Tuesday, December 18, 2012

မောင်သာရ ၏ ငရုတ်မှန်လျှင် စပ်ရမည်, အပိုင်း (၅)

မငွေမ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားတယ်။ ငါးပိတွေက မြေကြီးပေါ်မှာတချို့။ တချို့ ကတော့ မြောင်းပုပ် ထဲ ဆင်း သွားကုန်ပြီ၊ ခွေးတိုး တာတဲ့။ ခေါင်းရင်းအိမ်ကခွေး၊ စိန်နက်ဆို တဲ့ခွေး။
ခေါင်းရင်းခန်း မှာလဲ မညိုတယောက်ပဲ ရှိတယ်။ ဆေးလိပ်ဖွာတောင် မပျက်ဘူး။ ခပ်တည်တည်ပဲ၊ သမီးနှစ်ယောက် ကတော့ စက်သွားချုပ်နေတယ်။ သွားပြီ။ အရင်းပါပျောက်ပြီ။ မြေပေါ်က တချို့တ၀က်ကိုတော့ အပေါ်ယံက သဲ့ပြီး မငွေမယူတယ်။ ဘာရှိတော့ မှာ မှတ်လို့။ အလွန်ဆုံးရှိ တဆယ်သား၊ ဆယ့်ငါးကျပ်သားပေါ့။ မြင်ရတဲ့သူတွေ ကလဲ ရင်ထုမနာဖြစ်ကြတယ်။ ခုရက်ထဲ တနေ့စာတနေ့ရှာပြီး စားနေရတယ်ဆို တာလဲ သိကြ တယ်။ ဒါပေမယ့် ရင်ထုမနာဖြစ်ရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ကြပါဘူး။
ကို ဆက်ဖတ်ရန် ......

ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ သဘောထားလိုက်တယ်။ ပါးစပ်က တခွန်းတပါဒမှ ဟမနေ တော့ဘူး။ အကြောင်း မထူးဘူး။ ခွေးပဲဘာသိမှာလဲလို့ ပြောသံကြားရယင် ကံကောင်း။
မငွေမ အိပ်တံခါး ကိုဖွင့်ပြီး အိမ်ထဲဝင်လိုက်တယ်၊ စိတ်ထိခိုက်လို့ ထမင်းတောင် မစားချင်တော့ ဘူး။
ကံကို ခေလွန်းတယ်ရယ် လို့ ကံကိုပဲရိုးမယ်ဖွဲ့ပြီး ဖြေရတယ်။
ပါလာသမျှ ငွေကလေးကို ရေတွက်ပြီး ကြည့်မိတယ်။ စစ်စစ်ပေါက်ပေါက် ဆယ့်ငါးကျပ်နဲ့ပြားလေး ဆယ်။ အသုံး စရိတ်တွေ ပေါင်းကြည့်လိုက်တော့ ငါးပိရောင်းရတာက တပိဿာဆုံးဆယ်သား။ ဆယ့်ကိုးကျပ်ခွဲဖိုး။

သည်နေ့ ဆန်ဝယ်ရမယ်။ ထင်းဝယ်ရမယ်။ ဘာပဲပြောပြော လေးကျပ်ကတော့ အောက်ထစ်ကုန် မယ်။ ကျန်တာ က ငါးပိတပိဿာဖိုးတောင် မပြည့်တော့ဘူး။
ကလေးနှစ်ယောက် အခြေအနေ ကိုလဲ တွက်မိပြီးသားပဲ။ ပါလှ လေးငါးခြောက်ကျပ်ပေါ့။ ငါးပိ တပိဿာဖိုး ဖြည့်လို့ရတယ် ထားအုံး။ တပိဿာနဲ့တော့ ဈေးထွက်ဖို့လဲ မကောင်းပါဘူး။
မငွေမ မမှင် ကို ပြေးသတိရတယ်။ ငွေအစိတ်လောက် အတိုးနဲ့ဖြစ်ဖြစ် ဆွဲရယင် ကောင်မလားလို့။
မကောင်း ဘူး။ ခက်မြင့်က ချေးတာငှားတာကိုမကြိုက်ဘူး။ ပြောလဲပဲပြောထားဖူးတယ်။ ....အမေရယ်... ကိုယ့်ရှိတာနဲ့ပဲ ဖြစ်သလို ရှာဖွေစားကြရအောင်ပါ။ ချေးတာတို့ ငှားတာတို့ မကောင်းပါဘူး။ အဖေရှိတုန်း ကတော့ ဘာအရေးလဲ။ ခု မုဆိုးမဘ၀မှာ မချေးမငှားတာ ကောင်းပါ တယ်...ဆိုတဲ့ စကား ကို ပြန်အမှတ်ရ မိတယ်။
ဟုတ်တယ်။ မချေးတော့ဘူးလို့ မငွေမ ဆုံးဖြတ်လိုက်တယ်။ သန်းခေါင်းထက် ညဥ့်နက်ရိုး ထုံးစံ မရှိတော့ပါဘူး လို့လဲ အားတင်းလိုက်တယ်။ ဒူးတိုင် ကိုယ်နဲ့ပဲ လှိမ့်တော့မယ်။

ဖိုးဝါနဲ့ဖိုးညို ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာတယ်။
ဖိုးဝါကတော့ အကြံအဖန်ဖြစ်လာတယ်။ ရဲယိုသီးပဲ ဆက်ပြီးရှာတယ်။ တာမွေဈေးကိုလဲ သွင်း တယ်။ ကျောက်မြောင်း ဈေးကိုလဲ သွင်းတယ်။ သုံးဆယ့်ရှစ်လမ်းဈေးကို ကျန်တာသွင်းလိုက် တယ်။ စုစုပေါင်း အလုံးနှစ်ရာ။ ရဲယိုရွက်ရောင်းရတာက နှစ်ကျပ်။ ပေါင်းဆယ့်နှစ်ကျပ်ရတယ်။ အိမ်ကို ဆယ့် တကျပ်ပြားငါးဆယ် ပြန် ပါတယ်။
ဖိုညို ကတော့ အကြံအဖန်သိပ်မဖြစ်ဘူး။ ဗာဒံရွက်ရောင်းရတာလေးက တကျပ်ခွဲပဲရတယ်တဲ့။
နှစ်ယောက်ပေါင်း ဆယ့်သုံးကျပ်ဆိုတော့လဲ မဆိုးပါဘူး။
မငွေမ ရဲ့ သတင်းကြားရတော့ ဖိုးဝါက မခံမရပ်နိုင် ဖြစ်တယ်။ ခွေးကို သတ်မယ်တကဲကဲ။

မငွေမက တိုးတိုးတိတ်တိတ် ကြိတ်ဆုံးမတယ်။ တားမြစ်တယ်။ အရှည်အရှည် မဖြစ်စေချင်ဘူး။ မိဝိုင်းတို့ ညီအစ်မ သာ ရှိယင်သည်တကြိမ် တားမနိုင်ဆီးမရဖြစ်မှာ သေချာတယ်။
မငွေမ က ကံကိုယိုးမယ်ဖွဲ့ဖြီး ကံပေါ်အပြစ်ပုံချတယ်။ သည်တော့လဲ ဖိုးဝါ ငြိမ်သွားရပြန်ရော။
ခက်မြင့်ပြန်ရောက် လာပြန်တယ်။ ဖီနိုးက ဦးအောင်ဖောက်သည် ချလိုက်တယ်။ စိန်နက်တိုးလို့ ငါးပိဇလုံ မှောက် သွားတယ်ဆိုတဲ့ မင်္ဂလာသတင်း။
ခက်မြင့် ကတော့ ဘာမှ မပြောဘူး။ မျက်မှောင်ကုပ်ရုံလောက်ပဲ။ ငိုင်တော့ ငိုင်သွားတယ်။
ခက်မြင့် ဘယ်သူ နဲ့မှ စကားမပြောတော့ဘူး။ မီးမွှေးတယ်။ ဆန်ဆေးတယ်။ ထမင်းအိုးတည်ပြီး ရေခပ် ထွက်ခဲ့ တယ်။
ခက်မြင့် ရေဘုံပိုင် အသွားမှာ ဆူညံဆူညံသံကြားလို့ ပြေးကြည့်မိတယ်။ ရန်ပွဲကပွဲ။ မောင်ပိန်နဲ့ မိဝိုင်းတို့ ညီအစ်မဖြစ် တဲ့ရန်ပွဲ။
မောင်ပိန် ကိုလဲ ထိတယ်။ မိဝိုင်းတို့ ညီအစ်မလဲ တော်တော်နာသွားကြတယ်။

စိန်နက် ကို မောင်ပိန်က ခဲနဲ့ပေါက်လို့တဲ့။ စက်ချုပ်ရာက ပြန်လာတဲ့ မိဝိုင်းတို့ ညီအစ်မက မြင် တယ်။ သည်တော့ ပါးဝင်ရိုက်တယ်။ မောင်ပိန်ကလဲ စွပ်ရွပ်ပြီး ထိုးတော့တာတဲ့။
အနီးအပါးမှာ ရှိတဲ့သူတွေက ၀ိုင်းပြီ ဖျန်ဖြေလိုက်တယ်။ မကျေနပ်နိုင်ကြပေမယ့် ကြိမ်းမောင်းပြီး လူချင်းကွဲ သွားကြတယ်။
ဆက်ပြီးဖြစ်ယင် လဲ မိဝိုင်းတို့ညီအစ်မနာတော့မယ်။ မောင်ပိန့်အမေနဲ့အဒေါ်က ထဘီစွန်တောင် ဆွဲပြီး ထွက် လိုက်လာကြပြီ။ နီးရာလူက ၀ိုင်းဆွဲကြပေလို့။
ရေသယ်ပြီး ခက်မြင့်အိမ်ရောက်တော့ ခေါင်းရင်းခန်းက မိဝိုင်းရဲ့ ထေ့သံကိုကြားတယ်။ လယ်ငယ် မွေးပြီး၊ ခွေးနဲ့ရန်ဖြစ်ခိုင်း ရပြန်သတဲ့။
ခက်မြင့် ကတော့ မကြားချင်ယောင်ပဲဆောင်နေလိုက်တယ်။ မငွေမစကားကို မြေ၀ယ်မကျ နှလုံး သွင်းတား တယ်။ အရှုံးပေးတာ နှလုံးအေးတဲ့ဆေး တဲ့။
သည်နေ့တော့ မိသားစု သိုင်းသိုင်းဝိုင်းဝိုင်း ထမင်းစားဖြစ်တယ်။ ဟင်းကလဲ ဟင်းကောင်း။ မငွေမ တို့အိမ် အတွက်တော့ ကိုဘဦး အသုဘရက်လည်ပြီးတဲ့ သည်ဘက်မှာ သည်နေ့စားရတာ ဒုတိယ မြောက်နေ့ပဲ။ အမဲဆီဖတ်ကြော် နဲ့ ငါးပိရည်တို့စရာ။

ဖိုးဝါ က ခက်မြင့်လက်ထဲ ပိုက်ဆံအပ်လိုက်တယ်။ ပြီးတော့ နှစ်ကျပ်ခွဲပြန်တောင်းတယ်။ ညစာ အတွက် ဟင်းဝယ် စားမယ်တဲ့။
ကွင်းပြင် ထဲက အမဲဆီထုတ်နေတဲ့နေရာ ကို ဖိုးဝါထွက်သွားတယ်။ အမဲဆီဖက်နှစ်ကျပ်ဖိုး ၀ယ်လာ တယ်။ တကျပ်ဖိုးနှစ်ထုပ် ခွဲ ထုတ်လာတယ်။ ထမင်းစာပန်းကန်ပြားနဲ့ အပြည့်ရတယ်။ မိသားစုစား ပါလေ့။
တို့စရာ ကလဲ နှစ်မျိုးဝယ်လာတယ်။ ပူစီနံနဲ့ရှောက်ရွက်။ ထမင်းမြိန်လိုက်တာ အိုးထဲ တက်တက် စင်ပြောင်ရော။
မတည့်မှန်း လဲ မငွေမ သိတယ်။ ဒါပေမယ့် မြင်တော့လဲ မနေနိုင်ဘူး။ အမဲဆီဖတ်ကြော်ကို မငွေမ လဲစားလိုက် တယ်။
စားပြီးမကြာခင် မှာပဲ ရင်ကျပ်ပါလေရာ။ ရင်ကျပ်ပျောက်ဆေး တခွက်ပါ သောက်ချလိုက်ရတယ်။ အိပ်ရာထဲ ၀င်ခွေနေလိုက် ရတယ်။
အကျိုးမပေးတော့ လဲ အရာကို မထင်ဘူး။ ရှိတဲ့အရင်းကလေးကလဲ ပျောက်လုပျောက်ခင်ရယ်။ ဘာလုပ်ရမယ် ဆိုတာကို မငွေမ စဉ်းစားလို့ မတတ်တော့ဘူး။
ဒုက္ခနဲ့ကြုံတိုင်း သွားလေသူ ကိုဘဦးကိုပဲ မငွေမ မြင်ယောင်မိတယ်။ တမ်းတမိတယ်။

ကိုဘဦး ရှိတုန်းကတော့ ချောင်ချောင်လည်လည်မရှိပေမယ့် ဘာမှမငွေမပူရဘူး။ မဖြစ်ဖြစ်အောင် တော့ကြံဖန် လာတယ်။ အလုပ်အကိုင်မကောင်းတဲ့ အခါမျိုးမှာတောင်ဆန်ဖိုးဆီဖိုး ဟင်းလျား ဖိုး တော့ ဖြစ်အောင် ရှာလာတတ်တယ်။
ကလေးတွေကိုလဲ ခိုင်းမစားဘူး။ ခိုင်းစားဖို့နေနေသာသာ လမ်းထိပ်ထွက်တာကိုတောင် တားမြစ် တယ်။ ချော့မော့ ပြောတယ်။ နားဝင်အောင် ရှင်းပြတယ်။ ကျောင်းကပြန်ယင် စာမျက်ချင် လဲရတယ်၊ ဒါပေမယ့် အိုးမကွာ အိမ်မကွာနေ။
ငါးပိဇလုံမှောက်တဲ့ ကိစ္စအတွက် မငွေမ တအုံ့နွေးနွေးတွေးပြီး စိတ်မအေးဖြစ်နေတာကို သားသမီး တွေက သိတယ်။
ခက်မြင့် က လမ်းထဲက ကလေးသုံးယောက်ကို စာပြပေးယင်း စာကျက်နေပေမယ့်၊ ဖိုးဝါနဲ့ ဖိုညိုက တော့ အတွေးကိုယ်စီ နဲ့။ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တိုင်ပင်တယ်။
ဖိုးဝါ အဖို့လဲ အခြေအနေမကောင်းဘူး။ နက်ဖြန်အတွက် တမျိုးလှည့်စဉ်းစားနေရတယ်။

ဒန့်သလွန်ရွက်လဲ ချူပြီးရောင်းဖူးပြီ။ ရွက်လှပန်းလဲချိုးပြီး ရောင်းဖူးပြီ။ ကန်စွန်းရွက်လဲ ခူးပြီးရောင်း ဖူးပြီ။ တခုမှ တွက်သား မကိုက်ဘူး။ ရတာကလေးက မဖြစ်စလောက်ရယ်၊ အဲ....ရဲယိုသီးနဲ့ အရွက် ကတော့ မဆိုးဘူး။ ဒါပေမယ့် နှစ်ရက်လား အကြံအဖန်ဖြစ်လိုက်တယ်။ နက်ဖြန်ပို့လို့ မဖြစ်တော့ ဘူး၊ သုံးဆယ့်ရှစ်လမ်း က ဈေးသည်မကြီးကလဲ လုံလောက်သွားပြီတဲ့။
မန်းကျည်းရွက်ချိန်ဆိုယင်တော့ အကောင်းသား။ အတော်ကြာကြာစားရမယ်။ စားကျက်တွေ လဲ တွေ့ထားတယ်။ ဗဟန်းတပိုင်မှာ ဖိုးဝါမှတ်ထားတာကို အပင်မနည်းတော့ဘူး။
ဖိုးဝါ စဉ်းစားမိတာက အုန်းပင်တက်တတ်င်ကောင်းမှာပဲလို့။ အုန်းပင်သာ ကောင်းကောင်းတက် နိုင် ယင်ကောင်းကောင်း အလုပ်ဖြစ်နိုင် တယ်။ ဒါပေမယ့် မတက်တတ်တာက ခက်တယ်။ စမ်းတက် ကြည့်ရအောင် ကလဲ ကားမောင်းသင် ရသလို နေမှာ။ တတ်တတ်ခါစနဲ့ အလုပ်ဖြစ်အုံးမှာ မဟုတ်ဘူး။ ကျွမ်းကျင်ဖို့ လိုတယ်။ အတွေ့အကြုံ ကလဲ လိုတယ်။

ဖိုးညိုကလဲ ညည်းတယ်။ ဗာဒံရွက်ခူးရတာကလဲ မလွယ်တော့ဘူးတဲ့။ ပထမတရက်လောက် သာကောင်း တာတဲ့။ ဒုတိယတရက်ကျတော့ ခွင့်မပြုချင်ကြဘူးတဲ့။ ဖိုးညိုလဲ အကြံရကျပ်နေ တယ်။ ပြီးတော့ ဈေးသည်တွေပေး တာကလဲ မဖြစ်စလောက်ဆိုတော့ မလုပ်တာကပဲ ကောင်းမယ်လို့ ဖိုးညိုကပြော တယ်။
ညီအစ်ကိုနှစ်ယောက် စဉ်းစားယင်းဖိုဝါက အကြံတခုရတယ်။ တောင်ကြီးပဲလှော်ရောင်းဖို့။ အရင်းအနှီးတော့ လို တယ်။
ဖိုးဝါက မငွေမနားကပ်ပြီး အကျိုးအကြောင်း။ ရှင်းပြတယ်။ တောင်ကြီးပဲလှော်ကြော် ရောင်းချင်တဲ့ အကြောင်း။ အရင်းအနှီး ကတော့ ဆယ့်ငါးကျပ်လောက်လိုကြောင်း။
စစ်စစ်ပေါက်ပေါက် တွက်ကြည့်လိုက်တော့ လက်ထဲမှာ ဆယ့်ကိုးကျပ်ခွဲတော့ ရှိသေးတယ်။ ခက်မြင့်ကို ဖိုးဝါအပ် တဲ့ ငွေနဲ့ပေါင်းလိုက်မှ ဆယ့်ကိုးကျပ်ခွဲ။
မငွေမက ကတိပေးလိုက်တယ်။ အရင်းဆယ့်ငါးကျပ် ပေးလိုက်မယ်။

ဖိုးဝါနဲ့ဖိုးညို အိမ်ကအတူ ထွက်ခဲ့ကြတယ်။ သည်နေ့တော့ ဗိုက်ကလဲကားနေပြီ။ ပဲပြုတ်နှစ်ဆယ့် ငါးပြားဖိုး နဲ့ထမင်းအ၀ စားခဲ့ကြတယ်။
သည်နေ့လုပ်ရမှာက စမ်းတ၀ါးဝါးအလုပ်။ ပြောသံကြားနဲ့ လုပ်ရမှာ။ တောင်ကြီးပဲလှော်ဝယ်ပြီး လက်ဖက်ရည် ဆိုင်တွေ လိုက်သွင်းရမှာ။
ဖိုးဝါ ကတော့ ဗဟုသုတ ရထားပြီးသား။ အာဇာနည်လမ်းထဲက ထွန်းကျော်ဆိုတဲ့ ကျောင်းနေဘက် တယောက် သည် အလုပ်ပဲ လုပ်နေတယ်။ မဆိုးပါဘူးတဲ့။
တာမွေဈေး တို့ ကျောက်မြောင်းဈေးတို့က ဟင်းသီးဟင်းရွက်သည်တွေနဲ့ လုပ်စားရတာ အပေါက် အလမ်း မတည့် လို့သည်ဘက်ကို လှည့်စမ်းကြည့်ရတာ။ ရင်ကတော့ ခပ်မောမောပဲ။
ဖောက်သည်ယူရမယ့်နေရာကိုတော့ သိတယ်။ ပဲလှော်ကုန်းမှာ။ ဈေးကွက်ကတော့ မရေရာဘူး။ ဟိုဆိုင်သည်ဆိုင် လျှောက်မေးပြီးသွင်းရမယ်။ သူများစားကျက် ၀င်လုတန် လုရမယ်။ လွယ်ချင်မှ လဲလွယ်မယ်။

ပဲလှော်ကုန်းကို ရောက်သွားတယ်။ ကိုယ်လိုသူလို လာကြသူတွေက အပုံပဲ။ တယောက်တ ယောက်ကို ယူသွား လိုက်ကြတာ အထုပ်ပေါင်းလေးငါးဆယ်။
ဖိုးဝါတို့ ညီအစ်ကို ကတော့ ငွေလဲပဲမပါဘူး။ စုစုပေါင်း ပါတာမှ ဆယ့်လေးကျပ်ရယ်။ အထုပ်နှစ် ဆယ်လောက်ပဲ ရမယ်။ တထုပ် ဈေးနှုန်းက ပြားခုနစ်ဆယ်။
လေ့လာကြည့် လိုက်တော့ ခေါက်ပြန်ကြေးယူတဲ့လူတွေက များတယ်။ ဖောက်သည်တွေများတယ်။ အဟောင်း အတွက် ငွေချေပြီး အသစ်အတွက်ယူ။ သည်လိုလုပ်နေကြတာ။
ဖိုးဝါ အားတက်သွားတယ်။ တွင်တွင်ဖြုန်းပေးနိုင်ဖို့ပဲ လိုတယ်။ နောင်ဆို ကိုယ်လဲ ပဲ ခေါက်ပြန်ကြေး ငွေချေ စနစ်နဲ့ ယူရောင်းလို့ ဖြစ်လိမ့်မယ်ထင်တယ်။
ဖိုးဝါဆယ့်လေးကျပ် ဖိုး ၀ယ်လိုက်တယ်။ အထုပ်နှစ်ဆယ်။

တာမွေတ၀ိုက်က လက်ဖက်ရည်ဆိုင်တွေဝင်ပြီး စမ်းကြည့်တယ်။ မှန်းချက်မကိုက်ဘူး။ ရှိပြီးသား ဆိုင်ကလဲ သူ့ဖောက်သည် နဲ့သူ။ သူ့ဖောက်သည်အလာကို စောင့်တယ်။ မတင်ဖူးတဲ့ လက်ဖက် ရည်ဆိုင်တွေကျတော့ ထင်လေ့ ထင်ထမရှိလို့ မယူဘူး။ ငြင်းတယ်။
မယူချင် လဲ နေပေ့စေ။ တဆိုင်မယူယင် နောက်တဆိုင် ယူမှာပဲဆိုပြီး ညီအစ်ကိုနှစ်ယောက် ဆက်လျှောက် တယ်။
တာမွေတပိုင် မှာကတော့ အလုပ်မဖြစ်နိုင်မှန်း သိတယ်။ ပဲလှော်ကုန်းနဲ့နီးတယ်။ ကိုယ့်ထက်ဦးတဲ့ လူတွေရဲ့ စားကျက်ဖြစ်နေပြီ။
ပုဇွန်တောင်ဘက် ဆင်းတယ်။ လမ်းမတန်းက ဆိုင်တွေနဲ့အလုပ်မဖြစ်ဘူး။ တဆိုင်ကဖြင့်လဲ ရှိသေး တယ်၊ နောက်တဆိုင်ကဖြင့်လဲ မယူဘူးနဲ့၊ အလုပ်မဖြစ်ဘူး။
ပုဇွန်တောင်ဈေး အနောက်ဘက်ချောင်ထဲက လက်ဖက်ရည်ဆိုင်ကို ရောက်သွားတယ်။ ဖိုးဝါဖိန့်ရ တော့တယ်။ ပဲလှော်ဖို က ကိုယ်စားလှယ်ပါ ဘာညာနဲ့ ဖိုးဝါညာပြောတယ်။ တင်ထားကြည့်ပါ။ ရောင်းရပါတယ်၊ အမြဲ လာပို့ပါမယ်လို့လဲ ဖိုးဝါဆွယ်ပြောတယ်။

ဆိုင်ရှင်မိန်းမကြီး က သနားသွားလေရော့သလား မပြောတတ်ဘူး။ နှစ်ထုပ်တော့ ပေးခဲ့တဲ့။ နှစ်ထုပ် ထွက် သွားတယ်။ တထုပ်ကို ပြားကိုးဆယ်။ ပြားလေးဆယ်တော့ မြတ်ပြီ။
ဖိုးညိုပါ အားတတ်လာတယ်။ အစကတော့ ဖိုးညိုတော်တော်စိတ်ပျက်နေတဲ့ပုံ။ မျက်ခွက်က ဆီးရွက်လောက်ပဲ ရှိတော့တယ်။
ပုဇွန်တောင် ကနေ သီတာဆိပ်ကိုဆင်းတယ်။ သည်မှာလဲမဆိုးဘူး။ တဆိုင် ကတော့မယူဘူး။ နောက်တဆိုင် ကတော့ သုံးထုပ်ယူထားလိုက်တယ်။
လေးပုံတပုံ ထွက်သွားပြီဆိုတော့လဲ အားတက်သည်ထက်တက်လာတယ်။ စားကျက်မကျသေး လို့၊ စားကျက်သာ ကျယင် ဖြစ်မယ်ဆိုပြီး ဖိုးဝါက ဖိုးညိုကို အားပေးတယ်။
သီတာဆိပ် က ပြန်တက်ပြီး ဖရေဇာတလျှောက် လျှောက်တယ်၊ လက်ဖက်ရည်တဆိုင်မြင်ယင်း ၀င်စပ်ယင်း။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘူး။ မှန်းချက် နဲ့ နှမ်းထွက်မကိုက်ဘူး။ သုံးထုပ်လားပဲ ရောင်းရတယ်။

ဖိုးညိုကတော့ စိတ်ပျက်နေတဲ့ပုံ။ လမ်းလျှောက်ရတာကမနည်းတော့ဘူး။ ဗာဒံရွက်ခူးရသလောက် မလွယ်ဘူး တဲ့။
သိမ်ကြီးဈေး ၀င်ရအောင်ကလဲ မဖြစ်မှန်းသိတယ်။ သူ့ဖောက်သည်တွေနဲ့သူ ဖြစ်နေတယ်။ သည်တော့ ကမ်းနားလမ်း ဘက် ဆင်းတယ်။
တဆိုင် က သုံးထုပ်ယူထားလိုက်ပြန်တယ်။ ပေါင်းဆယ့်တထုပ်ထွက်သွားပြီ။ ဒါပေမယ့် မွန်းလဲလွဲ သွားပြီ။
ကမ်းနားလမ်း အတိုင်း၊ အလုံဘက်ကို ဆက်လျှောက်တယ်။ အလုံကနေကြည့်မြင်တိုင်၊ ကြည့်မြင် တိုင်ဈေး တဘက်ကိုဖြတ်ကူးအပြီးမှာ တဆိုင်က လေးထုပ်ယူထားလိုက်ပြန်တယ်။ ငါးထုပ်ပဲ လက်ကျန် ရှိတော့တယ်။

ကြည့်မြင်တိုင်ကနေ လှည်းတန်းဘက် ဖြတ်တက်တယ်။ ဖိုးဝါကတော့ လမ်းလျှောက်နေကျ။ ဖိုးညို ကလျှောက်ကျင့် မရှိတော့ ပျော့ခွေခွေဖြစ်နေပြီ။
လှည်းတန်းရောက်တော့မှပဲ လက်ကျန်ငါးထုပ်ပြတ်တော့တယ်။ ဒါပေမယ့် နေစောင်းပြီ။ ပဲလှော် ကုန်း တခေါက်ပြန်ပြီးခုလို တလမ်းတလမ်းထွက် လိုက်ရောင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ နေလဲ ညိုပြီ၊ ခြေလဲတိုပြီ။
ရေခဲရေ တခွက်စီလောက် သောက်ချင်တာတောင်မသောက်ဖြစ်ဘူး။ လမ်းဘေးရေအိုးစင်ကိုပဲ အားကိုး အားထားပြုရတယ်။ ရေအိုးစင်တွေ့ယင်း ၀င်သောက်ယင်းနဲ့၊ ဗိုက်ထဲတော့ ရေကအပြည့်။
ဖိုးဝါ က အကြံတခုရတယ်။ ကန်တော်ကြီးကိုဝင်မယ်။ ဂုံးနှိုက်မယ်။ အပြန်ဟင်းစားအတွက်လဲ မပူရတော့ဘူး။
နှစ်ယောက်သား ဆယ့်ခြောက်ကားစီးတယ်။ ကားခကတော့အခမဲ့။ စပယ်ယာက အာပေါက်အောင် ပြောဆိုနေပေ မယ့် လူကြားထဲဝင်တိုးပြီး နေလိုက်တယ်။ ပေးပြီးသယောင်ဆောင်တယ်။ ခပ်တည် တည် ပဲ။ ဆယ့်ခြောက်ကား က လူကျပ်တော့အကွက်ပဲ။

ဗဟန်းမှတ်တိုင်မှာ ဆင်းတယ်။ ဗဟန်းကနေ ဗိုလ်ချုပ်ပန်းခြံအထိ ခြေကျင်ပဲဆက်လျှောက်တယ်။ သွားယင်း လားယင်း အကြံအဖန်တခုခု စိတ်ကူးရလေမလားလို့ ဖိုးဝါတွေးမိတယ်။ ဒါ့ကြောင့် လမ်း လျှောက်ယင်း ပတ်ဝန်းကျင်ကိုလေ့လာ တယ်။ စာကျက်ကို ကြည့်တယ်။
ဖိုးညို က အကြံတခုပေးတယ်။ အစ်ကိုရယ် သည်အလုပ်လုပ်မယ့်အစား ပလတ်စတစ်လိုက် ကောက်တာကမှ ဟုတ်တုတ်တုတ် ရှိအုံးမယ်တဲ့။
ဖိုးဝါကတော့ ပလတ်စတစ်ကောက်ဖို့ စိတ်ကူးလို့တောင် မရဘူး။ မကောက်ချင်ဘူး။
ဖိုးဝါရဲ့ခေါင်းထဲ အကြံအစည်တခု ဖြတ်သန်းဝင်ရောက်လာတယ်။ ပလတ်စတစ်တော့ မကောက် ဘူး။ ကောက်ချင်ကောက်ယင် ပြောင်းဖူးဖက်ပဲသွားကောက်မယ်။ ခုမှ စိတ်ကူးရတယ်။ ကျော်ဆန်း တို့ တအိမ်သားလုံး ပြောင်းဖူးဖက်ကောက်ပြီး အစီခံလုံးတဲ့ဆီမှာ သွင်းနေတာ သတိရလာတယ်။

တောင်ကြီးပဲလှော် အလုပ်ကိုတော့ ဖိုးဝါကလဲ စိတ်ကုန်သွားပြီ။ နေကုန်နေခန်းလဲ လျှောက်ရသေး တယ်။ အရင်းအနှီး လဲ လိုတယ်။ ပြောရဆိုရသေးတယ်။ ရတာကျတော့ ဆန်တပြည်ဖိုးတောင် အနိုင်နိုင်။
နက်ဖြန် အတွက် အစီအစဉ်ကို ဖိုးဝါခေါင်းထဲမှာ ဆွဲထားပြီးပြီ။ လေးလံနေတဲ့ စိတ်လဲပေါ့သွားတယ်။ ကြည်ကြည် လင်လင် ဖြစ်သွားတယ်။
အရင်းဆယ့်လေးကျပ် လဲ မပျောက်ပျက်သေးဘူး။ အမြတ်လေးကျပ်လဲ တပြားတချပ်မှ မလျော့ သေးဘူး။ သည်တော့ နက်ဖြန် အထိ မိသားစု မငတ်နိုင်သေးတာ သေချာတယ်။
ကန်တော်ကြီး ကိုရောက်တယ်။ ရေစပ်မှာ ဂုံးလိုက်ကောက်တယ်။

ပါလာတဲ့ အိတ်ကြီးနဲ့ အပြည့်။ သည်နေညနေနဲ့ နက်ဖြန် မနက်စာအတွက် ပူစရာမရှိတော့ ဘူး။ တွေ့ရမြင်ရာသစ်ကိုင်းခြောက်က အစကောက်ထည့်လာတယ်။ ထင်ဖိုးတကျပ်သက်သာလဲ မနည်း ဘူး။
နေ၀င်မှ ပဲ အိမ်ပြန်ရောက်ကြတယ်။ အိမ်လဲရောက်ရော ဖိုးညိုကတော့ ခြေပစ်လက်ပစ် လှဲချနေ လိုက်ရော။
အရင်းဆယ့်လေးကျပ် ကို မငွေမအပ်တယ်။ အမြတ်လေးကျပ်ကိုတော့ ခက်မြင့်လက်ထဲအပ်လိုက် တယ်။
ဘာပဲပြောပြော သည်နေ့ညနေစာ ကတော့ ဟင်းကောင်းတယ်။ ပင်ပန်းရကျိုးနပ်မယ်။ ထမင်းမြိန် မယ်။
ထင်းဝယ် ဖို့လဲ မလိုတော့ဘူး။ ဆန်တပြည်ပဲ ၀ယ်ရမယ်။ တကျပ်ပိုမယ်။ မငွေမဆီက တကျပ်စိုက်၊ ဆီနှစ်ကျပ်ခွဲသား နဲ့ မဆလာ ဘာညာဝယ်။
ဖိုးဝါ က မငွေမကို သူ့အစီအစဉ်တွေ ပြောပြတယ်။ ကီလီဈေးကိုသွားမယ်။ ပြောင်းဖူးဖက် ကောက် မယ်။ ကျောက်မြောင်း ထဲက ဖင်စီခံလုံးတဲ့နေရာမှာ ပြန်သွင်းမယ်။ များများကောက်နိုင်ယင် များများ အကျိုး ရှိမယ်။ အရင်း မပျောက် ပြောင်းဖူးဖက်ကောက်။ သည်လို။

မငွေမကလဲ သည်အစီအစဉ်ကို သဘောကျတယ်။ သူပါဖီနိုးကိုခေါ်ပြီး လိုက်မယ်တဲ့။
ဖိုးဝါကို ချိန်ခွင်နဲ့အလေးတစုံ ပြန်အပ်ခိုင်းလိုက်တယ်။ မဟာရန်ကုန်မှာ ချိန်ခွင်အလေးမပါပဲ လုပ်စားလို့ရတဲ့ အလုပ်ပဲလုပ်တော့မယ်။

ဝေလီဝေလင်း ကတည်းက သားအမိလေးယောက် အိမ်ကထွက်ကြတယ်။ ထမင်းတအိုး ချက်လာ တယ်။ ခက်မြင့် က အစောကြီးထမင်း ထချက်ပေးလိုက်တယ်။ ကြုံတဲ့နေရာကျမှပဲ၊ ဖြစ်သလို စား တော့မယ်။
မင်္ဂလာကွက်သစ် ကနေ ဗလီကြီး ရပ်ကွက်ကို ဖြတ်ပြီးဗလီ ထပ်ကနေ ဆယ့်ငါးကား သွားစီတယ်။
ကီိလီဈေးရောက်တော့ မိုးတောင်မလင်းသေးဘူး။ ပဲပြုတ်သည်အော်သံတောင် မကြားရသေးဘူး။

မြင်ရတာကတော့ အားကျစရာပါပဲ။ ပြောင်းဖူးဖက်တွေမှ ဖွေးလို့။ ဆိုက်ကားတဲ့ ကားကြီးတွေ ဘေး မှာရော။ ပြီးတော့ လက်ကားရောင်းတဲ့ ကုန်စိမ်းဒိုင် ပတ်ဝန်းကျင်မှာရော။
ဒါပေမယ့် ကိုယ်လိုသူလိုလူတွေကချည်း မနည်းဘူး။ ညပဲစောင့်အိပ်နေလေရော့သလား ထင်ရတယ်။ ပြီးတော့ လာကြတာ က အိမ်ရှိလူကုန်။ ဘုစုခရု အကုန်ပါတယ်။
မငွေမတို့ မိသားစုလဲ နှစ်ဆိုင်းခွဲလိုက်တယ်။ မငွေမနဲ့ ဖီနိုးကကားဘေးမှာ ကောက်တယ်။ ဖိုးညိုနဲ့ ဖိုးဝါ ကတော့ ဂိုထောင်ဘေးနဘေး သွားကောက်တယ်။

ဆက်ရန်
.

2 comments:

Anonymous said...

တကယ့်ကိုဆင်းရဲရှာတဲ့ဘ၀တွေပဲ အမရွှေစင်ရေ ဖတ်ရတဲ့သူတောင် စိတ်ထဲမှာမောမိတယ် .....
စာကောင်းလေးတွေအတွက်ကျေးဇူးပါ အမရွှေစင်ရေ..

Vista said...

သူတို့ ဖတ်ပီး ကိုယ်တွေ စိတ်ညစ်တယ်ဆိုတာ ဘာမှ မဟုတ်ပါလားတွက်မိတယ်