ ဘူး၊ ကိုယ် လုပ်တာ ပြီးအောင် ပဲ စောင့်ကြည့်ပါဦး" တဲ့။
"အေး… စောင့်ကြည့်ပေါ့၊ လောဘကြီးတာနဲ့ တစ်ခါတည်းလန့်သွားမှာ၊ အချိန်မီမပေးနိုင်လို့ ကြွေးရှင် တွေနဲ့ မျက်နှာချင်းဆိုင် ရတော့မှ သိမယ်၊ အဲဒီကျမှ ကိုယ့်ဟာကိုယ် ရင်ဆိုင်၊ တို့ မပါဘူး" လို့ မကျေ မနပ်နဲ့ ကျွန်မ လည်း ပြန်ပြော။ စိတ်မပြေနိုင်သေးတာနဲ့ သူ့ကို စကားမပြောဘဲ ထားလိုက်ပါတယ်။

"ခင်… မပြန်ပါနဲ့ဦး၊ သူတို့က မနက်ဖြန် အကြောင်းပြန်မယ်လို့ ပြောသွားတာ သေချာအောင် စောင့် လိုက်ပါဦး" တဲ့။
အခေါက်ခေါက် အခါခါ ဖြစ်မှာစိုးလို့သာ စောင့်ရမှာ၊ စိတ်ထဲမှာတော့ ဖြစ်ကိုဖြစ်မှာ မဟုတ်ဘူးဆိုတာ တွက်ထားပြီး သား ပါပဲ။ နောက်နေ့ညနေကျတော့ ဇနီးမောင်နှံ ရောက်လာကြပါရော။ "တိုက်ကတန်မှန်း သိပါတယ်၊ များများ လည်း မဆစ်ပါဘူး၊ ဘယ်မျှတော့ လျှော့ပါ၊ ထပ်ပြီး လုပ်ပေးစေချင်တာ တစ်ခုကို လည်း လိုက်လျော ပါ၊ ခြံဝင်း ကို အုတ်တံတိုင်းတော့ အပြည့်ကာပေးပါ" တဲ့။ ဒီစကားကို ကြားရတော့ ဦးကျော်ဇောက ကျွန်မ မျက်နှာကို တစ်ချက်လှမ်းကြည့်ပါတယ်။

"အင်း… ဟုတ်မယ် ထင်ပါရဲ့။ သူ ပြောသလို ကျွန်မက ဓာတ်ပုံပဲ ရိုက်တတ်တာ၊ စီးပွားရေး နားမလည် ပါဘူး" ဆိုတာ မှန်များ နေသလား မသိပါဘူး။
ကျွန်မ မသိသားဆိုးရွားပုံ တစ်ခုကိုလည်း ကြုံတုန်း ပြောပြရပါဦးမယ်။ တစ်နေ့မှာ ပုပ္ပါးဦးကျော်နီ ရဲ့ ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဘုရား ကြွလာတာနဲ့ ဆွမ်းဖိတ်ပြီး ကပ်တယ်ပေါ့။ ထမင်းစား ခန်းထဲ မှာ ချထားတဲ့ သံချောင်းတွေကိုတွေ့တော့ ဆရာတော်က …
"ဟာ… တယ်ဟုတ်ပါလား။ ဒီသံချောင်းတွေ အပြင်မှာ ဝယ်လို့တောင် မရဘူး၊ ဆရာတော် တို့ ကျောင်း ဆောက်တာ သံချောင်းတွေ ဝယ်မရလို့ ရပ်ထားရတာ သုံးလေးလ ရှိပြီ" လို့ အမိန့်ရှိ ပါတယ်။ ကျောင်း ဆောက်လက်စ ကြီး ရပ်ထားရတယ်ဆိုတော့ ကျွန်မ စိတ်မကောင်းဖြစ်သွားပြီး…

"ဒါဆို ဆက်ဆောက်လို့ရအောင် တပည့်တော် လှူလိုက်မယ်၊ ဆရာတော် ပြန်ကြွရင် ယူသွားပါ" လို့ လျှောက်ပြီး လှူလိုက် တာပေါ့။ ပြီးခါမှ ဦးကျော်ဇောဆီ စာရေးပြီး အကျိုးအကြောင်း ပြောပြလိုက်ပါ တယ်။ ဘယ်လောက် ဒေါသထွက် လဲ ဆိုတာ စာရရချင်း ဝုန်းဆို ညရထားနဲ့ ပေါက်ချလာပါရော။ အကြောင်းမကြား ဘာမကြား နဲ့ ကျွန်မကိုတောင် အကြိုမခိုင်းဘဲ ရောက်လာတော့ ကျွန်မလည်း အံ့ အားသင့်လို့။ သူ့ပုံစံကလည်း ကျွန်မ ကို အစိမ်းလိုက် ဝါးစားပစ်ချင်တဲ့ မျက်နှာမျိုးလေ။
"အလှူ့အမကြီး ကြွပါဦး" တဲ့။ "လှူလိုက်တဲ့ ဒီသံချောင်းတွေ ဘယ်လောက်တန်လဲ ဆိုတာရော သိရဲ့ လား၊ ရွှေ ကမှ ငွေရှိရင် ဝယ်လို့ရသေးတယ်၊ ဒီသံချောင်းတွေက ဘယ်မှာမှ ဝယ်လို့ရတာ မဟုတ်ဘူး၊ တိုက်အတွက် မနည်းပြောဆိုပြီး ထုတ်ယူထားရတာ၊ အခု အကုန်လှူပစ်လိုက်တော့ ဘာနဲ့ ဆက် ဆောက်မှာလဲ" တဲ့။

ကျွန်မလည်း ဘယ်သိပါ့မလဲ။ သွပ်တွေ၊ သံတွေက ကိုယ်နဲ့ဆိုင်တာမှ မဟုတ်ဘဲ၊ ကိုယ် သိတာက ဖူဂျီ တို့၊ ကိုနီကာ တို့၊ အဂ္ဂဖါတို့၊ ကိုဒတ် တို့ပဲ မဟုတ်လားနော်။
အဲဒီလို အကြောင်းပြပြီး ဖြေရှင်းချက် ထုတ်လိုက်တော့ စိတ်ကုန်သွားတဲ့ပုံစံနဲ့ ကျွန်မကို ကြည့်ပြီး…
"အေး… ကောင်းပါတယ်၊ ခင်နဲ့ ကိုယ့်ကတော့ ဒီတစ်ဘဝ ပဲ ဆုံရတာဖြစ်မှာပါ၊ တို့က အလှူကို ပိတ်ပင် မိတော့ ပြိတ္တာဖြစ်၊ သွားရမယ့်နေရာ က တခြားစီပေါ့" တဲ့။ မကျေမနပ်နဲ့ဘဲ ရန်ပွဲ အဆုံးသတ်သွားလေ ရဲ့။

အခုလည်း ကျွန်မ သဘောသာဆိုရင် မြန်မြန်ရောင်းဖြစ်စေချင်တဲ့ စိတ်ဆန္ဒနဲ့ ဟန်တွေပန်တွေ မလုပ် နိုင် ဘဲ ပေါပေါလောလာ ဈေးဆို မိမှာပါ။ စီးပွားရေးဆိုတာ အကွက်တွေ့ရင် နှုတ်ရဲဖို့လည်း လိုအပ်တယ် ထင်ပါရဲ့နော်။ ဒီလိုနဲ့ ဈေးတည့်သွားတာ မှန်းထားတဲ့ ဈေးထက် နှစ်ဆမက ပိုပြီး ရလိုက်ပါတယ်။ ဒီလို နဲ့ ဈေးတည့် သွားတော့ မှန်းထားတဲ့ ဈေးထက် နှစ်ဆမက ပိုပြီး ရလိုက်ပါတယ်။ စရန်လက်ခံ၊ သူတို့ တောင်းဆိုချက် အတိုင်းလည်း ခြံပတ်လည် အုတ်တံတိုင်း ထပ်လုပ်ပေးပါမယ်ဆိုတဲ့ ကတိစာချုပ် လက် မှတ်ထိုးပြီးတာ နဲ့ ကျွန်မ ရန်ကုန် ပြန်လာခဲ့ပါရော။ ဦးကျော်ဇောကတော့ အုတ်တံတိုင်းပြီးအောင် ဆောက်ပေးဖို့ ရှိသေးတာကြောင့် မန္တလေးမှာပဲ ဆက်ကျန်ခဲ့ပါတယ်။

ကြွေးရှင်တွေကို အချိန်မီ ပေးဆပ်နိုင်ဖို့ အဓိဋ္ဌာန်ပြည့်သွားတဲ့အတွက်လည်း ကြည်နူးဝမ်းသာလို့ပေါ့။ ရှင်တော်ဘုရား ကိုလည်း ကျေးဇူးတင်ရှိစွာနဲ့ သတင်းကောင်းကို ပြေးလျှောက်ရပါသေးတယ်။ ဒီလိုနဲ့ တစ်လ၊ နှစ်လ ကြာတော့ အုတ်တံတိုင်းလည်း ပြီးသွားတာနဲ့ တစ်ခေါက် မန္တလေးပြန်ဆင်းပြီး အရောင်း အဝယ် စာချုပ်၊ ငွေတွေ လက်ခံရရှိတော့ အရင်ခေတ်ကလို ရာတန်မရှိတာကြောင့် ငွေစက္ကူတွေကို ဂုန် နီအိတ်နဲ့ ထည့်ထားရတာကြည့်ပြီး ဂျပန်ခေတ် ကို သွားသတိရမိပါသေးရဲ့။ ခေတ်ဆိုတဲ့ အချိန်အခါကို လိုက်ပြီး ဥပဒေ အပြောင်းအလဲတွေ ကလည်း ရှိပါသေးတယ်။ ဟိုတုန်းကတော့ အရောင်းအဝယ်တစ်ခု  လုပ်ပြီးရင် ရောင်းလိုက်တဲ့ သူက ရရှိတဲ့ အမြတ်ပေါ်မှာ အမြတ်တော်ခွန် အချိုးကျ ပေးဆောင်လိုက်ရင် ကိစ္စက ပြီးသွားတာပါပဲ။

အခုအချိန်ကျတော့ အဲလိုမဟုတ်ပါဘူး။ ဝယ်နိုင်အောင် ဒီငွေက ဘယ်က ရသလဲ ဆိုတာကို ဝယ်သူ အနေနဲ့ အထောက်အထားပြရပါတယ်။ အမြတ်တော်ခွန်လည်း ပေးဆောင်ရပါတယ်။ သဘောကတော့ သူ ပိုင်ဆိုင်ထား တဲ့ ငွေဟာ ရိုးရိုးသားသား စင်စင်ကြယ်ကြယ်နဲ့ ရရှိထားတဲ့ ငွေဖြူဟုတ် မဟုတ်ကို တာဝန်ခံများက စစ်တမ်း ထုတ်တာပဲ ဆိုပါတော့။ ငွေဖြူ၊ ငွေမည်း ဆိုတာတွေကလည်း အရှုပ်သားနော်။ ပြည်သူပိုင်တွေ သိမ်းလိုက်ပြီးကတည်းက အားလုံးသော လုပ်ငန်းတွေလည်း အစိုးရပိုင်ဖြစ်၊ ထုတ်လုပ် တဲ့ စက်ရုံတွေကတစ်ဆင့် ဖြန့်ဖြူးတာကလည်း ကုန်သွယ်ရေးက တစ်ဆင့်ဆိုတော့ ကုန်ပစ္စည်းက ရှား ပါတယ်။ ကိုယ်ဝန်ရှိလို့ မွေးလာမဲ့ ကလေးအတွက် အနှီးပိတ်စက အစ ရှားပါတယ်။ ကိုယ်ဝန်ရှိလို့ မွေး လာမဲ့ ကလေး အတွက် အနှီးပိတ်စ ဝယ်ချင်ရင်တောင် ကုန်သွယ်ရေးကို လျှောက်လွှာတင်ပြီး လျှောက် ရသေးတာနော်။ ဒါတောင် ကိုယ်ဝန်က ငါးလကျော်မှ လျှောက်ခွင့်ရှိတာ။ ရတေ့လည်း ကလေးတစ် ယောက်မှ ပိတ်စက ခြောက်ကိုက်၊ အနှီးခြောက်ထည်နဲ့ ဘယ်လိုမှ မလောက်ရင် အပြင်မှောင်ခိုက ဝယ်။

ဒီတော့ မှောင်ခိုတွေ အလုပ်ဖြစ်လာရတယ်ပေါ့။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်း နိုင်ငံများက ပစ္စည်းတွေကို အကောက်ခွန်မဲ့ ခိုးသွင်းကြတာ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်း ဘက်စုံ ကပါပဲ။ အဲလို မှောင်ခိုနဲ့ အလုပ်ဖြစ်သူတွေကို ငွေမည်းလို့ သတ်မှတ်ပြီး အစိုးရကလည်း အရေးယူပါ တယ်။ ပြော ရဦးမယ်။ ၇၀ ခု ဆယ်စုနှစ်မှာ မှောင်ခို လုပ်ကြတာက များလို့ ညည အပြင်ထွက်ရင်လည်း လမ်းမှာ ရပ်ကွက်ကောင်စီတွေ က ကားကို ရပ်ပြီး Surprise check လုပ်တာမျိုးတွေလည်း မကြာခဏ ကြုံရပါရဲ့။ ကားပေါ်က လူတွေကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်။ တစ်ခါတစ်ရံ ကားရဲ့ Trunk ကို လည်း ဖွင့်ပြခိုင်းပြီး  စစ်ဆေး ပါတယ်။

အဲဒီနဲ့ ပတ်သက်ပြီး ခေတ်ကာလနဲ့ လျော်ညီတဲ့ ပြက်လုံးတွေလည်း ရှိရဲ့ပေါ့။ တစ်ခါ က ဘောက်စ်ဝက်ဂွန်ကားကို ရပ်ပြီး စစ်တဲ့အခါ နောက်ဘက်က ကားအဖုံးကို ဖွင့်ပြပါ ဆိုတာနဲ့ ဖွင့်လိုက်ရော…
" ဟေ့လူ၊ ခင်ဗျား ဒီအင်ဂျင်ကြီး ဘယ်က မလာတာလဲ " လို့ မေးခံရတယ် ဆိုတာမျိုးတွေ စသဖြင့်ပါပဲ။ ကျွန်မ တို့ မြန်မာလူမျိုး ကတော့ ဘာလေးပဲ ဖြစ်ဖြစ်ကသိကအောက် ဖြစ်တာတွေအတွက် စိတ်မညစ်တတ်ဘဲ ဟာသနှောပြီး ပျော်ပျော်ပဲ နေတတ်ကြသူများ မဟုတ်လားနော်။
အခုလည်း ကျွန်မတို့ တိုက်ဝယ်သူတွေမှာ မှောက်ခိုက ရတာမဟုတ်ဘဲ ဘိုးဘွားပိုင်ရခဲ့တဲ့ လက်ဝတ်ရတနာတွေ ကို ထုခွဲရောင်းချပြီး ၀ယ်ရတာ ဖြစ်ကြောင်းကို စိန်ရွှေရတနာ အရောင်းအ၀ယ် စာချုပ်တွေ လည်း ပြရ၊ သူတို့ရဲ့ လုပ်ငန်း နှစ်စဉ်ဝင်ငွေတွေလည်း ပြရနဲ့ ငွေဖြူဖြစ်ကြောင်းတွေ အထောက်အထား ခိုင်လုံပြီဆိုခါမှ အမြတ်ခွန်များ ကျွန်မတို့ပါ နှစ်ဦီးနှစ်ဖက် ဆောင်ပြီးမှ ကိစ္စက ပြတ်ပါတော့တယ်။

တိုက်ရောင်းရငွေက အရင်းရော၊ အမြတ်ပါ တစ်လုံးတစ်ခဲတည်း ပြန်ထွက်လာတာကြောင့် ဆပ်ရမယ့် အကြွေးတွေကိုလည်း အချိန်မီ ဆပ်နိုင်သွားတဲ့အပြင် ဘုရားဂုဏ်ကျေးဇူးကို အောက်မေ့ရင်း သားတွေကို ရှင်ပြုဖို့ အတွက်ဦးဦးဖျားဖျား ဖယ်လိုက်ပါတယ်။ ဦးကျော်ဇောရဲ့ အားထုတ်မှုနဲ့ ရတာဖြစ်လို့ သူ့အတွက် လည်း ကားတစ်စီး ၀ယ်ဖြစ်ပါတယ်ပေါ့။ ကျွန်မမောင်းနေတဲ့ ဘောက်စ်ဝက်ဂွန် ကားအဖြူလေးနဲ့ ဆင်တူသူက အပြာရောင်လေး ရွှေး ၀ယ်တော့ သူငယ်ချင်းတွေက " ဟေ… ဟိုနေ့က ကားအဖြူရောင်လေး နဲ့ တွေ့လိုက်ပါတယ်၊ ခု အပြာရောင်ပြောင်းသုတ်လိုက် တာလား " နဲ့ မျက်စိတွေလည်လို့ ကျွန်မလည်း ရှင်းပြမနေတော့ပါဘူး။

ကုသိုလ်ကံ အလှည့်လေး သာလာတော့ တစ်ဖက်မှာ စီးပွားရေးက ကောင်းလာတာနဲ့ အတူ နှလုံးသားမှာ နာကျင်မှုတွေ လည်း သက်သာလာစရာတွေ ဖန်လာပါတယ်။ သမီး ယမင်း ကို အမေရိကားကို စာသင်ဖို့ ပို့ပြီးတဲ့နောက် အဆင်ပြေသွားတော့ သားရွှေစင် ကိုလည်း အမေရိကားစာသင်ပို့ ချင်တယ်လို့ ဦးမြလှိုင်ကို ကျွန်မက တောင်းဆို လိုက်ပါတယ်။ သဘောတူ လက်ခံတာနဲ့ ကျွန်မဆီ ပြန်ရောက်လာပါရော။ သားကို ခွဲပြီး ဦးမြလှိုင် နဲ့ ထည့်လိုက်ရတုန်းက ဆယ်နှစ်သားပဲ ရှိသေးတာမို့ အမေ့ရင်ခွင်ကို မက်မောတတ်တဲ့ သားကို အိပ်ရာ ၀င်တိုင်း သတိရမိလို့ နှလုံးသားမှာ နာကျင်စွာနဲ့ မျက်ရည်ကျရတာ အခါခါပါပဲ။

သားအငယ် ကိုဇာနည် ကတော့ မွေးကတည်းက ဒေါ်အေးမြင့်က သူ့ရဲ့မိခင်ဝင်စားတယ်လို့ အိပ် မက် မက်တယ်ဆိုပြီး သည်းသည်းလှုပ်ချစ်တာကြောင့် ရင်ခွင်ကမချ ထိန်းလာခဲ့တာ ညအိပ်ရာမှလည်း တူတူဆိုတော့ ကျွန်က မွေး သာမွေးရတယ်၊ ဇာနည်က သူ့သားတစ်ပိုင်ဖြစ်နေတာမို့ မခွဲရက်တာ ကြောင့်စိတ်ကိုလျှော့ပြီး ထည့်လိုက် ရတာပါ။
ကျွန်မအဖြစ် ကလည်း မွေးထားတဲ့ သးသမီးရှစ်ယောက်ရှိတာ၊ သုံးယောက်ကမ္ဘာတစ်ခြမ်းခြားတဲ့ အမေရိကား မှာ၊ မြန်မာပြည်မှာ ရှိတဲ့ ငါးယောက်ကျတော့လည်း တစ်မြို့တည်းနေပြီး တစ်နေရာစီသုံး အုပ်စုကွဲနေတာ မဟုတ် လားနော်။ ဘယ်သွားသွား၊ ဘာလုပ်လုပ်အုပ်စုကြီးနဲ့ နေခဲ့ရာက ခုလိုတစ်ကွဲ တစ်နေရာစီဖြစ်နေတာအတွက် ကျွန်မရင် မှာမခံမရပ်နိုင်အောင် နာကျင်မှုတွေက နှလုံးသားတစ်နေရာ မှာဒဏ်ရာတစ်ခုလို ဖြစ်တည်နေပါတယ်။ အလုပ်ထဲ မှာ နစ်မြုပ်ပြီး လှုပ်လှုပ်ရှားရှားနေတဲ့အခိုက်မျိုးမှာ တော့နေသာသလိုရှိပါရဲ့။ အလုပ်ကပြီးလို့ အိမ်ပြန်ရောက်တာ နဲ့ အိပ်ရာပေလက်လက်အမောဖြေချိန် မှာတော့ နေသာသလိုရှိပါရဲ့။ အလုပ်ကပြီးလို့ အိမ်ပြန်ရောက်တာ နဲ့ အိပ်ရာပေါ်ပက်လက်အမောဖြေ ချိန်ကျရင် ကလေးတွေ က ခွေးသားအုပ်မကြီး ကို ခွေးလေးတွေ လာ တွယ်နေကြသလို ၀ိုင်းဝိုင်းလည် တွယ်နေကျဖြစ်တော့ လစ်ဟာမှုအတွက်ရင်ထဲမှာ အလူးအလဲ နင့်နေအောင် ခံစားရပါတယ်။

ညညဆိုရင်လည်း အမေ့ဘေးမှာ အလှည့်ကျကပ်အိပ်ဖို့ နေရာလုကြ၊ ရန်ဖြစ်ကြတာတွေမြင်ယောင်မိ ရင်း၊ မျက်ရည်တွေ အလိုလိုကျလာတော့တာပဲ။ သားသမီးတွေကို လွမ်းမိတိုင်း အတွေးတွေ လွန်မိတဲ့ အခါလည်း ရှိရဲ့။ ဘ၀များစွာက ဘယ်လိုအကြောင်းတရားတွေ မကောင်းပြုခဲ့မိလို့ ခုလိုတကွဲတပြားစီ ဖြစ်နေရပါလိမ့် ဆိုတာမျိုးပေါ့။ အကြွေးကို အကြွေးမှန်းသိဖို့တော့ လိုအပ်ပါတယ်။ ဒါမှလည်း ဒီအ ကြွေး ကိုကျေကျနပ်နပ် ပေးဆပ်နိုင်မှာနော်။ ဟိုလူ့ကြောင့်၊ ဒီလူကြောင့် ဆိုတဲ့ လက်ညှိုးထိုးမှုတွေ ပါလာရင် အကြွေးမကျေ တဲ့အပြင် နောက်ထပ်ကြွေးသစ်ယူသလိုတောင် ဖြစ်ဦးမှာပါ။ ဒါကြောင့် ဒီဝဋ် ကြွေးဒီဘ၀တင် အကျေဆပ်နိုင်အောင် တိရစ္ဆာန်ကအစ သူတစ်ပါးရဲ့မိသားစုအုပ်စုကို မခွဲဖြစ်အောင် ကြိုးစားပြီးနေပါတယ်။

အမေ့ရင်ခွင် ပြန်ရောက်လာတော့ သားကလည်း ပျော်လို့၊ ကျွန်မလည်း စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်အားတဲ့ အခါ ကိုယ်ဝါသနာပါတဲ့ လူမှုရေးတွေကိုလည်း အချန်ပေးပြီး လုပ်ပေါ့။ မြန်မာပြည် ဓာတ်ပုံအသင်း အမှုဆောင်အဖြစ် အသင်းကိစ္စတွေလည်း လှုပ်ရှားရင်း သီယိုဆိုဖီအဖွဲ့မှာလည်း တက် တက်ကြွကြွ ပါဝင်ရင်း အထူးသဖြင့် ကျွန်မရဲ့ဇာတိဌာနဖြစ်တဲ့ မန္တလေးအသင်းမှာလည်း တာဝန်ယူရင်း အချိန်တွေ ကို တန်ဖိုးရှိရှိ ကုန်ဖြစ်ပါတယ်။ ရန်ကုန်ကို ရောက်စကတည်းက ပါဝင်လှုပ်ရှားခဲ့တဲ့ ယုဝတီ ကလောင်အဖွဲ့ အသင်းကတော့ မမခင် (ဒေါ်ဒဂုံခင်ခင်လေး)တို့ အိမ်ထောင်ရေး ပြိုကွဲသွားပြီးကတည်း ကအရင်ကလို ထိရေက်မှုတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ မမခင်ရဲ့ ဦးဆောင်မှုကြောင့် စုစည်းမှုကတော့ ရှိပါသေးတယ်။

တစ်နေ့မှာ ဒေါ်ဒဂုံခင်ခင်လေးက...
"မမခင် တို့ ယုဝတီအဖွဲ့ ပုဂံကို လေ့လာရေး သွားကြမယ်၊ ဓာတ်ပုံတွေလည်း ရိုက်ရအောင်၊ မမခင်နဲ့ လည်းအဖော် ရအောင် ခင်မကြီးလည်းလိုက်ခဲ့"ဆိုပြီး လာခေါ်ပါတယ်။ မမခင်က အိမ်တိုက်ရာရောက် လာခေါ်တော့ လည်း လေးစားရိုသေစိတ်နဲ့ မငြင်းရဲတာလည်း တစ်ကြောင်း၊ ပုံဂံကိုလည်း ရောက်ဖူး ချင်တာက တစ်ကြောင်းနဲ့ လိုက်ဖြစ်သွားပါတယ်။ မာမီ့ကိုစောင့်ကြည့်ပေးဖို့ ဦးကျော်ဇောနဲ့ ညီမကြည် ကြည်ဝင်း တို့ကလည်း တာဝန်ယူကြတယ်ဆိုတော့လည်း စိတ်လက်ပေါ့ပါးလို့ပေါ့။ ကျွန်မက ခရီးသွား တာဝါသနာ ပါပေမဲ့ နောက်ပိုင်းမအေးသူမို့ ဘယ်ခရိးမှ ဖြောင့်ဖြောင့်သွားနိုင်သူ မဟုတ်ပါဘူး။ အခု အခွင့်သာခိုက်ကလေး ဆိုပြီးရက်ကလည်း သိပ်မကြာတာကြောင့် လိုက်သွားဖြစ်တာပါ။ ကိုယ်နဲ့ စိတ်တူ၊ ၀ါသနာတူ၊ ရေးဖော်ရေးဖက် ကလောင်ရှင် အမျိုးသမီးတွေနဲ့ ဆိုတော့လည်းအပျော်သား။ ပုဂံရဲ့အလှကလည်း မက်မောဖွယ်ရာမို့ ရင်ထဲမှာတသသစွဲပြီး ပြန်ရောက်လာပါတယ်။

အိမ်တံခါးလည်း ဖွင့်လိုကရော သားရွှေစင်ကို ထိပ်ကွက်ခေါင်းတုံး ရိတ်ထားတာတွေ့လိုက်တာနဲ့
"ဟဲ့...လာစမ်းပါဦး၊ ဘယ်လိုဖြစ်တာလဲ"နဲ့ အနားခေါ်ကြည့်တော့ ခေါင်းထဲမှာ တစ်ညိုလောက်ချုပ်ရိုး ကြီးက အထင်းသား ပေါ်နေလေရဲ့။ ကျွန်မရင်မှာဒိန်းခနဲ ဆောင့်သွားတော့တာပဲ။ သူကတော့ ရယ်ကျဲ ကျဲနဲ့။ သမီးကေသီ က ပြေးထွက်လာပြီး...
"မာမီ မရှိတုန်း သမီးတို့တစ်တွေ ဖြစ်ချင်တိုင်း ဖြစ်နေတာလေတဲ့"
"ဘယ်လိုဖြစ်တာလဲ"နဲ့ ပျာပျာသလဲ မေးမိတာပေါ့။
"မာမီ့သားက အီးရေး၊ အီးရာနဲ့ ကရာတေးတွေတစ်ယောက်တည်း လေ့ကျင့်နေတာလေ၊ အဲဒါအပေါ် ထပ်မှာ အီးရားဆိုပြီး ခုန်လိုက်တော့ သူ့အရပ်ကြီးက မိုးထိုးနေတဲ့ဥစ္စာ၊ မျက်နှာကြက်က သံထုပ်ကြီး နဲ့ဆောင့်မိပြီး ခေါင်းကွဲတော့ ဖုတ်ခနဲ လဲကျတာပေါ့၊ ဒိန်းခနဲအသံကြားတာနဲ့ သမီးလည်းပြေးတက် ကြည့်တာ သွေးတွေက ရဲနေလို့ ကြောက်တာနဲ့ ပြန်ပြေးဆင်းလာရော၊ အိမ်မှာလည်းဘယ်သူမှမရှိဘူး၊ မဖြစ်ပါ ဘူး ဆိုပြီး ကြောက်ကြောက် နဲ့ သူ့ကိုသွားထူထားခဲ့ပြီးမှ ဒေါက်တာသန်းသန်းဌေးကို ပြေးခေါ် တာ"တဲ့။

တော်ပါသေးရဲ့။ ဒေါက်တာသန်းသန်းဌေးက လမ်းထိပ်မှာနေပေလို့ပဲ။ ကျွန်မတို့အိမ်က တစ်ယောက် မဟုတ် တစ်ယောက်ပြဿနာပေါင်းများစွာနဲ့ အမောတကောပြေးပြေးပင့်ရတာ အခါပေါင်းများစွာပါပဲ။ ဆွေလိုမျိုးလို ရင်းနေလို့ သာ အားမနာရတာပါ။
တစ်ခါတုန်းကလည်း ကျွန်မရဲ့တူမလေး "ခင်ထွေး"ဆိုတာ အိမ်ကသဘောမတူတဲ့ သူနဲ့ယူပြီး ကလေး ရတော့သားဦး မို့ မလုပ်တက်မကိုင်တတ်နဲ့ စိတ်ညစ်တာပေါ့။ လူကြီးတွေကလည်း ပစ်ထားတာ ဆို ဆော့အိမ်လည်းမပြန်ရဲဘူး။ ဆေးရုံကမီးဖွားပြီးလို့ ဆင်းတာနဲ့လေးရက်ပဲ ရသေးတဲ့ကလေးငယ်လေး ကိုပိုက်ပြီးရွှေမန်း အစုန်ရထားနဲ့ ကျွန်မဆီရောက်လာပါလေရော။ ရထားဆိုက်လို့ ဆင်းမဲ့ဆဲဆဲကာလ မှကလေး တစ်ဖက် နဲ့မနိုင်မနင်း ဖြစ်နေတာကို အခွင့်ကောင်းယူတဲ့ ခါးပိုက်နှိုက်က ပိုက်ဆံအိတ်ဆွဲ သွားလို့ တဲ့လေ။ သူစီးလာတဲ့ ကားခတောင် ကျွန်မကဆီးပြီး ပေးလိုက်ရသေးတယ်။

ကလေးကလည်း လေးရက်ပဲ ရသေးတော့ နီတာရဲလေ။ လမှစေ့ရဲ့လားလည်း မသိပါဘူး။ လေးကွေး လိုက်တာ အရုပ်ကလေး ကျနေတာပဲ။ တစ်ညပဲအိပ်ရသေးတယ်။ မနက်ကျကလေးက အသက်မရှိတော့ ဘူးလေ။ ကျွန်မတို့လည်း ပျာသွားတာပေါ့။ ဘာလုပ်ရမှန်းမသိဘူး။ ဒါနဲ့ ရက်ကွက်ကောင်စီ သွားပြီး သတင်းပို့၊ သင်္ဂြိဟ်ဖို့သေ စာရင်းလက်မှတ် တောင်းတဲ့အခါကျ မွေးစာရင်းပါမှ သေစာရင်းက ထုတ်ပေး တာတဲ့။ ဒါနဲ့ ကလေးအမေ ဆီပြန်လာတောင်းတော့ ခါးပိုက်နှိုက်တဲ့ပိုက်ဆံအိတ်ထဲ ဖွားစာရင်းကပါ သွားပြီတဲ့။ ဒါမျိုးတွေ ကိုယ်က အတွေ့အကြုံမရှိဖူးတော့လည်း အခက်။ မိတ္တူယူရအောင်ကလည်း မီးဖွားလာတာက မန္တလေးဆေးရုံကြီး မှာ။ ကျွန်မတော်တော်စိတ်ညစ်သွားရတယ်။
မတတ်နိုင်တဲ့အဆုံး ရပ်ကွက်ကောင်စီကိုပဲ ပြန်သွားပြီး အကျိုးအကြောင်းပြောပြရတာပေါ့။ ဒီတော့ ကောင်စီက ဒါဆိုရင်မီးရထားရဲ ကို သွားပြီး တိုင်ချက်ဖွင့်။ ရဲဆီက ထောက်ခံစာ ယူလာတဲ့အခါ ကျ သေစာရင်း ထုတ်ပေးမယ်ဆိုတာနဲ့ ဘူတာကြီးက မီးရထားရဲကို သွားတိုင်။ လိုအပ်တဲ့ စာရွက်စာတမ်း ရတော့မှပဲ သင်္ဂြိုဟ်ဖို့ သေစာရင်းလက်မှတ်လည်း ရခဲ့ပါတယ်။ တစ်မနက်လုံး ပြေးလိုက်လွှားလိုက် သွားလိုက်တာ ဖတ်ဖတ်မောရော ပါပဲ။

အိမ်ပြန်ရောက်တော့ ကလေးကိုရေပတ်တိုက်၊ အင်္ကျီလဲပေး၊ အနှီးလေးနဲ့ထုပ် ဒါတွေလည်းကျွန်မပဲ လုပ်ရ ပါတယ်။ ကလေးအမေ က မကိုင်ရဲလို့တဲ့။ ကိုင်သာမကိုင်ရဲတာ၊ သူ့သားလေးကိုတော့ အချစ် သား။ မျက်ရည်လည်ရွဲ နဲ့ တစိမ့်စိမ့်ကြည့်နေလေရဲ့။
"မာမီ၊ ကလေးလေး က မီးရထားကြီး စီးလာရတာ ပင်ပန်းပြီးသေသွားတာလားဟင်"နဲ့ မသိတတ်ဆိုး ရွားစွာနဲ့ သမီးလတ် မကေသီကလည်း လာပြီး စပ်စုနေလိုက်သေးတယ်။ တကယ် လည်းဖြစ်တော့ ဖြစ်နိုင် စရာရှိရဲ့။ မွေးမြီးလို့မှ လေးရက်ပဲ ရသေးတဲ့ သွေးခဲလေးသာသာ နုနုလေးရယ် မဟုတ်လား နော်။
သရဏဂုံ တင်ဖို့လည်း လိုအပ်တာကြောင့် ကျွန်မက ဘုန်းကြီးပင့်ခိုင်းဖို့ စီစဉ်နေဆဲပဲရှိသေးတယ်။
"အန်တီခင်၊ သားလေးမသေသေးဘူး၊ အသက်ရှူနေတယ်"တဲ့။ ကလေးအမေက ပြောလာပြောတာနဲ့ သွားကြည့်တော့ ဘယ်က ဟုတ်ရမှာလဲ။ ကလေးကအေးစက်တောင့်တင်းတော်ငနေပြီ။ သူ့ဟာသူ ကြည့်နေ ရင်း မိခင်ပီပီ ရှင်စေလို တဲ့စိတ်ဇောကပ်နေတာကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်နေတာပါ။

"မဟုတ်ပါဘူး ခင်ထွေးရယ်၊ ကလေးကအေးစက်တောင်နေပြီပဲ"လို့ ပြောလည်းမရဘူး။
"အန်တီခင်၊ သေသေချာချာ လာထိုင်ကြည့်ပါ၊ ရင်လေး တစ်ချက်တစ်ချက်ဖောင်းလာသလိုပဲ"
မဟုတ်မှန်း သိပေမဲ့ကျွန်မထိုင်ငြင်းနေလည်း အပိုပဲမို့ မပြောတော့ပါဘူး၊ သူစိတ်ကျေနပ်အောင် အနားမှာ သွားထိုင်ကြည့်ရင်း တွေးနေမိတယ်။ ကလေးအသက်မရှိတော့ပါဘူးဆိုတာ ဘယ်လိုပြော ပြော ကျွန်မက ဆရာဝန် မဟုတ်တော့ သူမယုံအပြစ်မဆိုဘူးပေါ့။ မိခင်တစ်ယောက်အနေနဲ့ ရင်မှာဖြစ် ရသောသား ကိုဘယ်သူမှ မပစ်ရက်နိုင်ဘူး ဆိုတာကိုလည်း ကိုယ်ချင်းစာပြီး အသနားပိုမိပါတယ်။ ဒါနဲ့ သရဏဂုံတင် ဖို့အတွက် ဘုန်းကြီးပင့်ခိုင်း တဲ့ အသန်းကိုပဲဒေါက်တာသန်းသန်းဌေးကို ပြေးပြီးပင့်ခိုင်း ရပါတယ်။

"ဒေါက်တာသန်းသန်းဌေးရောက်လာပြီး ကလေးကိုစမ်းသပ်ကြည့်တော့လည်း ကလေးကအသက် မရှိ တော့တာ အမှန်ပါပဲ။ သန်းသန်းဌေးက ကျွန်မကိုလက်ကုပ်ခေါ်သွားပြီး တစ်ဖက်ခန်းရောက်တော့မှ..."
"မမခင်ရေ၊ ကလေးကအသက်မရှိတာသေချာပါတယ်၊ ကျွန်မထောက်ခံမပေးရဲဘူး၊ အမေက မသေဘူး ထင်နေ တာနော်၊ တော်နေ ကျွန်မသားလေး အသက်ရှင်နေလျက်နဲ့ ဒေါက်တာနဲ့ မမခင်ပေါင်းပြီး သင်္ဂြိုလ်ပစ် လိုက်ပါတယ်နဲ့ စွပ်စွဲပြီး အမှုတွေဘာတွေလုပ်နိုင်တယ်၊ အကောင်းဆုံးကတော့ မမခင် လည်းဘာမှမပြောနဲ့၊ ဂန္ဓိဆေးရုံကိုခေါ်သွား၊ အမေကိုတစ်ခါတည်းဆရာဝန်နဲ့ တွေ့ပေးလိုက်၊ ဆေးရုံ ကဆုံးဖြတ်တဲ့စာကို ယူပြီးအမေ့ဆန္ဒ ကိုမေး၊ သင်္ဂြိုလ်မှာလားဆိုတာ သူစိတ်ကျေနပ်မှ လုပ်ပေးနော်၊ ပြဿနာရှုပ်ကုန်မယ်၊ ကျွန်မ သိတယ် မမခင် စေတနာကောင်း တာ၊ ဒါပေမဲ့ သတိထား"တဲ့။ ပြောပြီး ပြန်သွားလေရဲ့။

ဒီတော့မှ ခင်ထွေးကို ကျွန်မက "ကဲ...ဆရာဝန်ကပြောသွားတယ်၊ ဆေးရုံးသွားပြတာ ပိုကောင်းမယ်တဲ့၊ လာသွားကြစို့" ဆိုပြီး ပြင်ဆင်တော့ ကျွန်မရဲ့ကလေးတွေက ပြေးထွက်လာကြပြီး....
'မာမီ... မာမီ... လာပါဦး ' နဲ့ အခန်းထဲ ဆွဲခေါ်သွားပြန်ပါရော။
'ဟို... အဲဒီကလေးကို အိမ်က ကားပေါ် တင်ခေါ်သွားမှာလားဟင်၊ တခြားကားနဲ့ သွားလို့မရဘူးလား' တဲ့။ သူတို့ စိတ်ထဲ မှာ အသက်မရှိတဲ့ ကလေး ကားပေါ် တင်သွားမှာ ကို မလိုလားသလို ဖြစ်နေကြတယ် ထင်ပါရဲ့။
'ဒီမှာ နားထောာင်၊ ခန္ဓာကိုယ်ဆိုတာ အခွံကြီး၊ ဘာမှ ဟုတ်တာမဟုတ်ဘူး၊ မသေသေးလို့ အဟုတ်ထင်ပြီး ချစ်နေ၊ အကြင်နာနေ၊တွယ်တာနေကြတာ၊ သမီးတို့ သားတို့ တန်ဖိုးထားပြီး ချစ်ရမှာက အဲဒီအခွံကြီး မဟုတ်ဘူး၊ စင်၊ကြယ်တယ်၊ ဒါကြောင့် ဘာမှကြောက်စရာမရှိဘူး၊ အခွံဆိုတာ ဘယ်သူမှ သိမ်းထားတာ မဟုတ်ဘူး၊ ငှက်ပျောသီး စားပြီး ဘာလုပ်လဲ၊ အခွံကို အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တာပဲ မဟုတ်လား၊ ခုလည်း ဘာမှ စိတ်ပူစရာ မလိုဘူး၊ သူအတွက် အကောင်းဆုံး လုပ်ပေးတာမို့ ကုသိုလ်တောင် ရသေးတယ်၊ နားလည် တယ် မဟုတ်လား' နဲ့ အရေးထဲမှာ သူတို့ သဘောပေါက်အောင် ရှည်ရှည်ဝေးဝေးတွေ ရှင်းပြနေရသေး တယ်လေ။

ဒီတော့မှ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ခေါင်းလေးတွေ ညိတ်လို့ ကျေနပ်သွား ကြလေရဲ့။
ဆေးရုံ ရောက်တော့ ဒေါက်တာသန်းသန်းဌေး မှာထားတဲ့အတိုင်းပဲ၊ ခင်ထွေးကို ဆရာဝန် နဲ့ တွေ့ပေးလိုက်ပါတယ်။ ဆရာဝန်က သေသေချာချာ စမ်းသပ်ပြီးတာနဲ့ ကလေးသေဆုံးကြောင်း သူ့ကိုလည်း ရှင်းပြ၊ လိုအပ် တဲ့ ထောက်ခံစာလည်း ရေးပေးလိုကတော့ အမေခမျာ မျက်ရည်တွေကျလို့။ ဒီတော့မှ သူ့သား သေတယ် ဆိုတာ လက်ခံပေတော့တာပဲ။ အိမ်ကို လည်း တစ်ခေါက် ပြန်မသွားချင်တော့တာနဲ့ ဂန္ဓီဆေးရုံ က အပြန်မှာ လမ်းလည်း ကြုံတာဖြစ်လို့ ကျွန်မတို့ ကိုးကွယ်တဲ့ ပုဇွန်တောင်က ဆားလင်းကျောင်း တိုက်ကို ဝင်လိုက်ပါတယ်။ ဆရာတော်နဲ့လည်း အဆင်သင်တွေ့လို့ တစ်ခါတည်း ကလေးရဲ့ ရုပ်ကလာပ်ကို သရဏဂုံ တင်ပြီး တာမွေသုသာန်မှာ သင်္ဂြိုဟ်ရပါတယ်။
'ဉာတကနဉ္စ သင်္ဂဟော' အဆွေအမျိုးတို့ကို စောင့်ရှောက်ရခြင်း ဆိုတာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား က ဟောကြားခဲ့ပေမဲ့ မိမိမှာ ပြဿနာကင်းအောင်လည်း စောင့်ရှောက် တတ်ဖို့ လိုအပ်ပါလားဆိုတဲ့ အသိတရား တစ်ခုလည်း သင်ခန်းစာအဖြစ် ရရှိလိုက်ပါသေး တယ်။
ကျွန်မဘ၀ သင်ခန်းစာ များကတော့ စုံပါ့ဆိုတဲ့ အထဲပါပဲနော်။

ဆက်ရန်
.

2 comments:

Anonymous said...

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၃) အပိုင်းတက်လာကတည်းက F5အဆက်မပြတ်နိုပ်ပြီးစောင့်နေတာ

Thu said...

" ဒေါသရိပ်နဲ့ သူ့မျက်နှာ ကို လှမ်းကြည့်တော့ မသိချင်ယောင်ဆောင်ပြီး သူက မျက်နှာ တောင် လွှဲလိုက်သေး" Buyers might get wrong interpretation on it.