Sunday, December 2, 2012

မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်, အပိုင်း (၃)

ကျွန်မ ရထားခဲ့သော စာမူခအနည်း အကျဉ်းနှင့် အဘွား၏ငွေအချို့သာ ဆုံးသွားခဲ့ရသည်။ သို့သော် အိမ်တိုင်းလိုလို မှာ အနည်းနှင့်အများဆုံး ရှုံးခဲ့ကြကာ အချို့ဆိုလျှင် ငွေကြေးပမာဏ ဆုံးရှုံးမှု ကြီးမား လွန်းသဖြင့် စိတ်သောကဖြစ်ကာ နှလုံးထိခိုက် ပြီး ဆေးရုံရောက်၊ သေဆုံးရသည် အထိ ဖြစ်ရသည် ကို နောက်ဆုံးနှစ်ဆေးကျောင်းသူ ကျွန်မ က လက်တွေ့မျက်မြင်ဖြစ်ခဲ့ရသည်။ ထိုစဉ်က ကျောင်း ပိတ်ခိုက် မှာ ကျွန်မအဖို့ အနာဂတ်ကို ကြိုတင် မမှန်းဆနိုင်ခဲ့ဘဲ ပုဂံကို ခရီးထွက်ဖို့ စီစဉ်ဖြစ်ခဲ့သည်။

သို့သော် ခရီးထွက်ဖြစ်ရာမှ ရန်ကုန်မြို့တော်ပြင်ပ မြန်မာ့အခြေအနေကို ပိုပြီးမြင်တွေ့စာနာဖြစ်ခဲ့ သည်။ နိုင်ငံရေးအရ လှုပ်ရှားမှုမျိုးကို မတွေးတတ်ခဲ့သော် လည်းနေ့စဉ်နှင့်အမျှ တလှုပ်လှုပ်ဖြစ်လာနေသော နိုင်ငံရေးအပြောင်းအလဲကို သတိထား မိစတော့ ပြုလာခဲ့ သည်။ သို့တိုင် ငယ်စဉ်ကတည်းက နေ့စဉ်မပြတ် ပြုမြဲဖြစ်သော ဘုရားရှိခိုးခြင်း၊ ဘုရားစာ ရွတ်ခြင်းနှင့် ဘုရား ဂုဏ်တော် ပုတီးစိတ်ခြင်းတို့ဖြင့်သာ သည်ရင်ခုန်ဖွယ်အပြောင်းအလဲမှာ အေးငြိမ်းမှုရအောင် ကြိုးစား ရင်း နောင်နှစ် ၁၉၈၈ ခုနှစ်မှာ ဆေးပညာဘွဲ့ကို ကျွန်မ ချစ်ခဲ့ရသော၊ ငယ်ကတည်းက အိပ်မက် ခဲ့ရသော ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တက်ရောက်ယူနိုင်လိမ့်မည်ဟု အိပ်မက် မက်နေ ခဲ့ ပါသေးသည်။
ကို ဆက်ဖတ်ရန်.........

အမှောင်တွင်းသို့ လိမ့်ကျခြင်း

တွင်းနှုတ်ခမ်းပေါ်မှာ
တော်လှန်ရေးအစ


ရေဘုံဘိုင်ခေါင်းတိုင်လိုလိုက အကောင်းပကတိ မရှိကြတော့။ ရေမလာဘုံဘိုင်နှင့် ရေမရပ်ဘုံဘိုင်များက အများစုဖြစ်သဖြင့် ဖွင့်ရပိတ်ရလွယ်သော ဘုံဘိုင်မှာ လူတွေက တန်းစီနေရသည်။ ခွဲစိတ်ခန်းဝင်မည့်သူတွေ မို့လက် ကို တံတောင်ဆစ်ထိ ဆေးရဦးမည်။ အခါမဟုတ်ရွာသောမိုးကြောင့် ရာသီက အေးနေသဖြင့် ခုလို မနက် စောစောစီးစီး မှာ အိပ်ရာထဲ ကွေးနေချင်စိတ်က မကုန်နိုင်ဘဲ ထိုင်းမှိုင်းနေသည်။ သည်အခိုက်မှာ တစ်စွန်းတစ်စကြားနေရ သည့် အသံတွေက ကျွန်မကို ကောင်းကောင်းကြီး လှုပ်နှိုးခဲ့တော့သည်။ “ပွဲချင်းပြီး ဖြစ်သွားတဲ့ ကောင်လေးကို မော်ကျူရီမှာ ညကထားပြီး မနက်အစောကြီး မှာ ရွှေ့သွား သလိုလို ပြောနေကြ တယ်။

နောက်တစ်ယောက်ကတော့ အဆောင်ကိုး တစ်ဆယ်မှာတဲ့ “သနားပါတယ်။ ကျည်ဆံက အူတွေ ကို ဖောက်ထွက်သွားတာ“ “ဟိုကောင်လေးကိုလည်း ဆရာကြီးက သေနတ်ဒဏ်ရာနဲ့ဆုံးတယ်လို့ မှုခင်းဆေးစာ ထုတ်ပေးတာကို ပြဿနာဖြစ်သေးတယ်ဆိုပဲ“ “ညက အဲဒီနားမှာ မီးမှောင်ချပြီးမှ ပစ်တာတဲ့” “ရိုးရိုးရန်ပွဲလေးကို ဒီလောက်ထိ ဖြေရှင်းတာက ဘာသဘောလဲ။ လူတွေက စိတ်တိုနေကြပြီးသားလေ“ ညက ကျွန်မတို့မိသားစု ရှစ်နာရီ မြန်မာ့အသံ သတင်းရော၊ ရှစ်နာရီဆယ့်ငါး ဘီဘီစီ မြန်မာပိုင်းအစီအစဉ်သတင်းပါ နားမထောင်ဖြစ်ဘဲ အိပ်ပျော်သွားခဲ့ကြသည် မို့ သည်မနက် ဆေးရုံ ရောက်တော့ ဆရာ၊ ဆရာမများနှင့် သူနာပြုတွေ ပြောသမျှကို ကျွန်မ တော်ရုံနှင့် နားမလည်ခဲ့။ နောက်မှ တစ်နေ့က ကြို့ကုန်းရှိ “စန္ဒာဝင်း” လက်ဖက်ရည်ဆိုင် မှာဖြစ်ပွားခဲ့ သည့် စက်မှုအင်ဂျင်နီယာကျောင်းသားများနှင့် အရပ်သားအချို့ကြား ရန်ပွဲအပြီးမှာ မကျေမနပ်ဖြစ်နေကြ သည့် ကျောင်းသား များကို မနေ့ညက လုံထိန်းတပ်က ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိခဲ့ရသည်။

ထိုနေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ထိုသတင်းက လူတိုင်းပြောနေကြပြီး ကျွန်မတို့ သူငယ်ချင်းတစ်စု ကလည်း အဆောင်ကိုး-တစ်ဆယ် က ကျောင်းသားကို သွားဝင်ကြည့်ဖို့ ကြံနေခဲ့ကြသည်။ ထိုစဉ်က မင်းသား ၀င်းဦး ကလည်း အူမကြီးကင်ဆာနှင့် ထိုအဆောင်မှာ တက်နေသည်မို့ သူ့ကို သွားကြည့်သလိုနှင့် သွားကြဖို့ စိတ်ကူးရကြပြီး အဆောင်ကိုး-တစ်ဆယ်ကို ရောက်သွားခဲ့ကြသည်။ သီးခြားအခန်းကျဉ်းလေးထဲမှာ ကိုစိုးနိုင်က အရုပ်တစ်ရုပ်လို တုံးလုံးပက်လက်။ သူ့နာမည်ကို ထိုအခန်းထဲရောက်မှ သိရပြီး သူ့ကို သွေးစွန်း နေသည့် အ၀တ်အစားနှင့် ပင် တွေ့ခဲ့ရသည်။ ဆေးပိုက်၊ ဆီးပိုက်တွေနှင့် သတိတောင် ကောင်းကောင်းမရ ဖြစ်နေသည့် သူ့ကို ခြေချင်းက ခတ်ထားသေးသည်။ အခန်းက မှုန်ကုပ်ကုပ်နှင့် အနံ့အသက် ကလည်း ဆေး၊ သွေး၊ ချွေးတွေ ရောပြွမ်းနေသည့် မနှစ်မြို့ဖွယ်ရာ အနံ့မျိုး။ ဘေးမှာလည်း လက်နက်ယူနီဖောင်းတွေ က ရှိနေသေးသည်။

ပတ်ဝန်းကျင်အနေအထားအရရော၊ သူ့ကိုမြင်ရသည့်မြင်ကွင်းအရပါ စိတ်နှလုံးကြေကွဲစရာမို့ ကျွန်မတို့အားလုံး ဆွံ့အနှုတ်ဆိတ်နေ ခဲ့သည်။ ရာဝန်မဖြစ်ကြသေးသည့်တိုင် အတွေ့အကြုံအရ ကိုစိုးနိုင်ကို သည်တစ်ခါ တွေ့ရခြင်းသည် ပထမနှင့် နောက်ဆုံးဟု သိနေကြသဖြင့် မည်သူကမျှ စကားဟဟမဆိုကာ ထိုအခန်းထဲ မှ ထွက်လာခဲ့ကြသည်။ ထိုနေ့ညနေတွင်ပင် ကိုစိုးနိုင်ကွယ် လွန်သွားခဲ့သည်။ အခင်းဖြစ်သည့် ၁၉၈၈ မတ်လ ၁၃ ရက်နေ့ညက သေဆုံးခဲ့သော မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုဘုန်းမော်၏ အလောင်း ကိုလည်း မကြာမီက ဖွင့်သည့် ဂျပန်ဆေးရုံကြီး မော်ကျူရီမှာ ထား သလိုလိုကြားရပြန်သဖြင့် ကျွန်မတို့တစ်တွေ ဂျပန်ဆေးရုံကြီး ဘက် သွားခဲ့ကြသော်လည်း ဆေးရုံဝင်းမှာရော၊ လမ်းမတော်ဆေး ကျောင်းဝင်းမှာပါ လုံခြုံရေးက တင်းကျပ်နေခဲ့သည့်အတွက် ဘာမှအထူးအထွေ မသိခဲ့ကြပြန်။ နောက်တော့ လူသုံးနည်းသည့် တာမွေသချိင်္ုင်း မှာ အကျဉ်းရုံးပြီး မီးသင်္ဂြိုဟ်ပစ်ခဲ့သည်ဟု ကြားကြရပြန် သည်။ ကျောင်းသားချင်း ဟူသည့်အသိက ကျွန်မ တို့ ကျောင်းသားအား လုံးကိုတပ်လှန့်ခဲ့ပြီ။

ထို့ကြောင့် မတ် ၁၄ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းသားဆန္ဒပြပွဲဖြစ်ခဲ့ပြီး ၁၅ ရက်နေ့မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(ရာဇူး)မှာ ဆန္ဒပြပွဲကြီး ပေါ်ပေါက်လာသည်။ သည့်နောက်မှာတော့ အခြေ အနေတွေ က ပိုပြီး ပက်စက်ဆိုးရွားလာခဲ့သည်။ မတ် ၁၆ ရက်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ကျောင်း သားလှုပ်ရှားမှုကြီးပေါ်ပေါက် လာကာ အင်းလျားကန်စောင်းတံတားဖြူဝန်းကျင် လုံထိန်းတပ်က ဆန္ဒပြကျောင်းသား များအား ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခြင်းများ လုပ်လာခဲ့သည်။ ရိုက် နှက်ခံ ထားရမှုကြောင့် ထွက်မပြေးနိုင်ကြတော့သော ကျောင်းသားကျောင်းသူများကို အချုပ်ကားနှစ်စီးေါ် မှာ မဆံ့ရင်ကာ ထိုးကြိတ်ထည့်သွင်းတင်ဆောင်ပြီး အင်းစိန်ထောင်ကို ပို့ခဲ့ရာတွင် အစိုးရသတင်းစာအဆို အရပင် လေးဆယ့် တစ်ဦး သေဆုံး ခဲ့ရသည်။ ထိုအလောင်းတွေကို သက်ဆိုင်ရာက မိသားစုကိုပင် ပြန်မအပ်ဘဲ ကြံတောသချိင်္ုင်း မှာ သင်္ဂြိုဟ်ပစ်လိုက်ပြန်သည်။

ကောင်းသားကျောင်းသူ ခြောက်ရာကျော် အဖမ်းခံရသည်။ သည်မှာ တံတားနီအရေးအခင်းဟု အမည်တွင် ခဲ့သည်။ ထိုစဉ်ကတော့ ကျွန်မတို့ နောက်ဆုံး နှစ်ဆေးကျောင်းသူ ကျောင်းသားတွေမှာ တစ်နေ့တာ စာသင်ချိန်များ တွင် ကျောင်းဝင်းထဲမှာထက် ဆေးရုံအသီးသီးမှာ အုပ်စုငယ်လေးများခွဲပြီး သင်ရချိန်မို့ ဂဃနဏ မတွေ့ကြုံလိုက် ကြရချေ။ အမှန်တော့ အကြားနှင့်ခံစားရသည့်အတွက် ပိုပြီးစိတ်မကောင်းခဲ့ကြ။ ကိုယ်မြင်ယောင်ချင် သလို မြင်ယောင်ကာ ဒေါသတို့ကလည်း ပိုသကဲ့သို့ ကိုယ့်ကိုယ်ကိုလည်း အားမရခဲ့ကြ။ သို့သော် ကျွန်မ တို့ ကျောင်းတွေက စာသင်ကောင်းနေဆဲ။ စာမေးပွဲတွေကလည်း ရက်ခြားလိုလို ရှိနေဆဲ။ ထို့နောက် မှာတော့ ယခင်က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို ရှိမှန်းပင်မသိသည့် လူမျိုးတွေကပါ ညတိုင်း ရှစ်နာရီဆယ့်ငါး မှာ ရေဒီယို ကလိကြတော့သည်။ မကြာမီမှာ ဆရာဝန်ဖြစ်ရတော့ မည့် နောက်ဆုံးနှစ် ဆေးကျောင်းသူ ဘ၀မို့ ယခင်ကထက် စာကို ဖိကြိုးစားနေရသည့်တိုင် သည် အဖြစ်အပျက်တွေ က ကျွန်မကို ကိုင်လှုပ်ခဲ့ပြီဖြစ်သည်။

ဆိုရှယ်လစ်နောက်ဆုံးနေ့များ
မေလဆန်းမှာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၏ ဦးနေ၀င်းထံ ပေးစာထွက်လာခဲ့ပြီး လူအတော်များများက မကျေနပ်မှုတွေ ကို ပြောလာကြသကဲ့သို့ တော်လှန်ရေးကောင်စီတက်ခါစက ဖြစ်ရပ်တွေအကြောင်း ပိုကြား လာရသည်။ မေလ ၁၅ ရက်မှာ မတ်လအရေးအခင်းအပေါ် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ပေါ်ထွက် လာသော် လည်း အများစုက ထိုအစီရင်ခံစာကို အမှန်ဟု မယုံကြည်ခဲ့ကြ။ သည်လိုနှင့် လိပ်ခဲတည်း လည်း နိုင်ငံရေးမိုးလေ၀သအောက်မှာ ကျွန်မတို့တွေလည်း နေမထိထိုင်မသာ ရှိနေခဲ့ပြီး တိုင်းပြည် အေးချမ်းရန် ဘုရားမှာ သံပုရာသီးကပ် ဆိုသည့် အပြောတွေကို နားထောင်၊ သံပုရာသီးကပ်၊ ပုတီးစိပ်ကာ ဘုရားမှာ ဆုတောင်းသည့် အလုပ်ကို လုပ်ဖြစ်ခဲ့ပြန်သည်။

ဘယ်လိုပဲ ဘာသာရေးစာပေတွေ ဖတ်ခဲ့သည်ဆိုဆို၊ ဗုဒ္ဓက ဓမ္မကို သံသရာထွက်ရပ်လမ်းအတွက် အားကိုးစေချင် မှန်း သိသည်ဆိုဆို ဘာသာရေးကို မျက်မှောက်ဘ၀ ပြဿနာများအတွက် အဖြေတစ်ခုလို ကျွန်မအားကိုးခဲ့ သည်။ သို့သော် ထိုစဉ်တော့ သည်လိုအားကိုးမိခြင်း မျိုးအပေါ်မှာ မိဖိုးဖလဆန်မှန်း၊ ပညာမဲ့ဆန် မှန်း မည်သို့မျှ မတွေးဖြစ်ခဲ့ချေ။ ကျွန်မ၏ မကြာခင် ပြည့်ဝတော့ မည့် အိပ်မက်ကလေးအတွက် တိုင်းပြည်ကြီးအေးချမ်း ဖို့ လိုသည်ကိုး။ ထို့အတွက် ကျွန်မက မည်သို့ပါဝင် နိုင်မ်နည်း။ ကျွန်မ မသိတတ်သေး။ ကျွန်မ သိသမျှ က သီလကိုလုံအောင် ထိန်းပြီး သစ္စာပြုဆုတောင်း တိုင်တည်ဖို့၊ ခံစားတွေ့မြင်ရသမျှကို အမှန်အတိုင်း အရှိ အတိုင်း အဖြူပေါ် အမည်းတင် ရေးသားစီကုံးဖို့။

ထိုနေ့က ဇွန် ၂၁။ ကလေးဆေးပညာဘာသာရပ်၏ အရေးကြီးဆုံး ပို့စတင်စာမေးပွဲက နီးကပ်နေပြီမို့ ကျွန်မတို့ သူငယ်ချင်းတစ်တွေ စာကို သဲကြီးမဲကြီးကျက်နေခဲ့ကြသည်။ သည်ရက်တွေမှာ ကျောင်းသားလှုပ် ရှားမှုများရှိမည် ဟု ကြားနေရသော်လည်း နီးရာဓားဖြစ်သည့် စာမေးပွဲက သည်ညနေမှာတင်ရှိသည်မို့ တစ်မ နက်လုံး ကလေးဆေးရုံထဲ မှာပဲ စာအတူကျက်ကြ၊ ငြီးငွေ့လာလဆင် ပြီးခဲ့သည့် လတွေအကြောင်းနှင့် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ အသံလွှင့်ချက်တွေအကြောင်း ပြောကြဖြင့် ပတ်ဝန်းကျင်ကို မျက်ခြည်စကြား လာသည် မသိ၊ ရာဇူးထဲမှာ ဟောပြောပွဲများရှိသကဲ့သို့ လမ်းမတော်ဆေးကျောင်းထဲမှာပါ ဟောပြောပွဲတွေ ရှိနေပြီး မြေနီကုန်းဘက်မှာ ဆန္ဒပြရာနေရာကို လုံထိန်းကားတွေ ၀ိုင်းထားနေပြီဟု ကြား လိုက်ကြရသည်။ အားလုံးက လှုပ်လှုပ်ရှားရှားဖြစ်သွားချိန်မှ ညနေပိုင်းကျင်းပမည့် စာမေးပွဲမရှိတော့ဘဲ ကျောင်းပိတ်လိုက်ပြီဟု ဆရာမ တစ်ယောက်က လာကြေညာလိုက်သည်။ ဘတ်စ်ကားတွေလည်း မဆွဲကြ တော့ဘဲ ကားလမ်းတွေ လည်း ပိတ်နေပြီဟု သိလိုက်ရချိန်မှာ လောလောဆယ် စိတ်ညစ်နေရသည့် စာမေးပွဲ အတွက် စိတ်ပေါ့ သွား သလောက် ဘာတွေဖြစ်ကုန်ကြပြီလဲဆိုသည့် အတွေးများနှင့်အတူ အိမ်အပြန်ကို ပူသူတွေ ပူကုန်ကြသည်။

ဇွန်၊ ဇူလိုင်အရေးအခင်းများ

ကျွန်မလည်း ထိုနေ့က ကံကောင်းထောက်မစွာ ပေဖူးလွှာမဂ္ဂဇင်းအယ်ဒီတာဦးမျိုးမြင့်ညိမ်း၏ အကူအညီဖြင့် အိမ်ပြန်ရန် ခက်သည့် သူငယ်ချင်းကိုပါခေါ်ပြီး လမ်းမတော်ဆေးကျောင်းဘက်က ဟောပြောပွဲကို ခဏ၀င် နားထောင်ကာ စမ်းချောင်းအိမ်သို့ ချောချောမောမော ပြန်ရောက်ခဲ့သည်။ အိမ်ပြန်ရောက်ပြီး မှ မြေနီကုန်းမှာ ကျောင်းသား၊ လူထုတို့နှင့် လုံထိန်းများ အခြေအနေတင်းမာနေကြောင်း ကြားသည် မို့ မောင်နှမတွေနှင့်အတူ ပဒုမ္မာကွင်းဘက်ကို ထွက်လာခဲ့ကြသည်။ သို့သော် ကျွန်မတို့အုပ်စု ပဒုမ္မကွင်း လယ်လောက်ရောက်ချိန် မှာ သေနတ်သံတွေ အဆက်မပြတ်ကြားလိုက်ရပြီး စမ်းချောင်းလမ်းတစ်လျှောက် အသက်လုပြီး ပြေးလာသည့် လူအုပ်ကြီးနှင့် ပက်ပင်းတိုးတော့သည်။ ရှေ့ကိုလည်း ဘယ်လိုမှ ဆက်တိုးလို့ မရတော့ အိမ်ကိုသာ ပြန်ခဲ့ကရသည်။ ထိုနေ့မှာပင် ကျွန်မ၏ မကြာခင်ပြည့်ဝတော့မည့် အိပ်မက် ကလေး ပျောက်ဆုံးသွားတော့မည်ဟု ရိပ်စားမိခဲ့ပြီ။ ထိုညက ရာဇူးအပါအ၀င် အခြားတက္ကသိုလ်တွေ ပိတ်ကြောင်း ကြေညာကာ နောက်နေ့မှာ ဆေးကျောင်းအားလုံး ရက်အကန့်အသတ်မရှိ ပိတ် လိုက်ကြောင်း ကြေညာခဲ့ သည်။ ည ၆ နာရီ၊ မနက် ၆ နာရီ အိမ်ပြင်မထွက်ရ ကာဗျူးအမိန့်လည်း ထွက်လာခဲ့ သည်။ ကျောင်းသား အတော်များများ အဖမ်းခံခ့ရပြီ။ မပြည့်နိုင်သော ဆုတောင်းများကို ကျွန်မ ထပ်မံတောင်းဖြစ် ခဲ့ပြန်ပြီ။

ဇူလိုင်လဆန်းမှာ ကျောင်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း တောင်ကြီးနှင့် ပြည်မြို့တွေမှာ ဘာသာ ရေးအဓိကရုဏ်းဆန်သည့် အရေးအခင်းတွေ ဖြစ်လာခဲ့ပြန်သည်။ ပြည်မှာ မာရှယ်လော ကြေညာရသည်အထိ ဖြစ်ခဲ့ပြီး နိုင်ငံအနှံ့မှာ လူတွေ ကျီးလန့်စာစားဖြစ်နေကြပြီ။ သည် အနေအထား မှာ ဇူလိုင်လ ၂၃ မဆလပါတီ ဗဟိုကော်မတီ အရေးပေါ် ညီလာခံ၌ ဦးနေ၀င်းက လူထုကို တရားဝင် စိန်ခေါ်ခြိမ်းခြောက်လိုက်တော့သည်။ ထိုစဉ်က လူထုအများစုမှာ ဖြစ်ခဲ့သည့်ကိစ္စတွေအပေါ် မနှစ်မြို့ကြ သည့်တိုင် တရားမ၀င်ကြေညာခဲ့သည့် ငွေစက္ကူတွေကို တန်ရာတန်ကြေးတူ အခြားငွေစက္ကူ များနှင့် ပြန်လည် လဲလှယ်ပေးလေမလားဟု သူ့မိန့်ခွန်းကို နားစွင့် မျှော်လင့်နေခဲ့ကြသော်လည်း ဦးနေ၀င်းက “တိုင်း ပြည်တစ်ပြည်လုံး လူထုကို ကျွန်တော် သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တာ။

မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး”ဟု ပြတ်ပြတ်သားသား စိန်ခေါ်ခဲ့ပါတော့သည်။ သို့သော် ထိုနေ့က ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ အဆောက်အဦဖြိုချခဲ့ခြင်းနှင့် ပတ်သက်ပြီး ရှင်းခဲ့သလို တစ်ပါတီစနစ်ကြိုက်သလား၊ ပါတီစုံစနစ်နဲ့ ပဲ သွားချင်တာလားဟုလည်းမေးခဲ့ပါ သည်။ ဇူလိုင်လ ၂၅ ရက်မှာတော့ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ခဲ့သည်။ သို့သော် လူထုက ဦးန၀င်းမှာ သာ အာဏာရှိနေသေးသည်ဟု ယုံကြည် ခဲ့ကြသည်။ ၂၇ ရက်နေ့မျာ ဦးစိန်လွင် သမ္မတဖြစ်လာခဲ့ပြီး သြဂုတ် လ ၁ ရက်နေ့မှာ ဦးအောင်ဘကီးနှင့် အခြားနိုင်ငံရေး သမားဟောင်း ဆယ်ဥိးကို ဖမ်းဆီးခဲ့သည်။ သြဂုတ်လ ၂ ရက်ညပိုင်း ရွှေတိဂုံကုန်းပေါ်မှာ ကျောင်းသားအချို့ လှုပ်ရှားမှု စတင်ခဲ့ပြီးနောက် ၃ ရက်နေ့မှာ မာရှယ်လော အရေးပေး အခြေအနေ ကြေညာလိုက်သည်။ တက္ကသိုလ်တွေပိတ်ပြီး နယ်ပြန်ပို့ခံ လိုက်ရ သည့် ကျောင်းသားများက နယ်အနှံ့မှာ စည်းရုံးနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အထွေထွေသပိတ်ကို ၈ ရက်နေ့ မှာ စတင်မည်ဟု ကြေညာသည့် စာရွက်စာတမ်းများထွက်ပေါ်လာခဲ့သည်။

ထိုစဉ်က ကျောင်းလည်း တက်စရာမလိုတော့သည့်အတွက် အိမ်ပြင်ထွက်ဖို့ အကြောင်းပြချက်ကမရှိသလောက် နည်းနေသည်။ မဂ္ဂဇင်းတိုက်တွေကို သွားဖို့ရာမှာလည်း အိမ်က စိတ်မချသလို တိုက်တစ်ချို့မှာလည်း အကြောင်းကြောင်း ကြောင့် လူရှင်းနေတတ်သည်မို့ မသွားဖြစ်သူ။ သူငယ်ချင်းများနှင့်လည်း တယ်လီဖုန်းဖြင့်သာ အဆက်အသွယ်ရှိပြီး မည်သူကမှလည်း ကိုယ့်ကို ဆန္ဒပြသည့်အဖွဲ့နှင့် ပူးပေါင်းဖို့ လှမ်းမမေး ကြ။ ကျွန်မမှာ အိမ်တွင်းအောင်းရင်း အခြေအနေကောင်းလာ ပြီး ကျောင်းပြန်ဖွင့် လျှင် ဖြေရမည့် စာမေးပွဲအတွက်ပဲ စာကျက်ရမလို၊ လတ်တလောတွေ့မြင်ခံစားရသမျှကိုပဲ ချရေးရမလိုနှင့် အဆုံးမှာတော့ ဘာဆို ဘာမှမလုပ် ဖြစ်ဘဲ သတင်းနားစွင့်လိုက်၊ စိတ်ညစ် ဒေါသဖြစ်လိုက်နှင့်သာ ရှိနေခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံအောင်ရမည်
သည်လိုနှင့် သြဂုတ်လ ၈ ရက်နေ့ရောက်လာပြီး နိုင်ငံနှင့်အ၀န်းအထွေထွေသပိတ်ကြီးကို စတင်ခဲ့ပြီ။ သို့သော် ကျွန်မက အိမ်ထဲက ထွက်လို့ မရနိုင်သေး။ အဘိုးက ၁၉၈၆ မှာတည်းက ဆုံးပါးခဲ့ပြီမို့ သူ့အကူအညီကို မရနိုင်။ အဘွား ကလည်း အေးလွန်းသည်မို့ ကူပြောနိုင်မှာမဟုတ်။ ဖေဖေနှင့် မေမေကတော့ တစ်ခုခုဖြစ်မှာ စိတ်ပူကာ ကျွန်မတို့ မောင်နှမသုံးယောက်စလုံးကို အပြင်ပေးမထွက်တော့။ အိမ်ထဲမှာ ဖုန်းပြောလိုက်၊ သတင်းနားထောင် လိုက်နှင့် ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ဘဲ ရှိနေခဲ့သည်။ သြဂုတ်လ ၁၀ ရက်နေ့ မနက်မှာ သူငယ်ချင်းတွေ ဖုန်းခေါ်လာပြီး ရန်ကုန်ဆေးရုံကြီးမှာ အစာငတ်ခံဆန္ဒပြွဲလုပ်နေသည်ကို လုံထိန်းတပ်က ၀င်ပစ်ရာ မှာ ကျောင်းသားအချို့သာမက လူနာအချို့နှင့် ဆရာဝန်၊ သူနာ ပြုအချို့ပါ ထိမှန်ဒဏ်ရာ ရကာ သေသည့်သူပင်ရှိသည်ဟု ကြားလိုက်ရသည်။ ဆေးရုံလူနာဆောင်၏ နံရံ ပေါ်မှာ ကျည်ရာတွေ ကျန်နေ ခဲ့သေးကြောင်း၊ လူနာဆောင်မှန်းသိလျက်၊ ဆေးဝန်ထမ်းတို့၏ ၀တ်စုံကို မြင် တွေ့လျက် အကြောင်းမဲ့ ချိန်တွယ်ပစ်ခတ်သွားခဲ့သည်ဟု ကြားရသည့်အခါတွင်တော့ ကျွန်မ၏ ချုပ်တည်း နိုင်စွမ်းလည်း ကုန်ဆုံး သွားတော့သည်။

အမှန်တော့ ငယ်က အိပ်မက်ခဲ့သော အတ္ထုပ္ပတ္တိ ထူထူထဲထဲဖြစ်ချင် သည့်ကိစ္စအတွက် ခိုင်လုံသော အကြောင်းအရာ တို့ ကျွန်မမျက်စိရှေ့မှာ ရောက်နေပါလျက် ကျွန်မက အိမ် တွင်းအောင်းနေရသည့်အစ်ြမှာ အတော့်ကို ဆိုးရွားခဲ့ပါသည်။ ယခင်က မိဘကို ချစ်သော စိတ်က ကျွန်မကို မပြတ်သားရက်နိုင်အောင် တားမြစ်ခဲ့သော်လည်း ကျွန်မတို့၏ အပြစ်မဲ့လူနာနှင့် ဆေးဝန်ထမ်းများကိုပင် အကြောင်းမဲ့ ပစ်သတ်ရက်သော မဆလတပ် ကို ကျွန်မဘက်မှ တောင့်တင်းခိုင်မာစွာ ဆက်ဆံပါမှ မေတ္တ သုတ်အဟောကို အမှန်တကယ် လိုက်နာသော သူဖြစ်ရမည်မို့ မိဘနှစ်ပါးကို စည်းရုံးဖို့ ပြင်ရတော့သည်။ သို့ နှင့် ကျွန်မတစ်သက်မှာ ပထမဆုံး အကြိမ်အဖြစ် မိဘကို ဥပါယ်တံမျှင်သုံးဖြစ်ခဲ့သည်။ ဒဏ်ရာရလူနာတွေ ဆေးရုံကြီးမှာ များသည်ထက် များလာနေသည် မို့ လုပ်အားပေးလိုသဖြင့် သွားကူပါမည်ဟု အကြောင်းပြ လိုက်သောအခါ အလွယ်တကူပင် ပါမစ်က ကျလာခဲ့သည်။ အမှန်တော့ ဖေဖေရော မေမေပါ ကျွန်မတို့ အားလုံး မည်သို့မည်ပုံ ရပ်တည် ပါဝင်သင့်သည်ကို လက်ခံခဲ့ကြသည်ပင်။ သားသမီးမို့ ကာယိကဒုက္ခ၊ စိတ္တဒုက္ခတွေ ရောက်ရမှာကို မလိုလားသည့် အတွက်သာ တားမြစ်ခဲ့သည်ပင်။ သို့သော် လူသားချင်း စာနာ သည့်လူသားစစ်စစ်စိတ်ဓာတ်က သူတို့ကို အနိုင် ယူသွားခဲ့ကာ ကျွန်မကို စူဠလိပ် ရေထဲလွှတ်သလို လွှတ်ခဲ့ ကြပါသည်။ ကျွန်မကလည်း လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် တော်လှန်ရေးရေပြင်ထဲ စုံးစုံးမြုပ် ငုပ်လျှိုး သွားခဲ့ပါတော့သည်။

သြဂုတ်လဆန်း လူသတ်ပွဲကြီးပြီးမှာ ကာဖျူးက ည ၈ နာရီမှ မနက် ၄ နာရီသို့ ပြန်လျှော့ခဲ့ပြီး ၁၂ ရက်နေ့မှာ ဦးစိန်လွင် ရာထူးမှ အနားယူခဲ့သည်။ သည်ကြားမှာ မြန်မာပြည်အနှံ့ ဆန္ဒပြပွဲတွေ အဆက်မပြတ်တော့ သလိ နိုင်ငံ့ဝန်ထမ်းအချို့ပင် ဆန္ဒပြပွဲမှာ ပါဝင်လာခဲ့သည်။ အစိုးရပိုင်စက်ရုံ၊ ဂိုဒေါင် များနှင့် အဆောက်အဦး များကို လုယက်ဖျက်ဆီးမှုတွေ ဖြစ်လာသည်။ အစိုးရယန္တရားသည် ယိုယွင်းသထက် ယိုယွင်းလာခဲ့ပြီ။ ၁၉ ရက်နေ့မှာ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့ပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြပြီ။ ရန်ကုန်ဆေးရုံကြီး လူနဆောင် ၁၉-၂၀ ရှေ့ကွက်လပ်သည် ပင်မသပိတ်စခန်းဖြစ်လာကာ ကျွန်မလည်း မိဘ ကိုသာ ဆေးရုံမှာ လုပ်အားပေးမည်ဆို ခ့သော်လည်း တကယ်တမ်းမှာတော့ အရှေ့ပိုင်းဆေးရုံဘက်မှာ ရက်သတ္တပတ် မျှ လုပ်အားပေးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သပိတ်မှောက်လမ်းလျှောက်အုပ်စုနှင့် လိုက်လိုက်၊ စာရေးဆရာမောင်သော်က တို့လို ဆရာ ကြီးများ၏ ရန်ကုန်တစ်ခွင် ဟောပြောပွဲတွေနောက် လိုက်လိုက်နှင့် ရှိခဲ့ သည်။

ပန်းချီဆရာမမမွှေးမှာ ကျွန်မ နှင့် အိမ်ချင်းနီးပြီး စိတ်တူကိုယ်တူလည်း ဖြစ်သည်မို့ ကျွန်မတို့နှစ်ယောက်သား တစ်နေကုန်လိုလို လမ်းများ ခဲ့သကဲ့သို့ ကိုယ်တိုင်က တစ်ခုခုလှုပ်ရှားနိုင်အောင် နည်းလမ်းရှာနေဖြစ်ခဲ့ကြသည်။ သြဂုတ်လ ၂၄ ရက် မနက်မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးတရားပွဲကို လုပ်သွားခဲ့ပြီး သွား ရေးလာရေး အခက်အခဲကြောင့် သတင်းထွက်လာခဲ့သည်။ သမ္မတ ဒေါက်တာမောင်မောင်က စက်တင်ဘာ ၁၂ ရက်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပေးမည်ဟုဆိုသည်။ သို့သော် စိတ်အနာကြီး နာသွားပြီဖြစ်သည့် လူထုက ဘာကိုမျှ အယုံအကြည်မရှိကြတော့။ ထိုနေ့ညမှာ ဖမ်းဆီး ထားသည့် နိုင်ငံရေး သမားများနှင့် ကျောင်းသားများကို ပြန်လွှတ်ပေးခဲ့သည်။ နောက်တစ်နေ့ သြဂုတ် ၂၅ မှာ ထာင်က လွတ်ကာစ ဦးအောင်ကြီးက စမ်းချောင်းပဒုမ္မကွင်းမှာ ဟောပြောပွဲတစ်ခုလုပ်ခဲ့ပြီး “စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားနဲ့” ဟု ထည့်ပြောခဲ့ရာ စစ်တပ်ကို စိတ်အနာကြီးနာကာစ လူထုက မကျေနပ် ခဲ့ကြချေ။ နောက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ တရားပွဲရှိသည်ဟု သတင်းကြားရပြန်တော့ ကျွန်မတို့ အားလုံး မနက် ဖြန်ကို အားခဲထားလိုက်ကြသည်။

ပြည်သူ့ခေါင်းဆောင် ပေါ်ထွက်ပြီ
သြဂုတ်လ ၂၆ မနက်ကတော့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် တရားပွဲ ကျင်းပခဲ့သည်။ ကျွန်မက မမွှေးနှင့်အတူ သွားနေကျမို့ ပန်းချီဆရာ၊ ကာတွန်းဆရာအုပ်စုနှင့် အတူရှိနေခဲ့ သည်။ ထိုစဉ်က ရပ်ကွက်မြို့နယ်အသီးသီးမှာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူနေကြရပြီမို့ သမဂ္ဂတစ်ခုခု၏ အဖွဲ့ဝင် ကဒ်ရှိလျှင် ပိုပြီးလုံခြုံသည်။ ကျွန်မမှာ ပန်းချီ၊ ပန်းပု၊ ကာတွန်းဆရာများ သမဂ္ဂအဖွဲ့ဝင်ကဒ်လုပ် ထားပြီး သည်အုပ်စုနှင့်ပဲ အမြဲအတူရှိနေဖြစ်သည်။ ရန်ကုန်တစ်မြို့လုံးလိုလိုက သွားနားထောင်ကြသည့် သည်တရားပွဲမှာ ဘယ်တုန်းကမှ အသုံးမပြုသဖြင့် တောထနေသည့် အနောက်ဘက်မုခ်သည် လူပင်လယ် အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ဆန္ဒပြစစ်ကြောင်းတွေကြောင့် လမ်းတွေပိတ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တော်ရုံနှင့်မရောက်လာခ့။ မတ်တပ်ရပ်နေရုံ တစ်နေရာစာသာ နေရာရသည့် လူပင်လယ်ထဲမှာ ရပ်စောင့်ကြရင်း ပန်းချီမျိုးမြင့်၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းဝင်းထွန်း၊ မမွှေးနှင့် ကျွန်မ တို့မှာ လမ်းပေါ်မှာ ဆန္ဒပြရုံနှင့် ကျွန်မတို့ တာဝန်မကျေနိုင်ဟု သဘောပိုက်ကြသည်မို့ ရှေ့ကို ဘာလုပ်ရင်ကောင်းမလဲဟု တိုင်ပင်ဖြစ်ကြသည်။ စာပေစိစစ်ရေး အပါအ၀င် အစိုးရဋ္ဌာနတွေလည်း အလုပ်မလုပ်တော့သည့်ပြင် လုပ်သား၊ ကြေးမုံ စသည့်နိုင်ငံပိုင် သတင်းစာတိုက်တွေလည်း သပိတ်မှောက် ဆန္ဒပြနေကြပြီ။ ဆန္ဒပြသတင်းတွေ ကို နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြလာသည်။ ခွင့်ပြုမိန့်မပါဘဲ ထုတ်ဝေ သည့်စာစောင်အချို့ကို စတင်တွေ့ လာရသည်။ သည်တော့ လက်ရေးစာစောင်လေးတစ်ခု လုပ်ကြဖို့ စိတ်ကူး လိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားပွဲက လူတော်တော်များများ၏ သူ့အပေါ်အမြင်ကို အကောင်းဘက်သို့ ပိုမို ပြောင်းလဲစေသည်။ သူ့အပေါ်မှာ နိုင်ငံ့လွတ်လပ်ရေးဖခင်နှင့် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏သမီး ဖြစ်သော်လည်း နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုပြီး နိုင်ငံခြားမှာ အနေများသည့် အတွက် မြန်မာလူထုနှင့် နိုင်ငံရေးကို နားမလည်၊ မစာနာနိုင်ဟု မြင်ထားကြသူတွေအားလုံးကို ဘ၀င်ကျအောင် သူ ပြောသွားနိုင်ခဲ့ သည်။ ဟောပြောပွဲက အပြန် ကျွန်မတို့အုပ်စုက ဂျာနယ်နာမည်ရွေးနေစဉ်မှာပင် အင်းစိန်ထောင်တွင်း ပြဿနာအကြောင်း ကြားလာခဲ့ကြသည်။ လွတ်ငြိမ်းချမ်းသာအမိန့်ကြောင့် ၁၉၈၀ မတိုင်မီနှင့် နောက်ပိုင်း နိုင်ငံရေးသမား အများစုလွတ်ခဲ့သော်လည်း ရာဇ၀တ်အကျဉ်းသားများ ကျန်နေရာ ထောင်တွင်းမီးရှို့မှုဖြစ် ခ့ကာထောင်ဖောက်ရန် ကြံစည်ခဲ့ကြသည်။

ထောင်ဝန်ထမ်းတို့၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အကျဉ်း သားသုံးဆယ့်ခြောက်ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ပေးခဲ့သည်။ သည့်နောက်မှာတော့ အကျဉ်း သားများကို လမ်းစရိတ်မဆိ သလောက်ပေးကာ လွှတ်ပေးခဲ့သည်။ ရာဇ၀တ်အကျဉ်းသားများမို့ အခြေမဲ့ အနေမဲ့ဖြစ်ပြီး နေစရာ၊ ၀တ်စရာ၊ စားစရာမဲ့သည့် သူတို့တွေမှာ ဆန္ဒပြသူတွေကြား ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ် လာခဲ့ပြန်သည်။ အခြေအနေက ရှုပ်ထွေးသည်ထက် ရှုပ်ထွေး လာခဲ့သလို ဆန္ဒပြပွဲတွေက ကျယ်ပြန့်သည် ထက်ကျယ်ပြန့်လာခဲ့သည်။ ဆန္ဒပြအဖွဲ့တွေ၊ သမဂ္ဂတွေ လည်း မရေမတွက်နိုင်အောင် ပေါ်ထွက်လာခဲ့ သည်။ ကျွန်မတို့အုပ်စုကလည်း ကိုမင်းဝေအောင်ပေးသည့် “အရောင်သစ်”နာမည်နှင့် လက်ရေးစာစောင် လုပ်ကြရာ ကျွန်မက တစ်ဦးတည်းသော တိုက်ထိုင်စာရေးဆရာ၊ အယ်ဒီတာဖြစ်ပြီး ကိုဆွေညိုက ဓာတ်ပုံ သတင်းထောက်ဖြစ်လာသည်။ ပန်းချီကာတွန်းဆရာများ စုထုတ်ကြသည်မို့ ကာတွန်းနှင့် ပန်းချီကို ဦးစား ပေါ်ပြီး ခေါင်းကြီးနှင့် ဆောင်းပါးများကို ကမန်မက ပင်တိုင်ရေးဖြစ်ကာ တစ်ရက်ခြားတစ်စောင်ထွက်သည်။

ဒီဇိုင်းကို မောင်မျိုးမင်းက အဓိကတာဝန်ယူကာ ကျွန်မက ကိုယ်လိုချင်သည့် စာမျက်နှာဖွဲ့စည်းပုံကို သူနှင့် ညှိရသလို ဦးရွှေမင်းသား၊ ကိုမျိုးမြင့်၊ ကိုဝင်းထွန်း၊ ကိုမြိုး၊ ကိုဘိုဘိုထွန်း၊ ဦးဆန်းထွန်း၊ ကိုညိုကြီး(မောင်ဟန်)၊ ကိုသ်မောင်မောင်ဥာဏ်တို့ လက်ရေးနှင့်ရေးထားသည့် စာပိုဒ်တွေကို အဆက်အစပ် မှန်အောင် စိစစ်ကာ စာဖောင်ပေါ် မှာ ကပ်နိုင်အောင် ကော်လည်းကူသုတ်ပေးရသည်။ တစ်ပြိုင်တည်းမှာ တက္ကသိုလ်ဝင်းအတွင်းနှင့် ဆေးရုံကြီးအတွင်းပိုင်းမှာ ကျင်းပသည့် အရေးကြီးသောအစည်းအဝေးများကို ကျွန်မက ကျောင်းသူတစ်ယောက်အဖြစ်နှင့်လည်း အလွယ်တကူ ၀င်ထွက်နိုင်သဖြင့် သွားရောက်သတင်း ယူဖြစ်ကာ ကိုယ့်“အရောင်သစ်” အတွက်သာမက အယ်ဒီတာတွေ စုထုတ်သည့် “ဒို့အရေး” သတင်းစာနှင့် ကျောင်းသား သမဂ္ဂကထုတ်သည့် “သမဂ္ဂ”စာစောင်တို့အတွက်လည်း ရေးပေးဖြစ်သည်။ သည်လိုနှင့် ထမင်းနပ်မမှန်တာမျိုး ကြုံလာခဲ့ရသည့်တိုင် အတွေ့အကြုံသစ်တွေနှင့် တက်ကြွ လန်းဆန်းနေ ခဲ့ပြန်သည်။

စက်တင်ဘာ ပထမပတ်ထဲမှာတော့ ရန်ကုန်မြို့၏ နေရာတိုင်း လိုလိုမှာ ပြည်သူပိုင်စက်ရုံဖောက်ပွဲ၊ ပစ္စည်း လုပွဲတွေ များသည်ထက် များလာပြီး ဆန္ဒပြလူထုကို အန္တရာယ်ပြုရန် ကြံရွယ်သူဟု သံသယရှိသူတို့ကို လူထုက ခေါင်းဖြတ်သတ်ဖြတ်မှုမျိုးပင် ပေါ်ပေါက်လာခဲ့သည်။ ပြည်သူပိုင်ဘတ်စ်ကားတွေ မပြေး သလောက် ဖြစ်လာခဲ့ကာ အများအားဖြင့် စမ်းချောင်းနှင့် မြို့လယ်ကို လမ်းလျှောက်ကြရသည်။ လူထု အချင်းချင်း မယုံသင်္ကာဖြစ်မှုတွေ ပိုများလာသည်။ နယ်မြို့တိုင်းလိုလိုမှာလည်း လုယက်မှုအပါအ၀င် မတည်ငြိမ်မှုတွေ တစ်ပြိုင်နက် ဖြစ်လာခဲ့သည်။ စက်တင်ဘာ ၉ ရက်မှာ တပ်မတော်လေမှ စစ်သည်တွေ သပိတ်ထဲ ပါလာပြီး ၁၀ ရက်နေ့မှာ လက်ရှိသမ္မတ ဒေါက်တာမောင်မောင်က ပါတီညီလာခံမှာ ပါတီစုံ စနစ်အတွက် ဆန္ဒခံယူပွဲမလုပ်တော့ဘဲ ရွေးကောက်ပွဲသာလုပ်တော့မည်ဟု ကြေညာခဲ့သည်။

သပိတ်ကော် မတီနှင့် လူထုက လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့မို့ တောင်းဆိုခဲ့ကြသည်။ ၉ ရက်နေ့မှာ သူသာလျှင် တရား ၀င်ဝန်ကြီးချုပ်ဟု ကြေညာသောဦးနု၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦး၊ ဦးအောင်ကြီး၊ လွတ်လပ်ရေး တိုက်ပွဲဝင် ဗိုလ်ရန်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြားဖြတ်အစိုးရဖွဲ့ကြဖို့ ၀ိုင်းတိုက် တွန်းခဲ့ကြသော်လည်း လူကြီးတွေက အချိန်ယူစဉ်းစားမည်ဟုသာ အကြောင်းပြန်ခဲ့သည်။ ၀န်ထမ်းတွေ အလုပ်ပြန်ဆင်းဖို့ ကြေညာချက်တွေ ထွက်လာသည်။ ၁၇ ရက်နေ့မှာ ကုန်သွယ်ရေး ၀န်ကြီးဌာန အဆောက်အဦမှာ သပိတ်အင်အားစုနှင့် စစ်တပ်တင်းမာမှုဖြစ်ပွားပြီး အခြေအနေတွေ ပိုရှုပ်ထွေး လာ ခဲ့သည်။ နောက်နေ့ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ကျောင်းသားအဖွဲ့အစည်းအားလုံးနှင့် သမဂ္ဂ အသီးသီး စုစည်းပြီး အစည်းအဝေးကြီးတစ်ရပ်ကို ကျင်းပမည်ဟု ကြေညာခဲ့သည်။

အာဏာသိမ်းပြီ

ထိုနေ့မနက်က ရက်ပေါင်းများစွာ ပင်ပန်းလာခဲ့သည့်ဒဏ်ကြောင့် ကျွန်မဖျားနေခဲ့သော်လည်း အလုပ်တွေ အရေးကြီးသဖြင့် ဆေးသောက်၊ အနွေးထည်စွပ်ကာ မြို့ထဲသို့သွားခဲ့သည်။ သည်အစည်းအဝေးမှာ ပြင်ပက သတင်းသမားတွေ ကိုပေးမ၀င်ဘဲ ကျောင်းသားတွေချည်း စည်းဝေးကြတာမို့ “ဒို့အရေး” ဆရာတွေက သူတို့ အတွက်ပါ ကျွန်မကို အလုပ်လုပ်ပေးစေချင်သည်။ တစ်မနက်လုံး အလုပ်ရှုပ်ပြီး ဘွဲ့နှင်းသဘင် ခန်းမရှေ့ကို ရောက်တော့ ညနေနှစ်ချက် ခွဲနေပြီ။ မနက်စာပင် မစားရသေး။ ထမင်းထုပ်ဝေတကို ယူစားပြီး ခန်းမထဲကို ၀င်ခဲ့လိုက်သည်။ လှေကားထစ်တွေကို ကျော်ပြီး ခန်းမအတွင်းရောက်သည်နှင့် ကျွန်မတစ်ကိုယ်လုံး ရှိန်းမြမြ ဖြစ်လာသည်။ ကျောင်းသားတွေနှင့် သမဂ္ဂသမားတွေက သူ့လမ်းကြောင်းနှင့်သူ နေရာယူလို့။  ကိုလိုနီခေတ် အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းထက် ဘာမှမပိုသော ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ကျွန်မ စိတ်တွေ အကြီးအကျယ်လှုပ်ရှားနေခ့သည်။ ငယ်အိပ်မက်ထဲမှာ သည်နေရာကို ရောက်ဖူးခွင့်ရမည့် အခြေ အနေနှင့် အချိန်အခါသည် သည်လို ချွေ.သံတရွှဲရွှဲ၊ နှာရည်ယိုမျက်လုံးပူပြီး အဖျားသွေး၊ ငွေ့ငွေ့မှာ မနက် စာကို ညနေ မှ ဖြစ်သလိုစားလိုက်ရသည့် အခြေအနေအချိန်အခါမျိုးမှ မဟုတ်ပေဘဲ။

ဆေးပညာသိပ္ပံဘွဲ့ကို ပ၀ါနှစ်စ အသာချကာ မိဘနှစ်ပါးနှင့်အတူ တက်ရောက်ယူငင်ရမည့် အခြေအနေနှင့် အချိန်အခါလေ။ ခုတော့ မထင်မှတ်သည့် အချိန်မှာ မထင်မှတ်သည့် အနေအထားမျိုးနှင့် သည်ခန်းမထဲကို ကျွန်မ ရောက်နေ ခဲ့ရပြီလေ။ လက်ထဲမှာ ကက်ဆက်၊ ကင်မရာတွေနှင့်၊ ပတ်ဝန်းကျင် မှာ ထောင်နှင့်ချီသော ကျောင်းသားတွေ၊ သပိတ်သမားတွေ။ ဒါဟာ ကျွန်မအတွက် အိပ်မက် မဟုတ်တာဖြင့် သေချာသည်။ ကျွန်မ တို့“အရောင်သစ်”က နောက်တစ်ရက်မှ ထွက်မှာမို့ အချိန်ရသော်လည်း “ဒို့အရေး” က နေ့စဉ်ထုတ်မို့ အလျင်လိုသည်။ ညနေမှောင်လျှင် အိမ်ပြန်ခက်သည့် ပြဿနာကလည်း ရှိသည်မို့ ကျွန်မ က ကက်ဆက်ကို သွားဆေးကျောင်းသား စိုးဝင်းဦးလက် အပ်ခဲ့ကာ မြို့ထဲပြန်ဖို့ စီစဉ်သည်။ ဓာတ်ပုံကလည်း ရိုက်ပြီးပြီ။ အစည်းအဝေးအစကိုလည်း ကျွန်မ တက်ပြီးပြီ။ ဆက်ဆွေးနွေးမည့် အကြောင်းအရာတွေ ကိုလည်း တီးခေါက် ကြည့်ပြီးပြီး။ အသေးစိတ်အတွက် အစည်းအဝေးပြီးလောက်သည့်အချိန်မှာ ကက်ဆက်ကိုသွား ပြန်ယူမည်ဟု စီစဉ်ကာ ကျွန်မ တက္ကသိုလ် ဓမ္မာရုံရှေ့မှ ဘတ်စ်ကားစောင့်စီးပြီး မြို့ထဲပြန်သည်။ ကားက မြေနီကုန်းကို ကျော်သည်နှင့် ကားပေါ်တက်လာသည့် လူတွေထံမှ စိတ်ချောက်ချားစရာသတင်းကို စကြား ရသည်။ စစ်တပ်က အာဏာသိမ်း လိုက်သတဲ့။

မျဉ်းစောင်းများနှင့်ဆောင်းပါး

“အရောင်သစ်”ကို မရောက်ခင်မှာပင် လမ်းပေါ်မှာ လူတွေ ပြေးလွှားအော်ဟစ်နေသည်ကို စမြင်ရသည်။ အခန်းထဲ ၀င်ဝင်ချင်း မမွှေးတို့အုပ်စုက ကျွန်မကို စိုးရိမ်တကြီး မျှော်နေကြရာမှ သက်ပြင်းချကြသည်။ ကာဖျူးက ညနေခြောက်နာရီ မို့ ခုချက်ချင်းပြန်မှဖြစ်မည်ဟု အားလုံးက ဆုံးဖြတ်သည်။ “အရောင်သစ်” ကို ဘယ်လို ဆက်လုပ် မှာလဲမေးတော့ အခြေအနေအရ မနက်ဖြန်မှာ ပြန်တွေ့ပြီးမှ ဆုံးဖြတ်ကြမည်ဟု သဘောတူကြသည်။ “ဒို့အရေး” ဆရာတွေကတော့ မနက်အမီ ထွက်ဖြစ်အောင် ထွက်ကြမည်။ သူတို့အား လုံး ပုံနှိပ်စက်တစ်ခု၏ ထပ်ခိုး မှာ အသင့်ရှိနေကြပြီ။ ကျွန်မကသာ သတင်းကို ရေးပြီး ညဘက်မှာ ဖုန်းထကနေ ဖတ်ပြရမည်ဟု ဆိုသည်။ ကျွန်မက ကက်ဆက်ပြန်မရနိုင်တော့သ်ေလည်း စိုးဝင်းဦးက ကျွန်မထံ ဖုန်းဆက်ပေး မှာ သေချာသည်မို့ သတင်းဆောင်းပါး ခပ်တိုတိုတော့ ရေးပေးနိုင်မည်ဟု ကတိပေး သည်။

ကားတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် ကျွန်မတို့ အိမ်ကို ဇောချွေးသန်သန် ပြန်ရောက်ခဲ့ကြသည်။ အိမ် မှာ ဖေဖေနျင့် မေမေရော၊ အဘွားနှင့်မောင်လေးတွေပါ ကျွန်မကို သောကကိုယ်စီဖြင့် မျှော်နေကြပြီ။ ရေဒီယိုကို အချိန်ပြည့်ဖွင့်ထားလိုက်ရာ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စိ”၏ ကြေညာချက် ၁/၈၈၊ ၂/၈၈ တွေက အချိန်ပြည့်လာနေသလို စစ်ချီတေးတွေက အဆက်မပြတ်။ စိတ်ထဲမှာ ထူပူပြီး သတင်းကို စရေးသည်။ ပြင်လိုက် ဖျက်လိုက်။ စိုးဝင်းဦး ဖုန်းဆက်လာသည်။ အခြေအနေမကောင်း။ ရာဇူးကို စစ်တပ်က ၀ိုင်းထား သည်။ သူပြောနိုင်သမျှ အစည်းအဝေးသတင်စကို ပြောသွားခဲပြီး သူတို့တွေ ဆေးကျောင်း တက်ရောက်အောင်သွား၊ ညအိပ်ကာ မနက်ပိုင်းမှာ သပိတ်ဆက်မှောက်မည်၊ ချီတက်ဦးမည် ဟုဆိုသည်။ သူ ပြောသမျှနှင့် သတင်းဆောင်းပါးတစ်ပုဒ်ကို ပြီးအောင်ရေးသည်။

ညစာစားဖို့ မိသားစုက ခေါ်မှ ထစားဖြစ်သော်လည်း စားမပြီးခင်မှာ “ဒို့အရေး”က ဖုန်းလာသည်။ စာမျက်နှာသုံးမျက်နှာနီးပါးသတင်း ဆောင်းပါးကို ကျွန်မက ဖတ်ပြပြီး သူတို့က ကက်ဆက်ဖြင့် အသံဖမ်း ထားကြသည်။ နှစ်ဘက်လုံးမှာ ရေဒီယိုကို အသံမြှင့်ပြီး ဖွင့်ထားသဖြင့် ၁/၈၈ နှင့် ၂/၈၈ ကလည်း ထိုကက် ဆက်ထဲမှာ ရောပါနေတော့သည်။ လက်မဆေးရသေးသည့်အတွက် ထမင်းလုံးတွေက ကျွန်မ လက်မှာ ခြောက်သွားသလို စိတ်လှုပ်ရှားမှုနှင့် စာဖတ်ပြရမှုကြောင့် ကျွန်မ အာခေါင်တွေ ခြောက်နေသည်။ ကျွန်မ နောက်မှ မိသားစုကလည်း သောကကြောင့် ဒေါသတွေ ဆူဝေနေကြပြီ။ မနက်ဖြန်မှာ “ဒို့အရေး” ထွက်မထွက် မသေချာသော်လည်း ကျွန်မအဖို့ကတော့ အိမ်ထဲကအိမ်ပြင် ထွက်လမ်း ဘယ်မမြင်တော့။

နောက်နေ့မနက် အိမ်ထဲက မထွက်နိုင်သည့်ကြားမှာ ဖုန်းတွေက အဆက်မပြတ်။ ဘယ်နားမှာ ဘယ်လိုတွေ ပစ်ပြီး ဘယ်လောက်တောင် သေနေကြပြီဆိုသည့် သတင်းတွေက တရစပ်။ “ဒို့အရေး” ဆရာတွေလည်း စာဖောင်တွေ စီ/ရိုက်ပြီးကာမှ ဘာမှလုပ်မရတော့။ စိုးဝင်းဦးလည်း သွားဆေးကျောင်းမှာ ပိတ်မိနေပြီး တစ်ယောက်ယောက် ကို အကူအညီတောင်းပေးပါဟု လှမ်းဆက်သေးသည်။ သို့သော် သေနတ်သံတွေ တဗြောင်းဗြောင်း ကြားနေရပီး ခဏအတွင်းမှာ သူ့ဖုန်းလည်း လိုင်းကျသွားသည်။ အိမ်ကမိသားစုကလည်း ကျွန်မ ကို ဖုန်းပင် ပေးမပြောစေချင်ကြတော့။ ကျွန်မကလည်း ရပ်မရတော့သည့် တော်လှန်လိုစိတ်တွေနှင့် အိမ်ပြင် ထွက်ရရေး ဥာဏ်များနေခဲ့သည်။ ထိုစဉ်က ကိုယ့်အသက်အန္တရာယ်ထက် သည်တော်လှန်ရေးကို အဆုံးမြန်မြန် သတ်လိုစိတ်ကသာ ကြီးထွားနေခဲ့ပြီး ရေရှည်တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု မမှန်းတတ်ခဲ့ချေ။ သည်လိုနှင့် လူပေါင်းလေးထောင်နီးပါးသေဆုံးခဲ့သည့် အာဏာသိမ်းပွဲက အထမြောက်သွားခဲ့သည်။

သို့သော် ၀န်ထမ်းဆွေ ရုံးပြန်မတက်မချင်း အစိုးရရယန္တရား က ပြန်မလည်ပတ်နိုင်ဟု တွေးဖြစ်ကြသည်။ ဆေးရုံကြီးမှာ ဒဏ်ရာရလူနာတွေပုံနေပြီဟူသည့် လိမ်ရိုးလိမ်စဉ်ဖြင့် အိမ်မှ ထွက်ခွင့် ရသည်နှင့် ဆရာ ဦးဝင်းတင်က အလုပ်သမားသပိတ် မလှန်ရေးကို အဓိကကြိုးစားသော် လည်း မအောင်မြင်တော့။ ၀န်ထမ်းတွေ ရုံးပြန်တက်ကြသည်။ နောက်ပိုင်းမှာ ကျွန်မတို့တွေက သူများတွေ လိုလည်း ရှောင်တိမ်းတာ မလုပ်ချင်သည်မို့ ထိုင်နေကျမဟုတ်သည့် လက်ဖက်ရည်ဆိုင် မှာထိုင်ပြီး ဆွေးနွေးရသည်။ ထိုစဉ်က ၀င်ငွေ လည်းမရှိကြတော့သည်မို့ လမ်းတွင်တွင်လျှောက်ဖြစ်ရာ စာအုပ်အဟောင်း ဆိုင်လေးမှာ ပန်းချီဆရာပေါလ်ဂေါ်ဂင်အကြောင်း ရေးထားပြီး ဆရာတင့်တယ် ဘာသာပြန် သည့် “လစန္ဒာနှင့်ခြူးပိုက်ဆံ” စာအုပ်ကို ဦးမျိုးမြင့်ညိမ်း၊ ကိုမျိုးမြင့်၊ ကိုဝင်းထွန်း၊ မမွှေးနှင့် ကျွန်မတို့ ငါးယောက်သား ၀ယ်ချင်သော်လည်း မ၀ယ်နိုင်ခဲ့ကြ။

စာအုပ်ဖိုးငွေနှစ်ကျပ် ကို ငါးယောက်ပေါင်းပြီးတောင် မသုံးနိုင်ခဲ့။ သို့သော် အရေးတော်ပုံ အတွက် ဘာလုပ်နိုင်ဦးမလဲ ဆိုသည့် အတွေးတွေနှင့် လမ်းဆက်လျှောက်နေခဲ့ကြသည့် ကာလဖြစ်ပါသည်။ စစ်အစိုးရက ပါတီတွေ ဖွဲ့စည်းခွင့်ပြုမည်ဟု ကြေညာသည်။ သည်လိုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥက္ကဋ္ဌဦးအောင်ကြီး၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဖွဲ့ခဲသည်။ ဆရာ ဦးဝင်းတင်က တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာသလို ဦးမျိုးမြင့်ညိမ်းကလည်း ဖွဲ့ စည်းစ ပါတီအတွက် အဖွဲ့ဝင်လေဆာက်လွှာအစ၊ အလံအလယ်၊ ဆိုင်းဘုတ်အဆုံး အားလုံးကူညီလုပ်ကိုင် ပေးနေပြီ။ ကျွန်မ တို့ “အရောင်သစ်” အဖွဲ့တွေကိုလည်း၊ မဂ္ဂဇင်းတိုက်တွေလည်း ပြန်မလည်ပတ်နိုင်သေး တာမို့ တခြား လည်း ဘာမှလုပ်စရာမရှိကြ။ ခက်နေသည်က  မည်သည့်ပါတီဝင်မျှ မဖြစ်လိုကြခြင်းပင်။ သည့်နောက် ကိုယ့်မူလအနုပညာ၊ အတတ်ပညာတွေကို ပြန်လည်အသုံးပြုနိုင်၊ လုပ်ငန်းခွင်ပြန်ဝင်နိုင်သည့် အချိန်အထိ ကူကြမည်ဟု ဆုံးဖြတ်ပြီး ထိုစဉ်က အဖွဲ့ချုပ်ရုံးချုပ် တည်ရှိရာ ၄၄ တက္ကသိုလ်ရိပ်သာလမ်းသို့ ကျွန်မတို့ ရောက် သွားခဲ့ကြသည်။

ဆက်ရန်
.

1 comment:

ကိုကိုမောင်(ပန်းရနံ့) said...

အမရွှေစင် လက်တွန့်ပြန်ရပြီ။း(