“ ဟေ့ ... မြလှိုင် ...၊ မင်း စာရင်းမှာ ပေးထားတဲ့ နာမည်တွေ ငါ့ကို ဖတ်ပြစမ်းပါဦး ”
“ကျော်လှ၊ ကျော်သိမ်း(အလင်းဝင် ဗကပ)၊ စိန်လှိုင် (ယခုကိုဌေးမြိုင်၊ ရုရှားသံရုံး)၊ ခင်ညွန့် (ယခု ဦးညွန့်ဝေ၊ စက္ကူကုန်သွယ်ရေးရုံးချုပ်) သိန်းဟံ (ယခု ရွှေညောင်-အငြိမ်းစားဗိုလ်ကြီး)၊ ကိုပါစိန် (ကွယ်လွန်-လေထီး အုန်းမောင်၏ အစ်မ ခင်ပွန်း၊ ကျောင်းဆရာ)၊ ကိုအောင်သန်း (ကျောင်းဆရာ) ၊ ကျော်သန်း (ကွယ်လွန်၊ ကျုံကူ သူကြီး)၊ ကိုတင်အောင် (ကျဆုံး)၊ ကိုသောင်းအိ (ကျဆုံး-ဖက်ဆစ် တော်လှန်ရေးတွင် အသတ်ခံရသူ) အားလုံး ၁၀ ယောက်ရှိတယ် ”
“အေး ... ငါ့ဆီမှာလဲ ၇ ယောက်လောက်ရှိတယ်၊ တို့အားလုံး မြေအောက်တော်လှန်ရေး လုပ်ကြတော့ မှာ ဆိုတော့ သခင်မြမောင် နဲ့ သခင်ဘကျော့တို့ကို အစည်းအရုံးမှာ အမြဲရှိနေဖို့ မှာခဲ့ချင်တယ် ” ကို ဆက်ဖတ်ရန် ..........
ရှုမ၀၊ တွဲ ၃၄၊ မှတ် ၄၀၃၊ ဒီဇင်ဘာ၊ ၁၉၈၀။
ကိုဝက်ကြီးကတော် မခွေးမသည် တုံးလုံးလှဲ၍ ရင်ရှားထားသော လုံချည်ကို ဖြေ၍ အငယ်ကောင် ကို နို့တိုက် လျက်ရှိပါသည်။ လက်တစ်ဘက်က ပွယောင်းယောင်း ဆံပင်ထဲသို့ လက်နှိုက်လျက် သန်းရှာနေ သည်။ ကျွန်တော် သည် အသံမပြုဘဲ မခွေးမကိုကြည့်၍ ကမ္မဋ္ဌာန်းထိုင်ချင်သော စိတ်များပင် ပေါက်မိ ပါတော့သည်။ လှပကြော့ရှင်း ပျိုမြစ်နုနယ်သော မိန်းကလေးတစ်ဦးကိုကြည့်၍ တရားမရနိုင်သော်လည်း အရိုးပြိုင်းပြိုင်း ကိုယ်ဝတ် ပင် ၀တ်မထားသော မခွေးမကို ကြည့်ရသည်မှာ တရားရဖွယ်ဖြစ်သည်။ ကိုဝက်ကြီးနှင့် မခွေးမတို့နှစ် ဦးမှ မွေးဖွားပေါက်ပွားနေကြသည်မှာ ကလေး ၃-၄ ယောက်ခန့် ရှိကြပါသည်။ အကြီးဆုံး မိန်းကလေး သည် ၁၀-နှ်သမီးခန့်ရှိ ၍ သူသည်ပင် အိမ်၏ ဗာဟီရတို့ကို လုပ်ရသည်။ ညိုညစ်နေသော ရှင်မီးအင်္ကျီ မှာ လက်နှီးစုတ် သာသာမျှဖြစ်သည်။ ကျန်ကလေးများမှာ ကိုယ်လုံးတီးကလေးများနှင့် လမ်းအလယ် တွင်ဆော့ကစား လျက်ရှိကြသည်။
“မခွေးမ”
“အမေ့ ... ကလု ကလု ... လန့်လိုက်တာ ... မောင်မောင်ရယ်၊ မှန်းဘယ်ကလာလဲ”
“ခင်ဗျားရဲ့ ဟာကြီးရော”
“ဟာကြီးလား ... စောစောက ရှိတယ်၊ ဟော ... ဟိုမှာ လာနေပြီ”
ကိုဝက်ကြီး သည် သူ့သွားမည်းသွားချေးဗရပျစ်ကြီးကို တအားဖြဲ၍ အဝေးကပင် ရယ်မောလာနေသည်။ ကျွန်တော့် လက်ထဲမှ မုန့်ထုပ် ကို မခွေးမလက်ထဲသို့ ထည့်လိုက်ရင်း ထိုင်စရာ ရှားရှားပါးပါး ထင်းရှူးပုံး အလွတ်ပေါ် တွင် ထိုင်ချ လိုက်သည်။
“ဟေ့ကောင်ကြီး ... မင်း ရန်ကုန်ပြန်ရောက်လာပြီးမှ ငါ့ကို တစ်ခါမှ ဆပ်ပလိုင်းမလုပ်သေးပါလားကွ၊ မှန်း ခု ဘယ်က လာသလဲ၊ ဘယ်သွားမလို့လဲ”
“ဒါတွေ ထားစမ်းပါဦး ... ခင်ဗျားအလုပ် ဘာလို့မဆင်းတာလဲ၊ ဦးဘိုးဆောင်ကြီးက ခင်ဗျားအလုပ် မဆင်းတာ ၂ ရက်ရှိပြီ တဲ့၊ နောက်ပြီး သူ့ဆီက ငွေ ၃ ကျပ်လည်း ကြိုယူသွားတယ်ဆို၊ သူ့ဆန်စား ရဲမှတဲ့ဗျ၊ ခင်ဗျားက အရက်လောက် တလောက လုံး ဘယ်သူ့ပေါ်မှ သစ္စာရှိမယ့် လူ မဟုတ်ဘူး၊ ကိုင်း ... အ၀တ်လဲ ... ဦးဘိုးဆောင် ဆီ ကျုပ် လိုက်ပို့မယ်”
“ဟုတ်သားပဲ၊ တော် အလုပ်မသွားတာ ၂ ရက်ရှိပြီ၊ လိုက်သွားပါတော်”
“မြလှိုင် ... မင်းမသိပါဘူးကွာ၊ ငါမသွားတဲ့အကြောင်း ပြောပြဦးမယ်၊ ဒီအဘိုးကြီးက နားကလည်းလေး မယားကလေး ကလည်း အသက်ငယ်၊ သ၀န်တိုလိုက်တာလဲ မပြောပါနဲ့တော့၊ တစ်နေ့က မနက်အစောကြီး သူဌေး ကိုအုန်းခင်ယောက်ဖ ခင်မောင်အုန်း နဲ့ သူ့မယားမြခင်နဲ့ စကား ပြောနေတာတွေ့တယ်တဲ့ကွ၊ အဲဒါ သူ့မယား ကို မျောက်မွေးတယ် ဆိုပြီး ခင်မောင်အုန်း နဲ့ သမုတ်ပြီး နှင်ချတယ်၊ တကယ်က သူ့အနေနဲ့ တပ်တပ် မတ်မတ် ဘာမှလဲ တွေ့တာမဟုတ်ဘဲ၊ စကားပြော တာလေးနဲ့ ခုလိုသမုတ်ပြီး နှင်ချတယ်ဆိုတော့ မလွန်ဘူးလား ကွ”
“သူ့အကြောင်းနဲ့သူ ရှိမှာပေါ့ဗျ၊ ဒါနဲ့ခင်ဗျား အလုပ်မဆင်းတာနဲ့ ဘာဆိုင်လဲဗျ”
“ဆိုင်တာပေါ့ ကွ၊ အဲဒီမနက် ငါလည်း ခုံပေါ်ရောက်ရော အဘိုးကြီးက ၀က်ကြီး မြခင်ကို ငါအိမ်ပေါ် က နှင်ချလိုက်ပြီ တဲ့ ... ဘိလိယက်ခုံလည်း ရောင်းမယ် ... မင်းလည်း အလုပ်ရှာတော့လို့ ပြောတယ်၊ နောက်ပြီး ငါဖွင့်ထား တဲ့ တံခါးတွေ အကုန်လိုက်ပိတ်တော့တာပဲကွာ၊ ကိုင်း ဒီတော့ ငါ ဘာလုပ်ရမလဲ မြလှိုင်ရ၊ အဘောက်တမ်း ဆိုပြီး ... အရက်ဆိုင် တန်းသွားတော့တာပေါ့ ... ဟား ... ဟား ... မနပ်လား”
“ထားပါတော့ ဗျာ၊ ကျုပ်ကို အခု ၀က်ကြီး ခေါ်ပေးစမ်းပါဆိုလို့ လာခေါ်ပေးတာ၊ လာ လိုက်ခဲ့ ... ကျွန်တော် လည်း ဘိလိယက် ထိုးချင်တယ်”
“အေး ... လိုက်ခဲ့မယ်ကွာ၊ ခု ငါလိုက်တာ ကိုဖိုးဆောင်အတွက် မဟုတ်ဘူး၊ ငါ့ကျေးဇူးရှင် ဒကာတော် ရေမြေ့ရှင် ကလေး မြလှိုင် ဆိုတဲ့ ကောင်အတွက်ကွ၊ နေဦးဟေ့ ခွေးမ ... မြလှိုင် ဆီက ဈေးဘိုး တစ်မတ် တောင်းထားလိုက်စမ်း ဟိတ် ကြားလား ...ကစော်ဝက်ကြီး ရဲ့ လေဒီ ... မခွေးမလေးရဲ့ ဟွန့်ဟွန့်”
ကျွန်တော် သည် ဤကာလ၀လိယ ဇနီးမောင်နှံကို ကြည့်ရင်း ပြုံးမိသည်။ ဆင်းရဲလိုက်သည့် အဖြစ် မှာလည်း ညနေစာချက်စရာ ပင် မရှိလောက်အောင်ပင်ဖြစ်ပါသည်။ ထိုသည်ထဲမှ ပူပင်ကြောင့်ကြမှု ကင်းစွာ နေနိုင်ခြင်း တို့အတွက် ချီးကျူးဖွယ်တစ်ရပ် ဟု ထင်မှတ်ရပါလေသည်။
ကျွန်တော် သည် ကိုဝက်ကြီးပြောသည့် ပိုက်ဆံတစ်မတ်ကို မခွေးမအား ပေးလိုက်သည်။ ကလေး များအား စွပ်ကျယ် အင်္ကျီကလေးများ ကိုယ်စီဝယ်ပေးရန်နှင့် သမီးအကြီးကလေးကို သရက်ထည် အင်္ကျီကလေး တစ်ထည် ၀ယ်ပေးရန် ဟုခွဲခြားပြောပြီး ငွေ ၂ ကျပ် ထုတ်ပေးခဲ့ပါသည်။ မခွေးမသည် ရစ်ဝဲနေသော မျက်လုံးအစုံဖြင့် ကျွန်တော့် ကို ကြည့်ရင်း စကားဆိုသည်။
“မောင်မောင် ... နင့်ကျေးဇူးတွေ တို့အပေါ်မှာ များလှပြီနော့၊ တို့ကတော့ နင့်အတွက် ဘာမှ ကျေးဇူး မတုံ့ပြန်နိုင်ဘူး ဟယ်”
ကျွန်တော်နှင့် ကိုဝက်ကြီး ဘိလိယက်ခုံပေါ်သို့ ရောက်သောအခါ တစ်ယောက်တစ်လှည့် မာကာ လုပ်၍ ဘိလိယက် ထိုးနေကြသော လူတစ်သိုက်ကိုတွေ့ရသည်။ ထိုလူသိုက်ထဲတွင် မြို့မစုံထောက်ကြီး ကိုအောင်သန်း ကို တွေ့လိုက်ရသည်။ ကျွန်တော်သည် ကိုအောင်သန်းအား ပြုံး၍ နှုတ်ဆက်လိုက်သည်။ ရုတ်တရက် သူ့အမူအရာကိုလည်း အကဲခတ်လိုက်ပါသည်။ အမှန်မှာ ဦးဘိုးဆောင်၏ ဘိလိယက်ခုံသည် ကာလသားပေါင်းစုံ စတည်းချရာ နေရာဖြစ်သည်။ ထိုနေရာသို့ မြို့မစုံထောက်ကိုအောင်သန်းသည် သတင်းပတင်း ယူရန် ရောက်လေ့ရှိသည်။ ယခု ကျွန်တော်သည် ကိုဝက်ကြီးကို အသုံးချလျက် မြို့မစုံထောက် ကိုအောင်သန်း ၏ အရိပ်အခြည်ကို ကြည့်ရန် ဗိုလ်ဝင်းက မှာကြားတာဝန်ပေးလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့သည် နယ်ချဲ့ တော်လှန်ရေးကို ဆောင်ရွက်နေကြပြီဖြစ်သဖြင့် ကိုအုန်းမောင် သည် တောရွာအနှံ့သွားရောက်နေရ ပါသည်။ ကျွန်တော်နှင့် စိန်လှိုင်တို့ နှစ်ယောက်သာ ပေါ်ပေါ်ထင်ထင် သွားလာလှုပ်ရှားနေခြင်းဖြစ်၍ အကြောင်းထူးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ဝင်းမှတစ်ဆင့် ဗိုလ်အောင်၊ သခင်လင်း တို့ထံ သတင်းပို့ကြ ရန် ဖြစ်ပါသည်။
“မောင်မြလှိုင် ... ကိုယ်နဲ့ တစ်ပွဲထိုးရအောင်လား”
“မြို့မ စုံထောက်ကြီးနဲ့ ထိုးရမှာ ကြောက်တယ်ဗျာ ... ဟွန်း ဟွန်း”
“မင်းလကနဲ့ ကိုယ့်လက် ရည်တူပါတယ် ...လာပါ”
“အလကားတော့ မထိုးချင်ဘူးဗျာ၊ တီးအောရောင်း ထိုးမလား ... ထိုးမယ်”
“မလုပ်ပါနဲ့ ကွာ၊ ကိုယ်က လခစား ... မောင်ရင်က သူဌေးသား ... ကိုယ်ရှုံးရင် ထိခိုက်တယ်ကွ”
“ဘက်တင်းမဟုတ်ရင်တော့ ... မထိုးချင်ဘူးဗျာ”
“ဒီလိုဆိုလဲ ထိုးမယ်လေ ... ဒါပေမယ့် ငါ့မှာ ငွေ ၃ ကျပ်လောက်ပဲ ပါတယ်ကွ”
“ကိုင်း .. ကိုဝက်ကြီး ... လူရေတွက်ပြီး အမိုးဆိုင်မှာ လက်ဖက်ရည်မှာချေ”
“အိုကေ”
ထိုနေ့က ဘိလိယက် ဘက်တင်းပွဲတွင် ကျွန်တော်ရှုံးပါသည်။ အမှတ်ချင်း အပြတ်အသတ် မဟုတ် သော်လည်း အမြဲမပြတ် ထိုးနေသော ကိုအောင်သန်းနှင့် ကျွန်တော်သည် လက်ရည်မတူဘဲ ရှိပါ သည်။
“ဟေ့ ... မောင်မြလှိုင်၊ မင်းတို့အတွဲထဲက အုန်းမောင်ကြီးတစ်ယောက် မမြင်ပါလားကွ”
ကိုအောင်သန်း သည် သူ့လုပ်ငန်းကို စတင်ပါတော့သည်။ ကျွန်တော်သည် ကိုအောင်သန်းပြော သည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာကို လှမ်းကြည့်လိုက်ရာ ပုလိပ်စုံထောက်ပီပီ မည်သို့မျှ ထူးခြား သည့်ဟန်ကို မပြဘဲ စကားရောဖောရော မေးသည့်သဘောကို ဆောင်နေပါသည်။
“ကျွန်တော်လည်း တစ်ပတ်လောက်ရှိပြီ၊ သူ့အိမ်ဘက်ကို မရောက်တာဘာဖြစ်လို့လဲဗျ ... စုံထောက်ကြီးရ”
“ဟတ် ဟတ်၊ စုံထောက်ကြီးလို့ မခေါ်ပါနဲ့မောင်ရာ၊ တို့များကို လူတွေက အလိုလို ကမှ မျက်စိ စပါး မွှေးစူးနေရတဲ့အထဲ မင်းလုပ်တာနဲ့ ခဲပေါက်ခံနေရပါဦးမယ်”
ကျွန်တော်သည် ကိုအောင်သန်း မေးမြန်းသောကိစ္စကို လမ်းလွှဲရန်တွက် ဘိလိယက်ခုံပေါ်တွင်ရှိသော တခြား အပေါင်းအသင်း များနှင့် စကားရော၍ ပြောဆိုနေလိုက်ပါသည်။ ကိုအောင်သန်းလည်း စကားဝင်ပြောချိန် မရအောင် တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် စကားမရှိ စကားရှာ ပြောဆိုနေမိပါသည်။
“မောင်မြလှိုင် ... နောက်တစ်ပွဲထိုးကြဦးစို့လား”
“ဘယ်လိုလဲ၊ တောအမဲတွေ့ပြီဆိုတ့ သဘောလားဗျ၊ စုံထောက်ကြီး”
ဇွတ်စကားပြောလာသော ကိုအောင်သန်းကို ဘုနှက်လိုက်မိသည်။ သို့သော် ကိုအောင်သန်းတစ်ယောက် အပြုံးမပျက် တစ်ပွဲနိုင်ထားလိုက်သည့်အတွက် စိတ်ပျော်ရွှင်နေပါသည်။ ကျွန်တော့်ကိုလည်း ဘိလိယက် ထိုးရင်း မှ စကားပြောနိုင်ရန် ဖန်တီးသည်ဟု ကျွန်တော်ထင်မိသည်။
“ဘယ်လို လဲ လက်မြှောက်အရှုံးပေးပြီလားကွ”
“ဒီမယ် ကိုအောင်သန်း ... ရန်သူကို လက်မြှောက်အရှုံးပေးတဲ့ အစဉ်အလာ ကျုပ်တို့ ဗမာမှာ မရှိဘူး၊ အထူးသဖြင့် ခင်ဗျားတို့လို ပုလိပ်တွေကို ပိုပြီး အရှုံးမပေးဘူး ... မှတ်ထားဗျ”
ကျွန်တော့် စကားလုံးများသည် အလွန်ပြင်းထန်လွန်းရကား ကိုအောင်သန်းသည် သူ၏ပြုံးနေသော မျက်နှာ သည် ချက်ချင်း တည်၍သွားသည်။ မျက်ခုံးနှစ်ဘက်သည် တွန့်၍ တက်သွားသည်။ ထိုနောက်တွင်မှ ဒေါသကို မျိုသိပ်သည့် အနေဖြင့် ကျူတံကို သူ့နေရာနှင့် သူထောင်ပြီး မည်သူ့ကိုမျှ နငတ်မဆက်တော့ဘဲ ဆင်းသွား ပါတော့သည်။
“မြလှိုင် မင်းသိပ်မှားတယ်ကွ၊ မြွေပွေးလိုကောင်ကို တုတ်နဲ့ထိုးသလို နေမှာပေါ့၊ သူက ဒုက္ခအမျိုးမျိုး ပေးနိုင်တဲ့ စုံထောက်ပုလိပ် ကွ၊ နောက်ပြီး မင်းတို့ လူသိုက်က နိုင်ငံရေးလုပ် ... တရားဟာ ... အစိုးရ အကြည်ညိုပျက်အောင် လုပ်တယ်လို့ စွပ်စွဲနိုင်တာတွေ အများကြီးရှိတဲ့ကောင်တွေ၊ ဒေါသရှေ့မထားပါနဲ့ကွာ၊ လူလိမ္မာအမျက် အပြင်မထ်ွကရဘူး ...နော်”
ရာဇ၀တ်ရုံးစာရေးကြီး ဦးပိန်သည် ကျွန်တော့်အား စိတ်လိုက်မာန်ပါပြောဆိုခြင်းများအတွက် ဆုံးမ စကားပြောကြား ပါသည်။ ဘိလိယက်ခုံပေါ်တွင် ထိုင်နေကြသော အပေါင်းအသင်းအချို့ကမူ ပုလိပ်စုံထောက် တစ်ယောက်ကို နင်ပဲငဆ ပြောလိုက်သည်ကို သဘောကျ ထောက်ခံကြပါသည်။ သို့သော် ကျွန်တော် မှားသည်။ နုနယ်သော၊ ငယ်ရွယ်သော၊ မခံချင်စိတ်ရှိသော ကျွန်တော့်လို လူ တစ်ောက်သည် အဘယ်မှာလျှင် ကြီးကျယ်သော တာဝန်များကို ထမ်းဆောင်ရန် သင့်ပါမည်နည်း။ စုံထောက် ကိုအောင်သန်းနှင့် ဖြစ်ပျက်ခဲ့သောကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်အား လုပ်ဖော်ကိုင် ဖက်များက အပြစ်တင်ကြပါသည်။
ကျွန်တော့်မိခင်သည် အပေါင်းအသင်းများ ပေါင်းသင်းသည်ကို စိစစ်ပေါင်းသင်းစေပါသည်။ အကျင့်စာရိတ္တ ချို့တဲ့ သူများနှင့် ရောနှော ပေါင်းသင်းခြင်းကို ကျပ်တည်းစွာ တားမြစ်လေ့ရှိသည်။ ကျွန်တော် ရန်ကုန် မှ ပြန်လာပြီးသည့်နောက် ကျွန်တော့်အနေအထိုင် ပေါင်းသင်းဆက်ဆံမှုများကို အကဲခတ်နေသော မိခင်သည် ကျွန်တော် ၏ ပြောင်းလဲသွားမှုအတွက် စိတ်သက်သာမှုရရှိသည့် အလား အခါတိုင်းကဲ့သို့ မေးမြန်းခြင်း မပြုသည် ကို တွေ့ရပါသည်။ ကိုအုန်းမောင်၊ စိန်လှိုင်နှင့် အခြားအပေါင်းအသင်းများမှာ ငယ်သူငယ်ချင်းများ၊ အကျင့် စာရိတ္တ ကောင်းမွန်ကြသူများဖြစ်ခြင်း ကြောင့် ကျွန်တော့်အိမ်သို့ တံခါးမရှိဓားမရှိ ၀င်ထွက်သွားလာခွင့် ရရှိပါ သည်။ သို့သော် တစ်နေ့ သောအခါ ကျွန်တော့်အား နိုင်ငံရေးလုပ်ကိုင်ခြင်းနှင့် ပတ်သက်သော မေးမြန်း မှုကို ပြုခဲ့ပါသည်။
“မောင်မောင် မင်းတို့လူသိုက် နိုင်ငံရေးလုပ်နေတာ ရပ်လိုက်ကြရင် ... ကောင်းမယ်”
“ဘာဖြစ်လို့လဲ မေမေ”
“မနေ့က အရေးပိုင်မင်းက မေမေနဲ့ မြို့မျက်နှာဖုံး လူကြီးတွေကို သူ့ရုံးခန်းမှာ ခေါ်တွေ့တယ်၊ လူတွေ အများကြီး ထဲက မေမေတို့ ဆွေမျိုးတစ်သိုက် ကိုင်နေတဲ့ လိုင်စင်သေနတ်တွေကိုလည်း သိမ်းလိုက်တယ်၊ ပြန်လိုချင်ရင် ခင်ဗျားတို့ သားတွေ၊ တူတွေ နိုင်ငံရေး၊ မလုပ်စေနဲ့တဲ့”
မိခင် ၏ ပြောစကားသည် ကျွန်တော့်စိတ်တွင် အလွန်ထိခိုက်စေသော စကားရပ်ဖြစ်သည်။ ကျွန်တော့်မိဘများ၏ လယ်ယာချောင်းမြောင်း၊ ဥယျာဉ်များမှာ တောရွာများတွင် ရှိကြပါသည်။ ထို တောရွာများသို့ စီးပွားရေး ကိစ္စများနှင့် သွားရောက်ရသည့်အခါများ၌ လိုင်စင်ဖြင့် ကိုင်ဆောင်သော သေနတ်မှာ မရှိမဖြစ်သော အရာဝတ္ထု တစ်ခုဖြစ်ပါသည်။
“မေမေ”
“ပြော ... မင်းတို့ကြောင့် လူကြီးတွေကို ဒုက္ခပေးမယ်ဆိုတဲ့ သဘောကို နားလည်တယ် မဟုတ်လား”
“နားလည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီအင်္ဂလိပ်အစိုးရကို တော်လှန်တော့မှာ ... မေမေ”
မိခင်ကြီးသည် ကျွန်တော်ပြောသော စကားကို ကြားလိုက်ရသောအခါ အလွန်စိုးရိမ်ကြောင့်ကြ သွားပါသည်။ ကျွန်တော့် အား မိခင်ကြီးသည် ဤမျှစွန့်စားသော အလုပ်တစ်ခုကို ကိုယ်ထိလက်ရောက် လုပ်ကိုင်လိမ့်မည်ဟု မည်သည့် အခါကမှ မျှော်လင့်ထားခြင်းမရှိခဲ့ပါချေ။ ကျွန်တော်တို့ လူငယ်များဖြစ်ကြသည့် ကိုအုန်းမောင်၊ ကိုလှသောင်း၊ ကိုစံတင်၊ ကိုထွန်းစိန်၊ ကိုကျော်သိန်း၊ ကိုစိန်လှိုင်၊ ကိုကျော်လှ စသည့် လူသိုက် များသည် ကျောင်းနေဘက် သငယ်ချင်းများဖြစ်၍ အမျိုးချစ်သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် သာမန် ပူးပေါင်းဆောင်ရွက်နေ ကြခြင်းဟု ထင်မှတ်မှားခဲ့ခြင်းများသည် ယခုအခါ ကျွန်တော်၏ စကားရပ်များကြောင့် အထင်နှင့် အမြင် လွဲမှားခဲ့ကြောင်း သိခဲ့လေပြီတကား မိခင်ကြီး၏ အသိသည် အလွန် နောက်ကျခဲ့လေပြီ။
အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့တတွေသည် နိုင်ငံနှင့်လူမျိုးအတွက် နယ်ချဲ့ဗြိတိသျှအစိုးရ အားလက်နက်စွဲကိုင် တော်လှန်ရာ ၌ အသက်ပေး ဆောင်ရွက်ကြရန် တာဝန်အသီးသီးခွဲဝေယူခဲ့ ကြသည် မဟုတ်လား။
“သားတို့၊ အုန်းမောင်တို့ အားလုံးပဲလား”
“ဟုတ်ပါတယ် မေမေ၊ ကျွန်တော်တို့ လူသိုက်အားလုံး ပါဝင်ကြပါတယ်၊ အခုဆိုရင် ရန်ကုန်ဌာနချုပ်က လူတွေတောင် ရောက်နေပါပြီ”
မိခင်ကြီးသည် ကျွန်တော်၏ စကားအဆုံးတွင် ဖြစ်သမျှအကြောင်း အကောင်းကြီးပဲဟု သဘောထား လိုက်သည့်အလား သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး ငြိမ်သက်စဉ်းစားလျက်ရှိ ပါသည်။ ကျွန်တော်တို့ ညီအစ်ကို တစ်စုတစ်ယောက်ပြီး တစ်ယောက် နိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်ရှိခဲ့ကြသည်ကို စဉ်းစားနေသည် လား သို့တည်းမဟုတ် ကျွန်တော်ပြောလိုက်သည့် စကားရပ် များ၏ နောက်ထပ် ပေါ်ပေါက်လာမည့် အကျိုးဆက် များကို စဉ်းစားတွေးတောနေသည် လားဆိုသည်ကို ကျွန်တော့်အနေဖြင့် တိတိကျကျ မပြောနိုင်သော်လည်း ကျွန်တော်တို့နှင့်ပတ်သက်၍ မိခင်သည် စဉ်းစားတွေးတောဖွယ်ရာများ အများ အပြား ပေါ်ပေါက် နေပြီး ဖြစ်ကြောင်းကိုမူ မိခင်ကြီးကို ကြည့်ရင်း ကျွန်တော်ကောင်းစွာ နားလည် သဘောပေါက်ခဲ့ ပါ သည်။
“အင်း ... လှဖေဆီက ဘာသတင်းမှ မကြားကတည်းက တစ်ခုခု ထူးခြားနေတယ်လို့တော့ အထင်သားပဲ၊ ဒီကောင် ဗမာပြည် ထဲမှာမူ ရှိနေသေးရဲ့လားဟင်”
“သားနဲ့ လုံးလုံး အဆက်အသွယ်မရှိဘူး မေမေ”
“ဟိုတလောက အောင်ဆန်းတို့လူသိုက် ဗမာပြည်ထဲက ထွက်ပြေးသွားကြရတယ်၊ မေမေ့ကို ကိုအုန်းစိန် လာပြောတယ်၊ နောင် သခင်တွေဖမ်း၊ ဟိုပို့ ဒီပို့လုပ်တယ်ဆိုတာ ကြားရတယ်၊ ဒီတုန်းက လှဖေတစ်ယောက် တစ်နေ့ မဟုတ် တစ်နေ့တော့ အဖမ်းခံရတော့မယ်လို့ ထင်နေတာ၊ ခုထိ ဒီကောင်အဖမ်းခံရတယ်ဆိုတာ မကြားသေး ဘူး”
ကျွန်တော် သည် မိခင်ကြီးအပါးမှ ထွက်ခွာလာခဲ့သောအခါ စိတ်ထဲတွင် ရွှင်ပျခြင်းမရှိအောင် ထိုင်း မှိုင်းနေမိပါသည်။ မိခင်ကြီးသည် မုဆိုးမဘ၀ဖြင့် ကျွန်တော်တို့ သားသမီး ၇ ယောက်ကို မတောင့် မတမကြောင့်ကြစေရန် ထိန်းကျောင်းပညာပေးလာခဲ့သော ကျေးဇူးရှင်တစ်ယောက်ဖြစ်ပါသည်။
ကျွန်တော်တို့၏ ဘ၀ရှေ့ရေးကို အမြော်အမြင်ကြီးစွာဖြင့် တွက်ဆလျက် သူ၏ဘ၀ကို သားသမီး များထံတွင် မြှုပ်နှံခဲ့လေသည်။ သို့သော် ကျွန်တော်တို့ သားသမီး ၇ ယောက်အနက် သခင်လှဖေ၊ ကိုလှရွှေ၊ ကျွန်တော်နှင့် ညီငယ်လုပ်သူများသည် နိုင်ငံရေးနယ်ပယ်ထဲတွင် ရောက်ရှိခဲ့ပြီး မိခင်ကြီး၏ မျှော်မှန်းချက်များကို ဖျက်ချေခဲ့မိကြပါသည်။ ထိုအချိန်က ကျွန်တော်တို့ နိုင်ငံရေး လုပ်ကိုင်နေသည်ကို ဆွေးမျိုးမိတ်ဆွေများက မိခင်အား အချိန်မီတားမြစ်ရန် အကြံပြုသော်လည်း အရက်သေစာ အပျော်အပါး လောင်းကစားမှုများကိုမလုပ်ဘဲ၊ နိုင်ငံအကျိုးအတွက် လုပ်နေခြင်းက တစ်နည်းကောင်းသေးသည်ဟု အကြောင်းပြပြောကြားသည်ကို ကြားသိခဲ့ဖူးပါသည်။
“မြလှိုင် ... မင်းကို ငါ သိပ်အရေးကြီးတဲ့စကား ပြောစရာရှိတယ်ကွ”
“တော်စမ်းပါ၊ အရက်ဖိုးတောင်းဖို့ ဘာတွေ လန်ကြုပ်လုပ်ဦးမလို့လဲ”
“မဟုတ်ဘူး ... မြလှိုင် ငါတကယ်ပြောနေတာ၊ နောက်ပြီး ဒီနေ့ဒီစကားပြောချင်လို့ ငါအရက်မသောက်သေးဘဲ မင်းအလာကို စောင့်နေတာ”
“ဒီလိုဆိုလဲ ပြောဗျာ ...”
“တစ်နေရာကို သွားရအောင်ကွာ ...၊ ငါ နောက်မလုံဘူးကွ ...”
“ဟ ကိုဝက်ကြီး ... တယ်လဲ ထူးခြားနေပါလား၊ ကိုင်း ... ဘယ်သွားမလဲ ...”
“ငါ့အိမ် လိုက်ခဲ့ပါလား”
“လာဗျာ ... အောင်မြေဘုံသာကျောင်းသွားကြရအောင်၊ ဟိုရောက်တော့ ခင်ဗျားနဲ့ကျွန်တော် သိမ်ထဲမှာ လွတ်လွတ်လပ်လပ် စကားပြောတာပေါ့၊ ဒါပဲနော်၊ ခင်ဗျား မဟုတ်ကဟုတ်ကတွေ ပြောရင်တော့ လက်သီးနဲ့ အထိုးပဲ”
ထိုသို့ပြောပြီးနောက် ကျွန်တော်တို့နှစ်ယောက် ရွှေသာလျောင်းဘုရားလမ်းမှဖြတ်၍ ရွှေနက်ကူဘုရားနောက်မှတစ်ဆင့် အောင်မြေဘုံသာကျောင်းတိုက်သို့ လာခဲ့ကြပါသည်။ အောင်မြေဘုံသာကျောင်းသည် ကျွန်တော့် မိဘများဆည်းကပ်ကိုးကွယ်သည့်ကျောင်းဖြစ်သဖြင့် ကျွန်တော်၏ ၀င်ထွက်သွားလာမှုကို မည်သူကမျှ တးမြစ်သံသယရှိခြင်း မဖြစ်ကြပါချေ။
“ကိုင်း ... ပြောစမ်း၊ ဘာထူးသလဲ ...”
“ဟိုနေ့က မင်းဘုတောလိုက်တဲ့ စုံထောက်စုတ် အောင်သန်း ငါ့ဆီကို လာတယ်ကွ”
“အင်း ... ပြောစမ်း၊ ခွေးမသား ဘာတွေပြောလဲ”
“ငါ့ကို အရက်ဆိုင်ခေါ်သွားပြီး အရက်အ၀တိုက်တယ်ကွ၊ ငါလဲ အရက်မူးလာရော ... မင်းတို့၊ အုန်းမောင်တို့အကြောင်း မေးတော့တာပဲဟေ့ ...”
“ဘာတွေမေးသလဲ၊ တိုတိုနဲ့ လိုရင်းပြောပါဗျာ”
“မင်းတို့ ဘာတွေလုပ်နေသလဲ၊ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်တော့မယ်ဆိုတာ စုံစမ်းပေးမလားတဲ့...”
“ခင်ဗျားက ဘာပြောလိုက်သလဲ”
“ရက်စ်လို့ ပြောလိုက်တယ်”
“ဒီလိုဆိုတော့ ... ဒီကောင်တွေ ဘာတွေခိုင်းသလဲ”
“နောက်တော့ ငါလည်း အမူးလွန်တဲ့အနေနဲ့ အိပ်ပျော်ဟန်ဆောင်လိုက်တယ်ကွ၊ ဟဲ ဟဲ ခွေးမသား ငါ့ကို လှုပ်လှုပ်ပြီး ၀က်ကြီး ... ၀က်ကြီးနဲ့၊ ငါလဲ ဟင် ... ဟယ် ... မင်းဘယ်သူလည်း၊ ငါသိပ်မူးတယ်၊ သေးပေါက်ချင်တယ်၊ ပါးစပ်ဟပေးစမ်း၊ ဘာညာပေါ့ကွ၊ ဒီကောင်ဘယ်အချိန် လစ်သွားသလဲမသိဘူး၊ ဒီတော့မှ ငါလဲ ထပြန်လာခဲ့တယ်”
ကိုဝက်ကြီး၏ ပြောကြားချက်အရဆိုလျှင် စုံထောက် ကိုအောင်သန်းသည် ကျွန်တော်တို့ လှုပ်ရှားမှုကို တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေရပြီဖြစ်သည်။
ထို့ပြင် ကိုဝက်ကြီးအား အရက်ကိုမောင်းတိုက်၍ မေးမြန်းသည်ဆိုရာ၌လည်း စဉ်းစားဖွယ် အကြောင်းများစွာရှိနိုင်ပါသည်။ ကိုဝက်ကြီးသည် အရက်သမားတစ်ယောက် ဖြစ်ခြင်းကြောင့် ကျွန်တော်တို့က အရေးဂရုမပြုဘဲ ပြောချင်ဆိုချင်သည်များကို ကိုဝက်ကြီးထံမှ တစ်ဆင့် သိကြားနိုင်သည်ဟုယူဆလျက်ရှိကြောင်း ပေါ်လွင်စေပါသည်။ ကျွန်တော်သည် ကိုဝက်ကြီး ပြောသည့် အကြောင်းအရာများကို ဗိုလ်ဝင်းနှင့် ကိုအုန်းမောင်အား သတင်းပေးပို့ရန် လိုအပ်ပါသည်။
သို့မှသာလျှင် ကိုဝက်ကြီးကို ကျွန်တော်တို့က ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါသည်။
“းဒီမယ် ... ကိုဝက်ကြီး၊ ကျုပ်အပေါ်မှာတော့ သစ္စာရှိပါဗျာ ... နော”
“မြလှိုင်ရာ ... မင်းပြောတာ ငါခံရခက်တယ်ကွာ။ မင်းက ငါ့ကို အရက်သမားဆိုပြီး အထင်သေးတာ တစ်ဝက်ပါနေတယ်၊ ဒီမယ် မင်းမှတ်ထား၊ မင်းကျေးဇူးတွေ ငါ့အပေမှာ အများကြီးရှိတယ်၊ နောက် တစ်ချက်က မင်းတို့ အခုလုပ်နေတယ်ဆိုတာ မင်းတို့ကိုယ်ကျိုးတစ်ခုမှ မပါဘူး၊ ဒါကြောင့် သစ္စာရှိ ပါဆိုတဲ့စကားကို နောက်ထပ် ငါ့ကို မပြောနဲ့၊ မင်းနဲ့တကွ မင်းကောင်တွေ အားလုံးပေါ်မှာ ငါအသက်ပေး သစ္စာရှိမယ် ဒါပဲ ”
ထိုနေ့ ထိုအချိန်ကလောက် ကျွန်တော့်ရင်ထဲတွင် ကြည်နူးချမ်းမြေ့မှုမျိုး တစ်ကြိမ်မှ မဖြစ်ခဲ့ဘူးပါချေ။ အဘယ်ကြောင့်ဆိုသော် ကိုဝက်ကြီးအား အရက်သမားတစ်ယောက်အဖြစ် လူ ရာသွင်းခ့သူ မဟုတ်သည့်အပြင် ကိုဝက်ကြီးလို လူတစ်ယောက်၏ စိတ်ထဲ၌ ဤမျှလေးနက်၍ ချစ်ခင်ဖွယ်ကောင်းသော သစ္စာတရားမျိုး ရှိအံ့ဟု မထင်ခဲ့မိခြင်းကြောင့်ဖြစ်ပါသည်။
“ကိုဝက်ကြီး ... ကျွန်တော် ကိုအုန်းမောင်တို့နဲ့ တိုင်ပင်ပြီး ခင်ဗျား ကျွန်တော်တို့အတွက် ဘာလုပ်ပေးရမယ်ဆိုတာ ပြောမယ် ”
“မင်းအတွက်၊ မင်းလူတွေအတွက်၊ တို့များဖျာပုံမြို့အတွက် ငါအသက်ပေးပါတယ်ကွာ ... ယုံပါ ”
“လာ သွားကြစို့လား၊ ရော့ ... ခင်ဗျားပလောင်ထင်းဖို့ ပိုက်ဆံ”
ကိုဝက်ကြီးနှင့် ကျွန်တော်တို့နှစ်ယောက် လူချင်းခွဲလိုက်ပြီးနောက် ကျွန်တော်သည် မန်ကျည်းပင် တန်းရွှေနတ်ကူဘုရားအနီးမှ ဖြတ်၍ ကျော်သိန်းရှိရာသို့လာခဲ့သည်။ ကျော်သိန်းအား ကိုအုန်းမောင် ယခုရှိနေသည့်နေရာကို ပြောပြပြီး ညနေတွင် ကိုဝက်ကြီးကိုပါ ခေါ်၍ လာခဲ့မည် ဖြစ်ကြောင်း မှာကြားလိုက်ပြီး အိမ်သို့ ပြန်ခဲ့ပါသည်။
ဆက်ရန်
.

No comments:
Post a Comment