ရဲသျှမ်း
ရှန်တိန်
(၁)
ပြဿနာက မန္တလေး-ပုဂံအမှတ် ၁၁၉ အဆန်လမ်းချော်တာက စတားရထားလမ်းချော်တာများ အကြိမ်ကြိမ်ဖြစ်နေတာ မို့ မဆန်းလှဘူးဆိုပေမဲ့အဲသည်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံခြားသားခရီးသည် တစ်ယောက် ပါနေတယ်လေ။ ရှားရှားပါးပါး တစ်ယောက်တည်းပါလာတာ။ ဒေါ်လာနဲ့ကျပ်ပေါက်ဈေးကို ဂဏန်းပေါင်းစက်နှိ ပ်နေတဲ့ ရိုးလင်းစတုန်းတွေထဲကနေမှာပါ။ မီးရထားအခေါ်နဲ့ပြောရရင် အာဝါဒါးပဲ။ ဒါကြောင့် လည်း တောရထား ကို ရိုးရိုးတန်းကနေ စီးလာတာနေမှာ။
အချိန်နှမျောတဲ့ သူတွေက ရထားကို လက်ရှောင်နေကြတာ ကြာပြီ။ ကားတွေက မြန်လည်းမြန်၊ အဲယား ကွန်း ကလည်း အေးဆိုတော့ ခရီးသွားတော်တော်များများက ရထားကို ကျောခိုင်းနေကြပြီ။ တိုးတွေဆို ပိုဆိုးတာပေါ့။ သူတို့က အချိန်အကန့်အသတ် ကိုင်းလစ်မစ်တွေနဲ့လေ။ နောက်ကားက မြန်မာကျပ်နဲ့ဝယ် လို့ရ တယ်။ နိုင်ငံသားနဲ့ နိုင်ငံခြားသား တစ်ဈေးတည်းပဲ။ ရထားကျတော့ နိုင်ငံခြားသား ကို ဒေါ်လာ နဲ့မှ ရောင်းတာ။ ပေါက်ဈေးနဲ့မြှောက်ကြည့်တော့ နိုင်ငံသားဈေးနဲ့ ၃ ဆ နီးပါးကွာနေတယ်။ သည်တော့ ကားကိုပဲ အလေးထားကြတယ်။ ရထားလမ်းခရီး ကို လေ့လာချင်သူတွေ၊ လူများများနဲ့ ထွေးရောယှက်တင် ဘ၀တွေကို သချင် ခံစားချင်သူတွေ၊ ကားစီးဖို့ အတွက် ကျန်းမာရေး အဆင်မပြေသူတွေလောက်ပဲ ရထားစီးကြတာလေ။ ဒီငတိ ကတော့ ဘာရည်ရွယ်ချက်နဲ့ ရထားစီးသလဲမသိ။
နိုင်ငံခြားသား ရထားစီးဖို့ လက်မှတ်လာဝယ်ရင် ကိုယ့်ဌာန နိုင်ငံခြားငွေတာထက် ကိုယ့်ရထားကိုယ်စိတ် မချလို့ စိတ်က တထင့်ထင့် ရယ်။ ရထားထွက်ချိန်၊ ဆိုက်ချိန်တွေက သူတို့စုံစမ်းထားတာနဲ့ လွဲတာက များတယ်။ အထူးသဖြင့် ပုဂံရထား၊ နှစ်ပေါင်းလည်း ကြာလှပြီ မိုးတွင်းဆို လမ်းက တစ်နေ့ ရွှေ၊ တစ်နေ့ငွေ စက်ခေါင်း တစ်လှည့်၊ တွဲတစ်လှည့် လမ်းချော်နေတော့တာ။ တစ်လောကအဆင့်မြှင့်တယ်ဆိုပြီး အသံတွေ တော့ ကြား လိုက်သေးတယ်။ နောက်တော့လည်း ဒုံရင်း ဒုံရင်းပဲ။ ခရီးဆုံးရောက်ရမ့်အချိန် မရောက်လို့ အစီ အစဉ်တွေ လွဲချော် ကုန်ပြီဆိုလို့ ဖြေရှင်းရပေါင်းများပြီ။
ရက်တော့ မမှတ်မိတော့ဘူး၊ မိုးတွင်းကာလကြီးဆိုတော့ ထုံးစံအတိုင်း ပုဂံ-ရန်ကုန် ရထားက လမ်းချော်ပြန်ရော။ ကိုးပင် ဘူတာနားမှာ။ ကိုးပင်က တောင်တွင်းကြီးနဲ့ ဆက်သွား ကြားမှာရှိတယ်။ ၃ တွဲတောင် လမ်းချော် တာကြောင့် ရထားဆက်ထွက်ဖို့က အနည်းဆုံး ၅ နာရီကျော် စောင့်ရတော့မယ်။ အိပ်စင်တွဲက စီးလာတဲ့ သူတွေထဲ မှာ နိုင်ငံခြားသား စပိန်တစ်ယောက်ပါလာတယ်။ စပိန်လည်း ဟိုမေး သည်မေးနဲ့ မေးတော့ “ကရိန်းစောင့် ရမယ်” “ဌာနဆိုင်ရာအလိုက် ကြီးကြပ်ရေးအဆင့် ၀န်ထမ်းတွေက ဘာကြောင့်ရထားတွဲ လမ်းချော် ရတာလဲ ဆိုတာကို စစ်ပြီးမှ တွဲတွေမရတာ။ ဒါကြောင့် သူတို့စုံအောင် စောင့်ရဦးမယ်”
ဆိုတဲ့ အဖြေတွေကြားမှာ သူ့ခမျာ လည်ထွက်သွားတယ်ထင်ပါတယ်။ သည်တော့ အထုပ်အိုးလွယ် ကားလမ်းဘက် ကူး၊ ကြုံတဲ့ ကားတားစီး၊ ကားအဆင့်ဆင့် စီးပြီးတော့ ရန်ကုန်ပြန်ရောက်တာ။ စဉ်းစားကြည့်။ လမ်းခရီး မချောမွေ့မှုအပေါ် သူဘ်လောက် စိတ်ဆင်းရဲလိုက်လေမလဲ။
မကျေနပ်မှုတွေ တစ်ပွေ့တစ်ပိုက် ဖြစ်နေလေမလဲ။ အဲဒါ တွေအားလုံး ရင်ထဲ သိမ်းထားလိုက် ရင်တော့ ကောင်း တာပေါ့။ အခုတော့ မဟုတ်ဘူးသကောင့်သားက ဘူတာချီတက်လာပြီး Complaint Center, Enquiry စတဲ့ ဆိုင်းဘုတ်တွေ စုံအောင် တပ်ထား တဲ့ သူ့ရုံးခန်းကို ရောက်လာပါလေရော။ ဘယ်အချိန်ကတည်းက မျိုသိပ် ထား သလဲ မသိလောက်အောင် တရစပ်ချဲပါတော့တယ်။ စပိန်သားပြောတဲ့ စကားတွေထဲက သူမှတ်မိတာ ကတော့
“မင်းတို့ ရထားသာစောင့်စီးရင် ဒီည လေယာဉ်လွတ်မယ်”
“ဗီဇာရက်ကျော်ရင် မင်းတို့ ဘယ်လိုရှင်းပေးမယ်”
သည်စကားလောက်ကတော့ သူ့အတွက် ရိုးနေပါပြီ။
“ရထားလက်မှတ်ခပြန်အမ်းပေးပါ”
ဒါကျတော့ သူပျာသွားပြီ။ နိုင်ငံသားအတွက် ၁၅၀၀၀ ကျပ် ကျသင့်တဲ့ အိပ်စင်လက်မှတ်ခက နိုင်ငံခြားသား အတွက် ဒေါ်လာ ၅၀ ယူထားတာဆိုတော့ နဂိုကတည်းက အောင့်သက်သက်ဖြစ်နေတ့ စပိန်သားကို ဘယ်လို တောင်းပန်တောင်းပန် ကျေနပ်လိမ့်မယ်မထင်ဘူး။
သူတတ်သမျှ မှတ်သမျှနဲ့ -
“ခဏစောင့်ပါဖြေရှင်းပေးနိုင်မယ့်သူကို ဖုန်းဆက်ပေးပါမယ်”
ဆိုပြီး တောင်းပန်၊ ထိုင်စရာနောပေး။ တပည့်လေးတစ်ယောက်ကို ရေသန့်ဗူးနဲ့ အချိုရည်ဗူးဝယ်ခိုင်းဧည့်ခံ။ သူ့အထက် ပုဂ္ဂိုလ်တွေ ထဲက နံပါတ် (၃)ကို ဖုန်းခေါ်။
“အစ်ကိုရေ xxx အဲဒါ လက်မှတ်ခ ဒေါ်လာ ၅၀ ပြန်အမ်းခိုင်းနေတယ် ကျွန်တော် ဘာလုပ်ရ …”
စကားတောင် မဆုံးဘူး။
“ဟာကွာ … ဟိုဘက်မှာ ဖြစ်လာတဲ့ကိစ္စ ဒီက ငွေပြန်အမ်းရင် အချောင်စိုက်နေရဦးမယ်။ မင်း (…) ဆီ ဆက်ကွာ၊ ငါ့မေး ရင် ဆေးခန်းသွားတယ်ပြောလိုက်”
သွားရော။ တစ်ယောက်က လက်ရှောင်သွားပြီ။ နောက်ထပ် ဖုန်းနံပါတ်တစ်ခု ထပ်နှိပ်လိုက်တယ်။ ဖုန်းဝင် သွားတော့ ဖြစ်စဉ် အစအဆုံးရှင်းပြ။
“အဲဒါပါပဲ ဆရာသူ့ကို ကျွန်တော် ဘယ်လို ဖြေရှင်းပေးရမလဲ … (…) ကလည်း သွေးအ၇မ်း တိုးနေလို့ ဆေးခန်း သွားတယ်။ ဒါကြောင့် ဆရာ့ဆီ ဆက်ရတာပါ”
တစ်ခါတည်း ပိတ်ပြောတော့ ဆရာသမား နံပါတ် (၂)လည်း ခဏတော့ ငြိမ်ကျသွားတယ်။
“အေးဗျာ … အင်း သည်လိုလုပ် ခင်ဗျား(…)ဆီ ဆက်ဗျာ … ဒီအချိန်ရုံးဆင်းချိန်ဆိုတော့ အိမ်ကိုဆက် ကျွန်တော့်မေး ရင် Out of Area ဖုန်းခေါ်မရဘူးသာပြောလိုက်”
အောက် ကို ပုတ်ဖို့ ကြံစည်ပေမဲ့ အောက်ကသူ့အရင် ရှောင်ထွက်သွားတော့ ဆရာသမားကလည်း ပါးနပ်ပါတယ်။ အပေါ်ကို လမ်းကြောင်းပြောင်းပေးလိုက်တယ်။ တစ်ဖက်က ဖုန်းချသွားမှတော့ သူလည်း ဖန်းပြန်ချ ထားလိုက်ရပြီလေ။ သူ့ရှေ့တည့်တည့် ထိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ “ဘယ်လိုလဲ မင်းပြေလည်အောင် မလုပ်နိုင်တော့ဘူး လား” အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ ကြည့်နေသလိုပါပဲ။
နောက်ထပ် ဖုန်းနံပါတ်တစ်ခု ထပ်နှိပ်တော့ လွယ်လွယ်ကူကူပဲ ဖုန်းဝင်သွားတယ်။ ဖြစ်စဉ်ကို အစအဆုံး ပြောပြ။ ၃ မရှိ၊ ၂ ကို ဆက်သွယ်မရ ဒါကြောင့် ဆရာ့ကို ဖုန်းဆက်ရတာပါဆိုတဲ့အကြောင်း အစချီပြီး “ကျွန်တော် ဘယ်လို လုပ်ရမလဲဆရာ” လည်းဆိုရော
“ပြဿနာဖြစ်ပြီဆိုရင် ဖုန်းဆက်ပြီး။ ဒီနေ့မှ မင်းတို့ဆရာတွေက မရှိတော့တာလား … အင်း … သည်လိုလုပ် ကွာ မင်းအဲသည်နိုင်ငံခြားသားကို တောင်းပန်ကွာ ကျေနပ်အောင်တောင်းပန်ကွာ နော် … အေး … အေး”
ဟောဗျာ ဖုန်းချ သွားပြီ။ တောင်းပန်လိုက်တဲ့ သေရော။ သကောင့်သားက ကျေန်မှာတဲ့လား။
“ဆောရီး … မိုင်ဟက်(ဒ်) အော့ဖစ်(စ်)ကင်နော့ရီဖန်း”
ငွေပြန်မအမ်းနိုင်ဘူး ဆိုတာနဲ့ ပေါက်ကွဲလိုက်တာမှ ပါးစပ်ထဲ ဘရင်းဂန်းထည့်ထားသလိုပါပဲ။ နောက်ဆုံးတော့ သူ သူကိုယ်သူ သနား ရမလား၊ ဒေါသထွက်နေတဲ့ ရှေ့ကပုဂ္ဂိုလ်ကိုပဲ သနားရတော့မှာလား ဖြစ်နေပြီ။
ရထားလက်မှတ်ခတော့ မအမ်းနိုင်ဘူး၊ ကားခတော့ ပေးပါမယ်ပြောတော့ မကျေမနပ်နဲ့ လက်ခံသွားတယ်။
သူလည်း ကားခတစ်သောင်းကို လက်မှတ်ရုံက ယူပေးလိုက်တယ်။ ဒီတစ်သောင်းကလည်း ညွှန်ကားမှု စာ တစ်စောင်တောင် မရှိတာကြောင့် ငွေစာရင်းကနေ အနုတ်ပြလို့မရဘူး။ သူပဲ စိုက်ရမှာ။ မိန်းမဈေးဆိုင် ထဲက နှိုက်ပေးရမှာဆိုတော့ အမှန်အတိုင်းပြောရင် မိန်းမနဲ့ရန်ဖြစ်ရဦးမ်။ ဒါကြောင့် မိန်းမကို ဘယ်လို ဘတ်ရမလဲ စဉ်းစားနေတာ နဲ့ “I Don’t Satisfy” လို့ ပြောသွားတဲ့ စပိန်သားကိုလည်း ဘာမှ တုံ့ပြန်မနေတော့ဘူး။ သည်မောင် ရုံးခန်းကနေ ပြန်ထွက်သွားတာကိုပဲ ကျေးဇူးတင်နေရသေးတယ်။ ပန်ကာ အောက်မှာေ ချွးပြန်နေတဲ့ သူ့အဖြစ် ကိုတော့ ၃၊ ၂၊ ၁ တွသိမယ်မထင်ဘူး။
သူ တာဝန်ချိန်ပြီးလို့ ညတာဝန်ကျကို တာဝန်လွှဲပြောင်းပြီးတဲ့အထိ ဘယ်သူကမှ ပြေလည်သွားပလားလို့ မမေးကြ ဘူးလေ။
အဲသည် ပုဂံရထားပဲ ပြင်သစ်မိသားစု အိပ်စင်ကနေ စီးလာတုန်းက အဲယားကွန်း မအေးလို့ဆိုပြီး ဘူတာကြီး ရောက် မှ ပြဿနာရှာတော့တာ။ အဲယားကွန်းခ ပြန်အမ်းတဲ့လေ။ အထက်ပုဂ္ဂိုလ်တွေဆီ ထုံးစံ အတိုင်း ဖုန်းဆက်တော့ အဲယားကွန်းအေး၊ မအေး ကိုယ်တိုင် တွဲပေါ်တက်စစ်ပါဆိုတဲ့ အမိန့် ကျလာပါလေရော။ ဒါနဲ့ တွဲပြင်ရုံသွား၊ မီးစက်မောင်း၊ အဲယားကွန်းဖွင့်တွဲပေါ်တက်စစ်တော့ အေးနေတယ်။ ဒါဆိုရင် ပြင်သစ်ကြီးက အဲယားကွန်းခ ၄ ယောက် အတွက် ဒေါ်လာ ၄၀ လိမ်တောင်းနေတာလား … ဒါလည်း မဖြစ်နိုင်လောက်ဘူး။ အာဝါဒါးတွေ မဟုတ်ဘူး။ လူရည်သန့်တွေ။ တကယ်မအေးလို့သာပြောတာနေမှာ။
ရထားလိုက် မီးစက်မောင်း လုပ်သားလေးတွေကလည်း သူတို့ မီးစက်မောင်းပါတယ်။ လုံးဝမရပ်ပါဘူးတဲ့။ သူ အာရုံတော်တော်နောက်နေ ပြီ။ တွေ့ရှိချက်ကို ပြောပြတော့ ၃ က ၂ ကို ပြောပါတဲ့။ ၂ က ၁ ကို ပြောပါတဲ့။
“မင်းတို့ ကိုယ့်ဘာသာမဖြေရှင်းနိုင်တော့ဘူးလား။ အဲယားကွန်း အေးရင် နိုင်ငံခြားသားလိမ်တာ၊ မအေးတာ မှန်ရင် ၀န်ထမ်း လိမ်တာ။ အဲဒါ သေသေချာချာ စစ်ဆေးပြီး ရှင်းပေးလိုက်”
ညွှန်ကြားချက် အတိုင်း ဆိုရင်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရဦးတော့မယ်ထင်တယ်။ ဒါနဲ့ပဲ ဒေါ်လာ ၄၀ ရဖို့ အရေး ပြင်သစ်ကြီး မိသားစု တစ်ပတ်လောက်သောင်တင်သွားနိုင်တယ်။
နိုင်ငံခြားသား မလိမ်လောက်ဘူး လို့ အတပ်စွဲလိုက်တာနဲ့ မီးစက်မောင်းတွေကို စွပ်စွဲရတော့မယ်။ ကိုယ့်လူ တွေ ကလည်း စိတ်ချရတာမဟုတ်ဘူး။ တွဲထိန်းကြီးကြပ်ကို ခေါ်မေးတော့ “မီးစက်တောက်လျှောက် မောင်း မမောင်းသတိမထားမိပါဘူး” တဲ့လေ။
ဂါတ်ဗိုလ်ကြီး မေးတော့လည်း “အင်း … အဲ …” နဲ့ ဖြစ်နေတယ်။ သေချာပြီး ညပိုင်းနည်းနည်းအေးတဲ့အချိန် မီးစက် ပိတ်ပြီး ဆီချွေတာလိုက်တာ။ ပြောရရင် အိတ်ထဲထည့်တာ။ အရင်လုပ်နေကျ ခုပြဿနာရှာတဲ့ သူနဲ့ တွေ့တော့ ရှုပ်ကုန်ရော။ ဒါနဲ့ မီးစက်တာ ၀န်ခံကိုခေါ်ပြီး “မင်းတို့ဘာမှ မဖြစ်စေရဘူး၊ လမ်းမှာ မီးစက်ပျက် သွားလို့ ဘယ်အချိန်ကနေ ဘယ်အချိန် အထိ မီးစက်ခဏရပ်လိုက်ရတယ်ဆိုတဲ့ စာတိုတစ်စောင်သာပေးကွာ ငါပြေလည်အောင် ရှင်းပေး လိုက်မယ်” ပြောတော့မှ ဘသားချော ၀န်ခံတော့ တယ်။
ငွေတိုက် ကနေ ဒေါ်လာ ၄၀ အမ်းပေးလိုက်တော့ ပြင်သစ်ကြီးက “သင့်ခ်ယူ … ဘတ် အိုင်ဝေ့ဖော်တူးအာဝါ” ဆိုပြီး ၂ နာရီလောက် စောင့် ရတာကို ရိသွားသေးတယ်။
(၂)
လပြန်ပြီ ပုဂံရထား။ သည်တစ်ခါ ဖြစ်တာက မန္တလေး-ပုဂံ ၁၁၉ အဆန်။ အဲဒါမဆီမဆိုင် သူတို့ဆီ မှာ ပြဿနာလာတက်နေတယ်။ ဖြစ်ပုံက အာဝါဒါးအင်္ဂလိပ်ငတိ က ရထားလမ်းချော်တော့ ခါးမှာပတ်ထားတဲ့ ခါးပတ်အိတ် ပြုတ်ပြီး ပျောက် သွားတယ်တဲ့။ အိတ်ထဲမှာ ဒေါ်လာ ၃၀၀ နဲ့ ပတ်(စ)ပို့တွေပါ ပါသွားတယ်ဆိုတော့ ရထားလမ်းချော် ရာကို ရောက်လာတဲ့ လူကြီးတွေက ကျပ်ငွေတစ်သိန်းထုတ်ပေးပြီး သူတို့ဆီကို တရုတ်ရထားနဲ့ တင်ပေး လိုက်တယ်။ ရထားဆိုက်တော့ လက်ထောက်မန်နေဂျာကိုယ်တိုင် စောင့်ကြို၊ တက္ကစီနဲ့ သံရုံးလိုက်ပို့။ ပြီးပြီပေါ့။
မပြီးပါဘူးဗျာ … ညနေ သူ့ဂျူတီကုန်ခါနီးမှာ ငတိရောက်လာပြီး “သံရုံးက သောကြာနေ့ ရုံးဆင်းခါနီးမို့ အဆင် မပြေဘူး။ တနင်္လာနေ့မှ ပတ်(စ)ပို့ရမယ်၊ ဒါကြောင့် ပြန်လာတာ၊ ငါနေဖို့ ဘယ်လိုစီစဉ်ပေးမလဲ” တဲ့လေ။
“အာဝါအော့ဖစ်ဂေ့ဗ်ယူ ၀မ်းလက်(ခ်)”
“အိုင်နိုး … အိုင်ဟက်(ဖ်)နော့ ပတ်(စ)ပို့ဆိုးအောလ် လော့ရျင်းရီဂျက်မီ”
သူက ဌာန က ပေးလိုက်တဲ့ ငွေတစ်သိန်းအကြောင်း ပြောတော့ တည်းခိုခန်းတွေက ပတ်(စ)ပို့မပါတော့ လက် မခံကြဘူး တဲ့လေ။
၃ က သည်မောင်ပြန်ရောက်လာတာ သတင်းကြားပြီးကတည်းက ပျောက်သွားတာများ ဖုန်းပါ “စက်ပိတ် ထားပါတယ် ရှင်” ဖြစ် သွားတယ်။ ၂ ကို ဆက်တော့
“(-) တည်းခိုခန်း ကို ကျွန်တော် လွှတ်တယ်ပြော ကျွန်တော်တို့ ဧရိယာထဲ လာဆောက်ထားတာဗျာ ဒါလောက်တော့ ကူညီ ရမှာပေါ့”
သူအင်္ဂလိပ်ငတိ ရဲ့ အိတ်ကို ကူဆွဲပြီး တည်းခိုခန်း ချီတက်တော့ တည်းခိုခန်းပိုင်ရှင် မုတ်ဆိတ်ကြီးက ခန်းပိုင်ရှင် မုတ်ဆိတ်ကြီး က ဘာကြီးကပဲ လွှတ်လွှတ် ပတ်(စ)ပို့မပါရင် မရပါတဲ့လေ။ လုံးဝ စာအုပ်ကြီးအတိုင်း။
နောက် တည်းခိုခန်းပြောင်း။ ဒီစကားပဲ တိုင်ပင်ထားသလား အောက်မေ့ရတယ်။ အင်္ဂလိပ်ကြီးက ကျောပိုး အိတ်လွယ်။ သူက ဟင်းန်ဘက်အိတ်ဆွဲ တ၀ဲလည်လည်နဲ့။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။ ၃ တွေ ၂ တွေ ကလည်း ဖုန်း မကိုင်တော့ဘူး။
“ပလိ(စ်)ဂစ်(ဗ်)အေ ဘက်ဒ် အိုင် ဟက်ဖ်နော့ စလိ(ပ)ဖော် သက်တီးဆစ်အာဝါး”
ပြော လည်း ပြောစရာပဲ။ သူ့ခမျာ ရထားလမ်းချော်ချိန်ကနေ တွက်ကြည့်ရင် ၃၆ နာရီကြာပြီ၊ ကျောတစ် ခင်းစာ မရရှာသေး ဘူး။
သူလည်း စိတ်တိုလာပြီ။ နေရင်းထိုင်ရင်း အရှုပ်ထုပ်က သူ့ခေါင်းပေါ် ရောက်နေတာ။ ကဲ လာကွာ ရုံးကို ပြန်မယ် ပြောပြီး ပြန် လာကြတယ်။ ရုံးရောက်တော့ အစည်းအဝေးခန်း ဖွင့်ပေးလိုက်တယ်။ ဆိုဖာ ဆက်တီ၊ ဘိုထိုင်၊ ရေချိုးခန်း ပါ ပါတာဆိုတော့ ငတိလည်း ပျော်ပြီး လက်သီးလက်မောင်း တန်းနေတာများ ကလေး လေး လိုပဲ။
သူ့ သော့ အပ်ပြီး အိမ်ပြန်သွားတော့ အိမ်ရောက် လို့မှ ယူနီဖောင်းမလဲရသေးဘူး ဖုန်းဝင်လာပါရော။
“ခင်ဗျား ဘယ်သူ့ညွှန်ကြားချက် နဲ့ စည်းဝေးခန်းမှာ နေရာပေးလိုက်တာလဲ” တဲ့လေ။ စိတ်တိုတိုနဲ့ အဲဒီမှာ မထားရင် “ဘယ်မှာ ထားရမလဲ ဆိုတာ ဘယ်သူမှ မပြောဘူး ... ကျွန်တော့်အိမ် ခေါ်သွားရမှာလား။ တကယ်တမ်း တာဝန်ရှိသူက ကျွန်တော်မဟုတ်ဘူးတာဝန် ကို ရှောင်လွှဲနေသူတွေကြောင့် ၀င်ပါရတာ .... အရေးယူ ချင်လည်း ယူဗျာ” ဆိုတော့ ဘာမှ မပြောတော့ဘဲ ဖုန်းချသွားတယ်။
(၃)
သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ ရက်၊ မောင်မင်းကြီးသား စည်းဝေးခန်းမှာ နေပြီး တနင်္လာနေ့မှာ ပတ်(စ)်ပို့ ရတော့ ပြည်တော်ပြန် သွားလေရဲ့။
စနေ၊ တနင်္ဂနွေတိုင်း အစည်အဝေးခန်း မှာ ပုံမှန်ကျင်းပ တဲ့ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ အဲသည် အပတ်က ဖျက်သိမ်းခဲ့တယ်လေ။
မှတ်ချက်။
ရှန်တိန် (Shunting) လမ်းပြောင်းလမ်းလွှဲပြုလုပ်ခြင်း။

ကလျာမဂ္ဂဇင်း ဇန်နဝါရီ ၂ဝ၁၃
.
1 comment:
ဗမာတွေ ကိုယ့် ကိုအထက် ကထုမှာစိုးလို့ ခေါင်းရှောင်ရင်း တာဝန်မယူချင်တဲ့စိတ်တွေ သိပ်များလာပြီ. ဒါကြောင့်လဲ ဟိုလူတွေ ပန်းပန်နေတာပေါ့
Post a Comment