Wednesday, December 19, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၂)

 ဘီဂင်းဒက်လမ်းမှ ရေကျော်ဂါတ်တဲသည် များစွာဝေးကွာလှသည် မဟုတ်သော်လည်း ကိုကြီးချစ်သည် ရာဇဝတ်အုပ် ကိုပါ ခေါ်၍ ကျွန်တော်နှင့်အတူ သူ့ကားဖြင့် ရေကျော်ဂါတ်တဲသို့ လာခဲ့ကြပါသည်။ ကျွန်တော်၏ ရင်များသည် ပူလောင်လျက် ရှိသည်။ သို့သော် အဖော်အဖြစ် ကိုကြီးချစ် က ဘေးမှလိုက်ပါလာခြင်းကြောင့် စိတ်သက်သာရာ ရရှိမိပါသည်။ မကြာမီ ပုလိပ်သား နှစ်ယောက်နှင့် အရပ်လူကြီး တို့ လည်း ရောက် ရှိလာကြပါသည်။ ကျွန်တော်တို့လူသိုက် ရေကျော်ဂါတ်တဲတွင် မိနစ် (၃၀) ခန့် ကြာမြင့်စွာ ထိုင်နေသည်အထိ မည်သို့မျှ ထူးခြားခြင်းမရှိဘဲ ကျွန်တော့်အား ခေါ်လာသူ ရာဇဝတ်အုပ် တစ်ယောက်သာလျှင် အထဲဝင် အပြင်ထွက် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။ ကို ဆက်ဖတ်ရန် ....

“မောင်မောင်၊ မင်းကို မေးရင် ကျွန်တော့်အစ်ကိုကို အမေကြီးက ပြန်ခေါ်လွှတ်လိုက်လို့ လာတာ လို့ ပြော၊ နိုင်ငံရေး ကိစ္စ ဘာကိစ္စ မေးသမျှ ဘူးသာဆောင် မှတ်ထားနော်”
    “ဟုတ်ကဲ့”
    တစ်နာရီခန့် ကြာသွားပေပြီ။ မည်သို့မျှ မထူးခြားသဖြင့် ကိုကြီးချစ်က ရာဇဝတ်အုပ်အား သွားရောက်မေးမြန်းကြည့်သောအခါ အရှေ့ပိုင်း ရာဇဝတ် ဝန်ထောက်လာမည်ဖြစ် ၍ စောင့် ဆိုင်းနေရကြောင်း ပြော ကြားနေစဉ်ပင် အရှေ့ပိုင်း ရာဇဝတ်ဝန်ထောက်ဆိုသူ မျက်နှာဖြူကြီး တစ်ဦး ရောက်ရှိလာပါသည်။ နောက်ထပ် နာရီဝက်ခန့် ကြာသွားပြန်သည်။ မည်သို့မျှ ထူးခြားခြင်း မရှိဘဲ စောင့်ဆိုင်းနေ ရပါသည်။ ထိုအခါ ကိုကြီးချစ်က ကျွန်တော်တို့ကို ခေါ်လာသော ရာဇဝတ်အုပ်ထံ သွားရောက်မေးမြန်းပြန် သည်။

    “ကိုင်း… မောင်မောင်၊ မင်းကို မေးကြမြန်းကြလိမ့်မယ်၊ အခန်းထဲကို လိုက်သွားလိုက်ပါ၊ အခုမှ သတိရတယ်၊ လမ်းမတော် ဂါတ်မှာ မြို့မစုံထောက် ကိုခင် ရှိသားပဲ၊ ငါလိုက်သွားပြီး ခေါ်ချေဦးမယ်၊ မကြောက်နဲ့နော်၊ ဒီကောင်တွေခြောက် လဲ မကြောက်နဲ့ ကြားလား”
    “ဟုတ်ကဲ့”
    မျက်နှာဖြူ ရာဇဝတ်ဝန်ထောက်ဆိုသူက ကျွန်တော့်အား ခြေဆုံးခေါင်းဆုံးကြည့်၍ စောစောက ခေါ်လာသည့် ရာဇဝတ်အုပ် ကို စကားပြန်လုပ်၍ မေးမြန်းပါသည်။ ၄င်းမေးမြန်းချက်မှာ လမ်း (၅၀) အိမ်သို့ မည်သည့် အတွက်ကြောင့် လာရောက်သည်ကို မေးမြန်းပါသည်။ ကျွန်တော်သည် ကိုကြီးချစ် မှာကြား သွန်သင်ထားသည့် အတိုင်း လမ်း (၅၀) တွင် နေထိုင်လျက်ရှိသော သခင်လှဖေ ဆိုသူသည် ကျွန်တော်၏ အစ်ကိုအရင်းဖြစ်ကြောင်း၊ စာလည်း မပေး၊ လူလည်း မရောက်ရှိသဖြင့် မိခင်ကြီးသည် စိတိပူပင်လျက် ရှိနေကြောင်း၊ ယခုကဲ့သို့ စစ်ဖြစ်ပွားနေသည့် အချိန်တွင် ရန်ကုန်တွင် နေထိုင်ခြင်းမပြုဘဲ တောမြို့ကလေးဖြစ်သည့် ဖျာပုံသို့ ပြန်နေရန် အခေါ် လွှတ်လိုက်ကြောင်း စသည်တို့ကို ဖြေကြားလိုက်ပါသည်။

    “မင်းအစ်ကိုဖြစ်သူ သခင်လှဖေ ဘယ်မှာရှိနေတယ်ဆိုတာ မင်းမသိဘူးပေါ့”
    “လမ်း (၅၀) မှာ အရင်က နေပါတယ်၊ အခုလာရှာတော့ အိမ်မှာနေတဲ့လူက ကျွန်တော့်ကို စကားမပြောပါဘူး၊ ဒါကြောင့် ကျွန်တော် သူဒီမှာနေတယ် မနေတယ်ဆိုတာ မသိရဘဲ ပြန်လာခဲ့ပါတယ်၊ ခု ကျွန်တော့်ကို လာခေါ်တာ ပါပဲ”
    “မင်း ကျောင်းသားလား”
    “ဟုတ်ပါတယ်”
    “ဘယ်ကျောင်းမှာ နေပါသလဲ၊ ဘယ်နှစ်တန်းကို ရောက်ပြီလဲ”
    “မြို့မအမျိုးသား အထက်တန်းကျောင်းမှာ နေပါတယ်၊ ၁၀ တန်း ဖြေထားဆဲပါ”

    မျက်နှာဖြူ ရာဇဝတ်ဝန်ထောက်သည် မြို့မကျောင်းသို့ တယ်လီဖုန်းဆက်၍ မေးမြန်းပါသည်။ ဆရာကြီး ဦးအေးသွယ်နှင့် တွေ့ဟန်တူပါသည်။ ကျောင်းမှလည်း ကျွန်တော်ဖြေကြားသကဲ့သို့ ကျွန်တော်သည် (၁၀) တန်းစာမေးပွဲ ကို ဖြေဆိုထားသူ၊ ပညာကောင်းမွန်စွာ သင်ကြားလျက်ရှိသော ကျောင်းသားတစ်ဦးဖြစ်ကြောင်း၊ အကျင့်စာရိတ္တနှင့် ပတ်သက်သော ချို့ယွင်းချက် မရှိကြောင်း ပြန်ကြားပါသည်။ကျောင်းမှ ပြန်ကြားချက်ကို ရရှိသောအခါ မျက်နှာဖြူ ရာဇဝတ်ဝန်ထောက်က ကျွန်တော့်ဖြေကြားချက်များးကို စိတ်ကျေနပ်သွားဟန်နှင့် ကျွန်တော့် အား ခေါ်ယူသူ ရာဇဝတ်အုပ်အား လုံလောက်သော ခံဝန်ချက်ပေးမည့် သူ နှစ်ဦးနှင့် ပြန်လွှတ် လိုက်ရန် အမိန့်ပေုး ပါသည်။ ထိုအခိုက် ကိုကြီးချစ်နှင့်အတူ ရန်ကုန်ဆေးရုံကြီးတွင် လက်ထောက် ဆရာဝန်လုပ်နေသော ကျွန်တော် ၏ အစ်ကိုလတ် ဒေါက်တာလှရွှေ၊ လမ်းမတော်ဂါတ်တွင် တာဝန် ထမ်းရွက်လျက် ရှိသော ဦးခင်တို့ကို ခေါ်လျက် ရောက်ရှိလာပါသည်။

    “အတော်ပဲ.... ဒီကလေးကို လူကြီးမင်းတို့ အာမခံပြီး ခေါ်သွားပါလို့ သခင်ကြီးက ပြောပါတယ်“
    “ကိုင်း.... ကိုလှရွှေရေ.... ကျွန်တော်နဲ့ ခင်ဗျားပဲ ခံဝန်ချက်ကို လက်မှတ်ထိုး ခေါ်သွားကြတာပေါ့“
    ကိစ္စ အဝဝပြီးသောအခါ ကျွန်တော်တို့ လူသိုက် ရေကျော်ဂါတ်တဲတွင် ရှိသော လူများကို နှုတ်ဆက်၍ ထွက်လာ ခဲ့ကြပါသည်။ ကိုကြီးချစ်က လမ်းမတော် ဂါတ်တဲမှ ခေါ်ယူလာခဲ့သော ဦးခင်အား ပြန်ပို့ပေး ခဲ့ပြီး မောင်ခိုင် လမ်းရှိ နမ်ရွမ်ဟော်တယ်တွင် လက်ဖက်ရည်သောက်ကြပါသည်။

    ဟော...ကိုဘဟိန်း။
    ဟော....ကိုလှမောင်။
    အလွန်အမင်း အံ့သြနေမိသည်။ ကျွန်တော့် မျက်စိကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်မိသည်။ ကျွန်တော် သည် ဖျာပုံမြို့မှ ထွက်လာခဲ့ပြီးသည့်နောက် ကျွန်တော်တို့ လုပ်ကိုင်စရာရှိသော ကိစ္စများ ကို တောရွာများသို့ အနှံ့ဆင်း၍ လုပ်ကိုင်နေရခြင်းကြောင့် ရန်ကုန်တွင်ရှိသော လူကြီးများနှင့် အဆက်အသွယ်ပြတ် ခဲ့သည်။ ယခု ကျွန်တော်တို့ ဖျာပုံစီရင်စုအတွင်း စတင်လှုပ်ရှားတော့မည့် အခြေအနေနှင့် လုပ်ငန်းများ ကို သံဒိတ်ကျွန်းသို့ မလာမီ နှစ်ညခန့်က အဖွဲ့ဝင်များလုံး စုဝေးခဲ့ကြပြီး တာဝန်အသီးသီး ခွဲဝေလျက် လူစု ခွဲလိုက်ကြပြီ ဖြစ်သည်။ ပြန်လည်ဆုံစည်းကြရန် အကြောင်းမရှိတော့ဘဲ နောက်ဆုံးအခြေအနေများကို တင်ပြပြီး ဆက်သွယ် စရာရှိလျှင် ကျွန်တော်တို့ကသာ လိုက်လံဆက်သွယ်ရတော့မည် ဖြစ်ပါသည်။

သို့ဖြစ်ရာ ကိုအုံးမောင်သည် ကျွန်တော်တို့ ဖျာပုံစီရင်စု၏ လက်ရှိပြင်ဆင်ထားသော အစီအစဉ်များကို လူကြီးများ သိစေရန်အတွက် တိုင်ပင်၍ ကျွန်တော် ရန်ကုန်သို့ တက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်ရောက်သောအခါ သခင်ချစ် (ဆရာချစ်) ကိုလည်း မတွေ့ရဘဲ နောက်တစ်ဖန် သခင်လှဖေ ထံသွားပြန်တော့လည်း အိမ်စောင့်လုပ်သူသည် ကျွန်တော့် ကိုပင် စကားပြန်မပြောဘဲ ခါးခါးသီးသီး ဆက်ဆံခြင်းခံခဲ့ရပါသည်။ ကျွန်တော်သည် ထိုနေ့ တစ်နေ့တာ ကျန်ရှိနေသေးသော အချိန်ကို သခင်ချစ်(ဆရာချစ်) နှင့် ချိန်းတွေ့နေ ကျဖြစ်သည့် ညောင်တန်းဆိတ်မှ ကွမ်းယာဆိုင်သို့ သွားရောက်မေးမြန်းမည်ဟု ဆုံးဖြတ်ထားခ်ျိန် တွင် ရေကျော်ဂါတ်တဲသို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။

    ကိုဘဟိန်းနှင့် ကိုလှမောင် (မိတ္ထီလာ) တို့ နှစ်ယောက်ကို ကျွန်တော်၏ အစ်ကို ဒေါက်တာလှရွှေ၏ အိမ်တွင် မမျှော်လင့် ဘဲ တွေ့လိုက်ရခြင်းဖြစ်ပါသည်။ ကျွန်တော်နှင့် တွေ့သည့်အချိန်တွင် ကိုဘဟိန်းသည် အဖျား တက်လျက် ရှိနေသည်။ မူလက အလွန်ဖြူဖွေးသော အသားအရည်ရှိသူဖြစ်ရာ ယခုကဲ့သို့ ငှက်ဖျားဖျားလျက် ရှိသောအခါ သူ့မျက်နှာပေါ်တွင် သွေးရောင်ဟူ၍ လုံးလုံး မရှိဘဲ ဖြူဆွတ်ဆွတ်ဖြစ်နေပါသည်။ လိမ်တွန့်ကောက်ကွေးနေသော ဆံပင်များမှာ သူ့မျက်နှာပေါ်တွင် ဖရိုဖရဲ ရှိနေပါသည်။ သို့သော် သူ့မျက်လုံး များမှာမူ တောက်ပလျက်ရှိသည်။ ကိုဘဟိန်းသည် ကျွန်တော်ကို ယဲ့ယဲ့မျှ ပြုံးပြသည်။
    “မောင်မောင်.... မင်း ဒီမှာပဲ နေဦးကွာ၊ ကိုဘဟိန်းကို ငါ အခု အိပ်ဆေးထိုးပေးထားတယ်။ သူ အိပ်သွား လိမ့်မယ်။ နိုးလာရင်တော့ အဖျားလဲ ကျသွားမှာပါ၊ ဒီတော့မှ ပြောစရာလေးတွေ ပြောပြပေါ့။

    “ကျွန်တော် ကိုလှမောင်နဲ့လည်း ပြောဖို့ဖြစ်ပါတယ်“
    အမှန်က ကိုလှရွှေသည် ကိုဘဟိန်းနှင့် ကိုလှမောင် တို့အား ဝှက်၍ ဆေးကုသပေးနေခြင်း ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦး မှာ နယ်ချဲ့တော်လှန်ရေး ဗဟိုအဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ကျွန်တော်နှင့် ကိုလှမောင်တို့ နှစ်ယောက် သည် ကိုဘဟိန်းအား ဖဲခွာ၍ ကိုလှရွှေ၏ အိပ်ခန်းထဲသို့ အတူလာခဲ့ကြသည်။ ထိုအချိန်က ကိုလှရွှေသည် ရန်ကုန်ဆေးရုံကြီး တွင် လက်ထောက် ဆရာဝန် အဖြစ် ဒေါက်တာ်ဦးဘသန်း၏ ခွဲစိတ် ကုသလက်ထောက် ဖြစ် ပါသည်။ ကျုံးကြီးလမ်းဘက်မှ သူရရှိထားသော လက်ထောက်ဆရာဝန်များဂေဟာသည် လုံခြုံစိတ်ချရသော အခြေအနေ တွင် ရှိပါသည်။ ကိုလှရွှေသည် ဘဝတူ နိုင်ငံရေးသမားများ အားလုံးကိုပင် ဆေးဝါးအခမဲ့ ကုသပေးနေကြောင်း သိရှိ ရပါသည်။

    “ဆိုစမ်း... မောင်မြလှိုင်...၊ မင်းတို့နယ် အခြေအနေ ကောင်းရဲ့လား''
    ''သင့်ပါတယ်၊ မြို့ပေါ်မှာရှိတဲ့ လူကြီးပိုင်းကတော့ သူတို့နိုင်ငံရေးကိစ္စတွေမှာ ပါဝင်လုပ်ကိုင် ခြင်း မပြုတော့ဘူး လို့ အရေးပိုင်ရှေ့မှာ လက်မှတ်ထိုးလိုက်ကြတယ်လေ''
    ''စောစော စီးစီး သိရတာ ပိုပြီး ကောင်းတ်ာပေါ့ကွာ၊ မဟုတ်ရင် တို့တစ်တွေထဲဝင်ပြီး အတွင်းသူသျှိုလုပ်နေရင် အကုန်လုံး ထောင်ထဲ ရောက်ကုန်မှာကွ၊ ဒါထက် နယ်အခြေအနေကော'
    ''ထင်တာထက် ကောင်းပါတယ်၊ တစ်ခုတော့ရှိတယ်၊ သခင်ဗစိန်တို့ အဖွဲ့က သခင်တွေများတဲ့ နယ်တွေမှာတော့ သူ တို့ကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်တယ်၊ ကျွန်တော်တို့လူတွေ ကို နောက်လိုက် အဖြစ် လုပ်ကြဖို့လဲပြောရတယ်''

    ''ဖြစ်တယ် မဟုတ်လား''
    ''ဖြစ်ပါတယ်၊ ကျွန်တော် အခုလာတာ တခြားတော့မဟုတ်ဘူး၊ ကျွန်တော်တို့ဘက်မှာ ကျေးရွာက လူအချို့ သူကြီးတို့၊ ပုလိပ်ကင်းဂါတ်တို့ကိုဝင်စီးပြီး လက်နက်လုတာတွေ ဖြစ်ပါတယ်''
    ''ဒါကတော့ ဖြစ်မှာပဲကွ၊ အရေးကြီးတာက ခုလိုဖြစ်ပွားတာကို တော်လှန်ရေး ကွင်းဆက်အဖြစ် မပေါ်ပေါက်အောင် ဖုံးဖုံးဖိဖိ လုပ်ဖို့လိုတယ်၊ မဟုတ်ရင် ကျန်တဲ့လုပ်ငန်းတွေမှာ အထစ် အငေါ့ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကလည်း မင်းတို့ဆီမှာတော့ မပြောတတ်ဘူး၊ သာယာဝတီနယ်ဘက်မှာ တို့ လူတွေဆီက စာရွက်စာတမ်းတွေ မိတယ်လို့ ကြားရတယ်''
    ''ကျွန်တော်ကို အခြေအနေ ပြောပြပါဦး''
    ''ကိုဘဟိန်း နိုးတဲ့ အထိ စောင့်ဦးကွာ၊ တော်ကြာလောက်ဆိုရင် သူနိုးမှာပါ၊ ဟုတ်လား''
    ကျွန်တော် သည် ကိုလှရွှေမိန်းမ ဒေါ်ခင်ရီ ပြင်ကျွေးသော ထမင်းပွဲတွင်ဝင်၍ ထိုင်လိုက် ပါသည်။ မမရီသည် ကျွန်တော့် အား ဖျာပုံအိမ်မှ အိမ်သူအိမ်သားများအကြောင်း မေးမြန်းပါသည်။ ကျွန်တော်ပါဝင် ပတ်သက်လျက် ရှိသော ကိစ္စများကိုမူ မသိကျိုးကျွန်ပြုလျက် မေးမြန်းစုံစမ်းခြင်း မပြုပါ။ သို့သော် ကျွန်တော်အား အံ့သြသည့် အမူအရာ ကိုမူ ပြလျက်ရှိနေပါသည်။

    ''မောင်မြလှိုင် စာမေးပွဲ အောင်ပါ့မလားကွဲ့''
    ''အောင်မယ်လို့တော့ ထင်တာပဲ၊ မေမေကလည်း ဆယ်တန်းကို နှစ်ချင်းပေါက်အောင် အောင် ကြိုးစားပါ ဆိုလို့ ကြိုးစားထားပါတယ်။ ဒါပေမယ့် (Exam-Lucky) ဆိုတာကလည်း ရှိသေးတယ် မဟုတ်လား''
    ''အောင်ပါစေကွယ်၊ မောင်မြလှိုင်က ငယ်သေးတာပဲ၊ အချိန်တွေ ရှိပါသေးတယ်''
    ကျွန်တော်သည် မမရီနှင့် စကားပြောပြီးနောက် မိမိ၏ ပြောင်းလဲသွားသော အခြေအနေ ကို ပြန်လည်စဉ်စားနေမိသည်။ ငယ်စဉ်ကာလများကဆိုလျှင် ကျွန်တော်တစ်ယောက် ရပ်ထဲရွာထဲတွင် လူကြီး များ အော့ကြောလန်အောင် မျောက်ရှုံးသော လူဆိုးကလေးတစ်ယောက် ဖြစ်ခဲ့သည်။ ရပ်ကွက်ထဲတွင် ရှိရှိသမျှသော ကလေးပေါင်းစုံ၏ အလယ်တွင် ကလေးဗိုလ်အဖြစ် ရပ်တည်၍ စီစီညံခဲ့သည်။ ရပ်ကွက်ထဲ တွင် ဖြစ်ပွားလေသမျှသော ဆိုးသွမ်းမှုများတွင် နံပါတ် (၁) စာရင်းပါသူလည်း ဖြစ်သည်။ အတိုင်အတော ခံရခြင်းများကြောင့် ရိုက်နှက်ဆုံးမရသော ကျွန်တော်မိခင်သည်လည်း  အံ့သြ လက်မြောက်ရသူ ဖြစ်သည်။ ထို့နောက် ကာလသားပေါက်ကလေး ဖြစ်လာပြန်သောအခါ ရည်းစားတွေမှိုလိုပေါက်အောင် ထားပြန်သည်။

ငွေကို ဖောဖောသီသီသုံးနိုင်သော ကျွန်တော့် ဘဝအတွက် မိခင်ကြီး စိတ်မောရသောအခါတည်း။ မိခင်ကြီးသည် သူဌေးသားများ ဆိုသည့်သူများ၏ ပျက်စီးခဲ့ကြပုံများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရသဖြင့် ကျွန်တော့် ရှေ့ရေးကို ပူပန်ခဲ့ ရပါသည်။ ထိုအချိန်တွင် အလှည့်အပြောင်းဖြစ်သော ၁၃ဝဝ ပြည့် အရေးတော်ပုံသည် ကျွန်တော့်ဘဝ၏ တစ်ဆစ်ချိုးအဖြစ် ကူးပြောင်းလာခဲ့ရပါသည်။ မိခင်ကြီးသည် လိမ္မာပါနပ်စွာ ကျွန်တော်အား လူပေါ်ကြော့ ကလေး တစ်ယောက်အဖြစ်မှ နိုင်ငံရေး သတ္တဝါအဖြစ် ပြောင်လဲစေခဲ့သည်။ လမ်မှန်ကို ကူမဖေးတင်ပေးမည့် သူငယ်ချင်း များနှင့် ပေါင်းသင်းစေပါသည်။ လမ်းပေါ်တွင် အလေဏတော ကျင်လည်နေသော ကျွန်တော် တစ်ယောက် တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့လေသည်။
    ''မောင်မြလှိုင်.... ကိုဘဟိန်း နိုးနေပြီကွ''
    ကိုလှမောင် သည် ကျွန်တော့်ပခုံးကို ပုတ်၍ ပြောလာသည်။ သူ့လက်ထဲမှ စီးကရက်အနံ့သည် ချိုမြိန်သော အနံ့ ကို ပေးဆောင်လျက်ရှိသည်။ ကိုလှမောင်သည် စီးကရက် အလွန်ကြိုက်ဟန် တူပါသည်။ သူ၏ လက်ချောင်း ကလေးများသည် စီးကရက်ချေးများကြောင့် ဝါထိန်လျက် ရှိသည်။ ကျွန်တော်က တံတွေးကို မျိုချလိုက်ပြီး ကိုလှမောင် ထံမှ စီးကရက်တစ်လိပ်ကို တောင်း၍ သောက်မိပါသည်။

    ''မင်း .... ဆေးလိပ်သောက်တက်သလား''
    ''အင်း''
    ''ငယ်ပါသေးတယ်ကွာ၊ ဆေးလိပ်မသောက်ပါနဲ့၊ ကိုဘဟိန်းဆိုရင် ဆေးလိပ် သောက်လွန်းလို့ အဆုပ်ရောဂါဖြစ်နေ တယ်''
    ''ခင်ဗျာ...... အဆုတ်ရောဂါ ဟုတ်လား''
    ''အေး.... ဟုတ်တယ်၊ ခုလည်း ကိုလှရွှေ က သူ့ဆီခေါ်ထားပြီး ဆေးလိပ်မသောက်ရအောင် တားမြစ်ထား ရတယ်၊ အဆုတ်ရောဂါ ဖြစ်လာရင် တဖြည်းဖြည်း လုံးပါးပါးရတာပဲကွ.... ''
    ကျွန်တော့်ရင်ထဲတွင် နာကျင်သွာပါသည်။ ကိုဘဟိန်းကို ကြည့်ရသည်မှာ ဖြူဆွတ်သော ပန်းပွင့် ကလေး ကဲ့သို့ ဖြစ်သည်။ သူ့နှုတ်ခမ်းလေးများသည် နှင်းဆီပွင့်မှ ပွင့်ချပ်ကလေးကဲ့သို့ နီထွေး ချစ်စရာ ဖြစ်သည်။ သို့သော် သူ့အသည်းနှလုံးနှင့် သူ့စိတ်ဓာတ်ကား သံမဏိကဲ့သို့ မာကျောသူတစ်ယောက် ဖြစ်ပါသည်။ ကိုဘဟိန်း သည် ၁၃ဝဝ ပြည့် အရေးတော်ပုံမှ သူရဲကောင်းတစ်ယောက်ဟု ဆိုလျှင်လည်း မှားအံ့ဟု မထင်ပေ။ ကျွန်တော်နှင့် ကိုလှမောင် တို့ ကိုဘဟိန်း အနားသို့ ရောက်သောအခါ သူသည် ပြုံး၍ နှုတ်ဆက်လိုက်ပုါသည်။

    ''စောစောက အချုပ်ထဲ ရောက်သွားသေးတယ်ဆို.... ''
    ''ဟင်း.... ဟင်း... ခဏရောက်သွားတယ်.... ''
    ''ဆိုပါဦး... နယ်မှာ အဖိအနှိပ်တွေ များနေသလား... ''
    ''များတယ်ဆိုပါတော့ ၊ ကျွန်တော်တို့အားလုံး လူစုခွဲလိုက်ကြပါပြီ၊ နောက်ပြီး အားလုံးလဲ လွတ်ကြပါတယ်၊ ခုတော့ သံဒိတ် မှာ စစ်သင်တန်းတွေ တက်နေကြတယ်... ''
    ''အော်... ''
    ''ကျွန်တော်လာတုန်းကတော့ သခင်ချစ် (ဆရာချစ်) ဆီလာတာပါ။ ခုတော့ အဆက်အသွယ်မရတော့ ပါဘူး။ ''     ''အော်... ''
    ''မလိုပါဘူး၊ ကိုယ့်နယ်အခြေအနေနဲ့ ကိုယ်ကြည့်လုပ်ရမှာပဲ။ နောက်ပြီး အပေါ်က လွှတ်လိုက်တဲ့လူတွေ ရှိနေတာ ပဲ မဟုတ်လား''
    ''ကျွန်တော် ရန်ကုန်မှာ ရှိနေတဲ့ အခြေအနေသိချင်တယ် ၊နောက်ပြီး ကျွန်တော့်နယ်မှာက တချို့နေရာတွေမှာ လက်လွန်ခြေလွန် ဖြစ်နေတာတွေ ရှိနေပါတယ်။
    ''လက်လွန်ခြေလွန်ဆိုတာ ဘာကိုပြောတာလဲ''

    ''ကျွန်တော့ တို့မှာ လက်နက်က မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့ လူတွေက တချို့သူကြီးတွေဆီက လက်နက်တွေ၊ ကျေးရွာကြီးကြီးတွေမှာ ရှိတဲ့ လူတွေဟာ မြန်မာတွေပဲ မဟုတ်လား''
    ''များသော အားဖြင့်ကတော့ မြန်မာတွေပဲပေါ့''
    ''သတ်ပစ်တာတို့ ဘာတို့ မလုပ်ရင် ကောင်းတာပေါ့ ၊ အောက်ခြေမှာ ရှိကြတဲ့ လူတွေဆိုတာက အင်္ဂလိပ်အစိုးရ ရဲ့ အလိုတော် ရိကပ်ပါးတွေလို့သတ်မှတ်လို့ မရပါဘူး၊ သူတို့က် နီးတဲ့လူဘက် ယိမ်းတက်တဲ့ အလွှာတွေပါ၊ အဲဒါပါပဲ အဓိပ္ပာယ်ပေါက်ဖို့ လိုပါတယ်။''
    ''ဒါကတော့ သူ့အခြေအနေနဲ့ သူပဲဗျာ၊ နောက်ပြီး ကျွန်တော်တို့ လူတွေလဲ အားလုံးလိုလို မရှိကြတော့ပါဘူး''
    ''ခင်ဗျာ''
    ''အော်... အခြေအနေကို နည်းနည်းတော့ ရှင်းပြမှ သိမှာပဲ''

    ကိုဘဟိန်း၏ ရှင်းလင်းပြချက်အရ နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်၍ နိုင်ငံရေး အကူအညီကို ရှာဖွေရာ တွင် တရုတ်နှင့် အဆက်အသွယ် ရရှိရန် ကြိုးစားခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးတို့ကြောင့် မအောင်မြင်ခဲ့ ဘဲ ဂျပန်နှင့် ဆက်သွယ်ခဲ့ရကြောင်း၊မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ရရှိရန်အတွက် လောလောဆယ်တွင် အင်္ဂလိပ်နယ်ချဲ့သမား ကို မည်သူနှင့်မဆို လက်တွဲအကူအညီရယူ၍ တိုက်ခိုက်တော်လှန်ရန် လိုအပ်လျက် ရှိလေသည်။ သို့ဖြစ်ခြင်းကြောင့် သခင်အောင်ဆန်းသည် ၁၉၄၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ အတွင်း သို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာပြီး မတ်လ ၉ ရက်နေ့တွင် (၁) သခင်လှဖေ (နောင်သောအခါ ဗိုလ်လက်ျာ)၊ (၂) သခင်ဗဂျမ်း (နောင်သောအခါ ဗိုလ်လရောင်)၊ (၃) ကိုထွန်းရှိန် (နောင်သောအခါ ဗိုလ်ရန်နိုင်) တို့ကို တစ်ပါတည်း ဂျပန်နိုင်ငံသို့ ခေါ်ယူထွက်ခွာသွားခဲ့သည်။ ဤသည်နောက် လျှို့ဝှက်သော အစီအစဉ်များအရ လူငယ် (၃ဝ) ခန့်ကို အသုတ်လိုက်ခွဲ၍ ထွက်ခွာစေခဲ့ပြီး ဖြစ်သည်။ ထိုလူငယ်များ မှာ နောင်သောအခါ ရဲဘော်သုံးကျိပ်ဟု အမည်တွင်သောသူများဖြစ်ပါသတည်း။

    ကိုစိန့် တည်းခိုရာ သရက်တောကျောင်းသို့ ရောက်သောအခါ ညမိုးချုပ် မှောင်ရီသန်းချိန် ဖြစ်ပါသည်။ ကိုစိန် သည် ပျင်းရိငြီးငွေ့စွာ ကျွန်တော့်အား စောင့်ဆိုင်းလျက် ရှိပါသည် ။
    ''ကျွန်တော်တို့ အခုာပဲပြန်ဖို့ မှာလိုက်တယ်''
    ''ဘာနဲ့ ပြန်မှာလဲ၊ ခု အချိန် ညထွက်တဲ့ သင်္ဘော မှီပါဦးမလား... ''
    ကျွန်တော်သည် နံနက်က ကျွန်တော် ဖြစ်ပျက်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို အတိုချုံး၍ ရှင်းလင်း ပြောပြလိုက်ပြီးနောက် ရန်ကုန်တွင် လုပ်ကိုင်ဆောင်ရွက်ဖွယ် ကိစ္စများ မရှိတော့ကြောင်းနှင့် မိမိရပ်ရွာ သို့ အမြန်ဆုံးပြန်၍ ဆောင်ရွက်ဖွယ်ကိစ္စများကို ဆောင်ရွက်ရမည်ဟု မှာကြားလိုက်ကြောင်း ပြောပြပါသည်။ ထို့ပြင် ကျွန်တော် တို့နှစ်ယောက် ဖျာပုံသို့သော်လည်းကောင်း၊ ဒေးဒရဲ သို့သော်လည်းကောင်း၊ တိုက်ရိုက်မပြန် ဘဲ မီရာမော်တော် ၊ သင်္ဘောတစ်စီးစီးဖြင့် ကျိုက်ထော်သို့ ပြန်ရန် စီစဉ်ပေးလိုက်ကြောင်း ပြောပြလိုက်ပါသည်။ ကျွန်တော်တို့ နှစ်ယောက် အချိန်မီပင် ရွှေတောင်တန်းဆိပ်ကမ်းသို့ ဆင်းခဲ့ကြပါသည်။ ထိုအချိန်က ဧရာဝတီ သင်္ဘောနှင့် ကုလားကုမ္ပဏီိပိုင် သင်္ဘောများသာ ခုတ်မောင်းလျက်ရှိသဖြင့် ကျိုက်ထော်သို့ တိုက်ရိုက် သင်္ဘောများ မရှိပေ။ ကျိုက်ထော်မြို့သည် ဧရာဝတီသင်္ဘောများ ဆိုက်နားရာစခန်းတစ်ခု ဖြစ်ခြင်းကြောင့် ရန်ကုန် က ထွက်သည့် မည်သည့်သင်္ဘောမဆို စီးမည်ဆိုက ကျိုက်ထော်သို့ အလွယ်တကူ ရောက်နိုင်ပါသည်။
    ''အစ်ကိုစိန် ည(၇) နာရီခွဲမှာ ဖျာပုံအမြန်ရှိတယ်။ (၈)နာရီမှာ လပွတ္တာ အမြန်ရှိတယ်။ ဖျာပုံ အမြန်တော့ မဖြစ်ဘူးထင်တယ်။ ''

    ''လပွတ္တာ အမြန်နဲ့ ပြန်တာပေါ့၊ လာဗျာ ထမင်းထပ်ကြိတ်လိုက်ကြဦးစို့''
    ကျွန်တော်နှင့် ကိုစိန်သည် သင်္ဘောထွက်ရန် အချိန်စောသေးသဖြင့် ကမ်းနားဆိပ်မှ ပြန်တက်လာခဲ့ပြီးနောက် တရုတ်တန်းသို့ လာခဲ့ကြပါသည်။ တရုတ်တန်းတွင် စားသောက်ဖွယ်များ အလွန်ပေါရကား ကျွန်တော် တို့နှစ်ယောက် တရုတ်ခေါက်ဆွဲဆိုင်တွင် ဝင်ရောက်ပြီး မှာယူစားသောက်ကြပါသည်။
    ''ကိုမြလှိုင် ငွေစကလေး ကျန်သေးလား''
    ''ဘာလုပ်မလို့လဲ၊ ကျန်ပါသေးတယ်''
"ညဈေးတန်း မှာ ဝယ်စရာလေး ရှိနေလိ့၊ ငွေ ၅ိ ကို ယူပြီးသည်နှင့် တစ်ပြိုင်နက် ညဈေးတန်းရှိရာသို့ အလျင်အမြန် ထွက်သွားပါသည်။ ကျွန်တော်သည် ခေါက်ဆွဲဆိုင်ရှေ့တွင် ရပ်၍ စောင့်နေရသော် လည်း စိတ်ကမူ သဘောင်္ပေါ် မြန်မြန်တက်ပြီး ကျိုက်ထော်သို့ ရောက်ချင်လှပါသည်။ မကြာမီ ကိုစိန့် တစ်ယောက် ချွေးသံရွဲရွှဲဖြင့် ရောက် ရှိလာပါသည်။ ၄င်း၏ လက်ထဲတွင် မိန်းမပွင့်ရိုက် လုံချည်တစ် ထည် ကို တွေ့ရသဖြင့် ကျွန်တော့်စိတ်ထဲမှာ အရေးထဲ မိန်းမထဘီ ပြေးဝယ်ရသေးသည်ဟု မှတ်ချက် ချလိုက်မိ ပါသည်။

ကျိုက်ထော်မြို့သို့ သန်းခေါင်လောက်တွင် ရောက်ရှိပါသည်။ ဧရာဝတီသဘောင်္ဆိပ်တွင် မီးများ ထိန်ထိန်လင်းနေသော် လည်း လမ်းမီးများမှာ ရေနံဆီ မီးခွက်သာသာမျှ လင်းလျက်ရှိသည်ကို တွေ့ရှိ ရပါသည်။ ကျိုက်ထော်မြို့ သို့ တစ်ခေါက်တလေမျှ မရောက်ဖူးသဖြင့် သဘောင်္ဆိပ်၌ပင် ကျိုက်ထော် မြို့သူကြီး ဦးချစ်မောင် ကို မေးမြန်းရပါသည်။ ဦးချစ်မောင်သည် ကျိုက်ထော်မြို့၏ မျက်နှာဖုံးတစ်ဦး ဖြစ်ကြောင်း အလွယ်တကူ ပင် မေးမြန်း၍ ရရှိပြီး လူတစ်ယောက်က လိုက်လံပို့ဆောင်ပေးပါသည်။

ကျိုက်ထော်မြို့သူကြီး ဦးချစ်မောင်သည် ကျွန်တော်၏ ဦးလေးတော်စပ်သူ ဖြစ်ပါသည်။ ကျွန်တော် ည် ကိုလှရွှေရေးပေး လိုက်သော စာကို ဦးချစ်မောင်အား ပြသသောအခါ ဦးချစ်မောင်သည် ကျိုက်ထော်မြို့ တွင် ညအိပ်ခြင်း မပြုစေတော့ဘဲ ကျွန်တော်တို့ သွားလိုရာနေရာသို့ သူ့ပိုင်မော်တော်ဖြင့် လိုက်လံ ပို့ဆောင်ပေးမည် ဟု ပြောပြပါသည်။ ကျိုက်ထော်သူကြီး ဦးချစ်မောင်မှာ နောင်သောအခါ (အယ်ဆယ်စီယာ- ယခု ယုဇနရုပ်ရှင်ရုံ)နှင့် ကိုယ့်အကြိုက်နိုင်လွန် စက်ပိုင်ရှင် ဖြစ်ပါသည်။ ထိုညက ဦးချစ်မောင်သည် သူ၏ တပည့် လူယုံများနှင့် ကျွန်တော်တို့နှစ်ယောက်ကို သံဒိတ်သို့ အရောက်ပို့ပေးခဲ့ ပါသည်။ လမ်းတွင်လည်း အစစအရာရာ လိုလေးသေး မရှိအောင် ပြုစုပေးကြပါသည်။ ကျွန်တော်နှင့် ကိုစိန်တို့သည် သံဒိတ်သို့ နောက်တစ်နေ့ (၉)နာရီခန့် တွင် ချောချောမောမော ရောက်ရှိခဲ့ပါသည်။
"မြလှိုင် အားလုံးအဆင်ပြေခဲ့ရဲ့လားကွ"
"အချုပ်ထဲ တစ်မနက် နေခဲ့ရတယ်ကွ"
"ရော... ဘာဖြစ်လို့လဲဟ"

ကျွန်တော်က အဖြစ်အပျက်အလုံးစုံကို ပြန်လည်ဖောက်သည်ချ ပြောပြသောအခါ တဝါးဝါး တဟား ဟားနှင့် သဘောကျ လျက် ရှိကြပါသည်။ ကျွန်တော်တို့ နှစ်ယောက်ကို  လိုက်လံပို့ဆောင်ပေးသော ဦးချစ်မောင်၏ လူယုံများသည် နံနက်စာကျွေးမွေးကြသည်ကိုပင် မစားတော့ဘဲ ချက်ချင်းပြန်သွားကြပါ တော့သည်။
ကျွန်တော် သည် စိတ်၏ ပင်ပန်မှု၊ ကိုယ်၏ ပင်ပန်းမှုများကို လျှော့ချလိုက်ပြီး ကျွန်တော်တို့အတွက် သီးသန့် ထိုးပေးထားသည့် တန်းလျားထဲတွင် လှဲလျရင်း ရှေးဟောင်းနှောင်းဖြစ်များကိုပြန်လည်စဉ်းစား မိနေပါသည်။ ကျွန်တော် သည် နယ်ချဲ့တော်လှန်ရေးကို ဆောင်ရွက်ရန် ဦးစွာဆက်သွယ်ခဲ့သူမှာ သခင်ချစ် (ဆရာချစ်) ပင် ဖြစ်ပါသည်။ ဆရာချစ်နှင့် ကျွန်တော့်အား ဆက်သွယ်ပေးသူမှာလည်း ကျွန်တော်၏ ဆရာရင်းဖြစ်သူ မြို့မ ဆရာဟိန် ဖြစ်ပါသည်။

ကျွန်တော်သည် နယ်ချဲ့တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားလာသောအခါ ကျွန်တော့်အစ်ကိုရင်းဖြစ်သူ သခင်လှဖေ သည် ကျွန်တော် ဆောင်ရွက် ဖွယ်ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရန် ပံ့ပိုးမှုြုပုခဲ့ပါသည်။ သခင်အလှဖေနှင့် ပတ်သက်၍ သခင်မြကိုလည်းကောင်း၊ ဦးလှမောင် (မိတ္ထီလာ) ကိုလည်းကောင်း၊ နဂါးနီ ဦးထွန်းရွှေ ကိုလည်းကောင်း သိကျွမ်းခဲ့ရပါသည်။ ယခု ကိုလှရွှေ၏ အိမ်၌ ဆေးဝါးကုသရန်အတွက် ပုန်းအောင်းလျက် ရှိသည့် ကိုဘဟိန်းကိုမူ ယခုမှပင် နီးနီးကပ်ကပ် တွေ့ဆုံစကားပြောခဲ့ခြင်း ဖြစ်ပါသည်။
"မြလှိုင်... မင်းကို ကိုဘဟိန်းက တခြားဘာတွေ ပြောလိုက်သေးလဲ"
"သခင်အောင်ဆန်းတို့လူသိုက် အသုတ်လိုက်ခွဲပြီး ဂျပန်ပြည်ကို ထွက်သွားကြတဲ့အကြောင်း ပြောပြ တယ်၊ မူလက တရုတ်ပြည်က ရဲဘော်တွေနဲ့ ဆက်ဖို့ စီစဉ်ခဲ့ပေမယ့် အခြေအနေအရ ဂျပန်နဲ့ပူးပေါင်း ပြီး အင်္ဂလိပ်ကို တိုက်ထုတ်ရမယ်ဆိုတာတော့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်"

"အေး... ဗိုလ်ဝင်းပေးတဲ့ စာရင်းအရဆိုရင်တော့ လူငယ်သခင်တွေ (၃၀)ကို ပို့လိုက်တယ်လို့ ပြော တယ်၊ ကောင်းပါတယ်၊ အခု ထွက်သွားကြတဲံ အဖွဲ့က လူတွေဟာ သခင်ကိုယ်တော်မှိုင်းအဖွဲရော၊ သခင်ဗစိန် အဖွဲ့ကရော ပါဝင်ကြတယ်ကွ"
"ကျွန်တော့်ကို ပြောတော့ ပြသား၊ ဒါပေမယ့် စိတ်ထဲက မှတ်ထားလိုက်တော့ လူစုံတက်စုံ မမှတ်မိ တော့ဘူးလေ၊ ခင်ဗျားမှာ စာရင်းမရှိဘူးလား"
"ရှိတယ်... ဒီမှာလေကွာ"
ကျွန်တော်သည် ကိုအုန်းမောင်ပြသော စာရွက်ကို ယူကြည့်လိုက်သည်။ ၄င်းတို့မှာ (၁)သခင်အောင် ဆန်း၊ (၂)သခင်လှဖေ၊ (၃) သခင်ရှုမောင်၊ (၄)ကိုထွန်းရှိန် (၅) ကိုလှမောင်၊ (၆)သခင်လှမြိုင်၊ (၇) ကိုရွှေ၊ (၈)သခင်စံလှိုင်၊ (၉)ကိုဆောင်း၊ (၁၀) သခင်ထွန်းရွှေ၊ (၁၁) သခင်အောင်သိန်း၊ (၁၂)သခင် ဗဂျမ်း၊ (၁၃) သခင်တင်အေး၊ (၁၄)သခင်ထွန်းခင်၊ (၁၅)သခင်သန်းတင် (၁)ဇင်းမယ်တွင် ကျဆုံး၊ (၁၆)သခင်သန်းတင်၊ (၂)ဟိုင်နန်ကျွန်းတွင်ကျဆုံး၊ (၁၇)သခင်အောင်သန်း၊ (၁၈)သခင်စိုး (အလံနီ သခင်စိုး မဟုတ်ပါ)၊ (၁၉)သခင်စံမြ၊ (၂၀)ကိုလှ၊ (၂၁) ကိုစောလွင်၊ (၂၂) သခင်ကျော်စိန်၊ (၂၃)သခင် သစ်၊ (၂၄) သခင်ခင်မောင်ဦး၊ (၂၅)သခင်ထွန်းလွင်၊ (၂၆) သခင်သန်းညွှန့်၊ (၂၇) သခင်အေးမောင်၊ (၂၈) သခင်မောင်မောင်၊ (၂၉) သခင်ငွေ၊ (၃၀) သခင်ထွန်းအုပ်။ မှတ်ချက် ကိုအုန်းမောင်ပြစဉ်က စာရင်းတွင် အထက်ပါအတိုင်းဖြစ်၍ ၄င်းတို့၏ စစ်ဗိုလ် အမည်များ မပါဝင်သေးပါ။ နောင်သောအခါတွင် မှ ၄င်းတို့၏ စစ်ဗိုလ်အမည်များ ဖြစ်ပေါ်လူသိများခဲ့ပါသည်။ ကျွန်တော်သည် ဘေးရန်ကင်းကွာ ပြန်ရောက်သည့်အတွက် စိတ်ပေါ့ပါးလျက် ရှိပါသည်။ ပင်ပန်းနွမ်းနယ်မှုများသည်လည်း အလိုလို ပျောက်ပျက်ကုန်ပါသည်။

တဲတန်းလျား၏ ကဲလားမှ ကျော်ကြားလိုက်မိသည်။
အုန်းပင်ပျို၏ အရိပ်ကို အကာအကွယ်ယူ၍ ရွာခံရဲဘော်တစ်စု ဘူးသီးနှင့် ကြက်သား ရော၍ ချက်နေ သည် ကို တွေ့ရသည်။ ကျွန်တော်တို့ ရှိနေရာသည် ဟင်းချက်သည့် နေရာ၏ လေအောက်မှ ဖြစ် သဖြင့် သင်းပျံ့သော ဟင်းနံ့သည် ကျွန်တော် ၏ နှာဝသို့ ချုဆော့လျက် ရှိနေသည်။
"ဗျို့ ဦးလေးသန့်"
"ဗျိုး... ဗျိုး ဘာလဲ ကိုရင်တို့ ဆာနေကြပြီလား"

"ကြက်သားဟင်းနံ့က သင်းတော့ ထမင်းဆာနေကြပြီ ဦးလေးသန့်ရဲ့"
"ရမယ် ရတော့မယ်၊ ကြက်ကလေးနည်းနည်းနူးအောင် စောင့်လိုက်ကြဦးလေ၊ ကြက်က ငစိန့်အိမ်က ဆွဲခဲ့တာ၊ အကောင် ကကြီးတော့ သူ့အဖေ အသက်နဲ့ နင်လား ငါလားပဲ ဟွန်း....ဟွန်း"
လေသည် သော့သော့ယမ်းယမ်း တိုက်လျက်ရှိသည်။ ဟိုမှ သည်မှ လေပွေကလေး များသည် ငွေသောင်ယံ၌ မြူးဆော့ပြေးလွှားနေကြသည်။ မျက်စိ တစ်ဆုံး မြင်နေရသော သောင်ယံနှင့် ပင်လယ် ပြင်ကြီးသည် နေရောင်တွင် မျက်စိကျိန်းလောက်အောင် တောက်ပ လျက် ရှိသည်။
"ဟေ့... မြလှိုင် ဘယ်သူမှမရှိတုန်း မေးရဦးမယ်၊ မင်း ဒီတစ်ခါ ရန်ကုန်ရောက်တာ မင်းအဆက် ဟောင်းဆီ မသွားခဲ့ရတော့ ငါ့ ကို မကျိန်ဆဲဘူးလားကွ၊ ခွေးကောင်"

ဆက်ရန်
.

No comments: