Thursday, December 13, 2012

မောင်သာရ ၏ ငရုတ်မှန်လျှင် စပ်ရမည် အပိုင်း (၁)

မောင်သာရ
"ငရုတ်မှန်လျှင် စပ်ရလိမ်မည်။"

         တင်ကျီးလဲ တ၀မ်းပဲ။ဗျိုင်းလဲ တ၀မ်းပဲ။
         ဒါပေမယ့်တင်ကျီးက ရေငုပ်ရတယ်။
          ရေငုပ်ရှာမှပဲ ငါးရတယ်။ ပင်ပင်ပန်းပန်း စွန့်စားရတယ်။
          အဲ.....ဗျိုင်းကတော့ ရေငုပ်ဖို.မလိုဘူး။
         ကတွတ်ပေါက်က စောင့်နေရုံ။
         ငါးထွက်လာရင် ကိုက်ချီလိုက်ရုံပဲ။လွယ်တယ်။

လယ်ကွင်းပြင်တွေက မျက်စိတဆုံး တမျှော် တခေါ်ကြီး။ လေလာရာ လယ်ကွင်းပြင်တွေဘက် မျက်နှာမူနေရာက ငရုတ်သီးညော်နံ့ ဝေ့၀င်လာတာနဲ့  မြင်းနှာမှုတ်သလို အသက်ကို ပြင်းပြင်း ရှုထုတ်လိုက်ရတယ်။ ပြီး အရာမရောက် လှပေမယ့်လည်း အကျင့်ပါနေတော့ လက်တဘက်နဲ့ ယပ်ခတ်လိုက်မိတယ်။  ငရုတ်သီး လှော်နေကြ ကြော်နေကျ ထောင်းနေကျ ရောင်း နေကျ လူတွေအဖို့တော့ဘယ့်နှယ်ရှိမယ် မပြော တတ် ဘူး။ မငွေမ ကတော့ ညော်နံ့ မခံနိုင်တာ အမှန်ပဲ။။

အေးလေ...သူတို့တတွေကတော့ကျင့်သားရနေကြရောပေါ့။မငွေမကတော့ဘယ်ကျင့်သားရလိမ့်အုံးမှာတုံး။ ငရုတ်သီးမှုန့် သည် လက်သစ်ပဲ။သည်ကနေမှ ဈေးဗန်းခေါင်းပေါ် တင်မယ် စိတ်ကူးတဲ့ မိန်းမ။     ငရုတ်သီးညော် ကို လက်နဲ့ယပ်ခတ် ပုတ်ခါနေရာက ရုတ်တရက် သတိရပီး ဘေးနားက သားငယ် ဖီနိုးရဲ့လက် ကို ကောက်ဆွဲလိုက်မိပြန်တယ်။ မအေဆိုတော့လဲ စိုးရိမ်မိတာပေါ့။ ဖီနိုးရဲ့ခြေထောက်တွေမှာ အနာစက်တွေ ဗရဗွနဲ့။ ယဉ်းကုန်မှဖြင့် ဒုက္ခ။ခုကို ပေါင်မို့ဇမ ခုစ ပြနေပြီ။      အင်း...သားသမီးလေးယောက် ရှိတဲ့အထဲမှာ ဖီနိုး က အငယ်ဆုံး။
ဘာရှိသေးတာမှတ်လို့ ခုမှ ငါးနှစ်ကျော်ရုံပဲ ရှိသေးတယ်။ပြီးတော့လည်း ဖီနိုးကို မငွေမ အတွယ်တာ ဆုံး။ သွားလေရာ ပါတဲ့ အရိပ်။  မပါလို့ကလည်း မဖြစ်ဘူးလေ။အိမ်မှာ ပစ်ထားခဲ့လို့လဲမရဘူး။ ကိုယ်ခွဲ ရှိတာ မဟုတ်ဘူး။ မျက်စိကွယ်ရာ မှာ မထားခဲ့နိုင်ဘူး။ ဖီနိုးကလည်း ဖီနိုးပဲ။ အရမ်းဆိုးတယ်။ မဂ်လာရပ်ကွက် မှာဆိုရင်ရွယ်တူကလေးတိုင်းက ဖီနိုးကို မုန်းကြတယ် ။ကြောက်လဲ ကြောက်ကြ တယ်။ဘယ့်နှယ်... ဂေါ်လီ ပစ်တမ်း ကစားနေကြရာ က ဂေါ်လီတွေ လုပီး ပြေးလာလား လာရဲ့။သားရေပင် ပစ်တမ်း ကစားနေကြရာက သူများ သားရေပင်တွေ ကို ဆွဲဖြတ်ပြေးပြီး ပြေးလာလား လာရဲ့။

သူနိုင်ရင် နိုင်ရပါမှ.. မလား၊ ရောင်းမှ ရောင်းရပါ့မလား၊ နေ့တွက်မှ ကိုယ်ပါ့မလား၊ အိတ်ထဲကပဲ စိုက်ရမလား၊ ဘာဆို ဘာမှ ရေရာ သေချာသေးတာ မဟုတ်ဘူး။
ရော် … စိတ်ကူးရလို့ အရမ်းကာရော ထလုပ်တာမျိုးတော့လဲ ဘယ်ဟုတ်ပါ့မလဲ။ ဗေဒင်မေး နတ်မေးနဲ့ အိပ်မက် အရ လုပ်တာမျိုးလဲ မဟုတ်ပါဘူး။ ဒါမျိုး မငွေမ ၀ါသနာလဲ မပါဘူး။
ဆရာ က မမှင်။ မျက်စောင်းထိုး အိမ်အောက်ထပ်က မမှင်။ မမှင်ကို ဆရာတင်ပြီး ထလုပ်တာ။
မမှင်ဆိုတာ က တခုလပ်။
ဒါပေမယ့် မမှင် မှာက စီးပွားရေး အခြေခိုင်နေပြီ။ လင်က ပစ်သွားတော့ ကလေးနှစ်ယောက်တည်း နဲ့ ကျန်ရစ်တာ။ မငွေမ လို လေးယောက်နဲ့ ကျန်ရစ်ခဲ့ရတာ မဟုတ်ဘူး။
ပြီးတော့လဲ မမှင် မှာက အလုပ်အကိုင်ရှိနဲ့။ သည်ငရုတ်သီးတမည်းတည်းကိုပဲ အမျိုးမျိုးလုပ်ပြီး ရောင်းတာပဲ။ သူ့ဖောက်သည် ကလေးတွေနဲ့သူ ဈေးကွက်ကလဲ ရှိနေတော့ ဣနြေ္ဒမပျက်ဘူး။ အရောင်းအ၀ယ်ကလဲ မဆိုး ဘူး။ ကလေးနှစ်ယောက် အတွက်နဲ့ သူ့အတွက်ကတော့ လုပ်လုပ် စားစား နေသွားလို့ရတယ်။ ပိုတောင် ပိုသေး ထင်ပါရဲ့။ မနှစ်က အရပ်ဘုံကထိန် မှာ မျက်နှာသုတ် ပ၀ါတောင် ပဒေသာပင် သီးနိုင်သေးတာပဲ။

မငွေမ မမှင် ကို ချဉ်းကပ်ကြည့်တယ်။ အကူအညီတောင်းတဲ့ သဘောလဲ ပါတယ် ဆိုပါတော့။ စနည်း နာတယ်။ မေးတယ်။ လုပ်နည်းကိုင်နည်း ရောင်းနည်း ၀ယ်နည်းကအစ။ ဈေးကွက်ကအစ ဆိုပါတော့။
မမှင် ကလဲ မန်ကျည်းစေ့လောက်ရှိတဲ့ မှဲ့ကြီးတလုံး နှုတ်ခမ်းပေါ်မှာ တင်ပြီး၊ ရုပ်ရည် ကြမ်းသလောက် စိတ်ထား ထားတော့ ပြည့်ဝတယ်။ သမုဒ္ဒရာ တယောက်တည်း သောက်လို့ ဘယ်ကုန်နိုင်ပါ့မလဲတဲ့။ ၀န်တိုမစ္ဆရိယ မရှိဘူး။ မထိမ်မချန် ပြောပြတယ်။ ကုလားပဲ မှုန့်ရောနည်း ကအစ။ ဆိုးဆေးသုံးနည်း ကအစ။ ပြီးတော့ အားလဲပေး တယ်။ ကိုယ်တိုင်လဲ လိုက်ကူတယ်။ နောက်ဆုံး သူ့မှာ ပိုနေတဲ့ ချိန်ခွင်အဟောင်းတလက်နဲ့ ဓာတ်ခဲအလေး၊ စဥ့်အိုးကွဲ ကလေးတွေ ကိုတောင် သိမ်းထားရာက ထုတ်ပေးတယ်။ အရောင်းအ၀ယ် ဖြစ်မဖြစ် မသေချာ သေးခင် မှာ အရင်းမြုပ်နေမယ်၊ မ၀ယ်နဲ့အုံးတဲ့။

သိတဲ့အတိုင်း တချို့လူတွေက သည်လို မဟုတ်ဘူး။ တံငါသည်ချင်း ခင်ယင် ဟင်းစားသာ ပေးလိုက်၊ ပိုက်ချက်တော့ မပြ နဲ့တဲ့။ ခင်တာ ခင်တာတခြား။ အလုပ်က အလုပ်တခြား။ အဲသည် လို သဘောထားကြတယ်။ မမှင် ကတော့ အဲသည်လို အစားထဲက မဟုတ်ဘူး။ သဘောထား ပြည့်ဝတယ်။ စေတနာကောင်းတယ်။
ဒါကြောင့်လဲ မငွေမ မမှင် ကို ဆရာတင်ပြီး၊ သူ့နည်းတူ ငရုတ်သီးမှုန့် လိုက်ရောင်းဖို့ ကြံစည်မိတာ ပေါ့။
အင်း … မှန်းချက် နဲ့ နှမ်းထွက် ဘယ့်နှယ်ရှိမယ်တော့ မပြောတတ်ဘူး။ စတော့ စမိပြီ။ ရင်းတော့ ရင်းမိပြီ။ လက်တွေ့ပဲ ရောင်းကြည့်ရတော့မယ်။ အရင်းအနှီး ငွေက စုစုပေါင်း ခြောက်ဆယ်။
လမ်း၂၀ကမ်းနားဘက် က တရုတ်ပွဲရုံတရုံမှာ ငရုတ်သီး သွားဝယ်ကြတယ်။ ကျွန်းကလေးငရုတ် တဲ့။ ငရုတ်ရှည် မျိုး။ အစပ်တကာ့အစပ်ဆုံး ငရုတ်ပေါ့။ ရေစကြို၊ မြင်းခြံ၊ မုံရါာ၊ အညာက လာတာ ဆိုပါတော့။ စပ်တဲ့ဘက် မှာတော့ မပြောနဲ့။ ငရုတ်သီးတောင့် နဲ့ ထိမိယင်ကိုပဲ ထိမိတဲ့နေရာမှာ ဆေးလိပ်မီးနဲ့ တို့ထားသလို ပူနေတတ်တဲ့ အမျိုး။

ဒါကလဲ မမှင်က ပြောလို့။ ငရုတ်သီးဆိုတာ စပ်မှတဲ့။ ကိုယ့်ဖောက်သည် ပရိသတ်နဲ့ကိုယ် အစပ်အဟပ်ကလဲ ညီ မှတဲ့။ သူ့ဈေးကွက်မှာက စပ်လေ ရောင်းရလေတဲ့။ စပ်မှ ငရုတ်သီး ပိုစစ် တယ်လို့ ယူဆကြသတဲ့။ ဟုတ်တယ်။ စပ်တော့ နည်းနည်းလေး နဲ့ တာသွားတာပေါ့။ တွက်ခြေ ကိုက်တာပေါ့။ ဈေးကလဲ ဆင်းရဲသား ရပ်ကွက်ထဲမှာ ကို။
အဲ … ပန်းတနော် တို့၊ ရွှေလောင်းတို့၊ မအူပင်တို့ဘက်က လာတဲ့ ကိုင်းငရုတ်ရှည်ဆိုကျတော့ ကျွန်းကလေး ငရုတ် ထက် ဈေးသက်သာတယ်။ တပိဿာခေါင်းမှာ နှစ်ကျပ် နှစ်ကျပ်ခွဲအထိ သက်သာတယ်။ ပြီး ငရုတ်ရှည်ချင်း လဲ တူတယ်။ အရောင်ချင်းလဲ တူတယ်။ အခွံထူ တဲ့အတွက် ပိုပြီးတော့တောင်မှ တွက်ခြေ ကိုက်သေး တယ်။ ဒါပေမယ့် စပ်တဲ့နေရာကျတော့ ကျွန်းကလေးကို မမီဘူး။ ငရုတ်ရှည်ချင်း တူပေမယ့် အစပ် ချင်း မတူဘူး။

ပြောရအုံးမယ်။ မြန်မာ ကတော့ ငရုတ်ရှည်ထက် ငရုတ်ပွ ငရုတ်ပုကို ပိုပြီး ကြိုက်ကြတယ်။ ငရုတ်ရှည်ထဲမှာ ကုလားအော်သီး ထက် နည်းနည်းပဲ ပိုကြီးတဲ့ ကျွန်းကလေး ငရုတ်က နာမည်ကြီး သလို၊ ငရုတ်ပုထဲမှာတော့ ဆင်ဖြူကျွန်း ငရုတ်ပု က နာမည်ကြီးတယ်၊ ငရုတ်ထဲမှာတော့ ဈေးအကြီးဆုံး၊ အဖိုးအတန်ဆုံး ငရုတ်ပေါ့။ ရှားကလဲ ရှား ပါဘိသနဲ့။ သည့်အတိုင်းကို လှနေတဲ့ ငရုတ်သီးဆိုတော့လဲ ဘယ်သူက လှော်ထောင်း ရောင်း ပါတော့မလဲ။
မမှင်တို့လဲ ဆင်ဖြူကျွန်း ကိုတော့ မကိုင်နိုင်ပါဘူး။
ကျွန်းကလေး ငရုတ် ဆိုရာမှာတောင် တကယ်တမ်းကျတော့ ကျွန်းကလေး ငရုတ်ချည်း မကိုင်နိုင် ဘူး။ ဈေးပေါ တဲ့ ရမည်းသင်း ပျော်ဘွယ်ငရုတ်ရှည်ကိုပါ ရောဝယ် ရသေးတယ်။ ကျွန်းကလေး နှစ်ပိဿာဝယ်ယင် ပျော်ဘွယ် တပိဿာ ၀ယ်ရော ရတယ်။

သည်မှာလဲ ပြောရအုံးမယ်။ ငရုတ်သီးဆိုတာ စပ်တယ်၊ နီတယ်လို့ ဆိုပေမယ့်၊ ငရုတ်သီးတိုင်း စပ်တာ မဟုတ် ဘူး။ စပ်တဲ့ အဆင့်ချင်း မတူဘူး။ စပ်ပုံစပ်နည်းချင်းလဲ မတူဘူး။ ခုဆိုယင် ဘာတွေဘယ်လို ဖြစ်ကုန်တယ် မပြောတတ် ဘူး။ သံဈေးမှာဆိုယင် ငရုတ်သီးစိမ်း အချိုတောင် ရှိနေပြီ။ ပွပွကြီး တွေ။ ပုစွန်တို့ ဂဏန်းတို့ကို အဆာ သွပ်ပြီး ကြော်စားကြသတဲ့။ မှတ်ကရော။
ပြီးတော့ နီ ရာမှာလဲ ငရုတ်သီးတိုင်း မနီဘူး။ ဖလံဆိုတာ ရှိတယ်။ အရောင်ကျွတ်သွားတဲ့ ငရုတ်သီး ဆိုပါတော့။
ငရုတ်သီးခြောက် ဆိုတာ ငရုတ်ပင်က ခူးပြီး အခြောက်လှန်းထားတာ မဟုတ်ဘူး။ ငရုတ်ပင်က ခူး။ ပြီးတော့ မှ ရေနွေးပွက်ပွက်ဆူထဲမှာ စကာကြီးတွေနဲ့ ထည့်ဖြောလိုက်ရသေးတယ်။ အဲ … ရေနွေး ထဲက ဆယ်ပြီးတော့ မှ နေပူမှာ လှန်းရတာ။

ပြဿနာက နေပူလှန်းထားတုန်း၊ မခြောက်ခင်မှာ မိုးရွာလဲ ရုပ်လို့ မရဘူး။ မိုးရွာလာယင်လဲ မိုးရည်ထဲ ပစ်ထားလိုက် ရတယ်။ မထူးဘူးလေ။ မိုးရည်စိုယင်လဲ အရောင်ကျွတ်ပြီး ဖလံ ဖြစ်မှာပဲ။ မိုးရည်မထိယင်လဲ မူလကတည်း က မခြောက်သေးတော့၊ သိမ်းလိုက်တဲ့တိုင်အောင် ဖလံ ဖြစ်မှာ ပဲ။
ငရုတ်မှန် ယင် ဖလံတော့ပါတာပဲ။ ရေများများ စုပ်သွားတဲ့ ငရုတ်တောင့်က သူများ ခြောက်လဲ ခြောက်မှ မခြောက်တော့တာပဲ။ ဖလံဖြစ်ရုံပေါ့။
ဖလံ ဆိုတာ ဘယ်သူမှ မသုံးချင်ဘူး။ အဲသည်တော့ ဖလံလဲ ဖယ်မပစ်နိုင်ဘူး။ ရောရောင်းရတာပဲ။
အဲ … ဖလံများယင် ဈေးသက်သာတယ်။ မမှင်ကတော့ မလွှဲသာမရှောင်သာမှပဲ ဖလံများတဲ့ ငရုတ်ကို ၀ယ်တယ်။ ဖလံများတော့ လှော်ပြီးရောင်းတဲ့အခါမှာ အရောင် သိပ်မလှဘူး။ သိပ်မလှ ဘူးဆိုတာ သိပ်မနီတော့ နီအောင် ဆေးဆိုး ပေးရတယ်။ အရောင်တင်တယ်လို့ ခေါ်တယ်။

မမှင်က ပြောတယ်။ ပထမဆုံး မှာ အကြံအဖန်တွေ မလုပ်နဲ့အုံး။ ပန်းထိမ်မတတ်ခင် ရွှေခိုးမသင် နဲ့ အုံးပေါ့။ ဖောက်သည် ရအောင် စုအုံးတဲ့။
ပြီးတော့လဲ သည်ဈေး မှာက အရောင်လှဖို့ နီဖို့ထက် စပ်ဖို့ ဈေးသက်သာဖို့က ပိုအဓိက ကျတယ်တဲ့။
သည်တော့ မငွေမ လဲ ကျွန်းကလေး ငရုတ်ရှည်နှစ်ပိဿာနဲ့ ရမည်းသင်း ပျော်ဘွယ်ငရုတ်ရှည် တပိဿာပဲ ၀ယ် လိုက်တယ်။
ကျွန်းကလေး ငရုတ် က ၀ယ်ရင်းဈေး ရှစ်ကျပ် ရှိတယ်။ ပျော်ဘွယ်ငရုတ်က ခြောက်ကျပ်။ သုံး ပိဿာပေါင်း နှစ်ဆယ့်နှစ်ကျပ် ကျတယ်။ လှော်ခက တပိဿာ တကျပ်။ ထောင်းခက တပိဿာ တကျပ်။ ဆိုတော့ စုစုပေါင်း နှစ်ဆယ့်ရှစ်ကျပ်။ လမ်းစရိတ်မပါသေးဘူး။ အလျော့တွက် ကလဲ ရှိသေးတယ်။ ထားပါတော့ သုံးဆယ်။ တပိဿာ ကို တဆယ်ကျ နေပြီ။
ပြန်ရောင်းတော့ တဆယ်သား နှစ်ကျပ်။ တပိဿာနှစ်ဆယ်။ ရောင်းရသမျှငွေရဲ့ ထက်ဝက်က အမြတ်ပဲ။ မမှင်ကတော့ တနေ့တနေ့ နှစ်ပိဿာခွဲ သုံးပိဿာအထိ ကုန်တယ်ပြောတာပဲ။ မလိုပါဘူး။ တနေ့တပိဿာပဲ ကုန်ပါအုံး။ ဈေးဖိုး တဆယ် ရနိုင်တယ်။

ညှော်နံ့က လေအဝှေ့မှာ သင့်လာတယ်။ မငွေမ ဖီနိုးကို လက်ဆွဲပြီး ညှော်နဲ့ဝေးရာကို ထွက်ခဲ့ တယ်။
မလိုပါဘူး။ မထူးစေနဲ့နော်၊ တူးယင် ခါးကုန်မယ်၊ မည်းကုန်မယ်၊ ကြေကုန်မယ်၊ အစပ်ပေါ့သွား မယ်၊ ဘာမှ ပြော စရာ မလိုပါဘူး။ စောင့်ကြည့်နေဖို့လဲ မလိုပါဘူး။ သူတို့ကတောင်မှ ကိုယ့်ထက် ပိုပြီး နားလည်လိမ့်အုံးမယ်။
လှော်တဲ့လူတွေကလဲ လှော်နိုင်တယ်။ ထောင်းတဲ့ မောင်းတွေကလဲ ထောင်းနိုင်တယ်။ မငွေမ ကတော့ ငရုတ်သီး မှုန့်သာ ရောင်းကြည့်မယ်ကြံတာ။ ညှော်နံ့ကိုတော့ အကြောက်သား။ ပြီး ဖီနိုး အတွက်က ပိုအရေးကြီး တယ်။ အနာတွေ ယဉ်းကုန်မယ်။ ဖျားနာမယ်။
ဆေးခန်းပြမှ၊ ဆရာဝန်နဲ့ကုသမှ အနာပျောက်မယ်ဆိုယင်တော့ ဒုက္ခ။ ဒေသန္တရဆေးခန်းကို သွားယင် ဖြစ်တယ်ထား။ စရိတ်ကလဲ ရှိသေးတယ်။ ပြီး အချိန်ပုပ်မယ်။ အချိန်ရှိခိုက် လုံ့လ မစိုက်နိုင်ယင် ၀မ်းစာ အတွက်က အခြေအနေဆိုးမယ်။

မငွေမတို့ မိသားစု ငါးယောက်ထဲမှာ ၀င်ငွေမရှိတာကလဲ အကြီးမ ခက်မြင့်နဲ့ ခု အငယ်ဆုံးကောင် ဖီနိုး။
ခက်မြင့် က ကျောင်းသူ။ သည်နှစ် ရှစ်တန်း ဖြေရမယ်။ ဒါပေမယ့် မငွေမ စိတ်ကူးထားပြီးသား။ မထူးဘူး။ သည်နှစ် ကုန်ယင် ကျောင်းနုတ်မယ်။ ဆက်ထားနိုင်ဖို့လဲ အခြေအနေက မပေးဘူး။ လက်တွဲပြီး ဈေးရောင်း ခိုင်းရမယ်။
ခက်မြင့်ကို ကျောင်းက နုတ်လိုက်ရမယ်ဆိုတော့ မငွေမ ရင်နာမိတယ်။ မိန်းကလေးကလဲ မိန်းကလေးမို့ ပညာတော့ တတ်စေ့ ချင်တယ်။ သင်နိုင်သမျှ သင်ထားစေ့ချင်တယ်။ ဖြစ်နိုင်ယင် ပညာနဲ့ အေးအေး သက်သာ ထမင်းစား ရစေ့ ချင်တယ်။ ဒါပေမယ့် အခြေအနေက မပေးတော့ဘူး လေ။
အလတ် နှစ်ကောင် အတွက်ကတော့ မငွေမ မပူဘူး။ ယောက်ျားကလေးတွေကလဲ ဖြစ်ပြန်တယ်။ ပညာမတတ် လဲ နေပလေ့စေတော့။ ကိုယ်ကာယနဲ့ ခွန်အားကို အားကိုးအားထားပြုပြီး ထမင်း စားနိုင်တယ်။ သူတို့ကိုလဲ ကျောင်းကတော့ ဘယ်နုတ်ချင်ပါ့မလဲ။ ဒါပေမယ့် ယောက်ျား ကလေးတွေ ဆိုတာ က ဒေါင်လိုက်ကျကျ၊ ပြားလိုက်ကျကျ။

မငွေမ စဉ်းစားနေလိုကတာ တမေ့တမော။ ဖီုးကလက်ကို လာဆွဲလှုပ်ပြီး ခေါ်တော့မှ အာရုံ ကို ပြန်စုစည်းမိတယ်။
ငရုတ်သီး လှော် လို့၊ ထောင်းလို့ ပြီးပြီတဲ့။ ပလတ်စတစ်အိတ်ကြီးနဲ့ ထည့်လို့။ နောက်ပြီးတော့ ကြိမ်လက်ဆွဲခြင်း ထဲမှာ။
ညနေဈေး မှာ ရောင်းလို့ မိသေးတယ်။ ပြေးနိုင်ယင် အချိန်ရသေးတယ်။
ခရီးက နီးတော့ နီးလှတယ် မဟုတ်ဘူး။ ဘတ်စ်ကား နှစ်ဆင့် စီးရမယ်။ ပြီး လမ်းလျှောက်ရအုံး မယ်။ ဈေးခြင်းတောင်း က တဘက်။ သားငယ်က တဘက်။
မငွေမ ဘတ်စ်ကားဂိတ် ရှိရာကို အပြေးလာခဲ့တယ်။
ခက်မြင့်ရဲ့ ခြေလှမ်းတွေက လေးနေတယ်။ မလှမ်းချင့် လှမ်းချင် လှမ်းလာတယ်။ စဉ်းစားစရာတွေ က ခေါင်းနဲ့ အပြည့်။ ခံစားရတာက ရင်နဲ့အပြည့်။

ရှေ့က လျှောက်သွားနေတဲ့ မေမြရည်ထွန်းနဲ့ သူဇာမျိုးတို့ကို လှမ်းကြည့်ပြီး ခက်မြင့် မျက်ရည်ဝဲ မိတယ်။
ရှေ့ကသွားနှင့် တဲ့ မေမြရည်ထွန်းနဲ့ သူဇာမျိုးတို့အပေါ်တော့ ခက်မြင့် ဘယ်လိုမှ သဘောမထားပါ ဘူး။ ပြိုင်ဘက် လို့လဲပဲ မယူဆဘူး။ တုဘက်လို့လဲပဲ မယူဆဘူး။ ဒါပေမယ့် ခက်မြင့် သိတယ်။ သည်နှစ်ယောက်က ခက်မြင့် ကို မနာလိုဝန်တို ဖြစ်နေကြတဲ့ နှစ်ယောက်။
ခက်မြင့် စာတော့  ကြိုးစားတယ်။ ဘ၀က နုံချာတယ်။ ဆင်းရဲတယ်။ အများသူငါလို ကျူရှင်လဲ မယူနိုင်ဘူး။ သည်တော့ ခက်မြင့်ကျောင်းမှာ ဆရာပြတဲ့အခါ အလေးဂရုပြုတယ်။ အိမ်ပြန်ရောက်တော့ ကျက်မှတ်လေ့လာ တယ်။

လပတ်တွေမှာ ခက်မြင့်က ပထမ။ တခါတော့ တတိယဖြစ်သွားခဲ့ဖူးတယ်။ အဲသည်တုန်းက မိခင် မငွေမ နေမကောင်းဖြစ်နေလို့။ အိမ်ဗာဟီရအလုပ်တွေကြောင့် ခက်မြင့် စာကျက်ချိန် နည်းသွားတယ်။
အဲဟိုနှစ်ယောက် ကတော့ ကျူရှင်လဲယူတယ်။ အိမ်မှာလဲ မသိယင် မေးလို့စမ်းလို့ ရတယ်။ ဖြစ် တယ်။ ပြပေးနိုင်တဲ့ သူရှိတယ်။ ဖအေ့ကိုမေးမေး မအေ့ကိုမေးမေး ဖြစ်နိုင်တာချည့်ပဲ။ ယုတ်စွအဆုံး၊ အစ်ကို အစ်မတွေကို မေးအုံးမလား။ ဖြစ်တယ်။
ဒါပေမယ့် ခက်မြင့် ကို ကျော်လွှားပြီးတော့ အဆင့်မတက်နိုင်ဘူး။ အဲ...မငွေမနေမကောင်းတဲ့ လ ကတော့ မေမြရည်ထွန်း က ပထမ။ သူဇာမျိုးက ဒုတိယ။ ခက်မြင့်က တတိယ။
ဘယ်လို မှန်း မသိဘူး။ ခက်မြင့်ဆရာမ သိပ်ဖြစ်ချင်တယ်။ ကလေးတွေကို စာပြပေး နေရယင် ခက်မြင့် သိပ်ပျော် တယ်။ လမ်းထဲက ကလေးလေးယောက်ကို ခေါ်ခေါ်ပြီး စာပြပေးရတာ အမော။ လက်ထဲပိုက်ဆံရှိယင် ပဲလှော် ၀ယ်ကျွေး လိုက်သေးတယ်။ ပဲလှော်မကျွေးနိုင်ယင်လဲ ရေအိုးထဲက ရေကတော့ တ၀တ်ကျမြဲပဲ။

စာတော်ပေမယ့်၊ စာကြိုးစား ချင်ပေမယ့်၊ ခက်မြင့်ကျောင်းထွက်ရတော့မယ်။ သိထားပြီးသား။ မိခင်မငွေမ ကပြောပြ ထားပြီးသား။ ရှစ်တန်းတော့ ဖြေလိုက်ချင်သေးတယ်။ အမေရယ်ဆိုလို့ အစွမ်းကုန် လိုက်လျော လိုက်တယ်။ ဖြေချင်လဲဖြေ။ ကျလဲပဲ ကျောင်းထွက်။ အောင်လဲပဲ ကျောင်းထွက်။
ကံအကြောင်း တရားပဲ လို့ ခက်မြင့် ဆုံးဖြတ်လိုက်တယ်။ ဖြစ်ချင်သလိုမှ မဖြစ်ပဲ။ သူ့အကျိုးပေးနဲ့သူ လာတာ။
မေမြရည်ထွန်း တို့နဲ့က တခြားစီ။ နောက်ခံတောင့်တင်းပြီးသား။ မုန့်ဟင်းခါးဖိုကြီးကို ဟည်းလို့။ တနေ့ တနေ့ ရောင်းရတာ ကလဲ မပြောနဲ့ ၏။ တနေ့တနေ့ မြတ်လိုက်တာကလဲ မပြောနဲ့။
ဝီရိယ ကိုသာ တုပြိုင်လို့ ရကောင်းမယ်။ အကျိုးပေးကိုတော့ တုပြိုင်လို့ မရဘူး။ ခက်မြင့် သည်လိုပဲ ကောက်ချက်ချ လိုက်တယ်။
သူဇာမျိုး ကို ကြည့်အုံးမလား။ မိဘက ကုံလုံပြီးသား။ သဲတင်ကားတစီး ရှိတယ်။ ဘက်စ်တစီး ရှိတယ်။

သည်နှစ်ယောက် ကတော့ ရေကန်အသင့် ကြာအသင့်။ အခြေအနေပေးတယ်။ ရည်မှန်းထား သလောက်ရောက်နိုင် တယ်။
ခက်မြင့် မှာကတော့ မဟုတ်ဘူး။ လမ်းခွတ်လတ်ကနေ ရပ်ရတော့မယ့် အခြေအနေ။
အိမ်ပြန်ရောက်တော့ မှပဲ ခက်မြင့်ရဲ့ အတွေးက ရပ်တယ်။
သော့မခတ် ပဲ စေ့ရုံစေ့ပြီး၊ တုတ်ချောင်းကလေးကို ပတ်တာကွင်းထဲ သွင်းထားတဲ့ တံခါးရွက်ကို ဖွင့်တယ်။ အိမ်ထဲ ၀င်လိုက်တယ်။
ခက်မြင့်တို့ အိမ်က နှစ်ခန်းတွဲ။ ခက်မြင့်တို့က ခြေရင်းခန်း။ ခေါင်းရင်းခန်းမှာက မုဆိုးမ မညိုနဲ့ သမီး ပျိုနှစ်ယောက် နေတယ်။ ဒါပေမယ့် ခြေရင်းနဲ့ခေါင်းရင်း အဆင်မပြေဘူး။ ရှားစောင်းစေးနဲ့ မျက်ချေး။
ခက်မြင့် လွယ်အိတ်ကို နံရံမှာချိတ်တယ်။ မီးဖိုချောင်ထဲဝင်လိုက်တယ်။

ထမင်းတအိုးတော့ ချက် ထားရမယ်။ ဘာပဲပြောပြော ပြန်လာကြယင် ဆာမယ်။ ပြီးတော့ ခက်မြင့်မှာက သည် အလုပ်လောက်ပဲ ရှိတာ။ မောင်ငယ်နှစ်ယောက်ကလဲ ငွေရှာထွက်နေကြတာ။
စိတ်ကူး တာကတော့ မီးမွှေးပြီး ဆန်ဆေးမယ်။ ပြီးတော့ ထမင်းအိုးတည်ထားခဲ့မယ်။ ထမင်းအိုး မဆူသေး ခင် ရေသုံးလေးခေါက်လောက် ပြေးဆွဲလိုက်မယ်။
မီးမွှေးမယ် လုပ်မှ ထင်းက မရှိပြန်ဘူး။ ရှိတာကလဲ ကျွန်းကာဘာ သားကလေး နှစ်ချောင်းတည်း ရယ်။ တရှိန်တိုးတောက်ပြီး တခဏချင်း မီးခဲဖြစ်သွားမယ့် အခြေအနေရှိတယ်။ မီးခဲဘ၀မှာလဲပဲ ကြာကြာနေမှာမှ မဟုတ် ပါ။
ခက်မြင့် အကြံရ ကျပ်သွားတယ်။
စေတနာ ထားတာကလေးတွေကတော့ ရောင်ပြန် အဟပ်သားပဲ။
မောင်ပိန် ဆိုတဲ့ ကောင်ကလေး ရောက်လာတယ်။ ခက်မြင့် စာပြမေးနေတဲ့ တပည့်ကလေး။ အိမ်ရှေ့က အသံလာပေးနေ တယ်။ ခက်မြင့် အသံပေးလိုက်တော့ အိမ်ပေါ်တက်လာ တယ်။ နောက်ဘေး အထိ ရောက် လာတယ်။

မောင်ပိန် က အခြေအနေကို သိတယ်။ သူ့ဆရာမ ခက်မြင့် အကြံအိုက်နေပုံရတာကို သဘောပေါက်သွားတယ်။ ခဏနော် ဆရာမ ဆိုပြီး ပြေးဆင်းသွားလေရဲ့။
ပြောတဲ့ အတိုင်း ခဏဆို ခဏပဲကြာတယ်။ မောင်ပိန်ပြန်ရောက်လာတယ်။ လက်ထဲမှာလဲ ထင်းချောင်းလေး ငါးချောင်း ပါ လာတယ်။
'မောင်ပိန် ရယ်...ဘာလို့ သွားယူလာရတာလဲ၊ နင့်အမေ မဆူဘူးလား'
'မဆူပါဘူး ဆရာမ၊ ဆရာမ က ကျွန်တော်တို့ကို အလကား စာသင်ပေးနေတာလေ'
ခက်မြင့် သက်မ ချမိတယ်။ ဘာပဲဖြစ်ဖြစ် ထမင်းတအိုးစာကတော့ ထင်းကိစ္စပြေလည်သွားပြီ။
မီးကို အလျင်မွှေး လိုက်တယ်။ ပြီးတော့မှ ဆန်အိုးထဲက ဆန်ကို ခြစ်ခြုတ်ပြီး ခပ်တယ်။ ပထမ ဗူး ဝက်သာသာ ရတယ်။ နောက်တခါ ဖင်ကပ်။ ဘယ်လိုပဲခြစ်ခြုတ်ပြီး ခပ်ခပ်၊ ထပ်ပြီး ထွက်စရာ မရှိ တော့ဘူး။ ရှိသလောက်ပဲ ထွက်တော့ မှာပေါ့။ စိမ့်ပြီး ထွက်နေ ရအောင် စမ်းရေမှလဲ မဟုတ်တာ။

စစ်စစ်ပေါက်ပေါက် ရလိုက်တာက တဗူး မောက်မောက်ပဲ ရှိတယ်။ ဆန်အိုးထဲမှာ ဆန်ကုန်ပြီ။
သည်အိမ်ထောင်စု မှာက တနပ် ကို လေးလုံးခွဲမှပဲဖြစ်တယ်။ ခု မလောက်ဘူး။
ချေးရအောင် ကလဲ သူလိုကိုယ်လို လူတွေချည်းပဲ။ ခေါင်းရင်းခန်း ဆိုတာကတော့ ချေးဖို့ငှားဖို့ မပြောနဲ့၊ အလကားနေယင်းတောင် ရန်ထောင်နေတာ။
ချေးဖို့ ကို ကတာ့ ခက်မြင့်ကလဲ စိတ်မကူးပါဘူး။ မရှိယင် ရေသောက်ဗိုက်မှောက်လို့သာ နေလိုက် ချင်တယ်။ ပြောစရာဖြစ်မယ်။ ပြန်ဆပ်နိုင်တယ်ပဲလား။ ပြန်ဆပ်လိုက်ပြီပဲထား။ တသက်လုံး ပြော လို့ဆုံးချင်မှ ဆုံးမယ်။ လူ့ပါးစပ်ပေါက်ဆိုတာ ပိတ်ရခက်တယ်လို့ ခက်မြင့် နားလည် ထားတယ်။ ကောင်းပြီး ကောင်းလျက် ကနေ တော်ကြာ ဖောက်ပြန်ချင် ဖောက်ပြန် တတ်တာမျိုး။
မငွေမ ကတော့ အချေး အငှား ဝါသနာပါတယ်။ သူ့ရှိလဲ လက်တွန့်မနေဘူး။ သူ့မှာလိုယင်လဲ  ပါးစပ်မတွန့်ဘူး၊ သည် အတွက် နဲ့ ခက်မြင့် စိတ်ဆင်းရဲခဲ့ရပေါင်းလဲ များပြီ။
အခြေ အနေ ကို မောင်ပိန် ရိပ်မိသွားတယ်။ အိမ်ပေါ်က ပြေးဆင်းမယ် လုပ်တယ်။ ဒါပေမယ့် ခက်မြင့်က ဟန့် လိုက်တယ်။ မောင်ပိန် မသွားသာတော့ဘူး။

ခက်မြင့် စဉ်းစားထားပြီးသား။ မရှိရှိတာကို ချက်နှင့်မယ်။ အရေးကြီးတာက အလတ်ကောင်နှစ် ကောင်။ ပင်ပန်း လာမယ်။ ဆာလာမယ်။ မျှတပြီး စားနှင့်ကြပလေ့စေ။
အငယ်ကောင် ဖီးနို ကတော့ အမေနဲ့ပါသွားတော့ ဘာပြောပြော မုန့်စားရမယ်။ အခြေအနေဆိုး ရွားနိုင်စရာ မရှိဘူး လို့ ခက်မြင့်တွယ်မိတယ်။
ခက်မြင့် ဆန်ဆေးပြီး မီးဖိုပေါ်တင်ထားလိုက်တယ်။
မောင်ပိန် ကို သင်္ချာအတွက် ခိုင်းထားလိုက်တယ်။ မီးဖိုချောင်ဘက်လဲ လှမ်းလှမ်းကြည့်ပေးဖို့ မှာ တယ်။ ပြီးတော့ အဝတ်အစားဟောင်း လဲပြီး ကျောင်းဝတ်ထဘီနဲ့ အင်္ကျီကို သပ်သပ်ရပ်ရပ်က လေး ခေါက်တယ်။
ကျောင်းဝတ်စုံ ဆိုလို့ တစ်စုံတည်းပဲရှိတယ်။ နွမ်းပြီ။ ဟောင်းပြီ။ ဒါပေမယ့် ကျောင်းတက်ရမှာကလဲ ဘာလိုတော့တာ မှတ်လို့။

ဆက်ရန်
.

2 comments:

Anonymous said...

ရင့်ကို နင့်သွားတာပဲဗျာ... အဲလိုပဲ စာတော်ပြီး ကျောင်းမတက်ရခဲ့တဲ့ ကလေးအရေအတွက် ဘယ်လောက်များ ရှိနေမလဲဆိုတာ တွေးကြည့်မိတယ်..

Anonymous said...

အလကားရပါတယ်ဆိုပီး ရေးထားတဲ့ စာရေးဆရာမ ဒါလေးလာဖတ်စေချင်လိုက်တာ......

ဒါတောင် အခြေခံအဆင့်ပဲရှိသေးတယ်နော်...