Saturday, December 15, 2012

ကြူးနစ် ၏ ဟိုဘက်ခန်းက လူ

ဟိုဘက်ခန်းက လူ
ကြူးနစ်


ကွယ်လွန်သူ စွယ်စုံရအနုပညာရှင် စာရေးဆရာဝင်းဦး၏ ဝတ္ထုတစ်ပုဒ်ကို လွန်ခဲ့သော နှစ်များစွာက ကျွန်တော် ဖတ်ရှုခဲ့ဖူးပါသည်။ ဝတ္ထုအမည်ကို ကျွန်တော် မမှတ်မိတော့။ ဝတ္ထုအကြောင်းအရာ ဇာတ်လမ်း ဇာတ်ကွက် တို့ကိုလည်း ကျွန်တော် မေ့နေပြီ။ သို့သော် အဆိုပါဝတ္ထုထဲမှ ဝင်းဦး၏ အရေးအသား ဝေါဟာရ တစ်လုံးကိုတော့ ကျွန်တော် အမှတ်ရနေသည်။ ဝတ္ထုထဲမှ "ဇာတ်လိုက်" သည် ဘိုခွေးကလေးတစ်ကောင်ကို သံကြိုးဖြင့် ဆွဲကာ လမ်းလျှောက် တင်သဖြင့် သူစိမ်းဖြစ် သော "ဇာတ်လိုက်မ" က အမည်သိခွင့် မရသေးသော ဇာတ်လိုက်ကို "ခွေးလူကြီး" ဟု အနွတ္တ သညာဖြင့် ခေါ်ဝေါ်ခဲ့ပုံကို ကျွန်တော် သတိရနေမိပါသည်။
ယခုလည်း "ခွေးလူကြီး" တစ်ယောက်ကို အမှတ်မထင် ကျွန်တော် ကြုံဆုံတွေ့ရှိနေခဲ့ရပါပြီ။

ကျွန်တော် နာမည်ပြောင်ပေးထားသော "ခွေးလူကြီး" ၏ နာမည်ရင်းမှာ နာမည်ပြောင်နှင့် ခပ်ဆင် ဆင် ဖြစ်နေ သည်။ မတူကွဲပြား တခြားစီဟု ပြောချလည်း ပြောနိုင်ပါသည်။
ကျွန်တော်တို့ မိသားစု၏ နေရာထိုင်ခင်း ဘုံဗိမာန်အသစ်တို့ မပြောင်းရွှေ့၊ မရောက်ရှိသေးမီ တိုက် ခန်းရှာပေးသော အကျိုးဆောင်ပွဲစားကြီး က "ကိုယ့်လူတို့ ကံကောင်းပါတယ်၊ ကိုယ့်လူတို့နဲ့ မျက်နှာ ချင်းဆိုင် အခန်း မှာက အဘိုးကြီးတစ်ယောက်တည်း။ တစ်ကိုယ်တော်နေတာ၊ ကိုယ့်လူရဲ့ ကလေး တွေနဲ့ ကလေး ချင်း ပြဿနာ ဖြစ်စရာ စရာမရှိတော့ဘူးပေါ့" ဟု သတင်းပေးခဲ့သည်။
"အဲဒီ အဘိုးကြီးက အသက်ဘယ်လောက်လောက် ရှိပြီလဲ"
"ခြောက်ဆယ့်ငါး၊ ခုနစ်ဆယ်လောက်ပေါ့။ ဒါပေမဲ့ ကျွဲပေါက်တစ်ကောင်လို သန်သန်မာမာ ထွား ထွားကြိုင်းကြိုင်း ထဲကပဲ၊ အဖော်အလျော် မရှိဘဲ တစ်ကိုယ်တော်နေတာသာ ကြည့်ပေတော့"
"တစ်ကိုယ်တော်ဆိုတော့ သူက လူပျိုကြီးလား၊ ဒါမှမဟုတ် မုဆိုးဖိုလား၊ တစ်ခုလပ်လားဗျ"

"ကိုယ့်လူထင်တာ တစ်ခုမှ မဟုတ်ဘူး၊ သူက အိမ်ထောင်နဲ့ပဲ၊ အိမ်ထောင်သည် သားကြီး၊ သမီး ကြီးတွေတောင် ရှိတယ်။ ဘာ အကြောင်းရှိသလဲတော့ မသိဘူး။ သူက အဘွားကြီးနဲ့ မနေဘဲ တစ်ယောက်တည်း တိုက်ခန်း မှာနေတာ။ အဘွားကြီး နဲ့ ပြဿနာရှိချင် ရှိမှာပေါ့လေ။ အရေးကြီးတာ ကတော့ ကိုယ့်လူနဲ့ မိသားစုဟာ တစ်ကိုယ်တော် လူကြီးတစ်ယောက် နဲ့ အခန်းနီးချင်း ဖြစ်နေရတာ ကုသိုလ်ထူးတာပဲ၊ နားအေး ပါးအေး နေရတာပေါ့"
ပွဲစားက ကျွန်တော့်နေရာမှာ ဝင်ရောက်ခံစားပေးသကဲ့သို့ စိတ်ပါလက်ပါ အားပေးစကားပြောနေ သည်။ သူ့ဘက်က အလုပ်ဖြစ်၊ အကျိုးအမြတ်ရအောင် ဖောက်သည် တွေကို အာဝဇ္ဇန်းရွှင်ရွှင်နှင့် သိမ်းသွင်း နားချနေဟုသာ  ကျွန်တော်နားပါတယ်။ လူပေါ် လူညွှန့်ခူး၊ နှစ်ဖက်ခွတုတ်တတ်သော နှစ်သီးစား လူလည် ပွဲစားများ ကို ကျွန်တော် လေးစားခြင်း မရှိပါ။ သို့သော် လောကကြီးမှာ ပွဲစား တွေ မရှိပြန်လျှင်လည်း  အရောင်း အဝယ်၊ အပေးအယူ၊ အလွှဲအပြောင်း ကိစ္စတွေ လွယ် ကူချောမွေ့မည် မဟုတ်ပြန်ပါ။ ဘယ်လိုမဆို သူတို့သည် မရှိလည်းကောင်း၊ ရှိလည်း ကောင်း လူမှုရေးသံတမန်များဟုသာ နားလည်လက်ခံကြရပေတော့မည်။

မပြောင်းရွှေ့ကြသေးမီ ကျွန်တော်တို့ ငှားရမ်းစာချုပ် ချုပ်ဆိုထားပြီးဖြစ်သော တိုက်ခန်းကို ကျွန်တော်တို့  ဇနီးမောင်နှံ သွားရောက်လေ့လာကြသည်။ တိုက်ခန်းက မြေညီထပ်အထက်က ပထမထပ် မှာ ဖြစ်ပြီး လှေကား ကလည်း ပြေပြေကလေး တက်သွားသဖြင့် အဆင်းအတက် သက်သာသည်ဟု ဆိုနိုင် ပါသည်။ အထူးသဖြင့် အဆင်းအတက် သက်သာသည်ဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ဝဖြိုးသော ဇနီးက လှေကားကို ကျွန်တော့်ထက် ပို၍ ကျေနပ်သဘောကျသည်။ ကျွန်တော်တို့ တိုက်ခန်းအထက် မှာ နောက်ထပ် နှစ်လွှာ ရှိပါသေးသည်။ ထိုအခန်းများက ပို၍ ဈေးနှုန်းချိုသာသော်လည်း ခန္ဓာဝန်ထုပ်ကြောင့် ဒုက္ခတွေ့နေရှာသော ဇနီးနှင့် ကျွန်တော်တို့၏ သားငယ်သမီးငယ်များက အန္တရာယ်ကင်းရှင်းရေးအတွက် ဤပထမထပ်ကို ကျွန်တော် တို့ ရွေးချယ် ခဲ့ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ ၏ အခန်းမှ တံခါးကို သော့မဖွင့်မီ မျက်နှာချင်းဆိုင် အခန်းဘက်ကို ကျွန်တော် စူးစမ်းသည်။ တံခါးပိတ် သော့ချိန်ထားပါသည်။

တစ်ကိုယ်တော် အဘိုးကြီး အပြင်သွားဟန်ရှိသည်။ သူ့အခန်းတံခါးရွက်ဆီမှ ပလက်စတစ် ဆိုင်းဘုတ်ပြား ကလေးကတော့ ကျွန်တော့ကို ဖမ်းညို့ထား လိုက်၏။ "မောင်မောင်ကြီး MM" ဆိုသော စာလုံးအဖြူတွေကို အနက်ခံပေါ် မှာ ဖောင်းကြွစာလုံး ဖြင့် ကပ်ထားသည်။ ဇနီးကလည်း ဆိုင်းဘုတ်ကလေးကို မျက်လုံးစွေကြည့် သည်။
"အမ်... အမ်...ဆိုတဲ့ အတိုကောက် အင်္ဂလိပ်စာလုံးက ဘာလဲမသိဘူးနော်။ အဲဒါဘွဲထူးတစ်ခုရဲ့ အတိုကောက် စာလုံးလား၊ ကျွန်မတော့ အမ်အမ်ဘွဲ့ဆိုတာ မကြားဖူးပေါင်"ဟု ဇနီးက ပြောသော အခါ ကျွန်တော်က "သိပါဘူး ကွာ" ဟုသာ တုံ့ပြန်လိုက်ပါသည်။
ရက်အနည်းငယ်အကြာ ကျွန်တော်တို့ မိသားစု ပြောင်းရွှေ့ရောက်ရှိလာကြသော အချိန်မှာလည်း တစ်ဖက်ခန်း က သော့ခတ်လျက် တံခါးပိတ်ထားသည်။ ကျွန်တော်တို့ကို "မောင်မောင်ကြီး MM" ဆိုသော ဆိုင်းဘုတ် ကလေးကသာ အေးစက်စွာ စောင့်ကြည့်နေသည်။

"အဘိုးကြီးက မိုးလင်းက မိုးချုပ် သူ့ကားဝပ်ရှော့မှာ အချိန်ကုန်တာ၊ ဝပ်ရှော့မှာ သူ့လက်ထောက် တွေ၊ တပည့်တွေ တစ်ပုံကြီးရှိပေမယ့် ဝပ်ရှော့ပိုင်ရှင် မက္ကင်းနစ် ဆရာကြီးလို့ အခန့်သား ထိုင်နေ တာ မဟုတ်ဘူး။ သူ့ဝပ်ရှော့ ကို ရောက်လာတဲ့ ကားမှန်သမျှ အင်ဂျင်ကို သူကိုယ်တိုင် နှိုက်ရမှ ကျေနပ်တာ။ ၁၂နှစ်သား ကတည်းက ဝပ်ရှော့တစ်ခုမှာ ထမင်းစား ကျွန်ခံဝင်လုပ်ရာက အသက်၃၀ လောက်မျာ ဝပ်ရှော့ ပိုင်ရှင် ဖြစ်လာတာတဲ့။ ဒီလူကြီး အမေရိကားမှာဆိုရင် (ဖို့ဒ်) တို့၊ (ခရိုက် စလော)တို့မှာ အကောင်ကြီးကြီး တစ်နေရာတော့ ရတယ်"
ပွဲစားက တစ်ဖက်ခန်းမှ ပုဂ္ဂိုလ်၏ အတ္ထုပ္ပတ္တိတစ်စွန်းတစ်စကို ပြောပြခဲ့ပါသေးသည်။ ကျွန်တော် သည် မော်တော်ယာဉ် စက်ပြင် လောကကို မကျွမ်းကျင်၊ မနှံ့စပ်ပါ။ သို့သော် ကျွန်တော် ခရီးသွား ဟန်လွှဲ ကြုံးခဲ့ ဖူးသမျှ ဝပ်ရှော့ဆရာ မက္ကင်းနစ်ကြီးများထဲတွင် သိပ္ပံဘွဲ့သော်လည်းကောင်း၊ စက်မှု တက္ကသိုလ်     ကျောင်းဆင်းသော် လည်းကောင်း၊ တစ်ယောက် မျှ မပါရှိခဲ့ချေ။ ကားအမျိုးမျိုးကို ပြင် ဆင်နေသော မွန် တိုင်းရင်းသား မက္ကင်းနစ် ဆရာကြီးတစ်ယောက်ဆိုလျှင် "အတန်မရှိ" ဘုန်းကြီး ကျောင်းထွက် တစ်ဦး သာ ဖြစ်နေသည်။

တစ်ဖက်ခန်းမှ ဦးမောင်မောင်ကြီးသည်ကော ဘယ်လိုစက်ပြင်ဆရာကြီး ဖြစ်လိမ့်မလဲ၊ ဆိုင်းဘုတ် မှာ ပါရှိသော "အမ်အမ်"ဘွဲ့က ဘာကို အထူးပြု ညွှန်းဆိုသလဲ၊ ကျွန်တော်တွေ့ကြည့်နေမိခဲ့ပါ သည်။
ညမှောင်စပျိုးချိန်မှာ မြို့ပြတိုက်ခန်း ဓလေ့အတိုင်း ပိတ်ထားသော ကျွန်တော်တို့ အခန်းမှ တံခါးမ ကြီးကို အသာဟ ၍ တစ်ဖက်ခန်း၏ အခြေအနေကို ကြည့်ပါသည်။ သော့ ချိန်ထားဆဲ ဖြစ်သည်။
"ရှင် ဘာလုပ်မလို့လဲ ဟိုဘက်ခန်းကို ချောင်းချောင်းကြည့်နေရတာလဲ" ဟု ဇနီးက မကျေမချမ်း သံဖြင့် ငြူစူ ပါသည်။
"တစ်ကိုယ်တော် ဆရာကြီး ရောက်ပြီလားလို့ပါကွာ"
"ရောက်လာတော့ ရှင်က ဘာလုပ်မှာလဲ"
"အင်ထရိုပေါ့ကွာ မိတ်ဆက်ရတာပေါ့၊ အနီးဆုံး အိမ်နီးချင်းနဲ့ သိကျွမ်းခင်မင်မှု ရထားတော့ ကောင်းတာပေါ့။ (သင့်.... အိမ်နီးချင်းအပေါ် မေတ္တာထားပါ)လို့ သမ္မာကျမ်းစာထဲမှာ အဆုံးအမရှိ တယ်မှုတ်လား"
"ဟိုဘက်ခန်း မှာ သွေးစုတ်ဖုတ်ကောင် ကြီးနေတယ်ဆိုရင်ကော"

အိုးရွှဲ့ကို စလောင်းရွှဲ့နှင့် မဖုံးချင်၍ ကျွန်တော် ပင့်သက်ရှိက်ပြီး ပါးစပ်ပိတ်ထားလိုက်ပါသည်။ ဇနီးက ကျေးလက်ဇာတိဖြစ်သော်ငြား မြို့ပြမှာ အနေကြာပြီး မြို့ပြစရိုက်ဝင်ကာ သူစိမ်းပြင်ပြင် တစ်ယောက်နှင့် မိတ်ဆက် ရမှာ ဝန်လေးတွန့်ဆုတ်သည်။ မလွှဲမကင်းသာ၍ မိတ်ဖွဲ့ဆက်ဆံရပါ သော်လည်း တစ်ဖက်သား၏ အကျင့် စရိုက်၊ စိတ်နေသဘောထားကို သဘောမတွေ့ပါက လောကွပ်ချော်ပြီး သံတမန်ပြုံးကလေးနှင့် ဟန်ဆောင် ပန်ဆောင် မနေတတ်။ မေးထူးခေါ်ပြော ခပ်တန်းတန်းပဲ  နေလိုက်သည်။ မြို့ပြတိုက်ခန်း ယဉ်ကျေးမှု မှာ ဇနီး၏ စရိုက်နှင့် လိုက်ဖက်လှပါ ပေသည်။
ည (၈) နာရီလောက်မှာ ကျွန်တော်တံခါးဟ၍ ကြည့်သေးသည်။ မက္ကင်းနစ်ဆရာကြီး ပြန်မရောက်သေးပါ။

ည(၉)နာရီလောက်မှာတော့ ကျွန်တော်တို့ မိသာစ ရုပ်မြင်သံကြား ကြည့်နေကြစဉ် တစ်ဖက်ခန်းမှ မမျှော်လင့်သည့် အသံများ ပေါ်ထွက်လာသည်။ ဦးမောင်မောင်ကြီး ဆိုသူ စက်ပြင်ဆရာကြီး၏ ဟိန်းဟိန်းမားမား၊ ကျယ်ကျယ်လွင့်လွင့် ရှိလှသော ဝမ်းခေါင်းသံပါပါ လှိုက်သံကြီးပင် ဖြစ်သည်။ အခန်းတံခါး ပိတ်ထားပါလျက် အခန်းတံခါးမှ (၂)လက်မထုကျွန်းပြားနှင့် (၆)လက်မထု အုတ်နံရံကို ထွင်းဖောက်လာနိုင်သော အသံမှာ ထိုစက်ပြင်ဆရာကြီးက ပြင်ဆင်ပေးခဲ့ဖူးမည်ဖြစ်သော "ဖူဆို" (၁ဝ) ဘီးတပ်၊ ကုန်တင်ထရပ်ကားကြီး မှ ကြောက်မက်တုန်လှုပ်ဖွယ် ဟွန်းသံမျိုးကို ၁ဝ ပေ အတွင်းကနေ ကြားနေရမည် ဆိုပါက နှလုံးရောဂါရှိသူ တစ်ယောက် ဆိုပါက ကျန်းမာရေးအခြေအနေ ကောင်းတော့မည် မဟုတ်ပါ။

" ဟိတ် .... ဂျော်ဂျီ မတရား မလုပ်ပါနဲ့ကွ၊ မတရားမှုဆိုတာ အဓမ္မလုပ်တာပဲ။ ဘုရားမကြိုက်၊ နတ်မကြိုက်သလို လူတွေလည်း မကြိုက်ဘူး။ မင်းတို့ အချင်းချင်းလည်း ကြိုက်ကြမှာ မဟုတ်ဘူး။ နိုင်ထက်စီးနင်း အဓမ္မစော်ကား တာကို ကြောက်လို့သာ ငြိမ်ခံနေရပေမယ့် ရင်ထဲကတော့ တစ်စက်ကလေးတောင် ကျေနပ်မှာ မဟုတ်ဘူး။ ဒီမှာ ဂျော်ဂျီ၊ မင်းက အခုလို အနိုင်ကျင့်တဲ့အတွက် မင်းလည်းပဲ တစ်နေ့မှာ အနိုင်ကျင့် ခံရမှာပဲ။ မင်း စားမယ့်မုန့် ကိုလည်း မင်းကို နိုင်တဲ့အကောင်က လုစားဦးမှာပဲ။ အဲဒီကျ မင်းခံရမယ့် အလည့် ပဲ။ ရေစီးတစ်ခါ ရေသာတစ်လှည့်တဲ့။ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံတဲ့။ ငါ ပြောတာကို မင်း ကောင်းကောင်းကြီး မှတ်ထား ပါ ဂျော်ဂျီ၊ တစ်နေ့ကျ မင်းလည်း လှလှကြီး အနိုင်ကျင့် ခံရလိမ့်မယ်။ နားလည်လား ဂျော်ဂျီ"

 မြေငလျှင်လှုပ်ခြင်းကို ရုတ်ခြည်း ကြုံတွေ့လိုက်ကြရသလို ကျွန်တော်တို့ ဇနီးမောင်နှံသည် တစ်ဦးမျက်နှာ တစ်ဦး အလန့် တကြား ကြည့်လိုက်မိကြသည်။ ကျွန်တော့်ဇနီး၏ မျက်ဝန်းတွေက လိုအပ်သည်ထက် ပို၍ ပြူးကျယ်နေ သလို ထင်ရပါသည်။ ကျွန်တော်ကတော့ မျက်ခုံးတွေကို အစွမ်းကုန် ပင့်တင်ထားမိ၏။
    "ဂျော်ဂျီ .... တဲ့။ မော်လီ... တဲ့။ ဘယ်သူတွေ များပါလိမ့်မယ်" ဟု ဇနီးသည်က ခပ်တိုးတိုး ရေရွတ်သည်။ ထို "ဘို" နာမည်တွေ က ဘယ်သူတွေကို ရည်ညွှန်းမှန်း ကျွန်တော် မတွေးတက်ပါ။
    အဘိုးကြီး၏ ဒေါသလွှမ်းသည့် ဝမ်းခေါင်းသံကြီးက ကျွန်တော်တို့ထံ ရိုက်ခတ်လာပြန်သည်။

    "ဒီမယ်.... မော်လီ၊ နင်ကလည်း ဂျော်ဂျီကို ကြောက်ချင်ယောင်ဆောင်ပြီး လစ်ရင်လစ်သလို အခွင့်အရေး ယူတာပဲ။ ကြောက်ချင်ယောင်၊ အ ချင်ယောင်ဆောင်တာဟာ ရူးချင်ယောင်ဆောင်တာထက် ဆိုးတယ်၊ နားလည် လား။ အဲဒါ ကုပ်ကမြင်း အကျင့်ဆိုးပဲ၊ ပျော့ပျော့နဲ့ နံတဲ့ ကြောင်ချေးဆိုတာ အဲသလို အကျင့်ပဲ။ ဒီအကျင့်မျိုး ငါ လုံးဝ မကြိုက်ဘူး။ ဒါဟာ ...ကလိန်ကကျစ်ဥာဉ် ကြောင်သူတော်စင်စရိုက် သီလကြောင်အကျင့်။ အဲဒီအကျင့် ကို ဖျောက်၊ မဖျောက်ရင်တော့ နင် ဒုက္ခ လှလှကြီး ရောက်မှာ မြေကြီးလက်ခတ် မလွဲဘူး"
ကျွန်တော်က ဇနီးဘက်သို့ လှည့်ကြည့်သည်။ ခန္ဓာကိုယ် အတ္တဘောကြီးနှင့် လိုက်ဖက်စွာ ပွယောင်း ဝိုင်းစက်နေသော ဇနီးမျက်နှာက အရုပ်ဆိုးလှစွာ မဲ့ပြုံးပြုံးနေသည်။ ကျွန်တော့် မျက်နှာလည်း မှုန်ကုပ်နေ မှာ ဖြစ်သည်။

    "မက္ကနစ်ကြီး အရက်မူးနေသလား မသိဘူး" ဟု ဇနီးက တိုးတိုးကလေး ဖွင့်ဟလိုက်၏။
"ပွဲစားပြောတာကတော့ ဒီတိုက်မှာ အရက်သမားတစ်ယောက်မှ မရှိဘူးတဲ့။ ဒါ့အပြင် ဒီတိုက်ရဲ့ တစ်မိုင် ပတ်ပတ်လည် အတွင်းမှာ အရက်ဆိုင်လည်း တစ်ဆိုင်မှ မရှိဘူးတဲ့။ ပွဲစားပြောတုန်းက မင်းလည်း ကြား တာပဲလေ"
"ပွဲစားစကားပဲ၊ သုံးခွက်တစ်ခွက်တင်ပဲ ယုံရမှာပေါ့။ ဒီလို ဖွံ့ဖြိုးစည်ပင်တဲ့ ရပ်ကွက်မှာ အရက်ဆိုင် မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဟော.... ဟော.... နားထောင်စမ်း၊ နားထောင်စမ်။"
ကျွန်တော်တို့ လင်မယား အခန်းတံခါးမှ တံခါးရွက်ကြီးမှာ နားရွက်တစ်ဖက်စီ ဖိကပ်၍ နားစွင့်လိုက်ကြပြန် ပါသည်။
    "ဂျော်ဂျီ... မင်းက အသက်လည်း ကြီးတယ်၊ ဗလလည်း ကြီးတယ်၊ အစားလည်း ပိုကြီးတယ်။ အကောင်ကြီးပြီး အချိန် မစီးတာမျိုးတော့ မဖြစ်စေနဲ့၊ အဲလို အီးဘောလောကြီးတွေကို ငါ မုန်းတယ်။ ဗလ အားကိုး နဲ့ အနိုင်ကျင့်တာတို့၊ လက်နက်အားကိုးနဲ့ တစ်ဖက်သားကို တစ်ဖက်စောင်းနင်း ဖိနှိပ်တာမျိုးတို့ကို ငါ အားကြီး နှလုံးနာတယ်။

မင်းအကျင့်ဆိုးကို ဖျောက်ပါ။ သာတူညီမျှ သမာသမတ်ကျတဲ့ စိတ်ထားမျိုး မွေးမြူပါ။ မင်းလို အတ္တကြီး တဲ့ ကောင်စားမျိုးတွေကြောင့် ငါတို့ ကမ္ဘာကြီး ကသောင်းကနင်းဖြစ်နေတာ၊ နားလည်လား၊ ငါ့ဗိုက်ပြည့် ဖို့ အဓိက၊ ငါ့သားမယားရဲ့ ဗိုက်တွေဖြည့်ဖို့ အဓိက ငါ့ဆွေငါ့မျိုး၊ င့ါအသိုင်းအဝိုင်း၊ င့ါတပည့် တပန်းတွေရဲ့ ဗိုက်တွေဖြည့် ဖို့ အဓိကလို့ ယုံကြည်တဲ့အကောင်တွေကြောင့် ကမ္ဘာကြီး ဘာဖြစ်နေသလဲ၊ အာဖရိကတိုက်ကို ကြည့်လိုက် စမ်း၊ လူတစ်ယောက်က ဗိုက်တင်းအောင်စားရပြီး လူတစ်ထောင်လောက်က ရေသောက် ဗိုက်မှောက်နေရ တယ် မှုတ်လား ဟင်"
    အဘိုးကြီးက စကားဖြတ်ပြီး ခေတ္တရပ် ဆိုင်းထားလိုက်ဟန် ရှိသည်။ ကျွန်တော်တို့လည်း တံခါးနားမှ ထွက်ခွာ ခဲ့ကြသည်။ ထိုအချိန်မှာပင် အဘိုးကြီး၏ မာရည်ကျောရည် နိုင်လှသောအသံ ပေါ်ထွက်လာသည်။

"အတ္တမကြီးနဲ့၊ စားမာန်မခုတ်နဲ့၊ မျှတတဲ့ စိတ်ထားကိုမွေး၊ ကိုယ့်ဘက်ချည်း ကိုယ်ယက်တဲ့ လိပ်တွေလို မဖြစ်စေ နဲ့။ ဟေ့ ဂျော်ဂျီ နဲ့ မော်လီ ကမ္ဘာကြီးက  ပျက်တော့မှာ၊ ကမ္ဘာမပျက်ခင် ချစ်ချစ်ခင်ခင် နေကြ၊ ဟောဒီ ကမ္ဘာကြီး ဆိုတာက အခု မပျက်လည်း နောင်တစ်နေ့တော့ သေချာပေါက် ပျက်စီးသွားမှာပဲ။ ဒါ.... ငါ ပြောတဲ့စကား မဟုတ်ဘူး။ ဘုရားဟောတာ၊ ဘုရားက ဟောဒီကမ္ဘာဟာ မီးနဲ့ ပျက်လိမ့်မတဲ့။ ဘုရားစကားနော်၊ ဘုရားစကား... မယုံမရှိကြနဲ့၊ ကဲ.... အိပ်ကြတော့ကွာ .... ဂွတ်နိုက်"
 
တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသကဲ့သို့ ရှိသည်။ ဦးမောင်မောင်ကြီး၏ အခန်းဘက်မှ မည်သည့် အသံပလံ မျှ ပေါ်ထွက်မလာတော့။ အဘိုးကြီး အမှန်တကယ် အိမ်ရာဝင်သွားပြီဟု ကျွန်တော်တို့ ထင်ကြ သည်။ အိပ်ရာမဝင် နိုင်ကြသေးသည်က ကျွန်တော်တို့ လင်မယားဖြစ်သည်။ တစ်ဖက်ခန်းမှ ပဟေဠိ ကို ဖော်ထုတ်ရန် ကျွန်တော်တို့ မျက်လုံးတွေ ကျယ်နေကြသည်။
    "ဂျော်ဂျီ နဲ့ မော်လီ ဆိုတာ ကြောင်ကလေးတွေ ဖြစ်မယ်ကွ" ဟု ကျွန်တော်က ခန့်မှန်းချက် ထုတ်လိုက်သည်။

 "မက္ကင်းနစ်ကြီးက ကြောင်တွေနဲ့စကား ပြောတယ်ဆိုတော့ လူကြောင်ကြီးနဲ့ တူပါရဲ့ရှင်၊ သူက လူနှစ်ယောက် ကို ပြောသလို ပြောနေတော့တာကိုး"
    "ပန်းချစ်တဲ့ မိန်းကလေးတချို့လည်း ပန်းပင်တွေနဲ့ စကားပြောကြသတဲ့"
"သြော်.. ကြံဖန်ပြီး ရူးတတ်ကြပါပေ့ရှင်"
ကျွန်တော်၏ ခန့်မှန်ချက်လွဲသွားပါသည်။. နောက်တစ်နေ့နံနက် (ဂ)နာရီလောက်မှာ တစ်ဖက်ခန်းမှ တံခါးဖွင့်သံကြား၍ ကျွန်တော်တစေ့တစ်စောင်း ချေင်းမြောင်းကြညါ့လိုက်ရာ အဘိုးကြီးနှင့် သူ့လက်ထဲမှာ သံကြိုးတွေနှင့် ဆိုင်းထားသော ခွေးနှစ်ကောင်ကို တွေ့ရသည်။ နိုင်ငံခြားမျိုးစပ်အမွေးမထူမပါး အဖြူရောင် ခွေးနှစ်ကောင်ဖြစ်ကြသည်။ ခွေးရှင်ကလည်း ဖြူဖြူ၀၀ကြီးဖြစ်ကာ၊ ခေါင်းမွေးတိုနှံ့နှံ့ကလည်း ကြာဆံတွေလို ဖွေးဖွေးလှုပ်နေသည်။

ဦးမောင်မောင်ကြီးမှာ စက်ပြင်ဆရာဝပ်ရှော့ပိုင်ရှင်တစ်ဦးထက် ဆင်းရဲသော်လည်း အစားဝဝ စားနိုင်၍ ဝဖြိုးနေသော လမ်းဘေးဗေဒင်ဆရာကြီးတစ်ဦးနှင့် ပို၍တူနေသည်။ ကျွဲကော်ကိုင်း ပါဝါမျက်မှန်ကြီး တပ် ထားသော မြင်းချေးရောင် တိုက်ပုံအဟောင်းကြီးတစ်ထည်ကို ဖိုးရို့ဖားယားဝတ်ထားသည်။ သူ့နှုတ်ခမ်းကြား မှာတော့ ဆေးပြင်းလိပ်တို။
"ဟေ့ ဂျော်ဂျီ၊ ဖြည်းဖြည်းဆင်းပါကွ၊ မလောပါနဲ့၊ မော်လီဆင်းသလို ဣနြေ္ဒရရဆင်းမှပေါ့ကွ"ဟု အဘိုးကြီးက ခပ်တိုးတိုးငေါက်သည်။
ကျွန်တော် သည် တိုက်ခန်းရှေ့ ၀ရန်တာလသာဆောင်ကလေးဆီသို့ ခပ်သုတ်သုတ်လှမ်းလာခဲ့ပြီး အဘိုးကြီးနှင့် ခွေးနှစ်ကောင်ကို အပေါ်မှစီးကြည့်နေမိသည်။ တိုက်ရှေ့မှာ ဆလွန်းကားသုံးလေးစီး ရပ် ထားသည့် အနက် အဖြူရောင် (ဆန်နီစူပါဆလွန်း) ခပ်စုတ်စုတ်ကားထဲသို့ အဘိုးကြီးက ခွေးတွေကို အလျင် သွင်းသည်။ ပြီးလျှင် သူက ဒရိုင်ဘာနေရာမှာဝင်ထိုင်ပြီး ခပ်ကြမ်းကြမ်းမောင်းထွက်သွားသည်။ ကားဘီးတွေက ယက်ထုတ်လိုက်သော ဖုန်လုံးကြီးက ဈေးမှပြန်လာသော ကျွန်တော့်ဇနီးကို ၀င်တိုးကြသည်။ ကျွန်တော့်ဇနီးက သူ့မျက်နှာကို လက်ဝါးဖြင့် ကာလိုက်သည်။ ဘယ်လိုမဆိုကျွန်တော့်ဇနီးသည် အဘိုးကြီးကို မိတ်ဖွဲ့ရန် စဉ်စားတော့မှာ မဟုတ်ဟုကျွန်တော် တွေးမိပါသည်။

"လက်စသတ်တော့ အဘိုးကြီးက ကြောင်တွေနဲ့စကားပြောတဲ့ လူကြောင်ကြီးမှ မဟုတ်ဘဲရှင့်၊ ခွေးတွေကို စကားပြောသော လူ့ခွေးကြီးပဲ ဟီ ..... ဟီး"
အခန်းထဲသို့ ၀င်လာပြီးနောက် ဇနီးက နှုတ်ခမ်းတလန် ပန်းတလန်နှင့် သရော်တော်တော်ပြောပါသည်။ ကျွန်တော်က မှတ်ချက်ပေးခြင်းမပြု။ ခွေးနှစ်ကောင်နှင့်အတူနေသူ မက္ကင်းနစ်ကြီး တစ်ဦး၏ ဘ၀ကို ဝေခွဲ သုံးသပ်ကြည့်နေမိ၏။ သူ့ခွေးတွေက တွေ့မြင်နေကြတိုင်းရင်းခွေးမျိုးတွေတော့မဟုတ်။ pet-shop ခွေးအရောင်း ဆိုင်တွေ မှာ သောင်းဂဏန်းမှ သည် သိန်းဂဏန်းအထိ ကြေးကြီးဈေးပေါက်နေသော ဘိုခွေးတွေ ဖြစ်ကြသည်။

ထိုခွေးတွေက တိုင်းရင်းခွေးတွေလို ကြုံရာစားတတ်ကြသည့် "သုနက္ခ"တွေလည်း မဟုတ်။ ဇီဇာကြောင်တတ်ကြသည်။ သားငါးအညှီအဟောက် အလွန်ကြိုက်သည်။ ရိုးရာ ဘိန်းမုန့်သွားမကျွေးနှင့်။ စားမှာမဟုတ်။ ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ ဆင်းဒ၀စ်တွေ၊ ဂျေဒိုးနပ်တွေဆိုလျှင်တော့ လာထား။ မြိန်မြိန် ယှက်ယှက်ကြီးလွေးပြပါလိမ့်မည်။ ကုန်တိုက်ပြီးတွေမှာ အထူးကောင်တာဖွင့် ၍ ရောင်းချသော ပြညပသွင်းကုန် dog food "ခွေးစာ"မျိုးဆိုလျှင်လည်း ဒင်း(သင်း)တို့က သွားရည်တမြားမြားနှင့် ဗိုက်ကားအောင် ၀ါးလေ့ရှိကြ သည်။ ထိုခွေးစာဘူးတစ်ဘူး၏ ဈေးနှုန်းမှာ သာမန်လက်လုပ်လက်စား မိသားစုငယ်တစ်ခု၏ (၃)ရက်စာ မီးဖိုချောင် စရိတ်လောက် ရှိမည်ဟု ကျွန်တော်ခန့်မှန်းကြည့်သည်။

ကျွေးနိုင်လိုကျွေးတာ ကျွေးကြပေါ။ ဒါနပြုခြင်းတစ်မျိုးမို့ ကုသိုလ်တောင်ရသေး။ ကျွန်တော်တို့၏ "ဖွတ်ဘိုးအေ" ခွေးချစ်သူတွေ ကလည်း အောင်နက်တို့၊ ဂုတ်ကြားတို့ကို ထမင်းရည် ဒါနပြုနေကြတာပဲ မဟုတ်လားဟု ကျွန်တော်ဆင်ငြ်းတွေးကာ ကျေနပ်မိပါသေးသည်။
အချိန်ကြာ လာသည်နှင့်အမျှ  ခွေးနှစ်ကောင်နှင့်အတူနေ၊ အတူစားခြင်း၊ ခွေးနှစ်ကောင် ကိုစကာပြောခြင်း၊ မြည်တွန်တောက်တီးခြင်း၊ ချော့မော့သွန်သင်ခြင်းတို့ဖြင့် ကျွန်တော် တို့ပတ်ဝန်းကျင်မှာ ထူးခြားသော "လူခွေးကြီး" ဟု လျှို့ဝှက်နာမည်ပြောင်ရထားသည့် ဦးမောင်မောင်ကြီးနှင့် ကျွန်တော်တို့မှာ မျက်နှာချင်း ဆိုင်မိဖန်များလာသည်။ ကျွန်တော်က ခင်မင်းရင်းနှီးလိုဟန် မျက်နှာရိပ်မျက်နှာကဲပြသော်လည်း ဦးမောင်မောင်ကြီး က ကျွန်တော့်ကို အခန်းနီးချင်းတစ်ဦးအဖြစ် အသိအမှတ်ပြုရုံ ၊ ခေါင်းဆတ်ပြ၊ နှုတ်ခမ်း တွန့်ပြခြင်း တို့ဖြင့်သာ တုံ့ပြန်ဆက်သွယ် သည်။ သူက ကျွန်တော်နှင့် တရင်းတနှီး၊ နွေးထွေးစွာ ဆက်ဆံလိုစိတ် မရှိကြောင်း ထင်ရှားပါသည်။

ကိစ္စမရှိ။ ကိုယ်ထမင်းကိုယ်ရှာစားနေတာပဲ ချင်းစိမ်းနဲ့မိဿလင်၊ သူကြင်မှကိုယ်ကြင်ရမည်သာပ။ ကျွန်တော် ဇနီးကတော့ အဘိုးကြီးကို "ဦးနှောက်အနေအထားမမှန်"ဟု သတ်မှတ်ကာ ကျွန်တော့်ကို "လူ့ခွေးကြီး" (ကျွန်တော်ဇနီးပေး ထားသော နာမည်ပြောင်)နှင့် ကင်းကင်းသာ နေစေလိုပံရပါသည်။
"ခွေးတွေနဲ့ ဒီလောက်ပူးပူးကပ်ကပ်နေနေမှာတော့ အဘိုးကြီးကိုယ်က လူစောနံမှာ မဟုတ်ဘူး။ ခွေးစော်ပဲနံမှာ" ဟု ဇနီက တုတ်ထိုး အိုးပေါက် ဝေဖန်ပါသေးသည်။
"သူက ၀ပ်ရှော့ပိုင်ရှင်၊ ၀ပ်ရှော့မက္ကင်းနစ်ကြီးလေ၊ သူနဲ့အနီကပ်တွေ့တိုင်း ငါရှူမိတာကတော့ ဓာတ်ဆီဟောင်း နံ့၊ ဓာတ်ဆီနံ့ တွေပဲကွ"
"ဓာတ်ဆီ နံ့ ရတယ် ဟုတ်လား၊ အဘိုးကြီးနား သိပ်မကပ်နဲ့။

အဘိုးကြီးကိုယ် က မီးအန္တရာယ်ရှိတယ်နော်"ဟု ဇနီးက အဆိုးမြင်သက်သက်ဖြင့် ကပ်သီးကပ်သပ် သတိပေးနေသတိပေးနေသည်။
တစ်နေပတော့ ကျွန်တ်ာက အဘိုးကြီးနှင့် တိုက်ရှေ့ကားရပ်စခန်းမှာ ဆုံမိကြသည်နှင့် တိုတိုတောင်းတောင်း နှုတ်ဆက် စကားပြောရင်းမှ...
"ကျွန်တော့် ဘ၀မှာ အန်ကယ့်လောက် ခွေးချစ်တတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ မတွေ့ဖူးပါဘူးဗျာ"ဟု အမှတ်မထင် လျှာခလုတ် တိုက်မိပါသည်။
"လူတွေ အကြောင်းကို ပိုသိလာလေ ခွေးတွေကို ပိုချစ်လာလေဆိုတဲ့ စကားပုံကို မောင်ရင်မကြားဖူးဘူးလားကွ"
"ဟင့်အင်း... မကြားဖူးပါဘူး အန်ကယ်".
"လူ သည် ခွေးထက် မိုက်၏ ဆိုတဲ့ စကားကိုကော ကြားဖူးလား"
"ဟင်အင်းခင်ဗျ"

"ဟုတ်ပြီးဒါဆို မင်းကြားဖူးသွားပြီ။ ဒီမယ် ဂျော်ဂျီ အဲလေ ဆောရီး ဒီမယ်မော်ရင်မှတ်ထား။ ငါဟယ လူတွေထက် ခွေးကိုပိုပြီး ယံကြည်စိတ်ချခဲ့လို့ ခွေးတွေနဲ့ အတူတူနေတာ၊ ငါ့မိန်းမ၊ ငါ့သသမိးတေါကိုတောင် ဂျော်ဂျီတို့၊ မော်လီတို့လောက်စိတ်မချဘူး ရှင်းလား"
"ဟုတ်ကဲ့၊ မှတ်သားစရာပေါခင်ဗျာ"
"ငါ့အလုပ်ရုံ မှာ ငါ့တပည့်လေး၊ ငါး၊ ရှစ်ယောက်ရှိတယ်။ အဲဒီကောင်တွေအားလုံး ခိုးတတ်တယ်။ လိမ် တတ်တယ်။ တစ်စိတ်ကို တစ်အိတ်လုပ်ပြိး ကြွာူးတတ်တဲ့ လေပိုလေလျှံသာထေယျတွေ သုံးပြီး စကားပြော တတ်ကြတယ်။ ဂျော်ဂျီနဲ့မော်လီတို့မှာ အဲဒီလို အကုသိုလ်ဒုစရိုက်တွေ လုံးဝမရှိဘူး။ ငါသေရင် ငါ့စည်းစိမ် ကို ခွေးသေကောင်ပုပ် လင်းတဆွဲသလို ၀ိုင်းလုကြမယ့် ငါ့သားသမီးတွေလို မစ္ဆရိယစိတ် ဂျော်ဂျီတို့မှာ မရှိဘူး။ သေတမ်းစာ ဥပေဒ သာရှိရင် ငါ့အမွေတွေ ဂျော်ဂျီတို့ကို ပေးပစ်ခဲ့မှာကွ"

ဦးမာင်မောင်ကြီး၏စကားကို ကြားရသောအခါ မဂ္ဂဇင်းတစ်စောင်ထဲမှာ ဖတ်ခဲ့ဖူးသော အနောက်တိုင်း က ခွေးချစ်သူ အဘွားကြီးတစ်ယောက်အကြောင်း ကျွန်တော်အမှတ်ရလာသည်။ ပိုက်ဆံရှိသော ထိုမိန်းမကြီးက သူသေ လျှင် သူ့ခွေးကလေးအတွက် အမွေငွေကြေးများစွား ရှေ့နေရှေ့ရပ်များမှ တစ်ဆင့်စာချုပ်စာတမ်းများဖြင့် စီစဉ်ထားကြောင်း ဖတ်ရှုရပါသည်။ ထိုခွေးလောက်ကံကောင်းသော ခွေးမျိုးတွေ့ဖူး၊ ကြားဖူးကြပါလေစ။
နွေရာသီမွန်လွဲပိုင်း အချိန်မှာ ဖြစ်သည်။ ရုံးပိတ်ရက်ဖြစ်၍ ကျွန်တော်လည်း မိမိအခန်းထဲမှာ စာအုပ်တစ်အုပ်နှင့် အတူ အပျင်းထူနေသည်။
လူတစ်စု လှေကားမှ ၀ုန်းဒိုင်းညံအောင် အပြေအလွှားတက်လာကြသည်။ ကျွန်တော်လည်း ရင်ထဲ ဒိတ်ခနဲဖြစ်ကာ တံခါးအသာဟ၍ စူးစမ်းကြည့်သည်။ ညစ်ထေးသော စက်ပြင်ဝတ်စုံများနှင့် လူရွယ်လေးဦးကို ဦးမောင်မောင်ကြီး ၏ အခန်းရှေ့မှာ တွေ့ရသည်။ သူတို့ရောက်လာကတည်းက အခန်းထဲ မှ ဂျော်ဂျီနှင့် မော်လီတို့၏ မာန်ဖီသံများ ဟိန်းထွက်လာကြ၏။

"၀ပ်ရှော့မှာက နေ့လယ်ဘက်ဆို မတရားပူတယ်။ ဂျော်ဂျီတို့နဲ့ မကိုက်ဘူး။ ဒီတော့(၁)နာရီ ထိုးတာနဲက သူတို့ကို အခန်းပြန်ပိုပြီး ပန်ကာတွေ အကုန်ဖွင့်ထားပေးလိုက်တယ်။ ညနေ အန်ကယ်အလုပ်က ပြန်လာရင် သူတို့ကိုခေါ်ပြီး ဘောလုံးကွင်းဘက်မှာ လေညင်းခံထွက်ပေးတယ်။ ကိုယ်ချင်းစာတရာဆိုတာ ဒါပဲကွ"
လွန်ခဲ့သော သုံးလေးရက်က ဦးမောင်မောင်ကြီးက ကျွန်တော့်ကိုရှင်းပြခဲ့ဖူးသော စကားကို ချက်ချင်းပြန် သတိရသည်။
"ရဲဘော်ကြီးတို့... ဘာဖြစ်လို့လဲဗျ"
"နေပြင်းလွန်းတော့ သူဌေးကြီးလေဖြတ်ပြီး သတိလစ်သွားတယ်ဗျ။ ခုတော့ ဆေးရုံပို့လိုက်ပြီ။ သတိမလစ်ခင် သူ့ခွေးတွေ ကို သွားခေါ်ပေးပါလို့ တသသပူဆာနေလို့ ကျုပ်တို့ခွေးတွေလာခေါ်တာ"ဟု ပိန်ချောင်ချောင်၊ မည်းကြုတ်ကြုတ် မက္ကင်းနစ်တစ်ဦးက ပြောသည်။

ဂျော်ဂျီနှင့် မော်လီတို့က မာန်ဖီရုံသာမဟုတ်တော့ဘဲ ရန်လိုဟန်ဖြင့် တ၀ုန်းဝုန်ပွက်ပွက်ညံအောင် ထိုးဟောင်နေကြသည်။ သူတို့၏ ဖခင်သဖွယ် ကျေးဇူးရှင်သခင်ကြီး သေလုမျောပါးဖြစ်သွားပုံကို သိရှိနေကြသည့် အလားပင်ဖြစ်ပါသည်။
"ခွေးတွေက ဆိုးတယ်နော်၊ သခင်ကလွဲပြီး ဘယ်လူစိမ်းမှ အကိုင်ခံမှာ မဟုတ်ဘူး ဒီခွေးမျိုးတွေက အရမ်းအကိုက်သန်တယ်"ဟု ကျွန်တော်က စိတ်ရင်းစေတနာဖြင့် သတိပေးသည်။
"ကျွန်တော်တို့လည်း အဲဒါကိုပဲ စဉ်းစားနေတာ"ဟု မက္ကင်းနစ်ကိုလူပန်က အခန်းသော့ခလောက်ကို ဖွင့်မည့်သော့တံကလေးကိုင်ရင်း တစ်ဆို့ဆို့ပြောသည်။
"အလကားပါဗျာ၊ သေလုမျောပါးဖြစ်နေတဲ့ကိုယ့်အဖြစ် ကို ကိုယ်ဂရုမစိုက်ပဲ ဘာမှမဟုတ်တဲ့ အဟိတ် တိရစ္ဆာန်တွေ အပေါ် အဖြစ်သည်း နေရသေး။ ကျွန်တော်တို့သူဌေးက လူယောင်ဆောင်ထား တဲ့ ခွေးကြီး တစ်ကောင်ဖြစ်နေ မလား၊ မပြောတတ်ပေါင်ဗျာ" ဟု မျက်နှာပေါက်ဆိုးဆိုး၊ အရပ်ပုပုနှင့် ခွေးဘီလူး မျက်နှာပေါက်မျိုး ရှိသူ မက္ကင်းနစ်က ညည်းညူပြန်သည်။
ကျွန်တော် ဘာပြောရမှန်မသိတော့ပါ။

ကြူးနစ်
Joke မဂ္ဂဇင်း ၂၀၁၂ ဇန်နဝါရီလ
.

No comments: