Saturday, December 15, 2012

မောင်သာရ ၏ ငရုတ်မှန်လျှင် စပ်ရမည်, အပိုင်း (၂)

ခက်မြင့် ဆန်ဆေးပြီး မီးဖိုပေါ်တင်ထားလိုက်တယ်။
မောင်ပိန်ကို သင်္ချာအတွက် ခိုင်းထားလိုက်တယ်။ မီးဖိုချောင်ဘက်လဲ လှမ်းလှမ်းကြည့်ပေးဖို့ မှာ တယ်။ ပြီးတော့ အဝတ်အစားဟောင်းလဲပြီး ကျောင်းဝတ်ထဘီနဲ့ အင်္ကျီကို သပ်သပ်ရပ်ရပ် က လေး ခေါက်တယ်။
ကျောင်းဝတ်စုံ ဆိုလို့ တစ်စုံတည်းပဲရှိတယ်။ နွမ်းပြီ။ ဟောင်းပြီ။ ဒါပေမယ့် ကျောင်းတက်ရမှာကလဲ ဘာလိုတော့တာ မှတ်လို့။
တကယ်တော့ သည်ဝတ်စုံဟာ သည်နှစ်ကျောင်းဖွင့်စကမှ ခက်မြင့်ဖေဖေ ဝယ်ပေးတဲ့ ဝတ်စုံ။ ဒါပေမယ့် အလဲ အလှယ် မရှိတော့ဘဲ သူတကာ သုံးလေးနှစ်ဝတ်တာထက် ဆိုးတာပေါ့။ နှစ်ရက် တခါလျှော်။ ညလျှော်ပြီး မနက် ဝတ်။ သည်လိုလုပ်ရလို့ အင်္ကျီကော ထဘီပါ အရောင်အပြောင်း မြန်တာ။ ကို ဆက်ဖတ်ရန် ...........

ခက်မြင့် ရေပုံးနှစ်လုံးနဲ့ ထမ်းပိုးကိုယူပြီး အိမ်ပေါ်က ဆင်းခဲ့တယ်။
ရေလေး ထမ်းပြီးချိန်လောက် မှာ ထမင်းအိုးလဲ ကျပြီ။ ခက်မြင့် အမောဖြေနေခိုက် အလတ် ကောင်နှစ်ကောင် ရှေ့ဆင် နောက်ဆင် ပြန်ရောက်လာတယ်။
ခက်မြင့် ထင်ထားတဲ့ အတိုင်းပဲ။ မောလာကြကယ်။ ဆာလာကြတယ်။
အကြီးကောင် ဖိုးဝါ က ပိုဆိုးတယ်။ ဆာလာပြီဆိုယင် ဣနြေ္ဒဆောင်နိုင်တာ မဟုတ်ဘူး။ ပြီးတော့ ငယ်ငယ် ရွယ်ရွယ် နဲ့ ခဏခဏ လေအောင့်လေ့ရှိတဲ့ကောင်။
ဖိုးဝါ က ရှာလို့ရလာတဲ့ ငွေသုံးကျပ် ကို ခက်မြင့်လက် ကို အပ်တယ်။ ပြီးတာနဲ့ မီးခိုချောင်ထဲပြေး တယ်။ ထမင်းအိုး ဟင်းအိုး လှန်တယ်။
ဟင်းမရှိ မှန်း ဖိုးဝါ သိတယ်။ ဒါပေမယ့် ဖိုးဝါ ထမင်းတပန်းကန်ခူးလိုက်တယ်။ ဆားဖြူးပြီး စားမယ့် သဘောမျိုး။

အငယ်ကောင် ဖိုးညို ကတော့ ဖိုးဝါထက် ဣနြေ္ဒရတယ်။  ဒါပေမယ့် ရတယ်ဆိုရုံကလေးလောက် ပဲ။ သူလဲပဲ ဖတ်ဖတ်မော လာတဲ့ပုံ။ ပြီးတော့ သိပ်ဆာလာတဲ့ပုံ။
ဖိုးညိုကလဲ ရှာလို့ရလာတဲ့ ငွေနှစ်ကျပ်ခွဲကို ခက်မြင့် ပေးပြီး မီးဖိုထဲ လိုက်ပြေးဝင်သွားတယ်။
ချက် ထားတာက ဆန်တလုံး မောက်မောက်ကလေးရယ်။ ဖိုးဝါ့ပန်းကန်ထဲ အားလုံးလောက်နီးနီး ရောက်နေပြီ။
ဖိုးညို က အိုးကိုကြည့်လိုက်၊ ဖိုးဝါ့ပန်းကန်ကိုကြည့်လိုက် ဖြစ်နေတယ်။ ကျေနပ်ပုံမရဘူး။ ကျေနပ် စရာလဲပဲ မရှိဘူး။ သူ့ အတွက် အိုးထဲမှာ ကျန်လှ တစ်ဆုပ်စာ နှစ်ဆုပ်စာရယ်။
သည်နှစ်ကောင်ကလဲ သိပ်တည့်ကြတာ မဟုတ်ဘူး။ အဲ... တစ်ခုတော့ရှိတယ်။ မငွေမ စကားကို တော့ နားထောင်တယ်။ ခက်မြင့် ပြောယင်ဆိုယင်လဲ ရတယ်။ အဲ... သူတို့ချင်းသာဆိုယင်တော့ ထိုးမယ်ကြိတ်မယ် တကဲကဲ။

ခုလဲပဲ ဖိုးညိုက ခက်မြင့် ကို စောင်နေပြီ။ မကျေမနပ် ဖြစ်နေပြီ။
ခက်မြင့် က အခြေအနေကို တိုးတိုးတိတ်တိတ် ရှင်းပြရတယ်။ ပြီးတော့ ဆားနဲ့ဖြူးစားနေတာကိုလဲ မကြည့်ရက် ဘူး။ သည်တော့ ခဏလေးစောင့်ဖို့ပြောပြီး၊ ဖိုးဝါရဲ့ထမင်းပန်းကန်ကိုပဲ ချော့သိမ်း လိုက်ရတယ်။
ဖိုးဝါ ဘာတခွန်းမှတော့ မပြောဘူး။ ဖိုးညို ကို တချက်စောင်ကြည့်ပြီး၊ အိမ်ရှေ့ထွက် သွားတယ်။ ရေတခွက်သောက်ပြီး ငူငူကြီး ထိုင်နေလိုက်တယ်။
ခက်မြင့် က ဖိုးညိုကို ချော့မော့ပြီး လမ်းထဲက ဈေးဆိုင်ကို လွှတ်ရတယ်။ ဘဲဥတလုံး ပြေးဝယ်ခိုင်း လိုက်တယ်။
ဘဲဥ သာ ပြေးဝယ်ခိုင်းတာ။ ဆီကလဲ မရှိဘူး။ ဆီကလဲ တခါဝယ်မှ နှစ်ကျပ်ခွဲသားရယ်။ တခါ ဝယ် ထးပြီးယင်လဲ သုံးလေးရက် မဝယ်ပဲ နေလို့ဖြစ်တယ်။ အင်္ဂါနံချင်း တူပေမယ့် ဆီကဆန်လောက်မှ အရေးမကြီးပဲ။ ဆီမရှိ လဲဖြစ် တယ်။ မဖြစ်တာက ဆန်။ မဖြစ်တဲ့ဆန်တောင် အိုးထဲမှာ အမြဲတစေ မနေနိုင်ယင် ဆီကို ဘာဖြစ်လို့ ပုလင်းထဲမှာ ထား မှာလဲ။ ဒါက ခက်မြင့်ရဲ့အမြင်။
ငွေရှိ ယင် ဆန် ဝယ်ထားမယ်။ ရှိလို့ ဝယ်ထားတာတောင် သည်နေ့ဆိုကြည့်။ အလျဉ်မမီချင်ဘူး။

ထမင်းအိုး ကျတော့ မီးအလကားမဖြစ်အောင် ရေနွေးအိုးတည်ထားတယ်။ ဆူနေတာကို ကြာပြီ။ သည်တော့မီး လဲ ထပ်မွှေးနေစရာ မလိုဘူး။ ထင်းလဲပဲ မရှိတော့ဘူး။ တချက်ခုတ် နှစ်ချက်ပြတ်မူ သုံးရမယ်။ ဆူနေတဲ့ရေနွေး ကို ဆီနေရာဝင်ခိုင်းလိုက်ရုံပဲ။
ရေနွေးအိုး ကို မီးဖိုပေါ်က ချလိုက်တယ်။ ဒယ်အိုးကို ပြောင်းပြီး တင်လိုက်တယ်။
ဒယ်အိုးထဲကို ဆူနေတဲ့ ရေနွေး တော်တော်များများ သွန်ထည့်ပြီး ထားလိုက်တယ်။ ဆီဆိုယင် ညှာနေရအုံးမယ်။ ပုလင်း ကို လက်ဆစ်နဲ့တိုင်းနေရအုံးမယ်။ ရေဆိုတော့ ဖောဖောကလေး သုံးနိုင် တယ်။
ဖိုးညို အပြေးအလွှား ရောက်လာတာနဲ့ အတော်ပဲ။ ဘဲဥကို အလုံးမပျက်စေပဲ ခွဲပြီး ရေနွေးထဲ ထည့်လိုက်တယ်။ ပြီးတော့ ဇလုံ နဲ့ ဖုံးအုပ်ထားလိုက်တယ်။ ပြီးပြီ။
ခဏကြာတော့ ဒယ်အိုး ထဲက ဘဲဥ ကို ဇွန်းနဲ့ကော်ယူလိက်တယ်။ ဆားကလေးနဲ့ လိုက်ပွတ်လိုက် တယ်။

ထမင်းကိုလဲ ထက်ဝက်စီခွဲတယ်။ ဘဲဥကိုလဲပဲ ထက်ဝက်စီခွဲတယ်။ တစ်ယောက်တစ်ပန်းကန်စီ ပေးလိုက်တယ်။ ဘာပဲပြောပြော ကျေနပ်သွားကြတယ်။
ဒါပေမယ့် ဆန်တလုံးမောက်မောက်ပဲ ချက်ထားတာဆိုတော့ သည်နှစ်ကောင်မဝဘူး။ ဆင့် ပါးစပ် နှမ်းပက်သလို ဖြစ်နေတယ်။ နှစ်ယောက်စလုံး မျက်နှာထားတွေက သုန်သုန်မှုန်မှုန်နဲ့။
ခက်မြင့် သိတယ်။ ဒါ မပြီးမဟုတ်သေးပါဘူးဟယ်။ အဆာပြေကျွေးထားတာပါလို့ နှစ်သိမ့်လိုက် တော့မှပဲ မျက်နှာ ထားတွေ ပြောင်း သွားကြတယ်။ အိမ်ပေါ်က ဆင်းသွားကြတယ်။

ဈေးရောင်းနေ ယင်း မငွေမ တော်တော်ပဲ စိတ်ဓာတ်ကျမိတယ်။ ကျလဲ ကျလောက်တယ်။ နှစ်နာရီ လုံးလုံး ထိုင်ပြီးခါ မှ ရောင်းရတာက ခုနစ်ကျပ်ခွဲသားရယ်။
ငရုတ် ဆိုလဲ ကြည့်ည။ ကျွန်းကလေးမှ ကျွန်းကလေးအစစ်။ အကောင်းဆုံးရွေးပြီး ရောင်းတယ်။ တပိဿာ ကို နှစ်ကျပ် နှစ်ကျပ်ခွဲ အနာခံပြီး ဝယ်လာတဲ့ဥစ္စာ။
အဲ... ဘာမဟုတ်တဲ့ ကုလားမကြီး ပဲ ရောင်းနေရတယ်။ ကျွန်းကလေးလားဆိုတော့ မဟုတ်ဘူး။ ရိုးရိုး ငရုတ်ရှည်။ ရပ်ကွက် ထဲက မသန်း ဆိုတဲ့ မိန်းမနဲ့တွေ့လို့ လူကြုံပါးပြီး တမတ်ဖိုးဝယ်ခိုင်းလိုက် တယ်။ အနံ့ရော အရသာ ပါ ကွာတယ်။ အရောင်လဲ ကွာတယ်။ ဖလံဖြူလဲ များတဲ့သဘောရှိတယ်။ ကျွန်းကလေးအတု နဲ့မှ အသွေးအရောင် ဆင်ဆင် ရယ်။ ဒါပေမယ့် ကျွန်းကလေး မဟုတ်တာက တော့ ထင်ရှားတယ်။

