Sunday, December 2, 2012

ဇော်သက်ထွေး ၏ အကျဉ်းထောင်ထဲတွင် ကတ္တီပါဖိနပ်မစီးရ

အကျဉ်းထောင်ထဲတွင် ကတ္တီပါဖိနပ်မစီးရ
ဇော်သက်ထွေး

ကာလအတွင်း အချုပ်ဆောင် (၁) နှင့် (၂) တွင် ခေတ္တထားသည်။ အချုပ်ဆောင်များမှာ ကိုလိုနီခေတ် လက်ရာ နှစ်ထပ်ဆောင် များဖြစ်ပြီး ထုထည်ကြီးမားသည်။ အချုပ်ဆောင်တစ်ဆောင်လျှင် အကျဉ်းသား ထောင့်ငါးရာကျော် ဆန့်သည်။
သူတို့ အားလုံး စစ်ဆေးဆဲကာလဖြစ်၍ အကျဉ်းသားဟု သတ်မှတ်၍မရ။ ထို့ကြောင့် အကျဉ်းသား ဝတ်စုံဖြစ် သည့် ထိုစဉ်က အဖြူရောင်အင်္ကျီ၊ ပုဆိုးများကို မဝတ်ရပေ။ သာမန်လူများအတိုင်း အင်းစိန် ထောင်ထဲ တွင် နေထိုင်ခွင့်ရှိသည်။ အလုပ်လည်း မလုပ်ရသလို ရမ္မာန်ကြီးတစ်ပတ်တစ်ကြိမ် တရားရုံး သို့ရသည့်အတွက် အပြင်လောကနှင့် အဆက်မပြတ်သောသူများ ဖြစ်ကြသည်။
အချုပ်ဆောင်တစ်ခုဖြစ်သည့် (၁) ဆောင်တွင် ရာဇဝတ်ပုဒ်မ အကျဉ်းသားများ (Criminal) နှင့် အတူ နိုင်ငံရေးပုဒ်မဟု အားလုံးနားလည်ထားသည့် ပုဒ်မ ၅(ည) အကျဉ်းသား ၁၀၀ ခန့် နေထိုင်သည်။ ပုဒ်မ ၅(ည) အကျဉ်းသားများထဲတွင် မထင်မရှားနှင့် အေးအေးဆေးဆေး နေတတ်သူ တစ်ယောက် ရှိပါ သည်။ သူ့နာမည်က မြင့်အောင်။ အသက် ၃၀ ခန့်၊ အသားမဖြူမညို စကားလည်း သိပ်မပြော။ သူက ပုဇွန် တောင် NLD အဖွဲ့ဝင်ဖြစ်ပြီး ၁၉၈၉ ခုနှစ် မဟာသင်္ကြန်တွင် စစ်အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး သံချပ်ထိုး ၍ ဖမ်းဆီးခံ ရခြင်းဖြစ်သည်။

သူ့သတင်းက နိုင်ငံပိုင်သတင်းစာထဲတွင် ဖော်ပြခဲ့၍ ဟိုးလေးတကြော်ဖြစ်ခဲ့ရသည်။ ဘာတဲ့၊ ဘတ်စ် ကား မှတ်တိုင်တွင် မသင်္ကာဖွယ်လူတစ်ယောက်ကို ရှာဖွေစစ်ဆေးရာ သင်္ကြန်သံချပ်စာရွက်များ၊ NLD အဖွဲ့ဝင်ကဒ်နှင့် ထဘီတစ်ထည် စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုကာ သတင်းစာထဲ ထည့်လိုက်ခြင်းဖြစ် သည်။
သူ ကတော့ သူ့အမှုအကြောင်း ဘာမှမပြော။ ထဘီက သူ့မိခင်ကြီးအတွက် အပ်ချုပ်ဆိုင် မှ ရွေးယူလာ ခြင်းဖြစ် သည်။ ဒီထဘီတစ်ထည် ကို မည်သို့စစ်ဆေးပြီး အမှုတည်ဆောက်မလဲဆိုသည်ကို အားလုံး က စိတ်ဝင်စားနေကြသည်။ ကိုမြင့်အောင်ကတော့ အချုပ်ဆောင်တွင် ဒိုက်ထိုးလိုက်၊ အိပ်ထမတင်လုပ် လိုက်နှင့် ကျန်းမာရေး လိုက်စားလျက်ရှိသည်။

