မငွေမ မိဘတွေဆုံးတော့ မငွေမ သည်ဘကြီးအိမ်ကိုရောက်တယ်။ ရောက်စကတော့ ကြီးတော်ငွေ စာက မကြည်ဖြူ ချင်ဘူး။ နှစ်ယောက်တောင် အနိုင်နိုင်ဘဝမှာ နောက်ထပ်ပြီး တဝမ်းတခါး တိုးလာ တယ်ဆိုတော့ ကြီးတော်ငွေစာ ဘယ်ကြည်ဖြူပါ့မလဲ။ အကွက်မှ မမြင်သေးပဲကို။ သည်တုန်း က ကြီးတော်ငွေစာက ပဲပြုတ်ပြုတ်ရောင်းတယ်။ သူ့လုပ်စာကို မှီစားမယ်ထင်ရတဲ့ မငွေမကို မကြည်ဖြူဘူး။
မငွေမ ကလဲ အမြိန့်သားထိုင်စားဖို့ စိတ်ကူးတာမှ မဟုတ်ပဲ။ သည်တော့ မိဘလက်ထက်က လက်ငုတ် အလုပ် ကို ဆက်လုပ်တယ်။ ကောက်စိုက်ချိန်မှာ ကောက်စိုက်၊ ပျိုးနုတ်ချိန်မှာ ပျိုးနုတ်၊ စပါးရိတ်ချိန်မှာ စပါးရိတ်။ ကို ဆက်ဖတ်ရန် ..................
လယ်ယာလုပ်ငန်းကိစ္စပြီးပြတ်ယင် ကိုင်းတောခုတ်တယ်။
သည်တော့ နွေးမိုးဆောင်း ဥတုသုံးပါးစလုံး မငွေမ အလုပ်မပြတ်ဘူး။ ရတာကို ကြီးတော့လက်ကို အကုန် အပ်တယ်။ မငွေမ လင်ယူတော့မယ်ဆိုတော့ ကြီးတော်ငွေစာက သဘောမတူဘူး။
သဘောမတူပေ မယ့် မတတ်နိုင်ဘူး။ မငွေမ ကိုဘဦးကို ယူတယ်။ ဘကြီးအိမ်က ခွာတယ်။
ဘကြီး ကလဲ အကြံပေးတယ်။ ... "ဘဦးတတ်တဲ့ ပညာနဲ့ဆိုယင် မြို့မှာ သိပ်ဟန်ကျမယ်ဟေ့၊ ရန်ကုန် လို နေရာမျိုးကို ပြောင်းနိုင်ဖို့ စိတ်သာကူး"......တဲ့။
မငွေမ ရဲ့ သဘောက ရွာကန့်လန့်ကကို မခွာချင်ဘူး။ မိဘတွေခေါင်းချသွားတဲ့နေရာ။ ဆွေမျိုးရင်း ချာဆိုလို့ ဘကြီးတယောက်ပဲ ရှိတော့တယ်ထား။ ရွာလူထုနဲ့က တသားတည်းကျနေပြီ။
ဒါပေမယ့် ကိုဘဦး ကတော့ ဘကြီးထွန်း ပြောစကားကိုစွဲနေတယ်။ သူ့လက်သမားပညာကို သိပ် အသုံးချချင်နေ တယ်။ သူ့ဖအေ့လက်ငုတ်လဲ ဖြစ်နေလေတော့၊ လက်နက်ပစ္စည်း ကိရိယာကအစ အစုံအလင် ရှိတယ်။ ခုနေများ ၀ယ်ရမယ်ဆိုယင် စိတ်တောင်ကူးဝံ့မှာ မဟုတ်ဘူးတဲ့။
ကိုဘဦး က မြို့ကို တက်ချင်တယ်ဆိုပေမယ့် အခြေအနေမပေးဘူး။ တော်တော်နဲ့ရွာကန့်လန့်က ကိုမခွာနိုင် ဘူး။
အငယ်ဆုံးကောင် ဖီနိုး ကိုမွေးပြီးခါမှပဲ ကိုဘဦးရဲ့အကြံအစည် အထမြောက်တော့တယ်။ ရန်ကုန် ကို ပြောင်း လာဖြစ်တယ်။
ခုနေ မငွေမ ပြန်စဉ်းစားကြည့်လိုက်တော့ ရန်ကုန်ကို ပြောင်းလာဖြစ်တာက မကောင်း ဘူး။ သေမယ့် ကျား တောပြောင်း ဆိုတာလို ဖြစ်နေတယ်။
ရွာကန့်လန့် မှာဆိုယင် ကိုဘဦး ခုလို အသေဆိုးနဲ့သေအုံးမှာ မဟုတ်ဘူး။ ခုလောက်စောပြီးသေစ ရာလဲ အကြောင်း မရှိဘူး။ ခု သေရတာက ကားတိုက်လို့။
လောလောလတ်လတ်ကြီး သေရတာ ဆိုတော့ မငွေမပို အဖြေရခက်တယ်။
သည် အဖြစ်သနစ်ဆိုး ကို တတ်နိုင်ငယ် မေ့ပျောက်ထားလိုက်ချင်တယ်။ စဉ်းစားလိုက်တိုင်း စိတ်နာ ကျည်းစရာေ တွ ချည့်။
ကိုကြာညို ကိုတော့ မငွေမ တော်တော်စိတ်နာတယ်။ တကယ်ဆိုယင် ညီအရင်းခေါက်ခေါက်သေ နေတဲ့ဥစ္စာပဲ။ ကူညီ ရမယ်။ စောင့်ရှောက်ရမယ်။ ခုတော့ အသုဘမှာတောင် လာအမြတ်ထုတ်သွား လိုက်သေးတယ်။
ရတဲ့ အကောက်ကလဲ မနည်းဘူး။ ပန်းကန်ဝိုင်းတွေချည်းလေးဝိုင်း။ ပိုကာဝိုင်း မပါသေးဘူး။ ပြီးတော့ နေထွက် ကနေ၀င် နေ၀င်ကနေထွက်၊ ခုနစ်ရက်ခုနစ်လီ ဆက်နေတဲ့ဝိုင်းဘယ် မကောက်မရပဲ နေမလဲ။
ကိုကြာညို က ကမကထလုပ်ပြီ၊ ကောက်တော့ကောက်ပါရဲ့။ ဒါပေမယ့် သူယူရုံးပစ်တာနဲ့ကို အဖတ် မတင်ဖြစ်နေ တယ်။ သမင်မွေးယင်း ကျားစားယင်း ဖြစ်နေတယ်။
သူ့စရိတ်နဲ့ သူ ပြီးဖို့ကောင်းတယ်။ တချို့ဆိုယင်ပိုတောင် ပိုကြသေးတယ်။ နောက်ဆုံး မပိုဘူးပဲ ထား၊ နာရေးအသင်းက ရတဲ့ငွေ လေးရာ့ငါးဆယ်တော့ ကျန်ဖို့ကောင်းတယ်။ မကျန်ဘူး။ ပါသွား တယ်။
နာရေးအသင်း ကိုဝင်ဖို့ ကိုဘဦးကပဲ တိုက်တွန်းတယ်။ ၀င်ကြေးက ငါးကျပ်။ စာအုပ်ဖိုးက တကျပ်။ ၀င်စမှာခြောက်ကျပ် ပဲ ပေးလိုက်ရတယ်။
အသင်းဝင် အိမ်ထောင်စု အချင်းချင်း နာရေးကိစ္စမှာ ပါဝင်ကူညီကြရတဲ့ သဘောပဲ။ လူကြီးတ ယောက် ဆုံးယင်နှစ်ကျပ် ကူ။ ကလေးဆိုယင်တော့ တကျပ်။ ကိုဘဦးဆုံးတော့ အသင်းက လေးရာ့ ငါးဆယ်ကောက်ပေး တယ်။ မကျန်ဘူး။ ပါသွားတယ်။
နာရေးအသင်း ကိုဝင်ဖို့ ကိုဘဦးကပဲ တိုက်တွန်းတယ်။ ၀င်ကြေးကငါးကျပ်။ စာအုပ်ဖိုးက တကျပ်။ ၀င်စမှာခြောက်ကျပ် ပဲ ပေးလိုက်ရတယ်။
အသင်းဝင် အိမ်ထောင်စု အချင်းချင်း နာရေးကိစ္စမှာ ပါဝင်ကူညီကြရတဲ့ သဘောပဲ။ လူကြီး တ ယောက်ဆုံး ယင် နှစ်ကျပ်ကူ။ ကလေးဆိုယင်တော့ တကျပ်။ ကိုဘဦးဆုံးတော့ အသင်းက လေးရာ့ ငါးဆယ် ကောက်ခံပေး တယ်။ ဒါလဲကုန်ကျသမျှထဲ ပါသွားတယ်။
မငွေမ က အပူသည်။ သည်တော့ဘာဆိုဘာမှ စိတ်မ၀င်စားနိုင်ဘူး။ သည်မှာ ကိုကြာညိုအဖို့ လူနာ မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ဖြစ်ရော။
နာရေးအသင်း က လေးရာ့ငါးဆယ်အပြင် ရှိတာပါတက်တက်စင် ပြောင်တယ်။ ရက်လည်ပြီး နောက်ရက်မှာ စားဖို့တောင် မရှိ သလောက်ဖြစ်တယ်။
ကလေးတွေ ရှင်ပြုဖို့ ဆိုပြီး ကိုဘဦးစုထားတဲ့ စုဗူးကလေးကိုလဲဖောက်လိုက်ရတယ်။ မဖောက်က လဲ မဖောက်ချင်။ မဖောက်ချင် လို့ကလဲ မဖြစ်။
စုဗူးဖောက် လိုက်တော့ ငါးဆယ့်ခြောက်ကျပ်ခွဲလားရတယ်။ ငါးဆယ်ကတော့ ဈေးရင်းဖို့။ ခြောက် ကျပ်ခွဲ ကတော့ စုဗူးဖောက်တဲ့နေ့ မှာပဲ အစပျောက်သွားတယ်။
ကိုဘဦး ရဲ့ဦးလေး ဦးသာဆိုင် ကတော့ သနားဖို့တောင်ကောင်းတယ်။ ဦးသာဆိုင် အထိန်းကောင်း ပေလို့ ရက်လည် ဆွမ်းကျွေးနိုင်တာ။ မဟုတ်ယင် တော်တော်ပြဿနာဖြစ်ကုန်မှာ။ ဒါပေမယ့် ဦးသာဆိုင် အပျက်ပျက် နဲ့နှာခေါင်းသွေးထွက် ဆိုတာလိုဖြစ်သွားတယ်။ သုံးထောင်ကျော် ဖဲရှုံးသွား တယ်။ ဦးသာဆိုင်အစား မငွေမ စိတ် မကောင်းဖြစ်မိတယ်။
ကိုဘဦး ရုတ်တရက်ဆုံးပြီဆိုတော့ အနီးစပ်ဆုံးအကြောင်းကြားစရာ ဆွေမျိုးဆိုလို့ သည်နှစ် ယောက်ပဲရှိတယ်။ ဦးသာဆိုင် က အောင်ဆန်းမှာနေတယ်။ ကိုကြာညိုက ဥက္ကလာပမှာနေတယ်။ အကြောင်းကြား လိုက်တော့ ရောက် လာကြတယ်။
ကိုကြာညို လဲ ဖဲရှုံးတာပါပဲ။ ဒါပေမယ့် တကယ့်လူပါး။ လူစီး။ အကောက်ခွက်ထဲက ယူယူကစား တယ်။ စကား ကလဲ မိုးတလုံးလေတလုံး ပြောထားလေတော့ ကြည့်နေရတယ်။ အသုဘကိစ္စ ကုန်တာခန်းတာကအစ သူတာဝန်ယူ ပါတယ်တဲ့။
ကိုကြာညို ရှုံးပစ်တာ ကို မနည်းဘူး။ မငွေက ကောင်းကောင်းတွက်လို့ရတယ်။ ခေါင်းရင်းခန်းက ကိုပြုံးဆုံးတုန်း က အများကြီး ပိုတယ်။ မညိုကိုယ်တိုင် အကောက်ကောက်တယ်။ စစ်စစ်ပေါက် ပေါက် ကောက်တယ်။ သည်တော့ သပိတ်ဝင်အိတ်ဝင် ၀င်တယ်။ အကုန်ပြန်မထွက်ဘူး။
ကိုပြုံးဆုံးပြီးကာ မှ သူ့သမီးနှစ်ယောက် စက်ချုပ်သင်တန်း လွှတ်တာလဲ မငွေမ အသိပဲ။
မငွေမ မှာတော့ မဟုတ်ဘူး။ ရက်လည်ပြီးနောက်ရက်မှာ မလွဲသာမရှောင်သာ စုဗူးဖောက်ရတဲ့အထိ အခြေအနေ ဆိုးခဲ့တယ်။
တဘက်ကကြည့်ယင် ကျေနပ်စရာတော့ ကောင်းပါတယ်။ အလျှံပယ် ကျွေးမွေးလိုက်နိုင်တယ်။ မုန့်ဟင်းခါး အချိန်ခုနှစ်ဆယ့်ငါး ဆိုတာ မနည်းပါဘူး။ ညနေဘက်မှာ ဟင်းတွေဝေတောင် ဝေပစ်ရ သေးတယ်။
ဘာပဲပြောပြော ရက်လည်ဆွမ်း ကို ကုံကုံလုံလုံလေး ကျွေးလိုက်ရတာတော့ ကျေနပ်ဖို့ကောင်း တယ်။ ဒါကလဲ ဦးသာဆိုင်ကောင်းပေလို့။
အသုဘ ကို လာဝိုင်းကူယင်း ဦးသာဆိုင် ငွေသုံးထောင်ကျော် ဖဲရှုံးသွားတဲ့ အတွက်ကိုတော့ မငွေမ စိတ် မကောင်းပါဘူး။ ရှိများ ရှိခဲ့ယင် မငွေမ အစားတောင် ပြန်ပေးလိုက်ချင်ပါရဲ့။
စဉ်းစားယင်း မငွေမ ရင်ဆို့လာတယ်။ အိပ်ခန်းထဲပြန်ဝင်ခွေနေလိုက်ရတယ်။
သူတပါးထိခိုက်မှု အာမခံငွေရမယ်တဲ့။ ရပ်ကွက်ပြည်သူ့ကောင်စီ လူကြီးက ဖိဖိစီးစီးဆောင်ရွက် ပေးနေတယ်။ ရက်ပိုင်း အတွင်းရမယ်လို့လဲ သိရတယ်။ ဒါပေမယ့် မငွေမကတော့ မမျှော်မှန်းပါဘူး။ ရချင်လဲရ။ မရချင်လဲနေ။
ငွေပဲ။ သည်းခြေကြိုက်တဲ့ အမျိုးပါ။ ဒါပေမယ့် သည်ငွေကိုတော့ မငွေမ မသုံးစားရက်ဘူး။ မသုံး စားချင်ဘူး။ ကိုဘဦး အတွက် ရွယ်စူးပြီး ကုသိုလ်ကောင်းမှုသာ ပြုလိုက်ချင်တယ်။ ကိုဘဦးကောင်း ရာ သုဂတိလားမယ်ဆိုယင် သူ့အတွက်ရတာကို သူ့အကျိုးအတွက်ပဲ ရွယ်စူးပြီး သုံးလိုက်ချင် တယ်။
ကိုဘဦး လိုလင်မျိုး ရှားလွန်းတယ် လို့ မငွေမယူဆတယ်။ တကယ့်လူအေး။ အိမ်ထောင်သက် တဆယ့်ခြောက်နှစ် မှာ တခါကလေးလောက် ဆူလားပူလား လုပ်ဖူးယင် မငွေမ မပြောတော့ဘူး။
ကြည်ညိုဖို့ လဲ ကောင်းတယ်။ ရိုသေဖို့လဲ ကောင်းတယ်။ ကြင်နာဖို့လဲ ကောင်းတယ်။ ပြန်တွေး ကြည့်ယင် ရင်နာစရာတွေ ချည်းပဲ။
မငွေမ ပြန်လည်မြင်ယောင်မိသေးတယ်။ ကိုဘဦး မျက်ရည်ကျတဲ့နေ့။ သမီးဦး ခက်မြင့်ကို မွေးတဲ့ နေ့။
ပထမဆုံး မွေးရ တဲ့ ကိုယ်ဝန်ကလဲဖြစ်ပြန်။ ပြီးတော့ ကလေးကလဲ ထွားလွန်းတယ်။ သည်တော့ တော်တော်နဲ့ မဖွားနိုင် ဘူး။ လက်သည် ဒေါ်ဖွားစော အားပေးနေတဲ့ ကြားထဲက မငွေမ တစာစာ အော်ပြီး ငိုမိတယ်။ မငွေမ ငိုတော့ ကိုဘဦး နေမထိထိုင်မသာ ဖြစ်နေတယ်။ အိမ်ရှေ့ထွက်လိုက် အခန်းဝလာရပ်လိုက်နဲ့။ မငွေမ မျက်ရည်ကြား က လှမ်းမြင်ရတဲ့ ကိုဘဦးရဲ့ မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့။ သည်လိုကို့မယားအပေါ် အကြင်နာကြီးမား တဲ့ ယောက်ျားမျိုး။ မွေးရခက်လို့ ခက်မြင့်ဆိုပြီး နာမည်မှည့်လိုက်တာ။
သားသမီးတွေ အပေါ် ကရုဏာထားရာမှာလဲ သည်လိုဖခင်မျိုး မငွေမ မတွေ့ဖူးသေးဘူး။
တအိမ်သာလုံးအနက် ကိုဘဦးစားရတာ အနည်းဆုံး။ ဟင်းကတော့ ဝေပုံကျထားတာပါပဲ။ ဒါပေမယ့် ဘယ်တော့ မှ သူ့ဝေပုံကျကို သူ့တယောက် တည်း မျိုမကျဘူး။ သားသမီးတွေထဲ ဝေငှ ပြီးထည့်ပေးတတ်တာချည်းပဲ။ စားပြီးသား ကို အန်ပြီးမကျွေးရုံတမည်။
အဆိုးဆုံး ကတော့ဖီနိုး။ အငယ်ဆုံးလဲ အငယ်ဆုံးဆိုတော့၊ ဖီနိုးက အပူဆာဆုံး။ အထပ်ထပ် စား ပြီးပေမယ့် ဟော ကိုဘဦးမို့ စားပြီလားဆိုယင် အနားသွားကပ်တော့တယ်။ သားငါးဆိုတာ ကိုဘဦး ၀မ်းထဲ မရောက်တော့ ဘူး။ ဖီနိုး ပါးစပ်ထဲချည်း ရောက်ကုန်ရော။
ဝတ်ရာ ကျတော့လဲ ကြည့်ဦး။ ကိုဘဦးမှာ စစ်အင်္ကျီနှစ်ထည်နဲ့ စစ်ဘောင်းဘီတထည်ရယ်၊ လုံချည် တကွင်း ရယ်သာသေတဲ့ အချိန်မှာ ရှိတယ်။
အဲသည် စစ်အင်္ကျီနဲ့ဘောင်းဘီကိုပဲ အ၀တ်များတယ်။ ၀တ်ဖန်များတော့ အရောင်အဆင်းတောင် မရှိတော့ ပါဘူး။ တံတောင်ဆစ်နေရာမှာ ဖာတရာဖြစ်နေပြီ။ ဘောင်းဘီဆိုတာလဲ ဖာတရာပဲ။ ၀တ်နေတာက ကြာကြာလှပေါ့။ ဖီနိုးတသက်တောင်မှ မကတော့ပဲ။
ရှာတော့လဲ ရှာတယ်။ ရလဲပဲ ရတယ်။ ဒါပေမယ့် တပည့်တွေပေါ် ညှာလွန်းတော့ မိသားစုမှာ မချောင်လည်ဘူး။ ဆင်းရဲတခါ ငတ်တခါ။ ဒါပေမယ့် အဆင်းရဲအခံဆုံး၊ အငတ်အခံဆုံးကတော့ ကိုဘဦးပဲ။
မငွေမ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်တွေးမိနေတုန်း ခေါင်းရင်းခန်းက ဆူသံပူသံကို ကြားရပြန် တယ်။ နားစွင့်ထောင်ကြည့်တယ်။ မိဝိုင်း ရဲ့ပါးစပ်ကထွက်နေတယ်။ ဖီနိုး ကိုဆဲဆိုကြိမ်းမောင်းနေတဲ့အသံ။
"သိမယ်... ဟိုက ငွေရလို့ မပြောင်းပဲပေကပ်နေယင် သိမယ်ဟေ့ သိမယ်....."
မငွေမ အိပ်မနေသာတော့ဘူး။ အိပ်ခန်းထဲက ထွက်ရပြန်တယ်။
ခက်မြင့်လဲ အိမ်ရှေ့မှာ ရှိတယ်။ ဖီနိုးကို ခေါ်ထားတယ်။ ပါးစပ်ကတော့ တခွန်းမှ ခက်မြင့်မဟဘူး။ ဒါကလဲ မငွေမ မှာ ထားလို့။ ပြောပလေ့စေ သမီး....ကိုယ့်အသား ပဲ့သွားတာမှမဟုတ်ပဲ၊ ငြိမ်သာ ခံနေလိုက်........လို့ မငွေမ ခက်မြင့် ကို မှထားဖူးတယ်။ သည်တော့ တဘက်ခန်းက ဘယ်လောက် ပဲနိုင်ထက် စီးနင်း ပြောနေပြောနေ၊ ခက်မြင့်ပါးစပ်က တုံ့ပြန်လိမ့်မယ်မမှတ်နဲ့။
ဖိုးညိုကလဲ မငွေမ ကိုပြောဖူးတယ်။....... "အမေရယ် သိပ်ဗိုလ်ကျနေတာကို ကျွန်တော်တို့ သည်လိုပဲ ငုံ့ခံနေကြရတော့မှာလား......တဲ့။"
မငွေမ ကတော့ အအေးသမား။ အလျှော့ပေးရေးဝါဒကို လက်ကိုင်ထားတဲ့သူ။ တသက်လုံးကလဲ ဘယ်သူနဲ့မှ ရန်မဖြစ် ဖူးဘူး။ ရန်ဖြစ်ဖို့တော့ စိတ်လဲမကူးမိဘူး။ သူများရန်ဖြစ်တာမြင်ယင်ကိုပဲ အလိုလိုနေ ယင်း နှလုံး တုန်တယ်။
တခါတခါတော့လဲ ပြောင်းပါတော့မယ်လေတို့ စိတ်ကူးမိတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က ၀ိုင်းပြီး တားကြ တယ်။ ၀ိုင်းဖျက်ကြတယ်။ ရပ်ကွက်က မငွေမဘက်က။ ဖယ်မပေးလဲပဲ မတတ်နိုင်ဘူးတဲ့။
ရန်သာမဖြစ်ချင် လို့ မဖြစ်တာကို။ စိတ်ထဲကတော့ မခံချင်ဘူး။ ကျောလွန်းတယ်၊ အနိုင်ကျင့်လွန်း တယ်ဆိုတဲ့ အသိက မငွေမ ရင်ထဲမှာရော ဦးနှောက်ထဲမှာပါ သန္ဓေတည်နေပြီ။ အဆောက်အအုံ ဖြစ်နေပြီ။ သည်တော့ ပြောင်းပေးပါမယ်ရယ် လို့ လွယ်လွယ်နဲ့ ကတိမပေးဖြစ်ဘူး။ မတတ်တာတဲ့ အဆုံးမှ ပြောင်းချင် လဲ ပြောင်းရပေစေတော့။
ကျန်းမာရေး ကလဲ ကောင်းတာမဟုတ်ဘူး။ ညည အိပ်မရတာ ပိုဆိုးတယ်။ အစားပါဆုတ်လာ တယ်။ ခန္ဓာကိုယ် အတွက် စိတ်ပျက်ရတာကတမျိုး။ စားဝတ်နေရေး ရှေ့ရေးအတွက် စိတ်ညစ်ရ တာ တဖုံ။ နောက်ကြောင်းတွေ ပြန် စဉ်းစားမိပြီး မချိတင်ကဲ ၀မ်းနည်းရတာက တသွယ်။ တမျိုး၊ တဖုံ၊ တသွယ်ဆိုတဲ့ အကြောင်းသုံးကြောင်း နဲ့တင် မကဘူး ခေါင်းရင်းခန်းကလဲ တမှောင့်။
ဈေးသိမ်းပြီး ပြန်လာတဲ့ သားနှစ်ယောက်ကိုမြင်မှ မငွေမစိတ်ပြောင်းသွားတယ်။ သိချင်စိတ် က ပြင်း ပြတယ်။ ရောင်း ရလေသလား၊ မရောင်းရလေသလား။
လှမ်းမြင်ရတဲ့ မျက်နှာထားတွေကတော့ အခြေအနေကို ဖြေပြောပြီး ဖြစ်နေသလိုလို။ မရွှင်ဘူး။ ငိုင်တိုင်တိုင် မှိုင်တွေတွေရယ်။
ဖိုးဝါက ဈေးတောင်းကိုချတယ်။ ပြီးတော့ သက်မကြီးချတယ်။ ဘာမှ မပြောသေးဘူး။
ခက်မြင့် က အလျင်မေးတယ်။ ရောင်းရသလားဟေ့လို့။ ဒါပေမယ့် နှစ်ယောက်စလုံး မဖြေသေးဘူး။ ဖိုးညို ကတော့ ရေကို တ၀ကြီး သွားသောက်နေလေရဲ့။
ဖိုးဝါက မပြောပါနဲ့တော့ ဆိုပြီး အစချီတယ်။ တဆယ်သားပဲ ဈေးဦးပေါက်တယ်တဲ့။ ရောင်းရတာက လမ်းမတန်း မှာ။ ပြေးရလွှားရသေးတယ်လို့ ဆိုတယ်။ ကံကောင်းလို့ ငရုတ်သီး တောင်း မှောက် မကျသွားတာ တဲ့။ ဈေးရောင်းရတာက ကျီးလန့်စာစားပဲတဲ့။
ဖိုးဝါ က အကြံပေးတယ်။ ရောင်းမနေပါနဲ့တော့ အမေရယ်....အမေ့ရောဂါနဲ့ မဖြစ်ပါဘူးတဲ့။
ရောဂါနဲ့ဖြစ်တာ မဖြစ်တာတော့ ထားတော့။ အရေးကြီးတာ ရောင်းသွက်ဖို့။ ခက် တာက ဈေး ရောင်းတာ နဲ့အကျိုးပေးတဲ့ သူမှ ပေးတာ။ သူများရောင်းထွက်တိုင်း ကိုယ်ရောင်းထွက်ချင်မှ ထွက်တာ။ မငွေမ လဲ စဉ်းစားပြီး သားပါ။ သည်သုံးပိဿာလေးလောက်ကိုတော့ ကုန်အောင်ရောင်း ကြည့်လိုက် ချင်သေးတယ်။ ဖောက်သည်ကလေး ရသွားယင် ခုလောက်ခက်ခက်ခဲခဲ ဖြစ်စရာ မရှိ ဘူးလို့ထင်တယ်။
စိတ်ဓာတ် ကျတိုင်း မမှင်အိမ်ဘက် လှမ်းကြည့်မိတယ်။ စိတ်ဓာတ်ပြန်တက်သွားတတ်တယ်။ တဈေးမှာ အရောင်း မသွက်ယင် နောက်တဈေးပြောင်းမယ်။ သုံးဆယ့်ရှစ်လမ်းဈေးတို့ နှစ်ဆယ့် ခြောက်လမ်းဈေးတို့ ရှိသေး တယ်။ မငွေမကတော့ စိတ်မလျှော့ချင်သေးဘူး။
ကိုယ့်မှာလင်သားရှိတော့တာမှ မဟုတ်ပဲ။ ကိုဘဦးဆုံးပြီးဆိုတော့ ခေါင်ကိုင်းကျိုးပြီ။ ဒါပေမယ့် မငွေမ ဆက်လက်ကြိုးစား ရမယ်။ ခေါင်းကိုင်း မရှိတော့ပေမယ့်၊ အပင်တပင် မျိုးမတုံးအောင် မငွေမ ကြိုစားဖို့ တာဝန် ရှိလာတယ်။ ဘ၀ကပေးလာတဲ့တာဝန်။
အသက်ရှင်ရေး အတွက် တခုခုတော့ လုပ်စားကိုင်စားရမှာပဲ။
အတတ်ပညာ နဲ့ လုပ်စားကိုင်စားရအောင်ကလဲ မငွေမပညာတတ်မဟုတ်ဘူး။ ကျောင်းမနေဖူး ဘူး။ စာ မတတ်ဘူး။
တခုပဲ ရှိတယ်။ ရွာကန့်လန့်ကိုပြန်ပြီး ဓားမဦးချအလုပ်ကို လုပ်ချင်လုပ်။ ကောက်စိုက်သမ လယ်ယာ လုပ်သား ဘ၀ကို ပြန်ပြောင်းချင်ပြောင်း။ ဒါကတော့ မငွေမ ကျွမ်းပြီးသားအလုပ်။ လုပ်နိုင် တယ်။ ဖြစ်တယ်။
သားနှစ်ယောက် ကလဲ အားကိုးရမှာပါပဲ။ တောမှာဆိုတော့ တနေရာမဟုတ် တနေရာမှာ အံဝင်ခွင် ကျဖြစ် မှာ သေချတယ်။
မငွေမ ရွာကန့်လန့် ကို စိတ်ကူးနဲ့ပြန်စမ်းကြည့်တယ်။ မဖြစ်ဘူး။ ဘယ်သူမှရှိတော့တာမဟုတ်ဘူး။ ဘကြီး လဲဆုံးပြီ။ ကြီးတော်လဲဆုံးပြီ။
ရွာပြန်လို့ ရင်းချာတဲ့သားချင်းထဲကရှိယင်တော့ တော်တာပေါ့။ ခုဟာက တအိုး တအိမ်ထောင် ပြန် ထူထောင်ရမယ့်ကိစ္စ။ မလွယ်ပါဘူး။
မငွေမ ရှေ့ အစီအစဉ်ကို မစဉ်းစားချင်ဘူး။ စိတ်မောလွန်းလို့။ သည်နေ့အတွက်တော့ ပြီးပြီ။ ညစာအတွက် ဂုံးဟင်း လဲ ရှိတယ်။ ဆန်ကလဲရှိသေးတယ်။ သည်တော့ နက်ဖြန်အတွက်ပဲစဉ်းစား။ နက်ဖြန်အတွက် ကလဲ ငွေနှစ်ကျပ်လောက်ရှိနေပြီ။ မငွေမ မပူဘူး။
တခုတော့ရှိတယ်။ ငရုတ်သီးမှုန့်ကိုတော့ ဆက်မရောင်းမှပဲကောင်းမယ်။ အစက မစဉ်းစားမိဘူး။ ငရုတ်သီးနံ့နဲ့ ပန်းနာ နဲ့က လားလားမှ မအပ်စပ်ဘူး။
မငွေမ စိတ်ကူးတခုပေါက်လာတယ်။ မမှင်ကို ပြန်သွင်းလိုက်မယ်။ အရင်းလောက်ပြန်ရယင် တော်ပြီ။
ဖိုးညိုကို လွှတ်ပြီး မမှင်ကိုခေါ်ခိုင်းလိုက်တယ်။ မမှင်ရောက်လာတယ်။ အကျိုး အကြောင်းပြောပြ တော့ ချိန်တောင်မနေတော့ဘူး။ ငရုတ်သီမှုန့်တောင်း မသွားတယ်။ ဖိုးညိုပါ ခေါ်သွားပြီး ငွေငါး ဆယ်ပေးလိုက်တယ်။
ဘာပဲပြောပြော ငရုတ်သီးမှုန့် က အလုပ်အကျွေးပြုသွားသေးတယ်။ အစိတ်သားလား လဲ ရောင်း လိုက်ရသေးတယ်။ အိမ်မှာလဲ စားလိုက်ရသေးတယ်။ အရင်းလဲပဲ မပျောက်ပျက်ဘူး။
မမှင်က အကြံ တခု ပေးသွားပြန်တယ်။ ရေကျိုငါးပိရောင်းတဲ့။ အလေးချိန်လဲ တိုးအောင်လုပ်လို့ ရတယ်လို့ ဆိုတယ်။ လုပ်ငန်းလုပ်ဟန် ကအစ ပြောပြသွားတယ်။
မငွေမ ဆုံးဖြတ်ချက် ချလိုက်တယ်။ တမည်ရောင်းမကောင်းယင် တမည်ပြောင်း ရောင်းရမယ်။ ငါးပိ ရောင်းကြည့် မယ်။
ပန်းနာ လဲ သက်သာသွားပြီ။ သည်နေ့ညတော့ နှစ်ခွက်စာ သုံးကျပ်ဖိုးဝယ်မယ်။ ညတခွက်သောက် မယ်။ နံနက် တခွက်သောက်မယ်။ နက်ဖြန် ဈေးထွက်မယ်။
အရင်းအနှီး ကလေး ပျောက်မှာစိုးတယ်။ သည်တော့ဆုံးဖြတ်ချက်ချပြီးယင် မြန်မြန်အကောင် အထည်ဖော် ရမယ်။
မမှင်ပြော တဲ့ ငံပြာရည် ဂိုထောင် ကို ဖိုးဝါကိုလွှတ်တယ်။ တပိဿာ ဆယ့်နှစ်ကျပ်။ လေးပိဿာ ၀ယ်ခိုင်း လိုက်တယ်။ ဆန် ကနို့ဆီဗူးခြောက်လုံး။ ထမင်းနှဲလုပ်ပြီး ငါးပိနဲ့ရောမယ်။ အိမ်ကဆန်ပဲ သုံးမယ်။
ဘာပဲပြောပြော၊ ထမင်းနဲ နဲ့ ရေနဲ့ရောပြီးယင် တပိဿာတော့ တိုးမယ်။ မကယင်သာ ရှိရမယ်။
တပိဿာ ဆယ့်ငါးကျပ် ပဲ ရောင်းအုံး။ ခုနစ်ဆယ့်ငါးကျပ်ပြန်ရမယ်။ မမှင်ကပြောတယ်။ တနေ့ တည်းနဲ့တောင် ငါးပိဿာ ကုန် သွားနိုင်တယ်တဲ့။
ငါးပိနဲ့တော့ အကျိုးပေးချင်သား။ တာမွေဈေးကိုတောင် မသွားတော့ ဘူး။ ပြဿနာ များ တယ်။ တော်နေကြာ ပြေးရ လွှားရနဲ့။ ပြီးတော့ ထောင့်မတည့်ဘူးလားလဲ မဆိုနိုင်ဘူးလို့ မငွေမ တွေးမိ တယ်။ သည်တော့ အနီးအနားက ဒဂုံညွန့်ဈေးမှာပဲ ထိုင်ရောင်းတယ်။
ည ကတော့ ငါးမတ်ပေးပြီး ဗေဒင်လဲ သွားအတွက်ခိုင်းကြည့်တယ်။ တနင်းလာနံနဲ့ အကျိုးပေး သားပဲတဲ့။ ငရုတ်သီးကတော့ ရောင်းတဲ့နေရာက ထောင့်မတည့်လို့ နေမှာပါတဲ့။
ဗေဒင်ဆရာလေး က အညွန့်ဆောင် အောင်တယ်လို့ ဆိုတယ်။ မငွေမက တနင်းလာသမီး။ ဆီးညွန့်သုံးခက်ဆောင် ခိုင်းတယ်။ ဈေးမထွက်ခင် ဖိုးဝါကို ဆီးညွှန့်သုံးညွန့် ပြေးခူးခိုင်းလိုက် တယ်။ မငွေမ ငါးပိရောင်းတုန်း ဆီးညွန့်ကို ခေါင်းမှာ ထိုးထားလိုက်တယ်။ ဖီနိုးကိုလဲ ငြိမ်ငြိမ်လေး နေခိုင်းထားတယ်။
မငွေမ ငါးပိဇလုံချပြီး ခဏကြာတော့ ငါးပိသည်တယောက်ရောက်လာတယ်။ မငွေမနဲ့ ရင်ဘောင် တန်းလောက် မှာ နေရာလာယူတယ်။
ကြည့်လိုက်တော့ သည်မိန်းမကို မျက်မှန်းတန်းမိနေတယ်။ မင်္ဂလာရပ်ကွက်ထဲကပဲလား၊ မေတ္တာ ညွန့်ကလား သာမသိရတာ။ အဲ...မသိယင်တော့ တောသည်ထင်ရမယ်။ တွံတေးဘက်ကပဲ လာသလိုလို၊ ခရမ်းဘက်ကပဲ လာ သလိုလို။
နောက်မှရောက်လာ တဲ့ ငါးပိသည်က မငွေမကို သဘောကျပုံမပေါ်ဘူး။ စားကျက်လုသူတို့ သဘောထားပုံပဲ။
မငွေမ ကတော့ အားနာမိတယ်။ ကိုယ်ချင်းစာမိတယ်။ ခါတိုင်းသည်နေရာမှာ သူထွက်နေကျလားမှ မသိတာ။
ရင်ဘောင်တန်း ဆိုပေမယ့် မငွေမနဲ့ နည်းနည်းတော့ လှမ်းတယ်။ ဈေးသည်တဦး ၀င်လာတယ်။ ရောက် လဲ ရောက်လာတယ်။ ငရုတ်သီးမှုန့်သည်။ ငရုတ်သီးမှုန့်မှ သုံးစားတောင်ပါတယ်။ အကြက် မှုန့်၊ အစိမ်းမှု့န်၊ အရောင်တင်မှုန့်။ ဈေးသည်တသည် ကြားဝင်လာတော့ မငွေမ မျက်နှာ အထားရ ကောင်းသွားတယ်။
မငွေမ ကတော့ အော်မရောင်းတတ်ဘူး။ အော်စရာလဲပဲ မလိုဘူးလို့ ထင်တယ်။ ဈေးဝယ်တွေ မြင်ရသားပဲ။ ယှဉ်ပြီးကြည့်ရုံ နဲ့ ဘယ်ငါးပိက သာတယ်ဆိုတာ ထင်ရှာနေတယ်။ ကြိုက်တာဝယ်။
သူလဲပဲ အသောကလမ်းထဲက ဂိုထောင်က၀ယ်တာ နေမှာပဲ။ ငါးပိကတော့ အစားစာရှိတယ်။ ဆယ့်နှစ်ကျပ် တန်းစားကတော့ အောက်ဆုံးအတန်းအစား။ ဆယ့်လေးကျပ်ရှိတယ်။ ဆယ့်ငါးကျပ် ရှိတယ်။
မငွေမ လှမ်းအကဲခတ်လို့ရတာက ငါးဖြူငါးပိပဲ ဖြစ်မယ်။ ဆယ့်နှစ်ကျပ် တန်းစားလဲ။ ဒါပေမယ့် ရေထိုး ထားတာက။ မတရားပဲ။ ထမင်းနှဲလဲပဲ ကဲထားလွန်းတယ်။ ယှဉ်ရောင်းရမှာကို မငွေမ လုံးလုံး မကြောက်ဘူး။
တခုတော့ရှိတယ်။ သူ့မှာက ဖောက်သည်ရှိမယ်။ ဒါပေမယ့် မငွေမမမှုဘူး။ ငါးပိပြင်ပုံ အချိုးအဆက သိပ်ကို ကွာနေမယ့်ဟာ။
ပထမဆုံးဈေးဦးဖောက် တာက ယောက်ျားကြီးတယောက်။ မငွေမကိုကျော်ပြီး ထွက်သွားတယ်။ ဟိုငါးပိသည် ကိုလဲ ကျော်သွားတယ်။ ဟိုငါးပိသည်ကိုလဲ ကျော်သွားတယ်။ ပြီးမှ တခေါက်ပြန်လာ ပြီး ၀ယ်တယ်။ တဆယ်သား။ တကျပ်ခွဲဖိုး။
နောက်တယောက်ကတော့ မိန်းမပျိုလေး တယောက်။ ငရုတ်သီးသည်ဆိုင်မှာ ငရုတ်သီးမှုန့်ဝယ် တယ်။ မျက်စိ ကလဲ ငါးပိသည်တွေဘက် မျက်လုံးကစားပြီး ငါးပိကို လေ့လာတယ်။ ပြီးတော့ မငွေမ ကို တဆယ်သား ချိန်ခိုင်းတယ်။ မငွေမ သိပ်ပျော်သွားတယ်။
နောက်တယောက် ကတော့ တရုတ်ကပြားမကြီးတယောက်ပဲ။ တောသည်လားတဲ့။ မငွေမကို မေးတယ်။ မငွေမ မလိမ်ချင် ဘူး။ မင်္ဂလာကွက်သစ်က လာထွက်တာပါလို့ပဲ ပြောလိုက်တယ်။ ဒါပေမယ့် နှစ်ဆယ်သား ၀ယ်သွား တယ်။
သည့်နောက်တော့ ငါးကျပ်သား ပဲ အရောင်းရများတယ်။ တနေ့စာတနပ်စာ ၀မ်းဝယ်တဲ့ သဘော လားတော့ မပြောတတ် ဘူး။ ဒါမှမဟုတ် အခြေအနေကြောင့်လားပဲ မဆိုနိုင်ဘူး။
မငွေမ တို့ မိသားစုဆိုယင် ငါးပိမစားနိုင်တာကြာပြီ။ ငါးပိတဆယ်သားဆိုယင် မနက်ည နှစ်နှစ်ပဲ စား ရမယ်။ နေ့မကူး ပဲ ကုန်မယ်။ ခုလိုအချိန်မှာ ခရမ်းချဉ်သီး၊ ဆား၊ ငရုတ်သီးမှုန့်၊ အချိုမှုန့်က ပိုပြီး တွက်သား ကိုက်တယ်။
ငါးပိရည်ကျိုဝယ်သွား လဲ သည့်အတိုင်းစားလို့ မကောင်းဘူး။ ပုစွန်ခြောက်မှုန့်ပါယင်ပါမှ။ ပုစွန် ခြောက်မှုန့် မပါယင် အချိုမှုန့်ယင်လဲ ပါပါမှ။ တကျပ်ခွဲစား ဆိုတာက ငါးပိသည် ပြင်ထားလို့ ငါးပိ ထက်ဝက် ဖြစ်နေပြီ။ အရသာ ပေါ့နေပြီ။ ငရုတ်သီးမှုန့် ဆိုတာ ကလဲ မထည့်မဖြစ်ထည့်ရမှာပဲ။
ခရမ်းချဉ်သီး ကတော့ တွက်သားကိုက်တယ်။ ငါးပိရေကျိုတဆယ်သား ၀ယ်မယ့်အစား ခရမ်းချဉ် သီးဝယ်ယင် သုံးဆယ်သား ရမယ်။ စားပါလေ့နှစ်နပ်စာ။ မိသားစု ကောင်းကောင်းစားလောက် တယ်။
ပထမတော့ မငွေမ မှတ်သေးတယ်။ ၀ယ်သူဆက်လာတော့ မမှတ်မိတော့ဘူး။ ဘယ်ရွေ့ ဘယ်မျှ ရောင်းရတယ် ဆိုတာကို မမှတ်ထားနိုင်တော့ဘူး။ အိမ်ကျမှ ငွေပြန်ရေရတော့မယ်။
ဟိုဘက်က ဈေးသည့် ဆီလဲပဲ မျက်စိလည် လမ်းမှားပြီး ရောက်တဲ့သူ ရောက်သွားတယ်။ ဒါပေမယ့် မငွေမနဲ့က အကွာကြီး ကွာသွားပြီ။
ဈေးကလေးရောင်းရတော့ မငွေမ ချိန်ခွင်ကိစ္စ သွားသတိရတယ်။ မမှင် ငှားထားပေးတဲ့ချိန်ခွင်။ ပဲပြုတ်သည် အဒေါ်ကြီး နေကောင်း လို့ ဈေးပြန်ထွက်ရယင် ပြန်ပေးရမှာ။ ခုယူထားတာကို သုံးရက် လားရှိပြီ။ ဘာပဲဖြစ်ဖြစ် ချိန်ခွင် တခု ၀ယ်နိုင်အောင်တော့ ကြိုးစားရမယ်။
ငါးပိရောင်းတော့ တချက်လဲ ဟန်ကျတာရှိတယ်။ ဖိုးညို ဗာဒရွက်ခူးပြီး ရောင်းရတာ နောင်ဆိုယင် ဈေးနှိမ်ခံရဖို့ မရှိတော့ ဘူး။ တာမွေဈေးမှာ သွားရောင်းယင် တရာမှ ပြားလေးဆယ်လေး ပေးလို ပေး။ အမတ်ပေးလိုပေး။ တခါတလေ များ ဆိုယင် စောစောက ကလေးတယောက် လာသွင်းသွား ပြီးပြီ လို့ ဈေးနှိမ် လို့ကောင်းအောင် ပြောလွှတ်တာက မရှားဘူး။
ခုတော့ ဖိုးညို ခူးရသမျှ ဗာဒံရွက်ကို မငွေမအကုန်မဖြုန်းနိုင်သေးဘူး။ နောင်တော့ ဖြုန်းနိုင်လိမ့်မယ် လို့ ယုံတယ်။ အားလဲ တက်မိတယ်။
ဈေးရောင်းယင်း ရင်ထဲက ကျပ်လာပြန်ရောက။ တစီစီမြည်လာပြန်တယ်။ မငွေမ လောဘလဲ မကြီး ပါဘူး။ ဈေးလဲ ကွဲတော့မှာပဲ။ ပြန်မယ်။ ဟိုဘက်ကဈေးသည်လဲ ရောင်းရချင်ရောင်းရပေ့စေ။
ဈေးရောင်းက အပြန်မှာ မငွေမ ပန်းနာရင်ကျပ်ပျောက်ဆေးနှစ်ခွက်စာ ၀ယ်လိုက်တယ်။ သုံးကျပ်ဖိုး။ ဖီနိုးကိုလဲ မုန့်ဟင်းခါး ပြားငါးဆယ်ဖိုး ၀ယ်ကျွေးလိုက်တယ်။
ဖီနိုး ကိုလဲ လက်တဘက်ကဆွဲယင်း မငွေမ စိတ်ကူးယဉ်လာမိတယ်။ အကြွေတွေ များနေလို့ အိမ်ရောက်မှပဲ တွက်ကြည့် ရမယ်။ ဘာပဲပြောပြော တပိဿာသုံးလေးဆယ်လောက်တော့ ရောင်းမှာပဲလို့ မှန်းပြီး တွက်မိတယ်။ နေမကောင်းလို့။ နေကောင်းကင် ညနေဈေးမှာ တခါထပ် ထွက်လိုက်ချင်သေးတယ်။
ဆာ ကလဲ ဆာပြီ။ ရင်ကလဲ ကျပ်တော့ မောလဲပဲ မောတယ်။ ဒါပေမယ့် မငွေမ ၀မ်းထဲကို ဘာ သားရည်စာမှ မထည့်ဖြစ်ဘူး။
အိမ်မှာလဲ ဘာမှရှိမှာမဟုတ်ဘူး။ မမှင်ဆီကရတဲ့ ငွေငါးဆယ်ကလဲ ငါးပိဝယ်ပြီးတော့ နှစ်ကျပ်ပဲ ပို တယ်။
တနပ်တလေတော့ ငါးပိရည်လေး နဲ့ စားသွားကြပေတော့လို့ပဲ ပြောထားခဲ့ရတယ်။ ငါးပိရည်ရှိယင် ဘာလိုတာ မှတ်လို့။ ငရုတ်သီးမှုန့်လဲ တနပ်စာတော့ ကျန်သေးသားပဲ။
အိမ်ပြန်ရောက်တော့ အတော်ကလေးမောပြီး။ ကလေးတွေလဲ မရှိကြဘူး။ မငွေမ အိမ်ရှေကအ ဆင်းအတက်မှာ ငါးပိဇလုံ ကို ချတယ်။ ခေါင်းခုနဲ့မျက်နှာကိုသုတ်ယင်း အမောဖြေတယ်။
စိတ်ထဲက အတို့အမြှုပ်ကလေးတခုခုနဲ့ ထမင်းစားယင် ကောင်းမှာပဲလို့ တွေးမိတယ်။ လမ်း ထဲက ဈေးဆိုင်လေးမှာ ရနိုင်တယ်။ အအေးစာတော့ တည့်မှာမဟုတ်မှန်း သိတယ်။ အပူစာနဲ့တော့ တည့်မယ်။ ပူစီနံ ရယင်တော့ ကောင်းမယ်။ ဒါမှမဟုတ် ရှောက်ရွက်ဖြစ်ဖြစ်။ မရတဲ့အဆုံး သံပရာသီး တလုံးလောက်ဝယ်ပြီး ငါးပိရည် ထဲမှာ အရည်ညှစ်ထည့်စားဖို့ စိတ်ကူးပေါက်မိတယ်။
ဖီနိုး ကို လွှတ်လိုက်ရအောင်ကလဲ အပေါက်အလမ်း တည့်မှာမဟုတ်ဘူး။ ဘာမှလဲ ပြောတတ်မှာ မဟုတ်ဘူး။ သည်ကောင် ကို ခိုင်းလို့ရတာ အချိုမှုန့်တခုပဲ ရှိတယ်။ ဒါလောက်တော့ဝယ်တတ် တယ်။
မငွေမ ဖီနိုး ကို ခဏစောင့်ခိုင်းတယ်။ မုန့်ဝယ်လာခဲ့မယ်လို့လဲ ပြောတယ်။ ဖီနိုးကလဲ ခေါင်းညိတ် တယ်။
အိမ်တံခါးတောင်မဖွင့်တော့ပဲ မငွေမ ဈေးဆိုင်ကို ထွက်ခဲ့တယ်။
ပူစီနံ လဲ ရတယ်။ နှစ်စည်းဝယ်လာခဲ့တယ်။ ပြားနှစ်ဆယ်။ သံပရာသီးက တလုံး။ သုံးဆယ့်ငါးပြား။ မငွေမ အိမ်ကို အသော့ ပြန်လာခဲ့တယ်။
အဝေးက လှမ်းမြင်ရကတည်းက အခြေအနေ မလှတော့မှန်း မငွေမ သိတယ်။ ငါးပိဇလုံမှောက်နေ ပြီ။
မငွေမ ကသောကမျော ပြေးတယ်။ အိမ်ရှေ့အိမ်က မတင်မြနဲ့ ကလေးသုံးလေးယောက်လဲ ၀ိုင်းပြုံ ကြည့်နေကြ တယ်။
မငွေမ ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားတယ်။ ငါးပိတွေက မြေကြီးပေါ်မှာတချို့။ တချို့ကတော့ မြောင်းပုပ်ထဲ ဆင်း သွားကုန်ပြီ၊ ခွေးတိုး တာတဲ့။ ခေါင်းရင်းအိမ်ကခွေး၊ စိန်နက်ဆိုတဲ့ခွေး။
ခေါင်းရင်းခန်း မှာလဲ မညိုတယောက်ပဲ ရှိတယ်။ ဆေးလိပ်ဖွာတောင် မပျက်ဘူး။ ခပ်တည်တည်ပဲ၊ သမီးနှစ်ယောက် ကတော့ စက်သွားချုပ်နေတယ်။
သွားပြီ။ အရင်းပါပျောက်ပြီ။ မြေပေါ်က တချို့တ၀က်ကိုတော့ အပေါ်ယံက သဲ့ပြီး မငွေမယူတယ်။ ဘာရှိတော့မှာ မှတ်လို့။ အလွန်ဆုံးရှိ တဆယ်သား၊ ဆယ့်ငါးကျပ်သားပေါ့။
မြင်ရတဲ့သူတွေကလဲ ရင်ထုမနာဖြစ်ကြတယ်။ ခုရက်ထဲ တနေ့စာတနေ့ရှာပြီး စားနေရတယ်ဆို တာလဲ သိကြ တယ်။ ဒါပေမယ့် ရင်ထုမနာဖြစ်ရုံကလွဲပြီး ဘာမှတော့ မတတ်နိုင်ကြပါဘူး။
ဆက်ရန်
.

No comments:
Post a Comment