မငွေမ ကျွန်းကလေး က အစစ်။ အရောင်ကောင်းတယ်။ စပ်တဲ့နေရာလဲ မပြောနဲ့တော့။ ပြီးတော့ အလေအလွင့် မရှိအောင်၊ လှော်ရာထောင်းရာမှာ အလဲအလှယ်မလုပ်နိုင်အောင် အညှောင်ခံပြီး သွားစောင့်ယူလာခဲ့တာ မဟုတ် လား။ ကျွန်းကလေး စစ်တာတော့ ရေမရောဘူး။
နေပဲညို လှပြီ။ မှန်းချက် မကိုက်ဘူး။ မငွေမ စိတ်လျှော့ချင်ချင် ဖြစ်လာတယ်။
စိတ်ကူးထားတုန်း ကတော့ တမျိုးပေါ့။ အရင်း သုံးဆယ်ကျတယ်။ ငရုတ်သီးမှုန့် သုံး ပိဿာ၊ ငွေ ခြောက်ဆယ် ပြန် ရမယ်။ သုံးရက်ရောင်းရယင် တနေ့ကိုယ်တွက် တဆယ်ကျန်မယ်။ ဒါမှမဟုတ် လို့ တနေ့ သုံးဆယ်သားပဲ ရောင်းရတယ်ထား။ ခြောက်ကျပ်ရမယ်။ ဆယ်ရက်တော့ ဖြစ်အောင် စားလို့ရမယ် ထင်တယ်။

ခုတော့ မှန်းချက်မကိုက်ဘူး။ တကျပ်ခွဲဖိုး ရောင်းရတာ ဈေးကောက်ပေးလိုက်ရတော့ ငါးမတ်ပဲ အိမ်ပါမယ့်ပုံ သည်ကြား ထဲ ဖီနိုး ကို ပြောင်းဖူးတဖူး ဝယ်ကျွေးလိုက်ရသေးတော့၊ ကိုးဆယ့်ငါးပြားပဲ ပါမယ့်ပုံ။
မငွေမ သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်မိတယ်။ ဘာဖြစ်လို့ သူ့ငရုတ်သီး တွင်တွင် မထွက်ရတာလဲ ဆိုတာကို။ ငရုတ်သီး မကောင်းလို့ကတော့ မဟုတ်ဘူး။ သေချာတယ်။ အဝတ်အစား ညစ်ပတ်နေ လို့လား။ မဆိုင်ဘူးလို့ ထင်တယ်။ ကုလားမကြီး က သူ့ထက်တောင် ဆိုးသေးတယ်။ ဒါဖြင့် ဘာဖြစ်လို့လဲ။ ၀ယ်သူလာအောင် မခေါ်နိုင် လို့ပဲ ဖြစ်ရမယ် ထင်မိပြန်တယ်။
ဝယ်သူ ကို ခေါ်ရအောင်ကလဲ မုန့်သည်မှ မဟုတ်ပဲလို့ မငွေမ တွေးမိပြန်တယ်။ အဆုံးတော့ ဘာပဲ ဖြစ်ဖြစ်လေဆို ပြီး တချက်အော် ပစ်လိုက်တယ်။
"ငရုတ်သီးလှော်ထောင်း မွှေး မွှေး လေး နော် ... ဒါ ကျွန်းကလေးစစ်စစ်၊ စပ်တယ်။ စားကြည့်ကြ"
မဆိုးဘူး။ စိတ်ပေါက်ပေါက် ရှိတာနဲ့ အော်ကြည့်လိုက်တယ်။ ယောက်ျားတယောက် ဈေးတောင်း ရှေ့မှာ လာရပ်တယ်။

"တကယ် ကျွန်းကလေးစစ်တယ်နော်"
"အို ... စားသာကြည့်။ စိတ်ချပါ။ ညာမရောင်းပါဘူး။ ငွေတကျပ်တပြားနဲ့ ..."
"ဘယ်ဈေးလဲ"
"တဆယ်သားနှစ်ကျပ် ပါပဲ။ တဆယ်သားလုံး ယူယင်တော့ မတ်တင်းနဲ့ ပေးလိုက်မယ်"
"လုပ်ဗျာ ... တဆယ်သား"
မငွေမ ၀မ်းသာအားရ ချိန်လိုက်တယ်။ တမတ်လဲလျှော့ ပေးလိုက်သေးတယ်။ မြန်မြန်ကုန် မြန်မြန်ပြီးရောလို့ပဲ သဘောထား လိုက်ပြီးသား။ အိမ်မှာ ဆန်မရှိဘူး။ ဆီမရှိဘူး။ ပြီးတော့ ထင်းလဲ ပဲ မရှိဘူး။
ကိုးဆယ့်ငါးပြား နဲ့တော့ ဘာမှ အလုပ်မဖြစ်ဘူး။ နောက်ရောင်းရတဲ့ တဆယ်သားနဲ့ ဆို ယင်တော့ နို့ဆီဗူးလေးလုံး နဲ့ ထင်းဖိုး ဖြစ်နိုင်တယ်။ အချိုမှုန့်တမတ်တန်တထုပ်လဲ ပါသွားနိုင်တယ်။
မငွေမ ၀မ်းသာအားရနဲ့ ချိန်နေတုန်းပဲ ပြဿနာတက်တယ်။ ဈေးဝယ်ယောက်ျားရဲ့ မိန်းမပဲလို့ ထင်ရတဲ့ မိန်းမ တယောက် ရောက်လာတယ်။ မ၀ယ်ဖို့ ဖျက်တယ်။
ယောက်ျားကလဲ အလျှော့ပေးချင်ချင်ရယ်။ အားလဲလားနာနေတဲ့ပုံ။ ချိန်လဲ ချိန်ပြီး နေပြီပဲ။

မထူးပါဘူးကွာ၊ ကျွန်းကလေးချင်း အတူတူဆိုယင် စပ်မှာချည့်ပဲလို့ ယောက်ျားက အကြောင်းပြ တယ်။
ကျွန်းကလေး မှန်း ကျွန်းကလေးမဟုတ် မှန်း ရှင်က ဘယ်လိုလုပ်သိမှာလဲ၊ စပ်တိုင်း ကျွန်းကလေး မဟုတ်ဘူး၊ ဆင်အော်ငရုတ် ကို အခြောက်လှန်းပြီး အရှည်တို့ ဖလံဖြူတို့နဲ့ ရောထောင်းပြီး ရောင်းနေကြတာအပုံရှင့်လို့ ဆိုပြန် တယ်။
တိုက်ရိုက်စော်ကားနေမှန်းတော့ မငွေမ သိတယ်။ ဒါပေမယ့် ဈေးဝယ်နဲ့ဈေးသည်ဆိုတော့ သည်းခံ ရမယ်လို့ နှလုံးပိုက်ထားလိုက်တယ်။ ပြီးတော့ ဖောက်သည်လဲ ရှိသေးတာ မဟုတ် ဘူး။ ဖောက်သည်စု ရအုံးမယ်။ ပြန်ပြီး စားကြည့်ယင် သဘောကျသွားမှာပဲလို့ မငွေ့မ ကိန်းသေတွက် ထားတယ်။
ကျွန်မ သည်နေ့မှ စပြီး ရောင်းတာပါ၊ လိမ်လဲ မလိမ်ရောင်းပါဘူး၊ ကျွန်းလေးစစ်စစ်ပါ၊ စားကြည့်ပြီး မဟုတ်ယင် ပြန်လာပေးပါ ရှင် ... လို့ ဆိုလိုက်တယ်။

မိန်းမရဲ့ မျက်နှာထားက ပြောင်းသွားတယ်။ ဘာမှ ထပ်မပြောတော့ ဘူး။ ယောကျာ်း လုပ်တဲ့ သူက ငွေနှစ်ကျပ်မတ်တင်း ထုတ်ပေးတယ်။ မငွေမကလဲ ငရုတ်သီးထုတ် ကမ်းပေးပြီး ငွေကို လှမ်း ယူထား လိုက်တယ်။
မငွေမ တော်တော်ကလေးတော့ စိတ်ထိခိုက်သွားတယ်။ ဆင်းရဲလေလေ ငွေတန်ဖိုးကြီးလေလေ ပါလားလို့ လဲ တွေးတယ်။ တဆယ်သား ဆိုတော့ တွက်ကိန်းအရဆိုယင် သုံးမတ်တိတိမြတ်မယ်။ သည်ကြားထဲ အစော်ကား ခံလိုက် ရသေးတယ် စိတ်မောလိုက်ရသေးတယ်။
သည်နေ့ အဖို့တော့ အပေါက်အလမ်း မတည့်တာ သောချာနေပြီ။ နေပဲဝင်ပြီ။ အရောင်းတန့် နေတယ်။ ဒါနဲ့တင် ပြီးပြီး ထင်တယ်။
ဖီးနိုး ကလဲ အနားကနေ တဂျီဂျီနဲ့၊ အိမ်ပြန်ချင်ပြီပြောနေတယ်။ ထမင်းဆာလှပြီ ဆိုတယ်။ ထပ်ပြီး မုန့်ဝယ်ကျွေး ရအောင်ကလဲ အိမ်ကလူတွေပါ ၀မ်းဟောင်းလောင်း နေရတော့မယ့် အခြေအနေ ဆိုက်မယ်။
မငွေမ အိမ် ကိုလဲ ပူတယ်။ သားနှစ်ယောက် အလုပ်မှဖြစ်ရဲ့လား ဆိုတာကလဲ တွေးစရာ။ အပင်ထက်က လိမ့်ကျပြီး ဆေးရုံရောက်နေပြီ လားဆိုတာကလဲ စိတ်ပူစရာ။

အကြီးကောင် ဖိုးဝါ့အတွက် ပိုပြီး ပူပန်ရတယ်။ သည်ကောင်က ဆယ့်နှစ်နှစ် စွန်းရုံပဲ ရှိသေးတယ်။ ဒါပေမယ့် ကျောင်းနုတ်လိုက်ရပြီ။ ခြောက်တန်းနဲ့ ကျောင်းထုတ်လိုက်ရတယ်။ သစ်ပင်တက် ကောင်းတယ်။ ဟင်းသီး ဟင်းရွက်နု လဲ ခူးပြီး ဈေးမှာ သွင်းတယ်။ ရတဲ့နေ့လဲရ မရတဲ့နေ့လဲမရ။ မှန်တော့ မမှန်ဘူး။ ဒါပေမယ့် မန်ကျည်းပင် အရှာထွက်ပြီး အကွက်ကောင်းတွေ့ယင် တက်တော့တာပဲ။ သည်တော့ မငွေမ စိတ်ပူတယ်။
အငယ်ကောင် ဖိုးညိုကတော့ တော်အုံးမယ်။ သည်ကောင်ကတော့ ကြောက်တတ်တယ်။ သစ်ပင် တက်လဲ သိပ် မကောင်းဘူး။ အမြင့်လဲ သိပ်တက်ရဲတာမဟုတ်ဘူး။ သည်ဖိုးညို့အကြောင်း မငွေမ ကောင်းကောင်း သိပြီးသား။ ကြောက် တတ်တော့ ရန်ကင်းတယ်။ ဒါကြောင့် ပူချင်းပူယင် အကြီးကောင် ဖိုးဝါ့အတွက် ပိုပြီး ပူတယ်။
ဖိုးဝါ ကတော့ သစ်ပင်တက် ရဲတင်းလွန်းတယ်။ အမြင့်ကိုလဲတက်သေးတယ်။ အကိုင်းအဖျားကိုလဲ သွားသေး တယ်။ မြင်ထားဖူးတော့ မငွေမ ဖိုးဝါ့ အတွက် ပူရတယ်။
ဒါပေမယ့် မငွေမ မတားသာဘူး။ သားသမီးလုပ်စာကို မျိုမကျပေမယ့် စားနေရတာပဲ။

အငယ်ကောင် ဖိုးညိုအတွက်ကလဲ ပူမယ်ဆို ပူစရာပါပဲ။ သည်ကောင်ကတော့ အစက ဗာဒံရွက် ကောက်ရောင်း တယ်။ ရောင်းရတယ်။ သည်တော့ ဗာဒံပင်ကလေးတွေကို လိုက်တက်တယ်။ အရွက်ကိုခူးပြီးရောင်း တယ်။ ရောင်းရမှန်း သိတော့ ဗာဒံပင်တွေ လိုက်ရှာတယ်။ တက်တယ်။ သနားအောင်လဲပြောတတ်တယ်။ သည်တော့ တချို့ ကလဲ အရိပ်ရစေတော့ဆိုပြီး စိုက်ထား ပေမယ့် အနည်းအကျဉ်းလောက်ကို ခူးခွင့်ပြုတယ်။
ဗာဒံပင် က ဖိုးဝါတက်ရတဲ့ အပင်လောက်တော့ မမြင့်ဘူး။ ဒါပေမယ့် ဖိုးညိုက ဖိုးဝါနဲ့ ကွာတယ်။ ဖိုးဝါကတော့ သစ်ပင် တက်ရာမှာ ဆလုံရေငုပ်သောင်းသလို ကောင်းတဲ့ကောင်။ မတူဘူး။
ဘာပဲပြောပြော၊ မငွေမ နှစ်ယောက်စလုံးအတွက် ပူတယ်။ ရေကျွမ်းတယ်ဆိုတဲ့သူ ရေမှာပဲ သေတယ်လို့ ကြားဖူးပြီး သား။ တနေ့နေ့ လိမ့်များကျယင် ခက်မယ်။
ကိုဘဦး ရှိတုန်းကတော့ သည်ကလေးနှစ်ယောက် သစ်ပင်တက်ဖို့နေနေသာသာ အပင်က အသီးကို တံချု နဲ့တောင် ပေးမဆွတ်ဘူး။ ကိုဘဦးက ရှေ့ကိုကြိုမြင်တယ်။ တားမြစ်တယ်။ ယောက်ျားကလေးတွေတဲ့။ တံချုနဲ့ခူး လို့ မမီမကမ်းဖြစ်ယင် တစတစ နဲ့ အပင်ကို တက်စမ်းကြည့် လိမ့်မယ်တဲ့။

ကိုဘဦးပြောတာ လဲ မဆိုးဘူး။ ဟုတ်တယ်။ အကြီးကောင်ဖိုးဝါက ဖအေမသိအောင် ခိုးခိုးပြီး တတ်တယ်။ သရက်ကင်းပေါ်ချိန် ဆိုယင် သရက်ကင်း ပါလာတယ်။ မရမ်းသီး ပေါ်ချိန်ဆိုယင် မရမ်းသီးပါလာတယ်။ ဗဟန်းတပိုင်း က ဘုန်းကြီးကျောင်းတွေမှာ ဖိုးဝါ စားကျက်တွေ့ထားတယ်။
မငွေမတော့ ဖိုးဝါရဲ့ ဇကို သိတယ်။ တားမြစ်လို့မရတဲ့အဆုံး မသိယောင်ပဲဆောင်နေလိုက်တယ်။ ဒါပေမယ့် ကိုဘဦး မသိအောင်ကတော့ ဖုံးရဖိရတယ်။ ကိုဘဦး သိလို့ကတော့ ကျွဲရိုက်နွားရိုက် ရိုက်ပြီသာမှတ်။

သားသမီးတွေကို ချစ်တော့လဲ ချစ်တယ်။ သူမစားရယင်နေပေ့စေလို့ သဘောထားတဲ့ ဖခင်မျိုး။ ကျန်တာတွေ အကုန်ခွင့်လွှတ်တယ်။ ကိုဘဦး ခွင့်မလွှတ်တဲ့ ပြစ်မှုနှစ်ခုကတော့ ရေကူးတာနဲ့ သစ်ပင်တက်တာပဲ။ မတောတဆ ဆိုတာကို ကိုဘဦး အလွန်တွက်တယ်။ သည်တော့ ရေမကူးနဲ့။ သစ်ပင်မတက်နဲ့။ ရေကူးတယ်၊ သစ်ပင်တက် တယ်လို့သာ တိုင်သူရှိလို့ကတော့ ကျော်ကော့ပြီ သာမှတ်။
ကိုဘဦး အလုပ်ကနေပြန်လို့ သတင်းတခုခုကြားလာယင် အိမ်မှာ အမြဲတဖွဖွပြန်ပြောတယ်။ ဘယ်သူကဖြင့် ကန်တော်ကြီး မှာ ရေနစ်ပြီး သေတယ် ဆိုတဲ့သတင်းမျိုး။ ဘယ်ကကလေး တယောက်ဖြင့် သစ်ပင်ပေါ်က လိမ့်ကျပြီး သေတယ် ဆိုတဲ့ သတင်းမျိုး။

ကုန်ကုန်ပြောရယင် သားနှစ်ယောက်ကို ဘောလုံးတောင်ပေးမကစားဘူး။ တားမြစ်ထားတယ်။ အရည်မရ အဖတ်မရ ပဲ ခြေကျိုးယင် ခက်မယ်တဲ့။
ကလေးနှစ်ယောက် ကတော့ ကိုဘဦးမသိအောင် ခိုးကြောင့်ခိုးဝှက် သစ်ပင်တက်တယ်။ မုန့်ဖိုးပဲဖိုး ရာတယ်။ လစ်ယင် လဲ ရေသွားကူးလိုက်တာပဲ။ မတွေ့ယင်လဲ ဘောလုံးကစားလိုက်တာပဲ။
သတင်းသဲ့သဲ့ကြား လို့ ကိုဘဦးက မေးလားစမ်းလားလုပ်ယင် မငွေမက ကာကွယ်ပြီး ပြောရတယ်။ ဟုတ်မှန်နေပေ မယ့် မဟုတ်မှန်လေယောင် အကျောက်အကန်ပြောတယ်။
ခုတော့ ကိုဘဦး မရှိတော့ဘူး။ ကလေးနှစ်ယောက်ကို ကျောင်းလဲနုတ်လိုက်ရပြီ။ ကလေးနှစ် ယောက် သစ်ပင် တက်ပြီး ရောင်းချလို့ရ တဲ့ ငွေစကလေးကိုလဲ မငွေမ လက်ခံရပြီ။ အိမ်စရိတ် အဖြစ် အသိအမှတ်ပြုရပြီ။
အကြီးကောင် ဖိုးဝါ ရောက်လာမှ ပဲ မငွေမ အတွေးရပ်တယ်။

ဖိုးဝါ့ဆီက သတင်းကောင်းကြားရတယ်။ ညီနောင်နှစ်ကောင် ငါးကျပ်ခွဲ ရှာလို့ရလာတယ် တဲ့။ မှောင် ကလဲ မှောင်ပြီ။ မငွေမ ဈေးတောင်းကို ကောက်ရွက်လိုက်တယ်။ သည်ကနေ့အဖို့ကတော့ သည်မျှနဲ့ ပဲ ကျေနပ်ရတော့မယ်။
ပြန်မယ်လုပ်ပြီးခါမှ အိမ်အတွက် ညစာ ဘာမှမရှိတဲ့အဖြစ်ကို သွားသတိရတယ်။
ခရမ်းချဉ်သီး နှစ်ဆယ်သား ဝယ်လိုက်တယ်။ ပြားခြောက်ဆယ်။ ကြက်သွန်ဖြူက တမတ်ဖိုး။ လုံ လောက်ပြီ။
ခက်မြင့် က ဆန်ဝယ်ပြီး ထမင်းတအိုးတည်ထား လို့ တော်တော့ရယ်။
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆား၊ ရောထောင်းလိုက်တယ်။ ညစာအတွက် ဖြစ်သွား တယ်။ အငယ်ကောင် ဖိုးညိုကို အချိုမှုန့် တမတ်တန်တထုပ် ပြေးဝယ်ခိုင်းပြီး ထည့်လိုက်တယ်။
ထမင်းမြိန် လိုက်ကြတာ မပြောနဲ့တော့။ ဆန်တလုံးမောက်မောက်ကို နှစ်ယောက်ခွဲပြီး အဆာပြေ စား ထားပေမယ့်၊ သည်နှစ်ယောက် ကလဲ ခါတိုင်းအတိုင်းပဲ နှစ်ပန်းကန်ခွဲစီ စားကြတယ်။
မငွေမ ကတော့ ထမင်းစားပျက်တယ်။ ဇက်ကြောတွေလဲ တက်တယ်။ ခေါင်းကလဲ ကိုက် တယ်။ ခြေလက်တွေ ကလဲ မသယ်ချင်အောင်ပဲ။

ပန်းနာရင်ကျပ် ရောဂါအခံရှိတယ်ဆိုတော့ အနံ့အသက်မကောင်းယင်လဲပဲ မရဘူး။ ငရုတ်သီး ညှော်ထိတော့ ပိုဆိုး တယ်။ စားလက်စကို ရပ်ပြီး မငွေမ အိပ်ရာထက် ခွေနေမိတယ်။
ခေါင်းကိုက် တာ မကြောတက်တာတွေကတော့ ထားတော့။ အခံရလဲ ဆိုးလှတာမဟုတ်ဘူး။ ဆိုး တာက ပန်းနာ ရင်ကျပ်။
သည်ကနေ့ စုစုပေါင်း ဈေးရောင်းလို့ရတာက သုံးကျပ်တမတ်။ ဈေးကောက်တမတ်နဲ့ ဖီနိုး အတွက် ပြောင်ဖူး ဝယ်ကျွေးတာက ငါးဆယ့်ငါးပြား။ ခရမ်းချဉ်သီးက ပြားခြောက်ဆယ်။ ကြက်သွန်ဖြူက နှစ်ဆယ့်ငါးပြား။ အချိုမှုန့် က နှစ်ဆယ့်ငါးပြား။ သပ္ပရနံပေါင်းလိုက်တော့ တကျပ်ခြောက်ဆယ့် ငါးပြားဖြစ်ပြီ။ သည်တော့ တကျပ်ပြားခြောက်ဆယ် ပဲ ပိုတယ်။
ကလေးနှစ်ယောက် ရလာတဲ့ ငါးကျပ်ခွဲကလဲ ကိုးဆယ့်ငါးပြားပဲ ပိုတော့တယ်။ ခက်မြင့်က စာရင်း ပြတယ်။ ဘဲဥ က ပြားငါးဆယ်။ ဆန်တပြည် က နှစ်ကျပ်ရှစ်ဆယ်။ ထင်းက တကျပ်။ တို့စရာက နှစ်ဆယ့်ငါးပြား။

အိမ်မှာ လက်ကျန်ရှိတာက စုစုပေါင်းမှ နှစ်ကျပ်ငါးဆယ့် ငါးပြားပဲ ရှိတော့တယ်။
နက်ဖြန် ခက်မြင့် ကျောင်း သွားယင် ဘာပဲပြောပြော၊ နှစ်ဆယ့်ငါးပြားတော့ ပေးလိုက်ရအုံးမယ်။ ဖီနိုးအတွက်လဲ ဘိန်းမုန့် နှစ်ဆယ့် ငါးပြားဖိုး ကုန်အုံးမယ်။ ဟိုနှစ်ကောင်အတွက်ကတော့ ထား တော့။ နှစ်ကျပ်ပဲ ကျန်မယ်။ နှစ်ကျပ် ကလေးတော့ ခြေစောင့်လက်စောင့် ထားအုံးမှ။
မငွေမ ရင်ထဲက မွန်းကျပ်လာတယ်။ အနေရခက်တယ်။ လည်ချောင်းထဲကလဲ တစီစီမြည်သံ ထွက်နေ တယ်။ ဆေး ဝယ်သောက်ချင်ပေမယ့် နှမြောတယ်။ အောင့်ခံရတယ်။
အလတ်ကောင်နှစ်ကောင်ရော အငယ်ကောင်ပါ အိမ်ပေါ်က ဆင်းသွားကြပြီ။ ခက်မြင့်ကတော့ အိမ်ရှေ့ခန်းမှာ စာကျက် ယင်း သူ့တပည့်သုံးလေးယောက်ကို စာသင်နေတယ်။
မငွေက ရှေ့ရေး ကိုတွေးပြီး ရင်လေးတယ်။ တုံးလုံးစာမပြောနဲ့ မတ်တတ်စာတောင် မရှိတဲ့ ဘဝ။
ခက်မြင့် အိပ်ခန်း ထဲ ဝင်လာတယ်။ မငွေမ အခြေအနေကို အကဲခတ်မိတယ်။ တစီစီနဲ့ အချွဲကျပ် နေပြီ။

ခက်မြင့် က ဆေးဝယ်သောက်ဖို့ ပြောတယ်။ မငွေမက မတုန်မလှုပ်။ ငြိမ်ချက်သားကောင်းနေ လိုက်တယ်။ ခက်မြင့် က ဆေးဝယ်ဖို့ ပိုက်ဆံတောင်းတယ်။ မငွေမ ဆက်ပြီး ငြိမ်ချက်သားကောင်း နေလိုက်ပြန်တယ်။
ခက်မြင့် သဘောပေါက်တယ်။ မငွေမ ဘာမပြော ညာမပြောနဲ့ ဝေဒနာကို ကြိတ်ခံစားနေတာကို ခက်မြင့် သိတယ်။ ပိုက်ဆံ ကို နှမြောလို့။ နှမြောဆို မရှိလို့။
သည့်အတိုင်း ကြိတ်ခံနေရတော့မှာလား။ ကောင်းကောင်းလဲ အိပ်ရမှာ မဟုတ်ဘူး။ နက်ဖြန် လဲ ဈေးရောင်း ထွက်နိုင်ယင် ကံကောင်း။ သည်တော့ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားလိုက် စေ့ချင်တယ်။ အနေရခက် တဲ့ ဝေဒနာကိုကြိတ်ပြီး ခံစားနေတာတော့ ခက်မြင့် ကြည့်မနေရက်ဘူး။
ခက်မြင့် က မငွေမ ကို နားချတယ်။ မရှိကာမှ မရှိရော။ ဆေးတော့ ဝယ်သောက်ဖို့ ကောင်းတယ် ဆိုတဲ့ အကြောင်း။
ခက်မြင့် ပြောဖန်များလာတော့မှ မငွေမ လှုပ်လာတယ်။ အိတ်ထဲက ကျပ်တန်ကလေးနှစ်ရွက်ကို ဆွဲထုတ် လိုက်တယ်။ လက်ကတော့ တွန့်တွန့်ပဲ။
မငွေမ လက်သုံးဆေး က ထွန်းအောင် ပန်းနာရင်ကျပ်အမြစ်ဖြတ်ဆေးပဲဖြစ်တယ်။ ဆေးကတော့ စွမ်းတယ်လို့ပဲ မငွေမ ယူဆ တယ်။ ခုလိုကျပ်နေချိန်မျိုးမှာ ဆေးတခွက်လောက် သောက်လိုက် ယင် ချောင်ကျသွားတယ်။

သူများတွေတော့ မပြောတတ်ဘူး။ မငွေမကတော့ အမြစ်မပြတ်ဘူး။ ဆေးညွှန်းအတိုင်းပဲ မသောက် လို့ လားတော့ မပြောတတ်ဘူး။ ဆေးညွှန်းအတိုင်း က တနေ့နှစ်ထုပ်သောက်၊ နံနက် တထုပ်၊ ညတထုပ်။ ရက်ပေါင်း သုံးဆယ် ဆက်သောက်ရမယ်လို့ ဆိုတယ်။ မငွေမ မသောက်ဖြစ် ဘူး။
ဆေးတထုပ် က တကျပ်ခွဲ။ တနေ့ နှစ်ထုပ်သာ သောက်ရယင် နေ့စဉ် ဆန်တပြည်ဖိုးတော့ ချော  သွားမယ်။ ပြီးတော့ ရက်ပေါင်း သုံးဆယ်ဆိုယင် ငွေကိုးဆယ်ပဲ။ သောက်ဖို့ကို အခြေအနေတ မပေးခဲ့ဘူး။ ကိုဘဦး ရှိတုန်းကတောင် မသောက်ခဲ့နိုင်ယင် ရှေ့ကို သောက်နိုင်ဖို့ တော်တော်ဝေးပြီ လို့ မငွေမ ယူဆတယ်။

ပြီးတော့ မငွေမ ကြောက်တာ တခုလဲရှိတယ်။ တချို့ကလဲ ပြောကြတယ်။ ဆေးစွဲသွားနိုင်တယ် တဲ့။ မြန်မာ ပရဆေး မဟုတ်ဘူး တဲ့။ အမိုင်နိုတို့၊ ဖီနိုဘာဘီတုန်းတို့၊ ဘာမီတွန်တို့ ပါတယ်လို့ အိမ် နီးနားချင်း ပန်းနာရောဂါ သည် တယောက်က ပြောထားတော့ မငွေမ ကြောက်တယ်။ ဆေးစွဲယင် ခက် မယ်။ လေးအိမ်ကျော် က ဒေါ်အံ့ဆိုယင် အဲသည်ဆေးကို မဖြစ်မနေ သောက်နေရပြီတဲ့။ ဒေါ်အံ့အဖို့ကတော့ မထောင်းသာဘူး။ သားမက် လုပ်သူက ဝင်ငွေကောင်းတယ်။ သင်္ဘောတ ခေါက်လိုက်ရယင် တော်တော်ကျန်တယ်လို့ ဆိုတယ်။

ခက်မြင့်ကို ငွေနှစ်ကျပ်ပေးပြီး မငွေမ ဆက်စဉ်းစားနေတာ တမေ့တမောကြီးပဲ။
ခက်မြင့်က ဖိုးဝါကို လှမ်းအော်ခေါ်သံ မငွေမ ကြားလိုက်ရတယ်။ ခဏအကြာမှ ဖိုးဝါ အိမ်ပေါ်ပြေး တက်လာသံလဲ ကြားလိုက်ရတယ်။ ပြီးတော့ ခေါင်းရင်းခန်းက မိန်းမပျိုနှစ်ယောက်ရဲ့ဆိုသံဆဲသံ တွေကို ကြားရပြန်ရော။
မငွေမ အိပ်ရာထက် အမ်မနေသာတော့ဘူး။ ကပျာကသီ ထပြီး အိမ်ရှေ့ကို ထွက်ခဲ့ရတယ်။
ခေါင်းရင်းခန်းက လူစုံတက်စုံ ထွက်လာတယ်။ မညိုနဲ့ သမီးပျိုနှစ်ယောက်။ အငယ်ကောင်မက လက်မှာ ထင်းချောင်းတချောင်းကိုင်လို့။

မညိုကလဲ မငွေမနဲ့ ဘဝတူပါ။ မုဆိုးမ။ ဒါပေမယ့် မငွေမနဲ့ကွာတယ်။ အိမ်ရှင်လဲ အိမ်ရှင်၊ ပြီးတော့ စီးပွားရေးအရ ထူထူထောင်ထောင်လဲ ရှိပြီးသား၊ သမီးနှစ်ယောက်စလုံးကလဲ စက်ချုပ်သင်တန်း ဆင်းပြီ။ လက်တွေ့လဲ ချုပ်လုပ်နေပြီ။ ဝင်ငွေမဆိုးကြဘူး။
မညိုနဲ့ သမီးငယ် မိဝိုင်းက အစွာဆုံး။ တကယ်တော့ ဖိုးဝါနဲ့ အသက်အများကြီးကွာတယ်။ ဖိုးဝါက ဆယ့်နှစ်နှစ် စွန်းရုံ ရယ်။ မိဝိုင်းက အပျိုဖားဖားဖြစ်နေပြီ။ ခက်မြင့်ထက်လဲ ကြီးတယ်။
ဖိုးဝါ ကတော့ အေးအေးဆေးဆေးပဲ။ ပြန်လဲ မပြောဘူး။ မျက်နှာကတော့ မှုန်တေတေနဲ့။ မိဝိုင်း ပြောနေတာ ကိုသာ နားထောင်နေတယ်။
မညိုကတော့ သည်အိမ်ခန်းက ဖယ်ပေးဖို့ အကြောင်းပဲ ထပ်တလဲလဲ ပြောတယ်။

မငွေမက ဖိုးဝါလွန်တာဆိုယင် ဆုံးမပါ့မယ်လို့ လေပြည်ကလေးနဲ့ ပြောလိုက်တယ်။ ဒါပေမယ့် မိဝိုင်းက ဒေါသမပြေဘူး။ အိမ်ပြောင်းပေးပါ။ မထားနိုင်ဘူး... စသဖြင့် မအေ့လေသံနင်းပြီး ထပ် ပြောတယ်။
မငွေမ စိတ်ထဲ အတော်ပဲခံရခက်တယ်။ ပြောပုံက ပိုးစိုးပက်စက်နိုင်လွန်းတယ်။ ပြီးတော့ သည် အိမ်ဆောက်တုန်းက ဖက်စပ်ဆောက်တာ။ ကိုဘဦးရဲ့လုပ်အားလဲ ပါတယ်။ ငွေလဲစိုက်တယ်။ မညို့ယောက်ျား ကိုပြုံးဆိုယင် ကိုဘဦးရဲ့တပည့်အရင်း။ ကိုဘဦး ကူညီထားဖူးတယ်။ သည် ကျေးဇူးတွေကိုမှ မထောက်ညှာပဲ ပြောထွက်တယ်လို့ မငွေမ စိတ်ထဲနာမိတယ်။
ဒါပေမယ့် မငွေမ နောက်ကြောင်းတွေ မပြန်ချင်ဘူး။ ဖိုးဝါကို အိမ်ထဲဝင်ခိုင်းတယ်။ အဖြစ်အပျက် ကို မေးတယ်။ ဖိုးဝါ လွန်ရင်လဲ ဆုံးမရအောင်လို့။

ဖိုးဝါပြောတော့လဲ ရှင်းရှင်းကလေးရယ်။ အစ်မလုပ်သူက ခေါ်လို့ ပြေးလာတယ်။ ဆေးအဝယ် လွှတ်တယ်။ ဒါပေမယ့် ရေငတ်လာလို့ အိမ်ပေါ်ပြေးတက်ပြီး ရေတခွက် သောက်တယ်။ အိပ်နေ တာ မသိကြဘူးလားဟဲ့... ခွေးတွေရဲ့ ဘာညာနဲ့ စော်စော်ကားကား ပြောတယ်လို့ ဆိုတယ်။
"အမေရယ်... သူတို့အိပ်နေမှန်းလဲ မသိလို့ ပြေးတက်လာမိတာပါ။ ကျွန်တော်တို့ အိပ်နေတာ သူ တို့မသိယင်လဲ တဒုံးဒုံး တဒိုင်းဒိုင်း လုပ်ဖူးတာပဲ မဟုတ်လား"...
မငွေမ စဉ်းစားကြည့်လိုက်တော့လဲ ဖိုးဝါရဲ့အကြောင်းပြချက်က အမှန်ဖြစ်နေတယ်။ သည်တော့ ရွှေလိုဥထားတာ မဟုတ်ပေမယ်၊ မငွေမ ရိုက်မောင်းပုတ်မောင်း မလုပ်နိုင်ဘူး။ လိုလဲပဲ မလိုဘူး။
ဖိုးဝါ ဆေးဝယ်ရအောင် အိမ်ပေါ်က ဆင်းသွားတယ်။

တဘက်ခန်းကတော့ ပါးစပ်ကို အနားမပေးသေးဘူး။ ဆူကြတုန်း။ ပူကြတုန်း။ အခန်းက ဖယ်ပေးဖို့ နှင်ကြတုန်း။
မငွေမ အိပ်ရာထက် ပြန်ခွေနေမိတယ်။ သွားလေသူ ကိုဘဦးကို တမ်းတမိတယ်။ မြင်ယောင်မိ တယ်။
ကိုဘဦးသာ ရှိစမ်းကြည့်။ ရှိတာမရှိတာထား။ နောက်ဆုံးဆားဖြူးပြီးစားရအုံး။ လူမစော်ကာဝံ့ဘူး။ လူရိုသေ ရှင်ရိုသေတော့ရှိမယ်။ ခုတော့ မုဆိုးမချင်းတောင် ကိုယ်ချင်းမစာဘူး။ ကျေးဇူးတရားကို မထောက်ထားဘူး။ ပြောထွက်တယ်။ ပြောရက်တယ်။

ဆက်ရန်
.

No comments: