“ကိုဝက်ကြီး ... ကျွန်တော် ကိုအုန်းမောင်တို့နဲ့ တိုင်ပင်ပြီး ခင်ဗျား ကျွန်တော်တို့အတွက် ဘာလုပ်ပေးရမယ် ဆိုတာ ပြောမယ် ”
“မင်းအတွက်၊ မင်းလူတွေအတွက်၊ တို့များဖျာပုံမြို့အတွက် ငါအသက်ပေးပါတယ်ကွာ ... ယုံပါ ”
“လာ သွားကြ စို့လား၊ ရော့ ... ခင်ဗျားပလောင်ထင်းဖို့ ပိုက်ဆံ” ကိုဝက်ကြီးနှင့် ကျွန်တော်တို့ နှစ်ယောက် လူချင်း ခွဲလိုက်ပြီးနောက် ကျွန်တော်သည် မန်ကျည်းပင် တန်းရွှေနတ်ကူဘုရား အနီး မှ ဖြတ် ၍ ကျော်သိန်း ရှိရာသို့ လာခဲ့သည်။ ကျော်သိန်းအား ကိုအုန်းမောင် ယခုရှိနေသည့်နေရာ ကို ပြောပြပြီး ညနေတွင် ကိုဝက်ကြီး ကိုပါ ခေါ်၍ လာခဲ့မည် ဖြစ်ကြောင်း မှာကြားလိုက်ပြီး အိမ်သို့ ပြန်ခဲ့ပါသည်။ ကို ဆက်ဖတ်ရန် ..........
ကျွန်တော် ဘိလိယက်ခုံပေါ်သို့ တက်မိသောအခါ ခုံပေါ်တွင် ကိုအောင်သန်းနှင့် ကိုထွန်းဆင့်တို့ စုံထောက်နှစ်ယောက် ကို တွေ့ရသည်။ သူတို့နှစ်ယောက်စလုံးက ကျွန်တော့်အား ပျူပျူငှာငှာ ဆက်ဆံကြသဖြင့် သူတို့ရှိရာ သို့ပင် သွားရောက်ကာ ထိုင်လိုက်ပါသည်။
“ဘယ်လိုလဲ ... စိတ်မကျေပွဲ ထိုးဦးမလား ”
“ထိုးပါတယ် ... ဒါပေမယ့် မောင်မြလှိုင်က ဒေါသကြီးတယ်ကွ၊ ရှုံးရင် မဲတယ်”
“လာဗျာ ... လက်ဖက်ရည်ကြေးတစ်ပွဲ ထိုးကြရအောင်”
ကျွန်တော်နှင့် ကိုအောင်သန်း ပွဲအတွက် လက်ရှိအပျော်ထိုးနေကြသော ၀င်းမော်နှင့် ခင်မောင်အုန်း တို့က ပွဲရပ်ပေး သည်။ ပွဲစလျှင်စချင်း ကျွန်တော်သည် အနီဘောလုံး အင်းထောင့် ဘရိတ် ရလိုက်သဖြင့် ကိုအောင်သန်း တစ်ယောက် အမှတ် ၃၀ လောက် ပြတ်ချန်ခဲ့သည်။ တာထွက် ကောင်းသော ကျွန်တော်သည် ဤတစ်ပွဲ တွင် လက်တွေ့နေသဖြင့် အမှတ် ၁၀၀ ကို မကြာမီ ပြည့်သွားပါသည်။ သို့သော် ကြေးတမ်းစား ထိုးနေကြခြင်းဖြစ် ၍ နောက်ထပ် ၁၀၀ ထိုးရပေ ဦးမည်။ မည်သို့ပင်ဆိုစေ အမှတ် ၆၀ ကျော် ပြတ်နေသော ကိုအောင်သန်း ကို မုချနိုင်မည် သေချာပါသည်။ ခုံပေါ်တွင် လူအပြည့်ဖြစ်သဖြင့် လက်ဖက်ရည်ဖိုးရှင်းရမည်မှာ ၅ိ ကျော်ပေ လိမ့်မည်။ ထိုခေတ် ထိုကာလ ငွေ ၅ိ-ဆိုသည်မှာ နည်းလှသည်မဟုတ်၊ ပုလိပ်သားတစ် ယောက်၏ လစာပင် ၇ ကျပ် မျှသာ ရှိသောကာလဖြစ်ပါသည်။
“ငါ အရှုံးပေးပြီကွာ”
“ဟာဗျာ ... ပွဲတော့ ပြီးအောင် ထိုးပါဦး ”
“အနိုင်အရှုံးကို လက်မြှောက်အရှုံးပေးနေမှတော့ ဆက်ထိုးစရာလိုသေးသလားကွာ”
“ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ ကိုအောင်သန်းရယ်၊ အရေးကြီးတာက ပွဲပြီးတဲ့အထိ လက်ရည်ဘယ် သူက သာ သလဲ ဆိုတာပဲ မဟုတ်လားဗျ”
ကိုအောင်သန်း က တိုက်တွန်း၍မရဘဲ ပွဲရပ်၍ အရှုံးပေးပြီး ပွဲကြည့်ပရိသတ်ကို လက်ဖက်ရည်နှင့် စီးကရက် တစ်လိပ်စီ တိုက်ကာ နှုတ်ဆက်ဆင်းသွားပါတော့သည်။ ကိုအောင်သန်းတို့ ဆင်းသွားသောအခါ ကျွန်တော် သည် နောက်တစ်ပွဲ ထိုးမည့်သူများအတွက် နေရာဖယ်ပေးလိုက်ပြီး ပွဲကြည့်စင်တွင် သူငယ်ချင်းများနှင့်အတူ ထိုင်လျက် ကိုအောင်သန်းတို့နှင့် ပတ်သက်သော အကြောင်းများကို စဉ်းစားနေမိပါသည်။ အမှန်မှာ ကိုအောင်သန်း တို့သည် ဆပ်ကျောင်းဆင်း ရာဇ၀တ်အုပ်မျးဖြစ်၍ ဗြိတိသျှအစိုးရ၏ ကျေးဇူးသစ္စာကို ဦးဆွေးဆံမြေ့ ထမ်းရွက်ကြမည့်သူများဖြစ်ပါသည်။ ထိုခေတ် ထိုအချိန်က ဆပ်ကျောင်းတက်ရန်အတွက် ရန်ကုန် ယူနီဗာစီတီ မှ အိုင်အေ (သို့မဟ်ုတ်) အိုင်အက်စ်စီ အထက်တန်းကို အောင်မြင်ကြရပါသည်။ ရာထူးဂုဏ်ထူး ကလေး များက ၎င်းတို့အား ငါလိုလူ ဇမ္ဗူမှာမရှိ ဆိုသော လက်မထောင်လိုစိတ်ကို မွေးမြူပေးလိုက်သကဲ့သို့ ရှိဘိသည်။
“ဟေ့ ... ရာဇ၀တ်အုပ်ကြီး၊ ဘယ်လောက် ထိသွားသလဲ ...”
