Tuesday, December 18, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၁)

ကောင်းကင်ပြင်သည် အပြာရောင် ကော်ဇောတစ်ချပ်ကို ဖြန့်၍ ခင်းထားသည့်နှယ် ရှိဘိသည်။ တိမ်ဖြူဖြူဖွေးဖွေး များက ဟိုမှာသည်မှာ တစ်စုစီ ဖြန့်ကြဲထားသည်မှာလည်း အပြာရောင် ကောဇောပေါ်သို့ နုထွေးသော ဂွမ်းနုပန်း များဖြန့်ခင်းထားသလို လှပလျက်ရှိသည်။ ကျွန်တော့် အတွေးများသည် ဟိုရောက် သည်ရောက်ဖြင့် ရောထွေး လျက်ရှိသည်။ ကျွန်တော့်အကြောင်းများကို ပြန်လည်တွေးတောရာတွင် မိဘ ချမ်းသာသော ဂုဏ်ရှိန်ဖြင့် ထင်ဟပ်နေသည့် မိမိဘ၀တွင် ငွေကို ရေလို သုံးဖြုန်းခဲ့သည်မှ တစ်ပါး မိဘ၏ကျေးဇူးကို မည်သို့မျှ ဆပ်နိုင်ခဲ့သူ မဟုတ်ပါချေ။ မိခင်မုဆိုးမကြီးသည် ကျွန်တော်တို့ ညီအစ်ကို မောင်နှမတစ်စုအား ရွှေလိုဥ၍ ကျွေးမွေးသုတ်သင် ခဲ့ငြားလည်း ကျွန်တော်တို့၏ တု့ပြန်မှုကိုကား မရရှာပေ။

သားအကြီးဆုံးဖြစ်သူ ကိုဘသန်းတစ် ယောက်သာလျှင် မိခင်ကြီး၏ ဘေး၌ မားမားမတ်မတ် ကူပံ့ဖေးမခဲ့ ပါသည်။ ကျွန်တော့်အထက် အစ်မ နှစ်ယောက်မှာလည်း မိန်းကလေးများ ဖြစ်ခြင်းကြောင့် သူတို့တစ်တွေသည် သားယောက်ျားလေး များကဲ့သို့ မိခင်အား အထောက်အကူပြုနိုင်ကြခြင်းမရှိဘဲ အိမ်မှုဗာဟီရကို လုပ်ကိုင်ရင်း သူတို့ဘ၀ သည် အိမ်တွင်း၌ပင် မြှုပ်နှံခဲ့မည်ပင်ဖြစ်ပါသည်။
“ကိုမြလှိုင် … ငိုင်လှချည်လားဗျ၊ ဘာတွေများ အတွေးနက်နေတာတုန်း၊ ဟွန်း … ဟွန်း ပြောစမ်းပါဦး ဖျာပုံက ရည်းစား လွမ်းနေပြီထင်တြယ်”
“မဟုတ်ပါဘူး အစ်ကိုစိန့်ရာ၊ ကျွန်တော် အိမ်ကို သတိရနေလို့ပါ၊ နောက်ပြီး ကျွန်တော်ဟာ ခုထိ မိဘ အပေါ်မှာဘာမှ မတုံပြန်နိုင်ခဲ့တာကို စဉ်းစားပြီး စိတ်မကောင်းဖြစ်နေတယ်လေ …”
“အချိန်တွေ အများကြီးရှိပါသေးတယ် ကိုမြလှိုင်ရယ်၊ ခုလဲ ကိုမြလှိုင်တို့ဟာ မြန်မာပြည်လွတ်လပ် ရေးအတွက် လုပ်နေတာ ပဲ မဟုတ်လား။ တခြားသူဌေးသားတွေလို ပျက်စီးချင်တိုင်း ပျက်စီး၊ အရက်၊ မိန်းမ၊ ဖဲ စသည်ကို လိုက်စား၊ ၀ါသနာပါပြီး မိကို နှိပ်စက်နေတာမှ မဟုတ်ဘဲ”

သမ္ဗန်ပဲ့ပိုင်းမှ ငါးပိရည်ကျိုနေသည့် အနံ့ကလေးသည် သင်းပျံ့ပျံ့မွှေးနေသည်ဟု ထင်မိသည်။ သမ္ဗန်သမား များမှာ ကိုစိန့်တို့အိမ်မှ အလုပ်သမားများဖြစ်၍ သမ္ဗန်မှာလည်း ၎င်းတို့ပိုင် သမ္ဗန်ဖြစ် ဟန်တူပါသည်။ ကိုစိန့်သည် ကျွန်တော့် အတွက် ဖွယ်ဖွယ်ရာရာ ဖြစ်စေရန် သူ့လူများအား စီမံစေ သည်။ ထိုနေ့ညနေစာကို သမ္ဗန်ပေါ်တွင် စားရသော် လည်း ပဲနီလေး ဟင်းချို၊ ငါးပိတို့စရာတို့အပြင် ငါးသေတ္တာကို ချဉ်ချဉ်စပ်စပ် ကြက်သွန်နိုင်နိုင်ဖြင့် သုပ်ထားသည် ကို တွေ့ရပါသည်။
“စားဗျာ၊ ကွမ်းခြံကုန်း ကို မိုးနည်းနည်းချုပ်မှ ရောက်မှာ”
“တော်တော် ဝေးတယ်နော် …”
“အဝေးကြီးတော့ မဟုတ်ပါဘူး၊ အခုဟာက ရေဆန်လေဆန်ခတ်နေရလို့ပါ၊ ကွမ်းခြံကုန်းမှာ တစ်ည အိပ်ရမယ်၊ ဟင်း … ဟင်း … ကွမ်းခြံကုန်းရောက်ရင် ကိုမြလှိုင် အမောပြေသွားမှာပါ ဟဲ … ဟဲ …”
“ဘာဖြစ်လို့လ အစ်ကိုစိန်ရ …”
“သူကြီးသမီးက ချောတယ်၊ ဟီး …ဟီး …”
“အစ်ကိုစိန့်က လုပ်ရော့မယ်”

“တကယ်ပြောတာ ကိုမြလှိုင်၊ သူကြီးသမီး စောခင်က ရန်ကုန်ဂါဝန်ဝတ်ကျောင်းမှာ ကျောင်းအိပ် ကျောင်းစား ထား တယ်လေ၊ နာမည်တောင် ဗိုလ်နာမည်မှည့်ထးသေးဗျ၊ အင်း … သူ့နာမည် ကလဒယ်ဆိုလား …ကလော်ဒယ် ဆိုလားပဲ၊ ပါးစပ်နဲ့ မတွေ့လိုက်တာ … ဟွန်း … ဟွန်း …”
“လယ်ဒါ ဖြစ်ပါလိမ့်မယ် အစ်ကိုရာ၊ ကလဒယ်တော့ ဟုတ်မယ်မထင်ပါဘူး … ဟင်း … ဟင်း …”
“ဟုတ်မယ် … ဟုတ်မယ် … ဟီး … ဟီး … အဲဒါ ကိုမြလှိုင် ခရီးသွားဟန်လွှဲ မျက်စပစ်ရတာပေါ့ဗျာ …”
“အစ်ကိုစိန့် ကတော့ ကျွန်တော့်ကို ရည်းစားလွမ်းတယ်လို့ ထင်နေတယ်နဲ့တူတယ်၊ အမှန်က ကျွန်တော့် မှာ လောလောဆယ် ရည်းစားဆိုလို့ မူးလို့တောင် ရှူစရာမရှိပါဘူးဗျာ၊ နောက်ပြီး ကျွန်တော် ခရီးထွက်ခါနီး မှာတောင် ကိုအုန်းမောင်က ရန်ကုန်ရောက်ရင် မင်းအဆက်တွေဆီ သွားမနေနဲ့ဦးလို့မှာလိုက်သေးတယ်ဗျာ …”
“အေးပါ … ဒါကြောင့်လဲ ကျွန်တော်က ခရီးသွား ဟန်လွှဲ သူကြီးသမီးစောခင်ကို မျက်စပစ်ဖို့ ပြောတာပေါ့ ဟား … ဟား … ”

ထမင်းဝိုင်းကလေးသည် ထည်ထည်ဝါ၀ါ မရှိလှသော်လည်း သမ္ဗန်သလားချက် ချက်ထားသဖြင့် အပြောင်းအလဲ အဖြစ် စား၍ မြိန်ယှက်လှပါသည်။ ကိုစိန့်ပြောပြချက်အရ သံဒိတ်ကျွန်းတွင် ရှိရှိသမျှသော အရွယ်ရောက် ယောက်ျားလေး များသည် ဒေးဒရဲမှ သခင်မြသွင်နှင့် သခင်မောင်မောင်တို့၏ စည်းရုံးမှုကြောင့် အမာခံ ရဲဘော်များ ဖြစ်လျက်ရှိကြောင်း သိရပါသည်။ သို့ကြောင့်လည်း ကျွန်တော်တို့တစ်တွေ သံဒိတ် တွင် လေ့ကျင့်ကြရာတွင် အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ လွတ်လပ်လျက်ရှိကြောင်း အကဲခတ်မိပါသည်။ ဖျာပုံစီရင်စု တွင် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်ဟူ၍ မြို့နယ် (၄)ခုကို စုစည်းထားပါသည်။ ဖျာပုံမြို့တွင် အရေးပိုင် ရုံးစိုက်၍ ကျန်မြို့နယ်များ၌ မြို့ပိုင်ရုံးစိုက်ပါသည်။

ဖျာပုံမြို့နယ် အနေနှင့် ဒေးဒရဲလောက် နိုင်ငံရေးစိတ်ဓါတ် တက်ကြွမှု နှင့် စည်းလုံးမှု မရှိလှသည် ကို တွေ့ရပါသည်။ ဒေးဒရဲ မြို့နယ်သည် တို့ဗမာ အစည်းအရုံးဝင် သခင်၊ သခင်မများ အများအပြား ထွက်ရှိ၍ ၁၃၀၀ ပြည့် အရေးတော်ပုံ တွင်လည်း စွမ်းစွမ်းတမံ ပါဝင် လှုပ်ရှားသော မြို့တစ်မြို့ ဖြစ်ပါသည်။
ထမင်းဝိုင်း သိမ်းပြီးသောအခါ နေပင် စောင်သွားခဲ့ပါပြီ။ ကမ်းစပ်မှ ဘုတ်အီသံသည် ပျင်းရိငြီးငွေ့ ဖွယ် ကောင်းလှပါသည်။ နေကျချိန်ဖြစ်သဖြင့် အနောက်ဘက် မိုးကုတ်စက်ဝိုင်း ဆီမှ ပုစွန်ဆီ သွေး ကဲ့သို့ ရဲနီ လျက် ရှိသည်။ ဗျိုင်းများသည် တစ်နေ့တာ အလုပ်သိမ်းချိန် အဖြစ် အိပ်တန်းရှိရာသို့ အသုတ်လိုက် ပျံသန်း သွားနေကြပါသည်။ မြစ်ပြင်ကျယ်၏ ရှုခင်းသည် ဆွတ်ပျံလွမ်းမော ဖွယ်ရာ ကောင်းလှပါသည်။ ကျွန်တော်သည် အမည်ဖော် မရသော တမ်းတမှုကို တမ်းတရင်း လွမ်းဆွေး နေမိသည်။

”ကိုမြလှိုင် …ဟောကို မဲမဲစုစုဟာ ကွမ်းခြံကုန်းပေါ့…”
”ဘယ်အချိန်လောက်မှ ရောက်မှာလဲဟင်…”
”မှောင်မှပဲ ရောက်လိမ့်မယ်၊ ကွမ်းခြံကုန်းကတော့ စည်ကားပါတယ်၊ ကုန်းလမ်း ရေလမ်း သွားရေး လာရေး အဆင်ပြေတော့ လူချမ်းသာတွေလဲ ပေါပါတယ်၊ ဟိုရောက်ရင် တွေ့လိမ့်မယ်၊ တစ်ရွာလုံး အိမ်ကြီး အိမ်ကောင်းတွေ များပါတယ်၊ တွံတေးနဲ့ ကွမ်းခြံကုန်းဟာ အိမ်ဦးနဲ့ ကြမ်းပြင်လို နေကြတာ ပါပဲ ကိုမြလှိုင်…”
”ဟေ့.. ဆတ်ကလေး… လက်ဖက်ရည်ကြမ်း လာထည့်ပါဦးကွ…”
ကိုစိန်၏ အော်သံကြောင့် သမ္ဗန်ပဲ့ပိုင်းတွင် တက်မကိုင်ရင်း ငိုက်နေသည့် ဆတ်ကလေး ဆိုသူ သည် တက်မကို တုတ် တစ်ချောင်းဖြင့် ကလန့်၍ ကျွန်တော်တို့ ထိုင်နေသည့် နေရာသို့ ရေနွေး အကြမ်းအိုးကို ဆွဲလျက်လာသည်။ ကျွန်တော် စိတ်ထဲတွင် ဆတ်ကလေးဆိုသည့် ရှားရှားပါးပါး နာ မည်ကို ကြား ရသဖြင့် ပြုံးလိုက်မိသည်။ ကျွန်တော်ပြုံးသည်ကို မြင်သော ကိုစိန်က ကျွန်တော်ပြုံး ခြင်းကို မေးပါသည်။
”အော်.. ဆတ်ကလေးဆိုတော့ အဆန်းသားမို့ပါ…”

”ဟေ့ ဆတ်ကလေး… ပြောပြလိုက်လကွယ်”
”ဘာ ပြောပြရမှာလဲဗျ”
”မင်းနာမည် ငဖြိုးကနေ ဆတ်ကလေးလို့ ဖြစ်လာပုံပေါ့ကွာ….”
”အဟမ်း…. သည်လို ကိုရင်ရဲ့…”
တစ်နေ့သော အခါ ဖျာပုံမြို့မှ နယ်ပိုင်ဝန်ထောက် မျက်နှာဖြူ အရာရှိကြီးသည် သံဒိတ်သို့ တောလည်ရန် လာခဲ့သည်။ သူ့ထံတွင် နှစ်လုံးပြူးရိုင်ဖယ် ဆင်ပစ်သေနတ်မျိုးစုံ ပါလာသည်။ တပည့်လက်သားများလည်း စုံလှသည်။ ထိုအချိန်က သံဒိတ်ကျွန်းတွင် တောဝက်၊ ဆတ်၊ ဒရယ် အလွန်ပေါလှသည်။ စပါးမှည့်ချိန်ဆိုလျှင် တောဝက်များ အုပ်သင်းဖွဲ့လျက် စပါးခင်းများသို့ အဓမ္မ ဝင်ရောက် စားလေ့ရှိပါသည်။ တောဝက်အုပ်တစ်အုပ် တစ်ညလောက် စားသွားလျှင် စပါးတစ်ဧကလောက်သည် တစ်နာရီလောက် အတွင်း ပျက်သုန်းသွားရသည်ဟု ဆိုသည်။ သို့ဖြစ်ရာ နယ်ပိုင် ဝန်ထောက်မင်းက တောပစ်မည်ဆိုသဖြင့် သူကြီးနှင့်တကွ ရွာသားများ ဝမ်းသာကြသည်။

သူကြီးသည် နယ်ပိုင်ဝန်ထောက်မင်း တောလိုက်နိုင်ရန် ရွာခံမုဆိုးများနှင့် အမဲလိုက်ခွေးများကိုပါ ထည့်ပေးခဲ့ ပါသည်။ ထိုလူသိုက်ထဲတွင် ငဖြိုးတစ်ယောက်လည်း ပါဝင်သည်။ ငဖြိုးသည် နယ်ပိုင် ဝန်ထောက်နှင့် အတူ တောလိုက်ရန် သူ့လက်စွဲတော် နီမဆိုသော ခွေးတစ်ကောင်နှင့် အသွားတစ်ပေခန့်ရှိသော မှိန်းတစ်လက် ကိုလည်း အသင့်ယူဆောင် သွားခဲ့သည်။ နယ်ပိုင်ဝန်ထောက်ကမူ သူ့လက်နက်ခဲယမ်းမီးကျောက်များကို သယ်မည့် လူကပင် နှစ်ယောက်လောက်ပါခဲ့သည်။ သို့ဖြင့် ငဖြိုးတို့သည် နယ်ပိုင်ဝန်ထောက် မင်း တောပစ်နိုင် ရန် ခွေးများလူများ အကူအညီဖြင့် တောချောက်ပေးခဲ့လေသည်။

တောကောင်များသည် ငဖြိုးတို့က တောချောက် လွှတ်လိုက်သဖြင့် နယ်ပိုင်ဝန်ထောက် ရှိရာသို့ ဦးတည်ပြေး လာကြကုန်သည်။ နယ်ပိုင်ဝန်ထောက်မင်းသည် အသင့်ချိန်ထားသော သေနတ်မောင်းကို တစ်ချက်ပြီး တစ်ချက် ဖြုတ်လိုက်ပါတော့သည်။ သို့သောလည်း တောကောင် တစ်ကောင်တစ်လေကိုမျှ သေနတ်ကျည်ဆန် ထိမှန်ခြင်း မရှိဘဲ သူသာလျှင် ဖင်ထောင်လဲကျသွားသည်။ တောကောင်များသည် သေနတ်သံကြောင့် လာလမ်း အတိုင်း တုံ့ပြန်ပြေးကြလေသည်။ ထိုအခါ ငဖြိုးသည် သူစောင့်နေသည့်ဆီသို့ ဦးတည်ပြေးလာသော ဆန်ကလေးတစ်ကောင်ကို အသင့်ရှိနေသော မှိန်းဖြင့် ပစ်လိုက်ရာ လက်ပြင်အသွားအဆုံး စူးဝင်လဲကျသွားခဲ့လေသည်။ မကြာမီ ဆတ်ကလေးလဲကျနေရာသို့ နယ်ပိုင်ဝန်ထောက်တို့အဖွဲ့ ရောက်လာပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေရှာသော ဆတ်ကလေး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ထည့်လိုက်ပါလေသည်။

    ”ငါကျစ်တာ ငါကျစ်တာ ဆိုတာ အဲဒီအချိန်က ဆိုစမှတ်ပြုတာထင်တယ် ဟင်း … ဟင်း…”
    ”အစစ်ပေါ့…. ဒေးဒရဲမြို့ပေါ်မှာတော့ နယ်ပိုင်ဝန်ထောက်မင်း တောလည်သွားတာ ဆတ်ကြီး တစ်ကောင်ရလေရဲ့လို့ အုတ်အော်သောင်းတင်းပေါ့ဗျာ၊ တကယ်ကတော့ ငဖြိုး မှိန်းနဲ့ပစ်လို့ရတဲ့ ဆတ်ဆိုတာ ကိုတော့ အတူလိုက်ခဲ့ကြတဲ့ ရွာကလူတွေက သိကြတယ်ပေါ့၊ အဲဒီက အစပြုပြီး ငဖြိုးကို ဆတ်ကလေးလို့ တွင်လေတယ် ဆိုပါတော့… ဟုတ်ဘူးလားကွ”
    ”အင်း… ဟင်းဟင်း…. ဟုတ်မယ်ထင်တာပဲ”
    ”ဟကောင် ဟုတ်မယ်လို့ ပြောမှပေါ့ကွာ၊ မင်းဟာက ဟုတ်မယ်ထင်တယ်ဆိုတော့ ငါကပဲ လံကြုပ်လုပ်သလို ဖြစ်နေတာပေါ့ကွ”

    ”ကိုမြလှိုင်ရေ…. ဘဲဒီးဆောရီး တောကြီးမြိုင်လယ်ပဲဗျို့”
    ကွမ်းခြံကုန်းသို့ ရောက်ကြပြီးသည့်နောက် ကိုစိန်တစ်ယောက် ကျွန်တော်တို့အား သမ္ဗန်ထဲတွင် ထားခဲ့ပြီး အခြေအနေကို စနည်းနာရန် သူကြီးအိမ်သို့ တက်သွားပါသည်။ မူလအစီအစဉ်က ကျွန်တော်နှင့် ကိုစိန် တို့ နှစ်ယောက် ထိုညအဖို့ သူကြီးအိမ်တွင် တည်းခိုကြပြီး နံနက်စောစော တွံတေးသို့ ခရီး ဆက်ကြရန် ဖြစ်ပါသည်။ ယခု ကိုစိန်ပြန်လာသောအခါ အထက်ပါစကားကို ပြောလျက် သူ့ခေါင်းကို တဗြင်းဗြင်း ကုတ်လျက် ရှိပါတော့သည်။
    ”ဘာဖြစ်လို့လဲ အစ်ကိုစိန်ရ”
    ”သူကြီးအိမ်မှာ မြို့က သပြုသီးမြို့အုပ် ရောက်နေတယ်”
    ”ဒါဖြင့် ကျွန်တော်တို့ သမ္ဗန်ထဲမှာပဲ အိပ်လိုက်တာပေါ့ဗျာ… တစ်ညတလေပဲ ဖြစ်ပါတယ်”
    ”ဘယ်ဖြစ်မလဲ ကိုမြလှိုင်ရယ်၊ အိပ်စရာ ဘာမှ မရှိဘဲလား၊ နေဦး ကျွန်တော် ဆယ်အိမ်ခေါင်းအိမ် သွားပေးကြည့် လိုက်ဦးမယ်၊ အဆင်ပြေတန် ကောင်းပါရဲ့၊ တစ်ခုပဲ အဆင်မပြေစရာ ရှိတယ်”
    ”ဘာလဲ… ဘယ်လို အဆင်မပြေနိုင်တာလဲလေ”

    ”သမီးချောချောတော့ မရှိဘူးဗျ၊ ဟီး… ဟီး၊ ကိုင်း သွားလိုက်ဦးမယ်”
    ကျွန်တော်သည် ပျော်တတ်နောက်တတ်သော၊ အလွန်စိတ်သဘောထားကောင်းသော ကိုစိန့်ကို ကြည့်ရင်း ပြုံးမိ သည်။ တောသူတောင်သားဆိုသူများမှာ များသောအားဖြင့် ပွင့်လင်းသည်၊ ရိုးသားသည်၊ ဟန်ဆောင်မှု ကင်း သည်၊ စေတနာကောင်းကြသည်။ သူတို့နှင့် ကူးလူးဆက်ဆံကြရာ၌ အစဉ်အမြဲ အနာခံသည့်ဘက်မှ လက်ခံပေါင်းသင်းလေ့ ရှိကြကုန်သည်။ သို့ကြောင့်လည်း မြို့နေလူလည်များသည် ရိုးသားသော တော သူတောင်သား များအပေါ် လိမ်လည်လှည့်ဖြား အမြတ်ထုတ်နိုင်ခြင်း ဖြစ်ပါသည်။
    ကွမ်းခြံကုန်းသည် ညဥ့်၏ အမှောင်ထုတွင် မီရောင်ကလေးများဖြင့် တလက်လက်တောက်ပလျက်ရှိသည်။ ကျွန်တော် တို့ သမ္ဗန်ကပ်ထားသည့် နေရာနှင့် မလှမ်းမကမ်းမှ လမုပင်ကြီးတွင်မူ ပိုးစုန်းကြူးများ၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်သည် ဖြိုးဖြိုးဖျပ်ဖျပ် ရှိလှသည်။

    ”လာဗျို့… ကိုမြလှိုင်၊ အဆင်ပြေတယ်၊ ကျယ်ကျယ်ဝန်းဝန်းပဲ၊ အိပ်ရာခြင်ထောင်ကစ ပြည့်စုံပါတယ်။ တစ်ခုတော့ ရှိတယ်၊ ကိုမြလှိုင်ကို ကျွန်တော်က ဖျာပုံက တိုက်ပိုင်ကြီးသားလို့ ပြောခဲ့တယ်။ ညဥ့်လယ်စာလဲ ချက်ခိုင်း ထားခဲ့တယ်”
    ကျွန်တော်သည် ကိုစိန်ခေါ်ရာသို့ လိုက်လာခဲ့သည်။ ဆယ်အိမ်ခေါင်းဟု ဆိုသော်လည်း ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးနှင့် ဖြစ်သည့်အပြင် တဖက်ခန်းတွင် ကုန်စုံဆိုင်ကိုလည်း ဖွင့်ထားသည်ကို တွေ့ရသည်။ ပျူငှာ ရည်မွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ကျွန်တော်တို့ရောက်၍ တစ်နာရီခန့် အတွင်း အောက်လင်း ဓာတ်မီးကြီးကို ထွန်း၍ အငွေ့တထောင်းထောင်းနှင့် ထမင်းပွဲကြီး ကို ပြင်ဆင်ကျွေးမွေး ပါသည်။ ကျွန်တော်တို့သည် အမှန်အတိုင်းပြော၍ မဖြစ်သည့်အတွက်သာလျှင် တစ်ဖက်သားအား မုသားဆို၍ တည်းခို ခဲ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် ယင်းအကြောင်းကို စဉ်းစားမိသည့်အခါ နှိုက်လျက်ရှိသော ဟင်းခွက် ကိုပင် နှိုက်ရမည်ကို ဝန်လေးလျက်ရှိနေပါသည်။

    ”သုံးဆောင်ပါ၊ အားနာစရာ မရှိပါဘူး၊ မောင်စိန်ကတော့ ဒီအိမ်မှာ စားအိမ်သောက်အိမ်ပါ၊ ဒီက ငါ့တူ ကလည်း မောင်စိန်မပါလဲပဲ ဝင်ပါ၊ တည်းပါ”
    ”ဟုတ်ကဲ့ ဦးလေး”
    ကျွန်တော်သည် စကားအမှားနည်းနိုင်ရန်အတွက် စားသောက်ပြီးလျှင်ပြီးချင်း မိမိအတွက် အဆင်သင့် ပြင်ပေးထားသော အိပ်ရာပေါ်သို့ သွားရောက်လှဲနေလိုက်ပါသည်။ အိပ်ရာပေါ်သို့ ရောက်သောအခါ ရန်ကုန် သို့ ရောက်သည့်အခါ လုပ်ကိုင်ရမည့် ကိစ္စများကို စဉ်းစားနေပါသည်။ မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိလိုက်ဘဲ ကိုစိန်နှိုး၍ မျက်စိဖွင့်လိုက်သောအခါ မိုးစင်စင်လင်းနေရုံမျှမက အိမ်ရှင်ဖြစ်သူ များ အဆင်သင့်ဖျော်ထားသော လက်ဖက်ရည်အချိုပွဲကို တွေ့လိုက်ရပါတော့သည်။ ကျွန်တော်သည် ချက်ချင်း အိပ်ရာမှထ ၍၊ ကိုယ်လက်သန့်စင်၍ လက်ဖက်ရည်ဝိုင်းသို့် ဝင်ထိုင်လိုက်ပါသည်။

ဆီများနစ်နေအောင် ဆမ်းထားသည့် ငါးရန့်ဖုတ်ခြောက်၊ စားတော်ပဲကြော်၊ တရုတ်မုန့်မျိုးစုံတို့ဖြင့် ဖွယ်ဖွယ်ရာရာ ရှိသော ဟင်းအချိုပွဲတွင် ဖျာပုံက တိုက်ပိုင်ကြီးသားအား ဧည့်ခံလိုက်သည်ကို ကျွန်တော် မမေ့နိုင်ပါ။ တစ်နေ့ သောအခါ ဤကဲ့သို့် အမှားကြီးပြုမိသည့်အတွက် တောင်းပန်စကားဆိုရမည်ဟုလည်း ဆုံးဖြတ် ထားလိုက်မိပါသည်။ သို့သော် အကြောင်းမသင့်ခဲ့ပါချေ။ ယခုနှစ်ပေါင်း (၄၀)ကျော်မျှသော ကာလ သို့ ရောက် မှပင် ဤအကြောင်းအရာကို ဖွင့်ဟရေးသားလိုက်ရခြင်းသည်ပင် ကျွန်တော်၏ ဆုံးဖြတ်ချက်ကို တစ်စိတ် တစ်ဒေသ ကူပံ့ သကဲ့သို့ ရှိသည်ဟု ကျွန်တော့်ကိုယ်ကျွန်တော် ဖြေသိမ့်ရပါလေသည်။ ကျွန်တော်တို့သည် အိမ်ရှင် များအား ကျေးဇူးတင်စကားဆို၍ ကမ်းနားသမ္ဗန်ဆိုက်သည့်နေရာသို့ လာခဲ့ကြပြီး သမ္ဗန် ကို ဒေးဒရဲသို့ ပြန်လွှတ်လိုက်ကြပါသည်။

ထို့နောက် ကွမ်းခြံကုန်းမှ တွံတေးမြို့သို့ ခရီးဆက်ကြပါသည်။ တွံတေးသို့ရောက်သောအခါ ကျွန်တော်တို့ မူလ အစီအစဉ်ဖြစ်သော ဆိပ်ကြီးခနောင်တိုသို့ မသွားကြတော့ဘဲ တွံတေးမှ ဖျာပုံလိုင်းမှ ဧရာဝတီ သင်္ဘောများကို ရှောင်၍ အခြားသင်္ဘောဖြင့် ရန်ကုန်သို့ လိုက်ပါစီးနင်းရန် ဆုံးဖြတ်လိုက်ပါသည်။ အခန့်သင့်ပင် ကျွန်တော် တို့ တွံတေးတွင် ကြာမြင့်စွာ မနေလိုက်ရဘဲ မအူပင်ဘက်မှလာသော သင်္ဘောဖြင့် ရန်ကုန်သို့ လိုက်လာ ခဲ့ကြပါသည်။ သင်္ဘောပေါ်၌ ကျွန်တော်က သိကျွမ်းသူများလည်း တစ်ယောက်တလေမျှ မပါရှိသဖြင့် စိတ်အေးချမ်း ရပါသည်။ ထိုနေ့က ဧရာဝတီသင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ နေ့လယ် (၂)ချက်တီးခန့်တွင် ဆိုက်ကပ် ပါသည်။

    ”အစ်ကိုစိန့်… ကျွန်တော်တို့နှစ်ယောက် လူခွဲတည်းကြရအောင်လား”
    ”အင်း… ကောင်းတယ်၊ ကိုမြလှိုင် ဘယ်မှာ တည်းမလဲ….”
    ”ကျွန်တော် ဘီဂင်းဒက်လမ်း၊ အိမ်နံပါတ် (၉၁) က ကိုကြီးချစ်တို့ အိမ်မှာ တည်းမယ်၊ ဒီညနေတော့ ဘယ်မှ မထွက်တော့ ဘူး၊ မနက်ဖြန်ခါ မနက်စောစော သခင်ချစ် (ဆရာချစ်)ကို သွားရှာမယ်၊ နောက်ပြီး အစ်ကိုစိန့်ဆီ လာခဲ့မယ်၊ အစ်ကိုစိန့် ဘယ်မှာတည်းမလဲ”
    ”သရက်တောကျောင်းတိုက်၊ လမ်းမတော်ဘက်က ဝင်တဲ့အပေါက်က ဝင်ရင် တွေ့တွေ့ချင်း ကျောင်းတိုက်မှာ တည်းမယ်၊ ဒေးဒရဲက ဆရာတော် ဦးနာရဒကျောင်း ဘယ်ဟာလဲလို့ မေးရင် ရပါတယ်…”
    ကျွန်တော် တို့နှစ်ယောက် လူချင်းခွဲလိုက်ကြသည်။ ကျွန်တော်သည် ကိုစိန့်အား နှုတ်ဆက်၍တက္ကစီတစ်စီးကို ငှားလျက် တည်းခိုရာ ကိုကြီးချစ်တို့အိမ်သို့ လာခဲ့ပါသည်။

    ရေကျော်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ပျက်ဖွယ်ရာဖြင့် ရင်ဆိုင်လိုက် ရပါတော့သည်။ အဘယ်ကြောင့် ဆိုသော် သခင်ချစ် (ဆရာချစ်) ၏ အိမ်သည် သော့ပိတ်လျက်သား ရှိနေပါသည်။ အိမ်နီးချင်း များကို မေးရန်လည်း မဝံ့သဖြင့် တစေ့တစောင်းကြည့်၍ ထွက်လာခဲ့ပြီး လမ်း (၅၀) တွင် ရှိကြသည့် သခင်လှဖေနှင့် တွေ့ဆုံမေးမြန်းရန်လမ်း (၅၀) ဘက်သို့ ခြေလျင်လျှောက်လာပါသည်။ လမ်း (၅၀) သို့ရောက်ပြန်သည့် အခါ၌လည်း မည်သူကိုမျှ မတွေ့ရဘဲ အိမ်စောင့်အဖြစ် ကိုမဲ ဆိုသူနှင့်သာ တွေ့ဆုံ၍ သခင်လှဖေနှင့် ပတ်သက်ပြီး မေးမြန်းကြည့်သောအခါ ကိုမဲဆိုသူသည် အဖြေမပေးသည့်အပြင် ကျွန်တော့်ကိုပင် စားတော့ ဝါးတော့မတတ် ကြည့်ပြီး တံခါးပိတ်၍ အိမ်ထဲသို့ လှည့်ဝင်သွားသည်ကို ဝမ်းနည်းစွာ တွေ့ရပါသည်။ ကျွန်တော် သည် အိမ်ဝတွင် တွေတွေကြီး ခေတ္တမျှရပ်နေပြီး တည်းခိုရာ ဘီဂင်းဒက်လမ်း သို့ ပြန်လာပါတော့ သည်။

တည်းခိုအိမ်သို့ ပြန်ရောက်သောအခါ ဦးချစ် (ကိုကြီးချစ်) နှင့် အသင့်တွေ့ရပါသည်။ ထိုအခါတွင်မှ ကျွန်တော် သည် သခင်ချစ်တို့ထံ သွားရောက်ကြောင်း ပြောပြရာ ရန်ကုန်တွင် ရှိနေကြသော သခင်များ အားလုံး လိုလို ရှောင်တိမ်းနေကြကြောင်းနှင့် အချို့လည်း ဖမ်းဆီးခြင်း ခံရကြောင်း သိရပါတော့သည်။
    ကိုကြီးချစ်သည် နိုင်ငံရေးကို ကိုယ်ထိလက်ရောက် ပါဝင်လုပ်ကိုင်ခြင်း မရှိသော လည်း မြန်မာပြည်တစ်ပြည်လုံးမှ တို့ဗမာအစည်းအရုံးဝင်များ ဥဒဟို ဝင်ထွက်သွားလာ ဆက်ဆံ ကူညီနေသူ ဖြစ်ပါသည်။ ကျွန်တော်တို့ မိသားစုနှင့်ဆိုလျှင် ဆွေမျိုးပင် မတော်စပ်သော် လည်း ဆွေမျိုးရင်းချာများပမာ ကူးလူးဆက်သွယ်မှု ရှိကြပါသည်။ ကျွန်တော်၏ အစ်ကိုများ ဖြစ်ကြကုန်သော သခင်လှဖေ၊ အာဏာရှင် လှရွှေ စသူတို့သည် ရန်ကုန်တွင် လိုအပ်သမျှ ကိစ္စအဝဝကို ကိုကြီးချစ်ကိုသာ အကူအညီတောင်းခြင်း ပြုကြပါသည်။ ယခုလည်း ကိုကြီးချစ်သည် နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှုကို လုံးဝ ဥဿုံ သိထားသူ ဖြစ်ပါသည်။

`    ”စောစောက ပြောရော့ပေါ့ မောင်မောင်၊ အခုလောလောဆယ်အနေနဲ့ကတော့ မင်း သခင်ချစ်ကိုလည်း ရှာမနေ နဲ့၊ သခင်လှဖေ ဘယ်မှာဆိုတာလည်း စုံစမ်းမနေနဲ့တော့၊ မင်းတို့နယ်မှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လုပ်စရာရှိတာတွေ လုပ်ထားကြပေါ့ကွ”
    “ကျွန်တော်တို့ နောက်ဆုံးအခြေအနေကို သိချင်တယ်၊ နောက်ပြီး ကျွန်တော်တို့နယ်မှာက တော်တော် လှုပ်လှုပ်ရွရွ ဖြစ်နေတယ်၊ သခင်တွေ ဖမ်းတာလဲ သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လူတွေ တစ်ယောက်မှ အဖမ်း ခံကြမှာ မဟုတ်ဘူးဆိုတာ သိလို့ လိုက်လာတာပါ….”
    “အေး… လောလောဆယ်တော့ ငါက သူတို့ကို ဘယ်မှာရှိတယ်ဆိုတာ ရှာလို့ မလွယ်ဘူး၊ သူတို့ကတော့ ငါ့ကို တစ်နည်းနည်းနဲ့ ဆက်သွယ်နေကြမှာတော့ အမှန်ပဲ၊ ဒီတော့ မင်းကိစ္စ ငါ့ကို ပြောနိုင်ရင် ပြောခဲ့ပေါ့ကွ၊ ငါ တစ်နည်းနည်းနဲ့တော့ မင်းတို့ မြစ်ဝကျွန်းပေါ်ရဲ့ အခြေအနေ၊ အထူးသဖြင့် မင်းတို့ ဖျာပုံစီရင်စုရဲ့ အခြေအနေကို ပြောပြမယ်၊ ဟုတ်ပြီလား…”
    ကျွန်တော်သည် ကိုကြီးချစ်ကို ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်မှ အခြေအနေနှင့် ဖျာပုံစီရင်စုအတွင်း လှုပ်ရှားမှု အခြေအနေ များကို ရေးသားဖော်ပြထားသည့်စာများကို ပြလိုက်ပါသည်။

ကျွန်တော်တို့ ဖျာပုံစီရင်စုတွင် လူငယ်ပိုင်းနှင့် ကျေးလက်အခြေခံ “စုစည်းထားသူများသည် အားရကျေနပ်ဖွယ် ရှိကြပါသည်။ မြို့ပေါ်တွင် သခင်အမည်ခံခဲ့ကြသူ သခင်ကြီးများသာလျှင် တို့ဗမာအစည်းအရုံးကို ဖဲကြဉ်ကြပြီး အရေးပိုင်များထံသို့ သွားရောက်ကြပြီး လက်ရှိ တို့ဗမာအစည်းအရုံးတွင် တက်တက်ကြွကြွ လုပ်နေကြသော ကျွန်တော် အပါအဝင် လူငယ်များနှင့် မည်သို့မျှ ပတ်သက်ဆက်ဆံခြင်း မရှိကြောင်း လက်မှတ်ထိုး ဝန်ခံ ကတိပြုကြလေသည်။ ယခု ကျွန်တော်လာရင်းကိစ္စများထဲတွင် ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်များမှ နယ်ချဲ့တော်လှန်ရေး လှုပ်ရှားမှု ကွင်းဆက်ပြတ်လျက် ရှိခြင်း ကို ပြန်လည်ရရှိရေးလည်း ပါဝင်ပါသည်။ အထူးသဖြင့် ဖျာပုံနှင့် ဒေးဒရဲမြို့နယ်မှ နယ်ချဲ့တော်လှန်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ထိရောက်စွာ လုပ်ကိုင်နိုင်ကြသော်လည်း ကျိုက်လတ်နှင့် ဘိုကလေးကိုမူ ကျွန်တော် တို့ ဆက်သွယ်၍ မရရှိဘဲ ဌာနချုပ်မှ ညွှန်ကြားချက်ပါ လူစာရင်းများကိုသာ လက်ဝယ်ကိုင်ထားရပါသည်။

    “ဒေါက်… ဒေါက်….”
    တံခါးခေါက်သံကြောင့် ကိုကြီးချစ်၏ဇနီး မနုက ချောင်းကြည့်ပေါက်မှ အပေါက်ကိုကြည့်ပြီး ချက်ချင်း အပေါက်ကို ပိတ်၍ ကိုကြီးချစ်ထံ အပြေးကလေး ရောက်လာပါသည်။
    “အပြင်မှာ ပုလိပ်တွေ လာနေကြတယ်၊ မောင်မောင် ရေချိုးခန်းထဲ ခဏဝင်နေစမ်း”
    ကျွန်တော်သည် မမနု စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကိုကြီးချစ်လက်ထဲမှ စာရွက်ခေါက်ကို ဆွဲယူ လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ရောက်၍ အထဲမှ မင်းတုပ်ချလျက် စာရွက်များ ဆုတ်ဖြဲပြီး အိမ်သာအတွင်းသို့ ပစ် ထည့်ကာ ရေဆွဲချလိုက်ပါတော့သည်။ ရေချိုးခန်းနှင့် အဝင် ခြေကျော်တံခါးသည် ကပ်လျက်ဖြစ်သဖြင့် အပြင်မှ စကားပြောသံများကို ကြားနေရပါသည်။
    “ကျွန်တော် ဝင်လာခဲ့ပါရစေ” (အင်္ဂလိပ်လို ခွင့်တောင်းသံ)
    “ဝင်လာနိုင်ပါတယ်” (အင်္ဂလိပ်လို ပြန်ပြောသော ကိုကြီးချစ်အသံ)

    ကျွန်တော်သည် ရေချိုးခန်းအတွင်း၌ ကြာရှည်စွာ နေလိုစိတ် မရှိသဖြင့် တံခါးဖွင့်လျက် ထွက်လာခဲ့ပြီး ကိုကြီးချစ်နှင့် စကားပြောနေသော ရာဇဝတ်အုပ်နှင့် သူ့အဖွဲ့ရှိရာသို့ လျှောက်လာခဲ့ပါသည်။ ကျွန်တော့် စိတ်ထဲတွင်လည်း လျှို့ဝှက်စွာ ယူဆောင်လာခဲ့သော စာရွက်များကို ဖျောက်ဖျက်ပစ်လိုက်နိုင်သည့်အတွက် စိတ်ပေါ့ပါးခြင်းလည်း ဖြစ်မိပါသည်။ ဧည့်သည်များကို အကဲခတ်သည့် အနေဖြင့် ကြည့်လိုက်သောအခါ ရာဇဝတ် ဘက်မှ ဝတ်စုံကို သပ်ရပ်စွာ ဝတ်ထားသော ကုလားကပြား ရာဇဝတ်အုပ်တစ်ယောက်၊ အရပ်ဝတ် အရပ်စားနှင့် မူဆလင် ကုလားကြီးတစ်ယောက်တို့ကို တွေ့ရပါသည်။ မူဆလင်ကုလားကြီးနှင့် ကိုကြီးချစ်တို့မှာ သိဟောင်း ကျွမ်းဟောင်းများ ဖြစ်ဟန်တူပါသည်။ တစ်ဦးနှင့် တစ်ဦး ရင်းရင်းနှီးနှီး စကားပြောဆိုလျက် ရှိသည် ကို တွေ့ရပါသည်။ ကျွန်တော့်ကို မြင်သောအခါ ပုလိပ်သားနှစ်ယောက်အနက်မှ တစ်ယောက်သော ပုလိပ်သား က ကျွန်တော့်အား လက်ညှိုးထိုး၍ ရာဇဝတ်အုပ်လုပ်သူကို ပြောပါသည်။

    “သူပဲ သခင်”
    “အိုး…. ဟုတ်ရဲ့လား၊ ဒါ လူငယ်ကလေးတစ်ယောက်ပဲ” (အင်္ဂလိပ်လိုပြော)
    “ဟုတ်ပါတယ် သခင်… သူပါပဲ”
    ကျွန်တော်သည် သူပါပဲဆိုသူကို ယခုမှပင် သေသေချာချာ ဂရုစိုက်၍ ကြည့်မိသည်။ ထိုအခါတွင်မှ ကျွန်တော် လမ်း (၅၀) နေအိမ်သို့ သခင်လှဖေတို့အား ဝင်၍ မေးမြန်းပြီး ပြန်ထွက်လာစဉ်က လူချင်း အမှတ်တမဲ့ ဝင်တိုး ခဲ့သူဖြစ်နေမှန်း သိလိုက်မိပါသည်။ သို့ကြောင့်ပင် ကျွန်တော်သည် ထိုလူအားကြည့်ကာ ပြုံးလိုက်မိသည်။ ရာဇဝတ်အုပ် ဆိုသူသည် မည်သို့မျှ ဆက်၍ မပြောတော့ဘဲ ကိုကြီးချစ်အား ကျွန်တော့်ကို စစ်မေးရန် အတွက် ရေကျော်ဂါတ်တဲသို့ ခေတ္တခေါ်ယူသွားရန် ခွင့်ပန်သည်။

    “မောင်မောင်… မင်းကို မေးစရာရှိလို့တဲ့ကွ၊ သူတို့နဲ့လိုက်ခဲ့ပါတဲ့”
    “ဘာလုပ်လိုက်ရမှာလဲ”
    “လူကလေး ကို ဘာမှ မလုပ်ပါဘူး၊ စကားကောင်းကောင်း မေးပြီး ပြန်ပို့ပေးပါမယ်”
    ရာဇဝတ်အုပ်သည် ကုလားသံဝဲဝဲဖြင့် ကျွန်တော့်ကို ချော့မော့ပြောဆိုသည်။ ကျွန်တော်သည် မိမိပိုင်နက် အတွင်းတွင် ချိုချိုသာသာ ပြောဆို ဆက်ဆံနေသော်လည်း တကယ်တန်း တရားခံအဖြစ် ရောက်ရှိသူများအား မည်ကဲ့သို့ ညှင်းပန်းအာဏာပြသည်ကို သိထားသဖြင့် ရာဇဝတ်အုပ်ခေါ်ရာသို့ လိုက်ပါသွားရန် ဝန်လေးလျက်ရှိနေခြင်း ဖြစ်သည်။

    “မောင်မောင် လိုက်သွားလိုက်ပါကွာ…. ၊ ငါလည်း လိုက်ခဲ့ပါမယ်”
    “လိုက်ခဲ့ပါ့…. လိုက်ခဲ့ပါ”
    ဘီဂင်းဒက်လမ်းမှ ရေကျော်ဂါတ်တဲသည် များစွာဝေးကွာလှသည် မဟုတ်သော်လည်း ကိုကြီးချစ်သည် ရာဇဝတ်အုပ်ကိုပါ ခေါ်၍ ကျွန်တော်နှင့်အတူ သူ့ကားဖြင့် ရေကျော်ဂါတ်တဲသို့ လာခဲ့ကြပါသည်။ ကျွန်တော်၏ ရင်များသည် ပူလောင်လျက် ရှိသည်။ သို့သော် အဖော်အဖြစ် ကိုကြီးချစ်က ဘေးမှလိုက်ပါလာခြင်းကြောင့် စိတ်သက်သာရာ ရရှိမိပါသည်။ မကြာမီ ပုလိပ်သား နှစ်ယောက်နှင့် အရပ်လူကြီး တို့လည်း ရောက် ရှိလာကြပါသည်။ ကျွန်တော်တို့လူသိုက် ရေကျော်ဂါတ်တဲတွင် မိနစ် (၃၀) ခန့် ကြာမြင့်စွာ ထိုင်နေသည်အထိ မည်သို့မျှ ထူးခြားခြင်းမရှိဘဲ ကျွန်တော့်အား ခေါ်လာသူ ရာဇဝတ်အုပ်တစ်ယောက်သာလျှင် အထဲဝင် အပြင်ထွက် အလုပ်ရှုပ်နေသည်ကို တွေ့ရသည်။

ဆက်ရန်
.

No comments: