ကျွန်တော့်စိတ်တွင် လှုပ်ရှားလျက်ရှိပါသည်။
တစ်နေ့သော အခါ ကျွန်တော့်ထံသို့ ထင်းပွဲစား ကိုဘမောင်ဆိုသူ ရောက်ရှိလာပါသည်။ ကိုဘမောင်တို့ ထင်းပွဲရုံ မှာ သန်းသန်းတို့ အိမ်ဘေးရှိ ကျွန်တော့် ဦးလေးပိုင်သော မြေကွက်တွင် ဖွင့်ထားပါသည်။ ကိုဘမောင် တစ်ယောက် ကျွန်တော့်ရှေ့သို့ ရောက်သောအခါ ကောင်းစွာ စကားမပြောနိုင်ဘဲ မျက်ရည် များ က တွေတွေကျလျက်ရှိပါသည်။ ၎င်း၏ ပါးပြင်မှာလည်း ခြင်းခြင်းနီလျက် ရှိပါသည်။ ၎င်း၏ အခြေအနေ ကို မြင်တွေ့ရခြင်းဖြင့် ကိုဘမောင်တစ်ယောက် ဂျပန်စစ်သားများ၏ လက်ချက်မိ လာခဲ့ကြောင်း ကျွန်တော် သိလိုက်မိ သည်။ ကို ဆက်ဖတ်ရန် ...
“ကိုဘမောင်၊ ဘာဖြစ်လာတာလဲဗျ”
“ဂျပန်တွေ ကျွန်တော့်သူငယ်ချင်းနဲ့အတူ ထင်းသမ္ဗန်ကို ဖမ်းထားတယ်။ ကျွန်တော့်ကိုလည်း ပါးရိုက် တယ်။ ခြေထောက်နဲ့လည်းကန်တယ်”
“လာ ... ကျွန်တော် လိုက်ခဲ့မယ်”
“ကျွန်တော် မလိုက်ရဲဘူး၊ ကိုမြလှိုင်”
ကျွန်တော်သည် စစ်ဝတ်စုံကို အမြန်ဝတ်ဆင်လိုက်သည်။ ကိုဘမောင်ကို မရအရ ခေါ်ယူပြီး ဂျပန်များစောင့် နေသော အကောက်ရုံဆိပ်သို့ ထွက်လာခဲ့ကြပါသည်။ ဖျာပုံမြို့၏ ကမ်းနားသည် ၃ မိုင်ခွဲခန့် ရှည်လျား ၍ ရောင်းဝယ်ဖောက်ကားမှုဖြင့် အလွန်စည်ကားလှပါသည်။ ဂျပန်တို့က မြို့ထိပ်ဖြစ်သော မြူနီစီပယ် ပန်းခြံနှင့် မြို့စွန်ဖြစ်သော ၀ါးတန်းတွင် အကောက်ကောက်ယူရန်၊ ပစ္စည်းရှာဖွေရန်၊ သိမ်းဆည်းရန်တို့အတွက် ကင်းရုံ နှစ်ခု ဖွင့်ထားပါသည်။
ယင်းကင်းရုံမှနေ၍ လာသမျှသော လှေ၊ သမ္ဗန်၊ မော်တော်၊ သင်္ဘောများကို ခေါ်ယူစစ်ဆေးမှု ပြုပါသည်။ ကင်းတဲ တွင် မြန်မာကေဘိုထိုင်အဖွဲ့သားများနှင့် ဂျပန်စစ်သားများက ကြီးကြပ် အုပ်ချုပ်ပါသည်။ ကျွန်တော်နှင့် ကိုဘမောင်ရောက် သွားသောအခါ ကိုဘမောင်၏ သူငယ်ချင်းဖြစ် သူ ကိုသိန်းဖေ (နောင်သောအခါ အောင်ပင်လယ်ဦးသိန်းဖေဖြစ်လာသူ)ကို ဂျပန်စစ်သား၏ အမိန့်အရ လက်နှစ်ဘက်ကို ကြိုးချည် ဖမ်းဆီးထားသည်ကို တွေ့ရပါသည်။ ၎င်း၏ထင်းသမ္ဗန်မှာ ကမ်းနားတွင် ကပ်ထားပြီး ကေဘိုထိုင် များက သမ္ဗန်ပေါ်တွင် ထိုင်ကာ စကားဝိုင်းဖွဲ့လျက်ရှိပါသည်။ အမှန်စင်စစ် ဤကိစ္စ သည် ခက်ခဲသော ကိစ္စ မဟုတ်ပေ။ ပင်လယ်ပိုင်းတွင် နစိုတောကြီးမှ ထင်းများကို ခုတ်လှဲ၍ ဖျာပုံသို့ တင်ပို့ ရောင်းချကြရာ၌ မိမိတို့ သယ်ယူလာသော ထင်းသမ္ဗန်အကြီးအသေးကိုလိုက်၍ ကောက်ခ ပေးဆောင် လုပ်ကိုင်ရခြင်းပင်ဖြစ်ပါသည်။ ယခုကိုဘမောင် ၏ ပြောစကားအရ ဂျပန်စစ်သားသည် အကောက်ခွန်အဖြစ် ကိုသိန်းဖေ ယူလာသော ပျားရည်ပုံးနှင့် ဘဲဥများကို သိမ်းယူခြင်းမှ အစပြု၍ ယခုဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။ ကေဘိုထိုင်များသည် ကျွန်တော့် အား မြင်သောအခါ သမ္ဗန်ပေါ်မှ အလျှိုလျှို အကောက်ရုံသို့ တက်လာကြပါသည်။
“ဒီမယ် ... ခင်ဗျားတို့ ခေါင်းဆောင် ဘယ်သူလဲ”
“ဂျပန်မာစတာပါ”
“ဒီကောင် ဘယ်သွားလဲ”
“မာစတာ ပြန်သွားပါပြီ”
“ဒါဖြင့် ဘယ်သူ လူကြီးလဲ”
ကျွန်တော် ၏ ဒေါမာန်ပါပါ မေးမြန်းနေသည်ကို မည်သူမျှ ဖြေကြားခြင်းမပြုဘဲ နေကြသည်။ ကျွန်တော်က စိတ်မရှည် သဖြင့် ဆဲဆိုကြိမ်းမောင်းသောအခါ မောင်ပုဆိုသူက ကျွန်တော့်အား ၎င်းတို့ဖမ်းဆီးထားသော ကိုသိန်းဖေ ကို ပြန်လွှတ်ပေးပါမည်ဟု ပြောဆို၍ လက်နှစ်ဖက်ကို ချည်နှောင်ထားသော ကြိုးများ ကို ဖြည် ပေးပါသည်။ ထို့နောက် ထင်းသမ္ဗန်ကြီးကိုလည်း ကျွန်တော့် အား ပြန် ယူသွားနိုင်ကြောင်း ပြောကြား ပါသည်။
“ကျွန်တော့် ဘဲဥခြင်း ကျန်သေးတယ်”
“ဟုတ်လား။ ဟေ့လူတွေ သူ့ဘဲဥတွေ ကျန်သေးတယ်ဆိုဗျ ...”
“ဂျပန်မာစတာကြီး ယူသွားပြီ ဗိုလ်ကြီး”
“ကိုင်း ... လာကြပါဗျာ၊ ကိုဘမောင်နဲ့ ကိုသိန်းဖေ သမ္ဗန်ပြန်ခတ်ယူကြပါ”
ကျွန်တော်က ကေဘိုထိုင်များအား ကောင်းမွန်စွာ နှုတ်ဆက်၍ ပြန်လာခဲ့ပါသည်။ အိမ်သို့ပြန်ရောက်သော အခါ ကျွန်တော့် အား စိတ်ပူပင်စွာ စောင့်မျှော်နေသော ဇနီးဖြစ်သူ သန်းသန်းကို တွေ့ရပါသည်။ သန်းသန်း သည် ကိုဘမောင် ကို လာခေါ်စဉ်က တားမြစ်လိုသော်လည်း ကျွန်တော်က ချက်ချင်းထလိုက်သွားခြင်းကြောင့် မတားမြစ် လိုက်ရဘဲ ပူပင်သောက ရောက်လျက်ရှိပါသည်။ ဖျာပုံမြို့တွင် မြန်မာစစ်သား မြန်မာစစ်တပ်ဟူ၍ မရှိဘဲ ဂျပန် စစ်တပ်သားရှိခြင်းကြောင့် ကျွန်တော် အိမ်ပြန်ရောက်၍ မကြာမီပင် ကိုဘမောင်နှင့် ကိုသိန်းဖေ တိုသည် ၀မ်းသာပျော်ရွှင်စွာ ပြန်ရောက်လာကြပါသည်။ ကျွန်တော်တို့ အားလုံး အိမ်ဖိနပ်ချွတ်တွင် စုဝေးထိုင်ကြ ရင်း ကေဘိုထိုင်များအကောင်း ပြောဆိုကာ တ၀ါးဝါး ပွဲကျနေကြပါသည်။
“သူငယ်ချင်း ... ဒါ ကိုမြလှိုင်တဲ့ကွ”
ကိုဘမောင်က ကိုသိန်းဖေဆိုသူနှင့် မိတ်ဆက်ပေးပါသည်။ ကိုသိန်းဖေသည် ဆံပင်အလွန်ကောင်း၍ သူ၏ ကြီးမားသော သျှောင်ကြီးသည် ကြေးနီရောင်သန်းလျက်ရှိပါသည်။ ထို့ပြင် ပါးစပ်တစ်ခုလုံး ကွမ်းများတမြုံ့မြို့ ၀ါးလျက် ရှိပါသည်။ သူ၏ တုတ်ခိုင်ကြီးမားသော လက်မောင်းကြီးများ၊ အားရပါးရရယ် မောခြင်းများကို ကြည့် လျက် သူ၏ ရိုးသားပွင့်လင်းမှုများကို အကဲဖြတ်၍ ရပါသည်။ ထိုအချိန်မှအစပြု၍ ကျွန်တော် ကိုသိန်းဖေ တို့နှစ်ဦးမှာ ရင်းနှီးခင်မင်ခဲ့ကြပါသည်။
ဂျပန်ကင်ပေ မော်နီတာက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေပါသည်။ အကြောင်းမှာ ကျွန်တော်တို့ ၀ယ်ယူ ထားသော ငါးခြောက် အိတ်များကို သင်္ဘောပေါ်မှာသိမ်းဆည်း သယ်ဆောင်သွားရာမှ ကျွန်တော်နှင့် ဂျပန်စစ်ဗိုလ်သည် ကျွန်တော်တားမြစ်နေသည့် ကြားမှ ငါးခြောက်အိတ်များကို ခြေထောက်ဖြင့်ကန်ခြင်း သယ်ယူလာသော အလုပ်သမား များကို သင်္ဘောပေါ်မှ ပြန်ချခိုင်းခြင်းများ ပြုခဲ့ရာ ကျွန်တော်သည် ဂျပန် စစ်ဗိုလ် အား ဘောတံတားပေါ်မှ ခြေဖြင့် ရေထဲသို့ ကန်ချလိုက်ပါတော့သည်။ ထိုအချင်းဖြစ်ပွားမှုဖြင့် ကျွန်တော့် အား ဂျပန်ကင်ပေတိုင်ရုံးမှ လာရောက်ခေါ်ငင်ပြီး မေးမြန်းခြင်ဖြစ်ပါသည်။
ကျွန်တော်သည် စစ်ဝန်ကြီးရုံးမှ ပေးလိုက်သော စာရွက်များကိုပြ၍ ကျွန်တော်တို့ပစ္စည်းများကို အဓမ္မယူငင် ရန်ကြိုးစားခြင်း များကို ရှင်းလင်းပြပါသည်။ ကျွန်တော်နှင့် မော်နီတာတို့ အချီအချ ပြောဆိုနေချိန်တွင် ကိုသိန်းနိုင် တစ်ယောက် ရောက်ရှိလာပြီး မော်နီတာအား ကျွန်တော်သည် ကာနယ်လက်ျာ၏ ညီဖြစ်ကြောင်း၊ ဂျပန်စစ်သား များ မကြာခဏ ယခုကဲ့သို့ ပြုမူခြင်းကြောင့် ဂျပန်စစ်သားများကို မြို့သူမြို့သားများက မုန်းတီးကြကြောင်း ကို ၈ျပန်လိုပြောဆိုနေပါသည်။ ထိုသို့ပောဆိုပြီးနောက် မော်နီတာ၏ အမူအရာများသည် ချက်ချင်းပြောင်းလဲ သွားပြီး ကျွန်တော့်အား ယခုကဲ့သို့ ရိုင်းစိုင်းစွာ ဆက်ဆံသော ဂျပန်စစ်ဗိုလ်အား အရေးယူ မည်ဖြစ်ကြောင်း၊ မြန်မာစစ်သား၊ ဂျပန်စစ်သားဆိုသည်မှာ ညီအစ်ကိုများဖြစ်ကြောင်း လေပြည်ထိုး၍ ကျွန်တော့် အား ကင်ပေတိုင်ရုံးမှ လွှတ်လိုက်ပါသည်။
သန်းသန်း သည် ကျွန်တော့်အား ကင်ပေတိုင်ရုံးမှ ခေါ်ယူသွားသည့်အတွက် အလွန် စိတ် ပူပင်စွာဖြင့် စောင့်မျှော်နေ စဉ် ကျွန်တော် ပြန်လာသည်ကို မြင်ရသဖြင့် ဖိနပ်ပင် မစီးနိုင်ဘဲ အပြေးရောက် ရှိလာပါသည်။ ကျွန်တော်ကမူ စိုး၇ိမ်ပူပန်တတ်လွန်းသော ဇနီးသည်အား စိတ်မကောင်းစွာ ကြည့်နေမိသည်။ ထိုအခါ သန်းသန်း က အားမလိုအားမရဖြင့် ကျွန်တော့်လက်ကို ဆွဲခါလှုပ်ရမ်းကာ ဂျပန်ကင်ပေတုင်ရုံးက ဘာလုပ် လိုက်လဲ ဟု မေးပါသည်။
“ဘာမှမလုပ်ပါဘူးကွာ၊ လုပ်ရင်လည်း ဘယ်ခံမလဲ၊ ဖြစ်ချင်တာဖြစ်၊ ခံချမှာပေါ့”
“မလုပ်နဲ့။ ကင်ပေတွေ ဆီ ရောက်ပြီးတဲ့လူဆိုရင် အနည်းဆုံး ကျိုးပဲ့ပြီး ပြန်လာခဲ့ကြတာ များတယ်သိလား။ ဒါကြောင့် ကိုသိန်းနိုင် ကို အပြေးသွားပြောရတယ်။ ကိုသိန်းနိုင်ရောက်လာတယ် မဟုတ်လား”
“သြော် ... သန်းက သွားအကူအညီ တောင်းတာကိုး”
“အင်းပေါ့ ... ဖျာပုံမှာတော့ မော်နီတာဟာ ဘုရင်တစ်ဆူပဲ”
ကျွန်တော်နှင့် သန်းသန်း စကားပြောရင်း အိမ်သို့ရောက်ရှိလာပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့နှင့် မရှေး မနှောင်းပင် ကိုသိန်းနိုင်နှင့် သန်းကြည်တို့ နှစ်ယောက် ရယ်မောလျက် ကျွန်တော့်ထံ ရောက်လာကြ ပါသည်။ သန်းသန်း သည် သန်းကြည်အား ဂျပန်ကတော် လုပ်ခြင်းကြောင့် မုန်းတီးသော်လည်း ယခုတွေ့သောအခါ ဟန်ဆောင်သောအပြုံးဖြင့် ဖော်ရွေစွာ စကားလက်ခံပြောဆိုနေသဖြင့် ကျွန်တော့်စိတ် ထဲ၌ ထူးခြားနေမိပါသည်။
“အစ်ကို မြလှိုင် ... ငပုတွေ ဘာတွေလုပ်သေးလဲ”
“ဘာကို ပြောတာလဲဟင်”
“သြော် ... အစ်ကိုကလည်း အစ်ကို့ကို ကင်ပေရုံးက ခေါ်သွားတယ်။ လုပ်ပါဦးဆိုပြီး ကိုသိန်းနိုင်ကြီး အပြေး ရောက်လာတယ်လေ။ သန်းကြည် မော်နီတာဆီ စာရေးပေးလိုက်တယ်။ အစ်ကိုမြလှိုင်ကို ဖမ်းမထားပါနဲ့လို့ ဟင်း ... ဟင်း”
“ဟုတ်တယ်ဗျ။ မော်နီတာကို ကျွန်တော်ပြောလို့ ဘယ်မှာရနိုင်မှာလဲ။ နောက်ပြီး ဒီကောင်တွေက သူတို့ လူကိုထိရင် မှားမှားမှန်မှန် သူတို့ဘက်ကပဲ လိုက်တာဗျ။ ဒါကြောင့် မော်နီတကို နိုင်တဲ့အညှာကို သွားအကူ အညီတောင်းရတာ”
“နေစမ်းပါဦး သန်းကြည်၊ မင်း ဂျပန်စာ တတ်နေပြီလား”
“ဟင့်အင်း ... မော်နီတာက မြန်မာစာ ကောင်းကောင်း တတ်တယ်လေ”
“ဘုရား ... ဘုရား၊ အင်းလေ ကင်ပေတိုင်ဆိုတော့လည်း တတ်ရပေမပေါ့”
“ဒီကောင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ စိန္ဒူစတန်နီ၊ ယိုးဒယားစကားကို ကောင်းကောင်းတတ်တယ်ဗျ”
ကျွန်တော်သည် ကိုသိန်းနိုင်နှင့် သန်းကြည်အား ကျေးဇူးတင်စကားများပြော၍ ရှေ့ကိုလည်း ကျွန်တော့်အား အသက်ပေး၍ ကူညီကြရန် မေတ္တာရပ်ခံရပါသည်။ မကြာမီ သန်းကြည်တို့ ပြန်သွားကြသည်။
“ဟင်း ... ဟင်း၊ အဆက်ဟောင်းက ဒီလိုတော့လည်း စွန့်စားကူညီသားပဲ”
သန်းသန်း ၏ ဟင်းဟင်းဆိုသော အသံ၏အဆုံးတွင် အဆက်ဟောင်းဆိုသော စကားရပ်က ပါလာသဖြင့် ကျွန်တော် လူရိုးကလေး မျက်နှာမထားတတ်အောင်ဖြစ်ကာ ရောယောင်၍ ဟီးဟီးဟု ရယ်သွမ်းသွေးလိုက် မိပါသည်။
“ဟာ ဟီးဟီးလဲ၊ ဒါပဲ ရှုပ်ရှုပ်ယှက်ယှက် မကြိုက်ဘူးနော်။ သန်းကြည်နဲ့ စကားပြောနေတာ၊ ဘေးက ကြည့် နေတာ။ ဟင်း မျက်နှာကိုက မှိုရတဲ့ မျက်နှာကျနေတာပဲ”
“အိုကွာ ... သန်းကလည်း လောက၀တ်တော့ ပြုံးရ ရယ်ရတာပေါ့”
ထို အခါ သန်းသန်း၏ မျက်စောင်းသည် ကျွန်တော့်အား ဝေ့၀ိုက်တိုက်ခတ်သွားပါသည်။
“ကိုသိန်းဖေ”
“ဗျား ...”
“ပင်လယ်ပိုင်းကို ကျွန်တော်တို့ မြေအောက်စခန်း ဌာနချုပ်အဖြစ် ထားချင်တယ်”
“ရ ပါတယ်၊ ပင်လယ်ပိုင်းတစ်ခုလုံး ဘယ်သူမှ ဒီကောင်တွေကို မလိုလားဘူး၊ တစ်ခုပဲ ရှိတယ်။ လမ်းပန်း အခက်အခဲကြောင့် သွားရေးလာရေးတော့ မလွယ်ဘူးဗျ။ ကောင်းတာကတော့ ကျွန်တော်တို့ရွာမှာ သွားရင် ကောမဖြစ်ဘူးလား”
“ဘယ်ရွာကို ပြောတာလဲ”
“အခြားတမံကို ပြောတာလေ”
“အခြားတမံ။ အင်း ... ကောင်းသားပဲ”
“သိပ်ကောင်းပါတယ်။ အခြာတမံဟာ ဖျာပုံနဲ့ နီးတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်ကိုပဲ သွားသွား ဆက်သွယ်လို့ရတယ်”
ကိုသိန်းဖေ ၏ တိုက်တွန်းချက်အရ ဖျာပုံမြို့နယ် ပြည်သူ့အရေးတော်ပုံအဖွဲ့၏ မြေအောက်စခန်းကို အခြားတမံ ရွာတွင် ထားရှိပါသည်။ ကိုသိန်းဖေသည် ကျွန်တော် ကူညီခဲ့သော ကျေးဇူးကို တုံ့ပြန်သော အနေဖြင့် သူ့ရွာသူ့အိမ် သူ့ဆွေမျိုးများအားလုံးက ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေး စည်းရုံးမှုတွင် အသက်နှင့်ထပ်တူ ပါဝင်ဆောင်ရွက်ကြပါသည်။ အလျဉ်းသင့်၍ ကိုသိန်းဖေအကြောင်း ဖော်ပြလိုပေသည်။ ကိုသိန်းဖေသည် ပွင့်လင်းရိုးသားသူဖြစ်သည်။ မိဘများက လယ်သမားများဖြစ်ကြပြီး ကိုသိန်းဖေသည် မိဘများအား ကူညီရင်း ထင်းလုပ်ငန်းကို မိမိပိုင်သမ္ဗန်ဖြင့် ရောင်းဝယ်လုပ်ကိုင်စားသောက်ပါသည်။ စွန့်စား မှုကို ၀ါသနာပါသည့်အတိုင်း ပင်လယ်ပိုင်း ကျားဆိုးသောနေရာ၊ မိကျောင်းသောင်းကျန်းသော နေရာများသို့ ဆောင်ဓားတစ်လက်ကို အားကိုး၍ သွားလာခဲ့သူဖြစ်သည်။ ပင်လယ်ပိုင်းမှ ထင်းလုပ်သား၊ ရေလုပ်သား၊ လယ်သမား၊ တောင်ယာ သမားများက ၎င်းအား ချစ်ခင်ကြသည်။ နောင်သောအခါ ကိုသိန်းဖေသည် ပင်လယ်ပိုင်း ၏ ခေါင်းဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ကျွန်တော်သည် ကိုသန်းထွန်းတို့ပို့ပေးသော ရိက္ခာများကို စစ်ဝန်ကီးရုံး ထောက်ပံ့ရေးဌာနသို့ အဆက်မပြတ် ပို့ပေးရင်း ရရှိသော အချိတ်တင် အခြာတမံရွာသို့ လွန်းပျံသွားရောက်၍ ဖက်ဆစ်တော်လှန် ရေး စည်းရုံးမှု များ ပြုလုပ်ပါသည်။ ကိုသိန်းဖေပြောသည့်အတိုင်းပင် ဖက်ဆစ်တော်လှန်ရေး၏ အဓိက အင်အားဖြစ်သော ကျေးရွာ ကနေ ပြောက်ကျားများကို ဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။
ဖျာပုံမြို့ ၏ အနောက်ဘက် ကျေးရွာအများဖြစ်ကြသော အပြောင်ရွာ၊ ဓနုံးချောင်း၊ ခရိုင်ပေါ်၊ အခြာတမံ၊ ကျီရွာနှစ်ပင်၊ အောက်ကမ္ဘာစသော ရွာများမှ လူငယ် ၁၀၀ ကျော်တို့ကို အခြာတမံကြီးရွာတွင် လေ့ကျင့်ပေး ခြင်း၊ တူးမြောင်းရွာ။ ဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးများ ခေါ်ယူခြင်းများကို ရွာခံများ၏ စည်းလုံး ညီညွတ်မှုဖြင့် တစွန်းတစ်စမျှ ပေါက်ကြားမှုများမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လေသည်။ ယင်းကား ကိုသိန်းဖေ ၏ ကျေးဇူးများပင် ဖြစ်ပါလေသည်။
“ကိုမြလှိုင်၊ ရန်ကုန် ဘယ်တော့ ပြန်မလဲ”
“နောက်တစ်ပတ်လောက် ဆိုပါတော့။ ဘာဖြစ်လို့လဲ”
ကိုသိန်းဖေသည် တောင်းတစ်လုံးဖြင့် ထမ်းယူလာသော လက်ပစ်ဗုံးများကို ကျွန်တော့်အား ပြပါသည်။ ကျွန်တော် အံ့သြခြင်း ထိတ်လန့်ခြင်းဖြစ်လျက် ၎င်း လက်နက်ဗုံးများကို မည်သို့မည်ပုံ ရခဲ့ကြောင်း မေးမြန်း စုံစမ်းခြင်းပြု ရပါသည်။ ထိုအခါတွင်မှ ဂျပန်ကတ္တူကြီးတစ်စင်း ကုလားထပ်ရွာအ၀င် သောင်တင်ပြီး ဒီအတက် တွင် တိမ်းမှောက်သွားကြောင်း၊ ကတ္တူပေါ်တွင် ဆန်အိတ်များ၊ ငါးခြောက်များ၊ အုန်းဆီ များ၊ ရေနံဆီများပါလာသည်ကို တွေ့ရသဖြင့် ၎င်းပစ္စည်းများအားလုံးတို့ကို ရွာနီးချုပ်စပ်မှ လူထုအား ဝေခြမ်းပေး ခဲ့ပြီး လက်ပစ်ဗုံးများကို ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးတွင် အသုံးပြုရန်အတွက် ယူလာခဲ့ကြောင်း ပြော ပါသည်။ ကျွန်တော်တို့ လူသိုက် ကိုသိန်းဖေယူလာသော လက်ပစ်ဗုံးများကို စစ်ဆေးကြည့်ရှုရာ အားလုံး အသုံးပြုရနိုင်သော အခြေအနတွင် ရှိသည်ကို တွေ့ရှိရပါသည်။
“၀မ်းသာတယ်ဗျာ၊ ဒါထက် ကတ္တူပေါ်က ဂျပန်တွေကောဗျ”
“ကိုသိန်းဖေ ပြုံးဖြဲဖြဲလုပ်နေသည်။
“ဒီကောင်တွေ လစ်သွားကြမှ ခင်ဗျား ရောက်သွားတာလားဗျာ”
“ဟင်းအင်း”
“ဟ ... ဘယ်လိုတုန်းဗျ”
“ဒီလို ...”
ကိုသိန်းဖေ၏ ဆက်လက်ပြောပြချက်အရ ကတ္တူကြီး သောင်နှင့်ရိုက်မိ၍ တိမ်းမှောက်သွားချိန်တွင် ၎င်းတို့ လူသိုက် ကုလားထိပ်ရွာတွင် ရှိနေကြောင်း၊ ချက်ချင်း ကတ္တူရှိရာသို့ ရောက်ရှိသွားရာ ကတ္တူပေါ်တွင် ဂျပန် ၅ ယောက် ခန့် ပါလာသည်ကို တွေ့ရကြောင်း၊ ကြီးမားသော ဒီလှိုင်းကြီးများ၏ ရိုက်ခ်မှုကြောင့် ဂျပန်များ ပင်လယ်ထဲ သို့ မျောပါကုန်ကြောင်း၊ လိုက်လံဆယ်ယူရန် စိတ်ကူးသော်လည်း လောလောဆယ် အသက် ကယ်ဆယ် ရန် လှေများရှာဖွေနေရခြင်းကြောင့် အချိန်နှောင်းခဲ့ကြောင်း၊ သို့ဖြစ်၍ တိမ်းမှောက် သွား သောကတ္တူမှ ပစ္စည်းများကိုသာ ဆယ်ယူပြီး ဝေငှပေးခဲ့ရကြောင်း ပြောပြပါသည်။ ကိုသိန်းဖေပြောသော စကားများ ဆုံးသော အခါ ကျွန်တော့်စိတ်တွင် လှုပ်ရှားမှုတစ်ခု ကပ်ငြိလာပါသည်။
“ဂျပန်တွေ ကုလားထိပ်ရွာကလူတွေ လာပြီး ဒုက္ခပေးမှာ စိုးရိမ်ရတယ်”
“ဟုတ်တယ်။ ဒါကြောင့် ကျုံကဒွန်းဂါတ်ကို သွားအကြောင်းကြားခိုင်းလိုက်တယ်။ နောက်ပြီး ရေစိုတဲ့ ငါးခြောက်နဲ့ ပုံးလွတ်တွေ ကိုပါ သွားပို့ခိုင်းလိုက်တယ်”
“ဒါပေမယ့် ဒီကောင်တွေ ရွာကိုတော့ မွှေလိမ့်မယ် ထင်တယ်ဗျ”
ကျွန်တော် ထင်မှတ်သည့်အတိုင်းပင် ဂျပန်များသည် ကုလားထိပ်ရွာသို့ ဆင်းလာကြပြီး ရွာသူရွာသားများ အား ဆင့်ခေါ် ၍ ကတ္တူပေါ်မှ ရရှိသော ပစ္စည်းများကို ချက်ချင်းပြန်လည်အပ်နှံရန် အမိန့်ထုတ်ပါသည်။ ဖက်ဆစ် တို့၏ ခြေရာလက်ရာကို သိကြကုန်သော ရွာသူရွာသားများသည် မိမိတို့ရရှိထားသောပစ္စည်းများကို လာရောက် အပ်နှံကြပါသည်။ ရွာသူရွာသားများအား ဒုက္ခမပေးဘဲ အေးအေးဆေးဆေး လက်ခံရယူသွား ကြသည်ကိုပင် ၎င်းတို့အား ကျေးဇူးတင်မိပါတော့သည်။
မကြာမီ ကိုသန်းထွန်းတို့ ၀ယ်ယူရေးကိစ္စများ ပြီးဆုံးသွားသဖြင့် ရန်ကုန်သို့ပြန်န် အစီအစဉ်များ ကို ဆောင်ရွက်ရသည်။ ကျွန်တော့်အနေဖြင့် ဖက်ဆစ်တော်လှန်ရေးနှင့် ပတ်သက်သော ကိစ္စအ၀၀ကို အချိန် ရယူဆောင်ရွက်နိုင်ခြင်း တို့ကြောင့် ရန်ကုန်သို့ ပြန်ရေးတွက် စိတ်အနှောက်အယှက်မဖြစ်မိပါချေ။ သို့သော် ဇနီးသည်နှ့် တစ်လကျော်မျှ အတူတကွ နေထိုင်ခဲ့ပြီး ယခုကဲ့သို့ ရန်ကုန်သို့ပြန်ရမည်ဟု ဆိုသောအခါ စိတ် ထဲတွင် ခံစားမှုကလေးများ ပေါ်ပေါက်လာခဲ့ရပါသည်။ သို့သော်လည်း သန်းသန်းသည် ဖက်ဆစ်တော်လှန် ရေး တွင် ကျွန်တော်ကဲ့သို့ပငိ တစ်ဖက်တစ်လမ်းမှ ပါဝင်လှုပ်ရှားနေသူ ဖြစ်သဖြင့် ဖျာပုံနှင့်ပတ်သက်သော ဆက်သွယ် မှုများအတွက် ၎င်းအား တာဝန်ပေးခဲ့ရပါသည်။
“ဗျို့ ... ကိုမြလှိုင်ကြီး၊ စကားမပြောနိုင်ပါလား၊ ဘယ်လိုလဲ လွမ်းနေပြီလား”
ငိုချင်လျက် လက်တို့ဆိုသည့်နှယ် ကျွန်တော် သန်းသန်းအား တွယ်တာမှုများ ရစ်ပတ်ဖွဲ့သီနေလျက် စိတ်ကူး ဈာန်ဝင်စားနေချိန် တွင် ကိုသန်းထွန်းက ယခုကဲ့သို့ စလိုက်သောအခါ ရင်ထဲတွင် လှုပ်ရှားသွားရပါ သည်။ သို့သော်လည်း ကျွန်တော်သည် တာဝန်ထမ်းဆောင်နေသော စစ်သားတစ်ယောက်ပင် မဟုတ်ပါလော။ စစ်သား ဆိုသူ၏ ဘ၀သည် မိမိကိုယ်ကို မိမိပိုင်ဆိုင်သူ မဟုတ်ရကား ...
“လွမ်းတယ် မဟုတ်ပါဘူးဗျာ၊ ဒါပေမယ့် ...”
“ဟား ... ဟား လွမ်းတာနဲ့ သတိရတာ အတူတူပါပဲ၊ မုတ်ဆိတ်ကြီးနဲ့ ဘာဘူကြီး ဆိုတာမျိုးပါလေ”
“အင်း ... ရဲဘော်တို့က မိန်းမမှ မယူဖူးသေးတော့ ပြောအားရှိမှာပေါ့ဗျာ”
“ဟုတ်မယ် ... ဒါလဲ ဟုတ်မှာပါပဲ”
ရှုမ၀၊ တွဲ ၃၅၊ အမှတ် ၄၁၅၊ ဒီဇင်ဘာလ၊ ၈၁
ဆက်ရန်
.

No comments:
Post a Comment