“၅ိ လောက်ထိသွားတယ်၊ လူတွေကလည်း များတယ် မဟုတ်လား”
“ပါနီထဲကလာ ပါနီထ သွားတယ်ဆိုတာ ဒါပေါ့ကွ၊ ဟား - ဟား - ဟား ”
ရုံးစာရေးကြီး ဦးထွန်းရှိန်က သူ့နှုတ်ခမ်းမွှေး တိုနန့်နန့်ကလေးကို လက်နှင့် ပွတ်သပ်ရင်း အထက် ပါမှတ်ချက် ကို ပေးပါသည်။ ကိုထွန်းရှိန်သည် အစိုးရ အမှုထမ်းတစ်ဦးဖြစ်၍ လခစားသမားများ၏ အထာကို သိပြီးသူဖြစ်သည်။
“ဘယ်လိုလဲ ဦးလေး ရ ... ပါနီထဲက လာတယ်ဟုတ်လား ”
“ဟုတ်တာပေါ့ ဖိုးကောက်ရ၊ ဒီမောင်တွေ ဘိန်းခန်း၊ အရက်ပုန်းရောင်းတဲ့အခန်းနဲ့၊ ဘားလိုင်စင်တွေဆီက ခွဲတမ်း ရလာတဲ့ ပိုက်ဆံတွေပါကွာ၊ မသထာရေစာဆိုတော့ လက်ထဲမှာ ဘယ်မြဲမလဲ”
“ခု ထွက်သွားတာလဲ ရင်းစားပြန်ရအောင် လုပ်ဖို့နဲ့ တူတယ်”
ဘိလိယက်ခုံပေါ်တွင် သူတစ်ယောက် ငါတစ်မျိုး သောသောညံမျှ ပြောဆိုနေကြပါသည်။ လူအများစု“ စိတ်ထဲတွင် ပုလိပ်ဆိုသော လူတန်းစားကို အလိုလို မုန်းတီးနေသည့်သဘော လွှမ်းမိုးလျက်ရှိကြပါသည်။ ယခု လည်း ကိုအောင်သန်းတို့ထံမှ ဘိလိယက်ရှုံး၍ တိုက်ကျွေးသွား သောလက်ဖက်ရည်နှင့် စီးကရက် ကို သောက်ရင်း ၎င်းတို့၏ အကြောင်းများကို အားပါးတရ ပြောဆိုလျက် ရှိနေကြခြင်းဖြစ်ပါသည်။
ကာက၀လိယမောင်နှံ ကိုဝက်ကြီး မခွေးမတို့ ဂေဟာသို့ ကျွန်တော်ရောက်သွားချိန်တွင် ကိုဝက်ကြီးသည် ကိုယ်ဝတ်ဗလာ ခါးဝတ်လုံချည်ကို လျော့လျည်းလ်ျးဝတ်လျက် စက်တော်ခေါ်နေသည်ကို တွေ့ရသည်။ သူ့အတွက် ချမ်းသာသုခ ဆိုသည်မှာ အိပ်စက်နားနေခြင်းပင် ဖြစ်ဟန်တူသည်။ နံနက်စာစားပြီးလျှင် ညနေစာ အတွက် မရေရာသော သူ့လို လူတန်းစားအဖို့ အိပ်စက်ခြင်းသာလျှင် တဒင်္ဂဘ၀ ချမ်းမြေ့ခြင်းပင် မဟုတ်ပါလား။
“ကိုဝက်ကြီး ... ဒီမယ် ကိုဝက်ကြီး ... မောင်မြလှိုင် လာနေတယ်”
“ဘာ ... မောင်မြလှိုင်လဲ၊ သူ့လက်ထဲမှာ စားစရာပါရဲ့လား ... ဟက် ... ဟက် ဟက်”
အိပ်မှုန်စုံမွှားဖြင့် မောင်မြလှိုင် ဆိုသော အသံ ကြားလိုက်သည်နှင့် ကိုဝက်ကြီး တစ်ယောက် နောက်တီးနောက်ချာ ပြော ၍ အိပ်ရာမှ ထလာသည်။ သူ့ရုပ်ရည်သည် ကမ္မဋ္ဌာန်းရုပ်ကဲ့သို့ ကြုံလှီဖျော့တော့ လျက်ရှိသည်။ အရက်သေစာကို အဆက်မပြတ် သောက်ခဲ့သူဖြစ်၍ အရက် ၏ ကျေးကျွန်ဖြစ်လျက်ရှိပါသည်။
ကျွန်တော်သည် ကိုဝက်ကြီးအား အသုံးချရန် ဆုံးဖြတ်လိုက်သော်လည်း မည်သို့မည်ပုံ အသုံးချရ မည်ကိုမူ ကျွန်တော်တို့ ရဲဘော်များနှင့် တိုင်ပင်အတည်ပြုချက် ယူရဦးမည်ဖြစ်ပါသည်။ ကိုဝက်ကြီး သည် နိုင်ငံရေး ဆိုသည်ကိုလည်း နားလည်သူမဟုတ်။ လွတ်လပ်ရေးဆိုသည်ကိုလည်း နားလည်သည်မဟုတ်။ နယ်ချဲ့တော်လှန်ရေး ဆိုသည့် စကားလုံးကို ပြောပြလျှင်လည်း တော်လှန်ရေးဆိုတာ ဘယ်လိုဟာလဲ ဟု မေးမည့်သူမျိုးဖြစ်ပါသည်။ ကျွန်တော့်အား ချစ်ခင်စွာ ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းမှုအပေါ်တွင် တွယ်ငြိသော သံယောဇဉ်ဖြင့် ကျွန်တော့်အတွက် ဘ၀ကိုပင် စွန့်လွှတ်ဝံ့သူ ဖြစ်ပေသည်။ သို့ဖြစ်၍ ကျွန်တော်တို့ ရဲဘော်များ အနေဖြင့်မူ ကိုဝက်ကြီး အား ကျွန်တော်က ယုံကြည်စိတ်ချစွာ အသုံးပြုသကဲ့သို့ သူတို့ လက်ခံကောင်းမှ လက်ခံကြပေလိမ့်မည်။
“မခွေးမ ... ရုပ်ရှင်ရုံရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သွားမှာဗျာ”
“ထည့်စရာ ချိုင့်မရှိဘူး ... မောင်မြလှိုင် ...”
“သွားပါဗျာ ... ကိုဗလကိုပြော။ ကျွန်တော်ဝယ်ခိုင်းလိုက်တာလို့၊ သူတို့ဆီက လိုက်ပို့ပေးလိမ့်မယ်”
“မြလှိုင်ရေ ... မင်းက လက်ဖက်ရည်တိုက်တာတော့ ဟုတ်ပါရဲ့ ... ငါနဲ့ မတည့်ဘူးကွ”
“မတည့်တော့ လဲ မသောက်နဲ့ပေါ့ဗျာ၊ ခင်ဗျားက ကိုယ့်လုပ်စာလေး ငါးမူးကို တမတ်ဖိုး အရက် သောက်ပစ်တော့ အိမ်က မိန်းမနဲ့ ကလေးတွေအပေါ်မှာ တစ်ကိုယ်ကောင်း မဆန်လွန်းဘူးလား”
“ဘာကွ လုပ်ပါဦး၊ ပြန်ပြောစမ်းပါဦး၊ တစ်ကိုယ်ကောင်းဆန်တယ်ဟုတ်လား ...”
“ဟုတ်တ်၊ ခင်ဗျား တစ်ကိုယ်ကောင်းသမား”
“ဟက် ... ဟက် ... ဟက်၊ မင်းတော်တော်တုံးသေးတာပဲ မြလှိုင်၊ ဒီမယ် မင်းလန်ချားဆွဲနေတဲ့ ဂေါ်ရင်ဂျီကုလားတွေ၊ အလုပ်ကြမ်းလုပ်နေတဲ့ ကူလီကုလားတွေ တွေ့တယ် မဟုတ်လား”
“တွေ့သားပဲ”
“သူတို့တတွေဟာ တစ်နေ့လံး လန်ချားဆွဲရတာ ဖတ်ဖတ်မောနေတာပဲ၊ ကူလီကုလားတွေဆိုရင် ကြည့်စမ်း၊ တစ်နေကုန် နေပူထဲမှာ ထမ်းရယ် ပိုးရယ် လုပ်ရတယ်၊ ဟော ... ညနေကျတေ့ အဲဒီ ပင်ပန်းမှုတွေ ပျောက်အောင်၊ ဘုံဆိုင်မှာ ကစော်စုပ်ရတယ်၊ အပန်းဖြေရတယ်၊ ငါလည်း တစ်နေ့ လုံးဘိလိယက်ခုံ မှာ ကျူတံကိုင်ပြီး မတ်တတ်ရပ်နေရတာ ခုံပိတ်မှပဲ ထိုင်ရတယ်၊ မင်းအမြင်ပဲ
“အဲဒါကြောင့် ကစော်သောက်တယ်ပေါ့ ဟုတ်လား ...”
“သိပ်မှန်တာပေါ့ မြလှိုင်၊ နောက်တစ်နေ့ဆိုတဲ့ ရက်တွေမှာ အသက်ရှင်နေဖို့၊ ဒီအသက်ရှင်နေသရွေ့ ... ဒီမီးယပ်သည် လေဒီဝက်ကြီး နဲ့ ကလေးတွေအတွက် ငါရှာစာဖွေစာထဲက တစ်မတ်ဖိုးလောက် ကစော် မမှီဝဲသင့်ဘူး လားကွာ”
ကျွန်တော် သည် အရက်သောက်ခြင်းနှင့် အရက်သမားကို မနှစ်သက်သော်လည်း ကိုဝက်ကြီးက အထက်ပါစကား ကို ကျိုးကြောင်းပြချက်အဖြစ် ပြောဆိုလာသောအခါ သူ့ဘ၀၏ ခါးသီးသော ခံစားချက်အတွက် ရင်နာ စိတ်မောမိ ပါလေသည်။ အမှန်က ကိုဝက်ကြီး၏ အရက်သောက်ခြင်း အဘိဓမ္မာကို ကျွန်တော် သဘောပေါက် လက်ခံလိုက်ခြင်းဟုဆိုလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။
“လာပါဗျာ ... လက်ဖက်ရည်လဲ သောက်ပါဦး၊ ညကျတော့လဲ အရက်ချပေါ့ ...”
ကျွန်တော်က ကိုဗလဆိုင်မှ လက်ဖက်ရည်ပို့ ကလေးငယ် သယ်ဆောင်လာသော လက်ဖကရည်ကို လက်ညှိုးထိုးပြ၍ ကိုဝက်ကြီးကို လက်ဖက်ရည်သောက် ဖိတ်လိုက်သည်။ ကိုဗလသည် ကျွန်တော်၏ အမည် ကိုပြော၍ မှာလိုက်သည့်အတွက် လက်ဖက်ရည်သာလျှင်မက မုန့်ပဲသွားရေစာများကိုပါ စုံစုံလင်လင် ထည့်ပေး လိုက်ပါသည်။ ကျွန်တော်သည် ကိုဝက်ကြီး၊ မခွေးမတို့နှင့် ၀ိုင်းဖွဲ့၍ လက်ဖက်ရည်သောက်ရင်း ကိုဝက်ကြီး တစ်ယောက်ကို ကျွန်တော်တို့ လုပ်ငန်းတွင် မည်ကဲ့သို့ အသုံးချရမည်ဆိုသည်ကို စဉ်းစားနေမိသည်။ မခွေးမ သည် တစ်လုံးထဲသော ကိုင်းမဲ့လက်ဖက်ရည် ပန်းကန်ကလေးကို ယခုမှပင် ချေးညှော်စင်အောင် တိုက်ချွတ်ဆေးနေပြီး အကြမ်းကရားထဲမှ အကြမ်းများငှဲ့၍ ကျွန်တော်ရှေ့သို့ ထိုးပေးရင်း စကားဆိုသည်။
“လက်ဖက်ရည် တိုက်မယ့်အစား ဈေးဖိုးကလေး ငါးဖူးလောက်ပေးရင် ကောင်းမှာ၊ တို့က လက်ဖက်ရည်ကြိုက် လည်း မကြိုက်ဘူး၊ မက်မက်မောမောလည်းမရှိဘူး ... မောင်မြလှိုင်ရယ်”
“ခွေးမ တို့က တယ်ခက်တာကိုးကွ၊ လက်ဖက်ရည်တိုက်တာကို အရိုးများသလေး ချေးခါးသလေး လုပ်နေရသေး တယ်၊ ဈေးဖိုး လိုရင် တည့်တည့်တောင်းပေါ့ဟ၊ နင့်ဟာက လက်ဖက်ရည် မကြိုက် ဘူးလေး ဘာလေး လုပ်နေရသေးတယ်၊ တောက် ... တော်တော် အလိုက်မသိတဲ့ ကောင်းမပဲ ...”
“မခွေးမ ... သောက်သာသောက်ပါဗျာ၊ ဒါနဲ့ ကလေးတေါရော မတွေ့ပါလား”
“အော် ... မောင်မြလှိုင်ကို မပြောရသေးဘူး၊ အကြီးမကို ဒေါ်မမလေးတို့အိမ်မှာ တောက်တိုမယ်ရ ခိုင်းရအောင် ပို့ထားတယ်၊ အငယ်ကောင်ကတေ့ ရွာလယ်ကျောင်းက ဦးသောဘိတကျောင်းမှာ ဘုန်းကြီးကျောင်းသားမရှိလို့ ခဏ လွှတ် ထားတယ်လေ ...”
“ဟေ့ ... ဟိုမှာ သန်းကြည် ... သန်းကြည် ... ဘယ်လောက်နပ်လဲကွနော ... ဟင်း ... ဟင်း...”
ကျွန်တော် သည် ကိုဝက်ကြီး ညွှန်ပြသည့်ဆီသို့ ကြည့်လိုက်မိပါသည်။ မှန်ပါသည်။ ပုသိမ်ထီး ပန်းနုရောင်ကလေး ကို ဆောင်း၍ သရက်လုံချည်အနီရဲရဲနှင့် တစ်ခေါင်းလုံးတွင်လည်း ကုလားမက် ပန်းများ ဝေနေအောင် ပန် တားသော သန်းကြည်ဆိုသူကို တွေ့လိုက်ရသည်။
“အဲဒါ ... ငါ့ တတိယမြောက် ရည်းစားပေါ့ မြလှိုင်ကြီးရာ၊ အိမ်က မီးယပ်သည်နဲ့ မကွာဘူးလား...”
“ကိုဝက်ကြီးနော် ...ရှင်လာတွေ လျှောက်ပြောနေတာလဲ၊ ကိုယ့်ဟာကိုယ်ကမြင်းကြောထချင်ထ၊ ဒီကကောင်မ ပိန္နဲပင် ကို ဆွဲထည့်မနေနဲ့၊ ဒါပဲ ...”
“ဟား ... ဟား ... ဟား ...၊ ခွေးမတို့က တယ်သ၀န်တိုတာကိုးကွ၊ သန်းကြည်သာ ငါ့ကို စိတ်ပြန် လည်လာမယ် ဆိုရင် သန်းကြည် ကို ထမင်းချက်၊ ရေဆွဲ၊ မင်းရဲ့ အကွက်မပေါ်တဲ့ တဘီတော်ကြီးကို လျှော်ဖွပ်ခိုင်းတော်မူမယ် ... သိလား ... သိလား ”
လင်မယားနှစ်ယောက် အတိုင်အဖောက် စကားစစ်ထိုးနေချိန်တွင် သန်းကြည်တစ်ယောက် ကျွန်တော်တို့ရှေ့ လမ်းပေါ် သို့ ရောက်လာပါသည်။ ကျွန်တော်သည် ကိုဝက်ကြီးပြောထားသဖြင့် သန်းကြည်တစ်ယောက် လက်ပတ်စော် နံသည်ကို သိထားပြီးဖြစ်ပါသည်။ သို့ပေမယ့် သန်းကြည်၏ ရုပ်ရည် သည် ဖြူဝင်းလှပ ကြော့ရှင်းသူ တစ်ယောက်ဖြစ်သည်။ သူ့ယောက်ျားဖြစ်သူ လှအောင်နှင့်ပင် မလိုက်ဖက်ဟု ထင်မိသည်။
“အစ်ကို မြလှိုင် ... ရန်ကန်က ပြန်ရောက်တာ ကြာပြီလား”
“တစ်ပတ်လောက်ပဲ ရှိသေးတယ် သန်းကြည်၊ ဒါနဲ့ ကိုလှအောင်ကြီးတစ်ယေက်ရော ...”
“ကိုလှအောင်နဲ့ ကျွန်မ ဒီနွေဦးကပဲ ကွာလိုက်တယ်လေ၊ မတတ်နိုင်ဘူး အစ်ကိုမြလှိုင်ရယ် ... ကျွန်မတို့ သားအမိ က ပင်ပင်ပန်းပန်း ဈေးဘန်းခေါင်းပေါ်ရွက်ပြီး ဈေးရောင်းရတယ်၊ သူက အမြိုင့် သားအိမ်ဦးခန်းက ထိုင်ပြီး ဆီဦးထောပတ် နဲ့ ထမင်းပွဲရှေ့ရောက် အလုပ်မလုပ်ဘဲ စားတယ် ...”
“ကိုယ်ချစ်လို့ ယူတာပဲ သန်းကြည်ရယ် ...၊ အစတည်းက ကိုလှအောင်က လူပေါ်ကြော့ပဲ မဟုတ်လား ...”
“ဟုတ်ပါတယ်၊ ဒါကြောင့်လည်း ဒါပေမယ့် အိမ်ဦးခန်းမှာ အေးအေးထိုင်မစားဘဲ ရှိရှိသမျှ ကျွန်မထဘီပါမကျန် ဖဲပေါင်ရိုက်၊ ကြက်တိုက်၊ အရက်သောက်ဆိုတော့ ဘယ်မိန်းမက ခံနိုင်မှာလဲလေ”
“လင်စံရွေး လင်ခွေးနဲ့ရတယ်ဆိုတာ ဒါမျိုးပေါ့ဟယ် ... အိမ်ထောင်မှုဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးချက်မပိုင်လျှင် နောင်ပြင်ရခက်တဲ့အမျိုးလို့ ဆိုတယ်မဟုတ်လား”
ကိုဝက်ကြီးသည် အနှစ်နှစ် အလလက ကျက်မှတ်ထားတာလေးကို အကွက်ဆိုက်တုန်း အသုံးချလိုက်သဖြင့် အလွန်ကျေနပ်သွားဟန် တူပါသည်။ သူ၏ အရောင်အဆင်းမရှိတော့သည့် လုံချည်ကလေးကို ဒူးပေါ်သို့ ဆွဲတင်လိုက်ပြီး ခြေကလေးကိုပင် နှဲ့၊ မေးကလေးကို ပွတ်၊ မျက်စိ ကလေးကို မှေး၍ သန်းကြည်တည်းဟူသော အပုပ်ကောင်ကြီး ကို မျက်စိကမ္မဋ္ဌာန်းထိုင်လျက်ရှိပါ သည်။ ကျွန်တော်သည် သန်းကြည်ကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဆရာသမား ကိုဝက်ကြီးနှင့် ယှဉ်တွဲ၍ စိတ်ကူးပန်းချီရေးဆွဲမိသည်။ ကျွန်တော့် မျက်စိထဲတွင် ကိုဝက်ကြီးနှင့် သန်းကြည်တို့ နှစ်ဦးသား ဖူးစာရေးနတ်က မျက်စိမှား၍ ပေးစားလိုက်မည်ဆိုလျှင် ...။
ဒွန်းစဏ္ဍားနှင့် ရွှေမင်းသမီးတို့ ပုံပြင်ကဲ့သို့လည်းကောင်း၊ ဘုရင့်စားတော်ခွက် ခွေး တက်လျက် သကဲ့သို့ လည်းကောင်း ရှိချေလိမ့်မည်ဟု ထင်မိပါသည်။
“အစ်ကို သွားမယ်နော၊ မပြန်ခင် အိမ်လာခဲ့ဦး”
“မြလှိုင်တစ်ယောက်ထဲလားဟ သန်းကြည်ရ ...၊ င၀က်ကြီးတစ်ယောက်ရော မပါဘူးလား”
“ရှင့်ကို ဘာလုပ်ဖိတ်ရမှာလဲ၊ သွားမယ် ... အစ်ကို မြလှိုင် ... ဆက်ဆက်လာခဲ့ဦးနော် ”
“ဘာကျွေးမလဲ ပြော”
“အစ်ကိုကြိုက်တာ အားလုံးကျွေးမယ် ... ဟင်း ဟင်း”
သန်းကြည်သည် မျက်စိကလေး ထောင့်ကပ်လျက် ခြေကလေးကို ဆတ်လျက် ရဲရဲနီနေသော သရက်ထည် ပွင့်ရိုက် လုံချည်ကလေးကို စွန်တောင်စွဲလျက် ကျွန်တော့်ရှေ့မှ ကျော့ကျော့မော့မော့ ထွက်သွားပါတော့သည်။
သန်းကြည် ဆိုသော ဆောင်းလေရူးသည် ကျွန်တော့်ရင်ကို တဒင်္ဂ၀င်မွှေသွားသည်ထင့်။
တောက် ... ကလောက် ကလောက် ထွီ ...။
ကိုဝက်ကြီးသည် လက်ဖက်ရည်ကြမ်း ပန်းကန်ထဲမှ လက်ဖက်ရည်ဖြင့် အထက်ပါအတိင်း အာလုပ်ကျင်း လိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်ကို ရှေ့သို့ ဆွဲယူလိုက်ပြီး အရသာခံ ၍ သောက်ရန် ဟန်ပြင်လိုက်သည်။
“တောက်တွေ ဘာတွေခေါက်လို့ ဘာများ အလိုမကျနေသလဲဗျ”
“မိန်းမတွေ က တော်တော့ကို ခက်သမှ တော်တော့တော်တော်ကို ခက်တယ် မြလှိုင်”
“ခင်ဗျားဟာက အရင်းမရှိ အဖျားမရှိ ဘာလဲဗျ၊ ဘယ်မိန်းမတွေကိုလဲ၊ မခွေးမကိုလား၊ ခုနခင်ဗျား အဆက်ဟောင်း သန်းကြည်ကို ပြောတာလား”
“မောင်မြလှိုင်ရေ ... သူက သန်းကြည်တစ်ယောက် လှအောင်နဲ့ ကွဲတယ်ဆိုတော့ စိတ်ကူးတော် ယဉ်ပြီး ပြောနေတာ၊ ဟင်း ဟင်း၊ ဟိုက မောင်မြလှိုင်ကိုသာ ရွေးပြီး မျက်စပစ်သွားတာ၊ သူလည်း အကြားလိုက် သားပဲ”
“ဟ ... ခွေးမရဲ့ နင် တော်တော်ညံ့ပါသေးလား၊ ရှင်းရှင်းပြောရင် သန်းကြည်က မြလှိုင်ကို ရိတ်တိတ်တိတ် ပြောသွားတာ ငါမသိဘဲ နေပါ့မလား၊ မိန်းမတွေအကြောင်း ၀က်ကြီးတို့ သိလိုက်တာ မှ နောကျေနေတယ် မှတ်ပါ၊ သူ့လို တစ်ခုလပ် တစ်လင်ကွာကို မြလှိုင်ဆိုတဲ့ကောင်က ယူမတဲ့လား၊ နောက်ပြီး ငါ့လို ထမင်းနပ်မမှန် တဲ့ မခွေးမ ယောက်ျား ၀က်ကြီးကိုရော ၀င်လုပါ့မလား၊ ဒါတွေဟာ သူထမင်းစားနေတာ မသိဘဲ ဘယ်မှာနေမျာလဲ၊ ဒါပေမယ့် ဒီကောင်မက လင်နဲ့ကွဲနေတော့ မနေတတ် မထိုင်တတ် ဖြစ်နေတယ်၊ ၀က်သားင်းစားချင်သလိုလို၊ ချဉ်ရေဟင်းစားချင်သလိုလို ဖြစ်နေတယ်။ အမှန်ကတော့ လင်တစ်ယောက် မြန်မြန်ယူလိုက်ရင် ပြီးတာပဲ”
“ကိုင်း မိန်းမကျမ်းကြီး ပြုစုမနေနဲ့တော့မှာ၊ ဒီနေ့ ခင်ဗျားဆီလာတဲ့အကြောင်း ပြောပြမယ်၊ မခွေးမလည်း ဒီမှာ လာထိုင်ဦး”
“ကိုဝက်ကြီး မာကာအလုပ်က ထွက်လိုက်တော့ဗျာ”
“ဟ ... မြလှိုင်ကြီး ဒီနေ့တွက် ညနေ ထမင်းငတ်မှာပေါ့ကွ”
“အင်းပါ ... ကျုပ်သိပါတယ်၊ ကျုပ်ပြောတာကို နားထောင်၊ ကျုပ်သတ်မှတ်တဲ့ စည်းကမ်းကို လိုက်နာနိုင်မယ်ဆိုရင် ခင်ဗျားကို ကျုပ် အရင်းအနှီးထုတ်ပေးမယ်၊ နောက်ပြီး ကျုပ်ခိုင်းတာလုပ်ရမယ်”
“စေဟာစော က ပြောရောပေါ့ မြလှိုင်ရာ၊ မင်းဟာက ဘာမပြော ညာမပြော ငါ့အိမ်ဦးခန်း လာထိုင်ပြီး လက်ဖက်ရည်မှာတိုက်ပြီး တောင်စဉ်ရေမရတွေ ပြောဆိုနေတော့ ငါ့စိတ်ထဲမှာ ထူးတော့ ထူးဆန်းနေသားကွ၊ ဒီငတိလေး ငါကိုယ်တော် ၀က်ကြီးဆီမှာ ဘာများ တပည့်ခံချင်လို့လဲလို့ စဉ်းစားနေတာ၊ ဟက် ဟက် ဟက်”
“ကဲပါ ... သူ့စကားတွေ စိတ်ရှည်လက်ရှည် နားထောင်မနေစမ်းပါနဲ့၊ မောင်မြလှိုင်က တို့ကို အရင်းအနှီး ထုတ်ပေးမယ်ဆိုတော့ ကလေးတွေအတွက် အ၀တ်အစားကလေး ဘာလေး ဆင်နိုင် တော့မှာပေါ့လေ”
“ကိုင်း ... နားထောင် တစ်အချက်၊ ခင်ဗှား အရက်ဖြတ်”
“နိုး ... နိုး ကျွန်တော်မျိုးကြီး အသက်ချမ်းသာပေးတော်မူပါ အာဏာသားကြီးရယ်”
“ဒီမယ် ရှင် အရက်မဖြတ်ဘူးလား ဖြတ်မလား ဒါပဲပြော”
“မဖြတ်ရေးချ မဖြတ်၊ ဖြတ်ချင်းဖြတ်ရင် မင်းကိုပဲ ဖြတ်ပရစေကွာ၊ ဟိုမှာတွေ့လား မင်းနဲ့ငါ လင်ခန်း မယားခန်းပြတ်ရင် မင်းအတွက်ရမယ့် အိမ်ထောင်ပရိဘောဂအဖြစ် နို့ဆိသေတ္တအဟောင်း (တစ်လုံး) ကလေးသေးစားထား တဲ့ တို့နှစ်ယောက် အိပ်တဲ့ ဖျာတစ်ခြမ်း”
“ကိုဝက်ကြီး ဒါပဲနော်၊ ရူးသလိုလို နှမ်းသလိုလို လုပ်မနေနဲ့၊ အရက်ဖြတ်မလား၊ မဖြတ်ဘူးလား၊ တစ်ခါတည်း ဆုံးဖြတ်စမ်းပါ”
“ဟ ... မဖြတ်နိုင်ပါဘူးလို့ ပြောနေပြီပဲဟ၊ တကတည်းက ပိုက်ဆံဆိုတဲ့ အသံကြားတာနဲ့ မင်းလေသံက ဓနရှင်ပေါက်စ လေသံမျိုးဖြစ် လာပါရောလား။ ဒါကြောင့် ရွှေတစ်ပဲသား ဆင်မိတဲ့ ပုတ်သင်လို ပုံပြင်တွေ ပေါ် ခဲ့တာပဲ”
ကျွန်တော်သည် လင်မယားနှစ်ယောက် အတိုင်အဖောက် ရန်ပွဲစနေကြသည်ကို ပွဲကြည့်ပရိသတ်အဖြစ် ဆက်လက်ကြည့်နေမိပါသည်။ ကိုဝက်ကြီးသည် ကျွန်တော်ထောက်ပံ့မည့် ငွေကြေးထက် အရက်သေစာကို ခင်တွယ်၍ မခွေးမကမူ လူရယ်လို့ ဖြစ်လာသည်မှ သည်ယနေ့အထိ ငွေတစ်ဆယ်မျှကိုပင် မှတ်မှတ်ရရ ကိုင်ခဲ့ဖူးသူ မဟုတ်သဖြင့် ငွေရင်းငွေနှီးကလေး မစမည့်သူ ရှိတုန်းရှိခိုက် သူတို့၏ စားဝတ်နေရေးလေးကို လှလှပပ ဖြစ်စေလိုသည့် ဆန္ဒများရှိနေသူဖြစ်ပါသည်။ သို့သော် ကျွန်တော်သည် ကိုဝက်ကြီးအား အရက်သမားတစ်ယောက်အဖြစ် စတင်သိကျွမ်းခဲ့သူဖြစ်ရကား၊ သူ့အား အရက်သမားဘ၀မှ ကျွတ်လမ်း ၀င်သွားသည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ခင်မင်ရင်းနှီးစွာ တပြေး ညီညီ ပေါင်းသင်းဆက်ဆံ သွားမည် သာဖြစ်ပါသည်။ သို့သော် ယခုမူ ကျွန်တော့်တွင် ကိုဝက်ကြီးအား အသုံးချရန် အစီအစဉ်ရှိသဖြင့် အရက်ဖြတ်ရန် တိုက်တွန်းခြင်းဖြစ်ပါသည်။
စင်စစ် ကိုဝက်ကြီးသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း ယုတ်မာညစ်ညမ်း၍ သစ္စာမဲ့ သော သူတစ်ဦးကားမဟုတ်ပေ။ အရက်သောက်စားခြင်းသည် သူ့ဘ၀အတွက် စိတ်၏ပင်ပန်းမှု၊ ကိုယ်၏ပင်ပန်းမှု များကို ဖြေဖျောက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်သည် ကိုဝက်ကြီးအား အရက်ဖြတ် ရန် ပြော၍မရလျှင်မူ ကျွန်တော်တို့ လုပ်ကိုင်မည့်နယ်ချဲ့တော်လှန် ရေးတွင် သုံးရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ် လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းကိစ္စ သည် တစ်ဦးတစ်ယောက်၏ အကျိုးစီးပွား မဟုတ်မူဘဲ နိုင်ငံနှင့် လူမျိုးအတွက် ဆောင်ရွက်ရမည့် ကိစ္စဖြစ်ခြင်းကြောင့်ပင်။
“ကိုင်း ... ကိုဝက်ကြီး ရန်လ ဖြစ်မနေကြနဲ့၊ ကျုပ်က ခင်ဗျားကို အရက်ဖြတ်နိုင် မဖြတ်နိုင် သိချင်လို့ စိတ်တွေ ဘာတွေ ဆိုး မနေပါနဲ့၊ ရော့ငွေတစ်ကျပ်၊ ဒီနေ့ ခင်ဗျားတို့ ဆီပြန်ဟင်းလေး ချက်စားကြပါ၊ ကိုင်း ... သွားမယ်”
“နေပါဦးလား၊ မင်းပေးတဲ့ ပိုက်ဆံနဲ့ ငါ ဈေးပြေးလိုက်ဦးမယ်၊ ပျော်ပျော်ပါးပါး ထမင်းစားပြီးမှ ပြန်ပါ နော်ကွာ၊ ဟုတ်လား”
“ဟုတ်သားပဲ မောင်မြလှိုင်ရယ်၊ နာရီဝက်လောက်ဆို ချက်ပြုတ်ပြီးသွားမှာပဲ၊ ကဲ ... ကိုဝက်ကြီး စကားပြော မနေနဲ့တော့၊ မြန်မြန် သွားဝယ်ချေပါ၊ ဆန်ကောင်းကောင်းလေးလဲ နို့ဆီဘူး နှစ်လုံးလောက် ၀ယ်လာခဲ့ဦး”
ကိုဝက်ကြီးသည် စွပ်ကကျယ်အညစ်ကလေးကို ကပျာကသီကောက်၍ စွပ်လိုက်ပြီး ဈေးခြင်းကလေးကို ဆွဲကာ အပြေးကလေး ထွက်သွားပါတော့သည်။ ကျွန်တော်သည် ကိုဝက်ကြီး၏ နောက်ကျောကို ကြည့်၍ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ အဓိပ္ပာယ်ရှာမရသော စိတ်ပင်ပန်းမှုတစ်ခုကိုလည်း ရင်ဝယ် ခေတ္တ သိမ်းဆည်းထားလိုက်မိည်။ ကျွန်တော်သည် ကိုဝက်ကြီးတို့ကို ငွေရင်းကလေး စိုက်ထုတ်ပေးပြီး သူ့မန်းမ မခွေးမကို ရုပ်ရှင် ရှေ့၌ ဖြစ်စေ၊ အခြားသင့်တော်မည့် နေရာတစ်ခုခု၌ဖြစ်စေ ဈေးဆိုင်ကလေးတစ်ခုကို ရှာဖွေပေးပြီး ကိုဝက်ကြီးကို တစ်ဖက်တစ်လမ်းမှ ခိုင်းသင့်သည့် ကိစ္စလေးများကိုခိုင်းရန် ရည်ရွယ်၍ ယခုကဲ့သို့ ကိုဝက်ကြီးအား အရက်ဖြတ်ရန် စကားကမ်းလှမ်းကြည့်ခြင်းဖြစ်ပါသည်။
သန်းကြည်တို့အိမ်သည် တန်းလျားဖြစ်သည်။ အခန်း ၃ ခန်းရှိ၍ သန်းကြည်တို့က အလယ်ခန်း၌နေကြသည်။ သန်းကြည် အမေသည် ပွဲဈေးတကာသို့ လှည့်လည်၍ အသုပ်စုံ၊ ဆနွင်းမကင်း၊ မုန့်လုံးကြီး အုန်းနို့ဆမ်း စသည်များကို ရောင်းချသည်။ ပွဲဈေးများသို့ သွားလျှင် သမီးသန်ားကည်ကို လှပစွာ ၀တ်စား ဆင်ယင်စေပြီး ဈေးခေါ်ပြရုပ်အဖြစ် ထိုင်စေသည်။ သန်းကြည်ကလည်း မျက်နှာချေ အဖွေးသား၊ ပန်းစက္ကူ အနီဖြင့် ဆိုးထားသည့် နှုတ်ခမ်းများမှာ ရဲရဲတောက်လျက် လာလာသမျှသော အစ်ကိုကာလသားတို့ကို အပြုံးပန်းဖြင့် ကြည့်တတ်သည်။ သန်းကြည်တို့ ခေါင်းရင်းမှ အခန်း သည် မြန်မာစာ ကျောင်းဆရာ ကိုအောင်သန်းတို့ လင်မယားနေကြပြီး ခြေရင်းခန်း၌မူ လက်ဖက်ရည်ဆိုင်မှ ကိုဗလတို့မိသားစု နေထိုင်ကြသည်။ ၎င်း တန်းလျားကို အောင်မင်္ဂလာ ရုပ်ရှင်ရုံပိုင်ရှင် အမဲရှရစ်တို့က ပိုင်သည်။ အိမ်လခမှာ တစ်လလုံးအတွက် (၂ိ)သာဖြစ်သည်။
“ဟော အစ်ကိုမြလှိုင် လပြီလား၊ ဟင်း ဟင်း၊ သန်းကြည်က လာမှလာပါ့မလားလို့ ဟင်းဟင်း”
“လာခဲ့ပါမယ်လို့ ပြောထားပြီပဲ သန်းကြည်ရယ် ဘယ်မှာမလာဘဲနေပါ့မလဲ”
“သိဘူးလေ ... အစ်ကိုက ပြောလွယ်ဆိုလွယ် ပြောတာလားလို့ စိတ်ပူမိတာပေါ့။ သန်းကြည် ပြောပြရဦးမယ်၊ ညက အိပ် လို့တောင်မပျော်ဘူး သိလား”
“ဘာဖြစ်လို့လဲ လုပ်စမ်းပါဦး၊ လက်ဖက်တွေ စားမိလို့လား”
“ဟင်း ဟင်း၊ အစ်ကိုမြလှိုင်က ပြောရော့မယ်၊ အစ်ကိုမြလှိုင်တစ်ယောက် သန်းကြည်တို့အိမ် လာလည်မယ် ဆိုလို့လေ၊ နောက်ပြီး ထမင်းလည်းစားမယ်ဆိုလို့ ၀မ်းသာလုံးဆို့နေပြီး အိပ်မပျော်တာ၊ ဟွန်းသိလား”
သန်းကြည်သည် မျက်လုံးကလေးထောင့်ကပ်၍ လက်ညှိုးကလေးကိုကွေးချည်ဆန့်ချည်ပြုလုပ်၍ ပြောနေသည်။ သူ့မျက်နှာကလေးသည် လညြ့်ဝန်းကဲ့သို့ ၀ါလဲ့လဲ့ဆောင်နေသည်။ ရှန်သားအပေါ စားပွင့်ထိုးအင်္ကျီဖြူအောက်မှ သူ၏အလှအပများသည် ပေါ်နေသည်။ လုံချည်ကို တင်းတင်းဆွဲ ထားသဖြင့် ကျဉ်းသော ခါးကလေး သည် ကောက်ညှင်းထုပ်ကို အလယ်မှ ကြိုးစည်းထားသကဲ့သို့ ရှိသည်။ ထည်လဲရှိဟန်မတူသော သရက်ထည် ပွင့်ရိုက် လုံချည်သည် နေရောင်ဖြင့် သူ့ပေါင်တံ မျးကို အရိပ်ပြသကဲ့သို့ရှိသည်။ စုစုပေါင်း လိုက်တော့ တစ်ခုလပ်မလေး သန်းကြည်သည် ကျွန်တော့် မျက်စိရှေ့တွင် ကျောက်ဆစ်ရုပ်ကလေးပမာ လှနေသည်။ ကျွန်တော် သည် သန်းကြည်ကိုကြည့်၍ စွဲမက် ယစ်မူးနေသည်။
“ဒါလောက် တောင်ပဲလား သန်းကြည်ရယ်၊ ဒါနဲ့နေပါဦး၊ ကိုလှအောင်နဲ့ ဘာလို ကွဲတာလဲ၊ ပြန်မပေါင်းကြတော့ဘူးလား”
“ဟော ... အစ်ကိုလုပ်ပြီ၊ ဒီနာမည်ကို မကြားရပါစေနဲ့ အစ်ကိုရယ်၊ သန်းကြည် စိတ်ထဲမှာ ပျော်နေ တာလေးတွေကို ပျောက်သွားအောင် မလုပ်ပါနဲ့လားဟင် နော် အစ်ကို”
“ဆောရီး သန်းကြည်ရယ်၊ ဟိုနေ့က ကိုဝက်ကြီးတို့အိမ်မှာလ ပြောခဲ့သားပဲ၊ နောက်မမေးတော့ဘူးကွာ”
“ဒါနဲ့နေပါ ဦး အစ်ကိုမြလှိုင်၊ ကိုဝက်ကြီးကို လက်စွဲတော်ကြီးထားတာ ဘာလုပ်မလို့လဲဟင်၊ ဒီလူကြီးက ကဇော်အိုးကြီး အစ်ကိုမြလှိုင်ရဲ့၊ နောက်ပြီး အိုးမဲပေနေတ့ အိုးကို ကိုင်ရင် အိုးမဲပေ ကုန်မှာပေါ့၊ ကိုဝက်ကြီး လိုသူနဲ့ ပေါင်းသင်းနေရင် အစ်ကို့ကို လူတွေက အကောင်းပြောကြမယ် မဟုတ်ဘူး၊ တချို့ကတောင် ပြောကြတယ်သိလား”
“ဘာလဲပြောစမ်း၊ ဘယ်သူတွေက ပြောတာလဲဟင်”
“၀က်ကြီး ကို မောင်မြလှိုင် က လက်မလွှတ်တာ ဒီကောင်က မိန်းမအရှာကောင်းလို့တဲ့၊ ဟင့် ... ဟင့် သန်းကြည်ကတော့ မယုံပေါင်ပါလေ”
ဆက်ရန်
.

No comments:
Post a Comment