သူ့ကို စစ်ကြောရေးလုပ်ပြီး ပုဇွန်တောင်တရားရုံးတွင် တရာစွဲဆိုထားသည်။ သို့သော် ထောက်လှမ်း ရေးက ပုဒ်မ နည်းသည် ဆိုကာ မကျေနပ်။ ထို့ကြောင့် အင်းစိန်ထောင်ထဲတွင် စစ်ကြောရေး ထပ်ဝင် နေသည်။ သူ့ကို စွပ်စွဲ သည့် ပုဒ်မတွေထဲတွင် သူ့မမိခင်၏ထဘီတစ်ထည်ကြောင့် ဖောက်ထွင်းခိုးယူမှု (Bulgary Act) ပါဝင်နေသည်။ ထူးဆန်း သလို ရယ်စရာလည်းကောင်းပါသည်။ သို့သော် ကိုမြင့်အောင် က တစ်ဖက်သတ်စွပ်စွဲခံရသည့် ပုဒ်မများ အကြောင်း သိပ်မပြောပါ။ လောကဓံကို ကြိတ်မှိတ်ခံသည်။ ထောင်ထဲတွင် အားကစားကိုတော့ ဂရုတစိုက် လုပ်သည်။ အမှုလက်ကျန်တွေ အတွက်တော့ ထောင် တွင်းစစ်ကြောရေးကို ရင်ဆိုင်နေရဆဲဖြစ် သည်။

သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က သူ ရုံးထွက်မရှိသည့်နေ့များတွင် လာစစ်သည်။ သူ၏နိုင်ငံ ရေး ခံယူချက်နှင့် သဘောထားအမြင်ကို တောင်းခံသည်။ ကိုမြင့်အောင်က သူ့ယုံကြည်ချက်နှင့်ပတ် သက်၍ နည်းနည်းမှ မလျော့။ သူ့အမှုတွေက လွှတ်ပေး၍ရသည့် အနေအထားမှာရှိကြောင်း အရိပ် အမြွက်ပြော၍ သူ့ယုံကြည်ချက် ကို ချေမွရန် ကြံစည်သော်လည်း မအောင်မြင်။
ကိုမြင့်အောင်ကလည်း သူ့ကိုယ်သူ "ကျလူ"အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ အမေ့ထဘီတစ်ထည် ကြောင့် သူခိုးဟု စွပ်စွဲပြီး ထောင်ချရင်လည်း ချပါစေတော့။

-၂-

ထိုတစ်ညနေ သည် အင်းစိန်ထောင်အတွက် ထူးထူးခြားခြားဖြစ်နေသည်။ ညနေ ၇ နာရီကျော်ပြီဖြစ် သော်လည်း လူစစ်ဆေး တန်းစီနေသည့် အကျဉ်းသားများကို တန်းဖြုတ်ခွင့်မပေး။ အမှန်တကယ်တော့ ညဂျူတီဝင်လာသည့် ဝန်ထမ်းများ က "ထောင်ပိတ်လူပေါင်း" ကိုက်ပြီဆိုလျှင် "ထောင်ပိတ်သံချောင်း" ခေါက်ကာ နေ့ဝန်ထမ်းများထံမှ တာဝန်ကိုလွှဲပြောင်းယူရစမြဲဖြစ်သည်။ ယခု ၇ နာရီကျော် ၈ နာရီနီးပါး ရှိပြီဖြစ်သော်လည်း တန်းမဖြုတ်။ သံချောင်း မခေါက်။
လူတွေ က ထိုင်ရလွန်း၍ ညောင်းညာကုန်ကြပြီ။ ဝန်ထမ်းတွေက လူပေါင်းလာရေလိုက်၊ ပြန်သွားလိုက် နှင့် အလုပ်ရှုပ်နေ သည်။

ထောင်မှာ တစ်ခုခုဖြစ်နေတာတော့ သေချာသည်။ အကျဉ်းသားတွေကတော့ ထင်ရာမြင်ရာတွေကို တစ်ယောက် တစ်မျိုး ပြောဆိုနေကြသည်။
ည ၉ နာရီတွင် မိန်းဂျေးလ် (Main Jail) တာဝန်ခံထောင်မှူးကိုယ်တိုင် လူလာရေတွက်သည်။ ပြီးတော့ တန်းဖြုတ်ပေး လိုက် သည်။ လူတွေက ဝမ်းသာအားရဖြင့် အိပ်ရာတွေ ခင်းနေကြသည်။ ထိုအခိုက် ထောင်မှူးကြီးရောက် လာပြီး လူပေါင်းမကိုက်၍ အားလုံးကို ပြန်ထိုင်ခိုင်း သည်။ ထောင်ပိုင်လေး ဦးဇော် အုန်း ကိုယ်တိုင် လာစစ်ဆေးသည်။ သို့သော် လူပေါင်းက မကိုက်ညီပြန်။
ဤသို့ဖြင့် လူရေတွက်စစ်ဆေးသည့် အရာရှိအဆင့်က ကြီးသထက် ကြီးလာသည်။ အကျဉ်းသားတွေ မှာလည်း တန်းဖြုတ်လိုက်၊ ပြန်ထိုင်ခိုင်းလိုက်နှင့် ည ၂ နာရီကျော်လာပြီ။ သို့သော် လူတစ်ယောက် က တော့ ပျောက်ဆုံးနေ ဆဲဖြစ်သည်။

ထောင် လေးဖက်လေးတန်မှ မီးမောင်းကြီးများကို ဖွင့်လိုက်ကြသည်။ တစ်ထောင်လုံး ထိန်ထိန်လင်း သွားသည်။ အပြင်ဘက် မှ အင်အားဖြည့်ဝန်ထမ်းတွေ ဝင်လာကြသည်။ လူရှာရန် စစ်ခွေးတွေလည်း ခေါ်လာကြသည်။ အဆောင်တိုင်း တွင် ခွေးဟောင်သံများ ဆူညံသွားသည်။
အကျဉ်းဦးစီး ဝန်ထမ်းများက သစ်ပင်တွေပေါ် ရှာဖွေကြသလို ချောင်ကြိုချောင်ကြားတွေကိုလည်း ပိုက် စိပ်တိုက် ရှာဖွေကြသည်။ ဘာမှမတွေ့။ မည်သည့် သဲလွန်စမှ မရ။ ဝန်ထမ်းတွေ အလုပ်ကြီးဝန်းထဲ ရှာကြပြန်သည်။ ဘာမှမရှိ။ စူးရှလင်းထိန်သည့် မီးမောင်းကြီးများကတော့ ထောင်အုတ်တံတိုင်းပေါ် တွင် ရွေ့လျား ကစားနေကြသည်။

လင်းအားကြီးအချိန်တွင် ထောင်ပိုင်ကြီးနှင့် အချုပ်ရုံးဝန်ထမ်းများ ရောက်လာကြပြန်သည်။ အကျဉ်း သားတစ်ဦးချင်းစီ ကို ထောင်နံပါတ်တွေနှင့် အမည်တွဲပြီးခေါ်ကာ စစ်ဆေးကြသည်။ အခြေအနေက ဆိုး သထက် ဆိုး လာသည်။ သန်းခေါင်ထက် ညဥ့်မနက်တော့။ ညနေ ၅ နာရီမှ တန်းစီခဲ့ရသော အကျဉ်း သား အားလုံး သည် နောက်တစ်နေ့ နံနက် (၇) နာရီအထိ တန်းဖြုတ်ခွင့်မပေး။ အဖြေကတော့ တစ်စ တစ်စ ပီပြင် လာသည်။ သတင်းတွေ က လေနှင့်အတူ အားလုံးထဲ ရောက်ရှိလာကြသည်။
အင်းစိန်ထောင်ထဲ မှ လူတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားသည့်သတင်းမှာ သေချာသွားပြီ။
ထိုအကျဉ်းသား မှာ သာမန်ရာဇဝတ်အကျဉ်းသားမဟုတ်၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက် ၍ ပြစ်တင် စွပ်စွဲခြင်းခံထား ရသော ၅(ည) အကျဉ်းသားတစ်ယောက်။
အတိအကျ ဆိုရလျှင် အချုပ်ဆောင် (၁) တွင် နေထိုင်သည့် ပုဇွန်တောင်သား  ကိုမြင့်အောင်။

အရှေ့တောင်အာရှ တွင် အကြီးဆုံးနှင့် အလုံခြုံဆုံးထောင်ဟု တင်စားကသော အင်းစိန်ဗဟိုစံပြ အကျဉ်းထောင် မှ အကျဉ်းသားတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ။
သူ ဘယ်လိုလွတ်မြောက်သွားတာလဲ။
ကိုမြင့်အောင် ဘယ်လို လွတ်မြောက်သွားတာလဲ။
အကျဉ်းထောင်တစ်ထောင်လုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးရော၊ အကျဉ်းသားအားလုံးပါ ကိုမြင့်အောင် ထောင် မှ မည်သို့မည်ပုံ လွတ်မြောက်သွားသလဲ သိချင်နေကြသည်။

-၃-

ကိုမြင့်အောင် လွတ်မြောက်သွားပုံက တော်တော် ထူးဆန်းနေပါသည်။
သတင်းတပ်ဖွဲ့ က ပုဇွန်တောင် NLD မှ ကိုမြင့်အောင်ကို နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနှင့် တရားစွဲရုံနှင့် အားမရဘဲ တပ်တိုးပုဒ်မတွေနှင့် ရုံးတင်တရားစွဲနိုင်အောင် ထောင်တွင်းစစ်ကြောရေးထပ် လုပ်နေသည်။ ကိုမြင့်အောင် လွတ်မြောက်သွားသည့်နေ့က စစ်ကြောရေးတာဝန်ယူထားသည့် ပုဂ္ဂိုလ် သည် ထောင်သို့နောက် ကျပြီး ရောက်လာသည်။ လာတော့လည်း အလောတကြီး ဖြစ်နေသည်။
ကိုမြင့်အောင် ကို အချုပ်ဆောင်မှ ခေါ်ခိုင်းပြီး ထောင်ကျ ရုံးဘက်ရှိ သီးခြားအခန်းတွင် စစ်ဆေးသည်။ စစ်ဆေးတော့ လည်း ဒီမေးခွန်း၊ ဒီဖြစ်စဉ်၊ ဒီအဖြေတွေပဲဖြစ်ကာ ငြီးငွေ့စရာကောင်းနေသည်။
ဒီဇာတ်လမ်း၏ ရည်ရွယ်ချက်ကို စစ်ဆေးသည့် ပုဂ္ဂိုလ်ရော၊ စစ်ဆေးခံရသည့် ကိုမြင့်အောင်ရော သိနေ ကြ သည်။

ထိုအခိုက် စစ်ကြောရေးလုပ်နေသည့် ပုဂ္ဂိုလ် ဗိုက်နာလာသည်။ ဒီတော့ ကိုမြင့်အောင် ကို "ကိုယ်တိုင် ရေး ဖြောင့်ချက်" အရေး ခိုင်းပြီး အိမ်သာ သွားတက်သည်။
ကိုမြင့်အောင် ကိုယ်တိုင် ရေးဖြောင့်ချက် စရေးသည်။ ရေးရင်း ရေးရင်း သူ့ဘဝသူ စိတ်နာလာသည်။ စာရေးတာ ကို ရပ် လိုက်ပြီး စစ်ကြောရေးစားပွဲ ကို အမှတ်မထင် ငေးစိုက်ကြည့်လိုက်သည်။
စားပွဲပေါ် တွင် စစ်ကြောသူ ၏ ဦးထုပ်နှင့် ဖိုင်၊ လက်ပတ်နာရီကိုပါ ချွတ်ပြီး တင်ထားတာ တွေ့ရသည်။ နံရံတွင် အိတ်ကို ချိတ်ဆွဲထားသည်။
ကိုမြင့်အောင် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည်။
စပို့ရှပ်အင်္ကျီ၊ ပလေကပ်နှင့်၊ ကတ္တီပါ ဖိနပ်နှင့် သာမန်လူတစ်ယောက်နှင့် ဘာမှမခြားနား၊ အိမ်သာသွား တက်နေသော ပုဂ္ဂိုလ်နှင့် အားလုံး အတူတူ။

သူ့ဦးခေါင်း တွင် အလင်းတစ်ခု ဖျတ်ခနဲ လင်းထွက်သွားသည်။ ရရှိနေသည့်အခွင့်အရေးကို ကိုမြင့်အောင် လက်လွတ် မခံ။ သူ့အတွက် စက္ကန့်တိုင်း၊ မိနစ်တိုင်းက အရေးကြီးနေသည်။
ကိုမြင့်အောင် စားပွဲပေါ် မှ လက်ပတ်နာရီ ကို ခပ်တည်တည်ကောက်တပ်လိုက်သည်။ ဦးထုပ်ကို ယူပြီး ဆောင်းလိုက်သည်။ တိုင်တွင်ချိတ်ထားသော အိတ်ကို ပခုံးတွင် ကောက်လွယ်လိုက်သည်။ အိတ်ထဲ ကြည့် လိုက်တော့ ဧည့်ကဒ်ပြား ပါတွေ့၍ ပိုပြီး အဆင်ပြေသွားသည်။ ဧည့်ကဒ်ပြားကိုယူပြီး လည်ပင်းတွင် ချိတ်ဆွဲ လိုက်သည်။ ထို့ကြောင့် အင်းစိန်ထောင် ဘူးတံခါးကြီးသို့ အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားသည်။

ထောင်ဘူးတံခါးကြီးထဲ တွင်လည်း ရုံးထွက်၊ ရုံးပြန်အချုပ်သား၊ အကျဉ်းသားများ၊ ဂျူတီချိန်းသည့် ဝန်ထမ်းများ၊ ဧည့်သည် များကြောင့် ရှုပ်ထွေးဆူညံလျကခရှိသည်။
ထောင်အပြင်ဘက် တွင် အလုပ်လုပ်ကြသော "အပြင်ဘုတ်" အကျဉ်းသားများကို ကျွေးရန် ထမင်းကား ကလည်း အပြင်ထွက် ရန် စောင့်နေသည်။ ကိုမြင့်အောင် ဘူးတံခါးရှေ့တွင် ရပ်လိုက်သည်။ တံခါးသော့ အဖွင့်အပိတ် လုပ်သော ဒုတပ်ကြပ်အား ခြေဟန်လက်ဟန်နှင့် တံခါးကို ဖွင့်ခိုင်းလိုက်သည်။
ဒုတပ်ကြပ်က သတင်းတပ်ဖွဲ့မှ လူမှန်းသိသာနေ၍ ပျာပျာသလဲ ဖွင့်ပေးသည်။ တံခါးထဲရောက်တော့ ကိုမြင့်အောင် က ဧည့်ကဒ်ပြား ကို လည်ပင်းမှဖြုတ်ပြီး ပြန်ပေးလိုက်သည်။
"ရုံးချုပ် က အရေးတကြီး လှမ်းခေါ်နေလို့"
"ဟုတ်ကဲ့ပါ ဆရာ"
တံခါးထောင်မှူး က ဧည့်မှတ်တမ်းစာအုပ်ကို ရိုရိုသေသေ လှမ်းပေးသည်။ စာအုပ်ထဲတွင် ဘောပင်တစ် ချောင်း ညှပ် ထားသည်။

တံခါးတာဝန်ကျ ထောင်မှူးအနေနှင့် နေ့စဉ် ဝင်ထွက်နေသော လူထောင်ပေါင်းများစွာကို မှတ်မိဖို့ဆို တာ မဖြစ်နိုင် ပါ။
"အထွက် လက်မှတ်လေး ထိုးပေးခဲ့ပါဦး ဆရာ"
ကိုမြင့်အောင် က စာအုပ်ကိုဖွင့်ကာ ဧည့်မှတ်တမ်းတွင် "မြင့်အောင်" ဟု တည်တည်ငြိမ်ငြိမ်ရေးထိုးပေး လိုက် သည်။ အကျဉ်းဦးစီးဝန်ထမ်းတစ်ယောက်က ဘူးတံခါးမလွယ်ပေါက်ကို သော့ဖွင့်ပေးလိုက်သည်။ ကိုမြင့်အောင် တံခါးဘောင် ကို ကျော်ပြီး ထွက်လိုက်သည်။
လတ်ဆတ်ပြီး အေးမြနေသော အပြင်လေကို အားပါးတရ ရှုရှိုက်လိုက်သည်။ သူ့ကျောဘက်မှ တံခါး သော့ပိတ်သံ ကို ကြားလိုက်ရသည်။ နောက်ကို လုံးဝလှည့်မကြည့်။ ခြေလှမ်းတွေကို ခပ်သွက်သွက် လှမ်းလိုက် သည်။
အချိန်က သိပ်မရှိ၊ ရန်ကုန်ကနေ လွတ်မြောက်ရန်လိုသည်။ မိခင်နှင့် ဇနီးကိုလည်း တွေ့ချင်သည်။ တိတိကျကျပြော ရလျှင် နှုတ်ဆက်ချင်သည်။ ထို့ကြောင့် အိမ်ကိုတော့ ပြန်မှဖြစ်မည်ဟု ရဲရင့်စွာ ဆုံး ဖြတ် လိုက်သည်။

-၄-

အိမ်ရောက်တော့ မိခင်က သူ့ကို ဖက်ငိုသည်။ "ဖြစ်ရလေ သားရယ်" ဆိုပြီး မချိတင်ကဲဆိုသည်။ ခွဲခွာ ရတော့မှာ ကို သိပြီး သူ့မျက်နှာကို အထပ်ထပ်နမ်းသည်။ ဇနီးဖြစ်သူကတော့ မျက်ရည်ဝဲလျက် အံကို တင်းတင်းကြိတ် ထားပြီး စကားတစ်ခွန်းမှ မဟ။ သူ့ကို အကောင်းဆုံး ထမင်းနှင့်ဟင်း ခူးခပ်ကျွေးသည်။
ကိုမြင့်အောင် က မြိန်ရှက်စွာ စားသည်။
ပြီးတော့ ကလေးတွေကို နှုတ်ဆက်သည်။
ဘယ်အချိန် မှ ပြန်တွေ့ရမည်မသိ၍ နှစ်သိမ့်ရန် စကားလုံးရှာမရ။
ထို့နောက် ဇနီးသည်ပေးလိုက်သော ငွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ထွက်ခွာသွားတော့ သည်။

-၅-

ရန်ကုန်မှ ထိုင်း နယ်စပ်သို့ ကိုမြင့်အောင် ရောက်ရှိသွားပြီးသည့်နောက် အင်းစိန်ဗဟိုစံပြအကျဉ်းထောင် တွင် ထူးခြား သည့် အမိန့်တစ်ခု ထွက်လာသည်။
"ထောင်ထဲတွင် ကတ္တီပါ ဖိနပ်မစီးရ"
ထိုအချိန်မှစပြီး ထောင်ပိုင်ကြီး ကလည်း အင်းစိန်ထောင်ကို အရှေ့တောင်အာရှတွင် အလုံခြုံဆုံးနှင့် အကြီးမားဆုံးထောင် ဟု မပြောတော့။
အချုပ်ဆောင် အကျဉ်းသားများ ကိုလည်း တခြားနေရာခေါ်ကာ စစ်ကြောရေးလုပ်ခွင့်မရှိတော့။
ကိုမြင့်အောင်၏ အကြောင်းကိုလည်း ၂၄ နှစ်ကြာသည့် တိုင် မည်သူမှ မပြော၍ မကြားရတော့ပေ။

ပြီးပါပြီ
Real Lives Real Stories Magazine  vol:11, 2012 
.

No comments: