Saturday, December 8, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂)

ကျွန်တော်သည် ကိုဝက်ကြီး၏ အဖြစ်ကို ကြည့်ရင်း ၀မ်းသာသလိုလိုဝမ်းနည်းသလိုလိုဖြစ်မိသည်။ ပိုက်ဆံ ကို ကိုယ်ပိုင် အဖြစ် ပိုင်ဆိုင်ခဲ့ဖူးသူ မဟုတ်ရကား တစ်နေ့တာလုပ်ခကို တစ်နေ့တာ ရှာရသည်။ ဘိလိယက်ခုံ တွင် တစ်နေကုန် မတ်တပ်ရပ်၍ မာကာလုပ်ရသည်။ ညနေခုံပိတ်သောအခါ တစ်နေ့တာ လုပ်ခ အသပြာငါးမူးမျှ ရသည်။ ထိုငါးမူး ကို အိမ်သို့ အပြည့်အ၀ ယူမသွားနိုင်ရှာဘဲ အလုပ်၏ ပင်ပန်းမှုဒဏ် ကို အရက်ဖြူ တစ်မတ်ဖိုးမျှဖြင့် အပန်းဖြေ၍ ကျန်တစ်မတ်ကို ထမင်း မချက်ရသေးဘဲ စောင့်နေသော မန်းမထံသို့ အပ်နှံလိုက်ရသည်။ ထိုအခါတွင်မှ ထမင်းချက်၊ ရုပ်ရှင်ရုံရှေ့ မှ ပွဲဈေးတန်းတွင် လက်သုပ်စုံလေး တစ်ပဲဖိုးဝယ်၍ မိသားစု တစ်နေ့တာ အာဟာရ ကို ဖြည့်တင်း ရသည်။ ကို ဆက်ဖတ်ရန် ........

“မြလှိုင်ရေ၊ ဒီနေ့တော့ ငါ့ဗိုက် ခွေးနမ်းပြီဟေ့ ဟင်းဟင်”
“ခုလိုအခါခင်ဗျားမိန်းမ နဲ့ ကလေးတွေကို သတိမရဘူးလားဗျ”
“ရော် … သတိမရဘဲ နေမလား မြလှိုင်ရာ၊ သူတို့တတွေဟာ ငါပြန်လာမှ ထမင်းစားကြရတာ၊ ငါ ပြန်မလာမချင်း ဗိုက်မှောက်နေကြရတာ … ခုနေ …”
ကိုဝက်ကြီး ၏ မျက်နှာသည် ချက်ချင်း ညှိုးလျော်သွားသည်။ ဘ၀ကို အရက်နှင့် ဆေးကြောနေသော လူတစ်ယောက် ၏ အနီးကပ်မြင်ကွင်းသည် စိတ်မချမ်းသာဖွယ်ပါတကားဟု ကျွန်တော် မှတ်ချက်ချမိသည်။
“သောက်ဗျာ … ကျန်တာ ညနေဘိလိယက်ခုံပိတ်မှ တစ်ခါလာသောက်ပေါ့ …၊ ကျွန်တော်လည်း သွားစရာ ရှိသေးတယ်”
“အေး … ဟုတ်တယ်၊ အုန်းကျော်အတွက် စီးကရက်နှစ်လိပ်လောက်ဝယ်ပေးပါဦးကွာ”
ကျွန်တော်သည် ဦးဖိုးမြအား ကျသင့်ငွေများကို ရှင်းပေးလိက်သည်။ ထို့ပြင် ညနေ ကိုဝက်ကြီး အိမ်ပြန်လှ်ျ ထမင်းကြော်၊ ၀က်ခေါက်ကင် စသည် တို့ကိုပါ ထုတ်ပေးလိုက်ရန် မှာကြားခဲ့ပါသည်။

ကိုအုန်းမောင် က ကျွန်တော့်ကို ဗမာ့ထွက်ရ်ဂိုဏ်းအကြောင်းပြောပြသည်။ ကျွန်တော်သည် ကိုအုန်းမောင် ပြော သည့် အထဲ၌ ဗမာ့ထွက်ရပ်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် ဒေါက်တာဘမော် ကို တင်မြှောက်ကြောင်း မှတ်သား လိုက်မိသည်။
“ဒေါက်တာဘမော် ကို ဗမာ့ထွက်ရပ်ဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် တင်တာတော့ ကျွန်တော် မကြိုက်ဘူးဗျာ”
“ဒီနေ့ ဗမာပြည် ရဲ့ လက်ရှိ အခြေအနေအပေါ်မှာ တည်ပြီး ဖွဲ့စည်းတာပဲ … မြလှိုင်”
“ဘယ်တုန်းက ဖွဲ့တာလဲဗျ”
“၁၉၃၉-ခု၊ စက်တင်ဘာ (၁)ရက်နေ့က ဖွဲ့ခဲ့တယ်၊ အဖွဲ့ဝင်တွေကတော့ အထေါထွေအတွင်းရေးမှူးက သခင်အောင်ဆန်း၊ ကော်မီတီတွေကတော့ သခင်သန်းထွန်း၊ သခင်လှဘော်၊ သခင်မြ၊ သခင်နွဲ့၊ ဦးလှမင်း၊ ဒေါက်တာသိန်းမောင်၊ ဗန္ဓုလ ဦးစိန်၊ ဦးဘရွှေ (မန္တလေး)၊ ဦးထွန်းအောင်၊ စောဖေသာ၊ ဦးဘဦး(မန္တလေး) တို့ ပါတယ်လေ”

ကိုအုန်းမောင်သည် ဗမာ့လွတ်လပ်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို ရှင်းပြ သည်။ အနောက်ဘက် တလွှားမှ စစ်မီးပွားများနှင့်ပတ်သက်၍ ဗမာ့လွတ်လပ်ရေးအတွက် အခြေအနေပေး လာမည့် အကြောင်းများ ကို ရှင်းပြပါသည်။
“မြလှိုင်၊ မင်း ရန်ကုန်ရောက်ရင် ဟိုလိုလို ဒီလိုလိုနဲ့တော့ အချိန်ဖြုန်းမနေနဲ့ကွာ၊ မင်းကနတစ်ဆင့် တို့မြေ အောက်လှုပ်ရှားမှုအတွက် အဆက်အသွယ်လုပ်ချင်တယ်၊ မဟုတ်ရင် စုံထောက်တွေ ခြေချင်း လိမ်နေ တဲ့ ထောင်ချောက်ထဲကို ရောက်သွားနိုင်တယ်ကွ”
“ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူးဗျာ”
“တို့လည်း စမ်းတ၀ါးဝါးပဲ ရှိသေးတယ်။ အဆက်အသွယ် ရှာနေတုန်းပဲ၊ မြေအောက်အဖွဲ့နဲ့ ဆက်သွယ်မိတာနဲ့ တစ်ပြိုင်နက် လုပ်စရာတွေ အများကြီးဖြစ်လာမယ်”
“အဲဒီ မြေအောက် အဖွဲ့ဆိုတာကို ကျွန်တော် နားမလည်ဘူးဗျာ၊ ဘာကို ပြောတာလဲ”

“ဒီလိုကွ၊ ၁၉၃၉-ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့က မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ဆိုတာကို ဖွဲ့ခဲ့တယ်၊ တို့ သိရသလောက်တော့ အဲဒီအဖွဲ့မှာ သခင်မြက (ပြည်တွင်းခေါင်းဆောင်)၊ သခင်အောင်ဆန်းက (ပြည်ပခေါင်းဆောင်)၊ သခင်လှဖေ၊ သခင်နု၊ ကိုဗဟိန်း၊ ကိုလှမောင် (မိတ္ထီလာ)၊ သခင်ချစ်၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း(အာအီးတီ)၊ နဂါးနီ ကိုထွန်းရွှေ၊ ကိုကျော်ငြိမ်းတို့ ပါတယ်တဲ့ကွ”
“အဲဒီအဖွဲ့ က ဘာလုပ်မှာလဲ”
“အင်္ဂလိပ် ကို ပြန်တော်လှန်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ ဖွဲ့တာပေါ့ကွ”
ကျွန်တော် သည် ကိုအုန်းမောင်ပြောသော စကားများကို နားသာထောင်နေရသော်လည်း တိတိပပ စိတ်ဝင်စားမှု မရှိပါ။ သပိတ်လှန်ပြီး ရန်ကုန်မြို့မကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားရာတွင် ကျွန်တော်၏ ရည်မှန်းချက် များမှာ စာသင်ကြားတတ်မြောက်ပြီး တက္ကသိုလ်သို့ တက်ရောက်၍ မိခင်မော်မှန်းထားသည့် အထိ ဘွဲ့တစ်ခုခုကို ရယူရန်ဖြစ် ပါသည်။ ထို့နောက်တွင်မှ နိုင်ငံရေးကို လုပ်လိုလျှင်လည်း လုပ်မည်၊ အကယ်၍ နိုင်ငံရေးမလုပ်လျှင်လည်း မိခင်၏ လယ်လက်ငုတ်လက်ရင်းဖြစ်သော ကုန်သွယ်မှု ကိုသာ ဇောက်ချ လုပ်ကိုင် သွားရန်သာ ဆုံးဖြတ်ခဲ့ပါသည်။

“ဟေ့ .. မြလှိုင်၊ ငါပြောတာ နားထောင်စမ်းပါဦးကွ …”
“နားထောင်နေသားပဲဗျ၊ ဒါပေမယ့် ခင်ဗျား ပြောတာတွေကို ကျွန်တော် နားမလည်လှဘူး၊ နောက်ပြီး သပိတ်လှန်ပြီး ထဲက ကျွန်တော် နိုင်ငံရေးလုပ်ချင်တဲ့စိတ် မရှိသလောက်ပဲ ကိုအုန်းမောင်၊ တကယ်ပြော နေ တာပါ …”
“အေး … ငါနားလည်ပါတယ်၊ မင်းတို့လို ငွေကို ရေလို သုံးနေတဲ့ သူဌေးသားတွေ အနေနဲ့က လယ်သမား၊ အလုပ်သမားတွေ အကြောင်း ဘယ်မှာ စိတ်ဝင်စားမှာလဲကွ၊ လူတန်းစားကိုက မြေရှင်အရင်းရှင် လူတန်း စား တွေ ဆိုတော့ အတွေးအခေါ် အယူအဆ အနေအထိုင်အားလုံး ဖောက်ပြန်တာပဲ”
ကိုအုန်းမောင် သည် ကျွန်တော့်အား ဗလာချီ အုပ်တော့သည်။ ကျွန်တော်သည် အပေါင်းအသင်း သူငယ်ချင်းများနှင့် ပတ်သက်လာလဆင်လည်းကောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ လိုအပ်သော ငွေရေးကြေး ရေး ကိစ္စများတွင်လည်းကောင်း၊ အမြဲထာဝရ ရက်ရက်ရောရော ကူညီခဲ့သူဖြစ်ပါသည်။ အထူးသဖြင့် ဖျာပုံ မြို့နယ် တို့ဗမာ အစည်းအရုံးသည် ရန်ပုံငွေ လုံးဝမရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ညီလာခံတက်ရေး၊ စာရွက်စာတမ်း ရိုက်နှိပ် ၍ အသင်းတွင် သုံးစွဲသော စာရွက်စာတမ်းများမှစ၍ ကျွန်တော် စိုက်ထုတ် အကုန်အကျခံခဲ့ သည်ပင်ဖြစ်ပါသည်။ ယခု ကိုအုန်းမော်သည် ကျွန်တော်ထား ရှိသော စေတနာ ကို ထောက်ထားမှု လုံးဝမရှိဘဲ မျက်နှာချေးကြောက် ပြောလာသောအခါ ကျွန်တော့် စိတ်ထဲ၌ အလွန် နာကျည်း ခံပြင်းစိတ် များဖြစ်ပေါ်လာမိပါသည်။

“အင်းပေါ့ဗျာ … ကျုပ်က သူဌေးသား ဖောက်ပြန်ရေးသမား။ ခင်ဗျားတို့သာ တိုင်းပြည်ချစ်သူတွေ၊ ခင်ဗျားတို့သာ လယ်သမား အလုပ်သမားတွေ ချစ်သူတွေ၊ တစ်ခုတော့ ရှိတယ်ဗျာ၊ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့ အလကား ပဲတင်း နိုင်ငံရေးသမား မျိုးတော့ ကျုပ်မလုပ်ဘူး ဒါပဲ၊ ကျုပ်သွားမယ်”
“ဒီမယ် … မြလှိုင်၊ ငါပြောတာ လွန်သွားသလားကွာ …”
“လွန်တယ် မလွန်ဘူး … ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ ကျုပ်တို့ မိသားစုကြီး တစ်ခုလုံး ကို ငွေရှင်ကြေးရှင် ဖောက်ပြန်ရေး သမား လို့ စွပ်စွဲတာထက် စော်ကားတာ ဘာများ ရှိဦးမှာလဲဗျ”
“ငါဆိုလိုတာ … ဒီလိုမဟုတ်ပါဘူးကွ၊ မင်းဟာ တို့တတွေ အပေါ်မှာရော၊ တို့ဗမာအစည်းအရုံးပေါ်မှာရော ဘာမှ လိုလေသေး မရှိအောင် လုပ်ပေးနေတယ်ဆိုတာ ငါမငြင်းပါဘူး၊ မင်းက နိုင်ငံရေးကို စိတ်မ၀င်စား တော့ ဘူး၊ ကျောင်းစာ ပဲ သင်တော့မယ်လို့ ခါးခါးသီးသီး ပြောနေလို့ မင်းလို အလားအလာကောင်း တဲ့ ပြည်သူ့ ဘက်တော်သားတစ်ယောက် ဆုံးရှုံးသွားမှာစိုးလို့ ငါက စိတ်လိုက်မာန်ပါ ပြောမိတာပါကွာ၊ ကိုင်း .. ငါမှား တယ်၊ နောက် မပြောဘူး၊ ဟုတ်လား”

ကိုအုန်းမောင်က ခခယယ တောင်းပန်စကား ဆိုလာပြန်တော့လည်း ကျွန်တော်ဘာမျှ ဆက်၍ မပြောဖြစ် တော့ပေ။
“မြလှိုင် … မင်းရန်ကုန်ကို ဘယ်တော့ပြန်မလဲ”
"သဘက်ခါ ပြန်မယ်၊ ဘာဖြစ်လို့လဲ…"
"မင်းနဲ့ထပ်ပြီး ဆွေးနွေးချင်သေးတယ်ကွာ…."
"ဆွေးနွေးတာတွေ ဘာတွေ လုပ်မနေပါနဲ့ဗျာ၊ ကျုပ်ဘာလုပ်ရမလဲ၊ လုပ်ရမယ့်ကိစ္စကို တို တိုသာပြောဗျာ၊ လုပ်နိုင်ရင် လုပ်မယ်၊ မလုပ်နိုင်ရင် မလုပ်ဘူး၊ အင်း….တစ်ခုတော့ ရှိတယ်၊ ကျွန်တော့်ရဲ့ စာသင်ကြားမှုကို ထိခိုက်စေ မယ့် အလုပ်ဆိုရင်တော့ ကျုပ်မလုပ်နိုင်ဘူး၊ ဒါပေမယ့် ငွေအားနဲ့တော့ အကူအညီပေးမယ်၊ ရှင်းပလား…"
"ရှင်းပါတယ်၊ ဒါပေမယ့် မင်းနဲ့တော့ ဆွေးနွေးရမှာပဲလေ၊ တို့အနေနဲ့ ငွေဟာ အဓိက မဟုတ် ပါဘူး၊ လောလောဆယ်တော့ မင်းပြန်ရင် ဆရာချစ်ဆီ စာတစ်စောင် ပေးလိုက် မယ်၊ မင်းကိုယ်တိုင် သွားပေးပေးပါ….."
"ဒါလောက် ဟာ အရေးမကြီးပါဘူး၊ ကျွန်တော်လုပ်ပေးပါ့မယ်"

ခင်ခင့်ကို ကျွန်တော်ကြာကြာမပိုးလိုက်ရ။ တစ်လအတွင်း ခင်ခင်နှင့် ကျွန်တော်သမီး ရည်းစားဖြစ်ခဲ့ကြသည်။ ခင်ခင် သည် ထိုအချိန်က စကော့မက် ကက်တွင်စတား၊ စကော့ မက်ကက်ဘဲလ် ဖြစ်သည်။ နံနက်ဈေးထွက် လာသည်ဆိုလျှင် ပွဲလမ်းသဘင်သို့ သွားသည့် အလား အလှအပ အမွမ်းအမံ အခြယ်အသများဖြင့် တစ်ကိုယ်လုံး ကို ပြင်ဆင်ထားသည်။
စကော့ဈေး၏ ယွန်းတန်း သည် အလှအပများ စုဝေးရာ ဖြစ်သည်။ ကျောင်းသားပေါင်းစုံ ခြေရာ ချရာလည်း ဖြစ်သည်။ ကျွန်တော်သည် ယွန်းတန်း ထဲသို့ ရောက်သည်ဆိုလျှင်ပင် ခင်မင်တို့ ညီအစ်မများကို မျက်မှန်းတန်းမိသည်။ ခင်ခင့်တွင် တင်တင်ဆိုသော ညီမတစ် ယောက်ရှိသည်။ ကျွန်တော်သည် နယ်မှ လာသော ကျောင်းသားဖြစ်သဖြင့် စကော့ဈေး သို့ ရန်ကုန်တွင်နေသော ကျောင်းသားများကဲ့သို့ သွားလာရန် မလွယ်ကူ လှပေ။ သို့သော် လည်းညနေကျောင်းဆင်း၍ အချိန်ရသည်နှင့် ရေမိုးချိုး၊ အ၀တ်အစား လဲလှယ်ကာ စကော့ဈေး မပိတ်မီ ယွန်းတန်းသို့ ရောက်ခဲ့သည်ချည်း ဖြစ်သည်။
တစ်နေ့သော အခါတွင် ကျွန်တော့်အတွက် ပျားစွဲသော အကွက်တစ်ကွက် မမျှော်လင့်ဘဲ ၀င်တိုးခဲ့လေသည်။

ဝင်တိုးပုံမှာ ကျွန်တော့်မိဘများ၏ ဖိနပ်ဖောက်သည် ဒေါ်တင်တင်စိန်နှင့် ခင်ခင်တို့ ဆိုင်ရှေ့တွင် တွေ့ကြသည်။
"မောင်မြလှိုင်… ဘယ်လဲကွဲ့"
"သြော်…မမစိန်၊ အိမ်ကမှာလိုက်တဲ့ ယွန်းအစ်ကလေးတွေ လာကြည့်တာ"
"ဘာလုပ်ဖို့ လဲ၊ မောင်မြလှိုင်တို့ဆိုင်မှာ တင်ရောင်းဖို့လား…."
"သြော်…အင်း…အင်း၊ ခင်ခင်ရေ…ဒါလေ မမတို့ ဖျာပုံက စတိုးဆိုင်ပိုင်ရှင် ဒေါ်ဒေါ်မြိုင်သား မောင်မြလှိုင်ကွဲ့၊ ဖျာပုံ မှာ စတိုးဆိုင်ကြီးရှိတယ်၊ သူဌေးတွေပေါ့"
ထိုစကားသံ၏ အဆုံးတွင် ခင်ခင်၏ မျက်နှာပေါ်တွင် သကာလောင်းလိုက်သည့်အလား ချိုမြသွားသည်။ မျက်လုံးအစုံ မှာ ၀င်းလက်သွားသည်။ ကျွန်တော်နှင့် ပြိုင်ဘက်များသည် သည်တစ်ပွဲတွင် အလဲအထိုးခံ လိုက်ရလေပြီတကား။ ကျွန်တော့်အား ၀င်ပါထွက်ပါ၊ စားပါ သောက်ပါ၊ လိုတာပြောပါ ဆိုသော စကားပန်းတွေ ဝေေ၀ ဆာဆာ ဖူးပွင့် လာပါတော့သည်။ ဤအခွင့်အရေးများကို ရလိုက်သော ကျွန်တော် တစ်ယောက် မကြာမိခင်ခင်တည်းဟူသော ယွန်းအလှကလေးကို ရည်းစားအဖြစ် ရရှိလိုက်ပါတော့သည်။

"ခင်ခင်…."
"ကို…"
"ရုပ်ရှင်သွားကြည့်ရအောင်…."
"ကောင်းသားပဲ…"
ထိုအချိန်က ကျွန်တော့်အိမ်က တစ်လလျှင် ၃၅ကျပ် ပို့သည်။ တစ်နေ့လျှင် မုန့်ဖိုးက ၁ိ။ ၅ိ က အပိုအလျှံ သုံးရန် ဖြစ်သည်။ ဤကား တရားဝင်ရသော မုန့်ဖိုးဖြစ်ပါသည်။ သို့သော် ကျွန်တော့်တွင် တရားဝင် မဟုတ်သော ၀င်ငွေအများအပြားရှိပါသည်။ ကျွန်တော်တစ် ယောက်ကျောင်းပိတ်၍ ဖျာပုံသို့ ပြန်သည့်အခါ အဒေါ်အပျိုကြီး များက မုန့်ဖိုးပဲဖိုးအဖြစ် ပေးလေ့ရှိသည်။ ထို့ပြင်ကျွန်တော့်အား အစ်မများက သူတို့စု ထားသော မုန့်ဖိုးများကို ခွဲဝေပေးကြသည်။ မိခင်က အရောင်းအ၀ယ်ဘက်တွင် စိတ်ဝင်စားရန် အတွက် မြသိဒ္ဓိ ဆိုင် တွင် နံနက်ခင်း ထမင်းစားချိန်အထိ သွားရောက်လုပ်အား ပေးစေသည်။ ထိုသို့လုပ်အား ပေးခြင်းအတွက် တစ်နေ့ လျှင် ၅ိ ပေးသည်။ ရန်ကုန်သို့ ပြန်ခါနီးတွင်လည်း ၁၀၀ခန့် ထပ် ပေးသေးသည်။ ဆိုင်တွင် ရောင်းချ သမျှသော အ၀တ်အထည်များမှာမူ ကျွန်တော်ကြိုက် သလောက်ဖြတ်ယူခဲ့ပါသည်။ သို့ကြောင့်ပင် ကျွန်တော် ကျောင်းပိတ်ပြီး ရန်ကုန်မြေပေါ် သို့ခြေချမိသော ကျွန်တော်သည် မိမိအိပ်ကပ်ထဲတွင် အနည်းဆုံး ၅၀၀ိ၊ ၁၀၀၀ိ ရှိနေတတ် ပါသည်။

ခင်ခင်နှင့် ကျွန်တော်သည် ရုပ်ရှင်ကို အကောင်းဆုံးအတန်းမှ ကြည့်ပြီးလျှင် ဆဗွိုင်း၊ ကွန် တီနင်တယ် စသည် တို့တွင် အကောင်းဆုံး အစားအသောက်များကို စားကြသည်။ ထိုမှ ပြီးလျှင် ခင်ခင်ကြိုက်နှစ် သက်သည်များ ကို အောတိုက် ၀ယ်ပေးလိုက်သေးသည်။
ခင်ခင်နှင့် တင်တင် သည် အရွယ်ချင်း မတိမ်းမယိမ်း၊ အလှချင်း သူမသာ၊ ကိုယ်မသာ ရှိ ကြသည်။ ခင်ခင့်တွင် ထူးခြားချက် မှာ လက်ယာဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့လေးတစ် လုံးရှိသည်။ ထိုထက် ထူးခြားသည်မှာ အကိုကာလသား တို့ ချော့မြှူနိုင်သော ညှို့မျက်လုံး များရှိလေသည်။
ကျွန်တော် သည် ခင်ခင့်အား စွဲမက်မိသည်။

"ကို…"
"ခင်ခင်…"
"ကို ခင်ခင့်ကို တကယ်လက်ထပ်ယူမှာလား…ဟင်"
"ယူမှာပေါ့၊ ဒါပေမယ့် ခုတော့ မယူနိုင်သေးဘူးလေ"
"ဘာဖြစ်လို့လဲ"
"အော်…ခင်ခင် ကလည်း၊ အခုနေယူလို့ ကိုယ်က ဘာလုပ်ကိုင်တတ်  တာမှတ်လို့လဲ၊ နောက်ပြီး ပညာတစ်ပိုင်းတစ်စ နဲ့ မိန်းမယူမယ်ဆိုရင် ကိုယ့်မေမေက ဘယ်လက်ခံမှာလဲ"
"ဒါဖြင့် ခင်ခင့် ကို ဘယ်တော့မှ ယူမှာလဲ…ပြော၊ ခင် သိထားချင်တယ်"
"ကို ဒီဂရီရ တဲ့အထိ စောင့်"
"ဟင်- အကြာကြီး ရယ်၊ ခင်ကတော့ ကို ၁၀တန်းအောင်ပြီးရင် လက်ထပ်စေချင်တယ်"
"ကို စဉ်းစားမယ်လေ၊ ဒါတွေ ဘာဖြစ်လို့ မေးတာလဲ"

"ကိုရယ် ကိုတို့က ပိုက်ဆံဝါလားတွေ မဟုတ်လား၊ ကို အခု သုံးနေတာတွေကို ကြည့်ပြီး ကိုတစ်ယောက် စကော့ဈေး က မိန်းကလေးတွေကို ဟောတစ်ယောက် ဟောတစ် ယောက်"
"တော်….ခင်ခင်၊ ဒါကို့ကို စော်ကားတာ၊ ကိုယ် မိန်းမမြင်တိုင်း၊ လက်ညှိုးထိုးတက်တဲ့ လူစားမဟုတ်ဘူး၊ အခု ခင်ခင် နဲ့ ကိုနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဒါလောက်ရင်းနှီးခဲ့ ကြတာ ခင်ခင်ကို ကိုဘာများ မဖွယ်မရာ လုပ်ဖူး လို့လဲ၊ စည်းနဲ့ကမ်းနဲ့ ဆက်ဆံတယ်ဆို တာခင်ခင် အသိပဲလေ…"
"မဟုတ်ပါဘူးကိုရယ်…၊ ခင်က စိတ်ပူလို့ပြောမိတာပါ"

ကိုအုန်းမောင် ပေးလိုက်သောစကို ရေကျော်ရှိ ဆရာချစ်ဆိုသူထံသို့ ကျွန်တော်ကိုယ်တိုင် ယူဆောင် လာခဲ့ပါသည်။ ဆရာချစ် ဆိုသူမှာ အသားမည်းမည်း၊ မျက်မှန်ထူထူ၊ လက်ရက် ပင်နီရှပ်နှင့် တိုက်ပုံတို့ကို ၀တ်ထား သည်။ အသားမည်းသော်လည်း မျက်နှာရွှင်ပြနေ သည်။ အိမ်ခန်းမှာ ကျယ်ကျယ်ဝန်းဝန်းမရှိလှဘဲ ၀က်လက် ကုလားထိုင် နှစ်လုံးနှင့် စာအုပ် အများအပြားကို တွေ့ရပါသည်။ ဆရာချစ်ဆိုသူ သည် ကျောင်းဆရာ တစ်ယောက်ဟု သာမန် သိထားခြင်းမျိုးဖြင့် မှတ်သားထားမိသည်။ ယခုတွေ့ရသောအခါ ကျောင်းဆရာ ဥပဓိရုပ်မျိုး မဟုတ်ဘဲ တို့ဗမာအစည်းအရုံးမှ သခင်များကဲ့သို့ ပါလားဟု စိတ်ထဲမှ မှတ်ချက် ချမိသည်။
"ညီလေး ကို ဒီစာ ဘယ်တုန်းက ပေးလိုက်သလဲဟင်"
"မနေ့ညက၊ ကျွန်တော် ဖျာပုံက ပြန်ခါနီး၊ ကိုအုန်းမောင် သင်္ဘောဆိပ်မှာ ဆင်းပေးလိုက် တာပါ"
"သြော်…ညီလေး က ရန်ကုန်က လာကျောင်းနေတာပေါ့နော်…."
"ဟုတ်ပါတယ်"

"ညီလေး သခင်လှဖေနဲ့ ဘာတော်သလဲ"
"သခင်လှဖေ နဲ့ ကိုလှရွှေဟာ ကျွန်တော့်အစ်ကိုတွေပါခင်ဗျာ"
သခင်ချစ် ၏ မျက်နှာသည် ပို၍ပြုံးလာသည်။ ထို့နောက် သူ့လက်ထဲတွင်ရှိသော ကိုအုန်းမောင် ရေးလိုက် သည်ဆိုသော စာကို ကျွန်တော့်ထံသို ကမ်းပေးလိုက်ပြီး ကျွန်တော့်အား အကဲခတ်သည့်အလား မျက်တောင် မခတ် ကြည့်လျက်ရှိနေပါသည်။
ကျွန်တော် သည် ကိုအုန်းမောင်က သခင်ချစ်ဆိုသူထံသို့ ဆက်ဆက်သွားပေးပေးပါဟု မှာကြားလိုက်သော စာကို ကျွန်တော့်အား ယုံယုံကြည်ကြည်ပေးဖတ်ခြင်းကြောင့် အနည်း ငယ်တော့ အံ့သြခြင်းဖြစ်မိလေသည်။

ကိုအုန်းမောင်၏ စာတွင် ထူးထူးထွေထွေ မပါပဲ ကျွန်တော်သည် တို့ဗမာအစည်းအရုံး ဌာနချုပ်မှ ဘဏ္ဍရေးမှူး သခင်လှဖေနှင့် ကျောင်းသား ခေါင်းဆောင် အာဏာရှင် ကိုလှရွှေတို့၏ ညီငယ်ဖြစ်ကြောင်း၊ ဖျာပုံကျောင်း သားများ သမဂ္ဂဥက္ကဋ္ဌအဖြစ် လုပ်ခဲ့၍ ဖျာပုံကျောင်းသားများ သပိတ်လှန်သောအခါ ကျောင်းထုတ်ခံခဲ့ရကြောင်း၊ ယခု မြို့မ အမျိုးသား အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်နေကြောင်း စသည် တို့ကို ရေးသားထားပြီး ဆရာချစ်ထံမှ သင်ခန်းစာ ပို့ချချက် များ အမှတ်(၁)ရပြီး အမှတ်(၂)ကိုမျှော်နေကြောင်း စသည်လောက် သာ ရေးသားထား သည်ကိုတွေ့ရပါသည်။ ကျွန်တော်သည် ဖတ်ပြီးသောစာကို ဆရာချစ်လက်ဝယ် သို့ ပြန် ပေးလိုက်ပြီး ပြန်ရန် ထလိုက်ပါသည်။
"ကျွန်တော့် ကို ခွင့်ပြုပါဦးဆရာ"
"ကောင်းပါပြီ၊ သဘက်ခါလောက် ညနေဘက် ခဏလျှောက်လာခဲ့ပါလား၊ ကိုအုန်းမောင် တို့မှာလိုက်တဲ့ သင်ခန်းစာလေး ပေး လိုက်ချင်လို့ပါ"
"ဟုတ်ကဲ့ ကျွန်တော်လာယူပါ့မယ်"
ဆရာချစ်သည် ကျွန်တော့်အား ရေကျော်လမ်းထိပ်အထိ လိုက်လံပို့ပေးပါသည်။
"ကိုင်း….ညီလေး သွားတော့…."

ကျွန်တော်သည် မွန်ဂိုမာရီ လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ပြီး ၄၇လမ်းထိပ်တွင် ရှိသော ဒီးဒုတ်ဂျာနယ် တိုက်ရှိရာသို့ လျှောက်လာခဲ့ပါသည်။ ဒီးဒုတ်ဂျာနယ်တိုက်ရှေ့သို့ ရောက် သောအခါ ကျွန်တော်၏ အစ်ကိုဖြစ်သူ သခင်လှဖေနှင့် အဆင်သင့်တွေ့၍ ဒီးဒုတ်တိုက် အတွင်းသို့ ၀င်လိုက်ပါသည်။
"ဟေ့…မောင်မောင် မင်း ဘယ်က လာတာလဲကွ"
"ရေကျော် က ကျောင်းဆရာ ဆရာချစ်ဆီက လာတာ ကိုကိုလှ"
"ဟေ…ဘယ်သူကွ ဆရာချစ် ဟုတ်လား"
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ"
"မင်း ဘာလာလုပ်တာလဲကွ"

"ဖျာပုံက ကိုအုန်းမောင်တို့က စာပေးခိုင်းလိုက်လို့ပါ၊ စာထဲက ထူးထူးထွေထွေ ဘာမှ တော့မပါပါဘူး၊ သင်ခန်းစာ အမှတ်(၁) ကိုရပြီး အမှတ်(၂)မရသေးတဲ့ အကြောင်းပဲ ရေး ထားတာ ဖတ်ခဲ့ရတယ်"
ကျွန်တော် သည် စကားပြောရင်း အစ်ကိုလုပ်သူ၏ မျက်နှာကို ကြည့်လိုက်မိသည်။ ကျွန်တော့်တစ်ကိုသည် ကျွန်တော့် ထံမှ ထူးထူးခြားခြား သိရှိထားဟန်မရှိသော အသွင် သဏ္ဌာန်ကြောင့် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ကို မှုတ်ထုတ်လိုက်ပါသည်။
"အေး… မိုးချုပ်နေမယ် ပြန်တော့်၊ လမ်းမှာ ဘယ်မှဝင်မနေနဲ့"
ကျွန်တော် ဒီးဒုတ်တိုက် မှ ထွက်လသောအခါ မှောင်ရီသမ်းလျက်ရှိနေပါပြီ။

ကိုယ့်အဖြစ်ကို ကိုယ်ပြောရရင်တော့ ရယ်စရာပင်။
ခင်ခင်နှင့် သမီးရည်းစား ဖြစ်သည့်အချိန်မှစ၍ ကျွန်တော်သည် ညနေကျောင်းဆင်းသည် နှင့် တစ်ပြိုင် နက် ရေချိုးခန်းသို့ ဦးစွာပြေး၍ အလျင်အမြန်ရေချိုးပါတော့သည်။ ထို့နောက် တစ်နေ့နှင့် တစ်နေ့မထပ် ရအောင် အ၀တ်အစားများကို ၀တ်၍ စကော့ဈေးသို့ ခြေသုတ် တင်ခဲ့ပါတော့သည်။ စကော့ဈေး ဂျူတီ ၀င်နေရသောအခါ ကျောင်းတွင်ပါဝင်ခဲ့သော ဘောလုံးအသင်း၊ မြို့မအပျော်တမ်း ရဲတပ်ဖွဲ့ မှ လေ့ကျင့်မှုများ လစ်ဟင်း ခဲ့လေသည်။
လည်လွန်းသော ဘီး ချေးသင့်တတ်သည်ဟူသော ရှေးလူကြီး သူမများ၏ဆိုဆုံးမမှုများ သည် အခြားသူများ အနေဖြင့် မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ကျွန်တော့အတွက်တွင် မူ တသွေမတိမ်း မှန်ကန်ကြောင်း ၀န်ခံရမည် ဖြစ်ပါသည်။

ကျွန်တော်သည် အတန်းပိုင်ဆရာအား သင်္ဘောဆိပ်တွင် မိခင်ဖြစ်သူအား ဆင်း၍ကြိုရမည် ဟုခပ်တည်တည် လှိမ့် လိုက်သည်။ ကျောင်းအိပ် ကျောင်းစားများကို အုပ်ချုပ်သော ဆရာထံသို့ ချဉ်းကပ်၍ သင်္ဘောဆိပ်သို့ ဆင်းရန် အ၀တ်အစားများ လဲလှယ်ခွင့်ပြုရန် ခွင့်ပန်၍ အ၀တ်အစားခန်းကို ဖွင့်ခိုင်းပြီး အကျအန အ၀တ်အစား များ လဲလှယ်ကာ စကော့ ဈေးသို့ သုတ်ခြေတင်ခဲ့သည်။ အမှန်မှာ ကျွန်တော်သည် သင်္ဘောဆိပ်သို့ ဆင်းရန် မဟုတ်ဘဲ ခင်ခင်နှင့် ၃နာရီခွဲပွဲ ရှပ်ရှင်ကြည့်ရန်ဖြစ်သည်။
စကော့ဈေး သို့ ရောက်သောအခါ ခင်ခင့်ကို မတွေ့ဘဲ တင်တင်တစ်ယောက်တည်း ဆိုင် တွင်ထိုင်နေသည် ကိုသာ တွေ့ရသည်။ ရင်ထဲတွင်လည်း စိုးထိတ်ပူပန်မှု ဖြစ်သွားသည်။ သို့ဖြင့် ဆိုင်ရှေ့သို့ ရောက်သောအခါ "ခင်ခင် ဘယ်သွားလဲ"ဟု မေးလိုက်ပါသည်။

"ထိုင်ဦးလေ"
"ခင်ခင်ရော"
"ဒီနေ့ဆိုင်မလာဘူး အစ်ကို"
"ဟင်…ဘာဖြစ်လို့လဲ၊ နေမကောင်းလို့လား၊ ဒီနေ့ ၃နာရီခွဲပွဲကြည့်မယ်ဆိုလို့ ကိုယ်လက်မှတ်တောင် ၀ယ်လာခဲ့ပြီ၊ တော်တော်နေမကောင်း ဖြစ်နေသလား တင်တင် ရယ်.."
"ဟင့်အင်း…သူ အိမ်မှာ မရှိဘူး"
"ဘာ… အိမ်မှာ မရှိဘူး…ဟုတ်လား"
"ဟုတ်တယ်…လာပါ၊ ဆန်းကဖီးသွားပြီး တစ်ခုခုစားရင်း စကားပြောရအောင်"
"ကောင်းသားပဲ…"
"မမစိမ်း…ဆိုင်ခဏကြည့်လိုက်ပါနော်၊ ဆန်းကဖီး ခဏသွားမလို့"
ကျွန်တော့်ရင်များ တဒိတ်ဒိတ်ခုန်လျက်ရှိပါသည်။ ခင်ခင်တစ်ယောက်အိမ်မှာ မရှိရအောင် မည်သည့်နေရာသို့ သွားသနည်း။ မည်သည့်ကိစ္စနှင့်သွားသနည်း၊ မည်သူတွေ ပါသွားသ နည်း ဟူသော မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို ကိုယ့်ဟာကိုယ်မေး ကိုယ်ဟာကို ဖြေရင်း စိတ်များ ရှုပ်ထွေး လာပါတော့သည်။

"တင်တင်…မှာလေ"
"တူးအိုင်စ်ကရင်…ဖောပက်စီစ်"
"ကိုင်း….ပြောပါဦး"
"အစ်ကိုမြလှိုင်ကို ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူးလေ"
"သူအိမ်မှာ မရှိတာက စပြောပေါ့၊ ဘယ်သွားတာလဲ"
"လင်…လင်နောက် လိုက်သွားတာ အစ်ကို…ဒီမှာ သူရေးခဲ့တဲ့စာ"
တင်တင်ပြောလိုက်သော လင်နောက်လိုက်သွားသည်ဟူသော စကားကြားလိုက်ရသည့် အချိန်က ဓာတ်ပုံဆရာတစ်ယောက်ကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခိုင်းပြီး ကြည့်မည်ဆို လျှင် သတင်းစာ များတွင် ဆေးမစားမီ ပုံဆိုသော လူမမာ တစ်ယောက်၏ပုံထက် များစွာ အခြေအနေဆိုးမည်ဟု ကျွန်တော် ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် တင်တင်သည် ယင်းသို့ပြောပြပြီး ကျွန်တော့်အား မျက်လုံး အပြူးသားဖြင့် ကြည့် ၍ တခစ်ခစ် ရယ်ပါလေ တော့သည်။

"အွန့်…တကယ်…တင်တင်ပြောတာ တကယ်…ဟုတ်လား၊ ခင်ခင်လင်နောက် လိုက်သွား တယ်"
"ခစ်-ခစ်-ခစ် ….ဟုတ်ပါတယ် အစ်ကိုရယ်….ခင်ခင်ရေးတဲ့စာကို ဖတ်လဲကြည့်ပါဦး"
"မေမေ၊ သမိးကို လိုက် မရှာနဲ့၊ ကိုခင်မောင်သိန်းနဲ့ မော်လမြိုင်လိုက်သွားပါတယ်၊ ကိုခင်မောင်သိန်း က မော်လမြိုင် ကျမှ ရုံးမှာတက်လက်ထက်မယ်"တဲ့။
ဟွန်း-ဟွန်း-ဟွန်း။ ကျွန်တော်လက်ထဲမှ ၀ယ်ထားပြီးသော ရုပ်ရှင်လက်မှတ်များကို ကျွန်တော်သည် လုံးထွေးချေမွ ရင်း စားပွဲဘေးမှ အမှိုက်ဟောင်းထဲသို့ ထည့်လိုက်သည်။ တကယ်တော့ ခင်ခင်တည်းဟူသော အလှပဂေး သည် ကျွန်တော့်အား ဆိုင်းမပါ ဗုံမဆင့် နှစ်ပစ်ထွက်သွားခြင်းပင် မဟုတ်ပါလား။
"အစ်ကို က မမကို သိပ်စွဲတာကိုး…တင်က ပြောမကောင်းလို့၊ ညီမချင်းဆိုတော့ ခြေထိုး တယ် ထင်မှာစိုးလို့ မပြောတာ… အစထဲက မမက အစ်ကို့ကိုလှီးနေတာ…ဟွန်း၊ တကယ် က…"
"ဂလုတ်…." ဟူသော ကျွန်တော်၏ တံတွေးမြိုလိုက်မိသည့် အသံကိုပင် ကျွန်တော် ထိတ်လန့် သွားသည်။

"ဘာရယ်၊ လင်နောက်လိုက်သွားပြီးတဲ့နောက်က တကယ်က ဆိုတာ ကျန်သေးလား တင်တင်ရယ် ဟင်း….ဟင်း…"
"တကယ်က တင်တင်လေ အစ်ကို့ကို သိပ်သနားနေတာ"
"ဟင်… ဘာပြောတယ်…."
"အစ်ကို့ကို သိပ်သနားတယ် သိလား၊ နောက်ပြီး…"
ထို့နောက်တွင်တော့ ကျွန်တော်တစ်ယောက် ငိုရ ရယ်ရခက်သော မျက်နှာကြီးဖြင့် ကျောင်း သို့ ပြန်လာခဲ့ပါတော့ သည်။

"မြလှိုင်..မြလှိုင် တောသားလဲဆိုရဲ့ ဗိုလ်လဲ ရွံ့တစ်ခွဲသားနဲ့ဆိုတာ မင်းလို ကောင်မျိုးပေါ့"
ကျွန်တော့ဆရာ ကိုဝက်ကြီးသည် ကျွန်တော့်ဇာတ်ကြောင်းကုန်စင်ကို ကြားရသောအခါ အထက်ပါအတိုင်း မှတ်ချက်ကြီး များကို ရက်ရက်စက်စက် ချပါလေတော့သည်။
"ပြောစမ်း မြလှိုင်၊ မင်း…အဲဒီ…ခင်ခင်ဆိုတာကို လက်ကလေး ကိုင်ရုံလောက်ပဲလား၊ တစ်ခါဆို တစ်ခါမှ မနမ်းလိုက်ရဘူးလား"
"ဟင်း…အင်း…"
"အေး…ဒါကြောင့် လဲ လင်နောက်လိုက်သွားတာပေါ့ကွ၊ အတို့အတို့အထိအနမ်းကလေး များခံရမလားဆိုပြီး ရည်းစား ထားကြည့်ပါတယ်၊ မင်းက လေဖြတ်ထားတဲ့ လူမမာကြီးလို လက်မလှုပ် ခြေမလှုပ်ဆိုတော့ သွားပြီပေါ့၊ ဒီလိုကောင် မျိုး ငတ်တာပဲ ကောင်းတယ်၊ ပြောစမ်း…မင်းရည်းစား ဘယ်နှစ်ယောက် ရှိသွားပြီလဲ"
"သုံးယောက်"
"ဟွန်း…ဟွန်း…၊ ရည်းစား သုံးယောက် ပစ်သွားတဲ့ ငါ့တပည့်မြလှိုင် သနားစရာလေးပါလား နော်…"
"လုပ်မနေစမ်း ပါနဲ့၊ ခင်ဗျားပဲ ၀မ်းဂိုး…၀မ်းကမ်းဆိုဗျ…"
အေးလေ… မကြာခင် ၀မ်းကမ်းမှာပေါ့ကွာ၊ ခုသူ့ညီမက မင်းအပြောအဆိုအရ ဘာဂလို တိုတိုပေါ့ ဟုတ်လား…

"ဟုတ်တယ်…."
အေး…ဒီတစ်ခါ လက်မနှေးနဲ့၊ ပြွှတ်ခနဲ ပြွှတ်ခနဲ နမ်းသာပစ်လိုက်…
ရွှတ်ခနဲလို့ ပြောပါဗျာ၊ နမ်းတဲ့အသံ မပြွှတ်ပါဘူး…
"ဟဲဟဲ… ဒီမယ် ငါက အရက်သမား၊ အရက်သမားရဲ့ နားထဲမှာ လေသံမကြားဘူးကွဲ့၊ ရေသံပဲ ကြားတယ်၊ ဒါကြောင့် ငါကတော့ ပြွတ်ခနဲပဲ… ဟားဟား……………"
"ဒါပဲလား၊ တခြား ဘာလုပ်ရဦးမလဲ"
"မြလှိုင်ရာ-သင်ပုန်းကြီးပဲ ကုန်အောင်သင်ပါဦး၊ ကျန်တဲ့ပညာခန်းတွေက နောက်မှ သင်ပေးမယ်…၊ လက်ဦးဆုံး…ပြွတ်တဲ့ အဆင့်ပဲ၊ လုပ်ကြည့်စမ်းပါဦး"
ကျွန်တော် သည် ကိုဝက်ကြီးပြောသည့် စကားများကို လေးနက်ခြင်းမရှိသည်မှန်း သိသော် လည်းရည်းစား သနာနှင့် ပတ်သက် လာလျှင် သူ့ကိုပင် ဆရာတင်ရပါသည်။ ကျွန်တော် ပထမရည်းစား တရုတ်မ ကလေး ကျင်မိသည် မြန်မာစကားကိုပင် ပီအောင်ပြောနိုင်သူမ ဟုတ်ဘဲ ကျွန်တော်နှင့် သမီးရည်းစားဖြစ်ခဲ့သည်။ အပျိုပေါက် လူပျိုပေါက်ကြား ပွဲစားစ ကားပြန်နှင့် ရည်းစားစာ ပေးမှရသည်။ သူ့မိဘများသိသောအခါ ကျွန်တော့်ရန် မှ ဝေးရာဝေးကြောင်း အဖေအရွယ် တရုတ်ကြီး တစ်ယောက်ကို ရှာ၍ ပေးစားလိုက်ကြသည်။

နောက်တစ်ယောက်ကတော့ မာဂရက်။ မာဂရက်သည်လည်း ကျွန်တော့်ကို သဲသဲမဲမဲ ကြိုက်သည်မဟုတ်ဘဲ အပျော်တမ်း ရည်းစားထားရာတွင် ကျွန်တော့်အား စမ်းသပ်ခံပစ္စည်း အဖြစ်သဘောထား ရည်းစား လုပ်ခဲ့သူဖြစ်သည်။ တတိယခင်ခင်ကမူ ဈေးသည်ပီပီ မအူ မလည် တောငနဲတစ်ကောင်ကို ကိုကို-မောင်မောင် လုပ်၍ အစိမ်းလိုက် လက်သုပ်လုပ်စား သွားခဲ့သူ ဖြစ်ပါသည်။
"ဟေ့ကောင်ကြီး….ဘာတွေ စဉ်းစားနေသလဲ"
"အော်…ခင်ဗျားပြောသလို ရည်းစားသုံးယောက် ပျောက်ဆုံးသွားခြင်းဆိုတဲ့ ကျွန်တော့် ဘ၀ကို ကျွန်တော်ပြန်ပြီး သုံးသပ်ကြည့်နေ တာပါ"
“တယ် ကြီးကျယ်တော်မူသော အတွေးအခေါ်ကြီးပါလား။ ဟေ့ကောင်မှတ်ထား။ ဘယ်မိန်းမ ဘယ်ရည်းစားမှ စိတ်ထဲ မှာ သတ်သတ်မှတ်မှတ် မထားနဲ့ကွ၊ မိန်းမတွေ အများကြီးရှိတယ်၊ ဒီတော့ ရည်းစားတွေ များများ သာထား။ ပျော်စရာကြီး ဟီး … ဟီး၊ နောက်ဆုံး မနေနိုင်မထိုင်နိုင် မိန်းမလို ချင်ပြီဟေ့ ဆိုတာနဲ့ နောက်ဆုံး လက်ကျန်ရည်းစား ကို ကောက်သာယူ၊ ဒါ ပြီးတာပဲ …”
“ဟာ … ခင်ဗျား ဟာက လေးလေးနက်နက် မရှိလိုက်တာဗျာ …”

“မြလှိုင် … မင်းငယ်သေးတယ်၊ သိပ်ကို ငယ်သေးတယ်၊ မိန်းမဆိုတာ တသက်သက်စွဲလမ်းသင့်တဲ့ သူတွေ မဟုတ်ဘူး ကွ၊ သူတို့က တို့ယောက်ျားတွေကို အားကိုးတာမဟုတ်ဘူး၊ ခိုင်းချင်တာကွ”
“ဒီလိုလဲ မဟုတ်သေးပါဘူး၊ ခင်ဗျားပြောတာတွေက မိန်းမမုန်းတရားတွေပဲ၊ မမှန်နိုင်ဘူး …”
ကျောင်းပိတ်၍ ဖျာပုံသို့ ပြန်လာပြီးသည့်နောက် ကျွန်တော်သည် အပေါင်းအသင်းများနှင့် အချိန် ကုန်စေပြီး ကျန်သော အချိန်ပိုကလေးများတွင် ကျွန်တော့်အပေါ်တွင် ခင်မင်ရင်းစွဲရှိသော ကိုဝက်ကြိးထံ တပည့်ခံကာ မိန်းမတို့ အကြောင်း ပုံဟောင်း ပုံပြင်သစ်များကို အပျင်းလည်းပြေ၊ ဗဟုသုတလည်းရရှိနိုင်ရန် အချိန်ပိုင်း သင်တန်း တက်နေခြင်းဖြစ်ပါသည်။
“ကိုင်း … ငါ့တရားကို နာပြီးပြီ၊ မင်းတာဝန်ပဲ ကျန်တော့တယ် …၊ အဲဒီမဟာတ်ာဝန်က ဘာလဲ ဆိုတော့ တစ်-ငါ့ကလေးတွေ ကို မုန့်ဝယ်ကျွေး၊ နှစ်-ငါ့မိန်းမကို ဒီနေ့ခါနာအတွက် ဈေးဖိုး ငါးမူးပေး သုံး၊ ဒါ အရေးကြီးတယ်၊ သေသေချာချာ နားထောင်၊ မှတ်လဲထား …၊ ငါကိုယ်တော်မြတ်အတွက် တစ်နေ့တာ အလုပ်ကို မပင်မပန်း လုပ်နိုင် ရန် အရက်ဖြူတစ်ပိုင်း ဆက်စေဗျာ… ဟား … ဟား … ”

ကျွန်တော်သည် အလွန်ကျဉ်းမြောင်း၍ ပေရေညစ်ပတ်နေသော အခန်းကျဉ်း ကလေးတွင် ဖြစ် သလိုနေ ဖြစ်သလို စားလျက် ရှိကြသည့် ကိုဝက်ကြီးတို့ မိသားစုကို ကြည့်ရင်း စိတ်ပင်ပန်းခြင်း ဖြစ်မိသည်။ ကျွန်တော် ကသာလျှင် စိတ်ပင်ပန်းသော်လည်း ကိုဝက်ကြီးနှင့် မခွေးမတို့ ဇနီးမောင်နှံ မှာ သူတို့ဘ၀ သည် ရေခဲတုံးပေါ်တွင် ယပ်ခတ်နေသည့်အလား ပျော်တပြုံးပြုံး နေနိုင်ကြသည်မှာ အံ့ဖွယ်တစ်ပါးကဲ့သို့ ရှိပါချေ သည်။
“ကိုင်း … သွားဦးမယ်ဗျာ၊ ရော့ … မခွေးမ၊ ဈေးဘိုး (၁ိ) တစ်ခါထဲ မသုံးလိုက်နဲ့ဦး …၊ မနက်ဖြန် အတွက်လည်း ချန်ထား ဦး … ကြားလား …”
“ဟုတ်ကဲ့ …”
“ဟေ့ … ချာတိတ်တွေ၊ ဟိုမှာလာနေတဲ့ အကြော်သည် ခေါ်လိုက်….”

ကလေးများ သည် မုန့်ကို မမြင်ဘူးသည့်အလား မုန့်သည်ဘေးတွင် ကိုယ်လုံးတီးကလေးများနှင့် ၀ိုင်းပယ်လျက် ရှိကြသည်။
“ဟေ့ … ကလေးမ … ကလေးတွေကို အကြော် ၂ ခုစီ ပေးလိုက်ကွယ်၊ ရော့ … ပိုက်ဆံ …”
ကျွန်တော် သည် အလှူကြီး အတန်းကြီး လုပ်ခဲ့ပြီး နောက် ထိုင်နေရာမှာ ထလိုက်သည်။
“သွားမယ်၊ ရော့ … ခင်ဗျားအတွက် ကဇော်ဖိုး …” ဟု ပြောကာ ပိုက်ဆံတစ်မတ် ထုတ်ပေးခဲ့သည်။

ရှုမ၀၊ တွဲ ၃၄၊ မတ် ၄၀၂၊ နိုဝင်ဘာ၊ ၁၉၈၀။
.

No comments: